အညမညပစ္စည်း
အညမညပစ္စယောတိ -
၁။ စတ္တာရော ခန္ဓာ အရူပိနော အညမညပစ္စယေန ပစ္စယော။
၂။ စတ္တာရော မဟာဘူတာ အညမညပစ္စယေန ပစ္စယော။
၃။ သြက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော။
သုံးချောင်းထောက်တွင် ထောက်တစ်ချောင်းသည် အခြားထောက်များအား မှီ၍ ရပ်တည်သကဲ့သို့ တရား တစ်ပါးနှင့် တစ်ပါး အချင်းချင်း အပြန်အလှန် အမှီသဟဲပြု၍ ဖြစ်တည်ကြခြင်းအား အညမညပစ္စည်းဖြင့် ကျေးဇူးပြုသည် မည်၏။
သမ္ပယုတ္တပစ္စည်းသည် စိတ် စေတသိက်ဟူသော ရုပ်မဟုတ်သည့် ခန္ဓာလေးပါးတို့ အချင်းချင်း အတူယှဉ်တွဲဖြစ်ပေါ်၍ ကျေးဇူးပြုနေသော သမ္ပယုတ္တပစ္စည်းသည် အညမညပစ္စည်းဖြင့်လည်း ကျေးဇူးပြုနေကြသည်ဟု ဆိုနိုင်ပါသည်။
၁။ စတ္တာရောခန္ဓာ အရူပိနော - ရုပ်မဟုတ်သော (စိတ် စေတသိက်) ခန္ဓာလေးပါးတို့သည်၊
အညမညပစ္စယေန ပစ္စယော - အချင်းချင်း အပြန်အလှန် အမှီပြု၍ (အညမညပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။
ရုပ်မဟုတ်သည့် စိတ် စေတသိက် တရားတို့သည် တသီးတခြားစီ ဖြစ်ပေါ်နိုင်စွမ်းမရှိ အတူယှဉ်တွဲ၍ ဖြစ်ပေါ်နေကြသကဲ့သို့၊ ရုပ်တရားတို့သည်လည်း ကလာပ်စည်း (ကလာပ) ခေါ် အစုလေးများ ဖွဲ့၍ တည်ကြသည်။ ရုပ်ကလာပ်တို့တွင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော ရုပ်၏ အခြေခံတရားလေးပါး (မဟာဘူတ) တို့ပါဝင် ဖွဲစည်းထားသည်။ ရုပ်ကလာပ်တစ်ခုတွင် မဟာဘုတ်လေးပါးသာမက ယင်းမဟာဘုတ်လေးပါးအား မှီ၍ ဖြစ်တည်ရသော အခြားသော အမှီရုပ် (ဥပါဒါရုပ်) များလည်း ပါဝင်ဖွဲ့စည်း ထားပါသည်။
၁။ ပထဝီ - မြေဓာတ် (မာမှု ပျော့မှု ကြမ်းတမ်းမှု နူးညံ့မှု လေးမှု ပေါ့မှု)
၂။ အာပေါ - ရေဓာတ် (ဖွဲ့စည်းမှု ယိုစည်းမှု)
၃။ တေဇော - မီးဓာတ် (ပူမှု အေးမှု ရင့်ကျက်မှု)
၄။ ဝါယော - လေဓာတ် (ထောက်ကန်မှု တွန်းကန်လှုပ်ရှားမှု) တို့ဖြစ်ကြသည်။
ထိုမဟာဘုတ်လေးပါးတို့သည် တသီးတခြားကွဲ၍ မတည်နိုင်ဘဲ ရုပ်ကလာပ်စည်း တစ်ခုထဲတွင် တစ်ခုကို တစ်ခု အမှီသဟဲ ပြု၍ ဖြစ်တည်ကြသည်ကို အညမညပစ္စည်းဖြင့် ကျေးဇူးပြုနေကြသည် ခေါ်သည်။
၂။ စတ္တာရော မဟာဘူတာ - မဟာဘုတ်လေးပါးတို့သည်၊
အညမညပစ္စယေန ပစ္စယော - အချင်းချင်း အပြန်အလှန် အမှီပြု၍ (အညမညပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။
ဘဝသစ်သို့ သက်ဝင်သောအခိုက် (သြက္ကန္တိက္ခဏ = သြက္ကန္တိ + ခဏ) တနည်းအားဖြင့် ဘဝတစ်ခု၏ အစ ပထမဦးဆုံး ဖြစ်သော စိတ်အား ပဋိသန္ဓေ ဝိညာဏ်ဟု ခေါ်သည်။ ထို ပဋိသန္ဓေစိတ်နှင့် အတူယှဉ်တွဲ၍ ဝေဒနာ၊ သညာ၊ သင်္ခါရာဟူသော နာမ်ခန္ဓာ ၃-ပါးလည်း ဖြစ်ပေါ်ကြသည်။ ထိုပဋိသန္ဓေ စိတ်၏ မှီရာဖြစ်သော ရုပ်တရားသည်လည်း ပဋိသန္ဓေစိတ်နှင့် အတူတပြိုင်နက် ဖြစ်ပေါ်သည်။ ထိုရုပ်သည် စိတ်နှလုံးသား၏ မှီရာ ဝတ္ထုရုပ် ဖြစ်သဖြင့် “ဟဒယဝတ္ထု” ဟုလည်း ဆိုလေ့ရှိသည်။ ထို့သို့ ဖြစ်ပေါ်ကြသော ပဋိသန္ဓေအခိုက်တွင် စိတ် စေတသိက်ဟူသော နာမ်တရားနှင့် ဟဒယဝတ္ထုဟူသော ရုပ်တရားတို့သည် အချင်းချင်း အပြန်အလှန်မှီခို၍ ဖြစ်ကြရသည်။ (မှတ်ချက်။ ဘဝ၏ အစ ပဋိသန္ဓေအခိုက်တွင် နာမ်တရားတို့သည် မိမိတို့နှင့် တပြိုင်နက်ဖြစ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်ကြသော်လည်း၊ ဘဝဖြစ်ဆဲ ပဝတ္တိကာလ၌မူ မိမိတို့ထက် စော၍ ဖြစ်နှင့်သော ဝတ္ထုရုပ်တို့ကို မှီ၍ ဖြစ်ကြ၏။)
၃။ သြက္ကန္တိက္ခဏေ နာမရူပံ - ပဋိသန္ဓေအခိုက်တွင် နာမ်နှင့် ရုပ်တို့သည်၊
အညမညပစ္စယေန ပစ္စယော - အချင်းချင်း အပြန်အလှန် အမှီပြု၍ (အညမညပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။
ဤနေရာတွင် နာမ်တရားမရှိဘဲ ရုပ်တရားသက်သက်သာ ဖြစ်သော အသညသတ်ဘဝနှင့် ရုပ်တရား မရှိဘဲ နာမ်တရား သက်သက်သာ ဖြစ်သော အရူပဘဝများတွင် နာမ်နှင့် ရုပ်တို့ အပြန်အလှန် မှီခိုခြင်းမျိုး မရှိကြ။ ခန္ဓာ ၅-ပါးလုံးဖြစ်သော ပဉ္စဝေါကာရဘ၀ အစ၌သာလျှင် နာမ်နှင့် ရုပ်တို့ အပြန်အလှန် မှီခိုခြင်းဖြစ်သည်။ ထို့ကြောင့် သေချာစေရန် အချို့နိဿယများတွင် “ပဉ္စဝေါကာရဘ၀ ပဋိသန္ဓေခဏတွင်” ဟု အနက်ပေး တတ်ပါသည်။
အကျဉ်းချုပ်အားဖြင့် အညမညပစ္စည်းဖြင့် ကျေးဇူးပြုရာတွင်
(၁) နာမ်ခန္ဓာလေးပါး အချင်းချင်း
(၂) မဟာဘုတ်လေးပါး အချင်းချင်း
(၃) (ပဉ္စဝေါကာရ) ပဋိသန္ဓေအခိုက် နာမ်ရုပ်နှစ်ပါး အချင်းချင်း အပြန်အလှန် အမှီပြု နေကြသည်ဟု မှတ်သားနိုင်ပါသည်။
သဟဇာတပစ္စည်း
သဟဇာတပစ္စယောတိ -
၁။ စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။
၂။ စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
၃။ သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
၄။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
၅။ မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
၆။ ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိကာလေ သဟဇာတ ပစ္စယေန ပစ္စယော၊ ကိဉ္စိကာလေ န သဟဇာတ ပစ္စယေန ပစ္စယော။
အတူတကွ တပြိုင်နက်ဖြစ်ပေါ်ခြင်းသည် (သဟ = အတူ + ဇာတ = ဖြစ်ခြင်း) သဟဇာတ ပစ္စည်းဖြင့် ကျေးဇူးပြုသည် မည်၏။ အချင်းချင်း အပြန်အလှန်မှီ၍ ဖြစ်ရသော တရားများသည် တပါးထက် တပါးက စောဖြစ်၍ မရသကဲ့သို့၊ နောက်ကျပြီးမှ ဖြစ်၍လည်း မရ။ ထို့ကြောင့် အညမညပစ္စည်းဖြင့် ကျေးဇူးပြုနေသော တရားသုံးမျိုး (နာမ်ခန္ဓာလေးပါး, မဟာဘုတ်လေးပါး, ပဋိသန္ဓေအခိုက် နာမ်ရုပ်) တို့သည် သဟဇာတပစ္စည်းဖြင့်လည်း ကျေးဇူးပြု နေပါသည်။
၁။ စတ္တာရောခန္ဓာ အရူပိနော- ရုပ်မဟုတ်သော (စိတ် စေတသိက်)ခန္ဓာလေးပါးတို့သည်၊
အညမညံ- အချင်းချင်း၊
သဟဇာတပစ္စယေန ပစ္စယော- တပြိုင်နက် အတူဖြစ်၍ (သဟဇာတပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။
၂။ စတ္တာရော မဟာဘူတာ- မဟာဘုတ် လေးပါးတို့သည်၊
အညမညံ- အချင်းချင်း၊
သဟဇာတပစ္စယေန ပစ္စယော- တပြိုင်နက် အတူဖြစ်၍ (သဟဇာတပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။
၃။ သြက္ကန္တိက္ခဏေ နာမရူပံ - ပဋိသန္ဓေအခိုက်တွင် နာမ်နှင့် ရုပ်တို့သည်၊
အညမညံ- အချင်းချင်း၊
သဟဇာတပစ္စယေန ပစ္စယော- တပြိုင်နက် အတူဖြစ်၍ (သဟဇာတပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။
ရုပ်တရားတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရားတို့ကြောင့် ဖြစ်ကြသည်။ စိတ်ကြောင့် ဖြစ်သော ရုပ်အား စိတ္တသမုဋ္ဌာန ရုပ် (တနည်း စိတ္တဇရုပ်) ဟု ခေါ်သည်။ စိတ္တဇရုပ်များသည် စိတ်နှင့် အတူတပြိုင်နက် ဖြစ်ကြပါသည်။ ဤသည်ပင်လျှင် စိတ် စေတသိက်တရားတို့သည် စိတ္တဇရုပ်များအား တပြိုင်နက် အတူဖြစ်စေ၍ သဟဇာတပစ္စည်းဖြင့် ကျေးဇူးပြုသည် မည်၏။
၄။ စိတ္တစေတသိကာ ဓမ္မာ - စိတ် စေတသိက်တရားတို့သည်၊
စိတ္တသမုဋ္ဌာနာနံ ရူပါနံ - စိတ်ကြောင့်ဖြစ်သော ရုပ်တရားတို့အား၊
သဟဇာတပစ္စယေန ပစ္စယော- တပြိုင်နက်အတူဖြစ်၍ (သဟဇာတပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။
မဟာဘုတ်လေးပါးတို့သည် သီးခြားစီ တည်ရှိနိုင်စွမ်း မရှိဘဲ ရုပ်ကလာပ်များဖွဲ၍ တည်ရှိသည်ဟု ဖော်ပြခဲ့သည်။ ရုပ်ကလာပ်တို့တွင် မဟာဘုတ်လေးပါး သာမက အခြားသော ရုပ်တရားများလည်း ပါဝင် နေ၏။ မဟာဘုတ်လေးပါးသည် ရုပ်ကလာပ်၏ အခြေခံ အုတ်မြစ်ဖြစ်ပြီး၊ အခြားသော ရုပ်များသည် ထိုမဟာဘုတ်လေးပါးတို့ အပေါ်တွင် တည်မှီ၍ ဖြစ်ရသော ဥပါဒါရုပ်များ (အမွှန်းတင်ရုပ် တနည်း အမှီရုပ်) ဖြစ်ကြသည်။ ထိုသို့ ကလာပ်စည်း ဖွဲ့၍ ဖြစ်တည်ကြသော ရုပ်တရားများသည် တပြိုင်နက် အတူဖြစ်ပေါ်၍ တပြိုင်နက် အတူချုပ်ကြပါသည်။ မဟာဘုတ်လေးပါးတို့သည် ကလာပ်စည်းတခုတည်းမှ ဥပါဒါရုပ်တို့အား သဟဇာတပစ္စည်းဖြင့် ကျေးဇူးပြုသည် ဆိုရလေသည်။
၅။ မဟာဘူတာ - မဟာဘုတ်တို့သည်၊
ဥပါဒါရူပါနံ - ဥပါဒါရုပ်တို့အား၊
သဟဇာတပစ္စယေန ပစ္စယော - တပြိုင်နက်အတူဖြစ်၍ (သဟဇာတပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။
ဘဝ၏ အစ ပဋိသန္ဓေအခိုက်တွင် ဖြစ်သော နာမ်တရားတို့သည် ယင်းတို့၏ မှီရာဝတ္ထုရုပ်နှင့် အတူတပြိုင်နက် ဖြစ်ကြသော်လည်း၊ ဘဝဖြစ်ဆဲ ပဝတ္တိကာလတွင်မူ နာမ်တရားတို့သည် မိမိတို့ထက် အရင်စော၍ ဖြစ်နှင့်သော ဝတ္ထုရုပ်တို့ကို မှီ၍ ဖြစ်ကြ၏။ သဟဇာတပစ္စယနိဒ္ဒေသ ဝါကျအမှတ် (၆) က ထိုအချက်အား ပေါ်လွင်စေပါသည်။
၆။ ရူပိနော ဓမ္မာ - ရုပ်တရားတို့သည်၊
အရူပီနံ ဓမ္မာနံ - ရုပ်မဟုတ်သော နာမ်တရားတို့အား၊
ကိဉ္စိကာလေ - အချို့ကာလ၌ (ပဋိသန္ဓေကာလကို ဆိုလို)
သဟဇာတ ပစ္စယေန ပစ္စယော - တပြိုင်နက်အတူဖြစ်၍ (သဟဇာတပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။
ကိဉ္စိကာလေ - အချို့ကာလ၌ (ပဝတ္ထိကာလကို ဆိုလို)
န သဟဇာတ ပစ္စယေန ပစ္စယော - သဟဇာတပစ္စည်းဖြင့် ကျေးဇူး မပြုကြ (တပြိုင်နက်အတူ မဖြစ်ကြ)။
အကျဉ်းချုပ်အားဖြင့် သဟဇာတပစ္စည်းသည်
(၁) နာမ်ခန္ဓာလေးပါး အချင်းချင်း …
(၂) မဟာဘုတ်လေးပါး အချင်းချင်း …
(၃) ပဋိသန္ဓေအခိုက် နာမ်ရုပ်နှစ်ပါး အချင်းချင်း …
(၄) စိတ်စေတသိက်သည် စိတ္တဇရုပ်တို့အား …
(၅) မဟာဘုတ်လေးပါးသည် ဥပါဒါရုပ်တို့အား အတူတပြိုင်နက်ဖြစ်ပြီး ကျေးဇူးပြုနေကြသည်။
ဤသဟဇာတပစ္စည်း ၅-မျိုးအနက် ပထမ ၃-မျိုးသည် သဟဇာတဖြစ်သကဲ့သို့၊ အပြန်အလှန် အညမညပစ္စည်းဖြင့်လည်း ကျေးဇူးပြုနေကြသည်။ အမှတ် ၄ နှင့် ၅ သည် သဟဇာတဖြစ်သော်လည်း အညမညမဖြစ်ကြ။ သဟဇာတပစ္စည်း ၅-ပါးလုံးတို့သည် အတူတပြိုင်နက်ဖြစ်ရုံသာမက အကြောင်းတရားတို့သည် အကျိုးတရားတို့၏ တည်မှီရာလည်းဖြစ်နေ၍ သဟဇာတနိဿပစ္စည်း ဟုလည်း ခေါ်သည်။ သဟဇာတပစ္စည်းတိုင်းသည် နိဿယပစ္စည်းလည်း ဖြစ်ကြ၏။ သို့သော် နိဿယပစ္စည်းတိုင်းသည်ကား သဟဇာတပစ္စည်း မဟုတ်ချေ။
ဆက်ရန်...



9 comments:
သာဓု သာဓု သာဓု
Come and attend PA HTAN class on 2nd day.Thank you very much and i will print it out.Today i keep sabbath{9 par thila} and share my good deeds to you all.
Gyidaw
ပဋ္ဌာန်း အဓိပ္ပါယ်လေး ဖတ်မှတ်သွားပါတယ် ကျေးဇူး အစ်မသီတာ
မမရေး
သီတင်းကျွတ်တွက်လာကန်တော့ပါတယ်နော်...
_/\_ _/\_ _/\_
စိတ်ရောကိုယ်ပါကျမ်းပါရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစရှင်း
မိုး
အနက်အဓိပ္ပာယ်လေးတွေ ဖော်ညွှန်းထားတာ ဖတ်သွားတယ်။ ပြုပြုသမျှကောင်းမှုကုသိုလ်တွေအတွက် သာဓု သာဓု သာဓု ပါကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
အဲဒီလို အ၀ိုင်းလေးနဲ့ ပုံဆွဲပြီးပြတာ ကျမအတွက်တော့ ပိုရှင်းတယ် ကိုဧရာရေ ..။
အဖေသင်ရင်လဲ ဒီလိုပဲ ပုံလေးတွေ ဆွဲသင်တော့ ပိုနားလည် သဘောပေါက်လွယ်တယ်။
များသောအားဖြင့်က ပြရိုးပြစဉ် ရေသောက်မြစ်တို့ တောင်ဝှေးကြိုးတန်းတို့ ပုံတွေဆွဲပြတာဆိုတော့ စာဖတ်တာနဲ့ ဘာမှမထူးဘူး။ ခုလိုပြတာက ပိုရှင်းတယ်။ ကျေးဇူးတင်ပါတယ် ကိုဧရာ... ။
အားလုံးပြီးရင် ပီဒီအက်ဖ်လေး လိုချင်ပါကြောင်း ပူဆာပါရစေရှင် ... ။
လာရောက် ဖတ်ရှုသွားသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ သတ်ပုံအမှားကစလို့ အဓိပ္ပါယ် မရှင်းလင်းတာတွေရှိရင်လည်း ထောက်ပြဝေဖန်ပေးစေလိုပါတယ်။ ၂၄-ပစ္စည်းလုံး စုံသွားရင် PDF file လုပ်ပြီး တင်ထားပါမယ်။
ကိုဧရာရေ ... အသညသတ် လား အသညာသတ်လား သိချင်လို့ပါ။
ဒီပို့စ်က အညမညပစ္စည်း အဆုံးနားမှာ အသညာသတ်လို့ ရေးထားတာ မြင်လို့ပါ။
ကျမက အသညသတ် လို့ မှတ်သားခဲ့ဖူးတာမို့ သေချာအောင်ပြန်မေးတာပါ။
မမေဓာဝီရေ... အသညသတ် ပါ။ စာလုံးပေါင်း ပြင်လိုက်ပါပြီ။
ကျေးဇူးပါ။
Post a Comment