Wednesday, December 31, 2008

၂၀၀၈ ကိုနှုတ်ဆက်ခြင်း

၂၀၀၈ခုနှစ်မှာ လက်တွဲခဲ့တဲ့ ဘလော့ဂ် သူငယ်ချင်းတွေကို သီချင်းလေးနဲ့ ကျေးဇူးတင်လိုက်တယ်...
video လေးလုပ်ပြီးမှ ခင်မင်ခွင့်ရလို့ ကျန်သွားတဲ့ သူငယ်ချင်းတွေလည်း သီချင်းလေး တူတူနားထောင်မယ်နော်...SONATA-CANTATA မှာ ဆုံကြသူ အားလုံးအတွက်...
(Leo အဖွဲ့ရဲ့ သီချင်းလေးကို ကိုဧရာရဲ့ ညီက တီးခတ် သီဆိုထားပြီး ဟာမိုနီ ကိုဧရာနှင့် မောင်နှမများဖြစ်ပါတယ်။)

Sunday, December 28, 2008

စိတ်ကူးယဉ် အမျှင်တန်းကို...

Craton ရေ စိတ်ကူးယဉ်ရမယ် ဆိုရင်…
အသက်အရွယ်အရ ကဗျာက သိပ်ဆန်လို့မရတော့ဘူး။
အိမ်မက်ရင်တောင် ချောက်ခြားစရာတွေသာ ရွေးမက်နေတော့သလားလို့ တွေးရမဲ့ အခြေအနေမှာ
အလှဆုံးဖြစ်အောင်တော့ ယဉ်လိုက်ချင်စမ်းတော့တယ်…
ယဉ်ယဉ်လေးရူးတော့မယ်…။

ပိုက်လိုင်းကနေ သေးငယ်တဲ့ ရေလုံးနဲ့ ထွက်ကျလာတဲ့ ရေက ခံထားတဲ့ ဇလုံကိုပြည့်ဖို့ အချိန်အတန်ကြာစောင့်ရတယ်။ ဇလုံထဲရေပြည့်လုပြီဆိုတော့ ရေပုံးထဲကိုခပ်ထည့်။ ရေပုံးထဲရေပြည့်တော့ ရေပုံးကို အားနဲ့မြှောက် ဘေးနားက တိုင်ကီထဲသွန်ထည့်။ ဇလုံထဲရေပြည့်ဖို့ အချိန်အတန်ကြာစောင့်ရပြန်တယ်။ ရေပုံးထဲကရေတွေ သွန်ချလိုက်စဉ်က တိုင်ကီထဲရှိနေတဲ့ရေတွေ ဘောင်ဘင်ခတ်သွားခြင်း၊ ရေမှုံရေမွှားတွေ ရိုက်ခတ်ခြင်းကြောင့် အနက်ရောင် တိုင်ကီရဲ့ အတွင်းနံရံမှာ ထင်သွားတဲ့ အရုပ်တွေ… ဒါက ဘုရင်ကြီး ဆင်ကြီးကို စီးလို့၊ ဘေးကမှ စစ်သည်ဗိုလ်ပါတွေ ခြံရံလို့။ ဒီဟာကတော့ စစ်သူကြီးဖြစ်ရမယ်။ ဒီလိုဦးထုပ်မျိုးက စစ်သူကြီးတွေမှ ဆောင်းတာ။ ဓားတွေ လှံတွေ တလွင့်လွင့်နဲ့ သူတို့ ဘယ်ကိုများ သွားတိုက်ကြမှာပါလိမ့်။ နိုင်ရော နိုင်လာကြမှာလား။ နိုင်လာစေဦးတော့ ဒီအထဲက ဘယ်သူတွေများသေ ကျန်ခဲ့လေမလဲ…။ ဟောဟော ဇလုံထဲမှာရေပြည့်ပြန်ပြီ။ လျှံမကျခင် ရေပုံးထဲအမြန် ခပ်ထည့်မှ တိုင်ကီထဲမှာ အရုပ်တစ်မျိုးရဦးတော့မယ်။ အခုန အရုပ်နဲ့တော့ ဘယ်နည်းနဲ့မှတူမှမဟုတ်တော့ဘူး။ ဒီတစ်ခါတော့ စစ်တိုက်တဲ့ပုံ မလိုချင်ပါဘူး…။ (((ဘွမ်း))) ဟင်ဒီတစ်ခါလည်း စစ်တိုက်တဲ့ ပုံကြီးပဲရပြန်ပြီ…။ တောင်တန်းလေးမှာ နေရောင်ခြည်လေးတွေ ယှက်ဖြာလို့ ငှက်ကလေးတွေ ပျံဝဲနေတဲ့ပုံမျိုးရအောင် ရေကို ဘယ်လိုလောင်းထည့်ရပါ့။ ငါ့နှယ်ရော ရူးလိုက်တာ.. မဖြစ်နိုင်တဲ့ အရာ… ဒါဆို တိုင်ကီထဲက ရေတွေကို လက်ချောင်းလေးနဲ့တို့ တိုင်ကီနံရံမှာ ငါလိုချင်တဲ့ပုံ ဆွဲတယ်ကွာ။ ဟောဟော ဇလုံထဲမှာ ရေပြည့်ပြန်ပြီ...။ (((ဘွမ်း))) အမလေး ငါဆွဲထားတဲ့ ပုံလေး ပျက်ပါပြီတော်...

ငယ်ငယ်တုန်းက ရေဖြည့်ရင်း စိတ်ကူးယဉ်ခဲ့တဲ့ အကြောင်းလေးကိုပဲ ပြန်ရေးရင်း ငယ်မူပြန်လိုက်ပါတော့တယ်။
(tg ကိုတက်ဂ်မလို့ Craton တက်ဂ်ပြီးသားမို့ ပြန်တက်ဂ်ရမဲ့လူ ရှာတွေ့သေးဘူး။)

Friday, December 26, 2008

ယုံလွယ်လွန်းလိုက်တာလေ

ဤပုံကို emailမှ ရပါသည်။ (သာရာစေမှု ကို သာယာစေမှု ဟုပြင်ဖတ်ပါ)


"မမရေ ကြားလိုက်ရရင်တော့ အသစ်တွေချည်းပဲ။"
မြန်မာပြည်မှ ပြန်ရောက်လာကာစ မောင်ဝမ်းကွဲလေးက ခရီးရောက်မဆိုက် ပြောလာသည်။
"ဘာတွေလဲဟဲ့ ဆိုစမ်းပါဦး။"

"မမတို့လေ (သူ့အစ်မအရင်းကို ဆိုလိုခြင်း ဖြစ်သည်) သူတို့ အဖြစ်က ရီလည်း ရီရတယ်။ ကိုမောင် (ယောက်ဖဖြစ်သူ) ပုသိမ် - ကျောင်းကုန်းဘက် ဆိုင်းသွားတီးပြီး အပြန် အဲ့ဒီရွာက ဘုန်းကြီးကို နှုတ်ဆက် ကန်တော့တော့ စိတ်ထဲမှန်းထားတာ ငါးထောင် တစ်သောင်း လှူဖို့ပါပဲ၊ အိတ်ထဲကထုတ်လိုက်တော့ ငါးသောင်းထွက်လာတာနဲ့ ငါးသောင်းလုံး ကန်တော့လိုက်တယ်တဲ့…။ အဲ့ဒီမှာတင် ဘုန်းကြီးက ရေလျှံတယ်ဆိုပြီး ရိုက်တော့တာ။ ကန်တော့ရင်း ကိုမောင်က တစ်လောလေးကမှ ကွယ်လွန်သွားတဲ့ မိခင်ကြီးကို ရည်မှန်းပြီး လှူဒါန်းပါတယ်လို့ လျှောက်လိုက်မိတယ်။ ဘုန်းကြီးက အဲ့ဒီအကွက် ဖမ်းနင်းပြီး ဒကာ့မိခင်ကြီး ဒီရောက်နေတယ်… လို့ စလိုက်တော့ ကိုမောင့်ဆိုင်းအဖွဲ့ထဲက လူတွေ ပူးသူပူး စီးသူစီး ဖြစ်ကုန်ကြတာ (အဲ့ဒီပူးတဲ့ စီးတဲ့ လူတွေဆိုတာကလည်း နတ်ဒိုးလေးမှ မတီးရဲအောင်ကို အလကားနေ ဝင်ချင်နေကြတဲ့ ဟာတွေ)။ ဘုန်းကြီးက ဒီမှာ သာသနာပြုရမယ်။ ဘုရားတည်ရမယ် ထလုပ်တော့တာ။
ကိုမောင်ကလည်း ယုံတယ်ဗျာ။ မမကလည်း ကြောက်တတ်တဲ့သူ ဆိုတော့ သ့ူယောကျ်ားလုပ်သမျှ နောက်ကလိုက်လုပ်တော့တာ။ ရန်ကုန်နဲ့ ကျောင်းကုန်းခေါက်တုံ့ ခေါက်ပြန်သွား၊ တစ်ခါသွားရင်လည်း ဆန်၊ ဆီ အပြည့်နဲ့ ဘုန်းကြီးက သတ်သက်လွတ်စားရမယ် ဆိုလို့ သတ်သက်လွတ် မုံ့ဗူးတွေ အထပ်လိုက် သယ်သွားနဲ့။ ကုန်နေပြီ ကုန်နေပြီ…။ ဘုရားတည်ဖို့ကလည်း သိန်းသုံးရာလောက် ကုန်မှာဆိုတော့ အဓိဋ္ဌာန်စုဗူးတွေလည်း နီးစပ်တဲ့သူတွေဆီ ဝေငှလို့…။ သူတို့လည်း သိန်းဆယ်ဂဏန်း ထိနေပြီ။ အဲ့ဒီကျောင်းမှာက သီလရှင်တွေလည်း ရှိသတဲ့။ နောက်သူတို့အိမ်က ကောင်မလေးလည်း ရူးကြောင်၊ မူးကြောင်ဖြစ်လာလို့ (အဲ့ဒီဘုန်းကြီးကျောင်းသွားတုန်းက စိတ်ကြွဆေးတွေ ဘာတွေ တိုက်လွှတ်လိုက်တာ နေမှာပေါ့) သီလရှင်ဝတ်ရမယ် ဖြစ်ပြီး သီလရှင်ဘ၀ ရောက်တယ်။ ကိုမောင့်တူမတွေလည်း သီလရှင်တွေ ဖြစ်ကုန်တယ်။ အဲ့ဒီ ဘုန်းကြီးကို ခေါ်တာ ဖေဖုန်းတဲ့ (ကိုကိုဖုန်း လို့ မခေါ်တာတော်သေး)။ နောက်တော့ အဲ့ဒီကလေးမတွေက ပြန်ပြောလာတယ်။ ကျောင်းပေါ်တက်သွားရင် သီလရှင်က ဘုန်းကြီး ပေါင်ပေါ်ခေါင်းအုံး အိပ်နေတာ...။ အဲ့ဒီဘုန်းကြီးက ဘယ်သူ့ကို ဘယ်နှစ်ခါနမ်းလိုက်တာ…။ အဲ့ဒီကမှ တစ်စတစ်စပေါ်တာ လိမ်စဉ်ကြီးဆိုတာ…"

Tuesday, December 23, 2008

ရွှေခဲကြက်တူရွေး



















ကြက်တူရွေး ကြက်တူရွေး
ရွှေခဲ ကြက်တူရွေး။

ညီပုလေးကို စာအံသင်၊
ရွှေခဲ စာအံသင်။

ညီလေးခင်က စာပြန်တုန်း၊
ရွှေခဲ စာပြန်တုန်း။

ဝလုံးရေးဖို့ ညီလေးထိုင်၊
ရွှေခဲ မရေးနိုင်။

ငေးမှိုင်ရှာပေါ့ ကြက်တူရွေး၊

ရွှေခဲ ကြက်တူရွေး။ ။


ဘဝမှာ
မတူလို့ မတုနိုင်တဲ့ အခါတွေမှာ
သတိရမိတဲ့
ကဗျာလေးပါ…

ဆရာကြီး မင်းသုဝဏ် ရေးသားခဲ့ပြီး ဆရာကြီးဦးဘဉာဏ်ရဲ့ ပန်းချီလက်ရာ
အင်္ဂလိပ်သို့ ဘာသာပြန်သူ ပါမောက္ခ လုစ်
(မောင်ခွေးဖို့ ကဗျာများ စာအုပ်မှ ထုတ်နှုတ် တင်ပြပါသည်။)

Saturday, December 20, 2008

ဘလော့ဂ် တာ...(၁)


အချိန်ကာလတို့ အရေအတွက်တို့နဲ့ တိုင်းတာမယ်ဆိုရင် sonata-cantata ရဲ့ နှစ်ပတ်လည် ပို့စ်အားဖြင့် ရာပြည့်ခဲ့ပြီ။

-- ဘလော့ဂ် မစမီ အခြေအနေ
ဘဝပေးအခြေအနေက သိပ်ကိုကျဉ်းမြောင်းတယ် ဆိုတဲ့ ဒေါမနဿတွေ... နေ့နေ့ညည ခံစားနေရခြင်းနှင့်အတူ
လောဘကြီးနေတယ်ပဲဆိုဆို၊ အတ္တလွန်ကဲနေတယ်ပဲပြောပြော၊ ဖဲမရိုက် အရက်မသောက်သော်လည်း အဓမ္မတွေမှာပဲ တဝဲလယ်လယ် ကျင်လည်နေတဲ့အဖြစ်က ထွက်ပေါက်ရှာတာတဲ့… တငိုငိုတရီရီနဲ့ မင်္ဂလာမရှိစွာ ဂျီကျနေခြင်းပါ။ --

- မျိုးရိုးစဉ်ဆက် ပွင်းလင်းမှု နည်းပါးပြီး ချုပ်တည်း မြိုသိပ်ရလွန်းတဲ့ အခြေအနေတွေကြောင့်
အနည်းဆုံး ဒိုင်ယာရီရေးတာမျိုးလို ဖွင့်ချမှတ်တမ်းတင်တတ်တဲ့ အလေ့အထ နည်းပါးလာတယ်။
- မည်သည့် အခြေအနေတွင်မဆို ခေါင်းကို တွင်တွင်ကြီးသာ ငြိမ့်ရဖန်များလာသောအခါ ခံစားချက်၊ အတွေးအမြင်တွေကို မှန်ကန်စွာ မထုတ်ဖေါ်နိုင်တော့ဘူး။
- မသေချာဘူး၊ မရေရာဘူး၊ မဖြစ်သေးဘူးတွေသာ အခြေခံအုတ်မြစ်ဖြစ်ပြီး ယောင်ဝါးဝါး သံသရာမှာ နေသားကျလာတယ်။

ဒီအမှားတွေကို ပြင်သင့်ပြီဆိုတဲ့ အသိတရား တစ်စွန်းတစ်စရချိန်မှာ ဘလော့ဂ် လုပ်ပါလားဆိုတဲ့ ကိုဧရာရဲ့အကြံကို လက်ခံလိုက်တယ်။

မောဟဥခွံထဲကနေ ကြိုးစားပြီး တိုးထွက်ကြည့်မယ်။ ဦးခေါင်းလေး စထွက်မယ်။ ဖြေးဖြေးချင်း ကိုယ်လုံးလေး ထိုးထွက်မယ်။ တနေ့မှာတော့ ကျေနပ်လောက်တဲ့ လွတ်မြောက်ခြင်းကို ရရှိမယ်လို့ ယုံကြည်ရင်း…

ဘလော့ဂ်တွေမှတစ်ဆင့် ကိုယ့်ကိုကိုယ်နဲ့ မြန်မာပြည်သူ၊ ပြည်သားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများ၊ အားလုံး ကို နားလည် လာမယ်လို့ မျှော်လင့်ရင်း…

ဘလော့ဂ် ဆိုတာကို ဘလော့ဂ်ရေး ရင်း နားလည်အောင် ကြိုးစားနေတဲ့ ဘလော့ဂါ တစ်ယောက်ပါ။
*****
ဘလော့ဂ်စတော့ နာမည်တစ်ခု ရွေးဖို့ လိုလာတယ်။
sonata, cantata ဆိုတဲ့ စာလုံးလေးတွေကို ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ အမြင့်သို့ အာရုံညွန့်တက်ခြင်း (သို့မဟုတ်) ကဗျာဆိုတဲ့ စာအုပ်ထဲက ရပါတယ်။

ကိုဧရာ နဲ့ မသီတာ - ကိုဧရာက sonata ဖြစ်လိုက်၊ မသီတာက cantata ဖြစ်လိုက်။ အပြန်အလှန် ဖြစ်လိုက်နဲ့ ခရီးစခဲ့ပါပြီ။

ဘလော့ဂ်ရေးတော့ စာတွေရေးရုံတင် မဟုတ်ဘူး၊ သူများဘလော့ဂ်က စာတွေလည်း ဖတ်တယ်။ ကော်မန့်တွေရေးတယ်။ ကိုယ်ရေးတာတွေအတွက်လည်း ကော်မန့်တွေ ရတယ်။ သဘောကျလို့ အမြဲဖတ်ဖြစ်ပေမဲ့ ကော်မန့် မရေးဖြစ်တဲ့ ဘလော့ဂ်တွေ ရှိသလို အမှတ်တမဲ့ ရောက်သွားတဲ့ ဘလော့ဂ်တွေမှာ ကော်မန့်တွေ ရေးဖြစ်ခဲ့တာလည်းရှိတယ်။ တွေးတယ်။ ရေးတယ်။ ဖတ်တယ်။ ဖေါ်ထုတ်တယ်။ လက်ခံတယ်။ ငြင်းဆန်တယ်။ အားလုံးဟာ စေတနာအစု သင်္ခါရက္ခန္ဓာ အလုပ်တွေမို့ အလွန်နှစ်သက်တဲ့ ‘တာ’ ဆိုတဲ့ ဝေါဟာရလေးကိုပဲ ဒီနေရမှာ ယူသုံးလိုက်ပါရစေ။ ဘာပဲဖြစ်ဖြစ် ဒါတွေ အားလုံးဟာ sonata-cantata ရဲ့တာ အတွင်းမှာ ရိုးသားစွာ တည်ရှိနေကြပါတယ်။

tag ခံရရင် ကိုယ်ကပြန် tag ရတယ်ဆိုတာလည်း ပထမဦးဆုံးtag ပို့စ်ရေးပြီးတဲ့ အချိန်နားမလည်သေးလို့ ပြန် မtag မိတဲ့ အမှားပါးပါးလေး အတွက် ဒီနေရာက တောင်းပန်လိုက်ပါတယ်။ မသိခြင်းဟာ ဆိုးဝါးပါတယ်။


User on line ထည့်ထားဖူးတယ်။ User on line 2, 4 နဲ့ ပြနေတာ တွေ့တော့ ရင်တွေခုန်လိုက်တာ.. တစ်ခါတော့ ည သန်းခေါင် ၁နာရီ လောက်မှ User on line 20 တောင်ပြပြီး ချက်ချင်းဆိုသလိုပဲ 1 ကို ပြန်ရောက်သွားတော့.. ဘာများဖြစ်သလဲပေါ့.. နောက်တော့ ဟို သီချင်းစာသား (ရင်ခုန်ရလွန်းလို့ ရူးမှာပဲ) ကိုကြောက်လို့ ဖြုတ်ထားလိုက်တော့တယ်။ နုနုလေးမို့… Hit Counter ပါထည့်ရင် ကျော်မကောင်း ကြားမကောင်းတွေ (Hit မတက်လို့ suicide လုပ်သွားပါတယ် ဆိုတာမျိုး) ဖြစ်မှာစိုးလို့ ကိုဧရာပြောနေပေမဲ့ တင်းခံထားတယ် မထည့်ဘူး။ ဘလော့ဂ် အတွက် ဘယ်လောက် အချိန်ပေးနေသလဲ။ ဘလော့ဂ်ကို ဘာတွေနဲ့ လဲလှယ်နေသလဲ။ monitor လုပ် စောင့်ကြည့်ခြင်းဟာ လိုအပ်တဲ့ အလုပ်ဖြစ်ပေမဲ့ ဘာအတွက် ဘာကို စောင့်ကြည့်ပါသလဲ ဆိုတာ ကိုယ်ပိုင်ရွေးချယ် ဆုံးဖြတ်ခြင်းမို့ အကျိုးသွားရလဒ်ဟာ ကိုယ့်ရဲ့ တာဝန်သာဖြစ်တယ်။

sonata-cantata ဟာထီးတည်း ဖြစ်တည်နေတာမဟုတ်ပါဘူး။ သူ့ကို ...အဓိပတိတွေ, အညမညတွေ, အတ္ထိတွေ, နတ္ထိတွေ, ...တွေ, ...တွေ, ကျေးဇူးတရားတွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားတယ်။

ကျေးဇူးတင်စွာဖြင့်...
ဧရာသီတာ

ရင့်ကျက်မှု ဆယ်စုနှစ်ခရီး အစ နှင့် Road Less Traveled

တက္ကသိုလ် ကျောင်းသားဘဝက သူငယ်ချင်းတွေစုပြီး စာကြည့်ကြ, ဂီတာတီး သီချင်းဆိုကြ, ဝေဖန်ရေး လေကန်ရေးတွေ လုပ်လေ့ရှိကြသည်။ တစ်ခါတော့ သူငယ်ချင်း သီချင်းရေးဆရာ တစ်ဦး (အခုတော့ ဆုံးသွားပါပြီ) ၏ ကဗျာကို ကျွန်တော်တို့တစ်တွေ စကားပြေဝိုင်းပြန်ကြသည် (၁၀-တန်းမြန်မာစာ စာမေးပွဲအတွက် ကဗျာ စကားပြေပြန်သလို) ။ ကျွန်တော်တို့တွေ အားရပါးရ သမပြီးမှ၊ ကဗျာပိုင်ရှင်က “မင်းတို့ကလည်းကွာ … ဒီလိုပြောချင်ရင်တော့ ဘာလို့ ကဗျာ ရေးနေဦးမလဲ” လို့ စိတ်ပျက်လက်ပျက် လေသံနဲ့ ညည်းရှာ၏။ အခုကျွန်တော်က “ရင့်ကျက်မှု ဆယ်စုနှစ်ခရီး အစ” အကြောင်းပြန်ပြောမယ်လုပ်တော့ “သြော်… သူသာရှိသေးရင် မင်းကလည်း လုပ်ပြန်ပြီကော” လို့ ပြောဦးမလား မသိ။ ကိုယ်ရေးသည့် ကဗျာ (ကာရန်, နရီတွေမပါ၍ မဝံ့မရဲသာ ကဗျာလို့ ခေါ်ရပါသည်) ကို ကိုယ်တိုင် ပြန်ပြောတာဆိုတော့ ခွင့်တောင်းနေစရာတော့ မလိုတော့ပါ။

ခွင့်တောင်းစရာ မလိုသော်လည်း၊ အသိပေးစရာတစ်ခု ကျန်သွား၍ ဖြစ်သည်။ စင်စစ် ကျွန်တော်ရေးသော စာအတော်များများမှာ ကိုယ်တိုင်ရေးသည်ဟု ပြော၍ မရပါ။ ထို့ကြောင့် အမြဲတမ်းလိုလို အောက်တွင် စာညွှန်းလေး ထည့်ပေးလေ့ရှိသည်။ မိမိကိုယ်ပိုင် ဉာဏ်ဖြင့် ရေးခြင်းမဟုတ်ကြောင်း ဝန်ခံလို၍ ဖြစ်သည်။ ထို့အပြင် အကယ်၍ ပို၍ အရင်းမြစ်ကျကျ ဖတ်ရှုလိုပါက ထိုစာညွှန်းများအား ရှာ၍ ဖတ်ကြရန် တိုက်တွန်းလို၍လည်း ဖြစ်သည်။ ဤကဗျာလေး ရေးစဉ်ကတော့ ‘ကဗျာပဲလေ’ ဟုဆို၍ စာညွှန်း မထည့်လိုက်မိ။

မွေးနေ့ ရောက်လာတော့ မိမိကိုယ် မိမိပြန်၍ သုံးသပ်ကြည့်ရင်း “ငါဟာအတော်လေး မရင့်ကျက်သေးပါလား”ဟု တွေးမိသည်။ ‘ဗာလ’ ဟူသော ပါဠိဝေါဟာရ၏ အဓိပ္ပါယ်ကို စဉ်းစားမိသည်။ ‘လူမိုက်’ ဟူသော အနက်ကို လူအများ နားလည်ထားကြပြီးဖြစ်သည်။ ထို့အပြင် ‘ကလေးသူငယ်’ ဟုလည်း အဓိပ္ပါယ်ရပါသေး၏။ အဓိပ္ပါယ် နှစ်မျိုးစလုံး အကျုံးဝင်အောင် ဘာသာပြန်ကြည့်ရလျှင် ‘ကလေးဆန်သောသူ, မရင့်ကျက်သေးသောသူ’ ဟုဆိုနိုင်မည်။ ကလေးဘဝတွင် ကလေးဆန်ခြင်းသည် ဖြူစင်ရိုးသား အပြစ်ကင်းသည်ဟု ဆိုရသော်လည်း၊ ကြီးကောင်ကြီးမားတိုင် ကလေးဆန်နေလျှင်တော့ ‘ဖြူစင်သည်’ဟူသော ဝေါဟာရနှင့် ထိုက်တန်မည် မဟုတ်။

ရင့်ကျက်မှုကို ကလေးဘဝမှ စ၍ တဖြည်းဖြည်း လေ့ကျင့် သင်ယူရသည်။ ထိုသို့ ‘သင်ယူခြင်း၊ တပည့်ခံခြင်း’ ကိုပင် discipline ဟုခေါ်နိုင်သည်။ discipline သည် disciple (တပည့်သာဝက) ဟူသောဝေါဟာရမှ ဆင်းသက်လာသည် မဟုတ်ပါလား။ စည်းကမ်းဟူသည် လူကြီးမိဘ ခိုင်းသည်ကို ကြောက်၍ တသွေမတိမ်း လိုက်နာရသည်မျိုးထက်၊ မိမိကိုယ်မိမိ ထိမ်းထိမ်း သိမ်းသိမ်း နေတတ်ရန်၊ စည်းစနစ်ကျရန် လူကြီးမိဘများထံမှ နည်းယူ လေ့ကျင့်သင်ကြားသော ဖြစ်စဉ်တစ်ခုဟု ယူဆနိုင်သည်။

ဤသဘောအား M. Scott Peck ၏ Road Less Traveled ဟူသော စာအုပ်တွင်တွေ့ရသည်။ တိုးတက်ကြီးပွားရေး စာအုပ်မျိုးများအား သိပ်ဖတ်လေ့ မရှိသော်လည်း၊ ဤစာအုပ်ကို စိတ်ဝင်တစား ဖတ်ဖြစ်ခဲ့ပါသည်။ Discipline, Love, Growth and Religion, Grace ဟူ၍ အပိုင်း လေးပိုင်းခွဲ၍ ရေးထားသည်။ အနှစ် သုံးဆယ်ကာလအတွင်း အကြိမ်ကြိမ် ရိုက်နှိပ် ထုတ်ဝေရသော စာအုပ်ဖြစ်သည်။ ဘာသာရေးနွှယ်သော နောက်ပိုင်းအခန်းများအား ဝေဖန်သူ (ခရစ်ယာန်ရော, ခရစ်ယာန် မဟုတ်သူရော) အချို့က မနှစ်သက်ကြသော်လည်း၊ Discipline အပိုင်းကိုတော့ လူအတော်များများ နှစ်သက်ကြသည်။ (လက်တွေ့မဆန်, စာအုပ်ကြီး ဆန်လွန်းသည်ဟု ဝေဖန်သူ အနည်းငယ်လည်း ရှိပါသည်။)

ဘဝပြဿနာများကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းသည် ရင်ဆိုင်ဖြေရှင်းခြင်းပင်သည်။ ထိုသို့ ဖြေရှင်းနိုင်ရန်အတွက် ခွန်အားမွေးကြရသည်။ အနာခံမှ အသာစံရမည်ဟူသောထုံးအတိုင်း အောက်ပါ စည်းမျဉ်း လေးခုကို ကြိုတင်ပြင်ဆင် လေ့ကျင့်သင်ကြားထားသင့်သည်။ (1) Delay Gratification, (2) acceptance of responsibility, (3) dedication to truth, (4) balancing တို့ဖြစ်သည်ဟု Discipline အခန်းတွင် ရေးသားထားသည်။ ဤစည်းမျဉ်း လေးခုထဲမှ ပထမသုံးခုအား ယူ၍ “ရင့်ကျက်မှု ဆယ်စုနှစ် ခရီး အစ”ကို ဖန်တီးထားခြင်း ဖြစ်သည်။

ဗုဒ္ဓစာပေများ၌ လူဘဝသက်တမ်းကို ‘ဒသက’ ခေါ် ‘ဆယ်စုနှစ်' ဆယ်ခုနှင့် အသက်တစ်ရာတမ်းထိ ပိုင်းခြားပြလေ့ ရှိသည်။ အသက် လေးဆယ်နှင့် ငါးဆယ်ကြားကာလအား ‘ပညာဒသက’ ဟုခေါ်သည်။ အသိပညာ ဖွံ့ဖြိုးသော အရွယ်ဟု ဆိုနိုင်သည်။ အသိပညာ ဖွံ့ဖြိုးမှု၏ အတိုင်းအတာသည် ရင့်ကျက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပညာဒသကကို “ရင့်ကျက်မှု ဆယ်စုနှစ်” ဟု ဘာသာပြန်ခဲ့သည်။

ကဗျာအဖွင့် ရေးသားလို၍ မဟုတ်ပါ။ စာညွှန်းမထည့်မိခဲ့သော်လည်း မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ရေးသည်မဟုတ်ကြောင်း ဖွင့်ဟဝန်ခံလို၍ ဖြစ်သည်။ ထို့အပြင် စိတ်ဝင်စားမည်ဆိုပါက “Road Less Traveled” ကို ဖတ်ကြည့်ကြရန် တိုက်တွန်းလို၍ ဖြစ်ပါသည်။

ဧရာ (မန္တလေး)

Tuesday, December 9, 2008

ဆွမ်းတော်ကပ်

ကျမ အဖွား (အဖေရဲ့ အမေ) က တရုတ်ကပြား။ အဖွားရဲ့ အဖေက ဦးအမွိုင်တဲ့ (တရုတ်ပြည်က လာတဲ့ တရုတ်ကြီး) အမေ ကတော့ ဒေါ်ဆင့်တဲ့ (မြန်မာပါ)။ ဒေါ်ဆင့် ဖဲအားကြီး ရိုက်တယ်။ အိမ်ကပ်တယ် မရှိ။ ရွာစဉ်လျှောက် ကစားတယ်။ ဒေါ်ဆင့် တစ်ယောက် နေမကောင်းဘူးဆိုပြီး အိမ်ထဲမှာမှိုင်နေရင်တော့ သဘောပေါက်။ လက်ကိုင်လေး လက်ထဲထည့်ပေးလိုက်ပြီဆိုရင် တဘက်လေး ခေါင်းပေါင်းပြီး ထွက်သွားတော့တာ။ ဦးအမွိုင် တရုတ်ကြီးကတော့ အိမ်မှာ ကုန်စုံဆိုင်ကြီး ဖွင့်ပြီး စီးပွားရှာတယ်။ တဖက်ကလည်း အိမ်မှုကိစ္စတွေ လုပ်လို့ အိမ်က ဘုရားကို ဆွမ်းပွဲလေးပြင်ပြီး ဆွမ်းတော်ကပ်တယ်။

“အကျိုးအကြောင်းကိုတော့ မဆင့်လာမှ ပြောပါလိမ့်မယ် ဘုရား” တဲ့။

အမျိုးသားတွေ ဆွမ်းတော်ကပ်ရင် အကျိုးအကြောင်း သေသေချာချာပြောတတ်အောင် လုပ်ထားကြနော်။ တော်ကြာ ဦးအမွိုင်လို မဆင့်ကိုပဲ အားကိုးနေရမယ်။

Saturday, December 6, 2008

ဘဝ၏ တစ်စိတ်တစ်ဒေသ (၃) ဆရာမ

ဘောင် အကြောင်းရေး ပြီးတော့
အရောင် ကို ရေးပါတယ်။

အခုတော့ ထောင် အကြောင်းလေး ရေးပါရစေ။
ရူးကြောင် မူးကြောင်နဲ့ ဘာတွေရေးတော့မလဲလို့တော့ မတွေးလိုက်ပါနဲ့။
ဘလော့ဂ်လေးက စာရေးဖြစ်အောင် ဒေါင်ဒေါင်နဲ့ သံချောင်းခေါက် လို့ပါ။

လောကီလူ့ဘောင်မှ အမျိုးမျိုးသော ထောင်တွေထဲက Drug Rehabilitation Center လို့ ခေါ်တဲ့ အမျိုးသမီးထောင်မှာ (၂) လတာ အတွေ့အကြုံလေးပါ။

ဒီက Computer School တစ်ခုမှာ trainer လုပ်နေချိန်တုန်းကပေါ့။ ကျောင်းက အဲ့ဒီ အကျဉ်းထောင်မှာ သင်ဖို့ Contract ရထားလေရဲ့။ အယင်သွားသင်နေကျ အိန္ဒိယ ဆရာမလေး တစ်ယောက်တော့ ရှိပါတယ်။ ဘာလို့လည်း မသိ ကိုယ့်အလှည့်ဆိုပြီး ကျလာတယ်။ ကိုယ်ကလည်း မငြင်းပါဘူး။ မငြင်းတတ်တာရယ်။ နောက်တစ်ခုကတော့ အခြား Inhouse Training တွေနဲ့စာရင် ဒီနေရာကို စေတနာ ရှိလို့ပါ။ စေတနာလို့ ဆိုရတာကတော့ ကိုယ့် အတွေ့အကြုံအရပေါ့လေ ကျောင်းမှာ သင်ရတာက ဆရာ၊ တပည့်သဘော ဆက်ဆံရေးမျိုးနဲ့ သူ့စည်း ကိုယ့်စည်း ဘောင်ထဲမယ် ချောမွေ့သေးတယ်။ Inhouse Traing ဆိုတာမျိုး သူတို့ ကုမ္ပဏီတွေမှာများ သွားသင်ရရင်တော့ စည်းလွတ်၊ ဝါးလွတ် ညှင်းချင်တိုင်း ညှင်းကြတော့တာပဲ။ သူတို့ ခုံပေါ်က အလုပ်တွေက စလို့ သူတို့ရုံးချုပ် Server ရှိရာ ချက်ချင်းကြွမြန်းရတော့မဲ့ အခြေအထိပါ။ ပညာစမ်းတာလည်း အလူးအလဲ ခံရပါတယ်။ ဥပမာဆိုပါတော့ “worksheet ကို ဒီလို lock လုပ်လို့ ရတယ်” ဆိုရင်၊ သူတို့က hack လုပ်ပြီး “ဒီလိုဖွင့်လို့ရတယ်” ပြန်လုပ်ကြတာ။ ပညာဆွေးနွေးဖလှယ်တဲ့ ပုံစံမျိုးဆို ပျော်ဖို့တောင်ကောင်းပါတယ်။ လူမျိုးခြားမို့ နှိမ်ချင်သလိုဆိုရင်တော့ “ဟုတ်ကဲ့ Microsoft ကို အကြောင်းကြားပြီး ဆုငွေထုတ်ယူနိုင်ပါတယ်” လို့ပဲ ပြောရပါတော့တယ်။

သင်ရိုးညွှန်းတမ်းကတော့ သိပ်ထွေထွေထူးထူး မဟုတ်ပါဘူး။ Basic Computer Knowledge နဲ့ Microsoft Office Applicaton Softwares တွေပါ။ ကျောင်းမှာ သင်တဲ့ WebPage Design တောင် သင်ရိုးညွှန်းတန်းထဲ မပါပါဘူး။ ပေ့ါပေါ့ပါးပါး ပြင်ဆင်မှု အနေနဲ့ အိမ်ကလူကို “ကိုရေ ထောင်ထဲသွားရမှာဆိုတော့ ကျမတို့ချင်း ဆက်သွယ်ဖို့ ဟန်းဖုန်းလေး တစ်လုံးစီတော့ ရှိထားမှ ထင်တယ်နော်” ဆိုပြီး နှစ်ယောက်သား ဟန်းဖုန်း ဝယ်ကြပါတယ်။ ဒါက ပထမဆုံး ဟန်းဖုန်း ဝယ်ဖြစ်တဲ့ အကြောင်းပါ။ တစ်သွေးထဲ တစ်ရောင်ထဲ။ (နံပါတ်တောင် တစ်ခုတည်းယူလို့ မရလို့… အဟတ်) ကပ်လျက်နံပါတ်ရှာကြသေးတာ မတတ်သာ ခပ်ခွာခွာနဲ့ နံပါတ်တစ်ခုကျော်တာ ယူလိုက်ရတယ်။

သင်တန်း စတဲ့နေ့ ရထားတစ်တန်၊ taxi တစ်တန်နဲ့ ရောက်ပါပြီ ထောင်ဘူး၀ … (ပထမဦးဆုံးသွားရတဲ့ နေရာတွေကို မြေပုံ ကြည့်တာတို့ Street Directory ကြည့်တာတို့က ကိုယ့် အလုပ်မဟုတ်ပါဘူး။ ကိုယ့် Secretary ကိုဧရာ့ အလုပ်ပါ။ သူကတော့ Directory ထဲက သွားမဲ့နေရာမြေပုံကို သူ့နည်းသူဟန်နဲ့ ပြန်ဆွဲပါတယ်။ ပြီးမှ နံပတ်တွေကို မှားကူးတတ်လို့ လမ်းပေါ်မှာ ယောင်လည်လည် မကြာခဏ ဖြစ်ရပါတယ်။ Secretary အသစ်ပြောင်းခန့်ဖို့တော့ အစီအစဉ် မရှိပါဘူး။ Secretary က ကိုယ့်ကို အလုပ်ဖြုတ်မှာ စိုးလို့ပါ။ သူပဲ Boss လေ။ HR head လည်း သူပဲလားလို့တော့ ရွဲ့ မမေးနဲ့တော့။)

အကျဉ်းထောင်ရဲ့ ဧည့်သည်တွေ မှတ်ပုံတင်ရတဲ့ ကောင်တာမှာ register လုပ်တော့ အထဲကို “ဟန်းဖုန်း လုံးဝယူသွားလို့ မရပါဘူး” တဲ့။ ပစ္စည်းတွေကို locker ထဲ ထည့်၊ သော့ တစ်ချောင်းသာ ကိုင်ပြီး ဖွင့်ပေးတဲ့ လူတစ်ကိုယ်ဝင်စာ သံတံခါးကနေ ဝင်လိုက်ပါတယ်။ ကိုယ့်ရဲ့ ဉာဏ်အမြှော်အမြင် ကြီးမားမှုကို စိတ်ထဲက ကျိတ်ချီးကျူးရင်း စင်္ကာပူ တစ်မြို့လုံး ဒီနေရာကျမှ ဘာလို့ ကွက်မှောင်နေတာလဲလို့ တွေးကြည့်နေမိတယ်။ ထောင်ဆိုတာမျိုးဟာ မှောင်ကို မှောင်ရမဲ့ နေရာမျိုးလေလားလို့ ရှိစုမဲ့စုဉာဏ်ကိုလည်း အားကုန် ဖျစ်ညှစ် နေမိတယ်။ အဲ့ဒီနေရာမှာတင် ခန္ဓာကိုယ် ရှာဖွေမှုတွေ လုပ်ပါတယ်။ သွားလို့ရပါပြီ… ဆိုလို့ အထဲကိုဝင်ခဲ့တယ်။ နောက်က သံတံခါးကြီးပြန်ပိတ်လို့ ချိမ်းဆိုတဲ့ အသံကြီးကြားလိုက်တော့ Terminator 2 – Judgement Day ထဲက Sarah Connor ထောင်ထဲက ထွက်ပြေးတဲ့ အခန်းကို သတိရဖြစ်အောင် ရလိုက်သေးတယ်။ ကတ္တရာခင်းကားလမ်းမ တစ်ခုကို ဖြတ်ပြီး အဆောင်တစ်ခုထဲကို ဝင်လိုက်တယ်။ ထပ်ပြီး သတင်းပို့။ ခဏထိုင်စောင့်ပါဆိုလို့ အဲ့ဒီနားမှာ ဖုန်သုတ်၊ ကြမ်းတိုက်လုပ်နေကြတဲ့ ရင်ဘတ်မှာ နံပါတ်တွေရိုက်နှိပ်ထားတဲ့ ဝါကျင်ကျင် ဝတ်စုံတွေနဲ့ inmate တွေကို ငေးနေမိတယ်။ ဘာကိုပဲလုပ်နေလုပ်နေ ဘယ်အချိန်ပဲဖြစ်စေဖြစ်စေ သူတို့စိတ်ဟာ သူတို့ကိုယ်မှာ မရှိဘူးဆိုတာ သူတို့မျက်လုံးတွေက ပြောနေကြတယ်။ ရဲမေတစ်ယောက်က တံခါးတစ်ခုဖွင့်ပေးပြီး ဒီလှေခါးအတိုင်း တက်သွားပါတဲ့။

လှေကားထစ်တွေ ဘယ်နှစ်ထစ်လောက် တက်ခဲ့ပြီးပြီလဲလို့ ပြန်စဉ်းစားမိချိန်မှာ ရှေ့မှာ တက်စရာ လှေကားထစ် မရှိတော့ဘူး။ အင်တာကွန်းကနေ ဟယ်လို ဟယ်လို လုပ်လိုက်တော့ တပ်ကြပ်ရဲမေ တစ်ယောက် တံခါးလာဖွင့် ပေးတယ်။ သူက ဒီအဆောင်က တာဝန်ခံပါ။ ကော်ရစ်ဒါ တစ်လျောက် အချုပ်ခန်း သုံးခုကို ဖြတ်ပြီး သူ့နောက်က လိုက်သွားတော့ တစ်ဖက် အစွန်းမှာ ရုံးခန်းကိုရောက်တယ်။ တာဝန်ခံရဲမေက အကျဉ်းသားတွေနဲ့ ကိုယ်ရေးကိုယ်တာတွေ မဆွေးနွေးဖို့၊ ဘာကြောင့်ကျတာလဲ၊ ဘာအမှုလည်း မမေးဖို့ တင်ကြိုသတိပေးပါတယ်။ နောက် ကျမလက်ထဲကို ကျောင်းသူ စာရင်း list ထည့်ပြီး သင်ရမဲ့ အချုပ်ခန်း (ကော်ရစ်ဒါ အတိုင်းပြန်လျှောက်လာတော့ ဒီဘက်အစွန်း)ကို ပြန်လိုက်ပို့တယ်။ ဒီအဆောင်က အခြားရဲမေ တစ်ယောက်ခွင့်ယူထားလို့ တာဝန်ကျရဲမေကို အလုပ် အများဆုံး ရှုပ်စေတာကတော့ တံခါးသော့ ဖွင့်လိုက်၊ ပိတ်လိုက် လုပ်ရခြင်းပဲလို့ ကျမတွေးနေမိတယ်။

ကြမ်းခင်း တမံသလင်းပေါ်မှာ တန်းစီ ထိုင်နေကြတဲ့ အဲ့ဒီဟာလေးတွေ အယောက်နှစ်ဆယ်လောက်က Good Morning Madam လုပ်ကြတယ်။ ကြောင်အန်းအန်းနဲ့ Good Morning လိုက်ရပြီး သူတို့ကို ကွန်ပြူတာ နဲ့ စားပွဲ ကုလားထိုင်မှာ ထိုင်ခိုင်း၊ Let me introduce myself တွေ ဘာတွေပြီးတော့ Language မကျွမ်းကျင်တဲ့ ကျမ ထုံးစံအတိုင်း White Board ကြီးပေါ် အရောင်စုံ softpen တွေနဲ့ Diagram တွေ အပြည့်ဆွဲပြီး Basic Computer Knowledge စပါတော့တယ်။ ၁၅မိနစ်၊ မိနစ်၂၀ လောက်နေတော့မှ နားလည်ကြရဲ့လား ဆိုပြီး သူတို့ကို ဝေထားတဲ့ စာအုပ်ထဲမှာ သင်ပြီးသလောက်ထိ ပြန်ဖတ်ခိုင်းလိုက်တယ်။ အတန်းလေးက မဆိုးပါဘူး ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့။ တွေးပူထားသလို ကလန်ကဆန် အရိပ်အယောင် မတွေ့ရဘူး။ အလွန်အကျွံ ပျင်းတဲ့သူ အချို့ ထိုင်ခုံနောက်မှီကို ပစ်စလက်ခတ်ကြီး မှီထိုင်ရုံလောက်ပဲ။ ဆယ်ကျော်သက်လေးတွေ။ အကြီးဆုံးကမှ ၂၂-နှစ် Polytechnic ကျောင်းသူ တရုတ်မလေး။ သူနဲ့ မတိမ်းမယိမ်း ကုလားဆင် မလေး ကတော့ တစ်မျိုးပဲ သူ့ပုံစံက ဂျစ်ကန်ကန် မဟုတ်ပါပဲ ဘာဖြစ်လို့ ကော့လန်လန် ဖြစ်နေရပါလိမ့် …သြော် ကိုယ်ဝန်နဲ့ကိုး။ ဒိုင်ယာနာကေနဲ့ အေးတိအေးစက် ပြန်မပြော နားမထောင်ပုံ တရုတ်မလေးကတော့ တစ်မျိုး .. လက်ချောင်း တစ်ချောင်းကို တက်တူး တစ်ရုပ်စီ လက်ဆယ်ချောင်းလုံးမှာ ထိုးထားလေရဲ့။ သူလေးက အတန်းထဲမှာ အချောဆုံး… ။

အခန်းထဲမှာ ဖုန်တွေက ထုတက်နေသလို၊ သတိထားလိုက်မိတော့ ငါအသက်ကို တဝက်ပဲရှူမိနေပါလား… ။ နေဦး... အပြင်ကလေနဲ့ ဒီကလေ ဘာကွာလဲလို့ သေချာရှူကြည့်လိုက်ဦးမယ်။ ကွာတယ်… ကွာတယ် … တကယ့်ကို ကွာတာပဲ… ။

ဒီလိုနဲ့ ထမင်းစားချိန်ရောက်လာတော့ သူတို့ကို ရဲမေက လာခေါ်တယ်။ ကိုယ့်ကို ရုံးခန်းထဲမှာ ခဏထိုင်စောင့်နေပါတဲ့။ ကော်ရစ်ဒါက လျှောက်လာခဲ့တော့ သြော် ကပ်ရပ် အခန်းတွေမှာလည်း စာသင်နေကြတာပါလား။ တစ်ခန်းက English၊ နောက်တစ်ခန်းက Maths သင်နေတယ်။

ကိုယ့်ကို ထမင်း အပြင်မှာ ထွက်စားချင်ရင်လဲ ရတယ်။ ဒီမှာ ဝန်ထမ်းတွေ စားတဲ့ ဆီမှာ ပိုက်ဆံပေးပြီး စားရင်လည်းရတယ်လို့ ဆိုပါတယ်။ အပြင်ထွက်စားရင် နေပူနေတာရယ်၊ တံခါးတွေ အဆင့်ဆင့်ဖြတ်ရတာကို စိတ်ပျက်တာရယ်ကြောင့် ရဲမေနဲ့အတူ ဝန်ထမ်းတွေ စားတဲ့ နေရာမှာပဲ လိုက်စားလိုက်ပါတယ်။ စားသောက်ဆောင်မှာ ချက်ပြုတ်၊ ဝေယျာဝစ္စ လုပ်နေသူများကတော့ လွတ်ရက်နီးပြီ ဖြစ်တဲ့ (အများစုကတော့ အချိုးကျချင်ယောင် ဆောင်ထားတယ်လို့ ကျမစိတ်ထဲကထင်တဲ့) inmate ကြီးတွေပါ။ ထမင်းစားချိန်အဖြစ် ပေးထားတဲ့ အချိန် ကုန်သည်အထိ စားသောက်ဆောင်မှာပဲ အချိန်ဖြုန်းပြီး စာသင်ဆောင်က ရဲမေနဲ့ အတူ အဆောင်ကို ပြန်ပါတယ်။ စားသောက်ဆောင်ကို လာခဲ့တဲ့လမ်းနဲ့ အပြန်လမ်း မတူတာကို လမ်းလျှောက်ရင်း ဘေးဘီတွေကို ကြည့်လို့ သတိထားမိနေတယ်။ အပြန်လမ်းမှာတော့ အထဲမှာ အကျဉ်းသား သုံးလေးယောက်နဲ့ မဟာယာနဘုန်းကြီးတစ်ပါး ရှိနေတဲ့အခန်း၊ ခရစ်ယာန် သီလရှင်တွေ ရှိနေတဲ့အခန်း၊ နောက် ခေါင်းမူးခြုံဆရာမ တွေ ရှိနေတဲ့အခန်း တွေ ဖြတ်ခဲ့ရတယ်။ Counseling လုပ်နေကြတာတဲ့။

နေ့လည် တစ်နာရီမှာ သင်တန်း ပြန်စတယ်။ သင်တန်းသူလေး တစ်ယောက်က ကျမအတွက် ရေအေးတစ်ခွက် ရေနွေးတစ်ခွက် စားပွဲပေါ်လာတင်ပေးတယ်။ ခုတင် သူတို့တွေ ချက်တဲ့ အစာတွေ တနင့်တပိုး စားလာခဲ့ပြီးမှ (အားလုံးဟာ ဆေးမှုနဲ့ ကျသူချည်း မဟုတ်လို့ ကျမအတွက် ရေခပ်ပေးသူလေးဟာ ဆေးသမား ဟုတ်မဟုတ် မသေချာပေမဲ့) သူခပ်ပေးတဲ့ ရေကို ကျမ မသတီနိုင်ခဲ့တာ ဆန်းကြယ်တဲ့ လူ့စိတ်နော် ။ ဒါပေမဲ့ ကျမ မသောက်ဖူး ဆိုတာကိုလည်း သူတို့ မသိအောင် အတတ်နိုင်ဆုံး သိုဝှက်ခဲ့ပါတယ်။ ရေကို မသောက်ခဲ့ပေမဲ့ စာသင်အချုပ်ခန်းလေးထဲမှာပဲရှိတဲ့ တံခါးတဝက်သာ တပ်ထားတဲ့ အိမ်သာကိုတော့ သူတို့နဲ့အတူ သုံးခဲ့ပါတယ်။ ရုံးခန်းထဲက ရဲမေကို “ကျမ အိမ်သာ သွားချင်လို့ လာခေါ်ပါ” လို့ အင်တာကွန်းကနေ အော်ပြီး အခွင့်ထူးခံ ကရိကထ မများချင်ပါဘူး။

နေ့လည်ပိုင်း စာသင်ချိန်တွေမှာတော့ လေးလံ ထိုင်းမှိုင်းတတ်လို့ လေ့ကျင့်ခန်းလေးတွေ ပေးထားပြီး၊ မစပ်စုရ လို့ ဆိုထားပေမဲ့ နေ့လည်စာ ဘာတွေ စားခဲ့ကြလဲ၊ စားလို့ ကောင်းရဲ့လား ဆိုတာမျိုး အလာပ သလာပ လေးတွေ စကားစလိုက်တယ်ဆို လေ့ကျင့်ခန်း ပြီးသူတွေက ကိုယ့်နားဝိုင်းလာကြပြီ။ တစ်ချို့ တစ်ချို့သော မျက်နှာသေလေးတွေ (ဖြစ်နိုင်ချေကတော့ လိမ်လည်မှုနဲ့ ကျနေသူများ)ကတော့ နေမြဲအတိုင်း…။ ရှိပါစေလေ။ ဒီအချိန်မှာ သူတို့တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုတောင် အကြောက်အကန် ကြိုးစား တည်ဆောက်နေရတယ် ဆိုတာ နားလည်ပေးနိုင်ပါတယ်။

ညနေ ငါးနာရီမှာ တစ်နေ့တာ အတွက် စာသင်ချိန် ကုန်ဆုံးလို့ ပြန်ရတော့မယ်။ တစ်ဖက်ခန်းက အင်္ဂလိပ် သင်တဲ့ ဆရာမလဲ ထွက်လာပြီ။ ဖြူဖြူသေးသေး နုနုနယ်နယ် ဆရာမက “ဘယ်လိုပြန်မလဲ။ ရထားနဲ့ဆို ဘူတာထိ သူ့ကားနဲ့ လိုက်ခဲ့ပါ” တဲ့။ သူ့ကား နီနီသေးသေးလေးပေါ် ရောက်တော့ တပ်ထားတဲ့ အမှတ်တံဆိပ်တွေကြောင့် ဆရာမဟာ ခရစ်ယာန် ဘာသာဝင်မှန်း သိရတယ်။ ကျမထက် ဆယ်နှစ်ခန့်ကြီးပြီး အကျဉ်းထောင်မှာ စာပြနေတာ ဆယ်နှစ်လောက်ရှိပြီတဲ့။

တရွေ့ရွေ့နဲ့ စာသင်ရက်တွေကုန်လို့ စာမေးပွဲစစ် အမှတ်စာရင်းအတိုင်း အောင်စာရင်းလေးထုတ်ပေးတယ်။ သင်တန်းဆင်းလက်မှတ်တွေ ပေးအပြီး “တီချယ် တီချယ် Orchard မှာတွေ့ရင် ခေါ်မယ်နော်” လို့ ပြောလိုက်တဲ့ ကောင်မလေး တစ်ယောက်စကားကြောင့် Orchard လမ်းပေါ်ရောက်တိုင်း ဘယ်နေရာကများ ကိုယ့်ကို ခေါ်လိုက်လေမလဲလို့ ယောင်လည်လည်နဲ့နားစွင့်ရင်း...

Friday, December 5, 2008

ရာသီပြောင်းချိန်

ရာသီ စက်ဝန်းတွေ သံသရာစက်ဝိုင်းမှာ
အမြဲမပြတ် တရစပ် လည်ပတ်နေတယ်
စက်ဝိုင်းရဲ့ စမှတ် "တစ်" ဆိုတာ
မသိနိုင်တဲ့ အရာ...။

ချာချာလည်နေတဲ့ ဖြစ်စဉ်တစ်ခုက
လွင့်စင်လာတဲ့ သစ်ရွက်ကြွေတွေ ဟောတဲ့ တရား
စက်ဝိုင်းရဲ့ ဆုံးမှတ် "သုည" ဟာ
စက်ဝန်းထဲမှာ... တဲ့။ ။
*****
5 Dec 08, 15:56
A Linn Nyi: ကဗျာလာဖတ်ပါတယ်။အဓိပ္ပါယ်ကို..ဆက်တွေးနေမိတယ်။
Fri, Dec 5th 2008, 04:55 PM
S-C: ဘာတွေ ဆက်တွေးမိလဲ? ပြောဦး။ assignment ၃ရက်တောင် အချိန်ပေးတယ်နော်။ (ဒီကတော့ ရေးရင်းနဲ့ ချာလည်လည်သွားလို့ တုံးတိကြီး ...တဲ့ နဲ့ ပိတ်လိုက်ရတယ်။)
6 Dec 08, 14:42
A Linn Nyi: အပိုဒ်၁က လူတွေ မွေးတဲ့ ဇာတိ(မသိနိုင်တာ)၊ အပိုဒ်၂က မသိနိုင်တဲ့ ဇာတိအမျိုးမျိုးကလာပေမယ့် သေဆုံးတာတူမယ်
6 Dec 08, 14:42
A Linn Nyi: ဘာမှမယူသွားနိုင် ဗလာနဲ့ ဆုံးမှာက သိနိုင်(သေချာ)တယ် လို့ ပြောချင်တာ..ဟုတ်လားဟင် မသီတာ..
ရာသီ စက်ဝန်းတွေ သံသရာစက်ဝိုင်းမှာ
အမြဲမပြတ် တရစပ် လည်ပတ်နေတယ်
စက်ဝိုင်းရဲ့ စမှတ် "တစ်" ဆိုတာ
မသိနိုင်တဲ့ အရာ...။

ရာသီ စက်ဝိုင်း...
သံသရာ စက်ဝန်း...
စက်ဝိုင်း တစ်ခုကို ဘယ်နေရာက စဆွဲထားတယ် ဆိုတာ မသိနိုင်သလို
သတ္တဝါတို့ရဲ့ အစဟာလည်း 'အပင်နဲ့ မျိုး' အစရှာမရသလို မသိနိုင်တဲ့အရာ။

ချာချာလည်နေတဲ့ ဖြစ်စဉ်တစ်ခုက
လွင့်စင်လာတဲ့ သစ်ရွက်ကြွေတွေ ဟောတဲ့ တရား
စက်ဝိုင်းရဲ့ ဆုံးမှတ် "သုည" ဟာ
စက်ဝန်းထဲမှာ... တဲ့။ ။

ချာချာလည်နေတဲ့ ဖြစ်စဉ်တစ်ခုကို အဆုံးသတ်ဖို့
ဘဝသံသရာ အဆုံးသတ်ဖို့...
(A Linn Nyi ၏ တရားဂုဏ်တော် ခြောက်ပါး ပို့စ်မှ) ဗုဒ္ဓမြတ်စွာက ရောဟိတဿသုတ္တန်မှာ “လောကရဲ့အစ၊ လောကရဲ့အဆုံးကို ဘယ်စကြဝဠာမှာမှ လိုက်ရှာမနေနဲ့။ ဤတစ်လံမျှရှိသော ခန္ဓာကိုယ်မှာပဲ လောကရဲ့ အစလည်းရှိတယ်။ လောကရဲ့ အဆုံးလည်း ရှိတယ်” လို့ဟောကြားခဲ့သည့်အတိုင်း သစ်ရွက်ကြွေတွေ ဟောတဲ့တရား၊ ခန္ဓာဟောတဲ့တရား “အနိစ္စ” ကို အခါခါနာကြားစို့ရဲ့။

Tuesday, December 2, 2008

၅နှစ်ပြည့် ရေစင်


ထမင်း ၀ိုင်းမှာ ထိုင်ခုံက လေးခုံသာရှိတယ်။ ဖွားဖွားရယ်၊ ဖေဖေရယ်၊ မေမေရယ်၊ ကိုကိုရယ် ထိုင်ပြီးပြီဆိုတော့ သားငယ်ထိုင်စရာ ခုံမရှိတော့လို့ အော်နေတာ “သားသားလည်း ထိုင်စေချင်၊ ထိုင်စေချင်တယ်” တဲ့

ခုံတစ်ခု ထိုးပေးလိုက်ပြီး နေရာကျသွားပြန်တော့ ပူဆာပြန်တယ်။ “မေမေ အာလူးကြော် စားချင်တယ်” တဲ့။ အာလူးမရှိဘူး ကုန်နေပြီ သားရဲ့ဆိုတော့ Sauce ပုလင်းကို လက်ညှိုးထိုးပြပြီး “ဒါဆိုသားက ဒါချည်းဘဲ စားရမှာလား” တဲ့

ည အိပ်ယာဝင်ခါနီး မိုင်လိုကို နို့ဗူးနဲ့ သောက်တယ်။ နို့သီးခေါင်း အဖုံးကို သေသေချာချာ အံဝင်ခွင်ကျအောင် မပိတ်ပေးမိလို့ ဘေးကနေ စိမ့်ထွက်လာတဲ့ မိုင်လိုတွေကြောင့် အလန့်တကြား အော်လိုက်တာက “မိုင်လို မျက်ရည်၊ မိုင်လို မျက်ရည်” တဲ့

ဒီနေ့ ၅နှစ်ပြည့်တဲ့ သားငယ် အတွက် အမှတ်တရ ခေါင်းစဉ်ကို ချစ်တဲ့ ဒေါ်ဒေါ်တွေ ပေးတဲ့ နာမည်လေးတပ်လိုက်တယ်

ဓါတ်ပုံရိုက်ချင်လို့ ခဏထိုင်ခိုင်းထာတဲ့ ပုံပါ။