video လေးလုပ်ပြီးမှ ခင်မင်ခွင့်ရလို့ ကျန်သွားတဲ့ သူငယ်ချင်းတွေလည်း သီချင်းလေး တူတူနားထောင်မယ်နော်...SONATA-CANTATA မှာ ဆုံကြသူ အားလုံးအတွက်...
Wednesday, December 31, 2008
၂၀၀၈ ကိုနှုတ်ဆက်ခြင်း
Sunday, December 28, 2008
စိတ်ကူးယဉ် အမျှင်တန်းကို...
အသက်အရွယ်အရ ကဗျာက သိပ်ဆန်လို့မရတော့ဘူး။
အိမ်မက်ရင်တောင် ချောက်ခြားစရာတွေသာ ရွေးမက်နေတော့သလားလို့ တွေးရမဲ့ အခြေအနေမှာ
အလှဆုံးဖြစ်အောင်တော့ ယဉ်လိုက်ချင်စမ်းတော့တယ်…
ယဉ်ယဉ်လေးရူးတော့မယ်…။
ပိုက်လိုင်းကနေ သေးငယ်တဲ့ ရေလုံးနဲ့ ထွက်ကျလာတဲ့ ရေက ခံထားတဲ့ ဇလုံကိုပြည့်ဖို့ အချိန်အတန်ကြာစောင့်ရတယ်။ ဇလုံထဲရေပြည့်လုပြီဆိုတော့ ရေပုံးထဲကိုခပ်ထည့်။ ရေပုံးထဲရေပြည့်တော့ ရေပုံးကို အားနဲ့မြှောက် ဘေးနားက တိုင်ကီထဲသွန်ထည့်။ ဇလုံထဲရေပြည့်ဖို့ အချိန်အတန်ကြာစောင့်ရပြန်တယ်။ ရေပုံးထဲကရေတွေ သွန်ချလိုက်စဉ်က တိုင်ကီထဲရှိနေတဲ့ရေတွေ ဘောင်ဘင်ခတ်သွားခြင်း၊ ရေမှုံရေမွှားတွေ ရိုက်ခတ်ခြင်းကြောင့် အနက်ရောင် တိုင်ကီရဲ့ အတွင်းနံရံမှာ ထင်သွားတဲ့ အရုပ်တွေ… ဒါက ဘုရင်ကြီး ဆင်ကြီးကို စီးလို့၊ ဘေးကမှ စစ်သည်ဗိုလ်ပါတွေ ခြံရံလို့။ ဒီဟာကတော့ စစ်သူကြီးဖြစ်ရမယ်။ ဒီလိုဦးထုပ်မျိုးက စစ်သူကြီးတွေမှ ဆောင်းတာ။ ဓားတွေ လှံတွေ တလွင့်လွင့်နဲ့ သူတို့ ဘယ်ကိုများ သွားတိုက်ကြမှာပါလိမ့်။ နိုင်ရော နိုင်လာကြမှာလား။ နိုင်လာစေဦးတော့ ဒီအထဲက ဘယ်သူတွေများသေ ကျန်ခဲ့လေမလဲ…။ ဟောဟော ဇလုံထဲမှာရေပြည့်ပြန်ပြီ။ လျှံမကျခင် ရေပုံးထဲအမြန် ခပ်ထည့်မှ တိုင်ကီထဲမှာ အရုပ်တစ်မျိုးရဦးတော့မယ်။ အခုန အရုပ်နဲ့တော့ ဘယ်နည်းနဲ့မှတူမှမဟုတ်တော့ဘူး။ ဒီတစ်ခါတော့ စစ်တိုက်တဲ့ပုံ မလိုချင်ပါဘူး…။ (((ဘွမ်း))) ဟင်ဒီတစ်ခါလည်း စစ်တိုက်တဲ့ ပုံကြီးပဲရပြန်ပြီ…။ တောင်တန်းလေးမှာ နေရောင်ခြည်လေးတွေ ယှက်ဖြာလို့ ငှက်ကလေးတွေ ပျံဝဲနေတဲ့ပုံမျိုးရအောင် ရေကို ဘယ်လိုလောင်းထည့်ရပါ့။ ငါ့နှယ်ရော ရူးလိုက်တာ.. မဖြစ်နိုင်တဲ့ အရာ… ဒါဆို တိုင်ကီထဲက ရေတွေကို လက်ချောင်းလေးနဲ့တို့ တိုင်ကီနံရံမှာ ငါလိုချင်တဲ့ပုံ ဆွဲတယ်ကွာ။ ဟောဟော ဇလုံထဲမှာ ရေပြည့်ပြန်ပြီ...။ (((ဘွမ်း))) အမလေး ငါဆွဲထားတဲ့ ပုံလေး ပျက်ပါပြီတော်...
ငယ်ငယ်တုန်းက ရေဖြည့်ရင်း စိတ်ကူးယဉ်ခဲ့တဲ့ အကြောင်းလေးကိုပဲ ပြန်ရေးရင်း ငယ်မူပြန်လိုက်ပါတော့တယ်။
(tg ကိုတက်ဂ်မလို့ Craton တက်ဂ်ပြီးသားမို့ ပြန်တက်ဂ်ရမဲ့လူ ရှာတွေ့သေးဘူး။)
Friday, December 26, 2008
ယုံလွယ်လွန်းလိုက်တာလေ
ဤပုံကို emailမှ ရပါသည်။ (သာရာစေမှု ကို သာယာစေမှု ဟုပြင်ဖတ်ပါ)Tuesday, December 23, 2008
ရွှေခဲကြက်တူရွေး

Saturday, December 20, 2008
ရင့်ကျက်မှု ဆယ်စုနှစ်ခရီး အစ နှင့် Road Less Traveled
တက္ကသိုလ် ကျောင်းသားဘဝက သူငယ်ချင်းတွေစုပြီး စာကြည့်ကြ, ဂီတာတီး သီချင်းဆိုကြ, ဝေဖန်ရေး လေကန်ရေးတွေ လုပ်လေ့ရှိကြသည်။ တစ်ခါတော့ သူငယ်ချင်း သီချင်းရေးဆရာ တစ်ဦး (အခုတော့ ဆုံးသွားပါပြီ) ၏ ကဗျာကို ကျွန်တော်တို့တစ်တွေ စကားပြေဝိုင်းပြန်ကြသည် (၁၀-တန်းမြန်မာစာ စာမေးပွဲအတွက် ကဗျာ စကားပြေပြန်သလို) ။ ကျွန်တော်တို့တွေ အားရပါးရ သမပြီးမှ၊ ကဗျာပိုင်ရှင်က “မင်းတို့ကလည်းကွာ … ဒီလိုပြောချင်ရင်တော့ ဘာလို့ ကဗျာ ရေးနေဦးမလဲ” လို့ စိတ်ပျက်လက်ပျက် လေသံနဲ့ ညည်းရှာ၏။ အခုကျွန်တော်က “ရင့်ကျက်မှု ဆယ်စုနှစ်ခရီး အစ” အကြောင်းပြန်ပြောမယ်လုပ်တော့ “သြော်… သူသာရှိသေးရင် မင်းကလည်း လုပ်ပြန်ပြီကော” လို့ ပြောဦးမလား မသိ။ ကိုယ်ရေးသည့် ကဗျာ (ကာရန်, နရီတွေမပါ၍ မဝံ့မရဲသာ ကဗျာလို့ ခေါ်ရပါသည်) ကို ကိုယ်တိုင် ပြန်ပြောတာဆိုတော့ ခွင့်တောင်းနေစရာတော့ မလိုတော့ပါ။Tuesday, December 9, 2008
ဆွမ်းတော်ကပ်
“အကျိုးအကြောင်းကိုတော့ မဆင့်လာမှ ပြောပါလိမ့်မယ် ဘုရား” တဲ့။
အမျိုးသားတွေ ဆွမ်းတော်ကပ်ရင် အကျိုးအကြောင်း သေသေချာချာပြောတတ်အောင် လုပ်ထားကြနော်။ တော်ကြာ ဦးအမွိုင်လို မဆင့်ကိုပဲ အားကိုးနေရမယ်။
Saturday, December 6, 2008
ဘဝ၏ တစ်စိတ်တစ်ဒေသ (၃) ဆရာမ
ဘောင် အကြောင်းရေး ပြီးတော့
အရောင် ကို ရေးပါတယ်။

Friday, December 5, 2008
ရာသီပြောင်းချိန်
6 Dec 08, 14:42
Tuesday, December 2, 2008
၅နှစ်ပြည့် ရေစင်
ခုံတစ်ခု ထိုးပေးလိုက်ပြီး နေရာကျသွားပြန်တော့ ပူဆာပြန်တယ်။ “မေမေ အာလူးကြော် စားချင်တယ်” တဲ့။ အာလူးမရှိဘူး ကုန်နေပြီ သားရဲ့ဆိုတော့ Sauce ပုလင်းကို လက်ညှိုးထိုးပြပြီး “ဒါဆိုသားက ဒါချည်းဘဲ စားရမှာလား” တဲ့
ည အိပ်ယာဝင်ခါနီး မိုင်လိုကို နို့ဗူးနဲ့ သောက်တယ်။ နို့သီးခေါင်း အဖုံးကို သေသေချာချာ အံဝင်ခွင်ကျအောင် မပိတ်ပေးမိလို့ ဘေးကနေ စိမ့်ထွက်လာတဲ့ မိုင်လိုတွေကြောင့် အလန့်တကြား အော်လိုက်တာက “မိုင်လို မျက်ရည်၊ မိုင်လို မျက်ရည်” တဲ့
ဒီနေ့ ၅နှစ်ပြည့်တဲ့ သားငယ် အတွက် အမှတ်တရ ခေါင်းစဉ်ကို ချစ်တဲ့ ဒေါ်ဒေါ်တွေ ပေးတဲ့ နာမည်လေးတပ်လိုက်တယ်
Sunday, November 30, 2008
ရောင့်ရဲခြင်းနှင့် သည်းခံခြင်း
Wednesday, November 26, 2008
မပျော်တဲ့ တော်ရာ...
Monday, November 24, 2008
ချင်
ကျမကို ဒုက္ခ အပေးဆုံးကတော့ ‘ဖြစ်ချင်တာ’ ။ ကျမဟာ result oriented တစ်ယောက်ဖြစ်တယ်။ ကျမ ကိုဧရာကို ပြောလေ့ရှိတဲ့ စကားက “စမှတ်နဲ့ ဆုံးမှတ်တူနေရင်တော့ work done 'zero' ပဲနော်။ power တွေ အကုန် lost ဖြစ်တယ်။” ပြောဖန်များလွန်းတော့ (ဘာမှမဖြစ်ချင်နေ တစ်ခုခုကို လုပ်နေဖို့က အရေးပိုကြီးတယ်လို့ ဆိုတတ်တဲ့) သူတောင် ဒီ zero ကြီးကို ကြောက်ချင်ချင် ဖြစ်နေပြီထင်တယ်။ ဒါကလည်း ပင်ကိုယ်ဗီဇနဲ့ ငယ်ငယ်ထဲက စွဲခဲ့တဲ့ အဆုံးအမတွေနဲ့ သက်ဆိုင်နေတယ်လို့ ဆိုချင်တယ်။ အရာရာမှာ အကောင်းဆုံး ဖြစ်ချင်တာဟာ အပြစ်တစ်ခု မဟုတ်ခဲ့ပေမဲ့၊ ကျမရဲ့ ငယ်ရွယ်နုနယ်တဲ့ ဘ၀အစိတ် အပိုင်း တစ်ခုလုံးကို ပျော်ရွှင်မှုဆိုတာ ဘာမှန်း မသိအောင် ရက်စက်စွာ ၀ါးမြို ခံခဲ့ရတာဟာ… အဲဒီ အဲ့ဒီ ‘ဖြစ်ချင်တာ’ ပါဘဲ။
ကျမလေ ဖြစ်ချင်ခဲ့တယ်။ ဆရာဝန်မလေး တစ်ယောက်ပေါ့။ ကျမမှာ မေတ္တာတရား ဘယ်လောက်ကြီးမားလဲ မသေချာပေမဲ့ ယဉ်ကျေးမှုမှာ သိမ်မွေ့မှုပါမှ နှစ်သက်နိုင်တာ သေချာတယ်။ နောက်ပြီး ဆန်းသစ်မှုလေးတွေ ရောစွက်နေတဲ့ အလှတရားကိုမှ ကျမ မြတ်နိုးတယ်။ အဲဒီ အချက်တွေကပဲ ကျမရဲ့ ဆရာဝန်မ တစ်ယောက် ဖြစ်လိုမှုအတွက် လုံလောက်တဲ့ အကြောင်းပြချက်တွေ ဖြစ်တယ်။
ဘုရားဟောခဲ့တဲ့ အနတ္တ ဆိုတဲ့တရားကို လက်ခံဖို့ သတိပေး ခံလိုက်ရတာကတော့ စက်မှုတက္ကသိုလ် ၀င်ခွင့်ရ ခဲ့ခြင်း ပါဘဲ။ ဆယ်နှစ်တာကာလ တစ်ခုမှာ ကျမကိုယ် ကျမ ပျောက်နေခဲ့တယ်။ ပြန်ရှာဖို့လည်း ဘယ်တော့မှ အတွေးထဲတောင် မရောက်ခဲ့ဘူး။ အအေးကြောက်တဲ့ ကျမ အတွက် RIT ဟာ နှင်းတောထဲမှာ ဖြစ်နေတယ်။
အင်ဂျင်နီယာလား။ ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့သလို၊ ဘယ်တော့မှလည်း မဖြစ်တော့ပါဘူး။ ဆရာဝန်နဲ့ ရှေ့ စာလုံးနှစ်ခုတူတဲ့ ဆရာမတော့ ဖြစ်ခဲ့ဖူးတယ်။ အဲဒီ ဖြစ်ချင်တာတွေ မဖြစ်ရတဲ့ ဆင်းရဲမှုတွေ (ကိုဧရာ ပြောသလို ဆိုရင်တော့ လုပ်ယူထားတဲ့ ဒုက္ခတွေ) ပွေ့ရင်းပိုက်ရင်း ကျမရဲ့ အချိန်တွေဟာ ရှက်စရာကောင်းစွာ ကုန်ဆုံးနေပါတယ်။
ပျော်ခဲတဲ့ကျမ ပျော်ရွှင်မှုတွေနဲ့ ဘာကြောင့် ဝေးရပါသလဲ။ အခုတော့ သိပါပြီ။ ရင်ထဲမှာ ရှိမှန်း မသိအောင် ကိန်းအောင်းနေတဲ့ အယူမှားတစ်ခုကြောင့်ပါ။ ဘာလဲသိလား။ ပျော်ရတာကို မလေးနက်ဘူးလို့ လွဲမှားစွာ စွဲထင်ထားတာလေ။ အခုတော့ ကျမဟာ ပျော်ရွှင်မှုရဲ့ လေးနက်မှုကို တစ်စတစ်စ ခံစားတတ်လာနေပါပြီ။ ပျော်ရွှင်မှုဟာ တန်ဖိုးတစ်စုံတရာ ရှိတယ်။ ပျော်ရွှင်မှုဟာ ကျမနဲ့ တစ်သားတည်းဖြစ်စေဖို့ ဖြစ်ချင်တာတွေကို လုပ်ချင်တာတွေနဲ့ အစားထိုး၊ ရချင်တာတွေကို ဖြစ်နေတာတွေနဲ့ ချင့်ချိန်… ဒီလိုလေးပေါ့နော်...
Thursday, November 20, 2008
ကျွန်စိတ်၊ ပညာရေး နှင့် လွတ်လပ်မှု
၈၈ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်
၁၃၇၀ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ရက် (၂၂-၁၁-၂၀၀၈)
Saturday, November 15, 2008
နိကာယ်ငါးရပ် မိတ်ဆက်
ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်အခါက ဗုဒ္ဓဟောကြားသော တရားတော်တို့အား “ဓမ္မဝိနယ” ဟု ရည်ညွှန်း ခေါ်ဆိုလေ့ရှိသည့်အားလျော်စွာ၊ ပထမအကြိမ် သံဂါယနာတင်ပွဲတွင် ဓမ္မနှင့် ဝိနယဟု နှစ်စုခွဲ၍ ရွတ်ဆိုခဲ့ကြသည်။ ဗုဒ္ဓဒေသနာတော် အားလုံးအား ဓမ္မဟု ခေါ်ဆိုနိုင်သည် မှန်သော်လည်း ဝိနည်း ဒေသနာတော်တို့အား ဝိနယ ဟုလည်းကောင်း၊ ဝိနည်းတော်မှ အပဖြစ်သော သုတ္တန်နှင့် အဘိဓမ္မာ ဒေသနာတော်တို့အား ဓမ္မဟုလည်းကောင်း ခွဲခြား သတ်မှတ်ခဲ့ကြသည်။ သံဂါယနာ တင်သောအခါတွင် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူသော အစီစဉ်အားဖြင့် စုပေါင်းရွတ်ဆိုခဲ့ကြသည်။
ပထမသံဂါယနာတင်ပွဲတွင် အရှင်မဟာကဿပ မထေရ်က စီစစ် မေးမြန်းသော “ပုစ္ဆက” ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်တော်မူခဲ့သည်။ ဝိနည်းအရာတွင် ဧတဒဂ်ရတော်မူခဲ့သော အရှင်ဥပါလိမထေရ်က ဝိနည်း ဒေသနာတော်အား ဖြေကြားသည့် “ဝိသဇ္ဇက” ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်တော်မူခဲ့၏။ သုတ္တန်နှင့် အဘိဓမ္မာဟူသော ဓမ္မ ဒေသနာတော်တို့အား “ဓမ္မဘဏ္ဍာဂါရိက” (တရားဘဏ္ဍာစိုး) ဖြစ်သည့် အရှင်အာနန္ဒာ မထေရ်က ဖြေကြား၍ သံဂါယနာ တင်တော်မူခဲ့ကြသည်။
ဤတွင်လည်း ဓမ္မဒေသနာတို့အား သဘောတူရာ တူရာစု၍ အောက်ပါအတိုင်း “နိကာယ (အစုအပေါင်း)” ငါးစုဖြင့် (တနည်း နိကာယ် ငါးရပ်ဖြင့်) စု၍ ခွဲခြားခဲ့ကြပါသည်။
(၁) ဒီဃနိကာယ - သုတ္တန်အရှည်များ စုစည်းထားသော အုပ်စု
(၂) မဇ္ဈိမနိကာယ - အလယ်အလတ်သုတ္တန်များ စုစည်းထားသော အုပ်စု
(၃) သံယုတ္တနိကာယ - အချင်းချင်း ဆက်နွယ်နေသော သုတ္တန်များအား စုထားသော အုပ်စု
(၄) အင်္ဂုတ္တရနိကာယ - အင်္ဂါအရည်အတွက်အလိုက်စုစည်းထားသော နိကာယ်
(၅) ခုဒ္ဒကနိကာယ - အရွယ်အစား သေးငယ်သော သုတ္တန်များနှင့် အဘိဓမ္မာဒေသနာအုပ်စု
“သုတ္တ”သည် “တမျဉ်းချည်၊ ပန်းသီတံ၊ ပန်းသီကြိုး”ဟု တိုက်ရိုက် အနက်အဓိပ္ပါယ်ရ၍ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ဓမ္မဒေသနာတို့အား ဖရိုဖရဲ မဖြစ်ရအောင် သီကုံးပေးထားသော ကြိုးသဖွယ် ယူဆနိုင်ပါသည်။ (ပါဠိဝေါဟာရ “သုတ္တ”အား သုတ်, သုတ္တန်, သုတ္တံစသဖြင့် မြန်မာမှုပြု လေ့ရှိသည်။)
ဒီဃနိကာယ (Collection of Long Discourses)
ဗုဒ္ဓဒေသနာတော်များအား အကျဉ်းခြုံးလိုက်ပါက သီလ၊ သမာဓိ၊ ပညာဟူသော အုပ်စုသုံးစုရသည်။ ဒီဃနိကာယ်တွင် ပါဝင်သော သုတ်များသည် သီလ, သမာဓိ, ပညာတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဟောကြားထားသော သုတ်များဖြစ်သည်။ မိစ္ဆာဒိဋ္ဌိ ၆၂-မျိုးအကြောင်း ဟောကြားသော ဗြဟ္မဇာလသုတ်၊ ရဟန်းပြုရခြင်း၏ အကျိုးကျေးဇူးကို အဇာတသတ်မင်းအား ဟောကြားထားေသာ သာမညဖလသုတ်၊ ဗုဒ္ဓ၏ နောက်ဆုံးကာလ ဖြစ်စဉ်များအား ဟောကြားထားသော မဟာပရိနိဗ္ဗာနသုတ်၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်သည့် သတိပဋ္ဌာန်လေးပါးကို ဟောကြားသော မဟာသတိပဋ္ဌာနသုတ်၊ မိဘဝတ်, သားသမီးဝတ် စသဖြင့် လူမှုကျင့်ဝတ်များကို ဟောကြားထားသော သိင်္ဂါလောဝါဒသုတ် တို့သည် ဒီဃနိကာယ်လာ သုတ္တန်များဖြစ်သည်။ ယေဘုယျအားဖြင့် ဒီဃနိကာယ်လာသုတ်များသည် ဘာသာခြားတို့အား ဗုဒ္ဓအဆုံးမ, ဗုဒ္ဓသာသနာကို လိုက်နာသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ဟောကြားထားသော သုတ်များဖြစ်သည်ဟု ဆိုနိုင်သည်။ အသောကမင်းလက်ထက်တွင် အရှင်သောဏနှင့် အရှင်ဥတ္တရတို့သည် ဒီဃနိကာယ်၏ ပထမဆုံးသုတ်ဖြစ်သော ဗြဟ္မဇာလသုတ်ကို ဟောကြား၍ သုဝဏ္ဏဘုမ္မိအရပ်တွင် သာသနာပြုခဲ့ ခြင်းဖြစ်သည်။
စုစုပေါင်း သုတ္တန် ၃၄-ပုဒ်ပါဝင်သော ဤဒီဃနိကာယ်အား “ဝဂ္ဂ (=အစု)” ခေါ် အစုသုံးစု ကျမ်းသုံးကျမ်း ခွဲခြားထားသည်။
(၁) သီလက္ခန္ဓဝဂ္ဂ (မြန်မာအခေါ် သုတ်သီလက္ခန်) - သုတ်ပေါင်း ၁၃-သုတ်
(၂) မဟာဝဂ္ဂ (မြန်မာအခေါ် သုတ်မဟာဝါ) - သုတ်ပေါင်း ၁၁-သုတ်
(၃) ပါထိကဝဂ္ဂ (မြန်မာအခေါ် သုတ်ပါထေယျ) - သုတ်ပေါင်း ၁၀-သုတ်
ပါဠိစာပေတို့တွင် ကျမ်းစာ၏ အရွယ်ပမာဏတို့ကို မရပ်မနားဘဲ တစ်ကြိမ်တည်း ရွတ်ဆိုနိုင်သော ပမာဏဖြင့် တိုင်းတာလေ့ရှိသည်။ ယင်းပမာဏအား “ဘာဏဝါရ” ဟုခေါ်သည်။ တစ်ဘာဏဝါရတွင် အက္ခရာအလုံးရေ ရှစ်ထောင်ရှိသည်။ ဒီဃနိကာယ်အား ဘာဏဝါရဟူသော unit ဖြင့်တိုင်းထွာက ၆၄-ဘာဏဝါရ ရှိသည်။
မဇ္ဈိမနိကာယ (Collection of Middle Length Discourses)
ဒီဃနိကာယ်လာ သုတ်များသည် ကျယ်ကျယ်ပြန့်ပြန့် ရှည်ရှည်လျားလျား ဟောကြားထားသော သုတ်များဟုဆိုပါက၊ မဇ္ဈိမနိကာယ်မှ သုတ်များသည် နက်နက်ရှိုင်းရှိုင်း ဟောကြားထားသော သုတ်များဟု ဆိုနိုင်သည်။ မဇ္ဈိမနိကာယ်လာ သုတ် အများစုသည် ဗုဒ္ဓဘာသာရဟန်းတော်များအား ရည်ရွယ်ဟောကြားထားသည်ဟု ဆိုနိုင်သည်။ မူလပရိယာယသုတ်၊ သဗ္ဗာသဝသုတ်၊ သမ္မာဒိဋ္ဌိသုတ်၊ ဓာတုဝိဘင်္ဂသုတ်၊ စူဠကမ္မဝိဘင်္ဂသုတ်၊ တဏှာသင်္ခယသုတ်၊ စူဠဝေဒလ္လသုတ်၊ အာနာပါနဿတိသုတ်၊ ဆဆက္ကသုတ် စသော အဓိပ္ပါယ်လေးနက်သည့် သုတ္တန်များသည် မဇ္ဈိမနိကာယ်လာ သုတ်များဖြစ်သည်။
မဇ္ဈိမနိကာယ်မှသုတ်များသည် အရွယ်အစားအားဖြင့် ဒီဃနိကာယ်မှ သုတ်များလောက် မရှည်လျားသော်လည်း၊ အခြားနိကာယ်များမှ သုတ်များလောက် တိုတောင်းခြင်း မရှိပေ။ ထို့ကြောင့်ပင် မဇ္ဈိမ (အလယ်အလတ်) နိကာယ်ဟု ခေါ်ခြင်းဖြစ်သည်။ မဇ္ဈိမနိကာယ်တွင် သုတ်အရေအတွက်အားဖြင့် ၁၅၂ သုတ်ရှိကာ၊ ကျမ်းတစ်ကျမ်းလျှင် သုတ် ၅၀-ခန့်ဖြင့် ပဏ္ဏာသ ခေါ် ကျမ်း သုံးကျမ်း ခွဲထားသည်။ ပဏ္ဏာသဟူသည် ငါးဆယ်ဟု အဓိပ္ပါယ်ရသည်။
(၁) မူလပဏ္ဏာသ (ရှေးဦးအစ သုတ်ငါးဆယ်)
(၂) မဇ္ဈိမပဏ္ဏာသ (အလယ် သုတ်ငါးဆယ်)
(၃) ဥပရိပဏ္ဏာသ (အဆုံးသုတ် ငါးဆယ်)
မှတ်ရ, ခေါ်ရလွယ်ရန် ပဏ္ဏာသ (ငါးဆယ်) ဟုဆိုရသော်လည်း နောက်ဆုံး ဥပရိပဏ္ဏာသတွင် သုတ်အရေတွက်အားဖြင့် ၅၂-သုတ်ရှိ၍ စုစုပေါင်း ၁၅၂-သုတ်ရှိသည်။ တဖန် ပဏ္ဏာသတစ်ခုစီတွင် သုတ် ၁၀-သုတ်စီအား “ဝဂ္ဂ”ခေါ် အခန်း တစ်ခန်းစီ ခွဲ၍ ထားသည်။ မဇ္ဈိမနိကာယ် တစ်ခုလုံးအနေဖြင့် ဘာဏဝါရ ၈၀ ရှိ၍ ဒီဃနိကာယ်ထက် ပို၍ အရွယ်ပမာဏကြီးမားသည်။
သံယုတ္တနိကာယ (Collection of Connected Discourses)
သံယုတ္တနိကာယ်တွင် အတွဲ ၅-တွဲ (တနည်း ကျမ်း ၅ကျမ်း) ရှိသည်။
(၁) သဂါထာဝဂ္ဂသံယုတ်ကျမ်း
(၂) နိဒါနဝဂ္ဂသံယုတ်ကျမ်း
(၃) ခန္ဓဝဂ္ဂသံယုတ်ကျမ်း
(၄) သဠယတနဝဂ္ဂသံယုတ်ကျမ်း
(၅) မဟာဝဂ္ဂသံယုတ်ကျမ်း
သံယုတ္တနိကာယ်တွင် သုတ်အရေအတွက်အားဖြင့် ၇၇၆၂-သုတ် ပါဝင်၍ ဘာဏဝါရအားဖြင့် ၁၀၀ ရှိသည်။ (ဘိက္ခုဗောဓိအလိုအရ သုတ်ပေါင်း ၂၉၀၄-သုတ်သာတွေ့ရသည်ဟု ဆို၏။ ရေတွက်ပုံကွဲလွဲ၍ ဖြစ်ပေမည်။) ကျမ်းတစ်ကျမ်းစီအား အကြောင်းအရာ တူရာတူရာအလိုက် သံယုတ္တခေါ် အခန်းများထပ်မံခွဲထားရာ ကျမ်း ၅-ကျမ်းတွင် စုစုပေါင်း သံယုတ် ၅၆-ခန်းပါဝင်သည်။ တစ်ဖန် ထိုသံယုတ်တို့ကိုလည်း သုတ် ၁၀-သုတ်ခန့်လျှင် ဝဂ္ဂ တစ်ခုစု၍ ထပ်မံခွဲထားပြန်သည်။
“သံယုတ္တ” ဟူသည် “အတူတကွယှဉ်တွဲပေါင်းစပ်ထားခြင်း”ဟု အဓိပ္ပါယ်ရသည်။ သံယုတ္တနိကာယသည် အကြောင်းအရာ တူညီသော သုတ္တန်များအား စုပေါင်းထားသော နိကာယ်ဖြစ်သည်။ ဥပမာအားဖြင့် သံယုတ္တနိကာယ်၏ ပထမတွဲ (သဂါထာဝဂ္ဂသံယုတ်ကျမ်း)သည် ဂါထာဖြင့် ဟောကြားထားသည့် တရားတော်များအား စုစည်းထားသည်။ ဤကျမ်းအားလည်း ကောသလမင်းကြီးနှင့် ပတ်သက်သက်၍ ဟောကြားထားသော တရားတော်များအား ကောသလသံယုတ္တ၊ မာရ်နတ်နှင့် ပတ်သက်၍ ဟောကြာထားသော တရားတော်များအား မာရသံယုတ္တစသဖြင့် ထပ်မံ၍ ပိုင်းခြား စုစည်းထားသည်။
နိဒါနဝဂ္ဂသံယုတ်ကျမ်းသည် အကြောင်း(နိဒါန)နှင့် အကျိုးဆက်စပ်ပုံ ပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် စပ်လျဉ်း၍ ဟောကြားထားသော တရားတော်များဖြစ်၍၊ ခန္ဓဝဂ္ဂသံယုတ်ကျမ်းသည် ခန္ဓာငါးပါးနှင့် ပတ်သက်၍ ဟောကြားထားသော တရားတော်များဖြစ်သည်။ သဠယတနဝဂ္ဂသံယုတ်ကျမ်းတွင် အာရုံသိမှုအတွေ့အကြုံ (experience)၏ အခြေခံဖြစ်သော ဗာဟိရာယတန (external bases) ခေါ် အာရုံခြောက်ပါးနှင့် အဇ္ဈတ္တိကာယတန (internal bases) ခေါ် ဒွါရခြောက်ပါးတို့နှင့် စပ်လျဉ်းသော တရားများဖြစ်သည်။
မဟာဝဂ္ဂသံယုတ်ကျမ်းတွင် သုတ်အရေတွက်အားဖြင့်ဖြစ်စေ၊ ပမာဏအားဖြင့်ဖြစ်စေ အကြီးဆုံးဖြစ်သောကြောင့် “မဟာဝဂ္ဂ”ဟု အမည်ရသည်။ မဂ္ဂင် ၈ပါး၊ ဗောဇ္ဈင် ၇ပါး၊ သတိပဋ္ဌာန် ၄ပါး၊ ဣန္ဒြေ ၅ပါး၊ သမ္ပပ္ပဓာန် ၄ပါး၊ ဗိုလ် ၅ပါးနှင့် ဣဒ္ဓိပါဒ် ၄ပါး ဟူသော ဗောဓိပက္ခိယ ၃၇ပါးနှင့် ပတ်သက်သော တရားတော်များ၊ ဈာန်, သစ္စာလေးပါး, အာနာပါန, သောတာပတ္တိမဂ်နှင့် စပ်လျဉ်းသော တရားတော်များ ပါဝင်သည်။
ထို့ကြောင့် ပထမ လေးကျမ်းသည် ခန္ဓာ၊ အာယတန၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်တရားတို့ကို နားလည် သဘောပေါက်စေ၍ အယူမှားဒိဋ္ဌိတို့ ကင်းစင်စေရန် ရည်ရွယ်ပြီး၊ နောက်ဆုံး မဟာဝဂ္ဂသံယုတ်ကျမ်းသည် ဗောဓိဉာဏ်အတွက် ကျင့်ကြံအားထုတ်မှု ဘာဝနာရှုမှတ်ရန် လမ်းညွှန် တရားဒေသနာတော်များဖြစ်သည်ဟု ဆိုနိုင်သည်။
အင်္ဂုတ္တရနိကာယ (Collections of Numerical Discourses)
ဗုဒ္ဓလက်ထက် အိန္ဒိယနိုင်ငံ စာပေသင်ကြားပို့ချသော နည်းစနစ်သည် နှုတ်တိုက်သင်ယူပို့ချသော နည်းစနစ်ဖြစ်သည်။ ထို့ကြောင့် ကျက်မှတ်ရလွယ်ကူစေရန် အချက်အလက် တစ်ခုရှိသောတရားများ၊ အချက်အလက် နှစ်ခုရှိသော တရားများ စသဖြင့် အင်္ဂါ (အချက်အလက်) အရေအတွက်ကို မူတည်၍ သင်ယူပို့ချလေ့ရှိသည်။ အင်္ဂုတ္တရနိကာယ်သည် ဤသို့ အင်္ဂါအချက်လက်အရေအတွက် ပေါ်မူတည်၍ စုစည်းထာသော နိကာယ်ဖြစ်သည်။
နိပါတ (နိပါတ်) ခေါ် အခန်း ၁၁-ခန်းဖြင့် ဖွဲ့စည်းထားသည်။ ပထမအခန်း ဧကကနိပါတတွင် အင်္ဂါတစ်ပါးရှိသော သုတ်များ၊ ဒုတိယအခန်း ဒုကနိပါတ်တွင် အင်္ဂါနှစ်ပါးရှိသော သုတ်မျာ၊ တိကနိပါတ်တွင် အင်္ဂါသုံးပါးရှိသော သုတ်များ စသဖြင့် အခန်း ၁၁-ခန်းရှိသည်။ အင်္ဂုတ္တရနိကာယ်သည် ဘာဏဝါရအားဖြင့် ၁၂၀ ဘာဏဝါရရှိ၍ သုတ် အရေတွက်အားဖြင့် ၉၅၅၇-သုတ်ရှိသည်ဟု အဋ္ဌကထာများကဆိုသည်။ (ဘိက္ခုဗောဓိအလိုအရ သုတ်ပေါင်း ၂၃၄၄-သုတ်သာတွေ့ရသည်ဟု ဆို၏။ ရေတွက်ပုံကွဲလွဲ၍ ဖြစ်ပေမည်။) နိပါတ်တစ်ခုစီအား ဝဂ္ဂ ခေါ် အစုများထပ်မံ ခွဲခြားထားရာ စုစုပေါင်း ဝဂ် ၁၆၀ ပါဝင်သည်။ ဝဂ်တစ်ခုစီတွင် အကြမ်းအားဖြင့် သုတ် ၁၀-သုတ်မျှ ပါဝင်သည်။ သို့သော်လည်း အချို့ဝဂ်များတွင် ၇-သုတ်သာပါသည်ရှိသလို၊ အချို့တွင် ၂၆၂-သုတ်ထိပါဝင်သည်ကို တွေ့ရသည်။
အကြောင်းအရာအားဖြင့်လည်း မဂ်ဖိုလ်နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။ ထို့ကြောင့် ဤနိကာယ်သည် ဗုဒ္ဓဘာသာ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။
ခုဒ္ဒကနိကာယ (Collections of Minor Texts)
ပထမ သံဂါယနာတင်ရာတွင် အရှင်ဥပါလိမထေရ်က ဝိနည်းဒေသနာတော်အား ဖြေဆို၍ စုပေါင်း ရွတ်ဆိုတော်မူခဲ့၏။ ထို့နောက် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်နှင့် အင်္ဂုတ္တရနိကာယ်တို့ကို ရှင်အာနန္ဒာမထေရ်က ဖြေဆို၍ သံဂါယနာတင်ခဲ့သည်။ ဤသို့ သုတ္တန်ဒေသနာ၏ နိကာယ်ကြီးလေးရပ်အားတင်ပြီးနောက် အဘိဓမ္မာဒေသနာတော်ကို ဆက်လက် တင်တော်မူကြသည်။ ထို့နောက်မှ ကြွင်းသောသုတ္တန်ဒေသနာ အတိုအထွာတို့အား ခုဒ္ဒကနိကာယ်အဖြစ် သံဂါယနာ တင်တော်မူခဲ့ကြသည်။ အချို့သောကျမ်းများ (ဥပမာ မိလိန္ဒပဉှာ)သည် ပထမသံဂါယနာတင်စဉ်တွင် မပါဝင်ပဲ နောက်မှ ထည့်သွင်းထားသော ကျမ်းများဖြစ်၍ အချို့က သံဂါယနာတင်ကျမ်းအဖြစ် အသိမှတ်မပြုကြ။ ခုဒ္ဒကနိကာယ်တွင်ပါသည့် သုတ္တန်ကျမ်း အရေအတွက်မှာ ြမန်မာနိုင်ငံမူအရ ၁၈-ကျမ်း၊ သီရိလင်္ကာမူအရ ၁၇-ကျမ်း၊ ထိုင်းနိုင်ငံမူ ၁၅-ကျမ်း ဖြစ်သည်။ မြန်မာနိုင်ငံမူအရ ဤသုတ္တန်ကျမ်း ၁၈-ကျမ်းကိုသာမက၊ ဝိနည်းနှင့် အဘိဓမ္မာ ဒေသနာတို့ကိုလည်း ခုဒ္ဒနိကာယ်တွင် ထည့်သွင်း ဖော်ပြလေ့ရှိသည်။
၁။ ခုဒ္ဒကပါဌ (ခုဒ္ဒကပါဌ်)
၂။ ဓမ္မပဒ
၃။ ဥဒါန (ဥဒါန်း)
၄။ ဣတ္တိဝုတ္တက (ဣတ္တိဝုတ်)
၅။ သုတ္တနိပါတ (သုတ္တနိပါတ်)
၆။ ဝိမာနဝတ္ထု
၇။ ပေတဝတ္ထု
၈။ ထေရဂါထာ
၉။ ထေရီဂါထာ
၁၀။အပဒါန (အပါဒါန်)
၁၁။ ဗုဒ္ဓဝံသ (ဗုဒ္ဓဝင်)
၁၂။ စရိယာပိဋက
၁၃။ ဇာတက (ဇာတ်)
၁၄။ နိဒ္ဒေသ (မဟာနိဒ္ဒေသ နှင့် စူဠနိဒ္ဒေသ)
၁၅။ ပဋိသမ္ဘိဒါမဂ္ဂ (ပဋိသမ္ဘိဒါမဂ်)
၁၆။ မိလိန္ဒပဉှာ*
၁၇။ နေတ္တိ*
၁၈။ ပေဋကောပဒေသ*
နေတ္တိကျမ်းနှင့် ပေဋကောပဒေသကျမ်းတို့ကို ထိုင်းနိုင်ငံမူတွင် သံဂါယနာတင်ကျမ်းအဖြစ် အသိမှတ်မပြု။ မိလိန္ဒပဉှာကို ထိုင်းနိုင်ငံရော, သီရိလင်္ကာနိုင်ငံကပါ သံဂါယနာတင်ကျမ်းအဖြစ်အသိမှတ်မပြုပါ။
ခုဒ္ဒကပါဌ်သည် ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံဖတ်စာဟု ဆိုနိုင်သည်။ သရဏဂုံဆောက်တည်ခြင်း၊ ဆယ်ပါးသီလခံယူခြင်း၊ ၃၂-ကောဋ္ဌာသဆင်ခြင်ခြင်း၊ သာမဏေငယ်လေးများအတွက် အမေးအဖြေတို့ ပါဝင်သည်။ ပရိတ်ကြီး ၁၁-သုတ်အနက်မှ မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တာသုတ်တို့သည်လည်း ဤခုဒ္ဒကပါဌပါဠိတော်တွင် ပါဝင်သည်။
ထေရဂါထာ, ထေရီဂါထာနှင့် ဓမ္မပဒတို့သည် ဂါထာသက်သက်ဖြစ်၍၊ သုတ္တနိပါတ်, ဥဒါန်းနှင့် ဣတ္တိဝုတ် တို့သည် စကားပြေ အနည်းငယ်ရောထားသော ဂါထာများဖြစ်၍ ဂါထာပေါင်းချုပ်ကျမ်းများ ဟုဆိုနိုင်သည်။ ထေရဂါထာနှင့် ထေရီဂါထာသည် ရဟန္တာအရှင်များ၊ အရှင်မများ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်သော ဂါထာများ၊ အမေးအဖြေများ၊ ပရိနိဗ္ဗာန်ပြုခါနီး သံေဝဂရဖွယ် မြွက်ကြားသော ဂါထာများဖြစ်သည်။
သုတ္တနိပါတ် ပါဠိတော်၌ ပစ္စေကဗုဒ္ဓတို့ကဲ့သို့ တစ်ပါးတည်း ဧကစာရီကျင့်သုံးသော ရသေ့ရဟန်းတို့၏ ခဂ္ဂဝိသာဏသုတ် (ကြံချိုပမာကျင့်ဖွယ်တရား)၊ မုနိသုတ်တို့ပါဝင်သည်။ နိဒ္ဒေသ ပါဠိတော်သည် သုတ္တနိပါတ်လာ အဋ္ဌကဝဂ်၊ ပါရာယနဝဂ်နှင့် ခဂ္ဂဝိသာဏသုတ်တို့၏ အဖွင့်ကျမ်းဖြစ်သည်။
ဝိမာနဝတ္ထု (ဝိမာန= ဗိမာန်) သည် မည်သည့်အကြောင်းကြောင့် နတ်စည်းစိမ်ခံစားရပုံ ဝတ္ထုသာဓကများဖြစ်၍၊ ပေတဝတ္ထုသည် မည်သို့ ပြိတ္တာဘဝရာက်ရပုံ၊ မည်သို့ကျွတ်လွတ်ပုံ ဝတ္ထုသာဓကများဖြစ်သည်။
ဗုဒ္ဓဝင်သည် သုမေဓာရှင်ရသေ့ ဒီပင်္ကရာ မြတ်စွာဘုရားလက်ထက် ဗျာဒိတ်ခံပုံ၊ ပါရမီဖြည့်ပုံနှင့် ဒီပင်္ကရာ မြတ်စွာဘုရားမှသည် ဂေါတမမြတ်စွာဘုရားတိုင် ၂၅-ဆူသော မြတ်စွာဘုရားတို့၏ အတ္ထုပ္ပတ္တိ အကျဉ်းဖြစ်သည်။ စရိယာပိဋက ကျမ်းသည် မြတ်စွာဘုရားအလောင်းတော်ဘဝက ပါရမီဖြည့်ကျင့်တော်မူခဲ့ပုံ ပုံဝတ္ထု ၃၅-ပုဒ်အား ပါရမီ ၁၀-ပါး အစီအစဉ်ဖြင့် ဖော်ပြထားသည်။ အပါဒါန် ပါဠိတော်သည်လည်း ဘုရား၊ ပစ္စေကဗုဒ္ဓနှင့် ရဟန္တာ အရှင် အရှင်မတို့၏ အတ္ထုပ္ပတ္တိကျမ်း ဖြစ်သည်။
ဇာတက ကျမ်းအား ၅၅၀-နိပါတ်တော်ဟူသော အမည်ဖြင့် အသိများသည်။ မြတ်စွာဘုရား လက်ထက်တွင် ဖြစ်ပျက်သော အကြောင်းအရာတို့ ဆက်နွယ်၍ အတိတ်ကို ေဆာင်ကာ ရှေးကလည်း ဤသို့ဖြစ်ခဲ့ဖူးသည်ဟု ဟောကြားထားသော ဇာတ်တော်များ ဖြစ်သည်။ ဇာတ်တော်ပုံပြင် ၅၄၇-ပုဒ်သာ ရှိသော်လည်း အခေါ်လွယ်စေရန် ငါးရာငါးဆယ်ဇာတ်ဟုသာ ခေါ်ြခင်းဖြစ်သည်။
ပဋိသမ္ဘိဒါမဂ်သည် ဓမ္မဒေသနာတို့အား အဘိဓမ္မာဆန်ဆန် အသေးစိတ် ခွဲခြားဝေဖန် ဟောကြားထားသော ကျမ်းဖြစ်သည်။ သုတမယဉာဏ်, သီလမယဉာဏ်မှ အစချီကာ သဗ္ဗညုတဉာဏ်, အနာဝရဏဉာဏ်တိုင် ၇၃-မျိုးသော ဉာဏ်များအား ဉာဏကထာခန်းတွင် ပိုင်းခြားပြသည်။ သစ္စာအနက် ၁၆-ချက်၊ ၅၂၈-သွယ် မေတ္တာပွားနည်းတို့သည် ပဋိသမ္ဘိဒါမဂ် ပါဠိတော်လာ ဒေသနာများဖြစ်သည်။
ပေဋကောပဒေသ (ပိဋကတ်လမ်းညွှန်ကျမ်း) နှင့် နေတ္တိ (လမ်းညွှန်ကျမ်း)တို့သည် ပိဋကတ်သုံးပုံအား စနစ်တကျ ခြုံငုံလေ့လာသော လမ်းညွှန်ကျမ်းဖြစ်၍ ပိဋကတ်တော်တို့၏ အဖွင့် အဋ္ဌကထာ၊ ဋီကာ၊ ဒီပနီကျမ်းပြုဆရာတို့၏ လက်စွဲကျမ်း တစ်စောင်ဖြစ်သည်။
မိလိန္ဒပဉှာကျမ်းသည် ဂရိနွယ်ဖွား တစ်ဦးဖြစ်သော သာဂလပြည်ဘုရင် မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေန (အရှင်နာဂသိန်)တို့ တရားဓမ္မနှင့်စပ်၍ စကားစစ်ထိုးသော ကျမ်းဖြစ်သည်။
ဆဋ္ဌသံဂါယနာမူ ပါဠိတော်ကျမ်းများ
ပိဋကအားဖြင့် သုံးပုံ, နိကာယ်အားဖြင့် ငါးရပ်သော ပါဠိတော်ကျမ်းရင်းများသည် စုစုပေါင်း ၅၂-ကျမ်းရှိ၏။ ဆဋ္ဌသံဂါယနာတင်မူအရ ပုံနှိပ်ထုတ်ဝေရာတွင် အချို့ကျမ်းငယ်များအား တစ်အုပ်တည်းတွင်ပေါင်း၍ ထုတ်ဝေသဖြင့် စာအုပ်ပေါင်း ၄၀ ရှိလေသည်။
(က) သုတ္တန်ပိဋက (နိကာယ် ၅-ရပ်) ကျမ်းပေါင်း ၄၀ (၂၃-အုပ်)
၁။ ဒီဃနိကာယ် ၃-ကျမ်း (၃-အုပ်)
၂။ မဇ္ဈိမနိကာယ် ၃-ကျမ်း (၃-အုပ်)
၃။ သံယုတ္တနိကာယ် ၅-ကျမ်း (၃-အုပ်)
၄။ အင်္ဂုတ္တရနိကာယ ၁၁-ကျမ်း (၃-အုပ်)
၅။ ခုဒ္ဒကနိကာယ် ၁၈-ကျမ်း (၁၁-အုပ်)
(ခ) ဝိနည်းပိဋက (ခုဒ္ဒကနိကာယ်) ၅-ကျမ်း (၅-အုပ်)
(ဂ) အဘိဓမ္မာပိဋက (ခုဒ္ဒကနိကာယ်) ၇-ကျမ်း (၁၂-အုပ်)
နိကာယ် ၅-ရပ် ဒေသနာတော်များကို ဖတ်ရှုလိုပါက
၁။ ပါဠိတော်များနှင့် ပါဠိတော်မြန်မာပြန်ကျမ်းအစုံကို ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာနတွင် ဝယ်ယူနိုင်သည်။
၂။ ဆရာကြီးဦးဂိုအင်ကာ ဦးစီးသော ဝိပဿနာသုတေသနအသင်း (Vipassanā Research Institute) မှထုတ်သော ဆဋ္ဌသံဂါယနာမူ စီဒီခွေကို အောက်ပါ link တွင် မှာယူနိုင်ပါသည်။
http://www.vri.dhamma.org/publications/cdorder.html
၃။ ပိဋကတ်သုံးပုံ မြန်မာပြန် အစုံအား အောက်ပါ link တွင် download လုပ်ယူနိုင်သည်။
http://www.mediafire.com/?qjcxnohtgmh
၄။ အကယ်၍ အကျဉ်းချုပ်ကို ဖတ်ရှုလိုပါက ဓမ္မာစရိယဦးမောင်မောင်လေး၏ ပိဋကတ်အနှစ်ချုပ် စာအုပ်များတွင် ဖတ်ရှုနိုင်ပါသည်။
စာညွှန်း။
၁။ ပါဠိတော်မြန်မာပြန်ကျမ်းများ (ကျမ်းဦးမှတ်ဖွယ်များ)
၂။ U Ko Lay – The compendium of Buddhism: Guide to Tipiṭaka.
၃။ A.K. Warder- Indian Buddhism.
အောက်ပါစာအုပ်များမှ ကျမ်းဦးနိဒါန်းများ
၄။ ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် ဒီဃနိကာယ်
၅။ ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် မဇ္ဈိမနိကာယ်
၆။ ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် သံယုတ္တနိကာယ်
၇။ ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် အင်္ဂုတ္တရနိကာယ် ပထမတွဲ ၊ ဒုတိယတွဲ
၈။ Bhikkhu Bodhi – In the Buddha’s Words: Anthology of Discourses from the Pāḷi Canon.
၉။ Maurice Walshe – The Long Discourses of The Buddha: A Translation of Dīgha Nikāya, 1987
၁၀။ Bhikkhu Ñānamoḷi and Bhikkhu Bodhi – The Middle Length Discourses of the Buddha: A Translation of the Majjhima Nikāya, 1995.
၁၁။ Bhikkhu Bodhi – The Connected Discourses of the Buddha: A Translation of Saṃyutta Nikāya.
၁၂။ Bhikkhu Bodhi – Numerical Discourses of the Buddha: An Anthology of Suttas from Aṅguttara Nikāya.
ယှဉ်တွဲ ဖတ်ရှုလိုပါလျှင် - အဘိဓမ္မာ မိတ်ဆက်
Wednesday, November 12, 2008
ရင့်ကျက်မှုဆယ်စုနှစ်ခရီးအစ
Tuesday, November 11, 2008
ဘ၀ရဲ့ တစ်စိတ်တစ်ဒေသ (၂) Draftswoman
Overall System Connection Drawing
နောက်တစ်ခုက project တိုင်း (သင်္ဘောတိုင်း) အတွက် Antenna တွေကို ဘယ်မှာထားမယ်ဆိုတဲ့ Antenna Layout ပုံဆွဲရတယ်။ (အများစုကတာ့ Antenna Mast မှာထားပါတယ်။ လက်ဝဲဖက်မှာ ဘယ် System တွေရဲ့antenna တွေထားမယ်။ လက်ယာဖက်မှာတော့ ဘယ် System တွေရဲ့antenna တွေ ထားသင့်တယ်၊ အဲ့ဒီလိုမျိုးတွေတော့ ရှိတယ်။) သင်္ဘောရဲ့ အခေါ်အဝေါ်တွေမှာ ဦးနဲ့ ပဲ့၊ လက်ဝဲနဲ့ လက်ယာကို stem & rear, port & starboard လို့ သုံးရတယ်။
နောက်တော့ ပစ္စည်းထုတ်တဲ့ ကုမ္ပဏီကြီးတွေက အချို့ System (ဥပမာ GMDSS) တွေ မထုတ်တော့တဲ့အခါ ကျမတို့ ကုမ္ပဏီက ကိုယ်ပိုင် ထုတ်လုပ် ရောင်းချပါတယ်။ အင်ဂျင်နီယာဌာနက လိုအပ်တဲ့ ကိရိယာတွေကို order မှာ၊ panel တွေကို ဒီဇိုင်းလုပ်ကြတယ်။ Fabrication အပ်ဖို့ Console panel ရဲ့ အသေးစိတ်ပုံတွေ ဆွဲရတယ်။ ပြီးတော့ Panel Layout Diagram တွေ၊ Wiring Diagrams တွေနဲ့ System Connection Diagram တွေကို ဆွဲရပါတယ်။ (Marketing က quote လုပ်ထားတဲ့ ပစ္စည်းတွေနဲ့ Engineer ဌာနက တကယ်သုံးဖို့ မှာတဲ့ ပစ္စည်းတွေ လွဲနေရင်၊ ဒါမှမဟုတ် တကယ်ဆင်တော့မှ အဆင်မပြေရင် … Marketing ဌာနကလည်း ဒီပစ္စည်းတွေက customer နဲ့ ပြောပြီးသားဆို ရှောင်ထွက်၊ Engineering ကလည်း ဒါတွေကလုပ်မှ မရတာဆို ငြင်း။ ပျော်စရာကြီး။ ကြားက Draftswoman မှာ ဟိုဟာဆိုလည်း..ရော့၊ ဒီဟာဆိုလည်း..အင့် လို့ ထွက်နိုင်ဖို့ ပြင်ဆင်ထားရပါတယ်။)
နောက်တော့ Autodesk ကပဲ ထုတ်တဲ့ 3D ပုံတွေ လွယ်လွယ်ကူကူနဲ့ ဆွဲလို့ရတယ် ဆိုတဲ့ Inventor 11 သင်တန်းကိုလွှတ်ပါတယ်။ Inventor နဲ့ GMDSS ရဲ့ Equipments (parts) တစ်ခုချင်းဆီ၊ Console တို့ကို 3D ဆွဲပြီး Presentation အတွက် Animation file တစ်ခု လုပ်ပေးခဲ့အပြီး…
(ISO Certified Company ဖြစ်တဲ့ အတွက် Technical Library (HardCopy နဲ့ SoftCopy တွေ) ကို စနစ်တကျ ပြုပြင်၊ ထိန်းသိမ်း၊ မွမ်းမံ၊ ဖြည့်စွက်ခြင်းဟာလည်း Draftswoman ရဲ့ Job Scope အောက်မှာပဲရှိနေခဲ့ပါတယ်။)
ကျမ ကျန်းမာရေးကြောင့် အလုပ်နားတဲ့ အခါ မြန်မာ အမျိုးသမီး တစ်ယောက်ကိုပဲ Draftswoman အလုပ်တာဝန်တွေ လွှဲပြောင်းပေးခဲ့ပါတယ်။
ဒီအလုပ်မှာတော့ ကိုယ် သင်ခဲ့တဲ့ major ဘာသာရပ်နဲ့ သက်ဆိုင်သော်လည်း ကိုယ်ဘက်က Learning Strategy မှားယွင်းနေခြင်း (ပုံများ dead line အမှီအပ်နိုင်ရေးကို သာ အာရုံစူးစိုက်နေခြင်း) ကြောင့် ဒီတစ်ခါလည်း idea မပါဘဲ၊ ပုံဖြစ်အောင်၊ အလုပ်ဖြစ်ရုံ Draftswoman လုပ်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။
Monday, November 10, 2008
ဘဝရဲ့ တစ်စိတ်တစ်ဒေသ (၁) Draftswoman
ကျောင်းပြီးတော့ Computer Training Center တစ်ခုမှာ instructor အလုပ်ရပါတယ်။ ကျောင်းတွေ အကြာကြီး သုံးနှစ်ပိတ်ထားတဲ့ အချိန်ကတည်းက နှံ့နှံ့စပ်စပ်ရှိတဲ့ သူငယ်ချင်းရဲ့ မိတ်ဆွေ အစ်မတစ်ယောက် အလုပ် လုပ်နေတဲ့ အဲ့ဒီသင်တန်းကျောင်းမှာ သူ စာသင်တဲ့အချိန် ဘေးကနေ လိုက်လေ့လာ ဆည်းပူးရင်း အကူသဘောမျိုးပေါ့လေ။ လက်ထောက်ဆရာမ ရာထူးလေး ရနေခဲ့ပါတယ်။ ကျောင်းပိုင်ရှင် ဆရာကလည်း ကျောင်းပြီးလို့ ဘယ်အလုပ်မှ မဝင်ဖြစ်သေးရင် ငါ့ဆီသာ လာခဲ့လို့ အမှာစကား ရှိထားခဲ့ပါတယ်။ (ကျောင်းသားဘဝကနေ လက်တွေ့ ဘဝထဲကို ရောက်မှန်းမသိအောင်ကို ညင်သာစွာ ဖေးမဆွဲခေါ်သွားခဲ့တဲ့ ဆရာနဲ့ အစ်မ ကျေးဇူးကို အစဉ်အောက်မေ့သတိရလျက်ပါ။)
ရွှေတနေ့၊ ငွေတနေ့
ကျောင်းပြီးစ ကျမဘဝကို တနေ့ရွှေ၊ တနေ့ငွေလို့ တင်စားပါရစေ။ ကုန်သည် ပွဲစား အဖေဟာ ကျမကို ပွဲစား ကုန်သည်သာ ဖြစ်စေချင်ခဲ့ပါတယ်။ ကျမလည်း တာလီမှတ်၊ စာရင်းလုပ်နဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်နေချိန်။ အမေက “ဟဲ့ နင် ဒီ၁၀နှစ်လောက် သင်ထားတာတွေကို ဒီလိုပဲ ထားခဲ့တော့မလား” တဲ့။ အမေ့ သတိပေး စကားကြားတော့ ကျမ ဆရာ့ဆီ ပျာပျာသလဲ ပြေးရပါတယ်။ Basic Course လို့ခေါ်တဲ့ WordPerfect, Lotus123, DBaseIV တို့ ဆရာက ရှေ့က တစ်ချိန်သင်ပြပြီးရင် နောက်က ကျမကလိုက်သင်ပေါ့။ (အဖေ့ကိုတော့ သမီး သင်တန်းတက်နေတယ် ညာထားတော့ အဖေက သင်တန်းလိုက်ပို့ရှာတယ်။) ဒီတော့ ကျမ ဈေးလည်း ရောင်းတယ်။ စာလည်း သင်တယ်။
ကိရိယာ တန်ဆာပလာလေးတွေ
ကျောင်းပိုင်ရှင် ဆရာက အင်ဂျင်နီယာဆိုရင် AutoCAD တတ်ရမယ်ဆိုလို့ ကျောင်းမှာပဲ အားတဲ့အချိန် Senior အစ်ကိုကြီး (သင်တန်းကျောင်းမှာ AutoCAD တာဝန်ခံဆရာ) ဆီမှာ သင်ပါတယ်။ စက်အား လူအားတဲ့ အချိန်တွေမှာပါ။ Release 10 စက်နဲ့ အဆင်ပြေရင် 10 သင်တယ်။ Release 12 စက်အားရင် 12 နဲ့ သင်တယ်။ အလွန် စာသင်ကောင်းတဲ့ ဆရာမို့ သူ့ တပည့်တွေက AutoCAD ဆို Version ထည့်မပြောနဲ့ Software နဲ့ ဘယ်လောက် အဆက်ပြတ်နေပါစေ ဘယ်အချိန်ဆွဲရဆွဲရ အေးဆေးပဲလို့ ပြောနိုင်ကြပါတယ်။
လိုအပ်သလို ထုတ်သုံးပုံ
နောက် စင်္ကာပူ လာ အလုပ်လုပ်တော့ Landscape and Interior Design Consultant Firm မှာ B.E (Electronics) ကျမ CAD Designer…။ AutoCAD R14 မှာ LandCAD software ကို hard lock နဲ့ add in လုပ်ပြီးပုံတွေဆွဲတာပါ။ ၂နှစ်နီးပါးလုပ်ခဲ့တယ်။ ဤပညာရပ်ဖြင့် ဘွဲ့ရထားသော ပိုင်ရှင်သူဌေး၊ လက်ဖြင့်ပုံဆွဲသူ တစ်ဦး၊ ကွန်ပျူတာဖြင့် ပုံဆွဲသူ ကျမ၊ စာရေးမ ။ ဒါပါပဲ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံက။ ဒီ ကုမ္ပဏီမှာ အမှတ်တရဖြစ်စေတာလေးက အလုပ်လာလျှောက်တဲ့ အင်တာဗျူး အပြီးမှာ သူဌေးက Landscape ပုံအချို့ ထုတ်ပြပါတယ်။ ပြီးတော့မေးတယ်.. ဒါဘယ်နေရာလည်း သိလားတဲ့။ ကျမစဉ်းစားနေတုန်းမှာပဲ..Yangon International Bussiness Center (IBC) တဲ့။ အဲ့ဒီက Landscaping ကို သူ လုပ်ခွင့်ရခဲ့တာတဲ့လေ။
လုပ်ငန်းသဘာဝ
Architect ဆီက site drawing – Ground Floor Plan ရရင် အပင်တွေထည့်ရတယ်။ အပင်အမျိုးအစားတွေကတော့ Tree (Broadleaf, Conifer, Palm, Cactus) နဲ့ Shrub ဆိုတဲ့ (Groundcover) တွေ။ အပင်တွေရဲ့ Botanical name က အရှည်ကြီးတွေ Label ထိုးရင် စာလုံးပေါင်း မမှားအောင် အတော် သတိထားရတယ်။ အစပိုင်းမှာ သူဌေးပေးတဲ့ ပုံကြမ်းမှာ ဘယ်အပင်ကတော့ Tree အမျိုးအစား၊ ဘယ်ဟာကတော့ Palm၊ ဘယ်ဟာကတော့ shrub မခွဲတတ်သေးတော့ ပြန်မေးရတယ်။ သူ့သင်္ကေတနဲ့ သူ အနီးစပ်ဆုံးကို ပုံထဲမှာထည့်ပေးရမှာကိုး။ ဥပမာ-

Swimming Pool Side
Lift Lobby Sketch
အရောင်တွေကတော့ print out ထုတ်ပြီးမှ လက်နဲ့ လိုက်ခြယ်ထားတာပါ။
Consultant meeting မျိုးတွေ သွားခဲ့ရသေးတယ်။ ဘာမှနားမလည်လို့။ မေးချင်ရာမေး၍ ဖြေချင်ရာဖြေသည်ဘဲ။ Idea မရှိပဲ ပုံဖြစ်အောင်၊ အလုပ်ဖြစ်အောင်တော့ Draftswoman လုပ်ခဲ့တယ်ဆိုတာ ဝန်ခံပါ၏။
(အဲ့ဒီကုမ္ပဏီက အလုပ်ထွက်ပြီး နောက် နှစ်အတော်ကြာတော့ သူဌေး မင်္ဂလာဆောင်တယ်။ ကျမတို့ ဇနီးမောင်နှံကို လှမ်းဖိတ်တော့ သွားခဲ့ရသေးတယ်။ ဧည့်ခံပွဲမှာ ဧည့်သည်အချို့ကို ပို့စ်ပါDraftswomanဟာ သူ့ကုမ္ပဏီရဲ့ System တစ်ခုလုံးကို Computerized ဖြစ်အောင် upgrade လုပ်ပေးခဲ့တဲ့သူလို့ မိတ်ဆက်ပေးခဲ့ပါတယ်။)
ဆက်ရန်
Saturday, November 1, 2008
များများကြီးတော့ လွဲနေတယ်...
အင်း... များများကြီးတော့ လွဲနေတယ်...
Friday, October 31, 2008
အတွင်း၊ အပြင်၊ အဖော်များကို ဆက်စပ်ခြင်း

ပုံကို ဤနေရာမှ ယူသည်။
အမှိုက်ရှိရာ အမှိုက်စု ထဲမပါဖို့ရာ။
အခုတော့ သင်တို့မိတ်ဆွေကြီး
အမြဲတမ်း အဖေါ်ကို လက်တွဲဖြုတ်ဖို့
တစ်ကိုယ်တည်း သီချင်းအော်ဆိုရင်း
တံခါးခြောက်ပေါက်မှာ ဒရ၀မ်စောင့်နေတယ်။
"မိတ်ဆွေ..လူ့ဘ၀ကို အကျိုးရှိဖို့ အသုံးချလိုက်..."
Sunday, October 26, 2008
သွေး အလှူ
တနေ့ကတော့ JulyDream က CBox မှာ အလည်တခေါက် လာရောက် ဖတ်ရှုသွားပါတယ် ခင်ဗျာ.. တဲ့ သူ့Blog ကို လိုက်လည်တော့ Blood Donation Recruitment Drive နဲ့ တိုးပါတယ်။ ချက်ချင်းပဲ email ပို့လိုက်ပါတယ် Subject က How to donate blood နဲ့။
ကေ့ post လည်း ဖတ်ပြီးသွားပါပြီ
…
အင်း- အောင်မြင် မူတွေ ကတော့..ရေးလို့ကောင်း..ဖတ် လို့ကောင်းသည်ပင်။ တဖက် မှာ လည်း..ဆင်းရဲ မွဲတေမူ ဆိုတာ.. ကူးစက် ရောဂါ တခု လို..အရှိန်အဟုန် နှင့် ကမ္ဘာတခြမ်းစာ လောက်.. မွမွ ကြေ လျက် ရှိ တုန်း ပင်။ ဒါပေမဲ့ လည်း..လွှတ်ချ လိုက် မလား..ကိုယ်နိုင်တာ..ဆက် ကိုင် ထားမလား.. ဒါကတော့..တယောက်ချင်း ရဲ့ သဘောထား ပါဝင်မူ သက်သက်။
အဲဒါကြောင့် .. ဆင်းရဲ မွဲတေမူ တိုက် ဖျက် ဖို့ အတွက်..လှူဒါန်း ပါဝင် သည့် နေရာ မှာ လည်း..
ကိုဧရာကလည်း လှူလိုပါသတဲ့။
နှစ်ယောက်စလုံးအတွက် ပထမဦးဆုံးသော အတွေ့အကြုံပါ။
မနေ့ကတော့ အောင်မြင်စွာ လှူနိုင်ခဲ့ပါပြီ။
ဘလော့ဂ် မောင်နှမတွေ အားလုံး။ မြန်မာပြည်သူ ပြည်သားတွေ အားလုံး။ သတ္တ၀ါတွေ အားလုံး…
ကုသိုလ် အမျှယူကြပါ။
ကုသိုလ် အမျှယူကြပါ။
ကုသိုလ် အမျှယူကြပါ။
(သွေးလှူနေတုန်း အမျိုးသမီး တစ်ယောက်က လာမေးတယ်။ ဘာကြောင့်လှူသလဲပေါ့။
ဒီမေးခွန်းကို ဖြေရရင်တော့ တော်တော်ရှည်မယ်။
ဒီရက်တွင်းမှာ ကိုယ့်ကိုရစ်ပတ်လွှမ်းထုံနေတဲ့ အတွေးတွေကတော့ ဒီမေးခွန်းရဲ့ အဖြေတွေပါ။)
ဧရာသီတာ

