Wednesday, December 6, 2017

ပုံစံဖွဲ့၍ တွေးခေါ်ခြင်း

ယနေ့ခေတ်သည် သတင်းအချက်အလက်များ ပြည့်အီနေသည့် ခေတ်ဖြစ်သည်။ မိမိ သိလိုသမျှကို အင်တာနက်ပေါ်တွင် ခလုပ်တချက် နှိပ်လိုက်ရုံဖြင့် မိမိဦးနှောက်က လက်ခံနိုင်လောက်သည်ထက် ပိုလွန်းနေသည့် အချက်အလက်များ တသီတတန်းကြီး ထွက်ကျလာမည် ဖြစ်သည်။ အဖိုးတန်သည့် အချက်များပါသလို သတင်းယောင်များ၊ သတင်းမှားများလည်း ရောပါလာမည်။ ထို့ကြောင့် ထိုသတင်း အချက်အလက်များကို စိစစ်ဝေဖန်နိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ နားလည်နိုင်စွမ်းက ပို၍ ပို၍ အရေးပါလာသည်။ စဉ်းစားတွေးခေါ်ခြင်းဟု ဆိုလျှင် ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်း (critical thinking)၊ သမားရိုးကျလမ်းမှ ဖောက်ထွက်၍ တွေးခေါ်ခြင်း (lateral thinking)၊ ပုံဆောင်၍ တွေးခေါ်ခြင်း (metaphoric thinking) စသည်တို့ကို အသိများပြီး ဖြစ်ပါလိမ့်မည်။ ယခုစာစုတွင် လူသိနည်းသေးမည်ဟု ထင်ရသည့် “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” (pattern thinking) အကြောင်းကို မိတ်ဆက်ပေးလိုပါသည်။

၁၉၉၄-ခုနှစ်က ဆော့ဖ်ဝဲအင်ဂျင်နီယာ လောကတွင် အလွန် ရေပန်းစားသွားခဲ့သည့် “ဒီဇိုင်းပုံစံများ” Design Patterns: Elements of Reusable Object-Oriented Software အမည်ရသော စာအုပ်တအုပ် ထွက်ခဲ့ဖူးသည်။ မိမိတို့ ဖြေရှင်းရမည့် ပြဿနာအများစုမှာ အသစ်အဆန်း မဟုတ်၊ အရင်က အလားတူ ပြဿနာများ ရှိခဲ့ဖူးသလို၊ ထိုပြဿနာတို့ အတွက် အဖြေများကလည်း ရှိနှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် ပြဿနာတိုင်းကို အစမှ စကာ ကျားကုတ်ကျားခဲ အဖြေထုတ်နေရန် မလိုတော့။ ပြဿနာတို့၏ သဘောသဘာဝနှင့် နောက်ခံ အခြေအနေတို့ကို သေခြာစနစ်တကျ နားလည်ရန် ကြိုးစား၍ ယင်းပြဿနာနှင့် ဆင်တူသည့် ပြဿနာဟောင်းများ၏ အဖြေများကို ပြန်လည် အသုံးချနိုင်သည်။ ဤစာအုပ်တွင် ရှေးယခင်က ရှိခဲ့ဖူးသည့် ပြဿနာတို့ကို စနစ်ကျသရုပ်ခွဲကာ၊ အသင့်ပြန်လည် အသုံးချနိုင်မည့် စံပြအဖြေများကို ထုတ်ပေးထားသည်။ ဤစာအုပ် ထွက်ပြီး မကြာမီပင် “ဒီဇိုင်းပုံစံများ” နှင့် ဆိုင်သည့် အလားတူ စာအုပ်များ တအုပ်ပြီး တအုပ် ထွက်လာသည်။ “ဒီဇိုင်းပုံစံများ” သည် ဆော့ဖ်ဝဲ ရေးသူများနှင့် ဆော့ဖ်ဝဲ ပိသုကာများအတွက် တတ်အပ်သည့် ဘာသာရပ်တခု ဖြစ်လာသည်။ ဆော့ဖ်ဝဲ ရေးသူများကလည်း “ဒီဇိုင်းပုံစံများ” များကို တွင်တွင်ကြီး သုံးလာကြသည်။

“ဒီဇိုင်းပုံစံများ” ကို အကြောင်းပြု၍ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” (pattern thinking) ဟူသည့် ဝေါဟာရကို တစတစ သုံးလာကြသည်။ မည်မျှ ရှုပ်ထွေးခက်ခဲသော ပြဿနာ ဖြစ်ပါစေ အပေါ်ယံ အသေးစိတ်အချက်များတွင် နစ်မြုတ်မနေဘဲ၊ ပဓာနသည့် အချက်များကို ဆွဲထုတ်ကာ ရိုးရှင်းသည့် ပုံစံတခုအဖြစ် ပြဿနာကို အပေါ်စီးမှ ခြုံငုံသုံးသပ်ရှုမြင် အဖြေရှာနိုင်သည်။ ပြဿနာတို့ကို ထိုသို့ ချဉ်းကပ် အဖြေရှာသည့်နည်းလမ်းကို “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” ဟု ခေါ်သည်။ ဤဝါဟာရကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုကြသေးသော်လည်း၊ အသစ်အဆန်းတော့ မဟုတ်။ မိမိတို့ တွေ့ကြုံသိမြင်သည့် အချက်အလက်များထဲမှ ပုံစံတူ၊ အဆင်တူများကို သိမှတ်နိုင်သည့် စွမ်းရည်သည် လူ့ဦးနှောက်၏ အရေးပါသည့် ကိစ္စတရပ်ဖြစ်သလို၊ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သည်လည်း စဉ်းစားတွေးခေါ်မှုများ အားလုံး၏ အခြေခံ ကျောရိုးပင် ဖြစ်သည်။

“ပုံစံဖွဲ့၍ တွေးခေါ်ခြင်း”ကို ဆော့ဝဲနယ်တွင် သာမက သိပ္ပံ၊ သမိုင်း၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့် နယ်ပယ် အသီးအသီးတွင်လည်း အသုံးချနိုင်သည်။ သိပ္ပံပညာ၏ သဘော ကိုယ်တိုင်က လောကမှ ဖြစ်ရိုးဖြစ်စဉ် နိယာမ သဘောတရားများကို ထုတ်ဖော် ရှင်းလင်းခြင်းပင် ဖြစ်သည်။ သိပ္ပံပညာရှင်တို့သည် အချက်အလက်များကို စနစ်တကျ စူးစမ်း လေ့လာ၍ ထူးခြားသည့် လက္ခဏာများ၊ ဆက်စပ်ပုံများကို ရိုးရှင်းစွာ ရှင်းလင်းပြနိုင်မည့် သဘောတရား ပုံစံကို ဖွဲ့စည်း တည်ဆောက်သည်။ ထို့နောက် ထပ်မံတွေ့ရှိရသည့် အချက်များကို မိမိ တည်ဆောက်ထားသည့် ပုံစံသစ်တွင် ဘောင်ဝင် မဝင် စစ်ဆေးရသည်။ ဤသည်မှာ သိပ္ပံသုတေသနလုပ်ငန်း၏ သဘောသဘာဝပင် ဖြစ်သည်။

“ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သာဓကတခု အဖြစ် ချားလ်ဒါဝင်၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် သဘောတရား ထုတ်ဖော်တွေ့ရှိခဲ့ပုံကို လေ့လာကြည့်နိုင်သည်။ ဒါဝင်သည် ကမ္ဘာပတ်၍ တိရိစ္ဆာန်နှင့် အပင်မျိုးကွဲများကို ရှာဖွေစုဆောင်း သုတေသနပြုခဲ့သည်။ အထူးသဖြင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဂလပဂို့စ်ကျွန်းစုတွင် တွေ့ရှိရသည့် စာငှက်မျိုးကွဲများက သူ့ကို အံအားသင့်စေခဲ့သည်။ အချို့ကျွန်းမှ စာငှက်များက ကြီး၍ မာကျောသည့် နှုတ်သီး ရှိကြပြီး၊ အချို့ကျွန်းမှ စာငှက်များက ချွန်ထက်သော နှုတ်သီး ရှိကြသည်။ မျိုးစိတ်တို့သည် ပြောင်းလဲမှု မရှိဘဲ မျိုးရိုးလိုက်သည်ဟု ရှေးက လက်ခံယုံကြည် ထားခဲ့ကြသည်။ ယခု သူတွေ့ရှိထားသော အချက်များနှင့် ဆန့်ကျင်ဖက် ဖြစ်၍ နေသည်။ ထို့နောက် နှုတ်သီး အရွယ်အစားနှင့် ပုံသဏ္ဍာန်များသည် ထိုငှက်တို့ စားသည့် အစားအစာများနှင့် ဆက်နွယ်နေသည်ကို သတိပြုမိသည်။ နှုတ်သီး ချွန်၍ သွယ်သော ငှက်များသည် အင်းဆက်ပိုးများကို စားကြသည်။ နှုတ်သီး မာ၍ တိုသော ငှက်များက မြေပြင်ပေါ် ကျနေသည့် သစ်စေ့များကို စားကြသည်။ ရှားစောင်း စေ့ကို စားသည့် ငှက်တို့၏ နှုတ်သီးက ကြီး၍ ချွန်နေကြသည်။ မျိုးစိတ်တို့သည် မိမိတို့ ရှင်သန်ကြီးပြင်းရသည့် ပတ်ဝန်းကျင် ရေမြေသဘာဝအလိုက် ပြောင်းလဲနေပုံကို ဒါဝင် နားလည် သဘောပေါက်လာသည်။

ဒါဝင်သည် သူငယ်စဉ်က ဖတ်ခဲ့ဖူးသည့် မားလ်သပ်စ်၏ “လူဦးရေတိုးပွားမှု သဘောတရား စာတမ်း” (Thomas Malthus’s Essay on the Principle of Population, 1798) ကို ပြန်၍ အမှတ်ရသည်။ ထိုစာတမ်း၏ အနှစ်ချုပ်သဘောမှာ စာနပ်ရိက္ခာ အထွက်နှုန်းက ပုံမှန်သာ တိုးတက်နေသော်လည်း၊ လူဦးရေက ဆပွားနှုန်းဖြင့် တိုးတက်နေသဖြင့်၊ ငတ်မွတ် ခေါင်းပါးမှုဘေး၊ ကပ်ရောဂါဘေးနှင့် စစ်ဘေးတို့နှင့် ရင်ဆိုင်ကြရလိမ့်မည်၊ နောင်မျိုးဆက်တို့သည် မိမိတို့ ဘဝ ဆက်လက်ရှင်သန်နိုင်ရန် ရုန်းကန်ကြရမည် ဟူ၍ ဖြစ်သည်။ ဒါဝင်က ထိုစာတမ်းကို ပြန်၍ ဖတ်သည်။ ထို့နောက် ထိုသဘောတရားနှင့် မိမိ လေ့လာ တွေ့ရှိချက်များကို ပေါင်းစပ်ကာ၊ “မျိုးစိတ်တို့သည် မိမိတို့ ရှင်သန်သည့် သဘာဝ ပတ်ဝန်းကျင် အလိုက် ကွဲပြားပြောင်းလဲမှုများ ဖြစ်ပေါ် နေကြသည်။ သဘာဝတရားနှင့် အသင့်တော်ဆုံး မျိုးစိတ်က ဆက်လက် ရှင်သန်ပွားများကြသည်” ဟူသည့် သဘာဝရွေးချယ်မှု (Natural Selection) နှင့် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ် သဘောတရား (Theory of Evolution) ကို ဖော်ထုတ်နိုင်ခဲ့လေသည်။ စင်စစ် ဒါဝင်သည် သူ့ယခင်က သုတေသီတို့ စုဆောင်းခဲ့သည့် အချက်အလက် အများအပြားကိုလည်း အသုံးပြုခဲ့ပါသည်။ သို့သော် ထိုသူများက သူတို့၏ တွေ့ရှိချက်များကို ပုံစံဖွဲ့၍ မတွေးနိုင်ခဲ့ကြ။ ဒါဝင်ကမူ လေ့လာတွေ့ရှိသည့် အချက်အလက်များကို “လူဦးရေတိုးပွားမှု သဘောတရား” ပုံစံနှင့် ဆက်စပ်ကာ၊ ပုံစံသစ် တခုဖွဲ့၍ စဉ်းစားနိုင်ခဲ့သည်။

ကားလ် မာ့က်စ်၏ သမိုင်းအမြင်မှာ သမိုင်းနှင့် နိုင်ငံရေးနယ်ပယ်မှ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သာဓကတခု ဖြစ်သည်။ သူက လူ့သမိုင်း ဖြစ်စဉ်ကြီးတခုလုံးကို ကုန်လုပ်ဆက်ဆံရေးနှင့် လူတန်းစားပဋိပက္ခ ရှုထောင့်မှ ခြုံငုံ၍ ရှုမြင်သည်။ လူ့သမိုင်းသည် သမိုင်းဦး ဘုံမြေခေတ်၊ ကျွန်ပိုင်ရှင်ခေတ်၊ မြေရှင် ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်ဟူ၍ ကြောင်လိမ်လှေကား သဖွယ် အဆင့်ဆင့် တိုးတက်ပြောင်းလဲလာသည်ဟု ပုံစံထုတ်ပြသည်။ နောက်ဆုံးတွင် သမိုင်းဦး ဘုံမြေခေတ်ကလိုပင် လူတန်းစားခွဲခြားမှု မရှိတော့ဘဲ ကုန်ထုတ်စွမ်းအားစု တရပ်လုံးကို ဘုံပိုင်ဆိုင်သည့် ခေတ်သို့ ရောက်ရမည်၊ ပစ္စည်းမဲ့လူတန်းစားတို့ အောင်ပွဲခံရမည်ဟု ဟောကိန်းထုတ်ခဲ့သည်။ မာ့က်စ်၏ အတိတ်သမိုင်းကို ရှုမြင်သုံးသပ်ပုံမှာ ရှင်းလင်းထိရောက်သည်။ သမိုင်း၊ လူမှုရေးသိပ္ပံနှင့် နိုင်ငံရေးနယ်တို့တွင် အရေးပါ အရာရောက်ခဲ့သည်။ သို့သော် အများသိသည့်အတိုင်း “ပစ္စည်းမဲ့တို့ အောင်ပွဲခံ၍ သမိုင်းဖြစ်စဉ်ကြီး နိဂုံးချုပ်တော့မည်” ဆိုသည့် အနာဂတ်ဟောကိန်းကတော့ သူနှင့် ကွန်မြူနစ်ဝါဒီတို့ မျှော်မှန်းသလို ဖြစ်မလာခဲ့။ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” တွင် အားသာချက်ရှိသလို အားနည်းချက်လည်း ရှိပါသည်။ အားသာချက်သည် ပြဿနာ၏ ရင်းမြစ်နှင့် ပဓာနအချက်များကို ဆွဲထုတ်၍ ရိုးရှင်းအောင်ပြုခြင်း (simplification)၊ ရိုးရှင်းသည့် ပုံစံတခုအဖြစ် ရှုမြင်နိုင်ခြင်း ဖြစ်သည်။ သို့သော် ပြဿနာ၏ အခြားအရေးပါသည့် အကြောင်းတရားများ၊ အခြေအနေများကို မျက်ကွယ်ပြုကာ လိုသည်ထက်ပို၍ ရိုးရှင်းအောင်ပြုခြင်း (over-simplification)၊ မိမိ တွေးခေါ်ထားသည့် ပုံစံအတွင်းသို့ အတင်းဇလုပ်တိုက်၍ သွင်းကြည့်ခြင်း၊ မိမိတို့ တည်ဆောက်ထားသည့် ပုံစံခွက်ကြီးအား လှေနံဓားထစ် ဖက်တွယ်မိခြင်းတို့သည် “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” ၏ ထောင်ချောက်များပင် ဖြစ်သည်။


နိုင်ငံရေးနယ်ပယ်မှ နောက်ထပ် သာဓကတခုအဖြစ် ဟန်တင်တန်၏ “တတိယလှိုင်း – ၂၀-ရာစု နှောင်းပိုင်း ဒီမိုကရေစီအကူးအပြောင်း” (Samuel Huntington’s The Third Wave: Democratization in the Late Twentieth Century, 1992) စာအုပ်ကို ကြည့်နိုင်ပါသည်။ ဟန်တင်တန်သည် ၁၉၇၄-ခု ပေါ်တူဂီနိုင်ငံ ဇော်မွှားပန်းတော်လှန်ရေး (Carnation Revolution) က စတင်ခဲ့သည့် ဒီမိုကရေစီ တတိယလှိုင်းမှ နိုင်ငံပေါင်း ၆၀ ကျော်၏ သဘောလက္ခဏာများကို စနစ်တကျ သုတေသနပြုကာ၊ အောက်ပါအတိုင်း ဒီမိုကရေစီကူးပြောင်းပုံ ပုံစံလေးမျိုးကို ထုတ်ပြထားသည်။

(၁) Transformation – အာဏာရှင် ခေါင်းဆောင်များ ကိုယ်တိုင်က အပြောင်းလဲကို စတင်ဖော်ဆောင်ပေးခဲသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (စပိန်၊ အိန္ဒိယ၊ ဟန်ဂေရီ၊ ဘရာဇီး စသည့် နိုင်ငံများ)
(၂) Replacements – အတိုက်အခံအုပ်စုက အာဏာရှင် အစိုးရကို ဖြုတ်ချ ဖယ်ရှားလိုက်သည့် ဒီမိုကရေစီ ကူးပြောင်းမှု (အရှေ့ဂျာမနီ၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ အာဂျင်တီးနား စသည့် နိုင်ငံများ)
(၃) Transplacement – အတိုက်အခံနှင့် အာဏာရှင်အစိုးရတို့ ငြိနှိုင်းဆွေးနွေးကာ အာဏာရှင်က အတိုက်အခံအား နေရာ ဖယ်ပေးသည့် ဒီမိုကရေစီ ကူးပြောင်းမှု (ပိုလန်၊ ချက်ကိုစလိုဗက်ကီးယား၊ ဗော်လီဗီးယား၊ နီကာရာဂွါ စသည့် နိုင်ငံများ)
(၄) Interventions – ပြင်ပ အင်အားကြီး နိုင်ငံများက ကြားဝင်စွက်ဖက်၍ ဒီမိုကရေစီ အစိုးရတရပ်ကို ဖော်ဆောင်ပေးခဲ့သည့် ကူးပြောင်းမှု (ဂရင်နာဒါ၊ ပနားမား စသည့် နိုင်ငံများ)

ဟန်တင်တန်သည် ထိုသို့ ပုံစံလေးမျိုး ခွဲခြားပြရုံသာမက ပုံစံ တခုချင်းစီ အတွက် ဒီမိုကရေစီ အကူးအပြောင်း အောင်မြင်စေရန် လိုက်နာသင့်သည့် လမ်းညွှန်ချက်များလည်း ထည့်သွင်း အကြံပေးထားပါသည်။ အဆင်တူ ပြဿနာများအတွက် စံပြအဖြေကို ထုတ်ပေးထားသည်။ ဒီမိုကရေစီ ကူးပြောင်းမှု အောင်မြင်ရေးအတွက် မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေမည့် စံပြအဖြေကို အသင့်ယူသုံးနိုင်သည်။ သို့သော် ယနေ့ခေတ် ဒီမိုကရေစီ ကူးပြောင်းတိုင်းများကို ဤပုံစံလေးမျိုးတွင် ထည့်သွင်းကြည့်၍ ရ-မရ ဆိုသည်က မေးခွန်း ထုတ်စရာ ဖြစ်သည်။ အထက်တွင် ဆိုခဲ့သလိုပင် “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သည် ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဟုတ်။ ထောင်ချောက်များလည်း ရှိနေနိုင်သည်ကိုတော့ သတိပြုကြရမည် ဖြစ်သည်။



ဧရာ (မန္တလေး)

Sunday, December 3, 2017

ဝါဇီမှာ ရိုက်ထုတ်စရာ မလိုတဲ့ (e)အီးပိုက်ဆံ …

၂၀၀၈-ခု ကမ္ဘာ့ စီးပွားပျက်ကပ်ဆိုက်တော့ ငွေတမျိုး ပေါ်လာခဲ့တယ်။ အဲဒီအချိန်မှာ အစိုးရတွေက ငွေအလုံးအရင်းနဲ့ ဘဏ်တွေကို ကယ်ကြ ဒါပေမယ့် တကယ် အထိနာတာက လူလတ်တန်းစား လူအများစု။ ဒီတော့ ဘဏ်တွေ အစိုးရတွေရဲ့ ချုပ်ကိုင်မှု ကင်းတဲ့ ငွေကြေးကို လူလတ်တန်းစား ပညာတတ်တွေက စိတ်ကူးယဉ်ခဲ့ကြတယ်။ သူ့ကိုယ်သူ Satoshi Nakamoto လို့ အမည် ပေးထားတဲ့ (အခုအထိ ဘယ်သူမှန်း မသိရသေး) ဉာဏ်ကြီးရှင် တဦးက ၂၀၀၉-ခု ဇန်နဝါရီမှာ Bitcoin: A Peer-to-Peer Electronic Cash System ဆိုတဲ့ စာတမ်းတခု ရေးခဲ့တယ်။ လက်တွေ့လည်း သူကိုယ်တိုင် ဆော့ဖ်ဝဲရေးပြီး Bitcoin လို့ခေါ်တဲ့ cryptocurrency ကို ထုတ်ခဲ့တယ်။ စိတ်ကူးယဉ် ဆန်ဆန် စခဲ့တယ်လို့ ပြောနိုင်ပေမယ့် ဒီနေ့ အွန်လိုင်းပေါ်က နေရာအတော်များများမှာ Bitcoin နဲ့ ဈေးဝယ်လို့ ရနေပြီ။ စထုတ်တဲ့ အချိန်က Bitcoin တခု တန်ဖိုးက ပြားဂဏန်းလောက်တောင် မတန်ပေမယ့် ဒီနေ့ ပေါက်ဈေးအရ US$ 10866 တန်နေပြီ (ပြီးခဲ့တဲ့ အပတ်ကမှ 7000 ကျော်ပဲ ရှိသေး)။ Bitcoin လို အခြား cryptocurrency တွေလည်း ထွက်လာကြတယ်။ အခုဆိုရင် IPO (initial public offering) လို ICO (Initial Curreency Offering) ဆိုတာတောင် ပေါ်လာတယ်။


ပုံမှန်အားဖြင့် ငွေအဝင်အထွက် လယ်ဂျာ စာရင်းစာအုပ်ကို ဘဏ်တွေက ချုပ်ကိုင်ထားတယ်။ ဒီတော့ Bitcoin မှာ ဘဏ်တွေရဲ့ ထိန်းချုပ်မှု ကင်းတယ်ဆိုတော့ ဘယ်မှာ သိမ်းသလဲလို့ မေးစရာ ရှိတယ်။ လယ်ဂျာကို တနေရာတည်းမှာ ထိန်းချုပ် မထားဘဲ၊ ကွန်ပျူတာတွေထဲမှာ ထားပါတယ်။ ဒီကွန်ပျူတာတွေကို တခုနဲ့ တခု ကွန်ရက် (Peer-to-Peer Network) နဲ့ ချိတ်ထားတယ်။ လယ်ဂျာက ကွန်ပျူတာ တလုံးထဲမှာ မရှိဘဲ၊ ကွန်ရက်ပေါ်က ကွန်ပျူတာ တွေပေါ်မှာ ရှိပါတယ်။ အချက်အလက်တွေကို တိမ်ပေါ်မှာ သိမ်းတယ် (store on cloud) လို့ ပြောလေ့ရှိပါတယ်။ တကယ်တော့ တိမ်ဆိုတာ အခြားမဟုတ်ပါဘူး Google, Microsoft, Apples စတဲ့ Data Center ကြီးတွေမှာပါ။ အခုကွန်ရက်ကတော့ အဲဒီလို ဗဟိုထိန်းချုပ်ထားတဲ့ Data Center တွေပေါ်မှာ သိမ်းတာ မဟုတ်ဘဲ အလုံးတိုင်းကို တလုံးနဲ့ တလုံး ချိတ်ထားတဲ့ ကွန်ပျူတာတွေထဲမှာ distributed ledger အဖြစ် ဖြန့်ပြီး သိမ်းထားတာပါ။

စာရင်းအင်းမှာ အဝင်အထွက် စာရင်းတခုခု ပျောက်သွားရင် ပြဿနာရှိပါတယ်။ ဒီလို မဖြစ်အောင် Blockchain လို့ ခေါ်တဲ့ နည်းစနစ်ကို အသုံးပြုပါတယ်။ ငွေအဝင်အထွက် စာရင်း ကို Block ထဲမှာ သိမ်းပါတယ်။ Block တခုနဲ့ တခုကို Cryptographic Hash တွေနဲ့ ချိတ်ဆက်ထားပါတယ်။ ရှိပါတယ်။ Hash ဆိုတာက သင်္ချာသဘောနဲ့ ပြောရင် one-way function တမျိုးပါ။ x ဆိုတဲ့ ဂဏန်းကို ဆိုတဲ့ hash function ထဲထည့် သွင်းလိုက်ရင် y ဆိုတဲ့ ဂဏန်းရပါတယ် ဆိုပါစို့။ hash function က တလမ်းသွား ဖြစ်တဲ့ အတွက် y ကနေ x ပြန်ရဖို့အတွက် inverse function မရှိပါဘူး။ Block တခုရဲ့ အစမှာ အရင် Block ရဲ့ hash ကို ထည့်ပြီး ချိတ်ထားတာပါ။ ဒီလို hash နဲ့ ချိတ်ထားတဲ့ လယ်ဂျာမှာ စာရင်း တခုခု ပျောက်သွားရင်၊ ဒါမဟုတ် အပိုတခု ဝင်လာရင် အလွယ်တကူ စစ်လို့ ရပါတယ်။ နောက်တခါ ဒီစာရင်းက ဘယ်ကလာသလဲဆိုတဲ့ ပြဿနာအတွက် အရောင်းအဝယ်လုပ်သူက ဒစ်ဂျစ်တယ်နည်းနဲ့ လက်မှတ်ထိုးထားပါတယ်။

နောက်ပြဿနာတခုက ကွန်ပျူတာ တလုံးနဲ့ အခြားတလုံးမှာ ရှိတဲ့ လယ်ဂျာတွေက အမြဲ တူနေအောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ ပြဿနာပါ။ ဒီအတွက် Consensus Algorithm ကို သုံးပါတယ်။ ဒါက ဗဟိုထိန်းချုပ်မှု ကင်းတဲ့ မဲဆန္ဒပေးနည်း၊ တင်ဒါခေါ်နည်း မျိုးပါဘဲ။ အရောင်းအဝယ် လုပ်တော့မယ်ဆိုရင် ဝန်ဆောင်မှုပေးတဲ့ ကွန်ပျူတာကနေ ကိုယ်ရဲ့ စာရင်းကို အထက်ကပြောခဲ့တဲ့အတိုင်း Block တခုတည်ဆောက်ပြီး ကွန်ရက်ပေါ်မှာ ရှိတဲ့ အခြား ကွန်ပျူတာတွေ အားလုံးဆီကို ဖြန့်ပြီး ပို့ပေးပါတယ်။ အဲဒီအချိန်မှာ အခြားဘယ်သူက ပို့တာမရှိရင် ကျန်တဲ့ ကွန်ပျူတာတွေက အဲဒီ Block ကို ယူပြီး သူတို့ရဲ့ လယ်ဂျာမှာ ဖြည့်စွက်ရပါတယ်။ တကယ်လို့ တချိန်ထဲမှာ တခြား ကွန်ပျူတာတွေကနေ အခြားအရောင်းအဝယ် အတွက် အခြား Block ကို ပို့တယ်ဆိုရင် Blockchian ရှည်တဲ့ စာရင်းကို အတည်ယူရပါတယ်။ မအောင်မြင်တဲ့သူက နောက်ဆုံး Blockchain ကို မူတည်ပြီး နောက်တကြိမ် ပြန်ပို့ရပါတယ်။

ဒါဆိုရင် မကြာခဏသွားပြီး သူများနဲ့ တိုက်ဆိုင်နေရင် ခဏခဏ ပြန်ပို့နေရမှာပေါ့လို့ မေးစရာ ရှိပါတယ်။ ဒီအတွက် ကိုယ် Block မှာ nonce လို့ခေါ်တဲ့ ကျပန်းကိန်း တခုထည့်ပေးရပါတယ်။ nonce အမျိုးမျိုး ထည့်စမ်းပြီး ကိုယ့် Block ရဲ့ Hash ဂဏန်း အစမှာ 0 အလုံးပေါင်း (ဆိုပါစို့) ၁၃ လုံး ရအောင် လုပ်ရပါတယ်။ ယေဘုယျအားဖြင့် ဒီလိုလုပ် ဖို့ ၁၀ မိနစ်ကြာပါတယ်။ ဒီလိုကြိုးစားထားတာကို Proof-of-work လို့ သုံးပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ တိုက်ဆိုင်မိဖို့ ခက်ပါတယ်။ ဒီလိုကြိုးစားမှု ရလဒ်အဖြစ် ဝန်ဆောင်မှုပေးသူတွေက Bitcoins အချို့ရပါတယ်။ ဒီ Bitcoins က အရောင်းအဝယ် လုပ်သူဆီက ရတာမဟုတ်ပါဘူး။ ဒီ Bitcoin စနစ်ကနေ ရတာပါ။ ငွေကြေးရဲ့ သဘောက ရှားပါးမှုက အရေးကြီးပါတယ်။ အခုလည်း ရွှေတူးသလို ကြိုးစားပမ်းစား nonce တွေရှာ Blockchain တွေဆောက်ပေးပြီး Bitcoin တူးသူတွေကို miner တွေလို့ ခေါ်ပါတယ်။ အချို့ဝန်ဆောင်မှု ပေးသူတွေကတော့ အရောင်းအဝယ်လုပ်သူဆီကလည်း Bitcoin နဲ့ အခကြေးငွေ ယူပါတယ်။

Bitcoin ကို ကိုယ့်ကွန်ပျူတာကို အားကိုးပြီး တူးယူရတာဖြစ်လို့ အခြားငွေကြေးတွေလို ဗဟိုဘဏ်ကြီးတွေကနေ ငွေတွေ ရိုက်ထုတ်စရာ မလိုတော့ပါဘူး။ ခေတ်သစ် လောပန်လောင်းတွေက ကျောက်မတူးတော့ဘဲ Bitcoin တူးကြပါလိမ့်မယ်။

Monday, November 27, 2017

စာဖတ်သူများ

“စာ ဘယ်လို ဖတ်မလဲ” ဆိုတာကို ရေးထားတဲ့ စာအုပ်တွေ ရှိပါတယ်။ မြန်မာဘာသာနဲ့ ရေးထားတဲ့ စာအုပ် ဆိုရင်တော့ ဆရာဦးရွှေအောင် ရေးတဲ့ “စာဖတ်သူများ” ဆိုတဲ့ စာအုပ်ကို ညွှန်းချင်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ဆိုရင်တော့ Mortimer Adler ရေးတဲ့ How to Read a Book ကို ညွှန်းရပါလိမ့်မယ်။ ဒီစာအုပ် နှစ်အုပ်ရဲ့ သဘောသဘာဝက သိပ်တော့ မတူလှပါဘူး။ ဒါပေမယ့် အဆင့် သုံးဆင့်ကို သုံးပြီး စာကို ဘယ်လို နားလည်သဘောပေါက်အောင် ဖတ်ရမလဲ ဆိုတာကို ညွှန်ပြသွားတာကတော့ သွားဆင်ပါတယ်။


“ဒီစာအုပ်က စာမဖတ်တတ်သေးသူတွေ အတွက် ရည်ရွယ်ပါတယ်။ ဒီလိုဆိုတော့ မရည်ရွယ်ပေမယ့်လည်း နည်းနည်း ရိုင်းရာကျမယ် တူတယ်” လို့ Mortimer Adler က သူ့စာအုပ်ကို စဖွင့်ပါတယ်။ သူကိုယ်တိုင် စာ ကောင်းကောင်း မဖတ်တတ်သေးတာကို ကိုလံဗီယာတက္ကသိုလ်မှာ ဆရာပြန်လုပ်တော့မှ သတိပြုမိတယ်လို့ ဆိုပါတယ်။ စာကို ပုံသဏ္ဍာန်ပိုင်းအရ ခွဲခြမ်း စိတ်ဖြာပြီးဖတ်တဲ့ အဆင့် (structural or analytic stage)၊ စာတပုဒ်လုံးကို ခြုံပြီး ဆက်စပ် အဓိပ္ပါယ်ဖော်တဲ့ အဆင့် (interpretative or synthetic stage) နဲ့ နောက်ဆုံး အဖြစ် ဝေဖန်သုံးသပ်တဲ့ အဆင့် (critical or evaluative stage) ဆိုတဲ့ အဆင့်သုံးဆင့်နဲ့ ဖတ်ရှုပုံ ဖတ်ရှုနည်းတွေကို ပေးထားပါတယ်။ Mortimer Adler ပြောခဲ့တဲ့ အဆင့်သုံးဆင့်ကို လစ်ဘရယ်ပညာရေးက အခြေခံအရေးအဖတ် အဆင့် (grammar stage), ယုတ္တိနည်းကျ ဝေဖန်ပိုင်းခြားတဲ့ အဆင့် (logical stage) နဲ့ မိမိရဲ့ အမြင် မိမိရဲ့ ဝေဖန်သုံးသပ်ချက်တွေကို သူတပါးကို ပြန်ပြီး ရှင်းလင်း ဟောပြော တင်ပြတဲ့ အဆင့် (rhetoric stage) တွေနဲ့လည်း နှိုင်းယှဉ် လေ့လာကြည့်နိုင်ပါတယ်။

စာကို စနစ်တကျ ဖတ်တတ်အောင် သင်ယူလေ့ကျင့်ထားသူရဲ့ စိတ်က ဝေဖန်ပိုင်းခြားနိုင်စွမ်းကို လေ့ကျင့်ပြီး ဖြစ်စေတယ်။ အခြားသူတွေနဲ့ ဝေဖန်ဆွေးနွေးကြရာမှာလည်း သူတပါးအပေါ် နားလည်သည်းခံပြီး စာနာမှုအပြည့်နဲ့ ဆွေးနွေးနိုင်စွမ်း ရှိလာမယ်။ စာဖတ်ခြင်းနဲ့ စိတ်ကို ရင့်ကျက်စေပြီး၊ ဒီရင့်ကျက်တဲ့ စိတ်က သူ့ရဲ့ တွေးခေါ်မြော်မြင်မှုတွေကို လွတ်လပ်စေမယ်လို့ ဆိုပါတယ်။ စာအုပ်ရဲ့ နိဂုံးမှာတော့ Mortimer Adler က သူ တည်းဖြတ်ပြီး Encyclopedia Britannica ကနေ ထုတ်ဝေခဲ့တဲ့ “Great Books of the Western World” စာစဉ်က ဂန္ထဝင်စာအုပ်တွေကို ဖတ်ဖို့ ညွှန်းခဲ့ပါတယ်။ ဒီစာအုပ်စာရင်းမှာ ဂရိခေတ်ကနေ စပြီး ဒီနေ့ခေတ် အထိ ကာလအတွင်း ထင်ရှားကျော်ကြားခဲ့တဲ့ ကဗျာ၊ ဝတ္ထု၊ ပြဇာတ်၊ သမိုင်း၊ အတွေးအခေါ်နဲ့ သိပ္ပံ စတဲ့ နယ်ပယ်စုံက စာအုပ် ၁၀၀ ကျော်လောက် ပါဝင်ပါတယ်။

ဆရာဦးရွှေအောင်ရဲ့ “စာဖတ်သူများ” စာအုပ်မှာတော့ မှော်ဘီ သာသနာ့ဝန်ဆောင်ကျောင်းတိုက် အရှင်ကုမာရ ရေးတဲ့ “ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း”၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရေးတဲ့ “ရတနာ့ဂုဏ်ရည်”၊ “ကိုယ်ကျင့်အဘိဓမ္မာ” နဲ့ “အနာဂတ်သာသနာရေး” ဆိုတဲ့ စာအုပ်တွေကို ဖတ်ဖို့ မိတ်ဆက်ပေးထားတဲ့ အခန်းနဲ့ စဖွင့်ပါတယ် (တကယ်တော့ ဒီစာအုပ်က ခန်းဆက်ဆောင်းပါးတွေဖြစ်ပြီး ပထမဆုံး အခန်းက စာအုပ်ထုတ်တော့မှ ထည့်ရေးထားတာ ဖြစ်နိုင်ပါတယ်)။ ဒီတော့ ဘာသာရေး စာပေတွေကို ဘယ်လို ဖတ်မလဲဆိုတာကို အဓိကထား ရေးသားထားတယ်လို့ ဆိုနိုင်ပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေမှာ သင်ကြားတဲ့ နေတ္တိနည်း၊ အလင်္ကာနည်း၊ ကျမ်းတက်နည်းတွေကို သုံးပြီး စာဘယ်လို ဖတ်ရမလဲဆိုတာ ရှင်းလင်းထားတာပါ။ ဘာသာရေး စာပေ ဖတ်ရှုနည်းကို အဓိက ရည်ရွယ်တယ် ဆိုပေမယ့်လည်း၊ ကဗျာ၊ ဝတ္ထုတွေ ဖတ်ရှုရာမှာလည်း ဒီနည်းလမ်းတွေကို သင့်သလို ယူသုံးသွားနိုင်တာကို တွေ့ရမှာပါ။

ဆရာဦးရွှေအောင်က စာဖတ်သူများကို စာကို နောက်ကလိုက်၍ ဖတ်သူ၊ စာကို ရင်ပေါင်တန်း၍ ဖတ်သူ၊ စာကို ရှေ့ကကြိုပြီး ဖတ်သူရယ်လို့ သုံးမျိုး ခွဲပြထားပါတယ်။ စာရဲ့ သဒ္ဒါအနက်ကိုသာ သိပြီး သဒ္ဒါအနက်အတိုင်းသာ ခံယူ ကျင့်သုံးသူတွေကို ပထမအဆင့်စာဖတ်သူ အမျိုးအစားမှာ ထည့်သွင်းထားပါတယ်။ ဒုတိယအဆင့် အနေနဲ့စာရေးသူရဲ့ စေတနာ၊ ရည်ရွယ်ချက်၊ နှလုံးသွင်းကို သိပြီး အဲဒီအတိုင်း ခံယူကျင့်သုံးသူတွေကို စာကို ရင်ပေါင်တန်း၍ ဖတ်သူလို့ သတ်မှတ်ပါတယ်။ တတိယအဆင့် ဖြစ်တဲ့ စာကို ရှေ့ကကြိုပြီး ဖတ်သူတွေကတော့ စာရေးသူရဲ့ စေတနာ၊ ရည်ရွယ်ချက်၊ နှလုံးသွင်းကို ထိုးဖောက်သိရုံသာမကဘဲ စာရဲ့ အနတ္တအနက်ကိုပါ သိမြင်နိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆရာဦးရွှေအောင်က ဒီအဆင့် သုံးဆင့်ကို ဝါစ္စတ္ထ၊ လက္ချတ္ထ၊ ဗျင်္ဂျတ္ထ ဆိုတဲ့ အနက်သုံးမျိုးနဲ့ ရေးသွားတာကို တွေ့ရပါတယ်။ ဒီဝေါဟာရတွေကို ရသစာပေရဲ့ သဘောကို ရှင်းလင်းဖွင့်ဆိုတဲ့ မမ္မဋရဲ့ ကာဗျပကာသကျမ်းနှင့် ဝိသွနာထရဲ့ သာဟိတဒပ္ပဏ ဆိုတဲ့ ကျမ်းတွေမှာ တွေ့ရပါတယ်။ ဆရာဦးရွှေအောင် ကိုယ်တိုင်ကလည်း ကာဗျာပကာသကျမ်းနဲ့ သာဟိတဒပ္ပဏကျမ်း နှစ်စောင်ကို ပေါင်းပြီး “ရသစာပေ၏ ရသ” ဆိုတဲ့ အမည်နဲ့ စာအုပ် တအုပ်ရေးဖူးပါတယ်။ အဲဒီစာအုပ်မှာတော့ ဝါစ္စတ္ထကို တိုက်ရိုက်အနက်၊ လက္ချတ္ထကို တင်စားအနက်၊ ဗျင်္ဂျတ္ထကို သိဆက်အနက်လို့ ဘာသာပြန်သွားပါတယ် (အင်္ဂလိပ်ဘာသာပြန်ထားတဲ့ စာအုပ်တွေမှာတော့ ဒီအနက်သုံးမျိုးကို denoted meaning, indicated meaning, suggested meaning လို့ ပြန်ထားတာ တွေ့ဖူးပါတယ်)။ တိုက်ရိုက် အနက်ဆိုတာက စာမှာပါတဲ့ စကားတွေကို အဘိဓာန်မှာ ဖွင့်တဲ့အတိုင်း၊ သဒ္ဒါကျမ်းတွေက လမ်းညွှန်တဲ့အတိုင်း တိုက်ရိုက် နားလည်တာမျိုးပါ။ တင်စားအနက်ကတော့ စာမှာ တိုက်ရိုက်မလာပေမယ့် စာရေးသူရဲ့ စေတနာနဲ့ နှလုံးသွင်းကို ထောက်ပြီး သိရတဲ့ အနက်မျိုးပါ။ သိဆက်အနက်တော့ စာရေးသူ ရေးသားဖော်ပြထားတာအပြင် စာရေးသူ မြုတ်ထားတာတွေ၊ စာရေးသူ ပြောမသွားတာတွေကိုပါ ဆက်သွယ်ပြီး စာဖတ်သူ ရလိုက်တဲ့ အသိသဘောပါ။ စာဖတ်သူက သိဆက်အနက် တခုခု ရသွားအောင် ရေးနိုင်ပါမှလည်း စာက အနုပညာလက်ရာ မြောက်တယ်လို့ ရှေးပညာရှိတွေက သတ်မှတ်ခဲ့ပါတယ်။

ဒီတော့ စာတပုဒ်ကို ဖတ်တဲ့အခါ စာရေးသူ ဆိုလိုရင်းကို တကယ်သဘောမပေါက်ဘဲ စကားလုံးတွေ၊ ဝေါဟာရတွေမှာတင်ပဲ ပြီးသွားတဲ့ သူတွေလည်း ရှိတယ်။ စကားလုံးတွေကို ကျော်လွန်ပြီး စာရဲ့ အနက်သဘော၊ စာရေးသူရဲ့ နှလုံးသားကို မြင်နိုင်သူတွေလည်း ရှိတယ်။ အချို့စာဖတ်သူတွေကတော့ စာကို သဘောပေါက်ရုံသာမက လောကသဘာဝကိုပါ ထိုးထွင်း သိမြင်သွားပြီး၊ ဘဝ အပြောင်းအလဲကိုတောင် ဖြစ်စေနိုင်တယ်လို့ ဆိုရပါလိမ့်မယ်။

Thursday, November 9, 2017

ကထာဝတ္ထုအနုဋီကာနှင့် Sophistical Refutations

စကားအချေအတင် ပြောဆိုဆွေးနွေးခြင်းနဲ့ ပတ်သက်ပြီး ကထာဝတ္ထု အနုဋီကာမှာ ဝါဒ၊ ဇပ္ပ၊ ဝိတဏ္ဍလို့ ကထာသုံးမျိုး ရှိကြောင်း ပြထားပါတယ်။

(၁) အမှန်တရားအတွက် ခိုင်လုံတဲ့ အချက်အလက်၊ သင့်တင့်တဲ့ ယုတ္တိတွေ သုံးပြီး ဆွေးနွေးခြင်းမျိုး (ဝါဒ Discussion)
(၂) အမှန်တရားထက် မိမိရဲ့အဆို အနိုင်ရရေးကို ဦးစားပေးပြီး ကလိမ်စေ့ ငြမ်းဆင် ဆွေးနွေးခြင်းမျိုး (ဇပ္ပ Wrangling)
(၃) ကိုယ့်အယူအဆကိုတောင် ခိုင်မာအောင် မတည်ဆောက်နိုင်ဘဲ သူတပါး အဆိုကို ကပျက်ယပျက် ဖြစ်အောင် အပျက်သဘော ငြင်းပယ် ဆွေးနွေးခြင်းမျိုး (ဝိတဏ္ဍ Cavil) တို့ပါ။

မှန်ကန်တဲ့ ဆွေးနွေးမှုမျိုး (ဝါဒကထာ) က ပမာဏလို့ ခေါ်တဲ့ ခိုင်မာတဲ့ အသိဉာဏ်ရကြောင်းနဲ့ အဝယဝယလို့ ခေါ်တဲ့ အဆင့် ၅-ဆင့်ပါတဲ့ ယုတ္တိဆင်ခြေကို အသုံးပြုပါတယ်။ ကလိမ်စေ့ ငြမ်းဆင် ဆွေးနွေးမှုမျိုး (ဇပ္ပကထာ) နဲ့ အပျက်သဘော ငြင်းပယ်မှုမျိုး (ဝိတဏ္ဍကထာ) တွေမှာတော့ တဖက်သား ပြောလိုရင်းကို မယူဘဲ ကပ်ဖဲ့ပြီး အခြားအဓိပ္ပါယ် တမျိုးကို ကောက်ယူ ဝေဖန်ဆွေးနွေးမှု (ဆလ Quibble)၊ ဟုတ်ယောင်ယောင် ဆင်ခြေပေးမှု (ဇာတိ Specious argument) နဲ့ အပြစ်တင်ထိုက်တဲ့ ဆင်ခြေအမှား (နိဂ္ဂဟဋ္ဌာနာနိ False Reasoning or logical fallacies) တွေကို အသုံးပြုပါတယ်။ ကထာဝတ္ထု အနုဋီကာမှာ (ဂေါတမရသေ့ ပြုစုခဲ့တဲ့ နျာယသုတ္တကျမ်းမှာ လာတဲ့) နိဂ္ဂဟဋ္ဌာန ၂၂-မျိုးကို ထုတ်ပြထားပါတယ်။ စကားအချေအတင် ဆွေးနွေးတဲ့ အခါမှာ တဖက်လူက ဒီလို ဆလ၊ ဇာတိ၊ နိဂ္ဂဟဋ္ဌာနတွေ သုံးလာမယ်ဆိုရင် နည်းမှန်လမ်းမှန်နဲ့ ထောက်ပြပြီး ချေဖျက်ရပါတယ်။ ဒီလို စကားအချေအတင် ပြောဆို ဆွေးနွေးတဲ့ အတတ်ပညာတွေကို ရှေးနာလန္ဒတက္ကသိုလ်မှာလည်း သင်ကြားပို့ချခဲ့ကြပါတယ်။ နာလန္ဒတက္ကသိုလ်ရဲ့ debate hall ကို ဝင်ချင်တယ်ရင် အရင်ဆုံး ကျောင်းတံခါးစောင့် ဘုန်းကြီးရဲ့ စစ်ဆေးမှုကို ခံရတယ်လို့ တရုတ်ရဟန်းတော် ရွှင်ကျန်းရဲ့ မှတ်တမ်းတွေမှာ ဖတ်ဖူးပါတယ်။ တိဘက်ဘုန်းတော်ကြီးကျောင်းတွေမှာ ဒီနေ့အထိ စကားအချေ အတင်ပြောဆိုတဲ့ အတတ်ပညာကို သင်ကြားပို့ချပြီး လက်တွေ့လည်း လေ့ကျင့်ကြပါသေးတယ်။

ဒီတော့ မြန်မာယဉ်ကျေးမှုနယ်မှာ Critical thinking တို့၊ debating technique တို့နဲ့ ပတ်သက်လို့ လေ့လာသင်ကြားမှုများ ရှိသလားလို့ မေးလာရင် ဘုန်းတော်ကြီးကျောင်းတွေမှာ သင်တဲ့ ကထာဝတ္ထုကို ထုတ်ပြရမှာ ပါပဲ။ ဒါကြောင့်လည်း စာတတ်ချင်လျှင် နေတ္တိနှင့် ကထာဝတ္ထုကို ကျေညက်အောင်လေ့လာဖို့ လယ်တီဆရာတော် လောင်းလျာ အရှင်ဉာဏဓဇကို ယောမင်းကြီး ဦးဘိုးလှိုင်က အကြံပေးခဲ့တာ ဖြစ်ပါလိမ့်မယ်။ (နေတ္တိကတော့ Critical thinking ထက် ပုံစံချထားတဲ့ ဘောင်ထဲကို သွင်းယူတဲ့ Pattern thinking ပိုဆန်ပါတယ်)။


အနောက်တိုင်း ယဉ်ကျေးမှုမှာဆိုရင်တော့ မရိုးဖြောင့်တဲ့ (ဒါမှမဟုတ် လွဲမှားနေတဲ့) ဆွေးနွေးဝေဖန်မှုတွေ အကြောင်းတွေကို အရစ္စတိုတယ်က Sophistical Refutations ဆိုပြီး ကျမ်းတစောင် ဖွဲ့ထားတာ ရှိပါတယ်။ False Reasoning ၁၃-မျိုးကို ရှင်းပြထားပါတယ်။ နိဂ္ဂဟဋ္ဌာန ၂၂-မျိုးနဲ့ နှိုင်းယှဉ် လေ့လာကြည့်နိုင်ပါတယ်။

Sunday, November 5, 2017

မြန်မာစာနှင့် John Okell

စင်္ကာပူမှာနေစဉ်က တရုတ် ဒါယကာ၊ ဒါယိကာမတွေကို မြန်မာစာ သင်ပေးဖို့ ရိပ်သာဆရာတော်က တာဝန် ပေးခံရဖူးပါတယ်။ စာသင်ဖို့ကို ဝါသနာထုံတာကြောင့် တကြောင်း၊ ကိုယ်နေ့စဉ်ပြောနေတဲ့ စကားပဲလေ ဖြစ်မှာပါလို့ ခပ်လျှော့လျှော့ တွေးမိတာက တကြောင်း၊ “ရပါတယ် ဘုရား” လို့ လက်ခံခဲ့ပါတယ်။ အစည်းအဝေး အပြီးမှာ ကော်မတီဥက္ကဋ္ဌ လူကြီးက “မြန်မာစာက လွယ်တာမဟုတ်ဘူး။ ကြည့်ဗျာ … တစ်နဲ့ နှစ်ကို တစ်ခု၊ နှစ်ခုလို့ အသံထွက်ပေမယ့် သုံးကျတော့ သုံးဂု (သုံးခု) လို့ ဖြစ်သွားရော။ ကျွန်တော်ဆို မသင်တတ်ဘူး” လို့ ဆိုလာပါတယ်။ “ရေးတော့ အမှန်၊ ဖတ်တော့ အသံပေါ့ဗျာ” လို့ပဲ ဖြေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အပြန်လမ်း တလျှောက်လုံး ငါဘယ်လို ရှင်းပြရပါ့မလဲလို့ အဖြေရှာခဲ့ပါတယ်။ မြန်မာတယောက် အနေနဲ့ကတော့ ဒီကိစ္စက အထူးသင်နေစရာ မလိုပေမယ့် နိုင်ငံခြားသား တယောက်အတွက်ဆိုရင်တော့ သိပ်လွယ်လှတာ မဟုတ်ပါဘူး။


မြန်မာစကားမှာ သံညင်းကနေ သံပြင်း အဖြစ် ပြောင်းလဲတတ်ပုံ voicing အကြောင်းကို လေ့ကျင့်ခန်းတွေနဲ့ ရှင်းပြထားပါတယ်။ မြန်မာစာ ဗျည်းအက္ခရာဇယားမှာ ပထမနဲ့ ဒုတိယတိုင်တွေမှာ ရှိတဲ့ က၊ ခ၊ စ၊ ဆ စတဲ့ ဗျည်းတွေကို သံညင်း (voiceless အဃောသ) လို့ ခေါ်ပါတယ်။ တတိယနဲ့ စတုတ္ထတိုင်မှာ ရှိတဲ့ ဂ၊ ဃ၊ ဇ၊ ဈ စတဲ့ ဗျည်းတွေကို သံပြင်း (voiced ဃောသ) လို့ ခေါ်ပါတယ်။ ယေဘုယျအားဖြင့် သံညင်းတွေကနေ သက်ဆိုင်ရာ သံပြင်းအသံတွေ အဖြစ် (ဥပမာ ခ ကနေ ဃ၊ စ ကနေ ဇ၊ ပ ကနေ ဗ) ပြောင်းတတ်ပါတယ်။ သူ့ရှေ့ကအသံတွေက glottal stop (-က် -ခ် -စ် -တ် -ပ် စတဲ့) အသတ်သံ သံရပ်တွေ ရှိနေရင်တော့ ချွင်းချက်အဖြစ် သံပြင်းပြောင်းစရာ မလိုတော့ပါဘူး။ ရှေ့သံက အသတ်သံဖြစ်ပေမယ့် သံရပ် (glottal stop) မဟုတ်ဘဲ မသတ် နသတ် စတဲ့ နှာသံ အသတ်၊ ညသတ် ယသတ် စတဲ့ သံရှည် အသတ်သံဆိုရင်လည်း သံပြင်း ပြောင်းရပါတယ်။ ဥပမာ “လေးခု” ဆိုရင် ရှေ့က “လေး” က glottal stop မဟုတ်တဲ့ အတွက် နောက်က “ခု” ကနေ သံပြင်း “ဂု” ပြောင်းပြီး “လေးဂု” လို့ အသံထွက်ပါတယ်။ (ခ ရဲ့ သက်ဆိုင်ရာ သံပြင်းက ဃ ဖြစ်ရမှာ ဖြစ်ပေမယ့် မြန်မာတွေက ဂ-သံနဲ့ ဃ-သံကို ကွဲအောင် ရွတ်လေ့မရှိတဲ့ အတွက် လေးဂုလို့ပဲ ထွက်ပါတယ်)။ တစ်ခု၊ နှစ်ခု စတာတွေမှာတော့ ရှေ့သံက စသတ်သံ ဖြစ်နေလို့ နောက်သံ “ခု” ကို သံပြင်းပြောင်းစရာ မလိုတော့ပါဘူး။ “ဆယ်ခု” ဆိုရင် ရှေ့သံက အသတ်ဖြစ်ပေမယ့် glottal stop မဟုတ်လို့ “ဆယ်ဂု” လို့ ထွက်ပါတယ်။ John Okell ကို အတော်လေး ကျေးဇူးတင်မိပါတယ်။ စင်္ကာပူရဲ့ စနစ်ကျလှတဲ့ စာကြည့်တိုက်တွေကိုလည်း ကျေးဇူးတင်မိပါတယ်။



နောက်တဆက်တည်း သူရေးတဲ့ Burmese/Myanmar Dictionary of Grammatical Form ဆိုတဲ့ စာအုပ်ကို တွေရပါတယ်။ မြန်မာစာမှာရှိတဲ့ ဝိဘတ်တွေ၊ ပစ္စည်းတွေ၊ ကြိယာထောက်တွေရဲ့ အဓိပ္ပါယ်နဲ့ အသုံးအနှုန်းကို အက္ခရာဝလိစဉ်ပြီး ရှင်းပြထားတဲ့ စာအုပ်ပါ။ မြန်မာစာ သင်ချင်တဲ့ နိုင်ငံခြားတွေအတွက်သာမက၊ ကျွန်တော့လို မြန်မာစာ အားနည်းသူတွေအတွက် အထောက်အပံ့ကောင်း တခုပါ။

Monday, September 25, 2017

မြန်မာအက္ခရာ သံပေါက်ကဗျာ သမိုင်း

ဆရာကြီး မင်းသုဝဏ် ရေးသား ပြုစုခဲ့တဲ့ မြန်မာအက္ခရာ သံပေါက်ကဗျာလေးရဲ့ သမိုင်းပါ။ နောင်တော့ အခြားဆရာတစ်ဦးကို ပြင်ရေးခိုင်းပြီး သူငယ်တန်း ပြဋ္ဌာန်းစာအုပ်တွေမှာ သုံးစွဲခဲ့ပါတယ်။

 
****
ထိုစနေနေ့က မိုးအတော်သည်းပါသည်။ ညနေ ကျွန်တော် အိမ်သို့ ပြန်ရောက်သောအခါ ကျွန်တော်၏ သားငယ်သည် သုံးထပ်သား ကျောက်သင်ပုန်းတွင် မြေဖြူနှင့် ရေးနေပါသည်။
“ဟေ့ လူလေး ဘာတွေများ ရေးနေသလဲ” ဟု ကျွန်တော်က မေးလိုက်သည်။
“မြန်မာစာတွေ ရေးနေတယ် အဘ ဖတ်ပြစမ်းပါ” ဟု ပြောကာ ကျောက်သင်ပုန်းကို ပြပါသည်။ သူရေးထားသော စာလုံးများကို မြင်ရသောအခါ ကျွန်တော် အံ့သြမိပါသည်။ လွန်ခဲ့သော နှစ်များက သူ့ကို သူ့ကျောင်းတွင် အေဘီစီကိုသာ သင်ပေးခဲ့ပါသည်။ ယခု ကျောင်းဖွင့်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ မြန်မာစာလုံးများကို ရေးနေလေပြီ။ ဘာစာ လုံးတွေပါလိမ့်။ ကျွန်တော် လှမ်းကြည့်လိုက်ပြီးလျှင် “ဆ၊ မ၊ တ ပေါ့ကွ - လူလေးက မြန်မာစာတွေကိုတောင် ရေးနေပြီလား …၊ ကိုင်း ဖတ်ပြစမ်းပါ” ဟု ကျွန်တော်က တုန့်ပြန် မေးခွန်းထုတ်လိုက်ပါသည်။ ထိုအခါ လူလေးက ရေးထားသည်ကို ဖျက်ပစ်ပြီးနောက် ဆလိမ်အက္ခရာကို ပြန်ရေးပြီးလျှင် “ဆ-ဆရာကြီး ခေါင်းလောင်းတီး” ဟု ဆိုပြပါသည်။ ကျွန်တော်၏ ဝမ်းသာခြင်း အားရခြင်းတို့ကား အတိုင်း မသိတော့ပေ။ ညောင်းညာသည်ကိုမျှ သတိမရ။ လူကလေးအနားတွင် ထိုင်ကာ “ကိုင်း ကကြီးက စပြီး ရေးစမ်းပါဦး” ဟု ခိုင်းမိသည်။ ထိုအခိုက်အနားတွင် ရှိနေသော သမီးထွေးကလည်း အားကျမခံ ဝင်လာကာ “ချိုချိုလည်း ရေးတတ်တယ် အဘ” ဟု ကျောက်သင်ပုန်းကို လုလေသည်။ ထို့ကြောင့် အခြား ကျောက်သင်ပုန်းတစ်ခု ရှာပေးကာ “ကဲ တစ်ယောက်စီ ရေးကြ၊ အဘ ကြည့်နေမယ်” ဟု ပြောလိုက်သောအခါ သူတို့ မောင်နှမနှစ်ဦးသည် ဂုဏ်တုဂုဏ်ပြိုင် အော်ဟစ် သီဆိုကာ ရေးကြပါသည်။
“က - ကစွန်းပင်၊ ရေမှာ ရွှင်။ ခ - ခရမ်းသီး၊ ဓားနှင့်လှီး”
ဤသို့ ဆိုကြ ရေကြရာ ဆယ့်လေး ငါးလုံးကို အမှားမပါ အထစ်အငေါ့ မရှိ၊ ဆိုတတ် ရေးတတ်နေသည်ကို တွေ့ရပါသည်။ ထိုမျှတိုတောင်းလှသော ကာလအတွင်း ထိုမျှ လိုလိုချင်ချင်၊ ပျော်ပျော်ပါးပါးနှင့် ထိုမျှသော အက္ခရာတို့ကို တတ်ကြသည့်အတွက် ထိုအက္ခရာသံပေါက်ကလေးများကို ရေးသားသူ ကျွန်တော့်မှာ ဝမ်းသာလုံး ဆို့မိသည်ဆိုလျှင် အပြစ်တင်ဖွယ် ရှိလိမ့်မည် မဟုတ်ဟု ယူဆမိပါသည်။ ထိုမျှမကသေး ထိုအက္ခရာ သံပေါက်ကလေးများ ဖြစ်ပေါ်လာရပုံ အထုပ္ပတ္တိကိုပင် လူသိရှင်ကြား ပြောပြချင်လာမိပါတော့သည်။ ထို့ကြောင့် …
ကျွန်တော်သည် ငယ်ရာမှ ကြီးလာရသူ တစ်ယောက်ဖြစ်သည့်အတိုင်း ကလေးဘဝက စာသင်ခဲ့ရသည့် အခက်အခဲ ဒုက္ခတို့ကို မမေ့နိုင်သေးပါ။ ဘုန်းကြီးကျောင်းတွင် နမောဗုဒ္ဓါယက စ၍ နှုတ်တိုက် သင်ခဲ့ရပုံတို့မှာ စိတ်ဆင်းရဲစရာပင် မဟုတ်ခဲ့စေကာမူ စိတ်ပျော်စရာကား မဟုတ်ခဲ့ပါ။ ကျွန်တော်တို့၏ ကျောင်းသားဘဝသည် အလိုက်အထိုက်အားဖြင့် ပျော်စရာပင် ဖြစ်ခဲ့စေကာမူ သင်နည်းစနစ်၊ သင်ရသော စာအုပ်၊ နေရသော ကျောင်းအဆောက်အအုံတို့ကို အခြား ခေတ်မီစနစ်၊ ခေတ်မီစာအုပ်၊ ခေတ်မီကျောင်းတို့နှင့် ယှဉ်လိုက်ပါမူ များစွာ အောက်ကျနောက်ကျ ဖြစ်လျှက်ရှိပါသည်။ ထိုအစွဲမှာ ကျွန်တော့အား အမြဲလိုလိုပင် နှိုးဆော်တိုက်တွန်းလျှက် ရှိပါသည်။ ထို့ကြောင့်လည်း ကျောင်းသားလူငယ်တို့၏ ဘဝ ကြည်သာရွှင်ပျရှိနိုင်အောင် သူတို့အဖို့ သီချင်းများ၊ ပုံဝတ္ထုများကို ကျွန်တော် ကြံစည်ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားသည့် စာတို့တွင် ဤအက္ခရာသံပေါက်များလည်း ပါဝင်နေပါသည်။
သက္ကရာဇ်အားဖြင့်ဆိုသော် ၁၉၄၇ ခုနှစ်က ဇွန်လအတွင်းတွင် ကျွန်တော်သည် တက္ကသိုလ်ဝင် စာမေးပွဲ စစ်ဆေးရန် ဖျာပုံမြို့သို့ သွားရပါသည်။ ထိုအခါက ဖျာပုံ ရာဇဝတ်ဝန်မှာ ယခုအခါ ရန်ကုန် ရဲမင်းကြီး ဖြစ်နေသော ဦးခင်မောင်မောင် ဖြစ်ပါသည်။ ဦးခင်မောင်မောင်မှာ ကျွန်တော်၏ တပည့်အရင်း ဖြစ်သည်က တစ်ကြောင်း၊ စာမေးပွဲကိစ္စနှင့် သွားရာတွင် လုံခြုံမှုအတွက် အရပ်ထဲတွင် မတည်းခိုချင်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်တော်သည် လူပျိုကြီး ဦးခင်မောင်မောင်ဆီတွင် တည်းခိုပါသည်။ ကံအားလျော်စွာ ဖျာပုံ အရေးပိုင် မစ္စတာရောဘတ်မိုး (Mr. Robert Mole) သည်လည်း ဦးခင်မောင်မောင်နှင့် အတူနေလျက် ရှိနေပါသည်။ မိုးဆိုသူက ဗိုလ်ချုပ်တို့နှင့် အတူ ကွယ်လွန်ရှာသော ဦးအုန်းမောင်၊ စစ်အတွင်းက ရခိုင် စစ်မျက်နှာတွင် ဆုံးရှာသူ မစ္စတာဗင်ဝိုက်၊ ယခုပညာရေးဝန်ကြီးဌာန အတွင်းဝန် ဦးဘကျော်တို့နှင့် အတူ အောက်စ်ဖို့ဒ် တက္ကသိုလ်တွင် ဘီစီအက်အတန်း တက်ခဲ့သူဖြစ်သဖြင့် ကျွန်တော်နှင့်လည်း တက္ကသိုလ်တစ်ခုတည်း နေခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ သုံးယောက်သားမှာ အလုပ်သိမ်း၍ အိမ်ပြန်ရောက်သောအခါ များ၌ ရှေးဟောင်းနှောင်းဖြစ်များကို ပြောကာ အားရဝမ်းသာဖြစ်လျက် ရှိကြပါသည်။
တစ်ခုသော နံနက် ကျွန်တော် စာမေးပွဲစစ်ရာ ကျောင်းသို့ သွားခါနီးတွင် ကျွန်တော့် ဝါသနာကို သိသော မိုးက အင်္ဂလိပ် ကဗျာစာအုပ် တစ်အုပ်ကို လှမ်းပေး၍ စာမေးပွဲ စစ်တုန်း အပျင်းပြေ ဖတ်ဖို့ပေါ့ဟု ပြောလိုက်ပါသည်။ ကျွန်တော်လည်း စာအုပ်ကို လှမ်းယူကာ ကသောကမျော ထွက်ခဲ့ပါသည်။ စာမေးပွဲ မေးခွန်းများ ပေးအပြီး၍ စာမေးပွဲစောင့်သူတို့ကို နေရာတကျ စီစဉ်ကာ စိတ်ချရသောအခါကျမှ မိုး ပေးလိုက်သော စာအုပ်ကို ကြည့်မိရာ၊ ဝေါ်လတာ ဒီလမဲယား (Walter de la Mare) တည်းဖြတ်သည့် “Nursery Rhymes for Certain Times” ခေါ် စာအုပ် ဖြစ်နေသည်ကို တွေ့ရပါသည်။ လူပျိုကြီး အရေးပိုင်က ကလေးချော့ သီချင်းစာအုပ်ကို ရှာရှာဖွေဖွေ ဖတ်တတ်ပလေဟု တွေးကာပြုံးမိပါသည်။ ဒီလမဲယားမှာ ကျွန်တော် ကြိုက်သော အင်္ဂလိပ် စာဆိုကျော်တစ်ဦး ဖြစ်သဖြင့် သူ ရွေးချယ် တည်းဖြတ် ထားသော ကဗျာတို့မှာလည်း ကျွန်တော့် အကြိုက်နှင့် အတော်ပင် တိုက်ဆိုင်လျက် ရှိပါသည်။ ထိုကဗျာတို့တွင် “Tom Thumb’s Alphabets” ခေါ် ငလက်မ၏ အက္ခရာ သံပေါက်များလည်း ပါဝင်နေပါသည်။ ထိုသံပေါက်များကို ဖတ်ရင်း စာမေးပွဲ ဖြေနေသော ကျောင်းသားကလေးများကို လှမ်း၍ ကြည့်မိပါသည်။ စာမေးပွဲ အခက်အခဲတို့ကြောင့် သူတို့၏ မျက်နှာကလေးများမှာ ညှိးငယ် နွမ်းလျ နေသည်ကို သတိပြုမိပါသည်။ နောက်ပေါက် ကလေးများလည်း စာသင်ရ အခက်အခဲတို့ကို တွေ့ကြရပါဦးမည်။ သို့သော် ထိုလာလတ္တံ့သော ကလေးများအတွက် ပျော်စရာ အက္ခရာသံပေါက်ကလေးများကို စီကုံး ရေးသားရလျှင် မကောင်းပေဘူးလား ဟူသော အတွေး ဝင်လာပါသည်။ ထို့ကြောင့် ကျွန်တော်သည် စက္ကူစကလေး တစ်ခုပေါ်တွင် …
“ကကြီး - ကဆုန်၊ မိုးမှုန်မှုန်၊ ခခွေး - ခမောက်၊ မိုးမကြောက်” စသည်ဖြင့် စတင်ရေးသား မိပါသည်။ ဇွန်လမိုးသည် ခဏခဏ ရွာလျက် ရှိပါသည်။ စာမေးပွဲစစ်ရာ ကျောင်းမှ လှမ်းမျှော် ကြည့်လိုက်လျှင် မြစ်ဝကျွန်းပေါ် လယ်ကွင်းများကို ရေဖွေးဖွေးနှင့် တွေ့ရပါသည်။ လယ်ကွင်းသည် လယ်သမားကို ညွှန်ပြ၍ လယ်သမားသည် ခမောက်ကို လက်ညှိုးထိုးကာ ခမောက်သည် တဖြိုင်ဖြိုင် ရွာလျက်ရှိသော မိုးကို သတိရစေပါသည်။ ထို့ကြောင့် “ကကြီး - ကဆုန်၊ မိုးမှုန်မှုန်” စသည်တို့ကို ရေးမိခြင်း ဖြစ်ပါတော့သည်။ ထိုနေ့ အဖို့ ကျောင်းမှ ပြန်လာသောအခါ ကျွန်တော့်တွင် စာမေးပွဲတာဝန် အပြင် အက္ခရာ သံပေါက်ရေးဖို့ တာဝန်သစ်ကိုလည်း ထမ်းဆောင်ခဲ့ပါသည်။
ညစာ ထမင်းဝိုင်းတွင် လူချင်းဆုံမိသောအခါ ကျွန်တော်က မိုးအား ပြောပါသည်။
“မစ္စတာမိုး၊ ခင်ဗျားမှာ ယုဒသန်ရဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်များ ရှိပါသလား”
“ရှိပါတယ်။ ဘာလုပ်ချင်လို့လဲ”
“ကျွန်တော့ကို ခဏငှားစမ်းပါ၊ ကလေးကဗျာ ရေးချင်လို့ပါ”
“ကလေးကဗျာ ရေးဖို့အတွက် အဘိဓာန် လိုသေးသလား”
“လိုတာပေါ့ဗျာ၊ ခင်ဗျား ငှားလိုက်တဲ့ ကလေးကဗျာ စာအုပ်ထဲက အက္ခရာ သံပေါက်ကလေးမျိုး ရေးမလို့၊ ကလေးတွေအတွက် လွယ်ကူတဲ့ စကား၊ ပျော်စရာကောင်းတဲ့ စကား၊ သူတို့ ဘဝနဲ့ နီးစပ်တဲ့ စကား၊ လက်ဟန် ခြေဟန်နဲ့ ဆိုလို့ရတဲ့ စကားတွေကို ရွေးရအောင် အဘိဓာန် လိုတာပေါ့၊ နောက်ပြီး ကကြီးခခွေးနဲ့ ရေးရမှာမို့ အဘိဓာန်နဲ့ လုပ်မှ ဖြစ်မယ်။”
ထိုအခါ မိုးသည် သူ့အဘိဓာန်ကို ထုတ်ပေးပါသည်။ မိုးသည် အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ နေစဉ်ကပင် ရာဇဝင်ဆရာ မစ္စတာဟာဗေ သင်ပေးလိုက်သဖြင့် မြန်မာစာကို တတ်ခဲ့ပါသည်။ မြန်မာပြည် ရောက်သောအခါ ဆက်လက် ဆည်းပူးပြန်သဖြင့် စာကို အတော်အတန် တတ်လာ၍ စကားပြောကိုကား အတော့ကို တတ်နေသူ ဖြစ်ပါသည်။ သူ့အဘိဓာန်ကို ရသောအခါ ကျွန်တော်သည် အိပ်ခန်းထဲတွင် စကားလုံးများကို လှန်လှောရှာဖွေ၍ မှတ်တမ်း တင်ထားပါသည်။ နောက်တစ်နေ့ စာမေးပွဲခန်းသို့ ရောက်ပြန်သောအခါ လွန်ခဲ့သည့် နေ့က ရေးထားသည်တို့ကို ဖျက်ပယ်၍ အသစ် ရေးပြန်ပါသည်။ ထိုသံပေါက် အသစ်တို့ကား “က - ကစွန်းပင် ရေမှာရွှင်” စသဖြင့် ဖြစ်လာပါတော့သည်။ ထိုနေ့ ညနေ အိမ်ပြန်ရောက်၍ သုံးယောက်သား ဆုံမိပြန်သောအခါ ကျွန်တော်၏ စွန့်စားချက် သံပေါက်များ ဝရန်တာတွင် ဖတ်ပြပါသည်။ သံပေါက် တစ်ပုဒ်မှတပါး အားလုံးကို မိုးနှင့် ခင်မောင်မောင်တို့က သဘောကျ အတည်ပြုကြပါသည်။ သို့သော်လည်း “ဆ - ဆရာကြီး ခေါင်းကို ဖြီး” ဆိုသည့် အပုဒ်ကိုမူ ခင်မောင်မောင်က သဘာဝ မကျဟု ဆိုကာ “ဆ - ဆရာကြီး ခေါင်းလောင်းတီး” ဟု ပြင်ပေးပါသည်။ ကောင်းပေစွ။ အာဂ ပုလိပ်ပါတကား။ တိုင်းပြည် ငြိမ်ဝပ်ပိပြားရေးကို စောင့်ရှောက်နိုင်ရုံမက ငြိမ်ဝပ်ပိပြားရေး၏ အကြောင်းရင်း တစ်ရပ်ဖြစ်သော ကဗျာကိုလည်း နားလည်ပါပေသည်။ လူပျိုကြီးဖြစ်လျက်နှင့် သားသည် အဖေ ကျွန်တော့်ကိုလည်း ကျောသွားလေပြီ။ ထိုသို့ဖြင့် အရေးပိုင်၊ ရာဇဝတ်ဝန်၊ ကျောင်းဆရာ သုံးဦးသားတို့ စုပေါင်း မွေးထုတ်လိုက်သော မြန်မာအက္ခရာ သံပေါက်များသည် ဇွန်လမိုးထဲတွင် ဖျာပုံကွင်းထဲ၌ ကောက်ပင်များနှင့်အတူ ပေါ်ပေါက်ခဲ့ပါသည်။ ဤသို့ ပြုရ မြတ်ပုညကြောင့် ပုဒိအာနှင့် ပြည့်စုံရပါလို၏။ ဤကောင်းမှု၏ အကျိုးကို မိဘ နှစ်ပါးနှင့်တကွ သတ္တဝါအပေါင်းအားလည်း အမျှပေးဝေပါ၏။ အမျှယူကြပါစေလို။
မင်းသုဝဏ်
(ရှုမဝမဂ္ဂဇင်း၊ သြဂုတ်လ၊ ၁၉၅၃)

Of Studies - Francis Bacon

Francis Bacon (1561-1626) ၏ “of Studies” အက်ဆေးကို ဆရာမြသန်းတင့်၏ မြန်မာဘာသာပြန်နှင့် တွဲဖက်ဖော်ပြထားပါသည်။

*****
Studies serve for delight, for ornament, and for ability.
စာပေလေ့လာခြင်းသည် စိတ်နှလုံးကို ကြည်နူးစေ၏။ အဆင်အယင်ကို ဖြစ်စေ၏။ အရည်အချင်းကို တိုးစေ၏။

Their chief use for delight, is in privateness and retiring; for ornament, is in discourse; and for ability, is in the judgment, and disposition of business.
စာပေကို လေ့လာဖတ်ရှုခြင်းဖြင့် အထီးတည်း နေထိုင်စဉ်နှင့် အနား ယူစဉ်တွင် စိတ်နှလုံးကို ကြည်နူး စေနိုင်ပါသည်။ စာပေကို ဖတ်ရှုခြင်းဖြင့် စကားပြောရာတွင် အဆင်အယင် ဖြစ်စေပါသည်။ စာပေကို ဖတ်ရှုခြင်းဖြင့် ဆုံးဖြတ်ချင့်ချိန်ခြင်းနှင့် အလုပ်တို့ကို စီမံခန့်ခွဲခြင်းပြုရာတွင် အရည်အချင်းတို့ကို တိုးတက် စေနိုင်ပါသည်။

For expert men can execute, and perhaps judge of particulars, one by one; but the general counsels, and the plots and marshalling of affairs, come best, from those that are learned.
တတ်ပွန်ကြေညက်သည့် ပုဂ္ဂိုလ်များမှာမူ စီမံခန့်ခွဲနိုင်ကြပါသည်။ အသေးစိတ် အချက်အလက်တို့ကိုလည်း တစ်ခုချင်း နှိုင်းချိန်စဉ်းစားတတ်ကြပါသည်။ သို့ရာတွင် သာမန်လူများမှာမူကား တိုင်ပင် နှီးနှောရပါသည်။ အကြံအစည်များ၊ အရာကိစ္စတို့ကို စီမံပုံများသည် ပညာရှိတို့ထံမှသာ အကောင်းဆုံး ရရှိတတ်ပါသည်။

To spend too much time in studies is sloth; to use them too much for ornament, is affectation; to make judgment wholly by their rules, is the humor of a scholar.
စာပေလေ့လာမှုတွင် အချိန်ကို များစွာအသုံးချခြင်းသည် လေးလံထိုင်းမှိုင်းစေပါသည်။ ထိုအဆင် အယင်အတွက် စာပေလေ့လာမှုကို အလွန်အမင်း ပြုလုပ်ခြင်းသည် ပလွှားဟန်ဆောင်ခြင်း ဖြစ်ပါသည်။ စာပေ လေ့လာမှုတို့ကိုချည်း အားကိုး၍ ဆုံးဖြတ်နှိုင်းချိန် စဉ်းစားခြင်းသည် ပညာရှိတို့ကို ရယ်ဖွယ် ဖြစ်တတ်ပါသည်။

They perfect nature, and are perfected by experience: for natural abilities are like natural plants, that need proyning, by study; and studies themselves, do give forth directions too much at large, except they be bounded in by experience.
စာပေလေ့လာမှုသည် သဘာဝကို ပြည့်စုံအောင်လုပ်ပေးပြီး၊ အတွေ့အကြုံက တစ်ဖန်ပြန်၍ စာပေလေ့လာမှုကို ပြည့်စုံအောင် လုပ်ပေးပါသည်။ သဘာဝ အရည်အချင်းတို့သည် သဘာဝ ပေါက်သော သစ်ပင်များနှင့် တူပါသည်။ အပင်တို့မှ အကိုင်းအခက်တို့ကို ခုတ်ထွင်ရှင်းလင်းရန် လိုသကဲ့သို့ သဘာဝ အရည်အချင်းတို့ကိုလည်း လေ့လာမှုဖြင့် ခုတ်ထွင် ရှင်းလင်းပစ်ရန် လိုပါသည်။ လေ့လာမှုသည် သူ့ပင်ကိုယ် သက်သက်အတိုင်း ဆိုလျှင် ထွေပြားလှသည့်အတွက် ထိုလေ့လာမှုကို အတွေ့အကြုံဖြင့် ထိန်းကွပ်ပေးရန် လိုပါသည်။

Crafty men contemn studies, simple men admire them, and wise men use them; for they teach not their own use; but that is a wisdom without them, and above them, won by observation.
ကောက်ကျစ်စဉ်းလဲသူတို့သည် လေ့လာမှုကို ရှုတ်ချ ပြစ်တင် ကြပါသည်။ ရိုးသားသူတို့ကား လေ့လာမှုကို နှစ်သက် သဘောကျကြပါသည်။ ပညာရှိသူတို့ကား လေ့လာမှုကို အသုံး ချကြပါသည်။ လေ့လာမှုများသည် သူတို့ကို အသုံးပြုရန် သင်ကြားခြင်း မပြုပါ။ သို့ရာတွင် လေ့လာမှုမရှိဘဲ စဉ်းစားဆင်ခြင် ဆုံးဖြတ်နိုင်ပြီဆိုလျှင်ကား ထိုအရာသည် ဉာဏ်ပညာ မည်ပါသည်။

Read not to contradict and confute; nor to believe and take for granted; nor to find talk and discourse; but to weigh and consider.
ငြင်းခုံရန်နှင့် ငြင်းပယ်ရန် စာဖတ်ခြင်း မပြုပါလေနှင့်။ ယုံကြည်ရန်နှင့် သူများ ပြောသမျှကို လက်ခံရန်လည်း စာဖတ်ခြင်း မပြုပါလေနှင့်။ စကားကြီး စကားကျယ် ပြောရန်နှင့် ဆွေးနွေးရန်လည်း စာဖတ်ခြင်း မပြုပါလေနှင့်။ နှိုင်းချိန်ရန်နှင့် တွေးတောရန် အတွက်သာ စာဖတ်ခြင်း ပြုပါလေ။

Some books are to be tasted, others to be swallowed, and some few to be chewed and digested; that is, some books are to be read only in parts; others to be read, but not curiously; and some few to be read wholly, and with diligence and attention.
အချို့စာအုပ်တို့သည် မြည်းစမ်းကြည့်ရန် ဖြစ်၏။ အချို့ကား မျိုချရန် ဖြစ်၏။ အနည်းငယ်သော စာအုပ်တို့မှာ သာလျှင် ကြေညက်အောင် ဝါး၍ အစာချေရန် ဖြစ်၏။ တစ်နည်း ပြောရလျှင် အချို့သော စာအုပ်တို့သည် တစ်စိတ်တစ်ပိုင်းမျှသာ ဖတ်ရန် ဖြစ်၏။ အချို့စာအုပ်များကား သာမန်ဖတ်ရုံသာ ဖြစ်၏။ အနည်းငယ်သော စာအုပ်တို့သာလျှင် လုံ့လ၊ ဝီရိယ၊ သတိ အာရုံစိုက်မှု တို့ဖြင့် အပြည့်အစုံ ဖတ်ရန် ဖြစ်ပေ၏။

Some books also may be read by deputy, and extracts made of them by others; but that would be only in the less important arguments, and the meaner sort of books, else distilled books are like common distilled waters, flashy things.
အချို့စာအုပ်များကား ကိုယ်စားဖြင့်သာ ဖတ်အပ်သော စာအုပ်များ ဖြစ်၏။ အခြားသူများ ထုတ်နှုတ်ပေးသော အချက်များကိုသာ ဖတ်အပ်၏။ သို့ရာတွင် ထိုစာမျိုးမှာ အရေးမကြီးသော အကြောင်းများနှင့် ညံ့ဖျင်းသော စာအုပ်များသာ ဖြစ်သင့်၏။ ပေါင်းခံ စာအုပ်များသည် ပေါင်းခံရေကဲ့သို့ပင် ဟိတ်ဟန်များသောအရာ ဖြစ်သောကြောင့် ဖြစ်၏။

Reading maketh a full man; conference a ready man; and writing an exact man.
စာဖတ်ခြင်းသည် ပြည့်ဝသော လူတစ်ယောက် ဖြစ်စေ၏။ တိုင်ပင်နှီးနှော ခြင်းသည် ကျယ်ပြန့်သော လူတစ်ယောက် ဖြစ်စေ၏။ စာရေးခြင်းသည် တိကျသော လူတစ်ယောက် ဖြစ်စေ၏။

And therefore, if a man write little, he had need have a great memory; if he confer little, he had need have a present wit: and if he read little, he had need have much cunning, to seem to know, that he doth not.
ထို့ကြောင့် စာရေးနည်းသူ တစ်ယောက်ဖြစ်လျှင် ကြီးသော မှတ်ဉာဏ်ရှိဖို့ လိုပါသည်။ ဆွေးနွေး တိုင်ပင်မှု နည်းလျှင် ဇဝနဉာဏ်ရှိ ဖို့လိုပါသည်။ စာဖတ်ခြင်း နည်းလျှင် ပါးနပ်မှု ရှိဖို့ လိုပါသည်။

Histories make men wise; poets witty; the mathematics subtile; natural philosophy deep; moral grave; logic and rhetoric able to contend. Abeunt studia in mores [studies develop into habits].
ရာဇဝင်များသည် လူများကို ပညာရှိစေပါသည်။ ကဗျာဆရာများကား လူများကို ဇဝနဉာဏ် ထက်သန် စေပါသည်။ သင်္ချာဆရာများသည် လူများကို နူးညံ့သိမ်မွေ့စေပါသည်။ ဒဿနပညာသည် လူကို လေးနက်စေပါသည်။ နီတိပညာသည် လူကို တည်ကြည်စေပါသည်။ ယုတ္တိဗေဒနှင့် နှုတ်မှုပညာသည် လူကို ယှဉ်ပြိုင် နိုင်စေပါသည်။

Nay, there is no stond or impediment in the wit, but may be wrought out by fit studies; like as diseases of the body, may have appropriate exercises.
ဇဝနဉာဏ်တွင် အတားအဆီး အရပ်အတန့် ဟူ၍ မရှိပါ။ လေ့လာမှုကြောင့်သာ ပျက်စီး သွားနိုင်ပါသည်။ ကိုယ်ခန္ဓာတွင် ဖြစ်သော ရောဂါတို့ အတွက် သင့်လျော်သော လေ့ကျင့်ခန်းများ ရှိသည့် နည်းတူ ဖြစ်ပါသည်။

Bowling is good for the stone and reins; shooting for the lungs and breast; gentle walking for the stomach; riding for the head; and the like.
ဘောလုံး လှိမ့်ကစား ခြင်းသည် ကျောက်တည်ခြင်းနှင့် အကြောများအတွက် ကောင်းပါသည်။ သေနတ် ပစ်ခြင်းသည် အဆုတ်နှင့် ရင်ဘတ်အတွက် ကောင်းပါသည်။ ဖြည်းညင်းစွာ လမ်းလျှောက်ခြင်းသည် ဝမ်းဗိုက်အတွက် ကောင်းပါသည်။ မြင်းစီးခြင်းသည် ခေါင်းစသည်တို့ အတွက် ကောင်းပါသည်။

So if a man's wit be wandering, let him study the mathematics; for in demonstrations, if his wit be called away never so little, he must begin again.
ထို့ကြောင့် လူတစ်ယောက်၏ စိတ်သည် အတည်မနေ ထွေပြားလျက် ရှိပါက သင်္ချာကို လေ့လာသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်္ချာ တွက်ရာတွင် စိတ်အာရုံကို စုစည်းခြင်း မပြုနိုင်ပါက အစမှ ပြန်ထွက်ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။

If his wit be not apt to distinguish or find differences, let him study the Schoolmen; for they are cymini sectores [hairsplitters, literally cumin-seed sorters].
သူ့စိတ်သည် ခြားနားချက်ကို မခွဲခြားနိုင်ပါက သို့မဟုတ် မတွေ့ပါက ကျောင်းဆရာကို အတုယူသင့်ပါသည်။

If he be not apt to beat over matters, and to call up one thing to prove and illustrate another, let him study the lawyers' cases. ပြဿနာများကို မဖြေရှင်းနိုင်လျှင် အရာဝတ္ထုတစ်ခုကို သက်သေမထုတ်နိုင်လျှင် ရှေ့နေ၏ အမှုတွဲများကို လေ့လာသင့်ပါသည်။

So every defect of the mind, may have a special receipt.
ထို့ကြောင့်စိတ်၏ ချွတ်ယွင်းချက်အတိုင်းအတွက် အထူးဖြေဆေး တစ်ခုစီ ရှိတတ်ကြသည်သာ ဖြစ်ပါသည်။

မြသန်းတင့်
(ပေဖူးလွှာ မဂ္ဂဇင်း၊ ဩဂုတ် ၂၀၁၀)

Saturday, July 22, 2017

Trip to Rocky Mountains (June 21, 2017)

Living at Colorado right next to the Rocky Mountains means it is a great place for adventurous people as it creates opportunities like hiking for them. I live in Longmont, Colorado which is about an hour drive to the entrance of the Rocky Mountain National Park. The park is known for its high altitude roads and the scenic view.
Even though my family were not very adventurous, my elder brother who happened to be in Colorado for two weeks was very enthusiastic of driving in America. In fact, my father had just planned this trip a day before we went there. It was our first time visiting the park since we arrived in August and probably the first I have ever been so high up with a car. My whole family were excited as we only got this chance because my brother was here since my father was only an amateur driver.
On the way to the park, we drove through Estes Park, which is another tourist attraction in Colorado that we visited a few months ago. After about 10 minutes driving past Estes Park, we finally reached the entrance to the Rocky Mountain National Park. The entrance fee was $20 per car and to be honest I thought it was expensive. The ranger gave us a map as well so we could have a look at the popular places to go since the place was just enormous.
Along the way, there were several pull-offs for car to pull over and take in the scenery. We stopped at most of the pull-offs to take picture and just enjoy the breeze. One thing that amazed me was that there were still ice from winter even though it was already June which was the start of summer. We reached the highest point of the trail after about 30 minutes and its was a staggering 13,000 feet high which is about a third of a plane’s cruising altitude.
We descended after taking some pictures and arrived in a small town called Grand Lake because of the huge lake as the name suggests. We had a picnic by the beach and after taking a rest we decided to head back home.
I was thinking about having a nap in the car but then my father suggested that he will drive back home. I knew I could not sleep for fear of my life and I had to be alert all the way back home since we were still in the mountains area. The drive back home was fine although nerve-wrecking and I could feel my legs shaking when I reached home.
We took a shower and lay down on our beds to rest while posting our pictures on social media to share our experience to our friends. I knew I would not be going on a road trip for another period time so I treasured my memories from our road trip to Rocky Mountain National Park.

Saturday, July 15, 2017

Confession of a Buddhist Atheist


ဘာသာမဲ့ ဗုဒ္ဓဝါဒီ တစ်ဦး၏ ဖွင့်ဟဝန်ခံချက် (Confession of a Buddhist Atheist) စာအုပ်သည် ၂၀၁၀-ခုနှစ်က Stephen Batchelor ရေးသားထုတ် ဝေခဲ့သော စာအုပ်ဖြစ်သည်။ Atheism ဟူသည် a = without + theos = God/gods မှ ဆင်းသက်လာ၍ တိုက်ရိုက်အားဖြင့် ဘုရားမဲ့ဝါဒဟု အဓိပ္ပါယ်ရသည်။ ဗုဒ္ဓဝါဒနှင့် ဘုရားမဲ့ဝါဒ တွဲဖက် ဖော်ပြခြင်းသည် သိပ် အထူးအဆန်း မဟုတ်။ သုတ္တန်ဒေသနာ အတော်များများတွင် ဗုဒ္ဓက ဖန်ဆင်းရှင်ဝါဒ (ဣဿနိမ္မိတဝါဒ) ၏ အဓိပ္ပါယ်မဲ့ပုံ ခပ်ထေ့ထေ့ သရော်ဝေဖန်ထားသည်ကို တွေ့နိုင်သည်။ သို့သော် Atheism သည် ထာဝရဘုရားကို မယုံကြည်မှု သက်သက်မျှ မဟုတ်ဘဲ၊ တမလွန်ဘဝ၊ ကောင်းကင်ဘုံ၊ ငရဲ၊ နိဗ္ဗာန်တို့ကိုပါ လက်မခံသော အယူအဆဖြစ်သည်။ ထို့ကြောင့် “ထာဝရဘုရားမဲ့ဝါဒ” ဆိုသည်ထက် “ဘာသာမဲ့ဝါဒ” ဆိုက ပိုမှန်ပါလိမ့်မည်။ ဗုဒ္ဓဘာသာ၏ အဆုံးအမ အတော်များများကို (အထူးသဖြင့် သတိပဋ္ဌာန်တရား၊ သစ္စာလေးပါးတရား) လက်ခံ သဘောကျကြသော်လည်း၊ သံသရာနှင့် ကံတရားကို နားလည်လက်ခံနိုင်စွမ်း မရှိသော၊ အရှေ့တိုင်းဗုဒ္ဓဘာသာနိုင်ငံများမှ ဘာသာရေးထုံးတမ်းစဉ်လာများကို လက်ခံလိုက်နာလိုခြင်း မရှိသော အနောက်တိုင်းသားတို့ အကြားတွင် ဤစာအုပ်က အတော်လေး ရေပန်းစားသွားခဲ့သည်။ Secular Buddhism ဟူသော အမည်ဖြင့် ဂိုဏ်းဂဏ တစ်ခု ပေါ်ထွန်းလာခဲ့သည်။


“ဘာသာမဲ့ ဗုဒ္ဓဝါဒီ တစ်ဦး၏ ဖွင့်ဟဝန်ခံချက်” သည် စတီဗင်ဘက်ချ်လာ၏ ဘဝဖြစ်စဉ်နှင့် အတွေးအမြင်များကို ပုဂ္ဂလိကရှုထောင့်မှ ဇာတ်ကြောင်းပြန်ပြောသလို ရေးထားသော စာအုပ်ဖြစ်သည်။ “ဖွင့်ဟဝန်ခံချက်” ဟု ဆိုသည့်အတိုင်း သူ ဖြတ်သန်းခဲ့ရသော တိဘက်ရဟန်းတော်ဘဝ၊ ဇင်ရဟန်းတော်ဘဝ ဖြစ်စဉ်များကို ပြန်ပြောရင်း ဗုဒ္ဓဘာသာ ရဟန်းတော်တဦး ဖြစ်ပါလျှက် တမလွန်ဘဝနှင့် ကမ္မနိယာမတို့ အပေါ် ဘဝင်မကျ၊ လက်မခံနိုင်သည့် သူ့၏ အဖြစ်ကို ဝန်ခံထားသည်။ လူဝတ်လဲပြီး နောက်ပိုင်းတွင် ထေရဝါဒ ဗုဒ္ဓဘာသာ ပိဋကတ်စာပေများကို လေ့လာခဲ့သည်။ ပိဋကတ်စာပေများတွင် မဟာလူသားဗုဒ္ဓ (Historical Buddha) ကို ရှာဖွေခဲ့သည်။ ဗုဒ္ဓသည် ဗြာဟ္မဏဝါဒကဲ့သို့ အခြားသော ဘာသာတရားတစ်ခုကို ထူထောင်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ၊ အသိဉာဏ်ပွင့်လင်းနိုးကြားမှု ဟူသည့် လူ့ယဉ်ကျေးမှုတရပ်ကို ထူထောင်ရန် ဖြစ်သည်ဟူသော ရှုထောင့်မှ ရေးသား ပုံဖော်ထားသည်။ သတင်းစာ စက္ကူ၊ ဓာတ်ပုံ၊ အဝတ်စ စသဖြင့် တိုလီမုတ်စတို့ကို ဖြတ်ညှပ်ကပ် ပုံဖော်ထားသည့် collage ခေါ် ပို့စ်မော်ဒန် အနုပညာပုံစံမျိုးဖြင့် ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များကို သူ့အတွေးအမြင်များ၊ သူ့ ဘဝဖြစ်စဉ်များနှင့် ဟိုတစ ဒီတစ ရောစပ်၍ ရေးသားထားခြင်း ဖြစ်သည်။

ဗုဒ္ဓခေတ် အိန္ဒိယယဉ်ကျေးမှုတွင် မတွေ့နိုင်သည့် ဗုဒ္ဓ၏ ဝိသေသထူးခြားသည့် ဓမ္မတို့ကို အောက်ပါအတိုင်း သတ္ထုချ ပြသည်။

  • ဣဒပစ္စယတာ (အကြောင်းကို စွဲမှီ၍ ဖြစ်ရသည်ဟူသည့် ပဋိစ္စသမုပ္ပါဒ်သဘောတရား) အခြေခံမူ (The principle of this-conditionality, condition-arising)
  • အရိယသစ္စာလေးပါးဟူသည့် လုပ်ငန်းစဉ် (The process the four Noble Truths)
  • သတိပဋ္ဌာန်ဘာဝနာ ကျင့်စဉ် (The practice of mindful awareness)
  • မိမိကိုယ် မိမိ ကိုးစားအားထားမှု စွမ်းအား (The power of self-reliance)

ဤတရားလေးပါးတို့သည် ဗုဒ္ဓ မြော်မြင်သည့် ယဉ်ကျေးမှုသစ်၊ လူဘောင်သစ်၏ အခြေခံ အဆောက်အအုံပင် ဖြစ်သည်ဟု စတီဗင်ဘက်ချ်လာက ဆိုသည်။

စာအုပ်၏ အခန်းတခန်းတွင် အင်္ဂလိပ်ရဟန်းတော် ဘိက္ခုဉာဏဝီရ၏ အကြောင်းနှင့် ထိုရဟန်းတော်ရေးသားသည့် “Clearing the Path” နှင့် “Notes on Dhammma” စာအုပ်တို့မှ ဗုဒ္ဓဝါဒအား Existential Phenomenology ရှုထောင့်မှ ချဉ်းကပ်ပုံကို ထုတ်နှုတ်ရေးသားထားသည်။ ဘိက္ခုဉာဏဝီရ၏ ငယ်နာမည်သည် Harold Musson ဖြစ်၍ နောင်တွင် ဘိက္ခုဉာဏမောဠိ ဖြစ်လာမည့် Osbert Moore နှင့် ခင်မင်ရင်းနှီးသော အခန်းဖော် မိတ်ဆွေဖြစ်သည်။ Harold Musson သည် ဆေးရုံတက်စဉ် ဖတ်မိသော Julius Evola's The Doctrine of Awakening စာအုပ်ကြောင့် ဗုဒ္ဓဘာသာကို စိတ်ဝင်စား သွားခဲ့သည်။ ထိုစာအုပ်ကို အီတလီဘာသာမှ အင်္ဂလိပ်ဘာသာသို့ပင် ပြန်ခဲ့သည်။ နောင်တွင် လူ့ဘောင်လောကကို ငြီးငွေ့နေသော Harold Musson နှင့် Osbert Moore တို့သည် သီရိလင်္ကာသို့ သွားရောက်ကာ ရဟန်းပြုခဲ့ကြသည်။ ဘိက္ခုဉာဏမောဠိသည် ဝိသုဒ္ဓိမဂ်၊ အဋ္ဌသာလိနီ၊ သမ္မောဟဝိနောဒနီ၊ မဇ္ဈိမနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ နေတ္တိ၊ ပေဋကောပဒေသ၊ ပါတိမောက္ခ စသည့် ပါဠိတော်၊ အဋ္ဌကထာများကို အင်္ဂလိပ် ဘာသာပြန်ခဲ့၍၊ ထေရဝါဒ ဗုဒ္ဓစာပေလောကတွင် ထင်ရှားသော ရဟန်းတော်တစ်ပါး ဖြစ်လာခဲ့သည်။ ဘိက္ခုဉာဏဝီရကမူ အဘိဓမ္မာနှင့် အဋ္ဌကထာအဖွင့်များကို လက်မခံဘဲ သုတ္တန်နှင့် ဝိနည်းကိုသာ ဓမ္မအစစ် အဖြစ် လက်ခံထားသူ ဖြစ်သည်။ သို့သော် ဘိက္ခုဉာဏဝီရက ကံနှင့် ဘဝသစ်ဖြစ်ခြင်းကိုမူ သုတ္တန် ပိဋကတ်တွင် ဖော်ပြထားသည့်အတိုင်း လက်ခံသည်။ ထိုထက်ပို၍ ရှင်းလင်း သက်သေပြမှုမျိုးကို လက်မခံ။ အထူးသဖြင့် သိပ္ပံနည်းကျ သို့မဟုတ် ယုတ္တိဗေဒနည်းဖြင့် ရှင်းလင်းချက်များကို လုံးဝ လက်မခံ။ ကံနှင့် ဘဝသစ်ဖြစ်ခြင်း သာမဟုတ်၊ ဗုဒ္ဓ၏ တရားတော်တခုလုံးကို သိပ္ပံရှုထောင့်မှ ချည်းကပ်ပါက အမှန်တကယ် နားလည်နိုင်မည်မဟုတ် ခံယူထားသည်။ ကံနှင့် ဘဝသစ်ဖြစ်ခြင်းသည် အရှိကို အရှိအတိုင်း ဖော်ပြခြင်းသာဖြစ်သည်။ ဘာကြောင့်ကံတွေ အကျိုးပေးရသည်၊ ဘာကြောင့် ဘဝသစ်ဖြစ်ရသည်ကို စဉ်းစားတွေးခေါ်နေရန် မလိုတော့၊ ရှင်းပြနေရန် မလိုတော့ဟု ယူဆသည်။ “အကယ်၍များ မိမိ၏ အယူအဆများသည် သုတ္တန်ဒေသနာတို့နှင့် ကွဲလွဲနေပါက သုတ္တန်ဒေသနာတို့က မှန်၍ မိမိမှားသည်။ ဤသည်မှာ သုတ္တန်ဒေသနာတို့အပေါ် မိမိ၏ သဘောထားပင် ဖြစ်သည်” ဟု ဘိက္ခုဉာဏဝီရက အတိအလင်း ဆိုခဲ့သည်။

ဘိက္ခုဉာဏဝီရ၏ စာများကို စတီဗင်ဘက်ချ်လာက သဘောကျသည်။ ယခင်က သူရေးသားခဲ့သည့် Alone with Others: An Existential Approach to Buddhism (1994) နှင့် Buddhism Without Beliefs: A Contemporary Guide to Awakening (1997) ဟူသည့် စာအုပ်များတွင် ဘိက္ခုဉာဏဝီရ၏ လောင်းရိပ် မကင်းပုံကို တွေ့နိုင်သည်။ ရှေးဘဝ နောက်ဘဝတို့သည် ရှိသည်ဟု သက်သေ မပြနိုင်သလို၊ မရှိဟုလည်း သက်မပြနိုင်ဟူသည့် Agnosticism ရှုထောင့်မျိုးမှ တင်ပြခဲ့သည်။ သို့သော် ယခု Confession of a Buddhist Atheist စာအုပ် တွင်မူ ဘိက္ခုဉာဏဝီရက “တမလွန်ဘဝ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ၊ ကံတရား” တို့ကို သံသယဖြင့် ဆန်းစစ်ဝေဖန်မှု မပြုနိုင်သည့် အပေါ် အားမရသလို ဝေဖန်ထားသည်ကို တွေ့ရသည်။ ဗုဒ္ဓက ရှေးဘဝ နောက်ဘဝကို မဟောခဲ့၊ ဘာသာတရား အသစ်တခုကို ဖန်တီးရန် မရည်ရွယ်ခဲ့၊ လူ့ယဉ်ကျေးမှု လူ့ဘောင် အသစ်တခု ဖန်တီးရန်သာ အားထုတ်ခဲ့ခြင်း ဖြစ်သည်ဟု စတီဗင်ဘက်ချ်လာက ကောက်ချက် ချလိုက်သည်။

စင်စစ် ဗုဒ္ဓဝါဒကို မျက်ကန်းယုံကြည်မှု၊ နာမ်ဝါဒ၊ ဂမ္ဘီရဝါဒ၊ သဿတဝါဒ အစွဲအလမ်းများဖြင့် ချည်းကပ်၍ မရနိုင်သလို၊ သံသယဝါဒ၊ ရုပ်ဝါဒ၊ သိပ္ပံဝါဒ၊ ဥစ္ဆေဒဝါဒ အစွဲအလမ်းများဖြင့်လည်း ချည်းကပ်၍ မရနိုင်။ ဗုဒ္ဓဝါဒကို မျက်မှောက်ဘဝရှုထောင့် Secularism သက်သက်မှ ချည်းကပ်ခြင်းဖြင့် လက်ရှိဘဝကို အကောင်းဆုံး နေထိုင်သွားနိုင်မည့် ဘဝနေနည်းကို ရနိုင်သည်မှန်သော်လည်း၊ ဗုဒ္ဓဝါဒ၏ အနှစ်သာရ ဖြစ်သည့် သံသရာမှ လွတ်မြောက်ရာ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ နိဗ္ဗာန်တည်းဟူသော ပန်းတိုင်မှ လွဲချော်သွားမည် ဖြစ်သည်။

Saturday, June 10, 2017

ပညာရေးနှင့်ဆိုင်သော အတွေးများ

Education ကို မြန်မာတို့က “ပညာရေး” ဟု ဘာသာပြန်သည်။ အိန္ဒိယတို့ကမူ “သိက္ခာ Śikṣā” ဟု ဘာသာပြန်သည်။ “သိက္ခာ” သည် ဟိန္ဒူ၊ ပါဠိ၊ သက္ကတ ဘာသာစကားတွင် “သင်ယူခြင်း၊ လေ့ကျင့်ခြင်း” ဟု အဓိပ္ပါယ်ရသည်။ ဗုဒ္ဓသာသနာတွင် သိက္ခာကို သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာဟု အဆင့်သုံးဆင့် ပိုင်း၍ ပြသည်။ ထို့ကြောင့် “သိက္ခာ” ဟူသည် မိမိ၏ သန္တာန်တွင် ကိုယ်ကျင့်တရား၊ စူးစိုက်တည်ကြည်မှုနှင့် အမှန်ကို ထိုးထွင်းသိမြင်နိုင်သည့် ပညာတို့ကို အဆင့်ဆင့် လေ့ကျင့် သင်ယူရသည့် ဖြစ်စဉ် တရပ်ပင် ဖြစ်သည်။ မြန်မာတို့က Education ကို ပညာရေးဟု ဘာသာပြန် သုံးစွဲခြင်းသည် သိက္ခာသုံးပါး အနက် ခေါင်ကို ကိုင်၍ ပြောလိုက်ခြင်းပင် ဖြစ်သည်။

သို့သော် ယနေ့ခေတ်တွင် ပညာရေးဟု ဆိုလိုက်လျှင် ပညာရေး၏ ကျယ်ပြောလေးနက်သည့် အဓိပ္ပါယ်များထက် စာသင်ကျောင်းများ၊ စာမေးပွဲရလဒ်များ၊ ဘွဲ့လက်မှတ်များကိုသာ ပြေးမြင်တတ်ကြသည်။ ဘွဲ့လက်မှတ်များသည် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်၍ ပညာရေးသည် ဘဝအောင်မြင်မှုအတွက် ကြိုတင်ပြင်ဆင်မှုမျိုး ဖြစ်သည်ဟု ဆိုခြင်းသည် လုံးဝ မှားယွင်းနေသည်ဟု မဆိုနိုင်သော်လည်း၊ ရာနှုန်းပြည့်တော့ မမှန်။ ပညာရေးသည် အသိဉာဏ်စွမ်းရည် (cognitive skills) ထက်မြက်အောင် ပြုစုပျိုးထောင်ရန် သာမက၊ ကိုယ်ကျင့် စရိုက်ကောင်းများကို လေ့ကျင့် ပျိုးထောင်ပေးသည့် စာရိတ္တပညာရေး (character education) လည်း လိုအပ်ပါသည်။ ပညာရေးကို ကျောင်းသင်ခန်းစာ သက်သက်အဖြစ်သာ ရှုမြင်ခြင်းသည် ပညာရေး တခုလုံးကို လွှမ်းခြုံ မမြင်ဘဲ၊ အစိတ်အပိုင်းလေးတခုကိုသာ ကွက်၍ မြင်ခြင်းနှင့် တူသည်။

စာရိတ္တပညာရေး ဟူသည် အသစ်အဆန်းတော့ မဟုတ်။ ရှေးယခင်က အနောက်တိုင်း ခရစ်ယာန် သာသနာပြုကျောင်းများတွင် ဖြစ်စေ၊ အရှေ့တိုင်းမှ ဗြဟ္မဏပညာရေး၊ ဗုဒ္ဓဘာသာပညာရေးနှင့် ကွန်ဖြူးရှပ်ပညာရေးတို့တွင် ဖြစ်စေ စာရိတ္တပညာရေးသည် ပညာရေး၏ နှလုံးသည်းပွတ် ဖြစ်ခဲ့သည်။ ၁၉-ရာစုနှောင်းပိုင်းနှင့် ၂၀-ရာစုကာလ ခေတ်ပညာကျောင်းများ ထွန်းကားလာမှသာ စာရိတ္တပညာရေးဖက်တွင် ပေါ့လျော့လာခဲ့ခြင်း ဖြစ်သည်။ ပညာမည်မျှ တတ်ပါစေ ကိုယ်ကျင့်သီလ မရှိပါက လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ပြုနိုင်သည်။ ကိုယ်ကျင့်သီလ ကောင်းမွန်သော်လည်း အသိပညာမရှိ ပြန်လျှင်လည်း လိုရာပန်းတိုင်သို့ ရောက်နိုင်မည် မဟုတ်။ သောဏဒဏ္ဍသုတ်မှ ပုဏ္ဏား၏ စကားဖြင့်ဆိုရလျှင် “လက်တဖက်ကို အခြားလက်တဖက်ဖြင့် ဆေးကြောရသလို၊ သီလကို ပညာနှင့် စင်ကြယ်အောင် ဆေးကြောရ၍ ပညာကို သီလဖြင့် စင်ကြယ်အောင် ဆေးကြောရပါသည်”။

ယနေ့ခေတ် ပညာရေးနယ်ပယ်တွင် စာရိတ္တ (character) ဟူသော ဝေါဟာရကို Moral character နှင့် Performance character ဟု ထပ်မံ၍ ခွဲလာကြသည်။ Moral character သည် ကိုယ်ချင်းစာနာမှု၊ ကြင်နာသနားမှု၊ မိမိကိုယ်တိုင်နှင့် သူတဖက်သားအား လေးစားမှု၊ တရားမျှတမှုစသည့် ပတ်ဝန်းကျင်နှင့် ဆက်ဆံရာတွင် အရေးပါသည့် အရည်အချင်းများ ဖြစ်သည်။ Performance character သည် မိမိ၏ စိတ်ခံစားမှု အလျှောက် အလျှင်စလို မတုန့်ပြန်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ အလုပ်တခုတွင် ကြာရှည် အာရုံစူးစိုက်ထားနိုင်ခြင်း၊ အလွယ်တကူဖြင့် အရှုံးမပေးခြင်း၊ ဇွဲလုံ့လရှိခြင်း စသည့် အလုပ်တခုကို ပြီးမြောက်အောင်မြင်ရန် ဆောင်ရွက်ရာတွင် အရေးပါသည့် အရည်အချင်းများ ဖြစ်သည်။ အကြမ်းဖျဉ်းအားဖြင့် အသိဉာဏ် စွမ်းရည်တို့ (Cognitive skills) ကို ပညာအုပ်စုတွင် ထည့်သွင်း၍၊ Moral characters တို့ကို သီလအုပ်စု၊ Performance characters တို့ကို သမာဓိအုပ်စုတွင် ထည့်သွင်းနိုင်ပါသည်။ သမာဓိအုပ်စုတွင် ဝီရိယ၊ သတိ၊ သမာဓိဟူသည့် အရည်အသွေးများ ပါဝင်နေသည်။


၂၀-ရာစု ကျောင်းများတွင် ဗဟုသုတနှင့် အသိဉာဏ်စွမ်းရည်ကိုသာ အဓိကထား သင်ကြားပေးကြပြီး၊ စာရိတ္တပညာရေးက မဆိုသလောက်သာ ပါတတ်သည်။ စာရိတ္တပညာရေးတွင်လည်း ကိုယ်ကျင့်တရားနှင့် ပြည်သူနီတိကဲ့သို့ သီလပိုင်းဆိုင်ရာ တန်ဖိုးများကိုသာ သင်ကြားပေးပြီး၊ အလုပ်တခုကို ပြီးမြောက်အောင် လုပ်ဆောင်ရာတွင် လိုအပ်သည့် Performance characters ကို တခုတ်တရ လေ့ကျင့်သင်ကြားပေးခြင်းမျိုး မရှိခဲ့။ ခရီးသွားဟန်လွဲ ပါသွားသည်သာ ရှိသည်။ ထို့သို့ ဖြစ်ရခြင်းသည်လည်း ဗဟုသုတနှင့် အသိဉာဏ်စွမ်းရည် ထက်မြက်၍ Intelligence Quotient (IQ) ကောင်းသူတို့ကသာ ဘဝတွင် အောင်မြင်သူများ ဖြစ်လာမည်ဟု ယူဆခဲ့ကြ၍ ဖြစ်သည်။

၁၉၉ဝ-ခုနှစ် Daniel Goleman ၏ Emotional Intelligence စာအုပ်ထွက်လာပြီးနောက်ပိုင်းတွင်မူ Emotional Quotient (EQ) ဟူသော ဝေါဟာရကအတော်လေး ရေပန်းစားလာခဲ့သည်။ စာသင်ကျောင်းများ၊ အလုပ်ခွင်များတွင် Emotional Intelligence ကို မိတ်ဆက်ပေးလာကြသည်။ ချီကာဂိုတက္ကသိုလ်မှ စီးပွားရေး နိုဘယ်လ်ဆုရှင် James Heckman ၏ လတ်တလော သုတေသနပြုချက်များအရ ဘဝအောင်မြင်မှုအတွက် IQ က ၁ ရာခိုင်နှုန်း ၂ ရာခိုင်နှုန်းမျှသာ အထောက်အကူပြုသည်။ ပျင်းစရာကောင်းသည့် အလုပ်မျိုး၊ ဆုလဒ်ရမည်မဟုတ်သည့် အလုပ်မျိုးကို စိတ်ရှည်ရှည်ထား၍ လုပ်နိုင်သည့် ဇွဲ၊ တာဝန်သိစိတ်၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုစသည့် ဉာဏ်ရည်နှင့် မဆိုင်သည့် အရည်အချင်းတွေက (non-cognitive skills) က ပို၍ အရေးပါကြောင်းတွေ့ရှိခဲ့သည်။ ပင်ဆာဗေးနီးယား တက္ကသိုလ်မှ စိတ်ပညာရှင် Angela Duckworth ကလည်း IQ ကိုယ်တိုင်က စိတ်အားထက်သန်မှုနဲ့ ဇွဲလုံ့လတို့ပေါ်မှာ မူတည်နေကြောင်းကို တင်ပြခဲ့သည်။ ထိုသို့သော သုတေသနများ ထွက်လာပြီးနောက်ပိုင်း အမေရိကန်တွင် Performance character ကို ဦးစားပေးသည့် ကျောင်းများ အလျိုအလျို ထွက်ပေါ်လာသည်။

မြန်မာပြည်မှာလည်း သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာဟူသည့် သိက္ခာသုံးပါး အချိုးညီညီ လေ့ကျင့်သင်ကြားပေးနိုင်မည့် ပညာရေးစနစ်မျိုး ပေါ်ထွန်းလာစေလိုပါသည်။

ဧရာ (မန္တလေး)

စာညွှန်း
1. Paul Tough, How Children Succeed: Grit, Curiosity, and the Hidden Power of Character (2012)
2. Matthew Davidson and Thomas Lickona, Smart and Good: Integrating Performance Character and Moral Character in Schools (2007)

Thursday, June 1, 2017

The Land of 10,000 Lakes သို့ အလည်တခေါက်

စင်္ကာပူမှာနေစဉ်ကတည်းက ကိုဧရာက ဒီကို အလုပ်ကိစ္စနဲ့ လာရလေ့ရှိပါတယ်။ အဲ့ဒီအခါတွေ ကတည်းက ဒီမှာရောက်နေတဲ့ သူငယ်ချင်းက အလည်လိုက်လာဖို့ ခေါ်လေ့ရှိပါတယ်။ အကြောင်းမညီညွတ်လို့ မရောက်ဖြစ်ခဲ့ဘူး။ ဒီနိုင်ငံကို ပြောင်းလာရတော့ transit ဝင်ရတဲ့ လေဆိပ်မို့၊ သည်နိုင်ငံရဲ့မြေမှာ ပထမဦးဆုံးခြေချရတဲ့ အမှတ်တရမြို့ဖြစ်ခဲ့ပါတယ်။ Minneapolis and Saint Paul မြို့ကြီးနှစ်မြို့ ဆက်နေသမို့ Twin Cities လို့ ခေါ်တဲ့ Minnesota ပြည်နယ်ရဲ့ မြို့တော်ကို ရယ်ပါ။

လေဆိပ် Taxi stand မှာ အဖြူရောင်အငှားယာဉ်တွေ ညီညီညာညာ ရပ်ထားပုံက ကြည့်လို့ပင် ကောင်းသေးရဲ့။ ကိုယ့်အလှည့်ကျတဲ့ ဂိတ်နံပါတ်က ကားဆီသွား…တည်းခိုမည့် ဟော်တယ် နာမည်နဲ့ လိပ်စာ ရေးထားတဲ့ စာရွက်ပိုင်းလေးကို ဒရိုင်ဘာကို ပေးလိုက်တော့ (ကိုယ့် English အသံထွက်ကိုယ်မယုံကြည်လို့၊ ကြိုတင်ပြင်ဆင်ထားရတာပါ။) သူက ဟော်တယ်နာမည်ကို ကားရဲ့ GPS စက်မှာရိုက်ထည့်ပေမည့် လမ်းညွှန်က ထွက်မလာဘူး။ သူ စက်မှာ ဟိုစမ်းဒီစမ်းလုပ်နေချိန်၊ ကိုယ့်စိတ်ထဲ ဝင်လာတဲ့ အတွေးက “မအူမလည် သားအမိမို့ လူလည်ကျပြီး အဝေးကြီး လှည့်ပတ်ခေါ်သွားပြီးမှ ပိုက်ဆံပိုတောင်းတော့မလား” ရယ်ပါ။ လိပ်စာနဲ့ ဟော်တယ်နားက ထင်ရှားတဲ့ Mall of America ဆိုတဲ့ နာမည်ကို အသံမာမာနဲ့ ပြောလိုက်မိပါတယ်။ ခဏအကြာမှာပဲ လိုရာခရီးကို ရောက်ပါတယ်။ ကားဆရာက ဟော်တယ်နာမည်ကို မော့ကြည့်ရင်း နှုတ်က “ အော် ….” ဆိုပြီး၊ ရေရွတ်လိုက်မှ…. ကိုယ်ရေးပေးလိုက်တဲ့ စာရွတ်မှာ ရှေ့ဆုံးက အက္ခရာ နှစ်လုံး မပါတာ သတိထားမိပါတယ်။ သူတပါးစိတ်ကို တပ်အပ်သိနိုင်တဲ့ ပါဝါမရှိပါပဲ၊ ဆိုမာလီလူမျိုး ကားဆရာလေးရဲ့ ညိုမှိုင်းမှိုင်း ဟန်ပန်အသွင် အပြင်ပန်းကိုကြည့်ပြီး၊ ကိုယ့်အမှားကို သူ့အမှား ထင်၊ စိတ်ထဲက စွပ်စွဲမိတဲ့ အဖြစ်ကို နောင်တရမိပါတယ်။

ကိုဧရာအလုပ်ကနေ ပြန်လာတော့ ညနေစာစားဖို့ အချိန်စောသေးလို့ Mall of America အထဲမှာပဲရှိတဲ့ Sea Life Minnesota Aquarium ကို ဝင်ကြည့်ကြပါတယ်။ ညနေစာကို Forest Gump ရုပ်ရှင်ထဲက Theme ကို ယူပြီး ဖွင့်ထားတဲ့ Bubba Gump Shrimp Co. ဆိုင်မှာ စားကြတယ်။
မိမိကိုးကွယ်ရာ ဘာသာတရားရဲ့ မြတ်စွာဘုရားနှင့် သံဃာတော်များ သီတင်းသုံးနေထိုင်ရာ ကျောင်းများကို ဒီနိုင်ငံရောက်ပြီးမှစ ၉ လကြာသိတိုင် မရောက်ဖြစ်ခဲ့ရာက၊ သူငယ်ချင်း ဇနီးမောင်နှံက လိုက်ပို့ပေးလို့ Chisago မြို့ရှိ သီတဂူဓမ္မဝိဟာရကို ရောက်ခဲ့ရပါတယ်။ လက်ရှိသံဃာတော်များ သီတင်းသုံးနေရာ ကျောင်းဆောင်မှာ ဘုရားဆင်းတုတော်ကို တဝကြီး ဦးချ၊ သီတင်းသုံး သံဃာ သုံးပါးကို တပါးစီ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ရည်မှန်းပြီး ဦးသုံးကြိမ်စီချပါတယ်။ ဆောက်လက်စ သံဃာဆောင်မှာ အပြီးသတ်လုပြီဖြစ်ပြီး၊ ရှေ့လုပ်ငန်းစဉ်များ အဖြစ် စေတီ သိမ်ကျောင်း၊ ကားပက်ကင်နေရာ၊ သစ်ပင်ပန်းမာလ် ဥယျာဉ်တည်ဆောက်ရေးလုပ်ငန်းများ ကျန်ရှိနေသေးကြောင်း ကြည်နူးစွာ သာဓုခေါ်ရင်း သိခဲ့ရပါတယ်။
ဘုန်းကြီးကျောင်းက အပြန်မှာ ရှေးဦးမစွက နေခဲ့ကြတဲ့ ဌာနေတိုင်းရင်းသားတို့ရဲ့ ဘာသာစကား နာမည်ဆန်းဆန်းနဲ့Minnehaha Fall ရေတံခွန် ရှိရာ ပန်းခြံမှာ လမ်းလျှောက်ကြပါတယ်။ (မီနီဟားဟား ဆိုတာ ဟားတိုက်နေတဲ့ ရေတွေလို့ အဓိပ္ပါယ်ရပါတယ်)။ ရေတံခွန်က ရေတွေ အားပါးတရ ခုန်ပေါက်ကျနေပုံကို သဘောကျမိတော့ သူငယ်ချင်းက Spring မို့ ဒီလို ရေကျတာ၊ Fall တုန်းက ရေစီးက နှေးနှေးလေး၊ Winter ဆို ရေတွေက ခဲသွားရော…တဲ့။ ငယ်စဉ်က စာထဲသင်ခဲ့ရတဲ့အတိုင်း နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဟူသော ရာသီဥတုလေးမျိုးနှင့် အကျွမ်းဝင်ဖို့ရန် အသစ်အသစ်များကို လက်မခံလိုတော့သော မှတ်ဉာဏ်ထဲ တွန်းတွန်းထိုးထိုး ထည့်လိုက်ရပြန်ပါတယ်။ နာမည်သာကျန်ခဲ့ပြီး လူမျိုး ပျောက်ရတဲ့ အဖြစ်သနစ်ထဲက “ကိုလံဘတ်တို့ ရောဂါတွေ သယ်လာကြလို့လေ၊ သူတို့ကတော့ ရောဂါပိုးတွေနဲ့ ယဉ်ပါးနေပြီး ဌာနေတိုင်းရင်းသားတွေကတော့ ပါလာတဲ့ ရောဂါပိုးတွေကြောင့် သေကြေပျက်ဆီးကြရတယ်” လို့ အကြောင်းအချက်တခုကို ကိုဧရာက ပြောပြပါတယ်။ သွားရင်းလာရင်း ကားလမ်းဘေးမှာ ကောင်းကင်ဓာတ်ကြိုးနဲ့ သွားတဲ့ METRO လို့ ခေါ်တဲ့ ရထားကိုတွေ့တော့ ဒီရထားလမ်းပိုင်း အသစ်က ၂၀၀၂ခုနှစ်က မြို့တော်ဝန် Jesse Ventura ပြည်သူတွေဆီက အခွန်ကောက်ပြီး ဆောက်လုပ်ခဲ့တာ ဖြစ်ကြောင်း၊ ခရီးသွားလာရေးမှာ ကိုယ်ပိုင်ကားကိုသာ အသုံးများတာမို့ ဆောက်လုပ်စဉ်က အသုံးမဝင်သည့်နေရာ ပိုက်ဆံပုံအောသုံးတယ်ဆိုပြီး ပြည်သူများက မြို့တော်ဝန်ကို ငြိုငြင်ခဲ့ကြသေးကြောင်း သူငယ်ချင်းက ရှင်းပြပါတယ်။
နောက်တနေ့မှာတော့ METRO ရထား BLUE Line ကို မိသားစု စီးကြည့်ပါတယ်။ ရထား၊ ကား တနေကုန် ကြိုက်သလောက်စီး လက်မှတ်ကို $3.50 နဲ့ ဝယ်ပါတယ်။ လက်မှတ်စစ်ဂိတ်ကိုလည်း မဖြတ်ရသလို၊ လက်မှတ်စစ်တဲ့လူကို မျှော်ပေမည့်လည်း ပေါ်မလာပါဘူး။ ပလက်ဖောင်းမှာ ရပ်ထားတဲ့ ရထားတွဲနားရောက်တော့၊ တံခါးကြီးက ခပ်တည်တည်ပိတ်နေလို့၊ ဆယ်မိနစ်တစီးကျထွက်တဲ့ နောက်တစီးကို စောင့်စီးရတော့မယ် ထင်မိပါတယ်။ တအောင့်နေတော့ ရထားကလည်း မထွက်သေးပါဘူးဆိုပြီး တံခါးမှာ ခလုတ်လို့ ထင်ရတဲ့ LED မီးလုံးလေးတွေ လင်းနေတဲ့ အဝိုင်းလေးကို နှိပ်လိုက်တော့မှ ရွှေတံခါးကြီး ပွင့်သွားပါတယ်။ အဲ့ဒီတော့မှ “ဟုတ်တယ်… ဟုတ်တယ်… ဥရောပက ရထားတွေဆိုလည်း ခလုတ်နှိပ်မှ တံခါးပွင့်တာ… အရမ်းအေးတဲ့ ဒေသတွေဆိုတော့ တံခါးက အမြဲ ပိတ်ထားတယ်” လို့ ကိုဧရာက ဆိုပါတယ်။ အော်…သူ့အရပ်နဲ့ သူ့ဇာတ် အခြေအနေကြည့် က တတ်ရပါတယ်။

ရထားတွဲတွေမှာ Siemens တံဆိပ်ကိုတွေ့ရတယ်။ ‘ရ’ ရထားကြီး ပျော်ပျော်စီးပြီး ဘယ်ကို သွားကြမလဲ။ သမိုင်းအချက်အလက်တွေကို စိတ်ဝင်စားတဲ့ သူတို့သားအဖက Fort Snelling ဆိုတဲ့ Historic Site ကို ရွေးလိုက်ကြပါတယ်။ ကိုယ်တိုင်ကတော့ ဘယ်ကို သွားချင်တယ်၊ ဘာလုပ်ချင်တယ် ဆိုတာမျိုးထက် ရောက်တဲ့အရပ်မှာ ပျော်အောင် ကျင့်နေတတ်ခဲ့ပါပြီ။ ရထားပေါ်မှာလည်း စီးသူ ဖြိုးတိုးဖြောက်တောက်ပါပဲ။ Mall of America ဘူတာကနေ စစီးလာရာ လေဆိပ်ဘူတာမှာပဲ အတက်အဆင်း အနည်းငယ်များပါတယ်။ Fort Snelling ဘူတာရောက်တော့ ဆင်းလိုက်ကြတယ်။ ဘတ်စ်ကား စီးရဦးမယ်တဲ့။ မှတ်တိုင်မှာ ရေးထားတဲ့ အချိန်ဇယားအတိုင်းရောက်လာတဲ့ ဘတ်စ်ကားမှာတော့ ဒရိုင်ဘာထိုင်ခုံဘေးမှာ လက်မှတ်စစ်ပုံးလေးပါတယ်။

Memorial Day ပိတ်ရက်ရှည်ကာလမို့ ကလေးတွေကို အပန်းဖြေ ဗဟုသုတလေ့လာရေးခရီးအဖြစ် မိဘတွေက လိုက်ပို့ကြလို့ လူအတော်လေး စည်ကားနေပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ နီးပါးက ခံတပ်ကို ထိန်းသိမ်းပြုပြင်ထားမှုတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ အခန်းတခန်းမှာ စစ်သားတွေက စစ်တိုက်သွားကြတဲ့အခါ ခံတပ်မှာကျန်ခဲ့တဲ့ မိန်းမတွေက လက်နက်တွေ လုပ်ရတဲ့အကြောင်း၊ ရှေးတုန်းက သုံးခဲ့တဲ့ ပန်းပဲဖိုနဲ့ သံချောင်းတွေ ထုရိုက် သရုပ်ပြနေပါတယ်။ နောက်တခန်း ဝင်ကြည့်လိုက်တော့ ကောင်မလေးတယောက်က ဒါက ပေါင်မုန့်ဖုတ်တဲ့အခန်း၊ မီးမမွှေးရသေးဘူး… ခဏနေ ငါက စစ်သား သွားလုပ်ရဦးမှာ… လို့ ရှင်းပြပါတယ်။ အလယ်က ကွင်းပြင်ကျယ်ကြီးမှာ စစ်ရေးပြတော့ ပေါင်မုန့်ဖုတ်တဲ့ စစ်သား ဝတုတ်မလေး ပါလာပါတယ်။ သေနတ်တွေ ပစ်ပြ၊ အမြှောက်တွေ ဖောက်ပြဆိုတော့ ကလေးတွေ သဘောကျကြပါတယ်။ Archaeology ပြခန်းမှာ အခု ပြသထားတဲ့ ပစ္စည်းတွေကို တချိန်က ဘယ်နေရာမှာ ဘယ်လို အသုံးပြုခဲ့ကြပေလိမ့်မယ်ဆိုတာကို နောက်ကြောင်းပြန် ပြောပြပုံမျိုးနဲ့ စိတ်ဝင်စားအောင် ရိုက်ပြထားတဲ့ ဇာတ်လမ်းတိုလေးရဲ့ အဆုံးသတ်ပုံလေးက “သင်တို့ အခု စွန့်ပစ်လိုက်တဲ့၊ ဒါမှမဟုတ် ပျောက်ရှသွားတဲ့ ပစ္စည်းတွေကို နောင်နှစ်ပေါင်းတစ်ရာလောက်ကျရင် ဒီလိုပဲ လေ့လာကြဦးမှာပါ” တဲ့ ဘယ်လောက်များ သံဝေဂ ရစရာကောင်းလိုက်ပါလဲ။

အပြန်မှာ စီးရမည့် ဘတ်စ်ကားကြီးက ရှေ့တင် ဂိတ်ထိုးလို့။ စီးမည့်သူကလည်း ကိုယ်တို့ မိသားစု သုံးယောက်တည်း။ ကားဒရိုင်ဘာကြီးက ဆယ်မိနစ်နေမှ ထွက်ပါမယ် ပြောပြီး သူ့နေ့လယ်စာ ပေါင်မုန့်နဲ့ ကျူနာငါးစည်သွတ်ဘူးကို ကားထဲမှာတင် စားနေလေရဲ့။ ကိုယ်တို့လည်း ကားအပြင်ထွက်စောင့်နေလိုက်တယ်။ နေ့လည်စာ စားပြီး၊ ကားဆရာကြီးလည်း မြေပဲလို အစေ့အဆံထုတ်လေးကို ပါးစပ်နဲ့ကိုက်ဖြတ်ဖောက်ပြီး ကိုယ့်လက်ထဲ လောင်းထည့်ပေးမလိုလုပ်လို့ “စားပါ..စားပါ…” လို့ပြောလိုက်ရတယ်။ ဘေးက စီးမိုးမြင်နေရတဲ့ Mississippi မြစ်ထဲ ဆန်တက်လာနေတဲ့ “ဟော ဟိုမှာ ကနူး ကနူး… ဟော ဟိုမှာ စပိဘုတ်” နဲ့ ပြပါတယ်။ မီးခိုပြာမျက်လုံး မုတ်ဆိပ်ကျင်စွယ် ဖြူစွတ်စွတ်တွေနဲ့ အဖိုးကြီးကို “မင်းရော ကနူးစီးလေ့ရှိလား …” မေးတော့၊ “ဟာ…စီးတာပေါ့… မြောက်ပိုင်းကို တက်သွားပြီး၊ အဲ့ဒီမှာ ငါ့သမီးရှိတယ်..သူမှာ ဘုတ်တွေရှိတယ်” ဆိုပြီး ပြောပြပါတယ်။ လုံးစေ့ပတ်စေ့တော့ နားမလည်ပါဘူး။ ကိုယ့်မျက်လုံးတွေကတော့ သူပြောနေတာကို စိတ်ဝင်စားကြောင်းပြရတာပေါ့။
နောက်တနေရာ Minneapolis Institute of Arts ကို ရထားတတန်၊ ဘတ်စ်ကားတတန်စီးပြီး သွားကြပြန်တယ်။ အရှေ့တောင်အာရှ၊ အာရှ၊ အာဖရိက၊ ဥရောပ၊ အမေရိက စတဲ့ ကမ္ဘာအနှံအပြားက ကျောက်ဆစ်၊ ပန်းချီ၊ ပန်းပု အနုလက်ရာတွေကို အခန်းခန်း အကန့်ကန့်ခွဲပြီး စနစ်တကျ ပြသထားပါတယ်။ မြန်မာပြည်က ယွန်းထည်တွေနဲ့ မကျည်းသီးကမ္မဝါစာတွေကို ပြထားတာတွေ့ရသလို၊ မြန်မာ့လက်ရာ ဘုရားဆင်းတုတော်ကိုလည်း ဖူးမြော်ခဲ့ရပါတယ်။ တခေတ်တခါက လူတွေဟာ သူတို့ စွမ်းနိုင်သလောက် လူ့အဖြစ်ကို ပြသသွားမှုတွေကို ဂုဏ်ယူကြည်နူးခံစားခွင့် ဘဝမှာ တခါတရံလိုအပ်ပါတယ်။ သူတို့ကို အားကျရင်း၊ ကိုယ်တိုင်လည်း လူသားအဖြစ် ဘယ်လောက် အစွမ်းပြနိုင်မလဲ ဖျစ်ညှစ်ထုတ်ကြည့်ချင်စိတ် ပေါ်လာစေပါတယ်။
နောက်တနေ့မှာတော့ ပြန်ရမည့်နေ့ ဖြစ်ပါတယ်။ မပြန်ခင် အချိန်ရသလောက် ရထား အစအဆုံးလျှောက်စီးကြည့်ချင်ပါသေးသတဲ့။ GREEN Line ကို အဆုံးထိစီးဖို့ လိုက်သွားရင်း State Capitol ဘူတာရောက်တော့ ဆင်းလိုက်ပါတယ်။ Minnesota ပြည်နယ်ရဲ့ မြို့တော်ရုံးရှိရာ ပန်းခြံကြီးထဲ ခဏလမ်းလျှောက်တော့ အခြားပြည်နယ်တွေက လာရောက်လေ့လာ လည်ပတ်သူတွေ တွေ့ခဲ့ရပါတယ်။
ရထားအစီးကောင်းနေတာနဲ့ လေယာဉ်ချိန်မှီအောင် အပြေးတပိုင်းသွားခဲ့ရတာလည်း အမှတ်တရပါ။ လေယာဉ်က ခပ်နိမ့်နိမ့်သာ ပျံသန်းတာမို့ စိမ်းစိုသာယာလှပတဲ့ မြစ်ချောင်းအင်းအိုင်တွေကို အပေါ်စီးကနေ မြင်ခွင့်ရခဲ့ပါတယ်။ ကောင်းကင်ပြာမှာ အဖြူရောင် တိမ်အဆုပ်အဆုပ်တွေကလည်း ကိုယ့်နိုင်ငံက တိမ်တွေ အတိုင်း ဟိုတစု ဒီတစု ကြည်စင်လို့ပါပဲ။
Colorado ကို ရောက်တော့ နှင်းပျောက်ကြားဝတ်စုံကို ဝတ်ရုံထားတဲ့ တောင်တန်းကြီးတွေက မြူခိုးမှောင်မှောင်နောက်မှာ စူးရဲရဲ နေလုံးနီကြီးကို ထမ်းပိုးလို့…။
ဘဝဆိုတာ ဒီလိုပါပဲ… သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက တို့ တခုနဲ့တခု အပြန်အလှန်ကျေးဇူးပြုနေကြတဲ့အထဲ ကျင်လည်ရတာပါပဲ။