ဟေတုပစ္စည်း
ဟေတုပစ္စယောတိ -
၁။ ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
အဘိဓမ္မာဒေသနာအရ စိတ်စေသိက်တရားတို့အား ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ ဟု အုပ်စုသုံးမျိုး ခွဲနိုင်၏။ တဖန် အဗျာကတ တရားတို့အားလည်း ဝိပါက (ဝိပါက်) နှင့် ကြိယာဟု နှစ်မျိုး ထပ်ခွဲနိုင်ပြန်သည်။ ဤသို့ ကုသိုလ်၊ အကုသိုလ်၊ ဝိပါက်၊ ကြိယာဟု လေးမျိုးခွဲခြား၍ လေ့လာခြင်းအား သဂြိုဟ်ကျမ်းတွင် အမျိုးဇာတ်ကို မူတည်၍ ခွဲခြားခြင်း (ဇာတိဘေဒ) ဟုခေါ်သည်။
ကုသိုလ်ဟူသည် အပြစ်ကင်း၍ ကောင်းသောအကျိုးပေးသည့်တရား (အနဝဇ္ဇ သုခ ဝိပါက)၊ အကုသိုလ်ဟူသည် အပြစ်ရှိ၍ မကောင်းသော အကျိုးပေးသည့်တရား (သာဝဇ္ဇ ဒုက္ခ ဝိပါက) ဖြစ်သည်။ ကုသိုလ်၊ အကုသိုလ်တရားတို့သည် ကံအနေအားဖြင့် အကျိုးပေးစေနိုင်သော သတ္တိ (ဝိပါက လက္ခဏာ) ရှိ၏။ ကုသိုလ်ကံ၏ အကျိုးတရားတို့အား ကုသလဝိပါက်၊ အကုသိုလ်ကံ၏ အကျိုးတရားတို့အား အကုသလဝိပါက်ဟုခေါ်သည်။ ကုသလဝိပါက်၊ အကုသလဝိပါက်ဟူသော ဝိပါက်တရားတို့သည် ကံအနေအားဖြင့် ထပ်မံ၍ အကျိုးပေးနိုင်စွမ်း မရှိတော့။ ကုသိုလ် အကုသိုလ်ဟု ဆို၍ မရ။ ထိုသို့ ကုသိုလ် အကုသိုလ်ဟု ဆို၍ မရသဖြင့် ဝိပါက်တရားတို့သည် အဗျာကတတရား မည်၏။ ကြိယာစိတ်စေတသိက်တို့သည် ကံ၏ အကျိုးဝိပါက်များမဟုတ်ကြသည့်အပြင်၊ ကံသတ္တိ အနေအားဖြင့် အကျိုးပေးနိုင်စွမ်းမရှိ။ ကိစ္စတခုကို ဆောင်ရွက်ရန် အမူအရာမျှသာ ဖြစ်သည့် စိတ်စေတသိက်များ ဖြစ်သည်။
ဤတွင် အကုသိုလ်တရားတို့ ဖြစ်ရသည့် အရင်းမူလသည် တပ်မက်ခြင်း (လောဘ)၊ အမျက်ထွက်ခြင်း (ဒေါသ)၊ တွေဝေခြင်း (မောဟ) တရား သုံးပါးကြောင့် ဖြစ်၏။ ထို့အတူပင် ကုသိုလ်တရားတို့ ဖြစ်ရသည့် အရင်းမူလသည် တပ်မက်မှုကင်းခြင်း (အလောဘ)၊ အမျက်ကင်းခြင်း (အဒေါသ)၊ တွေဝေမှုကင်းခြင်း (အမောဟ) တရားသုံးပါးတို့ကြောင့် ဖြစ်သည်။ ဤ တရား ၆-ပါးတို့အား ဟိတ် ၆-ပါး (ဟေတု) ဟုလည်း ခေါ်သည်။ ဟိတ်ဟူသော စကားသည်လည်း အခြေခံ အရင်း အမြစ် မူလဟူသော အဓိပ္ပါယ်ရ၏။ သစ်ပင်တစ်ပင် ရှင်သန် ကြီးပွား တည်တံ့စေရန် အတွက် ရေသောက်မြစ်က ထောက်ပံ့ပေးထားသကဲ့သို့၊ ဤ ဟိတ် ၆-ပါးတရားတို့က ရုပ်နာမ်တရားတို့ကို စည်ပင် ပြန့်ပွား တည်တံ့စေရန် အထောက် အပံ့ပေး၏။ ရေသောက်မြစ် အခိုင်အခံ့ မရှိသော ရေညှိ ရေမှော်တို့သည် ကောင်းစွာ တည်တံ့ခြင်း မရှိသကဲ့သို့ ဟိတ်တရားတို့၏ အထောက်အပံ့ကင်းသော ရုပ်နာမ်တရားတို့သည် ကောင်းစွာ တည်တံ့နိုင်ခြင်း မရှိကြပေ။
ကုသိုလ်တရားတို့သည် အလောဘ၊ အဒေါသ၊ အမောဟဟူသည့် ကုသလဟိတ်တို့၏ အထောက်အပံ့ရကြသည်။ အကုသိုလ်တရားတို့သည် လောဘ၊ ဒေါသ၊ မောဟဟူသည့် အကုသလဟိတ်တို့၏ အထောက်အပံရကြသည်။ ဟိတ်တရားတို့၏ အထောက်အပံ့ကို ရသည့် စိတ်စေတသိက်တို့သည် သဟိတ်တရားများ (သဟေတုက) မည်၏။ အချို့သော ဝိပါက်နှင့် ကြိယာတရားတို့သည် အလောဘ၊ အဒေါသ၊ အမောဟဟူသည့် (အဗျာကတ) ဟိတ်တရားတို့၏ အထောက်အပံရသော သဟိတ်တရားများဖြစ်၍၊ အချို့သော ဝိပါက်နှင့် ကြိယာတရားတို့သည်ကား မည်သည့်ဟိတ်တရားတို့၏ အထောက်အပံ့ကိုမျှ မရသည့် အဟိတ်တရားများ (အဟေတုက) ဖြစ်ကြသည်။ ဟိတ်တရားတို့က မိမိတို့နှင့် အတူယှဉ်ဖက်ဖြစ်သော သဟိတ် စိတ်စေတသိက်များနှင့် အတူဖြစ်ဖက် ရုပ်တရားတို့အား ကောင်းစွာ တည်တံ့ စည်ပင်နိုင်စေရန် ထောက်ပံ့နေခြင်းကို ဟေတုပစ္စည်းဖြင့် ကျေးဇူးပြုသည်ဟု ခေါ်သည်။ အဟိတ် စိတ်စေတသိက်တရားတို့သည် ဟေတုပစ္စည်းဖြင့် ကျေးဇူးပြုခြင်း မခံရသဖြင့် အလွန် အင်အားနည်းကြ၏။
ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ - ဟိတ်နှင့် ယှဉ်သောတရားတို့အား(၎င်း)
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုတရားတို့ကြောင့် ဖြစ်သော ရုပ်တို့အား၎င်း
ဟေတုပစ္စယေန ပစ္စယော - မူလရင်းမြစ်အားဖြင့် ကောင်းစွာတည်တံ့စေ၍ (ဟေတုပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
(မှတ်ချက်။ ဟိတ်တရားတို့ကြောင့် ကုသိုလ်၊ အကုသိုလ် ဖြစ်ခြင်းမျှအား ဟေတုပစ္စည်းဖြင့် ကျေးဇူးပြုခြင်းဟု အဓိပ္ပါယ် မကောက်ယူရပါ။ ဝိပါက်၊ ကြိယာနှင့် ရုပ်တရားဟူသော ကုသိုလ်၊ အကုသိုလ်မဟုတ်သည့် အဗျာကတတရားများသည်လည်း ဟေတုပစ္စည်း၏ ကျေးဇူးပြုခြင်း ခံကြရပါသည်။ ဟိတ်တရားတို့သည် ရေသောက်မြစ်သဖွယ် အတူဖြစ်ဖက် ရုပ်နာမ်တရားတို့အား ကောင်းစွာတည်တံ့ရန်၊ စည်ပင်ပြန့်ပွားနိုင်စေရန် ကျေးဇူးပြုခြင်းအား ဟေတုပစ္စည်းဖြင့် ကျေးဇူးပြုသည်ဟု အဓိပ္ပါယ်ကောက်ယူရသည်။)
အဓိပတိပစ္စည်း
အဓိပတိပစ္စယောတိ -
၁။ ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
၂။ ဝီရိယာဓိပတိ ဝီရိယာသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
၃။ စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
၄။ ဝီမံသာဓိပတိ ဝီမံသာသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
၅။ ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော။
အဓိပတိဟူသည် အကြီးအကဲ ခေါင်းဆောင်ဟု အဓိပ္ပါယ်ရသည်။ စိတ်စေတသိက် တစ်ခုခု၊ အာရုံ တပါးပါးသည် အလွန်အင်အား ကောင်းလာသောအခါတွင် အခြားသော နာမ်တရား ရုပ်တရားတို့အား ဦးဆောင် လွှမ်းမိုးသွားခြင်းကို အကြီးအမှူးအဖြစ် (အဓိပတိပစ္စည်းဖြင့်) ကျေးဇူးပြုသည်ဟု ဆိုရ၏။
၁။ စွမ်းအားကောင်းသော စိတ်စေတသိက်တရားတို့က ယင်းတို့နှင့် ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် စိတ္တဇရုပ်တို့အား အကြီးအမှူးအဖြစ် ကျေးဇူးပြုသော သဟဇာတာဓိပတိ ပစ္စည်း
၂။ အင်အားကောင်းသော အာရုံတို့က စိတ်စေတသိက်တရားတို့အား အကြီးအမှူးအဖြစ် ကျေးဇူးပြုသော အာရမ္မဏာဓိပတိ ပစ္စည်းဟု နှစ်မျိုးရှိသည်။
သဟဇာတာဓိပတိတပ်နိုင်သော စိတ်စေတသိက်များဆိုရာတွင် (၁) ပြင်းပြသော ဆန္ဒ (၂) မဆုတ်နစ်သော ဝီရိယ (၃) တက်ကြွသော စိတ်ဓာတ်နှင့် (၄) ထက်မြက်သော ပညာ (ဝီမံသ) တို့ဖြစ်သည်။ ဤ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသဟူသော တရားလေးပါးအား ဣဒ္ဓိပါဒ (ပြီးမြောက် အောင်မြင်ခြင်း၏ အခြေခံ အကြောင်းတရား) လေးပါးအဖြစ် ဖော်ပြလေ့ရှိသည်။ ထိုတရားလေးပါးအနက် တရားတစ်ပါးပါးက စွမ်းအား ထက်သန်လာသည့်အခါတွင် ယှဉ်ဖက်နာမ်တရားများနှင့် အတူဖြစ်ဖက် ရုပ်တရားတို့အား အကြီးအမှူးအဖြစ် သဟဇာတာဓိပတိ ပစ္စည်းဖြင့် ကျေးဇူးပြုသည်။
၁။ ဆန္ဒာဓိပတိ - အကြီးအမှူးဖြစ်သော ဆန္ဒသည်
ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ - ဆန္ဒနှင့် ယှဉ်ဖက် တရားတို့အား(၎င်း)
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုတရားကြောင့် ဖြစ်သော ရုပ်တို့အား၎င်း
အဓိပတိပစ္စယေန ပစ္စယော - အကြီးအမှူးအဖြစ် (အဓိပတိပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ ဝီရိယာဓိပတိ - အကြီးအမှူးဖြစ်သော ဝီရိယသည်
ဝီရိယာသမ္ပယုတ္တကာနံ ဓမ္မာနံ - ဝီရိယနှင့် ယှဉ်ဖက် တရားတို့အား(၎င်း)
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုတရားကြောင့် ဖြစ်သော ရုပ်တို့အား၎င်း
အဓိပတိပစ္စယေန ပစ္စယော - အကြီးအမှူးအဖြစ် (အဓိပတိပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၃။ စိတ္တာဓိပတိ - အကြီးအမှူးဖြစ်သော စိတ်သည်
စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ - စိတ်နှင့် ယှဉ်ဖက် တရားတို့အား(၎င်း)
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုတရားကြောင့် ဖြစ်သော ရုပ်တို့အား၎င်း
အဓိပတိပစ္စယေန ပစ္စယော - အကြီးအမှူးအဖြစ် (အဓိပတိပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၄။ ဝီမံသာဓိပတိ - အကြီးအမှူးဖြစ်သော ပညာသည်
ဝီမံသာသမ္ပယုတ္တကာနံ ဓမ္မာနံ - ပညာနှင့် ယှဉ်ဖက် တရားတို့အား(၎င်း)
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုတရားကြောင့် ဖြစ်သော ရုပ်တို့အား၎င်း
အဓိပတိပစ္စယေန ပစ္စယော - အကြီးအမှူးအဖြစ် (အဓိပတိပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
ထို့အတူပင် အလွန်နှစ်လိုဖွယ်ရာ အာရုံ၊ ဈာန်နိမိတ်၊ နိဗ္ဗာန်စသော အာရုံတို့သည် အလွန်လေးနက် အင်အားကောင်းသည်ဖြစ်၍ သက်ဆိုင်ရာ လောဘစိတ်၊ ဈာန်စိတ်၊ မဂ်စိတ်၊ ဖိုလ်စိတ် စသည်တို့အား အကြီးအမှူးအဖြစ် အာရမ္မဏာဓိပတိ ပစ္စည်းဖြင့် ကျေးဇူးပြုပါသည်။
၅။ ယံ ယံ ဓမ္မံ - အကြင်ကြင်သော (အာရုံ) တရားတို့အား
ဂရုံ ကတွာ - အလေးဂရု အာရုံပြု၍
ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ - အကြင် စိတ်စေတသိက်တရားတို့ ဖြစ်ကြ၏။
တေ တေ ဓမ္မာ - ထိုထို (အာရုံ) တရားတို့သည်၊
တေသံ တေသံ ဓမ္မာနံ - ထိုထို (စိတ်စေတသိက်) တရားတို့အား
အဓိပတိပစ္စယေန ပစ္စယော - အကြီးအမှူးအဖြစ် (အဓိပတိပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
ဆက်ရန် ...



2 comments:
ဒီလို စာတွေ တစ်ချို့  ဘလေ့ဂါဆရာတော်တွေတောင် မရေးကြတော့ဘူး..ရွတ်သာရွတ်ပီး အနက်မသိတဲ့ ကျွန်တော်တို့လို လူတွေအတွက် အဖိုးတန်လွန်းတယ်..
ကိုရင်... လာရောက်ဖတ်ရှုပြီး မှတ်ချက်ပေးသွားတဲ့ အတွက် ကျေးဇူးပါ။
((ဒီလို စာတွေ တစ်ချို့  ဘလော့ဂါဆရာတော်တွေတောင် မရေးကြတော့ဘူး))ဆိုတာဟာ အင်ဂျင်နီယာအဖြစ်နဲ့ အသက်မွေးနေတဲ့ ကျွန်တော်က အင်ဂျင်နီယာ ဘာသာရပ်တွေ အကြောင်း မရေးဖြစ်သလို ဖြစ်ပါလိမ့်မယ်။
-ဧရာ
Post a Comment