Thursday, January 20, 2022

တောင်ဇောက်ထိုး Grand Canyon ခရီး

ဤခရီး၏ အစသည် လွန်ခဲ့သော ၁၅ နှစ်ကဟု ဆိုကောင်းဆိုနိုင်သည်။ ထို့ထက်လည်း ပိုကောင်းပိုနိုင်သည်။ 
လွန်ခဲ့သော ၁၅ နှစ် အမျိုးသား စင်္ကာပူကုမ္ပဏီရုံးခွဲမှာ အလုပ် စ ဝင်ဝင်ချင်းမှာပဲ၊ Project ကို လက်ခံယူဖို့ US ရုံးကို လာပြီး Oklahoma ပြည်နယ်မှာ နှစ်လကြာ နေထိုင်ခဲ့ရပါတယ်။ ရုံးပိတ်ရက်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူဝါသနာပါတဲ့ ဒေသန္တရ ဗဟုသုတ ခရီးတွေ သွားရင်း၊ ရောက်ခဲ့တဲ့ Arizona ပြည်နယ်က Grand Canyon ဆိုတဲ့ တောင်ဇောက်ထိုးကြီးတွေအကြောင်း ပုံပြင်တစ်ပုဒ်လို နားထောင်ခဲ့ရပါတယ်။ 
ခရီးသွား ဘတ်စ်ကားကြီးနဲ့ ပျင်းရိခြောက်သွေ့ဖွယ် မြင်ကွင်းတွေကို ဖြတ်ပြီး ငိုက်တစ်ဝက် နိုးတစ်ဝက် သွားခဲ့ရတာက စလို့၊ Hoover Dam နား အရောက်မှာတော့ ရဲက ကားပေါ်တက်လာပြီး စစ်ဆေးမှုတွေ ပြုသေးတယ် ဆိုတာ အလယ်၊ ဌာနေ Red Indian တို့က တောင်ဇောက်ထိုးကြီးလို့ ခေါ်ကြတဲ့ Grand Canyon National Park ချိုင့်ဝှမ်းကြီးကို ရောက်တဲ့ အခါမှာတော့... ဆိုတာတွေ အခွင့်သင့်တိုင်း စီကာစဉ်ကာ ပြောပြတတ်ပါတယ်။
Martin Luther King Jr. Day နှင့် ပေါင်းပြီး ရုံးပိတ်ရက် ၃ ရက်ရတဲ့အခါ မှာတော့ ကျွန်မတို့နေထိုင်ရာ Colorado ပြည်နယ် ကနေ ကား ၁၂ နာရီ မောင်းရမည့် တောင်ဇောက်ထိုးကြီးတွေဆီသို့ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ သားကြီးနှင့် သားငယ် တစ်လှည့်စီ မောင်းကြမယ်ပေါ့။ နှင်း မုန်တိုင်းကလည်း ကျအပြီး Ski စီးရန်သွားကြသည့် ရာသီမို့ တောင်ပေါ်လမ်းမှာ ကားတွေ တစ်ပြီး၊ ခရီးဖင့် နှောင့်နှေးခဲ့ပါတယ်။ ဆောင်းအခါ နေ့တာ ကလည်း တိုလေသမို့ လိုရာခရီးကို သတ်မှတ်ချိန်မှာ မရောက်နိုင်ပဲ မှောင်ထဲ မီးထိုးရင်း မောင်းလာရပါတော့တယ်။ အရာဝတ္ထုတစ်ခုက ကားရှေ့ဘယ်ဘက်ဒေါင့် ကို ဒိုင်းကနဲ လာရိုက်လိုက်တဲ့ အသံနဲ့အတူ တစ်ခုခုကို ကျိတ်နင်းမိပြီး ကားလေးဟာ လူးခါရမ်းသွားပါတယ်။ ကားမောင်းသူ သားကြီးနောက်က ထိုင်နေတဲ့ ကျွန်မက “ဟဲ့ သား သတိထား” လို့ ပြောလိုက်မိတော့၊ သားကြီးက “တောကောင်လေး တစ်ကောင်ကောင်ထင်တယ် အညိုရောင်လေး ရိပ်ကနဲ တွေ့လိုက်တယ်” တဲ့။ ဘာဖြစ်တာလဲ စစ်ဆေးဖို့ အန္တရာယ်ကင်းသည့် လမ်းဘေးချရပ်လို့ ရသည့်နေရာထိ မောင်းလာပြီးကားရပ်တော့ ကားတစ်စီးကလည်း ကျွန်မတို့ ကားနောက်ကနေ လိုက်လာရပ်ပြီး မီးထိုးပေးထားပါတယ်။ ကားရှေ့ bumper ကျိုးပြီး သားမွေးလေး ညှပ်နေတာလောက်သာ တွေ့ရပြီး ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ပါဘူး။ နောက်က ရပ်စောင့်ပေးနေတဲ့ကားလည်း ဂငယ်ကွေ့ ကွေ့ပြီး ထွက်သွားပါတော့တယ်။ အမှန်တော့ ဒီကားဟာ ကျွန်မတို့နဲ့ မျက်နှာချင်းဆိုင်မှ လာနေသော ကားဖြစ်ပြီး၊ ကျွန်မတို့ကို ကူညီရန် သက်သက် ဂငယ်ကွေ့ နှစ်ကွေ့ ကွေ့သူပါ။ 
ဒီ အဖြစ်အပျက် အပြီးမှာတော့ ကျွန်မခေါင်းထဲ ရောက်လာတာက ဂငယ်ကွေ့တွေ အကြောင်းပါပဲ။ ဘဝခရီး သွားကြတဲ့အခါ ရှေ့သို့ကိုသာ လိုလားတတ်ကြမယ့်လည်း တစ်ခါတစ်ရံမှာတော့ ဂငယ်ကွေ့တွေ ကွေ့ဖို့ ကြုံလာရတတ်ပါတယ်။ ဂငယ်ကွေ့ ကွေ့ကြရတဲ့အခါ အချည်းနှီး ဆိုတဲ့ ဆုတ်နစ်စိတ်နဲ့ ညစ်ညူးကာ မသာမယာဖြစ်ကြပါတယ်။ ကိုယ်ရည်ရွယ်ထားတဲ့ လမ်းကြောင်းက သွေဖီသွားတိုင်း ကားထဲက GPS ရဲ့ “If possible, make a U turn.” လို့ သတိပေးသံကတောင် လူ့သဘောကို သိပြီး သာယာညှင်းပျောင်း ချော့မော့နေသံလိုလို၊ အမိန့်ပေးသံလေးစွက်နေသလိုလို ထင်မိတဲ့ အထိပါပဲ။ ကိုယ်သွားတဲ့ ခရီးက တောင်တွေကို ဖြတ်ရတော့မယ် ဆိုရင် သေချာပေါက် ဂငယ်ကွေ့တွေ တွေ့ရတော့မယ်။ တောင်တွေကို ဥမင်လိုဏ်ဖောက် အတည့်ဖြတ်ဖို့ထက်၊ ကွေ့ကာ ပတ်ကာ သွားရတာ ပိုများပါတယ်။ တောင်တွေကို ဖြတ်ကျော်သွားရတဲ့ ခရီးမှာ ဂငယ်ကွေ့ ကွေ့ရပြီဆိုရင်၊ ကွေ့ပြီး ကြိုနေမှာက အဖြောင့်လည်း ဖြစ်နိုင်၊ အတက်လည်း ဖြစ်နိုင်၊ အဆင်းလည်း ဖြစ်နိုင်ပါတယ်။ ယာဉ်ရဲ့ ကြံ့ခိုင်မှု၊ တွေ့ကြုံလာတာကို ရင်ဆိုင်မယ်လို့ အသင့် ပြင်ထားတဲ့ သမာဓိစိတ်ဓာတ်၊ မှန်ကန်တဲ့ လမ်းကြောင်းပေါ်အမြဲတင်ထားရမည့် အသိဉာဏ် ဦးစီးပြီး ခရီးတွေကို သွားရပါတယ်။ ကျွန်မတို့နိုင်ငံလည်း ကြီးမားတဲ့ ဂငယ်ကွေ့ကြီးကို အသက် သွေး ချွေး ဉာဏ်ပညာတွေ ရင်းပြီး ကွေ့နေရချိန်ပါ။ မလိုလားပါဘူး ဆိုပြီး ဆုတ်နစ်နေလို့ မဖြစ်ဘူး။ ဒါသည်ပင် ကျွန်မတို့ရဲ့ ခရီးလေ... 
ထိုခရီး၏ အစသည် လွန်ခဲ့သော ၆၅ နှစ်ကဟု ဆိုကောင်းဆိုနိုင်သလို၊ ထို့ထက်လည်း ပိုကောင်းပိုနိုင်လေသည်။

Saturday, December 25, 2021

A Note on Active Reading/ Learning

တက္ကသိုလ်မှ စာပေသင်ကြားပို့ချမှုနှင့် ပတ်သက်၍ (အမေရိကန် စာရေးဆရာ Mark Twain ပြောဖူးသည့်) စကားတခု ရှိသည်။ “လက်ချာဆိုသည်မှာ ဆရာနှင့် ကျောင်းသားတို့၏ ဦးနှောက်တို့ကို မသုံးလိုက်ရဘဲ ဆရာ၏ စာအုပ်ထဲမှ မှတ်စုများက ကျောင်းသား၏ မှတ်စု စာအုပ်ထဲသို့ ရောက်သွားသည့် ဖြစ်စဉ်တခုဖြစ်သည်” ဟူ၏။ ဤစကားနှင့် ဆက်စပ်၍ မော်တီမာ အက်ဒလာ (Mortimer Adler) က “How to Read a Book: The Art of Getting a Liberal Education” စာအုပ်တွင် ဦးနှောက်မသုံးဘဲ လက်ချာလိုက်ခြင်းနှင့် ဦးနှောက်မသုံးဘဲ စာဖတ်ခြင်းတို့ကို နှိုင်းယှဉ်ပြထားသည်။ စာဖတ်ရာ၊ လက်ချာလိုက်ရာတွင် ဗဟုသုတ အချက်အလက်တို့ ရရုံသာမက နားလည်သဘောပေါက်ရန်လည်း လိုအပ်သည်။ နားလည် သဘောပေါက်ရန် အသိဉာဏ်ပွင့်လင်းရန် အတွက်ဆိုလျှင် စိတ်ကို အလုပ် မပေးဘဲ လက်ချာလိုက်၍ မရ၊ စာဖတ်၍ မရ။
စိတ်ကို အလုပ်ပေးသည့် စာဖတ်နည်းကို ရှင်းပြရန် အက်ဒလာက သူ့စာသင်ခန်းမှ အတွေ့အကြုံကို ပြန်လည် ဖောက်သည်ချသည်။ အက်ဒလာ၏ စာသင်ခန်းအတွင်းမှ ကျောင်းသားတို့အား ဆွေးနွေး မေးမြန်းသွားသည်များမှာ စာအုပ်တအုပ်၊ ဘာသာရပ်တခု၊ အကြောင်းအရာ တမျိုးတည်းအတွက်သာ အသုံးတဲ့သည် မဟုတ်။ အတော်လေး ယေဘုယျကျသည့် ဆွေးနွေးမေးမြန်းချက်များ ဖြစ်နေပါသည်။ ထိုအကြောင်းကို ဖတ်ရင်း အင်္ဂုတ္တရနိကာယ်မှ စာတကြောင်းက အတွေးထဲသို့ ဝင်လာသည်။ 
 
သော တဿ ဗဟုကဿ သုတဿ အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဟောတိ။ (အံ.၄.၆၊ အပ္ပဿုတသုတ်)
ထို အကြားအမြင် ဗဟုသုတများသူသည် အနက်ကို သိ၍ တရားကို သိ၍ တရားနှင့်လျော်ညီသော အကျင့်ကို ကျင့်သူဖြစ်၏။
 ပိဋကတ်ပါဠိတော်လာ ဝါကျတစ်ကြောင်း ဖြစ်သည့်အတွက် လောကုတ္တရာတရားကို ရည်ရွယ်ခြင်းဖြစ်ကြောင်း အထူး ပြောနေရန် မလိုပါ။ သို့သော် ဤနေရာတွင် ယင်းဠိဝါကျ၏ အနက်အဓိပ္ပါယ်နှင့် အက်ဒလာ၏ ဆွေးနွေးမေးမြန်းချက်များကို ဆက်စပ်ကာ လောကီရှုထောင့်မှနေ၍ စာဖတ်နည်း၊ စာပေလေ့လာသင်ယူနည်း လမ်းညွှန်အဖြစ် တင်ပြလိုပါသည်။
တရားနာယူရာ၊ သင်ခန်းစာပို့ချချက်တို့ကို နားထောင်ရာတွင် ဖြစ်စေ၊ စာအုပ် တအုပ်အုပ်ကို ဖတ်ရှုရာတွင် ဖြစ်စေ၊ ပထမအဆင့်အနေဖြင့် ဓမ္မကထိက ဆရာပြောသွားသည့် သို့မဟုတ် စာရေးသူ ရေးသားတင်ပြသည့် အချက်အလက်အကြောင်း အရာများကို ဗဟုသုတအသိအနေဖြင့် ဦးစွာ ရရှိသည်။ သမိုင်းစာအုပ် ဖြစ်လျှင် သမိုင်းဖြစ်ရပ်များ၊ သက္ကရာဇ်နေ့စွဲများကို သိရမည် ဖြစ်သည်။ ဝတ္ထုတအုပ် ဖြစ်လျှင် ဇာတ်လမ်းဇာတ်ကွက်များ၊ ဇာတ်ကောင်များ၊ ဇာတ်ကောင်စရိုက်များ၊ ခေတ်နောက်ခံ ယဉ်ကျေးမှုနှင့် ဇာတ်ကောင်တို့ ပြောဆိုသွားသည့် စကားများကို သိရမည် ဖြစ်သည်။ ယင်းတို့သည် စာတွင် ရေးထားသည့်အတိုင်း သိခြင်း ဖြစ်၍ သဒ္ဒါအနက် (သဒ္ဒတ္ထ) ကို သိခြင်းဟု ခေါ်နိုင်သည်။
 
ထို့နောက် သဒ္ဒါအနက်၌သာ ရပ်မနေဘဲ နာကြား မှတ်သားရသည့် စကား၊ ဖတ်ရှုလေ့လာရသည့် စာ၏ အနက်ကို စူးစမ်းဆင်ခြင်ရသည် (သုတာနုသာရေန အတ္ထူပပရိက္ခာယ)။ စာရေးသူက ဘာကြောင့် ဤသို့ ရေးရသည်၊ ဘာကို ဆိုလိုသည်ကို နားလည်အောင် အားထုတ်ရသည်။ စာမှ တဆင့် စာရေးသူ၏ နှလုံးသားနှင့် စေတနာကို မြင်အောင် ကြည့်ရသည်။ စာရေးသူနှင့် စာဖတ်သူတို့၏ အကြားတွင် စကားလုံးများဖြင့်သာ ဆက်သွယ်ထားခြင်း ဖြစ်ရာ စကားလုံးများသည် ပေါင်းကူးတံတား ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် တခါတရံတွင် ထိုစကားလုံးများကပင် စာရေးသူနှင့် စာဖတ်သူကို တားဆီးထားသည့် အဟန့်အတားများလည်း ဖြစ်နေနိုင်ပါသည်။ ဦးနှောက်ကို အလုပ်ပေး၍ အားထုတ်မှသာ ထိုအတားအဆီးကို ကျော်လွှားပြီး စာ၏ ဆိုလိုရင်း အာဘော်ကို မိနိုင်သည်။ ထိုသို့ စာရေးသူ၏ ရည်ရွယ်ချက်နှင့် စာ၏ ဆိုလိုရင်း အာဘော်ကို ထုတ်နိုင်သည်ကို အဓိပ္ပါယ်အနက် (အဓိပ္ပါယတ္ထ) ကို သိခြင်းဟု ဆိုနိုင်ပါသည်။ အထက်တွင် ထုတ်ပြခဲ့သော အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “အနက်ကို သိခြင်း (အတ္ထမညာ)” ဟု သုံးနှုန်းထားသည်။
 
အနက်သဘောကို သိမြင်ပြီးနောက် ယင်းထက် ပို၍ အခြေခံကျသည့် အကြောင်းရင်း ဓမ္မ (underlying principles)၊ ဖြစ်မြဲ ဓမ္မတာသဘောတရားတို့ကို စူးစိုက်ဆင်ခြင်ရသည်။ ထိုအခါတွင် သိမြင်လာသည့် ဓမ္မသဘောတို့ အလျောက် အသင့်အတင့် နှလုံးသွင်းလက်ခံနိုင်လာသည် (ဓမ္မာနိဇ္ဈာနံ ခမန္တိ)။ လောကုတ္တရာ ရှုထောင့်မှ ပြောရလျှင် ဓမ္မတာသဘောကို သိမြင်ခြင်းသည် အကြောင်းအကျိုးဆက် ပဋိစ္စသမုပ္ပါဒ သဘောတရားကို သိမြင်ခြင်း ဖြစ်သည် (ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ သော ဓမ္မံပဿတိ)။ ပဋိစ္စသမုပ္ပါဒကို သိမြင်ခြင်းသည် ကံ-ကံ၏ အကျိုးကို သိမြင်နားလည်ခြင်း ဖြစ်သည် (ပဋိစ္စသမုပ္ပါဒဒဿာ၊ ကမ္မကောဝိဒါ)။ ထိုသို့ ပဋိစ္စသမုပ္ပါဒ၊ ကမ္မနိယာမ စသည့် ဓမ္မသဘောတို့ကို သိမြင်နားလည်မှ ဗုဒ္ဓမြတ်စွာကို ဖူးမြင်ရသည်ဟု ဆိုနိုင်ကြောင်း ဝက္ကလိရဟန်းအား မိန့်မှာဖူးသည် (ဓမ္မံ ပဿတိ သော မံ ပဿတိ)။ ထို့ကြောင့် လောကုတ္တရာနယ်အရ အတ္ထကို သိမြင်ခြင်းမှ ကျော်လွန်ကာ ဓမ္မကို သိမြင်သော အဆင့်သည် အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။ 
 
လောကီရှုထောင့်အရ ဆိုလျှင်လည်း နိယာမသဘောတို့ကို သိမြင်နားလည်ခြင်းက အလွန်ပင် အရေးပါသည်။ သမိုင်းစာအုပ်ကို ဖတ်သူသည် သမိုင်းနိယာမကို နားလည်သဘောပေါက်၍ သမိုင်းအမြင် ရရှိလာရန် ဖတ်ရှုရသည်။ သိပ္ပံပညာစာပေကို ဖတ်ရှုလေ့လာသူသည် သိပ္ပံနိယာမများကို နားလည် သဘောပေါက်ရန် အားထုတ်ရသည်။ ထိုသမိုင်းနိယာမများ၊ သိပ္ပံနိယာမများကို လက်တွေ့ဘဝ အတွေ့အကြုံများနှင့် ဆက်စပ် နားလည်နိုင်ရန် ကြိုးပမ်းရသည်။ ဝတ္ထုစာပေ ဖတ်ရှုသူသည် ဇာတ်ကောင်တို့၏ စရိုက်သဘာဝများ၊ ဇာတ်လမ်းများမှ တဆင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသည့် တကယ့် လူများတွင်လည်း စာထဲတွင်တွေ့ရသည့် လူ့ဘဝ၊ လူ့မနောတို့ ရှိနေသည်ကို သတိပြုမိလာမည် ဖြစ်သည်။ အခြားဖတ်ဖူးသည့် စာများတွင် တွေ့ရသည့် လူ့သဘာဝတို့နှင့်လည်း ဆက်စပ် နားလည်လာသည်။ စာပေမှရသည့် ပတ်ဝန်းကျင်သတိကို အခြေခံကာ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အကြောင်းအကျိုးတို့ကို သိမြင်နားလည်လာသည်။ ဤသို့ ပတ်ဝန်းကျင်သတိနှင့် ဘဝအသိအမြင်တို့ ရရှိလာခြင်းကို စာ၏ ဘာဝတ္ထအနက်ကို သိခြင်း (တနည်း) ပန်းတိုင်အနက်ကို သိခြင်းဟု ခေါ်သည်။ အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “ဖြစ်မြဲ ဓမ္မတာ နိယာမသဘောကို သိခြင်း (#ဓမ္မမညာ)” ဟု သုံးနှုန်းထားသည်။
 
လောကသဘော၊ လူ့သဘောကို နားလည်၍ ဘဝအသိအမြင်ရှိသူသည် မိမိလက်ခံထားသည့် အသိအမြင်၊ ယုံကြည်ထားသည့် မူအတိုင်း လိုက်နာကျင့်သုံး နေထိုင်နိုင်ရန် ကြိုးပမ်းရသည်။ C.S. Lewis ပြောဖူးသည့် စကားကို ငှား၍ သုံးရလျှင် လောကတွင် နိယာမသုံးခု ရှိသည်။ လူသားသည် ကမ္ဘာ့ဆွဲငင်အား နိယာမကဲ့သို့ သဘာဝနိယာမများ (natural laws) ကို သက်မဲ့ရုပ်ဝတ္ထုများ နည်းတူ လိုက်နာကြရသည်။ ထို့အတူပင် အခြားသော တိရစ္ဆာန်များ နည်းတူ ဇီဝဗေဒနိယာမများ (biological laws) ကို လိုက်နာကြရသည်။ အကောင်းအဆိုး၊ အမှားအမှန်ကို အခြေခံသည့် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသော ကိုယ်ကျင့်နိယာမများ (moral laws) ကမူ လူသားတို့နှင့်သာ သက်ဆိုင်သည်။ လူသည် ပထမနိယာမ နှစ်မျိုးကို မလိုက်နာဘဲနေရန် ရွေးချယ်ပိုင်ခွင့် မရှိ။ ဥပမာ အမြင့်မှ ပြုတ်ကျသည့် လူတဦးသည် “ငါ ဆက်၍ ပြုတ်ကျရင် ကောင်းမလား၊ ပြုတ်မကျဘဲ နေရင် ကောင်းမလား” ဟု ရွေးချယ်ပိုင်ခွင့် မရှိ။ သို့သော် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသည့် လူ့သဘာဝနိယာမကိုမူ ရွေးချယ်ပိုင်ခွင့် ရှိသည်။ မလိုက်နာဘဲ နေချင် နေနိုင်သည်။ 
 
ခရစ်ယာန်တို့က ထာဝရဘုရားရှင် ဖန်ဆင်းထားသည့် လူသားသည် ထိုဘုရားရှင် ချမှတ်ထားသည့် နိယာမတို့ကို လိုက်နာမှသာ ခရစ်ယာန်ပီသမည်ဟု ခံကြယူသည်။ ထို့အတူ ဘာသာမဲ့ လူသားဝါဒီတို့ကလည်း လူသားပီသရန် လူ့ကိုယ်ကျင့်နိယာမများကို လိုက်နာသင့်သည်ဟု ယူဆမည်။ ဗုဒ္ဓဘာသာဝင်များအတွက်လည်း ဗုဒ္ဓဘာသာဝင်ကောင်း တဦးဖြစ်ရန် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုသည့် အဆုံးအမကို လိုက်နာရမည် ဖြစ်သည်။ အကယ်၍ မလိုက်နာပါကလည်း ကမ္မနိယာမအရ မိမိတို့ ရွေးချယ်မှု၏ အကျိုးဆက်ကို တချိန်ချိန်တွင် တနည်းနည်းဖြင့် ရင်ဆိုင်ရမည်ဟု လက်ခံယုံကြည်သည်။
ထို့ကြောင့် လူ့သဘာဝနိယာမကို သိမြင်လက်ခံသူ တနည်း ဓမ္မအမြင်ရှိသူသည် ထိုဓမ္မအမြင်နှင့် သင့်တော် လျောက်ပတ်စွာ ကျင့်သုံးနေထိုင်ရမည် ဖြစ်သည်။ ဤသည်ကိုပင် အထက်တွင်ကိုးကားခဲ့သည့် ပါဠိဝါကျအရ “တရားသဘောနဲ့ အညီကျင့်သုံး နေထိုင်ခြင်း (ဓမ္မာနုဓမ္မပ္ပဋိပတ္တိ)” ဟုဆိုသည်။ လောကီရှုထောင့်အရ ဆိုလျှင်လည်း မိမိတို့ သိမြင်လက်ခံသည့် လောကအမြင်၊ သမိုင်းအမြင်၊ နိုင်ငံရေးအမြင်၊ သိပ္ပံအမြင်တို့နှင့် လိုက်လျောညီထွေ ကျင့်သုံးနေရသည်။ ထိုအမြင်တို့ကို လက်တွေ့ဘဝတွင် အသုံးချနိုင်ရန် ကြိုးပမ်းရသည်။
 
အချုပ်အားဖြင့် ဆိုလျှင် ဆရာ့ မှတ်စုကို လိုက်ကူးရုံ သက်သက် စာပေသင်ယူမှုမျိုး၊ ဇာတ်လမ်းသိရုံ ဗဟုသုတရရုံ စာပေဖတ်ရှုမျိုးမှ တဆင့်တက်လိုပါက စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်လိုသည်။ စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်အတွက် အောက်ပါ မေးခွန်း ၅-မျိုးကို ထုတ်၍ မိမိ၏ စိတ်ကို လှုံ့ဆော်ကာ အလုပ်ပေးနိုင်ပါသည်။
 
  • စာမှ မည်သည့် အချက်အလက်များ မည်သည့် ဗဟုသုတများ ရပါသလဲ (knowledge and information)
  • ယင်းတို့သည် မည်သို့ အရေးပါ၍၊ မည်သည့် အနက်အဓိပ္ပါယ်များ သက်ရောက်ပါသလဲ (significance and meanings)
  • မိမိဘဝအတွေ့အကြုံ၊ အခြားသော ဖတ်ဖူးသည့် စာ၊ ကြားနာမှတ်သားဖူးသည့် ဗဟုသုတတို့နှင့် ဆက်စပ် ကြည့်နိုင်ပါသလား (awareness, observation and generalization)
  • နောက်ခံ ဗဟုသုတ၊ အတွေ့အကြုံများနှင့် ဆက်စပ်ဆင်ခြင်ပြီး အရင်းခံကျတဲ့ နိယာမသဘောတရားကို ထုတ်ဖော်နိုင်ပါသလား။ မည်သည့် လောကအမြင်၊ ဘဝအမြင်မျိုး ရှိသင့်ပါသလဲ (underlying principle and world view)
  • လူ့လောကနိယာမ၊ သဘာဝနိယာမတို့ကို လက်တွေ့တွင် မည်သို့ ပြန်လည် အသုံးချနိုင်ပါသလဲ။ မိမိသိမြင်လက်ခံထားသည့် လောကအမြင်၊ ဘဝအမြင်တို့ အတိုင်း ကျင့်သုံး နေထိုင်ရန်အတွက် မည်သည့် အချက်များကို ပြုပြင်သွားသင့်ပါသလဲ့။ လူ့လောကသဘာဝနှင့် လိုက်လျောညီထွေ ဖြစ်ရန် မည်သို့ နှလုံးသွင်း နေထိုင်သင့်ပါသလဲ။ (application of the principle, or living with the principle)
 
ဧရာ (မန္တလေး)
(၂၇၊ ဇန်နဝါရီ၊ ၂၀၁၈)

သင်ယူလိုစိတ်နှင့် Art of Listening

သင်ယူလိုစိတ်ရှိမှ ပညာရတယ် (သုဿူသံ လဘတေ ပညံ)၊ ‘သင်ယူလိုစိတ်’ (သုဿူသာ)နဲ့ ‘ဆိုဆုံးမလွယ်ခြင်း’ (သောဝစဿတာ) တို့က ဆက်စပ်နေတယ်၊ ဆရာ, ကိုယ်သင်ယူမယ့် ပညာနဲ့ သင်ယူလေ့ကျင့်မှုတို့ကို ရိုသေ လေးစား တန်ဖိုးထားမှု (သတ္ထုဂါရဝတာ, ဓမ္မဂါရဝတာ, သိက္ခာဂါရဝတာ) တွေရှိမှ ‘သောဝစဿတာ’ မင်္ဂလာနဲ့ ပြည့်စုံနိုင်တယ်၊ တနည်းအားဖြင့် ‘သောဝစဿတာ’ မင်္ဂလာရှိဖို့ အတွက် Howard Gardner ပြောတဲ့ Respectful Mind မျိုးကို မွေးမြူလေ့ကျင့်ထားဖို့ လိုအပ်တယ်လို့ ရေးခဲ့ပါတယ်။ ဒါက အခြေခံ စိတ်ထားအနေနဲ့ ပြောတာပါ။ သင်ယူလိုစိတ်နဲ့ နားထောင်တော့မယ်ဆိုရင် နားထောင်ခြင်း အတတ်ပညာလည်း လိုအပ်ပါသေးတယ်။
 
‘နားထောင်ခြင်း အတတ်ပညာ’ (art of listening) လို့ ပြောရတာက မွေးရာပါ နားအကြားအာရုံ ရှိတာနဲ့ သူ့အလိုလို နားထောင်တတ်တာမျိုး မဟုတ်ဘဲ၊ ပြုစုပျိုးထောင်ယူရတဲ့ အရည်အချင်းတစ်မျိုး ဖြစ်နေလို့ပါ။ ဒီနေ့ခေတ် ခေါင်းဆောင်မှု သင်တန်း, စီမံခန့်ခွဲမှု သင်တန်းတွေမှာ ဆိုရင် နားထောင်ခြင်း အတတ်ပညာကို Active Listening, Listening Intelligence စတဲ့ အမည်တွေ တပ်ပြီး ဘာသာရပ်တစ်ခု အနေနဲ့ တခုတ်တရ သင်ကြားကြရတယ်။ 
 
‘နားထောင်ခြင်း အတတ်ပညာ’ ဆိုတာ လွယ်မယောင် ထင်ရပေမယ့် အလွန်ခက်ပါတယ်။ ကျွန်တော်တို့ အများစုက နားမထောင်တတ်ကြပါဘူး။ တခါတလေမှာ တဖက်လူရဲ့ စကားကို အာရုံစိုက်ပြီး နားမထောင်ဘဲ၊ ကိုယ်ပြောချင်တာကို ပြောဖို့ အတွက် အခွင့်အရေးကို စောင့်နေတာမျိုး၊ ဒါမှမဟုတ် စောင့်တောင် မစောင့်တော့ဘဲ စကားဖြတ်ပြီး ပြောချင်ရာ ဝင်ပြောတာမျိုး ဖြစ်နေနိုင်ပါတယ်။ တခါတလေမှာ တဖက်လူရဲ့ စကားကို ဆုံးအောင် နားမထောင်ဘဲ၊ သူ့စကားကို အဆောတလျင် ဝေဖန်ဆုံးဖြတ်တတ်တယ်။ နားလည်အောင် အားမထုတ်ဘဲ ကိုယ်လိုချင်တဲ့ အဓိပ္ပါယ်ကို ဆွဲယူလိုက်တယ်။ ပိုဆိုးတာကတော့ အဲဒီလို လိုရာဆွဲထားတဲ့ အချက်ကို ပစ်မှတ်တခုလို သဘောထားပြီး ဝေဖန်တိုက်ခိုက်တာပါဘဲ။ ဒါမျိုးကို straw-man argument လို့ ခေါ်လေ့ရှိပါတယ်။ 
 
နားထောင်တတ်ဖို့ အတွက် စိတ်က အခြားကို ပြန့်လွင့်မနေဘဲ အာရုံစိုက်ထား ရတယ်။ စိတ်ရှည်ရတယ်။ အဆောတလျင် ဝေဖန်ရေး မလုပ်သေးဘဲ နားလည်အောင် အားထုတ်ရတယ်။ နားမလည်သေးရင် နားလည်အောင် ပြန်မေးရတယ်။ နားလည်ထားတာကို တိုတိုရှင်းရှင်း ပြန်ပြောနိုင်အောင် ကြိုးစားရတယ်။ တဖက်သားရဲ့ စကားကို ဝေဖန်တော့မယ် ဆိုရင်လည်း လိုရာဆွဲထားတဲ့ အပေါ် ဝေဖန်တာမျိုး မဟုတ်ဘဲ၊ သူ့စကားကို သေခြာနားလည်ပြီးမှ အချက်ကျကျ ဝေဖန်ရပါတယ်။ သင်ယူမှုအတွက် နားထောင်ရင်လည်း ဒီအချက်တွေက လိုအပ်တာပါပဲ။
 
ကျွန်တော်တို့ အများစုက နားမထောင်တတ်ကြဘူး။ နားထောင်ဖို့ထက် ဝေဖန်အကဲဖြတ်ဖို့ကို ရှေ့တန်းတင်ကြတယ်။ ဘာလို့လဲဆိုတော့ နားထောင်ရတာက သိပ်အန္တရာယ်ကြီးတယ်။ ဒါကြောင့် နားထောင်ဖို့ အတွက် သတ္တိရှိဖို့ လိုတယ်” လို့ စိတ်ကုပညာရှင် Carl Rogers က ပြောဖူးတယ်။ သူပြောနေတဲ့ “အန္တရာယ်” ဆိုတာက နားထောင်ခြင်းကနေ လူတစ်ယောက်ရဲ့ အတွေးအမြင်နဲ့ စိတ်ဓာတ်တွေ ပြောင်းလဲသွားစေနိုင်တဲ့ အန္တရာယ်ကို ဆိုလိုတာပါ။ တကယ်တော့ အပြောင်းအလဲ ဆိုတာက တိုးတက်တဲ့ ပြောင်းလဲခြင်း ရှိသလို၊ ဆုတ်ယုတ်နိမ့်ကျတဲ့ ပြောင်းလဲခြင်းလည်း ရှိပါတယ်။ 
 
ဗုဒ္ဓစာပေတွေအရ မှန်ကန်တဲ့ အတွေးအမြင်တွေရဖို့ အတွက် ‘တဖက်သားရဲ့ စကား’ (ပရတော ဃောသော) ဆိုတဲ့ ပြင်ပအကြောင်းရင်းက သူတော်ကောင်းပညာရှိတွေရဲ့ စကားဖြစ်ဖို့ လိုတယ်။ ထို့အတူဘဲ အတွင်းအဇ္ဈတ္တ အကြောင်းတရားဖြစ်တဲ့ သင့်တင့်မှန်ကန်တဲ့ နှလုံးသွင်းမှု (ယောနိသော မနသိကာ‌ရော) လည်း လိုအပ်ပါတယ်။ သူတော်ကောင်း ပညာရှိရဲ့ စကားကို ကြားနာရတာ မှန်ပေမယ့် ‘နားထောင်မှု အတတ်ပညာ’ ချို့တဲ့ နေရင်တော့ တိုးတက်မှန်ကန်တဲ့ အပြောင်းလဲကို ဖြစ်စေမှာ မဟုတ်ပါဘူး။ ‘နားထောင်မှု အတတ်ပညာ’ နဲ့ ပတ်သက်ပြီး အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ်က သုဿူသာသုတ်မှာ အောက်ပါ အချက် (၆) ကို ထုတ်ပြီး ဟောထားပါတယ်။ 
 
၁။ သင်ယူနာကြားလိုစိတ် ရှိတယ် (သုဿူသတိ)။
၂။ အာရုံစိုက်ပြီး နားထောင်တယ် (သောတံ ဩဒဟတိ)။
၃။ အသိဉာဏ်ရရန် စိတ်ကို ရှေးရှုထားတယ် (နားလည်ဖို့ စိတ်ဝင်စားတယ်) (အညာ စိတ္တံ ဥပဋ္ဌာပေတိ)။
၄။ အကျိုးရှိတာ, အဓိပ္ပါယ်ရှိတာကို ယူတယ် (အတ္ထံ ဂဏှာတိ)။
၅။ အကျိုးမရှိ, အဓိပ္ပါယ် မရှိတာကို စွန့်တယ် (အနတ္ထံ ရိဉ္စတိ)။
၆။ အမှန်တရားနဲ့ ဆီလျော်တာကို နှစ်သက်လက်ခံတယ် (အနုလောမိကာယ ခန္တိယာ သမန္နာဂတော ဟောတိ)။ 
 
‘နားထောင်မှု အတတ်ပညာ’ နဲ့ ပြည့်စုံတဲ့ သင်ယူနာကြားမှုမျိုးက တိုးတက်မှန်ကန်တဲ့ အပြောင်းအလဲ ကို ဖြစ်စေနိုင်ပါတယ်။

သင်ယူလိုစိတ်နှင့် Respectful Mind

“သင်ယူခြင်း” ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေက ပညာရေးဒဿန အမျိုးမျိုး အလိုက် ကွဲလွဲနေနိုင်ပါတယ်။ ဒါပေမယ့် အကြမ်းအားဖြင့် “သင်ယူမှု ဆိုတာ အပြုအမူ, အတွေးအမြင်, အသိဉာဏ်, ပညာတွေ တိုးတက် ဖြစ်‌ပေါ်စေတဲ့ ပြောင်းလဲမှု ဖြစ်စဉ်” လို့ သတ်မှတ်နိုင်ပါတယ်။ 
 
“မိမိရဲ့ အပြုအမူနဲ့ အတွေးအမြင်တွေက အသားကျသွားပြီ, အသိဉာဏ်ပညာတွေကလည်း ဒီထက် ပိုပြီး တိုးတက်လာမှာ မဟုတ်တော့ဘူး” ဆိုတဲ့ ခံယူချက် ယုံကြည်ချက်မျိုးတွေက “သင်ယူခြင်း”ရဲ့ ဆန့်ကျင်ဖက်ဖြစ်လို့ သင်ယူလိုစိတ် ပိတ်ဆို့ရပ်တန့်သွားစေတဲ့ စိတ်ဓာတ် (Fixed Mindset) လို့ ခေါ်ပါတယ်။ မိမိရဲ့ စဉ်းစား, ပြောဆို, ပြုမူပုံတွေကို အကောင်းဖက်ကို ပြောင်းလဲ ယူလို့ ရနိုင်တယ်ဆိုတဲ့ ခံယူချက်၊ ယုံကြည်ချက်မျိုးကိုတော့ တိုးတက်တဲ့ စိတ်ဓာတ် (Growth Mindset) လို့ ခေါ်ပါတယ်။ မှန်ကန်တဲ့ ယုံကြည်ချက် (တနည်း Growth Mindset) နဲ့ သင်ယူလိုစိတ်က “သင်ယူခြင်း” ကို ဖြစ်စေပါတယ်။ 
 
ပိဋကတ်စာပေတွေမှာ “သင်ယူလိုစိတ်” ကို အာဠာဝကသုတ်မှာ “သုဿူသာ” ဆိုတဲ့ ပုဒ်၊ မင်္ဂလသုတ်နဲ့ မေတ္တသုတ်တွေမှာ “သောဝစဿတာ” နဲ့ “သုဝစော” ဆိုတဲ့ ပုဒ်တွေနဲ့ တွေ့နိုင်ပါတယ်။ အလွန်ခက်ထန်ကြမ်းတဲ့ ဘီလူးကြီး အာဠာဝက အဖြစ်ကနေ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ရာမှာ စံတင်ရတဲ့ အာဠာဝက အဖြစ် တိုးတက်ပြောင်းလဲစေခဲ့တဲ့ spiritual transformation ကိုလည်း သင်ယူမှု ဖြစ်စဉ် တစ်ခုလို့ ဆိုနိုင်ပါတယ်။ အာဠာဝကဘီလူး မေးလျှောက်တဲ့ ပုစ္ဆာတွေထဲမှာ “ပညာကို ဘယ်လို ရနိုင်သလဲ” ဆိုတဲ့ မေးခွန်းတစ်ခု ပါတယ်။ မြတ်စွာဘုရားက ပညာရကြောင်း လေးပါးကို ဟောထားပါတယ်။ 
 
(၁) တရားတော်အပေါ်မှာ ယုံကြည်ခြင်း (သဒ္ဓါ)
(၂) တရားတော်ကို နာကြားသင်ယူလိုစိတ် ရှိခြင်း (သုဿူသာ)
(၃) မမေ့မလျော့သော သတိဖြင့် အားထုတ်ခြင်း (အပ္ပမာဒ)
(၃) အမှားအမှန်ကို စူးစမ်း စိစစ် ဆင်ခြင်း (ဝိစက္ခဏာ) 
 
ဒီအမေးအဖြေတွေက လောကုတ္တရာ နိဗ္ဗာန်ကို ရည်ညွှန်းတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ဒါပေမယ့် ယေဘုယျသဘောနဲ့ လောကီရှုထောင့်က ပညာရကြောင်းကို ကြည့်ရင်လည်း ဒီအချက်လေးချက်က အရေးပါတယ် ဆိုတာ သိနိုင်ပါတယ်။
 
မင်္ဂလသုတ်မှာလာတဲ့ ‘သောဝစဿတာ’ ဆိုတဲ့ ဝေါဟာရကို ‘ဆိုဆုံးမလွယ်ခြင်း’ လို့ မြန်မာပြန်လေ့ ရှိပါတယ်။ ဒါကို အချို့က obedience လို့ ဘာသာပြန်လိုက်ကြပါတယ်။ မမှားပေမယ့် အဓိပ္ပါယ် ပြည့်စုံမှုတော့ မရှိပါဘူး။ “အမိန့်နာခံမှု, ဆိုဆုံးမမှုကို နာခံမှု” ဆိုတာတွေက အထက်အောက် ဆက်ဆံရေးသဘော ဆန်ပါတယ်။ ကိုယ့်အထက်က လူကပြောဆိုတာကို နာခံတယ်ဆိုတာက ကြောက်လို့လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့ တန်းတူက ပြောဆိုတာကို လက်ခံနားထောင်တာကလည်း နားမထောင်ရင် ကိုယ့်ကို ဝေဖန်အပြစ်တင်လာမှာ စိုးလို့လည်း ဖြစ်နိုင်ပါတယ် (သရဘင်္ဂဇာတ်၊ ဇာတက အမှတ် ၅၂၂)။ ကိုယ်ထက်သာသူ, တန်းတူသာမက ကိုယ်အောက်လူရဲ့ ဆုံးမ, ဝေဖန်, အကြံပေး, ထောက်ပြတာတွေကို တလေးတစား နာယူလိုစိတ်မျိုးကို ‘သောဝစဿတာ’ လို့ ခေါ်ပါတယ်။ တခါတုန်းက အရှင်သာရိပုတ္တရာ မထေရ်ကြီးက သင်္ကန်းရုံတာ အဝန်းမညီဘဲ ဖြစ်နေတဲ့ အခါ ကိုရင်လေး တစ်ပါးက သတိပေးဖူးတယ်။ အဲဒီအခါမှာ တလေးတစားနဲ့ သင်္ကန်းကို ပြန်ဝတ်ရုံပြီး ကိုရင်လေးကို ညီမညီ ပြန်မေးတယ်။
 
“ခုနှစ်သားအရွယ် ရှင်ဖြစ်စ သာမဏေလေးက ငါ့ကို ဆိုဆုံးမငြားအံ့၊ ငါသည် ထိုအဆုံးအမကို ဦးထိပ်ဖြင့် ခံယူပါ၏။ ထိုသမဏေကို မြင်လျှင် ထက်သန်သော ဆန္ဒ, ချစ်ခင်မြတ်နိုးခြင်းတို့ဖြင့် အကြိမ်ကြိမ် အရိုအသေပြု၍ ဆရာအရာ ထားပါအံ့” (မိလိန္ဒပဉှာ. ၆.၄.၈၊ ‌ဂေါရူပင်္ဂပဉှာ) လို့ အရှင်သာရိပုတ္တရာက မိန့်သတဲ့။
 
‘သောဝစဿတာ’ ဆိုတာက ‘အမိန့်နာခံမှုမျိုး (obedience)’ မဟုတ်ဘဲ၊ အရှင်သာရိပုတ္တရာမထေရ်လို မိမိကို ဝေဖန် အကြံပေးလာတဲ့ စကားကို တလေးတစား နာယူပြုပြင်လိုတဲ့ စိတ်ထားမျိုးကို ဆိုလိုပါတယ်။ ဒါကြောင့် ‘သောဝစဿတာ’ ကို being amenable to advice, being open to criticism စသဖြင့် ဘာသာပြန်ကြပါတယ်။ 
 
မင်္ဂလသုတ်အရ ‘သောဝစဿတာ’ က သူ့ရှေ့က ရိုသေလေးစားမှု (ဂါရဝ), မိမိကိုယ်ကို နိမ့်ချမှု (နိဝါတ), သည်းခံမှု (ခန္တီ) ဆိုတဲ့ တရားတွေနဲ့ နီးနီးစပ်စပ် ဆက်စပ်နေပါတယ်။ ကြောက်လို့ ဖြစ်စေ, လာဘ်လာဘကြောင့် ဖြစ်စေ အမိန့်နာခံတာ, ချိုချိုသာသာ နားထောင်တာတွေက ‘သောဝစဿတာ’ အစစ် မဟုတ်ပါဘူး။ ဆရာအပေါ်မှာ ရိုသေလေးစားမှု (သတ္ထုဂါရဝ) အထူးသဖြင့် တရားအပေါ်မှာ ရိုသေလေးစားမှု (ဓမ္မဂါရဝ) ကို အခြေခံမှ ‘သောဝစဿတာ’ အစစ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် “တရားကို ရိုသေလေးစား, မြတ်နိုး ပူဇော်မှုပြုပြီး ‘သောဝစဿတာ’ ဖြစ်အောင် ကျင့်ရမယ်” လို့ ကကစူပမာသုတ် (မ.၁.၂၂၆) မှာ ဟောထားပါတယ်။ 
 
“ဗဟုဉာဏ်စွမ်းရည် သဘောတရား” (Multiple Intelligence Theory) ကို ဖော်ထုတ်ခဲ့သူ အဖြစ် ပညာရေးနယ်ပယ်မှာ ထင်ရှားတဲ့ Howard Gardner က "အနာဂတ်အတွက် နှလုံးရည်ငါးသွယ်" (Five Minds for Future) ဆိုတဲ့ စာအုပ်မှာ မတူညီတဲ့ ပညာရပ် နယ်ပယ်, မတူညီတဲ့ နောက်ခံအခြေအနေတွေရှိတဲ့ အခြားသူတွေရဲ့ အတွေးအမြင်တွေကို လေးစားတန်ဖိုးထားတတ်တဲ့ Respectful Mind က လူ့ဘဝမှာ အရေးပါတဲ့၊ အထူးသဖြင့် အနာဂတ်ပညာရေးအတွက် အရေးပါတဲ့ အရည်အချင်းတခု ဖြစ်ကြောင်းရေးခဲ့ပါတယ်။ 
 
Respectful Mind ကိုသာ လေ့ကျင့် မထားခဲ့ရင် မိမိကိုယ်ကို အထင်ကြီးတဲ့ ‘မာန’, ဘယ်သူဘာပြောပြော ဂရုမစိုက်ဘဲ ခေါင်းမာတဲ့ ‘ထမ္ဘ’, တဖက်သားရဲ့ အတွေးအမြင်နဲ့ အကြံဉာဏ်တွေကို အလွယ်တကူ ဝေဖန် ရှုတ်ချတတ်တဲ့ ‘သာရမ္ဘ’ ဆိုတဲ့ စိတ်ထားတွေကြောင့် ပညာရဖို့ အတွက် အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာကို လေးစားမှု (သတ္တုဂါရဝ), အမှန်တရားကို လေးစားမှု (ဓမ္မဂါရဝ), မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ သင်ယူလေ့ကျင့်မှုအပါ်လေးစားမှု (သိက္ခာဂါရဝ) ဆိုတဲ့ ဂါရဝတရားတွေနဲ့ ‘သောဝစဿတာ’ တရားကို မဆုတ်ယုတ်ကြောင်းတရား (အပရိဟာနိယဓမ္မ) အဖြစ် သုတ္တန်ဒေသနာတွေမှာ ဟောထားပါတယ် (အံ.၆.၂၂၊ အပရိဟာနိယသုတ်။ အံ.၇.၃၄၊ ပဌမသောဝစဿတာသုတ်)။ 
 
တနည်းပြောရင် Respectful Mind, openness to criticism, desire to learn ဆိုတာတွေက Growth Mindset အတွက် လိုအပ်တဲ့ အခြေခံ စိတ်ထားတွေပါပဲ။

သင်ယူလိုစိတ်နှင့် Growth Mindset

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပညာရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတွေပြောတဲ့အခါမှာ “သင်ယူလိုသောစိတ် ရှိမှု” ဆိုတာကို မကြာခဏ ထည့်ပြောလေ့ရှိတာကို သတိထားမိတယ်။ ပညာရေး ဆိုမှတော့ သင်ယူလိုစိတ်က အရေးကြီးမှာပေါ့လို့ ခပ်ပေါ့ပေါ့ သဘောထားကောင်း ထားမိနိုင်ပါတယ်။ တကယ်တော့ “သင်ယူလိုသောစိတ် ရှိမှု” ဆိုတာက ကျောင်းပညာရေးမှ မဟုတ်ပါဘူး ဘဝတစ်လျှောက်လုံးအတွက် အောင်မြင်မှု-ကျရှုံးမှုတွေမှာ အ‌‌‌ရေးပါတဲ့ အချက်တခု ဖြစ်နေပါတယ်။ 
 
ကျွန်တော်က ကမ္ဘာကြီးကို အားနည်းသူနဲ့ အားကြီးသူ, အောင်မြင်သူနဲ့ ကျရှုံးသူ ... ဆိုပြီး မခွဲပါဘူး။ သင်ယူသူနဲ့ သင်ယူခြင်းမရှိသူလို့ပဲ ခွဲခြားပါတယ်” လို့ ထင်ရှားတဲ့ အမေရိကန် နိုင်ငံရေးပညာရှင် Benjamin Barber ကလည်း ပြောခဲ့ဖူးပါတယ်။ 
 
တကယ်တော့ လူတိုင်းက သင်ယူလိုစိတ် အပြည့်နဲ့ မွေးလာကြတာပါ။ လမ်းလျှောက်တတ်ဖို့ စကားပြောတတ်ဖို့ သင်ယူရတယ်ဆိုတာ လွယ်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ဘဝတစ်လျှောက်လုံး သင်ယူရသမျှတွေထဲမှာ အခက်ခဲ ဆုံးသင်ယူမှုတွေပါ။ ဒါပေမယ့် ခက်လွန်းတယ်ဆိုပြီး လက်လျှော့လိုက်ဖို့ ကလေးတွေက စိတ်မကူးခဲ့ကြဘူး။ မှားသွားမှာ, အရှက်ရမှာကိုလည်း မစိုးရိမ်ကြဘူး။ လဲသွားရင် ပြန်ထကြတယ်။ ဒီလိုနဲ့ အခက်ခဲဆုံး ဆိုတဲ့ ကိစ္စတွေကို အားတက်သရော အောင်အောင်မြင်မြင် သင်ယူခဲ့ကြတယ်။ 
 
ဒါဆိုရင် ဒီလောက် ထက်သန် ပြင်းပြတဲ့ သင်ယူလိုစိတ်တွေ ရပ်ဆိုင်းသွားတာ ဘာကြောင့်ပါလဲ။ ကလေးတွေက သူတို့ကိုယ် သူတို့ ဝေဖန်အကဲဖြတ်နိုင်လာတာနဲ့အမျှ အချို့ကလေးတွေက စွန့်စားရမှာ, အမှားလုပ်မိမှာကို ကြောက်လာတယ်။ တော်တယ်လို့ သတ်မှတ်ခံရတဲ့ ကလေးအချို့လည်း သူတို့ကို မတော်ဘူးလို့ အထင်ခံရမှာ, အဝေဖန်ခံရမှာကို ကြောက်ပြီး သင်ယူနိုင်မယ့် အခွင့်အရေး အချို့ကို လက်လွှတ်လိုက်ကြတယ်။ ဉာဏ်ထိုင်းတယ်လို့ သတ်မှတ်ခံရတဲ့ ကလေးအချို့ကလည်း သူတို့ကိုယ်သူတို့ ဉာဏ်မမီဘူး, သင်ယူနိုင်စွမ်းမရှိဘူး လို့ သတ်မှတ်ပြီး သင်ယူမှုအချို့ကို လက်လျှော့လိုက်ကြတယ်။ ဒီလို ‘သင်ယူလိုစိတ်’ ကို ပိတ်ပင်တားမြစ်လိုက်တဲ့ စိတ်ဓာတ်မျိုးကို Fixed Mindset လို့ စတန်းဖို့ဒ်တက္ကသိုလ်က စိတ်ပညာပါမောက္ခ Carol Dweck က Mindset: The New Psychology of Success ဆိုတဲ့ စာအုပ်မှာ ရေးထားတယ်။ ကိုယ့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေး, စွမ်းဆောင်ရည်နဲ့ လုပ်ငန်းကျွမ်းမှု ဆိုတာတွေက ပုံသေ မဟုတ်ဘူး၊ ကြိုးစား သင်ယူနေရင် တိုးတက်လာမယ်လို့ ခံယူတဲ့ စိတ်ဓာတ်မျိုးကိုတော့ Growth Mindset လို့ ခွဲခြားပြထားတယ်။ 
 
‘သင်ယူလိုစိတ်’ ကို အားနည်းစေတဲ့ Fixed Mindset ဝင်လာရတဲ့ အကြောင်းရင်းတွေထဲမှာ ကြီးပြင်းတဲ့ ပတ်ဝန်းကျင်, မိဘနဲ့ ဆရာဆရာမတွေရဲ့ လွဲချော်နေတဲ့ သွန်သင်ဆုံးမမှုတွေက အဓိကပါဝင်ပါတယ်။ ကလေးတွေကို အကဲဖြတ်တဲ့အခါ ဝေဖန်ချီးမွမ်းတဲ့အခါမှာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ အခြေမခံဘဲ၊ “လူတော်, လူညံ့” စသဖြင့် တံဆပ်ကပ်ပြီး ဝေဖန် ချီးမွမ်းတာမျိုးက ကလေးတွေရဲ့ သင်ယူလိုစိတ်ကို အားနည်းစေပါတယ်။ မိဘတွေနဲ့ ဆရာဆရာမတွေ သတိပြုမိဖို့ပါ။ 
 
ဒါပေမယ့် မိဘရင်ခွင်နဲ့ ကျောင်းစာသင်ခန်းတွေက ထွက်လာတဲ့ အချိန်မှာလည်း၊ ဒီလို တံဆိပ်ကပ်မှုမျိုးတွေကို ကြုံနေကြရဦးမှာပါ။ ကိုယ်တိုင်က ဒီသတ်မှတ်ချက်ကို လက်ခံမွေးယူလိုက်တာမျိုး မလုပ်မိဖို့ လိုပါတယ်။ စဉ်ဆက်မပြတ် ကြိုးစားသင်ယူနေရင် ကိုယ့်ရဲ့ အရည်အချင်းတွေက တိုးတက်လာနိုင်တယ်၊ အရှုံးကို ရင်ဆိုင်ရတဲ့ အခါမှာလည်း စိတ်ဓာတ် မကျဘဲ အရှုံးထဲကနေ သင်ခန်းစာယူမယ်၊ ကိုယ်ရဲ့ အားနည်းချက်, အားသာချက်ကို ပိုင်းခြားနိုင်သလို ကိုယ်အားသာတဲ့ နယ်လေးထဲမှာပဲ ကျင်လည်မနေဘဲ၊ ကိုယ့်ရဲ အားနည်းချက်တွေကို ပြုပြင်ယူမယ် စတဲ့ သင်ယူလိုစိတ် အပြည့်ရှိတဲ့ တိုးတက်တဲ့ စိတ်ဓာတ် Growth Mindset ကို တသက်တာ ပြုစုပျိုးထောင်နေရမှာပါ။ 
 
P.S. 
၁။ အာဠာဝက မေးတဲ့ ပုစ္ဆာ အဖြေထဲက ‘သင်ယူလိုစိတ်’ အကြောင်းကို စာတစ်ပုဒ်ရေးဖို့ စိတ်ကူးရင်း Carol Dweck ပြောတဲ့ Growth Mindset အကြောင်းကို စိတ်ထဲပေါ်လာလို့ အရင် ချရေးဖြစ်ပါတယ်။ နောက်မှပဲ အာဠာဝကသုတ် အပါအဝင် သုတ္တန်တွေက ပြောတဲ့ “သင်ယူလိုစိတ်” အကြောင်းကို ဆက်ရေးပါမယ်။ 
၂။ အခုတလော ရေးဖြစ်နေတဲ့ နိယတိဝါဒ (determinism) နဲ့ ဆက်စပ်ပြောရရင် ဘဝဆိုတာက မွေးကတည်းက ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်လို့ ပြုပြင်လို့ မရနိုင်တော့ဘူး ဆိုတဲ့ ခံယူချက်မျိုးက Carol Dweck ပြောတဲ့ Fixed Mindset မျိုး ပါပဲ။

Saturday, July 10, 2021

မကြောက်အောင် ကျင့်တဲ့ခရီး

ဗုဒ္ဓဟူးနေ့ ညဘက် ကျွန်မ မြန်မာပြည်မှကလေးများအား Online မှ စာသင်နေချိန်၊ သားကြီးက အခန်းဝ မှ နေ၍ “မေမေ ဒီအပတ် သောကြာ စနေ တနင်္ဂနွေ ခရီးသွားမလား” ဟု မေးလာခဲ့သည်။ “သွားချင် သွားပေါ့” ဟုသာ ပြီးစလွယ် ပြန်ဖြေလိုက်သည်။ ဒီလိုနှင့် သောကြာနေ့ နေ့လည် ၁၁ နာရီခွဲမှာ အိမ်မှ စထွက် ဖြစ်ခဲ့ကြသည်။ Arches National Park နှင့် Canyonlands National Park သို့ လည်ပတ်ရန် Utah State သို့ ဖြစ်သည်။ Utah သည် Rocky Mountain တောင်တန်းများရှိရာ Colorado နှင့် Nevada သဲကန္တာရကြီး၏ ကြားတွင်ရှိသည်။ ယခုအချိန်တွင် ကန္တာရနှင်းဆီဖြစ်နေရရှာသည့် သံမဏိနှင်းဆီ မိခင်ကြီးထံ “ခွင့်ပြုပါအမေ” ဟု စိတ်ထဲမှ ခွင့်တောင်းလိုက်သေးသည်။ Moab မြို့၌ တည်းကြမည်။

Inter State I-70 လမ်းမှ သွားကြသည်။ ဒီလမ်းကို မနှစ်က Aspen (a ski resort town) သို့ သွားတုန်းက ရောက်ဖူးသည်။ တောင်တက် တောက်ဆင်း နှင့် အလွန်သာယာသောလမ်း ဖြစ်သည်။ အန္တရာယ်လည်း အလွန်များ၍ မကြာခဏ ပိတ်ရသော လမ်း ဖြစ်သည်။ Colorado မှ California ပြည်နယ်သို့ သွားလျှင်လည်း ဒီလမ်းကို အသုံးပြုရသဖြင့် ကားစည်သော လမ်းလည်း ဖြစ်သည်။ မိုးလေးရွာလိုက်၊ နေသာလိုက်နှင့် သာသာယာယာပင် ဖြစ်သည်။ Summit County ၌ တောမီးများလောင်နေ၍ သတိထားပါရန် Alarm ပေးသည့် message ဖုန်းထဲသို့ ဝင်လာသည်။ တောမီး မြန်မြန်ငြိမ်းရန် မိုးများများရွာပါစေဟု ဆုတောင်းမိသည်။ တနေရာမှာ မိုးများလျှင်၊ အခြား တစ်နေရာမှာ မိုးနည်းသွားဦးမှာကို တဆက်တည်း သတိရမိပြန်တော့ “ဒီနေရာမှာ ဒီခဏတော့ မိုးများများလေး ရွာပေးပါ” ဟု ပြင် ဆုတောင်းရပြန်သည်။ မီးခိုးလုံးများ တွေ့မြင်ရခြင်း ဖြင့်သာ ထို လမ်းပိုင်းကို ဖြတ်ကျော်နိုင်ခဲ့သည်။ Vail ၌ ညစာ စားရင်း ခရီး တစ်ထောက်နားကြသည်။

Utah သို့ ဝင်ပြီ ဆိုကတည်းက အသွင်သစ်နဲ့ အမြင်သစ်နဲ့ အရာရာဟာ ပြောင်းလဲခဲ့ပါပြီ။ ဟိုးရှေးပဝေသဏီက ဒိုင်နိုဆောများ၏ နေရာသည် မြင်မြင်သမျှ လိမ္မော်ရောင်များများ ဖြင့်သာ စီးကြိုနေခဲ့သည်။ ခရီးသွား မြို့ငယ်လေးသာ ဖြစ်သော Moab သို့ရောက်ချိန်၌ နွေရာသီ ဖြစ်သဖြင့် အလင်းရောင် ကောင်းစွာရှိသေးသည်။ မြို့ထဲ လမ်းမပေါ် လမ်းလျှောက်ခဲ့ကြသည်။ ကလေးငယ်လေးများပါသည့် Jeep ကားပေါ်မှ မိသားစုက ပျော်ရွှင်မြူးတူးစွာဖြင့် ကျွန်မတို့ကို လက်ပြနှုတ်ဆက်ကြသည်။ အော် သူတို့မှာ mask များတပ်ထားစရာ မလိုတော့။ Moab တံဆိပ်ပါသည့် T shirt တထည်ကို souvenir shop အမှတ်တရ ပစ္စည်းဆိုင်မှ ဝယ်လိုက်သည်။ သူတို့အဖေကိုလည်း ဂုတ်ကိုပါနေရောင်ကာသည့် ဦးထုတ် ဝယ်ပေးလိုက်သည်။ နောက်နေ့အတွက် ဖြစ်သည်။

နောက်နေ့ မနက် ၅နာရီတွင် ကျွန်မတို့ မိသားစု Arches National Park ဂိတ်ဝသို့ ရောက်နေပြီ ဖြစ်သည်။ ဂိတ်၌ ဝန်ထမ်းများ မရှိသေး၍ ဝင်ကြေး မပေးရ။ (နေ့လည် Canyonlands National Park သို့ သွားမှသာ တစ်ပေါင်းတည်း ပေးခဲ့ရသည်။)

Park ထဲမှာ လမ်းတွေ လျှောက်ပြီးရင်း လျှောက်ကြရသည်။ Devils Garden ထဲ တနေရာရောက်တော့ ကျောက်တုံးကြီးတွေ တစ်ဆင့်ပြီးတစ်ဆင့် ဘေးမှာလည်း ချောက်ကြီးနဲ့၊ မောဟိုက်နေပြီ ဖြစ်သော ကျွန်မ “သားတို့သာ တက်ကြတော့၊ မေမေ ဒီနားကနေ စောင့်နေတော့မယ်” ဟု လက်လျော့လိုက်သည်။ သူတို့ အဖေကလည်း ကျွန်မအနားမှာသာ ကျန်နေခဲ့သည်။ သားတို့ကတော့ ကျောက်တုန်းထိပ်ပေါ် ရောက်သွားပြီ။ အနားသို့ ရောက်လာသော ကျွန်မတို့ အသက်တန်းလောက်ပင်ရှိမည့် အာရှနွယ်ဖွား အမျိုးသားတစ်ဦးက “ဟိုဘက်မှာ ဘာတွေ ရှိမလဲ မသိဘူးနော်” ဟု စကား စ,ရာ သူတို့ အဖေက “ ငါလည်းပဲ သေချာမသိဘူး၊ ရှုခင်းတွေတော့ သိပ်လှမှာပဲ” ဟု ဖြေလိုက်ရာ၊ “သူပြောမှလား” ဟု စိတ်ထဲက ပြောရင်း မျက်စောင်းထိုးမိသေးသည်။ ထိုလူက “ကမ္ဘာပေါ်မှာ ငါမရောက်ဖူးသေးတဲ့ နေရာတွေ အများကြီး ရှိသေးပါတယ်လေ” ဟု ပြုံးစစနှင့် ရေရွတ်ပြီး လှည့်ထွက်သွားလေတော့သည်။ ကျွန်မ စဉ်းစားသည်။ ကျွန်မတို့ ခရီးက သည်နေရာမှာပင် ဆုံးပြီလား။ ရှေ့ ဆက်သွားစရာတွေ ကျန်သေးလျှင် ကျွန်မတွက်တာကြောင့် သားတို့ ခရီးမဆက်နိုင်ပဲ လမ်းတစ်ဝက်နှင့် လှည့်ပြန်ရမည်။ ဒီတောင်ကို မေကျော်ဖို့ ဆုံးဖြတ်လိုက်သည်။ လေးဘက်ထောက်ပြီး ကုတ်ကပ်တက်သည်။ သူတို့အဖေက နောက်နားမှ ကျွန်မကို စောင့်ရှောက်ရင်း ကပ်၍ ပါလာသည်။ ကျွန်မကို လမ်းပေါ်တင်ပေးရ၍ အဖျားအနားမှ ကပ်လျှောက်ရသော သူ့အတွက်လည်း စိုးရိမ်ရသေးသဖြင့်၊ စုပြုံတိုးလာသော အတွေးပေါင်းစုံကို တစ်ခုချင်း ဖြည်ချနေရသည်။

သက်သာမည့် ထင်သည့် လမ်းခွဲကို ရွေးခဲ့သော်လည်း ဘယ်လှမ်းရမှာလား၊ ညာလှမ်းရမှာလား မသိနိုင်တော့သည့် ကိုးလို့ကန့်လန့် အခြေအနေမျိုးတွင် “မရဘူး။ သွား ဆက်သွား” ဟု နောက်က ကြိမ်းမောင်းနေသော သူတို့အဖေကိုလည်း “ဟုတ်ကဲ့ ဟုတ်ကဲ့” ဟု ပြန်ဖြေရင်း၊ တစ်လှမ်းချင်း တိုးခဲ့ရသည်။ ပြန်စဉ်းစားလျှင်ပင် ထိုအချိန်ကကဲ့သို့ လက်ဖျားများ အေးစက် ထုံကျဉ်မိသည်။ ကျွန်မကို လမ်းပေးရင်း စောင့်နေကြသူများ၏ You can do it! You are brave. ဆိုသည့် အားပေးစကားများကိုလည်း Thank you အခါခါ တုန်တုန်ရင်ရင် ဆိုခဲ့ရသည်။ trail tracking မှာ ကျွန်မလို အဆင့်အတန်းတူများကို ကျွန်မ၏ ပုံမကျ ပန်းမကျ လက်ဘက်ထောက်၊ ထိုင် ဒရွတ်ဆွဲ လျောချ နည်းများဖြင့် ရှေ့ဆောင်နည်းပြ လုပ်ခဲ့ရသေးသည်။ သားကြီးကလည်း “PDF တွေဆို တောထဲမှာ လျှောက်နေရတာဟု အားပေးသေးသည်။ စုစုပေါင်း (၇)မိုင်နီးပါး လျှောက်ခဲ့ရသည်။ ခြေထိပ်များ အထိမခံနိုင်အောင် နာ နေချေပြီ။ ဖိနပ်ကောင်းကောင်း၊ လက်အိတ်၊ ဒူးစွတ်၊ တောင်ဝှေး စသည်တို့ သေချာပြင်ဆင်လာသင့်ကြောင်း သင်ခန်းစာ ရသည်။

နေ့လည်စာ စားကြသည်။ ပြီးနောက် Canyonlands National Park သို့ ဆက်လည်ကြသည်။ စိတ်ဝင်စားစရာနေရာများ ကျွန်မ ဆင်းမကြည့်နိုင်တော့ပါ။ ကားပေါ်မှာသာ စောင့်ရင်းကျန်ခဲ့ရသည်။ သူတို့ အဖေက အလုပ်ပေးသွားသေးသည်။ “မေတ္တာသုတ် ရွတ်နေ” တဲ့။ ပါးစပ်ပါ မလှုပ်နိုင်တော့သော ကျွန်မသည် မင်းကွန်းဆရာတော်ကြီး၏ ပရိတ်ကြီး ၁၁ သုတ်ကို ဖွင့်ထားရင်း အိပ်ပျော်မသွားအောင် သတိထားနေရခြင်းသည်ပင် ပင်ပန်းလွန်းလှလေသည်။

ဟော်တယ်ပြန် ရေမိုးချိုးကြသည်။ သားကြီးက လုပ်လာပြန်သည်။ Arches National Park ထဲမှာ ညဘက် stargazing ကြယ်ကြည့်ချင်ပြန်သေးသတဲ့။ ည ၈နာရီခွဲ ကျော်လာသည်ထိ နေမဝင်သေး။ အချိန်ရှိတုန်း Park ထဲ ပြန်သွားရင် သွားလေဟု အမေက ပြောလာလျှင် ညဘက် အစီအစဉ် ပျက်နိုင်သဖြင့် ညစာကို အေးအေးဆေးဆေး စားရန် သားကြီးက ပြောလာသည်။ သူလုပ်ချင်ရ လုပ်ရဖို့အရေး မအေကို ကျုံးသွင်းနေသည့် Gen Z ၏ အကွက်များကို ထုံးစံအတိုင်း အောင့်သက်သက်နှင့် ငြိမ်နေရသည်။

stargazing လုပ်ရန် ကျွန်မတို့ ရွေးချယ်လိုက်သည့် Balanced Rock နေရာတွင် Three generations အဖိုးအဖေသား မျိုးဆက် ၃ ခု ဖြစ်နိုင်သည့် မိသားစု တစ်စုလည်း မလှမ်းမကမ်းမှာ ရှိနေသည်။ သူတို့သည် စနစ်တကျ ပြင်ဆင်လာကြသူများဖြစ်သည်။ အတောက်ပဆုံး သောကြာဂြိုလ် Venus ကို အယင်ဆုံးတွေ့ရသည်။ ဟိုအဖွဲ့မှ အဖိုးနှင့် သားဖြစ်သူမှာ tablet မှ Application တွင် ခေါင်းဆိုင်နေစဉ် မူလတန်း အရွယ်လောက်ရှိမည့် မြေးကလေးက ကောင်းကင်ကို ကြည့်ပြီး Gen alpha ပီပီ Pluto ကိုပင်သူမြင်ရကြောင်း ရွှီးတုတ်လေသည်။

လေတွေက ပြင်းလှသည်။ ဘာမဆို ကြောက်ဖို့သာ အသင့်ပြင်နေသော Gen L ကျွန်မသည် မှောင်နေတာကိုလည်း ကြောက်သည်၊ လေထန်နေတာကိုလည်း ကြောက်သည်၊ ပတ်ဝန်းကျင်စိမ်းနေတာကိုလည်း ကြောက်သည်။ သူတို့အဖေကတော့ ဒီနေရာတွေမှာ မေတ္တာသုတ် ရွတ်ဖူးမှာ မဟုတ်ဘူး ဟုဆိုကာသာ ရွတ်နေလေတော့သည်။ တဖြေးဖြေးနှင့် ကောင်းကင်မှာ ကြယ်ကလေးတွေ ဆုံလာကာ ကျွန်မတို့ကို ထွေးပွေ့ထားသလို ခံစားလာရတော့ အကြောက်နည်းနည်း ပြေချင်သည်။ ထိုကြယ်လေးတိုင်း၏ အမည်ကို ကျွန်မတို့ မသိနိုင်ပါ။ ဟိုးတစ်နေရာက ကျွန်မတို့ကို အကြောက်တရားမှ ကင်းဝေးနိုင်စေရန် လောင်ကျွမ်း လင်းလက်သွားသော ကြယ်လေးများကို မေတ္တာပို့ရင်း တိတ်ဆိတ်စွာ ပြန်ခဲ့ပါသည်။


photo credit to original uploader

Saturday, August 1, 2020

ကမ္မဿကတာ

ဗုဒ္ဓဘာသာလို့ ဆိုရင် အနည်းဆုံး ကံ-ကံ၏အကျိုးကို ယုံကြည်တဲ့ ကမ္မဿကတသမ္မာဒိဋ္ဌိ လောက်တော့ ရှိကြရပါတယ်။ ဒါပေမယ့် တခါတလေမှာ ကံ-ကံ၏အကျိုးကို ယုံကြည်တယ် ဆိုပေမယ့် ကမ္မဿကတ အမြင်ကနေ ချော်နေတတ်တာမျိုးတွေလည်း ရှိတယ်။

အောက်မှာ ပြောတဲ့ စကားမျိုးတွေကို ကြားဖူးကြမှာပါ (အများစုက ဝတ္ထုနဲ့ ရုပ်ရှင်တွေ ထဲကပါ)။ ဘယ်အယူအဆက ကမ္မဿကတအမြင်နဲ့ လျော်ညီတယ်၊ ဘယ်အယူအဆကတော့ ချော်နေတယ်လို့ ထင်ပါသလဲ။


1. လူ့ဘဝဆိုတာ ရေးထားပြီးသား စာအုပ်တစ်အုပ်လိုပဲ။ ဘာတွေ ဖြစ်မယ်ဆိုတာက ရေးထားနှင့်ပြီးသား။

2. ဘဝဆိုတာက ဇာတ်ဆရာ အလိုကျ ကရတဲ့ ရုပ်သေး တစ်ရုပ်လိုပါပဲ။

3. ဘဝဆိုတာက လောင်းကစားပွဲ တစ်ခုလိုပဲ… ထွက်ချင်တဲ့ ဂဏန်းထွက်မှာပါ။ ထွက်လာတော့မှသာ ဟိုဟာ… ဒီဟာ အကြောင်းပြ ကြရတာ။

4. ဘဝမှာ ကောင်းတာဖြစ်ဖြစ်, ဆိုးတာဖြစ်ဖြစ် ဘုရားသခင် အလိုတော်အတိုင်း ဖြစ်ရတာပဲလို့ ဖြေသိမ့်ရတယ်။

5. မင်းဟာ မင်းဘယ်လောက် လုပ်လုပ်… သူဖြစ်ချင်မှ ဖြစ်မှာ။ ဘာမှ အစိုးရတာမှ မဟုတ်ဘူး။

6. သေနေ့စေ့နေတော့ ဘယ်လောက်ပဲ ဆေးတွေ ကုကု၊ ယတြာတွေ လုပ်လုပ်၊ ဘယ်ရပါ့မလဲ …။

7. သူ့ဆန် စားမှတော့ ရဲရတော့ မပေါ့။ ကျုပ်က လုပ်ချင်လို့ လုပ်တာမဟုတ်ပါဘူး ... တာဝန်ယူထားလို့ လုပ်ရတာပါ။

8. ခေတ်ကြီးကိုက ဆုတ်ကပ်။ လုပ်နေလို့ကော ဘာများ အကျိုးထူးဦးမှာလဲ…။

9. ကောင်းတယ် ဆိုးတယ်ဆိုတာက ပညတ်ချက်တွေ။ လူဘဝဆိုတာက တိုတိုလေး၊ နေရတုန်း ပျော်အောင်သာနေ ...။

10. မေမေ ပြောခဲ့ဖူးတာ မှန်နေမလား… လူတိုင်းမှာ ကြမ္မာဆိုတာ ရှိတယ်တဲ့။ ဒါမှမဟုတ် လက်ဖ်တင်နင် ဒန် ပြောခဲ့သလို ဘဝဆိုတာ ကြုံသလို လေနှင်ရာ လွင့်မြောနေတာပဲလား ... ။

11. မေမေ ပြောဖူးတယ် … ဘဝဆိုတာ ချောကလက်ဗူးလိုပဲတဲ့… ကိုယ်ဘာရမယ်ဆိုတာ ကိုယ်မှ မသိနိုင်တာ..။





ကံ-ကံ၏အကျိုး ဆိုတာက “ထုံးအိုးထဲ လက်နှိုက်ရင် ဖြူသွားတာလို” မြင်သာတဲ့ ကိစ္စမျိုး မဟုတ်တော့၊ ဒီလို ယုံကြည်ယူဆချက်တွေက မြတ်စွာဘုရား တကယ် နားလည်လက်ခံစေချင်တဲ့ ကမ္မဿကတာ အမြင်မျိုး ဟုတ်-မဟုတ် ဆိုတာ ပြောဖို့ ခက်နေမှာပါ။

‘ကမ္မ’ ဆိုတာ ‘ကောင်းဆိုး အမှုတွေကို တွေးကြံ-ပြောဆို-လုပ်ဆောင်တာ’ ကို ဆိုလိုပါတယ်။ ‘သက’ ဆိုတာကတော့ ‘ကိုယ်ပိုင်ဥစ္စာ’ လို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ ‘ကမ္မဿကတာ’ ဆိုတာ မိမိရဲ့ ‘အတွေးအကြံ-အပြောအဆို-အပြုအမူ’ လုပ်ဆောင်ချက်တွေကို မိမိ ပိုင်တယ်ဆိုတဲ့ အမြင်ပါပဲ။ တနည်းပြောရရင် ‘ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ကိုယ်တာဝန်ယူရမယ်’ ဆိုတဲ့ အသိပါပဲ။ လောကမှာ တာဝန်ရှောင်တဲ့ အတွေးအမြင်, အယူအဆတွေ အများကြီး ရှိပါတယ်။ ဒါတွေကို ကမ္မဿကတသမ္မာဒိဋ္ဌိနဲ့ ဆန့်ကျင်တဲ့ အမြင်တွေလို့ ဆိုနိုင်ပါတယ်။

တကယ်လို့ ဒီလို တာဝန် ရှောင်တဲ့ အမြင်တွေကို သဘောကျ လက်ခံနေမယ် ဆိုရင် -

ကိုယ် လုပ်သင့်တာတွေကို လုပ်ဖို့၊ မလုပ်သင့်တာတွေကို ရှောင်ကြဉ်ဖို့အတွက် ဆန္ဒနဲ့ ကြိုစားအားထုတ်မှုတွေ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ဘာက လုပ်သင့်တဲ့ အလုပ်, ဘာက မလုပ်သင့်တဲ့ အလုပ်လို့လည်း မှန်မှန်ကန်ကန် သိမှာ မဟုတ်တော့သလို သတိနဲ့ စောင့်ထိန်းမှာလည်း မဟုတ်တော့ဘူး...  (... န ဟောတိ ဆန္ဒေါ ဝါ ဝါယာမော ဝါ ဣဒံ ဝါ ကရဏီယံ ဣဒံ ဝါ အကရဏီယန္တိ။ ဣတိ ကရဏီယာကရဏီယေ ခေါ ပန သစ္စတော ထေတတော အနုပလဗ္ဘိယမာနေ မုဋ္ဌဿတီနံ အနာရက္ခါနံ ဝိဟရတံ ...)” လို့ တိတ္ထာယတနသုတ်မှာ (အံ.၃.၆၂) ရှင်းရှင်းလင်းလင်း ဟောထားပါတယ်။


‘တိတ္ထာယတန’ ဆိုတဲ့ အမည်က သာသနာပ တိတ္ထိယ တွေရဲ့ မြစ်ဖျားခံရာ စုဝေးရာလို့ အဓိပ္ပါယ်ရပါတယ်။ ဒီသုတ်မှာ ဣဿရနိမ္မိတဝါဒ, ပုဗ္ဗေကတဟေတုဝါဒနဲ့ အဟေတုကဝါဒ သုံးမျိုးကို ‘တိတ္ထာယတန’ အဖြစ်သတ်မှတ်ပြီး၊ တာဝန်ရှောင်တဲ့ ဝါဒတွေ ဖြစ်လို့ ငြင်းပယ်ပါတယ်။ ၅၅၀-ဇာတ်တော်ထဲက အမှတ် ၅၂၈ မဟာဗောဓိဇာတ်မှာတော့ ဒီဝါဒသုံးမျိုး အပြင် ဥစ္ဆေဒဝါဒနဲ့ ခတ္တဝိဇ္ဇာဝါဒ နှစ်မျိုးကို ထည့်ပြီး ငြင်းပယ်ထားပါတယ်။


နိယတိဝါဒ / ဣဿရနိမ္မိတဝါဒ

လူ့ဘဝဆိုတာ ရေးပြီးသား စာအုပ် တစ်အုပ်လိုပဲ ဘယ်သူနဲ့ ဖူးစာဆုံမယ်, ဘယ်အရွယ်မှာ ဘာဖြစ်မယ်, ဘယ်တော့ သေမယ် စသဖြင့် ဖြစ်ပျက်သမျှတွေက ကြိုတင်သတ်မှတ်ထားပြီးသား ဆိုတဲ့ အမြင်မျိုးကို ဒဿနမှာ Determinism လို့ ခေါ်ပါတယ်။ မူလသတ်မှတ်ချက် (နိယတိ - Destiny) လို့ လည်းခေါ်တယ်။ လူသားရဲ့ ကြမ္မာကို တန်ခိုးရှင် နတ်ဒေဝါတွေ, ဖန်ဆင်းရှင်တွေက အဆုံးအဖြတ်ပေးတယ်လို့ ယူဆတဲ့ အတွက် ဣဿရနိမ္မိတဝါဒ လို့လည်း ခေါ်ပါတယ်။ နတ်တွေ, ဝိဇ္ဇာတွေ, အထက်ပုဂ္ဂိုလ်တွေရဲ့ စောင်မမှုကို မျှော်လင့်နေတတ်တဲ့ အယူအစွဲတွေကလည်း ဣဿရနိမ္မိတဝါဒရဲ့ အစွယ်အပွားတွေပါပဲ။ အရာရာဟာ ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်နေမယ်ဆိုရင် ကြိုးစားအားထုတ်မှုတွေက အချည်းအနှီး ဖြစ်နေပါလိမ့်မယ်။ တနည်းအားဖြင့်လည်း ကိုယ်တိုင် ကြိုးစားအားထုတ်မှုထက် နတ်ဒေဝါတွေရဲ့ မှိုင်းမမှုကိုပဲ တောင်းခံ စောင့်စားနေကြပါလိမ့်မယ်။


ပုဗ္ဗေကတဟေတုဒိဋ္ဌိ

အချို့ကတော့လည်း ဖြစ်သမျှကို ရှေးအတိတ်ကံကိုပဲ ပုံချတတ်ကြပါတယ်။ ဘဝဆိုတာ ဝဋ်ကြွေးတွေဆပ်နေရတာ၊ ဖြစ်သမျှကို ခါးစည်းပြီးခံရမယ်လို့ ယူဆတတ်ကြတယ်။ ဒီလို ကံကြွေးဆပ်ပြီး ဝဋ်ကို ကုန်စေ, သန့်စင်စေတယ် ဆိုတာမျိုးက ဘုရားအလိုတော်ကျ ကမ္မဝါဒထက် (နိဂဏ္ဍတွေရဲ့) ဂျိန်းဝါဒနဲ့ ပိုနီးစပ်ပါတယ်။ အရာရာကို ရှေးကပြုခဲ့တဲ့ အကြောင်းကံတွေကြောင့်လို့ ပုံချတဲ့ ဝါဒကို ဗုဒ္ဓဘာသာမှာ ပုဗ္ဗေကတဟေတုဒိဋ္ဌိ လို့ သတ်မှတ်ပါတယ်။ ရောဂါ တစ်ခုရလာတယ်ဆိုရင် ဒါဟာ ရှေးကံကြောင့် ဖြစ်နိုင်သလို၊ လေ-သလိပ်-သည်းခြေ ဖောက်ပြန်တာ, ရာသီဥတု ဖောက်ပြန်တာ, ထိခိုက် ဒဏ်ရာရတာ စသဖြင့် အကြောင်းတရား အမျိုးမျိုး ရှိနေနိုင်တာကြောင့် အတိတ်ကံကိုချည်း ပုံချလို့ မရပါဘူး။


အဟေတုကဝါဒ

အချို့ကတော့လည်း လူ့ဘဝဆိုတာ ကြိုတင်ပြဋ္ဌာန်ထားတာမျိုး မဟုတ်ဘူး။ အကြောင်းရင်းမြစ် မရှိဘဲ ကြုံကြိုက်တိုက်ဆိုင်မှု (သင်္ဂတိ - accidental occurrence) တွေသာ ဖြစ်တယ်လို့ ယူဆကြတယ်။ အရာရာဟာ သူ့သဘာဝအလျောက် ကြုံရာကြပမ်းဖြစ်နေမယ် ဆိုရင် ကောင်းမှုတွေကို ကြိုစားအားထုတ်နေလည်း အပိုပဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အကြောင်းမဲ့ ဖြစ်တယ်ဆိုတဲ့ အဟေတုကဝါဒ (တနည်း အဓိစ္စသမုပ္ပန္နဝါဒ) ကို မြတ်စွာဘုရားက ငြင်းပယ်ပြီး၊ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒတရားကို ဟောပါတယ်။


အကိရိယဝါဒ

ကောင်းခြင်း, ဆိုးခြင်းဆိုတာတွေက ကာလ, ဒေသ, အခြေအနေပေါ် လိုက်ပြီး သတ်မှတ်ထားတဲ့ ပညတ်ချက်တွေသာ ဖြစ်တယ်၊ သူ့ဖက်က ကြည့်ရင် မှန်ပေမယ့် ကိုယ်ဖက်က ကြည့်ရင် မှားနေနိုင်တယ် စသဖြင့် ယူဆတဲ့ ပညတ်ဂိုဏ်းသား (moral relativists) တွေကလည်း ကောင်းဆိုး အကုသိုလ်တွေကို ငြင်းပယ်ရာ ရောက်ပါတယ်။ အချို့ ပရမတ်လွန်သမားတွေကလည်း ပရမတ်တရားတွေကသာ အစစ်မှန် ဖြစ်တယ်၊ လူ, တိရစ္ဆာန်, မိဘ, သားသမီးဆိုတာတွေ မရှိဘူးလို့ သမုတိသစ္စာကို ငြင်းပယ်ပြီး “လူသတ်တယ်၊ အရက်သောက်တယ် ဆိုတာ မရှိဘူးလို့ ယူဆကြပြန်တယ်။ ဒီလို အယူအဆတွေက ကောင်းမှု, မကောင်းမှုကံတွေကို ပစ်ပယ်ရာရောက်ပြီး ဒါန ပြုတာ, သီလ ဆောက်တည်တာတွေက အဓိပ္ပါယ် မရှိဘူးလို့ ယူဆတဲ့အတွက် အကိရိယဝါဒလို့ ခေါ်ပါတယ်။


ဥစ္ဆေဒဝါဒ

တချို့ ရုပ်ဝါဒီ, မျက်မှောက်ဝါဒီတွေကတော့ “လူဆိုတာ ရုပ်တရားတွေနဲ့ ဖွဲ့စည်းထားတာ။ သေလို့ ရှိရင် ခန္ဓာကိုယ်က ပျက်စီးပြီး မြေကြီး ဖြစ်သွားမယ်, မော်လီကျူးတွေ, အက်တမ်တွေ ပြန်ဖြစ်ပြီး အဆုံးသတ်သွားမယ်။ တမလွန် လောက ဆိုတာ မရှိဘူး, အတိတ်ဘဝ ဆိုတာ မရှိဘူး, ငရဲ မရှိဘူး, နတ်ပြည် မရှိဘူး။ ကောင်းကျိုးဆိုးကျိုးတွေကို မျက်မှောက်ဘဝမှာသာ ခံစားရတယ်” လို့ ယူဆကြတယ်။ ဒီလို တမလွန်ကို ငြင်းပယ်တဲ့ ပြတ်စဲအယူဝါဒကို ဥစ္ဆေဒဝါဒ လို့ခေါ်တယ်။ ကုသိုလ်-အကုသိုလ် ကံတွေရဲ့ အကျိုးကို ပစ်ပယ်တဲ့ အတွက် နတ္ထိကဝါဒလို့ လည်းခေါ်ပါတယ်။


ခတ္တဝိဇ္ဇာဝါဒ


အချို့ကတော့လည်း ကိုယ့်အတွက် အကျိုးရှိမယ့် ကိစ္စဆိုရင် ဘာလုပ်လုပ် တရားတယ်လို့ ယူဆကြတယ်။ ကိုယ့်ရဲ့ ဩဇာအာဏာ ကြီးပွားရေးအတွက် ဆိုရင် မိဘ, သားမယားကိုတောင် သတ်သင့် သတ်ရမယ်၊ ဘယ်လို လုပ်တယ်ဆိုတဲ့ လုပ်ရပ်က အရေးမကြီးဘူး၊ ခရီးရောက်ဖို့ အလုပ်ဖြစ်ဖို့က ပိုပြီး ပဓာနကျတယ် (The end justifies the mean) လို့ ယူဆကြတယ်။ ဒီလိုအယူအဆမျိုးကို မဟာဗောဓိဇာတ်မှာ ခတ္တဝိဇ္ဇာဝါဒလို့ အမည်ပေးပြီး ကမ္မဝါဒရဲ့ ဆန့်ကျင်ဖက် စာရင်းမှာ ထည့်ပြထားတယ်။ ခတ္တဝိဇ္ဇာဆိုတာ မင်းသားတွေကို ဆုံးမတဲ့ ရာဇနီတိ ကျမ်းမျိုးတွေကို ခေါ်တာပါ။ The Prince လို့ အမည်ရတဲ့ ကျမ်းကို ရေးခဲ့တဲ့ Machiavelli ရဲ့ ဝါဒမျိုး၊ သေနတ်ပြောင်းဝမှာ အာဏာတည်တယ်ဆိုတဲ့ ဝါဒမျိုးနဲ့ နီးစပ်ပါတယ်။ ဒါကြောင့် ခတ္တဝိဇ္ဇာဝါဒကို အာဏာဝါဒ (Rule of Might), စစ်သားဝါဒ (rule of warriors), မက္ခိယာဗယ်လီဝါဒ (Machiavellianism) လို့ အချို့က ဘာသာပြန်ကြတယ်။ နိုင်ငံရေးသိပ္ပံမှာတော့ မက္ခိယာဗယ်လီဝါဒကို နိုင်ငံရေးသရုပ်မှန်ဝါဒ (Political Realism) လို့ ယူဆကောင်း ယူဆကြမယ်။ ကိုယ်ကျင့်တရားရှုထောင့်က ကြည့်ရင်တော့ လူမိုက်ဝါဒမျိုးပါပဲ။ ဒါကြောင့် မဟာဗောဓိဇာတ်မှာ ဒီဝါဒမျိုး ရှိတဲ့သူကို “ကိုယ့်ကိုယ်ကို ပညာရှိထင်နေတဲ့ လူမိုက်ကြီးတွေ” (ဗာလာ ပဏ္ဍိတမာနိနော) လို့ မှတ်ချက်ပေးထားတယ်။ အာဏာဆိုတဲ့ အကျိုးရလဒ်တစ်ခုကိုသာ ကြည့်ပြီး မိမိရဲ့ လုပ်ရပ် မှန်မမှန်ကို ဂရုမစိုက်တော့ဘူးဆိုရင် ဘာမဆိုလုပ်ရဲတဲ့ ဝါဒဖြစ်လို့ ကမ္မဿကတအမြင်နဲ့ ဆန့်ကျင့်တဲ့ မိစ္ဆာဝါဒ အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ကမ္မဿကတအမြင်ဆိုတာ အကြောင်း-အကျိုးကို ယုံကြည်ရုံသက်သက် မဟုတ်ဘဲ၊ အကြောင်း ကောင်းအောင် လုပ်ရမယ်, ကောင်းမှု-မကောင်းမှုဆိုတာ မိမိကိုယ်တိုင် ရွေးချယ်ပြုလုပ်တာဖြစ်လို့ ကိုယ်ပိုင်တယ်, ကိုယ်တာဝန်ယူရမယ် ဆိုတာကိုပါ နားလည်လက်ခံဖို့ လိုပါတယ်။


(၂၀၀၉-ခုနှစ်က ရေးခဲ့ဖူးတဲ့ ပို့စ်နှစ်ခုကို ပေါင်းပြီး ပြန်ရေးထားပါ။)


ဧရာ (မန္တလေး)

စာညွှန်း။
အံ.၃.၆၂၊ မဟာဝဂ်-တိတ္ထာယတနသုတ်
ဇာတက-၅၂၈၊ ပဏ္ဏာသနိပါတ်၊ မဟာဗောဓိဇာတ် (ဇာတကအမှတ် ၅၂၈)

Saturday, July 11, 2020

ကော်လိုရာဒိုကို လာပါ့ တကယ်ပျော်တယ်နော့

“ကချင်ပြည်ကို လာပါ့ တကယ်ပျော်တယ်နော့” ဆိုတဲ့ တေးသွားလေးက ဆိုလို့ ကလို့ ကောင်းလို့ လူတိုင်းလိုသိကြပါတယ်။ ကချင်ပြည်ကိုတော့ ကျွန်မ မရောက်ဖူးသေးပါဘူး။
ကျွန်မတို့ မန္တလေးက ဘေးအိမ်မှာ “ကိုလာလာ” ဆိုတဲ့ ကာရာအိုကေဆိုင်ရှိပါတယ်။ ကာရာအိုကေ မယ်လေးတွေက “ကိုလာလာ ကို လာပါ့ တကယ်ပျော်တယ်နော့” လို့ သူတို့ဆိုင် (အရက်) အရောင်းမြှင့်တင်ရေးအတွက် ဆိုလေ့ရှိတာကို အမြဲလို ကြားနေရပါတယ်။ ဆိုင်က ကလေးက ကျွန်မတို့ အိမ်မှာ ဖွင့်ထားတဲ့ မူကြိုမှာ တက်ပါတယ်။ မူကြိုမှာ ကလေးက “ကိုလာလာ ကို လာပါ့ တကယ်ပျော်တယ်နော့” တေးသွားလေး တညည်းညည်းနဲ့ ပေါ့။ ကျောင်းဆင်းလို့ အိမ်ပြန်ချိန် နှုတ်ဆက်ပြီ ဆိုရင် “ဆရာမ မီးမီးတို့ဆိုင်ကို လာလည်နော်” လို့ တတွတ်တွတ် မှာရှာပါတယ်။ လာကြိုသူ အဖေက “ဟာ ဆရာမ လာလို့မရဘူး မီးမီးရဲ့” လို့ သာ ပြောနိုင်ပြီး၊ ဖေဖေရော ဆရာမများပါ ဘာမှ ဆက်မပြောတတ်ကြတော့ပါဘူး။
ပြောချင်တာက ကော်လိုရာဒိုမှာ သဘာဝတောတောင် ရှုခင်းတွေက ကျွန်မကို ဖမ်းစားတိုင်း "ကော်လိုရာဒိုကို လာပါ့ တကယ်ပျော်တယ်နော့” လို့ ရင်ထဲက ဆိုညည်းမိတာပါ။ ကော်လိုရာဒိုကို ရောက်ကာစက တောင်ကြီးတွေက ရာသီဥတု အခြေအနေကို လိုက်ပြီး အရောင် ပြောင်းတတ်ကြောင်း စာတစ်ပုဒ် ရေးခဲ့ဖူးတာက လွဲပြီး၊ မှတ်တမ်းတွေ ဆက်မရေးဖြစ်တော့ပါဘူး။
မဟာသမယသုတ်တော် မှာ အဓိက ဇာတ်ကောင်များဖြစ်တဲ့ သာကီဝင် မင်းသား ၅၀၀ ဟာ သာသနာ့ဘောင်ကို ဝင်လာကာစမှာ မပျော်ပိုက်ပဲ အိမ်ကိုချည်း စိတ်ရောက်နေလို့၊ မြတ်စွာဘုရားက ဟိမဝန္တာတောင်ကို ခေါ်သွားပြီး ဦးစွာစိတ်နှလုံးတွေကို အေးငြိမ်းစေတယ် လို့ မှတ်သားဖူးပါတယ်။ တည်ငြိမ်တဲ့ စိတ်နှလုံးနဲ့မှ မြတ်စွာဘုရားဟောတဲ့ တရားကို နှလုံးသွင်း၊ ဆက်လက် ကျင့်ကြံအားထုတ်နိုင်မှာမို့ပါ။ လူအများပြောစမှတ်တွင်ရတဲ့ “ဟိမဝန္တာ ချီးမွမ်းခန်း” ဆိုတဲ့ စကားစုလေးလို၊ တောတောင်ရေမြေ သဘာဝ အလှတရားတွေက ဘယ်ပန်းချီရေးလို့ မမီ၊ ညွှန်းစာဖွဲ့လို့ မမီ မဟုတ်ပါလား။
အတွင်းအဇ္ဈတ္တက အပြင်ဗဟိတ္တကို ရင်ဆိုင် တုန့်ပြန်ရာမှာ ရှိခဲ့ဖူးတဲ့ အတွေ့အကြုံတွေအလိုက် တုန့်ပြန်လေ့ရှိကြတယ်တဲ့။ ကျွန်မမှာတော့ အတိတ်ဘဝက အလေ့အထုံတွေကို ခဏထားဦး၊ ငယ်ဘဝရယ်၊ Landscape ကုမ္ပဏီမှာ ပုံဆွဲလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံရယ်၊ Soil Investigation ကုမ္ပဏီမှာ Geologist တွေရဲ့ Report data တွေကို စီကာစဉ်ကာ ပြင်ဆင်ပေးခဲ့ရတဲ့ အတွေ့အကြုံတွေရယ်နဲ့ ကော်လိုရာဒိုကို ရင်ဆိုင်နေမိတာပါပဲ။
ကျွန်မတို့ ငယ်ငယ် မိဘအိမ်က ကုန်သည်ပွဲစား အလုပ်အကိုင်ကြောင့် မိသားစုဝင်တွေအပြင် အလုပ်သမားတွေ၊ အိမ်အကူတွေနဲ့ လူများပါတယ်။ လူအများနဲ့ ဆက်ဆံရေးမှာ ကျွန်မက ဂုဏ်မောက်တယ်လို့ ကွယ်ရာမှာ တီးတိုးစကား ဆိုလေ့ရှိကြတယ်။ တစ်ခါတော့ အလုပ်သမားတစ်ယောက်ကို “အဆင့်အတန်းဆိုတာ ရှိတယ်ဟေ့” လို့ ပြောလိုက်ချိန်မှာ အပြောခံရသူရော၊ ဘေးက ကြားလိုက်တဲ့ အိမ်အကူအပေါင်းပါ မျက်စိမျက်နှာ ပျက်ကြတဲ့ မြင်ကွင်းကို မှတ်မိနေပါတယ်။ “တရားကို သိမြင်ရာမှာ သောတပန်၊ သကဒါဂမ်၊ အနာဂမ်၊ ရဟန္တာ ရယ်လို့ အဆင့်တွေ ရှိတယ်၊ အဲ့သည့် အဆင့်အတန်းကို ပြောတာ” လို့ ဆက်ပြောလိုက်မှ ဟင်းချသွားတဲ့ သူတို့ မျက်နှာ အမူအယာတွေကိုပါ မှတ်မှတ်ထင်ထင်ရှိနေခဲ့တယ်။ အလွှာ အလွှာ အထပ် အထပ် ဖြစ်နေတဲ့ ကျောက်လွှာ အပြတ်ပြတ်နဲ့ တောင်ကျောတွေကို မြင်ရတိုင်း၊ အဲ့ဒီ အဆင့်အတန်း အဖြစ်အပျက်လေးကို သတိယမိစေတယ်။
သဘာဝအတိုင်းဖြစ်နေတဲ့ Landscape တွေကို လူတွေက အတုယူပြီး ကိုယ်လိုချင်တဲ့ နေရာမှာ လိုသလို ဖန်တီးယူကြတာပါ။ သဘာဝတရားက ဆရာကြီးပါ။ ဆရာကြီးဆီက မသင်ယူပဲနဲ့ ပန်းခြံထဲက မြက်ခင်းစိမ်းပေါ်မှာ ထိုင်ဖူးဖို့ဆိုတာ ဟိုးအဝေးကြီးမှ အဝေးကြီးရယ်။
စင်္ကာပူက သူဌေးတွေနေတဲ့ Bukit Timah ရပ်ကွက်က မြေကို drill hole တူးပြီး မြေစမ်းရင်၊ အခြားနေရာတွေနဲ့မတူ။ စင်္ကာပူ တစ်ကျွန်းလုံးမှာ သက်တမ်းအရင့်ဆုံး အကောင်းစား ကျောက်သားမြေ ဂရိုင်းနိုက် Granite တွေချည်းသာ တွေ့ဖန်များတော့၊ ကြားဖူးတဲ့ ဒဏ္ဍာရီထဲက သူဌေးကြီးတွေရဲ့ မြေပေါ် မြေအောက် ပိုင်ဆိုင်မှုတွေ အကြောင်းနဲ့ ဆက်စပ်တွေးပြီး၊ သူဌေးတွေမို့ Granite ပေါ်နေကြတာလား၊ သူဌေးတွေနေဖို့ Granite တွေ ဖြစ်နေတာလား။ မြေဆီတွေခမ်း၊ အဖိုးတန် သယံဇာတတွေ မြေအောက်နစ်သထက်နစ်ဝင် ဆိုတဲ့ သက်မဲ့ ကမ္ဘာလောကကြီးရဲ့ သက်ရှိ သတ္တဝါတွေနဲ့ စိတ်ဝင်စားစရာ ဆက်စပ်နေမှုတွေ။ ကိုယ့်ဉာဏ်မမီသမျှ ဓာတ်ကြီးလေးပါးမှာ အတွေးရပ်၊ တရစပ် ပြောင်းလဲနေတာမှာ သတိကပ်လိုက်တဲ့ အခိုက်အတန့်တွေ။
တရားစကားတွေ ပြောလှချည့်လားလို့ အထင်တော့မကြီးလိုက်ပါနဲ့ဦး။ လူဆိုတာ သူ့စိတ်ဝင်စားမှုနဲ့သူ၊ သူ့သဘာဝနဲ့သူ ရယ်ပါနော်။
“တိရစ္ဆာန်တွေကို ရွေ့လျားလို့ရတဲ့ သစ်ပင်တွေ...”လို့ ကျွန်မ အမျိုးသားက ဆိုရင်၊ “တောင်တွေကတော့ ရွေ့လျားလို့ မရတဲ့ မျက်နှာတွေလား” လို့ မေးချင်မိတယ်။ ကံကြောင့် ကျွန်မတို့တွေရဲ့ ရုပ်သွင်တွေ ကွဲပြားကြသလို၊ ရွှေထွက်တဲ့ တောင်က ရွှေဝါရောင် အဆင်းရှိပြီး၊ ကြေးနီတောင်က တကယ်ကို အနီရောင်ကြီးရှင့်။ ကျွန်မတို့တတွေ စိတ်ကောင်းဝင်နေချိန်ဆို မျက်နှာလေးတွေက ဝင်းပနေတတ်သလို၊ ရာသီဥတု သာယာနေချိန် နေရောင်ကလည်း ထောင့် မှန်မှန်ကန်ကန်ကများ ပေးလိုက်ပြီဆိုရင် မျက်ခွံလေးပေါ်မှာ Eye shadow လေးနဲ့ ပါးမို့လေးမှာ ပါးနီလေး ဖျော့ဖျော့တင်လို့ နှုတ်ခမ်းသွေး ပြေပြေဆိုးထားတဲ့ တောင်တွေကို မြင်နိုင်ပါတယ်လေ။
(ကော်လိုရာဒိုမှ လှတာမဟုတ်ပါနော်။ ဟိုးကချင်ပြည်က စ လို့၊ 'က' မှ 'အ' ထိ အလှကိုယ်စီရှိပါသည်။
လာလည်မယ်ဆိုတဲ့ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းတွေအတွက် အားထည့်၍ ရေးသည်။)


Saturday, March 21, 2020

ကမ္ဘာ့ခေါင်းဆောင် ကင်းမဲ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ပွဲ


လူအတော်များများက ဂလိုဗယ်လိုက်ဇေးရှင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီး ဖြစ်ရတယ်လို့ အပြစ်ပုံချကြပါတယ်။ ဒီလို ကပ်ရောဂါမျိုးတွေ ထပ်မကြုံဖို့အတွက် တံတိုင်းတွေ ခတ်ရမယ်၊ ခရီးသွားလာခွင့်တွေကို ပိတ်ပစ်ရမယ်၊ ကုန်သွယ်ရေးတွေကို လျော့ချပစ်ရမယ်၊ ကမ္ဘာကြီးက နိုင်ငံတွေ အချင်းချင်း ကူးလူးဆက်ဆံ အမှီသဟဲပြုနေကြတဲ့ ဂလိုဗယ်လိုက်ဇေးရှင်းကို လျော့ချရမယ်၊ ဒီနည်းလမ်းတွေပဲ ရှိတယ်လို့ ပြောကြပါတယ်။ ကူးစက်ရောဂါတွေ မပြန့်ပွားဖို့အတွက် ရောဂါရှိနိုင်သူတွေကို ရည်တိုအားဖြင့် သီးခြားခွဲပြီး ခြေချုပ်ချထားတာက မရှိမဖြစ် လိုအပ်တာ မှန်ပါတယ်။ ဒါပေမယ့် ရည်ရှည် တံခါးပိတ်ဝါဒကို ကျင့်သုံးတာကတော့ ကူးစက်ရောဂါတွေကို တကယ်တမ်း ကာကွယ်နိုင်မှာ မဟုတ်ဘဲ၊ စီးပွားရေး ပြိုလဲပျက်စီးမှုဆီကိုသာ ဦးတည်စေပါလိမ့်မယ်။ ကူးစက်ရောဂါကို ဟန့်တားနိုင်မယ့် နည်းလမ်းအစစ်က “ခွဲခြားဆက်ဆံမှု မဟုတ်ပါဘူး၊ ပူးပေါင်းဆောင်ရွက်မှုပါ”။

No photo description available.
ဒီနေ့လို ဂလိုဗယ်လိုက်ဇေးရှင်းခေတ် မရောက်မီ ရှေးယခင်ကတည်းက ကူးစက်ရောဂါကပ်ဘေးကြောင့် လူတွေ သန်းနဲ့ ချီပြီး ဆုံးပါးခဲ့ရဖူးပါတယ်။ လေယာဉ် သင်္ဘောတွေ မပေါ်သေးတဲ့ ၁၄-ရာစုမှာ အရှေ့အာရှမှာ ဖြစ်ခဲ့တဲ့ (အသားအရေ‌တွေ တစ်ကိုယ်လုံး မည်းပြီး သေဆုံးတဲ့) Black Death ပလိပ်ကပ်ရောဂါက ဆယ်နှစ် သာသာ အတွင်းမှာ ဥရောပ အနောက်ပိုင်းအထိ ပျံ့နှံခဲ့ပြီး လူပေါင်း ၇၅ သန်းကနေ သန်းနှစ်ရာလောက် အထိ (အာရှနဲ့ ဥရောပတိုက် လူဦးရေရဲ့ လေးပုံတစ်ပုံလောက်) သေကြေပျက်စီးခဲ့ရတယ်။ အင်္ဂလန်မှာ လူဆယ်ယောက်ကို လေးယောက်လောက် သေခဲ့ကြတယ်။ ဖလောရင့်မြို့မှာ မြို့နေလူဦးရေ တစ်သိန်းအနက်က ထက်ဝက်ပမာဏ ဆုံးပါးခဲ့ရတယ်။

၁၅၂၀-ခုနှစ် မတ်လမှာ ကျောက်ရောဂါရှိတဲ့ သူတစ်ဦး မက္ကဆီကိုနိုင်ငံကို ရောက်လာခဲ့တယ်။ အဲဒီခေတ်က အလယ်ပိုင်းအမေရိကမှာ ရထား, ဘတ်စ်ကား တွေ, မရှိသေးဘူး။ ယုတ်စွအဆုံး မြည်းတောင် မရှိသေးဘူး။ ဒါပေမယ့် ဒီဇင်ဘာလမတိုင်ခင်မှာတင် ကျောက်ရောဂါက အလယ်ပိုင်းအမေရိက တစ်ခုလုံးကို ကူးစက်သွားပြီး၊ လူဦးရေရဲ့ သုံးပုံတစ်ပုံလောက် သေဆုံးခဲ့တယ်။

၁၉၁၈-ခုနှစ်မှာ တုတ်ကွေးရောဂါ တစ်မျိုးက လအနည်းငယ်အတွင်းမှာ ဝေးလံခေါင်ပါးတဲ့ ကမ္ဘာ့ ချောင်ခြိုချောင်ခြား နေရာတွေတောင် မကျန်အောင် ပျံ့နှံ့သွားခဲ့ဖူးတယ်။ လူသန်းပေါင်း ၅၀ (ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံလောက်) ကူးစက်ခံခဲ့ရတယ်။ အိန္ဒိယမှာ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းလောက် သေဆုံးခဲ့တယ်။ တဟီတီကျွန်းမှာဆိုရင် ၁၄ ရာခိုင်နှုန်း, ဆမိုဝါမှာ ၂၀ ရာခိုင်နှုန်းအထိ အသေအပျောက်ရှိခဲ့တယ်။ ဒီကပ်ဘေးကြီးကြောင့် အားလုံးပေါင်းရင် ဆယ်သန်းကနေ သန်းတစ်ရာလောက်အထိ တစ်နှစ်အတွင်းမှာ သေဆုံးခဲ့ရတယ်။ ဒီပမာဏက ပထမ ကမ္ဘာစစ်ပွဲကြောင့် လေးနှစ်ကာလအတွင်းမှာ သေဆုံးခဲ့ရတဲ့ ပမာဏထက် ပိုများတယ်။

တိုးပွားလာတဲ့ လူဦးရေနဲ့ ပိုမိုကောင်းမွန်လာတဲ့ သယ်ယူပို့ဆောင်ရေးတွေကြောင့် ၁၉၁၈-ခုနှစ်လွန် ရာစုနှစ်မှာ လူတွေက ကူးစက်ရောဂါတွေရဲ့ ဘေးဒဏ်ကို ပိုပြီးခံကြရတယ်။ တိုကျို, မက္ကဆီကိုမြို့စတဲ့ ဒီနေ့ခေတ် မြို့ပြကြီးတွေက အလယ်ခေတ် ဖလောရင့်မြို့ထက် အများကြီးပိုပြီး ရောဂါပိုးမွှားတွေကို ကူးစက်ပြန့်ပွားဖို့ အခွင့်အလမ်းရစေတယ်။ ဒီနေ့ခေတ် ကမ္ဘာ့သယ်ယူပို့ဆောင်ရေး ကွန်ယက်က ၁၉၁၈-ခုနှစ်ကထက် အဆများစွာ မြန် သွားပြီ။ ဗိုင်းရပ်စ်ပိုး တစ်ကောင်က ၂၄ နာရီအတွင်း ပဲရစ်ကနေ တိုကျို, မက္ကဆီကိုကို ရောက်သွားနိုင်တယ်။ ဒီတော့ သေမင်းတမန်ကပ်ကြီးတွေ တစ်ခုပြီး တစ်ခုဆိုက်နေတဲ့ ကူးစက်ငရဲဘုံမှာ နေနေကြရတယ်ဆိုတာ ကြိုတင် မျှော်မှန်းထားရမယ်။

ဒါပေမယ့်လည်း ကပ်ဘေးကြီးတွေ ဆိုက်တဲ့ အကြိမ်ပမာဏနဲ့ ဆိုးကျိုးသက်ရောက်မှုကတော့ အများကြီး သိသိသာသာ လျော့ကြသွားပြီ။ သိပ်ကြောက်ဖို့ကောင်းတဲ့ AIDS နဲ့ အီဗိုလာ ကူးစက်မှုမျိုးတွေ ရှိနေပေမယ့်၊ ကျောက်ခေတ်ကစပြီး ဒီနေ့မတိုင်မီထိ ကာလမှာ ကပ်ရောဂါကြောင့် သေဆုံးရတဲ့ ပမာဏက အများကြီး နည်းသွားပါပြီ။ ဒါက လူသားတွေကို ပိုးမွှားရန်ကနေ အကောင်းဆုံး ကာကွယ်ပေးနေတာက သီးသန့်ခွဲခြားနေထိုင်တာ မဟုတ်ဘဲ၊ ပိုးမွှားတွေ အကြောင်း သတင်းအချက်အလက်တွေကြောင့်ပါ။ ဆရာဝန်တွေနဲ့ လူသားတွေက အနိုင်ရနေတဲ့ ပိုးမွှားတွေရဲ့ တိုက်ပွဲမှာ ဉာဏ်မျက်စိကင်းတဲ့ ပိုးမွှားတွေက ကိုယ်ယောင်ပြောင်းမှု လက်နက်ကို အားကိုးပြီး ဆရာဝန်တွေကတော့ သတင်းအချက်အလက်တွေကို သိပ္ပံနည်းကျ ခွဲခြမ်းလေ့လာမှုကို အားကိုးအားထားပြုပါတယ်။

ပိုးမွှားတွေကို အနိုင်ယူခဲ့တဲ့ တိုက်ပွဲ

၁၄-ရာစုမှာ Black Death ကပ်ရောဂါဆိုက်တော့ လူတွေက အကြောင်းရင်းကိုရော, ဘာလုပ်ကြရမယ်ဆိုတာကိုပါ မသိကြပါဘူး။ မတိုးတက်သေးမီ ခေတ်ကအထိ ကပ်ဆိုက်ရတဲ့ အကြောင်းကို အမျက်ထွက်နေတဲ့ နတ်တွေ, မကောင်းဆိုးဝါးတွေနဲ့ မသန့်ရှင်းတဲ့ လေတွေ ကြောင့်လို့ အပြစ်ပုံချကြပေမယ့် ဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယား ပိုးမွှားတွေ ရှိနေမှန်းကိုတောင် မသိကြပါဘူး။ နတ်ဒေဝါတွေကို ယုံကြည်နေခဲ့ကြပေမယ့် ရေတစ်စက်အတွင်းမှာ သေမင်းတမန်ရဲ့ တပ်ကြီးရှိနေတာကို မမှန်းဆနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ကပ်ရောဂါ တစ်ခု ဆိုက်ပြီဆိုရင်၊ အာဏာပိုင်တွေ အကောင်းဆုံး လုပ်နိုင်တာက လူတွေစုပြီး နတ်ဘုရားနဲ့ သူတော်စင်တွေထံမှာ ဆုတောင်းကြတာပါပဲ။ ဒါက ဘာမှ မတတ်နိုင်ပါဘူး။ ဒီလို လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းပွဲတွေကြောင့် အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုတွေတောင် ဖြစ်စေပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းမှာ ကမ္ဘာတလွှားက သိပ္ပံပညာရှင်တွေ, ဆရာဝန်တွေ, သူနာပြုတွေ ပူးပေါင်းပြီး အချက်အလက်တွေကို စုဆောင်း၊ ကူးစက်ရောဂါရဲ့ သဘော သဘာဝကို နားလည်အောင် လေ့လာပြီး၊ ဘယ်လို နှိမ်နင်းကုသရမယ် ဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေကြပါတယ်။ ရောဂါ အသစ်အဆန်းတွေ ဘာကြောင့်, ဘယ်လို ဖြစ်ပေါ်လာတယ်၊ ရောဂါဟောင်းတွေက ဘာကြောင့် ပိုပြီး ကြမ်းလာရတယ်ဆိုတာတွေကို Theory of Evolution က ရှင်းပြနိုင်ခဲ့တယ်။ ရောဂါပိုးမွှားတွေ ဘယ်လို ရှင်သန် ပြန့်ပွားနေသလဲဆိုတဲ့ လျို့ဝှက်ချက်ကို မျိုးဗီဇပညာရပ်ကြောင့် ထောက်လှမ်းနိုင်ခဲ့ကြတယ်။ အလယ်ခေတ်က လူတွေက ဘာကြောင့် Black Death ရောဂါ ဖြစ်ရသလဲဆိုတာကို မသိခဲ့ကြပေမယ့်၊ သိပ္ပံပညာရှင်တွေကတော့ ရက်သတ္တ နှစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်ပိုးသစ်ကို မျိုးဗီဇအချက်အလက်တွေနဲ့ တကွ ရှာဖွေတွေ့ရှိနိုင်ခဲ့တယ်။ ရောဂါကူးစက်မှု ရှိမရှိ ဆိုတာကို အသေအချာ စမ်းသပ် သိရှိနိုင်မယ့် နည်းလမ်းနဲ့ ကိရိယာတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေက ရောဂါရဲ့ အကြောင်းရင်းကို သိရှိနားလည်ပြီ ဆိုရင်၊ ရောဂါကို တိုက်ဖျက်ဖို့ အတွက် အများကြီး လွယ်ကူသွားပါပြီ။ ကာကွယ်ဆေးတွေ, ဘက်တီးရီယား ပိုးသတ်ဆေးတွေ, အဆင့်မြင့် တကိုယ်ရည် သန့်စင်ရေးတွေ, ပိုပြီးကောင်းမွန်တဲ့ ကျန်းမာရေး အခြေခံ အဆောက်အအုံတွေက လူသားကို မမြင်နိုင်တဲ့ ပိုးမွှားတွေရဲ့ အထင်စီးနေရာမှာ ရစေပါတယ်။ ၁၉၆၇-ခုနှစ်မှာ ကျောက်ရောဂါက လူ ၁၅-သန်းကို ကူးစက်ခဲ့ပြီး၊ အဲဒီထဲက လူ နှစ်သန်းကို သေစေခဲ့တယ် ဆိုပေမယ့်၊ နောက်ဆယ်စုနှစ်မှာ တကမ္ဘာလုံးဆိုင်ရာ ကျောက်ရောဂါ ကာကွယ်ဆေးထိုးတဲ့ စီမံချက်ကို အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၇၉-ခုနှစ်မှာ လူသားက ကျောက်ရောဂါကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပါတယ်။ ၂၀၁၉-ခုနှစ်မှ ကျောက်ရောဂါ ကူးစက်တဲ့သူ, ရောဂါကြောင့် သေတဲ့သူရယ်လို့ တစ်ယောက်မှ မရှိတော့ပါဘူး။

နယ်စပ်လုံခြုံရေး

အခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်အတွက် သမိုင်းသင်ခန်းစာက ဘာတွေလဲ ...?

ပထမအချက်ကတော့ နယ်စပ်တွေကို ထာဝရ ပိတ်လိုက်ရုံနဲ့ ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ဂလိုဗယ်လိုက်ဇေးရှင် ခေတ်မတိုင်မီ အလယ်ခေတ်ကတည်းက ကူးစက်ရောဂါတွေက အလျှင်အမြန် ပျံ့နှံ့နိုင်တယ် ဆိုတာကို သတိရကြပါလိမ့်မယ်။ ဒါကြောင့် ၁၃၄၈-ခုနှစ်တုန်းက အင်္ဂလန်နိုင်ငံက ပိတ်ဆို့သလို ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်ရုံနဲ့တော့ လုံလောက်မှာ မဟုတ်ပါဘူး။ တကယ်တမ်း သီးခြားခွဲထွက်ပြီး ရောဂါကို ကာကွယ်မယ်ဆိုရင်တော့ အလယ်ခေတ်ကလောက် နည်းနဲ့ မရဘဲ၊ ကျောက်ခေတ်ကလောက်ထိ ပြန်သွားမှ ရနိုင်မှာပါ။ ဒီလို တကယ် လုပ်နိုင်ပါ့မလား။

သမိုင်းကရတဲ့ ဒုတိယ သင်ခန်းစာကတော့ အထောက်အထား ခိုင်လုံတဲ့ သိပ္ပံနည်းကျ သတင်းအချက်အလက်များကို မျှဝေခြင်းနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုကသာ ကာကွယ်မှု အစစ်ကို ပေးနိုင်တယ် ဆိုတာပါပဲ။ နိုင်ငံ တစ်နိုင်ငံမှာ ကပ်ရောဂါဆိုက်နေပြီ ဆိုရင် စီးပွားရေး အကျပ်အတည်းကြုံမှာကို တွေးကြောက် မနေဘဲ ရောဂါပြန့်ပွားမှုနဲ့ ဆိုင်တဲ့ သတင်း အချက်အလက်တွေကို ရိုးသားပွင့်လင်းစွာ မျှဝေကြရပါမယ်။ အခြားနိုင်ငံတွေကလည်း ဒီသတင်း အချက်အလက်တွေကို စိတ်ချ ယုံကြည်ပြီး၊ ဘေးဒဏ်ခံနေရတဲ့ တိုင်းပြည်ကို ကြဉ်မထားဘဲ လက်ကမ်း ကူညီရမှာ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် တရုတ်က ကမ္ဘာကို ကိုရိုနာဗိုင်းရပ် အကြောင်း အရေးပါတဲ့ သင်ခန်းစာတွေ အများကြီးပေး နိုင်မှာပါ။ ဒါပေမယ့် နိုင်ငံတကာရဲ့ မြင့်မားတဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းပါဝင်မှုတွေတော့ လိုအပ်ပါတယ်။

သံသယရှိသူတွေကို သီးခြားခွဲပြီး ခြေချုပ်ချထားတာတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အတွက်လည်း နိုင်ငံတကာပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။ လူတွေကို သီးခြားခွဲပြီး ခြေချုပ်ချထားတာ, မြို့ကြီးတွေမှာ အဝင်အထွက် အသွားအလာ ပိတ်ချလိုက်တာတွေက ရောဂါပြန့်ပွားမှုကို ရပ်တန့်သွားစေဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမယ့်လည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အယုံအကြည်ကင်းမဲ့နေပြီး ကိုယ့်နိုင်ငံအတွက်သာ ကြည့်ကြမယ်ဆိုရင် အစိုးရတွေက ဒီလိုကိစ္စမျိုးကို အရေးပေါ်အဆင့်အထိ ဆောင်ရွက်ဖို့အတွက် ဝန်လေးနေတတ်ကြပါတယ်။ ကိုယ့်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ကူးစက်တဲ့ လူနာ ၁၀၀ တွေ့တယ်ဆိုရင် အဲဒီမြို့ကို ပိတ်ပစ်ချင်ပါ့မလား။ ဒါက တစ်ခြားနိုင်ငံတွေကနေ ကိုယ့်ကို ဘယ်လို တုန့်ပြန်မလဲ ဆိုတဲ့ အပေါ်မှာ တည်နေပါတယ်။ မြို့ကြီးတွေကို ပိတ်ချလိုက်ရင် စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်ရပါမယ်။ အကယ်၍ အခြားနိုင်ငံတွေက ကိုယ့်နိုင်ငံကို ဝိုင်းကူညီကြမယ်ဆိုရင်တော့ ဒီလိုအဆင့်မျိုးကို ဆောင်ရွက်ကြမှာပါ။ အကယ်၍ အခြားနိုင်ငံတွေက ကိုယ့်နိုင်ငံကို ဝိုင်းကြဉ်လိုက်ကြမယ်ဆိုရင်တော့ သိပ်နောက်ကျသွားသည်အထိ အချိန်ဆွဲနေပါလိမ့်မယ်။

နိုင်ငံတစ် နိုင်ငံမှာ ကပ်ရောဂါ ဆိုက်လာပြီဆိုရင် လူသားမျိုးနွယ်တစ်ခုလုံးကို အန္တရာယ်ပြုနိုင်တယ်ဆိုတာက လူတိုင်း နားလည်ထားသင့်တဲ့ အရေးအကြီးဆုံး အချက်ပါ။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်ပိုးကလည်း တိုးတက်ပြောင်းလဲလာတတ်လို့ပါ။ ကိုရိုနာလို ဗိုင်းရပ်ပိုးတွေက လင်းနို့ စတဲ့ တိရိစ္ဆာန်တွေမှာ စတင် ပေါက်ပွားပါတယ်။ တိရစ္ဆာန်တွေဆီကနေ လူတွေကို ကူးလာစမှာ သူတို့ဟာ လူခန္ဓာကိုယ်မှာ ရှင်သန်ပေါက်ပွားဖို့အတွက် သိပ်အဆင်မပြေသေးပါဘူး။ လူ့ခန္ဓာကိုယ်ထဲမှာ မျိုးပွားရင်း ဗိုင်းရပ်ပိုးတွေက မျိုးဗီဇပြောင်းလဲမှုတွေ ဖြစ်ပေါ်ပါတယ်။ အများစုကတော့ အန္တရာယ် သိပ်မရှိလှပါဘူး။ ဒီလို မျိုးဗီဇပြောင်းလဲလာရင်း လူ့ကိုယ်ခံအားစနစ်ကို အံတုလာနိုင်တဲ့ တချိန်မှာတော့ သူတို့က ပိုပြီး အစွမ်းထက်လာပြီး လူတွေထဲကို အလျှင်အမြန် ကူးစက်နိုင်လာပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကုဋေနဲ့ ချီတဲ့ ဗိုင်းရပ်ပိုးတွေ ရှင်သန်နေထိုင်နိုင်ပြီး သူတို့တွေကလည်း တရစပ် ပွားနေကြပါတယ်။ ဒီအထဲက ဗိုင်းရပ် တစ်ကောင်ကောင်က လူ့ကိုယ်ခံအားစနစ်ကို အံတုနိုင်တဲ့ မျိုးဗီဇအပြောင်းအလဲမျိုး လုပ်နိုင်ခဲ့မယ်ဆိုရင် ဒီပိုးက ကူးစက်နိုင်တဲ့ ပိုးဖြစ်သွားပါပြီ။ ဒါကြောင့် လူတိုင်းက ကုဋေနဲ့ ချီတဲ့ ဗိုင်းရပ်စ်ပိုးတွေကို မဲလက်မှတ်တွေ ထုတ်ပေးထားတဲ့ လောင်းကစားရုံကြီးတွေနဲ့ တူပါတယ်။ ဗိုင်းရပ်ပိုး တစ်မျိုး ရပ်တည်ရှင်သန်ဖို့ အတွက် ပေါက်မဲ တစ်စောင်ရဖို့ပဲ လိုပါတယ်။

ဒါက မှန်းဆချက်သက်သက် မဟုတ်ပါဘူး။ ၂၀၁၄ မှာ ဖြစ်ခဲ့တဲ့ အီဗိုလာကပ်ရောဂါမှာ ဒီအတိုင်း ဖြစ်သွားခဲ့တာကို Richard Preston ရဲ့ Crisis in the Red Zone စာအုပ်မှာ ဖော်ပြထားပါတယ်။ အီဗိုလာဗိုင်းရပ်ပိုးတွေက လင်းနို့ငှက်ကနေ လူ တစ်ယောက်ဆီကို ကူးလာရာက စပါတယ်။ ဗိုင်းရပ်ပိုးတွေက လူကို အသည်းအသန် ဖျားနာစေပေမယ့်၊ လူ့ခန္ဓာကိုယ်မှာထက် လင်းနို့ရဲ့ ကိုယ်မှာ ရှင်သန်နေထိုင်ဖို့အတွက် ပိုပြီး အဆင်ပြေပါတယ်။ အီဗိုလာကို ဖြစ်တောင့် ဖြစ်ခဲ ရောဂါကနေ ကပ်ရောဂါ အဆင့်ဖြစ်စေခဲ့တာကတော့ အနောက်အာဖရိက မာကိုနာ ဆိုတဲ့ နယ်က လူတစ်ယောက်ဆီကို ကူးစက်ခဲ့တဲ့ ပိုးကနေ မျိုးဗီဇပြောင်းလဲသွားရာက စခဲ့တာပါ။ မာကိုနာမျိုးကွဲလို့ နာမည်ပေးထားတဲ့ အီဗိုလာဗိုင်းရပ် မျိုးကွဲက လူ့ရဲ့ ခန္ဓာကိုယ်က ကိုလက်စထရော သယ်ယူပို့ဆောင်တဲ့ စနစ်ကို အခွင့်ကောင်း ယူလိုက်ပါတယ်။ ကိုလက်စထရော သယ်ယူပို့ဆောင်တဲ့ ဆဲလ်တွေက ကိုလက်စထရောအစား အီဗိုလာဗိုင်းရပ်ကို သယ်ယူပို့ဆောင်ပေးပါတယ်။ ဒီမာကိုနာမျိုးသစ်က လေးဆလောက်ပိုပြီး လူတွေကို ကူးစက်နိုင်ပါတယ်။

အခုလည်း တီဟီရန်, မီလန်, ဝူဟန်မြို့က လူတချို့ဆီကို ကူးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် တစ်ကောင်ကောင်က အထက်ကပြောခဲ့သလို မျိုးဗီဇပြောင်းလဲသွားခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် အီရန်တွေ, အီတလီတွေ, တရုတ်တွေ အတွက်သာ အန္တရာယ် မဟုတ်ပါဘူး။ လူတိုင်းရဲ့ အသက်ဘေးနဲ့ ဆိုင်နေပါတယ်။ ကိုရိုနာဗိုင်းရပ်ကို ဒီလို အခွင့်အရေးမျိုး မပေးလိုက်ဖို့ ဆိုတဲ့ သေရေးရှင်ရေး ကိစ္စက တကမ္ဘာလုံးက လူတွေနဲ့ ဆိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းက လူတိုင်းကို ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။
၁၉၇၀-ခုလွန် နှစ်တွေတုန်းက လူတွေက ကျောက်ရောဂါကို အနိုင်တိုက်ခဲ့တယ်ဆိုတာက နိုင်ငံတိုင်းက လူတိုင်း ကာကွယ်ဆေး ထိုးခဲ့ကြလို့ပါ။ တကယ်လို့ နိုင်ငံ တစ်နိုင်ငံက ကာကွယ်ဆေးထိုးဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင်၊ လူသားမျိုးနွယ် တခုလုံးအတွက် အန္တရာယ် ဖြစ်စေပါတယ်။ ဒီဗိုင်းရပ်ပိုးက တစ်နေရာရာမှာ ရှင်သန်ပြီး မျိုးဗီဇပြောင်းလဲနေခဲ့မယ်ရင် တချိန်ချိန်မှာ နေရာတိုင်းကို ပျံ့နှံ့ကူးစက် သွားပါလိမ့်မယ်။

ဗိုင်းရပ်စ်ပိုးကို တိုက်ခိုက်ဖို့ အတွက် လူတွေက နယ်စပ်တွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ရပါလိမ့်မယ်။ နိုင်ငံတွေရဲ့ နယ်စပ်တော့ မဟုတ်ပါဘူး။ လူနဲ့ ဗိုင်းရပ်စ်ပိုးတို့ရဲ့ နယ်စပ်ကို စောင့်ကြပ်ရမှာပါ။ ကမ္ဘာကြီးက မရေတွက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေနဲ့ သဟဇာတဖြစ်နေပြီး မျိုးဗီဇပြောင်းလဲမှုတွေကြောင့် ဗိုင်းရပ်စ်ပိုး အသစ်တွေကလည်း တရစပ် ဖြစ်ပေါ်နေတယ်။ လူသားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို ခြားထားတဲ့ စည်းက လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်တွေထဲကနေ ဖြတ်ပြီး ဆွဲထားတာပါ။ အကယ်၍များ အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ် တစ်ကောင်ကောင်က ကမ္ဘာကြီးရဲ့ တစ်နေရာရာက စည်းကို ချိုးဖောက် ဖြတ်ကျော်နိုင်ခဲ့ရင် လူသားမျိုးဆက် တစ်ခုလုံး အန္တရာယ်ကျရောက်နိုင်ပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းမှာ လူသားက ဒီနယ်နိမိတ်စည်းကို အရင်ကနဲ့ မတူဘဲ ကောင်းကောင်းကြီး ခုခံကာကွယ်နိုင်ခဲ့ကြတယ်။ ခေတ်မီ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကြီးတွေနဲ့ နယ်စပ်စည်းကို တံတိုင်း ဆောက်ကြတယ်။ သူနာပြုတွေ, ဆရာဝန်တွေ, သိပ္ပံပညာရှင်တွေက ဒီနယ်စပ်ကို စောင့်ကြပ်ပြီး ကျူးကျော်လာသူတွေကို မောင်းထုတ်ကြတယ်။ ဒါပေမယ့်လည်း ဒီနယ်ခြားစည်းရဲ့ ရှည်လျားတဲ့ အစိတ်အပိုင်းတွေကတော့ ဆိုးဆိုးဝါးဝါး ပွင့်နေပါတယ်။ ကမ္ဘာတဝှမ်းမှာ အခြေခံကျန်းမာရေး စောင့်ရှောက်မှု လောက်တောင် မရတဲ့ လူတွေက သန်းပေါင်း ရာနဲ့ချီပြီး ရှိနေပါတယ်။ ဒါက ကျွန်တော်တို့ အားလုံးကို အန္တရာယ် ပြုနေပါတယ်။ ကျွန်တော်တို့က ကျန်းမာရေးကို နိုင်ငံအလိုက် စဉ်းစားတတ်ကြတယ်။ ဒါပေမယ့် တကယ်ကတော့ အီရန်နဲ့ တရုတ်နိုင်ငံသားတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ပိုကောင်းကောင်း ရတယ်ဆိုရင်၊ အစ္စရေးနဲ့ အမေရိကန်တွေကိုလည်း ကပ်ရောဂါဘေးက ကာကွယ်ပေးရာ ရောက်ပါတယ်။ ဒီ ရိုးစင်းတဲ့ အမှန်တရားကို လူတိုင်း သိထားသင့်ပါတယ်။ ဒါပေမယ့် ကံဆိုးတာကတော့ ကမ္ဘာမှာ အလွန်အရေးပါတဲ့ ပုဂ္ဂိုလ်အချို့ကတောင် ဒါကို မျက်ကွယ်ပြုထားလို့ပါ။

ခေါင်းဆောင် ကင်းမဲ့တဲ့ ကမ္ဘာ

ဒီနေ့ ကမ္ဘာကြီးမှာ လူသားတွေ ကြုံတွေ့ရနဲ့ အကြီးမားဆုံး ပြဿနာက ကိုရိုနာဗိုင်းရပ်စ် မဟုတ်ပါဘူး၊ လူအချင်းချင်း ယုံကြည်မှု ကင်းမဲ့မှု ပြဿနာပါ။ ကပ်ရောဂါကို နှိမ်နင်းနိုင်ဖို့အတွက် လူတွေက သိပ္ပံပညာရှင်တွေကို ယုံကြည်ရပါမယ်။ နိုင်ငံသားတွေက အာဏာပိုင်တွေကို ယုံကြည်ရပါမယ်။ နိုင်ငံတွေက အချင်းချင်း ယုံကြည်ကြရပါမယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ သိပ္ပံပညာ, အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကား ပူပေါင်းမှုတွေအပေါ် ယုံကြည်မှု လျော့နည်းပျက်ပြားအောင် တာဝန်မဲ့ နိုင်ငံရေးသမားတွေက တမင်လုပ်နေခဲ့ကြတယ်။ ရလဒ်ကတော့ လူတွေကို လှုံ့ဆော်စည်းရုံးပြီး တကမ္ဘာလုံး စည်းကိုက်ဝါးကိုက် တုန့်ပြန်နိုင်မယ့် ကမ္ဘာခေါင်းဆောင်မျိုး မရှိတော့ဘဲ ဒီကပ်ဘေးကြီးကို ရင်ဆိုင်နေကြရတာပါပဲ။

၂၀၁၄-ခုနှစ် အီဗိုလာကပ်ဘေးဖြစ်စဉ်က အမေရိကန်နိုင်ငံမှာ ဒီလိုခေါင်းဆောင်မျိုး ရှိခဲ့ပါတယ်။ ၂၀၀၈-ခုနှစ် ဘဏ္ဍာရေး အကြပ်အတည်း ကြုံတော့လည်း အမေရိကန်အစိုးရက ဒီလိုခေါင်းဆောင်မှုမျိုးကို ယူခဲ့ပါတယ်။ ဒါပေမယ့် လတ်တလော နှစ်တွေမှာတော့ အမေရိကန်က ကမ္ဘာခေါင်းဆောင် ရာထူးကို စွန့်လွှတ်ခဲ့တယ်။ လက်ရှိ အမေရိကန်အစိုးရက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အတွက် အထောက်အပံ့တွေကို ဖြတ်တောက်လိုက်ပြီး၊ “အမေရိကန်က မိတ်ဆွေစစ် ဆိုတာထက် အကျိုးအမြတ်ကိုပဲ ကြည့်တောမယ်” ဆိုတာ ကမ္ဘာကို ရှင်းရှင်းလင်းလင်း ပြခဲ့တယ်။ ကိုရိုနာကပ်ဘေး ဖြစ်တော့ အမေရိကန်က ဘေးမှာ လက်ပိုက်ပြီး၊ ခေါင်းရှောင်နေခဲ့တယ်။ နောက်ဆုံး ခေါင်းဆောင်နေရာ ယူရတော့မယ် ဆိုရင်တောင်၊ လက်ရှိ အမေရိကန်အစိုးရအပေါ် ယုံကြည်ကိုးစားမှု နည်းပါးလာလို့ လိုလိုချင်ချင် နောက်လိုက်လုပ်မယ့် နိုင်ငံ အနည်းငယ်သာ ကျန်တော့တယ်။ “ငါအတွက်က ပထမ” အဆိုကို လက်ကိုင်ထားတဲ့ ခေါင်းဆောင်မျိုး နောက်ကို ဘယ်သူက လိုက်ချင်ပါ့မလဲ။

အမေရိကန်နိုင်ငံက ဖယ်ပေးလိုက်တဲ့ ခေါင်းဆောင် နေရာကို အခြား ဝင်ယူမယ့်သူလည်း မရှိသေးဘူး။ ပိုဆိုးတာက မျက်မှောက် နိုင်ငံတကာ စနစ်အများစုဟာ နိုင်ငံခြားသားကြောက်တဲ့ ရောဂါ, အထီးကျန် တံခါးပိတ်ဝါဒနဲ့ မယုံကြည်မှု အသွင်ဆောင်လာကြတယ်။ အပြန်အလှန်ယုံကြည်မှု၊ ကမ္ဘာ့ စည်းလုံးညီညွတ်မှုတွေ မရှိဘဲ ကိုရိုနာကပ်ဘေးကို ရပ်တန့်သွားအောင် စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။ အနာဂတ်မှာလည်း အလားတူ ကပ်မျိုးတွေနဲ့သာ ရင်ဆိုင်သွားရဖို့ ရှိတယ်။ ဒါပေမယ့် အခက်အခဲ အကြပ်အတည်းတိုင်းမှာ အခွင့်အလမ်းဆိုတာ ရှိစမြဲပါ။ ဒီကပ်ဘေးကြောင့် ကမ္ဘာကြီး ညီညွတ်ရေး ပျက်ပြားမှုရဲ့ အန္တရာယ်ကို လူတွေ သဘောပေါက် လာကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ထင်ရှားတဲ့ သာဓက တစ်ခုကို ပြရရင် ကပ်ဘေးဟာ လတ်လောနှစ်တွေမှာ ပျောက်ဆုံးခဲ့တဲ့ လူထုထောက်ခံမှုတွေကို ပြန်ရအောင် လုပ်ဖို့ ဥရောပသမဂ္ဂ (EU) အတွက် မဟာ အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။ ပိုပြီးအဆင်ပြေတဲ့ နိုင်ငံတွေကနေ ဒုက္ခရောက်နေတဲ့ သမဂ္ဂဝင် နိုင်ငံတွေကို ငွေကြေး, ဆေးဝါးကိရိယာနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အလျှင်အမြန် ထောက်ပံ့ပေးမယ်ဆိုရင်၊ ဥရောပသမဂ္ဂရဲ့ တန်ဖိုးကို (မိန်ခွန်းတွေ တပုံကြီး ချွေနေတာထက် ပိုပြီး) သက်သေပြရာ ရောက်ပါတယ်။ မဟုတ်ရင်တော့ နိုင်ငံတိုင်းက ကိုယ့်နိုင်ငံကို ကာကွယ်ကြရတော့မှာ ဖြစ်ပြီး ကပ်ဘေးက သမဂ္ဂကို အလဲထိုးချလိုက်ပါလိမ့်မယ်။

ဒီကပ်ဘေးကာလမှာ လူသားမျိုးနွယ်အတွင်း သေရေးရှင်ရေးတမျှ အရေးပါတဲ့ အားပြိုင်မှုတစ်ခု ဖြစ်လာပါတယ်။ ဒီကပ်ဘေးကြောင့် လူတွေ ပိုပြီး မညီမညွတ်ဖြစ်. မယုံကြည်မှုတွေ ဖြစ်မယ်ဆိုရင် ဒါဟာ ဗိုင်းရပ်စ်ပိုးတွေရဲ့ အကြီးမားဆုံး အောင်ပွဲ ဖြစ်သွားပါလိမ့်မယ်။ လူတွေ အငြင်းပွားနေရင် ဗိုင်းရပ်စ်တွေက နှစ်ဆပွားသွားပါမယ်။ အကယ်၍ ကပ်ဘေးကြောင့် ကမ္ဘာကြီး စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်ကြမယ် ဆိုရင်တော့၊ ဒါဟာ ကိုရိုနာဗိုင်းရပ်ကို အနိုင်ယူ အောင်ပွဲ ခံလိုက်ရုံသာမက၊ အနာဂတ် ရောဂါပိုးမွှားတွေ အားလုံးကို အောင်နိုင်ရာ ရောက်ပါတယ်။

Yuval Noah Harari, "In the Battle Against Corona virus, Humanity Lacks Leadership", Time, Mar 15, 2020.