Sunday, August 26, 2018

ကမူးပြောတဲ့ ဝတ္ထု

“ကြီးကျယ်တဲ့ ဝတ္ထုရေးဆရာတွေက အတွေးအခေါ် ဝတ္ထုရေးသူတွေပါ” လို့ ပြင်သစ်စာရေးဆရာ ကမူးက The Myth of Sisyphus စာတမ်းမှာ ရေးခဲ့ဖူးတယ်။ Lyrical and Critical Essays စာတမ်းမှာတော့ သူမြင်တဲ့ ဝတ္ထုရဲ့ သဘောကို အခုလို ရေးပြခဲ့ပါတယ်။

“ဝတ္ထုဆိုသည်မှာ ပုံရိပ်များဖြင့် ဖော်ပြထားသည့် ဒဿနများမှ တပါး အခြားမဟုတ်။ ဝတ္ထုကောင်း တစ်ပုဒ်တွင် ဒဿနများက ပုံရိပ်များထဲတွင် ပျောက်ကွယ်နေမည် ဖြစ်သည်။ သို့သော် ဇာတ်ကောင်များ၊ လှုပ်ရှားမှုများက သိသာကွဲပြား နေရုံမျှလောက်သာ၊ ဇာတ်ကွက်များက (ဖြစ်ရပ်မှန် ဖြစ်နေရန်မလိုဘဲ) ဝတ္ထုတပုဒ် အဖြစ် အသက်ဝင်နေရုံမျှလောက်သာ ဒဿနများကို ထည့်ပြသွားရန်လိုသည်။”

သူကိုယ်တိုင်လည်း ဒဿနကဲတဲ့ ဝတ္ထုတွေကို ရေးခဲ့တယ်။ သူပြောချင်တာတွေကို ဝတ္ထုနဲ့ ရေးပြလို့ အားမရရင် essays တွေ ထပ်ရေးပြီး ဋီကာချဲ့ပြလေ့ ရှိပါတယ်။ The Outsider (1942) ဝတ္ထုမှာ သူပြောချင်တဲ့ Absurd Reasoning အကြောင်းကို The Myth of Sisyphus (1942) စာတမ်းမှာ၊ The Plague (1947) ဝတ္ထုမှာ သူပြောချင်တဲ့ Rebellion အကြောင်းကို The Rebel (1951) ဆိုတဲ့ စာတမ်းမှာ ထပ်ပြီး ရေးခဲ့ဖူးတယ်။


Tuesday, August 21, 2018

စာဖတ်ခြင်း

ဘာကြောင့် စာဖတ်ကြသလဲဆိုရင် ...
  • သတင်းအချက်အလက် သိဖို့ ဖတ်တာ (reading for information)
  • အပျင်းပြေ အပျော်တမ်း ဖတ်တာ (reading for entertainment)
  • အသိအမြင် နိုးကြားပွင့်လင်းဖို့ ဖတ်တာ (reading for understanding/enlightenment) လို့ ၃-မျိုး ရှိနိုင်ပါတယ်။
အသိအမြင် နိုးကြားပွင့်လင်းဖို့ စာဖတ်တဲ့နေရာမှာ အသိအမြင် ဆိုတာကို ၃-မျိုး ထပ်ပြီး ခွဲနိုင်ပါတယ်။

(၁) ပတ်ဝန်းကျင် ဗဟိဒ္ဓ လောကကြီးနဲ့ သက်ဆိုင်တဲ့ (objective) ဗဟုသုတအသိအမြင်
(၂) မိမိရဲ့ အဇ္ဈတ္တနဲ့ သက်ဆိုင်တဲ့ (subjective) ဘဝအသိအမြင်
(၃) အတ္တနဲ့ လောက၊ အဇ္ဈတ္တနဲ့ ဗဟိဒ္ဓနှစ်ပါးကနေ လွန်မြောက်နိုင်တဲ့ (transcendental) လောကုတ္တရာ အသိအမြင်

သုတစာပေ အများစုက ပတ်ဝန်းကျင် လောကကြီးနဲ့ ဆိုင်တဲ့ ဗဟုသုတအသိအမြင်မျိုးကို ပေးပါတယ်။ ရသစာပေနဲ့ အတွေးအခေါ်စာပေတွေကတော့ ဘဝပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် ဘဝအသိအမြင်ကို ပေးပါတယ်။ အချို့သော ရသစာပေနဲ့ ဘာသာရေး အတွေးအခေါ် စာပေတွေကတော့ အတ္တနဲ့ လောကကနေ ရုန်းထွက်နိုင်မယ့် သံဝေဂဉာဏ်နဲ့ လောကုတ္တရာ အသိအမြင်ကို ပေးပါတယ်။

သုတစာပေတွေက “ဘာလဲ” ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ပေးပါတယ်။ ရသစာပေကတော့ “ဘာဖြစ်သင့်လဲ၊ ငါ ဘာလုပ်သင့်လဲ” ဆိုတဲ့ ပြဿနာကို စာဖတ်သူတွေ ကိုယ်တိုင်ခံစားပြီး တွေးခေါ်သိမြင်စေပါတယ်။ သုတစာပေကရတဲ့ အသိအမြင်တွေက လောကကို ကောင်းအောင် ဖန်တီးရာမှာ အသုံးဝင်ပါတယ်။ ရသစာပေကရတဲ့ အသိအမြင်တွေကတော့ “ဘဝမှာ ဘာကို တန်ဖိုးထားရမလဲ” ဆိုတဲ့ အသိအမြင်ကို ဖြစ်စေပါတယ်။ လောကုတ္တရာစာပေတွေက စိတ်သောက ကင်းဝေးပြီး ငြိမ်းအေးတဲ့ ချမ်းသာသုခကို ရစေနိုင်တဲ့ အမြင်မျိုး၊ ဒုက္ခခပ်သိမ်းက ငြိမ်းနိုင်တဲ့ အမြင်မျိုးကို ပေးပါတယ်။

သတင်းအချက်အလက် သိရုံလောက်ပဲ တန်ဖိုးရှိပြီး ဗဟုသုတအသိအမြင် မပေးနိုင်တဲ့ စာမျိုးလည်း ရှိပါတယ်။ ရသခံစားမှုပေးပေမယ့် ဘဝအသိအမြင်တစ်ခုကို မပေးနိုင်တဲ့ အပျင်းပြေအပျော်ဖတ်ရုံ ရသစာမျိုးလည်း ရှိပါတယ်။ ဗဟုသုတအမြင်လောက်ကိုပဲ ပေးနိုင်တဲ့ ဘာသာရေးစာတွေလည်း ရှိပါတယ်။

တခါတလေမှာ စာတစ်အုပ်တည်းကိုပဲ စာဖတ်သူရဲ့ နှလုံးသွင်းနဲ့ စာဖတ်စွမ်းရည်အလိုက် အသိအမြင် ရပုံခြင်း ကွာခြားနိုင်ပါတယ်။ အချို့အတွက် အပျင်းပြေရုံ၊ ဇာတ်လမ်းသိရုံလောက်ပဲ အကျိုးရှိပေမယ့်၊ အချို့အတွက်တော့ ဘဝအသိအမြင်တွေ၊ သံဝေဂဉာဏ်တွေထိ ရသွားနိုင်ပါတယ်။
ဗဟိဒ္ဓ –> အာရုံ (Object) –> my world –> ပတ်ဝန်းကျင် အာရုံကို သိ –> ဗဟုသုတအသိအမြင်
အဇ္ဈတ္တ –> အာရမ္မဏိက (Subject) –> me –> မိမိ၏ အတွင်းစိတ်ကို သိ –> ဘဝအသိအမြင်
မဇ္ဈေ –> ဥဘတောဝိမုတ္တိ (transcend both) –> Not-Self –> အနတ္တကို သိ –> လောကုတ္တရာအမြင်

ဒီအသိအမြင်သုံးမျိုးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၈-နှစ်လောက်က "အနီး-အဝေး၊ အတွင်း-အပြင်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့ဖူးပါတယ်။

အနီး-အဝေး၊ အတွင်း-အပြင် (၁)
အနီး-အဝေး၊ အတွင်း-အပြင် (၂)
အနီး-အဝေး၊ အတွင်း-အပြင် PDF file