Thursday, February 21, 2008

ဘဝထဲက ကဗျာ

ဝါဝါရေ အခုတလော မကြာခဏ ဖတ်ရတဲ့ မင်းစာတွေထဲက ဘဝအမောလေးတွေ
အားတင်းထားသူငယ်ချင်း မင်းအဆင့်က မွန်းကြပ်မှုကို မရောက်သေးဘူး။
...............
ကိုယ်တို့ အသက်တွေ ပြန်ငယ်ကြည့်လိုက်ကြရအောင်၊ ဆိုပါစို့ ပညာသင်တဲ့အရွယ်။
စာကလွဲပြီး အခြားစိတ်ဝင်စားစရာဆိုလို့ သိပ်ထွေထွေထူးထူးမရှိခဲ့ကြပါဘူးလေနော်။ ကာတွန်းဖတ်မယ်။ ဝတ္ထုဖတ်မယ်။ ရုပ်ရှင်ကြည့်မယ်။ သီချင်းနားထောင်မယ်။
အချိန်ပိုရတဲ့အခါ မင်းကတော့ ဂစ်တာတီးမယ်။ ကိုယ်ကတော့ သိမ်သွားတဲ့ ကိုယ့်ရဲ့ ဘယ်ဖက်လက်ကို လေ့ကျင့်ခန်းပေးဖို့ ကြက်တောင်ရိုက်ရမယ်။ သတ္တိနည်းနည်းပိုရှိတဲ့လူက ရည်းစားထားမယ်။ ကိုယ်တို့ ဘာမှမမှားခဲ့ကြဘူးကွ။ အဲနေဦး နေဦး။ မင်းတို့အိမ်မှာ Carlsberg beer တစ်ဘူးကို တို့လေးယောက် ဝိုင်းသောက်ကြတုံးကတော့ မင်းက ရေခဲနဲ့မှသောက်ချင်ပါတယ်ဆိုလို့ မင်းမေမေ စီစီရယ် ရေခဲတွေ ချိုင့်ကြီးနဲ့တစ်လုံး ထွက်ဝယ်ပေးခဲ့ရသေးတယ် မဟုတ်လား။ ဒါပေမဲ့ တို့သူငယ်ချင်းတွေထဲ တစ်ယောက်မှ အရက်သမား မဖြစ်ခဲ့ပါဘူးကွာ။ မှားခဲ့ကြမယ်ဆိုရင်တောင် ကိုယ်တို့မှာ ပြင်စရာ အားကိုးလောက်တဲ့အချိန်တွေရှိခဲ့တယ်။
...............
အေး..အခုအချိန်မှာဆိုရင်တော့ အားသွားရင် မင်းမမူးဘဲ ရစ်တော့မယ်။ မင်းပတ်ဝန်းကျင်ကလူတွေ သေဖို့သာပြင်တော့။ ကြောက်စရာကောင်းလောက်အောင် မင်းကိုမင်း အပြစ်တွေတင်တော့မယ်။ နောက်ဆက်တွဲ တန်းစီလာမဲ့ အမှားတွေ အမှားတွေ။ ဘယ်မှာလဲ အမှားတွေကို ပြင်ဖို့ မင်းမှာ အချိန်...
...............
တကယ်တော့..အရာရာမှာ သေချာချင်၊ ရေရာချင်၊ ‘၁’ နဲ့ ‘၁’ ပေါင်းရင် ‘၂’ ရကို ရ ရမယ်ဆိုတဲ့ ကိုယ်တို့ရဲ့ဉာဉ် ကလေးတွေကြောင့်ပါကွာ။
ကိုယ့်အတွက်တော့လေ ဘဝဆိုတာ ဘယ်တော့မှ ကဗျာ မဟုတ်ဘူး။

“သူငယ်ချင်းတွေထဲမှာလူကြီး အဆန်ဆုံးလို သတ်မှတ်ထားတာ၊ တစ်ခါတစ်ခါ လိုက်မမှီအောင် ထ, ထကြောင်တာ ဘယ်လို ပြောရမှန်း မသိဘူး” ဆိုရင် အခုရော ဘာပြောဦးမလဲ မရွှေဝါ...

Wednesday, February 20, 2008

ဆုတ်စေ၊ နစ်စေ၊ မြုပ်စေ တာ

ဒီစာအုပ်ကို ကိုယ် အရှိန်အဟုန်နဲ့ ဖတ်နေတာ၊ လိုင်းတွေလည်း တားတယ်၊ စတား* တွေလည်းပြတယ်။
ကိုယ်က ခရီးသွားရင်း ရထားပေါ်မှာ စာဖတ်လေ့ရှိတယ်။
အခုစာအုပ်တဝက်လောက်ရောက်မှ စာကရှေ့မသွားတော့ဘူး။ ဖတ်သာဖတ်နေတယ်။ ခေါင်းထဲကို တစ်လုံးမှ မရောက်ဘူး၊ ကိုယ်သိတယ်။ နောက်တော့ လက်ရှော့ပြီး စိတ်ကို နှာသီးဝကို ပို့ထားလိုက်တယ်။
*****
မျက်နှာပြင်ပေါ်မှာ ရေညှိရေမှော်တွေ တက်နေတဲ့ ကန်တွေကို သင်တို့မြင်ဖူးကြပါသလား။ ကိုယ်ကတော့လေ အဲ့ဒီကန်မျိုးတွေကို သိပ်မုန်းတယ်။ သင်တို့ ကြားဖူးကြမှာပါ။ ကိုယ်တို့လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားငယ် ‘အောင်ဆန်းလင်း’ ဟာ ကစားရင်း အိမ်နားက ရေကန်မှာ နစ်လို့သေဆုံးခဲ့ရတယ်ဆိုတာ။ ဗိုလ်ချုပ် အိမ်က ရေကန်ကို ကိုယ်မမြင်ဖူးပေမဲ့၊ ဘောလုံးနောက်ကိုလိုက်ရင်း မသိရှာတဲ့ ကလေးဟာ၊ ဒီစိမ်းပြန့်ပြန့်တွေကို နင်းလို့ရတဲ့မြေပြင်လို့ ထင်မိရှာလို့ သူ့အသက်ဆုံးရှုံးခဲ့ရတာ။ ဒေါ်ခင်ကြည်ရဲ့ ဆုံးရှုံးမှု၊ ဦးအောင်ဆန်းရဲ့ ဆုံးရှုံးမှု၊ သူ့အစ်ကိုရဲ့ ဆုံးရှုံးမှု၊ သူ့ညီမရဲ့ ဆုံးရှုံးမှု၊ နိုင်ငံတစ်နိုင်ငံရဲ့ ဆုံးရှုံးမှု...
ဒီလိုကန်မျိုးပဲနေမှာ...
ငယ်ငယ်ကတည်းက အဲ့ဒီကန်မျိုး သွားရင်းလာရင်းတေ့ွရရင်တောင် ကိုယ် မကြည့်ချင်ဘူး။ မကြည့်ရဲဘူး။
နောက်နည်းနည်းကြီးလာတော့ အဲ့ဒီကန်မျိုးတွေ့ရင် အနီးအနားမှာ “ဖြတ်သန်းမသွားရ” ဆိုတဲ့ ဆိုင်းဘုတ်မျိုးမှ တပ်ထားရဲ့လား။ ကန်ကိုရော ခြံစည်းရိုးခတ်ထားရဲ့လား။ စူးစမ်းတတ်လာတယ်။
*****
အခုတော့ ကိုယ်သိတယ်။ ဆုတ်စေ၊ နစ်စေ၊ မြုပ်စေ တာ ကန်ရေပြင်ပေါ်မှာဖုံးအုပ်နေတဲ့ ရေညှိ၊ ရေမှော်တွေနဲ့ တူတဲ့ “နိဝရဏတရား” တွေ။
*****
အပြန်ခရီးမှာတော့ မဆိုးဘူး။ စာတွေခေါင်းထဲ ဝင်သင့်သလောက်ဝင်တယ်။

သြော် ကိုယ်ဖတ်နေတဲ့စာအုပ်က Dr. Walpola Rahula အရှင်သူမြတ် ရေးသားပြုစုသော WHAT THE BUDDHA TAUGHT ကို ဦးကိုလေး (ဇေယျာမောင်) မြန်မာဘာသာပြန်ဆိုသည့် မြတ်ဗုဒ္ဓဒေသနာ

Tuesday, February 19, 2008

အမှတ်တရ

ကိုယ် ဆယ်ကျော်သက် အရွယ်လောက်တုန်းကပေါ့ ကိုယ့် အစ်မဝမ်းကွဲ မနှင်းက
‘ဒီစာအုပ်လေး ကောင်းတယ် ဖတ်ကြည’့် ဆိုပြီးပေးလာခဲ့တယ်။
ဂျူး ရဲ့ “အမှတ်တရ” ဆိုတဲ့ စာအုပ်လေးပေါ့..
မနှင်းကပြောလိုက်သေးတယ် ‘သူများ ဒိုင်ယာယီလေး ခိုးဖတ်ရသလိုပဲ’ တဲ့။
စာအုပ်ကိုဖတ်အပြီးမှာတော့ သူ့အပြောကို ကိုယ်ထောက်ခံခဲ့ပါတယ်..
...............
သူများ ဒိုင်ယာရီဆိုတော့လည်း ကိုယ့် ဒိုင်ယာရီမှ မဟုတ်ပဲ.. အကြောင်းအရာတွေကိုတော့ ကောင်းကောင်းမမှတ်မိတော့ပါဘူး.. ကိုယ် မှတ်မိနေတာလေး တစ်ခုက..ဂျူးက စာအုပ်ထဲမှာပြောထားတယ်.. ‘ဆေးကျောင်းသားတွေမှာ (၃)မျိုး (၃)စားရှိပါတယ်တဲ့.. ပထမတစ်မျိုးက ဆေးကျောင်းသားဘဝကတည်းက ဆရာဝန်ရုပ်ပေါက်နေတဲ့လူ..ဒုတိယတစ်မျိုးက ဆေးကျောင်းသားဘဝမှာ ဆရာဝန်ရုပ်မပေါက်သေးပေမဲ့.. ဆရာဝန်ဖြစ်တော့ ဆရာဝန်ရုပ်ပေါက်သွားတဲ့လူ နဲ့.. တတိယတစ်မျိုးကတော့.. ဆေးကျောင်းသားဘဝမှာရော ဆရာဝန်ဘဝမှာပါ ဆရာဝန်ရုပ်မပေါက်ကြတဲ့လူများပါတဲ့..မောင်ကတော့ ဒုတိယအမျိုးအစားထဲကပါ’ တဲ့။
ဆရာမဂျူးရဲ့ သရုပ်ခွဲပညာ အရေးအသားကို လေးစားမိသလို..
သြော်မိန်းမ..မိန်းမ..အငွေ့လေးဖြင့်ပင် ချစ်မိပြီဆိုရင်ဖြင့်..
ချစ်ရပါသည်။
မြတ်နိုးရပါသည်။
လေးစားရပါသည်။
တွယ်တာရပါသည်။
...............
ကိုယ် ဒိုင်ယာရီ ဘယ်တော့မှမရေးချင်တော့ပါဘူးကွာ..
ခိုးဖတ်ခံထိမှာ စိုးလှပါတယ်...

(blog တွေမှ ခိုး၍ဖတ်စရာမလိုသော ဒိုင်ယာရီများကို ဖတ်ရင်း ပွားများမိရသော မေတ္တာ၊ ကရုဏာ၊ မုဒိတာဖြင့်...)

Thursday, February 14, 2008

သိင်္ဂါလောဝါဒသုတ်တော်

“လှည်းဘီးပြင်က၊ နားစောင့်ချသို့
မိဘနှင့်သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်
ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့်၊
ဆရာတပည့်၊ တည့်တည့်မချွတ်
ကျင့်ဝတ်စုံလင်၊ ဖြူ သန့်စင်မှု
ရှင်လည်းမကွေ၊ သေလည်းမကွာ
နတ်ရွာလူ့ပြည်၊ လှည့်လည်အတူ၊ စံစားမူ၍
နိဗ္ဗူ ရွှေပြည်၊ ဝင်အံ့သည်တည့်။”...

Thursday, February 7, 2008

မင်္ဂလသုတ် (ပါဠိ၊ မြန်မာပြန် နှင့် ဒဂုန်ဦးထွန်းမြင့်၏ မင်္ဂလာကဗျာ)

...
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတို့၊
ပျက်ပြားနေကြ ကမ္ဘာမြေ။
ဟိုတိုင်း ဒီပြည် ရန်စစ်ခင်းလို့၊
လူနှင့်လူခြင်း သတ်ကာနေ။
ငြိမ်းချမ်းပါစေ အာသီသနဲ့၊
စွမ်းနိုင်ရာက ကူညီသလေ။
သုံးဆယ့်ရှစ်ပါး ... မင်္ဂလာတရား ... ရေးသားဖြန့်ကာဝေ။
အဖိုးတန်တဲ့ “ဗုဒ္ဓဝါဒ” ကမ္ဘာက သိပါစေ။

ဒဂုန်ဦးထွန်းမြင့်

http://www.scribd.com/doc/2055749/Mangala-Sutta-for-Children

Wednesday, February 6, 2008

ပန်းတွေ ပွင့်ပါစေ...

ပန်းပင်တွေမစိုက်ချင်ခြင်းသည်... ပန်းပင်တွေစိုက်ချင်ခြင်းမှ အစပျိုးခဲ့လေသည်....။

ငယ်ငယ်က စာတော်သော ကျွန်မကို အောင်စာရင်းထွက်ပြီးပြီဆိုရင်ဖြင့် ဥစ္စာဓန မကြွယ်ဝလေသော အဖွားသည် အိုးနှင့်အသင့်ထည့်ပြီးပန်းပင်လေးတွေကို ဆုအဖြစ် နယ်မှပို့ပေးတတ်လေ၏။

ကျွန်မ ပထမဆုံးရသော ပန်းအိုးမှာ အဖြူရောင်နှင့် ဝတ်ဆံမှာ အဝါရောင် ပန်းပွင့်လေးတွေပွင့်သော သစ်ခွပန်းပင် တစ်ပင်ဖြစ်ပါသည်။

ကျွန်မ၏ ပထမဦးဆုံးသော ကိုယ်ပိုင်အပင်လေးကို ကျွန်မ ချစ်ပါသည်...။
နောက်ပြီး ဒါက.. ကျိုးစားမှုရဲ့ ရလဒ်ဖြစ်သလို... အလိုလို တော်နေခြင်းရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်သည်။
ထိုအပင်လေးကို မည်သူမှ မထိရ... မကိုင်ရ။ ကြည့်ချင်လျှင်တောင် ခပ်လှမ်းလှမ်းမှ ကြည့်ရမည်။

ရေလောင်းပါသည်....တနေ့ကို ၂ကြိမ်..၃ကြိမ်လောင်းသည်။ တခါတရံ မရေမတွက်နိုင်အောင်လည်း လောင်းသည်။
အစပိုင်းတော့ အိုးထဲမှာပါလာသည့် မီးသွေးခဲတွေကို ဟိုချဲဒီချဲလုပ်သည်။ နောက်တော့ အိမ်က မီးသွေးတွေထပ်ထည့်သည်။
အပင်လေး နေရောင်ခြည်ရအောင်လည်း ခေါင်းရင်းရွှေ့၊ ခြေရင်းရွှေ့၊ ဟိုရွှေ့၊ ဒီရွှေ့လုပ်ပါသည်။

သို့ပါသော်လည်း... အဖွားပို့ပေးလိုက်စဉ်က တစ်ပါတည်းပါလာသည့် ပန်းပွင့်လေးတွေကို တစိမ့်စိမ့်ကြည့်ရင်း ကျွန်မလက်ထက်မှာ ပန်းတွေ ထပ်ပွင့်လား၊ မပွင့်ဘူးလားဆိုတာကို မမှတ်မိနိုင်စဉ်မှာပင် ပန်းပင်လေး သေသွားခဲ့ပါသည်။

‘သြော်.. သူ့အပွင့်လေးတွေနုသလို၊...တော်တော်နုတဲ့အပင်အမျိုးအစားပါလား..။’ လို့သာ ကျွန်မမှတ်ချက်ချခဲ့ပါသည်။
*****
နောက်တစ်နှစ် ရောက်လာသော အပင်မှာ “စပိုင်ဒါ” ဟုခေါ်သော သစ်ခွပန်းပင် တစ်ပင် ဖြစ်ပါသည်။

‘မနှစ်က အပင်က နာမည်တောင် ဘယ်လိုခေါ်မှန်း မသိတော့ သူ့ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ငါဘယ်လိုလုပ်သိပါ့မလဲ’... ( ဆိုင်လားမဆိုင်လားတော့ မသိ။ ကျွန်မ အမှန်ပင် ထိုကဲ့သို့ တွေးခဲ့ပါသည်။)
‘အခုအပင်ကတော့ နာမည်လည်းငါ သိတယ်... အရိုးတွေကလည်း ပိုတောင့်တယ်...သူ့ အပွင့်လေးတွေ ကိုယ်တိုင်ကိုက အဝါရောင်ပေါ်မှာ အစင်းတွေ အပျောက်တွေနဲ့...။ သူ့ကိုကြည့်ရတာ ကျားတွေလိုပဲ ငါ့မှာ အားတွေရှိတယ်လို့ ပြောနေသလိုပဲ...။ ငါအကိုင်အတွယ် မတတ်တောင်..သူ့ဟာနဲ့သူ အဆင်ပြေနေမယ့်ပုံ...။’
‘နောက်ပြီး အဖွားက မှာလိုက်သေးတယ်လေ...။ သမီး ဒီအပင်မျိုးတွေက သိပ်ပွားတယ်တဲ့။ အင်း... ငါတော့ သူတို့မှီတက်ဖို့ တိုင်တွေအများကြီး ရှာထားရဦးမယ်...။’

ထင်ခဲ့သည်...။ ထင်ခဲ့ပါသည်လေ...။

သို့သော် ကာလတခုကျော်လွန်ပြီးချိန်တွင် တစ်တိုင်ထဲသော ထိုတိုင်လေးမှာ သူကိုခြောက်ကပ်စွာတွယ်ကပ်နေသည့် ပင်စည်ရိုးတွေကို..ရင်နာစွာဖယ်ရှားရင်း...နှုတ်ပယ်ခဲ့ရပါလေသည်။
*****
ကျွန်မ အပင်က ပန်းတွေ မပွင့်ကြောင်းသိသွား၍ ပေလားမသိ...။
ဖွားဖွားဆီမှ နောက်တစ်နှစ်ရောက်လာသော ပန်းပင်မှာ ဇော်မွှားဟုခေါ်သော ရွက်လှပန်းအိုးဖြစ်လာ၏။

ပထမတော့ ပန်းအိုးလေးကို ကြည့်ရင်း ကျွန်မ ဝမ်းနည်းသလို ဖြစ်မိသေးသည်။ ဤအပင်မှ ပန်းမပွင့်ကြောင်း ကျွန်မသိသည်။ ဤအပင် ပွားမပွားကိုတော့ ကျွန်မသေချာမသိပါ။
ပန်းအိုးဝိုင်းဝိုင်းလေးမှ ကြက်လည်ဆံမွှေးလို ပတ်ပတ်လည် ဖြာကျနေသည့် ရွက်လှလေးတွေကို ကြည့်ရင်း.. ‘ငါအဖွားဆီက ဆုတွေ ရနေသေးသားပဲ...။ ဒီအပင်ကမှ..သဘာဝနဲ့ ပိုနီးစပ်သေး...’ လို့ ကျွန်မကိုကျွန်မ အားပေးခဲ့ပါသည်။

မကြာပါ.. သိပ်ကိုမကြာလိုက်ပါ...အထဲမှာ မြေကြီးသာကျန်တော့သော ပန်းအိုးဝိုင်းဝိုင်းလေးကို ကြည့်ပြီး..ကျွန်မ အမေ့ကို ကြေညာလိုက်တာက..
‘အမေ... ဒီတခါဖွားဖွားဆီက.. ပန်းပင်တွေရောက်လာခဲ့ရင်.. သမီးမကိုင်ချင်တော့ဘူး...။ အမေပဲ ရေလောင်းတော့...။ အမေပဲ ဂရုစိုက်လိုက်ပါတော့....။’ ဟူ၍သာ...။

နောက်တော့ ကျွန်မ လက်နှစ်ဖက်ကို ဖြန့်မကြည့်မိအောင် သတိထားရင်း...။
‘ငါ့လက်တွေ... ငါ့လက်တွေ...’ ဟု... စိတ်ထဲက.. မကြာခဏ အကြိမ်ကြိမ် ပြောနေမိပါသည်။
*****
ဒီနှစ်တော့ ကျွန်မ ဆယ်တန်းအောင်သောနှစ် ဖြစ်ပါသည်။

ဖွားဖွားဆီက ရလိုက်သောဆုမှာ အဖြူရောင်အစ ပေါ်တွင် အခက် အရွက်နှင့် ရောင်စုံပန်းပွင့်လေးတွေ ထိုးထားသော အဖုံးနှင့် စွတ်ထားသည့်၊ အနီရောင်ပေါ်တွင် စွင့်စွင့်ကားကား ပွင့်နေကြသည့် ရောင်စုံပန်းပွင့်ကြီးတွေ ရိုက်ထားသောပိတ်စ ထူထူနှင့်ချုပ်ထားသည့်၊ ခေါင်းအုံးသေးသေးလေး တစ်လုံး ဖြစ်ပါသည်။ ထိုခေါင်းအုံးလေးကို ကျွန်မ အုံးလည်းမအုံးပါ...။ ပွေ့လည်း မပွေ့..ဖက်လည်းမဖက်ပါ...။

ကျွန်မအိပ်ယာ ခေါင်းရင်းထောင့်မှာသာ အသာလေးချထားခဲ့ပါသည်။
*****
ကျွန်မ စက်မှုတက္ကသိုလ်ကို စက်ရုပ်တစ်ရုပ်လိုတက်ခဲ့သော ကာလများတွင် ဆုဆိုသောအရာသည် ကျွန်မနှင့် မထိုက်တန်သော အရာဖြစ်၍ ပန်းပင်တွေ ဘယ်လိုစိုက်ရမယ်ဆိုတာလည်း အတွေးထဲတောင် ရောက်မလာခဲ့တာ အလွန်သေချာပါသည်။

ထိုခေါင်းအုံးကလေးသည် ဖွားဖွားဆီက ဆုအဖြစ် ကျွန်မနောက်ဆုံးရလိုက်သော လက်ဆောင်ပင် ဖြစ်ပါသည်။
*****
ကျွန်မ မွေးရပ်မြေမှ ခွဲခွါ၍ နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်ကိုင်မည်ဆိုသောအခါ မသွားမီတနေ့ ဖွားဖွားရောက်လာပြီး ကျွန်မတို့ မောင်နှမ (၇)ယောက် (အားလုံးဘွဲ့ဝတ်စုံနှင့်)၊ အဖေ၊ အမေ နှင့် ဖွားဖွား မိသားစု ဓါတ်ပုံရိုက်ကြပါသည်။ (ဓါတ်ပုံထဲတွင် ဖွားဖွားသည် အင်္ကျီအဖြူရောင်၊ လုံချည်မှာ အနက်ခံပေါ်တွင် အဝါရောင် ပန်းပွင့်လေးများ ပြန့်ကျဲနေသော အဆင်နှင့်၊ အဝါရောင် ပုဝါပါးလေးကို ပုခုံးမှာ အသာချထားပါသည်။)
နိုင်ငံခြားသွားမည့် ကျွန်မကို ဖွားဖွားက လက်ဆောင် အသစ်ထပ်မပေးခဲ့ပါ။

နောက်ဆုံးရထားသော လက်ဆောင်ခေါင်းအုံးလေးကိုသာ ကျွန်မနှင့် တစ်ပါတည်း ယူလာခဲ့ပါသည်။
*****
ဖွားဖွားမရှိတော့ပါ...။
ဖွားဖွားဆုံးပါးသွားချိန်ထိ.. ဖွားဖွားစိုက်စေချင်သော .. သစ်ပင်တွေ ကျွန်မ မစိုက်နိုင်ခဲ့ပါ။ ပန်းတွေ မပွင့်စေနိုင်ခဲ့ပါ။ မျိုးတွေ မပွားစေနိုင်ခဲ့ပါ။

အခုတော့ ကွန်ပြူတာရှေ့တွင် နေကုန် နေခန်းထိုင်၍ အလုပ်လုပ်နေရသော ကျွန်မနှင့် ဖွားဖွား၏နောက်ဆုံးလက်ဆောင် “မှီအုံး”ကလေးသည် မကွဲမကွာ အမြဲသာ အတူရှိနေရပါသည်ဟု ဆိုလျှင် .. ဖွားဖွားပြုံး၍ ကျေနပ်နေပါလိမ့်မည်...

(စီးကရက်သောက်တတ်သော၊ သတင်းစာဖတ်သော၊ အိမ်ကိုဧည့်သာလာလျှင် ‘ထိုင်ပါ’ ဟု မပြောမီ နံရံ၌ချိပ်ထားသော မိသားစု ဓါတ်ပုံကို ပြ၍ ‘မြေးတွေလေ’ ဟု အရင်ပြောတတ်သော၊ ကျွန်မမှတ်မိသလောက် အဖြူရောင် အင်္ကျီကိုသာ အမြဲဝတ်တတ်သော၊ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ခဲ့သော...ဖွားဖွားအား ရင်ထဲ၌ သိမ်းထားလျက်)*****
ကျွန်မက အခုတော့ ကိုယ့်အိုးကိုယ့်အိမ်နဲ့လေ...
အိမ်ဆိုမှတော့ အိမ်ရှေ့ သို့မဟုတ် အိမ်နောက်၊ အိမ့်ပတ်ဝန်းကျင်မှာ သီးပင်၊ စားပင် နဲ့ အနည်းဆုံးတော့ ပန်းပင်လေးတွေရှိမှ အိမ်ရယ်လို့ မည်တော့မပေါ့...

ပန်းပင်... အို.. မစိုက်ချင်ပါဘူး...
ပျော်ရွှင်ချမ်းမြေ့နေတဲ့ လူတစ်ယောက်ဟာ ပန်းပင်လေးတွေနားမှာ သီချင်းဆိုရုံနဲ့ ပန်းပွင့်လေးတွေ ပွင့်လာစေနိုင်တယ်တဲ့...။
ကျွန်မက ရောဂါသည်..

Friday, February 1, 2008

ပန်းတဲ့လားကွယ် ...

“ပန်းတွေထဲမှာ ဘယ်ပန်းအကြိုက်ဆုံးလဲ”လို့ မေးလာခဲ့ရင်“ဘယ်ပန်းမှ မကြိုက်ဘူး”လို့ တုံးတိတိဖြေမဲ့ မိန်းမတစ်ယောက်ကို “ဘယ်လိုကြီးလဲ”လို့ သင် ပြန်ကြည့်မိလေမလား...။

တစ်ခုခုကို ဖြေကိုဖြေရမယ် အထင်ကြောင့် “သပြေပန်း အကြိုက်ဆုံး”လို့ ပြောလိုက်တဲ့ ကျွန်မကို “သပြေက ပန်းမှ မဟုတ်တာ”လို့ သင် ရယ်ချင်သွားဦးမလား...။

ခြူနာပါနာ လိုက်လွန်းတဲ့ သောကြာသမီး ကျွန်မကို ကျန်းမာရေးကောင်းအောင်၊ အန္တရာယ်ကင်း ဘေးကင်းအောင်၊ စာတော်အောင် အမေက သပြေပန်း (၉)ခက် သောကြာနေ့တိုင်း ဘုရားမှာလှူပေးနေကြပဲ။ အဲ့ဒီတော့ သပြေပန်း ကျွန်မကြိုက်တယ်လေ...။

ဟိုး...ငယ်ငယ်တုန်းကတော့ နွေရာသီကျောင်းပိတ်ရက် အဘိုးအဘွားတို့ရွာမှာ နေရရင် နံနက်စောစော အိမ်ရှေ့ဇလပ်ပင်က ကြွေကျတဲ့ ပန်းလေးတွေကောက်.. ရေဆေး.. ကော်ဖီပန်းကန်ပြားတစ်ချပ် အပြည့် ဘုရားလှူရတုန်းကလည်း ပွင့်ချပ်လေးတွေက အတွန့်အတွန့်လေးတွေနဲ့ အထပ်ထပ် ဖွေးဖွေးဖြူတဲ့ အဲ့ဒီ ပန်းလေးတွေက အခြားဇလပ်နဲ့ မတူဘူးဆိုပြီး ကျွန်မ ကြိုက်ခဲ့သေးသားပဲ...။

အလယ်တန်းကျောင်းရောက်တော့ ကျောင်းအဝင်လမ်း တစ်ဖက်တစ်ချက်မှာ ပွင့်နေကြတဲ့ ရိုးတံရှည်ရှည်နဲ့ သေးသေးဝါဝါ စိန်ချယ်ပန်းလေးတွေကလည်း ကျောင်းထဲဝင်လာတဲ့ ငါ့ကို ကြိုနေကြသလိုပဲလို့ ခံစားရတာ ဒီနေ့အထိပဲ...။

ဆယ်ကျော်သက်ရွယ်ရောက်တော့ တစ်နေ့တစ်ပွင့်ပေးခံခဲ့ရတဲ့ ဒေလီယာပန်းလေးတွေကို မမွှေးပေမဲ့ လှတော့လှသား..လို့ ထင်ခဲ့တယ်...။

ဆောင်းရာသီဆို မောင်နှမတစ်တွေနဲ့ သူငယ်ချင်းတွေစု မနက်စောစောထ ရွှေတိဂုံဘုရားကိုလမ်းလျှောက်၊ အပြန်မှာ ခရေပင်လမ်း တစ်လျှောက် လုကောက်ခဲ့ရတဲ့ပန်းတွေ ဘယ်သူပိုရလဲလို့ ရေကြည့်ခဲ့ကြသေးတယ်နော်...။

တက္ကသိုလ်ရောက်တော့ မျက်နှာရူးရူးနဲ့ ပြောင်ပြောင်တင်းတင်းပိုးတတ်တဲ့ လူတစ်ယောက်ကို တော်တော်ချဉ်ပေမဲ့ တစ်နေ့ ခုံထဲမှာ အပြည့်လာထည့်ထားတဲ့ ကံ့ကော်ပန်းလေးတွေကိုတော့ သနားစရာပါလားလို့ ထင်ခဲ့သေးတယ်...။

ဘွဲ့ယူမဲ့နေ့တုန်းက စီးပွားရေးကို အာရုံစိုက်လွန်းပြီး အိမ်ကပ်လေ့မရှိတဲ့ အဖေက ဈေးထဲ ကိုယ်တိုင်သွားပြီး ဝယ်ပေးခဲ့တဲ့ သစ်ခွပန်းတွေကလည်း တော်တော်လှခဲ့တာပဲ ...။(ပန်းဝယ်ပြီးမှ ပြန်လာတဲ့ အဖေက သမီးရယ် ပန်းပန်ချင်တာများ အိမ်ရှေ့ကအော်ရောင်းတဲ့ စပယ်တွေ၊ ရွှေတွေ၊ ငွေတွေ၊ ဇွန်ပန်းတွေ ဆိုတာကို ခေါ်ဝယ်ပြီး ပန်လည်းရသားပဲလို့ ပြောပြီး မျက်စောင်းထိုးခဲ့ရတာကိုလည်း မှတ်မိနေသေးတယ်။)

ကျွန်မ ရင်းနှီးတဲ့ပန်းက သိပ်တော့များများစားစား မရှိပါဘူးလေ...။

ကျွန်မ မွေးနေ့ကိုတောင် မှတ်မိလေ့မရှိတဲ့ ချစ်သူကို Valentine’s Day မှာ နှင်းဆီပန်းတစ်ပွင့် နှစ် နှစ်ဆက်တိုက်ပေးခဲ့ဖူးတယ်... (၃) နှစ်မြောက်မှာတော့ ကျွန်မ ပေးဖို့ရှက်သွားခဲ့ပြီ...။

"စပယ်ပန်းနံ့လေးတွေရရင် စိတ်ချမ်းသာတယ်" ဆိုတဲ့ ခင်ပွန်းသည် အတွက် ဘုရားမှာ မကြာခဏ တင်လှူရတဲ့ စပယ်ဖြူတွေ...

ပြီးတော့..
ကျွန်မကိုယ်တိုင်လှူချင်တဲ့ ကြာ (၃) ခိုင်...။

ကျွန်မ၏ အချစ်များကို ပန်းအမျိုးမျိုးဖြင့် တင်စားသည်။ (သား (၂)ယောက်အတွက် ပန်း မပါသေးပါ။)