ဤနေ့သည် သာသနာတော်နှစ် ၂၅၅၇ ခုနှစ်၊ မြန်မာ သက္ကရာဇ် ၁၃၇၅ခုနှစ် ဝါဆိုလပြည့်နေ့ဖြစ်ပါသည်။
ဥပုသ်သီလဆောက်တည်ရန် စိတ်ပိုင်းဖြတ်ထားသဖြင့် မနေ့ညက အိပ်ရသည်ပင် ဖြောင့်ဖြောင့် အိပ်မပျော်၊ နိုးကြားစိတ်ဖြင့် အိပ်တဝက် နိုးတဝက် ဖြစ်နေခဲ့သည်။
အလုပ်သွားရမည် ဖြစ်၍ ၁၂နာရီ မထိုးမီ နေ့လည်စာ စားနိုင်ရန် ထမင်းဗူးအတွက်လည်း မနေ့ကတည်းကပင် ကြိုတင် ချက်ထားပြီး ဖြစ်သည်။ ရေချိုးပြီး မည်သည့် နံသာမှ ကိုယ်တွင် မလိမ်းမိရန် သတိရသည်။ ရေချိုးဆပ်ပြာသုံးစဉ်ကလည်း ချေးညှော် ကင်းစင်ရန်အတွက်ပင် ရည်ရွယ်ခဲ့သည်။ ဘလောက်အင်္ကျီ အဖြူတထည်နှင့် ကိုယ်တွင် ကပ်မနေသည့် ဘောင်းဘီဝါညိုညိုကို ရွေးချယ် ဝတ်ဆင်လိုက်သည်။ မှန်တွင် ကြည့်မိသော် မျက်နှာ ဖြူလျော်လျော်နှင့် အပြင်သွားရမည်ကို အနည်းငယ်တွန့်ဆုပ်မိသလိုရှိ၍ ဘုရားရှိခိုး သီလမယူခင် ကရင်ပတ်ဗူးမှ တို့ပတ်ဖြင့် မျက်နှာကို ဟိုဘက်ဒီဘက် သုံးလေးချက်ဆွဲလိုက်သည်။
သြကာသ ကန်တော့ချိုးဖြင့် ဘုရားရှိခိုးပြီး ရှစ်ပါးသီလ ခံယူလိုက်သည်။ သီလဆောက်တည်နေစဉ်အတွင်း သတ္တဝါတွေအပေါ် မေတ္တာဖြင့် နေပါမည်ဆိုသော စိတ်ကို မွေးမြူရန် သတိရရင်း ရုံးသို့ ထွက်လာခဲ့သည်။
ပုံမှန်အားဖြင့် ရုံးတက်ချိန် ငါးမိနစ် ဆယ်မိနစ် နောက်ကျရောက်တတ်သော်လည်း၊ ဤယနေ့တွင်တော့ဖြင့် ရုံးချိန်အမှီရောက်ရန် ဝီရိယ ထားခဲ့သည်။ သီလဖြင့် ကိုယ်သည် အချိန်ကိုလည်း မခိုးအပ်ရာ။
မျက်နှာချင်းဆိုင် ထိုင်သော ညီမ (အသက်အားဖြင့် ငယ်၍ ရာထူးအားဖြင့် ကြီးသူ) ရောက်လာသည်။ သီလ ယူထားသဖြင့် ဘာမှ လိမ်းချယ်မထားသော မျက်နှာကို မြင်၍ “အမ ကတော့ မနေနိုင်လို့ မျက်နှာကို ဘုတ် ..ဘုတ်.. ဘုတ် ..ဘုတ်.. ပုတ်လာတယ်” ဟု ရယ်ပြော ပြောရင်း… မှန်သော စကားကို ဆိုပေသော ငါ ဟု ကိုယ်ကိုကိုယ် တွေးထင်လိုက်သေးသည်။
သီလ ဆောက်တည်ခြင်းသည် ကိုယ်နှင့် နှုတ်ကို စင်ကြယ်စေခြင်း ဖြစ်သည်။
နံ့သာလိမ်းခြင်း မှ ရှောင်ကြဉ်ပါ၏ ဟု ကတိကဝတ်မပြုမီ၊ နံ့သာ ကို တင်ကြို လိမ်းထားလိုက်ခြင်းဖြင့် လက်တလုံးခြား လုပ်သည်။ အမှန်မှာ ဤသီလဝတ်ကို ဖြည့်ကျင့်မည်ဆိုပါက လိမ်းနှင့်ထားပြီးသော နံ့သာ ရှိလျှင်ပင် ပယ်ဖျက်ပစ်သင့်သည်။ သန့်စင်ခန်းမှ ရေဘုံဘိုင်တွင် လက်ဝါးခံ၍ မျက်နှာချေတို့ကို ပယ်ဖျက် ပစ်လိုက်ပါလေပြီ။
မိမိသည် ရိုရိုသေသေ စောင့်ထိန်းပါမည်ဟု ရည်ရွယ်ထားသော သီလကို လက်တလုံးခြား လုပ်မိလေသည်။ ဤနည်းနှယ်ပင် မေတ္တာကို၎င်း၊ သစ္စာကို၎င်း၊ ကိုယ်ကျင့်တရားကို၎င်း၊ ဥပဒေကို၎င်း လက်တလုံးခြား လုပ်မိခဲ့သော အခါပေါင်း မရေတွက်နိုင်ပြီ။ လက်တလုံးခြား ဆိုသည်မှာ မိမိက အမည်တပ်သော လက်တလုံးခြားဖြစ်သည်။ တရားသဘော အရမူ လက်တလုံးသာ ခြားသည်မဟုတ်၊ အဖြူသည် အဖြူ ဖြစ်၍ အမည်းသည် အမည်းဖြစ်လေသည်။
0 comments:
Post a Comment