Monday, December 20, 2010

အချိန် နှင့် အမျှ


၁၅ ဒီဇင်ဘာ (ဗုဒ္ဓဟူးနေ့)က ဘုန်းကြီးကျောင်း ရောက်ပါတယ်။ အတူသွားတဲ့ အန်တီက သင်္ကန်းတထည် ဆရာတော်ကို ကပ်လှူတော့၊ “ဒါကာမကြီး ဘာအတွက် လှူတာလဲ” လို့ ဆရာတော်က မေးပါတယ်။ အန်တီက ‘မိတ်ဆွေတယောက်ရဲ့အမေ ဆုံးပါးသွားလို့ အဲ့ဒီမိတ်ဆွေက သူကိုယ်တိုင် ကျောင်းကို မလာနိုင်တဲ့အတွက် သူ့အမေကို ရည်စူးပြီး လှူပေးပါရန် အကူအညီတောင်းလိုက်ကြောင်း’ ဆရာတော်ကို လျှောက်ထားပါတယ်။ ဆရာတော်က “ဒါဆို အမျှဝေရမယ်” လို့ မိန့်ပါတယ်။ “ဒါ ဘုန်းကြီးအလုပ်၊ လှူတာကို ဟိုနားထားခဲ့ဆို ပြီးတာမဟုတ်ဘူး” လို့ ပြုံးရယ်ရင်း မိန့်ပါတယ်။ တဆက်ထဲမှာပဲ “ကြားဖူးကြလား ဗိမ္ဘိသာရမင်းကြီးရဲ့ ဆွေတွေ မျိုးတွေ ပြိတ္တာတွေ ဖြစ်နေကြတာ၊ ဗိမ္ဘိသာရမင်းကြီးက ဘုရားနဲ့ တကွ သံဃာတွေ ဆွမ်းကပ်ပြီး သူက မသိတော့ အမျှမဝေမိဘူး။ ဒီမှာတင် မင်းကြီးကို မကောင်းတဲ့ အနံ့တွေ၊ အဆင်းတွေ ပေးပြီး ခြောက်ကြ လှန့်ကြတာပေါ့။ ဗိမ္ဘိသာရမင်းကြီးက ကြောက်လန့်ပြီး မြတ်စွာဘုရားကို လျှောက်ထားတော့၊ မြတ်စွာဘုရားက ရှင်းပြတော့မှ နောက်တရက် မြတ်စွာဘုရားနဲ့ သံဃာတွေ ထပ်မံပင့်ဖိတ် ဆွမ်းလုပ်ကျွေးပြီး၊ အမျှအတန်း ပေးဝေတော့မှ ပြိတ္တာဖြစ်နေတဲ့ ဆွေဟောင်းမျိုးဟောင်းတွေလည်း စားရသောက်ရ၊ ဝတ်စရာ၊ နေစရာတွေ ရကြတယ်… ။ ပြိတ္တာဘဝက ကျွတ်လွတ်သွားတယ်လို့တော့ မဟုတ်ပါဘူး။ ကျွတ်တာကတော့ အချိန်တန်မှ ကျွတ်မှာပါ။ စားစရာ၊ ဝတ်စရာ ရသွားတယ် ဒီသဘောပါ” လို့ အမိန့်ရှိပါတယ်။ “အမျှအတန်း ပေးဝေတဲ့ ဓလေ့ အဲ့ဒီက စ သလား လို့တောင် ဘုန်းကြီး ထင်မိတယ်” လို့ ဆက်မိန့်ပါသေးတယ်။

ဆရာတော်ရဲ့ တရားစကားထဲမှာ အချိန်တန်တော့ ဆိုတဲ့ စကားအပေါ် အတွေးနယ်ချဲ့မိပါတယ်။ အချိန်တန်တော့ သေပြီး၊ ဘဝတပါးသို့ ကူးပြောင်းရမယ်။ အချိန် … အချိန်… သတ္တဝါ တဦးတယောက်ချင်းစီအတွက် ပိုင်ဆိုင်တဲ့ အချိန်တွေက မတူကြပေဘူး။ ဘဝတခုမှာ အသက်ရှင်နေထိုင်ခွင့်ရတဲ့ အချိန်ဟာ သူပိုင်ဆိုင်တဲ့ အချိန်ပဲ။ အချိန်ရှိတိုင်း အိပ်နေတတ်တဲ့ ကိုယ့်ကိုကိုယ် အသေအချာ ဆုံးမ ပါတယ်။ “အယင်ဘဝက ကုသိုလ်ကောင်းမှုလေး ပါခဲ့လို့ အခုဘဝမှာ အသိဉာဏ် အတန်အသင့်ရှိတဲ့ လူဖြစ်ပါလျက်နဲ့ ဒီလိုသာ ဘဝကို ကုန်ဆုံးပစ်နေရင်တော့၊ နောင်ဘ၀ တိရစ္ဆာန်အဖြစ်ကို ရွေးချယ်ဖို့ ဦးတည်နေတာပဲ...” လို့။

ဘုန်းကြီးကျောင်းကနေ အိမ်ပြန်ရောက် email စစ်တော့၊ စက်မှုတက္ကသိုလ်တက်စဉ် ကိုဧရာတို့နဲ့ အတန်းဖော်တောက်လျှောက်ဖြစ်ခဲ့ပြီး နောက်ဆုံးနှစ်မှာတော့ နောက်တနှစ်ဖြစ်တဲ့ ကျမတို့နှစ်မှာမှ ကျောင်းတူတူပြီးခဲ့တဲ့ အမတယောက်ရဲ့ နာရေး သတင်းကို သိရပါတော့တယ်။ ခဏနေတော့ မနက်က ဘုန်းကြီးကျောင်းအတူတူသွားခဲ့တဲ့ အန်တီရဲ့ ယောက္ခမကြီး ဒီနေ့ပဲ ရန်ကုန်မှာ ဆုံးကြောင်း အန်တီက ဖုန်းဆက် အကြောင်းကြားလာပြန်ပါတယ်။ ညဘက် ဘုရားရှိခိုးအပြီးမှာ လွန်ခဲ့သော ခြောက်လခန့်က ကွယ်လွန်သွားပြီးလို့ သိရတဲ့ အမရဲ့ အမည်ကို ခေါ်ပြီး၊ ၎င်းနှင့်တကွ ၃၁ ဘုံ၌ ကျင်လည်ကြကုန်သော ဝေနေယျ၊ သုခိတ၊ ဒုက္ခိတ သတ္တဝါ အပေါင်းတို့အား ကောင်းမွန်စွာ အမျှပေးဝေပါတယ်။ အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ…။

အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ဖို့အတွက် အသိဉာဏ်ရှိဖို့ လိုတယ်။ လူသားတဦးရဲ့ တဘဝတာ အချိန်အတွင်းမှာ အဆိုးရော၊ အကောင်းပါ လောကဓံတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတဲ့ အသိဉာဏ်တွေ ရင့်သထက် ရင့်သန်ဖို့၊ နောက်ဆုံး လောကမှ လွတ်မြောက်ရေး ဆိုတဲ့ အန္တိမပန်းတိုင်ကို မျက်မှောက်ပြုဖို့ ရှင်သန်နေတဲ့ အချိန်အတွင်းမှာသာ ကြိုးစားအားထုတ်နိုင်တယ်။

*****
လွန်ခဲ့တဲ့ ၃နှစ်လောက်က ခေါင်းတွေ မူးနေတတ်လို့၊ ဂျပန်မှာရောက်နေတဲ့ ငယ်သူငယ်ချင်းတယောက် ဖုန်းဆက်လာတဲ့ အခါ သူ့ကို နေမကောင်းကြောင်း ညည်းလိုက်မိပါတယ်။ “ဟယ်အဲ့ဒါဆို နင် သွေးပေါင်လေး ဘာလေး မှန်မှန်ချိန်မှပေါ့” ဆိုပြီး သိပ်မကြာပါဘူး ဂျပန်ကနေ သွေးပေါင်ချိန်စက်ကြီး ပို့ချလာပါတယ်။ Manual က ဂျပန်လို ဖြစ်နေလို့ ဆိုပြီး၊ နောက်မှ အင်္ဂလိပ်လို Manual ကိုပါ ရှာကြံ မိတ္တူဆွဲပြီး ပို့ပေးခဲ့ပါသေးတယ်။ ဝမ်းနည်း ဝမ်းသာဖြစ်ပြီး မသုံးရက်ပဲ အသစ်အတိုင်းသိမ်းထားခဲ့ပါတယ်။ ဒီစက်ကို ငါတယောက်ထဲအတွက် အသုံးမချပဲ၊ အများအတွက် အသုံးကျအောင် ဘယ်လိုလုပ်ရမလဲ လို့ တွေးတောကြံဆရင်း….အခုတော့ ဆန္ဒပြည့်ဝခဲ့ပါပြီ။

၁၈ ရက်နေ့က ရန်ကုန်ပြန်သွားတဲ့ ညီမလေးတယောက်နဲ့ အကြုံထည့်ပေးလိုက်ပြီး သုခဆေးခန်းမှာ လှူဒါန်းလိုက်ပါပြီ…။ ရန်ကုန်ရောက်ရောက်ခြင်းနေ့မကူးပဲ ဆေးခန်းမှာ သွားလှူပေးခဲ့တဲ့ ညီမတို့ ဇနီးမောင်နှံနဲ့ လူကြုံယူသွားပေးတဲ့ ညီမတို့ကို ကျေးဇူးအထူးတင်ပါတယ်။

ဆေးခန်းအတွင်း တနေရာ...

ဆေးခန်းအတွင်း တနေရာ...

ချစ်သူငယ်ချင်း နှစ်ယောက်ရဲ့ လှူဒါန်းခြင်း -ကုသိုလ် ကို သတ္တဝါအပေါင်းအား အမျှပေးဝေလိုက်ပါတယ်။

ပုံရိပ်ဟောင်းများ (၃) - The Lost World

ချစ်စ,ကို ရှည်စေ၊ မုန်းစ,ကို တိုစေ ဆိုတဲ့ မြန်မာစကားပုံ တစ်ခုရှိပါတယ်။ ဒီနေရာမှာတော့ လွမ်းစ,ကို ရှည်စေ လို့ပါ ထပ်ဖြည့်ရတော့မယ်။ ပုံရိပ်ဟောင်းများနဲ့ မပြီးနိုင် မစီးနိုင် လွမ်းလိုက်ပါဦးမယ်...။

၂၀၁၀ခုနှစ် စက်မှုတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားဟောင်းများ၏ ဆရာပူဇော်ပွဲနှင့် မိတ်ဆုံပွဲ
ကို စင်္ကာပူမှာ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါပြီ။ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ရင်း…
ကွယ်လွန်သွားပြီဖြစ်သော ဆရာကြီးဒေါက်တာစန်းတင့်  စင်္ကာပူလာရောက်ခဲ့စဉ်(၁၉၉၇ခုနှစ်)က မြန်မာဘုန်းတော်ကြီးကျောင်း မှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို အမှတ်တရအဖြစ် တင်လိုက်ပါတယ်။

အီလက်ထရွန်နစ်ဌာန ပါမောက္ခ ဒေါက်တာစန်းတင့်

အဲ့ဒီနေ့ ညနေမှာပဲ တပည့်များက ဆရာကြီးကို Jurong Point ရုပ်ရှင်ရုံမှာ The Lost World – Jurassic Park ဇာတ်ကား လိုက်လံပြသခဲ့ပါတယ်။ တနေကုန် ပင်ပန်းနေပေမဲ့၊ တပည့်တွေကို အလိုလိုက်ခဲ့တဲ့ ဆရာကြီး သည်းထိတ်ရင်ဖို ပြကွက်တွေကြား၊ အိပ်မောကျရင်း အနားယူရရှာတယ်။

စက်မှုတက္ကသိုလ်မှာ ဒေါက်တာစန်းတင့်တို့လို ကိုယ်တိုင် ပညာထူးချွန်ရုံမက ကျောင်းသားတွေရဲ့ ပညာရေးကို အထူးအလေးပေးတဲ့ ဆရာကြီးတွေ အတော်များများ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် အခြေအနေ အကြောင်းကြောင်းတွေကြောင့် ဒီလိုဆရာမျိုးတွေ တဖြည်းဖြည်း နည်းပါးလာပါပြီ။ ဒိုင်နိုဆောကြီးတွေလို extinct ဖြစ်သွားမှာ စိုးရိမ်မိနေပါတော့တယ်။
1995 ခုနှစ် - ရန်ကုန်စက်မှုတက္ကသိုလ် (၂၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပသည့်နေ့တွင် ရိုက်ကူးထားသည်။

Friday, December 10, 2010

ပုံရိပ်ဟောင်းများ - (၂)


ပုံရိပ်ဟောင်းများနှင့် ပန်းချီ
ကျမတို့ ပထမနှစ်တက်ပြီး မကြာခင်မှာပဲ စက်မှုခန်းမထဲမှာ ပန်းချီပြပွဲလုပ်ပါတယ်။ သူငယ်ချင်းတသိုက် အတန်းအားတိုင်း ပြပွဲထဲမှာ ခြေရှုပ်ပါတယ်။ ပြပွဲမှာ ကားတင်တဲ့ ပန်းချီဆရာကြီးတွေက ပို့စကတ်လေးတွေကိုလည်း တထိုင်တည်း ဆွဲပေးပါသေးတယ်။ အားပေးကြတာပေါ့။ ပုံလေးတွေက ကျောင်းရဲ့ Building 1 ပုံ၊ ဦးလူပေါဂိတ်၊ စွယ်တော်ရွက်လေးတွေ စသဖြင့်ကို အခြေခံအားဖြင့် ဆွဲထားပြီးသားပေါ်မှာ ဝယ်ယူသူအကြိုက် နည်းနည်း ထပ်ဖြည့်ဆွဲပေးပါတယ်။ ရေးချင်တဲ့ စာတွေ ကဗျာတွေ ပို့စ်ကတ်ပေါ်မှာ ရေးပေးတဲ့ ဝန်ဆောင်မှုကိုပါ တပြိုင်တည်း ပေးပါတယ်။ ကျမတို့လည်း အခြားတက္ကသိုလ်က သူငယ်ချင်းတွေကို ပေးဖို့ ဝယ်ကြပါတယ်။ သူများထက်ထူးတာက ပို့စ်ကတ်ပေါ်မှာ ကိုယ်ရေးချင်တဲ့ စာကို ကိုယ့်ဖာသာရေးမယ်ဆိုပြီး ပန်းချီဆရာဆီက ဖောင်တိန်ကို တောင်းယူရေးတာပါ။ ပုံဆွဲတဲ့ Pen လေးတွေက ကျမတို့ သုံးနေကျတွေနဲ့ မတူဘူးကိုး.. Pen လက်ထဲရောက်တော့ စိတ်ကြီးဝင်မိသေးတယ်။ ကိုယ်ဝယ်ထားတဲ့ ကတ်ပေါ် ကိုယ်တိုင်စာချရေးလိုက်တော့ ပန်းချီဆရာကြီးက “လက်ရေးက ပန်းချီလက်ရေးပဲ” လို့ ပြောချလိုက်တော့ ပြုံးလိုက်တဲ့ ကိုယ့်မျက်နှာကြီးကိုယ် တသက်မမေ့ မှတ်မိနေတော့တယ်။ ပန်းချီဆရာကြီးတွေကလည်း  တကျောင်းတည်းသား အစ်ကိုကြီးတွေပဲမဟုတ်လား။ သူတို့တင်ထားတဲ့ ကားတွေက “ဘယ်သူ့ပုံကို ဆွဲထားတာမလား၊ ဘယ်ဝါ့ပုံကို ဆွဲတာမလား” ဆိုတဲ့ မေးခွန်းတွေ အစ်အောက်မေးပြီး ရစ်ခဲ့ကြတာပေါ့…။ အော်… ပုံရိပ်ဟောင်းထဲက ပန်းချီ…

ပုံရိပ်ဟောင်းများနှင့် ဝတ္တု

အဲ့ဒီ စက်မှုခန်းမကြီးထဲမှာပဲ မောင်မယ်သစ်လွင် ကြိုဆိုပွဲ လုပ်တယ်။ နောက်နှစ်တန်းလောက်မှာ ထိုင်နေတဲ့ သစ်လွင်တယောက် ခြေဖမိုးအောက် မျက်စိက တောက်တောက်ဆို ပြုတ်ကျသွားလို့၊ ဟဲ့ကောင်ကလေး နင်နဲ့ငါနဲ့ ရည်းစားဖြစ် ဆိုပြီး စိတ်ကူးတွေ ယဉ်လိုက်တာ… “အချစ်ဆုံးသမား” ဆိုတဲ့ ဘဝမှာ ပထမဦးဆုံးရေးလိုက်တဲ့ ဝတ္တုတို တစ်ပုဒ်ရပါတယ်…။ အော်… ပုံရိပ်ဟောင်းထဲက ဝတ္တုဇတ်လမ်း…

ပုံရိပ်ဟောင်းများနှင့် ကာတွန်း

Building 1 အောက်၊ ပါချုပ်ရုံးခန်း ထွက်ပေါက် အရှေ့၊ ထောင့်လေးမှာ Cartoon Box လေးရှိတယ်နော်။ အသစ်တင်တိုင်း တိုးဝှေ့ ခံစားပလိုက်တာ ကျောင်းသူ ကျောင်းသားတိုင်းရဲ့ ဝတ္တရား။ ပုံရိပ်ဟောင်းထဲမှာ ကိုယ်တဦးတယောက်တည်းနဲ့ ဆိုင်တဲ့ ကာတွန်းလေးတခု ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ Building 1 ကနေ ကင်တင်းဘက်သွားတဲ့ စင်္ကြန်ဘက်ထွက်တဲ့ အပေါက်နားက Notice Board မှာ ကပ်ထားတာကို သူငယ်ချင်းတွေ တွေ့လို့ ဖြုတ်ယူလာခဲ့ကြတာလေ…။
ဆံပင်ကောက်ကောက်
ပိန်ခြောက်ခြောက်နဲ့
စိန်မျောက်မျောက်… ဆိုတဲ့ စာလုံးမဲကြီးတွေနဲ့၊
New Model ပုံစံသစ်ဖြင့် ဝင်လာသူ
ဆိုပြီး ဆွဲထားလိုက်တာ၊ ကျမ ခုံနံပါတ်ပါ ရေးထားလိုက်သေး…။
ဆွဲတဲ့သူ နာမည်ကို ရေးပြီးမှ ဖျက်ထားတယ်။ ရသလောက် ဖတ်ကြည့်လိုက်တာတော့ Section C မှ XXX လက်စွမ်းပြသည်တဲ့။ စနောက်ချင်ဇောနဲ့ ကျမပုံကို မလှမပ ဆွဲထားတာ ဖြစ်ပေမဲ့ ကျမ စိတ်မဆိုးပါဘူး၊ ပုံရိပ်ဟောင်းများထဲက ကာတွန်းလေးအတွက် ကျေးဇူးပါလို့ ဒီနေရာကနေ ပြောလိုက်ပါရစေ စွမ်းအားရှင်ကြီးရေ…။
(၈၈ အရေးအခင်းမှာ ဆန္ဒပြစဉ်က သုံးခဲ့တဲ့ နဖူးစီးတို့၊ လက်ပတ်တို့နဲ့အတူ စက္ကူဗူးလေးထဲ ထည့်သိမ်းထားခဲ့တာမို့ အခု ကိုယ်နဲ့အတူ ရှိမနေပါ။)

ပုံရိပ်ဟောင်းများနှင့် ဂီတ

ကျမတို့ ပဉ္စမနှစ်ရောက်တော့ စက်မှုခန်းမကြီးထဲမှာဗျာ… ပြင်ကြဆင်ကြ လှုပ်လှုပ်ရွရွနဲ့…။ စတိတ်ရှိုးလုပ်မှာ တဲ့။ အဆောင် ကျောင်းသူကျောင်းသားတွေအတွက် Annual Dinner ဆိုလား။ နေ့ ကျောင်းသားများနဲ့ လားလားမှမဆိုင် ဖိတ်စာပါမှ လာရမယ်ဆိုလို့၊ ကျမတို့ ခန်းမရှေ့ အကြိမ်ပေါင်းများစွာ လျှောက်ပြန်သံပေးပြီး ခြေအေးဝမ်းယောင်လာတဲ့အခါမှ ပေစောင်းပေစောင်းနဲ့ နေရပ်ထံသို့ ပြန်ပါလေတော့ ပြန်ခဲ့ရပါလေသတည်းပေါ့။ နေရာ အခက်အခဲကြောင့် Dayသမားတွေ မလာရတာပါဆိုတဲ့ မခိုင်လုံတဲ့ သတင်းရပ်ကွက်က ထွက်လာတဲ့ ကောလဟာလကြောင့်၊ နောက်တနေ့မှာ Civil က သူငယ်ချင်းတယောက် မကျေမနပ်နဲ့ ပြောခဲ့တဲ့ စကား အခုထိ မှတ်မိသေးတယ်။ တို့ Day သမားတွေ စတိတ်ရှိုး အမျိုးသားကဇတ်ရုံမှာ သွားလုပ်မယ်ဟေ့ တဲ့။ မကျေဘူးကွ… စင်ပေါ်တက်ခဲ့တဲ့ ကောင်တွေ မိုက်ရင်ထွက်ခဲ့လို့ ရန်စလိုက်ချင်သေးတော့တယ်။ အဲ့လိုသာဆို ရှေ့ဆုံးက ထွက်လာမှာ … (အခုတော့ အိမ်က လူကြီး လို့ ပိုင်ပိုင်နိုင်နိုင် ခေါ်ခွင့်ရပြီ ဖြစ်တဲ့) ကိုဧရာ…
ဘယ်ဘက်က Bass guitar တီးခတ်နေသူက ကိုဟန်ဇော် ဖြစ်ပြီး ညာဘက်က Lead guitar တီးနေသူကတော့ ကိုသူရချစ်မောင်ပါ။ ကိုဧရာ ဆိုခဲ့တဲ့ သီချင်းရဲ့ မူရင်း အဆိုရှင် က ဆမ်ဆမ် (ကိုဧရာထက် တတန်းကြီးတဲ့ Civil မှ ကိုအောင်ဆန်းမြင့်) ဖြစ်ပါတယ်။ Civil ကပဲ... နောက်ထပ် အဆင်သင့်ပဲဟေ့ ဆိုတဲ့ ပထမဦးဆုံးစီးရီး ထွက်ခဲ့တဲ့ အသံချိုချိုအေးအေးလေးပိုင်ရှင် တူးတူး (ကိုမင်းကျော်သူ)။ အဲ့ဒီစတိတ်ရှိုးမှာ ဆိုချင်လျက် မဆိုဖြစ်လိုက်သူက ကိုဧရာတို့နဲ့ တတန်းထဲသား ဒွေး (ကိုထင်လင်း)။

သူအဲ့ဒီတုန်းက ဆိုခဲ့တဲ့ သီချင်းလေးကို ဂစ်တာတီးပြီး ဆိုပြရင် မသီတာ သိပ်ကြိုက်ပါတယ်။
ခင်ဗျာ.. ခင်ဗျာ.. ကိုဧရာ အသံဖိုင်တင်ပါ… ဟုတ်ကဲ့ မသီတာလည်း ပရိတ်သတ်ကြီးများ ကိုယ်စား တောင်းဆိုပါတယ်။ အဆိုတော်ကြီးက မိုက်မကောင်းဘူး။ အသံသွင်းတာတွေ မကောင်းဘူး။ ဂစ်တာက မကောင်းဘူးနဲ့ ဈေးကိုင်နေပါတယ်။ အမှန်က အသံမကောင်းတော့တာပါ။
အော် ပုံရိပ်ဟောင်းများ ဆိုမှတော့ အိုပြီလေ…။

ပုံရိပ်ဟောင်းများ- (၁)

Thursday, December 9, 2010

ကိုယ့်ရင်ထဲက စိတ္တဇတွေ… (၁)၊ (၂)

ရေးချင်တာတွေကတော့ အများကြီးပဲ
မရေးရတာလည်း ကြာပြီဆိုတော့
*****
အကြည်က ခပ်တည်တည် ဟိုဘက်လှည့်ထိုင်နေတယ်
မြင်နေရတယ် ဒါပေမဲ့ နားလည်အောင် မှန်းဆဖို့ကြ ခက်နေပြန်တယ်

ညဉ့်နက်သန်းခေါင်တိုင်တယ်
စာကြည့်စားပွဲမှာ ငုတ်တုတ်ထိုင်တယ်
ဘာမှ ထွက်မလာတဲ့အဆုံး ဒုက္ခခြေရင်း ဝပ်ဆင်းလိုက်ရတယ်… ကတောက်!
*****
မိတ်ဆွေ အမတွေက ပြောတယ်။ “၀ လာလိုက်တာ..” တဲ့..။ ဆက်ပြောသေးတယ် “ဘလော့ဂ်မှာ သိပ်မတွေ့ရတော့လို့ ဖြစ်မယ်ထင်တယ်” တဲ့။ အိမ်က သားကြီးကတော့ “မေမေ ပိန်ချင်ရင် ဘလော့မလုပ်နဲ့တော့” လို့ ပြောလာတယ်။ “ဟုတ်တယ်လေ.. မေမေက စားပြီးတော့ ကွန်ပြူတာရှေ့ထိုင်၊ အဲ့ဒီတော့ ဘာဖြစ်သလဲ… ဗိုက်ကြီးက ပူလာတာပေါ့” တဲ့။ “မေမေက သားပြောတာ လုပ်မှာလည်း မဟုတ်ပါဘူး..” လို့ ညည်းပြောလေး ပြောသေးတယ်။
*****
ကိုယ့်ရင်ထဲက စိတ္တဇတွေ… (၁)

တနေ့က သားငယ်လေးနဲ့ အတူ အိပ်တယ်။ မနက်ဝေလီဝေလင်းလောက်မှာ သားငယ်လေးက ငုတ်တုတ်ကလေး ထထိုင်ပြီး တိုးတိုးလေး ပြောလာတယ်။ “မေမေ သား မီးခဏလောက် ဖွင့်မယ်နော်” တဲ့။ “အင်း” လို့ မျက်စိမဖွင့်ပဲ ခေါင်းညိတ်ပြလိုက်တော့ သူမီးခလုတ်ဆီ ထသွားတယ်။ စိတ်ထဲမှာ ဘာများဖြစ်လို့လဲ… သူ အိပ်ယာထဲ ရှူးတွေများ ပေါက်ချလေသလားလို့ အိပ်ယာခင်းကို ကပျာကယာ စမ်းမိတယ်။ မဟုတ်ပါဘူး။ အိပ်ယာခင်းပေါ် ပျံ့ကျဲနေတဲ့ ကဒ်တွေကို မီးရောင်နဲ့ မြင်လိုက်ရပြီး သူ့နေရာပြန်ရောက်လာတဲ့ သားငယ်က “သားကဒ်တွေ အောက်ကျကုန်လို့” လို့ ပြောရင်း သူ့ကဒ်တွေကို ကောက်စီနေတော့တယ်။ (အဲ့ဒီကောင်လေးက ဥစ္စာခြောက်လေး... သူ ကစားတဲ့ ကဒ်တွေကို ခေါင်းအုံးအောက် ထားအိပ်တတ်တယ်။)

အဲ့ဒီနေ့ မနက်ကတော့ လမ်းဆင်းလျှောက်ဖြစ်တယ်။ တယောက်ထဲပဲ ဆိုတော့ အစပိုင်းမှာ လမ်းလျှောက်ရင်း သတ္တဝါတွေကို မေတ္တာပို့တယ်။ ရာသီဥတုက ညိုညိုမှိုင်းမှိုင်း အုံ့အုံ့ဆိုင်းဆိုင်းဆိုတော့ ခြေလှမ်းတွေနဲ့ အတူ အတွေးရေယာဉ်ကျော မျောကောင်းလှတယ်။ ဒီနေ့ မိုးရွာမလား… နေပူမလား… ငါတော့ မသိဘူး… သားတွေကတော့ သိလိမ့်မယ်… သူတို့က မိုးလေဝသ ခန့်မှန်းချက် ၃ရက်စာ ကြိုဟောတာကို တီဗွီကနေ ကြည့်တတ်တယ်။ ဒီနေ့ ဘယ်နေ့၊ ဘယ်ရက်လဲ… လဆန်းလား လဆုတ်လား… ဒါလည်း ငါမသိပြန်ဘူး… အော် ငါဟာ တော်တော် ပေါ့ပေါ့ဆဆ နေတတ်သူပါလား။ ဟိုးငယ်ငယ် ရွာမှာနေတုန်းကလည်း အမှတ်အသားမရှိခဲ့တာပါလေ… အိမ်ရှေ့ကချောင်းလေးရဲ့ ရေတက် ရေကျ၊ ရေသေ ရေထတွေက ဒီလဆန်းလဆုတ်ရက်တွေနဲ့ သက်ဆိုင်နေတာပဲ… အဲ့ဒီတုန်းကလည်း လူကြီးတွေ အလုပ်လို့ပဲ ထင်ခဲ့တယ်။ သိချင်တဲ့အချိန် တယောက်ယောက် ကောက်မေးလိုက်တာပဲ။ ကိုယ့်ဖာသာ သိအောင်တော့ မလုပ်ခဲ့ပါဘူး။ အင်း ငါတွေးနေပြန်ပြီ… တွေးပြီ ဆိုတော့လည်း အတိတ်အကြောင်းတွေ ချည်းပါပဲလား။ ငါ အနာဂတ်ကို ဘာကြောင့်မတွေးတတ်တာလဲ… တခါတလေများ အနာဂတ်ကို တွေးကြည့်ပါဦးလားဟယ်။ အနာဂတ်ကို တွေးရတာက အားစိုက်ရတယ်။ အနာဂတ်ကိုတွေးတဲ့ ငါ့အတွေးတွေဟာ တလံလောက်မှာပဲ ပျင်းရိလေးတွဲစွာ တုံ့ကနဲ ရပ်သွားတတ်တယ်။ (ဖျတ်ကနဲ အတွေးထဲ ဝင်လာပြန်တာက) နွေရာသီကျောင်းပိတ်ရက် ရွာမှာသွားနေရင်း အဒေါ်အပျိုကြီးရဲ့ ဖြူလွလွ အိပ်ယာခင်း အကျခင်းထားတဲ့ မထူမပါး မွေ့ယာလေးပေါ် သဘောခွေစွာ အိပ်ခွင့်ရခဲ့တယ်… အဲ့ဒီ ကြည်နူးမှုလေးက ကြာကြာမခံပဲ… ချောက်ချားစရာတွေနဲ့ အဆုံးသတ်ခဲ့ရတယ်… အိပ်ယာထဲ ရှူးပေါက်မိလို့ လူကြီးတွေ မသိခင်… ကိုယ့်အဝတ်တွေ ထလဲ… နံစော် စိုရွဲကုန်တဲ့ စောင်တွေ အိပ်ယာခင်းတွေ ဖျာတွေကို ခိုးထုတ်ခိုးထည်တွေအလား… ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ… မနက်မိုးလင်းရင် “သီတာ အိပ်ယာထဲ သေးပေါက်တယ်မလား” လို့ အစစ်ခံရတော့မယ်… ရင်ထဲမှာ တုန်လှုပ်ချောက်ချားလိုက်တာ…
အော် အခုတော့သိပြီ… ငါ လိမ်ညာ လှည့်ဖျား ဟန်ဆောင် ဖုံးကွယ်တတ်နေခြင်းဟာ ငယ်ငယ်က အိပ်ယာထဲ ရှူးပေါက်ချတတ်ခြင်းက အစ ပြုခဲ့တာပါလား...။
*****
ခြေလှမ်းတွေကတော့ လေးတွဲ့လျက်ပါပဲ….။

ပန်ပန်နဲ့ မလေးကို ဒီနေရာကနေ Tag Post ရေးဖို့ ခွင့်တောင်းပါတယ်။
*****
ကိုယ့်ရင်ထဲက စိတ္တဇတွေ… (၂)

ပုံမှန် အားဖြင့်တော့ နေ့လည် နေ့ခင်းလည်း အိမ်တံခါးတွေ ပိတ်ပြီး သားအမိတစ်တွေ အိမ်ထဲ နေကြတာပဲ…။ အဲ့ဒီနေ့ကတော့ သားကြီးကို ကိစ္စတခုနဲ့ အောက်ဆင်းဖို့ ခိုင်းလိုက်တော့ သူ တံခါးမကြီးကို ဖွင့်တယ်။ ဝရံတာကို ထွက်သွားပြီး မကြာခင်မှာပဲ “မေမေ အိမ်ရှေ့မှာ ဆိုက်ကယ် Accident ဖြစ်ထားတယ်” လို့ လှမ်းပြောတယ်။ ကိုယ်လည်း “ဟုတ်လား သား” ဆိုပြီး ဝရံတာထွက်လာပြီး ကြည့်မိတယ်။ ရိုးရိုးရဲကားတစီး၊ အက်စိဒင့် ဖြစ်ထားတဲ့ ဆိုင်ကယ်၊ ယာဉ်ထိန်းရဲ ဆိုင်ကယ်နှစ်စီးကို တွေ့ရတယ်။ အကြီးအကျယ် ပြင်းပြင်းထန်ထန် ပုံစံတော့မဟုတ်ဘူး။ ခဏနေတော့ Civil Defence က မီးသတ်ကားကြီး ရောက်လာတယ်။ ကျန်းမာ ချမ်းသာကြပါစေ မေတ္တာတစ်ချစ်နှစ်ချက်ပို့ပြီး အိမ်ထဲပြန်ဝင်လာခဲ့တယ်။

သားကြီးက လာပြောပြန်တယ်။ မေမေ “မီးသတ်ကားကြီးက သွေးကွက်တွေကို ဆေးနေတယ်။ နီရဲနေတာပဲ” တဲ့။ “ဟုတ်လား သား” ဆိုပြီး တခါထွက်ကြည့်မိပြန်တယ်။ မီးသတ်သမားတွေ လမ်းလယ်ကောင်မှာ အကွက်တကွက်ကို ဆပ်ပြာအမြှုပ်တွေကို ထလို့ တံမြတ်စည်းတံအရှည်တွေနဲ့ ကုတ်ခြစ်ပြီး အသေအချာကို ဆေးနေကြတယ်။ “သူတို့ သုံးတဲ့ ဆေးက အနီရောင်မို့လို့ပဲလား…သွေးတွေ မို့လို့ပဲလားတော့မသိဘူး…နီတော့ နီနေတယ်နော် မေမေ” လို့ သားကြီးက ပြောပြန်တယ်။ “အင်း” လို့ ခေါင်းငြိမ့်လိုက်တယ်။ ကျမစိတ်ထဲကတော့ ဓာတ်ဆီတို့ အင်ဂျင်ဝိုင်တို့ ဖိတ်သွားတဲ့ အကွက်ကို ဆေးနေတာလည်း ဖြစ်နိုင်တယ်လို့ တွေးမိပါတယ်။ သားကြီးကိုတော့ ဘာမှ မပြောဖြစ်ပါဘူး… ငါ့သားကတော့ Drama တွေ လုပ်နေပြန်ပြီလို့ မှတ်ချက်ပြုရင်း သူ့အတွေးနဲ့သူ တွေးချင်သလို တွေးနေပါစေလို့ လွှတ်ပေးထားလိုက်တယ်။ သားကြီးက အဲ့ဒီလိုပါပဲ သူ့အတွေးတွေက ကျမတို့ အထင် အမှန်တရားနဲ့ မနီးစပ်တဲ့ ဒရမ်မာတွေ သိပ်များပါတယ်။ (ဒါလည်း ဘမျိုးဘိုးတူတာလား၊ မိမျိုးဖွားတူတာလား... မသိပါ။)

လမ်းပေါ် မောင်းလာကြတဲ့ ကားတွေက ဆေးကြောနေကြတဲ့ လူတသိုက်အနားအရောက်မှာ အရှိန်လျှော့ သတိထားပြီး ကွေ့ရှောင် မောင်းနေကြတယ်။ ကျမလည်း စိတ်ကူးနဲ့ ကားမောင်းကြည့်လာမိတယ်။ အဲ့ဒီနားအရောက်မှာ လမ်းပေါ်ကအကွက်ကို ကားဘီးမနင်းမိအောင်၊ ယုတ်စွအဆုံး ပိုက်နဲ့ ထိုးဆေးနေတဲ့ ရေတွေ လမ်းကြမ်းပြင်ကိုထိပြီး ပြန်ကန်တက်တဲ့ အညစ်အကြေးရေတွေ ကျမကားကို မစင်မိအောင် ဆတ်ဆတ်လူး ကွေ့ဝိုက်ရှောင်တိမ်း မောင်းနေမိတယ်။ ဘာမှန်း ညာမှန်းမသိ သားပြောတဲ့ သွေးတွေ ဖြစ်နေရင် ကျမကားကို သွေးစက်ရေ စင်မိပါပြီတဲ့ မကောင်းဆိုးဝါးက ကပ်ငြိပါလာလေသယောင်… စိတ်ထဲ မသတီလိုက်တာ…

ချက်ချင်းဆိုလလိုပဲ သတိဝင်မိပါတယ်။ ဘာမှန်း ညာမှန်း အသေအချာ မသိတဲ့ အရည်တွေကို ဓာတ်သဘောသတ်သတ်မမြင်ပဲ… အသက် လိပ်ပြာ ဝိညာဉ် တစုံတရာအလား ထင်ယောင်ထင်မှား ခိုင်တယ် မြဲတယ် ကူးတယ် ပြောင်းတယ် လို့ ယူဆနေတဲ့ သဿတဒိဋ္ဌိရဲ့ အတွေးတွေပါလားဟု…။

Thursday, December 2, 2010

သီတာရေစင်

အရှေ့သို့လားသော် ရှမ်းကို ကျော်၍ တရုတ်
အနောက်သို့ယွန်းသော် အိန္ဒိယ
မြောက်မှာ ကချင်
တောင်သို့ ဆင်းသော် သမုဒ္ဒရာ
မန္တလေး ရွှေမြို့တော်မှာ မြစ်ဖျားခံတဲ့ သတို့သား ကိုဧရာ
မြို့ရန်ကုန်မှာ လအော့လအယ် သတို့သမီး မသီတာကို ခလုတ်တိုက်
ဟဲ့ ပလုတ်တုတ် စင်္ကာပူလို့ ယောင်အော်တော့ ရေစင်တွေ တသွင်သွင် စီးကျလေသတဲ့...။

အသားလေးက ညိုရုံသာမက မှောင်တဲ့ဘက်တောင် လုနေသေး။
မျက်နှာလေးကလည်း ဘာမှ ထူးထူးခြားခြားမရှိ။ ချော,လှ, မနေသလို၊ အရုပ်ဆိုး အကျည်းတန်လည်းမနေ။
ချစ်စရာလည်း မကောင်းသလို၊ အမြင်ကတ်စရာလည်း မဟုတ်။
အော်… သူလို ကိုယ်လို လူလေးတယောက်
အမေ့ သားငယ်လေးရေစင် (၇နှစ်) ပြည့်ပြီ။

Sunday, November 14, 2010

လွတ်မြောက်မှုသို့ ကိုင်းညွှတ်ခြင်း

ငှက်တစ်ကောင်၏ ကျော့ကွင်းမှ လွတ်မြောက်မှု, လူသားတစ်ဦး၏ နိုင်ငံရေး, စီးပွားရေး, လူမှုရေး လွတ်မြောက်မှု, အရိယာ သူတော်စဉ်တို့၏ ကိလေသာမှ လွတ်မြောက်မှုတို့သည် သဘောသဘာဝချင်း, အဆင့်အတန်းချင်း ကွဲပြားခြားနားကြသော်လည်း “အနှောင်အဖွဲ့မှ လွတ်လပ်ခြင်း” ဟူသော အနှစ်သာရမှာ အတူတူပင် ဖြစ်သည်။ နိမိတ် သင်္ကေတများသည်လည်း အတူတူပင် ဖြစ်သည်။

အမှောင်ခွင်း၍ အလင်းကိုဆောင်သော နေမင်းသည် လောကသားတို့၏ အကြောက်တရားကို ပယ်ရှား၍ ရဲဝံ့ခြင်းကို ပေးတတ်သောကြောင့် “သူရိယ” ဟု အမည်တွင်သည်။ အဝိဇ္ဇာအမှောင်ကို ခွင်း၍ သစ္စာအလင်းရောင် ပေးသော သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်အောင် ဆောင်ကြဉ်းပေးသည့် ဘုရားရှင်တို့အား နေမင်း (အာဒိစ္စ) ဟု တင်စားခေါ်ဝေါ်ကြသည်။

ပွင့်တော်မူပြီးကုန်သော ဘုရားရှင်များ, ဘုရားရှင်တို့၏ ဗောဓိဉာဏ်, ကိလေသာမှ လွတ်မြောက်သူများနှင့် လွတ်မြောက်မှု ဝိမုတ္တိတရားတို့အား ရည်မှန်း၍ နံနက် နေထွက် အစာရှာထွက်ချိန်, ညနေ နေဝင်ချိန် အိပ်တန်းတက်ချိန်တို့တွင် နေမင်းအား ကိုင်းညွှတ် ရှိခိုး၍ အရံအတားပြုသောကြောင့်၊ အလောင်းတော် ဥဒေါင်းမင်းသည် မုဆိုးတို့၏ ကျော့ကွင်းရန်မှ နှစ်ပေါင်းများစွာ လွတ်မြောက်ခဲ့ဖူးသည်ကို ဒုကနိပါတ် မောရဇာတ်တွင် ဟောကြားထားသည်။

မိမိတို့၏ အနှောင်အဖွဲ့ဘေးတို့မှ လွတ်မြောက်နိုင်ရန် ထိုမောရဇာတ်လာ ဂါထာတို့အား အရံအတား ပရိတ် မန္တန်အဖြစ် ရွတ်ဖတ် သရဇ္ဈာယ်ကြသည်။ လွတ်မြောက်မှုကို အလိုရှိသူသည် လွတ်မြောက်သူတို့နှင့် လွတ်မြောက်မှုတရားအား ရည်မှန်း ဦးခိုက်ကာ အစဉ်သတိတရား လက်ကိုင်ထား၍ ကျင့်ကြံနေထိုင် သွားကြရသည်။

ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ဝနေစရာ။

စိရဿံ ဝါယမန္တာပိ၊ နေဝသက္ခိံသု ဂဏှိတုံ၊
ဗြဟ္မမန္တန္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

ဗောဓိဉာဏ်၏ အဆောက်အဦဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်လျက် ဥဒေါင်းငှက်မျိုး၌ ဖြစ်စဉ်
အကြင်ပရိတ်တော်ဖြင့် စီမံ စောင့်ရှောက်ထားသော ဘုရားအလောင်း ဥဒေါင်းမင်းကို တောမုဆိုးတို့သည်
ဖမ်းယူရန် နှစ်ပေါင်းများစွာ ကြိုးစားကြသော်လည်း မဖမ်းနိုင်ကြ။
အိုသူတော်ကောင်းတို့… “ဗြဟ္မမန္တန်” ဟု ဆိုအပ်သော (ဤမောရသုတ်) ပရိတ်တော်ကို ရွတ်ဖတ်ကြပါကုန်စို့။

ဥဒေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော၊ ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ၊ ပထဝိပ္ပဘာသံ။
တယာ’ဇ္ဇာ ဂုတ္တာ ဝိဟရေမု ဒိဝသံ။

(အမှောင်ခွင်း၍ အလင်းဆောင်ကာ) အမြင်ဓာတ်ကို ပေးတတ်သူတို့တွင် မင်းမြတ်ဧကရာဇ်ဖြစ်သော၊ ရွှေအဆင်းနှင့်တူသော အလင်းဖြင့် ကမ္ဘာမြေကို ထွန်းလင်းစေသော ရှင်နေမင်းသည် အရှေ့လောကဓာတ်မှ ထွက်ပေါ်၍ လာ၏။ ထို ရွှေအဆင်းနှင့်တူသော အလင်းဖြင့် ကမ္ဘာမြေကို ထွန်းလင်းစေသော ရှင်နေမင်းအား ရှိခိုးပါ၏။ ယနေ့အဖို့ ရှင်နေမင်း၏ အစောင့်အရှောက်ကို ခံယူ၍ ကျွနု်ပ်သည် ဤတစ်နေ့တာ ကာလပတ်လုံး ချမ်းသာစွာ နေရပါလို၏။

ယေဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော, တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ, နမတ္ထု ဗောဓိယာ၊
နမော ဝိမုတ္တာနံ, နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော စရတိ ဧသနာ။

အလွန်စင်ကြယ် မြင့်မြတ်သော ဘုရားရှင်တို့သည် တရားအလုံးစုံကို သိမြင်တော်မူကြ၏။ ထိုဘုရားရှင်တို့သည် အကျွနု်ပ်၏ ရှိခိုးခြင်းကို ခံတော်မူကြပါကုန်။ ထိုဘုရားရှင်တို့သည် အကျွနု်ပ်အားလည်း စောင့်ရှောက်တော်မူကြပါကုန်။ (ပရိနိဗ္ဗာန်ဝင်စံပြီးကုန်သော) ဘုရားရှင်တို့အား အကျွနု်ပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေ။ ထိုဘုရားရှင်တို့၏ ဗောဓိဉာဏ်တော်ကို အကျွနု်ပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေ။ ကိလေသာမှ လွတ်မြောက်ကြကုန်သော ဘုရားရှင်တို့အား ရှိခိုးပါ၏။ ထိုဘုရားရှင်တို့၏ လွတ်မြောက်မှု ဝိမုတ္တိတရားအားလည်း ရှိခိုးပါ၏။ ဤသို့ အရံအတားကိုပြုလုပ်၍ လှည့်လည် အစာရှာဖွေ၏။

အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော၊ ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ၊ ပထဝိပ္ပဘာသံ။
တယာ’ဇ္ဇာ ဂုတ္တာ ဝိဟရေမု ရတ္တိံ။

(အမှောင်ခွင်း၍ အလင်းဆောင်ကာ) အမြင်ဓာတ်ကို ပေးတတ်သူတို့တွင် မင်းမြတ်ဧကရာဇ်ဖြစ်သော၊ ရွှေအဆင်းနှင့်တူသော အလင်းဖြင့် ကမ္ဘာမြေကို ထွန်းလင်းစေသော ရှင်နေမင်းသည် အနောက်လောကဓာတ်သို့ ဝင်လေပြီ။ ထို ရွှေအဆင်းနှင့်တူသော အလင်းဖြင့် ကမ္ဘာမြေကို ထွန်းလင်းစေသော ရှင်နေမင်းအား ရှိခိုးပါ၏။ ယနေ့အဖို့ ရှင်နေမင်း၏ အစောင့်အရှောက်ကို ခံယူ၍ ကျွနု်ပ်သည် ဤတစ်ညတာ ကာလပတ်လုံး ချမ်းသာစွာ နေရပါလို၏။

ယေဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော, တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ, နမတ္ထု ဗောဓိယာ၊
နမော ဝိမုတ္တာနံ, နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော ဝါသ’မကပ္ပယိ။

အလွန်စင်ကြယ် မြင့်မြတ်သော ဘုရားရှင်တို့သည် တရားအလုံးစုံကို သိမြင်တော်မူကြ၏။ ထိုဘုရားရှင်တို့သည် အကျွနု်ပ်၏ ရှိခိုးခြင်းကို ခံတော်မူကြပါကုန်။ ထိုဘုရားရှင်တို့သည် အကျွနု်ပ်အားလည်း စောင့်ရှောက်တော်မူကြပါကုန်။ (ပရိနိဗ္ဗာန်ဝင်စံပြီးကုန်သော) ဘုရားရှင်တို့အား အကျွနု်ပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေ။ ထိုဘုရားရှင်တို့၏ ဗောဓိဉာဏ်တော်ကို အကျွနု်ပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေ။ ကိလေသာမှ လွတ်မြောက်ကြကုန်သော ဘုရားရှင်တို့အား ရှိခိုးပါ၏။ ထိုဘုရားရှင်တို့၏ လွတ်မြောက်မှု ဝိမုတ္တိတရားအားလည်း ရှိခိုးပါ၏။ ဤသို့ အရံအတားကိုပြုလုပ်၍ မိမိ၏နေရာ၌ နေ၏ (အိပ်တန်းတက်၏)။

(ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ… မတရားသဖြင့် အချုပ်အနှောင်ခံနေကြရသူများ အားလုံး လွတ်မြောက်ကြပါစေ … )

စာညွှန်း
၁။ ဇာတက-၁၅၉၊ ဒုကနိပါတ်-မောရဇာတ်
၂။ ဦးပညာသာမိ (မာဂဓီ-သာစည်) - ဆယ်စောင်တွဲသင်တန်း မြန်မာပြန်ကျမ်း
၃။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ - ပရိတ်ပါဠိ, ပရိတ်ကြီးနိဿယနှင့် ပရိတ်တရားတော်များ
၄။ The Jataka - Stories of the Buddha’s former births, translated by E.B. Cowell 
(http://www.sacred-texts.com/bud/j2/j2012.htm)

Friday, November 12, 2010

လွတ်လွတ် ချစ်သူ…


လောကဝတ်တွေနဲ့ ထိန်းချုပ်၊ အပြင်လူတွေ မသိစေရတဲ့ ကိုယ့်စိတ်ရိုင်းတွေ လွှင့်ထုတ်သမျှ
တိတ်တဆိတ်ခံယူသူ…

အမှား ဆိုရင် အမှား၊ အမှန်ဆိုရင်တော့ အမှန်၊ အချစ်အတွက် အဆစ်ကလေးပေး ဘယ်တော့မှ ဘက်မလိုက်သူ…

လောကဓံမုန်တိုင်းတွေ ကြမ်းချင်သလောက်ကြမ်း၊ မောပြီဟေ့လို့ မှော်ရုံတောမှာ မထားခဲ့သူ…

သံသာလေ ကမ်းတိုင် ♫ ရွှေသစ္စာ (မဏ္ဍိုင်)၂ တူပြိုင်ပြိုင် စိုက်စို့မောင်ရယ် ♪
အော်..♫ မခိုင်လို့ ကျိုးတောင်မှ ♪(တိုင်ဖိုးကို)၂ လျော်ပါ့မယ်… ♪♪ ဆိုတဲ့ သီချင်းမျိုးပင် မဆိုစေလိုသူ…

ရိုးရိုးကြီး… သူ၊
လွတ်လွတ် ချစ်သူ…

(ကိုဧရာအတွက် မွေးနေ့ အမှတ်တရ)

Monday, November 8, 2010

နှုတ်ဆက်ပါတယ်ဆရာ

ပုံရိပ်ဟောင်းများ - ၁ ကို ရေးနေစဉ်က အော်တိုစာအုပ်ဟောင်းလေးကို ထုတ်ကြည့်တော့ ကွယ်လွန်သွားကြပြီ ဖြစ်တဲ့ ဆရာ၊ ဆရာမတွေရဲ့ စာမျက်နှာတွေအရောက်မှာ ကိုယ့်စိတ်ကို ကိုယ် တည်ငြိမ်အောင် သတိထားဆောက်တည်ခဲ့ရပါတယ်။ အထူးသဖြင့် ဆရာကြီး ဒေါက်တာစန်းတင့်နဲ့ ဆရာမဒေါ်ညွန့်ညွန့်ရီတို့ရဲ့ စာမျက်နှာတွေပါ။ အော်တိုမှာ မပါတဲ့ ဆရာ၊ ဆရာမတွေရဲ့ ရုပ်ပုံလွှာတွေကိုလည်း စိတ်အာရုံမှာ ပြန်လည် ပုံဖော်ရင်း အောက်မေ့သတိရခဲ့ပါတယ်။

နောက် မနှစ်က ၂၀၀၉ခုနှစ်ကမှ လုပ်ခဲ့တဲ့ အာစရိယပူဇော်ပွဲ လက်ကမ်းစာစောင် စာမျက်နှာတွေကို ဆက်ပြီး လှန်လှောနေမိပါတယ်။
*****
ဆရာနဲ့ စတွေ့တာ ကျမတို့ ဒုတိယနှစ်။ စက်မှှုဌာနက ဖြစ်တဲ့ဆရာက Engineering Drawing နဲ့ Engineering Mechanics နှစ်ဘာသာကို သင်ပါတယ်။ ဆရာရဲ့ ထူးခြားချက်ကတော့ စာသင်လာရင် ရောင်စုံမြေဖြူတွေ တပွေ့တပိုက်နဲ့ လာတတ်ပြီး၊ ကျောက်သင်ပုန်းပေါ်မှာ ရေးချလိုက်တဲ့ ဆရာ့လက်ရေးလေးတွေ၊ ဆွဲချလိုက်တဲ့ မျဉ်းကွေးတွေ မျဉ်းဖြောင့်တွေရဲ့ တိကျ သေသပ် လှပမှုတွေနဲ့ တပည့်တွေကို သင်ခန်းစာတွေဆီ ဆွဲခေါ်တတ်ခြင်းပါပဲ။ ကျောင်းသားကျောင်းသူတွေ ပုံစံမကျလို့ ကရုဏာဒေါသောနဲ့ ဆူရ ကြိမ်းရရင်လည်း  နာသွား၊ မှတ်သွားအောင်ကို အပီအပြင်ပြောတတ်သူ။ ကော်ရစ်ဒါမင်းသမီးတွေလို့ ဆရာ ဆူခဲ့တာ၊ နောက်မကြာမီ အချိန်မှာပဲ ဆရာ့ကို ကျေးဇူးတင်ရကောင်းမှန်း သိခဲ့ပါတယ်။ ဆရာ့ကို မျက်နှာလိုက်တတ်သူ အဖြစ်လည်း အချို့က ငြိုငြင်ခဲ့ကြပါသေးသတဲ့။ ငယ်ရွယ်သူတွေရဲ့ မရင့်ကျက်မှုတွေအတွက် ဆရာအပြစ်မယူဘူးလို့ အကြွင်းမဲ့ ယုံကြည်သလို၊ ဆရာ့ဘက်ကလည်း “မမှားသောရှေ့နေ၊ မသေသောဆေးသမား” ဆိုရိုးစကားအလား သေးသေးမွှားမွှား ချို့ယွင်းချက်လေးများ ရှိခဲ့ပါလျှင်လည်း အတုံ့အလှည့် မယူ ကြည်ဖြူပါတယ်လို့ နှုတ်ဆက်လိုက်ပါတယ်.. ဆရာ အေးချမ်းပါစေ…


ဆရာ့ နှုတ်ဆက်စကား  ... "တို့ မြန်မာနိုင်ငံကို သုညကနေ ပြန်စ ကြပါစို့ကွာ ... ဆရာ ကတော့ မြန်မာလေးတွေကို စာသင်ပေးရင် လူ့ဘဝက ထွက်တော့မယ်လို့ အဓိဋ္ဌာန် ချထားပါတယ်။"

07/ 11/ 2010 ရွေးကောက်ပွဲနေ့မှာ ကွယ်လွန်ခဲ့တဲ့ ဆရာဦးသိန်းထွန်းအောင်သို့...

Sunday, November 7, 2010

ရွေးကောက်ပွဲနေ့

အိမ်၏ဘေးခန်းတွင် ဖွင့်ထားသည့် ဆေးခန်းအလယ်… ဧည့်ခန်းကနေ ရွှေ့ယူလာသည့် စားပွဲပေါ်မှာ ရွေးကောက်ပွဲ မတိုင်မီ ကာလများဆီက ထုတ်ဝေခဲ့သည့် ဂျာနယ်၊ စာစောင်တွေက တောင်ပုံယာပုံ… ဘေးနံရံမှာပါ စာအုပ်အငှားဆိုင်များ၏ အထားအသိုလို ကြိုးတန်းတွေ တန်းပြီး ချိတ်ဆွဲထားရသေးသည်။ ကိုယ့်အလှည့်ကို စောင့်ဆိုင်းနေရသည့် လူနာများနှင့် အဖော်လိုက်ပါလာသူများအား နိုင်ငံရေး အယူအဆများ မမောတန်းဒိုင်ခံပြောရင်း ဧည့်ခံနေသည့် ဖခင်ကြီးလည်း သားဆရာဝန်ဆေးခန်းမှာ ဂျူတီဝင်လျက်။ ခေါင်းတဆတ်ဆတ်နှင့် ငြိမ်၍ နားထောင်နေသူများ၊ အပြန်အလှန်ဆွေးနွေးသူများနှင့် ကိုယ်လုပ်ရမည့် အလုပ်တခုအပေါ် စိတ်ဝင်စားမှု ကိုယ်စီဖြင့် ညနေပိုင်းအချိန်များသည် နေ့စဉ်ရက်ဆက် ဆိုသလို အသက်ဝင်နေခဲ့သည်။ နောက်တနေ့ မလာတော့သည့် လူနာ ဆိုရင်တော့ သဘောပေါက်လိုက်ပြီ သူက တ.စ.ည။ အင်္ကျီအဖြူ၊ လုံချည်အပြာလေးတွေ ၀တ်ထားသည့် အမျိုးသမီးငယ်တသိုက် အိမ်ထဲဝင်လာကြပြီး ကျမတို့ တ.စ.ည ပါတီ ရွေးကောက်ပွဲ ရန်ပုံငွေအတွက် လက်ဖက်သုတ် အားပေးပါဦး အန်တီ ဆိုတော့ အမေက နှစ်ထုတ်လား သုံးထုတ်လား ၀ယ်ထားလိုက်သည်။

အလုံမြို့နယ် သည်လောက်ကျယ်မှန်း ရွေးကောက်ပွဲ စည်းရုံးရေးကာလ ရောက်မှ သိရတော့သည်။ ရွာရိုးကိုးပေါက် လျှောက်သွားခဲ့သည်။ မဲရုံက ကိုယ်မူလတန်းပညာသင်ကြားခဲ့သည့် အ.မ.က ကျောင်း။ မဲပုံးစောင့် အမျိုးသားတယောက် အမျိုးသမီးတယောက် လာခေါ်တော့ သူ့အလုပ်တွေနဲ့သူ အချိန်ပြည့် အလုပ်ရှုပ်နေသည့် အကိုကြီးက ပုဆိုးလေး ဖုတ်ဖတ်ခါပြီး ပေါ့ပေါ့ပါးပါး လိုလိုလားလား ထလိုက်သွားခဲ့သည်။ နောက် မျက်စောင်းထိုးအိမ်က ရဲမေဟောင်း အန်တီ…။ အလုပ်လုပ်စဉ်က မြန်မာချည်ချိတ်လုံချည်လေးတွေ နေ့စဉ်ဝတ်လို့ ရုံးတက်ခဲ့သည့် အန်တီ… သူ ၀တ်နေကျ ချည်အချိတ်လုံချည်လေးနှင့်ပင် ထွက်လိုက်လာသည်။ အဖြူအစိမ်းမဟုတ်သလို ပင်နီပင် ၀တ်မထား။ ဘယ်မလဲ ပါတီစွဲ။ ထိုနေ့က အိမ်နဲ့ မဲရုံရှေ့နား ဘယ်နှစ်ခေါက်မှန်းမသိ ကူးလူးခေါက်တုံ သွားနေခဲ့သည်။
(မဲပေးဖူးသလား မေမေ ဟု မေးလာသည့် သားကြီးသို့… ၁၉၉၀ ရွေးကောက်ပွဲအကြောင်းအမှတ်တရ)

***** ***** *****
၁၉၉၀ ရွေးကောက်ပွဲကာလ အချိန်တစ်ချို့ကို ပြန်အမှတ်ရမိတယ်။ ဘယ်ပါတီမှ မ၀င်ထားပေမယ့် သူငယ်ချင်းတွေစုပြီး တစ်အိမ်တက်ဆင်း စည်းရုံးရေး ဆင်းခဲ့ကြဖူးတယ်။ အိမ်တွေကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီး လက်ဖက်သုတ်, ရေနွေးကြမ်းနဲ့ ဧည့်ခံကြတယ်။ လူတိုင်းဟာ စိတ်လှုပ်ရှားနေခဲ့ကြတယ်။ စိတ်ဝင်စားနေခဲ့ကြတယ်။

ရွေးကောက်ပွဲအကြိုညမှာ အချို့ပါတီတွေက “သူတို့ပါတီကို မဲထည့်ဖို့ ဆုံးဖြတ်ထားတဲ့သူများ NLD ပါတီကိုပဲ မဲပေးကြပါတော”့လို့ လှည့်ပြီး စည်းရုံးနေတာကို ကြားရတော့ ကြက်သီး တဖြန်းဖြန်း ထခဲ့မိတယ်။ သူတို့ပါတီအနိုင်ရရေးထက် “ဒီမိုကရေစီ အင်အားစုတွေ မဲပြားသွားမှာ” စိုးရိမ်ခဲ့ကြတယ်။

ရွေးကောက်ပွဲနေ့ မနက်မှာတော့ တစ်အိမ်လုံး အစောကြီးထကြပြီး မဲရုံကို သွားကြတယ်။ ကိုယ်လိုပဲ အခြားသူတွေ အတော်များများလည်း အစောကြီး မဲရုံမဖွင့်ခင်ကတည်းက ကြိုရောက်နှင့် နေကြပြီ။ မဲပေးဖို့ တန်းစီနေတဲ့ လူတွေရဲ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုတွေ, ပျော်ရွင်မှုတွေကို ပြန်မြင်ယောင်နေမိတယ်။ မဲထည့်အပြီး အိမ်ကို တန်းမပြန်သေးဘဲ မြို့ထဲကို လမ်းလျှောက် ထွက်ခဲ့တယ်။ အံသြစရာ ကောင်းလောက်အောင် မန္တလေးမြို့ကြီးက တိတ်ဆိတ်နေတယ်။ လမ်းတွေပေါ်မှာ လူတွေ, ကား, စက်ဘီး, ဆိုင်ကယ်တွေ မတွေ့ရသလောက် ငြိမ်သက်နေတယ်။ တည်ကြည် ငြိမ်သက်နေတဲ့ မန္တလေးမြို့ရဲ့ မြင်ကွင်းကိုကြည့်ရင်း “မကြာမီမှာ မှန်ကန်တိုးတက်တဲ့ လမ်းကြောင်းပေါ်ကို ရောက်တော့မှာပါလား” ဆိုတဲ့ အတွေးဝင်လာပြီး ဒီအဓိပ္ပါယ်တွေရဲ့ နိမိတ်ပုံရိပ်လေအလား ပီတိဖြစ်ခဲ့ရတယ်။

*****
၁၉၉၀ ရွေးကောက်ပွဲမှာ (တစညအပါအ၀င်) ရှုံးနိမ့်ခဲ့တဲ့ ပါတီတွေက NLD ဟာ ညစ်တယ်, ရွေးကောက်ပွဲ ကော်မရှင်ဟာ ဘက်လိုက်တယ်လို့ စွတ်စွဲတဲ့အသံတွေ မကြားမိခဲ့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲကတော့ မစခင်ကတည်းက တစညပါတီလို အစိုးရအပေါ် အလွန်သဘောထားကြီးတဲ့ ပါတီတွေကတောင် မသမာမှုတွေ, ညစ်ညမ်းမှုတွေ, ဘက်လိုက်မှုတွေကို ပြောဆိုနေပါပြီ။ ဒီမိုကရေစီအင်အားစုဆိုတဲ့ သူတွေရဲ့ စည်းရုံးရေးလှုပ်ရှားမှုတွေကို တီဗွီမှာ မြင်လိုက်ရပြန်တော့ အော်လံနဲ့ ဆေးလှည့်ရောင်းတဲ့သူတို့သာသာ အခွင့်ရတာ တွေ့လိုက်ရတယ်။ ဘေးကလူများကလည်း စိတ်ဝင်စားဟန် အလျဉ်းမရှိ။ ရသမျှ နိုင်ငံရေး space လေးကို ယူပြီး ပြည်သူတွေရှေ့က မားမားမတ်မတ်ရပ်မယ်ဆိုတဲ့ သူတို့စိတ်စေတနာကို အားနာပေမယ့်၊ သူတို့ပြောတဲ့ space ဟာ ၈၈-အရေးအခင်းအကြိုကာလ စာတွေဝေ, စာတွေကပ်ခဲ့ကြတဲ့ လှုပ်ရှားမှုတွေ လောက်တောင် ဂုဏ်သိက္ခာမရှိပါလားလို့ ကရုဏာ ဖြစ်မိပါတယ်။ ဒီလောက် မမျှတ, မသမာ, မလွတ်လပ်, မတရားတဲ့ ရွေးကောက်ပွဲကိုမှ သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲပါလို့ ဆိုကြမယ် ဆိုရင်ဖြင့် “တို့နိုင်ငံမှာ ဘာလုပ်လုပ် တရားမျှတတယ်” ဆိုတဲ့ အဓိပ္ပါယ် ရောက်သွားပေလိမ့်မယ်။ ၁၉၉၀ ကနေ ၂၀၁၀ ဆိုတဲ့ အနှစ် ၂၀ ကာလအကြာမှာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုကတော့ မအီမသာ အော်ဂလီဆန်စရာပါ …. ။

*****

Wednesday, November 3, 2010

ပုံရိပ်ဟောင်းများ - ၁

ပုံရိပ်ဟောင်းများ တဲ့ ကေ က တဂ်ပါတယ်။
ဒီတဂ်ပို့စ်ကို အပိုင်းခွဲပြီး ရေးမယ် စိတ်ကူးပါတယ်။

အချို့လူများ မှတ်ဉာဏ် သိပ်ကောင်းပါတယ်။ အချို့ကတော့ မေ့မေ့ပျောက်ပျောက် နေတတ်တဲ့ သဘာဝရှိပါတယ်။ အချို့ကလည်း အစ လေး ဖော်ပေးရတယ်။ အချို့များကျတော့ မှတ်မိနေအောင် ခဏခဏ ပြန်စဉ်းစားနေတတ်တယ်…။

နောက်ဆုံးနှစ်က အော်တို စာအုပ်လေးနဲ့ စ ပါရစေ…။
လာမည့် ဒီဇင်ဘာမှာ ကျင်းပမည့် ဆရာကန်တော့ပွဲ အကြိုလည်း ဖြစ်အောင် ဆရာတို့ရဲ့ အမှတ်တရ စကားလေးတွေကို ဆလိုက်ရှိုးနဲ့ တင်ထားပါတယ်။ စာအုပ်က နောက်ဆုံးနှစ်မှ ထုတ်တာဖြစ်တဲ့အတွက် ပထမနှစ်နဲ့ ဒုတိယနှစ်က ဆရာ၊ ဆရာမတွေရယ်…၊ တတိယနှစ် စတုတ္ထနှစ်က minor ဘာသာသင်တဲ့ ဆရာ ဆရာမတွေရဲ့ အမှတ်တရ ရုပ်ပုံတွေ မပါတော့ပါဘူး။
YIT AutoGraph 1993-94
ဆလိုက်ရှိုးကြည့်ရန် ပုံကို ကလစ်နှိပ်ပါ။
ဘယ်ဆရာတွေက ဘယ်ဘာသာ သင်တယ် ဆိုတာကို ပြန်ပြောင်းအောက်မေ့ သတိရနိုင်အောင် Grading Certificate ကိုပါ တင်ပေးလိုက်ပါတယ်။ ကိုယ်ပိုင် အချက်အလက်တွေကို ဖျက်ထားလိုက်ပေမဲ့ စာသင်နှစ်တွေကိုတော့ ဘယ်လိုဆိုတာ အများသိရအောင် ချန်ထားလိုက်ပါတယ်။

သူငယ်ချင်းတွေ ရေးပေးတဲ့ အထဲကတော့ တခုကိုပဲ တင်လိုက်ပါတော့တယ်။
(ခဲတံနဲ့ ရေးထားတာက ကျောင်းသူ ကျောင်းသားတို့ သဘာဝ အချင်းချင်း နောက်ပြောင်ထားကြတာပါ။)
အော်တိုထဲမှာ ပါတဲ့ ကာတွန်းလေးတွေ…
ကျောင်းတော်သာမှာ သုံးဆောင်ခွင့်ရခဲ့သော ပညာရင်နို့မှ ဖြစ်သောအားကို လောကနှင့် လူသားများ ကောင်းကျိုးအတွက် အသုံးချသူများ၊ အသုံးမချနိုင်သူများ အားလုံးကိုယ်စား ပုံရိပ်ဟောင်းမျာ…. ဆက်ရန်

ပုံရိပ်ဟောင်းများ (၂)

Thursday, October 14, 2010

မင်္ဂလာ နံနက်ခင်း

“နံနက်ခင်းတွင် ကိုယ် နှုတ် စိတ် သုံးပါးဖြင့် ကောင်းသော အကျင့် သုစရိုက်ကို ကျင့်သူအား ကောင်းသော နံနက်ခင်း (သုပုဗ္ဗဏှ) ဖြစ်သည်” ဟု အင်္ဂုတ္တရနိကာယ် တိကနိပါတ် ပုဗ္ဗာဏှသုတ်တွင် ခပ်ကျဉ်းကျဉ်း ဟောကြားထားပါသည်။ ကိုယ်နှုတ်စိတ်သုံးပါးဖြင့် ကောင်းအောင် ကျင့်ကြံသူအတွက် နေ့ကောင်းရက်သာ ရွေးချယ်နေရန်မလို။ ထို့သို့ ကျင့်ကြံနေသမျှ အခါခပ်သိမ်း နက္ခတ်ကောင်းနှင့် ပြည့်စုံနေသည်။ အခွင့်အလမ်းကောင်းများလည်း လမ်းပွင့်နေသည်ဟု ဆိုလိုသည်။

သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

(ထိုသို့ သုစရိုက်နှင့် ပြည့်စုံနေသော နံနက်ခင်းသည်)
နက္ခတ်ကောင်း, မင်္ဂလာကောင်း, မိုးသောက်ကောင်း, ထခြင်းကောင်း
ခဏကောင်း, အချိန်ကောင်း ဖြစ်သည်။
မြတ်သောအကျင့်ရှိသူအား ကောင်းသောပူဇော်ခြင်း ဖြစ်သည်။

ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။

မြတ်သော ကာယကံ, မြတ်သော ဝစီကံ၊
မြတ်သော မနောကံ၊ မြတ်သော ရည်ရွယ်ဆောက်တည်မှု ဖြစ်ပါစေ။

ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရုဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

ကောင်းမြတ်ခြင်းတို့ကို ပြုခြင်းကြောင့်၊ ကောင်းမြတ်သော အကျိုးတရားတို့ ရ၏။
သင့်အား ထိုကောင်းမြတ်သော အကျိုးစီးပွားတို့ ရရှိပါစေ။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ၍ ဗုဒ္ဓသာသနာတွင် တိုးတက်ကြီးပွားကြပါစေ။
အလုံးစုံသော ဆွေမျိုးတို့နှင့် အတူတကွ အနာရောဂါကင်း၍ ချမ်းသာခြင်းသို့ ရောက်ကြပါစေ။

ပရိတ်ကြီး ၁၁-သုတ်၏ နောက်ဆုံး ပုဗ္ဗာဏှသုတ်တွင် ဤဂါထာ သုံးပုဒ်ကို ထည့်သွင်းထားပါသည်။ ကောင်းသော နံနက်ခင်း, ကောင်းသော နေ့လည်ခင်း, ကောင်းသော ညချမ်းဖြစ်စေရန် ကိုယ်နှုတ်နှလုံး သုံးပါးဖြင့် သုစရိုက်တရားများကို ကျင့်ကြံကြရန် တိုက်တွန်းထားခြင်း ဖြစ်ပါသည်။

စာညွှန်း။
၁။ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ မင်္ဂလဝဂ်၊ ပုဗ္ဗာနသုတ် (အံ-၃-၁၅၆)
၂။ ဆယ်စောင်တွဲသင်တန်း မြန်မာပြန်ကျမ်း - ဆရာတော်ဦးပညာသာမိ (မာဂဓီ-သာစည်)

Friday, October 1, 2010

ကလေးများနေ့ ဆုတောင်း

စင်္ကာပူ ကလေးများနေ့မှာ...
အမိ ၀မ်းကြာတိုက်ထဲမှ ကလေးများ
မိစုံဘစုံရှိ ကလေးများ၊ မိမစုံ ဘမစုံကလေးများ
(ကိုယ်ရောစိတ်ပါ) ကျန်းမာသော ကလေးများ၊ မကျန်းမာသော ကလေးများ
(ကိုယ်ရောစိတ်ပါ) ချမ်းသာသော ကလေးများ၊ မချမ်းသာသော ကလေးများ
လူဖြစ်ခွင့်ရသော ကလေးများ၊ လူဖြစ်ခွင့်မရသော ကလေးများ အားလုံးကို
လူပီသသော လူကြီးများဖြစ်ကြပါစေလို့
ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

ဖြူချင်ဖြူလည်း မဲချင်မဲပေါ့ ဒို့ငြိမ်းချမ်းစွာ ကွဲလွဲမယ်


မြန်မာနိုင်ငံ ကလေးများနေ့မှာ ဖေဖေါ်ဝါရီလ(၁၃)ရက်၊ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) ဖြစ်ပါတယ်။
The World Conference for the Well-being of Children in Geneva, Switzerland proclaimed June 1 to be International Children's Day in 1925.

Monday, September 27, 2010

ဟော..ဟိုမှာ

မနေ့က ကိုဧရာနဲ့အတူ ပွဲတက်ပါတယ်။ စာပေဟောပြောပွဲကိုပါ။ ဟုတ်ကဲ့ ဘလော့ဂ်ဂါသူငယ်ချင်းတွေလည်း ပါပါတယ်။ (ချစ်ကြည်၊ အင်ကြင်း၊ ဇွန်၊ ညိဳ၊ မိုးမိုး၊ တီဇီအေ)။ မသီတာတို့ ဆံဖြူလို့ ဒရွတ်ဆွဲနေပြီ ဖြစ်ပေမဲ့ ဒီပွဲတက်ရလို့ တက်ကြွနေလိုက်ပုံများကတော့ မယုံနိုင်လောက်စရာပါ။ ခန်းမကျယ်ကြီးရဲ့ အလယ်ကောင်ကျကျနေရာမှာ ထိုင်ပြီး ဟော..ဟိုမှာ သက်ဝေ၊ ဟိုမွာဟိုမွာ တန်ခူး၊ ဟယ် မမ K-မမ အမယ် သူက ဆရာကြီးတွေနဲ့ ဓာတ်ပုံတွဲရိုက်နေတာ… မမတယောက်ကတော့လေ သန်တုန်း မြန်တုန်း။ ဟယ် ပန်ပန်…ပန်ပန် ဒို့နားလေး လာထိုင်သတော့…။ ရွှန်းမီ… ရွှန်းမီ ဟိုမှာ ဟိုမှာ… နဲ့။ လက်ညှိုးတထိုးထိုးနဲ့ ဖြစ်နေလိုက်ပုံများ…။ ဘေးနားက ကိုဧရာက "သီတာကလည်း..." လို့ ဆိုလိုက်တော့… ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေ မောင့်ဝမ်းထဲမှာ ရှိသလဲ ဆိုတာ သိပြီးသားမို့ အသာပြန်ပြီး ငြိမ်နေလိုက်ရပါတယ်။ စာဖတ်ပရိသတ်ကြီးပါ သိသွားအောင် ရေးပြရရင်…
 

*****
ကိုဧရာတို့ အဖိုးပေါ့…ဘုန်းကြီးလူထွက်၊ လူဖြောင့်၊ လက်တွေ့မှ ယုံနိုင်မယ် ဆိုတဲ့ လူ့ဂွစာကြီး...။
ဂျပန်ခေတ် ကောင်းကင်ပေါ်မှာ စစ်လေယာဉ်တွေက တဝေါဝေါနဲ့...။ သူက ဘယ်တော့မှ ဗုံးခိုကျင်းထဲ မဝင်လိုဘူး။ သတ္တိက ဒီလို မခေဘူးဆိုတဲ့ အစားထဲက...။ အမှန်ကတော့ သူက သူ့အယူအဆနဲ့သူ...။

ဒီနေရာမှာ ငယ်စဉ်က သူ့သတ္တိအကြောင်း တစေ့တစောင်း ဖော်ပြပါရစေ။ ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမားအရေးတော်ပုံကြီးဖြစ်တော့ အမျိုးသားရေးစိတ်ဓာတ်တွေ တက်ကြွလာပြီး၊ ကိုယ့်နိုင်ငံကိုယ့်လူမျိုးတွေ အဖိနှိပ်ခံဘဝက လွတ်မြောက်ရေးကြိုးပမ်းဖို့ အရေးတော်ပုံကြီးထဲ ပါသွားလိုက်ကြတာ…။ သူလည်း အားကျပါတယ်။ ကိုရင်ဝတ်ကြီးနဲ့မို့ တော်လှန်ရေးကြီးအတွက် သည်သင်္ကန်းကို စွန့်ရတော့မယ်ဆိုရင်လည်း စွန့်ဖို့အထိ စိတ်ကို ပိုင်းဖြတ်ပြီးပါပြီ။ သေချာရေရာလိုတဲ့ ဗီဇစိတ်ရှိသူမို့၊ အရာရာကို မစွန့်လွှတ်မီ တော်လှန်ရေးရဲဘော်တွေ ဆောင်ကြတဲ့ အင်းအိုင်လက်ဖွဲ့တွေကို အဝတ်စလေးနဲ့ ထုတ်ပြီး သစ်ပင်မှာ ကြိုးကလေးနဲ့ ချည်ပါတယ်။ နောက် အဲ့ဒီအထုတ်လေးကို တည့်တည့်ချိန်ပြီး လုပ်သေနတ်နဲ့ ပစ်ချလိုက်တဲ့ အခါမှတော့ အထုတ်လေးဟာ တစစီလွင့်သွားလိုက်တာ အစအန ဘယ်နား လိုက်ကောက်ရမှန်းတောင် မသိတော့တာမို့ သူလည်း တော်လှန်ရေးထဲ မဝင်ဖြစ်ခဲ့တော့ပါဘူး။

သူ့အယူအဆက ဗုံးခိုကျင်းထဲဝင်လည်း ဗုံးကကျင်းပေါ်တည့်တည့်ကျရင် သေမှာပဲ…တဲ့။ ဗုံးဆိုတာမျိုးက လေယာဉ်ပေါ်ကနေ ပစ်ချလိုက်ရင် ဘယ်တော့မှ အောက်တည့်တည့်ကို မကျဘူးဆိုတာ သိထားပြီးပြီ။ ဒါ…ဟုတ်ပါတယ် သူ့မျက်မြင်ကိုယ်တွေ့ပါ။ ကျွဲညီနောင် လာပြီဟေ့ အသံကြားတာနဲ့ သူက ရွာပြင် သင်္ချိုင်းက အုတ်ဂူနှစ်လုံးကြားပက်လက်လှန်အိပ်ပြီး ကျဲချလိုက်တဲ့ ဗုံးတွေရဲ့ အသွားအလာကို လေ့လာထားပြီးပါပြီ။ projectile အကြောင်း စာတွေ့လက်တွေ့ မသင်ဖူးပေမဲ့၊ မျက်တွေ့တော့ အမှန်တကယ် သိသူပါ။

တခါတော့ ရွာနားမှာ ဂျပန်နဲ့ မဟာမိတ်တပ်တွေ အနီးကပ်တိုက်ပွဲဖြစ်ပါတယ်။ သူက သူများတွေလို ဗုံးခိုကျင်းထဲမပုန်းဘဲ သစ်ပင်ပေါ်တက်ပုန်းတယ်။ သစ်ပင်ပေါ်ကနေ နှစ်ဖက်စလုံးကို မြင်နေရပါတယ်။ မဟာမိတ်တပ်သားတွေနဲ့တော့ ပိုနီးတယ်ပေါ့။ သစ်ပင်ပေါ်ကနေ ဂျပန်စစ်သားတွေရှိတဲ့နေရာကို ဟော့..ဟိုမှာ တယောက်၊ ဟောဟိုမှာ တယောက်နဲ့ လက်ညှိုးထိုးထိုးပြပါတယ်။ မိန်းမလုပ်သူက မနေနိူင်ဘူး။ "ရှင့်ကို ဂျပန်တွေကပစ်ချလိုက်လိမ့်မယ် ဆင်းခဲ့ပါ" လို့ သတိပေးရသတဲ့…။

Saturday, September 25, 2010

ဂန္ဓာရနှင့် အယုဒ္ဓယမှ ဘုရားပျက်များ

“ရွှေမှန်ကင်းက ထင်းဖြစ်ရသည်” ဆိုသည်မှာ အဆန်းတော့ မဟုတ်ပါ။ အလွန်စည်ကားလှသော မင်းနေပြည်ကြီးသည်ပင် မြို့ငယ်ရွာငယ်လေးအဖြစ် သေးသိမ်တိမ်ကောသွား တတ်ပါသည်။ ထိုအခါတွင် “ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော သင်္ခါရတရားတို့သည် စင်စစ် မမြဲ” ဟု သံဝေဂတရားဖြင့် ဖြစ်စေ၊ “ငါ့လူမျိုး, ငါ့နိုင်ငံ” ဟူသော မာန်မာနတရားဖြင့်ဖြစ်စေ ရှုမြင်နိုင်သည်။ ဂန္ဓာရနှင့် အယုဒ္ဓယမှ ဘုရားပျက်များအား ကြည့်၍ သံဝေဂယူကောင်း ယူနိုင်သည်။ မာန်မာန, ဒေါမနဿတရားများ ပွားကောင်း ပွားနိုင်သည်။

ဂန္ဓာရဒေသသည် တရုတ်ပြည်နှင့် အနောက်ဖက်မှ ပါရှား, ဂရိစသော နိုင်ငံများကို ဆက်သွယ်ပေးရာ Silk Road ခေါ် ကုန်သွယ် လမ်းကြောင်းပေါ်တွင်ရှိ၍ ယခုခေတ် ပါကစ္စတန်နှင့် အာဖကန်နစ္စတန် နိုင်ငံတို့ရှိသော ဒေသဖြစ်သည်။ ထိုလမ်းကြောင်းမှပင် ဂရိနိုင်ငံပြည့်ရှင် Alexander the Great က ပါရှားနှင့် အိန္ဒုမြစ်ဝှမ်းဒေသကို ချီတက် သိမ်းပိုက်ခဲ့ဖူးသည်။ ထိုလမ်းကြောင်းမှပင် မဂဓတိုင်းပြည့်ရှင် အသောကမင်းကြီးက ဂန္ဓာရတိုင်းနှင့် ဂရိနိုင်ငံ ယောနတိုင်း (Ionian) တို့ကို ဗုဒ္ဓသာသနာပြုခရီး စေလွှတ်ခဲ့သည်။ ထို့ကြောင့် ဂန္ဓရာတိုင်းသည် ဂရိယဉ်ကျေးမှု အတွေးအခေါ်များ နှင့် ဗုဒ္ဓသာသနာတို့ ပေါင်းဆုံမိရာ ဒေသဖြစ်သည်။ ထိုသို့ပေါင်းဆုံမှု၏ ရလဒ်တခုသည် မိလိန္ဒပဉှာကျမ်းဖြစ်၍၊ အခြားတခုမှာ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ ထုလုပ် ကိုးကွယ်ခြင်းပင် ဖြစ်သည်။

ဂန္ဓာရကို ကိုယ်တိုင် မရောက်ဖူးပါ။ ပြင်သစ်နိုင်ငံ မြို့ငယ်လေးတခုတွင် ဓာတ်ပုံဆရာတဦးက သူရိုက်ထားသော ဓာတ်ပုံအယ်ဘမ် စာအုပ်များကို ထုတ်ပြရင်း၊ ဤဂန္ဓာရဒေသမှ ရပ်တော်မူ ဆင်းတုတော်ကြီးနှင့် အတူရိုက်ထားသော ဓာတ်ပုံနှစ်ပုံကို ထုတ်ပြသည်။ တစ်ပုံမှာ Bamiyan ခေါ် တောင်ကြားဒေသ ကျောက်နံရံကြီးများအား ထွင်း၍ ထုလုပ်ထားသော ဉာဏ်တော် ပေ-၁၈၀ နီးပါးရှိသော ရုပ်ပွားဆင်းတုတော်ကြီး၏ ရှေ့တွင် ရိုက်ထားသော ပုံဖြစ်သည်။ မပျက်စီးသေးဘဲ ကျန်ရှိနေသည့် ရပ်တော်မူ ရုပ်ပွားဆင်းတုတော်ကြီး နှစ်ဆူအား UNESCO အဖွဲ့ကြီးက ကမ္ဘာ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ နိုင်ငံတကာ ခရီးသွားများနှင့် ဘုရားဖူးဧည့်သည် အများအပြား လာရောက် ဖူးမြှော် လေ့လာကြသောကြောင့် အာဖကန်နစ္စတန်နိုင်ငံအတွက် ဝင်ငွေရှာပေးသော နေရာလည်း ဖြစ်ခဲ့ပါသည်။ သို့သော် တာလီဘန်တို့က ထိုရုပ်ပွားတော်ကြီးများ တည်ရှိနေခြင်းအား အရှက်ရစရာ တခုအဖြစ်မြင်ခဲ့သည်။ UNESCO နှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်းပန်ကြားခဲ့ကြသည်ကို ဂရုမစိုက်ဘဲ တာလီဘန်တို့က ဆင်းတုတော်ကြီး နှစ်ဆူအား ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသည်။ ထိုသို့ ဖျက်ဆီးပြီးစအချိန်တွင် ဓာတ်ပုံဆရာသည် အာဖဂန်နစ္စတန်သို့ ထပ်မံသွားရောက်၍ ဖျက်ဆီးထားသော ရုပ်ပွားတော် ရှိရာနေရာကို နောက်ခံထား၍ တာလီဘန်များနှင့် အတူ ဓာတ်ပုံရိုက်ခဲ့သေးသည်။ ထိုဓာတ်ပုံထဲမှ တာလီဘန်တို့၏ မျက်နှာတွင် သူတို့လုပ်ရပ်အတွက် ဂုဏ်ယူနေသည့် အသွင်ပေါ်လွင်နေသည်။ သူတို့လုပ်ရပ်သည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အရှက်ရစရာ ဖြစ်စေသည်ဟု စိုးစဉ်းမျှထင်ပုံမရ။ အကောင်းအဆိုး အမှားအမှန်ကို ခွဲခြားဝေဖန်နိုင်မည့် အသိဉာဏ် ကင်းမဲ့သွားလောက်အောင် မှိုင်းမိနေသူများ ပါပေတည်း။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ဟောင်းသို့ အလည်ရောက်ခဲ့ဖူးသည်။ ကမ္ဘာခရီးသွားဧည့်သည် အများအပြား လာရောက်တတ်သည့် နေရာဖြစ်သဖြင့်၊ အင်္ဂလိပ်စကားပြော လေ့ကျင့်လိုသော ထိုင်းကျောင်းသား, ကျောင်းသူလေးများက အခမဲ့ဧည့်လမ်းညွှန်အဖြစ် အယုဒ္ဓယမြို့ဟောင်း၏ သမိုင်းကို ရှင်းပြပေးတတ်ပါသည်။ ဘုရားရုပ်ပွား ဆင်းတုတော်ပျက်များကို လက်ညိုးဖြင့် ညွှန်ပြကာ အယုဒ္ဓယကို မြန်မာတို့ စစ်ဆင်စဉ်က ဘုန်းတော်ကြီးကျောင်းများ, ဘုရားများကို ဖျက်ဆီးခဲ့ကြပုံ, မြန်မာစစ်သားတို့၏ ရဟန်းသံဃာများ, မိန်းမများနှင့် ကလေးသူငယ်များအပေါ် ရက်စက်ခဲ့ကြပုံတို့ကို နာကျည်းသည့် လေသံဖြင့် ရှင်းပြ ကြသည်။ ထိုစဉ်က မြန်မာတို့ အယုဒ္ဓကို အနိုင်တိုက် နှိုင်ခဲ့ကြ၍ ဂုဏ်ယူလိုစိတ်နှင့်အတူ မြန်မာတို့၏ ရက်စက်ရိုင်းပျမှုအတွက် ရှက်စိတ်တို့ ရောပြွမ်းနေခဲ့သည်။ “မြန်မာလူမျိုးအများစုက ဘာသာတရား ကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေ… ဒီလို အလုပ်မျိုးတော့ တမင်လုပ်မယ် မထင်ဘူး… ။ စစ်ဖြစ်နေတာပဲ တဖက်နဲ့ တဖက် ပစ်ကြခတ်ကြ မတော်တဆဖြစ်တာ နေမှာပေါ့။ ပြီးတော့ ရှေးဟောင်းပစ္စည်း ခိုးထုတ်တဲ့သူတွေ ခေါင်းတော်တွေဖြတ်, ဌာပနာတွေ ဖောက်ယူကြတာကော မဖြစ်နိုင်ဘူးလား…။ ရဟန်းတော်တွေ, ကလေးငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်ဆိုတာ (သူတို့ဟာသူတို့ ဝါဒဖြန့်ဖို့ ဆွဲထားတဲ့) ပန်းချီကားတွေကလွဲလို့ အထောက်အထား ခိုင်ခိုင်မာမာမှ မရှိတာ” လို့ပဲ ရှက်စိတ်ကို ပေါ့အောင် ဖြေတွေးခဲ့ဖူးသည်။ ၂၀၀၇-ခု စက်တင်ဘာလ အရေးအခင်း နောက်ပိုင်းကာလတွင် အတွေးများ ပြောင်းသွားခဲ့သည်။ အကယ်၍ အယုဒ္ဓယရဟန်းတော်များသည် ရဟန်းတု ရဟန်းယောင်များသာဖြစ်လေဟန် မှိုင်းသွင်းပေးထားပါက ဆင်းတုတော်များကိုလည်း ဖျက်ဆီးခဲ့ကြပါလိမ့်မည်။ ရဟန်းတော်များအားလည်း သတ်ဖြတ်ခဲ့ကြပါလိမ့်မည်။

ဗုဒ္ဓသာသနာ တိမ်ကောပျောက်ကွယ်သွားသည့် ဂန္ဓာရဒေသတွင် ယဉ်ကျေးမှုအမွေအနှစ် ရုပ်ပွားဆင်းတုတော်ကြီးများ ပျက်စီး ဆုံးရှုံးခဲ့ရခြင်းသည် အဆန်းမဟုတ်ပါ။ လူတို့၏ စိတ်ဓာတ် အဆင့်အတန်းများ တစတစ နိမ့်ကျ ပျက်စီးသွားပါက ထိုလူ့ဘောင်လောကသည် အေးချမ်းသာယာမှု မရနိုင်။ ငြိမ်းချမ်းမှု မရှိသော နေရာဒေသတွင် သာသနာလည်း အရှည်မတည်နိုင်ပေ။
ဧရာ (မန္တလေး)
စာၫႊန္း
၁။ The Buddhas of Bamyan - Wikipedia.
၂။ Ayutthaya Kingdom - Wikipedia.

Wednesday, September 22, 2010

မြို့ပြလရောင်တမ်းချင်း

ဘလော့ဂ်ဆိုတာကို ဘာမှန်းမသိ ညာမှန်းမသိ ပုံဖော်နေတာ… အသက်ဝင်လာပုံကတော့ ဖွင့်ချထားတဲ့ ဒိုင်ယာရီပါပဲ…
တွေ့ကြုံခံစားမိတာလေးတွေ ရေးချဖြစ်တော့ ပို့စ်လေးတွေ ဖြစ်လာတယ်။
အဲ့ဒါတွေမှ မရေးရင်လည်း ဘလော့ဂ်ဟာ ရင်ဘတ်ဟောင်းလောင်းနဲ့ အကျည်းတန်လှတယ်…။
မနေ့က မမKOM အိမ်ဘက်ကနေ မျောလွင့်လာတဲ့ တိမ်တွေ ဒီနေ့မှ ဒီဘက်မှာ မိုးတွေအဖြစ်ရွာချထားလို့ အိမ်နောက်ဖေး ပန်းခြံထဲ အမှတ်မထင် လမ်းလျှောက်ဖြစ်တယ်။ အမှတ်မထင် ဆိုပေမဲ့ မိုးရွာပြီး အငွေ့အသက်ကို တို့ထိ ခံစားချင်နေမိတဲ့ အသွေးထဲ အသားထဲက တောင့်တချက်ကြောင့် ရောက်အောင် လျှောက်ခဲ့တဲ့ လမ်းပါ…။

သူတို့တွေ လမုန့်ပွဲတော် (Mooncake Festival) မှာ ပျော်ဝင်နေကြတယ်။ မနက်ဖန် လပြည့်နေ့ ကိုး…။

ကိုယ်တို့အနားမှာ တခါတလေလည်း ပြည့်ပြည့်၀၀ကြီးပြုံးလို့၊ တခါတရံလည်း ပြုံးတယ်ဆိုရုံ လဲ့လဲ့လေးပြုံးလို့ အေးမြတဲ့ အလင်းတွေ ပေးတဲ့ လသခင်ကို အချိန်များများ မေ့လျော့နေမိကြတာဟာ မွေးရာပါ အခွင့်အရေးတခုကို လက်လွှတ် အဆုံးရှုံးခံတဲ့ မိုက်မဲမှုပဲ လို့ ကိုယ့်ကိုကိုယ် အပြစ်ဆိုမိပါရဲ့။

ကိုတို့ ဆီမှာ ဘယ်လို…
ကျမတို့ ဆီမှာ ဘယ်လိုနဲ့
အပြိုင်အဆိုင်လုပြောနေကြတာတွေက လမုန့်ပွဲတော်အကြောင်းတော့ မဟုတ်ပြန်လေဘူး…
မီးပုံးလေးတွေ အပြိုင်အဆိုင် ထွန်းလို့ ကလေးတွေ ပျော်နေကြတာကို သားငယ်ကတော့ သီတင်းကျွတ်ပွဲတော်လို့ ဘယ်သိနိုင်ပါ့မလဲ

ဒီပွဲတော်ရောက်တိုင်း ဟိုလူကြီး ပြောပြတတ်တဲ့ ပုံပြင်လေး…
ဟိုးရှေးရှေး တရုတ်ပြည်ကို မွန်ဂိုတွေ သိမ်းပိုက်ထားတဲ့ အချိန်ကပေါ့၊ လူစုလူဝေးလည်း လုပ်ခွင့်မရတော့ တော်လှန်ရေးသမားတွေက “၈လပိုင်းရဲ့ လပြည့်နေ့မှာ မွန်ဂိုတွေကို တော်လှန်ကြ”လို့ တပ်လှန့်တဲ့ စာခေါက်လေးတွေကို လမုန့်တွေထဲထည့်ပြီး ဝေကြတယ်။ တကယ်လည်း အဲဒီလပြည့်နေ့မှာ မွန်ဂိုတွေကို တော်လှန်နိူင်ခဲ့ကြတယ်...တဲ့။


Get this widget | Track details | eSnips Social DNA
သီချင်းကို ဒီက ယူပြီး စာသားကို www.htooeainthin.com က ယူပါတယ်။

Sunday, September 12, 2010

ပျောက်ဆုံးသွားမှာ...စိုး...

- အစဉ်အလာအားဖြင့် ထိန်းသိမ်းလာသော ဓလေ့ထုံးတမ်းစဉ်လာ (ရိုးရာ ယဉ်ကျေးမှု)
- သိမ်မွေ့ ပြေပြစ်သော တတ်သိလိမ္မာမှု (စာပေ၊ အနုပညာ ယဉ်ကျေးမှု)
- တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း (မြို့ပြ ယဉ်ကျေးမှု)
- ခေတ်ရေစီးကြောင်း

စသည်ဖြင့် သူ့နေရာနှင့်သူ သုံးရမည့် ယဉ်ကျေးမှု၏အဓိပ္ပါယ်များစွာ အနက်မှ
ကောင်းအောင်လုပ်တာ ယဉ်ကျေးမှု ဟူသော ဆရာတော်ကြီးတပါး၏ အဆိုအမိန့်ကို မှတ်သားရင်း…

ကွမ်းယာ ယဉ်ကျေးမှု
အသားကင် ယဉ်ကျေးမှု
ဘီယာ ယဉ်ကျေးမှု

ကိုးရီးယားဇတ်လမ်းတွဲ ယဉ်ကျေးမှု
ကာရာအိုကေ ယဉ်ကျေးမှု
နိုက်ကလပ် ယဉ်ကျေးမှု

ကျူရှင် ယဉ်ကျေးမှု
စာသင်ဝိုင်း ယဉ်ကျေးမှု
ပရိုက်ဗိတ်ကျောင်း ယဉ်ကျေးမှု

နှစ်လုံး သုံးလုံး ယဉ်ကျေးမှု
ဘောလုံးပွဲ ယဉ်ကျေးမှု
လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှု

လက်ကိုင်ဖုန်း ယဉ်ကျေးမှု
အင်တာနက် ယဉ်ကျေးမှု
ဆေးမင်ကြောင် ယဉ်ကျေးမှု

အထူး,
ရှယ်,
ထူးထူးရှယ် ယဉ်ကျေးမှု
တွေကြား…

လူ ယဉ်ကျေးတွေ

ဝေးလွင့် မှုန်ဝါး
ပွန်းပဲ့ လျော့ပါး
လွတ်ကျ ကွဲရှသွားမှာ…

စိုးထိတ်
ရင်မော
အခါခါ နှမြောနေမိပေါ့

ဘလော့ဂ်ယဉ်ကျေးမှုမှာ စီးဝင်မျောပါလျက်…

Monday, September 6, 2010

ရွှေအသစ် တို့ရဲ့ သီတာ ခုနှစ်တန် သို့မဟုတ် မသီတာ(စမ်းချောင်း)

ရွှေအမြုတေ မဂ္ဂဇင်းမှာ ဖေါ်ပြထားတဲ့ စာရေးဆရာမ မသီတာ(စမ်းချောင်း) နဲ့ အင်တာဗျူးပါ။ ခေါင်းစဉ်လေး ပေးထားပုံကအစ ချစ်စရာကောင်း၊ စွဲဆောင်မှုရှိလှပါတယ်။

ဆရာမနှင့်တကွ အင်တာဗျူးစီစဉ်သူများကို လေးစားစွာဖြင့် S-Cဘလော့ဂ်မှ ထပ်ဆင့် ဝေမျှလိုက်ပါတယ်။
မသီတာ(စမ်းချောင်း)ကို မြင်ဖူးချင်တယ်။ စိတ်ဝင်စားတယ်လို့ ပြောထားဖူးတဲ့အတွက် အမှတ်တရ မေးလ်ပို့ပေးလာတဲ့ ကေ ကို ချစ်ခင်စွာနဲ့ ကျေးဇူးအထူးပါ။
*****
ရွှေအသစ် တို့ရဲ့ သီတာ ခုနှစ်တန် သို့မဟုတ် မသီတာ(စမ်းချောင်း)
Written by ခင်လေးမြင့်
Monday, 30 August 2010 13:09
ခရီးတွေ သွားရင်း ဆောင်းပါးတွေလည်း ရေးဖြစ် နေသလို ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ရွှေအသစ် စာမူများ ရွေးချယ်မှုကို တာဝန်ယူ ပေးနေတဲ့ ဆရာမ မသီတာ(စမ်းချောင်း)နဲ့ တွေ့ဆုံမေးမြန်း ဖြစ်ပါတယ်။

ဆရာမက teen (ဖူးငုံ ဆယ်ကျော်သက်) မဂ္ဂဇင်းမှာ ပင်တိုင် ဆောင်းပါး များစွာကို ရေးဖြစ်နေပြီး teen မဂ္ဂဇင်းရဲ့ အယ်ဒီတာလည်း ဖြစ်ပါတယ်။ မကြာခင်ကမှ အမေရိကန် နိုင်ငံရှိ ဟားဗက် တက္ကသိုလ်မှာ ရှိတဲ့ Radcliff Institue For Advanced Study မှာ စာပေနဲ့ ပတ်သတ်တဲ့ သုတေ သနများ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။

လောလောဆယ် ဆရာမ ပြန်လာတဲ့ ခရီးစဉ် အကြောင်းကို အရင်ဆုံး ပြောပြပေးပါလား။

ဒီနှစ်ကတော့ ၂၀၀၉-၂၀၁၀ စာသင်နှစ် အတွက် ဟားဗတ် တက္ကသိုလ်မှာ ရှိတဲ့ Radcliff Institue For Advanced Study ဆိုတဲ့ ဟားဗတ် တက္ကသိုလ် ခွဲက Fellowship ရလို့ပါ။ Radcliff Fellowship ဆိုတာက အဓိကက သုတေသန လုပ်ငန်းတွေကို အားပေးတယ်။ သိပ္ပံ ပညာရှင်တွေနဲ့ အနုပညာ သည်တွေ စုစုပေါင်း အယောက် ၄၀ ကျော် အရွေးခံကြ ရတယ်။ နှစ်စဉ်ဆိုရင် အယောက် ၅၀ ကျော်ထိ လက်ခံပေမယ့် နောက်ပိုင်းမှာ စီးပွားရေး ကျလာလို့ အယောက် ၄၀ ကျော်ပဲ ဖိတ်တာ။ အဲဒီ ၄၀ကျော်ကို Radcliff ဝင်းထဲမှာ ရှိတဲ့ အဆောက်အအုံကြီး တစ်ခုမှာ Fellow တွေကို အခန်း အသီးသီးမှာ ထားပေးတယ်။ သူတို့ ကျွမ်းကျင် လိမ္မာရာ၊ စိတ်ဝင်စားရာကို အေးအေးဆေးဆေး သုတေသန လုပ်နိုင်ဖို့ ပေးထားတာ။ Scholarship Award သဘောမျိုးပေါ့။ ရုံးခန်း အသီးသီး ပေးထားတယ်။ အာကာသ သိပ္ပံပညာရှင်တွေ ပါလာတယ် ဆိုရင် သူတို့အတွက် လိုအပ်မယ့် အာကာသကြည့် မှန်ပြောင်းက အစ လိုအပ်ချက်တွေကို လုပ်ပေးတယ်။ အနုပညာသည် တွေမှာလည်း Documentary Film ဒါရိုက်တာတွေ ပါလာတယ် ဆိုရင်လည်း လိုအပ်တဲ့ စက်ပစ္စည်းတွေက အစ လုပ်ပေးတယ်။

ဒီလူတွေရဲ့ သုတေသန လုပ်ငန်းအတွက် အထောက်အကူ ဖြစ်အောင် လုပ်ပေးတယ်။ စာရေးဆရာဆိုလည်း ရေးမယ့် စာအုပ်နဲ့ ပတ်သက်တာ၊ ရုံးခန်းတို့၊ ကွန်ပျူတာတို့ ပေးထားတယ်။Radcliffe Fellowship က အမေရိကားမှာရှိတဲ့ Fellowship တွေ အားလုံးထဲမှာ တော်တော်လေး ကောင်းတယ်။ တန်ဖိုးရှိတယ် ဆိုတဲ့ ဟာမျိုးပေါ့။ ဟားဗတ်တက္ကသိုလ်မှာ လာပြီး ပညာသင် နေတဲ့ ကျောင်းသားတွေကို သုတေသနလက်ထောက်ဆိုပြီး Fellow ပညာရှင်တွေ အတွက် ကူညီဖို့ ခေါ်ပေးတယ်။ ကျောင်းသားတွေက သုတေသန လုပ်ငန်းတွေမှာ ကူညီပေးတဲ့ အတွက် ငွေရတယ်။

အဲဒီတော့ ကျောင်းသားတွေက အတွေ့အကြုံလည်းရ၊ ဝင်ငွေလည်း ရတာပေါ့။Fellow တွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ အမေရိကားရဲ့ နာမည်ကျော် ပရော်ဖက်ဆာတွေ ဖြစ်ပြီး ကျန်တာ ကတော့ International ကပေါ့။ ဒီလို နာမည်ကြီး ပညာရှင်တွေနဲ့ အတူတူ အလုပ် လုပ်ရတဲ့ အတွေ့အကြုံ ရတယ်။ သုတေသနနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖြစ်လာတဲ့ အခါ သူတို့ရဲ့ နာမည်တွေလည်း ဖော်ပြခွင့်ရမယ့် အကျိုးတွေ အဲဒီ ကျောင်းသားတွေမှာ ရတယ်။ Fellow တွေ အတွက်ကလည်း သုတေသနကို တစ်ယောက်တည်း ထိုင်လုပ်နေရမယ့် အစား ဒီကျောင်းသားတွေရဲ့ အကူအညီနဲ့ဆို အင်မတန် သက်သာတယ်။ အဲဒီနည်းနဲ့Fellow ကို ဖန်တီးထားတာ ဆိုတော့ ကျွန်မက စာရေးဆရာ အနေနဲ့ စာရေးဖို့ သူတို့ စီစဉ်ပေးထား တာပေါ့။

စာရေးဆရာ အနေနဲ့ သုတေသန လုပ်ခဲ့တာကို စာအုပ်အနေနဲ့ ထုတ်ဖို့ အစီအစဉ် ရှိလား။

Radcliffe ကနေပြီး တာဝန်ယူပြီး စာအုပ်ထုတ် ပေးတာမျိုး မဟုတ်ဘဲ သူတို့ ကနေတစ်ဆင့် Publisher ကို ရှာပေးကောင်း ရှာပေးနိုင်တယ်။ ဒါပေမယ့် သူတို့မှာ ဒီတာဝန် မရှိဘူး။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က သက်ဆိုင်ရာ ပညာရှင်တွေ ကနေပြီး သုတေသန တစ်ခုကို စိတ်အေးလက်အေး လုပ်နိုင်အောင် စီစဉ်ပေးတာ။ သက်သောင့်သက်သာနဲ့ သုတေသန လုပ်နိုင်ရေးပဲ ရှိ ပြီး စာအုပ် ထုတ်ဖို့တော့ သူတို့ဘက်က ဘာတာဝန်မှ မရှိဘူး။

ဟားဗတ် တက္ကသိုလ်ကို မသွားခင် Brown တက္ကသိုလ်ကိုလည်း သွားခဲ့သေးတာ ဆိုတော့ ဘာအတွက် သွားခဲ့တာလဲ။

၂၀၀၅ ခုနှစ်ှုသတေ* (* typo error - Iowa ဟုထင်ပါသည်။ S-C) တက္ကသိုလ်က International Writing Program သွားပြီး ပြန်လာခါစမှာ အဲဒီ တက္ကသိုလ်က ဒါရိုက်တာက ဘရောင်း တက္ကသိုလ်မှာ Program တစ်ခုရှိတယ်၊ International Writing Project ရှိတယ်၊ စိတ်ဝင်စားလားလို့ မေးခဲ့ဖူးတယ်။ အဲဒီ အချိန်တုန်းက ပြည်ပခရီး ၁၀ လသွားပြီး ပြန်ရောက်ခါစ ဆိုတော့ နောက်ထပ် အကြာကြီး ခရီး စဉ်မျိုးကို မသွားချင်ဘူး။ နောက်ပြီး မွေးရပ်ကို ၂ နှစ် ပြန်ရမယ် ဆိုတဲ့ ဂျေဝမ်းဗီဇာ ထုံးတမ်းကလည်း ရှိတဲ့ အတွက် မသွားဖြစ်ရာကနေ မေ့မေ့လျော့လျော့ ဖြစ်ခဲ့တယ်။ ၂၀၀၈ နှစ်ဆန်းပိုင်းမှာUniversity of York မှာ Course တစ်ခု သွားတက်ဖူးတယ်။

အဲဒါ တက်နေချိန်မှာ Brown က ပြန်ဆက်သွယ်တယ်။ Brown ရဲ့ နာမည်ကြီး Department တစ်ခုဖြစ်တဲ့Watson Institute of International Study ဆိုတာရှိတယ်။ နောက် Literary Arts ဆိုတဲ့ Department တစ်ခု ရှိတယ်။ အဲဒီ နှစ်ခုက ပေါင်းပြီး စပွန်ဆာ လုပ်တဲ့ International Writing Project ပေါ့။ International Writer တွေကို ခေါ်တယ်။ တစ်နှစ်မှာ တစ်ယောက်ပဲ ရွေးတယ်။ ကျွန်မက ၆ ယောက်မြောက် Inter-national Writer ဖြစ်တယ်။ အဲဒီ စာရေးဆရာတွေ Watson Institute မှာ ရုံးခန်း ပေးထားတယ်။ Literary Arts Department က လှုပ်ရှားမှု တွေမှာ ပါဝင်ပေးဖို့ စီစဉ်ထားတာ။ သူတို့ရဲ့ ထုံးစံက Watson Institute မှာ လာပြီး ရုံးခန်း ပေးခေါ်ထားတဲ့ ပညာရှင် အားလုံးက ကျန်တဲ့ ကျောင်းသားတွေကို အတန်း ယူပေးရတယ်။ သက်ဆိုင်ရာ ဘာသာရပ် အလိုက် စာသင် ပေးရတယ်။ International Writing Projectအရ ရောက်နေတဲ့ သူတွေက စာရေးဆရာတွေ ဖြစ်တယ်။

အဲဒီ စာရေး ဆရာတွေကလည်း Creative Writer တွေ၊ ဝတ္ထုတို၊ ဝတ္ထု ရှည်ရေးတဲ့သူတွေပဲဖြစ်တဲ့ အတွက် သူတို့နဲ့ ပတ်သက်ရင် လွတ်လပ်မှု အပြည့်ပေးတယ်။ စိတ်ပါလို့ စာသင်ချင်ရင် လည်းသင်၊ မသင်ချင်လည်း ရတယ်။ အဲဒီတော့ စာသင် စရာလည်းမလိုဘူး။ လေ့လာ ဆည်းပူး သင်ယူ စရာလည်း မလိုတဲ့ အတွက် ကိုယ့်စာ ကိုယ်ရေးဖို့ပဲ။ ဒီ Radcliffe နဲ့ ယှဉ်ရင် Brown မှာ ပိုပြီး လွတ်လပ်တယ်လို့ ပြောလို့ရ သေးတယ်။ Radcliffe မှာတော့ လုပ်နေတဲ့ Project နဲ့ ပတ်သက်လို့ ဖြစ်စေ၊ ကိုယ့်ရဲ့ Background ကိုဖြစ်စေပြန်ပြီး Presentation လုပ်ပေးရတာ မျိုးတွေ ရှိတယ်။ အချင်းချင်း ကြားထဲမှာလည်း တစ်ယောက် ဘာလုပ်တယ်ဆိုတာ ကျန်တဲ့ Fellow တွေ သိရအောင် Presentation တွေရှိတယ်။

ဟားဗတ် အသိုင်းအဝိုင်းက Brown နဲ့ ယှဉ်ရင် ဟားဗတ် က ပိုကြီးတဲ့ အတွက် တခြား Department   တွေကနေ ဖိတ်ခေါ်ပြီး လာပြောပေးပါ ဆိုတာ မျိုးတွေ ပိုများတယ်။ Brown မှာ အဲဒီလောက် မများတဲ့ အပြင် ဒီ Brown ရဲ့ သဘာ၀ ကိုက ကျန်တဲ့ Department တွေကို ကြေညာထားတယ်။ သူတို့ရဲ့စာရေးဆရာသည် စာသင်ပေးတာ၊ ဟောပြော တာတွေကို မဖြစ်မနေ ဆိုတာမျိုး လုပ်ချင်မှ လုပ်မှာ ဆိုပြီး ကြိုလုပ်ထားတဲ့ အတွက် ကိုယ့်သဘောပဲပေါ့။

International Writing Project နဲ့ ရောက်နေတဲ့ စာရေးဆရာတွေ ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခု Brown မှာ လုပ်ခဲ့တဲ့ အတွေ့ အကြုံလေး ပြောပြပေးပါ လား။

International Writing Project နဲ့ ရောက်နေတဲ့ စာရေး ဆရာက တစ်နှစ်ကို တစ်ယောက် နိုင်ငံ မတူအောင် ဖိတ်ခဲ့တာ ဖြစ်တယ်။ နှစ်စဉ် ရောက်နေတဲ့ လက်ရှိ စာရေးဆရာနဲ့ ပတ်သက်တဲ့ စာပေ ပွဲတော်ကို နှစ်စဉ် ကျင်းပလေ့ ရှိတယ်။ ကျွန်မ မသွားခင် တစ်နှစ်က ဇင်ဘာဘွေက စာရေးဆရာ ရှိတဲ့အတွက် အာဖရိကနဲ့ ပတ်သက်တဲ့ စာပေပွဲတော် ကျင်းပတယ်။ အဲဒီ စာပေပွဲတော် ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်က နှစ်ချက်ရှိတယ်။ စာရေးဆရာနဲ့ ပတ်သက်တဲ့ နိုင်ငံရဲ့ စာပေကို မိတ်ဆက်ချင်တယ်။ နောက်တစ်ချက်က လက်ရှိ ဌာနေ စာရေးဆရာ ကိုယ်တိုင်ကိုပဲ Promote လုပ်ပေးချင်တာ။ များသောအားဖြင့် သူ တို့ ဆုပေးပြီး ရွေးထားတဲ့ စာရေးဆရာကို ပိုပြီး လူသိစေ ချင်တယ်။ ထိုက်ထိုက်တန် တန်နဲ့ လုပ်နိုင်စွမ်း ရှိတဲ့ စာရေး ဆရာ ဆိုတာကိုလည်း သိစေ ချင်တယ်။

ဒီစာရေး ဆရာပေါ် မှာ တက္ကသိုလ် အသိုင်းအဝိုင်း က ဂုဏ်ပြုတယ် ဆိုတာမျိုး လည်း ဖြစ်စေချင်တယ်။ အဲဒီတော့ သူ့အတွက် ပွဲတော်လုပ်တဲ့ ပုံစံမျိုးပါပဲ။ ကျွန်မ ရောက်တဲ့နှစ်မှာ မြန်မာပြည်နဲ့ ပတ်သက်တာ လုပ်ပြီး ကျွန်မနဲ့ ပတ်သက်တဲ့ စာပေဘဝကို Focus လုပ်တာပေါ့။ စာပေ ပွဲတော်ကို အနည်းဆုံး ၃ ရက် ကျင်းပပြီး တစ်ရက်က ကျွန်မနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ကိုပဲ လုပ်ပေးတယ်။ ကျွန်မ အကြောင်းသိတဲ့ တခြား စာရေးဆရာတွေက ဝိုင်းပြီး ပြောတဲ့ပွဲလုပ်တယ်။ အဲဒီမှာ Amitav Gosh ကိုလည်း ဖိတ်တယ်။ တခြားစာရေးဆရာ တွေကိုလည်း ဖိတ်တယ်။ သူတို့ ဖိတ်တဲ့ အကြောင်းကThe Glass Palace အကြောင်းကို ရေးတဲ့ အတွက်ကြောင့်။ Brown မှာရှိတဲ့ ဒါရိုက်တာ Robert Coover က အမေရိကန် စာပေသမိုင်း တစ်လျှောက် မှာ တီထွင်ခဲ့တာ များတဲ့ သူ တစ်ယောက်လေ။ သူက Amitav Gosh ရဲ့စာတွေကို လည်းကြိုက်တယ်The Glass Palace ကလည်း မြန်မာပြည် အကြောင်း ရေးထားတာ ဖြစ်တဲ့အတွက် ဖိတ်ချင်တယ် လို့ လာပြောတယ်။ မြန်မာပြည်က စာရေးဆရာတွေ ဖိတ်ချင်ရင် ဖိတ်လို့ရတယ်လို့ ကျွန်မကို ပြောတယ်။ သူတို့က အစစအရာရာ တာဝန်ယူမှာ ဖြစ်တဲ့အတွက် နှစ်ယောက်လောက် တာဝန် ယူနိုင်မယ်လို့ ပြောတာကြောင့် ဆရာ မျိုးမြင့်ညိမ်းနဲ့ ဆရာနေဝင်းမြင့် တို့ သင့်တော်မယ်လို့ ထင်တဲ့ အတွက် ညွှန်းဖြစ်တယ်။ ရွှေအမြုတေ မဂ္ဂဇင်းမှာThe Glass Palace ကို ဘာသာပြန် ရေးနေတဲ့ စာရေးဆရာဖြစ်တဲ့ အတွက် ဖိတ်ခေါ်ဖို့ အကြံ ဉာဏ် ပေးခဲ့တယ်။ အဲဒါ ကြောင့် ဆရာ နေဝင်းမြင့် ပါဝင်ခွင့် ရခဲ့တယ်။

အဲဒီပွဲကရတဲ့ တခြား အတွေ့အကြုံတွေများ ရှိလား။

ထူးထူးခြားခြား ဆိုရင် အဲဒီပွဲ မနက်ပိုင်းမှာ ဝိပဿနာ အားထုတ်တာကို ပြခွင့်ရခဲ့ သေးတယ်။ အနောက် နိုင်ငံကလည်း အခုနောက်ပိုင်းမှာ ဝိပဿနာကို စိတ်ဝင်စားနေတဲ့ အခါကျတော့ ကျွန်မ ဝိပဿနာ တရားကို အချိန် ကာလ တစ်ခုမှာ တစ်နေ့ကို နာရီ ၂၀ အထိ အားထုတ်ဖြစ် ခဲ့တယ် ဆိုတာကို သိနေတဲ့ ဒါရိုက်တာ ရောဘတ်ကူးဗား ကလည်း ဒါလေးကို လုပ်ပေး ပါဆိုလို့ လုပ်ပေးခဲ့တယ်။ ရေကန်သာ ကြာတိုင်းအေး နဲ့ ပတ်သက်ပြီး ပြည့်စုံချင်တဲ့ အတွက်ကြောင့် ပန်းချီဆရာ ကိုဝသုန်ရဲ့ လက်ရာတွေကို မိတ်ဆက်ပြီး ပန်းချီဆရာ ကိုဝသုန်နဲ့ ပတ်သက်ပြီး ရိုက်ထားတဲ့ ဒါရိုက်တာ ကြည်ဖြူ သျှင်ရဲ့Sketch of Wathone ကိုလည်း ပြတယ်။ Amitav Gosh ရေးထားတဲ့ မြန်မာ့ အနှစ်သာရ တစ်ခုလုံးကို ခြုံငုံပြီး ဖန်တီး ပေးနိုင်ခဲ့တယ် လို့ ပြောလို့ရတယ်။ နောက်ပြီး မြန်မာပြည်နဲ့ ပတ်သက်တဲ့ ပန်းချီ၊ မြန်မာပြည်နဲ့ ပတ်သက်တဲ့ အနုပညာ ဆိုတဲ့ ဟာတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်တဲ့ ပွဲလေးဖြစ်အောင် ဖန်တီး ပေးနိုင်ခဲ့တယ်။ စာပေ တင်မကဘူး၊ ဂီတနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်တဲ့ သူတွေ လည်းရှိတဲ့အတွက် စာပေ၊ ဂီတ၊ ပန်းချီ အကုန်လုံးကို ပြခဲ့တယ်။ ပွဲတော် လေးရက် စလုံးမှာ မြန်မာပြည်နဲ့ ပတ်သက်တာတွေပဲ ပြခဲ့တယ်။

အခုဆရာမ တာဝန်ယူ ပေးနေရတဲ့ ရွှေအမြုတေရဲ့ ရွှေအသစ် စာမူတွေရဲ့ အဝင်က များတာကြောင့် စိစစ်ရွေး ချယ်တဲ့ အခါ ဘယ်လို မူတွေများ ချမှတ်ထားလဲ။

စာမူ အရမ်းများတဲ့ အတွက် ဆရာ ဦးဝင်းငြိမ်းနဲ့ တိုင်ပင်ပြီး စည်းမျဉ်းကို သတ်သတ်မှတ်မှတ် ပြန်ရေး ပေးမယ်။ စည်းမျဉ်းနဲ့ မညီတာတွေကို ဖတ်ကိုဖတ်မှာ မဟုတ်ဘူး ဆိုတာကို ကြိုတင် အကြောင်းကြားမယ်။ စည်းမျဉ်းနဲ့ မကိုက်ညီဘူး ဆိုရင် မှတ်ပုံတင် လက်ခံသူက တစ်ခါတည်း ပယ်လိုက်ပြီး ကျွန်မဆီကို ရောက်လာမှာ မဟုတ်တော့ဘူးပေါ့။ နောက်တစ်ခုက စာမူ အကြွေးတွေကို မြန်သွားချင်တော့ လောလောဆယ်မှာ စည်းမျဉ်းနဲ့ မတိမ်းမယိမ်း ကွာပြီး ဆိုးဆိုးရွားရွား မဖြစ်တဲ့ဟာတွေကို ဆိုးဆိုး ရွားရွား ဖြစ်တဲ့ နေရာမှာ ဖြည့်ပြီး ဖတ်ပေးသွားမယ်။ ဝတ္ထု တိုကို ဗလာ စာရွက်နဲ့ ၂ မျက်နှာရေးပြီး ပို့တာမျိုး၊ လျှောက်လွှာစာရွက် ၁၅ မျက်နှာလောက် ရေးပြီးပို့တာ မျိုးတွေကို ပယ်သွားမယ်။ တစ်လအပုဒ် ၆၀ ဖတ်တာကို မလျှော့ချင်ဘူး။ တကယ် စာရေးတဲ့သူတွေ နစ်နာမှာ စိုးတယ်လေ။

အခု လောလောဆယ် ရွှေအသစ်စာမူတွေကို ဖတ်တဲ့ အခါ ကြုံတွေ့ရတဲ့ အခက် အခဲတွေ ရှိရင် သိချင်ပါတယ်။

ရွှေအသစ်ရဲ့ ပြဿနာက စာဖတ်မနာဘဲ ရွှေအမြုတေ တစ်အုပ်တည်းကိုပဲ ဖတ်ပြီး၊ စာဖတ် နာတယ်လို့ ထင် ပြီး စာရေးနိုင်တဲ့ ယုံကြည် ချက်တွေနဲ့ အများစုက ရေးကြတာ များတယ်။ အဲဒါကြောင့် ဒီပြဿနာ ရှိတယ်လို့ ထင်တယ်။ ဝမ်းစာ မရှိဘူး။ ရွှေအမြုတေ ၂၅ အုပ်တောင် ဖတ်ပြီးပါပြီ။ စာဖတ်နာလှ ပါပြီ။ ဒါကြောင့် သူတို့ ရေးထားတာပါ ဆိုပြီး ရေးတဲ့စာတွေ ဖတ်ရတော့ တခြားအသိ အမြင် မရှိဘဲ ဒါပဲသိ၊ ဒါကိုပဲ ဝင်တိုး ဆိုတာမျိုး ဖြစ်နေတယ်။ အဲဒါကြောင့် များသောအားဖြင့် ရေးလာတဲ့ စာတွေက ပုံစံခွက် ဆန်လာတယ်။ ဒါမျိုး ရေးရင်ပါလိမ့်မယ် ဆိုတဲ့ သဘောနဲ့ ဒါမျိုး တွေရှာကြံပြီး ရေးလာတယ်။ စာဖတ်မနာတဲ့အတွက် စာ လုံးပေါင်း သတ်ပုံမမှန်တာ၊ သဒ္ဒါ အထားအသို နားမလည်တာ၊ စကားပြေ စကားပြော ရောနေတာတို့၊ စာရေးဆရာ တစ်ယောက်အခြေခံ သိနားလည်ရမယ့်ဟာတွေ အားနည်း နေတာ တွေ့ရတယ်။ တကယ်လို့ အဲဒီ စာမူတွေမရှိဘူး ဆိုရင် တစိုက်မတ်မတ်နဲ့ အရည် အချင်းရှိ စာရေး နေတဲ့သူ အယောက် ၃၀ လောက် ရှိပါတယ်။ အခုလို စာမူတွေကြောင့် အဲဒီလူတွေ နစ်နာနေ ရပါတယ်။

ဆရာမ အနေနဲ့ ခရီးတွေ သွားရင်း ဆောင်းပါး၊ ရသ စာတမ်းတွေလည်း ရေးရင်း ရွှေအသစ်ကဏ္ဍကိုလည်း တာဝန် ယူရင်းကနေ ဝတ္ထုတို တွေ ရေးတာ မတွေ့ရဘူး။ ဘာကြောင့် မရေးဖြစ်တာလဲ။

အရင်ကလို ဝတ္ထုတို တွေ မရေးဖြစ်တာက ခရီးတွေ သွားနေရတာလည်း ပါတယ်။ ကျွန်မ ရေးချင်တဲ့ ဝတ္ထုတိုတွေက မြန်မာပြည်က လူတွေအကြောင်း၊ မြန်မာပြည်က လူတွေရဲ့ဘဝ။ အမြဲတမ်း ငယ်ငယ်ကတည်းက ရေးခဲ့တဲ့ အကြောင်းတွေကို ကြည့်ရင် သာမန် လူတွေရဲ့ အကြောင်း၊ သူတို့တွေရဲ့ဘ၀ ကို ထင်ဟပ်လေ့ ရှိတယ်ဆိုတော့ လတ်တလော ခရီးတွေ ချည်းသွား နေရလို့ ဒီလူတွေရဲ့ ကြားထဲမှာ မနေနိုင်တဲ့ ပြဿနာကလည်း ရှိတယ်။ ဒီလူတွေကြားထဲမှာ မနေနိုင်တဲ့ အတွက် ဒီလူတွေ အကြောင်း ရေးဖို့ ခက်ခဲလာတယ်။ သူတို့ ခေါ်လို့သာ သွားနေရတယ်၊ မရောက် ရောက်အောင်တော့ ပြန်လာ နေတယ်။ ဒီလူတွေကြားထဲမှာ နေမှ ဒီလူတွေ အကြောင်း ရေးနိုင်မှာလေ။ နောက်တစ်ခုက အသက်အရွယ် အရလည်း ငယ်ငယ်ကလို ဘာလေးပဲ ဖြစ်ဖြစ် ရေးလိုက်မယ်ဟဲ့ ဆိုတာမျိုး မရှိဘဲ ချိန်လာတာ၊ တွက်လာတာမျိုး ရှိလာတယ်။နောက်တစ်ခုက ရွှေအသစ်ကို တာဝန်ယူရတဲ့ အခါ ရသကို ဖတ်ရင်း ဖတ်ရင်းနဲ့ ငြီးငွေ့တဲ့ သဘော ဖြစ်နေတာပေါ့။ ဖတ်နေရတဲ့ ဟာတွေက များလာတဲ့ အခါကျတော့ ကိုယ် ရေးဖို့အချိန် မရှိတာလည်း ပါတယ်။ ဆောင်းပါးတွေ ကလည်း အချိန် မီပြီးအောင် ရေးရတယ်။ စာမူအပုဒ် ၆၀ ကလည်း ပြီးအောင် ဖတ်ရတာတွေ ရှိတော့ မရေးဖြစ်ဘူး။ ဝတ္ထုတိုကို အချိန်ရတဲ့ တစ်ချိန်ကျရင် ပြန်ရေးချင်ပါတယ်။

အခုလောလာဆယ် ဆရာမ ရေးဖြစ်နေတာတွေ ရယ်၊ စာအုပ် အနေနဲ့ ထွက်ဖို့ စီစဉ်ထားတာ ဘာတွေများ ရှိလဲ။

အခုလောလောဆယ် teen (ဖူးငုံဆယ်ကျော်သက်) မဂ္ဂဇင်းမှာပါတဲ့ message to teen ဆိုတာကို မဂ္ဂဇင်းမှာ နာမည်မခံဘဲ ရေးခဲ့တာ ရှိတယ်။ အဲဒါတွေကို ထုတ်ဖို့ထုတ်ေ၀ သူတစ်ယောက်က စကား ပြောထားတဲ့ အတွက် ထုတ်ဖြစ်ပါမယ်။ teen မဂ္ဂဇင်းမှာ အောင်ကလောင် အမည်နဲ့ ပါခဲ့တဲ့ “ဆယ်ကျော်သက်တို့ အတွက် ဆုံးဖြတ်ချက်ချရ မယ့် အရေးအကြီးဆုံး အချက် ၆ ချက် ” ကို စာအုပ် အဖြစ်ထုတ်ဖို့ ထုတ်ဝေသူ တစ်ယောက်နဲ့ စီစဉ်နေတာရှိ ပါတယ်။ နောက်တစ်ခုက teen မှာ တောက်လျှောက် ရေး ခဲ့တဲ့ ခရီးသွား ဆောင်းပါးတွေ အားလုံးကို ထုတ်မယ်လို့ စိတ်ကူးရှိတဲ့ ထုတ်ဝေသူလည်း ရှိတယ်။

အခု လောလောဆယ် စာအုပ်တွေကို ထုတ်ဖို့တော့ စီစဉ်နေတယ်။ မှန်တာပြောရ ရင် ခရီးသွားခဲ့တဲ့ နိုင်ငံတွေ က ၂၅ နိုင်ငံကျော်လာပြီး မြို့ တွေကလည်း များနေတဲ့ အတွက် ခြေသွားနိုင် သလောက် လက်ကမလိုက် နိုင်တော့ဘူး။ အကုန်လည်း မရေးနိုင်တော့ဘူး။ ဒီအချိန် မြန်မာစာပေလောကမှာလည်း ခရီးသွား ဆောင်းပါးရေးတဲ့ သူတွေလည်း များလာသလို သွားနိုင်တဲ့ သူတွေကလည်း များလာပြီ ဆိုတော့ အဲဒီလိုမျိုး သတ်သတ်မှတ်မှတ် ပြန်ရေး မယ်လို့တော့ စိတ်ကူး မရှိတော့ဘူး။ ခြုံငုံပြီး ရေးနိုင် သလောက် ရေးခဲ့ပြီးပြီလေ။ အခု မြန်မာသစ် ကလည်း အခန်းဆက်မျိုး တစ်ခုခုလုပ် ချင်တဲ့အတွက် သွားခဲ့ဖူးတဲ့ ပြတိုက်တွေပေါ့၊ နေရာတိုင်း မှာ ဖြစ်နိုင်ရင် ပြတိုက် တစ်ခု ခုကို ရောက်အောင် သွားခဲ့တာ ဆိုတော့ ပြတိုက်နဲ့ ပတ်သက်တာတွေ အပြည့်အစုံ ရှိ နေတယ်။ ပြန်ဖြည့်၊ ပြန်ရှာ ပြီး ခရီးသွား ဆောင်းပါး မဟုတ်ဘဲ ပြတိုက်ပေါင်း များစွာကို မိတ်ဆက်တဲ့ အနေနဲ့ ရေးမယ်လို့ လောလောဆယ် စိတ်ကူးထားတာ ရှိပါ တယ်။

ဆရာမ မသီတာ(စမ်းချောင်း)နဲ့ ခဏတာ တွေ့ဆုံ မေးမြန်းမှုများကို ဖတ်ရှုတဲ့ ရွှေအမြုတေ ပရိသတ်များ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖြေကြားပေးတဲ့ ဆရာမ မသီတာ(စမ်းချောင်း)ကိုလည်း ကျေးဇူး တင်ရှိပါတယ်။


ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၀)

Saturday, September 4, 2010

မန္တလေးဘီဘင်ပဘ်

သားတို့ကျောင်းမှာ Family Day camp တဲ့ တခါသွားရသေးတယ်။ မိသားစုလိုက် ဂိမ်းတွေ တမျိုးပြီးတမျိုး ဆော့ရပါတယ်။ တခုက သားအမိ သားအဖတွေ တယောက်အကြောင်းတယောက် ဘယ်လောက်သိသလဲ ဆိုတဲ့ ဂိမ်း။ သားငယ်နဲ့ သူ့အဖေကို ကျောချင်းကပ်ထိုင်ခိုင်းထားပြီး အတူတူဖြစ်တဲ့ မေးခွန်းစာရွက်တွေ သားကို တရွက်၊ အဖေကို တရွက် ပေးပြီး၊ မေးခွန်းစာရွက်ပေါ်မှာပဲ အဖြေရေးစေတယ်။ သားရေးလိုက်တဲ့ အဖြေနဲ့ အဖေရေးတဲ့ အဖြေတူရင် ဒီသားအဖက တယောက်ကိုတယောက် သိနားလည်ကြတယ်ပေါ့။ အမှတ်တွေ ရပါတယ်။ အိမ်ကလူတွေ ကျတဲ့ မေးခွန်းကတော့ What is your father’s favorite food? အဖေလုပ်သူ ဖြေထားတဲ့ စာရွက် ကိုထောင်ပြတော့ Korean Food တဲ့။ သားငယ်ရေစင် ရေးထားလိုက်တာက Ayam Penyet တဲ့ တလွဲ…။ ကြားထဲက အမေကြီးမှာ မချိသွားဖြဲကြီးနဲ့ပေါ့။

ဟောဒီမှာ ကိုဧရာကြိုက်တဲ့ ကိုးရီးယားစာထဲကတခု ဘီဘင်ပဘ်တဲ့
Bibimpab
http://en.wikipedia.org/wiki/Bibimbap – mixed rice ထမင်းပေါ်မှာ အသီးအရွက်နဲ့ ကြက်ဥကြော်, အသားတွေပုံပြီး Gochuchang နဲ့ ရောထားတာ
Gochuchang
http://en.wikipedia.org/wiki/Gochujang - ငရုတ်သီးအနီ, ကောက်ညှင်းဆန်, ပဲငပိရောထားတဲ့ sauce

အရာရာတိုင်းမှာ အကြောင်းကြောင်းတော့ရှိပါတယ်။ ဘီဘင်ပဘ် ကြိုက်ပေမပေါ့။ ဆီကျက်, ငရုတ်ဆီ, ပဲငပိရောထားတဲ့ sauce နဲ့ ထမင်းကို နယ်ပြီး အပေါ်မှာ အသားကင်, ၀က်အူချောင်း, မြေပဲဆံတွေရောပုံထားတဲ့ မန္တလေးထမင်းပေါင်း အသည်းစွဲခဲ့တဲ့ မန်းသား ဘီဘင်ပဘ်နဲ့ စိတ်ဖြေနေတာ မသိရင်ခက်မယ်။

လာလေရော့ဟဲ့ ဟောဒီက မန္တလေးဘီဘင်ပဘ်

အိမ်နီးချင်းအမ လက်ဆောင်ပေးထားတဲ့ ကင်ချီလေးရယ်… သူငယ်ချင်း လက်ဆောင်ပေးတဲ့ ငြုတ်ဆီလေးကို ပဲငပိရော… ဈေးထဲက ၀ယ်ထားတဲ့ ၀က်သားကင်ရယ်… မသီတာ ကြက်ဥ ကြော်ရတာ မောလိုက်တာ ဟူးးးး... အမယ်... မုံလာဥနီ (ခါကြက်ဥ) ကို အချောင်းလေးတွေ လှီး၊ Spinish လေးတွေ ရေစင်အောင်ဆေးပြီး ရေနွေးပွက်ပွက်ထဲ မပြုတ်တပြုတ်လေး လုပ်ထားရတာ လွယ်တာမှတ်လို့၊ ချက်ချင်းဆယ်ပြီး ရေခဲရေထဲ စိမ်ရသေးတယ်တော့… ချစ်လို့ ချက်ကျွေးတယ်မှတ် အဟတ်

စားသောက်ဆိုင်ဖွင့်မည့် ချစ်ကြည်အေးရယ်...ငါးခေါင်းတွေ ဘဲပေါင်းတွေချက်နေတဲ့ ကေရယ်
အသုတ်စုံဆိုင် ဖွင့်တဲ့ မေဓာဝီရယ်... ချဉ်ဖတ်တည်နေတဲ့ ပေါက်ရယ်...ကို ဂုဏ်တုဂုဏ်ပြိုင်ရပြန်ပေါ့ :D

Sunday, August 29, 2010

လောကဇတ်ခုံ


ပြာသောကောင်းကင်
ဖြူသော တိမ်တိုက်
စိမ်းသော ရေပြင်
တိုးသော လေညှင်း

ချစ်သူ
မချစ်သူ
ချစ်သလိုလို မချစ်သလိုလို

ချစ်သည်တခါ မချစ်သည်မလှည့်
 
အားလုံးအတွက်

Tuesday, August 24, 2010

My Model

S-C မှာ ပို့စ်တွေ ကျဲပြန်ပြီ… ဆိုတော့ကာ
ပို့စ်အနည်းအများက နိုင်ငံရေး ဒီရေ အတတ်အကျနဲ့များ ဆက်စပ်နေလေသလား
ဘလော့ဂ်အပေါ် ပြတ်သားတဲ့ သဘောထား မရှိသူလို့ မိတ်ဆွေတို့ သံသယဝင်လေပြီလား

အင်ထရိုဝင်နေတာနဲ့ပဲ နာတော့ လက်ကောက်နံ့ မွှေးလာပြီ...
တလွဲမတွေးကြပါနဲ့  ပေါက်တို့ သက်ဝေတို့ ဆီက လက်ကောက်ပါ။

တရံရောအခါက မသီတာ အပ်ချုပ်သင်ပါတယ်။ ဆရာမကတော့ ကိုယ့်အတိုင်းနဲ့ကိုယ် ပုံစံချပြီး သင်ပေးတာပါ။ ဒါကို မသီတာ ရှည်တေတေက ပိတ်စချွေတာပြီး miniature လုပ်ချုပ်ပါတယ်။ ဒီမှာတင် သားငယ်ရေစင် model ဖြစ်ရတော့တာပေါ့။


ဒီပို့စ်တော့ အပိုင်ဆုံးပဲ (Eညှစ်နေတာ)

mouse walk
model မောပြီ
အဲ့ဒီစကတ်လေးကို အတူတက်တဲ့ သင်တန်းသူတယောက်က သူ့သမီးလေးကိုချုပ်ပေးချင်လို့ ဆိုပြီး ငှားသွားလိုက်တာ... ပြန်မရတော့ဘူး။ 

ဆိုင်ရှေ့က ဆိုင်းဘုတ်ကိုလည်း သေချာဖတ်သွားဦး

ယနေ့ အပ်ထည် လက်မခံပါ။
ပုံ/စွယ်စုံရ ဘလော့ဂ်ပညာရှင်

Sunday, August 15, 2010

ပြောပြရဦးမည့် အဖြစ်တွေ…(၃)

တချို့များ သိပ်ချစ်တတ်ကြတယ်။ တိရစ္ဆာန်လေးတွေကိုတောင် ဘယ်လို ချစ်ခင် ကြင်နာ ယုယတယ် ဆိုတဲ့ အကြောင်းလေးတွေ ဖတ်ရတော့ ဒီက မိန်းမကြမ်းကြီး မသီတာ သတိသံဝေဂ ဖြစ်မိပါတယ်။ ဒီက အဖို့မှာတော့ ဘယ်ခွေးတကောင်၊ ကြောင်တမြီးကိုမျှ မချစ်ခဲ့ဖူးပါဘူး။ တိရစ္ဆာန်မပြောပါနဲ့၊ ကိုယ်မွေးထားတဲ့ လူလေးနှစ်ကောင် ရေချမ်းနဲ့ ရေစင်ကိုတောင် မနည်း ကြိုးစားချစ်နေရသူပါ။ အကြင်နာတရား ခေါင်းပါးလိုက်ပုံများတော့ …
*****
ပြောပြရဦးမည့် အဖြစ်တွေ…

လျှော်ထားတဲ့ အဝတ်တွေ လှန်းနေတုန်း၊ ရေချမ်း ကျောင်းက ပြန်လာစေ
မအေ။ ။ကြည့်စမ်းဟယ်… ချွေးတွေ သံတွေနဲ့ ညစ်ပတ် နံစော်နေတာပဲ… သွား သွား … ရေချိုး။ အင်္ကျီချွတ်… လျှော်မည့်ထဲ ထည့် … ရေချိုးခန်းထဲ တခါထဲဝင်… ရေစွတ် ချေးနှူးထား… ငါ လာခဲ့မယ်
သား။ ။ (အင်္ကျီကို လေးတွဲစွာ ချွတ်ရင်း ဟိုလျှောက် ဒီလျှောက် လုပ်နေရာမှ ရယ်ကျဲကျဲဖြင့် ပြော)
ဂျာမန် စခန်းကို ရောက်သွားပြီ… ပိုလန်တွေ ဂျူးတွေကို နှိပ်စက်တော့မယ်
*****
မအေ။ ။ဟယ် ခေါင်းတွေလည်း စိုလို့… ခေါင်းက လျှော်မှာလား …
သား။ ။အင်း
Shampoo တွေ လက်ထဲထည့်ပြီး ရေချမ်းခေါင်းကို တဗျင်းဗျင်းကုတ်
ရေပန်းကို ဂိတ်ဆုံးဖွင့်
ကြမ်းပြင်ပေါ် ဖင်ချထိုင်ခိုင်းထားလို့ ထိုင်နေသူအပေါ် ရေတွေ ဖျန်းတော့
သား။ ။ဒါက ဂျပန်… မေးခွန်းတွေ မေး၊ မဖြေလို့ ရေပိုက်ကြီးနဲ့ ထိုးနေတာ
*****
နည်းနည်းတော့ ရယ်ချင်သွားတယ်… မအေကို ကင်ပေတိုင် လို့ ဆိုလိုတာပေါ့လေ … မရယ်အားဘူး
ကိုယ့်ဖာသာကိုယ် ဆက်ချိုး ဆို ထားခဲ့ပြီး
*****
ကျောက်ပြင်ချ သနပ်ခါးသွေးနေတုန်း
သား။ ။မေမေကလည်း သနပ်ခါး မလိမ်းချင်ပါဘူးဆို
မအေ။ ။ဘာပြောတယ်
သား။ ။ကိုယ်လုံးပဲ လိမ်းမှာမဟုတ်လား မျက်နှာ မလိမ်းဘူးနော်…
မအေ။ ။စကားမရှည်နဲ့ ငါ မျက်နှာပါ လိမ်းထည့်လိုက်ရ
သား။ ။ဒါက မြန်မာစတိုင်
... ... ...

... ... ...
... ... ... 
*****
ရေစင်က မအေရဲ့ စိတ်နှလုံးကို ကြည်မွေ့စေသလောက်
ရေချမ်းကတော့ အဲ့သလို...
ကျမ သိပ်သဘောကျတယ်...
*****
တချို့ အမျိုးသမီးလေးများ အမူအယာက ညင်သာ၊ အပြောအဆိုက ချိုသာ… တို့များဖြင့်…
သာယာ ညှင်းပျောင်းကို မရှိဘူး...
ပိသာလေးနဲ့ နံဘေးပစ်...
*****
ဒီအရောင် နဲ့ ရေးထားတာလေးတွေက မသီတာ အမေ ပြောတတ်တဲ့ အသုံးအနှုန်းလေးတွေ...
(အမေက သမီးကို ချစ်သလို သမီးကလည်း သားတို့ကို ချစ်လိုပါ၏။)