Monday, October 24, 2011

နေဝင်ချိန် အိပ်တန်းဝယ်…

အချိန်ဇယားအရ တနေ့တာ အားထုတ်ရမည့် လုပ်ငန်းတာဝန်ကုန်ဆုံးလို့ အိပ်ယာဝင် အနားယူဖို့ အချိန်ရောက်ခဲ့ပြီ။ မိမိအတွက် နေရာချထားပေးသော အိပ်ယာနေရာတွင် အရံသင့်ခင်းထားပြီးသော ခပ်ပါးပါး မွေ့ယာလေးမှာ မဖြစ်မနေ ကျနော် ကျောခင်းရပေတော့မည်။ စိတ်ရဲ့ ပင်ကိုယ် သဘာ၀ ဟာ ကြည်လင်တောက်ပနေတယ်.. လို့ ဆရာတော်ကတော့ ဟောလိုက်တာပဲ။ ကျနော့်ရဲ့ စိတ်တွေကတော့ ဆောက်တည်ရာ မရပါဘူး။ လူတိုင်းမှာ အားငယ်တတ်တဲ့ စိတ်အခံလေးတော့ ရှိကြမယ် လို့ ကျနော်တွေးထင်နေမိတယ်။ စိတ်အကြောင်းလည်း တခါမှ မလေ့လာဖူးပါဘူး။ အခုတော့ ကိုယ့်စိတ်ကိုယ် မသိ သိအောင်ကို လုပ်ရမည့် အခြေရောက်နေပါပြီ။ ကျနော်က ရိပ်သာတခုမှာ တရားအားထုတ်ဖို့ ရောက်နေခဲ့ပြီလေ…။
*****
လူတွေမှာ အထူးသဖြင့် ငယ်စဉ်ဘဝမှာပေါ့လေ… ဆင်းရဲလို့၊ ရုပ်ဆိုးလို့၊ မိဘဆွေမျိုးဂုဏ် နိမ့်လို့၊ ကျန်းမာရေး မကောင်းလို့၊ စာညံ့လို့…စတဲ့ အချက်တွေပေါ် မူတည်ပြီး ကလေးတွေမှာ စိတ်ဒဏ်ရာတွေ ရတတ်ကြတယ်။ ပြောပလောက်တဲ့ အခြေအနေတွေမဟုတ်ပဲ၊ သာမန် အသေးအဖွဲကိစ္စတွေက ထပ်ဖန်တလဲလဲ ဖြစ်လာပြန်ရင်လည်း အားငယ်တဲ့ စိတ်တွေ ဝင်သွားတတ်ကြသေးတယ်… လို့ ကျနော် ကြားဖူးနား၀ ရှိပါတယ်။

ကျနော်ရဲ့ ငယ်စဉ်ဘဝ၊ ဘဝပေး အခြေအနေကတော့ အတော်လေး သာသာယာယာ ရှိပါတယ်။ မယ်မယ်ရရ ဘာ အစွန်းအထင်းမှ မရှိခဲ့ပါဘူး။ ဖေဖေ ဆုံးတော့ ကျနော် ၁၅နှစ်သား ရှိပါပြီ။ ဖေဖေ့လက်ငုတ်လက်ရင်း ဆန်ဆိုင်ကို မေမေက ဟန်မပျက် ဆက်လက် လုပ်ကိုင်ပါတယ်။ ဖေဖေရှိကတည်းက သွန်သင်ဆုံးမခဲ့လို့ ကျနော် စီးပွားရေးကိုလည်း ဝါသနာပါပါတယ်။ ပညာရေးမှာလည်း မညံ့ပါဘူး။ မေမေ့ ဆန်ဆိုင်မှာ ကောင်းကောင်းအကူအညီ ပေးနိုင်ခဲ့ပါတယ်။ တခုတော့ ရှိတယ် ဆန်ဆိုင်ဆိုတော့ အလေးအပင်တွေတော့ မ ရတာပေါ့ဗျာ။ အရောင်းအဝယ်က ကောင်းနေတော့လည်း ပင်ပန်းတယ်လို့ မထင်ခဲ့ပါဘူး။ မေမေ့ကို ကူညီနိုင်တဲ့ သားလိမ္မာအဖြစ်ကို ရလို့ ဝမ်းသာရပါတယ်။

ဆယ်တန်း စာမေးပွဲကြီး ဖြေပြီး ကျောင်းပိတ်ရက် မေမေ့ ဆန်ဆိုင်မှာ ကူနေတုန်း တနေ့မှာတော့ မေမေက “ဟဲ့သား… လာစမ်း လာစမ်း ဒီနား လာစမ်း” ဆိုပြီး ကျနော့်ကို အလန့်တကြား လှမ်းခေါ်တယ်။ ကျနော် မေမေ့နား ရောက်သွားတော့ “ဟိုဘက်လှည့်စမ်း” ဆိုလို့ မေမေ့ကို ကျောပေးလိုက်တော့၊ ကျနော့် ကျောပြင်ကို လက်နဲ့ နေရာအနှံ့ လိုက်စမ်းတယ်။ ဟိုနားနှိပ်လိုက် ဒီနားနှိပ်လိုက်နဲ့ ဖိကြည့်ပြီး… “နာလား… နာလား” လို့လည်း မေးတယ်…။ ကျနော်ကလည်း “မနာပါဘူး မေမေရဲ့ … ဘာဖြစ်လို့လဲ” လို့ မေးမှ… “ငါ့သား ကျောပြင် ဘယ်နဲ့ ညာ မညီတော့ဘူး… ညာဘက်က ခုံးထွက်နေတယ်” လို့ ပြောပါတယ်။ ဒီတော့မှ ကျနော်လည်း ရေချိုးခန်းထဲဝင် မှန်အသေအချာ ကြည့်မိတော့မှ ကျနော်ရဲ့ ညာဘက် ပခုံးက နိမ့်ကျနေခဲ့ပြီး၊ ညာဘက်လက်ပြင်က ငေါထွက်နေတာ တွေ့ရပါတော့တယ်။ စိတ်မျက်စိထဲမယ် ကျောမှာ ဘုကြီးနဲ့ ခါးကုံးကြီးရဲ့ပုံ ထင်လာပြီး… ကျနော် စိတ်ကလေးပါ နိမ့်ကျသွားသလို ခံစားမိတယ်…။

အဲ့ဒီည.. မေမေက ကျနော့်အိပ်ယာပေါ် တယောက်အိပ်မွေ့ယာလေးတခု လာခင်းပေးတယ်။ ကျနော် ငယ်ငယ်က အိပ်ယာထဲ သေးပေါက်တတ်လို့ မွေ့ယာနဲ့ မအိပ်ရဘူး ခင်ဗျ။ နောက်အရွယ်ရောက်လာတော့လည်း ဒီအတိုင်း ကြမ်းပြင်ပေါ် သင်ဖျူးးလေးခင်းပြီး ရိုးရိုးရှင်းရှင်း အိပ်ရတာကို နှစ်သက်နေမိလို့၊ မွေ့ယာနဲ့ အိပ်ချင်တယ်လို့လည်း မေမေ့ကို တခါမှ မပူဆာဖြစ်ခဲ့ဘူး။ အဲ့မေမေခင်းပေးတဲ့ မွေ့ယာလေး ပေါ်မှာလည်း ကျနော် ဟန်ကျပန်ကျ သေသေချာချာ မအိပ်ခဲ့ရပါဘူး။ မညီညာတော့တဲ့ ကျနော့်ကျောပြင်မှာ နိမ့်ဆင်းနေတဲ့ဖက်အတွက် မွေ့ယာလေးဟာ မွေ့ယာမမည်တော့ပဲ အခုအခံတခုသာ ဖြစ်နေတာ မေမေ့ကို မသိစေခဲ့တော့ပါဘူး။

နောက်မေမေက ကျနော့်ကို ဆေးခန်းပြပေးပါတယ်။ အရိုးအထူးကု ဆရာဝန်ကြီးက ကျနော့်ကို ကုသမှုခံယူဖို့ သူတာဝန်ကျရာ မသန်မစွမ်းဆေးရုံကို လာခဲ့ဖို့ ပြောတယ်။ ဆန်အိတ်တွေကို ဟောသည်လို ဟောသည်လို သယ်မ နေတဲ့ ကျနော့်ကို မသန်မစွမ်း ဆေးရုံကို လာဖို့ ခေါ်တော့ တမျိုးကြီးပဲဗျ။ ဒါပေမဲ့ လိုအပ်ရင်.. ရောဂါရယ်လို့ ဖြစ်လာရင် စိတ်ရောဂါကု ဆေးရုံကိုတောင် သွားသင့် သွားရသေးတာပဲဗျာ။ မသန်မစွမ်း ဆိုတော့လည်း ဘာတတ်နိုင်မလဲ သွားရတာပ…။ ကျနော်က မေမေ့ အဆုံးအမအောက်မှာ နူးညံ့ပျော့ပျောင်းတဲ့ စိတ်နှလုံးသားရှိသူလို့ ကိုယ့်ကိုကိုယ်တော့ ထင်တာပဲ။ နောက်ပြီး ဆေးရုံက သမိုင်းမှာ ဆိုတော့ ကျနော် တက်နေတဲ့ စက်မှုတက္ကသိုလ်ရှိရာ အင်းစိန်နဲ့ ဘာဝေးလို့လဲ…။ ဆေးရုံသွားရင် ကျနော့် သူငယ်ချင်းတွေ အဖေါ်လိုက်ပေးလို့ မေမေတောင် သက်သာသေး။

တခု မကောင်းတာကတော့… အစအနောက်သန်ရာမှာ နာမည်ကြီးတဲ့ စက်မှုတက္ကသိုလ် ကျောင်းတော်သား ကျနော့်သူငယ်ချင်းတွေက ကျနော့်ကို ဂျော့ဘု လို့ ခေါ်ကြတယ်ဗျ…။ အမေရိကန်သမ္မတတော့ မဟုတ်ဘူးဗျို့… ကျောက ဘုနေလို့ ကျောဘု … ဂျော့ဘု လို့ ခေါ်ကြတာ…။ ကောင်မလေးတွေရှေ့ အခေါ်ခံထိရင်တော့ ရှက်သလိုလိုပဲဗျာ။ ဒါပေမဲ့ အရေးမကြီးပါဘူး။ ကျနော်မှ ရင်မခုန်တတ်သေးတာ။ နောက်ပြီး ကျောက ဘုကလည်း အင်္ကျီ ပွပွ ဝတ်ထားရင် မသိသာလှပါဘူး။ တနေကုန် သွားလာလှုပ်ရှား… စာကြည့်ချိန်မှာ ကြာမြင့်စွာ စာထိုင်ကြည့်ထားမိတာတွေက ည အိပ်ယာဝင်မှသာ ဒုက္ခပေးတာ…။ ကျနော့် ကျောရိုးက ကောက်နေတာလား… ကော့နေတာလား… ဘာလိုကြီး ဖြစ်နေတာလဲတော့ မသိဘူးဗျား… အောင်မလေး အမလေး တ ပြီးမှာ ကျောခင်းလို့ရတာပါ။ မေမေက ဦးစိုင်း… မိဂသီ တိုင်းရင်းဆေးတွေ ကျနော် စာဖတ်နေချိန် နောက်ကျောကို လာလာလိမ်းပေးရှာတယ်…။ ကျနော့်အိမ်မှာ ဦးစိုင်းအကြောပြေ ဒဏ်ကြေလိမ်းဆေးကို တိုင်ကီနဲ့ ဆောင်ထားရမတတ်ပါပဲဗျာ။

မြွေလိုတွားသွား၊ ယုန်လိုခုန် အစရှိတဲ့ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေနဲ့ Physiotherapy လို့ ခေါ်တဲ့ ကုထုံးကြီးကို စိတ်မရှည်ချင်တော့တဲ့ ကျနော်က ဆရာဝန်ကြီးကို ဆွေးနွေးကြည့်တယ်။ “ဆရာရယ် အမြန်ပျောက်နိုင်တဲ့ ကုထုံးလေးများရှိလေသလား” လို့ပါ။ အမြန်ပျောက်နိုင်တဲ့ ကုနည်းကတော့ ခွဲစိတ်ခြင်းပဲတဲ့၊ ဒါပေမဲ့ အဲ့ဒီအချိန် မြန်မာပြည်မှာ ပေးနိုင်တဲ့ ဆေးရုံဆေးခန်းသုံး ပစ္စည်းကိရိယာ အခြေအနေတွေကြောင့် စွန့်စားမှု ကြီးလေးတဲ့ ဒီကုထုံးကို ဆရာကြီးက အားမပေးခဲ့ပါဘူး။ ဒီလိုနဲ့ ကျနော်လည်း ဂျော့ဘု က ဂျော့ဘု …။ ကျောက ဘုက မပျောက်နိုင်သေးပဲ၊ ရင်ထဲမှာ အဖုတခု ရလာပြန်တယ်။

ကျနော့် ကျောက ဘုကတော့ Scoliosis လို့ ခေါ်ပြီး၊ ရင်ထဲက ဘုလေးကတော့ စုလေးေ၀ လို့ခေါ်တယ်။ ကျောပေါ်က ဘု ဘယ်အချိန်က စထွက်နေမှန်းမသိသလို၊ ရင်ဘတ်ထဲက အဖု ဘယ်အချိန်က စ ဝင်နေမှန်းလည်း မသိခဲ့ပါဘူး။ စုလေးေ၀ က ကျနော့်တို့ အတန်းထဲကပါပဲ။ စာသင်ချိန် အတန်းထဲမှာ သူ့ပုံလေးတွေ ပန်းချီထိုင်ဆွဲတယ်။ သူနားမလည်တဲ့ စာတွေ ရှင်းပြတယ်။ အချစ်စစ်တခုကို ဖွင့်ဟဖို့ ကျနော့်မှာ ဘာမှ သိမ်ငယ်စရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့လည်း ကျနော် လွယ်လွယ်နဲ့ ဖွင့်မပြောခဲ့ပါဘူး။ ဆရာဝန်ကြီးကို အယင် တိုင်ပင်တယ် “ကျနော့်ရောဂါဟာ အိမ်ထောင်ပြုရင် သားသမီးရဖို့ အခက်အခဲ ရှိနိုင်ပါသလား” လို့…။ “ဘာပြဿနာမှ မရှိနိုင်ဘူး” ဆိုတဲ့ ဆရာဝန်ကြီးရဲ့ အဖြေစကားကြားမှ စုလေးေ၀ ကို ဖွင့်ပြောခဲ့တာပါ။ စုလေးကလည်း “သူ့ကို စာတော်လို့ သိလား” ဆိုတဲ့ မပွင့်တပွင့်လေသံလေးနဲ့ တုန့်ပြန်ခဲ့ပါတယ်။ စုလေးေ၀ ကို တဘဝလုံးစာ ကျနော် ရည်ရွယ်ခဲ့တာပါ။

ကျောင်းပြီးလို့ လုပ်ငန်းခွင် အသီးသီးဝင်ပြီး၊ နှစ်နှစ်အကြာမှာ စုလေးနဲ့ ကျနော် လက်ထပ်ခဲ့တယ်။ ဒီနေရာမှာတော့ နားနဲ့ မနာ ဖဝါးနဲ့ နာပါဗျာ။ ကျနော်တို့ရဲ့ မင်္ဂလာဦး ခန်းဝင်ပစ္စည်းတခုဖြစ်တဲ့ အိပ်ယာကုတင်က နှစ်ယောက်အိပ် မွေ့ယာကြီးဟာ အင်မတန် အိစက်ညက်ညောပါတယ်။ အိပ်ယာဝင်ခါနီး ကျနော့်ကျောကို ဒဏ်ကြေဆေး လိမ်းပေးရတဲ့ တာဝန်ကို မေမေဆီကနေ စုလေးက လွှဲပြောင်းယူတယ်။ စုလေးကလည်း ရက်ရှည် လများ မငြီးမငြူ ကြင်ကြင်နာနာ လိမ်းပေးခဲ့တာပါပဲ။ ကျနော့်မှာသာ စုလေးကို အားနာတဲ့စိတ်၊ ကိုယ့်ကိုကိုယ် အားငယ်တဲ့စိတ်တွေနဲ့ ဒီဘုကြီး ဆက်လက်ကြီးထွားမလာပါစေနဲ့လို့ ကြိတ်ဆုတောင်းရတာ အမောပါပဲ။ ခင်များတို့ စိတ်မကောင်းတော့ မဖြစ်ကြနဲ့ဗျာ။ ကျနော်နဲ့စုလေးမှာ ရင်သွေးရတနာ မထွန်းကားခဲ့ပါဘူး။ ကျနော့်အပြစ်လား။ စုလေး အပြစ်လား။ အခြေအနေနဲ့ အကြောင်းအပေါင်းတွေ မစုံလို့လားဆိုတာတော့ ကျနော်တို့ အားလုံး မသိနိုင်ပါဘူး။

တဦးတည်းသော သားဖြစ်တဲ့ ကျနော်နဲ့ တဦးတည်းသော သမီး ဖြစ်တဲ့ စုလေးတို့ရဲ့ မျိုးဆက်သစ်ဆိုတာက မျှော်လေဝေးဝေး ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ဆွေနီးမျိုးစပ် ထဲက ကလေးတယောက်ကို ကျွေးမွေး စောင့်ရှောက် ပညာသင်ပေးခဲ့တယ်။ မွေးစားသားရယ် ဘာရယ်လိုတော့ တရားဝင် မဟုတ်ပါဘူး။ စုလေးဟာ ကျနော်ထင်ထားတာထက် အများကြီး တည်ငြိမ် ရင့်ကျက်တဲ့ အမျိုးသမီးပါ။ စုလေး.. ရင်သား ကင်ဆာနဲ့ ဆုံးတော့ အသက် လေးဆယ်... အင်း... လေးဆယ်ပဲ ရှိသေးတယ်။ ကျနော်သာ အရိုးကင်ဆာနဲ့ သေသင့်တာလို့ ရူးရူးမိုက်မိုက် တွေးမိပါတယ်ဗျာ။ နောက်တော့ နှစ်ယောက်အိပ် မွေ့ယာကြီးမှာ ကျနော် တယောက်ထဲ… စုလေး မရှိတော့ပေမဲ့… သူ့ ခေါင်းအုံးလေးကို ကျနော် ဖယ်မပစ်ပါဘူး…ဒီအတိုင်းလေး ထားတယ်။ ကျနော့်ကျောကလည်း နာတယ်။ ရင်ထဲကလည်း နာတယ်ဗျာ။

ကျနော် အလုပ်တာဝန်နဲ့ ပြည်တွင်း ပြည်ပ နေရာအနှံ ခရီး အတို အရှည်တွေ သွားခဲ့ရဖူးတယ်။ တည်းခိုခဲ့တဲ့ ဟော်တယ်တွေ၊ တည်းခိုခန်းတွေက သန့်ရှင်းရေး အလုပ်သမားတွေကတော့ သက်သာကြပေမယ်။ ကျနော့် အိပ်ယာက မတွန့်မကြေပဲကိုး။ မတွန့်မကြေဆို ကျနော်က မွေ့ယာပေါ်မှာမှ ကျောမခင်းတော့ပဲကိုဗျ။ နောက်တော့ သတ္တဝါတွေကို ကျနော့် ကျောရိုးလို တွန့်မနေ၊ ကျနော့် နှလုံးသားတွေလို ကြေမနေပါစေနဲ့ လို့ သွားရင်းလာရင်း မေတ္တာပို့တတ်တဲ့ အလေ့အထလေး ရလာတယ်။ ကြာတော့ တိုက်ဆိုင်မှုတွေ၊ အမှတ်တရတွေ၊ အတိတ်နမိတ်တွေကိုပဲ အလေးဂရုပြုပြီး ရှင်သန်နေမိတဲ့ ကျနော့်ဘဝကြီးကို ကျနော်ကိုယ်တိုင် ငြီးငွေ့လာတယ်။ အခုတော့ မေတ္တာ ဘာဝနာက တဆင့်တက်လို့ ဝိပဿနာ ဘာဝနာ ပွားများတတ်အောင် လေ့ကျင့်သင်ကြားဖို့ ဒီနေရာကို ရောက်နေပြီပေါ့ဗျာ…။
*****
မွေ့ယာသစ်လေးပေါ် လဲလှောင်းဖို့ ကျနော့်ခန္ဓာကိုယ်ကို လှဲချလိုက်ချိန်မှာ ကျနော် ဉာဏ်ထဲ အသိတခု လင်းလက်ဖြာသွားတယ်။ ဟုတ်တယ် ကျနော် ငယ်ငယ်က မသိမိုက်မှားစွာ ကိုယ့်ခန္ဓာကိုယ်ရဲ့ ခံနိုင်စွမ်းကို မချင့်ချိန် သတိမမူပဲ… မနိုင်တဲ့ ဝန်တွေ ထမ်းခဲ့လို့ တဘဝလုံးစာ အနာရောဂါ ရခဲ့တယ်…။ ဒီလိုပဲ ကျနော့်ရဲ့ စိတ်မှာလည်း လွမ်းဆွတ်မှုတွေ၊ အလိုမကျမှုတွေ၊ တွေေ၀ မိန်းမောမှုတွေ တနင့်တပိုး ထမ်းပိုးထားမယ် ဆိုရင်…။      ။

(ခန္ဓာကိုယ်ပေါ်က ဒဏ်ရာ၊ အသည်းက ဒဏ်ရာ၊ အသိမှားတဲ့ ဒဏ်ရာတွေအတွက် ဒဏ်ကြေဆေးတွေ လိမ်းပေးတဲ့ တယောက်သောသူအတွက် ခံစားရေးဖွဲ့ပါတယ်။)

14 comments:

Anonymous said...

အစ ကနေ အဆုံးတော့ ဖတ်လိုက်တယ်၊ ဖတ်ကောင်းသလိုလိုတော့ရှိသား၊ ဘာကိုဆိုလိုမှန်း သေချာမသိလိုက်တာတခုဘဲ၊ ဖတ်သူ ဥာဏ်မမှီတာ ထင်ပါ့....

ချမ်း

Sonata Cantata said...

ဖတ်ပြီး ကော်မန့်ရေးပေးတာ ကျေးဇူးပါ ချမ်း ရှင့်
ဇာတ်သိမ်းမှာ အကြောင်းအရာတွေများပြီး ကြပ်ညပ်သွားတယ် ထင်တယ်နော်း)

Anonymous said...

ဒီဇာတ်လမ်းထဲကတယောက်က ပိုနာတာ..။
ကိုယ့်ထက်စာရင်....ပေါ့..။


ပုံ..။
နာဖူးသူ
(တွေးကြည့်ပေါ့..ဘယ်သူဖြစ်နိုင်မလဲ ဆိုတာ)

Sonata Cantata said...

မတွေးပါရစေနဲ့
တွေးချင်ဘူးနော်...နော်

Sonata Cantata said...

http://www.degolar.info/2011/10/return-to-burma-sequel-p.html ဒီနေရာက ကူးလာတာ...

ဘလောက်များနှင့် ခွေဖြူ -
တီဇက်အေနဲ့ တီတီဆွိ ဘလောက်ကို ဖတ်ရင် ပါးစပ်မစေ့ရ။ ဪ လောကဟာတယ်ပျော်စရာပါလား။ ဘာလေးဖြစ်ဖြစ် ရယ်လို့ရပါလားဟု ထင်လာ
ကိုပေါ ဘလောက်ကို အရောက်မာ ချချင် ခေါက်ချင် ခွပ်ချင် တီးချင် စိတ်တွေပေါ်လာ၊ ကွန်မန့်တွေဖတ်အပြီ:မာ လူ့လောက တယောက်မှ မကောင်းပါလား ဟု မြင်သွား
ရီတာ ဘလောက်ကိုအရောက်မာ ငြင်းချင်ခုံချင်စိတ်တွေပေါ်လာ
အမချစ် မသက်ဝေ နဲ့ မချစ်စု တို့ ဘလောက်တွေ ရောက်တော့ ယောက်ကျားယူချင်စိတ်တွေပေါက် (ဟင်း:::::) ဆိုင်လားတော့တိဝူး
မခင်ဦးမေ ဘလောက်ရောက်တော့ ရန်ကုန်ပြန်ချင်သလိုလို
ဟော အမသီတာ ဆီလဲရောက်ရော ဘုရားတရား မမေ့သင့်ပါလား တရားစခန်းလေးဘာလေးဝင်အုန်းမှ (ဘယ်တော့လဲတော့ မသိ) ဟု တွေးမိသွား
နိုင်းနိုင်းစနေ ဘလောက်ရောက်တော့ ဪ စိတ်ကောင်းမွေးရမယ် လူ့သက်တန်းတိုတိုလေး ဟု အတွေးတွေဖြစ်မိ
ဒီလူတွေပဲ ဖတ်မိနေလို့ နမို့ဆို လူလဲ ချာချာလည်နေပြီ။ ဟင်း

တော်သေးတယ် ခွေဖြူမှာ ဘလောက်မရှိပေလို့။ သူတို့တွေကိုအကျောပေးထားတာ ဟိ

ပျောက်နေတယ် ထင်မာစိုးလို့ ထင်တာတွေစွတ်ရေးသွားတယ်။ (စွတ်ရေးတဲ့ ဘလောက်မာပဲ စွတ်တင်လိုက်မဟဲ့)

ကိုဘွိုင် (စာပေစီစစ်ရေး ညွန်ကြားရေးမူး အဲ မှူး) - စာလုံးပေါင်းစစ်ပေးပါ ဟဲဟဲ
October 23, 2011 8:22 PM

သက်ဝေ said...

ခန္ဓာကိုယ်ပေါ်က ဒဏ်ရာ အသည်းက ဒဏ်ရာ အသိမှားတဲ့ ဒဏ်ရာတွေအတွက် ကုစားစရာ...

သီတာ ပေးချင်တဲ့ Message ကို ရလိုက်ပါတယ်... ကျေးဇူးပါ သူငယ်ချင်း.....း)

Maung Myo said...

ဒဏ်ရာတွေရပေမယ့် ဆေးလိမ်းပေးမယ့်သူလေး ဂရုစိုက်ပေးမယ့် သူလေးရှိလို့ တော်သေးတာပေါ့ ။
လူတစ်ယောက်မှာ မြင်ရတဲ့ ၀န်ကော မမြင်ရတဲ့
ဝန်တွေမပိမိစေဖို့ အရေးကြီးတာပဲနော့်။

မဒမ်ကိုး said...

စိတ်မကောင်းလိုက်တာဖတ်ပြီးတော့ .
မမသီတာ အဲဒါတကယ်မဟုတ်ဘူးမဟုတ်လားဟင်
ဝတ္တုမလား
လူကစိတ်မခိုင်ပါဘူးဆိုမှး(
တကယ်မျောသွားတယ်

ခင်တဲ့

ဒိုးကန်

seesein said...

အမသီတာ
ဒဏ်ရာဆိုရင် ဘယ်ဒဏ်ရာမှ မကောင်းဘူးနော ဘယ်သူ့ကိုမှ ဘာဒဏ်ရာမှ မရစေချင်ပါဘူး
ခင်မင်တဲ့
seesein

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝထ္ထုဖတ်ပြီး ထိထိခိုက်ခိုက် ခံစားမိတယ်။
ငယ်စဉ်အခါ သန်တုန်းမြန်တုန်းမှာ ရပါတယ်ဆိုပြီး မနိုင်ဝန်တွေထမ်းခဲ့သူတွေက အသက်ကြီးလာရင် ဒဏ်ပိတာတွေ တွေ့ဖူးတယ်
အားနဲ့ဝန် မျှတရုံသာ လုပ်ရင်ကောင်းမယ်နော်..
ခုလို မနိုင်ဝန်ထမ်းခဲ့ရင် ပြင်ပကိုခန္ဓာမှာရော ရင်ထဲမှာပါ ဒဏ်ရာရသူတွေ ဘယ်လောက်များများ ရှိနေမလဲမသိဘူးနော်..
သူတို့ကိုယ်စား နာကျင်ခံစားမိပါတယ်.

Sonata Cantata said...

ကော်မန့်တွေ တယောက်ချင်း မပြန်တော့ဘူးနော်...
ဝတ္တုဖြစ်အောင်ရေးလိုက်တယ်
ဆေးတွေ လိမ်းပေးနေရသူက - ကိုဧရာ
ဒဏ်ရာများနဲ့ ကျမ - မသီတာ
မျှဝေခံစားသူက - ပို့စ်လာဖတ်တဲ့ သူငယ်ချင်းများ

အားလုံးကို ကိုယ်ရောစိတ်ပါ ဒဏ်ရာများမှ ကင်းစင်ကွာပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Rita said...

အနာ နဲ့ ဆေး တည့်သည့်အခါ...

ညိမ်းနိုင် said...

သိပ်လှတဲ့ပို့စ်လေး.....၊ဟုတ်ပါရဲ့နော်....ကျွန်တော်တို့
စိတ်ထဲမှာ ကိုယ်တိုင်မသိလိုက်ပဲ ဘယ်လောက်တောင်မှ
မနိုင်ဝန်တွေထမ်းမိနေသလဲမသိ..၊ဘာပဲဖြစ်ဖြစ် အစ်မ
သီတာမှာ ဆေးလိမ်းပေးမယ့် အစ်ကိုဧရာရှိသေး.......:)

ဆူးသစ် said...

အစ်မရေ-မလာဖြစ်တာကြာပေါ့။ ဒီဝတ္ထုလေးဖတ်ရတာစိတ်မကောင်းလိုက်တာဗျာ။ ဘယ်သူဘာဖြစ်နေလို့လဲလို့တောင် ထင်မိတာ။ ခံစားသွားပါတယ်။ ကျွန်တော့်ဘလော့ကို လာလာလည်တာလည်း ကျေးဇူးအထူးတင်လျှက်ပါ။ ကျောင်းတော်က မောင်တော်တစ်ယောက်ကိုမမေ့မလျော့အားပေးလို့ပါ။