“ဗုဒ္ဓသာသနာ” နှင့် “အကြမ်းဖက်မှု” ဟူသော ဝေါဟာရ နှစ်ခုအား မလိုက်ဖက်၊ မအပ်စပ်သော ဝေါဟာရ နှစ်ခုဟု ယူဆထားခဲ့သည်။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာ မဟာဗောဓိ စေတီတော်ဝင်း အတွင်း အကြမ်းဖက် ဗုံးဖောက်တိုက်ခိုက်ခံရသည့် သတင်းကို ကြားတော့ အလွန် တုန်လှုပ်သွား၏။ မကြာသေးမီကလည်း ဗုဒ္ဓဘာသာနှင့် အကြမ်းဖက်ဟူသော စကားလုံးနှစ်လုံးကို တွဲစပ်၍ TIME မဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါး အဖြစ် ဖော်ပြခံရတော့ အတော်လေး စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံတွင်းတွင် ဖြစ်ပျက်ခဲ့သော လူမျိုးရေး ဘာသာရေး ပဋိပက္ခများကလည်း အစဉ်အဆက် ထိမ်းသိမ်းလာခဲ့သော ထေရဝါဒ ဗုဒ္ဓသာသနာ၏ ပုံရိပ်ကို အကျည်းတန်စေခဲ့သည်။ ရောင်နီသန်းစ မြန်မာပြည်၏ အနာဂတ်ကိုလည်း ခြိမ်းခြောက်စ ပြုနေလေပြီ။ နိုင်ငံရေး ပယောဂများ၊ လူမျိုးရေး ပယောဂများ၊ ပြည်တွင်း ပြည်ပ သွေးထိုးလှုံ့ဆော်မှုများ၊ အစွန်းရောက်ဝါဒီများက “ဗုဒ္ဓသာသနာ” နှင့် “အကြမ်းဖက်မှု” ဟူသော ဝေါဟာရ နှစ်ရပ်ကို အတင်းဆွဲ၍ ကပ်ခဲ့ကြလေပြီ။
လက်ရှိ အခြေအနေများ ဖြစ်ရပ်များကြောင့် အနာဂတ် ဗုဒ္ဓသာသနာအတွက် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ကောင်းဖြစ်ကြပါမည်။ စိုးရိမ် ကြောင့်ကြထိုက်သော အခြေအနေတွင် ရှိသည်ဟုလည်း ဆိုချင်ပါသည်။ သို့သော် ထိုစိုးရိမ်စိတ်များကြောင့် “ငါ့လူမျိုး၊ ငါ့ဘာသာ” ဟူသော မာန်မာနများ၊ အာဃာတများ၊ သံသယများဖြင့် တုန့်ပြန်မိပါက၊ ဗုဒ္ဓ၏ အဆုံးအမများနှင့် သွေဖီကာ ပို၍ပင် စိုးရိမ်ရဖွယ် အခြေအနေကို ရင်ဆိုင်ရနိုင်ပါသည်။ ရန်ကို ရန်ချင်း မတုန့်နှင်းပဲ၊ ဗုဒ္ဓ၏ အဆုံးအမတရားကို လိုက်နာကာ ခန္တီတရား၊ မေတ္တာတရား၊ ကရုဏာတရား၊ အဝိဟိံသတရားတို့ ဖြင့် သတိကြီးစွာ ဖြေရှင်းသွားကြရပါမည်။
ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းတော်မူခဲ့ရာ မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံ၌ပင် ဗုဒ္ဓသာသနာ ကွယ်ပျောက်ခဲ့ရသည့် အကြောင်းရင်းမှာ ရှံကရ စသော ဗြဟ္မဏတို့၏ ထိုးနှက်ခြင်း၊ အဝလောကိတေသွရ စသော ဘုရားအလောင်း ကိုးကွယ်မှုဝါဒ ဝင်ရောက်လာပြီး ဗြဟ္မဏဝါဒတို့နှင့် ရောထွေးသွားခြင်း၊ အိန္ဒိယသို့ ကျူးကျော် ဝင်ရောက်လာသော မွတ်စလင်တပ်များက ဗုဒ္ဓသာသနိက အဆောက်အအုံများကို ဖျက်ဆီးကာ ဗုဒ္ဓဘာသာဝင်တို့ နလံမထူနိုင်လောက်အောင် တိုက်ခိုက်ဖိနှိပ်ခဲ့ခြင်းတို့ ဖြစ်ကြောင်း သမိုင်းဆရာတို့က မှတ်တမ်းတင်ခဲ့ကြသည်။ ငြင်းပယ်၍ မရသော သမိုင်း သက်သေ အထောက်အထားများလည်း ရှိပါသည်။ သို့သော် ထူးခြားသည်ကား ဗုဒ္ဓနှင့် ခေတ်ပြိုင်ပေါ်ထွန်းခဲ့သော ဂျိန်းဘာသာသည် အိန္ဒိယတွင် ယနေ့ထက်တိုင် ဆက်လက် တည်ရှိနေခြင်းပင် ဖြစ်သည်။ သာသနာကွယ်ခြင်း၏ အကြောင်းတရားများသည် ပြင်ပ အင်အားစုများ၏ တိုက်ခိုက် ထိုးနှက်ချက် သက်သက်တော့ မဟုတ်။
စေတီပုထိုး ဘုရားကျောင်းကန်များ စည်ကားပြန့်ပွားခြင်းမျှအား သာသနာတည်ခြင်းဟု ဆိုသည် မဟုတ်။ ယင်းတို့သည် သာသနာတည်ခြင်း၏ ပြယုဂ် လက္ခဏာများသာ ဖြစ်သည်။ လူတစ်ဦးချင်းစီ၏ နှလုံးသားတွင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအား လက်ခံယုံကြည်ခြင်းကို သာသနာတည်ခြင်းဟု ဆိုရသည်။ ဗုဒ္ဓ၏ အဆုံးအမဖြစ်သော သီလ၊ သမာဓိ၊ ပညာတို့ လိုက်နာကျင့်ကြံခြင်းကို သာသနာတည်ခြင်းဟု ဆိုရသည်။ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမဖြစ်သော မဂ္ဂင် ၈-ပါး (အကျယ်အားဖြင့် ဗောဓိပက္ခိယတရား ၃၇-ပါး) အား သင်ယူ လေ့ကျက်ပွားများနေသ၍ သာသနာတည်တံ့နေကြောင်း မဟာပရိနိဗ္ဗာနသုတ်တွင် ဟောကြားထားပါသည်။ ပြင်ပအင်အားစုများက သာသနာကို ကွယ်အောင် လုပ်နိုင်သည် မဟုတ်။ သာသနာကို ချိနဲ့သွားအောင် အနှောင့်အယှက် ပြုကောင်း ပြုနိုင်ပါလိမ့်မည်။ သာသနာကို ကွယ်အောင် လုပ်နိုင်သူတို့မှာ ဗုဒ္ဓဘာသာဝင်များထဲမှ မောဃပုရိသ ခေါ် အသုံးမကျသော အချည်းအနှီး ပုဂ္ဂိုလ်များပင် ဖြစ်လေသည်။ ထိုသူတို့ကို အကြောင်းပြု၍ လူတို့သည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး အပေါ်တွင် အရိုအသေ တန်လာကြလိမ့်မည်။ ကိုယ်ကျင့် သီလနှင့် စိတ်တည်ကြည်မှု သမာဓိတို့ကို ကျင့်ကြံအားထုတ်ရန် အလေးဂရု ပြုကြလိမ့်မည် မဟုတ်တော့။ ဤသည်ပင်လျှင် သာသနာကွယ်ခြင်း၏ အကြောင်းတရား ဖြစ်ကြောင်း သဒ္ဓမ္မပ္ပဋိရူပကသုတ်တွင် ဟောကြားထားသည်။
ထို့အတူပင် လူသားတို့၏ နှလုံးအိမ်ဝယ် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး အပေါ်တွင် ယုံကြည်သက်ဝင်မှု ခိုင်မာလာစေရန်၊ သီလ သမာဓိ ပညာ သိက္ခာသုံးပါးအား လေးစား လိုက်နာ ကျင့်သုံးလာစေရန် ကျိုးစားအားထုတ်ခြင်းကိုပင် သာသနာပြုခြင်းဟု ခေါ်ရသည်။ အကြမ်းဖက် ခြိမ်းခြောက် အကြပ်ကိုင်၍ သာသနာ ပြုရသည်မဟုတ်။ တန်ခိုးပြဋိဟာ၊ ပဉ္စလက်နည်းတို့ကိုသုံးကာ အထင်ကြီးအောင်လုပ်၍ သာသနာပြုရသည် မဟုတ်။ ငွေကြေးဓနတို့ဖြင့် ဖျားယောင်း၍ သာသနာပြုရသည်လည်း မဟုတ်။ အစ အလယ် အဆုံး သုံးပါးလုံး ကောင်းမွန်သော ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ ဒေသနာတို့ကို ဟောကြားပြသ၍ သာသနာပြုရသည်။ တစ်ပါးသူတို့ စံနမူနာ ယူရလောက်အောင် မိမိတို့၏ ကိုယ်ကျင့်သီလကို စင်ကြယ်မြင့်မြတ်စေခြင်းဖြင့် သာသနာပြုရသည်။ မိမိတို့၏ အဆင်ခြင်မဲ့ အပြုအမူ၊ အပြောအဆိုများကြောင့် ဘုရား တရား သံဃာအပေါ် ကြည်ညိုမှု၊ ရိုသေမှု၊ ယုံကြည်မှု ယုတ်လျော့သွားစေပါက၊ အနာဂတ် မျိုးဆက်တို့ မိရိုးဖလာ ဗုဒ္ဓဘာသာမှသည် အမည်ခံ ဗုဒ္ဓဘာသာများ (သို့မဟုတ် ဘာသာမဲ့များ၊ ဘာသာခြားများ) ဖြစ်စေရန် တွန်းပို့ပေးနေသလို ဖြစ်သွားနိုင်ပါသည်။
ရေးခဲ့ဖူးသည့် ဆက်စပ်ပို့စ်အချို့
- Buddhism and Blasphemy
- ဂန္ဓာရနှင့် အယုဒ္ဓရမှ ဘုရားပျက်များ
- ဘိန်း၊ အဆိပ်နှင့် ဆေး
- ဘရုဇာတ်
ဝေမျှလိုသော ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ သူတော်ကောင်းတရား တည်တံ့ပြန့်ပွားရေး တရားတော်