ကမ္မပစ္စည်း
ကမ္မပစ္စယောတိ -
၁။ ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
၂။ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
ကမ္မပစ္စည်းသည် (၁) သဟဇာတ ကမ္မပစ္စည်းနှင့် (၂) နာနာက္ခဏိက ကမ္မပစ္စည်းဟု ၂-မျိုးရှိသည်။ ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် ပြုမူ ပြောဆို ကြံစည်ခြင်းဟူသော လုပ်ဆောင်မှုများသည် ကမ္မ (ကံ) မည်၏။ ဤလုပ်ဆောင်မှုများ အားလုံးတို့သည် စိတ်၏ ပြုလုပ် အားထုတ်မှုဟူသော ပယောဂ ဗျာပါရသဘော မပါဘဲ မဖြစ်။ ထို့ကြောင့် စိတ်၏ အားထုတ်မှု၊ ပြုပြင်စီရင်မှု၊ စေ့ဆော်မှုဟူသော စေတနာ စေတသိက်ကိုပင် ကံဟု ဆိုရသည်။ စေတနာသည် မိမိနှင့် အတူဖြစ်ဖက် စိတ်၊ ဝေဒနာ၊ သညာစသော တရားများအား သိခြင်း၊ ခံစားခြင်း၊ မှတ်သားခြင်းစသော သက်ဆိုင်ရာ အလုပ်များ လုပ်နေကြစေရန် စေ့ဆော်ပေးသည်။ ဤကဲ့သို့ စေတနာတရားက မိမိနှင့် ယှဉ်ဖက် စိတ်စေတသိက်များနှင့် အတူဖြစ်ဖက် ရုပ်တရားတို့အား ပြုပြင်စီရင်ပေးခြင်းအား သဟဇာတ ကမ္မပစ္စည်း ဖြင့် ကျေးဇူးပြုသည်ဟု ဆို၏။
မြေ၌ ကြဲချစိုက်ပျိုးသော မျိုးစေ့သည် နေရောင်ခြည်၊ မိုးရေ၊ မြေဆီသြဇာစသော အထောက်အပံ့များ ပြည့်စုံပါက အပင်ပေါက်သကဲ့သို့၊ ပြုလုပ်အားထုတ်ခဲ့သော စေတနာ ကံမျိုးစေ့သည်လည်း ဂတိ၊ ကာလ၊ ဥပဓိ၊ ပယောဂဟူသော အထောက်အပံ့တို့ ပြည့်စုံပါက ကုသိုလ် အကုသိုလ်ကံအား လျှော်စွာ နောင်တချိန်တွင် အကျိုး ဝိပါက်ကို ဖြစ်ပေါ်စေနိုင်၏။ ကံကြောင့် ဖြစ်သော စိတ်စေတသိက် အကျိုးတရားတို့သည် ဝိပါက် (ဝိပါက - ရင့်မှည့်ခြင်း) မည်၏။ ပြုအပ်ပြီးသော (ကဋတ္တာ) ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ်တရားတို့သည် ကဋတ္တာ ရုပ် မည်၏။ ကံတရားနှင့် ကံ၏ အကျိုးပေးရာ အချိန်အခိုက်အတန့်တို့ မတူညီကြ၍ နာနာက္ခဏိက (နာနာ - အသီးအသီးသော + ခဏ - အခိုက် + ဣက- ရှိသော) ဟုခေါ်သည်။ ကုသိုလ် အကုသိုလ်ကံတို့က ထိုကံတို့ အားထုတ်စဉ် အချိန်နှင့် မတူသောအခိုက်တွင် ဝိပါက်နာမ်တရားနှင့် ကဋတ္တာ ရုပ်တရားတို့ကို ဖြစ်စေခြင်းအား နာနာက္ခဏိက ကမ္မ ပစ္စည်းဖြင့် ကျေးဇူးပြုနေသည်ဟု ဆိုရသည်။
၁။ ကုသလာကုသလံ ကမ္မံ - ကုသိုလ်၊ အကုသိုလ်ကံသည်
ဝိပါကာနံ ခန္ဓာနံ - အကျိုးဝိပါက်ခန္ဓာအား၎င်း၊
ကဋတ္တာ စ ရူပါနံ - ကမ္မဇရုပ်တို့အား၎င်း
ကမ္မပစ္စယေန ပစ္စယော - ပြုလုပ် အားထုတ်သည်ဖြစ်၍ (ကမ္မပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ စေတနာ - စေ့ဆော်မှု စေတနာသည်၊
သမ္ပယုတ္တကာနံ ဓမ္မာနံ - ယှဉ်ဖက်တရားတို့အား၎င်း၊
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုယှဉ်ဖက်တရားတို့ကြောင့်ဖြစ်သော ရုပ်တို့အား၎င်း၊
ကမ္မပစ္စယေန ပစ္စယော - ပြုလုပ် အားထုတ်သည်ဖြစ်၍ (ကမ္မပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
(မှတ်ချက်။ နာနာက္ခဏိက ကမ္မပစ္စည်းသည် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့က နောင်တချိန်တွင် ဝိပါက် စိတ်စေတသိက်နှင့် ကမ္မဇရုပ်များကို ကျေးဇူးပြုခြင်း ဖြစ်သည်။ သဟဇာတ ကမ္မပစ္စည်းသည်ကား ကုသိုလ် အကုသိုလ်ကံ စေတနာတို့သာမက၊ ဝိပါက် ကြိယာ စေတနာတို့ကပါ အတူယှဉ်ဖက် နာမ်တရားတို့နှင့် ထိုနာမ်တရားတို့ကြောင့် ဖြစ်သော ရုပ်တရားတို့အား ကျေးဇူးပြုခြင်း ဖြစ်သည်။)
ဝိပါကပစ္စည်း
ဝိပါကပစ္စယောတိ -
၁။ ဝိပါကာ စတ္တာရော ခန္ဓာ အရူပီနော အညမညံ ဝိပါကပစ္စယေန ပစ္စယော။
ကုသိုလ် အကုသိုလ်ကံတို့ကြောင့် ဖြစ်ပေါ်လာသော အကျိုး စိတ်စေတသိက်တရားတို့အား ဝိပါက် (ဝိပါက) ဟုခေါ်သည်။ ဝိပါကဟူသည် တိုက်ရိုက်အားဖြင့် ရင့်ကျက်ခြင်း၊ရင့်မှည့်ခြင်းဟု အဓိပ္ပါယ် ရ၏။ မျိုးစေ့တစ်စေ့သည် တဖြည်းဖြည်း ရင့်ကျက်လာသောအခါ သီးကြ ပွင့်ကြသကဲ့သို့ ကံတရားတို့ ရင့်ကျက်၍ အကျိုးပေးခြင်းကို ဆိုလိုသည်။ ဝိပါက်စိတ်တို့သည် နောက်ထပ် အကျိုးမပေးတော့။ ထို့ကြောင့် ဝိပါက်စိတ်စေတသိက်တို့သည် ကံအနေအားဖြင့် နောင်တွင် အကျိုးပေးရန် စေ့ဆော် အားထုတ်မှု မရှိ။ ကြိယာစိတ်တို့ကဲ့သို့ ကိုယ်နှုတ်အမူအရာတို့ကို ဖြစ်စေရန်မျှလည်း အားထုတ်မှု မရှိ။ အားထုတ်မှု ပယောဂ ဗျာပါရများ လုံးဝကင်းဆိတ်နေ၍ ငြိမ်သက်သော သဘောရှိ၏။ ဤကဲ့သို့ ဝိပါက် စိတ်စေတသိက်တို့သည် ပြုလုပ်အားထုတ်မှု ပယောဂ ဗျာပါရ ကင်းဆိတ်၍ ငြိမ်သက်သော သဘောဖြင့် အချင်းချင်း ကျေးဇူးပြုနေသည်ကို ဝိပါကပစ္စည်း ဖြင့် ကျေးဇူးပြုသည် မည်၏။
၁။ ဝိပါကာ - ဝိပါက်အကျိုးတရားတို့သည်၊
စတ္တာရော ခန္ဓာ အရူပီနော - ရုပ်မဟုတ်သော နာမ်ခန္ဓာ လေးပါးအား
အညမညံ - အချင်းချင်း အပြန်အလှန်
ဝိပါကပစ္စယေန ပစ္စယော - ဗျာပါရကင်း၍ ငြိမ်သက်သည်ဖြစ်၍ (ဝိပါကပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ်ဟူသော အာရုံငါးပါးကို သိသည့် ပဉ္စဝိညာဏ်စိတ်များသည် ဝိပါက်စိတ်များ ဖြစ်ကြ၏။ ကုသလဝိပါက်နှင့် အကုသလဝိပါက်ဟု နှစ်မျိုး ရှိသည့်အတွက် ဒွေးပဉ္စဝိညာဏ်စိတ်ဟုလည်း အဘိဓမ္မာကျမ်းစာများတွင် ဖော်ပြလေ့ရှိသည်။
ပဋိသန္ဓေစိတ်တို့သည်လည်း ဝိပါက်စိတ်ပင် ဖြစ်၍ ကုသလဝိပါက်နှင့် အကုသလဝိပါက်ဟု နှစ်မျိုး ခွဲခြားနိုင်ပြန်၏။ အပါယ်ဘုံတို့တွင် အကုသလဝိပါက်စိတ်ဖြင့် ပဋိသန္ဓေယူ၍၊ သုဂတိဘုံတို့တွင် ကုသလဝိပါက်စိတ်ဖြင့် ပဋိသန္ဓေယူကြသည်။ ဘဝတခု၏ နောက်ဆုံးကာလ ရောက်သောအခါတွင် တမလွန်ဘဝသစ်ကို ဖြစ်စေမည့် ကံ၊ ထိုကံကို ပြုခဲ့စဉ်က အာရုံနိမိတ်၊ သို့မဟုတ် တမလွန်လားရာ ဂတိ၌ တွေ့ကြုံရမည့် အာရုံနိမိတ် တစ်မျိုးမျိုးသည်ထင်၍ သေခါနီးနောက်ဆုံး စိတ်အစဉ် (မရဏာသန္နဝီထိ) ဖြစ်သည်။ မရဏာသန္နဝီထိ စိတ်အစဉ်သည် စုတိစိတ်ဖြင့် အဆုံးသတ်၍ ဘဝသစ်တွင် ပဋိသန္ဓေစိတ်ဖြစ်သည်။ ပဋိသန္ဓေစိတ်သည် မရဏာသန္နဝီထိ စိတ်အစဉ်က ယူခဲ့သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်မျိုးမျိုးကိုပင် ဆက်၍ အာရုံပြု၏။ ပဋိသန္ဓေစိတ်နောက်မှစ၍ အခြားသော အာရုံသိစိတ်အစဉ် (ဝီထိစိတ်) တို့ ဖြစ်ပေါ်ခြင်း မရှိသောအခိုက်များတွင် ပဋိသန္ဓေစိတ် ယူခဲ့သော အာရုံကိုပင် အာရုံပြု၍ ပဋိသန္ဓေစိတ်နှင့် အလားတူဖြစ်သော ဝိပါက်စိတ်များ ဖြစ်ပေါ်နေ၏။ ယင်းစိတ်များသည် ဘဝဖြစ်ဆဲကာလတွင် စိတ်အစဉ်တို့ ပြတ်မသွားစေရန် ဖြစ်ပေါ်နေကြခြင်းဖြစ်၍ ဘဝင်စိတ် (ဘဝင်္ဂ = ဘ၀ + အင်္ဂ = ဘဝ၏ အစိတ်အပိုင်းဖြစ်သော စိတ်) ဟုခေါ်သည်။ အိပ်မက်မြင်မက်ခြင်း မရှိဘဲ အိပ်မောကျနေသည်အခါတွင် ဤဘဝင်စိတ်များ အဆက်မပြတ် ဖြစ်ပေါ်နေခြင်းပင်ဖြစ်၍ အလွန် ငြိမ်သက်သော သဘောရှိသည်။ အိပ်မောမကျသေးဘဲ အတွေးများဝင်နေ၊ အိပ်မက်များ မြင်မက်နေပါက စိတ်မငြိမ်သက်သေးဘဲ (ဘဝင်မကျသေးဘဲ) စိတ်တို့ လှုပ်ရှား ယောက်ယက်ခတ်နေသည်ဟု ဆိုရ၏။
ဤသို့ ပဉ္စဝိညာဏ်စိတ်၊ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်စသော ဝိပါက်စိတ်များဖြစ်ခိုက်တွင် ယှဉ်ဖက်စိတ်စေတသိက်တို့ အချင်းချင်းအား ဗျာပါရကင်း၍ ငြိမ်သက်သည်ဖြစ်၍ ဝိပါကပစ္စည်းဖြင့် ကျေးဇူးပြုနေကြသည်။ (ပစ္စယနိဒ္ဒေသတွင် ဝိပါက်နာမ်ခန္ဓာ အချင်းချင်းအား ကျေးဇူးပြုခြင်းကိုသာ ဟောကြားထားသော်လည်း၊ ပဋ္ဌာန်း ကုသလတိက္က ပဉှာဝါရတွင် ဝိပါက်တရားတို့နှင့် အတူဖြစ်ဖက် ရုပ်တရားတို့အားလည်း ကျေးဇူးပြုကြောင်း ဟောကြားထားပါသည်။)
ဆက်ရန် ...


























