Thursday, November 29, 2012

အာဏာရှင်၊ ကြောက်စိတ်နှင့် တိုးတက်မှု

အာဏာရှင်ဟူသည့် ဝေါဟာရကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုနိုင်ပါလိမ့်မည်။ ဤနေရာတွင် “ကြည်ညိုလေးစားမှု ခံရခြင်းထက် အကြောက်အရွံ့ ခံရခြင်းကသာ၍ စိတ်ချရသည်” ဟူသော မက္ခိယာဗယ်လီ၏ မင်းသားကျမ်းလာ အဆုံးအမအတိုင်း အုပ်ချုပ်သူမျိုးဟု အဓိပ္ပါယ် ဖွင့်ကြည့်ချင်ပါသည်။ အာဏာရှင်တို့သည် ပြည်သူတို့အား မိမိတို့၏ သြဇာကို မလှန်နိုင်ဘဲ ကြောက်ရွံ ကျိုးနွံနေအောင် အုပ်ချုပ်ထားသည့်နည်းတူ၊ သူတို့ ကိုယ်တိုင်သည်လည်း ကြောက်ရွံ့နေသူများ ဖြစ်နေကြသည်ကို တွေ့ရ၏။ သူတို့သည် မိမိတို့ ကျူးလွန်ထားသည့် မတရားမှုများအား ဖုံးကွယ်လိုသည့် သိမ်ငယ်စိတ်များ၊ မိမိတို့ ရရှိထားသည့် အာဏာနှင့် အခွင့်အရေးတို့ လက်လွှတ် ဆုံးရှုံးရမည်ကို ကြောက်ရွံ့စိတ်များ၊ မိမိတို့ အာဏာမဲ့သွားပါက အနှိပ်စက်ခံ ပြည်သူတို့က ပြန်လည် လက်တုန့်ပြန်မည်ကို စိုးရိမ် ထိတ်လန့်စိတ်များဖြင့် ဖိစီးနှိပ်စက် ခံနေရသူများဖြစ်ကြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀-ကျော်က အာဏာရှင်တဦး၏ ကြောက်ရွံ့အားငယ်မှုကို ဒီဃနိကာယ် သာမညဖလသုတ်တွင် တွေ့နိုင်ပါသည်။ အဇာတသတ်သည် ဖခင်အရင်းကို ရက်ရက်စက်စက် သတ်ဖြတ်၍ အာဏာ ရယူခဲ့သူဖြစ်၏။ အဇာတသတ်မင်းသည် မိမိကျူးလွန်ထားသော အပြစ်တို့ကြောင့် အလွန်သာယာ ကြည်နှုးဖွယ်ကောင်းသည့် တန်ဆောင်မုန်း လပြည့်ည၌ပင် စိတ်ကြည်လင် ငြိမ်းချမ်းမှုမရှိခဲ့။ စိတ်အေးချမ်းမှု ရရန်အတွက် သမဏဗြာမဏ တဦးဦးထံ ဆည်းကပ်လိုစိတ် ဖြစ်သည်။ နန်းတွင်းဆေးဆရာ ဇီဝက၏ အကြံပေးချက်အတိုင်း ဗုဒ္ဓမြတ်စွာထံ ဆည်းကပ်ရန် မောင်းမများခြံရံ၍ သရက်တောဥယျာဉ်သို့ သွားကြသည်။

မြတ်စွာဘုရားနှင့် သံဃာတော်များ သီတင်းသုံးနေသည့် သရက်တောဥယျာဉ် ကျောင်းသည် အလွန် တိတ်ဆိတ် ငြိမ်သက်နေသည်ကို တွေ့ရသောအခါ အဇာတသတ်သည် အလွန်ပင် ကြောက်ရွံ့ထိတ်လန့်သွား၏။ ဇီဝကသည် မိမိအား လှည့်ဖျား၍ ရန်သူထံ အပ်နှံလေသလောဟု သံသယစိတ်တို့ ဖြစ်ပေါ်လာ၏။ စိုးရွံ့မည်ဆိုလျှင်လည်း စိုးရွံ့လောက်ပါသည်။ အိမ်နီးချင်းနိုင်ငံမှ ကောသလမင်းသည် ဘုရားရှင်ထံ သွားရောက် ဖူးမြော်နေစဉ် ဝိဋဋူဘ မင်းသားနှင့် စစ်သူကြီး ဒီဃကာရာယနတို့က အာဏာလုယူ သွားခဲ့ဖူးသည် မဟုတ်ပါလော။ ဇီဝကက ဗုဒ္ဓမြတ်စွာနှင့် ရဟန်းတော်များ ထိုင်နေကြရာ အဝန်းအဝိုင်းမှ ဆီမီးရောင်များကို ပြကာ မကြောက်ရွံ့စေရန် အားပေးနှစ်သိမ့်ရသည်။ ထိုအခါမှ အဇာတသတ် စိတ်သက်သာရာရပြီးနောက် ရဟန်းတော်တို့၏ တည်ငြိမ်အေးချမ်းမှုကို အဖန်ဖန် ကြည်ညိုကာ “ငါ၏ သားတော် ဥဒယဘဒ္ဒ မင်းသားသည် ဤသို့ တည်ငြိမ် အေးချမ်း ပါစေသား” ဟုပင် ထုတ်ဖော် ကျူးရင့်လေ၏။ အဇာတသတ်၏ ကြောက်ရွံ့စိတ်များထဲတွင် မိမိကျူးလွန်ထားသော အပြစ်များကို မိမိချစ်သော သားက သိသွားမည်ကိုလည်း စိုးရိမ်ပါလိမ့်မည်။ သို့သော်လည်း အဇာတသတ်၏ မြှော်လင့်ချက်တို့ ဖြစ်မလာခဲ့ပါ။ နောင်သော် သားတော် ဥဒယဘဒ္ဒမင်းသားသည်လည်း ဖခင်ခြေရာနင်းကာ အဇာတသတ်ကို သတ်၍ အာဏာသိမ်းခဲ့သည်။ သမိုင်းတွင် ကောင်းကောင်းမွန်မွန် ဘဝဇာတ်သိမ်းရသည့် အာဏာရှင်တို့သည် အလွန် နည်းပါးပါလိမ့်မည်။

အဇာတသတ်သည် ဗုဒ္ဓမြတ်စွာအား ဖူးမြင်ရသောအခါတွင် “မျက်မှောက်၌ပင် သိမြင်နိုင်သော ရဟန်းပြုရခြင်း၏ အကျိုးကျေးဇူး” (သန္ဒဋ္ဌိက သာမညဖလ) ကို မေးလျှောက်သည်။ မင်းစည်းစိမ်နှင့် အာဏာအတွက် ဖခင်အရင်းကိုပင် ရက်ရက်စက်စက် သတ်ဖြတ် လုယူသော အဇာတသတ်က စည်းစိမ်ဥစ္စာ အသက်မွေးဝမ်းကျောင်းမှုတို့ကို စွန့်ကာ ရဟန်းပြုကြသူတို့၏ ရည်ရွယ်ချက်ကို သိလိုခြင်းသည် အမှတ်တမဲ့ စဉ်းစားပါက ထူးဆန်း နေပါလိမ့်မည်။ စကြဝတေးမင်း ဖြစ်ထိုက်သော ကိုယ်ရည် ကိုယ်သွေးရှိသည့် ခတ္တိယနွယ်ဖွား သိဒ္ဓတ္တမင်းသားသည် မင်းစည်းစိမ်ကို စွန့်၍ ရဟန်းပြုခဲ့သည်။ ဘုရားအဖြစ်မရောက်မီ တောထွက်လာစ ရဟန်းတော် ဂေါတမသည် မိမိဖခင် ဗိမ္ဗိသာရမင်းက မဂဓတိုင်းနိုင်ငံအား အတူခွဲဝေအုပ်ချုပ်ရန် ကမ်းလှမ်းခဲ့သည်ကိုလည်း ငြင်းပယ်ခဲ့သည်။ မိမိက ထို မင်းစည်းစိမ်အတွက် ဖခင်ကိုပင် လုပ်ကြံခဲ့၏။ စည်းစိမ်အာဏာနောက်သို့ အဆုံးတိုင်လိုက်သော မင်းတစ်ပါးက မည်သည့်အရာအတွက် စည်းစိမ်အာဏာတို့ကို စွန့်ကာ ရဟန်းပြုကြသည်ကို သိလိုပါလိမ့်မည်။ ဗုဒ္ဓမြတ်စွာက ရဟန်းပြုသူတို့သည် မင်း၏ သြဇာအာဏာအရိပ်မှ လွတ်မြောက်ခြင်း၊ ကျေးကျွန်ဘဝ၊ အခွန်ထမ်းဘဝမှ လွတ်မြောက်ခြင်းတို့မှစ၍ သီလ၊ သမာဓိ၊ ပညာဟူသော အကျင့်သိက္ခာအဆင့်ဆင့်ဖြင့် အမြတ်ဆုံးသော လွတ်မြောက်မှု (ဝိမုတ္တိ) ကို ရရှိနိုင်ပုံကို အသေးစိတ် ဟောကြားခဲ့သည်။

တရားအဆုံးတွင် အဇာတသတ်က “မိုက်မဲတွေဝေခဲ့သည့် အလျှောက် အပြစ်ကျုးလွန်မိခဲ့ပါသည်။ အာဏာအတွက် တရားဖြင့် အုပ်ချုပ်သော ခမည်းတော်မင်းကို သတ်ခဲ့မိပါသည်။ နောင်တွင် ထိုအပြစ်တို့ကို မကျူးလွန်မိစေရန် စောင့်စည်းခြင်းငှာ ကျွနု်ပ်၏ အပြစ်တို့ကို အပြစ်ဟု လက်ခံ အသိမှတ်ပြုတော်မူပါ” ဟု တောင်းပန်လျှောက်ထား၏။ ဗုဒ္ဓက တောင်းပန် စကားကို လက်ခံအသိမှတ်ပြုကြောင်း ပြောကြား၍ အောက်ပါအတိုင်း မိန့်ကြား၏။
“ဝုဒ္ဓိဟေသာ, မဟာရာဇ, အရိယဿ ဝိနယေ, ယော အစ္စယံ အစ္စယတော ဒိသွာ ယထာဓမ္မံ ပဋိကရောတိ, အာယတိံ သံဝရံ အာပဇ္ဇတိ”
“မင်းကြီး… အကြင်သူသည် အပြစ်ကို အပြစ်ဟု သိမြင်၍ ထိုသို့သိမြင်သည့် အကြောင်းအားလျှော်စွာ ကုစား၏။ နောင်တွင် ထပ်မံ မဖြစ်စေရန် စောင့်စည်း၏။ ယင်းအား မြတ်သောအဆုံးအမတွင် တိုးတက်ခြင်းဟု သတ်မှတ်ပေသည်။”
ထို့ကြောင့် အာဏာ လက်လွှတ်ရမည်ကို ကြောက်ရွံ့သည့်စိတ် (ဘယာဂတိ) အား အမှားကျူးလွန်ရမည်ကို ကြောက်ရွံ့သည့်စိတ် (သြတပ္ပတရား) ဖြင့် အစားထိုးကာ
(၁) အမှားကို အမှားဟု သိမြင်ခြင်း၊
(၂) ထိုအမှားကို ပြန်လည် ပြုပြင်ခြင်း၊
(၃) နောင်တွင် ထပ်မံ မမှားမိစေရန် စောင့်ထိန်းခြင်း
ဟူသော အချက် ၃ချက်-ဖြင့် တိုးတက်မှုလမ်းပေါ်သို့ ပြန်လည်တက်ရောက် နိုင်ပါလိမ့်မည်။


Tuesday, November 27, 2012

ကျေးဇူးအမှား

လက်ပံတောင်းတောင် အရေးအခင်းနဲ့ ပတ်သက်ပြီး ဝန်ကြီးဦးအောင်မင်းနဲ့ ဒေသခံပြည်သူတွေ ဆွေးနွေးကြတဲ့ ရုပ်သံမှတ်တမ်းလေးကို ကြည့်လိုက်ရပါတယ်။
“အရာရာမှာ သူတို့လောက်သိတာ ဘယ်သူမှ မရှိဘူး”လို့ အထင်ရောက်နေတဲ့ ဝန်ကြီးတချို့နဲ့စာရင် ပြည်သူတွေနဲ့ တန်းတူအပြန်အလှန် ဆွေးနွေး နားထောင်ပေးတဲ့ ဝန်ကြီးကို ချီးကြူးပါတယ်။ ဒါပေမယ့် သူရှင်းပြသွားတဲ့ တရုတ်ကို ကျေးဇူးတင်ရမယ့် (တနည်း ကြောက်ရမယ့်) အကြောင်းတရား နှစ်ပါးကိုတော့ဖြင့် သိပ်ဘဝင် မတွေ့လှပါဘူး။ ရုပ်သံမှတ်တမ်းထဲက အမျိုးသမီးလေးကတော့ မကြောက်ဖို့ ပြောသွားပါတယ်။ ၁။ ၁၉၈၈ အရေးအခင်းအပြီးမှာ တရုတ်ပြည် မူဆယ်လမ်းကြောင်းကနေ ကုန်တွေသွင်းပြီး အသက်ဆက်ခဲ့ရတယ်။ ၂။ တရုတ်ကနေ ဗကပကို ထောက်ပံ့ထားတာတွေကို ဖြတ်တောက် ပေးခဲ့တယ်လို့ ဆိုပါတယ်။ ပထမအချက်မှာ ပြည်သူတွေရဲ့ အသက်ဆက်ခဲ့ရတာလား… ယိုင်လဲသွားတဲ့ အစိုးရယန္တရားကို ပြန်အသက်ဆက်ခဲ့ရတာလား ဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် တရုတ်ပြည်ကနေ နယ်စပ်ကုန်သွယ်ရေး လမ်းပွင့်သွားတယ်ဆိုတာက မြန်မာပြည်သူတွေထက် ကုန်းတွင်းပိတ်နေတဲ့ ယူနန်လို တရုတ်ပြည်နယ်တွေအတွက် ပိုပြီးအကျိုးဖြစ်ထွန်းစေပါတယ်။ တကယ်တမ်းဆိုရင် တရုတ်ကတောင် ပြန်ပြီး ကျေးဇူးတင်သင့်ပါတယ်။ ကုန်သွယ်ရေးလမ်းတွေ ပိတ်သွားမှာကို တရုတ်ကတောင် ကြောက်ဖို့ လိုမယ်ထင်ပါတယ်။ အကယ်၍ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းတွေ ပိတ်လိုက်ရင် ပထမ သုံးလေးငါးလလောက်တော့ (အရာရာမှာ တရုတ်ပစ္စည်းကို အားကိုးနေရတဲ့) မြန်မာပြည်သူတွေ ဒုက္ခရောက်ကောင်း ရောက်ပါလိမ့်မယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပြည်တွင်းက အမျိုးသားပိုင် စီးပွားရေး လုပ်ငန်းငယ်လေးတွေ ပြန်နလံထူလာစရာ အကြောင်းရှိပါတယ်။ တဖက်ကကြည့်ရင် ယူနန် ထွက်ကုန်တွေကို တရုတ်ပြည် ကမ်းရိုးတမ်းဖက်က ပို့ရရင် တန်ဖိုးထက် စရိတ်ပို ထောင်းပါလိမ့်မယ်။ ဒါ့အပြင် (မြန်မာပြည်ကို ပို့တဲ့ အရည်အသွေးနဲ့ ထုတ်ထားတဲ့) ဒီကုန်တွေကို အခြားနိုင်ငံတွေ မဆိုထားနဲ့ ဖွံဖြိုးတဲ့ တရုတ်ပြည်နယ်တွေကတောင် လက်ခံ သုံးစွဲပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါ။ နယ်စပ်ကုန်သွယ်ရေးတွေ ရပ်ဆိုင်းသင့်တယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ သူ့ကျေးဇူး ကိုယ့် အပေါ်ရှိတာထက် ကိုယ့်ကျေးဇူး သူအပေါ်ရှိတာက များမယ်လို့ ဆိုလိုချင်တာပါ။ တရုတ်က နယ်စပ်က လက်နက်ကိုင်တွေကို အထောက်အပံ့ပေးနေတာကို ရပ်လိုက်တယ်ဆိုတာကလည်း ကျေးဇူးတင်စရာ တခုလို့ မမြင်ပါဘူး။ ကိုယ့်ကို အနိုင်မကျင့်တာနဲ့ ကျေးဇူးတင်စရာမရှိပါဘူး။ အနိုင်ပြန်ကျင့်မှာ ကြောက်ရတယ်ဆိုရင်တော့ ဟုတ်ကောင်းဟုတ်နိုင်ပါတယ်။ တကယ်တော့ တရုတ်က အရင်ကတင် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခဲ့တာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေ ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂရဲ့ အကူအညီရယူဖို့ ကြိုပမ်းတိုင်းမှာ တရုတ်က ဗီတိုအာဏာနဲ့ ဝင်ရောက် နှောက်ယှက်ခဲ့ပါတယ်။ စစ်အစိုးရကို လက်နက် အထောက်အပံ့တွေပေးပြီး အာဏာရှင်စနစ် နှစ် တာရှည်စေခဲ့တယ်။ ဒီနည်းနဲ့လည်း တရုတ်က လက်နက်နဲ့ (လက်နက်ပေး၊ မြှောက်ပင့်ပေးပြီး) အနိုင်ကျင့်ခဲ့တယ်။ နိုင်ငံတကာဆက်ဆံရေးမှာ ဗီတိုအာဏာနဲ့ ဖြစ်စေ၊ စီးပွားရေးအရ ခေါင်းပုံဖြတ်ပြီး ဖြစ်စေ အနိုင်ကျင့်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ၁၉၈၈ မတိုင်မီရော ၁၉၈၈ နောက်ပိုင်းမှာပါ တရုတ်ဟာ မြန်မာပြည်တိုးတက်မှုရဲ့ အဟန့်အတား တခုအဖြစ် ရှိနေခဲ့တာ အမှန်ပါ။ အခုလို ပွင့်လင်းစပြုလာတဲ့အချိန်မှာ မြန်မာပြည်သား တိုင်းရင်းသားတွေ အချင်းချင်း မှန်ကန်တဲ့ တန်းတူညီမျှရေး၊ စည်းလုံးရေးကို တည်ဆောက်နိုင်ခဲ့ရင်၊ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ သံတမန်ရေး ထောက်ပံ့ကူညီမှုတွေ ရယူနိုင်ခဲ့ရင် လက်နက်ပေးပြီး အနိုင်ကျင့်မှာကို ကြောက်စရာ မလိုတော့ပါဘူး။ စီးပွားရေးအရ ဝါးမြို အနိုင်ကျင့်မှာကို ဘယ်လို ကာကွယ်ရမယ်ဆိုတာသာ စနစ်တကျ ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။ မှတ်ချက်။ ။ ဒီနေရာမှာ တိုင်းမဂ္ဂဇင်း ဆောင်းပါးတစ်ပုဒ်မှာ စာဖတ်သူတစ်ဦး မှတ်ချက်ပေးထားတဲ့ တရုတ်ပြည်ရဲ့ ဗျူဟာကို အလျဉ်းသင့်လို့ ကူးပြီး ဖော်ပြလိုက်ပါတယ်။ The Chinese are using the 2B-tactics (bribery and bullying) combined with their basic 2Y-strategy (Yuan and Y-chromosomes) in order to split up ASEAN (a rather facile trick which the Chinese believe Sun-Tzu “invented” lol).

Saturday, November 24, 2012

Myanmar Laksa အုန်းနို့ခေါက်ဆွဲ

>> ဆိုင်က ပိတ်သွားရှာပါပြီ <<

မပြောမရှိကြနဲ့ဟေးးး...)))

Vivo City - Foodcourt က Laksania Express ဆိုင်မှာ ရနိုင်တဲ့ Myanmar Laksa အုန်းနို့ခေါက်ဆွဲပါ။

Sunday, November 18, 2012

အတွေးပန်းချီ


(ဦး)ခင်မောင်တိုးဈာပနနေ့က သူ့ရဲ့ အတွေးပန်းချီ(တေးရေး-နိုင်မင်း)ကို youtube မှာ ဖွင့်ပြီး လိုက်ဆိုထားတာကို လက်ကိုင်ဖုံးနဲ့ အသံဖမ်းထားတာပါ...

Saturday, November 17, 2012

ဘယ်သူ့အတွက် ထိုးတာလဲ...ခေါင်းလောင်းထိုးသံရယ်...(ခင်မောင်တိုး)

အစတုန်းကတော့ ကျောင်းကို (ကျနော်) နည်းနည်းတော့ သံယောဇဉ် ဖြတ်ထားတာပေါ့လေ... ကျောင်းအပြစ် မဟုတ်ပါဘူး..တကယ်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ... (ခင်မောင်တိုး)

သမုဒယကျောင်းအပေါ် ထားခဲ့တဲ့ အကျိတ်အခဲတွေကို ချေဖျက်လိုက်ပါပြီ... 
ငြိမ်းချမ်း လွတ်လပ်စွာ သံသရာခရီး ဆက်နိုင်ပါစေ လို့ ယုံကြည်ဆုတောင်းလိုက်ပါတယ် ...
မဇ္ဈိမလှိုင်းကို စီး၍ နိဗ္ဗာန်သောင်ကမ်းသို့ ဆိုက်ကပ်နိုင်ပါစေ...

Sunday, November 11, 2012

နှောင်တွယ်ခြင်း

ခုံတန်းရှည်တခု…လူတယောက်..ထိုင်နေတယ် 
ငှက်တောင်မွှေးလေးတခု…လေထဲမှာ တလွင့်လွင့်နဲ့… 
ဟိုလူ့ပါးအနား ဖြတ်ပျံသွားတဲ့ အခိုက်အတန့်လေးတခု… အမှန်တကယ် ဖြစ်သွားခဲ့တယ်။ 

ခုံတန်းရှည်ပေါ်ကလူ…စကားတွေ ပြောနေတယ်…။

ငှက်တောင်မွှေးလေးကတော့ ရံဖန်ရံခါ မြက်ခင်းစိမ်းပေါ် ခဏတဖြုတ်နားခိုရင်း…
တခါတရံ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းငယ်လေးထဲ တပိုင်းတစပေါ်နေတဲ့ ကျောက်တုံးလေးရဲ့ စွတ်စိုမှုမှာ ငြိစွန်းရင်း…
တခါတလေလည်း သစ်တပင်ရဲ့ ဟိုးမြင့်မြင့် ကိုင်းဖျားကိုင်းနားတွေမှာ ယီးလေးခိုရင်း… 

ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ.. ရှင့်စကားတွေကို နားထောင်နေတာ… ဟိုးးးရှင့်အပါးက ဖြတ်သွားပြီးကတည်းကပါပဲ…တဲ့။ ။

(Forest Gump ကို အလွန် နှစ်သက်သော ကိုဧရာအတွက် ၄၅နှစ်တာ အိုခြင်းအမှတ်တရ…)
*****
Behind the scene နှောင်တွယ်ခြင်း

မသီတာ။ ။ဒီနေ့ ကျမ ပို့စ်တပုဒ်ရေးတယ်
ကိုဧရာ။ ။ဟုတ်လား…ဘာရေးတာလဲ
မသီတာ။ ။ရှင့်မွေးနေ့ နီးပြီလေ
ကိုဧရာ။ ။အဲ့ဒါဆိုလည်း ကို အိုပြီဆိုတဲ့အကြောင်း ထည့်ရေးစမ်းပါ

ဒီက ထုံးစံအတိုင်း ရိုမန်းတစ်တစ်လေး စိတ်ကူးရေးထားတဲ့ဟာ သူက အိုတဲ့အကြောင်းတဲ့... ပိတ်သတ်ကြီးရေ… ဒါနဲ့ပဲ Credit မှာ အို တလုံး ထည့်ပေးလိုက်တယ်
ဒီက စကားနားထောင်တဲ့ ငှက်တောင်မွှေးလေးလေ…:D