Tuesday, July 29, 2008

သူငယ်ချင်းများ

အဓိက သရုပ်ဆောင် - စာဂျိုး  @ Dr. တင်တင် နှလုံးအထူးကု ဆရာဝန်
လူအေးမလေး @ မေနီ နှင့် ဇတ်ဇတ်ကြဲ @ ရီမြင့် ကူညီ ပံ့ပိုးသည်။
အရိပ်အကဲ မသိသူ @ မီသန့်မ ရေးသား၍ ဟန်ဆောင်ပြုံး @ မသီတာ တည်းဖြတ်သော…
...............
ပျောက်သောသူ ရှာရင်တွေ့ ဆိုတဲ့ ဆိုရိုးစကား ရှိပေမဲ့
တို့တတွေဘဝမှာ ရှာဖို့လည်း ခွန်အား မရှိကြ၊ ရှိနေမယ်လို့ ထင်ရတဲ့ နေရာကိုလည်း သွားမရှာနိုင်တဲ့ ဘဝမှာ…
စိတ်ထဲကပဲ သတိရ နေရတော့တာ…

ဘယ်လို မေ့နိုင်မှာလဲ၊ ငယ်ဘဝထဲက တွဲလာခဲ့ကြတာ။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဘဲ။
အသစ်အသစ်တွေ ဘယ်လိုတွေ့တွေ့၊ အဟောင်းကိုတော့ တလယ်လယ်။
ပြောမနာ၊ ဆိုမနာ။ စိတ်ဆိုးလိုက်၊ စိတ်ကောက်လိုက်။ မခေါ်လိုက်၊ မပြောလိုက်။ မျက်စောင်းတွေ ထိုးလိုက်နဲ့ဘ၊ဲ ဘဝတွေကို ကိုယ်စီ ပုံစံတွေနဲ့ ဖြတ်သန်းခဲ့ကြပေမဲ့ ခင်မင်မှု မပျက် တွဲခဲ့ကြတဲ့ သူငယ်ချင်းတွေ။
မတူညီတဲ့ မိဘ၊ လူမျိုး၊ အသိုင်းအဝိုင်းက ပေါက်ဖွားကြတာမို့ အသားအရောင်ကလည်း တစ်ယောက် တစ်မျိုး၊ ကိုယ်အင်္ဂါ အချိုးအဆစ်က တစ်ယောက် တစ်ပုံ။ စရိုက်, ပိုတောင် မတူသေးတယ်။ မတူတဲ့ စရိုက်တွေပဲကို ညှိပြီးပေါင်းခဲ့ကြတာ။
ငါးဦးကော်မတီမှာ - တစ်ယောက်က ပိန်ပိန်ရှည်ရှည်၊ ဟန်ဆောင်အပြုံးနဲ့ လူတိုင်းကို တည့်အောင်ပေါင်းတယ်။ တစ်ယောက်က ဖြူဖြူသွယ်သွယ်၊ နွဲ့နွဲ့နှောင်းနှောင်း အားလုံးနဲ့ အဆင်ပြေအောင် ပေါင်းတတ်သူ လူအေးမလေး။ တစ်ယောက်က ဒေါင်းတည်မောင်းတည် မဟုတ်မခံ ဇတ်ဇတ်ကြဲ။ တစ်ယောက်က ညိုညိုမှောင်မှောင် အသားရောင်နဲ့ အရိပ်အကဲမသိတတ်၊ သူဖြစ်ချင်တာကို ဦးစားပေးလုပ်တတ်သူ။ တစ်ယောက်ကတော့ စာဂျိုးရုပ်၊ ဘာမှဂရုမစိုက်တဲ့ မျက်နှာပေးနဲ့ မျက်မှောင်ကုတ်ထားတတ်သူ။
...............
လူအေးမလေးရယ်၊ အရိပ်အကဲ မသိသူရယ်၊ စာဂျိုးရယ်က မြို့ထဲက မိန်းကလေးကျောင်း။
ဟန်ဆောင်ပြုံးရယ်၊ ဇတ်ဇတ်ကြဲရယ်က မြို့နယ်ထဲက မိန်းကလေးကျောင်း။
ရပ်ကွက်ထဲက ကလေးတိုင်းလိုလို တက်ကြတဲ့ English ကျူရှင်မှာတော့ အားလုံးအတူတူ။
အရိပ်အကဲ မသိသူနဲ့ စာဂျိုးတို့က (၇)နှစ်အရွယ် ကလေးဘ၀ ကတည်းက ကျောင်းဆင်းရင် ကျိုက္ကဆံ ကျွမ်းဘားကစားကွင်းကို အတူတူ သွားကစားကြတဲ့ အရွယ်ကတည်းက တွဲဖြစ်ကြတဲ့ ရဲဘော်၊ ရဲဘက်တွေ။
စာဂျိုးက အရိပ်အကဲ မသိသူထက် အမြဲသာတယ်။ စာမှာရော၊ အားကစားမှာရော၊ အတိုင်အတောမှာရော။
စနေ၊ တနင်္ဂနွေ ကျူရှင်မရှိတဲ့ ရက်တွေမှာဆိုလည်း ကျိုက္ကဆံကွင်း သွားကစားကြသေးတယ်။ အိမ်နဲ့ ကစားကွင်းကဝေးတယ်။ အဲ့ဒီတုန်းက ကားနံပါတ် ၁၂ တိုက်ရိုက်ရောက်တယ်။ ကားခက ပြားသုံးဆယ်။ ပိုက်ဆံကို ချွေတာပြီး မုန့်ဝယ်စားချင်တဲ့ နှစ်ယောက်က ကားခကို ချွေစီးကြတယ်။ လူတွေ ပစ်ချထားတဲ့ ကားလက်မှတ် အဟောင်းတွေကို လူမမြင်အောင် လိုက်ကောက်ပြီး ချွေစီးကြတာ။ အပြန်ခရီးကတော့ မှောင်နေပြီဖြစ်လို့ ကားကြပ်တယ်။ အဲ့ဒီအခါကျတော့ ခိုးစီးကြတာပေါ့။ တစ်ခါတော့ စာဂျိုး လက်မှတ်တွေ ကုန်းကောက်နေတုန်း လက်မှတ်ရောင်းရောက်လာပြီး “ခလေးတွေ လက်မှတ် ဝယ်ပြီးကြပြီးလား” ဆိုတော့ အရိပ်အကဲမသိသူမှာ ဘာပြန်ပြောရမှန်း မသိဘဲ “xx xx ထထ၊ ဟိုမှာလက်မှတ် လာရောင်းနေတယ်” လို့ ထခိုင်းရတယ်။ လက်မှတ် တစ်စောင်ဝယ်လိုက်တယ်။ ပြီးမှ ကုန်ကျစရိတ်ကို နှစ်ယောက်ခွဲ ကြခံစေ။ အဲ့ဒီနောက်တော့ သူတို့နှစ်ယောက် လက်မှတ်ကောက် မစီးကြတော့ပါဘူး။ ၇ နှစ်၊ ၈ နှစ်ကနေ ၇ တန်း၊ ၈ တန်းရောက်လာတော့ သူတို့နှစ်ယောက် အားကစားကို ခဏရပ်ပြီး၊ စာဘက် အာရုံစိုက်ကြတယ်။
အထက်တန်းကျောင်းသူ ဘဝ၊ တစ်ယောက်မွေးနေ့ကို တစ်ယောက်သတိရကြပြီး၊ မွေးနေ့ရှင်က ကျန်လေးယောက်ကို ပြုစုရတာက ထုံးစံ။ လမ်းမတော် တရုတ်တန်းမှာ သွားစားကြ၊ အပြန်မှာ ဒူးရင်းသီးပေါ်ချိန်ဆို (ဇတ်ဇတ်ကြဲ မွေးနေ့) လမ်းဘေးမှာတင် ထိုင်စားကြတာ၊ မရှက်ပါဘူး။ အပြန်ဆို လိုင်းကားက ကြားကားဖြစ်သွားပြီး အင်မတန်ကြပ်တော့၊ ဆိုက်ကားနှစ်စီးကို ၅ ယောက် share စီးကြတာ။
ဒီလိုနဲ့ သူတို့ ငါးယောက် ဆယ်တန်းရောက်လာတယ်။
...............
မှတ်မှတ်ရရ ဆယ်တန်း စာမေးပွဲ မတိုင်ခင်လေးမှာ လူအေးမလေးရဲ့ အဖွားဆုံးတယ်။ အဲ့ဒီမှာ ဗေဒင်ဟောတတ်တဲ့ လူတစ်ယောက်က လူအေးမလေးကို ဘာတွေဟောလိုက်လေတယ် မသိ။ “ငါဘယ်လောက်ကြိုးစား၊ ကြိုးစား လိုင်းကောင်းရမှာ မဟုတ်ပါဘူး” ဆိုပြီး စာကြည့်လျော့သွားပါတော့တယ်။
အောင်စာရင်းထွက်တော့ လူအေးမလေး တစ်ယောက်ထဲ ဘာဂုဏ်ထူးမှမပါဘဲ အားလုံးအောင်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ အားလုံးရဲ့ Dream က – MC (ဆရာဝန်) လိုင်း…။ စာဂျိုးတစ်ယောက်ပဲ ဝင်ခဲ့ပါတယ်။
ဆယ်တန်းစာမေးပွဲ အပြီး ကျောင်းပိတ်ရက်ရှည်မှာတော့ ညနေစာ စားသောက်ပြီး အချိန်ကစလို့ တစ်ယောက်ယောက်ရဲ့ အိမ်ရှေ့မှာစု အရည်မရ၊ အဖတ်မရတွေကို ခြင်ကိုက်ခံပြီးပြောကြတာ မိုးချုပ်လွန်လို့ ပထမတော့ မိဘတွေက လိုက်လိုက်ခေါ်ရပါတယ်။ နောက်တော့လည်း အိမ်တံခါးတွေ ပိတ်ထား ခံထိကြတော့တယ်။
သြော် မ, သဘာ၀ မေးလိုက်ကြတဲ့ ဗေဒင်။ ဖျာလိပ်နတ်ကို ဇတ်ဇတ်ကြဲတို့ အိမ်မှာမေးကြတာ။ အခုဖြစ်နေတာတွေနဲ့ ယှဉ်ကြည့်တော့ ဖျာလိပ်နတ်က 80%, 90% မှန်နေတယ်။
အရင်ဆုံး အိမ်ထောင်ကျမဲ့သူ - လူအေးမလေး။ (ဇတ်ဇတ်ကြဲက မှားတာ ဖြစ်မယ်ဆိုပြီး၊ ထပ်မေးသေးတယ်။ သူတို့ နှစ်ယောက်က မတိမ်းမယိမ်း အရပ်တွေကို တွေ့ကြပြီဆိုတာနဲ့ ဘယ်သူ အရပ်ပိုရှည်လဲလို့ တိုင်းရတာ အမော။ ဒါတင်မကသေးဘူး ဘယ်သူ အသားပိုဖြူလဲလို့ပါ တိုင်းကြသေးတယ် ခင်ဗျ။ ဟောချက်အတိုင်း လူအေးမလေး အယင်ဆုံး အိမ်ထောင်ကျပါတယ်။)
ကလေး အများဆုံးမွေးမဲ့သူ - ကလေးတစ်ယောက် တစ်ချက်နှုံး ခေါင်းကို ပုတ်ပြပါဆိုတော့ - ဟန်ဆောင်ပြုံးလေး ခေါင်းကို ဆယ်ချက်မက ပုတ်နေတာ။ အချက်တွေ လိုက်ရေရင်း သူ့မှာတော့ မျက်နှာငယ်လေးနဲ့ ကျန်တဲ့လူတွေကတော့ ရီကြတာ အတောမသတ်တော့ဘူး။ (အမှန်တကယ်ပင် အုပ်စုထဲတွင် အများဆုံးမွေး၍ Production စံချိန်တင်ထားသူ။)
အပျိုကြီးဖြစ်မဲ့သူ မေးမယ်ဆိုတော့ စာဂျိုးနဲ့ ဇတ်ဇတ်ကြဲက “ဟေ့ ငါတို့ အပျိုကြီး မလုပ်ဘူး” ဆိုပြီး ငြင်းကြသေးတယ်။ ဖျာလိပ်နတ်က ဇတ်ဇတ်ကြဲကို ရွေးပုတ်လိုက်တော့၊ စာဂျိုးမှာ ပျော်ရတာ အမော။ (ဇတ်ဇတ်ကြဲ တစ်ယောက် တစ်ကိုယ်တည်း ပိုက်ဆံတွေ နင်းကန်ရှာနေတာ အခုအချိန် အထိပါဘဲ။)
...............
အခုတော့ လူအေးမလေး တစ်ယောက်သာ မွေးရပ်မြေမှာ ကန်ထရိုက်လုပ်ငန်းနဲ့ အေးအေးဆေးဆေးပါဘဲ။
ဟန်ဆောင်ပြုံးလေးကတော့ ဝဋ်ရှိနေသေးတော့ အရိပ်အကဲမသိသူနဲ့ အနီးကပ်နေပြီး သူ့အနွံအတာကို ဟန်ဆောင်ပြုံးလေးနဲ့ ခံနေရတုန်း။
ငယ်ငယ်တုန်းကတော့ ဘယ်အချိန်ကြည့်လိုက်၊ ကြည့်လိုက် ဆာမူရိုင်းကေလေးနဲ့ (ထိုခေတ်၊ ထိုအခါက technology ဖြင့် ဘယ်ပုံစံမှ ပြောင်းညှပ်၍ မရပါ။) ဂျပန်အရုပ်လေးလို။ စကားပြောရင်တော့ လေယူ လေသိမ်းက ဂျပန်မလေးများလို မဟုတ်၊ ဂျပန်ကြီးများလို ရှူးရှူး ဒိုင်းဒိုင်းနဲ့ ဇတ်ဇတ်ကြဲ။ အခုတော့လည်း မသိတဲ့လူတွေဆို သူ့ကို ဂျပန်လူမျိုးလို့ဘဲ ထင်ကြတော့မယ်။
အရိပ်အကဲမသိသူရဲ့ မွေးကာစ ရက်သား၊ လသား အရွယ်ကတည်းက ရခဲ့တဲ့ ရောဂါကို ငါကိုယ်တိုင်ကုမယ်လို့ ပုံပြင်တွေ ပြောခဲ့တဲ့ စာဂျိုး။ ကျန်လေးယောက်ကို တချက်မှပြန် မကြည့်ဘဲ ထားသွားတာသူ။
ခေတ်တခေတ်၏ စနစ်တခုအောက်တွင် ပုန်းရင်း ရှောင်ရင်း ချစ်သောသူတွေ သည်လိုပင် ကွဲကွာခဲ့ကြရပါ၏။
...............
စာဂျိုးတစ်ယောက်မှလွဲ၍ အယင်ကအတိုင်း ဇတ်ဇတ်ကြဲက အရိပ်အကဲမသိသူကို ဟောက်မြဲတိုင်းဟောက်။ အရိပ်အကဲ မသိသူက ဟန်ဆောင်ပြုံးကို ညှင်းဆဲမြဲ ညှင်းဆဲ။ မွေးရပ်မြေက လူအေးမလေးကတော့ စကတ်တွေ ဘောင်းဘီတွေ ဝတ်နေတဲ့ သူ့ ငယ်သူငယ်ချင်းတွေကို ပြုံးပြုံး, ပြုံးပြုံးနဲ့ အကျေနပ်ကြီး ကျေနပ်လို့။
အနှစ်သာရရှိသော သူငယ်ချင်းများဘဝကို ပိုင်ဆိုင်ထားကြပါ၏။

မီသန့်မ

Thursday, July 24, 2008

Wednesday, July 23, 2008

Blogging မှကြိုဆိုခြင်း

Blog အခင်းသည် လန်းဆန်းလှပစွာ ဖူးပွင့်နေသော ရောင်စုံပန်းခင်းဖြစ်သည်။
မွှေးရနံများသည်လည်း ဆန်းကြယ်စွာ ကြိုင်လှိုင်၏။
သွေ့ခြောက်မှာ မပူပင်ရသော ဤပန်းခင်းအလယ်၌ သင်သည်လဲလျောင်းလိုက်ပါက
နွေးထွေးမှုကို ခံစားရမည် ဖြစ်သည်။
လုံလောက်သော အလင်းရောင်ပေးသည့် ဤပန်းခင်းတွင်
သင်သည် ပေါ့ပါးလွတ်လပ်စွာ အလိုက်သင့် ပျံသန်းသွားရုံဖြင့်
သင်၏ လူသားအဖြစ်ကိုလည်း အကြိမ်ကြိမ် အမှတ်ရစေဦးမည်။
ကျေးဇူးတရားကို ရှေ့တန်းမတင် ချစ်ခြင်းတရားကို ရှေ့တန်းတင်မိသည့် အခါမျိုးတွင်
သင့်၌ ပူပန်စရာမလို၊ အပြစ်ဆိုမည့်သူ မရှိ။
တိုက်ပွဲခေါ်သံများကို ကြားရသည့်အခါ စိုးရွံ ထိတ်လန့်ခြင်း မရှိ။
တိုက်ပွဲနှင့် သင်သည် တစ်သားတည်းဖြစ်သည် ဆိုသည့် ယုံကြည်မှုရရန်
Blog အခင်းမှ ကြိုဆိုပါ၏။

*Blog အခင်း၌ နေထွက်စရာ မလို၍ နေ မဝင်။ Blog အခင်းသည် နေရာဖြစ်သည်။

Tuesday, July 22, 2008

အဖြေ မလိုတဲ့ ပုစ္ဆာ

ကျမ ဘာလဲ?
ကျမ ဘယ်လဲ?
ကျမ ဘာဖြစ်နေတာလဲ?

မကြည်လင်ချိန်များတွင် ထွက်ပေါ်လာတတ်သော မေးခွန်းများဖြစ်သည်။
မကြည်လင်ချိန်ဖြစ်၍ အဖြေနှင့် အလှမ်းဝေးလှသည်။
ဘယ်သူကူလို့ အဖြေ ပေးနိုင်မလဲ လိုက်ရှာမိတော့ မယုံကြည်မှု သံသယတွေနဲ့

ကျမသည် လူတစ်မျိုးဖြစ်သည်။
ရှင်သန်ခြင်းတွင် အဖြေရှာမရသော ထိုသို့သောအခါများတွင် သေဆုံးခြင်းကို သွားကြည့်နေမိသူဖြစ်သည်။
ကျမ အဖြေရှာနေသည်။

"ဟိုးရှေးရှေးတုန်းက ဂရိဆိုတဲ့ တိုင်းပြည်မှာ ကျမလို မင်းသမီးလေးတစ်ပါးရှိလို့ ယခုခေတ်လူတွေ Algebra သင်နေရတာ" ဟု သူကဆိုသည်။

သူ့ အဆိုသည် ကျမအတွက် အဖြေ မဟုတ်သော်လည်း...

သူလည်း ဟိုတစ်ချိန်က မင်းသမီးလေးနှင့်အတူတူ ကောင်းကင်ပေါ်ကို မော့ကြည့်ခဲ့ကြသည့် မင်းသားလေး တစ်ပါးဖြစ်မည် ဟု ကျမ ယုံကြည်သည်။
ထိုသောအခါ ကြည်လင်မှုသည် ကျမ၌ တည်၏။
ရလဒ်မှာ မိစ္ဆာမေးခွန်းများ ရပ်တန့်သွားခြင်း ဖြစ်သည်။

(တစ်ယောက်က လက်တွေ့ ဘဝထဲ မှာနေသည်။ တစ်ဦးက အတွေးတွေထဲမှာ နေသည်။ပေါင်းကူးပေးရန် အလို့ငှာ ဤ Post ကို ရေးပါသည်။)



Friday, July 18, 2008

Sonata - Cantata ရဲ့ အတွေးအမြင်

Cantata ရဲ့ အတွေးအမြင်

ကျမ သားကြီးကို ကျူရှင် လိုက်ပို့တာ၊ ဆရာမကို နည်းနည်းစောလွှတ်ပေးဖို့ request လုပ်ခဲ့တယ်။ ကျူရှင်က အပြန် ကျောင်းကို တန်းပြီး Badminton Training သွားရမှာမို့ပါ။

ကျူရှင်က အပြန်၊ ကျောင်းကိုအသွား လမ်းမှာ သားက “သား tournament မဝင်ချင်တော့ဘူး မေမေ။ သားပြိုင်လည်း နိုင်မှာ မဟုတ်ပါဘူး။” “ ဘာဖြစ်လို့လဲသား။ သား ဒီလောက်ပင်ပင်ပန်းပန်း လေ့ကျင့်ထားရတာ။ အချိန်တွေလည်းကုန်။” ဒီတော့ သားက “tournament က November လထဲမှာ မေမေ။ သားတို့ မြန်မာပြည် ပြန်ကြမှာ မဟုတ်လား။ (မနှစ်က မပြန်ဖြစ်၍ ဒီနှစ်ပြန်မည်၊ ဟု သူတို့ ခဏခဏမေးတိုင်း ပြောထားပြီးဖြစ်သည်။) ဒါပေမဲ့ လူစားထိုးဖို့ကလည်း မရှိဘူး။ ဆရာက သားမပါတော့ရင် Good reason ပေးရမယ်တဲ့။”

ခဏကြာတော့ သားက “သားက တစ်ယောက်ထဲပါ၊ သားပြိုင်လိုက်ပါမယ်။” တဲ့…

သား မနှစ်က,စ badminton ကစားပေမဲ့ အတော်ကြီး မဟုတ်တာ ကျမသိပါတယ်။ သားတို့ ကျောင်းက ရပ်ကွက်ထဲက ကျောင်းလေးဖြစ်ပြီး ကျောင်းသားဦးရေ နည်းတာကိုလည်း ကျမသိပါတယ်။ Good reason ပေးရန်လည်း ရှိပါသည်။ ဒါပေမဲ့ သားရဲ့ ဆုံးဖြတ်ချက်ကို ကျမ…
ကျမက “သြော် သားဘက်ကတော့ တစ်ယောက်ထဲဘဲ၊ သားမပါတော့ရင် သူများတွေ အလုပ်ရှုပ်ကြမယ် လို့ ပြောတာလား” ဆိုတော့ သားက “အင်း” တဲ့။
*****
Sonata ရဲ့ အတွေးအမြင်

ကျမ သားငယ်လက်ကို ဆွဲပြီး ခပ်သုတ်သုတ်လျှောက်နေတယ်။ ဘုန်းကြီးကျောင်း ဆွမ်းကပ်သွားမှာမို့ ဆွမ်းစားချိန်အမှီရောက်ဖို့လိုတယ်။ ဆွမ်းပွဲတွေ ပြင်ဆင်ရဦးမှာမို့၊ စောစောရောက်နိုင်လေ ကောင်းလေ အတွေးနဲ့။

ရုတ်တရက် သားက “မေမေ ခဏနေဦး။ သားသားဖိနပ်က ကျွတ်ကျွတ်ထွက်လို့”… မအေ့ခြေလှမ်းကို အမှီ အမြန်ကြီးလိုက်ရရှာလို့ သားရဲ့ ညာဘက်ခြေထောက်က သားရေဖိနပ်လေးက ကျွတ်ထွက်တာပါ။

ခဏကြာတော့ သားက “မေမေ တစ်ခုက ရှေ့ရောက်ရင်၊ ဘာလို့ တစ်ခုက နောက်မှာ ကျန်ခဲ့တာလဲ” တဲ့။ ကျမက ဖိနပ်ကျွတ်ပြန်ပြီ အထင်နဲ့၊ “ဘာလဲသား” လို့ ပြန်မေးတော့။ သားက “ဒီမှာကြည့်” ဆိုပြီး ခြေလှမ်း လှမ်းပြပါတယ်။ ဘယ်ဘက်ခြေထောက်က ရှေ့ကို လှမ်းလိုက်တော့၊ ညာဘက်ခြေထောက်က နောက်မှာ ကျန်ခဲ့တာကို ပြတာပါ။ “တွေ့လား” ဆိုပြီး ခြေလှမ်းတွေ ဆက်လှမ်းပြနေပါတယ်။

ကျမက “သြော်ဒါလားသား” လို့ဘဲ ပြန်ပြောခဲ့ပါတယ်။ ဘာအဖြေမှ မပေးခဲ့ပါဘူး။ သားကလည်း ဆက်မမေးတော့ပါဘူး။


သားငယ်က ငါးနှစ် မပြည့်သေးပါဘူး။ (၁၇.၇.၂၀၀၈ Thursday ၊ ၁၃၇၀ ခု ဝါဆိုလဆန်း ၁၅ ရက် ဝါဆိုလပြည့်နေ့)

Wednesday, July 16, 2008

တရားဦး ဓမ္မစကြာ

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။




ဓမ္မစကြာအမွမ်း
ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ၊ ဣသိပတန နာမကေ။
မိဂဒါယေ ဓမ္မဝရံ၊ ယံ တံ နိဗ္ဗာနပါပကံ။
သဟမ္ပတိ နာမကေန၊ မဟာဗြဟ္မေန ယာစိတံ။
စတုသစ္စံပကာသေန္တော၊ လောကနာထော အဒေသယိ။
နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
သဗ္ဗလောကဟိ တတ္ထာယ၊ ဓမ္မစက္ကံ ဘဏာမဟေ။
ဓမ္မစကြာနိဒါန်း
ဧဝံ မေ သုတံ - ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ -

ကျွနု်ပ် ဤသို့ ကြားနာခဲ့ရပါသည်။ အခါတစ်ပါးတွင် မြတ်စွာဘုရားသည် ဗာရာဏသီပြည် ‘ဣသိပတန’ အမည်ရသော မိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူသည်။ ထိုအခါတွင် မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား မိန့်တော်မူသည်။
(၁) အစွန်းတရားနှစ်ပါး၏ အလယ်အလတ်ဖြစ်သော မဇ္ဈိမပဋိပဒါအကျင့်
ဒွေ မေ, ဘိက္ခဝေ, အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။ ကတမေ ဒွေ?
(၁) ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော၊
(၂) ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။
ရဟန်းတို့… အိမ်ယာစွန့်ခွာ ရဟန်းပြုလာသူတို့ မမှီဝဲအပ်သော အစွန်းတရား နှစ်ပါးရှိ၏။ အဘယ် နှစ်ပါးတို့နည်း။
(၁) ယုတ်ညံ့၍ အိမ်ယာထူထောင်သူ လူများစုတို့၏ အလေ့အကျင့်သာဖြစ်သော, မြတ်သောအကျင့် မဟုတ်သော, အကျိုးမရှိသော ‘ကာမချမ်းသာကိုလိုက်စားခြင်း’ (ကာမသုခလ္လိကာနုယောဂ)
(၂) ကိုယ်စိတ် ဆင်းရဲခြင်းကို ဖြစ်စေတတ်သော, မြတ်သောအကျင့်မဟုတ်သော, အကျိုးမရှိသော ‘မိမိကိုမိမိ ပင်ပန်းဆင်းရဲအောင် အားထုတ်ခြင်း’ (အတ္တကိလမထာနုယောဂ) နှစ်ပါးတို့တည်း။

ဧတေ ခေါ, ဘိက္ခဝေ, ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ကတမာ စ သာ, ဘိက္ခဝေ, မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ? အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ -
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
အယံ ခေါ သာ, ဘိက္ခဝေ, မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ရဟန်းတို့ … တထာဂတ (မြတ်စွာဘုရား)သည် ဤအစွန်းတရားနှစ်ပါးအား မကပ်ရောက်ပဲ အလယ်အလတ်အကျင့် (မဇ္ဈိမ ပဋိပဒါ) ကို ထိုးထွင်း၍ သိတော်မူအပ်ပြီ။ ထို မဇ္ဈိမပဋိပဒါ အကျင့်သည် ပညာမျက်စိကိုဖြစ်စေ၏။ အသိဉာဏ်ကိုဖြစ်စေ၏။ ကိလေသာကို ငြိမ်းစေ၏။ (သစ္စာလေးပါးကို) ထူးသောဉာဏ်ဖြင့် ထိုးထွင်းသိစေ၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုစေ၏။

ထို (…) မဇ္ဈိမပဋိပဒါ အကျင့်ကား အဘယ်နည်း။

(၁) သမ္မာဒိဋ္ဌိ (မှန်သောအမြင်)
(၂) သမ္မာသင်္ကပ္ပ( မှန်သောအကြံ)
(၃) သမ္မာဝါစာ (မှန်သောစကား)
(၄) သမ္မာကမ္မန္တ (မှန်သောအပြုအမူ)
(၅) သမ္မာအာဇီ၀ (မှန်သောအသက်မွေးခြင်း)
(၆) သမ္မာဝါယာမ (မှန်သောအားထုတ်ခြင်း)
(၇) သမ္မာသတိ (မှန်သောအောက်မေ့ခြင်း)
(၈) သမ္မာသမာဓိ (မှန်သောတည်ကြည်ခြင်း)
ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အကျင့်လမ်း(မဂ္ဂ) ဖြစ်သည်။
တထာဂတသည် ဤ (…) မဇ္ဈိမပဋိပဒါအကျင့်အား ထိုးထွင်း၍ သိတော်မူအပ်ပြီ။
(၂) အရိယသစ္စာလေးပါး
(၁) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခံ အရိယသစ္စံ။ ဇာတိပိ ဒုက္ခာ, ဇရာပိ ဒုက္ခာ, ဗျာဓိပိ ဒုက္ခော, မရဏံပိ ဒုက္ခံ, အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော, ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော, ယံပိစ္ဆံ န လဘတိ တံ ပိ ဒုက္ခံ, သံခိတ္တေန ပဉ္စုပါဒါနက္ခန္တာ ဒုက္ခာ။
ရဟန်းတို့… ဤကား ဒုက္ခအရိယသစ္စာ (ဆင်းရဲခြင်းဟူသည့် အရိယာတို့သိအပ်သောအမှန်တရား)တည်း။ မွေးဖွားခြင်းဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ၊ မချစ်မနှစ်သက်သူ(သတ္တဝါ, သင်္ခါရတရား) တို့နှင့် အတူနေရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်သက်သူတို့နှင့် ကွေကွင်းရခြင်းဆင်းရဲ၊ အလိုရှိအပ်သည်ကို မရသောဆင်းရဲ၊ အကျဉ်းအားဖြင့် ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါး (ပဉ္စုပါဒါနက္ခန္ဓာ) တို့ ဖြစ်သည်။

(၂) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခသမုဒယံ အရိယသစ္စံ။ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ, နန္ဒီရာဂ သဟဂတာ တတြ တတြာဘိနန္ဒိနီ။ သေယျထိဒံ - ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ။
ရဟန်းတို့… ဤကား ဒုက္ခသမုဒယ အရိယသစ္စာ (ဆင်းရဲခြင်း၏ ဖြစ်ကြောင်းဟူသည့် အရိယာတို့ သိအပ်သော အမှန်တရား- သမုဒယသစ္စာ) တည်း။ အကြင်တဏှာသည် ဘဝသစ်ကို တဖန်ဖြစ်စေတတ်၏။ နှစ်သက်တပ်မက်ခြင်းနှင့် တကွဖြစ်၍ ထိုထို (ကာမဂုဏ်အာရုံ, ဘဝစသည်)တို့ကို အလွန် နှစ်သက်သာယာတတ်သည်။ ယင်းတဏှာတို့ကား ကာမဂုဏ်အာရုံတို့၌ တပ်မက်ခြင်း (ကာမတဏှာ), ဘဝဖြစ်တည်မှုကို တပ်မက်ခြင်း (ဘဝတဏှာ)၊ ဘဝကင်းပြတ်မှုကို တပ်မက်ခြင်း (ဝိဘဝတဏှာ)တို့ဖြစ်သည်။

(၃) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခနိရောဓံ အရိယသစ္စံ။ ယော တဿာယေ၀ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
ရဟန်းတို့… ဤကား ဒုက္ခနိရောဓ အရိယသစ္စာ (ဆင်းရဲချုပ်ခြင်းဟူသည့် အရိယာတို့ သိအပ်သော အမှန်တရား- နိရောဓသစ္စာ) တည်း။ ထိုတဏှာ၏ အကြွင်းမဲ့ တပ်ခြင်းကင်းရာ, ချုပ်ရာ, စွန့်ရာ, တစ်ဖန်ပြန်၍ စွန့်ရာ လွတ်မြောက်ရာ မကပ်ငြိရာဖြစ်သည်။

(၄) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။ အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
ရဟန်းတို့… ဤကား ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်လမ်း ဟူသည့် အရိယာတို့ သိအပ်သော အမှန်တရား- မဂ္ဂသစ္စာ) တည်း။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယမ, သမ္မာသတိ, သမ္မာသမာဓိ ဟူသောအင်္ဂါရှစ်ပါးရှိသော အကျင့်လမ်း (အဋ္ဌင်္ဂိကမဂ္ဂ) ဖြစ်သည်။
(၃) တိပရိဝဋ္ဋဒေသနာ - သစ္စာလေးပါးအား သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်သုံးပါးဖြင့် သိခြင်း
(၁) “ဣဒံ ဒုက္ခံ အရိယသစ္စ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ဝိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခအမှန်တရားတည်း” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (သစ္စာဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ဝိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။

(၂) “တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ဝိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခအမှန်တရားအား ပိုင်းခြား၍ သိအပ်သည်” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကိစ္စဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ဝိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။

(၃) “တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ဝိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခအမှန်တရားအား ပိုင်းခြား၍ သိပြီ” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကတဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ဝိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။

(၄) “ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ဝိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခဖြစ်ကြောင်း အမှန်တရားတည်း” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (သစ္စာဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ဝိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။

(၅) “တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ဝိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခဖြစ်ကြောင်း အမှန်တရားအား ပယ်အပ်သည်” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကိစ္စဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ဝိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။

(၆) “တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီန” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ဝိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခဖြစ်ကြောင်း အမှန်တရားအား ပယ်ပြီးပြီ” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကတဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ဝိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။

(၇) “ဣဒံ ဒုက္ခနိရောဓံ အရိယသစ္စ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ဝိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခချုပ်ရာ အမှန်တရားတည်း” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (သစ္စာဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ဝိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။

(၈) “တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ဝိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခချုပ်ရာ အမှန်တရားအား မျက်မှောက်ပြုအပ်သည်” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကိစ္စဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ဝိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။

(၉) “တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ဝိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခချုပ်ရာ အမှန်တရားအား မျက်မှောက်ပြုပြီးပြီ” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကတဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ဝိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။

(၁၀) “ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ဝိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခချုပ်ရာ ရောက်ကြောင်းအကျင့် အမှန်တရားတည်း” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (သစ္စာဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ဝိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။

(၁၁) “တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ဝိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခချုပ်ရာ ရောက်ကြောင်းအကျင့် အမှန်တရားအား ပွားများအပ်သည်” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကိစ္စဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ဝိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။

(၁၂) “တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ဝိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခချုပ်ရာ ရောက်ကြောင်းအကျင့် အမှန်တရားအား ပွားများပြီးပြီ” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကတဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ဝိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၄) သစ္စာလေးပါးကိုသိမှ ဘုရားအဖြစ်ကို ဝန်ခံခြင်း
ယာဝကီဝဉ္စ မေ, ဘိက္ခဝေ, ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ။ နေ၀ တာဝဟံ, ဘိက္ခဝေ, သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ “အနုတ္တရံ သမ္မာ သမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ” တိ ပစ္စညာသိံ။
ရဟန်းတို့… ဤအရိယသစ္စာလေးပါး၌ (သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟု) သုံးပါးသောအပြန် (တိပရိဝဋ္ဋံ), ၁၂-ပါးသော အခြင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာသိသော ဉာဏ်အမြင် မစင်ကြယ်သေးသမျှကာလပတ်လုံး၊ ငါသည် နတ်, မာရ်နတ်, ဗြဟ္မာ နှင့် သမဏ, ဗြာဟ္မဏ, မင်းဟူသော နတ်လူလောကတွင် “အတုမရှိသော သမ္မာသမ္ဗုဒ္ဓဘုရား” အဖြစ်ကို ဝန်မခံခဲ့ချေ။

ယာတော စ ခေါ မေ, ဘိက္ခဝေ, ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ။ အထာဟံ ဘိက္ခဝေ, သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ “အနုတ္တရံ သမ္မာ သမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ” တိ ပစ္စညာသိံ။
ရဟန်းတို့… ဤအရိယသစ္စာလေးပါး၌ (သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟု) သုံးပါးသောအပြန် (တိပရိဝဋ္ဋံ), ၁၂-ပါးသော အခြင်းရာအားဖြင့် ဟုတ်တိုင်းမှန်စွာသိသော ဉာဏ်အမြင် စင်ကြယ်မှသာလျှင်၊ (…) “အတုမရှိသော သမ္မာသမ္ဗုဒ္ဓဘုရား” အဖြစ်ကို ဝန်ခံခဲ့သည်။

ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ “အကုပ္ပါ မေ ဝိမုတ္တိ, အယမန္တိမာ ဇာတိ, နတ္ထိဒါနိ ပုနဗ္ဘဝေါ” တိ။
“ငါ၏ လွတ်မြောက်မှုသည် မပျက်စီးမဆုံးရှုံးနိုင်တော့။ ဤကား အဆုံးဘဝတည်း။ ဘဝတစ်ဖန်ပြန်၍ ဖြစ်ခြင်းမရှိပြီ” ဟုသိမြင်သော (ပြန်၍ ဆင်ခြင်သိသော ပစ္စဝေက္ခဏာ) ဉာဏ်သည်ဖြစ်ပေါ်လာသည်။

ဣဒမဝေါ စ ဘဂဝါ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
မြတ်စွာဘုရားသည် ဤစကားအား မိန့်သောအခါ၊ ပဉ္စဝဂ္ဂီငါးပါးတို့သည် နှစ်လိုကုန်သည်ဖြစ်၍ မြတ်စွာဘုရားဟောသော တရားတော်အား နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။
(၅) အသျှင်ကောဏ္ဍည သောတာပန်တည်ခြင်း
ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ “ယံ ကိဉ္စိ သမုဒယဓမ္မံ, သဗ္ဗံ တံ နိရောဓ ဓမ္မ” န္တိ။
ဤသို့ (ဂါထာမဖက်) စကားပြေ သက်သက်ဖြင့် ဟောကြားအပ်သောအခါ၊ အသျှင်ကောဏ္ဍညအား “ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံတို့သည် ချုပ်ခြင်းသဘောရှိကုန်သည်” ဟူသော ကိလေသာစင်ကြယ်သည့် (သောတာပတ္တိမဂ်ခေါ်) တရားအမြင်သည် ဖြစ်ပေါ်၍လာ၏။
(၆) နတ်ဗြဟ္မာတို့ ကောင်းချီးပေးခြင်း
(၁) ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ, ဘုမ္မာ ဒေဝါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ” တိ။

ဤသို့ မြတ်စွာဘုရားသည် (သစ္စာလေးချက်) တရားစက်ကို လည်စေသော် -
“လောကတွင် သမဏ ဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသည့် ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ဟောကြားတော်မူ၏” ဟု ဘုမ္မစိုးနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။

(၂) ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သုတွာ, စတုမဟာရာဇိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ” တိ။
ဘုမ္မစိုးနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု စတုမဟာရာဇ်နတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။

(၃) စတုမဟာရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ, တာဝတိံသာ ဒေဝါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ” တိ။
စတုမဟာရာဇ်နတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု တာဝတိံသာနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။

(၄) တာဝတိံသာနံ ဒေဝါနံ သဒ္ဒံ သုတွာ, ယာမာ ဒေဝါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ” တိ။
တာဝတိံသာနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု ယာမာနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။

(၅) ယာမာနံ ဒေဝါနံ သဒ္ဒံ သုတွာ, တုသိတာ ဒေဝါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ” တိ။
ယာမာနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု တုသိတာနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။

(၆) တုသိတာနံ ဒေဝါနံ သဒ္ဒံ သုတွာ, နိမ္မာနရတိ ဒေဝါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ” တိ။
တုသိတာနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု နိမ္မာနရတိနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။

(၇) နိမ္မာနရတီနံ ဒေဝါနံ သဒ္ဒံ သုတွာ, ပရနိမ္မိတဝသ၀တ္တီ ဒေဝါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ” တိ။
နိမ္မာနရတိနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု ပရနိမ္မိတဝသ၀တ္တီနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။

(၈) ပရနိမ္မိတဝသ၀တ္တီနံ ဒေဝါနံ သဒ္ဒံ သုတွာ, ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ” တိ။
ပရနိမ္မိတဝသ၀တ္တီနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု ဗြဟ္မာတို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။

ဣတိဟ, တေန ခဏေန, တေန လယေန, တေန မုဟုတ္တေန ယာ၀ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂစ္ဆိ။ အယဉ္စ ဒသသဟဿိ လောကဓာတု သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ။ အပ္ပမာဏော စ ဥဠာရော သြဘာသော လောကေ ပါတု ရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုညာဝန္တိ။
ဤသို့လျှင် ထိုအချိန် ထိုအခါ ထိုကာလ၌ ကောင်းချီးပေးသံတို့သည်ပြန့်နှံ့တက်၏။ ဤတစ်သောင်းသော လောကဓာတ်သည်လည်း တုန်လှုပ်၏။ ပြင်းစွာ တုန်လှုပ်၏။ ထက်ဝန်းကျင် တုန်လှုပ်၏။ အတိုင်းအရှည်မရှိ ကြီးမားသော အရောင်အလင်းသည်လည်း နတ်တို့၏ အာနုဘော်ကို ကျော်လွန်၍ လောက၌ ထင်ရှားဖြစ်ပေါ်လာ၏။
(၇) အသျှင်ကောဏ္ဍည ရှင်ရဟန်းပြုခြင်း
အထ ခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ “အညာသိ ဝတ ဘော ကောဏ္ဍညော, အညာသိ ဝတ ဘော ကောဏ္ဍညော” တိ။ ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ ‘အညာသိကောဏ္ဍညော’ တွေ၀ နာမံ အဟောသိ။
ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ကောဏ္ဍညသည် (သစ္စာလေးပါးတရားကို) သိလေပြီတကား။ ရဟန်းတို့ ကောဏ္ဍညသည် (သစ္စာလေးပါးတရားကို) သိလေပြီတကား”ဟု ဥဒါန်းကို ကျူးရင့်တော်မူ၏။ ဤသို့ ကျူးရင့်တော်မူသောကြောင့် အသျှင်ကောဏ္ဍညအား “အညာသိကောဏ္ဍည” ဟူ၍သာလျှင် အမည်တွင်လေ၏။

အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ - “လဘေယျာဟံ, ဘန္တေ, ဘဂဝတော သန္တိကေ ပဗ္ဗဇံ လဘေယျံ ဥပသမ္ပဒ” န္တိ။
ထို့နောက် အသျှင်အညာသိကောဏ္ဍညသည် တရားသို့ မြင်ပြီး, ရောက်ပြီး, သိပြီး, သက်ဝင်ပြီးဖြစ်၍၊ (သို့လော သို့လော)ယုံမှားခြင်းကို လွန်မြောက်ပြီးဖြစ်၍၊ မြတ်စွာဘုရား၏ သာသနာ၌ ရဲရင့်ခြင်းသို့ရောက်ပြီး၍၊ ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိသည်ဖြစ်၍ “အသျှင်ဘုရား… ကျွနု်ပ်သည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ရလိုပါသည်” ဟုလျောက်ထား၏။

“ဧဟိ ဘိက္ခူ” တိ ဘဂဝါ အဝေါစ “သွာက္ခတော ဓမ္မော, စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာ” တိ။ သာ၀ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ။
“ရဟန်း လာလော့ (ဧဟိ ဘိက္ခူ) … တရားကို ကောင်းစွာဟောအပ်ပြီ၊ ဆင်းရဲ၏ အဆုံးကိုပြုခြင်းငှါ မြတ်သောအကျင့်ကို ကောင်းစွာကျင့်လော့” ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ထိုစကားဖြင့်ပင် အသျှင်ကောဏ္ဍညသည် ပဉ္စင်းအဖြစ် (ဥပသမ္ပဒါ) အဖြစ်သို့ရောက်လေသည်။

ဓမ္မစကြာ တရားတော် - မင်းကွန်းဆရာတော် ဘုရားကြီး .mp3 file

တရားဦး ဓမ္မစကြာ - နိဒါန်း

“… ပညာတည်းဟူသော နားနှင့် ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း (သဒ္ဓါတရား)ကို စေလွှတ်ကြကုန်လော့။ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ဖွင့်အပ်ပြီ။” 
[ ဝိနည်းမဟာဝါ-မဟာခန္ဓကဝဂ်-ဗြဟ္မယာစက ကထာ]
ပစ္စေကဗုဒ္ဓဘုရားနှင့် သမ္မာသမ္ဗုဒ္ဓဘုရားတို့မှအပ တရားနာကြားရခြင်းမရှိပဲ အကျွတ်တရားရသည်ဟူ၍ မရှိချေ။ မှန်သောအမြင် (သမ္မာဒိဋ္ဌိ) ရရှိရန်အတွက်
(၁) သစ္စာနှင့်လျော်သော (သစ္စာနုလောမိက) တရားကိုနာကြားခွင့်ရခြင်း၊
(၂) နှလုံးသွင်းမှန်ခြင်း (ယောနိသော မနသိကာရ) ဟူသောအကြောင်းတရားနှစ်ပါး လိုအပ်သည်။
ဗောဓိပင်ရင်းတွင် မြတ်စွာဘုရားရရှိတော်မူခဲ့သော တရားတို့သည် အလွန်ပင် နက်နဲသိမ်မွေ့၍ ဆင်ခြင်စဉ်းစားမှုနယ်ကို ကျော်လွန်သော အတက္ကာဝစာရ တရားမျိုး ဖြစ်သည်။ သတ္တဝါတို့သည် ကာမဂုဏ်တို့တွင် သာယာတပ်မက် နှစ်ခြိုက်ပျော်မွေ့နေကြရာ၊ တပ်မက်ခြင်း တဏှာ ကုန်ရာဖြစ်သောတရားသည် လောကရေစီးကြောင်း, သံသရာရေစီးကြောင်းနှင့် ဆန့်ကျင်ဖက် (ပဋိသောတဂါမိ) ဖြစ်၍ နေလေသည်။ ထို့ကြောင့် တရားကိုဟောခဲ့ပါက နားလည်လက်ခံနိုင်စွမ်းရှိရန် မလွယ်ကူ။ ဟောကြားသောတရားတော်အား သင့်တင့်သော နှလုံးသားဖြင့် ခံယူနိုင်ရန် မလွယ်။ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ရောက်ပြီးစ ဗုဒ္ဓမြတ်စွာဘုရားအား “သတ္တဝါတို့အား တရားဟောကြားပါက နားလည်နိုင်ရန် မလွယ်။ ပင်ပန်းဆင်းရဲရုံသာ ဖြစ်လိမ့်မည်”ဟူသော အကြံသည်ဖြစ်ပေါ်လာ၏။
ထိုအခါတွင် သဟမ္ပတိ ဗြဟ္မာမင်းသည် မြတ်စွာဘုရားထံ ရောက်ရှိလာ၍၊ “ပညာမျက်စိကို ဖုံးအုပ်တတ်သော မြူနှင့် တူသည့် ကိလေသာ နည်းပါးသောသူတို့လည်း ရှိပါသေးသည်။ ထိုသူတို့သည် တရားနာကြားခွင့် မရှိ၍ ဆုံးရှုံးနေကြရပါသည်”ဟု တရားဟောရန် တောင်းပန် လျှောက်ထား၏။ သုံးကြိမ်တိုင်တိုင် လျှောက်ထားသောအခါ သတ္တဝါတို့၏ ဣန္ဒြေ အနုအရင့်, ကိလေသာ အထူအပါးကိုသိမြင်သော ဗုဒ္ဓစက္ခုဉာဏ်တော်နှင့် လောကအား ကြည့်ရှုသုံးသပ်တော်မူ၍ သတ္တဝါတို့အား တရားဟောကြားမည်ဟု မိန့်တော်မူ၏။
“… ပညာတည်းဟူသော နားနှင့် ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း (သဒ္ဓါတရား)ကို စေလွှတ်ကြကုန်လော့။ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ဖွင့်အပ်ပြီ။”
[ ဝိနည်းမဟာဝါ-မဟာခန္ဓကဝဂ်-ဗြဟ္မယာစက ကထာ]
တရားဦးကို ဟောရန်အတွက် ပညာမျက်စိတွင် ကိလေသာမြူပါးသောသူတို့ကို ကြံစည်တော်မူ၏။ အာဠာရ နှင့် ဥဒက ရသေ့တို့အားဟောကြားရန် အကြံရသော်လည်း ထိုရသေ့တို့သည် သေလွန်သွားကြပြီး၍ တရားနာယူနိုင်စွမ်းမရှိသော အရူပဗြဟ္မဘုံတွင် ဖြစ်နေကြလေသည်။ ထိုနောက် မိမိ ဒုက္ကရစရိယာအကျင့်ကို ကျင့်စဉ်က ဝတ်ကြီးဝတ်ငယ် ပြုခဲ့ကြသော ပဉ္စဝဂ္ဂီ ခေါ် ရဟန်း ၅-ပါးအား တရားဦးဟောရန် အကြံဖြစ်၏။ ထိုအချိန်တွင် ပဉ္စဝဂ္ဂီငါးပါးတို့သည် ကာသိတိုင်း၊ ဗာရာဏသီပြည်ရှိ ‘ဣသိပတန’ အမည်ရသည့် မိဂဒါဝုန်တောတွင် နေထိုင်လျှက် ရှိကြလေသည်။ မြတ်စွာဘုရားသည် ဥရုဝေလတောတွင် ရက်အနည်းငယ်မျှ သီတင်းသုံးပြီးနောက်၊ ဥရုဝေလတောမှ ပဉ္စဝဂ္ဂီငါပါးတို့ရှိရာ မိဂဒါဝုန်တောသို့ အစဉ်အတိုင်း ခြေလျင် ကြွချီတော်မူသည်။ ဥရုဝေလတောမှ ဂယာသို့ ၃-ဂါဝုတ်ခရီး၊ ဂယာမှ ဗာရဏသီသို့ ၁၈-ယူဇနာ ကွာဝေးသည်ဟု သာရတ္ထဒီပနီဋီကာတွင် ဖော်ပြထားသည်။ မိုင်အကွာဝေးအားဖြင့် ၁၄၂-မိုင်မျှ ဝေးကွာသော ခရီးရှည် ဖြစ်၏။ ဤခရီးရှည်သည် ဗုဒ္ဓမြတ်စွာ၏ ပထမဦးဆုံး သာသနာပြုခရီးစဉ် ဖြစ်လေသည်။
သာသနာပြုလုပ်ငန်းတို့မည်သည် သတ္တဝါတို့အပေါ် သနားကြင်နာသည့် ကရုဏာတော်ဖြင့် အေးမြသည့် နှလုံးသား၊ သတ္တဝါတို့တွင် ဖုံးလွမ်းထားသော အမိုက်မှောင်ကို ပယ်ရှားပေးနိုင်မည့် ပညာ အလင်းရောင်တို့ပေါ်တွင် အခြေတည်ရသော လုပ်ငန်း ဖြစ်သည်။ စိတ်ရှည်ရသည်။ သည်းခံရသည်။ ဇွဲလုံ့လရှိရသည်။ လွယ်ကူသော လုပ်ငန်းမဟုတ်။ ဗုဒ္ဓ၏ ပထမဦးဆုံး သာသနာပြု လုပ်ငန်းသည်လည်း လွယ်ကူချောမွေ့လှသည် မဟုတ်ကြောင်းကို ဝိနည်းမဟာဝါ မဟာခန္ဓက၊ ပဉ္စဝဂ္ဂီယကထာတွင် တွေ့ရသည်။
တရားဦးဓမ္မစက်ကို ဟောတော်မူမည်ဟု မိုင်ပေါင်းရာချီသောခရီးကို ခြေလျင်ကြွချီလာခဲ့ရသော မြတ်စွာဘုရား၏ တရားဦးအား ပဉ္စဝဂ္ဂီ ငါးဦးတို့သည် လွယ်လင့်တကူ နာယူခဲ့ကြခြင်းမဟုတ်။ အဝေးမှကြွလာသော ဗုဒ္ဓမြတ်စွာကြွလာသည် မြင်သောအခါ ပဉ္စဝဂ္ဂီငါးဦးတို့သည် “ကမ္မဋ္ဌာန်းအလုပ်မှ ထွက်၍ လာဘ်လာဘပေါများရန် လှည့်လည်နေသော ရဟန်း ဂေါတမသည် လာနေပြီ။ ခရီးဦးကြို မပြုကြနှင့်၊ နေရာထိုင်ခင်းမပေးကြနှင့်”ဟု နှုတ်ကတိစကား ထားကြသည်။ အစာငတ်ခံ, အပင်ပန်းဆင်းရဲခံ၍ ကျင့်ကြံသော ပဓာနအကျင့် ကိုစွန့်ပယ်၍ အစာပြန်လည် စားသောကြောင့် ဘုရားအလောင်းတော်အား လမ်းခွဲခဲ့သော ပဉ္စဝဂ္ဂီငါးပါးတို့သည် ဗုဒ္ဓအပေါ်၌ အထင်မြင်သေးသော မျက်လုံးများဖြင့် ကြိုဆိုကြသည်။ ဗုဒ္ဓက ကရုဏာမေတ္တာဓာတ်ကို ပဉ္စဝဂ္ဂီငါးဦးအပေါ်တွင် အပြည့်ညွှတ်၍ ရောက်လာသောအခါ၊ မေတ္တာတန်ခိုးကြောင့် ပဉ္စဝဂ္ဂီတို့သည် ခရီးဦးကြို မပြုပဲ မနေနိုင်။ နေရာထိုင်ခင်း မပေးပဲ မနေနိုင်ကြတော့။
သို့တိုင် မြတ်စွာဘုရားက တရားဟောကြားမည်ဟု ဆိုသောအခါ၊ “ရဟန်း ဂေါတမ … သင်သည် ပြုနိုင် ကျင့်နိုင်ခဲသော ဒုက္ကရစရိယာအကျင့်ဖြင့်ပင် တရားထူးမရရှိခဲ့။ ပဓာနအကျင့်ကမ္မဋ္ဌာန်းကို စွန့်၍ ယခုကဲ့သို့ လာဘ်လာဘပေါများရန် လှည့်လည်နေသောသင်သည် အဘယ်မှာ မြတ်သောအသိဉာဏ်ထူးကို ရနိုင်ပါအံ့နည်း”ဟု ဝေဖန်၍ အကြိမ်ကြိမ် ငြင်းပယ်ကြ၏။ ထိုအခါ “ရဟန်းတို့… ငါသည် ရှေးယခင်က ဤသို့သော စကားမျိုး ဆိုခဲ့ဖူးပါသလော” ဟု ဗုဒ္ဓမြတ်စွာက မေးရ၏။ ထိုသို့ အခြေအတင် ပြောဆို၍ နောက်မှ ပဉ္စဝဂ္ဂီငါးဦးတို့က တရားနာယူရန် လက်ခံကြခြင်းဖြစ်လေသည်။ မဟာသက္ကရာဇ် ၁၀၃-ခု၊ ဝါဆိုလပြည့်ညဦးပိုင်း နေလုံးသည် အနောက်အရပ်၌ဝင်၍၊ လပြည့်ဝန်းသည် အရှေ့လောကဓာတ်တွင် အာသာဠှနက္ခတ်နှင့် ယှဉ်၍ ပေါ်ထွန်းလာသော အချိန်တွင် “ဒွေ မေ, ဘိက္ခဝေ, အန္တာ...” အစချီကာ တရားဦး ‘ဓမ္မစက္ကပ္ပဝတ္တနသုတ်’ ဒေသနာတော်အား ဟောကြား တော်မူခဲ့လေသည်။

Tuesday, July 8, 2008

အကျွေးအမွေး



မြန်မာလူမျိုးတို့၏ ကျွေးချင်မွေးချင်တတ်ကြသည့် ချစ်စရာ့စိတ်စေတနာသည် အကျင့်၊ ဓလေ့ထုံးစံ အဖြစ်သို့ပင် ပြောင်းလဲရောက်ရှိနေပြီ ဖြစ်သည်။ အသိမိတ်ဆွေ တစ်ယောက် လမ်းတွေ့လျှင် လ္ဘက်ရည် ခေါ်တိုက်မည်။ တနယ်တကျေးမှ ဧည့်သည်ဆိုပါလျှင်လည်း "တို့အိမ်ဘက်လည်း ထမင်းစားလှည့်ခဲ့ပါဦး"ဟု ဖိတ်မန္တကပြုကြသည်။ ချိုင့်ဖြင့် ပို့ပေးတတ်သည်များလည်း ရှိသေးသည်။ မွေးနေ့၊ အိမ်သစ်တတ်၊ ထိမ်းမြားမင်္ဂလာ နှင့် အလှူမင်္ဂလာတို့ ဆိုလျှင်တော့ ပြောစရာမလို အကျွေးအမွေးကပါပြီးဖြစ်သည်။

တရားဓမ္မအားထုတ်နေသူများသည် သူတစ်ပါး ကျွေးမွေးလှူဒါန်းသော အာဟာရကို ပစ္စဝေက္ခဏာ ဆင်ခြင်၍သော်လည်းကောင်း၊ အလှူရှင်အား မေတ္တာပို့သ၍သော်လည်းကောင်း၊ မိမိ အားထုတ်ဆဲ ကမ္မဋ္ဌာန်းကို ဆက်လက်အားထုတ်လျက်သော်လည်းကောင်း၊ သုံးဆောင်မှီဝဲရသည်ဟု လေ့လာဖူးပါသည်။ ထိုသို့ မဟုတ်ဘဲ အလှူရှင်များက ချမ်းသာစွာ တရားပွားများအားထုတ်နိုင်ပါစေရန် ရည်သန်၍ လှူဒါန်းသော ဒါနကို အမှုမဲ့ အမှတ်မဲ၊့ လောဘ၊ ဒေါသတို့ဖြင့် စားသုံးမိမည်ဆိုပါက အလှူ့ရှင်ထံတွင် ခန္ဓာဖြင့် ကြွေးဆပ်ရတတ်ပါသည်။ ခန္ဓာဖြင့် ဆိုသည်မှာ သူတစ်ပါး၏ စားဖတ်၊ ဝါးဖတ် အဖြစ်သော် လည်းကောင်း၊ အခိုင်းအစေခံအဖြစ်သော်လည်းကောင်း ကြွေးဆပ်ရခြင်း ဖြစ်ပါသည်။ ဤနေရာတွင် သံသရာတွင် မသိခြင်းအပေါင်းဖြင့် ကျင်လည်ကြသူတို့၏ မသိခြင်းတစ်ခုဖြစ်သည့် မိမိ၏သင်္ချိုင်းသည် ကုန်းသင်္ချိုင်းလေလော၊ ရေသင်္ချိုင်းလေလော၊ ကြောက်စရာ အကောင်းဆုံးဟု ဆိုလိုက ဆိုနိုင်သည့် ပါးစပ်သင်္ချိုင်းလေလော ဟူသောအချက်ကို သတိပြုရပေမည်။ National Geographic Channel တွင် တွေ့ရသည့် ကျားသစ်ပါးစပ်ထဲမှ ဂျီသမင်ငယ်၏ အဖြစ်ကို စိတ်မှန်းဖြင့် ခံစားကြည့်ကြစေလိုပါသည်။

မိတ်ဆွေသူငယ်ချင်းများကျွေးတာကို သွား၍စားရသော အခါများတွင် “တို့ကတော့ လက်ချည်းလာတာ မဟုတ်ဘူးနော်၊ ပါးစပ်လည်းပါတယ်” ဟု စ,နောက်တတ်ကြသည်။ “သူခေါ်ကျွေးတာကို ငါက Blind ကြီးသွားစားရမှာ ရှက်စရာကြီး၊ တစ်ခုခုတော့ ဝယ်သွားဦးမှ” ဟုလည်း တစ်ခါတစ်ရံ ခပ်ကြောင်ကြောင်တွေးမိတတ်သည်။ တရားအားထုတ် ကျင့်ကြံနေခြင်း မဟုတ်ဘဲ၊ ခင်၍မင်၍ ကျွေးခြင်းမျိုးတွင် ကျွေးသူ၊ စားသူ နှစ်ဦးနှစ်ဖက် မည်သို့သော စိတ်များထားကြလျှင် သင့်မြတ်ပါမည်နည်း။

အလွယ်ကူဆုံးမှာ “ကျွေးနိုင်၊ မွေးနိုင်ပါစေ” ဟု ဆန္ဒပြု ဆုတောင်းပေးခြင်းသာ ဖြစ်သည်။ ထိုသောအခါ ကြင်စဦးများနှင့် ကလေးမရသေးသည့် အိမ်ထောင်များဖြစ်ပါက ပြုံးတုံ့တုံ့ဖြစ်ကြပေမည်။ တချို့ကတော့… “ဟေ့ ဟေ့ ကျွေးနိုင်ပါစေ တွင်ပဲရပ်၊ မွေးတော့ မမွေးနိုင်တော့ဘူး” ဟု ရယ်မောရင်း အချိန်မှီတားဆီးတတ်ကြသည်။ “ကျွေးနိုင်ပါစေ” ဆိုရာ၌ မိမိတို့ ကောင်းကောင်းစားရရန်၊ မကြာခဏ စားရရန် မရည်ရွယ်ပါ။ ကျွေးလိုသူ၏ စေတနာကို အသိအမှတ်ပြုခြင်းဖြစ်ပြီး၊ “မွေးနိုင်ပါစေ” ဆိုသည်မှာ မိမိ၏ ပစ္စည်းဥစ္စာများအပေါ်တွင် တပ်မက်သည့်စိတ်ကို တတ်နိုင်သမျှ စွန့်လွှတ်၍ ပြန်လည်ရရှိမည့် တစ်ဘ၀ တစ်နပ်စာအကျိုးကို မမျှော်ကိုးသည့် စိတ်ကောင်း စိတ်မြတ်များ မွေးနိုင်သမျှ မွေးနိုင်ကြပါစေဟု ဆန္ဒပြု ဆုတောင်းခြင်းသာ ဖြစ်ပါသည်။

သူတော်ကောင်းဓာတ်၊ တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ်။

Blog စာမျက်နှာများတွင် ကျွေးမွေးဧည့်ခံထားသော အစားအစာများသည် ဗိုက်ထဲသို့ရောက်အောင် စားသုံးလိုက်ရသော အာဟာရများ မဟုတ်စေကာမူ၊ စဉ်းစား ဆင်ခြင် အသိဉာဏ်တိုးအောင် အာဟာရပေးပါသည်ဟု ခွန်အားရှိစွာဖြင့် ဤ Post ကိုရေးသားလိုက်ပါသည်။
(မှတ်ချက်။ ။ မသီတာ၏ အတွေးအမြင် စစ်စစ်ဖြစ်ပါသည်။ ကိုဧရာ Style ဝင်နေ၍ သူမှ တွေးတတ်၊ မြင်တတ်တာ မဟုတ်ကြောင်း၊ မိမိသည်လည်း ကျွေးတတ်၊ မွေးတတ်ပါကြောင်း- S-C)

Monday, July 7, 2008

မေတ္တသုတ်ပရိတ်တော် နှင့် မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာပွားနည်း‌ေ ၁၁-နည်း

မေတ္တသုတ်ပရိတ်တော် Discourse on Loving-Kindness
ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒဿေန္တိ ဘီသနံ။
ယဉှိစေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ-မတန္ဒိတော။

သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမဟေ။

မေတ္တာသုတ် ပရိတ်တော်၏ အာနုဘော်ကြောင့် နတ်ကြမ်း, ဘီလူးကြမ်းတို့သည် ကြောက်မက်ဖွယ် အာရုံအမျိုးမျိုးတို့ကို မပြဝံ့ကြကုန်။ မေတ္တာသုတ်ပရိတ်တေ‌ော်ကို နေ့၌ဖြစ်စေ၊ ည၌ဖြစ်စေ မပျင်းမရိ အထပ်ထပ် ရွတ်ဖတ် သရဇ္ဈာယ်သောသူသည် ချမ်းသာစွာ အိပ်စက်ရခြင်း၊ အိပ်မက်ဆိုး မမြင်မက်ခြင်း စသောအကျိုးများကို ရရှိနိုင်၏။ အို… သူတော်ကောင်းတို့ ထိုကဲ့သို့ အာနိသင်နှင့် ပြည့်စုံသော ပရိတ်တော်ကို ကျွန်ုပ်တို့ ရွတ်ဖတ်ကြပါကုန်စို့။

yassānubhāvato yakkhā, neva dassent bhīsanaṃ,
Yamhi cevānuyuñjanto, Rattindiva-matandito.

Sukkhuaṃ supati sutto ca, Pāpaṃ Kiñci na passati,
Evamādiguṇūpetaṃ, Parittaṃ taṃ bhaṇāma he.

By the power of this Sutta, the Yakkhas do not show their fearful appearance, and a person who makes effort regarding this Sutta day and night (by reciting and practicing), sleeps comfortably, and when he is asleep, he does not have bad dreams. Oh good people! Let us recite this protective Sutta which is endowed with these qualities and others as well.

ကရဏီယ’မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟူဇူ စ၊ သုဝစော စဿ မုဒု အနတိမာနိ။

ငြိမ်းချမ်းသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့်သက်ဝင်၍ နေလိုသော အကျိုးစီးပွား၌ လိမ္မာသောသူသည် ဤဆိုလတ္တံ့သော စည်းကမ်း နည်းလမ်းကို ပြုကျင့်အပ်၏။
၁။ ကျင့်စွမ်းနိုင် ရမည်။
၂။ ကိုယ်နှုတ် ဖြောင့်မတ်ရမည်။
၃။ စိတ်နေစိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်။
၄။ ဆိုဆုံးမ လွယ်ရမည်။
၅။ စိတ်ထားနူးညံ့ သိမ်မွေ့ရမည်။
၆။ လွန်ကဲမြင့်မောက်သော မာန မရှိရာ။

Karaṇīya’matthakusalena, Yaṃ ta santaṃ padaṃ abhisammecca,
Sakko ujū ca suhujū ca, Suvaco cassa mudu anatimānī.

He who wants to dwell penetrating the state of calm (Nibbāna) and who is skilled in his good, should practice these kinds of training. He should be able, upright, very obedient, gentle and not conceited.

သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဗော ကုလေသွ’နာနုဂိဒ္ဓေါ။

၇။ ရောင့်ရဲလွယ်ရမည်။
၈။ မွေးမြူလွယ်ရမည်။
၉။ အမှုကိစ္စနည်းပါးရမည်။
၁၀။ ဝန်ကျဉ်းပေါ့ပါးသော အသက်မွေးမှုရှိရမည်။
၁၁။ ငြိမ်သက်သော ဣန္ဒြေရှိရမည်။
၁၂။ ရင့်ကျက်သော ပညာရှိရမည်။
၁၃။ ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်းမရှိရာ။
၁၄။ ဆွေမျိုး (ဒါယကာ) တို့၌ တပ်မက်မှုကင်းရမည်။

Santussako ca subharo ca, Appakicco ca sallahukavutti,
Santindriyo ca nipato ca, Appagabbho kulesva’nānugiddho.

He should be contented, easy to take care of, have few activities, have light living (have few possessions), and be controlled in his senses; he should be wise and not impudent and not be greedily attached to the families (devotees).

န စ ခုဒ္ဒ’မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။
သုခိနော ၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

၁၅။ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်ကို စိုးစဉ်းအနည်းငယ်မျှလည်း မပြုကျင့်ရာ။
(ဤ စည်းကမ်း နည်းလမ်းတို့ကို လိုက်နာရမည်။) ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာခြင်းနှင့် ပြည့်စုံကုန်သည် ဘေးကင်းကုန်သည် ဖြစ်၍ ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။

Na ca khudda’mācare kiñci, Yena viññū pare upavadeyyuṃ,
Sukhino vā khemino hontu, Sabbasattā bhavantu sukhitattā.

He should not commit any slight wrong, by doing which he might be censured by wise men. May all beings be happy and safe. May they be happy.

ယေ ကေ စိ ပါဏာဘူတတ္ထိ၊ တသာ ဝါ ထာဝရာ ဝ’နဝသေသာ။
ဒီဃာ ဝါ ယေ ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

ဒိဋ္ဌာ ဝါ ယေ ၀ အဒိဋ္ဌာ၊ ယေ ၀ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

အလုံးစုံသော သက်ရှိသတ္တဝါတို့သည်လည်းကောင်း၊ ကြောက်တတ်သော (ပုထုဇဉ်) ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ စိတ်ဓာတ် ခိုင်ခံ့သော (ရဟန္တာ)ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရှည်သောကိုယ်, ကြီးသောကိုယ်, အလယ်လတ်စားရှိသောကိုယ်, ပုတိုသောကိုယ်, သိမ်မွေ့သောကိုယ်, ဆူဖြိုးသောကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊

မြင်အပ်သော သတ္တဝါ, မမြင်အပ်သော သတ္တဝါ, အဝေးနေ သတ္တဝါ, အနီးနေ သတ္တဝါတို့သည် လည်းကောင်း၊ ရဟန္တာပုဂ္ဂိုလ်၊ ပုထုဇဉ်နှင့် ကျင့်ဆဲ သိက္ခပုဂ္ဂိုလ်တို့သည် လည်းကောင်း၊ ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။

Ye keci pāṇābhūtatthi, Tasā vā thāvarā va’navasesā,
Dīghā vā ye va mahantā, Majjhimā rassakā aṇukathūlā.

Diṭṭhā vā ye va adiṭṭhā, Ye va dūre vasanti avidūre,
Bhūtā va sambhavesī va,Sabbasattā bhavantu sukhitattā.

Whatsoever living beings there be, feeble, or strong, long or big or medium or short, small or fat, seen or unseen, those dwelling far or near, those who are yet to be born – may all beings without exception be happy.

န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကိဉ္စိ။
ဗျာရောသနာ ပဋိဃသညာ၊ နညမညဿ ဒုက္ခမိစ္ဆေယျ။

မည်သည့်အရပ်၌မဆို မည်သူမဆို တစ်ဦးနှင့် တစ်ဦး လိမ်လည်လှည့်ဖျားခြင်းကင်းကြပါစေ။ အထင်အမြင်သေးခြင်း ကင်းရှင်းကြပါစေ။ ကိုယ်နှုတ်ဖြင့် ရန်လိုစော်ကားခြင်း၊ စိတ်ဖြင့် ငြူစူခြင်း မရှိကြပါစေလင့်။ အချင်းချင်း ဆင်းရဲစေလိုခြင်း မရှိကြပါစေလင့်။

Na paro paraṃ nikubbetha, Nātimaññetha katthaci na kañci,
Byārosanā paṭighasaññā, Naññamaññassa dukkhamiccheyya.

Let none be deceive another or despise any person in any place. Let him not wish any harm to another with insult or ill-will.

မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ-မနုရက္ခေ။
ဧဝံ ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

မိခင်သည် ရင်၌ဖြစ်သော တစ်ဦးတည်းသော သားကို အသက်ရှင်စေရန် အစဉ် စောင့်ရှောက်ဘိသကဲ့သို့၊ သတ္တဝါခပ်သိမ်းတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားများရာ၏။

Mātā yathā niyaṃ putta, Māyusā ekaputta-manurakkhe,
Evaṃ pi sabbabhūtesu, Mānasaṃ bhāvaye aprimāṇaṃ.

Just as a mother would protect her only child at the risk of her own life, even so let him cultivate a boundless heart toward all beings.

မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာနံ။
ဥဒ္ဒံ အဓော စ တိရိယဉ္စ၊ အသမ္ဘာဓံ အဝေရ’မသပတ္တံ။

အထက်အောက်ဖီလာ အလုံးစုံသော လောက၌ ကျဉ်းမြောင်းခြင်းမရှိသော အတွင်းရန်, အပြင်ရန် ကင်းသော အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားများရာ၏။

Mettañ ca sabbalokasmi, Mānasaṃ bhāvaye aprimānaṃ,
Uddaṃ adho ca tiriyañ ca,Asambādhaṃ avera’masapattaṃ.

Let thoughts of boundless love pervade the whole world – above, below and across; making them unrestricted, free of hate and free of enmity.

တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာ’ဿ ဝိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မမေတံ ဝိဟာရ’မိဓမာဟု။

ငိုက်မျည်းခြင်းကင်း၍၊ ရပ်နေသမျှ သွားနေသမျှ ထိုင်နေသမျှ လျောင်းနေသမျှ ကာလပတ်လုံး ဤ (မေတ္တာနှင့်ယှဉ်သော) သတိကို ပွားများအံ့ဟု ဆောက်တည်ရာ၏။ ဤသို့နေထိုင်ခြင်းအား မြတ်သောနေထိုင်ခြင်း (ဗြဟ္မဝိဟာရ)ဟု ဗုဒ္ဓသာသာနာ၌ ဟောတော်မူကုန်၏။

Tiṭṭhaṃ caraṃ nisinno va, Sayāno yāvatāssa vitamiddho,
Etaṃ satiṃ adhiṭṭeyya, Brahmametaṃ vihāra’middha māhu.

Whether he is standing, walking, sitting, or lying down, as long as he is awake he should develop his mindfulness in loving kindness. This is the Noble Living here (in this Dispensation of Buddha), they say.

ဒိဋ္ဌဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနေယျ ဂေဓံ၊ န ဟိ ဇာတု’ဂ္ဂဗ္ဗသေယျ ပုန ရေတိ။

(ထိုမေတ္တာကမ္မဋ္ဌာန်း စီးဖြန်းသောသူသည်) သက္ကယဒိဋ္ဌိသို့လည်း မကပ်မူ၍၊ သီလရှိသည်ဖြစ်၍ (သောတာပတ္တိမဂ်ဉာဏ်ဟူသော) အမြင်နှင့် ပြည့်စုံသည်ဖြစ်၍၊ ဝတ္ထုကာမတို့၌ တပ်မက် တွယ်တာမှုကို ပယ်ဖျောက်သည်ရှိသော် အမိဝမ်း၌ တစ်ဖန်ပြန်၍ ပဋိသန္ဓေ နေခြင်းသို့ မရောက်တော့ပေ။

Diṭṭhiñ ca anupaggamma, Sīlavā dassanena sampanno,
Kāmesu vineyya gedhaṃ, na hi jātuggabbhaseyya puna reti.

Not approaching (taking) wrong views, being virtuous and endowed with Vision (The first Path Knowledge), and discarding attachment to sensual objects, he definitely does not come again to lying in a (mother’s) womb.

***********************************************************************
မင်းကွန်းဆရာတော်ဘုရားကြီး (ဦးဝိစိတ္တသာရာဘိဝံသ) သီကုံးဖွဲ့ဆိုသော မေတ္တသုတ်လာ မေတ္တာပွားနည်း ၁၁-နည်း
၁။ သဗ္ဗေ သတ္တာ သုခီနော ဟောန္တု။
(က) လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၂။ တသ, ထာဝရာ
(က) ကြောက်တတ်, မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၃။ ဒိဋ္ဌ, အဒိဋ္ဌာ
(က) မြင်အပ်, မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၄။ ဒူရေ, အဝိဒူရေ
(က) ဝေးနေ, နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၅။ ဘူတ, သမ္ဘဝေသီ
(က) ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၆။ ဒီဃ, ရဿ, မဇ္ဈိမ
(က) ရှည်, တို, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၇။ မဟန္တ, မဇ္ဈိမ, အဏုက
(က) ကြီး, ငယ်, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၈။ ထူလ, အဏုက, မဇ္ဈိမ
(က) ဆူ, ကြုံ, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၉။ န ပရော ပရံ နိကုဗ္ဗေထ
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

၁၀။ နာတိမညေထ ကတ္ထစိ န ကိဉ္စိ
အထင်သေးခြင်း အချင်းချင်း၊ ကင်းရှင်းကြပါစေ။

၁၁။ ဗျာရောသနာ ပဋိဃသည၊ နညမညဿ ဒုက္ခမိစ္ဆေယျ
ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

Saturday, July 5, 2008

မရေးတတ်၍ ရေးလိုက်ပါသည်။

များများ ရေးပါ။
တိုစိ၊ တိုစိလေးတွေ…
ဖတ်တော့ မယ်ဆို ပြီးသွားပြီ။
some are taking time to understand for me.
ကျမ စာရေးဖြစ်အောင် အားပေးကြသူများ၏ comment လေးတွေ ဖြစ်ပါတယ်။
...............
များ များ မရေးနိုင်တာ ဝန်ခံပါတယ်။
ဒီမှာတော့ ဒီလောက်ရေးပြီးရင်ကို ညှစ်ထားပြီးသား ကြံဖတ်ကြီးလို ဖြစ်ကျန်ခဲ့ရရှာပါတယ်။
ကျွန်မသည် မပြည့်သည့်အိုး ဖြစ်သည်။
ကျွန်မ ဘောင်ဘင်ခတ်တာကိုလည်း လူသိမှာ စိုးကြောက်လှပါ၏။
ကျမ၏ ဆင်ခြေများဖြစ်ပါသည်။
...............
ဖွင့်ဟ ဝန်ခံပါမည်။
ကျမရေးထားတာတွေက Blog မှာ ကဏ္ဍခွဲထားသလို စကားပြေလည်း မဟုတ်၊ ကဗျာလည်း မဟုတ်။
“စကားပျာ” များဖြစ်ပါသည်။
(ခက်ဆစ်- စကားပျာ=တည်ငြိမ်မှုမရှိ၊ အဓိပ္ပါယ်မပေါ်လွင်၊ ကယောက်ကယက်နှင့် ပျာယာခတ်နေသောစာ။)
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့် စာဖတ်သူများကို စော်ကားသလို ဖြစ်က မပြည့်သည့်အိုးလေးကို ခွင့်လွှတ်ကြပါဟူ၍သာ…
...............
ကျမတို့ မိခင်ဘာသာ မြန်မာစာကို လေ့လာသင်ယူခဲ့ကြသည်။ သူငယ်တန်း နှင့် ပထမတန်းတွင် အစဦးဆုံး အက္ခရာတွေကို အသံထွက်ပုံ၊ ရေးဆွဲပုံမှစ၍ စာလုံးတွေကို ဘယ်လိုပေါင်းမယ်။ ဘယ်လို ဖတ်မယ်။ သင်ကြရသည်။ ပထမတန်း နှစ်ဝက်ပြီးလျှင် မြန်မာစာ ရေးတတ်၊ ဖတ်တတ်ပြီ ဖြစ်သည်။
ဖတ်တတ်သော အခါ ကျက်ကြရသည် (အမေးအဖြေတွေကို ၏, သည် မရွေ့)၊ ရေးတတ်သော အခါ ကူးခဲ့ကြသည်။ (အောက်ပါစာလုံးများနှင့် ဝါကျဖွဲ့ပါ ဟူသော မေးခွန်းအတွက် ဆရာမ ဥပမာရေး ပြသော ဝါကျတွေကို)။
အတန်းကြီးလာသော အခါ နေ့ထူးနေ့မြတ်နှင့် တစ်စုံတစ်ခုသော အခမ်းအနားများတွင် ပေးထားသောခေါင်းစဉ် အတွက် စာစီစာကုံးရေးခြင်းမျိုးကို မိခင်ဘာသာတွင် အလွန်ပါရမီထူး၍ ထူးချွန်နေသော ကျောင်းသားများသာ ရွေးထုတ် အစွမ်းပြခွင့်ရခဲ့ကြပါသည်။ ကျောင်းသားများ အများဆုံးပျက်ကွက်သော အိမ်စာကို စစ်တမ်းထုတ်မည်ဆိုပါလျှင် စာစီစာကုံးပင် ဖြစ်ပါလိမ့်မည်။ အမှတ်ကောင်းလိုသူများသည် စာစီစာကုံး ကို ကျက်ကြပါသည်။ တွေးနိုင်အောင်၊ ရေးနိုင်အောင် ကျောင်းစာမှလွဲ၍ စာဖတ်ဝါသနာပါလာအောင် စွဲဆောင်မည့် ကလေးစာပေ နှင့် အလှမ်းဝေးခဲ့ရပါသည်။
အခြား ဘာသာစာပေများတွင် လေ့လာရသလို ပေးထားသောရုပ်ပုံများ အတွက် ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင်အတွေးဖြင့် Composition ကိုယ်တိုင်ရေးခြင်းမျိုး ကျမတို့ မလေ့ကျင့်ခဲ့ကြပါ။ Comprehension ကဲ့သို့သော စာပိုဒ်ကိုဖတ်ပြီး မေးခွန်းတွေကို ကိုယ့်အတွေးအခေါ်၊ ကိုယ်ပိုင်ဉာဏ်နှင့် မဖြေခဲ့ကြပါ။
အခြားဘာသာရပ်များ သိပ္ပံ၊ ပထဝီ၊ သမိုင်း စသည်တို့ကို မြန်မာဘာသာဖြင့် လေ့လာသင်ကြားခဲ့ကြသော်လည်း အထက်ပါနည်းအတိုင်းပင် ချဉ်းကပ်ခဲ့ကြ၍ သမိုင်းမှ အဖြစ်အပျက် တစ်ခုအတွက် ဘဝတွင်ပါသွားရမည့် သင်ခန်းစာ၊ အတွေးအခေါ်များအစား အမှတ်ပေးစည်းမျဉ်းတွင် ခုနှစ်၊ သက္ကရာဇ်များ၏ အရေးပါမှုကိုသာ နားလည်ခဲ့ကြပါသည်။ “သိပ္ပံတော်ရန်၊ သင်္ချာ တော်ရမည်။” ဆိုသကဲ့သို့သော အပြန်အလှန် အကျိုးပြုနိုင်ခွင့်များကိုလည်း မခံစားကြရတော့ပါ။ လူမျိုးခြားတို့၏ အမည်များနှင် စကားလုံးများကို မြန်မာစာလုံးနှင့် ပေါင်းထားသည်များကို အသံပင်မထွက်တတ်သဖြင့် မောနေအောင် ကြိုးစား၍ ကျော်ခွ ဖတ်ခဲ့ရခြင်းကြောင့့် ဆက်စပ်၍ နားလည်နိုင်ခြင်း အခွင့်အရေးလည်း ဆုံးရှုံးခဲ့ရပါသည်။
မည်သို့ဆိုစေ

မြန်မာပြည်သည် တို့ပြည်။
မြန်မာစာသည် တို့စာ။
မြန်မာစကားသည် တို့စကား။
တို့ပြည်ကို ချစ်ပါ။
တို့စာကို မြတ်နိုးပါ။
တို့စကားကို လေးစားပါ။

“ကျည်ပွေ့ အတတ်ပေါက်စေ” ဟူသောထုံးကို နှလုံးမူ၍ ဆက်၍ကြိုးစားပါဦးမည်။
ခေတ်အဆက်ဆက်မှ စာကောင်းပေမွန်များကို ရေးသားပြုစုခဲ့ကြသူများ၊ အခြားဘာသာမှ အတတ်ပညာ နှင့် စာပေ၊ အနုပညာများကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုကြသောသူများ၊ Image လေးနဲ့ ပြီးတော့မှ အောက်ကစာသားတွေ … သိတယ်မို့လား Blog က Post လေးတွေကို တွေးသူ၊ ရေးသူ၊ ဝေမျှသူ အားလုံးကို လေးစားလျက် ကျမ ကိုယ်တိုင်စာတွေ အများကြီးရေးချင်ပါသည်။ ဆရာကြီး Dr.မင်းတင်မွန်၏ Good English စာအုပ်နောက်ကျောမျက်နှာဖုံးမှ ကျမစိတ်ထဲ အမြဲစွဲနေသော စာတန်းကို ကျမဆန္ဒနှင့်ကိုက်ညီအောင် ဒီလိုလေး ပြောင်းလဲယူသုံးပါရစေ။

လူတိုင်း မိခင်ဘာသာ မြန်မာစာတွင် တော်၍၊ မြန်မာစာတွင် ပျော်ရမည်။







Thursday, July 3, 2008

မေတ္တာနှလုံး ကိုယ်စီသုံး

မေတ္တာနှင့် အပြိုင်အဆိုင်

မေတ္တာဟူသောဝေါဟာရသည် စင်စစ် မြန်မာလူမျိုးများနှင့် အထူးမိတ်ဆက်ပေးရန် မလိုတော့ပေ။ “မြင့်မြတ်သော နေထိုင်ခြင်း”ဟု အဓိပ္ပါယ်ရသော ဗြဟ္မဝိဟာရ ခေါ် ဗြဟ္မစိုရ်တရားလေးပါးတွင် မေတ္တာသည် ပထမဆုံးနေရာတွင် ရှိနေသည်။ “မေတ္တာ” ဟူသောစကားသည် “မိတ္တ (အဆွေခင်ပွန်း)” ဟူသောဝေါဟာရနှင့် နှီးနွယ်နေသည်။ ထို့ကြောင့် မေတ္တာတရားဟူသည် မိတ်ဆွေသူငယ်ချင်းတို့တွင် ထားရှိအပ်သော “ခင်မင်မှု၊ ချစ်ခင်မှု၊ ရင်းနှီးမှု” ဟုနားလည်နိုင်ပါသည်။

မိမိ ရင်းနှီး ခင်မင်သူအား ကြီးပွားတိုးတက် ချမ်းသာစေလိုသည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် အချို့က “မိတ်ဆွေတွေကြားမှာလည်း ကိုယ်ထက်သာမှာ မနာလို မရှုစိမ့်တာတွေ ရှိကြတာပဲ”လို့ စောဒကတက်ကောင်း တက်ပါလိမ့်မည်။ မှန်ပါသည်။ ပုထုဇဉ်လူသားများတွင် “အပြိုင်အဆိုင်” ဆိုသော စိတ်ကလေးများက အမြစ်တွယ်နေတတ် ကြသည် မဟုတ်ပါလော။ မိမိတွင်ရှိသော ပစ္စည်းဥစ္စာ၊ အသိပညာ၊ ဂုဏ်အဆင့်အတန်းများအား ခွဲဝေပေးလိုက်ရမည်ကို တွန့်တိုသော “မစ္ဆရိ” နှင့်၊ သူတစ်ပါးတွင်ရှိသည့် ပစ္စည်းဥစ္စာ၊ အသိပညာ၊ ဂုဏ်ထူးများအပေါ် မနာလို မရှုစိမ့်သော “ဣဿာ” တရားတို့သည် ဤ “အပြိုင်အဆိုင်” ဟူသောသဘောမှ ပေါက်ပွား လာကြခြင်း ဖြစ်သည်။

အပြိုင်အဆိုင်ဆိုသည်မှာ နိုင်းယှဉ်မှု, ထောက်ဆမှု, တိုင်းထွာမှု ဖြစ်၏။ နှိုင်းယှဉ်သည်ဆိုရတွင်လည်း ထောက်ဆစရာ (Reference) နှင့် ဘာကို နှိုင်းယှဉ်မည်ဆိုသော အပိုင်းနှစ်ပိုင်း ရှိပါသည်။ “ငါ” ကို ထောက်ဆပြီး “သူ”နှင့် တိုင်းထွာသည်။ ပစ္စည်းဥစ္စာ၊ ရုပ်ရည်အဆင်း၊ ဂုဏ်ဒြပ်စသော အရည်အသွေးများက နှိုင်းယှဉ်စရာများ ဖြစ်သည်။ “ငါကသူထက် ပိုချောတယ်။ သူနဲ့ငါ ပစ္စည်းဥစ္စာကြွယ်မှုခြင်းတူပါတယ်။ သူက ငါ့ထက် လာဘ်ပိုရတယ်” စသဖြင့် ပြိုင်ဆိုင်ကြသည်။ ယင်းကိုပင် ဗုဒ္ဓဘာသာစာပေတွင် “မာန” ဟုသုံးပါသည်။ မိမိက သာသည်ဟု မောက်မာ ထောင်လွှားသော “သေယျမာန”၊ မိမိနှင့် အဆင့်အတန်းတူပါပဲဟု နိုင်းယှဉ်သော “သဒိသမာန”၊ မိမိက သူ့ထက် နိမ့်ကျသည်ဟု အားငယ်စိတ်နှင့် နိုင်းယှဉ်သော “ဟီနမာန” ဟု မာန သုံးမျိုးခွဲထားသည်။ (မောက်မာမှုကိုသာ မာန ဟုခေါ်သည်မဟုတ်ပဲ၊ အားငယ်စိတ် inferior complex ကိုလည်း ဗုဒ္ဓဘာသာတွင် မာန ဟုခေါ်ကြောင်း သတိပြုသင့်ပါသည်။)

အပြိုင်အဆိုင်ဟူသော မာနတရားက မိတ်ဆွေသူငယ်ချင်းတို့ အကြားသာမက လင်မယား၊ ညီအကိုမောင်နှမ နှင့် နောက်ဆုံး မိဘနှင့်သားသမီး အကြား၌ပင် ရှိနေတတ်ကြပါသည်။ ထို အပြိုင်ဆိုင်တို့မှနေ၍ “ဣဿာ၊မစ္ဆရိယ” တရားများ ပွားများပြီး ချစ်ခင်ရမည့် အစား၊ တစ်စိမ်းပြင်ပြင်ဖြစ်ရုံသာမက အချို့ဆိုလျှင် ရန်သူများ အဖြစ်သို့ပင် ရောက်သွားတတ်ပါသည်။ “အပြိုင်အဆိုင်” ဆိုသည်မှာ မိတ်ဆွေသူငယ်ချင်းအဖြစ်မှ ရန်သူအဖြစ်သို့ ပို့ပေးမည့် မေတ္တာတရား၏ ဆန့်ကျင်ဖက် တရားဟု ဆိုနိုင်သည်။ ထို့ကြောင့် ပုထုဇဉ်သဘာဝအရ မိတ်ဆွေတို့အကြားတွင် အပြိုင်အဆိုင်၊ မနာလိုဝန်တိုမှုတို့ ရောနှော၍ ရှိကောင်း ရှိနေနိုင်သော်လည်း၊ မေတ္တာ ဟူသည် “မိတ်ဆွေသူငယ်ချင်းတို့ ထားရှိသော ချစ်ခင်မှု၊ ရင်းနှီးမှု၊ တစ်ဦးကို တစ်ဦး ယိုင်းပင်းကူညီမှု၊ ကောင်းစေလိုမှု” ဟူသော အဓိပ္ပါယ်သည် မမှားယွင်းပါ။

မေတ္တာ နှင့် အချစ်

“မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ’မနုရက္ခေ၊
ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။”

မေတ္တာ၏သဘောကို ပို၍ပေါ်လွင်စေသော ဖွင့်ဆိုချက်လေးကို မေတ္တာသုတ်တွင် တွေ့နိုင်ပါသည်။ “မိခင်သည် မိမိရဲ့တစ်ဦးတည်းသောသားလေးအား စောင့်ရှောက်သကဲ့သို့ သတ္တဝါခပ်သိမ်းအပေါ်တွင် အတိုင်းအရှည်မရှိသော (မေတ္တာစိတ်) ကို ပွားများရမည်” ဟု အနက်ရသည်။ မိခင်တို့သည် မိမိသားသမီး မည်မျှပင် ဆိုးဆိုး၊ အချစ် ယုတ်လျော့ မသွားတတ်ကြပါ။ သည်းခံပြီး အချစ် ပိုတတ်ပါသေးသည်။ ထို့ကြောင့် မေတ္တာသည် သည်းခံခြင်းသဘော၊ ဒေါသကို ပယ်ဖျောက်ခြင်းသဘောဟုလည်း ဆိုနိုင်ပါသေးသည်။ အဘိဓမ္မာတွင် မေတ္တာကို အဒေါသ (ဒေါသကင်းခြင်း) ဟု တရားကိုယ် ကောက်ပြပါသည်။

ဒေါသသည် မိမိကိုရော မိမိ၏ ပတ်ဝန်းကျင်ကိုပါ ပူလောင်စေတတ်သော သဘောရှိသည်။ မေတ္တာသည် ဒေါသ၏ ဆန့်ကျင်ဖက် အေးမြခြင်းသဘောရှိသည်။ ချစ်ခင်ရင်းနှီးမှုဟု အဓိပ္ပါယ်ရသော မေတ္တာတရားသည် အေးမြ သော်လည်း၊ မေတ္တာ ယောင်ဆောင်တတ်သော ပူလောင်သော အချစ်မျိုးလည်းရှိ သေးသည်။ စင်စစ် အချစ်သည် အေးမြသော မေတ္တာအချစ်နှင့် ပူလောင်သောအချစ်တို့ ရောယှက်နေသည့် ရှုတ်ထွေးနားလည်ရခက်သော စိတ်သဘာဝမျိုးဖြစ်သည်။

အချစ်သည် သာယာမှုနှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်ပတ်သက်နေသည်။ ချစ်သူမျက်နှာလေးအား ကြည့်၍ သာယာသည်။ မိမိ သားလေး အသံအား ကြား၍ ကြည်နူးသည်။ စံပယ်ပန်း ရနံ့လေးအား နှစ်သက်သည်။ နှစ်သက်, သာယာ, ကြည်နူးမှုအား ပါဠိလို ‘နန္ဒိ’ ဟုခေါ်သည်။ အဖန်ဖန် တွေ့ချင်၊ ကြားချင်၊ နမ်းရှိုက်ချင်သော အလွန် နှစ်သက်သာယာမှုအား ‘အဘိနန္ဒိ’ ဟုခေါ်သည်။ သောက်လေ သောက်လေ ငတ်မပြေသော ဆားငံရေကဲ့သို့ ကြည့်၍ မဝ၊ ကြား၍ မဝ၊ နမ်းရှိုက်၍ မဝနိုင်အောင် မွတ်သိပ်တပ်မက်ခြင်းအား ‘တဏှာ’ ဟုခေါ်သည်။ အာရုံတို့အပေါ် တပ်ငြိခြင်းအား ‘ရာဂ’ဟုခေါ် သည်။ ထို့ကြောင့် ဓမ္မစကြာဒေသနာတွင် “နန္ဒိရာဂ သဟဂတာ တတြာတတြာဘိနန္ဒိနီ”ဟု တဏှာ၏ သဘောအား ဟောကြားထားသည်။ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော အာရုံငါးပါးအား ‘ကာမဂုဏ်’ ဟုခေါ်သည်။ ထိုအာရုံငါးပါး အပေါ်၌ တပ်မက်သာယာခြင်းအား ‘ကာမတဏှာ’ ဟုခေါ်သည်။ ဤတွင် ကာမတဏှာ, ကာမရာဂဟူသော ဝေါဟာရတို့သည် လိင်မှုသာယာတပ်မက်ခြင်း (sexual pleasure/desire) မျှသာမဟုတ်၊ သက်မဲ့ စံပယ်ပန်းရနံ့လေးအား တရှိုက်မက်မက် နှစ်သက်တပ်မက်ခြင်းကိုလည်း ကာမတဏှာဟုပင် သုံးနှုန်းခေါ်ဝေါ်ကြောင်း သတိပြုသင့်သည်။

တပ်မက်ခြင်းသည် သာယာမှုကို မျှော်လင့်ခြင်း ဖြစ်သည်။ သို့သော် မျှော်လင့်ခြင်းသည် အထင်ဖြစ်သည်။ လောကကြီးသည် တည်ငြိမ်၊ ခိုင်မြဲမှု အလျဉ်း မရှိ။ အမြဲ ပြောင်းလဲ ဖောက်ပြန်နေသည်။ မိမိနှစ်သက်တပ်မက်သော အာရုံတို့နှင့် ကွေကွင်းရသောအခါ၊ ထိုအာရုံတို့က မိမိတို့မျှော်လင့်ထားသည့် ကြည်နူးသာယာမှုတို့ မပေးစွမ်းနိုင်တော့သောအခါ ကြေကွဲခြင်း၊ ဝမ်းနည်းပူဆွေးခြင်းတို့ကြုံရလေသည်။ ထို့ကြောင့် တပ်မက်မှု တဏှာအား ဓမ္မစကြာဒေသနာက “ဒုက္ခ သမုဒယံ” ဆင်းရဲခြင်း၏ အကြောင်း သမုဒယသစ္စာအဖြစ် ဘုရားရှင်က ဟောကြားတော် မူခဲ့သည်။ ထို့ကြောင့် တဏှာအချစ်, ကိလေသာအချစ်သည် မိမိအား သာယာမှုကို ပေးစွမ်းသည်, ပေးစွမ်းနိုင်လိမ့်မည်ဟူသော အကျိုးကို မျှော်လင့်မှုကို အခြေခံသော ချစ်ခင်မှုမျိုးဖြစ်၍၊ ပူလောင်မှုနှင့် ဆက်စပ်နေသော အချစ်မျိုးဖြစ်သည်။ မေတ္တာအချစ်ကား မိခင်သည် တစ်ဦးတည်းသော သားငယ်အား စောင့်ရှောက်သကဲ့သို့ အကျိုးကို မမျှော်ကိုးပဲ ချစ်ခင်သော အေးမြသည့် အချစ်မျိုးဖြစ်သည်။ ထို့ကြောင့် တဏှာ, ကိလေသာ အချစ်သည် ဒေါသကဲ့သို့ မေတ္တာတရား၏ တိုက်ရိုက်ဆန့်ကျင်ဖက် မဟုတ်သည့်တိုင်၊ မေတ္တာ အယောင်ဆောင်၍ ပူလောင်စေတတ်သော မေတ္တာ၏ အနီးကပ် အတွင်းရန်သူဖြစ်သည်။ အပြိုင်အဆိုင်ဟူသော မာန နှင့် မနာလိုဝန်တိုမှုဟူသော ဣဿာ, မစ္ဆရိယတို့သည် မေတ္တာ၏ အပြင်ရန်သူဖြစ်သည်။

နယ်ခြားမဲ့ မေတ္တာ

မေတ္တာ၏ ရန်သူသည် အပြိုင်အဆိုင်၊ တစ်နည်းအားဖြင့် နှိုင်းယှဉ်ခြင်းဟု ဆိုခဲ့ပြီး ဖြစ်သည်။ နှိုင်းယှဉ်ခြင်းသည် ထောက်ဆမှု (reference)၊ တိုင်းထွာမှု (measurement) တို့နှင့် ဆက်စပ်နေပြီး၊ ထောက်ဆစရာသည် “ငါ” ဖြစ်၍၊ “ငါနှင့် ထောက်ဆ၍ တိုင်းထွာမှု” ကို မာနဟုခေါ်ကြောင်း အထက်တွင် ရှင်းခဲ့ပါပြီ။ ထို့ကြောင့် တိုင်းဆမှုကို ပယ်ရှားနိုင်မှသာ မေတ္တာအစစ် ဖြစ်ပေါ်နိုင်မည်။ တဖန် အချစ်သည် မေတ္တာကို လှည့်စားတတ်သော တရားဖြစ်၍ “အချစ်” ဟူသော ပေတံဖြင့် နှိုင်းဆတိုင်းထွာမှုကို ပယ်ရှားမှ မေတ္တာအစစ် ဖြစ်ပေါ်နိုင်မည်။

ငါဟူသော စံကို ထောက်ဆကာ အချစ်ဟူသော ပေတံဖြင့်တိုင်းထွာ၍ ပုထုဇဉ်တို့က လောကကို ဖန်ဆင်းထားခြင်းဖြစ်သည်။ ဤသို့ တိုင်းထွာလိုက်လျှင် (၁) မိမိ၊ (၂) မိမိ ချစ်သော ပုဂ္ဂိုလ်၊ (၃) မိမိမုန်းသော ရန်သူ၊ (၄) မိမိ ချစ်သည်၊မုန်းသည်မဟုတ်သော အလယ်အလတ်ပုဂ္ဂိုလ် ဟုအကြမ်းဖျင်းအားဖြင့် ကွဲပြားနေပေမည်။ ဤသို့ ကွဲပြားနေသည်ကို “နယ်ပယ်စည်း” ခြားထားသည်၊ စိတ်ကို ဘောင်ခတ်ထားသည်ဟု ခေါ်၏။

မေတ္တာအစစ်ကို ပွားလိုပါက ဤနယ်ပယ်စည်းကို ဖျက်ဆီးပစ်ရမည်။ နယ်ပယ်စည်းပျက်သွားခြင်းကို “သီမ သမ္ဘေဒ”ဟု အဋ္ဌကထာဆရာက သုံးနှုန်းသည်။ ချစ်သူ၊ မုန်းသူမခွဲတော့။ ငါနှင့်သူ မခွဲတော့။ သတ္တဝါအားလုံးကို အညီအမျှထားပြီး ရင်းနှီးခင်မင်စိတ်၊ ကူညီလိုစိတ်၊ ချမ်းသာစေလိုသည့် စိတ်တို့ ဖြစ်စေရပါသည်။ ထို့ကြောင့် “သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိမာဏံ - ခပ်သိမ်းသောသတ္တဝါတို့ အပေါ်တွင် အတိုင်းအဆမရှိသော (အပရိမာဏံ) စိတ် ကို ဖြစ်စေရမည်” ဟု မေတ္တာသုတ် ပါဠိတော်က ဟောထားခြင်း ဖြစ်သည်။ မေတ္တာသုတ် နောက်တစ်ပိုဒ်ကို ဆက်ရွတ်ပါက -

“မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ ဘာဝယေ အပရိမာဏံ၊
ဥဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ’မသပတ္တံ။”

“အထက်အောက်ဖီလာ အလုံးစုံသော လောက၌ ကျဉ်းမြောင်းခြင်းမရှိသော ရန်ကင်းသော အတိုင်းအဆမရှိသော မေတ္တာစိတ်ကို ပွားများရာ၏” ဟုတွေ့ရပေမည်။ ကျဉ်းမြောင်းသော၊ ဘောင်ခတ်ထားသောစိတ်နှင့် လောကကို မကြည့်တော့။ အထက်အောက်ဝဲယာ အရပ်ဆယ်မျက်နှာစလုံးရှိ တစ်လောကလုံးမှ သတ္တဝါအားလုံးအား အတိုင်းအဆ မထားသော မေတ္တာစိတ်ကို ပွားရမည်ဟုဆိုလိုသည်။

ဤတွင် ‘ငါ’ ဟူသော မာနအား သောတာပန်စသော ကျင့်ဆဲအရိယာတို့သည်ပင် အကြွင်းမဲ့ ပယ်သတ်နိုင်ခြင်းမရှိသေး။ ရဟန္တာကသာ ပယ်သတ်နိုင်သည်။ ကာမတဏှာအချစ်အား အနာဂါမ်နှင့် ရဟန္တာတို့ကသာ အကြွင်းမဲ့ ပယ်သတ်နိုင်သည်။ သို့ကြောင့် ဤသို့သော နယ်ခြားမဲ့ မေတ္တာမျိုးအား ပုထုဇဉ်ပုဂ္ဂိုလ်တို့ ပွားများနိုင်ပါမည်လောဟု မေးခွန်းထုတ်ကောင်း ထုတ်နိုင်ပေမည်။ အဖြေကား ပုထုဇဉ်တို့သည်လည်း အတ္တကို တဒင်္ဂမျှခွာ၍ ချစ်သူ, မုန်းသူမခွဲခြားသော မေတ္တာစိတ်မျိုးကို တခဏမျှ ပွားများနိုင်ပါသည်။ ရေမှော်တို့ဖုံးနေသော ရေကန်တွင် လက်ဖြင့် ဖယ်ရှားလိုက်ပါက အတော်ကြာကြာ ကြည်လင်နေနိုင်သကဲ့သို့ပင်၊ ထို ခဏများကို မကြာခဏဖြစ်စေပါက အလွန်သန့်ရှင်းအေးမြသော မေတ္တာစိတ်သည် အတန်ကြာဖြစ်ပေါ် နိုင်ပါသည်။ ထို့ကြောင့် အနာဂါမ်၊ ရဟန္တာမဟုတ်သေး၍ မေတ္တာ၏ ရန်သူတို့အား အကြွင်းမဲ့ မပယ်သတ်နိုင်သေးသော်လည်း၊ တခဏကြာဖြစ်စေ၊ အတန်ကြာဖြစ်စေ “နယ်ခြားမဲ့ မေတ္တာမျိုး” အား ပွားများနိုင်ပါသည်။

“တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာ’ဿ ဝိတမိဒ္ဓေါ၊
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မမေတံ ဝိဟာရ’မိဓမာဟု။”

မေတ္တာသုတ်တော်တွင် “ငိုက်မျဉ်းခြင်းကင်းလျက် ရပ်နေ, သွားနေ, ထိုင်နေ, လျောင်းနေသမျှကာလပတ်လုံး ဤမေတ္တာစိတ်ကို ဖြစ်စေအံ့ဟု သတိဖြင့် အဓိဋ္ဌာန်ပြု၍ ပွားများရာ၏။ ဤသို့သောနေခြင်းအား မြတ်သောနေခြင်း (ဗြဟ္မဝိဟာရ) ဟုခေါ်သည်။” ဟုဟောကြားထား၏။

မေတ္တာပွားပုံ

မေတ္တာပွားခြင်းဟူသည် သတ္တဝါအားလုံး ချမ်းသာကြပါစေဟု ရင်းနှီးခင်မင်သော၊ ရိုင်းပင်းကူညီလိုသော စိတ် မွေးမြူခြင်း ပင်ဖြစ်သည်။ ဤတွင် အာရုံပြုမှုပိုင်းနှင့် စိတ်ထားမှုအပိုင်းဟုခွဲ၍ ကြည့်နိုင်သည်။ အာရုံပြုအပိုင်းအရ ဆင်းရဲချမ်းသာ၊ လူတန်းစား အသားအရောင်မခွဲ သတ္တဝါအားလုံးအား အညီအမျှဖြစ်စေရန် အာရုံပြုရသည်။ ထိုသို့ အာရုံပြုနိုင်ရန်အတွက် မိမိမှ အစထား၍ မိမိ၏ မိဘ, ဆရာသမား, ဆွေမျိုးမိတ်သင်္ဂဟစသဖြင့် တဖြည်းဖြည်း အာရုံကို ကျယ်ပြောအောင် ဖြန့်ကျက်ရသည်။ ထို့နောက် အလုံးစုံသော သတ္တဝါများကိုပါအောင် အာရုံပြုရသည်။ တစ်ဖန် ထက်အောက်ဖီလာ အရပ်ဆယ်မျက်နှာစလုံးမှ သတ္တဝါအားလုံးအား အညီအမျှဖြစ်အောင် အာရုံပြုရသည်။

စိတ်ထားမှုအပိုင်းအနေဖြင့် မေတ္တသုတ် ပရိတ်တော်တွင် “သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ” ဟု အကျဉ်းအားဖြင့် ဖော်ပြထားသည်။ မင်းကွန်း ဆရာတော်ဘုရားက “လုံးစုံများစွာသတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ”ဟု စပ်ဆိုခဲ့ပါသည်။ ဤသည်ကိုပင် အနည်းငယ် ထပ်မံ၍ အသေးစိတ်ကာ မေတ္တာသုတ်တွင် ဂါထာဖွဲ့ ထားပါသေးသည်။

“န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။”

တစ်ဦးနှင့် တစ်ဦး လိမ်လည်လှည့်ဖျားမှု ကင်းပါစေ။ တိုင်းသူပြည်သားတို့ အလိမ်အညာမခံရပါစေနှင့်။ နေရာတိုင်း၊ ရွာတိုင်း၊ နယ်တိုင်း၊ မြို့တိုင်းမှ လူတန်းစားမရွေး လူတိုင်းသည် အထင်သေးခံရခြင်း၊ နှိမ်ချခံရခြင်း၊ အနိုင်ကျင့်ခံရခြင်း၊ အချုပ်အချယ်ခံရခြင်း မရှိပါစေနှင့်။ (ကိုယ်၊ နှုတ်ဖြင့်) ရိုက်နှက်ကြိမ်းမောင်းဆဲဆိုခံရခြင်း၊ စိတ်ဆင်းရဲအောင် ငြင်းဆဲခြင်းမခံရပါစေနှင့်ဟု မေတ္တာစိတ်ကို ပွားများရပါသည်။ ဤ ဂါထာအပိုဒ်ကိုပင် မင်းကွန်းဆရာတော်ဘုရားက ဤသို့ စပ်ဆိုခဲ့ပါသည်။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

အချုပ်ဆိုလျှင် မေတ္တာဆိုသည် “သူ, ငါ, ချစ်သူ, မုန်းသူ” နယ်ပယ်စည်း မခြားပဲ သတ္တဝါအားလုံးအပေါ် ဒုက္ခမရောက်စေလိုသည့်စိတ်၊ ချမ်းသာစေလိုသည့်စိတ်၊ ခင်မင်ရင်းနှီး ကူညီရိုင်းပင်းလိုသည့်စိတ် မွေးမြူခြင်းဖြစ်သည်။ မိခင်သည် မိမိရင်၌ဖြစ်သော တစ်ဦးတည်းသောသားအား စောင့်ရှောက်သကဲ့သို့ “လူသားတိုင်းအား အချုပ်ချယ်ခံရခြင်း၊ အနှိမ်ချခံရခြင်း၊ နှိပ်စက် အနိုင်ကျင့်ခံရခြင်းတို့မှ ကင်းလွတ်ပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံစေရန်” အတွက် မေတ္တာစိတ် မွေးမြူပြီး ကူညီစောင့်ရှောက်ကြရန် ဗုဒ္ဓမြတ်စွာက မေတ္တာသုတ် ပရိတ်တရားတော်ဖြင့် တိုက်တွန်းတော်မူခဲ့ပါသည်။
[ မေတ္တာဘာဝနာပွားများနည်း ]

ဧရာ (မန္တလေး)

စာညွှန်း
၁။ မေတ္တာသုတ်ပရိတ်တော် (ခုဒ္ဒကပါဌပါဠိတော်)
၂။ ခုဒ္ဒကပါဌအဋ္ဌကထာ
၃။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊ ဗြဟ္မဝိဟာရနိဒ္ဒေသ၊ မေတ္တာဘာဝနာကထာ
၄။ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ သီကုံးဖွဲ့ဆိုသော မေတ္တာပွားနည်း လင်္ကာ
၅။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၊ ယုဂနဒ္ဓဝဂ္ဂ၊ မေတ္တာကထာ (၅၂၈-သွယ်သော မေတ္တာပွားနည်း)
၆။ ဓမ္မစက္ကပဝတ္တနသုတ္တံ (သံယုတ်ပါဠိတော်၊ မဟာဝဂ္ဂ၊ သစ္စသံယုတ်)




ဘုတ်အုပ်အသည်းကြီး


kkn,ktho,kka,atn တို့ကိုယ်စား တောင်းဆိုလိုက်တဲ့
ဒီpost လေးကတော့ ကျမ သူငယ်ချင်းတွေနဲ့
၂၁ရာစုရဲ့လူနေမှုစနစ်တဲ့လား။ နည်းနည်းမှနွေးထွေးမှုမရှိတဲ့လူမှုစနစ်ပုံစံတစ်ခုပါပဲ။ ဇနီးနဲ့ခင်ပွန်းဟာ တစ်အိမ်ထဲမှာရှိနေကြစဉ်တောင် မေးလ်ပို့ပြီးရင်ဖွင့်ရသည်။ အဲသည်နေ့ကကျွန်မပို့လိုက်သည်က “ဒီလောကမှာ စိတ်အညစ်ဆုံးမိန်းမတစ်ယောက်ကိုပြောပါဆိုရင်လောလောဆယ် ရှင့်မိန်းမ ဆိုတာ သတိမထားမိဘူးမဟုတ်လား”လို့ ရင်ဖွင့်ထားတဲ့ (http://privatecrazyworld.blogspot.com/2008/06/because-i.html) Art world မှ မမအတွက်
သိင်္ဂီရေ မင်းတို့ သူငယ်ချင်းတွေရထားတဲ့ အသည်းတွေက ‘ကျောက်စရစ်အသည်း၊ လျှပ်စစ်အသည်း’ တွေဆိုရင် ကိုယ် ရထားတာက ‘ဘုတ်အုပ်အသည်းကြီး’ ကွ...။
ဦးချစ်မောင်ရဲ့ အယ်ဒီတာ အလုပ်ကြီးကို၊ ဂျာနယ်ကျော် မမလေးရဲ့ “သူလိုလူ” ဖတ်ပြီးကတည်းက သဘောမကျတာ၊ အယ်ဒီတာ့ ဘိုးအေနဲ့ လာတွေ့နေတယ်... တကယ်ပဲ။
ဒီလူ လောဘကြီးချက်ကတော့ ရေးထားပြီးသမျှ စာတွေအားလုံး သူက edit လုပ်ချင်တာ ကလား။
သူ့လောဘနဲ့ ဆက်စပ်နေတဲ့ ကိုယ့်မောဟ အကြောင်းလေး ပြောပြချင်လို့ပါ။
ကျမတို့ အရွယ် (စပ်ကူးမတ်ကူး)မှာ အပြောများကြတဲ့ အိပ်မပျော်ခြင်းရောဂါ။ ဟို တစ်ယောက်ကလည်း၊ ညညအိပ်မပျော်ဘူး stressတွေ၊ worryတွေ။ တစ်ယောက်ကတော့ အိပ်ချိန်ကို ကောင်းကောင်းမရတာတဲ့။ တစ်ယောက်ကလည်း အိပ်ချိန်ကျမှ မီးလာလို့ အိမ်အလုပ်တွေ ထလုပ်ရ။
“ငါတနေ့ ဆယ်နာရီ အနည်းဆုံးအိပ်တယ်”လို့ ပြောလိုက်တော့။ “တကယ်လားဟင်တဲ့။”(stress နဲ့မမ က)။ အားကျသလိုလို။
ကျမကလည်း ကျန်းမာရေးဘဲ လိုက်စားသလိုလို၊ ကုသိုလ်ကောင်းလိ့ုဘဲ ဇိမ်ရစ်သလိုလို အချိုးနဲ့ဆိုတော့ ‘အပျင်းမ’ လို့ မကလော်တော့ဘဲ အခြားသူတွေဘက်လှည့် နင်တို့ “problem ကဘာလဲဟင်”လို့ မေးနေလေရဲ့။
ဒီမှာ ဒီကပြောချင်နေတာ…
နေကုန်နေခမ်း သူအလုပ် လုပ်ရပါတယ်။ အိပ်ပစ်ရမဲ့ အချိန်တွေကို နှမြောတဲ့ အဲ့ဒီလူကလေ သူတစ်ယောက်တည်း ဖတ်ချင်သလောက်စာတွေကို (အိမ်မှာရှိတာတွေရော၊ Internet ကရော) အေးအေးလူလူ ဖတ်နိုင်ဖို့၊ အားမနာစတမ်း စု, တု, ပြုနိုင်ဖို့ …
“သီတာ မအိပ်သေးဘူးလား အိပ်တော့လေ အိပ် အိပ်” နဲ့ ပြောလွန်းတဲ့သူ့ကို အရွဲ့တိုက်ပြီး (သူ့ကိုယ်ပိုင်အချိန်တွေကို သူ့တစ်ယောက်ထဲနဲ့ ပစ်ထားလိုက်တယ် ဘာဖြစ်ဖြစ်။)
ငယ်ငယ်ထဲက အအိပ်,မက်လွန်းလို့ အကိုတွေက ‘မယ်ပျင်းကြီးမ’ လို့ဘွဲ့ပေးထားတဲ့ ကျမပဲ ဘယ်ရမလဲ၊ ဘယ်အချိန် အိပ်လိုက် အိပ်လိုက် စိတ်ကောက်ပြီးအိပ်တာနဲ့ကို မတူဘူး။ အိပ်မပျော်ခင် ဘုရားဂုဏ်တော် ပွားတာ တစ်ခါမှ (၉)ပါး မပြည့်ဖူးဘူး။
အိမ်မက်ထဲမှာတော့ အိမ်ကလူလည်းပါတယ်။ ကွဲနေရတဲ့ ဆွေတွေမျိုးတွေ အစုံအလင်ပါဘဲ။ တခါများ မြတ်စွာဘုရားကလေ ဂဏာနို့ဆွမ်းတွေ လက်တော်နှစ်ဖက်နဲ့ ကျမကို စွန့်ကြဲလို့။ မနက်မိုးလင်းရင် အဲ့ဒီလူကို အိမ်မက်တွေ တန်းစီပြောပြ။ အိပ်ချိန်ကြာတော့ အိမ်မက်ကလည်း တစ်ပုဒ်မကတော့ဘူးလေ။
နေထွက်လာတော့လည်း နိစ္စဓူ၀ ဆောင်တာတွေ…။
တစ်ခါတော့ စိတ်ပေါက်ပေါက်နဲ့ ပြောပစ်လိုက်တယ်။ နောင်ဘဝများကျရင်တော့ သနားစရာနဲ့ အမြဲတမ်း ရောပြွမ်းနေတဲ့ ‘မ’ဆိုတဲ့ဆိုတဲ့ သတ္တဝါ ဘယ်တော့မှ မဖြစ်ပါရစေနဲ့တော့လို့။
နေနှင့်ဦးပေါ့လေ...နောက် ဆယ့်ငါးနှစ်၊ နှစ် နှစ်ဆယ်လောက် ကျရင်တော့ ထိပ်ပြောင်ပြောင်နဲ့ အဲ့ဒီလူကြီးလေ သူ့ကို ရေနွေးငှဲ့ပေးဖို့၊ မျက်စဉ်းခတ်ပေးဖို့၊ နင်းနှိပ်ပေးဖို့၊ ကံဆိုးရင် ရှူးရှူးပါတည်ဖို့။ သီတာ၊ သီတာနဲ့ တ တာထဲ၊ တာနေမှာ မြင်ယောင်သေး…
အဲ့ဒီအချိန်ကို စောင့်ရင်း၊ ကျမကတော့ အိမ်မက်တွေဆက်မက် နေရဦးမှာပေါ့လေ။
ကျမ ရည်ရွယ်သူအားလုံးလည်း ကျမလိုဘဲတေးထားကြမည်ဟု ယုံကြည်ပါသည်။
ချစ်သောသူများ ချစ်တတ်ကြပါစေ။
မေတ္တာဖြင့်