Saturday, October 15, 2011

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ မိတ်ဆက် - ၄ (အာရမ္မဏပစ္စည်း)

အာရမ္မဏပစ္စည်း


အာရမ္မဏပစ္စယောတိ -
၁။ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၂။ သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၃။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၄။ ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၅။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၆။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၇။ သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၈။ ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ၊ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။


“အာရမ္မဏံ စိန္တေတီတိ စိတ္တံ” စိတ်ဟူသည် အာရုံကို သိတတ်သော သဘောဟု ဝိဂြိုဟ်ပြုသည်။ သိတတ်သော သဘောဟု ဆိုကတည်းက အသိခံတရား (အာရမ္မဏ) နှင့်ကင်း၍ မဖြစ်။ စိတ်သာလျှင်မဟုတ်။ စိတ်နှင့် ယှဉ်ဖက် စေတသိက် တရားတို့သည်လည်း စိတ်နှင့်အတူ အာရုံသို့ ကိုင်းညွှတ်နေကြသည်။ အသိခံတရားတို့က စိတ် စေတသိက်ဟူသော နာမ်တရားတို့အား အသိခံ အာရုံအဖြစ် ထောက်ပံ့ပေးနေသည်ကိုပင် အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြုသည် ဆို၏။ နာမ်တရားတို့သည် မှီရာဝတ္ထုရုပ်နှင့် အသိခံအာရုံအား အကြောင်းပြု၍ ဖြစ်နေကြသည် ဆိုရာတွင် ကွာခြားမှုကား - မျက်စိစသော ဝတ္ထုရုပ်တို့သည် စိတ်စေတသိက်တို့၏ ဖြစ်တည်ရာ မြေပြင်သဖွယ် နိဿယပစ္စည်းဖြင့် ကျေးဇူးပြုခြင်းဖြစ်၍၊ အဆင်းစသော အပြင်အာရုံများကမူ စိတ်စေတသိက်တရားတို့ လှမ်း၍ ဆွဲယူ ဆုပ်ကိုင်စရာ တောင်ဝှေး ကြိုးတန်းသဖွယ် အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။



၁။ ရူပါယတနံ - အဆင်းအာရုံသည်၊
    စက္ခုဝိညာဏဓာတုယာ - မြင်သိစိတ်အား(၎င်း)၊
    တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမြင်သိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
    အာရမ္မဏပစ္စယေန ပစ္စယော - အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ သဒ္ဒါယတနံ - အသံအာရုံသည်၊
    သောတဝိညာဏဓာတုယာ - ကြားသိစိတ်အား(၎င်း)၊
    တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုကြားသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
    အာရမ္မဏပစ္စယေန ပစ္စယော- အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၃။ ဂန္ဓာယတနံ - အနံ့အာရုံသည်၊
    ဃာနဝိညာဏဓာတုယာ - နံသိစိတ်အား(၎င်း)၊
    တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုနံသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
    အာရမ္မဏပစ္စယေန ပစ္စယော- အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၄။ ရသာယတနံ - ရသာအာရုံသည်၊
    ဇိဝှါဝိညာဏဓာတုယာ - အရသာသိစိတ်အား(၎င်း)၊
    တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုအရသာသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
    အာရမ္မဏပစ္စယေန ပစ္စယော- အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၅။ ဖောဋ္ဌာဗ္ဗာယတနံ - အတွေ့အာရုံသည်၊
    ကာယဝိညာဏဓာတုယာ - တွေ့ထိသိစိတ်အား(၎င်း)၊
    တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထို တွေ့ထိသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
    အာရမ္မဏပစ္စယေန ပစ္စယော- အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
စိတ်ကို မျောက်နှင့် တင်စားလေ့ ရှိသည်။ မျောက်တို့ သစ်ကိုင်း တစ်ကိုင်းမှ တစ်ကိုင်းသို့ ခုန်လွှား ပြေးသွားနေသကဲ့သို့ စိတ် စေတသိက်တရားတို့သည် အာရုံတစ်ခုမှ တစ်ခုသို့ ကူးပြောင်း၍ ဖြစ်ပေါ်နေကြသည်။ အားကောင်းသော ပြင်ပ အာရုံတို့၏ ဆွဲငင်မှုကြောင့် ဖြစ်စေ၊ သတ္တဝါတို့၏ အဇ္ဈာသယအလိုက်ဖြစ်စေ အာရုံကူးပြောင်းမှု ဖြစ်ပေါ်ကြသည်။ မိုးကြိုးထစ်ချုန်းသံကဲ့သို့ အားကောင်းသော အာရုံပေါ်လာပါက စိတ်က ထိုအာရုံသို့ ရောက်သွားတတ်သည်။ ထို့အတူပင် ဒေါသစရိုက်ရှိသူသည် မြင်မြင်သမျှ အပြစ်မြင်နေကာ မကျေနပ်စရာ အာရုံများကိုသာ စိတ်က ရောက်သွားတတ်သည်မျိုးလည်း ရှိ၏။

စိတ်က ထိုထို အာရုံတို့သို့ ရောက်သွားခြင်းသည် သူ့အလိုအလျောက်ဖြစ်သည်ကား မဟုတ်။ စိတ်က ထိုထို အာရုံသို့ ရှေးရှုခြင်း (အာရုံပြုခြင်း) ကြောင့် ဖြစ်သည်။ တနည်းအားဖြင့်လည်း ထိုထို အာရုံအား စိတ်နှလုံးသို့ ရောက်စေခြင်း (နှလုံးသွင်းခြင်း) ကြောင့်ဟု ဆိုနိုင်ပါသည်။ အာရုံပြုခြင်း၊ နှလုံးသွင်းခြင်းအား သုတ္တန်ဒေသနာများတွင် မနသိကာရ (မနသိ - စိတ်၌ + ကာရ - ပြုခြင်း) ဟု သုံးစွဲ၏။ ထိုသို့ အာရုံအဟောင်းမှ အာရုံအသစ်သို့ ပြောင်းလဲစေသည့် စိတ်အား အဘိဓမ္မာပါဠိတော်များတွင် ရှေးဦးဆင်ခြင်မှု (ပဌမသမန္နာဟာရ) ဟု သုံးစွဲ၍ အဋ္ဌကထာများတွင် အာဝဇ္ဇန်းစိတ် (အာဝဇ္ဇန - လည်ခြင်း ကူးပြောင်းခြင်း) ဟုခေါ်၏။ အဆင်း အသံ အနံ့ အရသာ အတွေ့အထိဟူသော အာရုံငါးပါးအား သိသည့် ပဉ္စဝိညာဏ်စိတ်များ မဖြစ်ပေါ်မီတွင် အာရုံကူးပြောင်းစေသည့် အာဝဇ္ဇန်းစိတ် ဖြစ်ရ၏။ မျက်စိ နား နှာ လျှာ ကိုယ်ဟူသော ဒွါရငါးပါးတွင် ဖြစ်ပေါ်သဖြင့် ပဉ္စဒွါရာဝဇ္ဇန်းဟုလည်း ခေါ်သည်။ ထို့ကြောင့် အာရုံသိမှု ဖြစ်ပေါ်ပုံအစဉ်တွင် အာရုံပြုဆင်ခြင်မှု ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဖြစ်ပြီးနောက် အာရုံသိမှု ပဉ္စဝိညာဏ်ဖြစ်သည်ဟု ဆိုရသည်။ ဥပမာအားဖြင့် မိုးကြိုးထစ်သံအား ဦးစွာနှလုံးသွင်းသည့် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဖြစ်ပြီးနောက်မှ မိုးကြိုးသံအား ကြားသိသည့် သောတဝိညာဏ်စိတ် ဖြစ်လေသည်။

တဖန် ပဉ္စဒွါရဝိညာဏ်စိတ်ဖြစ်ပြီးနောက် ယင်းစိတ်ကသိသည့် အာရုံကို ဆက်လက်ခံယူသော သမ္ပဋိစ္ဆိုင်းစိတ် (သမ္ပဋိစ္ဆာန) ဖြစ်သည်။ ပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် သမ္ပဋိစ္ဆိုင်းစိတ်တို့အား  မနောဓာတ် (မနောဓာတု) ဟု ခေါ်သည်။ မနောဓာတ်သည် တွေးကြံသိစိတ် (မနောဝိညာဏဓာတု) ကဲ့သို့ တွေးတောကြံစည်စရာ အာရုံများကို သိသည် မဟုတ်။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော ရုပ်အာရုံငါးပါးကိုသာ သိ၏။ သိသည်ဆိုရာတွင်လည်း မြင်သိစိတ် (စက္ခုဝိညာဏ)၊ ကြားသိစိတ် (သောတဝိညာဏ)၊ နံသိစိတ် (ဃာနဝိညာဏ)၊ အရသာသိစိတ် (ဇိဝှာဝိညာဏ)၊ တွေ့ထိသိစိတ် (ကာယဝိညာဏ)၊ တွေးကြံသိစိတ် (မနောဝိညာဏ)ဟူသော ဝိညာဏ် ၆-ပါးတို့ကဲ့သို့ သေခြာသေခြာ ထူးထူးကဲကဲသိခြင်း မရှိ။ အာရုံပြုရုံမျှ၊ အာရုံကို လက်ခံရုံမျှသာသိသဖြင့် ဝိညာဏ (ထူးခြားစွာသိခြင်း) ဟူသော စကားမထည့်ဘဲ မနောဓာတ် ဟုသာဆိုရသည်။ မနောဓာတ်သည် ပဉ္စဒွါရ အာရုံသိစိတ် ဖြစ်စဉ်တွင် အာရုံကူးပြောင်းခြင်း၊ ဝတ္ထုကူးပြောင်းခြင်း ကိစ္စတို့ကို ဆောင်ရွက်ရာတွင် ကြားခံစိတ်မျိုး ဖြစ်၏။ (ဝီထိခေါ် သိစိတ်ဖြစ်စဉ်အား အနန္တရပစ္စည်းအပိုင်းတွင် ဖော်ပြပါမည်။)
မနောဓာတ်သည် ပစ္စုပ္ပန် အာရုံငါးပါးကို အာရုံပြုသဖြင့် ထိုအာရုံငါးပါးတို့သည် မနောဓာတ်အား အာရမ္မဏပစ္စည်းဖြင့် ကျေဇူးပြုသည်ဟု ဆိုရသည်။

၆။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ - အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ထိအာရုံတို့သည်၊
    မနောဓာတုယာ - မနောဓာတ်အား(၎င်း)၊
    တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမနောဓာတ်နှင့် ယှဉ်ဖက် တရားတို့အား၎င်း၊
    အာရမ္မဏပစ္စယေန ပစ္စယော - အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

ပဉ္စဝိညာဏ်စိတ်တို့သည် သက်ဆိုင်ရာ ပဉ္စာရုံအသီးသီးတွင်သာ ကျက်စားကြသည်။ စက္ခုဝိညာဏ်စိတ်သည် အဆင်း ရူပါရုံကိုသာ မြင်သိ၏။ ရူပါရုံ၌သာ ကျက်စား၏။ အသံကို မသိနိုင်၊ အနံ့ကို မသိနိုင်ပါ။ ထို့အတူပင် သောတာဝိညာဏ်စိတ်သည် အသံ သဒ္ဒါရုံကိုသာ ကြားသိနိုင်၏။ အဆင်းကို မသိနိုင်၊ အနံ့ကို မသိနိုင်ပါ။ ထို့အပြင် ပဉ္စဝိညာဏ်စိတ်တို့သည် မျက်မှောက်ဖြစ်ဆဲ ပဉ္စာရုံတို့ကိုသာ သိနိုင်သည်။ အလားတူပင် ပဉ္စာရုံအား အာရုံပြုနေသော မနောဓာတ်သည်လည်း မျက်မှောက်ဖြစ်ဆဲ ပဉ္စာရုံတို့ကိုသာ သိနိုင်ပါ၏။ အတိတ်၊ အနာဂတ်နှင့် မျက်ကွယ်ဖြစ်သော ပဉ္စာရုံတို့အား မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဟူသော ပဉ္စဒွါရမှ တဆင့် မသိနိုင်ပါ။ မနောဝိညာဏ်စိတ်ကမူ မနောဒွါရဖြင့် မြင်ခဲ့ဖူးသော အတိတ်က အဆင်းအာရုံများအား တွေး၍ သိနိုင်သည်။ ကြားခဲ့ဖူးသည်တို့ကိုလည်း တွေး၍ သိနိုင်သည်။ အတိတ်၊ အနာဂါတ်၊ ပစ္စုပ္ပန်ကာလသုံးပါးရှိ ပဉ္စာရုံတို့ကိုသာမက၊ ဒြပ်မဲ့အတွေးအကြံများ အမည်ပညတ်များအားလည်း သိနိုင်ပါသည်။ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ်ဟူသော သိစရာ အာရုံမှန်သမျှအား မနောဝိညာဏ်က သိနိုင်သည်။ အလုံးစုံသော သိစရာအာရုံမှန်သမျှသည် ဓမ္မာရုံ မည်၏။ အလုံးစုံသော ဓမ္မာရုံတရားတို့သည် မနောဝိညာဏ်စိတ်အား အာရုံအဖြစ် အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြုနေပါသည်။

၇။ သဗ္ဗေ ဓမ္မာ - အလုံးစုံသော (အာရုံ) တရားတို့သည်၊
    မနောဝိညာဏဓာတုယာ - တွေးသိစိတ် (မနောဝိညာဏဓာတ်) အား(၎င်း)၊
    တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုတွေးသိစိတ်နှင့် ယှဉ်ဖက် တရားတို့အား၎င်း၊
    အာရမ္မဏပစ္စယေန ပစ္စယော - အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။



အကျဉ်းအားဖြင့်
(၁) ဖြစ်တည်ဆဲ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော ပစ္စုပ္ပန် ပဉ္စာရုံ ၅-ပါးက ပဉ္စဒွါရဝိညာဏ် စိတ်စေတသိက်တို့အား လည်းကောင်း
(၂) ပစ္စုပ္ပန် ပဉ္စာရုံ ၅-ပါးက မနောဓာတ်အား လည်းကောင်း
(၃) အလုံးစုံသော အာရုံ ၆-ပါးတို့က မနောဝိညာဏဓာတ်အား လည်းကောင်း
အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြုနေကြသည်။

ဤတွင် ပထမနှစ်မျိုးသည် အရင်ဖြစ်နှင့်၍ တည်ဆဲဖြစ်သော ပဉ္စာရုံတရားတို့က ကျေးဇူးပြုခြင်းဖြစ်၍ အာရမ္မဏပုရေဇာတ ပစ္စည်းဟုလည်း မည်၏။ အာရမ္မဏပစ္စည်းသုံးပါးအား ထပ်မံ၍ အကျဉ်းချုပ်ပါက တစုံတခုသော တရားအား အာရုံပြု၍ စိတ်စေတသိက်တရားတို့ ဖြစ်ပေါ်ပါက၊ ထိုအာရုံတို့သည် မိမိတို့ကို အာရုံပြု၍ ဖြစ်သော စိတ်စေတသိက်တို့အား အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြုနေသည်ဟု ဆိုနိုင်၏။

၈။ ယံ ယံ ဓမ္မံ အာရဗ္ဘ - အကြင် (ဓမ္မာရုံ) တရားတို့ကို အာရုံပြု၍၊
    ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ - အကြင် စိတ်စေတသိက်တရားတို့ ဖြစ်ကြ၏။
    တေ တေ ဓမ္မာ - ထိုထို (ဓမ္မာရုံ) တရားတို့သည်၊
    တေသံ တေသံ ဓမ္မာနံ - ထိုထို (စိတ်စေတသိက်) တရားတို့အား
    အာရမ္မဏပစ္စယေန ပစ္စယော - အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
 

ဆက်ရန် ...

0 comments: