Sunday, December 1, 2013

ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူသည့် ခုနှစ်

ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူခဲ့တဲ့ ခုနှစ်က ယနေ့ပညာရှင်တွေ အများစု လက်ခံထားတာထက် ရာစုနှစ် တစ်ခုလောက် ပိုပြီး စောနိုင်တဲ့ အထောက်အထားတွေ တွေ့ရှိရတယ်ဆိုတဲ့ သတင်းတစ်ခုကို ဖတ်လိုက်ရပါတယ်။ လုမ္ဗနီဥယျာဉ် မာယာဒေဝီ ကျောင်းဆောင်အတွင်း တူးဖော်ရာမှာ သစ်ပင်ကို ဝိုင်းပတ်ကာရံထားတဲ့ သစ်သားလက်ရန်း စိုက်ထူရာ ကျင်းတွေကို ရှာဖွေတွေ့ရှိရပြီး၊ သဲနဲ့ မီးသွေးအစ နမူနာတွေကို ရေဒီယိုကာဗွန်နည်းနဲ့ စမ်းသပ်ရာမှာ (ခရစ်တော်မပေါ်မီ) ဘီစီ ၅၅၀-ဝန်းကျင်လောက် ဖြစ်နိုင်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒီတွေ့ရှိချက်က ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းပေါ်ပေါက်ခဲ့တဲ့ အချိန်ကာလအပေါ် ပညာရှင်တို့ရဲ့ အယူအဆ ဘယ်လောက် အတိုင်းအတာအထိ ပြောင်းလဲသွားမလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။



ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းခဲ့တဲ့ အချိန်ကာလကို ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ သီဟိုဠ် ဝံသကျမ်း၊ မြောက်ပိုင်း မဟာယာနကျမ်း၊ တိဗက်ဗုဒ္ဓဘာသာကျမ်း၊ တရုတ်ဗုဒ္ဓဘာသာကျမ်း၊ အိန္ဒိယ ရှေးဟောင်း ပုရာဏ်ကျမ်း၊ ဂရိသမိုင်းမှတ်တမ်းများ၊ အသောကကျာက်စာ စတဲ့ အထောက်အထားတွေကို သုံးပြီး အမျိုးမျိုး တွက်ချက်၊ ခန့်မှန်း၊ သတ်မှတ်ခဲ့ကြပါတယ်။ အချို့ဆိုရင် ဗေဒင်နက္ခတ်တာရာတွေနဲ့ တွက်ချက်တာလည်း ရှိပါတယ်။ မူကွဲတွေက အစောဆုံး ဘီစီ ၂၄၂၀ ကျော်လောက်ကနေ နောက်အကျဆုံး ဘီစီ ၂၉၀ အထိ ကွာခြားနေပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေက ဘီစီ ၅၄၃-ခုနှစ်မှာ ဗုဒ္ဓ ပရိနိဗ္ဗာန် စံဝင်ခဲ့တယ်လို့ ယုံကြည်ယူဆကြပြီး၊ အနောက်တိုင်း သမိုင်းဆရာ အများစုကတော့ ဘီစီ ၄၈၀ ဝန်းကျင်လောက်လို့ သတ်မှတ်ယူဆကြပါတယ်။


ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းရာကာလ တွက်ချက်သတ်မှတ်ပုံ အမျိုးမျိုးအနက် ထင်ရှားတဲ့ အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ထေရဝါဒ ဗုဒ္ဓဘာသာ အစဉ်အလာအရ ခရစ်နှစ် ၁၉၅၆-ခုနှစ်မှာ သာသနာ သက္ကရာဇ် ၂၅၀၀-ပြည့်တယ်လို့ လက်ခံထားပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံဝင်တော်မူတဲ့နှစ်ကို သာသနာသက္ကရာဇ် ၁-ခုနှစ်လို့ သတ်မှတ်ပြီး စတင် ရေတွက်လာခဲ့ကြတာပါ။ ဒါကြောင့် ပရိနိဗ္ဗာန်စံတော်မူတဲ့နှစ်က ဘီစီ ၅၄၃-ခုနှစ် ဖြစ်ပါတယ်။ သက်တော် ၈၀ နဲ့ ပြန်တွက်ရင် ဖွားတော်မူနှစ်က ဘီစီ ၆၂၃ ဘီစီ ခုနှစ်လို့ ရပါတယ်။ (ထိုင်း၊ ကမ္ဗောဒီးယား၊ လောနိုင်ငံတွေကတော့ ပရိနိဗ္ဗာန်စံတော်မူတဲ့နှစ်ကို သာသနာသက္ကရာဇ် 0 (သုည) လို့သတ်မှတ် ရေတွက်တဲ့အတွက် တနှစ်ပို စောပြီး ပရိနိဗ္ဗာန် စံနှစ် ဘီစီ ၅၄၄၊ ဖွားတော်မူနှစ် ဘီစီ ၆၂၄-ခုနှစ်လို့ ရေးသားကြပါတယ်)။ ဒီလိုရေတွက်တဲ့နည်းကို Long (or Southern Buddhist) Chronology လို့ ခေါ်ပါကြတယ်။

၂။ အချို့သီဟိုဠ် သမိုင်းပညာရှင်တွေကတော့ ပရိနိဗ္ဗာန်စံနှစ်က အနှစ် ၆၀ နောက်ကျတဲ့ ဘီစီ ၄၈၃-ခုနှစ်လို့ ယူဆပါတယ်။ ဆဋ္ဌမ ပရက္ကမဗာဟုမင်း လက်ထက်အထိ အမှန်အတိုင်း သာသနာ သက္ကရာဇ်ကို ရေတွက်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ၉၃-နှစ် တိုးပြီး ရေတွက်ခဲ့ကြပါတယ်။ နောင် ရာစုနှစ် အတော်ကြာတော့မှ ကန္ဒီမြို့က မထေရ်တစ်ပါးကနေ ၃၂-နှစ် ပြန်ဖြိုပြီး ရေတွက်ခဲ့ကြရာကနေ ယနေ့ခေတ် သာသနာ သက္ကရာဇ် ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒီအယူအဆအရဆိုရင်တော့ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံနှစ်က ဘီစီ ၄၈၃-ခုနှစ်၊ ဖွားတော်မူနှစ်က ဘီစီ ၅၆၃-ခုနှစ် ဖြစ်ပါတယ်။

၃။ မဟာဝံသ၊ ဒီပဝံ၊ သမန္တပါသာဒိကာ ဝိနည်းအဋ္ဌကထာ စတဲ့ကျမ်းတွေအရ အသောကမင်းက ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် ၂၁၈-ခုနှစ်မှာ နန်းသိမ်းပွဲ အဘိသိက်ခံယူတယ်လို့ ပါရှိပါတယ်။ လက်ရှိ သာသနာသက္ကရာဇ်နဲ့ ပြန်တွက်ရင် အသောကမင်း အဘိသိက်ခံနှစ်က ဘီစီ ၃၂၅ ခုနှစ် ဖြစ်ပါတယ်။ အနောက်တိုင်း သမိုင်းပညာရှင်တွေက ဒီနှစ်က စောလွန်းနေတယ်လို့ ယူဆပါတယ်။ အသောကျောက်စာတွေမှာ ပါတဲ့ ခေတ်ပြိုင် ဂရိမင်းတွေရဲ့ အမည်တွေကို အထောက်အထားပြုပြီး ပြောတာ ဖြစ်ပါတယ်။ ထို့အတူ ဂရိနိုင်ငံ မဟာအလက်ဇန္ဒားဘုရင် (Alexander the Great) ဘီစီ ၃၂၃ မှာ ကွယ်လွန်ပြီးနောက် နန်းတက်လာတဲ့ ဘုရင် ဆီလူးကပ်စ် (Seleukos Nikator) နဲ့ (အသောကမင်းရဲ့ ဘိုးတော်) စန္ဒဂုတ်မင်းက ခေတ်ပြိုင်ဖြစ်တယ်ဆိုတဲ့ ဂရိနဲ့ လက်တင် သမိုင်မှတ်တမ်းတွေနဲ့ တိုက်ဆိုင်ပြီး၊ အသောကမင်း အဘိသိက်ခံနှစ်က ဘီစီ ၂၆၈-ခုနှစ် ဝန်းကျင်လောက်ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါကြောင့် ဝံသကျမ်းတွေမှာ လာတဲ့ ၂၁၈-ခုနှစ် ပြန်ဆုတ်ရင် ဗုဒ္ဓ ပရိနိဗ္ဗာန်စံနှစ်က ဘီစီ ၄၈၆-ခုနှစ် ဖြစ်မယ်လို့ တွက်ဆကြပါတယ်။ သက်တော် ၈၀ ထပ်ဆုတ်ရင် ဖွားတော်မူနှစ်က ဘီစီ ၅၆၆-ခုနှစ်လို့ ရပါတယ်။ ဒီနည်းကို Corrected Long Chronology လို့ခေါ်ကြပါတယ်။

၄။ သက္ကတဘာသာရေး မြောက်ပိုင်း ဗုဒ္ဓဘာသာကျမ်းတွေနဲ့ တရုတ်ဘာသာကျမ်းတွေမှာတော့ ဗုဒ္ဓပရိနိဗ္ဗာန် စံဝင်ပြီး အနှစ် ၁၀၀ (အချို့က ၁၁၆-ခုနှစ်) မှာ အသောမင်း အဘိသိက်ခံတယ်လို့ ယူဆတဲ့အတွက် ဗုဒ္ဓပရိနိဗ္ဗာန် စံနှစ်က ဘီစီ ၃၆၈ (၃၈၄)-ခုနှစ် ဖြစ်ပြီး ဖွားတော်မူနှစ်က ဘီစီ ၄၄၈ (၄၆၄)-ခုနှစ် ဖြစ်ပါတယ်။ ဒီနည်းကို Short Chronology လို့ ခေါ်ပါတယ်။

၅။ ဗုဒ္ဓပရိနိဗ္ဗာန် စံဝင်ပြီးနောက်မှာ မထေရ်ကြီးတွေက နှစ်စဉ် ပပါရဏာပွဲပြီးတိုင်း ဝိနည်းကျမ်းစာမှာ အစက်အပြောက်လေးတွေ ရေးထိုးပြီး အစဉ်အဆက် ရေတွက်ခဲ့တယ်။ အေဒီ ၄၈၉-ခုနှစ် သံဃဘဒြမထေရ်က ဝိနည်းအဋ္ဌကထာ သမန္တပါသာဒိကာကို တရုတ်ဘာသာပြန်ဆိုတဲ့အချိန်မှာ အစက်အပြောက်ပေါင်း ၉၇၅-ခုရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဗုဒ္ဓ ပရိနိဗ္ဗာန်စံနှစ်က ဘီစီ ၄၈၆-ခုနှစ်ဖြစ်ပြီး ဖွားတော်မူနှစ်က ဘီစီ ၅၆၆-ခုနှစ် ဖြစ်မယ်လို့ အရှေ့တိုင်းပညာရှင် အချို့က ယူဆကြပါတယ်။ ဒီနည်းကို Chronology of Dotted Record လို့ ခေါ်ပါတယ်။ ဘီစီ ၁-ရာစု ဝဋ္ဋဂါမဏိမင်းလက်မှ ပိဋကသုံးပုံကို ပေထက် အက္ခရာတင်တာဖြစ်ပြီး အရင်က နှုတ်တက် ဆောင်ခဲ့ကြတာဖြစ်လို့ ဒီအယူအဆကို သံသယဖြစ်ဖွယ် ရှိပေမယ့်လည်း Corrected Long Chronology နဲ့ တိုက်ဆိုင်တာကို တွေ့ရပါတယ်။

Ref: 
  • John M. Senaveratna - The Date of Buddha's Death and Ceylon Chronology. 
  • Heinz Bechert - When did the Buddha Live? The controversy on dating of the historical Buddha.

Tuesday, November 12, 2013

သည်ရေ...

ရေဆိုတာ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းတယ်..တဲ့
ဒါမှလည်း တသွင်သွင် သို့မဟုတ် တဝေါဝေါ ဆိုတဲ့ အသွင်သဏ္ဍာန်ကို ဆောင်နိုင်မယ်…
ကမ္ဘာအပြင်ဘက် ထွက်ကြည့်လိုက်တော့လည်း အဲ့ဒီ ရေတွေ လုံးဝန်းနေလိုက်ပုံများ
သွေးတွေ ခန္ဓာကိုယ်ထဲ လှည့်ပတ် စီးဆင်းနေကြသလိုမျိုး…
ဦးနှောက်က မြစ်ဖျားမခံသလို၊ နှလုံးသားကလည်း နုံးတင်တဲ့ မြေနုမဟုတ်လေဘူး…
အကွာအဝေးတွေ၊ အတိမ်အနက်တွေထက်
အမြန်အနှေးတွေ၊ အပြစ်အကျဲတွေ မတွက်
သည်ရေဟာ … ဖွဲ့စည်းခြင်းသက်သက်


သည်ရေ = ဧရာ 
(ကိုဧရာအတွက် မွေးနေ့အမှတ်တရ)

Saturday, October 26, 2013

ဘာကြောင့် သားသမီးလိုချင်ပါသလဲ

ပန်ပန်ရေ…အမတော့ ရေးပြီ…။ ရင်ထဲရှိတာတွေ ရေးချရင်း ဗီဇအရ လိုရင်းမရောက် ဝေ့လည်ကြောင်ပတ်တွေတော့ ပါနေဦးမလားပဲ…။ အမျိုးသမီးတွေ ဘာကြောင့် သားသမီးလိုချင်ပါသလဲ ဆိုတာထက်…အမျိုးသားတွေ ဘာကြောင့် သားသမီးယူပါသလဲဆိုတာကို ပိုသိချင်မိပြန်တယ်…။ ကိုယ်တိုင်အမျိုးသမီးဖြစ်နေတော့ အမျိုးသမီးဘက်က ရှု့ထောင့်ကို လက်လှမ်းမှီနေသလားလို့ပါ…။ တလောကတော့ Turn on Idea ရဲ့ facebook မှာ သားသမီးယူကြဖို့ တိုက်တွန်းတဲ့ status လေး ဖတ်လိုက်ရသေးတယ်။

အမရဲ့ အမေကတော့ သားသမီးတွေကို ငါချစ်ဖို့ မွေးထားတာလို့ ဆိုတယ်။ ရိုးရှင်းသလောက် သိပ်ကို ပြည့်စုံတယ်လို့ အမထင်တယ်။ အဲ..အဖေကကော ဘာကြောင့်မွေးထားသလဲ…။ သူ..အမတို့ကို ပြုစုတယ် ပျိုးထာင်တယ်… ရှေ့ဆောင်တယ်…လမ်းပြတယ်… ထောင့်စိရှာပါတယ်…ဒါပေမဲ့ ဘာကြောင့်မွေးထားသလဲ ဆိုတဲ့မေးခွန်းမျိုးအတွက်တော့ အဖြေ ရေရေရာရာမသိနိုင်ဘူး။

အမအတွက်ကတော့ သားတွေကို “ဒီလိုပဲ မွေးလိုက်တာပါပဲအေ” လို့ ပြောလိုက်ရင် ပညာမဲ့ရာကျလွန်းပါတယ်။ သားတွေကို ကိုယ်ဝန်ဆောင်စဉ်က စလို့ မွေးလိုက်တဲ့အထိဖြစ်စဉ်ကတော့ ပြောပလောက်အောင် ထွေထွေထူးထူးမရှိပါဘူး လူ့သဘာ၀ ယေဘူယျပါပဲ။ အဲ နောက်ပိုင်းမှာ စိတ်ဝင်စားဖို့ ကောင်းလာတာက အမဟာ သားတို့နဲ့ အတူ ကြီးပြင်းလာခဲ့ခြင်းပါပဲ…။

မိခင်ဖြစ်လာခဲ့ပြီးနောက် အမ ခံစားတယ်၊ သင်ယူတယ်၊ ဝေမျှတယ်၊ ဆင်ခြင်တယ်၊ ခွင့်လွှတ်ကြည့်တယ် စိတ်ဝင်တစားပါပဲ…။ သားသမီးတွေရဲ့ အသံ (ကိုယ့်သားသမီး၊ သူများသားသမီး)၊ မိဘတွေရဲ့အသံ (ကိုယ့်ထက်ကြီးသူ၊ ရွယ်တူ၊ ကိုယ့်အောက်ငယ်သူ) တွေကို နားထောင်တယ်။

အခု လောလောဆယ် သားသမီးနဲ့ ပက်သတ်လို့ အမရဲ့ ခံယူချက်ကတော့ ပို့စ်မှာ ရေးထားတဲ့အတိုင်း “ရှင်သန်ခြင်း၏ လားရာများ ဖြစ်ကြသည့် အားလျော်စွာ သူတို့နှင့် ဦးတည်ဘက် တဖက်တည်းဖြင့်သာ နံနက်ခင်းတိုင်းကို နိုးထပါ၏…” ပါပဲ…။ စိုးသူ သီချင်းထဲက …ဝေးဝေး သွားလို့ မဖြစ်အောင် အချစ်ရယ် ဖက်ထားချင်တယ်… ဆိုတဲ့ စာသားလိုပဲ… သားတွေနဲ့ ကိုယ် ချင်းလည်း မဝေးချင်သလို၊ စိတ်ချင်းလည်း အဝေးမခံနိုင်ပါဘူး…။ လောကသဘာဝအရ တချိန်ချိန်မှာ တယောက်တနေရာဆီ လူချင်းဝေးရနိုင်ပါတယ်…။ အမေဆိုတာကတော့ သားသမီးတွေကို ရင်ခွင်ထဲ ဖက်ထားချင်သူပါ…။ စိတ်ချင်းတော့ ဘယ်လိုမှ အဝေးမခံနိုင်တဲ့ အတွက် ပျော့ညံ့တယ်ဖြစ်စေဦးတော့ အရာအတော်များများမှာ သူတို့ ဦးတည်ရာဘက် ကိုယ်က လိုက်လှည့်နေပါတယ်။ ရန်ကုန်က အမရဲ့ အမေဟာ အခုတော့ နံနက်စောစောနဲ့ညအိပ်ယာဝင်ချိန်တိုင်း စင်္ကာပူဘက် မျက်နှာလှည့်ထားသလို၊ ပြန်လာရင်တောင် ကိုဧရာ့ဇာတိမန္တလေးမှ အခြေချကြမယ် ထင်ပါတယ်လို့ တီးတိုးပြောနေတဲ့ စကားသံနဲ့ အတူ တချိန်မှာတော့ မန္တလေးဘက် ဦးပြောင်းလှည့်ဦးမှာပါ။

အမရဲ့ သဘောဆန္ဒနဲ့ မကိုက်ညီတဲ့ သားတို့ရဲ့အပြုအမူတွေကြောင့် ဒေါသနဲ့ မကြာခဏ ပူလောင်ရပါတယ်။ အခုက ကျောင်းသားအရွယ်ပဲ ရှိသေးတာမို့ ကျောင်းသားအရွယ်နဲ့စာတဲ့ ပူလောင်မှုမျိုးလောက်ပါပဲ။ နောင်မှာ ဒီထက်ကြီးလေးတဲ့ အပူတွေ ရကောင်းရလာနိုင်ပါတယ်။ သားတို့က အမရဲ့ ရင်ကို အေးမြစေတဲ့ အရာလေးတွေလည်း ရှားရှားပါးပါးပေမည့် ရှိတော့ရှိပါတယ်။ အဲ့ဒီထဲက ကိုယ်အနှစ်သက်ဆုံးအရာလေးတခုကို မကြာခဏ သတိရစေပြီး၊ ဒီကုသိုလ်ကြောင့် ငါ့သားလေးဘ၀ အေးချမ်းမှာပါလို့ ယုံကြည်ရင်း သူတို့နဲ့အတူ ကြီးပြင်းနေပါတယ်။



Link to facebook note.

Thursday, October 24, 2013

နံပါတ်မှာ လေးဆယ့်လေး

နံပါတ်ခေါ်သံအဆုံး ထောင့်တထောင့်မှ ထော့နင်းထော့နင်းနှင့် ထလာသူတယောက်သည် တံခါးပေါက်တခုကို ကြိုးစားဖြတ်ကျော်နေသည်။

မိဘနှစ်ပါးက သူ့ကို ရပ်နိုင်ပေ့ဟု အားပေးနေသည်။ ညီအကို မောင်နှမဆွေမျိုးများ၊ ခင်ပွန်းနှင့် ရင်သွေးတို့က သူ့ကို လက်ကမ်းပေးကြသည်။ မိတ်ဆွေသူငယ်ချင်းများက သူ့အားဝန်းရံထားသည်။

လွှဲရှောင်၍ မရသော ဤ “လေး” ဆိုသော ဂဏန်းသည် သူမုန်းသော တစ်ခုတည်းသော သင်္ကေတဖြစ်သည်။ ပညတ်သွားရာ ဓာတ်သက်ပါဆိုသော ဆိုရိုးနှင့် အညီ၊ အနှီ နံပါတ်ပါ လေးဆယ့်လေး၏ လှုပ်ရှားမှုများသည် အလွန်လေး၍ အလွန်နှေးနေလေသည်။ သူ၏ ရုပ်ပိုင်း၊ နာမ်ပိုင်းဆိုင်ရာ ရွေ့လျားမှုများ သိသိသာသာ တုန့်ဆိုင်းနေသည်ကို ဖွာလန်ကျဲနေသော မီးခိုးဖျော့ရောင် ဆံပင်များအောက်က မျက်နှာငယ်လေးနှင့် လက်ခံနေရသည်။

မိခင်တပ်ဆင်ပေးလိုက်သော မာန်မာန၊ ဖခင်သင်ကြားပေးလိုက်သော ဥပက္ခာတရားတို့သည် သူ့ဘဝ၏ ကြီးစွာသော မောင်းနှင်အားများ ဖြစ်ကြောင်း ကောင်းစွာသဘောပေါက်နေပြီဖြစ်သည်။

ငယ်စဉ်အခါကပင် ခွန်အားဗလ ချိနဲ့လွန်းသူမို့ သေတပန် သက်တဆုံး ညီအကို မောင်နှမဆွေမျိုးများ၏ ပုခုံးကို မှီရအုံးရပေဦးမည်။ တယောက်တမျိုး သူ့အား အမောပြေစေနိုင်ကြကြောင်း ယုံကြည်မှုသည် အခြေမဲ့ မဟုတ်။

အပေးအယူ ဆိုသော ဝေါဟာရ ကို နှလုံးသား၍ စွဲထင်စေခြင်း သည် ခင်ပွန်းသည်ကြောင့် ဖြစ်သည်။ အချစ်ပေး၍ အချစ်ယူကြရာတွင် ပေါက်ဈေး စုံစမ်းရန်မလိုသလို၊ အချင်အတွယ်လည်း မရှိ။ ရင်သွေးတို့သည် ရှင်သန်ခြင်း၏ လားရာများ ဖြစ်ကြသည့် အားလျော်စွာ သူတို့နှင့် ဦးတည်ဘက် တဖက်တည်းဖြင့်သာ နံနက်ခင်းတိုင်းကို နိုးထပါ၏။

အလှတရားကို မြတ်နိုးတန်ဖိုးထားသော သူ့အတွက် မရှိမဖြစ် လိုအပ်သော အရာများထဲတွင် မှန်များလည်း ပါဝင်ပေသည်။ သူမျက်နှာမူရာ အရပ်တိုင်းတွင် ကြေးမုံပြင် မှန်သားများထက်က ပြုံး၍ ပြနေကြသူများသည် သူ၏ မိတ်ဆွေသူငယ်ချင်းများပင် ဖြစ်ကြသည်။ မကြာခဏဆိုသလိုလည်း ပြိုင်တူကြည့်၍ ပြုံးကြလေသေး၏။

လေးဂဏန်းကို အကြောင်းမဲ့ မုန်းသော အနှီ နံပါတ်ပါ လေးဆယ့်လေးသည် ဝင်ပေါက်လည်းဖြစ်၍၊ ထွက်ပေါက်လည်းဟုတ်သော ထိုဝင်ထွက်ပေါက်ကို ဖြတ်ကျော်ရန် ခွန်အားမျှသူတို့အား ဦးညွတ်လိုက်ပါ၏။

Friday, September 6, 2013

ဘလော့ဂ်သစ် မိတ်ဆက်

ဘလော့ဂ်အသစ်တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်
လွန်ခဲ့တဲ့ 2013 BLOG DAY အမှတ်တရရေးတုန်းကအထိ ဘလော့ဂ်တွေနဲ့ မိတ်ဆက်ပေးတဲ့ ကောင်းမွန်တဲ့ အလေ့တထကို တခါဘူးမှ မလုပ်ဖူးတဲ့နောင်တကို ပြင်ဆင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဟောဒီမှာပါ...
ဘလော့ပိုင်ရှင်က သူစိမ်းတော့မဟုတ်ဘူး... တခါက ရှိခဲ့ဖူးတဲ့ ဘလော့ဂ်လေး ပျောက်ဆုံးသွားလို့ အသစ်တဖန်မွေးဖွားတဲ့ ဘလော့လေးရဲ့ ပထမဦးဆုံးပို့စ်က စာရေးချင်တယ် ... တဲ့
ဘလော့ဂ်ပိုင်ရှင်ဟာ ဘယ်လိုလူပါလိမ့်လို့ စဉ်းစားရင်းတွေးရင်း အတွေးအမြင်တွေ ဖလှယ်ကြပါစို့

တဆက်တည်းပဲ ခွင့်တိုင်ရဦးမယ်... တလလောက် ပျောက်မယ်လို့...

Wednesday, September 4, 2013

ဘလော့ဂ်တာ…(၁၂)

ဘလော့ဂ်ဒေးအမှတ်တရ ရေးဖို့ နောက်ကျသွားပါတယ်…။
ဘလော့ဂ်တာ လက်ချိုးရေရင် လက်ငါးချောင်းပြည့်လို့ နောက်လက်ဝါးတဘက်ကို ကူးပြောင်းရပါပြီ… ဘလော့ဂ် အသစ်တွေကို တခါမှ မိတ်ဆက်မပေးဖြစ်ပါဘူး… အားနည်းချက်ကို ခွင့်လွှတ်သည်းခံပေးပါ...။ အဟောင်းတွေကိုတော့ လွမ်းကောင်းလိုက်တာ… နုသွဲ့ ရဲ့ ယုဝရီရဲ့ လာကြည့်ပါဦးလို့ ရင်ဘတ်စည်တီး ထုထုပြီး မငိုပါဘူး…တိတ်တိတ် မျက်ရည် ဝဲရုံလေး ပါပဲ…

ဒီဘဝမှာဖြင့် ဘလော့ဂ်လေးနဲ့ ရေစက်ဆုံရတာ ဝမ်းသာစရာ
ဒီလိုနဲ့ သံသရာရှည်ရလေဦးတော့မယ်လို့ သံဝေဂတွေလည်း ယူမနေတော့ပါ
ဘာမဟုတ်တာနဲ့ တန်ဖိုးရှိတဲ့ အရာတွေကို လဲလှယ်နေတယ်လို့ အလိုမတူသူတွေရဲ့ အငြိုအငြင်ကိုလည်း ဘေးဖယ်ထားလိုက်ကာ …
ကိုယ့်ဘလော့ဂ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမယ် လို့ တိုင်တည်ချင်သူရယ်ပါ…

ဤမြေပြင် ဝေဟင်တလွှားမှ ဘလော့ဂါ အများတို့ ကြိုးပမ်းမှုနဲ့ စိတ်ကနေ လက်ချောင်းတွေဆီ လတ်ဆတ်စွာ စီးမျောချလိုက်တဲ့ နို့ချိုရည်ကို ဘလော့ဂ်၏ ခန္ဓာဗေဒ၊ မော်ဒန်ဘလော့ဂ်ဒီဇိုင်း၊ ဘလော့ဂ်နှင့် ပြတ်ရွှေ့ကြောများ၊ ဘလော့ဂ်စကြာဝဠာ၊ ၊ဘလော့ဂ်၏ ရွေ့လျားဖြစ်စဉ်၊ ဘလော့ဂ်ကပေးသော ဒဿန၊ … စသည် စသည် ပုံစံမျိုးစုံဖြင့် နှစ်သက်သလို သုံးဆောင်ခံစားပါ… ရှူသွင်းဖို့ အောက်စီဂျင်ကို ထုတ်လွှတ်ပေးပြီး၊ ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ဝါးမြိုချေဖျက်ပေးတဲ့ အို…အို….အို…အို့…ဘလော့ဂ်ရိပ်ဝယ် ချွေသိပ်အမောဖြေရင်း သတ္တဝါအချင်းချင်း မချစ်နိုင်တောင် မညှင်းဆဲမိဖို့ အားသစ်တွေ မွေးကြပါစို့ မိတ်ဆွေ အပေါင်းတို့
မေတ္တာဖြင့် နေထိုင်အသက်ရှင်သွားကြသည့် ဘိုးဘွားအစဉ်အဆက် ရှေးလူကြီးမိဘများကို ရိုသေလေးစားစွာဖြင့် ဘလော့ဂ်ဒေး အမှတ်တရ ဆန္ဒပြုပါသည်။

Sunday, September 1, 2013

ပိုးရာပါပစ္စည်းများ

သွားလေရာ သယ်ပိုးသွားတဲ့  ပိုးရာပါ သက်သေခံပစ္စည်းများ

ထီးတလက်… ပေါ့လည်းပေါ့တယ် ပါးလည်းပါးတယ်…။ နှင်းကာဖို့ ဆောင်းတာ ဆိုလား.. လက်ဆောင်ပေးတဲ့ အကိုကြီး ဂျပန်လေဆိပ်မှ ဝယ်လာပေးတာပါ… ဆောင်းလိုက်ရင် pinky … ကျေးဇူးပါ အကို သစ…။

မျက်မှန်အိတ်…။ အထဲမှာ bifocal နဲ့ အန်တီကြီးတယောက် တပ်တဲ့ ခပ်မိုက်မိုက် မျက်မှန်တလက်...:P

မှတ်ပုံတင်ကဒ်နဲ့ အခြား အနည်းငယ် အရေးကြီးသည်ဟု ထင်ရသော Cardအချို့ ထည့်သည့် ကိုဧရာဝယ်ပေးထားသော အိတ်ကလေး…။ အဲ့ဒီအိတ်ထဲမှာပဲ ဘုရားကျောင်းကန်သွားတိုင်း၊ ကောင်းမှုကုသိုလ် လုပ်တိုင်း ရင်ပေါ်လွှားတဲ့ ကိုယ်မြတ်နိုးသော ပုဝါပါးလေးတထည်…။ ကျေးဇူးပါ အမ တရ…။

ဘီးတချောင်း၊ ကရင်ပတ်တဗူး၊ နှုတ်ခမ်းခြောက်လို့ မဆိုးရမနေနိုင်တဲ့ lip gloss…။

မကြာခဏဆိုသလို ထုတ်သုံးရတဲ့ ကားရထားစီးတဲ့ card holder…။

နောက်ဆုံးတခုကတော့ အိတ်ထဲက အရေးပါဆုံး အိတ်ကလေးလို့ ပြောရမည့် လျှို့ဝှက်ချက်ရှိတဲ့ ထွင်းဖောက်မြင်သာသော အိတ်ကလေး…
အဲ့ဒီအိတ်ကလေးထဲမှာ… လျော့ပေါ့ပေးမည်ဟု သူတို့ကဆိုသော ဈေးဝယ်ရင် သုံးသော ကဒ်များ၊ ထိုးသိပ်ထည့်ထားတဲ့ ဈေးဝယ်ဖြတ်ပိုင်းများ…၊ အကြွေစေ့များ၊ အိမ်သော့ အစရှိသည့် သမရိုးကျ တိုလီမုတ်စအစုံ ပါဝင်ပါတယ်…။ အနည်းငယ် ဆန်းသလို ဖြစ်မည့် ပါဝင်ပစ္စည်းများကတော့ ယခု ၁၆နှစ်ရှိပြီ ဖြစ်တဲ့ သားကြီး အနှီးထုတ်လေးနဲ့ ထွေးရစဉ်အရွယ်က သုံးခဲ့တဲ့ ဆနွင်းစွန်းနေသည့် safety pin တွယ်ချိတ်ကြီးတခုနဲ့ mechanical pencil တွေ သုံးနေတဲ့ ခေတ်မှာ အင်ဂျင်နီယာ မဖြစ်သော ကွန်ပြူတာဖြင့် ပုံဆွဲသူတယောက်ရဲ့ ခဲတံချွန်စက်လေး တခုတို့ပဲ ဖြစ်ပါတော့တယ်ရှင်…

အဲ… နောက်ဆုံးရဲ့ နောက်တခုကတော့ အိမ်မှာ မကြာခဏ မေ့ကျန်နေတတ်သော… ဘတ်ထရီကုန်နေတတ်၍ ဆက်သွယ်၍မရနိုင်ပါသော… smart phone တခုပါ... (phone က ဘယ်လောက်ပဲ စမတ် စမတ်... ပိုင်ရှင်က မစမတ်လို့ အစွမ်းမပြရရှာတဲ့ သနားစရာ အမေ့ခံလေးတခု...ရလဲ့)

ရှန်… လျှို့ဝှက်ချက်… ပြောမသွားသေးဘူး… ဟုတ်ကဲ့…ဟုတ်ကဲ့
ဈေးဝယ်လို့ ပိုက်ဆံရှင်းကာနီး… ကားပေါ်တက်လို့ ကားခဖြတ်ကာနီးတို့လို အရေးပေါ် အချိန်ကျမှ ဟိုနှိုက်ဒီနှိုက် ရုပ်ပျက်ဆင်းပျက်နှိုက်ရသော ကျမတို့လို အန်တီများ အတွက် အတွင်းကို ထွင်းဖောက်မြင်သာသော အိတ်ကလေးများသည် ချွေးထွက် အနည်းငယ် သက်သာစေသည်ဆိုသည့် လျှို့ဝှက်ချက်ကြီးပါ…:D

လက်ကိုင်အိတ်လေးတွေ လက်ဆောင်ပေးဖူးသော ငယ်ငယ်တုန်းက သူငယ်ချင်း၊ တခန်းထဲ အတူနေခဲ့တဲ့ သူငယ်ချင်း၊ ဘလော့ပေါ်က သူငယ်ချင်း၊ YIT က သူငယ်ချင်း၊ Geologist သူငယ်ချင်းများကို ချစ်ခင်စွာဖြင့် သက်ဝေ    ‌ရှေ့မှောက် အစစ်ခံသည်... ဟမ်...:)

Sunday, August 25, 2013

ဖိနပ်လေး တစ်ရံ

ရုပ်ဝတ္ထုတွေ ပေါများလွန်းလာတဲ့ ခေတ်ကြီးထဲမှာ ကိုယ် ပိုင်ဆိုင်တဲ့၊ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ဖိနပ်တွေက အရံရံ…။ မှတ်မှတ်ယယ စွဲလန်းခဲ့တဲ့ ဖိနပ်တွေ ရှိခဲ့ဖူးပေမဲ့ စင်ဒရဲလား ပုံပြင်ထဲကလို တရိုတသေ သိမ်းဆည်းထားလောက်တဲ့ ဖိနပ်ရယ်လို့လည်း ရှိမနေပြန်။ စီးချင်တုန်းစီးခဲ့ပြီး… ပစ်ချိန်တန်ရင် ပစ်ခဲ့တာချည်းသာ။

ဖိနပ်လေးတရံ တဂ်ပို့စ်ကို ရေးဖို့ ကိုယ့်ရဲ့ ဖိနပ်တွေအကြောင်း နောက်ကြောင်းပြန် စဉ်းစားတဲ့အခါ ကြည်နူးစရာအဖြစ်တွေကို ပြန်သတိရမိသလို… ကြေကွဲစရာလေးတွေလည်း ပြန်သတိရမိရဲ့။ ဖိနပ်ဆိုတာကလည်း အဝတ်အစားများလို ဖက်ရှင်နဲ့ ဆက်နွယ်နေသမို့… တွေးရင်းတွေးရင်း ငါဟာ တော်တော်အလှမက်တဲ့ မလှချင်ကြီးပါလားဆိုပြီး ကိုယ့်အကြောင်းလည်း ကိုယ်ပိုသိလာခဲ့။

ကြည်နူးစရာဆိုတာကတော့ မူလတန်းအရွယ် ပညာရည်ချွန်ဆုပေးပွဲတွေမှာ ဝတ်ခဲ့တဲ့ ဖိနပ်လေးတွေကို ပြန်အမှတ်ရလို့ပါ။ ခြေချောင်းကားပြီး ဗျက်ကြီးတဲ့ ခပ်ကြမ်းကြမ်း ခြေထောက်ပိုင်ရှင်မို့ ပွဲနေပွဲထိုင် ဖိနပ်လှလှဆိုရင် ခြေထောက်အစိတ်အပိုင်း အတော်များများကို အုပ်နေတဲ့ ကွင်းထိုးကိုသာ ရွေးချယ်တတ်ခဲ့တာ ၇နှစ် ၈နှစ် အရွယ်ကတည်းက… အဲ့ဒီအချိန်တုန်းက မြန်မာပြည်မှာ လေဒီရှူး ခေတ်မစားသေးဘူး။

ကြေကွဲစရာဆိုတာကတော့ ကိုယ့်ခြေထောက်တွေ မလှကြောင်း လက်မခံချင် ခံချင်နဲ့ ဒင်းနဲ့ ဒါသာ တန်တယ်ဆိုတဲ့ အငုံ့စိတ်နဲ့ ယောကျ်ားစီး သားရေဖိနပ်တွေ စီးခဲ့တဲ့ တချိန် ဆယ်ကျော်သက်မှာ ရှိခဲ့တာရယ်… နောက် စက်မှုကျောင်းတော်မှာ.. အဖြူရောင် ပုံဆန်း ဒေါက်ပါးပါးလေး တရံ ဝတ်မိပါတယ်… “သူ့ခြေထောက်မည်းမည်းကြီးနဲ့ ဖိနပ်ကလေးမှ အားမနာ” လို့ ပြောခံထိတယ်…။ တကယ်တော့ လှတဲ့ဖိနပ် အပြစ်လည်း မဟုတ်ဘူး… မလှတဲ့ ခြေထောက်အပြစ်လည်းမဟုတ်ဘူး… ရှိုးများတဲ့ ကိုယ့်ကို တန်ရာတန်ရာလုပ်လို့ ပညာပေးချင်တာသာ ဖြစ်မယ်လို့ နားလည်ရပါတယ်။

အလယ်တန်းကျောင်းသူ ဘဝက အဖြစ်အပျက်လေးတခု…။ မိန်းကလေးကျောင်းမှာ နေတယ်…။ အတန်းထဲမှာ နာမည်တူ အတန်းဖော်တယောက်ရှိတယ်…။ တယောက်နဲ့ တယောက် အရမ်းကြီးလည်း မခင်ကြဘူးလို့ ပြောလို့ရတယ်…။ ဘယ်လိုကနေ ဘယ်လို ဖြစ်တယ်တော့ မမှတ်မိတော့ဘူး.. သူနဲ့ ကိုယ်နဲ့ မခေါ်ကြဘူး။ မခေါ်ကြဘူး ဆိုတာ သိတယ်မလား။ တယောက်နဲ့ တယောက် စကားမပြောကြဘူး…မကြည့်ကြဘူး ဒီလောက်ပါပဲ…။ နာနာကြည်းကြည်း မျက်စောင်းတခဲခဲ အခြေအနေမျိုးထိလည်း မဟုတ်ပါဘူး။ တနေ့တော့ ကျောင်းမှာ ကိုယ်စီးနေတဲ့ အဖြူပေါ်မှာ အနီအသည်းပုံလေးတွေ ကာတွန်းပုံလေးတွေ ကျိုးတို့ကျဲတဲပါတဲ့ ယိုးဒယားခြေညှပ်ဖိနပ်က အလတ်ကြီးရှိသေးရက်နဲ့ သည်းကြိုးတဖက် ပြတ်သွားခဲ့တယ်။ အတန်းထဲက သူငယ်ချင်းတွေလေ သိပ်ဆိုးတယ်… အဲ့ဒီဖိနပ်ပြတ်ကို ယူပြီး ဟို ကိုယ်နဲ့ မခေါ်တဲ့ တယောက်ကို ပြင်ခိုင်းတယ်။ အဲ့ဒီတယောက် ဘာလုပ်တယ်မှတ်လဲ။ သူ့လွယ်အိတ်ထဲက တွယ်ချိတ်ထုတ်ပြီး ကိုယ့်ဖိနပ်သည်းကြိုးကို တွယ်ပေးတယ် …။ ကြည်နူးရင်း ကြေကွဲရပါတယ်။

သူပါပဲ…။ ကိုယ်အပျိုဖော်ဝင်စ ရာသီလာချိန်… ကျောင်းမှာ ကိစ္စများတော့ အခုအခံတွေ ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ကြားပြသပေးခဲ့တယ်…။ အဲ့ဒီအချိန်တုန်းက မြန်မာပြည်မှာ တခါသုံးတွေ ခေတ်မစားသေးဘူး။
(နာမည်တူ သူငယ်ချင်း) မသီတာ… နင့်ကို ငါ သတိရနေပါတယ်…။ အ.ထ.က (၃) အလုံ က သူငယ်ချင်းများကို သတိရနေပါတယ်။

ဖိနပ်လုပ်ငန်း လုပ်တဲ့ မိသားစုက လူနဲ့ အကြောင်းပါသမို့... ကိုယ့်ခြေထောက်နဲ့ ကွက်တိ ကတ္တီပါဖိနပ် အရံရံ အတွက်လည်း ဒီပို့စ်ရေးရင်း ကျေးဇူးတင်ပါတယ်။

Saturday, August 17, 2013

လူသားတဦး မွေးဖွားခြင်း

သားကြီးရေချမ်းကို စက်တင်ဘာကျောင်းပိတ်ရက် တပတ်မှာ ရန်ကုန်ပြန်ဦးမလား ကျမကမေးပါတယ်။
လေယာဉ်လက်မှတ်ဖိုး သုံးရာကျော်နဲ့ နေရမှာက တပတ်တည်း မတန်လို့ မပြန်တော့ပါဘူး ဖြေတယ်။
နောက်ဆက်ပြီး… “ရန်ကုန်ရောက်ရောက်ချင်းလည်း သုံးလေးရက်လောက်က trust building လုပ်ဖို့ အချိန်က ယူရဦးမယ်” တဲ့… ပြောပုံက…

ကျမက ရယ်တော့ သူက ဆက်ပြောတယ်။
“ဟုတ်တယ်လေ ရောက်ကာစဆို ကိုဖြိုး(သူ့အကို ဝမ်းကွဲ)က အနားကပ်တာတောင် မဟုတ်ဘူး။ သားက ဒီမှာဆို သူက ဟိုထောင့်မှာ… နောက် သုံးလေးရက်လောက်နေမှ ပုခုံးလေး ဘာလေးဖက်… အဲ့လို ဖြစ်သွားတာ… ဒီကို ပြန်လာကာနီးဆို ပြောမနေနဲ့တော့” ဆိုပြီး… သူ့စကားကို ဖြတ်လိုက်ပါတယ်။

ဆွေမနီး မျိုးမနီး ကြီးပြင်းရတဲ့ ကျမ သားကြီး ဒီနေ့ အသက် ၁၅နှစ်ပြည့်ပါပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရမှုတွေ ခေတ်စားတဲ့ ဒေသနဲ့ ဆက်နွယ်ပြီး၊ အခြေအနေအရ ပြင်ပရောက်နေတဲ့ အသိုင်းအဝိုင်းမှာ မွေးဖွားကြီးပြင်းရတဲ့ သားအတွက် မွေးနေ့လက်ဆောင် စကားလေး ဖေဖေနဲ့ မေမေက ပေးပါတယ်။


“The times are more powerful than our brains” (Prince Pandolfo Petrucci) တဲ့။
သားရေ…ခေတ်တွေကို မေမေတို့ အသိဉာဏ်တွေက ကျော်လွှားနိုင်ဖို့ ခဲယဉ်းပါတယ်။

မြတ်စွာဘုရား အလောင်းတော်ဘ၀ အဲဒီခေတ် အဲဒီဒေသရဲ့ အတွေးအခေါ်၊ အယူအဆအလျောက် ၆နှစ်တာ ဒုက္ကရစရိယာ ကျင့်ပြီးတဲ့နောက် ဒီတရားတွေက ဥတ္တရိမနုဿဓမ္မကို ရနိုင်တဲ့လမ်း မဟုတ်လို့ စွန့်လွှတ်ပြီး၊ အခြားတရားကို ပြောင်းလဲရှာဖွေခဲ့တယ်။ ဥတ္တရိမနုဿဓမ္မဆိုတာက လူသာမန်တွေ ရနိုင်တဲ့ ငါးပါးသီလလုံခြင်း စတဲ့ ကုသိုလ်တရားတွေထက် သာတဲ့ တရားထူးကို ဆိုလိုတာ။ ဒီတော့ ဘုရားရဲ့ အဆုံးအမကို လိုက်နာကျင့်သုံးနေတဲ့ ဗုဒ္ဓဘာသာဝင်တွေက လူသာမာန်တွေ ရနိုင်လောက်တဲ့ ကုသိုလ်တရားထက် သာတဲ့တရားထူးတွေကို ရဖို့ ရည်မှန်းသင့်တယ်။ အကယ်၍ တရားထူးမရရင်တောင် လူသာမာန်တွေ ကျင့်သုံးရမယ့် “မနုဿဓမ္မ” လောက်တော့ ကြိုးစားလိုက်နာပြီး လူပီသစေချင်ပါတယ်။

Monday, July 22, 2013

ဝါဆိုလပြည့် - ဥပုသ်နေ့

ဤနေ့သည် သာသနာတော်နှစ် ၂၅၅၇  ခုနှစ်၊ မြန်မာ သက္ကရာဇ် ၁၃၇၅ခုနှစ် ဝါဆိုလပြည့်နေ့ဖြစ်ပါသည်။
ဥပုသ်သီလဆောက်တည်ရန် စိတ်ပိုင်းဖြတ်ထားသဖြင့် မနေ့ညက အိပ်ရသည်ပင် ဖြောင့်ဖြောင့် အိပ်မပျော်၊ နိုးကြားစိတ်ဖြင့် အိပ်တဝက် နိုးတဝက် ဖြစ်နေခဲ့သည်။ 
အလုပ်သွားရမည် ဖြစ်၍ ၁၂နာရီ မထိုးမီ နေ့လည်စာ စားနိုင်ရန် ထမင်းဗူးအတွက်လည်း မနေ့ကတည်းကပင် ကြိုတင် ချက်ထားပြီး ဖြစ်သည်။ ရေချိုးပြီး မည်သည့် နံသာမှ ကိုယ်တွင် မလိမ်းမိရန် သတိရသည်။ ရေချိုးဆပ်ပြာသုံးစဉ်ကလည်း ချေးညှော် ကင်းစင်ရန်အတွက်ပင် ရည်ရွယ်ခဲ့သည်။ ဘလောက်အင်္ကျီ အဖြူတထည်နှင့် ကိုယ်တွင် ကပ်မနေသည့် ဘောင်းဘီဝါညိုညိုကို ရွေးချယ် ဝတ်ဆင်လိုက်သည်။ မှန်တွင် ကြည့်မိသော် မျက်နှာ ဖြူလျော်လျော်နှင့်  အပြင်သွားရမည်ကို အနည်းငယ်တွန့်ဆုပ်မိသလိုရှိ၍ ဘုရားရှိခိုး သီလမယူခင် ကရင်ပတ်ဗူးမှ တို့ပတ်ဖြင့် မျက်နှာကို ဟိုဘက်ဒီဘက် သုံးလေးချက်ဆွဲလိုက်သည်။ 
သြကာသ ကန်တော့ချိုးဖြင့် ဘုရားရှိခိုးပြီး ရှစ်ပါးသီလ ခံယူလိုက်သည်။ သီလဆောက်တည်နေစဉ်အတွင်း သတ္တဝါတွေအပေါ် မေတ္တာဖြင့် နေပါမည်ဆိုသော စိတ်ကို မွေးမြူရန် သတိရရင်း ရုံးသို့ ထွက်လာခဲ့သည်။
ပုံမှန်အားဖြင့် ရုံးတက်ချိန် ငါးမိနစ် ဆယ်မိနစ် နောက်ကျရောက်တတ်သော်လည်း၊ ဤယနေ့တွင်တော့ဖြင့် ရုံးချိန်အမှီရောက်ရန် ဝီရိယ ထားခဲ့သည်။ သီလဖြင့် ကိုယ်သည် အချိန်ကိုလည်း မခိုးအပ်ရာ။
မျက်နှာချင်းဆိုင် ထိုင်သော ညီမ (အသက်အားဖြင့် ငယ်၍ ရာထူးအားဖြင့် ကြီးသူ) ရောက်လာသည်။ သီလ ယူထားသဖြင့် ဘာမှ လိမ်းချယ်မထားသော မျက်နှာကို မြင်၍ “အမ ကတော့ မနေနိုင်လို့ မျက်နှာကို ဘုတ် ..ဘုတ်.. ဘုတ် ..ဘုတ်.. ပုတ်လာတယ်” ဟု ရယ်ပြော ပြောရင်း… မှန်သော စကားကို ဆိုပေသော ငါ ဟု ကိုယ်ကိုကိုယ် တွေးထင်လိုက်သေးသည်။ 
သီလ ဆောက်တည်ခြင်းသည် ကိုယ်နှင့် နှုတ်ကို စင်ကြယ်စေခြင်း ဖြစ်သည်။
နံ့သာလိမ်းခြင်း မှ ရှောင်ကြဉ်ပါ၏ ဟု ကတိကဝတ်မပြုမီ၊ နံ့သာ ကို တင်ကြို လိမ်းထားလိုက်ခြင်းဖြင့် လက်တလုံးခြား လုပ်သည်။ အမှန်မှာ ဤသီလဝတ်ကို ဖြည့်ကျင့်မည်ဆိုပါက လိမ်းနှင့်ထားပြီးသော နံ့သာ ရှိလျှင်ပင် ပယ်ဖျက်ပစ်သင့်သည်။ သန့်စင်ခန်းမှ ရေဘုံဘိုင်တွင် လက်ဝါးခံ၍ မျက်နှာချေတို့ကို ပယ်ဖျက် ပစ်လိုက်ပါလေပြီ။
မိမိသည် ရိုရိုသေသေ စောင့်ထိန်းပါမည်ဟု ရည်ရွယ်ထားသော သီလကို လက်တလုံးခြား လုပ်မိလေသည်။ ဤနည်းနှယ်ပင် မေတ္တာကို၎င်း၊ သစ္စာကို၎င်း၊ ကိုယ်ကျင့်တရားကို၎င်း၊ ဥပဒေကို၎င်း လက်တလုံးခြား လုပ်မိခဲ့သော အခါပေါင်း မရေတွက်နိုင်ပြီ။ လက်တလုံးခြား ဆိုသည်မှာ မိမိက အမည်တပ်သော လက်တလုံးခြားဖြစ်သည်။ တရားသဘော အရမူ လက်တလုံးသာ ခြားသည်မဟုတ်၊ အဖြူသည် အဖြူ ဖြစ်၍ အမည်းသည် အမည်းဖြစ်လေသည်။

Saturday, July 13, 2013

သာသနာကွယ်ခြင်း - သာသနာတည်ခြင်း

“ဗုဒ္ဓသာသနာ” နှင့် “အကြမ်းဖက်မှု” ဟူသော ဝေါဟာရ နှစ်ခုအား  မလိုက်ဖက်၊ မအပ်စပ်သော ဝေါဟာရ နှစ်ခုဟု ယူဆထားခဲ့သည်။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာ မဟာဗောဓိ စေတီတော်ဝင်း အတွင်း အကြမ်းဖက် ဗုံးဖောက်တိုက်ခိုက်ခံရသည့် သတင်းကို ကြားတော့ အလွန် တုန်လှုပ်သွား၏။ မကြာသေးမီကလည်း ဗုဒ္ဓဘာသာနှင့် အကြမ်းဖက်ဟူသော စကားလုံးနှစ်လုံးကို တွဲစပ်၍ TIME မဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါး အဖြစ် ဖော်ပြခံရတော့ အတော်လေး စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံတွင်းတွင် ဖြစ်ပျက်ခဲ့သော လူမျိုးရေး ဘာသာရေး ပဋိပက္ခများကလည်း အစဉ်အဆက် ထိမ်းသိမ်းလာခဲ့သော ထေရဝါဒ ဗုဒ္ဓသာသနာ၏ ပုံရိပ်ကို အကျည်းတန်စေခဲ့သည်။ ရောင်နီသန်းစ မြန်မာပြည်၏ အနာဂတ်ကိုလည်း ခြိမ်းခြောက်စ ပြုနေလေပြီ။ နိုင်ငံရေး ပယောဂများ၊ လူမျိုးရေး ပယောဂများ၊ ပြည်တွင်း ပြည်ပ သွေးထိုးလှုံ့ဆော်မှုများ၊ အစွန်းရောက်ဝါဒီများက “ဗုဒ္ဓသာသနာ” နှင့် “အကြမ်းဖက်မှု” ဟူသော ဝေါဟာရ နှစ်ရပ်ကို အတင်းဆွဲ၍ ကပ်ခဲ့ကြလေပြီ။

လက်ရှိ အခြေအနေများ ဖြစ်ရပ်များကြောင့် အနာဂတ် ဗုဒ္ဓသာသနာအတွက် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ကောင်းဖြစ်ကြပါမည်။ စိုးရိမ် ကြောင့်ကြထိုက်သော အခြေအနေတွင် ရှိသည်ဟုလည်း ဆိုချင်ပါသည်။ သို့သော် ထိုစိုးရိမ်စိတ်များကြောင့် “ငါ့လူမျိုး၊ ငါ့ဘာသာ” ဟူသော မာန်မာနများ၊ အာဃာတများ၊ သံသယများဖြင့် တုန့်ပြန်မိပါက၊ ဗုဒ္ဓ၏ အဆုံးအမများနှင့် သွေဖီကာ ပို၍ပင် စိုးရိမ်ရဖွယ် အခြေအနေကို ရင်ဆိုင်ရနိုင်ပါသည်။ ရန်ကို ရန်ချင်း မတုန့်နှင်းပဲ၊ ဗုဒ္ဓ၏ အဆုံးအမတရားကို လိုက်နာကာ ခန္တီတရား၊ မေတ္တာတရား၊ ကရုဏာတရား၊ အဝိဟိံသတရားတို့ ဖြင့် သတိကြီးစွာ ဖြေရှင်းသွားကြရပါမည်။

ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းတော်မူခဲ့ရာ မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံ၌ပင် ဗုဒ္ဓသာသနာ ကွယ်ပျောက်ခဲ့ရသည့် အကြောင်းရင်းမှာ ရှံကရ စသော ဗြဟ္မဏတို့၏ ထိုးနှက်ခြင်း၊ အဝလောကိတေသွရ စသော ဘုရားအလောင်း ကိုးကွယ်မှုဝါဒ ဝင်ရောက်လာပြီး ဗြဟ္မဏဝါဒတို့နှင့် ရောထွေးသွားခြင်း၊ အိန္ဒိယသို့ ကျူးကျော် ဝင်ရောက်လာသော မွတ်စလင်တပ်များက ဗုဒ္ဓသာသနိက အဆောက်အအုံများကို ဖျက်ဆီးကာ ဗုဒ္ဓဘာသာဝင်တို့ နလံမထူနိုင်လောက်အောင် တိုက်ခိုက်ဖိနှိပ်ခဲ့ခြင်းတို့ ဖြစ်ကြောင်း သမိုင်းဆရာတို့က မှတ်တမ်းတင်ခဲ့ကြသည်။ ငြင်းပယ်၍ မရသော သမိုင်း သက်သေ အထောက်အထားများလည်း ရှိပါသည်။ သို့သော် ထူးခြားသည်ကား ဗုဒ္ဓနှင့် ခေတ်ပြိုင်ပေါ်ထွန်းခဲ့သော ဂျိန်းဘာသာသည် အိန္ဒိယတွင် ယနေ့ထက်တိုင် ဆက်လက် တည်ရှိနေခြင်းပင် ဖြစ်သည်။ သာသနာကွယ်ခြင်း၏ အကြောင်းတရားများသည် ပြင်ပ အင်အားစုများ၏ တိုက်ခိုက် ထိုးနှက်ချက် သက်သက်တော့ မဟုတ်။

စေတီပုထိုး ဘုရားကျောင်းကန်များ စည်ကားပြန့်ပွားခြင်းမျှအား သာသနာတည်ခြင်းဟု ဆိုသည် မဟုတ်။ ယင်းတို့သည် သာသနာတည်ခြင်း၏ ပြယုဂ် လက္ခဏာများသာ ဖြစ်သည်။ လူတစ်ဦးချင်းစီ၏ နှလုံးသားတွင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအား လက်ခံယုံကြည်ခြင်းကို သာသနာတည်ခြင်းဟု ဆိုရသည်။ ဗုဒ္ဓ၏ အဆုံးအမဖြစ်သော သီလ၊ သမာဓိ၊ ပညာတို့ လိုက်နာကျင့်ကြံခြင်းကို သာသနာတည်ခြင်းဟု ဆိုရသည်။ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမဖြစ်သော မဂ္ဂင် ၈-ပါး (အကျယ်အားဖြင့် ဗောဓိပက္ခိယတရား ၃၇-ပါး) အား သင်ယူ လေ့ကျက်ပွားများနေသ၍ သာသနာတည်တံ့နေကြောင်း မဟာပရိနိဗ္ဗာနသုတ်တွင် ဟောကြားထားပါသည်။ ပြင်ပအင်အားစုများက သာသနာကို ကွယ်အောင် လုပ်နိုင်သည် မဟုတ်။ သာသနာကို ချိနဲ့သွားအောင် အနှောင့်အယှက် ပြုကောင်း ပြုနိုင်ပါလိမ့်မည်။ သာသနာကို ကွယ်အောင် လုပ်နိုင်သူတို့မှာ ဗုဒ္ဓဘာသာဝင်များထဲမှ မောဃပုရိသ ခေါ် အသုံးမကျသော အချည်းအနှီး ပုဂ္ဂိုလ်များပင် ဖြစ်လေသည်။ ထိုသူတို့ကို အကြောင်းပြု၍ လူတို့သည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး အပေါ်တွင် အရိုအသေ တန်လာကြလိမ့်မည်။ ကိုယ်ကျင့် သီလနှင့် စိတ်တည်ကြည်မှု သမာဓိတို့ကို ကျင့်ကြံအားထုတ်ရန် အလေးဂရု ပြုကြလိမ့်မည် မဟုတ်တော့။ ဤသည်ပင်လျှင် သာသနာကွယ်ခြင်း၏ အကြောင်းတရား ဖြစ်ကြောင်း သဒ္ဓမ္မပ္ပဋိရူပကသုတ်တွင် ဟောကြားထားသည်။

ထို့အတူပင် လူသားတို့၏ နှလုံးအိမ်ဝယ် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး အပေါ်တွင် ယုံကြည်သက်ဝင်မှု ခိုင်မာလာစေရန်၊ သီလ သမာဓိ ပညာ သိက္ခာသုံးပါးအား လေးစား လိုက်နာ ကျင့်သုံးလာစေရန် ကျိုးစားအားထုတ်ခြင်းကိုပင် သာသနာပြုခြင်းဟု ခေါ်ရသည်။ အကြမ်းဖက် ခြိမ်းခြောက် အကြပ်ကိုင်၍ သာသနာ ပြုရသည်မဟုတ်။ တန်ခိုးပြဋိဟာ၊ ပဉ္စလက်နည်းတို့ကိုသုံးကာ အထင်ကြီးအောင်လုပ်၍ သာသနာပြုရသည် မဟုတ်။ ငွေကြေးဓနတို့ဖြင့် ဖျားယောင်း၍ သာသနာပြုရသည်လည်း မဟုတ်။ အစ အလယ် အဆုံး သုံးပါးလုံး ကောင်းမွန်သော ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ ဒေသနာတို့ကို ဟောကြားပြသ၍ သာသနာပြုရသည်။ တစ်ပါးသူတို့ စံနမူနာ ယူရလောက်အောင် မိမိတို့၏ ကိုယ်ကျင့်သီလကို စင်ကြယ်မြင့်မြတ်စေခြင်းဖြင့် သာသနာပြုရသည်။ မိမိတို့၏ အဆင်ခြင်မဲ့ အပြုအမူ၊ အပြောအဆိုများကြောင့် ဘုရား တရား သံဃာအပေါ် ကြည်ညိုမှု၊ ရိုသေမှု၊ ယုံကြည်မှု ယုတ်လျော့သွားစေပါက၊ အနာဂတ် မျိုးဆက်တို့ မိရိုးဖလာ ဗုဒ္ဓဘာသာမှသည် အမည်ခံ ဗုဒ္ဓဘာသာများ (သို့မဟုတ် ဘာသာမဲ့များ၊ ဘာသာခြားများ) ဖြစ်စေရန် တွန်းပို့ပေးနေသလို ဖြစ်သွားနိုင်ပါသည်။

ရေးခဲ့ဖူးသည့် ဆက်စပ်ပို့စ်အချို့


ဝေမျှလိုသော ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ သူတော်ကောင်းတရား တည်တံ့ပြန့်ပွားရေး တရားတော်


Thursday, June 13, 2013

သူတော်ကောင်း ဆိုတာ (မဟာဂန္ဓာရုံဆရာတော်)


(အသံဖိုင်ကို  Dhamma Download မှ ကူးယူထားပါသည်) 

ယော ေ၀ ကတညူ ကတဝေဒိ ဓီရော၊
ကလျာဏမိတ္တော ဒဠှဘတ္တိ စ ဟောတိ။
ဒုခိတဿ သက္ကစ္စ ကရောတိ ကိစ္စံ၊
တထာဝိဓံ သပ္ပုရိသံ ဝဒန္တိ။ (သရဘင်္ဂဇာတ်)

ယော ဓီရော - နဂိုမူလ ဓာတ်ခံရသဖြင့် ဘဝနောက်နှောင်း ကောင်းထက်ကောင်းဖို့ လမ်းကြောင်းတီထွင် အကြင်ပညာ့ရှင်သည်၊
ေ၀ - စင်စစ် ဧကန် အမှန်စိတ်ထား ရိုးဖြောင့်သောအားဖြင့်၊
ကတညူ - သူတစ်ပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးရှိသ၍ သိလေ့ရှိသည် လည်းကောင်း၊
ကတဝေဒိ - သူများပြုအပ် ကျေးဇူးရပ်ကို တတ်သ၍ မှတ်သ၍ ဆပ်လေ့ရှိသည် လည်းကောင်း၊
ကလျာဏမိတ္တော - မိကောင်း ဖကောင်း ဆရာကောင်းနှင့် ဖော်ပေါင်းအထိ မိတ်ကောင်းရှိသည် လည်းကောင်း၊
ဒဠှဘတ္တိ - ထိုမိတ်ကောင်းလည်း အသည်းစွဲမျှ အမြဲမပြတ် ဆည်းကပ်လေ့ရှိသည် လည်းကောင်း၊
ဟုတွာ - ဖြစ်၍
ဒုခိတဿ - မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက်မဲ့မူ ဆင်းရဲသူ၏၊
ကိစ္စံ - စားသောက်နေရေး ဆေးဝါးပေး၍ လုပ်ကျွေးသမှု ကိစ္စစုကို၊
သက္ကစ္စံ ကရောတိ - ကိုယ်ချင်းစာနာ သနားညှာလျှက် များစွာပုံသေ ပြုစုတတ်ပေ၏။
တထာဝိဓံ - သို့ကလို ဂုဏ်အင် စုံလင်ပေသည့် ပညာရှိအပေါင်း သူတော်ကောင်းကို၊
သပ္ပုရိသံ - ဘဝနောက်နှောင်း ကောင်းထက်ကောင်းဖို့ လမ်းကြောင်းတီထွင် သူတော်စင်ဟူ၍၊
ဝဒန္တိ - ဘုရားစသား ပုဂ္ဂိုလ်များက လေးစားကြည်ဖြူ ချီးမွန်းတော်မူကြလေကုန်သတည်း။

Sunday, June 2, 2013

ဘိန်း၊ အဆိပ်နှင့် ဆေး

ဘာသာရေးဟူသည် အဖိနှိပ်ခံတို့၏ ပင့်သက်၊ အကြင်နာမဲ့ လောကကြီး၏ နှလုံးသား၊ လူသားဆန်မှု ကင်းဆိတ်နေသည့် အခြေနေများ၏ ဝိညာဉ်…။ ဘာသာရေးသည် လူထုအတွက် ဘိန်း တမျိုးပင်။ (Karl Marx)

မြန်မာပြည် အထက်ပိုင်းရှိ ရွာလေးတရွာတွင် ရေထမ်းသမား ဘိန်းစားတဦးကို တွေ့ဖူးသည်။ တနေကုန် ရေထမ်းထား၍ ကိုယ်လက်နာကျင် ပင်ပန်းလာလျှင် ဘိန်းစားသည်။ ဘိန်း မစားရပြန်လျှင်လည်း ရေထမ်းရန် ခွန်အား မရှိဟု ဆိုသည်။ ဒီလိုနှင့် လုံးချာလည်ရင်း ဘိန်းစား ဖြစ်နေသည်။ သူ ရေထမ်းစရာ မလိုတော့လျှင် ဘိန်းစားဘဝမှ လွတ်ပြီဟုကား မဆိုနိုင်။ သို့သော် ပို၍ ပြင်းသော မူးယစ်ဆေးများ စွဲ မသွားခြင်းကိုပင် ဘေးလူများက ဖြေစရာ တခုအဖြစ် မြင်ပေးကြရသည်။

ဘာသာတရားအား ဘိန်းနှင့် တင်စားသော မာ့က်စ်၏ စကားကို ဖတ်ရင်း ရေထမ်းသမား ဘိန်စားကို ပြန်သတိရသည်။ “လူတို့၏ ဘဝအခြေအနေမှန်အား ဖုံးကွယ်ထားသည့် အတုအယောင် ဖြေသိမ့်မှုတို့ကို စွန့်လွှတ်ရန် တောင်းဆို တရားချခြင်းသည် ထိုအတုအယောင် ဖြေသိမ့်မှုတို့ လိုအပ်နေကြရသည့် သူတို့၏ ဘဝအခြေအနေများကို စွန့်လွှတ်ရန် တောင်းဆိုလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဘာသာတရားကို ဆန်းစစ်ဝေဖန်ခြင်းသည် စင်စစ်အားဖြင့် ထိုဘာသာတရားဟူသော ရောင်ဝါအောက်မှ လူသားတို့၏ ဘဝအမော ဒုက္ခတောအား ဆန်းစစ်ဝေဖန်ခြင်းပင် ဖြစ်တော့သည်” ဟု မာက့်စ်က ဆက်ပြောသည်။ ဘာသာရေးဟူသည် အဖိနှိပ်ခံ လူတန်းစားတို့ကို ခေါင်းပုံဖြတ်ရာတွင် အသုံးချသည့် ဘူဇွာတို့၏ လက်နက်ကိရိယာဖြစ်သည်ဟု သတ်မှတ်ကာ၊ မာ့က်စ်ဝါဒီတို့က ဘာသာရေးကို ဖိနှိပ်ချေမှုန်းလေသည်။ သူတို့က ဘိန်းဖြတ်ရန် ဆေးခါးကြီးတိုက်ခြင်းဟု ယူဆကောင်း ယူဆပေလိမ့်မည်။ သူတို့၏ ဆေးက “ဆေးထက် ဘေး” ပိုဖြစ်စေသည်ဟု ဝေဖန်သူကလည်း ဝေဖန်နိုင်သည်။

စင်စစ် လောကတွင် ဘိန်းထက်ဆိုးသည့် ဘာသာတရားများ၊ အတွေးအခေါ် အယူဝါဒများလည်း ရှိနေသေး၏။ မေတ္တာတရား၊ ကရုဏာတရားတို့ ကင်းမဲ့၍ မှန်ကန်သည့် ကိုယ်ကျင့် သီလကိုမျှ လမ်းညွှန်မှု မပေးနိုင်သည့် ဘာသာ၊ အယူဝါဒများသည် သုံးစွဲသူတို့ကို အကျိုးယုတ်စေရုံသာမက၊ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကိုလည်း အကျည်းတန်စေသည့် အဆိပ်နှင့် တူ၏။ ထိုဘာသာ၊ အယူဝါဒများနှင့် နှိုင်းစာလျှင် ဘိန်းနှင့် တူသော ဘာသာတရားများက တော်ပေဦးမည်။ ဘိန်းနှင့် တူသော ဘာသာတရားများက ဘဝအမောကို တခဏတာဖြစ်စေ ဖြေဖျောက်ပေးနိုင်ပါသည်။ အနာဂတ်ကို ရင်ဆိုင်ရန်အတွက် အတော်အသင့်သော ခွန်အားကိုလည်း ပေးပါလိမ့်မည်။ သို့သော် ထိုဖြေသိမ့်မှုတို့သည် အတုအယောင်သာဖြစ်နေသဖြင့်၊ သက်သာရာ အစစ်ကိုကား ရနိုင်ကြမည် မဟုတ်။ ရောဂါ၏ အရင်းအမြစ်ကို ကုစားခြင်း မဟုတ်ဘဲ၊ ရောဂါ နှိပ်စက်မှု၏ ဒဏ်ကို သက်သာ၊ မိန်းမော၊ မေ့ပျောက်စေရုံမျှသာ စွမ်းနိုင်၏။ အဆိပ်နှင့်တူသော ဘာသာတရား၊ ဘိန်းနှင့်တူသော ဘာသာတရားတို့အပြင်၊ ရောဂါ၏ အကြောင်းရင်း ဇစ်မြစ်ကို ကုစား ပယ်သတ်ပေးနိုင်သည့် ဆေးနှင့်တူသော ဘာသာတရားလည်း ရှိပါသေး၏။ သို့သော် ဆေးကောင်း တလက်ကိုပင် အဆိပ် အဖြစ် အသုံးချနိုင်သလို၊ မူးယစ်ဆေး အဖြစ် အသုံးပြုကောင်း ပြုနိုင်ပါသေးသည်။ ထိုကြောင့် (ဆေးနှင့်တူသော ဘာသာတရားပင် ဖြစ်စေကာမူ) မိမိတို့၏ လက်ခံကျင့်သုံးမှု မှန် မမှန်ကိုလည်း သတိတရားဖြင့် စစ်ကြော ဝေဖန်နေရပါမည်။

စာညွှန်း။
၁။ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ပရိဗ္ဗာဇကဝဂ်၊ သန္ဒကသုတ်
၂။ မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ သြပမ္မဝဂ်၊ အလဂဒ္ဒူပမသုတ်
၃။ http://en.wikipedia.org/wiki/Opium_of_the_people

Friday, May 17, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၉) လုမ္ဗိနီ

လုမ္ဗိနီမြန်မာရွှေကျောင်း
 ကပိလဝတ်မြို့ဟောင်းကို ကြည့်ရှု လေ့လာပြီးတဲ့နောက် လုမ္ဗိနီဥယျာဉ် အတွင်းမှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းကို ညအိပ် တည်းခိုဖို့ ထွက်ခွာခဲ့ကြပါတယ်။ မြန်မာနိုင်ငံ သာသနာရေးဦးစီဌာနက ကြီးမှူးပြီး မြန်မာ့ရိုးရာဆန်ဆန် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ မန္တလေးမြို့က ရွှေကျောင်းနဲ့ ပုံစံတူ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် လုမ္ဗိနီ မြန်မာရွှေကျောင်းလို့ အသိများပါတယ်။ ရွှေတိဂုံဘုရားနဲ့ ပုံစံတူတည်ထားတဲ့ လောကမဏိစူဠာစေတီ၊ သိမ်ကျောင်း၊ ဓမ္မာရုံနဲ့ တည်းခိုဆောင်တွေ ပါဝင်ပါတယ်။ သာသနာရေးဦးစီးဌာနကပဲ ရဟန်းတော် ၂-ပါးနဲ့ ကပ္ပိယ ၁-ယောက်တို့ကို ၂-နှစ် တစ်ကြိမ် အလှည့်ကျ ပို့ပြီး ကျောင်းထိုင်စေတာလို့ သိရပါတယ်။ နောက်တစ်နေ့ မနက်စောစော နှင်းမကွဲသေးခင် အချိန်လောက်မှာ ဘုရားအလောင်းတော် ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်ကို သွားရောက် ဖူးမြော်ကြပါတယ်။

ရှုမောဖွယ်ရာ ပန်းမာလာတို့ဖြင့်
အလှဆင်ထားသော လုမ္ဗိနီသည်
လုလင်ပျိုတို့ စိတ်လှုပ်ရှားလောက်အောင်
အဆင်တန်ဆာ ပန်းမာလာတို့ဖြင့် အလှဆင်ထားသည့်
မိန်းမပျိုတစ်ဦးက ဖမ်းစားငြို့ယူသည့်နှယ်
တင့်တယ်လှပါပေ၏။ (ဗုဒ္ဓဝင်အဋ္ဌကထာ၊ ဂေါတမဗုဒ္ဓဝံသဝဏ္ဏနာ)

အင်ကြင်းပန်းတွေ ပင်လုံးကျွတ်ပွင့်နေတဲ့ လုမ္ဗိနီဥယျာဉ်ရဲ့ အလှကို ကဗျာဆန်ဆန် ရေးဖွဲ့လေ့ရှိတတ်တဲ့ အဋ္ဌကထာဆရာ အရှင်ဗုဒ္ဓဒတ္တက ဗုဒ္ဓဝင်အဋ္ဌကထာမှာ အထက်ပါအတိုင်း ရေးစပ်ခဲ့ဖူးပါတယ်။ မယ်တော်မာယာက ကပိလဝတ်ကနေ ဇာတိအရပ်ဖြစ်တဲ့ ဒေဝဒဟကို အသွားလမ်းခရီးမှာ ကြည်နှုးဖွယ်ကောင်းလှတဲ့ လုမ္ဗိနီအင်ကြင်းဥယျာဉ်ကိုဝင်ရင်း အလောင်းတော်ကို ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။ အင်ကြင်းကို ပါဠိဘာသာနဲ့ “သာလ” လို့ ခေါ်ပြီး အင်္ဂလိပ်လို Sal tree လို့ပဲ အသံဖလှယ်ပြီးခေါ်ပါတယ်။ ရုက္ခဗေဒ အမည်ကတော့ Shorea robusta ပါ။

အင်ကြင်းပင်လို့ အမှတ်မှားတတ်ကြတဲ့ Cannon Ball Tree

Cannon Ball Tree flower
အင်တာနက်ပေါ်မှာ Sal tree, Shorea robusta ဆိုပြီး ရှာကြည့်ရင် ပင်စည်နားမှာကပ်ပြီး လိမ္မော်နဲ့ အနီရောင် အပွင့်ကြီးတွေ ပွင့်လေ့ရှိတဲ့ Cannon ball tree (ရုက္ခဗေဒအမည် Couroupita guianensis) တွေပဲ ထွက်လာတာ များပါတယ်။ အမြောက်ဆံလို အညိုရောင် အသီးလုံးကြီးတွေ ပင်စည်မှာ ကပ်ပြီး သီးလေ့ရှိတဲ့အတွက် Cannon ball tree လို့ခေါ်တာပါ။ သီရိလင်္ကာနဲ့ ထိုင်းဘုန်းကြီး ကျောင်းဝင်တွေမှာလည်း ဒီလို အပင်မျိုးတွေကို တွေ့ရတတ်တဲ့ အတွက် “အင်ကြင်းပင်ဆိုတာ ဒါမျိုးပဲ” လို့ အရင်က အမှတ် မှားခဲ့ဖူးပါတယ်။ တကယ်တော့ Cannon ball tree က ဟိမဝန္တာ တောင်ခြေတဝိုက်နဲ့ မြန်မာပြည်မှာ ပေါက်တဲ့ အပင်မျိုး မဟုတ်ပါဘူး။ အမေဇုန် သစ်တောတွေမှာ ပေါက်လေ့ရှိတဲ့ အပင်မျိုးဖြစ်ပြီး၊ ပေါ်တူဂီတွေက သီရိလင်္ကာနိုင်ငံကို ၁၈၈၁-ခုနှစ်လောက်ကမှ သယ်ဆောင်လာခဲ့တာလို့ သိရပါတယ်။ အပွင့်က သီဝလိင်ကို မြွေနဂါးကနေ ပါးပြင်းမိုးပြီး စောင့်နေတဲ့ပုံစံရှိတယ်လို့ ဟိန္ဒူတွေက ယူဆကြပြီး ဟိန္ဒူဘုရားကျောင်းတွေမှာ တလေးတစား စိုက်ပျိုး ပူဇော်ထားလေ့ရှိပါတယ်။ တမီလ်၊ ဟန္ဒီ စတဲ့ဘာသာစကားတွေမှာ နာဂလိင်္ဂံ၊ သီဝလိင်္ဂံ စသဖြင့် ခေါ်လေ့ရှိကြပါတယ်။

အင်ကြင်းပန်း

ဟိမဝန္တာ တောင်ခြေနဲ့ မြန်မာပြည်မှာ ပေါက်တဲ့ အင်ကြင်းပင်ကတော့ အင်ပင်၊ သစ်ရာပင်တို့လို သစ်မာအမျိုးအစားမှာ ပါဝင်ပြီး အမြင့်ပေ ၆၀၊ လုံးပတ် ၅-ပေ ၆-ပေလောက် အထိ ရှိတတ်ပါတယ်။ ပန်းပွင့်ချိန်ရောက်ရင် ငှက်အတောင်လို အဝါရောင် အပွင့်တွေနဲ့ တစ်တောလုံး သင်းကြိုင်နေအောင် ပွင့်လေ့ရှိတယ်လို့ မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။ မဟာဂေါသိင်္ဂသုတ်မှာ ပင်လုံးကျွတ်ပွင့်နေတဲ့ အင်ကြင်းပန်းတွေရဲ့ ရနံ့ကို နတ်ပန်းရနံ့နဲ့ တင်စားထားပါတယ်။ ဖြောင့်စင်းတဲ့ ပင်စည်၊ စိမ်းညိုရောင် အရွက်ရှိပြီး၊ အကိုင်းအခက်တွေက အထက်မိုးတိမ်မှာ အချင်းချင်း ရောယှက်နေကြတယ်လို့ အင်ကြင်းပင်ရဲ့ပုံစံကို သောဏကဇာတ် (ဇာတကအမှတ် ၅၂၉) ဂါထာမှာ ရေးဖွဲ့ထားပါတယ်။ အင်ကြင်ပင်ကြီးတွေကို တောစိုးသစ်ပင် (ဝနပ္ပတိ) လို့လည်း ပါဠိစာတွေမှာ ခေါ်လေ့ရှိပါတယ်။
ခေတ်သစ် လုမ္ဗိနီဥယျာဉ်

ယခုခေတ် လုမ္ဗိနီဥယျာဉ်မှာတော့ တောစိုးသစ်ပင်လို့ ခေါ်ရလောက်တဲ့ အင်ကြင်းပင်ကြီးတွေ မရှိတော့ပါဘူး။ နောက်မှ အသစ်ပြန်စိုက်ထားတဲ့ အင်ကြင်းပင်ပျိုတွေပဲ ရှိပါတယ်။ ယခုခေတ် လုမ္ဗိနီဒေသ ဖွံ့ဖြိုးရေးအဖွဲ့(Lumbini Development Trust) က ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဥယျာဉ်က တောင်မြောက် အလျား ၃-မိုင်၊ အရှေ့အနောက် ၁-မိုင် ကျယ်ပါတယ်။ တောင်ဖက်ဆုံးမှာ ဗုဒ္ဓမြတ်စွာ အလောင်းလျာ ဖွားမြင်တော်မူရာ မြေမြတ်မဟာ နယ်မြေ၊ အလယ်ပိုင်းမှာ နိုင်ငံတကာ ဘုန်းတော်ကြီးကျောင်းများ တည်ရှိရာ နယ်မြေ၊ မြောက်ဖက်ဆုံးမှာတော့ တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေရှိတဲ့ လုမ္ဗိနီ ရွာသစ်ဆိုပြီး နယ်မြေ သုံးခုခွဲထားပါတယ်။ နိုင်ငံတကာ ဘုန်းတော်ကြီးကျောင်းများ နယ်မြေမှာ တောင်မြောက် တူးမြောင်းဖောက်လုပ်ထားပြီး၊ အရှေ့ဖက်ခြမ်းမှာ ထေရဝါဒ နိုင်ငံတွေက ဘုန်းတော်ကြီးကျောင်းတွေ တွေရှိပါတယ်။ အနောက်ဖက်ခြမ်းမှာတော့ မဟာယာနနဲ့ တိဘက် ဘုန်းတော်ကြီးကျောင်းတွေ ရှိပါတယ်။ ချွင်းချက်အနေနဲ့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းရိပ်သာကတော့ အနောက်ဖက်ခြမ်းမှာ ရှိပါတယ်။ တူးမြောင်းရဲ့ တောင်ဖက်ထိပ်မှာ ငြိမ်းချမ်းရေးခေါင်းလောင်းနဲ့ ငြိမ်းချမ်းရေး မီးရှုးတိုင်တို့ ရှိပါတယ်။
ငြိမ်းချမ်းရေး မီးရှုးတိုင်

မာယာဒေဝီ ကျောင်းဆောင်နှင့် အသောကကျောက်တိုင်
 အလောင်းတော် ဖွားမြင်ရာ မြေမြတ်မဟာ နယ်မြေမှာ ဖူးမြော်လေ့လာစရာတွေအနေနဲ့ မာယာဒေဝီကျောင်းဆောင်၊ အသောကကျောက်တိုင်၊ ပေါက္ခရဏီရေကန်နှင့် အခြားစေတီပုထိုးပျက်များ ရှိပါတယ်။ ယခုရှိနေတဲ့ မာယာဒေဝီ ကျောင်းဆောင် အဆောက်အအုံက ၂၀၀၃-ခုနှစ်ကမှ ရှေးအဆောက်အအုံကို ငုံပြီး ဆောက်လုပ်ထားတာပါ။ ရှေးဟောင်းအဆောက်အအုံမှာ မယ်တော်မာယာက အင်ကြင်းကိုင်းကို ကိုင်ပြီး အလောင်းတော်ကို ဖွားမြင်နေဟန် ဂုတ္တခေတ်လက်ရာ ကျောက်ရုပ်တစ်ခု ရှိပါတယ်။ ဒေသခံ ဟိန္ဒူဘာသာဝင်တွေကတော့ ရုမ္မိနိဒေဝီ (Rumminidevi) နတ်သမီး ရုပ်တုလို့ ယူဆပြီး ကိုးကွယ်ကြပါတယ်။ ၁၉၉၆-ခုနှစ် ထပ်မံတူးဖော်တဲ့အခါ အသောကမင်းက အမှတ်အသားအဖြစ် ထားခဲ့တဲ့ ကျောက်တုံး (marker stone) ကို တွေ့ခဲ့ရပါတယ်။ ဧည့်လမ်းညွှန်တွေက အလောင်းတော်ရဲ့ ခြေတော်ရာလို့ ရှင်းပြလေ့ရှိပါတယ်။ ယခုအခါမှာ ကြည်ကာမှန်အတွင်းမှာ ထည့်သွင်းပြီး စောင့်ရှောက်ထားပါတယ်။

အလောင်းတော်ဖွားမြင်ခန်း

Marker Stone (credit: wikipedia)

မာယာဒေဝီကျောင်းဆောင်ရဲ့ နံဘေးမှာ အသောကမင်း စိုက်ထူခဲ့တဲ့ ကျောက်စာတိုင် ရှိပါတယ်။ ဒီနေရာကို ၇-ရာစုကရောက်ခဲ့တဲ့ တရုတ်ရဟန်းတော် ရွှန်ကျန်က ကျောက်စာတိုင်ရဲ့ ထိပ်မှာ မြင်းရုပ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အခုအခါမှာတော့ ကျောက်စာတိုင် ထိပ်ပိုင်းမရှိတော့ပါဘူး။ ကျောက်စာတိုင် ထိပ်ပိုင်းရဲ့ အစိတ်အပိုင်းလို့ ယူဆရတဲ့ ကျောက်တုံး တစ်တုံးကို ခြံဝင်းအတွင်းမှာ ကျောက်စာတိုင်နဲ့ အတူထားပါတယ်။ အတော်လေး ပျက်စီးနေတဲ့အတွက် မြင်းရုပ်ပုံတော့ မပေါ်တော့ပါဘူး။

အသောကကျောက်စာတိုင် ထိပ်ပိုင်း
အသောက ကျောက်စာ
အသောက ကျောက်စာ ဘာသာပြန်

ကျောက်စာတိုင်မှာ ရေးထိုးထားတဲ့စာက “နန်းသိမ်းပွဲခံပြီး အနှစ် ၂၀-မြောက်အကြာတွင် နတ်တို့ချစ်သော ပိယဒဿီမင်းကြီးသည် သကျမုနိ ဗုဒ္ဓ ဖွားမြင်တော်မူရာ ဤအရပ်သို့ လာရောက်၍ ရှိခိုး ပူဇော်တော်မူခဲ့သည်။ ဖွားမြင်တော်မူရာတွင် ကျောက်သား တိုက်ခန်းကို တည်ထား၍ ကမ္ဗည်းကျောက်စာတိုင်ကို စိုက်ထူတော်မူခဲ့သည်။ ဘုရားရှင် ဖွားမြင်တော်မူရာဖြစ်သော ဤလုမ္ဗိနီရွာအား အခွန် ကင်းလွတ်စေပြီး၊ ရှစ်ဖို့ တဖို့ကိုသာလျှင် ပေးဆောင်စေရမည်” လို့ အဓိပ္ပါယ်ရကြောင်း သိရပါတယ်။ (မှတ်ချက်။ နောက်ဆုံးဝါကျက “ဥဗလိကေ ကတေ အဌဘာဂိယေ စ” ကို ဘာသာပြန်ရာမှာတော့ မူကွဲ အမျိုးမျိုး ရှိပါတယ်။ ဘာသာရေး အထွတ်အမြတ် နေရာတွေကို လာရောက်တဲ့ အခါပေးရတဲ့ အခွန်ကို ကင်းလွတ်စေပြီး၊ မြေခွန်အဖြစ် ထမ်းဆောင်ရလေ့ရှိတဲ့ ထွက်ကုန်ရဲ့ ခြောက်ဖို့ တစ်ဖို့၊ လေးဖို့ တစ်ဖို့သော ခိုင်ကြေး (အခွန်) အစားလျော့ပြီး ရှစ်ဖို့ တစ်ဖို့ကိုသာ ထမ်းဆောင်စေတယ်လို့ အချို့က ယူဆပါတယ်။ အချို့ကလည်း “အခွန်ကို လျှော့ပေါ့၍ ရှစ်ဖို့တစ်ဖို့သာ ထမ်းဆောင်စေသည်” လို့ ခပ်ရိုးရိုး ဘာသာပြန်ပါတယ်။ အရှင်အာဒိစ္စဝံသကတော့ ပါဠိဘာသာနဲ့ “အတ္ထံ စ ဘာဇယေ” လို့ ဖလှယ်ယူပြီး “မိမိပြုသော ကုသိုလ်အဖို့ကို ဝေခြမ်းပါ၏” လို့ ဘာသာပြန်ပါတယ်။)

ကျောက်စာတိုင်ရဲ့ အထက်နားမှာတော့ နောက်ပိုင်းခေတ်ရောက်မှ တိဘက်ဘာသာနဲ့ ရေးထိုးထားတဲ့ “ဥုံမဏိ ပဒမေဟုံ” ဆိုတဲ့ စာတမ်းရှိပါတယ်။ ကျောက်စာတိုင်က အက်ကွဲနေတဲ့အတွက် အရှည်တည်တံ့အောင် ကုသိနာရုံကျောင်း မြန်မာဆရာတော် ဦးစန္ဒြမုနိက သံပြားနဲ့ ပတ်ပေးထားခဲ့တယ်လို့ သိရပါတယ်။
ပေါက္ခရဏီကန်

ကျောက်စာတိုင်ရဲ့ တောင်ဖက်မှာတော့ ပေါက္ခရဏီ ရေကန်ရှိတယ်။ အလောင်းတော်ကို ဖွားတော်မူစဉ်က ကောင်းကင်က ရေပူ၊ ရေအေး အလျဉ်အစုံကျလာပြီး၊ (အပူအအေး မျှတစေရန်) မယ်တော်နဲ့ အလောင်းတော်တို့ ရေချိုးတော်မူခဲ့တဲ့ နေရာလို့ ယူဆကြပါတယ်။ အလောင်းတော် ဖွားမြင်ချိန်မှာ ကောင်းကင်က ရေပူရေအေး အလျဉ်တွေ ကျလာတဲ့ ဖြစ်ရပ်အပါအဝင် မြေငလျှင်တုန်လှုပ်ခြင်း၊ အထက် ဗြဟ္မာပြည်ကနေ အောက် လောကန္တရိတ်ငရဲတိုင်အောင် အတိုင်းအဆမရှိ ထွန်းလင်းတောက်ပတဲ့ အလင်းရောင်ကြီး ပေါ်ထွန်းလာခြင်း စသဖြင့်သော အလွန်ထူးခြား အံ့သြဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ မဇ္ဈိမနိကာယ် အစ္ဆရိယအဗ္ဘုတသုတ်နဲ့ ဒီဃနိကာယ် မဟာပဒါနသုတ်တို့မှာ ဟောကြားထားတာကို တွေ့ရပါတယ်။ အဲဒီလို ထူးဆန်းတဲ့ အခြင်းအရာတွေအနက် စိတ်ဝင်စားစရာ ဖြစ်ရပ် တစ်ခုကတော့၊ ဖွားမြင်စ အလောင်းတော်က ညီညွတ်တဲ့ ခြေအစုံနဲ့ မြေမှာရပ်ပြီး မြောက်ဖက်အရပ်ကို ရှေုးရှုကာ ခြေဖဝါး ၇-လှမ်း လှမ်းကြွတော်မူပြီးတဲ့နောက် အောက်ပါ စကားကို ကြုံးဝါးတော်မူတယ်လို့ အဆိုရှိပါတယ်။

“အဂ္ဂေါဟမသ္မိ လောကဿ။
ဇေဋ္ဌောဟမသ္မိ လောကဿ။
သေဋ္ဌောဟမသ္မိ လောကဿ။
အယမန္တိမာ ဇာတိ, နတ္ထိဒါနိ ပုနဗ္ဘဝေါ”တိ။

“ငါသည် လောကတွင် အမြင့်ဆုံးဖြစ်၏။
ငါသည် လောကတွင် အကြီးဆုံးဖြစ်၏။
ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။
ဤမွေးဖွားခြင်းသည်ကား နောက်ဆုံးမွေးဖွားခြင်းတည်း။
နောင်တစ်ဖန် ဘဝဖြစ်ခြင်း မရှိတော့ပြီ။”
*****

စာကြွင်း။  ။ လုမ္ဗိနီ အနာဂတ်...

သတင်းများအရ တရုတ်အစိုးရကို ကျောထောက် နောက်ခံပြုထားတဲ့ Asia Pacific Exchange and Cooperation Foundation (APECF) ဥက္ကဋ္ဌ Xiao Wunan နဲ့ နီပေါနိုင်ငံ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဦးဖြစ်သလို နီပေါနိုင်ငံ လုမ္ဗိနီဖွံ့ဖြိုးရေး လမ်းညွှန်ကော်မတီ (LDNDC) ဥက္ကဖြစ်တဲ့ Pushpa Kamal Dahal တို့က မက္ကာမြို့ကို နမူနာယူပြီး လုမ္ဗိနီကို ဘုရားဖူးနဲ့ ကမ္ဘာလှည့် ခရီးသွားမြို့တော်ကြီး အဖြစ်ဖန်တီးဖို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး ထားပါတယ်။ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ကားလမ်း၊ ရထားလမ်းနဲ့ တည်းခိုခန်းတွေ၊ ဗုဒ္ဓတက္ကသိုလ်စတာ တွေပါဝင်မှာ ဖြစ်ပါတယ်။ လန်ဒန်အခြေစိုက် Vertical Theme Park (VTP) အုပ်စုနဲ့ ဖက်စပ်ပြီး Lumbini Cloud Tower နဲ့ Theme Park တွေလည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းက ဒေါ်လာသန်း သုံးထောင်ကနေ ငါးထောင်အထိ ကုန်ကျမှာဖြစ်ပြီး ထက်ဝက်လောက်ကို (APECF) ကနေ မတည် ရင်းနှီးမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ရင်းနှီးမြုတ်နှံမှုအတွက် နိုင်ငံတကာက တရုတ်ကုမ္ပဏီတွေနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ ဖိတ်ခေါ်သွားမယ်လို့ ဆိုပါတယ်။ “ကမ္ဘာငြိမ်းချမ်းရေးမြို့တော်” လို့ အမည်ပေးထားပါတယ်။ 

ဒီစာချုပ်နဲ့ ပတ်သက်ပြီး လုမ္ဗိနီဖွံ့ဖြိုးရေး လမ်းညွှန်ကော်မတီ အတွင်းမှာတောင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာ မရှိခဲ့သလို၊ “… စာချုပ် ချုပ်တယ်ဆိုတာ သိလိုက်ရတော့ အံအားသင့်သွားတယ်” လို့ ကော်မတီဝင် တစ်ဦးက ဆိုပါတယ်။ ဒါအပြင် ဒီစီမံကိန်းက ဘာသာရေးထက် စီးပွားရေး ဆန်လွန်းနေရုံသာမက၊ ဒီဒေသတဝိုက်ကို တရုတ်ရဲ့ နိုင်ငံရေး သြဇာချဲ့ထွင်မှုလည်း ဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံသားတွေနဲ့ တိဗက်လွတ်မြောက်ရေး လှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပါတယ်။ ထိုအတူပဲ ဒီစီမံကိန်းအကြောင်းကို ကြားသိရတဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေကလည်း လုမ္ဗိနီရဲ့ ဘာသာရေး အနှစ်သာရနဲ့ ရှေးဟောင်း အမွေအနှစ်တွေ ကွယ်ပျောက်သွားမှာ စိုးရိမ်ပူပန်နေကြပါတယ်။ ဒါကြောင့် ဒီစီမံကိန်း ရပ်ဆိုင်းပေးဖို့ ကုလသမဂ္ဂထံ အသနားခံစာ တင်မယ့် လှုပ်ရှားမှုတစ်ခု လုပ်နေကြပါတယ်။ စိတ်ဝင်စားသူများက Dhamma Download ရဲ့ ဒီစာမျက်နှာမှာ သွားရောက် လေ့လာပြီး ပါဝင် လက်မှတ်ရေးထိုး နိုင်ပါတယ်။

 
*****

Saturday, April 27, 2013

မုန့်လုံးရေပေါ်

နှစ်ကူးကာလက ကျော်သွားခဲ့လေပြီ
အိမ်ကလူ၏ သင်္ကြန်ပိုးကတော့ မကုန်သေး
TP Myanmar 2005 သင်္ကြန်ပွဲကို Online မှ သားကြီးနှင့်အတူ ကြည့်နေကြ၏။
မြန်မာပြည် သင်္ကြန်ပွဲ မကြုံဖူးလေသော သားကြီးက မေးလာ၏။
(ရန်ကုန်အိမ်ကို ရည်ရွယ်ပြီး) “မေမေ သားတို့ လမ်းထိပ်မှာ မဏ္ဍပ်ရှိလား။ သားက မဏ္ဍပ်မှာ ရေပက်ချင်တာ”
“အရင်ကတော့ ရှိခဲ့ဖူးတယ်…သားပက်ချင်တယ်ဆိုရင် မေမေမဏ္ဍပ်ဆောက်ပေးမှာပေါ့” ဟု ပြောလိုက်သောအခါ ဘဝင်ကျလို့ ပြုံးစစ ဖြစ်သွားသော သားမျက်နှာကို ကြည့်ရင်း၊ ကျမ အခုလို အလျင်အမြန် (တမင်တကာ ကြံရွယ်ပြီး) ဖြေဖြစ်ခဲ့ခြင်း၏ အကြောင်းရင်းကို တွေးမိရင်း မလုံမလဲ ဖြစ်မိပါတော့တယ်။
*****
ဒီနှစ် အတာ သင်္ကြန် အကြိုနေ့ဟာ ရုံးပိတ်၊ ကျောင်းပိတ် စနေနေ့နဲ့ တိုက်ဆိုင်လို့နေပါတယ်။ ပွဲတော်နဲ့ အလှမ်းဝေးရာမှာ ရောက်ရှိနေရသူများအဖို့မှာတော့ Online ကနေသာ ပွဲတော်၌ စီးပျော်ရပါတယ်။ နေ့လည် ရောက်လာချိန်မှာတော့ Online ပေါ် ပလုံစီပြီးတက်လာတဲ့ မုန်လုံးရေပေါ်ပုံများကြောင့် “မေမေ မုန့်လုံးရေပေါ် စားမယ် လုပ်ပေးလို့” ဆိုလာပါတော့တယ်။

ရတယ်လေ… ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ထန်းလျက် အကုန် အိမ်မှာ အရံသင့်ရှိသမို့…
“အေးအေး” ဆိုပြီး မုန့်သားနှပ်ထားလိုက်ပါတယ်။ အချိုးကတော့ နှစ်အချိုးတစ်လို့ မှတ်ထားတာပဲ…။ ဘာက နှစ်…ဘာက တစ် လည်းတော့မသိ…။ အိမ်မှာ ရှိနေတဲ့ ကောက်ညှင်းမှုန့်ထုတ်က နည်းနေပြီး၊ ဆန်မှုန့်ထုတ်က များနေတော့… ကောက်ညှင်းက တစ်၊ ဆန်က နှစ်… အဲ့လိုပဲ ဖြစ်မှာပါလေ ဆိုပြီး ပြီးစလွယ် မုန့်နှစ် ရေဖျော် နှပ်ထားလိုက်တယ်…။ မေမေ မုန့်နယ်နေပုံကို သားတော်မောင်က ကင်မရာကြီးချိန်ပြီး မှတ်တမ်းတင် ဓာတ်ပုံ ရယူပါသေးတယ်။

မုန့်သားမနပ်ခင်လေးမှာ သားတို့နဲ့ မုန့်လုံးရေပေါ် ပတ်သက်ပုံအကြောင်းလေး ဖတ်ထားပါဦး။ အထဲမှာ ဌာပနာ တခုခုပါတဲ့ မုန့်လုံးကို လူသားတွေ ဘယ်အချိန်ကတည်းက စတင်စားသုံးကြသလဲတော့ မသိပါဘူး။ တရုတ်ပြည်ကြီးမှာတော့ ဆောင်းတွင်းလို အေးချမ်းတဲ့ရာသီမှာ မီးဖိုကြီးဖို၊ ရေနွေးအိုး အကြီးကြီးတည်၊ မိသားစုတွေ မီးဖိုကြီးနား ပတ်လည်ဝိုင်းပြီး ရေနွေးအိုးထဲ မုန့်လုံးတွေ ပစ်ပေါက်ထည့်လ့ို ပူပူနွေးနွေး စားသောက်ကြတဲ့ ဓလေ့ရှိတယ်လို့ ဖတ်မှတ်ဖူးပါတယ်။ စည်းလုံးခြင်းရဲ့ အင်အားကြောင့်ပဲလား၊ မုန့်လုံးရဲ့ အရသာ ကြောင့်ပဲလား၊ သူတို့ အမေက ကောင်းကောင်းမွန်မွန် လုပ်မကျွေးတတ်ပေမဲ့ သားနှစ်ယောက်ကတော့ ရေပေါ်သောမုန့်လုံးကို အလွန်ကြိုက်ကြပါတယ်။ ဒီမှာ ရနိုင်တဲ့ 
Tang Yuan (မုန့်လုံးရေပေါ် Chinese Version)

ondeh ondeh (မုန့်လုံးရေပေါ် Malay Version) တို့ကို မြိန်ရည်ယှက်ရည် စားလေ့ရှိပါတယ်။

မုန့်သား နပ်လောက်ချိန်၊ စိတ်ထားပြီးသား ထန်းလျက်တွေကို ပဲဆီလေးဆမ်း… လုံးတော့မယ်ဆိုတော့ မုန့်နှစ်တွေက လုံးမရအောင် ပျော့ဖတ်နေပါတော့တယ်။ ဒီတော့ ဆန်မှုန့်တွေ ထပ်ထည့်ပြီး လုံးပလိုက်ပါတယ်။ ရေနွေးအိုးကြီးထဲ ပစ်ပစ်ထည့်။ အဲ…မုန့်လုံးတွေက ပေါ်ချိန်တန်လို့လည်း ပေါ်မလာကြဘူးတော့…။ ပစ်ထည့်တဲ့ အရှိန်များပြီး အိုးဖင်ကပ်နေကြသလားဆိုပြီး ယောင်းမနဲ့ ထိုးမွှေ… မလုံတလုံ မုန့်လုံးတွေ ပေါက်ထွက်ကုန်မှာလည်း စိုးရိမ်ရသေး…။ အဲ့သလို ဓာတ်ကြမ်းတွေ တိုက်လိုက်တော့ မုန့်လုံးလေးတွေက မတက်ချင်တက်ချင်နဲ့ ဟိုတလုံး ဒီတလုံးတက်လာသား…။ ရေအေးထဲစိမ် အအေးခံတုန်းရှိသေး…သားကြီးက “ဘယ်လိုနေလဲ စားကြည့်မယ်” ဆို… တလုံးကောက်ဝါး…။ “ဟင်..မေမေ့ဟာတွေက အထဲက မကျက်သေးဘူး… သေချာ မတက်သေးပဲနဲ့ မေမေက ဆယ်တာကိုး” ဆိုပြီး… အညူဆူကလည်း ခံရသေး။ ဒါဆို “ပြန်ထည့် ပြန်ထည့် ရေနွေးအိုးထဲ ပြန်ထည့်…” သူတို့ဟာ သူတို့ ပေါ်ချင်တဲ့ အချိန်ကြမှသာ ပေါ်ကြတော့ အေ… ဆိုပြီး… မုန့်လုံးရေပေါ် တပန်းကန် ရလိုက်လေသတည်းပေါ့။ အပေါ်က ဖြူးစားစရာ အုန်းသီးမှုန့်ကို သားကြီး သွားဝယ်တာ မရခဲ့လို့၊ မအေကိုယ်တိုင် တခေါက်သွားဝယ်ရသေးတယ်။

အတာကူးတဲ့ တန်ခူးလ သင်္ကြန်အကြိုနေ့မှာ ဘာကိုမှန်းမသိ ကြိုလိုက်တဲ့ မုန့်လုံးရေပေါ် မာတောက်တောက်ကို သားနှစ်ယောက် မစားချင် စားချင် စားနေတာကို မကြည့်ရက်လေလို့… အခန်းထဲ ဝင်နေလိုက်ပါတယ်။ နောက်တနေ့ မှာတော့ Bengawan Solo က ondeh ondeh ကို ဘုရားဆွမ်းတော်ကပ်ရန်တဗူး၊ သားနှစ်ယောက်အတွက် တဗူးစီ စုစုပါင်း သုံးဗူးကို စင်္ကာပူဒေါ်လာငွေ ရှစ်ဒေါ်လာကျော် အကုန်အကျခံ၍ ဝယ်လာပါတယ်။ တဗူးသာ ဘုရားဆွမ်းတော်ကပ်လိုက်ရပြီး၊ သားနှစ်ယောက်မှာမူ သူတို့အလွန် နှစ်သက်ဖူးသော Malay Version မုန့်လုံးရေပေါ်ကို အဖက်မလုပ်ကြတော့ပါ။ ဆွမ်းတော်စွန့်ထားသည့် ပန်းကန်ထဲမှ တလုံးယူစားရင်း သားကြီးက “သူတို့က ဘယ်လို လုပ်ထားတာလဲ မသိဘူးနော်… မုန့်သားလေးက ပါးပါးလေးနဲ့ အထဲက အချိုတွေက အရည်ပျော်ပြီး အပြင်ကိုလည်း ပေါက်မထွက်ဘူးလို့”…ရိုးရိုးလေး သူမြင်တာ ပြောနေသည်ကို… ဖအေလုပ်သူက “သူတို့က သေသေချာချာ အချိုးအစားနဲ့ လုပ်တာ…ဒါကြောင့် ဘယ်တော့မဆို တသမတ်ထဲ ဖြစ်နေတာ… မြန်မာတွေက ထင်သလိုလုပ်တာ…တခါလာ တမျိုးနဲ့ အချိုးအစားမရှိဘူး… စနစ်တကျ မရှိဘူး” ဟူ၍ အမျိုးသားထုကြီး တခုလုံး လိုက်နာရန် မှတ်ချက်များ တသီတတန်းကြီး ပေးနေလေတော့သည်။
ဒီတော့ ရင်ထဲကကြိတ်ပြီး… သင်္ကြန်မိုး ရုပ်ရှင်ကားထဲက “ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ဆရာရယ်…” လို့ လာပြောလေတဲ့ မမထားလို ငါ့မှာ မဏ္ဍပ်ဆောက်ပေးဖို့ မပြောနဲ့ ရေပေါ်တဲ့ မုန့်လုံးလေးတောင် စားကောင်းအောင် လုပ်မကျွေးနိုင်တဲ့ ဘ၀ ပါလားရယ်လို့…။
*****
(ကျမ၏ ပစ်စလက်ခတ် လုပ်တတ်သော အကျင့်ကြောင့် အခြားသူများ လက်လွတ်ရသော အခွင့်အရေးများအတွက်)

Sunday, April 21, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၈) - ကပိလဝတ္ထု



နဝမမြောက်နေ့ နံနက်စောစောမှာ သာဝတ္ထိကနေ နီပေါနိုင်ငံ လုမ္ဗိနီကို ခရီးဆက်ခဲ့ပါတယ်။ မနက် ၁၁ နာရီခွဲလောက်မှာ အိန္ဒိယ-နီပေါနယ်စပ်က ဆိုနောလီမြို့ (Sonauli) မြန်မာကျောင်းကို ရောက်ပါတယ်။ ကျောင်းက ဆောက်လက်စပဲ ရှိပါသေးတယ်။ အရင်က နီပေါနိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက်ဖြစ်လို့ နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ထားရင် ဘုရားဖူးတွေ အတော်လေး ဒုက္ခရောက်တဲ့ အတွက်၊ ဘုရားဖူးတွေ တည်းခိုလို့ရအောင် ဒီကျောင်းကို ထူထောင်ခဲ့တယ်လို့ သိရပါတယ်။ အများအားဖြင့် ဒီကျောင်းမှာ တစ်ထောက်နားပြီး နေ့လည်စာ စားလေ့ရှိကြပါတယ်။
 
သာဝတ္ထိမှ လုမ္ဗိနီနှင့် ကပိလဝတ္ထုသို့




ဆိုနောလီကနေ နယ်စပ်ဂိတ်ကို ဖြတ်ရင် နီပေါနိုင်ငံဖက်ခြမ်းက ဘိုင်ရဟဝါ (Bhairahawa) မြို့ကို ရောက်ပါတယ်။ အခုအခါမှာတော့ ဒီမြို့ကို သိဒ္ဓတ္ထနာဂရ (Siddharthanagar) လို့ အမည် ပြောင်းထားပါတယ်။ သိဒ္ဓတ္ထနာဂရကနေ အနောက်ဖက်ကို ၁၄-မိုင်လောက်သွားရင် လုမ္ဗိနီဥယျာဉ်ကို ရောက်ပါတယ်။ လုမ္ဗိနီဥယျာဉ်ရဲ့ အနောက်ဖက် ၁၄-မိုင်မှာရှိတဲ့ တောလိဟဝါမြို့ (Taulihawa) ကနေ မြောက်ဖက် ၂-မိုင်လောက် ဆက်သွားရင် ဒေသခံတွေက တိလောရကွတ် (Tilaurakot) လို့ခေါ်တဲ့ ကပိလဝတ် (ကပိလဝတ္ထု) မြို့ဟောင်းကို ရောက်ပါတယ်။ ဘုရားဖူးအဖွဲ့က လုမ္ဗိနီကို မဝင်သေးဘဲ ကပိလဝတ်မြို့ဟောင်းကို အရင် သွားကြပါတယ်။

ကပိလဝတ်မြို့နဲ့ သကျ (သာကိယ၊ သက္က) မျိုးနွယ်စုရဲ့ သမိုင်းကြောင်းကို ဒီဃနိကာယ် အမ္ဗဋ္ဌသုတ်နဲ့ သုတ္တနိပါတ် သမ္မာပဗ္ဗဇနီယသုတ် အဖွင့် အဋ္ဌကထာတွေမှာ ဖော်ပြထားပါတယ်။ ကမ္ဘာဦးအစ မဟာသမ္မတမင်းက ဆင်းသက်လာတဲ့ ဥက္ကာကမင်းကြီးရဲ့ သားသမီးတွေကနေ သကျမျိုးနွယ်စုကို ထူထောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဥက္ကာကမင်းကြီးဆိုတာက ရာမာယန၊ မဟာဘာရတစတဲ့ ရှေးဟောင်း ပူရဏ်ကျမ်းတွေမှာပါတဲ့ ဣက္ခာကု(Ikṣvāku) မင်းနဲ့ အတူတူပဲလို့ သိရပါတယ်။ ပူရဏ်ကျမ်းတွေအရ ဇမ္ဗုဒိတ်ကျွန်းလို့ခေါ်တဲ့ အိန္ဒိယကို လွှမ်းမိုးခဲ့တဲ့ မျိုးနွယ်စုကြီး နှစ်ခု ရှိခဲ့ပါတယ်။ လနတ်သားက ဆင်းသက်လာတဲ့ လမင်းမျိုးနွယ်နဲ့ နေနတ်သားက ဆင်းသက်လာတဲ့ နေမင်းမျိုးနွယ်တို့ပါ။ ဥက္ကာကမင်းက နေမင်းမျိုးနွယ်စုက ဆင်းသက်လာတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကျမ်းစာတွေမှာလည်း သကျမျိုးတွေကို နေမင်းမျိုးနွယ် (သူရိယဝံသ၊ အာဒိစ္စဝံသ) စသဖြင့် ခေါ်လေ့ရှိပါတယ်။ ကတိကဝတ်အရ မိဖုရားငယ်တစ်ပါးက ဖွားမြင်တဲ့ သားကို ထီးနန်တင်ဖို့အတွက် ဥက္ကာကမင်းက သားတော်ကြီးတွေကို တိုင်းပြည်ကနေ နှင်ထုတ်ရပါတယ်။ အဲဒီအခါမှာ မိဖုရားအကြီးတွေက ဖွားမြင်တဲ့ သားတော် သမီးတော်တွေက တိုင်းပြည်ကနေခွာပြီး ဟိမဝန္တာတောင်ခြေ အနီးက ကျွန်းတောအတွင်းက မြို့သစ်ထူထောင် နေကြပါတယ်။ ကပိလရသေ့ရဲ့ ကျောင်းသင်္ခမ်းရှိရာ အောင်မြေအရပ်မှာ မြို့တည်ခဲ့တဲ့ အတွက် ကပိလဝတ္ထု လို့အမည်တွင်ပါတယ်။ ဥက္ကာကမင်းရဲ့ သားတော်တွေက မျိုးနွယ်ဆက်မပျက်အောင် နှမတော်တွေနဲ့ အိမ်ထောင်ပြုပြီး မင်းဆက် ထူထောင်ခဲ့ကြပါတယ်။ ဒီအကြောင်းကို ကြားသိတဲ့ ခမည်းတော် ဥက္ကာကမင်းက “သကျာ ဝတ ဘော ကုမာရာ - အချင်းတို့ သားတော်တို့သည် စွမ်းနိုင်ကြပေ၏ (သကျာ)” လို့ ချီးမွန်းပါတယ်။ ဒါကို အကြောင်းပြုပြီး သကျမျိုး၊ သာကီဝင်မျိုးလို့ အမည်တွင်ခဲ့ပါတယ်။ (မဟာသာကဝန) ကျွန်းတောကြီးမှာ မြို့သစ်ထူထောင်ခဲ့တဲ့အတွက် သာကိယလို့ အမည်တွင်တယ်လို့လည်း ဆိုကြပါသေးတယ်။

ကပိလဝတ်မြို့နေရာနဲ့ ပတ်သက်ပြီး ရှေးဟောင်း သုတေသနပညာရှင်တွေကြားမှာ ဝိဝါဒကွဲနေပါတယ်။ အုပ်စုတစ်ခုက နီပေါနိုင်ငံဖက်ခြမ်းက တိလောရကွတ် (Tilaurakot) အရပ်လို့ ယူဆကြပြီး၊ အခြားအုပ်စုကတော့ လုမ္ဗိနီဥယျာဉ်ရဲ့ အနောက်တောင်ဖက် ၉-မိုင်လောက်မှာရှိတဲ့ အိန္ဒိယနိုင်ငံဖက်ခြမ်းက ပိပရဟဝါ (Piprahawa) အရပ်လို့ ယူဆကြပါတယ်။ ဗြိတိသျှသုတေသီ ကန်နင်ဟန်က တရုတ် ရဟန်းတော်တွေရဲ့ မှတ်တမ်းကို ခြေရာခံပြီး ကပိလဝတ်ကို ရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဂျာမာန်သုတေသီ ဒေါက်တာ အန်တွန် ဖျူးရာ (Anton Führer) က ၁၈၉၆-ခုနှစ်မှာ ဂေါတမ မြတ်စွာဘုရား၊ ကောဏာဂုံနှင့် ကကုသန် မြတ်စွာဘုရား အလောင်းတော်တို့ ဖွားမြင်တော်မူ နေရာ အထိမ်းအမှတ်အဖြစ် အသောကမင်းကြီး စိုက်ထူထားခဲ့တဲ့ ကျောက်စာတိုင်တွေကို ရုမ္မိန်ဒေး (Rummindei လုမ္ဗိနီ)၊ နိဂလိဟ၀ (Niglihawa)နဲ့ ဂေါတိဟ၀ (Gotihawa) စတဲ့ နေရာအသီးသီးမှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အသောကကျောက်တိုင်တွေကို မျက်မြင်တွေ့ခဲ့ဖူးတဲ့ တရုတ်ရဟန်းတော် ရွှန်ကျန်ရဲ့ မှတ်တမ်းကို မူတည်ပြီး တိလောရကွတ်အရပ်ကို အလောင်းတော် သိဒ္ဓတ္ထမင်းသား ၂၉-နှစ်တာ နေထိုင်ကြီးပြင်းခဲ့ရာ ကပိလဝတ်မြို့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီဒေသတဝိုက်ကို ထပ်မံ ရှာဖွေတူးဖော်ခဲ့တဲ့ အိန္ဒိယသုတေသီ မူခါဂျီး (P.C. Mukhaji) က တိလောရကွတ်ဟာ ကပိလဝတ်မြို့ဟောင်း ဖြစ်ကြောင်း ၁၈၉၉-ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။

ကပိလ၀တ်နှင့် လုမ္ဗိနီ အနီးတ၀ိုက်


၁၈၉၈-ခုနှစ်မှာ အင်္ဂလိပ်မြေပိုင်ရှင် ဝီလျံပက်ပ် (W.C. Peppé) က အိန္ဒိယနိုင်ငံ ပိပရဟဝါ (Piprahawa) အရပ်မှာရှိတဲ့ စေတီဟောင်း တစ်ဆူကနေ အရိုးအိုးတွေပါတဲ့ ကျောက်သေတ္တာ တစ်လုံးကို တူးဖော်ရခဲ့ပါတယ်။ အဲဒီအထဲမှာ “… ဣယံ သလိလာနိဓနေ ဗုဒ္ဓဿ ဘဂဝတေ သာကိယာနံ” လို့ ဗြဟ္မီအက္ခရာနဲ့ ရေးထိုးထားတဲ့ ကမ္ပည်းကို တွေ့ရပါတယ်။ ဒါကြောင့် ဒီအရိုးအိုးဟာ မြတ်စွာဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်ဖြစ်တဲ့ သာကီဝင်မျိုးတွေရဲ့ အရိုးအိုးဖြစ်နိုင်ပါတယ်။ ဒီအပြင် တရုတ်ရဟန်းတော် ဖာရှန်ရဲ့ မှတ်တမ်းမှာပါတဲ့ တည်နေရာနဲ့ ပိုပြီးနီးစပ်နေတဲ့အတွက် ပိပရဟဝါအရပ်က ကပိလဝတ်နေရာ ဖြစ်နိုင်ကြောင်း တင်ပြလာကြပါတယ်။ သမိုင်းပညာရှင် ဗင်းဆင့်စမစ် (Vincient A. Smith) က တိလောရကွတ်က ရဟန်းတော် ရွှန်ကျန်ရောက်ခဲ့တဲ့ ကပိလဝတ် ဖြစ်ပြီး၊ ပိပရဟဝါက ရဟန်းတော် ဖာရှန် ရောက်ခဲ့တဲ့ ကပိလဝတ်လို့ ၁၉၀၀-ခုနှစ်မှာ သူ့ရဲ့အယူအဆကို တင်ပြခဲ့ပါတယ်။ ၁၉၇၂-ခုနှစ်ရောက်တော့ သီရိဝသ်တ၀ (KM Srivastava) က ပိပရဟဝါမှာ ထပ်ပြီး တူးဖော်တဲ့အခါ “ဥုံ ဒေဝပုတြ ဝိဟာရေ ကပိလဝတ္ထုဿ ဘိက္ခုသံဃဿ”လို့ ကုသျှန်အက္ခရာနဲ့ ရေးထိုးထားတဲ့ ကမ္ပည်းစာကို တွေ့ပြန်ပါတယ်။ ဒီတွေ့ရှိချက်ကြောင့် ပိပရဟဝါသာလျှင် ကပိလဝတ္ထု မြို့ဟောင်း အစစ်လို့ အိန္ဒိယနိုင်ငံသား သုတေသီ်တွေက အခိုင်အမာ ကောက်ချက် ဆွဲကြပါတယ်။ နီပေါနိုင်ငံသား သုတေသီတွေကလည်း အနီးဝန်းကျင်က အသောကကျောက်စာတိုင် သုံးခုနေရာနဲ့ ကြီးကျယ်တဲ့ မြို့ရိုးဟောင်းတွေကို ထောက်ပြီး တိလောရကွတ်သာလျှင် ကပိလဝတ္ထုမြို့ဟောင်း အစစ်လို့ ငြင်းဆိုကြပါတယ်။ ပါဠိပညာရှင် ရီးစ် ဒေဗစ် (T.W. Rhys Davids) ရဲ့ အယူအဆကတော့ သိဒ္ဓတ္ထမင်းသား ကြီးပြင်းခဲ့တဲ့ ကပိလဝတ်မြို့ဟောင်းက တိလောရကွတ်မှာရှိပြီး၊  ဝိဋဋူဘမင်းက သာကီဝင်တွေကို သတ်ဖြတ် မြို့ကို ဖျက်ဆီးပြီးတဲ့နောက်ပိုင်းမှ ပိပရဟဝါမှာ ကပိလဝတ် မြို့သစ် ပြန်တည်ခဲ့တာ လို့ဆိုပါတယ်။

ဝိဋဋူဘက သာကီဝင်တွေကို လူမျိုးတုန်း သတ်ဖြတ်ခဲ့တဲ့အကြောင်းကို ဘဒ္ဒသာလဇာတ် (အမှတ် ၄၆၅) အဋ္ဌကထာနဲ့ ဓမ္မပဒအဋ္ဌကထာတွေမှာ ဖော်ပြထားပါတယ်။ သကျမျိုးနွယ် မြတ်စွာဘုရားကို အလွန်ကြည်ညိုတဲ့ ကောသလမင်းက မိမိနဲ့ လက်ဆက်ဖို့အတွက် ကပိလဝတ်က သကျ အမျိုးသမီးတစ်ဦးကို တောင်းခဲ့ရာက ဇာတ်လမ်းစပါတယ်။ သက္ကတိုင်းက ကောသလမင်းရဲ့ သြဇာအာဏာ အရိပ်အောက်မှာ ရှိတဲ့ တိုင်းနိုင်ငံတစ်ခု ဖြစ်တဲ့အတွက် ကောသလမင်းရဲ့ တောင်းဆိုမှုကို မလွန်ဆန်ဝံ့ပါဘူး။ သာကီဝင်မင်းသမီးတွေကို အမျိုးဇာတ်မတူသူတွေနဲ့ လက်ဆက်မပေးလို့တဲ့အတွက် သာကီဝင် မဟာနာမ်မင်းနဲ့ ကျွန်မတစ်ဦးကနေ မွေးတဲ့ သမီး ဝသဘခတ္တိယာကို ပေးလိုက်ပါတယ်။ ဝိဋဋူဘက ပသေနဒီကောသလမင်းနဲ့ ဝသဘခတ္တိယာတို့က ရတဲ့သားပါ။ ဝိဋဋူဘမင်းသား အရွယ်ရောက်တော့ မိမိရဲ့ ဆွေတော်မျိုးတော်တွေ ရှိတဲ့ ကပိလဝတ်ကို သွားလည်ပါတယ်။ မိမိကို ကောင်းကောင်း ဧည့်ဝတ် မပြုကြရုံသာမက မိမိထိုင်သွားတဲ့နေရာကို “ကျွန်မရဲ့သား ထိုင်သွားတဲ့ နေရာ” ဆိုပြီး နို့ရည်တွေနဲ့ လောင်း ဆေးကြတယ်ဆိုတာကို သိသွားသွားတော့ ဝိဋဋူဘက သာကီဝင်တွေ အပေါ်မှာ ရန်ငြိုးထားခဲ့ပါတယ်။ နောင်မှာ ဝိဋဋူဘက ခမည်းတော် ပသေနဒီကို ထံက အာဏာသိမ်းပြီး နန်းတက်လာတဲ့အခါ ကပိလဝတ်ကို စစ်ချီပါတယ်။ ဗုဒ္ဓမြတ်စွာကလည်း ကပိလဝတ်ကို သုံးကြိမ်တိုင်တိုင် ကြွပြီး ဆွေတော်မျိုးတော်တွေကို ဝိဋဋူဘရဲ့ ရန်ဘေးကနေ ကာကွယ်ပေးတော်မူပါတယ်။ ဒါပေမယ့် ရှောင်လွှဲလို့ မရနိုင်တော့ဘူးဆိုတာကို သိတဲ့အတွက် စတုတ္ထအကြိမ် သွားရောက် တိုက်ခိုက်တဲ့အခါမှာတော့ ဗုဒ္ဓက ကပိလဝတ်ကို မကြွတော့ပါဘူး။ ဝိဋဋူဘက သကျမျိုးနွယ်တွေကို အစုလိုက် အပြုံလိုက် လူမျိုးတုန်း သတ်ဖြတ်ပြီး ကပိလဝတ်ကို ဖျက်ဆီးခဲ့ပါတယ်။ ကပိလဝတ်မြို့ရဲ့ မြောက်ဖက် သဂါဟ၀ (Sagarhawa) အရပ်က Lambu Sagar ( ရေကန်ရှည် ) လို့ခေါ်တဲ့ ရေကန်ကို သကျမျိုးတွေကို လူမျိုးတုန်းသတ်ခဲ့တဲ့ နေရာလို့ ယူဆကြပါတယ်။ မဟာနာမ်မင်းကြီး ရေထဲကို ဆင်းပြီး မိမိကိုယ် မိမိ အဆုံးစီရင်ခဲ့တယ်ဆိုတဲ့ ရေကန်ကလည်း ဒီရေကန်ပဲ ဖြစ်နိုင်ပါတယ်။


View Kapilavastu and Lumbini in a larger map
 
ဒီစိတ်မကောင်းစရာ အဖြစ်အပျက်ရဲ့ ဝေးသောအကြောင်းအဖြစ် ကံကြမ္မာကို ရိုးမယ်ဖွဲ့ကောင်း ဖွဲ့နိုင်ပေမယ့်၊ နီးသောအကြောင်းအနေနဲ့ သကျတို့ရဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေး မာန်မာနက သူတို့ လူမျိုး၊ သူတို့ တိုင်းပြည်ကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ သားသမင်တွေကို ကျားခြင်္သေ့တွေကတောင် ပြန်ပြီး ကြောက်ရတယ်ဆိုတဲ့ ကပိလရသေ့ရဲ့ အောင်မြေလည်း ဝိဋဋူဘ ရန်ကနေ အကာအကွယ် မပေးနိုင်တော့တာကို သတိပြုနိုင်ပါလိမ့်မယ်။ သတ်ဖြတ်မှုကနေ လွတ်မြောက်သွားတဲ့ သကျမျိုးနွယ်တွေက ပိပ္ပလိဝန (ပိတ်ချင်းတော) ထဲမှာ မောရိယ (ဒေါင်း) အမည်နဲ့ မျိုးနွယ်စု အသစ် ထူထောင်ခဲ့ကြတယ်လို့ သီဟိုဠ်ကျွန်းမှာရေးတဲ့ မဟာဝံသကျမ်းမှာ ဖော်ပြကြပါတယ်။ အချို့က အိန္ဒိယဖက်ခြမ်းမှာရှိတဲ့ ပိပရဟဝါ ဆိုတာ ပိပ္ပလိဝနကနေ အခေါ်ရွေ့လျောပြီး လာတာလို့ ယူဆကြပါသေးတယ်။ မောရိယမျိုးနွယ်စုက ဘိုးတော် စန္ဒဂုတ်မင်း လက်ထက် (340 BC – 298 BC) မှာ မောရိယမင်းဆက်ကို ထူထောင်ခဲ့ပြီး မြေး အသောကမင်း လက်ထက် (304–232 BCE) မှာ မောရိယအင်ပါယာက အဲဒီခေတ်အခါရဲ့ကမ္ဘာမှာ အကြီးဆုံး အင်ပါယာနိုင်ငံကြီး ဖြစ်သွားခဲ့ပါတယ်။ အသောကမင်းရဲ့ ကျေးဇူးနဲ့ ဗုဒ္ဓသာသနာက ကမ္ဘာ အရပ်အရပ် ပြန်နှံ့ခဲ့ပေမယ့်၊ ယခုအချိန်မှာတော့ သာသနာစတင် မြစ်ဖျားခံရာ အိန္ဒိယနိုင်ငံမှာ သာသနာ တိမ်ကော ကွယ်ပျောက်ခဲ့ရပြန်ပါတယ်။ အသောကမင်းကြီးရဲ့ရေးထိုးခဲ့တဲ့ ကျောက်စာတိုင်တွေ၊ တည်ထားခဲ့တဲ့ စေတီပျက်တွေကနေပဲ တချိန်က ထွန်းကားခဲ့တဲ့ ဗုဒ္ဓသာသနာကို ပြန်လည်မှန်းဆ ကြည်ညိုရပါတော့တယ်။ ဖြစ်ချည်တလှဲ့ ပျက်ချည်တခါ လောကဓမ္မတာကို သံဝေဂယူနိုင်ပါတယ်။

နိဂလိဟ၀ (ကောဏာဂုံဘုရား အလောင်းဖွားရာ)၊ ဂေါတိဟ၀ (ကကုသန်ဘုရား အလောင်းဖွားရာ)၊ သဂါဟ၀ (သာကီဝင်တွေကို လူမျိုးတုန်း သတ်ဖြတ်ခဲ့တဲ့ ရေကန်)၊ ပိပရဟဝါ စတဲ့နေရာတွေကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ မြန်မာဘုရားဖူး ဝန်ဆောင်အဖွဲ့တွေက ကပိလဝတ္ထု (တိလောရကွတ်) ကိုပဲ ပို့ပေးလေ့ရှိပါတယ်။ မြို့ရိုးဟောင်းက ၂၂-ပေကျယ်တဲ့ ကျုံး၊ ၁၀-ပေ ကျယ်တဲ့ မြို့ရိုးနဲ့ ဝန်းရံထားပါတယ်။ အရှေ့ဖက်နဲ့ အနောက်ဖက်က မြို့တံခါးကြီးတွေကို ရှေးဟောင်းသုတေသနက တူးဖော်ထားပါတယ်။ မြို့ရိုးဟောင်းတွေ၊ တံခါးမကြီးတွေကို ကြည့်ပြီး တချိန်က ကပိလဝတ်ဟာ ကြီးကျယ်ခမ်းနားခဲ့မယ် ဆိုတာမှန်းဆနိုင်ပါတယ်။ ကပိလဝတ်ဟာ ချမ်းသာကြွယ်ဝပြီး လူနေ ထူထပ်ကြောင်း၊ လမ်းတွေမှာ ဆင်တွေ မြင်းတွေ လှည်းတွေ ရထားတွေနဲ့ ပြည့်ကျပ်စည်ကားကြောင်း မဟာဝဂ္ဂသံယုတ် မဟာနာမသုတ်မှာ တွေ့ရပါတယ်။ တရုတ်ရဟန်းတော် ဖာရှန် ရောက်ခဲ့တဲ့ အချိန်မှာတော့ ကပိလဝတ်မှာ အိမ်ခြေ ဆယ်စုလောက်ပဲ ရှိပါတော့တယ်။ ကပိလဝတ်ကနေ လုမ္ဗိနီကို သွားတဲ့လမ်းမှာလည်း လူသူကင်းဆိတ်နေပြီး ဆင်ဖြူတွေ၊ ခြင်္သေ့တွေရဲ့ ရန်ကြောင့် အထူးသတိထားပြီး သွားရတယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။




ကပိလဝတ္ထု နန်းတော်ရာ

ကပိလဝတ်မြို့ဟောင်းအတွင်းကို အနောက်ဖက် တံခါးအနီးကနေ ဝင်ရပါတယ်။ လူသွားလမ်းလေးအတိုင်း မီတာ-၂၀၀ လောက် လျှောက်လိုက်ရင် နန်းတော်ရာ အုတ်မြစ်ခုံကို တွေ့ရပါတယ်။ အလောင်းတော် သိဒ္ဓတ္ထမင်းသား စိုးစံဖို့အတွက် နွေမိုးဆောင်း ဥတုသုံးပါးနဲ့ လျော်ညီအောင် ဆောက်လုပ်ထားတဲ့ ရမ္မ၊ သုဘ၊ သုရမ္မဆိုတဲ့ နန်းပြသာဒ်ကြီး သုံးဆောင်ရဲ့ အုတ်မြစ်ခုံတွေလည်း ဖြစ်နိုင်ပါတယ်။ နန်းတော်ရာရဲ့ မြောက်ဖက်နားမှာ နတ်ကွန်းတစ်ခုရှိပါတယ်။ ဒီနတ်ကွန်းမှာ ဒေသခံတွေက အတီးအမှုတ်တွေနဲ့ ပူဇော်ပသပြီး သားဆု တောင်းလေ့ရှိကြောင်း သိရပါတယ်။

သားဆုတောင်းရာ နတ်ကွန်း

ကပိလဝတ္ထု အရှေ့တံခါးဆီသို့



ကပိလဝတ္ထု အရှေ့တံခါးနှင့် မြို့ရိုး
ကပိလဝတ္ထု အရှေ့တံခါး
ကပိလဝတ္ထု အရှေ့တံခါး
ကပိလဝတ္ထု မြို့ရိုး

နန်းတော်ရာနေရာကနေ အရှေ့ဖက်ကို မီတာ-၂၀၀ လောက်ဆက်ပြီး သွားရင် အရှေ့ဖက် မြို့တံခါးကို ရောက်ပါတယ်။ သိဒ္ဓတ္ထမင်းသားက ဒီအရှေ့ဖက်တံခါးကနေ တောထွက်တော်မူခဲ့တာ ဖြစ်လို့ “မဟာဘိနိက္ခမနဒွါရ” လို့လည်း ခေါ်ပါတယ်။ မြို့တံခါးကနေ အရှေ့ဖက်ကို လှမ်းမျှော်ကြည့်လိုက်ရင် မလှမ်းမကမ်းမှာ စေတီပျက်ကုန်းလေး တစ်ခုကို တွေ့ရပါတယ်။ ဧည့်လမ်းညွှန်တွေကတော့ ကဏ္ဍကမြင်း ရင်ကွဲနာကျပြီး နတ်ရွာလားတဲ့ နေရာအထိမ်းအမှတ် လွမ်းစေတီလို့ ဆိုပါတယ်။ ဒါပေမယ့် ကျမ်းစာတွေ အရဆိုရင်တော့ ကဏ္ဍကမြင်း ရင်ကွဲနာကျတဲ့နေရာဟာ အနောမာမြစ်ကမ်း နံဘေးမှာ ရှိရမှာ ဖြစ်လို့ ဟုတ်ဟန် မတူပါဘူး။ အလောင်းတော်မင်းသား တောထွက်မယ်လို့ ဆုံးဖြတ်ပြီး မြို့တံခါးက ထွက်တဲ့အခါ ကပိလဝတ်ကို ပြန်ပြီး ကြည့်လိုတဲ့ စိတ်ဖြစ်ပါတယ်။ ဒီလိုစိတ်ဖြစ်တာနဲ့ မဟာပထဝီမြေကြီးက အိုးထိန်းစက်လို လည်ပြီး မြို့တော်ကို ပြတယ်၊ နောင် ဒီနေရာမှာ ကဏ္ဍကအနိဝတ္တနစေတီ တည်ခဲ့ကြကြောင်း ဗုဒ္ဓဝင်အဋ္ဌကထာမှာ တွေ့ရပါတယ်။ အခုလှမ်းမြင်နေရတဲ့ ကုန်းမို့မို့လေးက ဒီစေတီ ဖြစ်နိုင်ပါတယ်။ ကပိလဝတ်ရဲ့ အရှေ့ဖက်တကျောက လယ်ကွင်းတွေမှာ ခမည်းတော် သုဒ္ဓေါဒနမင်း လယ်ထွန်မင်္ဂလာ ကျင်းပခဲ့ဖူးပါလိမ့်မယ်။ အလောင်းတော် မင်းသားလေးဟာ ခမည်းတော်ကို စောင့်ဆိုင်းရင်း မိမိရဲ့ ဝင်သက်ထွက်ကို အာရုံပြုနေတဲ့အခါ ပထမဈာန်အဆင့်ရှိတဲ့ သမာဓိကို ရတော်မူခဲ့တယ်ဆိုတဲ့ သပြေပင်ရိပ်နေရာသည်လည်း ဒီလယ်ကွင်းပြင်တွေရဲ့ အလယ်တနေရာရာမှာ ဖြစ်လိမ့်မယ်လို့ မှန်းဆ ကြည့်ရပါတယ်။ သပြေပင်ရင်းမှာ ကလေးဘဝက ရခဲ့ဖူးတဲ့ အာနာပါန ဈာန်သမာဓိဟာ နောင် မဟာဗောဓိပင်ရင်းမှာ ရရှိမယ့် သမ္မာသမ္ဗောဓိ ဉာဏ်တော်အတွက် အလွန် ကျေးဇူးများတယ်ဆိုတာကို စဉ်းစားမိခဲ့ပါတယ်။
ကပိလဝတ္ထု (@ Tilaurakot)

ကပိလဝတ်မြို့ရိုးဟောင်းရဲ့ မြောက်ဖက်မှာ မယ်တော်မာယာရဲ့ အရိုးအိုးစေတီနဲ့ ဖမည်းတော် သုဒ္ဓေါဒနမင်းကြီးရဲ့ ဓာတ်တော်စေတီလို့ ယူဆရတဲ့ စေတီပျက်နှစ်ဆူ ရှိပါတယ်။ ဒီစေတီ နှစ်ဆူကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ အဲဒီကနေ မြောက်ဖက်ကို ဆက်သွားရင် ဟိမဝန္တာတောင်ခြေထိ တိုင်အောင် ကျွန်းပင်၊ အင်ကြင်းပင်တွေ သဘာဝအလျောက် ပေါက်ရောက်နေတဲ့ မဟာဝုန်တောကြီး ရှိခဲ့ပါတယ်။ မြတ်စွာဘုရားရှင် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးတော်မူတဲ့ အခါတွေမှာ ဆွမ်းစားပြီးရင် မဟာဝုန်တောကို ဝင်ပြီး နေ့သန့်စဉ် (တစ်ပါးတည်း သမာပတ်ဝင်စား) တော်မူလေ့ရှိပါတယ်။ နိဂြောဓာရုံက ကပိလဝတ်မြို့ တောင်ဖက် ၃-မိုင်ခွဲ (တောလိဟဝါမြို့ကနေ ၁-မိုင်ခွဲ) လောက်က ကူဒန်ရွာ (Kudan) အနီးမှာ ရှိပါတယ်။ ကပိလဝတ်မြို့ဟောင်းကို လေ့လာပြီးတဲ့နောက ဘုရားဖူးအဖွဲ့က နိဂြောဓာရုံကို သွားကြပါတယ်။

 



သားတော် သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ရောက်ပြီလို့ သတင်းကြားတဲ့အခါ သုဒ္ဓေါဒနမင်းက အမတ်တွေကို စေလွှတ်ပြီး ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားကို ပင့်ဖိတ်စေခဲ့ပါတယ်။ ဘုရားပင့်ဖို့ ရောက်လာတဲ့ အမတ်တွေက တရားတော်ကို နာကြားရပြီးတဲ့နောက် ရဟန်းပြုသွားကြပြီး သုဒ္ဓေါဒနမင်းရဲ့ အမှာစကားကို လစ်လျူရှုထားကြပါတယ်။ အကြိမ်ကြိမ် စေလွှတ်ပေမယ့် မရတဲ့အဆုံး ဗုဒ္ဓနဲ့ ဖွားဖက်တော်ဖြစ်တဲ့ ကာဠုဒါရီအမတ်ကို စေလွှတ်လိုက်ပါတယ်။ ကာဠုဒါရီအမတ်လည်း ရဟန်းပြုသွားပေမယ့် သုဒ္ဓေါဒနမင်းရဲ့ အမှာစကားကို မမေ့လျော့ပဲ နွေဦးရာသီရဲ့ သာယာလှပပုံတွေကို ဖော်ကြူးပြီး မွေးရပ်မြေဖြစ်တဲ့ ကပိလဝတ်ပြည်ကို ကြွတော်မူဖို့ ဂါထာတော် ခြောက်ဆယ် (အတိအကျအားဖြင့် ၆၄-ဂါထာ) နဲ့ ပင့်လျှောက်တော်မူပါတယ်။ ဗုဒ္ဓမြတ်စွာက ရဟန်းသံဃာတော်တွေ ခြံရံပြီး တစ်နေ့ တစ်ယူဇနာခရီးနဲ့ နှစ်လကြာ ရာဇဂြိုဟ်ကနေ ကပိလဝတ္ထုကို ဒေသစာရီကြွ ချီခဲ့ပါတယ်။ ကပိလဝတ်ကို ရောက်တဲ့အခါ ဗုဒ္ဓမြတ်စွာနဲ့ ရဟန်းတော်တွေ သီတင်းသုံးဖို့အတွက် နိဂြောဓ အမည်ရတဲ့ သာကီဝင်မင်းသားရဲ့ ဥယျာဉ်အရံကို လှူဒါန်းခဲ့ပါတယ်။ သာကီဝင်မင်းတွေက အလွန် မာန်မာနကြီးသူတွေ ဖြစ်တဲ့အလျောက် ဗုဒ္ဓမြတ်စွာထက် အသက်ရွယ် ငယ်ရွယ်သူတွေကသာ လက်အုပ်ချီမိုးပြီး ရှိခိုးကြပါတယ်။ ဗုဒ္ဓမြတ်စွာထက် အသက်အရွယ် ကြီးသူ သာကီဝင်မင်းများကတော့ ရှိခိုးခြင်း မပြုဘဲ နောက်ကနေသာ ခရီးဦး ကြိုဆိုကြပါတယ်။ မာန်မာနထောင်လွှားတဲ့ ဆွေတော်မျိုးတော်များကို ချေချွတ်ဖို့အတွက် ကောင်းကင်ယံထက်မှာ ယမိုက်ပြာဋိဟာ တန်ခိုးတော်ကို ပြတော်မူပါတယ်။ အဲဒီနောက် စိုစေလိုသူကိုသာ စိုစွတ်စေပြီး မစိုစေလိုသူတွေကို မစိုစွတ်စေတဲ့ ပေါက္ခရဝဿမိုးကြီး ရွာသွန်းတယ်လို့ ဗုဒ္ဓဝင်များမှာ ဖော်ပြထားပါတယ်။
နိဂြောဓာရုံကျောင်းတော်ရာ(@ Kudan)
နိဂြောဓာရုံ ကျောင်းဝင်းအတွင်းရှိ ပေါက္ခရဏီကန်
နိဂြောဓာရုံ ကျောင်းဆောင် (၁)

နိဂြောဓာရုံ ကျောင်းဆောင် ၂
စေတီပျက် ကုန်းမြင့် အမှတ် (၃)

ရှေးဟောင်းသုတေသနဌာနက ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ နိဂြောဓာရုံဝင်းအတွင်းကို ဝင်လိုက်တာနဲ့ ပေါက္ခရဝဿမိုး ရွာသွန်းဖြိုးစဉ်က ဖြစ်ပေါ်လာခဲ့တယ်လို့ ယူဆရတဲ့ ပေါက္ခရဏီ ကြာကန်ကို တွေ့ရပါတယ်။ ကြာကန်ရဲ့ အနောက်ဖက် ကပ်လျှက်မှာတော့ ပင်မကျောင်းဆောင် (အမှတ် ၁) ရှိပါတယ်။ ကျောင်းဆောင်ထက်ကို သံလှေကားကနေ တက်လို့ ရပါတယ်။ အပေါ်မှာ ဟိန္ဒူဘာသာဝင်တွေ စိုက်ထူထားတဲ့ သီဝလိင်ကို တွေ့ခဲ့ရပါတယ်။ ဒီကျောင်းရဲ့ မြောက်မှာ ရေတွင်း တတွင်းနဲ့ ကျောင်းဆောင် အမှတ် (၂) တို့ ရှိပါတယ်။ ရေကန်ရဲ့ တောင်ဖက်မှာ ရှိတဲ့ စေတီကုန်းမြင့်လေးကိုတော့ ရှေးဟောင်းသုတေသနဌာနက တူးဖော်ခြင်း မပြုရသေးပါဘူး။ ဒီကုန်းရဲ့ အထက်မှာ အစ္စလာန် အဆောက်အအုံတစ်ခု ဆောက်ထားတာကို တွေ့ခဲ့ရပါတယ်။ ဧည့်လမ်းညွှန်တွေက ဒီစေတီကုန်းလေးဟာ သားတော်ရာဟုလာကို သာသနာ့အမွေ ပေးတဲ့အနေနဲ့ ရှင်သာမဏေပြုပေးတဲ့ နေရာ အထိမ်းအမှတ် စေတီလို့ ရှင်းပြပါတယ်။ “ရှင်သာမဏေအစ နိဂြောဓာရုံက” လို့ အဆို ရှိခဲ့ပါတယ်။ ထို့အတူ မိထွေးတော် ဂေါတမီ ဦးဆောင်တဲ့ အမျိုးသမီးများက ဘိက္ခုနီအဖြစ် သာသနာဘောင် ဝင်ခွင့် ပြုဖို့ လျှောက်ထားခဲ့တာလည်း နိဂြောဓာရုံမှာပဲ ဖြစ်ပါတယ်။ လျှောက်ထားစဉ်ကတော့ ခွင့်မပြုခဲ့ပါဘူး (ဘိက္ခုနီသာသနာကို ဝေသာလီပြည်မှာ စတင်ခွင့်ပြု ခဲ့တာဖြစ်ပါတယ်)။ အမျိုးသမီးတွေကို ပိုင်ဆိုင်စရာ ပစ္စည်းအဖြစ် သဘောထား ဆက်ဆံလေ့ရှိတဲ့ အိန္ဒိယ လူ့မှုအသိုင်းအဝိုင်းထဲမှာ ယောက်ျားသားများနဲ့ တန်းတူ ရဟန်းခံခွင့်ကို တောင်းဆိုခဲ့တဲ့ မိထွေးတော် ဂေါတမီကို ဗုဒ္ဓခေတ်ရဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတစ်ဦး အဖြစ် တင်စားနိုင်မယ် ထင်ပါတယ်။