Thursday, July 30, 2009

အငိုမျက်လုံး အပြုံးမျက်နှာ

မသီတာ ပို့စ်မရေးနိုင်တာ … စိတ်နောက်သွားလို့ပါ။ ညကအိပ်မက်ထဲမှာ Blog Roll က လင့်တွေ နှိပ်လိုက်ရင် blank page တွေချည်း ထွက်ကျလာလို့ “ဟဲ့ ဟဲ့ ဘယ်လိုဖြစ်တာလဲ? ထားခဲ့ရင်တောင် အနည်းဆုံးတော့ ဒီလိုလေး ကျန်ခဲ့ပါသေးတယ်” လို့ အိပ်မက်ထဲမယ် မျက်နှာငယ်လေးနဲ့ လိုက်မေးနေရှာတာ သနားစရာလေးပါ။

ဒီမနက်တော့ ဒီလိုတွေ ပါးစပ်ကတတွတ်တွတ်ရွတ်ပြီး ဘလော့ရွာထဲ လျှောက်သွားနေလေရဲ့…

မေအောင်ကိုလည်း လွမ်းပါသည်။
ဗေဒါရီလည်း လွမ်းပါသည်။
(အစပိုင်းတော့ တိုးတိုးလေး ထပ်ကာထပ်ကာရွတ်နေတာ…)

ဇနိမောင်နှံ ရာသက်ပန်ရယ်လို့
တမ်းတရ လွမ်းသမျှ အပူတွေ
(နောက်တော့ ဆွေးမြေ့သံစွတ်လာတယ်…)

အလင်းညီရေ
အသည်းအူတွေ ပြတ်ကြွေပြုန်း
(ရင်ခေါင်းသံကြီး ပါလာပြီ …)

ပန်းရောင်မယ်လေး ဂုဂု ငယ်
သူယောင်မယ်လို ရှောင်ပုန်း
(ငိုငြီးသံလေးလိုလို…)

အမယ်မင်း မုဒိတာ ရယ်
ကိုယ် ဘယ်ဝယ်လိုက်ရှာရ ရ ရ
Welcome ရေ အမြဲတမ်း ဆို.. ဆို ဆို
(ရှိုက်…နေတယ်)

မိုးရယ် ဆောင်းရယ်
ကိုယ့်ချစ်သူတွေ အတူတူပါပဲကွယ်
(ထွက်ပေါက်ရှာသွားတာပါ…)

ဒီလိုပဲပေါ့လေ…သူငယ်ချင်း အဟောင်းတွေက ခွဲခွါသွားကြတော့၊ အသစ် အသစ်တွေနား မရဲတရဲလေး တိုးသွားပြီး “မင်္ဂလာဆောင်ပါ” လို့ မျက်နှာချိုလေးသွေး

ခက်ဆစ်-
မင်္ဂလာဆောင်= မင်္ဂလာတရားကို ကိုယ်၊ နှုတ်၊ နှလုံးတို့၌ ဆောင်ထားခြင်း။

တောင်းပန်ခြင်း
အမှားပါရင် ခွင့်လွှတ်ပါ။ ဒီရက်အတွင်း အမှားတွေလုပ်မိသလိုပဲ…။ ကွန်မန့်တွေမှာ အူကြောင်ကြောင်တွေ ရေးမိလို့ တရက် နှစ်ရက်လောက် ကွန်မန့်တောင် မရေးပဲ နေလိုက်ပါတယ်။ ပို့စ်လည်းမရေး၊ ကွန်မန့်လည်းမရေး၊ CBox မှာလည်း အကြောင်းမပြန်ဆိုတော့ မသီတာ အခြေအနေ မကောင်းတော့ဘူးဆိုပြီး စိတ်မအေးရတဲ့ သူများကို လွန်တာရှိရင် ၀န္ဒာမိပါလို့ တောင်းပန်လိုက်ပါတယ်။

“လူသားအားလုံးပျော်ရွှင်ကြပါစေ”
(S-Cမှ တောင်းဆုမေတ္တာဝေ)

လူရွှင်တော်တွေ အသုံးနဲ့ ပြောရရင်တော့ ပျော်စေ၊ ပျက်စေ၊ ကလက်စေ ပေါ့လေ…(လွမ်းတာတော့ တကယ်ပါ။) ရေးဖြစ်တဲ့စာက…
*****
ဝါ၀င်သွားပါပြီ…
ဝါထွက်လျှင် ဘ၀ စ,ပြီမို့ လိမ္မာချင်သည်မှာ ထွန့်ထွန့်လူးနေသည်။
ထမင်းစားလိုက်၊ ရေသောက်လိုက်၊ အိပ်ယာပေါ် လှဲလိုက်ဖြင့် ပြောင်ယောင်မလာမှန်း အတတ်သိပါသည်။
အာရုံများကို ကြိုးစားစုစည်းလေလေ၊ ဖွာလန်ကျဲ၍ ထွက်လေလေဖြစ်နေသည်။

လှိုင်လှိုင်ပေါကြွယ်နေသော အမုန်းတရားများအလယ်၌ ချိုသာသော အပြုံး၊ ယဉ်ကျေးသော စကားတို့ကို လေ့ကျင့် သင်ကြားပေးခဲ့သော အမိအဖတို့ကို ရန်လိုနေသည်။ ယဲ့ယဲ့သာကျန်တော့သော ကမ္မနိယာမတရားကို ယုံကြည်မှုမှ ရှိန်ရှိန်ညီးသော ငရဲမီးတို့ကိုလည်းကောင်း၊ လွင်ထီးခေါင်၌ ကောင်းကင်ကို ဖီလာတိုက်ကာ တွားသွားသော သတ္တ၀ါအဖြစ်ကိုလည်းကောင်း ဖန်တီးရှင်သည် မိမိကိုယ်တိုင်ပင်ဖြစ်ကြောင်း ပိုင်ပိုင် သိလိုက်ရပါ၏။

သို့သော် ကြုံလာသမျှသော အာရုံတွေက ရှေးထုံးမပယ် နိုင်မြဲတိုင်း နိုင်နေကြသောအခါ သူတို့ ကြိုးဆွဲရာ ဖတ်ဖတ်မောအောင် က,ရပါတော့သည်။ အာရုံတို့ကို မကြည့်ချင်၊ မမြင်ချင်၊ မကြုံချင် မဆုံချင်လောက်အောင်၊ မုန်းတီးလာသည်။ အမုန်းသံသရာမှ ရုန်းထွက်မရအောင် မွန်းကြပ်လှပါ၏။

ရွေ့လျားနေသည်များကို တုံ့ကနဲရပ်တန့်ရန်၊ ငြိမ်သက်နေသည်များကို သွားတော့လို့ တွန်းလွှတ်ရန် အားတို့လိုပါသည်။ ထိုအားတို့ကို တခါတရံမူလည်း နှလုံးသားကို ဆွဲလိမ်ညှစ်ခြင်းဖြင့် ဖြစ်စေရာ၏။ နာကျဉ်၏။ ခံခက်၏။ တခါတရံသော်လည်း လေအလာတွင် ရွက်လွှင့်ခြင်းမျိုးဖြင့် ဖြစ်စေနိုင်ပြန်၏။

လည်ချောင်းဝ၌ တစ်စို့လာသည်တို့ကို မြိုချရခြင်း၊ လှိုင်းလုံးများလို တလိမ့်လိမ့်လာနေသည့် ဒေါသတို့ကို မှီရာအရပ်က တားဆီးပြီး အခိုးအငွေ့အဖြစ် လွှင့်ထုတ်ရခြင်း၊ နားထဲသို့ တိုးဝင်လာနေသည်များကို မကြားချင်ယောင်ဆောင်ရခြင်း၊ …စသည်..စသည်တို့သည် အဘယ်သို့သော အားမျိုးတွေပါနည်း။ အားလုံးကို လူဖြစ်ရသည့် ဒုက္ခဆိုသည့် အိတ်ထဲ ထိုးကြိတ်ထည့်ရခြင်းဖြင့် ထိုအိတ်လည်း ချုပ်ရိုးတွေပင် ပြဲ၍ ကွဲထွက်ကုန်ပြီ…။ ဘ၀ဆိုတာ… ပို့စ်မှာ ရေးခဲ့သည့် တတ်နိုင်သမျှ နည်းအောင် ကြိုးစားမည်ဆိုသောအရာများသည် အညှိုးအတေး အလုံးအရင်းနှင့် အင်အားသုံးလာကြသည်။

(စိတ်ညစ်စရာတွေမို့ ပို့စ်အဖြစ် မတင်လိုပါ…တခါတလေ မသီတာ စာတွေမှာ ထွက်ပေါက်မရှိတာ သိပါတယ်။)

ဟောဒီမှာ…

EXIT

Tuesday, July 21, 2009

ဘ၀ ဆိုတာ ...

ဘ၀ ဆိုတာ အဆုံးအစ ရှိတဲ့ ခရီး တခုလို့ဆိုမယ်။

ခြေတချောင်းက အနာဂတ်ကို လှမ်း..မျှော်မှန်းရင်း၊
ခြေတချောင်းက အတိတ်အကြောင်းမှာ ငြိတွယ်နေတတ်တယ်။

အနိမ့် အမြင့်
အတက် အကျ
ယောက်ျား မိန်းမ
အချစ် အမုန်း
အငို အပြုံး
အကောင်း အဆိုး
ဆင်းရဲ ချမ်းသာ
…
ဆိုတဲ့
ဆန့်ကျင်ဘက်တွေရဲ့အားပြိုင် လွန်ဆွဲမှုတွေကြား ပစ္စုပ္ပန်ဟာ အမောတွေနဲ့ ပြည့်နေတယ်။

ဘယ်လိုလျှောက်မလဲ ဆိုတာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ…
ဒါကြောင့် ခြေလှမ်းတိုင်းမှာ
လိုချင်နေတတ်တဲ့ လောဘတွေ
ငါနဲ့ မတူ၊ ငါလိုမဟုတ် ပါလား ဆိုတဲ့ ကွာခြားချက်တွေကြောင့် ဖြစ်ရတဲ့ ဒေါသတွေ
ပိုင်ရှင်အမည်တပ်၊ တံဆိပ်ကပ်လိုက်မိတဲ့ မောဟတွေ
တတ်နိုင်သမျှ နည်းအောင် ကြိုးစားရင်း
သက်တောင့်သက်သာ ခရီးဆက်ပါရစေလား…။ ။

ကိုအောင်သာငယ် ရေးခိုင်းလို့ ရေးပါတယ်။

မယုဝရီရဲ့ ကော်မန့်မှာ အမှတ်တရ ဆက်စပ်သွားတဲ့
မသီတာ ရေးခဲ့တဲ့ ဘောင်
ကိုဧရာ ရေးတဲ့ ဤလူ့ ဘောင်

Monday, July 20, 2009

သူတို့ သုံးဦး ရှိလေသည်။


နေသူရိန်
သူက အစဉ်အလာကြီးသလို အရှိန် အ၀ါလည်း ကြီးတယ်။
သူရဲ့ ကျေးဇူးခံ ကျေးဇူးစား ကမ္ဘာကျော်တယောက် သူ့ကို မလွန်ဆန်နိုင်တာ မဆန်းပါဘူး။ ကမ္ဘာကျော် ဘယ်လောက် လည်လည်၊ နေသူရိန်ရဲ့ စက်ကွင်းထဲက ရုန်းမထွက်နိုင်တာ ဒီနေ့အထိ။
နေသူရိန်က စည်းကမ်းတော့ရှိတယ်။ အင်အားကြီးတယ် ဆိုပြီး နိုင်လိုမင်းထက် ပြုတတ်သူ တယောက်တော့ မဟုတ်ဘူး။ သူ့သိက္ခာကို ဘယ်တော့မှ အပွန်းအပဲ့ မခံဘူးဆိုတဲ့ လူစားမျိုးပေါ့။
ကမ္ဘာကျော်လား။ သူကလည်း စိတ်ဝင်စားစရာကောင်းတယ်။ သူနဲ့ ပတ်သက်မိသူတိုင်း သူ့ရဲ့ ညှို့ငင်အားတွေက ရုန်းထွက်နိုင်ဖို့ခက်တယ်။ အဲ့ဒီထဲမှာ သူ့ကို သံယောဇဉ်ကြီးလွန်းသူလေးကတော့ လမင်းခင်။
လမင်းခင်
ပြုံးလိုက်ရင် ပါးချိုင့်လေးပေါ်တဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတယောက်ပေါ့။ နူးညံတယ်။ သိမ်မွေ့တယ်။ သည်းခံနိုင်တယ်။ နောက်ပြီး သစ္စာလည်းရှိတယ်။ ကမ္ဘာကျာ်ကို အရိပ်လို စောင့်ကြည့်နေတတ်သူလေး။
အဟိမ်း… သုံးပွင့်ဆိုင် အချစ်ဇတ်လမ်း ရေးမလို့ မဟုတ်ပါဘူး။
လာမည့် July 22, 2009 ရက်နေ့
သူ့ဖာသူ လည်ရင်း နေကိုလည်း ပတ်နေရတဲ့ ကမ္ဘာ၊ ကမ္ဘာကို ပတ်ချာဝိုက်လို့ လိုက်နေရတဲ့ လ၊ နေ နဲ့ ကမ္ဘာ ကြား လ ရောက်ပြီး သူတို့ သုံးဦး တတန်းထဲကျလို့ နေကြတ်မှာမို့ပါ။
Location(Singapore) Start Time (08:40:52) End Time (09:43:56) Maximum Eclipse at (09:11:26)

http://en.wikipedia.org/wiki/Solar_eclipse_of_July_22,_2009
ဆက်စပ် ဖတ်စေချင်တဲ့ပို့စ် နမောတေ အစချီ ဂါထာ

Sunday, July 19, 2009

အာဇာနည် စိတ်ဓာတ်

အာဇာနည်ဟူသော စကားသည် “အာဇာနီယ = အမျိုးဇာတိကောင်းသော” ဟူသော အဓိပ္ပါယ်မှ ဆင်းသက်လာသည်။ ကြောင်းကျိုးဟုတ်မှန်စွာ ဝေဖန်၍ မကြောက်မရွံ့မတွန့်မဆုတ်သော ပုဂ္ဂိုလ်သတ္တဝါတို့အား အာဇာနည်ဟု သတ်မှတ်သည်။ အာဇာနည်ခြင်္သေ့, အာဇာနည်ဆင်, အာဇာနည်မြင်း, အာဇာနည်နွားလား, အာဇာနည် အမျိုးကောင်းသား, အာသဝေါကုန်ပြီးသော ရဟန္တာဟူ၍ အာဇာနည် ၆-မျိုးကို ဖော်ပြလေ့ရှိ၏။

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း အုပ်စိုး၏။ ထိုစဉ်က အလောင်းတော်သည် သိန္ဓောမြင်းမျိုး၌ ဖြစ်ခဲ့ဖူးသည်။ သိန္ဓောမြင်းဆိုသည်မှာ အိန္ဒိယပြည်မြောက်ပိုင်း သိန္ဓု (Indus) မြစ်ဝှမ်းလွင်ပြင်တွင် ပေါက်ဖွားသော သန်မာထွားကျိုင်းသည့် မြင်းမျိုးဖြစ်သည်။ အလောင်းတော် သိန္ဓောမြင်းသည် သန်မာထွားကျိုင်းယုံမက အသိဉာဏ်လည်း ရင့်သန်သည်။ မြင်းစီးသူရဲ၏ အလိုကိုသိတတ်သည်။ မိမိ၏ တာဝန်ကိုလည်း သိတတ်သည်။ ထိုသို့ သိတတ်သော (အာဇာနာန) သဘာ၀ ကြောင့်လည်း အာဇာနည်ဟု ခေါ်ရသည်။

တစ်ရက်သော် ခုနှစ်ပြည်ထောင်မင်းတို့သည် ဆင်တပ်, မြင်းတပ်, ခြေလျင်တပ် အလုံးအရင်း ခြံရံလျှက် ဗာရာဏသီအား ဝိုင်းဝန်း တိုက်ခိုက်လေသည်။ ဗြဟ္မဒတ်မင်းသည် မူးမတ်တို့အား တိုင်ပင်သောအခါ “ကိုယ်တိုင် ထွက်မတိုက်ပဲ မြင်းစီးသူရဲတို့ကို စေလွှတ်တိုက်ခိုက်သင့်ကြောင်း၊ အကယ်၍ အရေးမလှမှသာ ဘာဆက်လုပ်ရမည်ကို ဆုံးဖြတ်ရန်” အကြံပေးကြသည်။ မြင်းစီးသူရဲတို့အား ဆင့်ခေါ်၍ တိုက်နိုင်ပါမည်လောဟု မေးမြန်းရာ မြင်းစီးသူရဲကောင်းက “အကယ်၍ အရှင်၏ အာဇာနည် သိန္ဓောမြင်းကိုသာ ရမည်ဆိုပါက ခုနှစ်ပြည်ထောင်မင်းတို့ကို မဆိုထားလင့် ဇမ္ဗူဒိတ်ကျွန်းလုံးကိုပင် စစ်ထိုးဝံ့ကြောင်း” လျှောက်တင်သည်။ ဗြဟ္မဒတ်မင်းသည် အာဇာနည်မြင်းနှင့်တကွ အခြားသော မြင်းတို့ကိုပါ ယူရန် ပေး၏။ သူရဲကောင်းသည် သိန္ဓောမြင်းအား ချပ်ဝတ်တန်ဆာတို့ကို ဆင်ယင်၍ စစ်ထွက်သည်။

စစ်မြေပြင်တွင် အာဇာနည်သိန္ဓောမြင်းသည် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်၍ ခုနှစ်ပြည်ထောင်မင်းတို့အား တစ်ပါးချင်းစီ အရှင်လက်ရဖမ်းဆီးကာ ဗြဟ္မဒတ်မင်းထံ အပ်နှံ၏။ သို့သော် ဆဋ္ဌမမြောက်မင်းအား တိုက်ခိုက်ဖမ်းဆီးသောအခါတွင် အာဇာနည် သိန္ဓောမြင်းသည် ဒဏ်ရာ ပြင်းထန်စွာ ရလေသည်။ ထိုအခါတွင် မြင်းစီးသူရဲသည် အာဇာနည် သိန္ဓောမြင်းအား နားစေ၍ ချပ်ဝတ်တန်ဆာတို့ကို ချွတ်ကာ အခြားမြင်းသို့ ပြောင်း၍ ဝတ်ပေး၏။

ယဒါ ယဒါ ယတ္ထ ယဒါ၊ ယတ္ထ ယတ္ထ ယဒါ ယဒါ။
အာဇညော ကုရုတေ ဝေဂံ၊ ဟာယန္တိ တတ္ထ ဝါဠဝါတိ။
No matter when or where, in weal or woe,
The thorough-bred fights on; the hack gives in.

ဤသည်ကိုမြင်သောအခါ “အခြားသော သာမာန်မြင်းတို့သည် အလွယ်နှင့် လက်လျော့အရှုံးပေးရာ၏။ အာဇာနည်တို့သည်သာ မည်သို့သောအချိန်, မည်သို့သောနေရာ၌မဆို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သည်။ မိမိပြုထားသော အမှုကိစ္စအား ဆုံးခမ်းတိုင် ဆောင်ရွက်ပါရစေ” ဟု မြင်းစီးသူရဲအား ခွင့်ပန်သည်။ မြင်းစီးသူရဲသည် အာဇာနည်မြင်းအား ဒဏ်ရာတို့ကို စည်းကျပ်, ချပ်ဝတ်တန်ဆာတို့ကို ပြန်ဆင်၍ စစ်မြေပြင်ထွက်ကာ ခုနှစ်ယောက်မြောက်မင်းကို ဖမ်းဆီးနိုင်ခဲ့သည်။

အောင်ပွဲကို လာရောက် ဆီးကြိုသော ဗြဟ္မဒတ်မင်းအား “မင်းကြီး… ဤမင်းခုနှစ်ပါးအား မသတ်ပဲ၊ သစ္စာကတိပြုစေ၍ ပြန်လွှတ်ပါလော့။ အကျွနု်ပ်တို့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ရသည်အတွက် မြင်းစီးသူရဲအား ချီးမြောက်ပါလော့။ မင်းကြီး… ဒါနပြုပါလော့, သီလ ဆောက်တည်ပါလော့, မင်းကျင့်တရားနှင့် ညီစွာ အုပ်ချုပ်ပါလော့” ဟု အာဇာနည်မြင်းက မှာကြားသည်။ ချပ်ဝတ်တန်ဆာတို့ကို ချွတ်ပေးအပြီးတွင် ပြင်းစွာသော ဒဏ်ရာတို့ကြောင့် အာဇာနည်သိန္ဓောမြင်း အသက် ထွက်လေသည်။ အာဇာနည်မြင်းအား ကောင်းမွန်ရိုသေစွာ သင်္ဂြိုဟ်၍ ဂုဏ်ပြုခဲ့ကြသည်။

အာဇာနည်သည် တာဝန်သိသူ ဖြစ်သည်။ အာဇာနည်သည် အသက်ပင်သေသေ မကြောက်မရွံ မတွန့်မဆုတ်သူ ဖြစ်သည်။ အာဇာနည်သည် ချီးကျုး ဂုဏ်ပြုထိုက်သူ ဖြစ်သည်။

(၁၉-ဇူလိုင်- ၆၂-နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ…)

ဧရာ (မန္တလေး)

စာညွှန်း။
၁။ ဇာတက-၂၃၊ ဧကကနိပါတ်-ဘောဇာဇာနီယဇာတ် အဋ္ဌကထာ
၂။ ဇာတက-၂၄၊ ဧကကနိပါတ်-အာဇညဇာတ် အဋ္ဌကထာ
၃။ အင်္ဂုတ္တရနိကာယ်-ဒုကနိပါတ်-ပုဂ္ဂလဝဂ်
၄။ The Jataka or the Stories of Buddha’s Former Births, Vol I – translated by Robert Chalmers.

Friday, July 17, 2009

ထာဝရရင်ခွင်

စိမ်းလဲ့လဲ့ မြကန်သာရင်ခွင်မှ
နိုးထ
မိုးကောင်းကင် ရင်ခွင်ကျယ်ကို
အဆုံးကျ
မှန်းဆချင်မိတယ်…။

ရှောင်မရတဲ့
ခရောင်းတော ရင်ခွင်ကိုလည်း
ဖြတ်ကျော်ရတယ်။

အမှောင်ကျတဲ့
ကန္တာရ ရင်ခွင်မှာလည်း
လမ်းပျောက်ဖူးတယ်။

သမုဒ္ဒရာရင်ခွင်မှာ ရွက်လွှင့်ရင်း
လောကဓံ လှိုင်းထက်
စည်းချက်မဲ့လည်း ကခဲ့တယ်။

ကျောက်ဆောင်ရင်ခွင်ကို
အပြုံးနဲ့ ပစ်ပေါက်
ထွင်းဖောက်ရတာလည်း ရှိတယ်။

အလှည့်ဆိုတဲ့ဇာတ်ကား
ရင်ခွင်ပိတ်ကားမှာ
မကြာခဏ ကြည့်ရတော့
ပုံပြင်တွေလည်း ရိုးကုန်တယ်။

မှတ်မှတ်ရရ…
နွေးထွေးတဲ့ နှင်းဆီရင်ခွင်ကို သိုင်းဖက်
နူးညံ့တဲ့ ကဗျာရင်ခွင်ပေါ် မှေးစက်
ထာဝရရင်ခွင်ကို
အိပ်မက် ဦးမယ်။ ။

(ပုံကို Insight Guides - India စာအုပ်မှ ယူပါသည်။)

Thursday, July 16, 2009

ကလေးများအတွက် မြန်မာစာ

မရည်ရွယ်ဘဲ စော်ကဲမင်းဖြစ်သလို၊ မပြင်ဆင်ဘဲနှင့် ကျမ ကကြီး၊ ခကွေး ဆရာမတစ်ယောက်ဖြစ်ခဲ့ရပါသည်။
ပထမ နှစ်နှစ်သည် ဆရာဖြစ်သင်တန်းတက်နေရသော အချိန်များဟု သတ်မှတ်ရပေမည်။ သင်ပုန်းကြီးသင်ဖို့ ဒီလောက်အချိန်ယူရလား ဟု အပြစ်ဆိုလျှင်လည်း ခံရပေတော့မည်။ အစမ်းသပ်ခံ တပည့်များနှင့် သူတို့ မိဘများ၏ စိတ်ရှည်၊ သည်းခံ ဇွဲသန်မှုကို ဘယ်နေရာတွင် ဘယ်လိုမှတ်တမ်းတင်ရမလဲ ကျမ မသိသေးပါ။

သင်တန်းကာလတွင် မိမိဘက်မှ မြန်မာစာပေ၏ စည်းကမ်းရှိမှုနှင့်၊ အဆင့်အတန်းရှိမှုကို ကိုယ်ပိုင် ဉာဏ်ဖြင့် မမိတမှီ ထောက်ဆမိလာသော်လည်း ကလေးများဘက်မှ တတ်မြောက် နားလည်မှုအပိုင်းမှာမူ စိတ်ပျက်ဝမ်းနည်းဖွယ် ကောင်းလောက်အောင် နှေးကွေးနေသဖြင့် ကျမကို ကျမ ဆရာအဖြစ်မှ ရပ်ဆိုင်းဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့ပါသည်။ အတွေ့အကြုံရှိသော ဆရာမအစစ်များထံ အခက်အခဲကို တင်ပြ၍ အားနည်းချက်များကို ရှာဖွေပြုပြင်ခဲ့ရပါသည်။

ပထမဦးဆုံးအနေနှင့် ကျမ၏ သင်နှုန်းကို လျော့ချရန် ဖြစ်ပါသည်။ ကျမသင်နေပုံက သူငယ်တန်း ကလေးတွေကို (၅)ရက်အပြတ် Short Course တစ်ခုကဲ့သို့ သင်သည်။ တစ်ပတ်တွင် တစ်ရက်သာ တက်ရသော သင်တန်းတွင် ထိုတစ်ရက်၌ သင်ခန်းစာ တစ်ခုပြီးအောင်သင်သည်။ နောက်တပတ်လာခဲ့ နောက်သင်ခန်းစာ တစ်ခု။ တတ်စေချင်သည့်ဇော ကြီးလွန်းသွားခဲ့ပါသည်။

ဒုတိယအနေနှင့် ကလေးများကို စာလုံးပေါင်းသတ်ပုံ ကျက်ခိုင်းခြင်း၊ အမှားအမှန်ရွေးခြင်း၊ ကွက်လပ်ဖြည့်ခြင်း စသည့် လေ့ကျင့်ခန်းများ လုပ်ခိုင်းစေခြင်းဖြစ်ပါသည်။

တတိယအချက်မှာ အခက်ခဲဆုံးဟု ဆိုရမည်ပင်ဖြစ်ပါသည်။ ကလေးများသည် သူတို့သင်ယူနေသော ဝေါဟာရများနှင့် ရင်းနှီး မနေခြင်းဖြစ်ပါသည်။ ထိုဝေါဟာရများကို သူတို့လက်တွေ့ဘဝထဲရောက်အောင် ရှင်းပြရခြင်းဖြစ်ပါသည်။
သင်ခန်းစာ(၁) အ အာ အား မှပင် စပါပြီ။ ပ ရေ ပ၊ ၀ ရေး ချ ဝါ။ ပဝါ။ ဆရာမ ပဝါဆိုတာ ဘာလဲဟင်။ သြော် ပဝါဆိုတာ အဝတ်စ။ လက်သုတ်တော့ လက်သုတ်ပဝါ၊ ခြေသုတ်တော့ ခြေသုတ်ပဝါ၊ မျက်နှာသုတ်တော့ မျက်နှာသုတ်ပဝါ။ ဟောဒီမှာကြည့် ဆရာမက ပဝါလေးကို ပုခုံးပေါ်ဒီလိုတင်ပြီး ဘုရားရှိခိုးတယ်။ (ကျမက အိတ်ထဲတွင် အမြဲထည့်ထားသော ပဝါကို ထုတ်၍ ဘုရားရှိခိုးပြသည်။) ဆက်တိုက်လာပါပြီ... ဖလား ဆိုတာ ခွက်၊ နဂါးဆိုတာ dragon။ ကိုယ်ကတော့ ပါးစပ်ထဲတွေ့တာတွေလျှောက်ပြော သူတို့ လေးတွေမှာတော့ ဖလား ဆိုတာ ခွက်၊ နဂါးဆိုတာ dragon သံယောင်လိုက်၍ meaning ကျက်နေကြသည်။
သင်ခန်းစာ (၂) အိ အီ အီး မှာဆိုလျှင် လာပါပြီ
အရီးလာသည်။
ဆီးသီး ပါသလား။
အရီးဆိုတာ Aunty လို့ အလွယ်တကူ ရှင်းလိုက်နိုင်ပေမဲ့… အဲ့ ဆီးသီး… ကလေးများထဲတွင် ဆီးသီးထုတ် စားဖူးသူပါက ကျမဝမ်းသာရပါသည်။
သင်ခန်းစာ(၃) အု အူ အူး။ အက္ခရာ ‘ဥ’ ဝင်လာသည်။ သိပ်တော့ အခက်အခဲ မရှိလှ။
…
စတုတ္ထအချက်မှာ မြန်မာစာသည် သူတို့အတွက် အသုံးနည်း၍ မေ့လွယ်ခြင်းဖြစ်သည်။ သင်ပြီးသမျှကို မမေ့စေရန် ကြက်တူရွေးနှုတ်တတ်သင်နည်းမျိုး မဟုတ်ဘဲ၊ ဆက်စပ်၍ နားလည်ခြင်းမျိုးဖြစ်စေရန် ဖတ်စာ တစ်ပုဒ်ကို မဖတ်မီ ဘေးမှသရုပ်ဖေါ်ပုံကို အသေအချာကြည့်စေပြီး ဆရာနှင့် တပည့် အမေးအဖြေများ လုပ်ကြသည်။ တစ်ခါတစ်ရံ ဆန္ဒ စောသော ကျမက ပုံကိုကြည့်၊ ပြီးတော့မှ စာကိုဖတ်။ အခုတော့ သူများရေးထားတာတွေကို ဖတ်တတ်အောင် ဖတ်။ နောက်ဆိုရင်တော့ ပုံတေ့ွယင် ကိုယ့်ဖာသာ စာရေးတတ်ရမယ်ဟု ပြောတတ်ပါသေးသဖြင့် “ဟင်, ဆရာမ ခက်တယ်”ဟု ငြီးသူကငြီး၊ မျက်လုံးလေး ကလယ် ကလယ်နှင့် ကြည့်သူကကြည့်ကြပါသည်။

*****
၂၀၀၅ခုနှစ် သြဂုတ်လမှစတင်၍ http://smcmeditation.org/ 
တွင် ဖွင့်လှစ်ခဲ့သော ကလေးများအတွက် မြန်မာစာ အရေးအဖတ် သင်တန်း၌ လုပ်အားပေးရင်း တွေ့ကြုံခဲ့သည်များဖြစ်ပါသည်။
(အတ္တဟိတ) သားကြီး မြန်မာစာ တတ်ဖို့အရေး ရှေ့တန်းတင်ခဲ့ပြီး (ပရဟိတ) နောက်ကလိုက်တာပါ။ ကလေးတွေကို စာသင်တဲ့ အတွေ့အကြုံ မရှိပါဘူး။ ဝေယျာဝစ္စ လုပ်ပေးရင်းကနေ ဆရာမလိုတော့ ဝင်သင်ရတာပါ။
သင်တန်းမှာ ကလေးတွေက အရွယ်စုံ၊ မြန်မာစာ မြန်မာစကား တတ်မြောက်မှုအဆင့်စုံ၊ သင်တန်းကိုလည်း ရက်မှန်မှန် မလာနိုင်ခြင်းတို့ကြောင့် တနေ့တနေ့ သင်တန်း စမှ ကျောင်းရောက်လာတဲ့ ကလေးတွေကို အဆင့်တူရာ အုပ်စုခွဲပြီး သင်ကြားပေးနေရပါသည်။ ယခု အခြေအနေအရ ဆရာ တဦးလျှင် အုပ်စု နှစ်စု၊ သုံးစု ကို တပြိုင်နက်တည်း သင်နေကြရပါသည်။ လုပ်အားအလှူ ပေးလိုသူများနှင့် သင်တန်းနှင့် ပတ်သက်သော အကြံဉာဏ်ပေးလိုသူများကို ဤနေရာမှ ဝမ်းမြောက်စွာ ဖိတ်ခေါ်လိုက်ပါသည်။

(ရိပ်သာနေရာဟောင်း၌ ရိုက်ကူးထားသောပုံ ဖြစ်ပါသည်။)

သင်တန်းနေရာ - သတိပဌာန်ရိပ်သာ
Satipatthana Meditation Center (SMC)
40 Jalan Malu-Malu, Sembawang Springs Estate Singapore 769657,
Behind Sembawang Shopping Center (SSC)
Tel: (65) 67589488

သင်တန်းအချိန် - Every Sunday (2-5pm)

Friday, July 10, 2009

အနတ္တလက္ခဏသုတ်

ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ– “ဘဂဝေါ”တိ။ “ဘဒန္တေ”တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ–

အခါတစ်ပါးတွင် မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန ခေါ် မိဂဒါဝုန်တော၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါတွင် ဘုရားရှင်သည် ပဉ္စဝဂ္ဂီရဟန်းတို့အား “ရဟန်းတို့”ဟု မိန့်တော်မူသည်။ ရဟန်းတို့ကလည်း “အရှင်ဘုရား”ဟု ပြန်လည် လျှောက်ထားကြသည်။ မြတ်စွာဘုရားက ဤသို့ မိန့်ကြားတော်မူသည် … ။

ရူပံ, ဘိက္ခဝေ, အနတ္တာ။ ရူပဉ္စ ဟိဒံ, ဘိက္ခဝေ, အတ္တာ အဘဝိဿ, နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ, လဗ္ဘေထ စ ရူပေ– “ဧဝံ မေ ရူပံ ဟောတု, ဧဝံ မေ ရူပံ မာ အဟောသီ”တိ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, ရူပံ အနတ္တာ, တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ, န စ လဗ္ဘတိ ရူပေ– “ဧဝံ မေ ရူပံ ဟောတု, ဧဝံ မေ ရူပံ မာ အဟောသီ”တိ။

ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်။ ရုပ်သည် အတ္တဖြစ်ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်း မဖြစ်စေရာ၊ ရုပ်၌ “ငါ၏ ရုပ်သည် ဤသို့ဖြစ်စေ, ဤသို့ မဖြစ်စေရာ”ဟု ဖြစ်ရာ၏။ ရုပ်သည် အတ္တမဟုတ်၍သာ နာကျင်ခြင်းဖြစ်သည်။ ရုပ်၌ “ငါ၏ ရုပ်သည် ဤသို့ဖြစ်စေ, ဤသို့ မဖြစ်စေရာ”ဟု မရ။

ဝေဒနာ အနတ္တာ။ ဝေဒနာ စ ဟိဒံ, ဘိက္ခဝေ, အတ္တာ အဘဝိဿ, နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ, လဗ္ဘေထ စ ဝေဒနာယ– “ဧဝံ မေ ဝေဒနာ ဟောတု, ဧဝံ မေ ဝေဒနာ မာ အဟောသီ”တိ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, ဝေဒနာ အနတ္တာ, တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ, န စ လဗ္ဘတိ ဝေဒနာယ– “ဧဝံ မေ ဝေဒနာ ဟောတု, ဧဝံ မေ ဝေဒနာ မာ အဟောသီ”တိ။

ခံစားမှု ဝေဒနာသည် အတ္တမဟုတ်။ …

သညာ အနတ္တာ။ သညာ စ ဟိဒံ, ဘိက္ခဝေ, အတ္တာ အဘဝိဿ, နယိဒံ သညာ အာဗာဓာယ သံဝတ္တေယျ, လဗ္ဘေထ စ သညာယ– “ဧဝံ မေ သညာ ဟောတု, ဧဝံ မေ သညာ မာ အဟောသီ”တိ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, သညာ အနတ္တာ, တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ, န စ လဗ္ဘတိ သညာယ– “ဧဝံ မေ သညာ ဟောတု, ဧဝံ မေ သညာ မာ အဟောသီ”တိ။

မှတ်သားမှု သညာသည် အတ္တမဟုတ်။ …

သင်္ခါရာ အနတ္တာ။ သင်္ခါရာ စ ဟိဒံ, ဘိက္ခဝေ, အတ္တာ အဘဝိဿ, နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ, လဗ္ဘေထ စ သင်္ခါရေသု– “ဧဝံ မေ သင်္ခါရာ ဟောန္တု, ဧဝံ မေ သင်္ခါရာ မာ အဟေသု”န္တိ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, သင်္ခါရာ အနတ္တာ, တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ, န စ လဗ္ဘတိ သင်္ခါရေသု– “ဧဝံ မေ သင်္ခါရာ ဟောန္တု, ဧဝံ မေ သင်္ခါရာ မာ အဟေသု”န္တိ။

ပြုပြင်မှု သင်္ခါရတရားတို့သည် အတ္တမဟုတ်။ …

ဝိညာဏံ အနတ္တာ။ ဝိညာဏဉ္စ ဟိဒံ, ဘိက္ခဝေ, အတ္တာ အဘဝိဿ, နယိဒံ ဝိညာဏံ အာဗာဓာယ သံဝတ္တေယျ, လဗ္ဘေထ စ ဝိညာဏေ– “ဧဝံ မေ ဝိညာဏံ ဟောတု, ဧဝံ မေ ဝိညာဏံ မာ အဟောသီ”တိ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, ဝိညာဏံ အနတ္တာ, တသ္မာ ဝိညာဏံ အာဗာဓာယ သံဝတ္တတိ, န စ လဗ္ဘတိ ဝိညာဏေ– “ဧဝံ မေ ဝိညာဏံ ဟောတု, ဧဝံ မေ ဝိညာဏံ မာ အဟောသီ”တိ။

သိမှု ဝိညာဏ်သည် အတ္တမဟုတ်။ …

တံ ကိံ မညထ, ဘိက္ခဝေ, ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ? အနိစ္စံ, ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါတိ? ဒုက္ခံ, ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ– “ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ”တိ? နော ဟေတံ, ဘန္တေ။

ရဟန်းတို့… ထိုအရာကို အဘယ်သို့ ထင်မှတ်ကြကုန်သနည်း။
ရုပ်သည် မြဲသလော, မမြဲသလော။ မမြဲပါ အရှင် ဘုရား။
ယင်း မမြဲသောတရားသည် ဆင်းရဲသလော ချမ်းသာသလော။ ဆင်းရဲပါ အရှင်ဘုရား။
ယင်း မမြဲသော ဆင်းရဲသော ဖောက်ပြန်သောတရားအား “ဤသည် ငါ့ဟာဖြစ်၏။ ဤသည် ငါဖြစ်၏။ ဤသည် ငါ့အတ္တဖြစ်၏”ဟု ရှုမြင်ခြင်းငှာ သင့်လျှော်ပါမည်လော။ မသင့်လျှော်ပါ အရှင်ဘုရား။

ဝေဒနာ နိစ္စံ ဝါ အနိစ္စံ ဝါတိ? အနိစ္စံ, ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါတိ? ဒုက္ခံ, ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ– “ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ”တိ? နော ဟေတံ, ဘန္တေ။

ဝေဒနာသည် မြဲသလော, မမြဲသလော။ …

သညာ နိစ္စံ ဝါ အနိစ္စံ ဝါတိ? အနိစ္စံ, ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါတိ? ဒုက္ခံ, ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ– “ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ”တိ? နော ဟေတံ, ဘန္တေ။

သညာသည် မြဲသလော, မမြဲသလော။ …

သင်္ခါရာ နိစ္စံ ဝါ အနိစ္စံ ဝါတိ? အနိစ္စံ, ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါတိ? ဒုက္ခံ, ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ– “ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ”တိ? နော ဟေတံ, ဘန္တေ။

သင်္ခါရတရားတို့သည် မြဲသလော, မမြဲသလော။ …

ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ? အနိစ္စံ, ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါတိ?
ဒုက္ခံ, ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ–
“ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ”တိ? နော ဟေတံ, ဘန္တေ။

ဝိညာဏ်သည် မြဲသလော, မမြဲသလော။ …

တသ္မာတိဟ, ဘိက္ခဝေ, ယံ ကိဉ္စိ ရူပံ အတီတာနာဂတာပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုတိ ဧ၀ မေတံမံ ဝါ ဟီနံ ဝါ ပဏီတံဝါ ယံ ဒူရေ သန္တိကေ ဝါ, သဗ္ဗံ ရူပံ– “နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ”တိ ဧ၀ မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

ရဟန်းတို့… ထိုသို့ဖြစ်၍ “အတိတ် အနာဂတ် ပစ္စုပ္ပာန်, အတွင်း အပြင်, အကြမ်း အနု, အယုတ် အမြတ်, အဝေး အနီး” အလုံးစုံသော ရုပ်အား “ဤသည် ငါ့ဟာမဟုတ်, ဤသည် ငါမဟုတ်, ဤသည် ငါ့အတ္တမဟုတ်”ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှုရမည်။

ယာ ကာစိ ဝေဒနာ အတီတာနာဂတာပစ္စုပ္ပန္နာ အဇ္ဈတ္တာ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ, သဗ္ဗာ ဝေဒနာ– “နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ”တိ ဧ၀ မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

… အလုံးစုံသော ဝေဒနာအား …  

ယာ ကာစိ သညာ အတီတာနာဂတာပစ္စုပ္ပန္နာ အဇ္ဈတ္တာ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာဝါ ယာ ဒူရေ သန္တိကေ ဝါ, သဗ္ဗာ သညာ– “နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ”တိ ဧ၀ မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

… အလုံးစုံသော သညာအား …

ယာ ကေစိ သင်္ခါရာ အတီတာနာဂတာပစ္စုပ္ပန္နာ အဇ္ဈတ္တာ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယေ ဒူရေ သန္တိကေ ဝါ, သဗ္ဗေ သင်္ခါရာ– “နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ”တိ ဧ၀ မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

… အလုံးစုံသော သင်္ခါရာတရားတို့အား …

ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတာပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံဝါ ယံ ဒူရေ သန္တိကေ ဝါ, သဗ္ဗံ ဝိညာဏံ– “နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ”တိ ဧ၀ မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

… အလုံးစုံသော ဝိညာဏ်အား …

ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ဝေဒနာယပိ နိဗ္ဗိန္ဒတိ, သညာယပိ နိဗ္ဗိန္ဒတိ, သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ, ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ “ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္ထာယာတိ”  ပဇာနာတီတိ။

ရဟန်းတို့… ဤသို့ရှုမြင်သော အကြားအမြင်ရှိသော အရိယာသာဝကသည် ရုပ်၌လည်း ငြီးငွေ့၏။ ဝေဒနာ၌လည်း ငြီးငွေ့၏။ သညာ၌လည်း ငြီးငွေ့၏။ သင်္ခါရတရားတို့၌လည်း ငြီးငွေ့၏။ ဝိညာဏ်၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် စွဲလမ်းမှုကင်း၏။ စွဲလမ်းမှုကင်းသော် လွတ်မြောက်၏။ လွတ်မြောက်သော် လွတ်မြောက်ပြီဟု သိသောဉာဏ် ဖြစ်၏။ “ဇာတိကုန်ပြီ။ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ။ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ, အခြားပြုဖွယ် မရှိတော့ပြီ” ဟု သိ၏။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုံတိ။

မြတ်စွာဘုရားသည် ဤစကားအား မိန့်သောအခါ၊ ပဉ္စဝဂ္ဂီငါးပါးတို့သည် မြတ်စွာဘုရားဟောသော တရားတော်အား နှစ်သက် ဝမ်းမြောက်ကြကုန်၏။

ဣမသ်မိဉ်စ ပန ဝယြောကရဏသ်မိံ ဘညမာနေ ပဉ်စဝဂ်ဂိယာနံ ဘိက်ခူနံ အနုပါဒါယ အာသဝဟေိ စိတ်တာနိ ဝိမုစ်စိံသူတိ။

ဤသို့ (ဂါထာမဖက်) စကားပြေ သက်သက်ဖြင့် ဟောကြားအပ်သောအခါ၊ ပဉ္စဝဂ္ဂီငါးပါးတို့၏ စိတ်တို့သည် စွဲလမ်းခြင်းကင်း၍ အာသဝေါတရားတို့မှ လွတ်မြောက်ကြကုန်၏။

[သံ-၃-၅၄၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်-ခန္ဓသံယုတ်-အနတ္တလက္ခဏာသုတ်]

ဓမ္မစကြာမှသည် အနတ္တလက္ခဏာသို့

မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခု ဝါဆိုလပြည့် နေဝင်စအချိန်တွင် ဗာရာဏသီပြည် ဣသိပတန ခေါ် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီရဟန်းတို့အား ဓမ္မစက္ကပဝတ္တနသုတ်ကို ဟောကြားတော်မူခဲ့သည်။ ဒေသနာအဆုံးတွင် အရှင်ကောဏ္ဍညမထေရ်သည် သောတာပန်တည်သည်။ ထို့နောက် သစ္စာလေးပါး ဓမ္မစကြာတရားကိုပင် အကျယ်သဖြင့် ဆက်လက် ဟောကြားတော်မူရာ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့၌ အရှင်ဝပ္ပ၊ ၂-ရက်နေ့၌ အရှင်ဘဒ္ဒိယတို့ သောတာပန်တည်ကြသည်။ ဘုရားရှင်သည် ရဟန်းသုံးပါးတို့ကို ဆွမ်းခံစေကာ ရသောဆွမ်းဖြင့် ၆-ပါးတို့ မျှတစေပြီး ကျန်ရဟန်းတို့အား ဆက်လက်၍ မနေမနား ဟောကြားခဲ့သည်။ ဝါဆိုလပြည့်ကျော် ၃-ရက်နေ့၌ အရှင်မဟာနာမ, ၄-ရက်နေ့၌ အရှင်အဿဇိတို့လည်း သောတာပန်တည်ကာ ဧဟိဘိက္ခူရဟန်းများ ဖြစ်ကြလေသည်။ လပြည့်ကျော် ၅-ရက်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား စုဝေးစေကာ အနတ္တလက္ခဏသုတ် ဒေသနာ ဟောကြားတော်မူ၏။ ပဉ္စဝဂ္ဂီငါးဦးတို့လည်း အာသဝေါကုန်ခမ်း ရဟန္တာဖြစ်ကြသည်။


ဓမ္မစကြာဒေသနာတွင် -
(၁) ဥပါဒါန်ဖြင့် စွဲလမ်းထားသော ခန္ဓာငါးပါး (ပဉ္စုပါဒါနက္ခန္ဓာ) သည် ဆင်းရဲခြင်း အမှန်တရား (ဒုက္ခသစ္စာ)
(၂) နှစ်သက်တပ်မက်ခြင်း တဏှာသည် ဒုက္ခဖြစ်ကြောင်း အမှန်တရား (သမုဒယသစ္စာ)
(၃) တဏှာအကြွင်းမဲ့ ချုပ်ငြိမ်းခြင်းသည် ဒုက္ခချုပ်ခြင်း အမှန်တရား (နိရောဓသစ္စာ)
(၄) အစွန်းတရားနှစ်ပါးတို့၏ အလယ်လမ်းစဉ်ဖြစ်သော မဂ္ဂင်၈-ပါးအကျင့်သည် ဒုက္ခချုပ်ငြိမ်းခြင်းသို့ ရောက်စေသောအကျင့်လမ်း အမှန်တရား (မဂ္ဂသစ္စာ) ဟူသော သစ္စာလေးပါးတရားတို့အား ဟောကြားခဲ့သည်။


ဓမ္မစကြာဒေသနာအဆုံးတွင် အရှင်ကောဏ္ဍညမထေရ်သည် …
… ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ “ယံ ကိဉ္စိ သမုဒယဓမ္မံ, သဗ္ဗံ တံ နိရောဓ ဓမ္မ” န္တိ။
“ဖြစ်ခြင်းသဘောရှိသော တရားအားလုံးတို့သည် ချုပ်ခြင်းသဘောရှိကုန်၏” ဟု ကိလေသာမြူ အညစ်ကြေးကင်းစင်သည့် တရားမျက်စိသည် ဖြစ်ပေါ်၏။ ဤစာသားသည် နိကာယ်ငါးရပ်တို့တွင် မကြာခဏတွေ့ရသော စာသားဖြစ်၍ အရိယာဟူသော အလျဉ်သို့ရောက်သော သောတာပတ္တိဉာဏ် အမြင်ရခြင်းကို ဖော်ညွှန်းသည်။ ဤအမြင်အရ တရားအားလုံးတို့သည် အကြောင်းတရားပေါ်တွင် မှီ၍ဖြစ်နေခြင်းကို ထိုးထွင်းသိမြင်ခြင်းဖြစ်သည်။ အကြောင်းတရားတို့ ချုပ်ငြိမ်းက အကျိုးတရားတို့လည်း ချုပ်ငြိမ်းကြရသည်ဟု ထိုးထွင်းသိမြင်သည်။ ဤ ဓမ္မစက္ခုအမြင်သည် မှားယွင်းသော မိစ္ဆာဒိဋ္ဌိအမြင်များအား အကြွင်းမဲ့ ပယ်သတ်လိုက်၍၊ သောတာပတ္တိမဂ်ဉာဏ်အား အမြင်နှင့်ပြည့်စုံသောဉာဏ် (ဒဿနသမ္ပဒါ) ဟုလည်း ခေါ်သည်။ သောတာပတ္တိမဂ်သည် သစ္စာလေးပါးကို ထိုးထွင်း သိမြင်သော်လည်း၊ သမုဒယသစ္စာဖြစ်သော တဏှာကို အကြွင်းမဲ့ မပယ်သတ်နိုင်သေး။ ထို့ကြောင့် ဗုဒ္ဓသည် တဏှာပယ်သတ်နိုင်ရန် အနတ္တလက္ခဏသုတ်ကို ဆက်လက် ဟောကြားတော်မူခဲ့သည်။


ဓမ္မစကြာတွင် ပဉ္စုပါဒါနက္ခန္ဓာ (ဥပါဒါန်ဖြင့် စွဲလမ်းထားသော ခန္ဓာငါးပါး) ဟု ဒုက္ခကို အကျဉ်းချုပ်ဟောကြားခဲ့၍၊ အနတ္တလက္ခဏသုတ်တွင် ယင်းခန္ဓာငါးပါး၏ လက္ခဏာသုံးပါး “အနိစ္စ, ဒုက္ခ, အနတ္တ” ကိုဟောကြားခဲ့သည်။ ဤတွင် အနတ္တလက္ခဏာကို အလေးထားဟောကြားခဲ့၏။


အနတ္တလက္ခဏာသုတ် စာကိုယ်အား အောက်ပါအတိုင်း အကျဉ်းချုပ် မှတ်သားနိုင်သည်။
(၁) ခန္ဓာငါးပါးသည် အစိုးမရ၍ အတ္တမဟုတ်။
(၂) ခန္ဓာငါးပါးသည် မမြဲ, ဆင်းရဲ, ဖောက်ပြန်တတ်၍ ဤခန္ဓာငါးပါးအား “ငါ့ဟာ, ငါ, ငါ့အတ္တ” (ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ)ဟု မသုံးသပ်သင့်။
(၃) ထို့ကြောင့် အလုံးစုံသော ခန္ဓာငါးပါးတို့အား “ငါ့ဟာ မဟုတ်, ငါ မဟုတ်, ငါ၏ အတ္တ မဟုတ်” (နေတံ မမ, နေသောဟမသ္မိ, နေသော မေ အတ္တာ)ဟု ဟုတ်တိုင်းမှန်စွာ ရှုမြင်ရမည်။
(၄) ဤသို့ ဟုတ်တိုင်းမှန်စွာ ရှုမြင်ပါက ခန္ဓာငါးပါးအား ငြီးငွေ့၏။ ငြီးငွေ့က စွဲလမ်းမှုကင်း၏။ စွဲလမ်းမှုကင်းက လွတ်မြောက်၏။ မိုးကုတ်ဆရာတော်ဘုရားကြီးက ဤအချက်အား ဖြစ်ပျက်မြင် (ယထာဘူတဉာဏ်), ဖြစ်ပျက်မုန်း (နိဗ္ဗိန္ဒဉာဏ်), ဖြစ်ပျက်ဆုံး (မဂ်ဉာဏ်) ဟု နားလည်လွယ်အောင် ဟောကြားတော်မူခဲ့သည်။


အနတ္တလက္ခဏသုတ်တွင် “ငါ့ဟာ, ငါ, ငါ့အတ္တ” (မမ, အဟမသ္မိ, အတ္တ) ဟူသော စကားရပ်အား အလေးထား ဟောကြားထားသည်ကို တွေ့ရမည်။ “ငါ့ဟာ” (မမ = mine) ဟူသည် တပ်မက်မှု တဏှာ ဖြင့် သုံးသပ်ခြင်း ဖြစ်သည်။ “ငါ - ငါ ဖြစ်သည် (သို့) ငါ ရှိသည်” (အဟမသ္မိ - အဟံ + အသ္မိ = I am) ဟူသည် ငါဟု အထင်ရောက်မှု မာန ဖြစ်သည်။ အတ္တ သည်ကား ငါဟူသည့် အမြင် ဒိဋ္ဌိ ဖြစ်သည်။ ထိုကြောင့် “ငါ့ဟာ, ငါ, ငါ့အတ္တ” သည် တရားကိုယ်အားဖြင့် “တဏှာ, မာန, ဒိဋ္ဌိ” ဟူသော တရားသုံးပါးဖြစ်သည်။ အလွှာ သုံးလွှာဖြစ်သည်။

အတ္တ၏ အရပ်သုံးစကားသည် “မိမိ - self, oneself”ဟု အဓိပ္ပါယ်ရသည်။ “အတ္တာဟိ အတ္တနော နာထော - မိမိသည် မိမိ၏ ကိုးကွယ်ရာဖြစ်၏” စသော ဝါကျများမှ “မိမိ” ဟူသော အဓိပ္ပါယ်မျိုး ဖြစ်သည်။ သို့သော် ပုထုဇဉ်တို့သည် ယင်းအရပ်စကား အဓိပ္ပါယ်နောက်တွင် အမျိုးမျိုးသော အတ္တအမြင်များ ရှိကြသည်။ ယခင်နေ့က ငါသည် ယနေ့ငါပင်ဖြစ်သည်။ ငါအသက် ကြီးသွားသည်။ သေလျှင် ငါရှိတော့မည် မဟုတ်။ သေလျှင် ငါသည် ဤကိုယ်ထည်ကြီးအား စွန့်ခဲ့ရသော်လည်း အခြားလောကတစ်ခုခုသို့ ရောက်ရှိ သွားပေမည်။ စသဖြင့် အမျိုးမျိုးသော အယူအဆများကို ထင်မြင်စွဲယူထားကြသည်။ ဤအမြင်တို့အား အတ္တဝါဒ, သက္ကာယဒိဋ္ဌိ ဟု ခေါ်သည်။


ပုထုဇဉ်သည် မိမိတို့ စွဲလမ်းထားသော အမြင်အား အမှန်ဟု လက်ခံသည့်အားလျော်စွာ “ငါရှိသည်။ ထို့ကြောင့် ငါ လိုချင်တပ်မက်သည်” ဟုယူဆကြသည်။ သို့သော် ဗုဒ္ဓဝါဒအရ “ငါ့ဟာ” ဟူသော တပ်မက်မှုတဏှာကို “ငါ” ဟူသော မာန၊ “ငါ့အတ္တ” ဟူသော ဒိဋ္ဌိအမြင်တို့ထက် အရင်းကျသည်။ ဤအချိန်တွင် ပဉ္စဝဂ္ဂီငါးပါးတို့သည် သောတာပန် တည်ပြီးဖြစ်၍ “ငါ့အတ္တ” ဟူသော အတ္တဒိဋ္ဌိ, သက္ကာယဒိဋ္ဌိအား အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်သည်။ သို့သော် သောတာပန်ပုဂ္ဂိုလ်သည် တဏှာ,မာနကို ပယ်သတ်နိုင်ခြင်း မရှိသေး။ အပေါ်ယံ အကြမ်းလွှာဖြစ်သော “ငါ, ငါ့ဝိညာဉ်” စသော ဒိဋ္ဌကို ပယ်သတ်ပြီးသော်လည်း “ငါရှိသည်” ဟူသော အနုစား အသ္မိမာနအား မပယ်သတ်ရသေး။ “ငါ့ဟာ”ဟူသော တဏှာအား မပယ်သတ်ရသေး။

“အနိစ္စ, ဒုက္ခ, အနတ္တ”ဟု ဖြစ်ဆဲ ပစ္စုပ္ပန်ခန္ဓာအား ဟုတ်တိုင်းမှန်စွာ အဖန်ဖန်ရှုမြင်သောအခါ၊ အလုံးစုံသော ခန္ဓာငါးပါးအား “အနိစ္စ, ဒုက္ခ, အနတ္တ”ဟု သုံးသပ်နိုင်လာသည်။ ထိုအခါ အလုံးစုံသောခန္ဓာငါးပါးအား ငြီးငွေ့၍ တပ်မက်ခြင်း တဏှာကုန်သည်။ တဏှာကုန်၍ စွဲလမ်းခြင်း ဥပါဒါန်ကုန်သည်။ ဥပါဒါန်ကုန်၍ ဘဝသစ်တဖန်ဖြစ်ခြင်း မရှိသော။ ဇာတိကုန်၏။


… နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ “ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္ထာယာတိ” ပဇာနာတီတိ။

… ငြီးငွေ့သော် စွဲလမ်းမှုကင်း၏။ စွဲလမ်းမှုကင်းသော် လွတ်မြောက်၏။ လွတ်မြောက်သော် လွတ်မြောက်ပြီဟု သိသောဉာဏ် ဖြစ်၏။ “ဇာတိကုန်ပြီ။ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ။ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ, အခြားပြုဖွယ် မရှိတော့ပြီ” ဟု သိ၏။
အနတ္တလက္ခဏသုတ် ဒေသနာအဆုံး၌ ပဉ္စဝဂ္ဂီငါးပါးတို့သည် အာသဝေါကုန်ခမ်း ရဟန္တာဖြစ်ကြလေသည်။

လမ်းလျှောက်တဲ့ လမ်းတလျှောက်...

ဟန်းဖုန်း ကင်မရာနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံ ဆလိုက်လေး side bar မှာတင်ထားပါတယ်။
ပုံနဲ့အတူ စာတွေပါ ရေးထားပါတယ်။ (ကလစ်နှိပ်ကြည့်ပါနော်။)
ပုံပါနေ့စွဲ မှားနေတာ သည်းခံပါ။ ဒီနေ့ရိုက်တာမို့ 10 July ဖြစ်ရမှာပါ။

Wednesday, July 8, 2009

မိုးသောက် ရောင်ခြည်

မနက် ၇နာရီ သားကြီးကို ကျောင်းသွားပို့ပါတယ်။ ကျောင်းပို့ပြီး လမ်းတပတ်လျှောက်လို့ အိမ်ကို ရး၄၅ ပြန်ရောက်လေ့ရှိပါတယ်။ မနေ့က လမ်းလျှောက်ရင်း အရစ်အရစ်နဲ့ ငါးဂျင်းကွက်ပုံပေါ်နေတဲ့ တိမ်အနားတွေကို နေခြည်နုနုက ဖြာကျလိုက်တော့ တော်တော်လှတဲ့ မြင်ကွင်းကို တွေ့ခဲ့ရတာမို့ ဒီနေ့တော့ ကင်မရာ မမေ့မလျော့ ယူသွားမိတယ်။

ဒီနေ့ မြင်ကွင်းကတော့ မနေ့ကလို ဘယ်ဟုတ်မလဲလေ…။

သားကို ပို့ပြီး ကျောင်းဂိတ်ပေါက်ဝမှာ PIE - Parents In Education က Linda နဲ့ Janet တို့က ဒီနေ့ Primary 5 တွေကို Maths Test အတွက် အခန်းစောင့်ပေးဖို့ လုပ်အားပေးလိုနေလို့ ၁၂း၁၅ အရောက် Canteenကို လာခဲ့ဖို့ခေါ်တယ်။ အင်တင်တင်နဲ့ပဲ ဒီနေ့တော့ လာခဲ့မယ်လို့ ပြောခဲ့တယ်။

စာမေးပွဲခန်းသွားစောင့်တော့…
ပုံမှန်ဆိုရင် ဗုဒ္ဓဟူးနေ့က နေ့လည် ၁၂း၃၀ဆို ကျောင်းဆင်းပါတယ်။ ဒီနေ့မှာတော့ Maths Practice Test ဖြေဖို့ နေ့လည်၁း၃၀ အထိ ကျောင်းချိန်ဖြစ်သွားတယ်။ ၁၂း၃၀မှာ ကိုယ်တာဝန်ကျတဲ့ အတန်းရောက်သွားတော့ အခန်းထဲက ဆရာမ မထွက်သေးဘူး။ Parent Volunteer ပါ.. Maths test အတွက်လာပါတယ် ပြောတော့… သူ အခုပဲ ပြီးပါပြီ ဆိုပြီး အတန်းထဲက ထွက်ပေးတယ်။

ဒီနေ့ Test ရှိတယ်ဆိုတာ သိတယ် မဟုတ်လား။ မင်းတို့ရဲ့ ဆရာမ မလာနိုင်လို့ ကိုယ်လာပါတယ်။ 50 minutes test ဖြေရပါမယ်။ အိမ်သာ သွားချင်သူတွေ အခုသွားကြပါ၊ ငါးမိနစ် အချိန်ပေးပါတယ်လို့ စလိုက်တယ်။ ၁၂း၄၀ မှာ မေးခွန်း ဝေတယ်။ ကိုယ့်နာမည်နဲ့ Index No.ကို မှန်မှန်ကန်ကန် ရေးဖို့ သတိပေးတယ်။ မင်းတို့ အားလုံးဟာ Primary 5 တောင် ရောက်နေကြပြီမို့ စာမေးပွဲ စည်းမျဉ်း စည်းကမ်းတွေကို ကောင်းကောင်း သိပြီးပြီလို့ ငါယူဆပါတယ်။ ဒါကြောင့် စည်းမျဉ်းတွေကို ထပ်ပြောနေခြင်းဖြင့် မင်းတို့ရဲ့ အချိန်တွေကို မဖြုန်းလိုပါဘူး။ (ခပ်တည်တည် ဖိန့်တာပေါ့…)(Calculator သုံးခွင့်ရှိပါတယ်။) ငါဟာ Volunteer တယောက်သာ ဖြစ်တဲ့ အတွက် မင်းတို့ရဲ့ အပြုအမူတွေကို စောင့်ကြည့်ပြီး report လုပ်ဖို့ပါပဲ ဆိုပြီး လက်ထဲက ဟန်းဖုန်းကို ထောင်ပြလိုက်တယ်။ ကျောင်းသားလေးတယောက်က Voice Recorder လား မေးလို့၊ ဗွီဒီယိုပါရိုက်လို့ ရပါတယ်လို့ ဖြေလိုက်တယ်။ (တော်တော် အသုံးဝင်တယ်… မဟုတ်ရင် ဒီက ကလေးတွေက ကိုယ်တို့ဆီကလို သေသေဝပ်ဝပ်တွေ မဟုတ်ဘူး။)

မေးခွန်းကို သေသေချာချာ ဖတ်ဖို့၊ မေးခွန်း အားလုံးကို ကြိုးစားဖြေဖို့၊ အားလုံးဖြေဆိုပြီးရင် ပြန်စစ်ကြဖို့တို့ကို အလျဉ်းသင့်သလို သတိပေးပါတယ်။

၁း၃၀ နာရီမှာ အဖြေစာရွက်တွေ သိမ်းပြီး၊ Index No. အတိုင်း စီပါတယ်။ အဖြေလွှာ အရေအတွက်ကို ဖြေဆိုသူ အရေအတွက်နဲ့ စစ်တယ်။ မင်းတို့ အားလုံး စည်းကမ်းရှိရှိ နေတာကို ကျေးဇူးတင်ပါတယ်။ စာမေးပွဲကိုလည်း အားလုံးပဲ ကောင်းမွန်စွာ အောင်မြင်ကြပါစေလို့ ဆန္ဒပြုပါတယ်လို့ ပြောအပြီးမှာ ကလေးတွေလည်း ကျောင်းဆင်းဖို့ အခန်း အပြင်မှာ အားလုံး တန်းစီကြပါတယ်။ အဖြေလွှာတွေကို တာဝန်ခံ ဆရာဆီအပ်ပြီး ပြန်ခဲ့ပါတယ်။

(စာရင်းရှိ ၄၁ယောက်၊ ဖြေဆိုသူ ၂၉ယောက်၊ ပျက်ကွက် ၁၂ယောက် - ပျက်ကွက်သူတွေရဲ့ အမည်စာရင်းကိုလည်း စာရွက်တရွက်မှာရေးပြီး အပ်ခဲ့ပါတယ်။ ပျက်ကွက်စာရင်းရဖို့ မခက်ခဲပါဘူး။ White Board ထောင့် တနေရာမှာ ရေးထားတာကို ကူးယူလိုက်တာပါပဲ။ ဒီနေ့ ၁၂း၃၀မှ ၁း၃၀ ထိ Test ရှိကြောင်း သတိပေးချက်ကိုလည်း White Board မှာ ရေးထားတာ တွေ့ခဲ့ရပါတယ်။ ဒါနဲ့တောင် ၁၂ယောက် ပျက်တယ်ဆိုတော့ စဉ်းစားစရာပဲ H1N1 ကြောင့်ပဲလား။ စာကို စိတ်မဝင်စားတာလား။ ကလေးတွေ ဖြေနေကြတာ လှည့်ပတ်ကြည့်ခဲ့ရသလောက်တော့ မစွံ မစွံ…။ နောက်မှ သားကြီးကို မေးကြည့်တာ အဲ့ဒီအတန်းက စတုတ္ထမြောက် အတော်ဆုံး အတန်းတဲ့… ဒါတောင် မဟန်ဘူးလို့ စိတ်ထဲက ပြောမိတယ်။)

ရပ်ကွက်ထဲက နာမည်မကြီးတဲ့ မူလတန်းကျောင်းလေးရဲ့ စာသင်ခန်း… ။

တို့များတုန်းက ဒီအရွယ်ဆို အက္ခရာသင်္ချာ (Algebra) တောင် တွက်တတ်နေပြီ။ သင်္ချာတပုဒ် တွက်မည်ဆိုရင် တောင်ခြစ်မြောက်ခြစ် လုပ်လို့ ဘယ်ရလိမ့်မလဲ။ ပေးထားချက်၊ ရှာရန်၊ တွက်ချက်၊ ညီမျှခြင်းတွေကို စီစီရီရီရေးလို့ အဆင့်လိုက်ချရေးရတာ၊ အဖြေရောက်လို့ တိုးလို့တန်းလန်း ထားခဲ့လို့မရပေါင်၊ အဖြေညီမျှခြင်းလေး သေသေသပ်သပ်ရေးပြီးမှ မျဉ်းပိတ်ရတာ။ သင်္ချာတပုဒ်တွက်ထားတာ Program တပုဒ် ရေးထားသလိုပါပဲ။ အဲ့ဒီလိုဖြစ်အောင် ၁ တန်းလောက်ကတည်းက ဆရာဆရာမတွေက အချိုးမကျရင် လက်သီးဆုပ်ပေးရပြီး လက်ဆစ်ကို သစ်သားပြားနဲ့ ခေါက်ပြီး ပုံစံချပေးခဲ့တာပဲ…။ ရုပ်ဝတ္ထု ပစ္စည်း အားသာမှုနဲ့ ဉာဏ်ရည် ဉာဏ်စွမ်း၊ ကြိုးစား အားထုတ်မှု ဘာတွေကို ဘယ်လိုနဲ့ ချိန်ထိုးနေသလဲ ဆိုတာတော့ စာဖတ်သူတို့ ရိပ်ဖမ်းမိပါလိမ့်မယ်။ အချက်အလက် မခိုင်လုံပဲ၊ တရက်ထဲမှာမှ တနာရီလောက်အတွင်းရခဲ့တဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ပွားလွန်းသလို ဖြစ်မှာ စိုးလို့… ဤမျှသာပါ…။

Tuesday, July 7, 2009

မင်္ဂလာခရီး အစ …

မြန်မာတို့သည် “မင်္ဂလာပါ”ဟု နှုတ်ခွန်းဆက်တတ်ကြသည်။ မွေးနေ့မင်္ဂလာ, အလှူတော်မင်္ဂလာ, လက်ထပ်မင်္ဂလာစသည်တို့အား မင်္ဂလာရှိသော အခမ်းအနားများဖြစ်လိုကြသည်။ မြတ်စွာဘုရား ဟောကြားတော်မူသော မင်္ဂလသုတ်၏ အဖွင့်အဋ္ဌကထာတွင် မင်္ဂလာအား “ဣဒ္ဓိကာရဏံ ဝုဒ္ဓိကာရဏံ သဗ္ဗသမ္ပတ္တိကာရဏံ (ပြီးမြောက်ကြောင်း, ကြီးပွားကြောင်း, အလုံးစုံရရှိစေကြောင်း)” ဟု ဖွင့်ဆိုပြသည်။ မင်္ဂလာသည် “တိုးတက်ကြီးပွား အောင်မြင်စေမည့် အကြောင်းတရားများ” များဖြစ်သည်။ မိမိတို့ အလိုရှိသော တိုးတက်ကြီးပွား အောင်မြင်မှုများ ရရှိကြပါပြီလော။ မရသေးလျှင် မင်္ဂလာ မရှိသေး၊ မင်္ဂလာတရားတို့ကို မကျင့်သုံးကြရသေး၍ ဖြစ်သည်ဟုသာ ဆိုရပေမည်။ မင်္ဂလာသည် လောကီရေး တိုးတက်အောင်မြင်မှုအတွက်သာ မဟုတ်။ “ခေမံ” ဟူသော ဘေးကင်းရာ အဆုံးပန်းတိုင် နိဗ္ဗာန်ထိ ပို့ဆောင်ပေးနိုင်သော လမ်းစဉ်ဖြစ်သည်။

ဗုဒ္ဓဟောကြားခဲ့သော နိဗ္ဗာန်တိုင်ပို့ဆောင်ပေးမည့် မင်္ဂလာခရီး၏ အစခြေလှမ်းကား “အသေဝနာစ ဗာလာနံ” ဖြစ်သည်။ အပေါင်းသင်းမမှားဖို့ လူကြီးမိဘတို့၏ သတိပေးခံခဲ့ဖူးကြပေလိမ့်မည်။ “လူမိုက်များအား ရှောင်ကြဉ်ခြင်း”သည် Common Sense ဖြင့်ပင် နားလည်နိုင်သော သာမာန်အဆုံးအမ တစ်ရပ်အဖြစ် သဘောထားမိကောင်း ထားမိပေလိမ့်မည်။ သို့သော်ဤအချက်အား ဗုဒ္ဓက အလေးအနက်ထား၍ ညွှန်ကြား ဆုံးမတော်မူခဲ့သည်။ လူမိုက်နှင့် ပေါင်းသင်းမိ၍ ဘေးဒုက္ခ ရောက်ခဲ့ရသည့်ဖြစ်ရပ်များကို ဇာတ်တော်များတွင် ဟောကြားခဲ့သည်။


ဗုဒ္ဓဝါဒအရ အမြင်မှား (မိစ္ဆာဒိဋ္ဌိ) ဖြစ်ပေါ်ရခြင်း၏ ပြင်ပအကြောင်းအရင်းသည် မိမိတို့ ပေါင်းသင်းဆက်ဆံနေသူတို့၏ စကား (ပရတော စ ဃောသော) ဖြစ်သည်။ ထို့ကြောင့် လူမိုက်တို့နှင့် ဆက်ဆံပေါင်းသင်းနေခြင်းသည် မှားယွင်းသော မိစ္ဆာဒိဋ္ဌိအမြင်ကို ဖြစ်စေသည်။ ဒေဝဒတ်နှင့် ပေါင်းမိ၍ အဇာတသတ်သည် အာဏာအတွက် ဖခင်ရင်းကို သတ်မည့် မိစ္ဆာအမြင်ကို ဖြစ်စေခဲ့သည်။ ဒေဝဒတ်၏ မှိုင်းမိနေသော အဇာတသတ်အတွက် ဖခင်အားသတ်ခြင်းကို ကြီးလေးသော အပြစ်ဟု မမြင်၊ အမှားဟု မမြင်။ မိမိ အာဏာရရှိရေး လိုအပ်၍ လုပ်ရသော သာမာန်အလုပ်တစ်ခုမျှသာ မြင်ပေမည်။ သူတော်ကောင်းတို့၏ ဖျောင်းဖျမှုကိုလည်း နားမဝင်နိုင်တော့။ ထို့ကြောင့် “လူမိုက်တို့အား ရှောင်ကြဉ်ရေး” သည် ပထမဦးစားပေး အရေးတကြီး ဆုံးမချက်ဖြစ်သည်။

“အသေဝနာ စ ဗာလာနံ” ကို အခြားသော ဗုဒ္ဓအဆုံးအမများနှင့် ဆက်စပ်ချဲ့ထွင်ကြည့်နိုင်သည်။ လူမိုက်ဟူသည် လောဘ, ဒေါသ, မောဟ, မိစ္ဆာဒိဋ္ဌိ စသော အကုသိုလ်စိတ်အဖြစ်များသော သူဖြစ်သည်။ ထို့ကြောင့် “လူမိုက်အား ရှောင်ကြဉ်ခြင်း”သည် အဇ္ဈတ္တပိုင်းအရ မိမိတို့၏ စိတ်တွင် လောဘ, ဒေါသ, မောဟတို့ မဖြစ်ပေါ်စေရန် ရှောင်ကြဉ်ခြင်းဖြစ်သည်။ “ဗာလ” ဟူသော စကားသည် လူမိုက်ဟူသော အဓိပ္ပါယ်ရှိသလို၊ ကလေးသူငယ်ဟူသော အဓိပ္ပါယ်လည်းရသည်။ ထို့ကြောင့် ဗာလသည် ကလေးဆန်သောသူ၊ မရင့်ကျက်သောသူဟု ဆိုနိုင်သည်။ လောဘ, ဒေါသ, မောဟတို့ အဖြစ်နည်းအောင် ကြိုးပမ်းခြင်းသည် မိမိကိုယ် မိမိရင့်ကျက်အောင်ကြိုးပမ်းခြင်းလည်းဖြစ်သည်။ အကယ်၍ လူမိုက်တို့နှင့် မလွဲရှောင်သာပေါင်းသင်းရသည့်တိုင် ထိုသူတို့၏ အတွေးအမြင်ဆိုးများ မိမိထံကူးစက် မလာစေရန် ဂရုပြု၍ “ကိုယ်ပေါင်း စိတ်ခွာ” ရှောင်ရှားနေခြင်းသည် “အသေဝနာ စ ဗာလာနံ”ကို အတွင်းအဇ္ဈတ္တပိုင်းအရ လိုက်နာကျင့်သုံးခြင်းပင်ဖြစ်သည်။

သို့သော် အလွန်ခေါင်းမာသော လူမိုက်တို့နှင့် “ကိုယ်ပေါင်း စိတ်ခွာ” ပြုနိုင်ပါမည်လော။ အချို့ဗာလတို့သည် အတွေးအမြင် မရင့်ကျက် ကလေးဆန်ရုံမျှဖြစ်သော်လည်း၊ အချို့ဗာလတို့သည်ကား လူ့ပတ်ဝန်းကျင်, လူအဖွဲ့အစည်းကို ခြိမ်းခြောက်နေသည့် “ပါပ” ခေါ် လူယုတ်မာများ ဖြစ်ကြသည်။ ထိုသူတို့ကို ဆက်ဆံရာတွင်ကား လူ့စည်း, ဘီလူးစည်း ပြတ်သားစွာခွဲခြား၍ ရှောင်ကြဉ်ရန်လိုသည်။ အပြစ်ပေး အရေးယူရန်လိုသည်။ ထိုသူတို့နှင့် “ကိုယ်ပေါင်း စိတ်ခွာ”ပြုနေပါက မိမိတို့၏ ဂုဏ်သိက္ခာပင် ကျဆင်းစေနိုင်သည်။ ထိုလူယုတ်မာတို့၏ အပြုအမူ, အပြောအဆို, အတွေးအခေါ်တို့အား မိမိတို့၏ ပြုမူပြောဆိုတွေးခေါ်မှုများအဖြစ် လူအများက ထင်မြင်လာနိုင်၏။ ဗုဒ္ဓသည် ဒေဝဒတ်အား ပကာသနီယကံပြု၍ ဒေဝဒတ် ယခုပြောဆိုပြုမူသည်များသည် “ဘုရား၊ တရား၊ သံဃာ”နှင့် မဆိုင် ဒေဝဒတ်၏ ပြောဆိုပြုမူများသက်သက်သာ ဖြစ်ကြောင်း သိသာထင်ရှားအောင် ကြေညာစေခဲ့သည်။ ထို့အတူပင် ရဟန်းတော်တို့အား ဆဲရေးခြိမ်းခြောက်ခြင်း၊ ဂုဏ်သိက္ခာကျစေရန် စွတ်စွဲပြောဆိုခြင်းများပြုလုပ်ကြသော လူယုတ်မာတို့အား ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ရန် ပြဋ္ဌာန်းခဲ့သည်။ ဤကား “အသေဝနာ စ ဗာလာနံ”ကို အပြင်ဗဟိဒ္ဓရှုထောင့်မှ ချဲ့ထွင်၍ ဗုဒ္ဓ၏ ဝိနည်းတော်များနှင့် ဆက်စပ်ကြည့်ခြင်းဖြစ်သည်။

“အသေဝနာ စ ဗာလာနံ”ကို အသုံးချ၍ မင်္ဂလာခရီး၏ ပထမခြေလှမ်းကို ချနိုင်ကြပါစေ။

ဧရာ(မန္တလေး)

Monday, July 6, 2009

အလှတရား ရှာပုံတော် (၂)

စိမ်းလွှလွှ မြက်ကမ္ဗလာပေါ် အသာအယာ လဲလျောင်းလိုက်တော့ အေးမြမြ အထိအတွေ့က အလိုက်သင့်ထွေးယူတယ်…။ ပျော်ပျော်နေတတ်တဲ့ ကြယ်လေးတွေက ရင်ခုန်သံစည်းချက်နဲ့ မှိတ်တုတ်မှိတ်တုတ် ကလို့…။ သူတို့ ကချိုး,က နီးလာလိုက် ဝေးသွားလိုက်... တတ်လည်းတတ်နိုင်ကြပါရဲ့...။ တိမ်ခိုးလွင့် ခန်းဆီးနောက်က လမင်းရယ်လေ ပါးချိုင့်လေးပေါ်အောင် ပြုံးပြနေတယ်…။

နွဲ့နှောင်းတဲ့ အရိပ်တို့ရဲ့ ဖွဖွလေး နင်းတဲ့ ခြေသံ… အိပ်မောကျနေတဲ့ သစ်ရွက်လေးတွေရဲ့ တိုးသဲ့သဲ့ဟောက်သံ… ဝေယျာဝစ္စမများလှတဲ့ သစ်ပင်တို့ရဲ့ မနက်ဖန်အတွက် အစာချက်နေကြတဲ့ အသက်ရှူသံမှန်မှန်တွေက ဆိတ်ငြိမ်ခြင်း ဂီတသံကို ညင်ညင်သာသာ အားဖြည့်နေကြတယ်...။

ညမွှေးပန်းလေးတွေရဲ့ သင်းပျံပျံ ရနံ့က ညှင်းလေပြေနဲ့အတူ တလောကလုံးကို ချော့သိပ်နေတယ်…။ သူ့ရနံ့ကြောင့် လန်းဆန်းသွားတဲ့ အာရုံတွေကတော့ အကြည်ဓာတ်တခုဆီ ဦးတည်နေပြီ…။

မြူခိုးငွေ့လွင်လွင်တွေက ဖြေးဖြေးမှန်မှန် စင်္ကြန်လျှောက်နေတယ်…။ ကာလသား ကိုလေပွေကတော့ လက်ခေါက်မှုတ်သံ တရွှီရွှီနဲ့ ဟိုဟိုဒီ လမ်းသလားလို့…။

တည်ငြိမ်ခြင်းသည်သာ အခမ်းနားဆုံး အလှတရားလို့ မျက်လွှာချထားတဲ့ ကောင်းကင်ရင်ခွင်ကို ဘယ်နေရာက ကြည့်ကြည့် မြင်သာ ထင်သာနေတယ်…။

Saturday, July 4, 2009

အလှတရား ရှာပုံတော် (၁)

ပြာလဲ့လဲ့ ကောင်းကင်မှာ ဟိုတဆုပ် ဒီတဆုပ် လွတ်လပ်စွာ ဖြန့်ကျဲထားတဲ့ အိစက်စက် တိမ်တိုက်တွေပေါ် ငြိမ့်ကနဲ ထိုင်ချလိုက်တယ်…။ နေခြည်နုနုက ညှင်းသွဲ့လေပြေနဲ့ လိုက်တမ်းပြေးတမ်း ကစားနေတယ်…။ တခါတခါ ခိုးခိုးခစ်ခစ်ရယ်လိုက်တဲ့ ရှင်နေမင်းရဲ့ ပါးဖောင်းဖောင်းကြီးက ဆွဲဖျစ်ချင်စရာ …။

ငှက်ကလေးတွေ တေးဆိုတာကို သစ်ရွက်လေးတွေက ဟာမိုနီလိုက်လို့… သစ်ကိုင်းတွေက ယိမ်းတိုက်နေရဲ့…။ တချို့က ဘယ်ကို တိမ်းလို့၊ တချို့က ညာယိမ်းမိရင် ချိုလွင်လွင် ရယ်သံတွေက စီရီရီထွက်လာသေး…။

ရှေ့ဆုံးက အားပေးနေတဲ့ ပန်းပွင့်လေးတွေနဲ့ မြက်ခင်းစိမ်းတို့ရဲ့ မျက်ဝန်းတွေက တဖျတ်ဖျတ်တောက်ပနေကြသလို၊ ဟိုးအဝေးက လှမ်းကြည့်နေကြတဲ့ မှိုင်းညို့ညို့တောင်တန်းတွေရဲ့ ဣန္ဒြေက တော်ဝင်လို့ မဟာဆန်နေကြပြန်တယ်…။

စီးဆင်းခြင်းဟာ ရှင်သန်ခြင်းပါလို့ စမ်းချောင်းလေးက တသွင်သွင်ပြောနေတယ်…။ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း နားထောင်နေတဲ့ ကျောက်တုံးလေးတွေက စမ်းချောင်းလေးရဲ့ အဖော်ပါတဲ့…။

လတ်ဆတ်ခြင်းရဲ့ ရနံက အာရုံရူးတွေနဲ့ ခပ်ဝေးဝေး ဖြစ်စေပြန်တယ်…။ ဟိုတိုး ဒီဝှေ့နဲ့ ကျီစားသန်တဲ့ လေပြေရယ်လေ… မကြိုက်ဖူး ပြောထားရက်နဲ့ အမှတ်တမဲ့ဆိုသလို ကလိလာလာထိုးတတ်သေး…။

ရိုးသားခြင်းသာ ထာဝရ အလှတရားလို့ လက်ကြီးပိုက်ထားတဲ့ မြေကြီးဆိုင်းဘုတ်ကို ဘယ်နေရာက ကြည့်ကြည့် မြင်သာ ထင်သာနေတယ်…။ ။