Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Sunday, September 2, 2018

အမြင့်သို့ အာရုံညွှန့်တက်ခြင်း

ပင်လယ်ကမ်းခြေအနီးက ကျောက်ကမ်းပါးပြတ်မှာ ရပ်ရင်း … မျက်စိတဆုံး ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီး၊ ကျောက်ကမ်းပါးကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ရိုက်ခပ်လာတဲ့ ဧရာမလှိုင်းလုံးကြီးတွေကို ကြည့်ပြီး အလွန်ကြီးကျယ်ခမ်းနားတဲ့ သဘာဝအလှအောက်မှာ ကြည်နှုး အံ့ဩမှုနဲ့ စိုးထိတ် သိမ်ငယ်မှုကို အတူတွဲပြီး ခံစားဖူးတယ်။

ဒီလို စီးမိုးတဲ့ အလှမျိုးတွေကို sublimity လို့ ခေါ်လေ့ရှိပါတယ်။ သဘာဝတရားကြီးကသာမက အချို့သော စာတွေကလည်း ဒီလို အလှမျိုး၊ ဒီလိုရသမျိုးကို ပေးတတ်ပါတယ်။ စာပေကရတဲ့ Sublimity ကတော့ စိုးထိတ်မှုအစား … အရေးတကြီး တခုခု လုပ်ဖို့ လို့ပြီလို့ သိလိုက်တဲ့ sense of urgency သံဝေဂအသိမျိုး ….၊ သိမ်ငယ်မှုအစား … “ငါ” ဆိုတဲ့ အတ္တ ပါးလျှ ကြုံလှီသွားစေတဲ့ ခံစားမှုမျိုးကို ပေးတတ်ပါတယ်။ “ငါဟာ ဘာမှ မဟုတ်ပါလား” လို့ သိလိုက်ရတဲ့ အသိက တခါတလေမှာ အငုံ့စိတ် (inferiority complex) ဖြစ်နေနိုင်သလို၊ တခါတလေမှာ အမြင့်ကို လှမ်းညွှတ်နိုင်တဲ့ အသိမျိုးလည်း ဖြစ်နေနိုင်ပါတယ်။


Sublimity ကို ဆရာ တက္ကသိုလ်ဘုန်းနိုင်က အမြင့်ဂုဏ်လို့ ဘာသာပြန်ပါတယ်။ “အမြင့်သို့ အာရုံညွှန့်တက်ခြင်း (သို့မဟုတ်) ကဗျာ” ဆိုတဲ့ အမည်နဲ့ Sublime ဖြစ်တဲ့ ကဗျာတွေအကြောင်း စာတစ်အုပ်ရေးခဲ့ဖူးတယ်။ မြန်မာကဗျာတွေကို အနောက်တိုင်း စာပေဝေဖန်ရေးနယ်က Sublimity ရှုထောင့်ကနေ သုံးသပ်ပြထားတဲ့ စာအုပ်လို့ ဆိုနိုင်ပါတယ်။

sonata-cantata ဆိုတဲ့ ဒီဘလော့ဂ်လေးရဲ့ အမည်ကလည်း ဒီစာအုပ်ကနေပဲ ရခဲ့ပါတယ်။







Thursday, February 15, 2018

သုတ္တန်များနှင့် မိတ်ဖွဲ့ခြင်း

လွန်ခဲ့သည့် ၃-နှစ်ခန့်က စင်္ကာပူနိုင်ငံ သတိပဋ္ဌာန်ရိပ်သာ လူငယ်တရားစခန်းပွဲ တခု၏ Sutta Study အစီအစဉ်အတွက် သုတ္တန် ၅-ပုဒ်ကို ရွေးထုတ် ပေးခဲ့ဖူးသည်။ သုတ္တန်ကောက်နှုတ်ချက်များကို ဖတ်ကြ ဆွေးနွေးကြရန် ဖြစ်သည်။ Sutta Study ဟု အမည်ပေးထားသော်လည်း “သုတ္တန် လေ့လာချက်” သဘောမျိုးထက် သုတ္တန်များနှင့် မိတ်ဆက်ပေးရုံမျှလောက်သာ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ လူတဦးနှင့် တဦး မိတ်ဆက်ပေးပြီးနောက် တရင်းတနှီး မိတ်ဆွေ ဖြစ်သွားကြသည်လည်း ရှိသည်။ ရင်းနှီးမသွားဘဲ တွေ့ဖူး သိဖူးရုံမျှလောက်သာ ဆက်ဖြစ်နေကြသည်လည်း ရှိနိုင်ပါသည်။

လူငယ်အများစုသည် မြန်မာများ ဖြစ်ကြသော်လည်း မြန်မာစာကို ဖတ်နိုင်သူက နည်း၍ အင်္ဂလိပ်စာကို ပို၍ အကျွမ်းဝင်ကြသည်။ ထို့ကြောင့် သုတ္တန်များကို အမေရိကန် ရဟန်းတော် Bhikkhu Bodhi နှင့် Ṭhānissaro Bhikkhu တို့၏ အင်္ဂလိပ်ဘာသာပြန်များကို အဓိက မှီငြမ်း၍ သုတ္တန် ကောက်နှုတ်ချက်များနှင့် ဆွေးနွေးရန် မေးခွန်းများကို ပြင်ဆင်ဖြစ်ခဲ့သည်။ ရွေးထုတ်ခဲ့သည့် သုတ္တန် ၅-ပုဒ်မှာ အောက်ပါ အတိုင်း ဖြစ်သည်။

1. Danger of Lying and Importance of Constant Reflection on Actions (MN61: Ambalaṭṭhikarāhulovāda Sutta)
2. Three Wrong Views Regarding Karma (AN3.62 Titthāyatana Sutta)
3. Present Welfare and Future Welfare (AN8.54 Dīghajāṇu Sutta)
4. Protecting Onself and Protecting Others (SN47.19 Sedaka Sutta)
5. Dealing with Destructive Thoughts (MN20 Vitakkasaṇṭhāna Sutta)

၇-နှစ်သားအရွယ် သားတော် ရာဟုလာကို ဟောကြားခဲ့သည့် အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်သည် ကျောင်းသားအရွယ် လူငယ်များနှင့် သင့်တော်မည်ဟု ယူဆသဖြင့် ရွေးချယ်ဖြစ်ခဲ့သည်။ သုတ္တန်၏ ပထမပိုင်းတွင် အပျော်သဘောဖြင့် ဖြစ်စေ လိမ်ညာ မပြောရန်နှင့် ဆုံးမထားသည်။ သုတ္တန်၏ ဒုတိယပိုင်းတွင် ကိုယ်နှုတ်နှလုံး ၃-ပါးတို့ဖြင့် အမှုတို့ကို မပြုမီ၊ ပြုဆဲ၊ ပြုပြီး ကာလသုံးပါးလုံးတွင် မိမိနှင့် သူတပါးတို့ကို ထိခိုက်ပျက်စီးစေသလောဟု သုံးသပ်ဆင်ခြင်ရန် ဟောကြားထားသည်။ အကယ်၍ မိမိ (သို့မဟုတ်) သူတပါးကို ထိခိုက်ပျက်ပြားစေသည့် မကောင်းမှုမှန်း သိပါက၊ မပြုလုပ်ရသေးလျှင် မပြုဘဲနေရမည် ဖြစ်သည်။ ပြုလုပ်ဆဲ အမှုဖြစ်ပါက ဆက်လက် မပြုဘဲ ရပ်တန်းက ရပ်ရမည်။ ပြုပြီးသောအမှု ဖြစ်ပါက မိမိ၏ အပြစ်ကို ဝန်ခံ၍ နောင်တွင် မပြုမိစေရန် စောင့်ထိန်းရမည်ဟု ဟောကြားထားသည်။ အသောကမင်းကြီး၏ ကျောက်စာများအနက် ကျောက်စာတခုတွင် ဗုဒ္ဓသာသနာ အဓွန့်ရှည်စွာ တည်တန့်နိုင်စေရန်အတွက် လူနှင့် ရဟန်းတို့ လိုက်နာကျင့်သုံးသင့်သည့် သုတ္တန်များ စာရင်းကို ကမ္ပည်း ရေးထိုးထားရာ အမ္ဗလဋ္ဌိက-ရာဟုလောဝါဒသုတ်လည်း ပါဝင်သည်။ ဗုဒ္ဓအဆုံးအမများတွင် ဤသုတ်၏ အရေးပါမှုကို မှန်းဆ ကြည့်နိုင်သည်။

ဗုဒ္ဓအဆုံးအမအရ ကံသည် ရည်ရွယ်ချက်ပါဝင်သည့် လုပ်ဆောင်မှုများ (intentional actions) ဖြစ်သည်။ (သိလျှက်ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေ) ရည်ရွယ်ချက်ပါဝင်သည့် ကိုယ်နှုတ်စိတ် ၃-ပါး လုပ်ဆောင်မှုများ ဖြစ်သည်။ ကံတရားသည် ပစ္စုပ္ပန်ရှုထောင့်အရ လုပ်ဆောင်မှုများ ဖြစ်သည်ဟုဆိုလျှင်၊ အနာဂတ်ရှုထောင့်အရ ထိုလုပ်ဆောင်ချက်၏ အကျိုးဆက်များ (consequences) တနည်း ကံ၏ အကျိုးတရားများနှင့် ဆက်နွယ်နေမည် ဖြစ်သည်။ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်သည် အကျိုးဆက်များကို ဆင်ခြင်သုံးသပ်၍ ပစ္စုပ္ပန် အကြောင်းကံကောင်းစေရန် ဆုံးမသြဝါဒပေးသည့် သုတ်ဖြစ်သည်ဟု ဆိုနိုင်သည်။

မိမိတို့၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များသည် မိမိတွင် တာဝန်ရှိသည်။ အနာဂတ်သည် ပစ္စုပ္ပန်လုပ်ဆောင်မှုများ၏ ဆိုးမွေ ကောင်းမွေကို လက်ခံရသည်။ ထို့အတူပင် ပစ္စုပ္ပန်သည် အတိတ်က လုပ်ဆောင်မှုများ၏ ဆိုးမွေကောင်းမွေကို လက်ခံရသည်။ “ကမ္မ” သည် မိမိတို့၏ ကောင်းဆိုး လုပ်ဆောင်မှုများဖြစ်၍ “သက” သည် ကိုယ်ပိုင်ဥစ္စာဖြစ်သည်။ မိမိတို့ ပြုသော အမှုများ၏ အကျိုးဆက်ကို မိမိတို့ ပိုင်ဆိုင်သည်၊ မိမိတို့ လုပ်ဆောင်မှုများအတွက် မိမိတို့တွင် တာဝန်ရှိသည်ဟူသော အမြင်ကိုပင် ကမ္မဿကတ အမြင်ဟု ဆိုရသည်။ လောကတွင် ကမ္မဿကတအမြင်နှင့် ဆန့်ကျင်သည့် အမြင်မှားများ ရှိသည်။ ကမ္မဿကတအမြင်နှင့် ထိုအမြင်မှားတို့၏ ခြားနားချက်ကို နားလည်သဘောပေါက်မှသာလျှင် မှန်ကန်သည့် ကမ္မဿကတအမြင် ရနိုင်သည်။ Sutta Study အစီအစဉ်အတွက် ဒုတိယမြောက် သုတ်အဖြစ် ရွေးချယ်ခဲ့သည့် တိတ္ထာယတနသုတ်သည် ကံတရားနှင့် ပတ်သက်သည့် အမြင်မှား သုံးမျိုးကို Responsibility ရှုထောင့်မှ ငြင်းပယ်ထားသည့် သုတ်ဖြစ်သည်။

မျက်မှောက်တွင် တွေ့ကြုံခံစားနေရသမျှသည် (၁) အတိတ်ကပြုခဲ့သော ကံများကြောင့် (ပုဗ္ဗေကတဟေတု) ဖြစ်သည်ဟု အချို့က ယူဆသည်။ (၂) ဘုရားသခင်က ဖန်ဆင်းသောကြောင့် (ဣဿရနိမ္မာနဟေတု) ဖြစ်သည်ဟု အချို့က ယုံကြည်သည်။ (၃) အကြောင်းမရှိဘဲ သူသဘောအလျှောက် (အဟေတုက) ဖြစ်ရသည်ဟု အချို့က ဆိုသည်။ ပထမအမြင်အရ ဆိုလျှင် လူသတ်သမား တယောက်သည် မိမိ၏ အတိတ်ကံကြောင့် လူသတ်သမား ဖြစ်လာခြင်း ဖြစ်ပေလိမ့်မည်။ ဒုတိယအမြင်အရ ဆိုလျှင် လူသတ်သမားအဖြစ် ဘုရားသခင်က ဖန်ဆင်းခဲ့၍ (သို့မဟုတ်) ဘုရားသခင် အလိုတော်အတိုင်း လူသတ်သမား ဖြစ်နေရခြင်း ဖြစ်ပေမည်။ တတိယအမြင်အရ ဆိုလျှင် အကြောင်းရင်း မရှိဘဲ လူသတ်သမား ဖြစ်နေရခြင်း ဖြစ်မည်။ ဤအမြင်သုံးမျိုးကို လက်ခံယုံကြည်ထားပါက မိမိတို့၏ ညစ်ထေးသည့် စိတ်ထား၊ အပြောအဆို၊ အပြုအမူတို့ကို ပြုပြင်ရန် “လုပ်သင့်သည်ကို လုပ်ရန်၊ မလုပ်သင့်ကို မလုပ်ရန်အတွက် ဆန္ဒနှင့် ကြိုးစားအားထုတ်မှုတို့ ဖြစ်ပေါ်လာမည် မဟုတ်တော့။ မည်သည်ကို လုပ်သင့်၍၊ မည်သည်ကို မလုပ်သင့်ဟုလည်း မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာ သိနိုင်တော့မည် မဟုတ်။ လုပ်သင့် မလုပ်သင့်ကို သတိဖြင့် စောင့်စည်း ထိန်းသိမ်းနေမည်လည်း မဟုတ်တော့။” ထို့ကြောင့် ထိုအမြင် ၃-မျိုးတို့ကို (တာဝန်ယူစိတ် ကင်းသည့် အမြင်များအဖြစ်) တိတ္ထာယတနသုတ်တွင် ငြင်းပယ်ထားသည်။

ဤနေရာတွင် အရာရာသည် ကံကြောင့် ဖြစ်ပေါ်လာရသည်ဟူသည့် ပထမအမြင်သည် ဗုဒ္ဓ၏ ကမ္မဿကတဝါဒနှင့် မတူကြောင်း သတိပြုရန်လိုသည်။ ကံတရားတိုင်း၏ အကျိုးဆက်သည် မိမိတွင် တာဝန်ရှိသည် မှန်သော်လည်း၊ ဖြစ်ပေါ် ခံစားနေရသမျှသည် ကံတရားကြောင့်သာ ဖြစ်ရသည် မဟုတ်။ ကံတရားသည် အကြောင်းတရားများအနက်မှ တခုသော အကြောင်းသာ ဖြစ်သည်။ တိတ္ထာယတနသုတ် ပထမပိုင်းတွင် မှားယွင်းသည့် အမြင် ၃-မျိုးကို ငြင်းပယ်ထားပြီးနောက်၊ ဒုတိယပိုင်းတွင် မှန်ကန်သည့် အမြင်ကို ပြရန်အတွက် ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ဟောကြားထားသည်။ သို့သော် သိပ်နက်လွန်းသွားမည် စိုး၍ Sutta Study ကောက်နှုတ်ချက်တွင် မထည့်ဘဲ ချန်လှပ်ခဲ့ရပါသည်။

တတိယရွေးချယ်ခဲ့သည့် ဒီဃဇာဏုသုတ်သည် မျက်မှောက်နှင့် တမလွန် ကောင်းကျိုးချမ်းသာကို ရစေနိုင်မည့် နည်းလမ်းကို ညွှန်ပြထားသည်။ မျက်မှောက် ကောင်းကျိုးချမ်းသာအတွက် (၁) ကုသိုလ်၊ ပညာ၊ ဥစ္စာရှာဖွေရာတွင် ထကြွနိုးကြားမှု ရှိခြင်း (ဥဋ္ဌာနသမ္ပဒါ) (၂) ရရှိထားသည့် စည်းစိမ်ဥစ္စာတို့ကို စောင့်ရှောက်မှု ရှိခြင်း (အာရက္ခသမ္ပဒါ) (၃) အတုယူထိုက်သည့် သဒ္ဓါ, သီလ, စာဂ, ပညာနှင့် ပြည့်စုံသည့် မိတ်ဆွေကောင်း ရှိခြင်း (ကလျာဏမိတ္တတာ) (၄) ဝင်ငွေထွက်ငွေကို မျှတစွာ သုံးစွဲအသက်မွေးခြင်း (သမဇီဝိတတာ) ဟူသည့် သမ္ပဒါတရားလေးပါးနှင့် ပြည့်စုံစေရသည်။ တမလွန် ကောင်းကျိုးချမ်းသာကို ရစေရန်အတွက် (၁) သဒ္ဓါ (၂) သီလ (၃) စာဂ (၄) ပညာဟူသည့် သူတော်ကောင်းတရား လေးပါးကို ပြည့်စုံစေရသည်။ ဤနေရာတွင် အထက်က ပြခဲ့သည့် ကလျာဏမိတ္တတာသည် ဤသူတော်ကောင်းတရား လေးပါးအရာတွင် အားကျအတုယူလောက်သည့် မိတ်ဆွေကောင်းမျိုးနှင့် ပြည့်စုံခြင်းကို ဆိုလိုကြောင်း တွေ့နိုင်သည်။ ပညာသမ္ပဒါတွင် ပညာသည် သာမန် ဗဟုသုတအသိပညာမျိုး၊ တွေးခေါ်မျှော်မြင်မှုမျိုးမျှကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းသဘောကို ထိုးထွင်းသိမြင်သည့် ဝိပဿနာပညာမျိုးကို ဆိုလိုကြောင်းတွေ့ရမည် ဖြစ်သည်။

မျက်မှောက်ဘဝ အကျိုးစီးပွားများကို ဖြစ်စေနိုင်သည့် ဘဝနေထိုင်နည်းမှသည် လောကုတ္တရာ ကောင်းကျိုးချမ်းသာကို ရရှိစေရန် ဝိပဿနာတရားပွားများ အားထုတ်ရန် လမ်းညွှန်သည့် သုတ္တန်ဖြစ်သဖြင့် လူငယ်တရားစခန်းအတွက် သင့်တော်မည်ဟု ယူဆသောကြောင့် ဒီဃဇာဏုသုတ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဒီဃဇာဏုသုတ်သည် လောကီနှင့် လောကုတ္တရာကို မျက်မှောက်နှင့် တမလွန် (ဒိဋ္ဌဓမ္မိက-သမ္ပရာယိက) ဟူသည့် အချိန်ကာလရှုထောင့် (temporal aspect) မှ ရှုမြင်သည့် သုတ်ဖြစ်သည်ဟု ဆိုလျှင် စတုတ္ထမြောက် ရွေးချယ်ခဲ့သည့် သေဒကသုတ်သည် လောကီနှင့် လောကုတ္တရာကို မိမိနှင့် သူတပါးဟူသည့် အတွင်း-အပြင်ရှုထောင့် (spatial aspect) မှ ရှုမြင်သည့် သုတ်ဖြစ်သည်ဟု ဆိုနိုင်သည်။

သေဒကသုတ်သည် ဝါးတိုင်ထိပ်ဖျားတွင် ဂျွမ်းကစား၍ ကပြဖျော်ဖြေရသည့် ဆရာတပည့်နှစ်ဦးကို ပုံဆောင်ကာ ဟောကြားထားသော သုတ်ဖြစ်သည်။ အန္တရာယ် မဖြစ်စေရန်အတွက် တဦးကို တဦး လုံခြုံအောင် စောင့်ရှောက်ပြီး ကပြကြရန် ဆရာက ဆိုသည်။ ထိုအခါ တပည့်က မိမိကိုယ် မိမိလုံခြုံအောင် စောင့်ရှောက်၍ ကပြကြရန် ဆိုသည်။ ဤအဆိုနှစ်ရပ်တွင် ဗုဒ္ဓက တပည့်ဖြစ်သူ၏ အဆိုကို ပို၍ သဘောကျသည်။ ဗုဒ္ဓဝါဒအရ သူတစ်ပါးကို ကာကွယ် စောင့်ရှောက်ခြင်းထက် မိမိကိုယ်ကို အားကိုးခြင်း၊ မိမိကိုယ်ကို လုံခြုံအောင် ထိန်းသိမ်းခြင်းကို လေးထားသည်။ မိမိကိုယ်ကို မိမိ လုံခြုံအောင် စောင့်ရှောက်လျှင် သူတပါးကို စောင့်ရှောက်ရာလည်း ရောက်သည်။ သူတပါးကို စောင့်ရှောက်ရာတွင်လည်း မိမိကိုယ် မိမိ လုံခြုံအောင် စောင့်ရှောက်ရာရောက်သည့် နည်းမျိုးဖြင့် စောင့်ရှောက်ရသည်။ သူတပါးကို သည်းခံခြင်း၊ မညှင်းဆဲခြင်း၊ မေတ္တာထားခြင်း၊ အစဉ်သနားခြင်းတို့ဖြင့် စောင့်ရှောက်လျှင် မိမိကိုယ်ကို စောင့်ရှောက်ရာလည်း ရောက်သည်၊ သတိပဋ္ဌာန်တရား လေးပါးကို ပွားများဖြင့် မိမိကို မိမိ စောင့်ရှောက်သူသည် သူတပါးကို စောင့်ရှောက်ရာလည်း ရောက်သည်ဟု ဟောကြားထားသည်။ တနည်းအားဖြင့် လောကီသဘောအရ ပတ်ဝန်းကျင်ဖြင့် ဆက်ဆံရာတွင် ဗြဟ္မစိုရ်တရားလေးပါးကို အခြေခံရသည်။ လောကုတ္တရာသဘောအရ မိမိ၏ အားကိုးအားထားအဖြစ် သတိပဋ္ဌာန်တရားလေးပါးကို ပွားများအားထုတ်ခြင်းကို အခြေခံရသည်။

တရားအားထုတ်ရာတွင် ဖြစ်စေ၊ အခြားသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် ဖြစ်စေ လမ်းချော်သွားစေနိုင်သည့် အဖျက်စိတ်များ (destructive thoughts) ဝင်လာတတ်သည်။ မိမိ၏ ရည်မှန်းချက်ပန်းတိုင်မှ သွေဖီသွားစေနိုင်သည့် အတွေးများကို ဖယ်ရှားနိုင်သည့် နည်းလမ်းများကို ဝိတက္ကသဏ္ဌာနသုတ်က လမ်းညွှန်ပေးသည်။ (၁) အဖျက်အတွေးများ ပေါ်လာပါက အပြုသဘောဆောင်သည့် အာရုံများကို ပြောင်း၍ နှလုံးသွင်းရသည် (၂) အဖျက်အတွေးများ၏ အပြစ်ကို စက်ဆုပ်ဖွယ်ဖြစ်လာအောင် ဆင်ခြင်ရသည်။ (၃) အဖျက်အတွေးများကို နှလုံးမသွင်းဘဲ နေရသည်။ (၄) မရပါက ထိုအဖျက်အတွေးတို့ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို ဆင်ခြင်၍ ထိုအတွေးများ တဖြည်းဖြည်း ငြိမ်ဝပ်သွားစေရန် အားထုတ်ရသည်။ (၅) မည်သို့မျှ မရခဲ့လျှင် နောက်ဆုံးအဆင့်အနေဖြင့် အံကို ကြိတ်ကာ မိမိ၏ စိတ်အင်အား (will-power) ကို အသုံးချ၍ အတွေးဆိုးများကို ဖယ်ထုတ်ရသည်ဟု နည်းလမ်း ၅-သွယ်ကို ဥပမာများဖြင့် ဝိတက္ကသဏ္ဌာနသုတ်တွင် ရှင်းလင်းထားသည်။ ဘဝအောင်မြင်မှုအတွက် IQ ထက် စိတ်ဓာတ်ကြံ့ခိုင်မှု (Grit) က ပို၍ အရေးပါကြောင်းကို သုတေသနပြုရင်း ထင်ပေါ်ကျော်ကြားလာခဲ့သည့် စိတ်ပညာရှင် Angela Duckworth ၏ “Self-Control in School-Age Children” စာတမ်းတွင် လမ်းညွှန်ထားသည့် နည်းလမ်းများနှင့် အတော်လေး နီးစပ်နေသည်ကို တွေ့ရသည်။ မိမိကို မိမိ အောင်မြင်ခြင်းသည် အခြားသော အောင်မြင်မှုများထက် ပို၍ အဖိုးထိုက်တန်သဖြင့်၊ ဝိတက္ကသဏ္ဌာနသုတ်ကို လူငယ်တို့ ဖတ်စေလိုသော ဆန္ဒဖြင့် ရွေးချယ် ဖြစ်ခဲ့ပါသည်။

တရားစခန်းဝင်သည့် လူငယ်များ သုတ္တန်တို့နှင့် တရင်းတနှီး မိတ်ဆွေဖြစ်ကာ ဆက်လက် ဖတ်ရှုဖြစ်ကြသလားတော့ မသိပါ။ တွေ့ဖူး သိဖူးရုံမျှ ဖြစ်ခဲ့လျှင်လည်း အကျိုးတော့ မနည်းတန်ရာဟု ယူဆမိပါသည်။






Sunday, February 4, 2018

Note on Active Reading & Active Learning

တက္ကသိုလ်မှ စာပေသင်ကြားပို့ချမှုနှင့် ပတ်သက်၍ (အမေရိကန် စာရေးဆရာ Mark Twain ပြောဖူးသည့်) စကားတခု ရှိသည်။ “လက်ချာဆိုသည်မှာ ဆရာနှင့် ကျောင်းသားတို့၏ ဦးနှောက်တို့ကို မသုံးလိုက်ရဘဲ ဆရာ၏ စာအုပ်ထဲမှ မှတ်စုများက ကျောင်းသား၏ မှတ်စု စာအုပ်ထဲသို့ ရောက်သွားသည့် ဖြစ်စဉ်တခုဖြစ်သည်” ဟူ၏။ ဤစကားနှင့် ဆက်စပ်၍ မော်တီမာ အက်ဒလာ (Mortimer Adler) က “How to Read a Book: The Art of Getting a Liberal Education” စာအုပ်တွင် ဦးနှောက်မသုံးဘဲ လက်ချာလိုက်ခြင်းနှင့် ဦးနှောက်မသုံးဘဲ စာဖတ်ခြင်းတို့ကို နှိုင်းယှဉ်ပြထားသည်။ စာဖတ်ရာ၊ လက်ချာလိုက်ရာတွင် ဗဟုသုတ အချက်အလက်တို့ ရရုံသာမက နားလည်သဘောပေါက်ရန်လည်း လိုအပ်သည်။ နားလည် သဘောပေါက်ရန် အသိဉာဏ်ပွင့်လင်းရန် အတွက်ဆိုလျှင် စိတ်ကို အလုပ် မပေးဘဲ လက်ချာလိုက်၍ မရ၊ စာဖတ်၍ မရ။

စိတ်ကို အလုပ်ပေးသည့် စာဖတ်နည်းကို ရှင်းပြရန် အက်ဒလာက သူ့စာသင်ခန်းမှ အတွေ့အကြုံကို ပြန်လည် ဖောက်သည်ချသည်။ အက်ဒလာ၏ စာသင်ခန်းအတွင်းမှ ကျောင်းသားတို့အား ဆွေးနွေး မေးမြန်းသွားသည်များမှာ စာအုပ်တအုပ်၊ ဘာသာရပ်တခု၊ အကြောင်းအရာ တမျိုးတည်းအတွက်သာ အသုံးတဲ့သည် မဟုတ်။ အတော်လေး ယေဘုယျကျသည့် ဆွေးနွေးမေးမြန်းချက်များ ဖြစ်နေပါသည်။ ထိုအကြောင်းကို ဖတ်ရင်း အင်္ဂုတ္တရနိကာယ်မှ စာတကြောင်းက အတွေးထဲသို့ ဝင်လာသည်။

သော တဿ ဗဟုကဿ သုတဿ အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဟောတိ။ (အံ.၄.၆၊ အပ္ပဿုတသုတ်)
ထို အကြားအမြင် ဗဟုသုတများသူသည် အနက်ကို သိ၍ တရားကို သိ၍ တရားနှင့်လျော်ညီသော အကျင့်ကို ကျင့်သူဖြစ်၏။

ပိဋကတ်ပါဠိတော်လာ ဖြစ်သည့်အတွက် လောကုတ္တရာတရားကို ရည်ရွယ်ခြင်းဖြစ်ကြောင်း အထူး ပြောနေရန် မလိုပါ။ သို့သော် ဤနေရာတွင် ယင်းဠိဝါကျ၏ အနက်အဓိပ္ပါယ်နှင့် အက်ဒလာ၏ ဆွေးနွေးမေးမြန်းချက်များကို ဆက်စပ်ကာ လောကီရှုထောင့်မှနေ၍ စာဖတ်နည်း၊ စာပေလေ့လာသင်ယူနည်း လမ်းညွှန်အဖြစ် တင်ပြလိုပါသည်။

တရားနာယူရာ၊ သင်ခန်းစာပို့ချချက်တို့ကို နားထောင်ရာတွင် ဖြစ်စေ၊ စာအုပ် တအုပ်အုပ်ကို ဖတ်ရှုရာတွင် ဖြစ်စေ၊ ပထမအဆင့်အနေဖြင့် ဓမ္မကထိက ဆရာပြောသွားသည့် သို့မဟုတ် စာရေးသူ ရေးသားတင်ပြသည့် အချက်အလက်အကြောင်း အရာများကို ဗဟုသုတအသိအနေဖြင့် ဦးစွာ ရရှိသည်။ သမိုင်းစာအုပ် ဖြစ်လျှင် သမိုင်းဖြစ်ရပ်များ၊ သက္ကရာဇ်နေ့စွဲများကို သိရမည် ဖြစ်သည်။ ဝတ္ထုတအုပ် ဖြစ်လျှင် ဇာတ်လမ်းဇာတ်ကွက်များ၊ ဇာတ်ကောင်များ၊ ဇာတ်ကောင်စရိုက်များ၊ ခေတ်နောက်ခံ ယဉ်ကျေးမှုနှင့် ဇာတ်ကောင်တို့ ပြောဆိုသွားသည့် စကားများကို သိရမည် ဖြစ်သည်။ ယင်းတို့သည် စာတွင် ရေးထားသည့်အတိုင်း သိခြင်း ဖြစ်၍ သဒ္ဒါအနက် (သဒ္ဒတ္ထ) ကို သိခြင်းဟု ခေါ်နိုင်သည်။

ထို့နောက် သဒ္ဒါအနက်၌သာ ရပ်မနေဘဲ နာကြား မှတ်သားရသည့် စကား၊ ဖတ်ရှုလေ့လာရသည့် စာ၏ အနက်ကို စူးစမ်းဆင်ခြင်ရသည် (သုတာနုသာရေန အတ္ထူပပရိက္ခာယ)။ စာရေးသူက ဘာကြောင့် ဤသို့ ရေးရသည်၊ ဘာကို ဆိုလိုသည်ကို နားလည်အောင် အားထုတ်ရသည်။ စာမှ တဆင့် စာရေးသူ၏ နှလုံးသားနှင့် စေတနာကို မြင်အောင် ကြည့်ရသည်။ စာရေးသူနှင့် စာဖတ်သူတို့၏ အကြားတွင် စကားလုံးများဖြင့်သာ ဆက်သွယ်ထားခြင်း ဖြစ်ရာ စကားလုံးများသည် ပေါင်းကူးတံတား ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် တခါတရံတွင် ထိုစကားလုံးများကပင် စာရေးသူနှင့် စာဖတ်သူကို တားဆီးထားသည့် အဟန့်အတားများလည်း ဖြစ်နေနိုင်ပါသည်။ ဦးနှောက်ကို အလုပ်ပေး၍ အားထုတ်မှသာ ထိုအတားအဆီးကို ကျော်လွှားပြီး စာ၏ ဆိုလိုရင်း အာဘော်ကို မိနိုင်သည်။ ထိုသို့ စာရေးသူ၏ ရည်ရွယ်ချက်နှင့် စာ၏ ဆိုလိုရင်း အာဘော်ကို ထုတ်နိုင်သည်ကို အဓိပ္ပါယ်အနက် (အဓိပ္ပါယတ္ထ) ကို သိခြင်းဟု ဆိုနိုင်ပါသည်။ အထက်တွင် ထုတ်ပြခဲ့သော အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “အနက်ကို သိခြင်း (အတ္ထမညာ)” ဟု သုံးနှုန်းထားသည်။

အနက်သဘောကို သိမြင်ပြီးနောက် ယင်းထက် ပို၍ အခြေခံကျသည့် အကြောင်းရင်း ဓမ္မ (underlying principles)၊ ဖြစ်မြဲ ဓမ္မတာသဘောတရားတို့ကို စူးစိုက်ဆင်ခြင်ရသည်။ ထိုအခါတွင် သိမြင်လာသည့် ဓမ္မသဘောတို့ အလျောက် အသင့်အတင့် နှလုံးသွင်းလက်ခံနိုင်လာသည် (ဓမ္မာနိဇ္ဈာနံ ခမန္တိ)။ လောကုတ္တရာ ရှုထောင့်မှ ပြောရလျှင် ဓမ္မတာသဘောကို သိမြင်ခြင်းသည် အကြောင်းအကျိုးဆက် ပဋိစ္စသမုပ္ပါဒ သဘောတရားကို သိမြင်ခြင်း ဖြစ်သည် (ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ သော ဓမ္မံပဿတိ)။ ပဋိစ္စသမုပ္ပါဒကို သိမြင်ခြင်းသည် ကံ-ကံ၏ အကျိုးကို သိမြင်နားလည်ခြင်း ဖြစ်သည် (ပဋိစ္စသမုပ္ပါဒဒဿာ၊ ကမ္မကောဝိဒါ)။ ထိုသို့ ပဋိစ္စသမုပ္ပါဒ၊ ကမ္မနိယာမ စသည့် ဓမ္မသဘောတို့ကို သိမြင်နားလည်မှ ဗုဒ္ဓမြတ်စွာကို ဖူးမြင်ရသည်ဟု ဆိုနိုင်ကြောင်း ဝက္ကလိရဟန်းအား မိန့်မှာဖူးသည် (ဓမ္မံ ပဿတိ သော မံ ပဿတိ)။ ထို့ကြောင့် လောကုတ္တရာနယ်အရ အတ္ထကို သိမြင်ခြင်းမှ ကျော်လွန်ကာ ဓမ္မကို သိမြင်သော အဆင့်သည် အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။

လောကီရှုထောင့်အရ ဆိုလျှင်လည်း နိယာမသဘောတို့ကို သိမြင်နားလည်ခြင်းက အလွန်ပင် အရေးပါသည်။ သမိုင်းစာအုပ်ကို ဖတ်သူသည် သမိုင်းနိယာမကို နားလည်သဘောပေါက်၍ သမိုင်းအမြင် ရရှိလာရန် ဖတ်ရှုရသည်။ သိပ္ပံပညာစာပေကို ဖတ်ရှုလေ့လာသူသည် သိပ္ပံနိယာမများကို နားလည် သဘောပေါက်ရန် အားထုတ်ရသည်။ ထိုသမိုင်းနိယာမများ၊ သိပ္ပံနိယာမများကို လက်တွေ့ဘဝ အတွေ့အကြုံများနှင့် ဆက်စပ် နားလည်နိုင်ရန် ကြိုးပမ်းရသည်။ ဝတ္ထုစာပေ ဖတ်ရှုသူသည် ဇာတ်ကောင်တို့၏ စရိုက်သဘာဝများ၊ ဇာတ်လမ်းများမှ တဆင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသည့် တကယ့် လူများတွင်လည်း စာထဲတွင်တွေ့ရသည့် လူ့ဘဝ၊ လူ့မနောတို့ ရှိနေသည်ကို သတိပြုမိလာမည် ဖြစ်သည်။ အခြားဖတ်ဖူးသည့် စာများတွင် တွေ့ရသည့် လူ့သဘာဝတို့နှင့်လည်း ဆက်စပ် နားလည်လာသည်။ စာပေမှရသည့် ပတ်ဝန်းကျင်သတိကို အခြေခံကာ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အကြောင်းအကျိုးတို့ကို သိမြင်နားလည်လာသည်။ ဤသို့ ပတ်ဝန်းကျင်သတိနှင့် ဘဝအသိအမြင်တို့ ရရှိလာခြင်းကို စာ၏ ဘာဝတ္ထအနက်ကို သိခြင်း (တနည်း) ပန်းတိုင်အနက်ကို သိခြင်းဟု ခေါ်သည်။ အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “ဖြစ်မြဲ ဓမ္မတာ နိယာမ သဘောတရားကို သိခြင်း (ဓမ္မမညာ)” ဟု သုံးနှုန်းထားသည်။

လောကသဘော၊ လူ့သဘောကို နားလည်၍ ဘဝအသိအမြင်ရှိသူသည် မိမိလက်ခံထားသည့် အသိအမြင်၊ ယုံကြည်ထားသည့် မူအတိုင်း လိုက်နာကျင့်သုံး နေထိုင်နိုင်ရန် ကြိုးပမ်းရသည်။ C.S. Lewis ပြောဖူးသည့် စကားကို ငှား၍ သုံးရလျှင် လောကတွင် နိယာမသုံးခု ရှိသည်။ လူသားသည် ကမ္ဘာ့ဆွဲငင်အား နိယာမကဲ့သို့ သဘာဝနိယာမများ (natural laws) ကို သက်မဲ့ရုပ်ဝတ္ထုများ နည်းတူ လိုက်နာကြရသည်။ ထို့အတူပင် အခြားသော တိရစ္ဆာန်များ နည်းတူ ဇီဝဗေဒနိယာမများ (biological laws) ကို လိုက်နာကြရသည်။ အကောင်းအဆိုး၊ အမှားအမှန်ကို အခြေခံသည့် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသော ကိုယ်ကျင့်နိယာမများ (moral laws) ကမူ လူသားတို့နှင့်သာ သက်ဆိုင်သည်။ လူသည် ပထမနိယာမ နှစ်မျိုးကို မလိုက်နာဘဲနေရန် ရွေးချယ်ပိုင်ခွင့် မရှိ။ ဥပမာ အမြင့်မှ ပြုတ်ကျသည့် လူတဦးသည် “ငါ ဆက်၍ ပြုတ်ကျရင် ကောင်းမလား၊ ပြုတ်မကျဘဲ နေရင် ကောင်းမလား” ဟု ရွေးချယ်ပိုင်ခွင့် မရှိ။ သို့သော် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသည့် လ့ူသဘာဝနိယာမကိုမူ ရွေးချယ်ပိုင်ခွင့် ရှိသည်။ မလိုက်နာဘဲ နေချင် နေနိုင်သည်။ ခရစ်ယာန်တို့က ထာဝရဘုရားရှင် ဖန်ဆင်းထားသည့် လူသားသည် ထိုဘုရားရှင် ချမှတ်ထားသည့် နိယာမတို့ကို လိုက်နာမှသာ ခရစ်ယာန်ပီသမည်ဟု ခံကြယူသည်။ ထို့အတူ ဘာသာမဲ့ လူသားဝါဒီတို့ကလည်း လူသားပီသရန် လူ့ကိုယ်ကျင့်နိယာမများကို လိုက်နာသင့်သည်ဟု ယူဆမည်။ ဗုဒ္ဓဘာသာဝင်များအတွက်လည်း ဗုဒ္ဓဘာသာဝင်ကောင်း တဦးဖြစ်ရန် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုသည့် အဆုံးအမကို လိုက်နာရမည် ဖြစ်သည်။ အကယ်၍ မလိုက်နာပါကလည်း ကမ္မနိယာမအရ မိမိတို့ ရွေးချယ်မှု၏ အကျိုးဆက်ကို တချိန်ချိန်တွင် တနည်းနည်းဖြင့် ရင်ဆိုင်ရမည်ဟု လက်ခံယုံကြည်သည်။ ထို့ကြောင့် လူ့သဘာဝနိယာမကို သိမြင်လက်ခံသူ တနည်း ဓမ္မအမြင်ရှိသူသည် ထိုဓမ္မအမြင်နှင့် သင့်တော် လျောက်ပတ်စွာ ကျင့်သုံးနေထိုင်ရမည် ဖြစ်သည်။ ဤသည်ကိုပင် အထက်တွင်ကိုးကားခဲ့သည့် ပါဠိဝါကျအရ “တရားသဘောနဲ့ အညီကျင့်သုံး နေထိုင်ခြင်း (ဓမ္မာနုဓမ္မပ္ပဋိပတ္တိ)” ဟုဆိုသည်။ လောကီရှုထောင့်အရ ဆိုလျှင်လည်း မိမိတို့ သိမြင်လက်ခံသည့် လောကအမြင်၊ သမိုင်းအမြင်၊ နိုင်ငံရေးအမြင်၊ သိပ္ပံအမြင်တို့နှင့် လိုက်လျောညီထွေ ကျင့်သုံးနေရသည်။ ထိုအမြင်တို့ကို လက်တွေ့ဘဝတွင် အသုံးချနိုင်ရန် ကြိုးပမ်းရသည်။

အချုပ်အားဖြင့် ဆိုလျှင် ဆရာ့ မှတ်စုကို လိုက်ကူးရုံ သက်သက် စာပေသင်ယူမှုမျိုး၊ ဇာတ်လမ်းသိရုံ ဗဟုသုတရရုံ စာပေဖတ်ရှုမျိုးမှ တဆင့်တက်လိုပါက စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်လိုသည်။ စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်အတွက် အောက်ပါ မေးခွန်း ၅-မျိုးကို ထုတ်၍ မိမိ၏ စိတ်ကို လှုံ့ဆော်ကာ အလုပ်ပေးနိုင်ပါသည်။

(၁) စာမှ မည်သည့် အချက်အလက်များ မည်သည့် ဗဟုသုတများ ရပါသလဲ (knowledge and information)
(၂) ယင်းတို့သည် မည်သို့ အရေးပါ၍၊ မည်သည့် အနက်အဓိပ္ပါယ်များ သက်ရောက်ပါသလဲ (significance and meanings)
(၃) မိမိဘဝအတွေ့အကြုံ၊ အခြားသော ဖတ်ဖူးသည့် စာ၊ ကြားနာမှတ်သားဖူးသည့် ဗဟုသုတတို့နှင့် ဆက်စပ် ကြည့်နိုင်ပါသလား (awareness, observation and generalization)
(၄) နောက်ခံ ဗဟုသုတ၊ အတွေ့အကြုံများနှင့် ဆက်စပ်ဆင်ခြင်ပြီး အရင်းခံကျတဲ့ နိယာမသဘောတရားကို ထုတ်ဖော်နိုင်ပါသလား။ မည်သည့် လောကအမြင်၊ ဘဝအမြင်မျိုး ရှိသင့်ပါသလဲ (underlying principle and world view)
(၅) လူ့လောကနိယာမ၊ သဘာဝနိယာမတို့ကို လက်တွေ့တွင် မည်သို့ ပြန်လည် အသုံးချနိုင်ပါသလဲ။ မိမိသိမြင်လက်ခံထားသည့် လောကအမြင်၊ ဘဝအမြင်တို့ အတိုင်း ကျင့်သုံး နေထိုင်ရန်အတွက် မည်သည့် အချက်များကို ပြုပြင်သွားသင့်ပါသလဲ့။ လူ့လောကသဘာဝနှင့် လိုက်လျောညီထွေ ဖြစ်ရန် မည်သို့ နှလုံးသွင်း နေထိုင်သင့်ပါသလဲ။ (application of the principle, or living with the principle)

စာညွှန်း။
Mortimer Adler - How to Read a Book: The Art of Getting a Liberal Education
ဦးရွှေအောင် - စာဖတ်သူများ
ဇော်ဂျီ - ရသစာပေ၏ သဘော



Friday, January 6, 2017

သူတို့ ရွာမှာ...

အမျိုးသားရဲ့ ကုမ္ပဏီတွင်း အလုပ်နေရာ ပြောင်းရွှေ့မှုကြောင့်၊ August 5, 2016 နေ့ နံနက်ဝေလီဝေလင်းအချိန်မှာ စင်္ကာပူနိုင်ငံကနေ အမေရိကန်နိုင်ငံ၊ Colorado ပြည်နယ် Longmont မြို့လေးကို ထွက်လာခဲ့ပါတယ်။ နေ့သစ်တနေ့ရဲ့ သက်ဝင်လှုပ်ရှားမှုတွေ မစတင်မီ၊ ငြိမ်သက်နေတဲ့ မြို့တော်ကို တိတ်တဆိတ် ခွဲခွာခဲ့ရပါပြီ။ အနှစ် နှစ်ဆယ်အတွင်း အလျဉ်းသင့်သလို ခိုကပ်ခဲ့တဲ့ သံယောဇဉ်တွေက မျက်ဝန်းမှာ မိုးညိုစေခဲ့ပါတယ်။

Colorado ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ Denver မြို့ International လေဆိပ် ကို ညနေ ၆နာရီလောက်ရောက်ပါတယ်။ လေဆိပ်ကနေ Longmont မြို့ကို taxi ငှားလာပါတယ်။ ကျယ်ပြောလှတဲ့ ကောင်းကင်ကြီးမှာ မီးခိုးရောင် တိမ်စင်းကြောင်းတွေကြားက တနေ့တာကို နှုတ်ဆက်တော့မည့် လိမ္မော်ရင့်နေခြည်တန်းတွေအောက်မှာ တမျှော်တခေါ် ဝေးလံလွန်းလှတဲ့ ဝါညိုညို မြင်ကွင်းတွေ မိုးအဆုံး မြေအဆုံး တွေ့ရပါတယ်။
ကိုယ်ကတော့ မျက်လုံးစိမ်းနဲ့ ကြည့်နေပြီ သတိသာထားတော့ အမေရိကားရေ…။ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ဟိုးအနောက်ဘက်ယွန်းယွန်းက လှမ်းမြင်နေရတဲ့ ခပ်ရင့်ရင့် Rocky တောင်တန်းကြီးတွေဆီ ဦးတည်သွားနေတာပါ။ တောင်ခြေမြို့လေးတစ်မြို့ဖြစ်တဲ့ Longmont မြို့ကို ဝင်လာတော့ မှောင်ရီပျိုးနေပါပြီ။ လမ်းဘေးတလျောက်က အိမ်လေးတွေရဲ့ မှိန်ပျပျမီးရောင်ကို ကျိုးတိုးကျဲတဲ မြင်ရချိန်မှာတော့ “ရွာငယ်ဇနပုဒ် မီးလေးတွေ မှိတ်တုတ်” လို့ ရေရွတ်မိပါတော့တယ်။

ကိုယ်က တောင်တန်းတွေနဲ့ နီးစပ်ခဲ့ဖူးသူတယောက် မဟုတ်ပါဘူး။ တောင်တန်းတွေကို မှတ်မှတ်ရရ စလို့ သတိပြုမိတာက ဆယ်ကျော်သက်အရွယ် ကျွဲပွဲမြို့အနီး အဝေးပြေးလမ်းမကြီးပေါ်မှာ စက်ဘီးစီးရင်း၊ လမ်းဘေးတဖက်တချက်က စိမ်းမြမြစပါးပျိုးခင်းတွေကို အနားသတ်ထားတဲ့ ဟိုးခပ်ဝေးဝေးက မှိုင်းညို့ညို့ ပဲခူးရိုးမနဲ့ အရှေ့ရိုးမ တောင်တန်းကြီးတွေကိုပါ။ နောက်နှစ်များကြာပြီး မိသားစုနဲ့ ကုန်းမြင့်ဒေသတွေဆီ အလည်အပတ်သွားတော့ တောင်တန်းတွေကို ပိုပြီး နီးနီးကပ်ကပ် မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဒီအချိန်မှာတော့ တောင်ကုန်းတွေက တောင်ကတုံးတွေ ဖြစ်ပြီး ဝါဖန့်ဖန့် ဖြစ်လို့ နေပါတယ်။ ကိုယ်လာခဲ့တဲ့ အချိန်ရာသီကြောင့်လို့ မျက်နှာလွဲ ခဲပစ်ပြီး ရဲရဲကြီး ကြည့်လိုက်တော့လည်း တောင်တန်းတွေက ရိုးရိုးလေး လှလို့။

ဒီမြို့လေးမှာတော့ အိမ်ထဲကအိမ်ပြင် ထွက်လိုက်ပြီဆိုတာနဲ့ မျက်လုံးထဲ တန်းဝင်လာမှာက တောင်တန်းကြီးတွေ…။ အိမ်အတော်များများမှာဆို ပြူတင်းတံခါးဖွင့်လိုက်ရင်ပဲ တောင်တန်းတွေရဲ့ ပြူးပြူးကြီး စိုက်ကြည့်ခြင်းကိုခံရမှာပါ။ သက်ရင့်ကျောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီတောင်တန်းတွေဟာ ဣန္ဒြေကြီးကြတယ်။ ခက်ထန် ရင့်ရော်တဲ့ အသွင်ကိုလည်း ဆောင်တယ်။ ကိုယ်တို့ဆီက တောင်တန်းတွေကတော့ ပြေပြစ်နူးညံတဲ့ အသွင်ရှိတယ်။ တောင်တန်းဆိုမှတော့ ငြိမ်သက်တဲ့ အသွင်ကတော့ ကိုယ်စီ ရှိကြပါတယ်။

ရောက်တဲ့ အချိန်က စလို့ ကိုယ့်ကို ဘယ်သူကမှ တာဝန်ပေးမထားပဲ စွဲစွဲမြဲမြဲ လုပ်ဖြစ်နေတဲ့ အလုပ်က နှိုင်းယှဉ်ခြင်းပါ။ ဟိုမှာနဲ့ ဒီမှာ…၊ ကိုယ်တို့ဆီနဲ့ သူတို့ဆီ…၊ အရှေ့နဲ့ အနောက်…တွေ့ရာရာကို နှိုင်းယှဉ်နေတော့တာ…။ လမ်းဘေး မြက်ခင်းထဲမှာလည်း ကိုယ်တို့ဆီမှာလို ကံကောင်းခြင်း အရွက်လေးတွေ ရှိလေမလား ရှာရတာအမော…။ ဟယ် သူတို့ဆီက ခြံစည်းရိုးပင်တွေက တို့ဆီက ဒေါနပန်းနဲ့ တူတယ်တော့ဆိုပြီး ကုန်းနမ်း… ဟင် မွှေးလည်း မမွှေးဘူး ဆိုတဲ့ အဖြစ်တွေ…။
အသက်လေးရလာတဲ့အလျောက် ကိုယ့် အတွေ့အကြုံ၊ ကိုယ့် ခံယူချက်နဲ့ ကိုယ်သိမှတ်ထားတာတွေကို တယူသန် တဇွတ်ထိုး မစွဲယူဖို့ သတိထားရင်း၊ ကွဲလွဲမှုတွေကို ဘာကြောင့်ဆိုတာ သိဖို့ရာသာ ဇောကပ်ရင်းပါ။

သိပ်မကြာခင်မှာပဲ တောင်တန်းတွေဟာ အရောင်ပြောင်းတတ်တယ် ဆိုတာကို သိရချိန်မှာတော့ ကိုယ့်ကိုကိုယ် သဘာဝတရားနဲ့ ပိုနီးစပ်လာပြီး ပိုရင့်ကျက်သွားသလိုလို စိတ်ကြီးဝင်မိပါသေးတယ်။ ဒီမှာ အချိန်နဲ့အမျှ ရာသီဥတုက အပြောင်းအလဲ မြန်တယ်။ ရာသီဥတု အခြေအနေ ပြောင်းသွားတာနဲ့အမျှ တောင်တန်းကြီးတွေက အရောင်ပြောင်းပါတယ်။ မြင်ဖူးခဲ့တဲ့ စိမ်းညို့ညို့၊ ရွှေအိုရောင် တွေ အပြင်၊ ခရမ်းဖျော့၊ ခရမ်းရင့်၊ ကြက်သွေးရောင်၊ မီးခိုးမှိုင်း၊ ငွေမှင်ရောင် အို… စုံလို့ စုံလို့ပါပဲ…။

မိုးများရာ အရပ်မှာ ကြီးပြင်းခဲ့သူ တယောက်ဟာ နှင်းထူတဲ့အရပ်ကို ရောက်နေချိန်မှာတော့ တမ်းတမိတာက မြန်မာစာပေကို ရေးသားကြတဲ့ စာရေးဆရာများကိုပါ။ ဆရာတက္ကသိုလ်ဘုန်းနိုင်သာဆို “နှင်းတွေ ဝေမှဖြင့်ကွယ်” ဆိုပြီး စာတွေရေးမှာပဲလို့။ ကောင်းကင်ပေါ်က ကျလာတာချင်းတူပေမည့် မိုးနဲ့ နှင်းက အသွင်ကွဲတယ်။ မိုးရွာပုံတွေ မတူသလို နှင်းကျပုံတွေလည်း မတူဘူး။ မတူတာသာသိတယ် ဘယ်လိုဟူကား မဖော်ပြတတ်၊ ကိုယ့်ရဲ့ ဝေါဟာရ ဆင်းရဲမှု။ နှင်းရှိတဲ့ဒေသကလူတွေရဲ့ သူတို့ဘာသာစကားနဲ့ ပုံဖော်ထားတာတွေလည်း ကိုယ်က လက်လှမ်းမမှီ။ ဆင်းရဲတာ မကောင်းပါလား… ဂုဏ်ငယ်လိုက်တာ…။

နှစ်တနှစ်ရဲ့ အစဦးဆုံး ရွာချလိုက်တဲ့မိုးနဲ့ အစိုဓာတ်ကို မွတ်သိပ်နေတဲ့ မြေပြင်တို့ ထိအတွေ့မှာ လှိုက်ဝဲလာတဲ့ မြေသင်းနံကို မက်မောခဲ့ဖူးသူတစ်ယောက်ဟာ မိုးလေဝသ သတင်း ကြေငြာထားတဲ့အတိုင်း နှင်းတွေ စကျလာတဲ့ အချိန်မှာတော့ ဝေ့ကာဝိုက်ကာ ဝဲပျံလာတဲ့ နှင်းပွင့်တွေကို ယောင်နနနဲ့ ငေးကြည့်နေမိခဲ့တယ်။ မိုးရွာလို့ စိတ်မညစ်ဖူးသူဟာ နှင်းတွေ ကျတော့လည်း အင်း… ပျော်ပါတယ်…ပျော်ပါတယ်…ပျော်ရမှာပေါ့လေလို့ ပျော်ခိုင်းလိုက်ပါတယ်။ ဂျပန်ကား၊ ကိုးရီးယားကားတွေမှာ တွေ့ဖူးတယ်လေ… နှင်း စကျပြီဆို ကောင်လေးနဲ့ ကောင်မလေး သမီးရည်းစားတွေ ပြေးဖက်ကြတော့တာ…။ နှင်းတွေက ထပ်ကာထပ်ကာ ဆက်လို့သာ ကျနေလို့ နှင်းဦးကျလည်း လွန်ခဲ့ပါပြီ…။ တမြန်နေ့က မနက်ပိုင်းမှာ နှင်းပြေးလေး တခဏ ဝေတယ်။ နောက်နေ့ကစ နေ့ရောညရော စွေနေလိုက်တာ… ည ညဆို နှင်းလေတွေပါ လာတယ်။ ညှာတာမဖက် နှိပ်စက်တဲ့ ရာသီ…။

လူဆိုတာမျိုးကလည်း ကိုယ်သန်ရာသန်ရာ အနေအထားနဲ့ လောကကို ရင်ဆိုင်နေတာမဟုတ်လား။ ကိုယ်ကတော့ စိတ်ကူးယဉ်သမားဆိုတော့ အတွေးအလျဉ်ကြောမှာသာ မျောလို့မဆုံး…။

Longmont မြို့ရောက် ၅ လ ပြည့် အမှတ်တရ-

Friday, April 25, 2014

လမ်းဆုံလမ်းခွမှာ...

“သူလိုလူ” ကို အားကျပြီး
သတင်းစာသမား ဖြစ်လာတဲ့ သူက
ဂျာနယ်ကျော်မမလေး လိုက်မရေးမိခဲ့တဲ့
“ကွိ” ကို ဘာသာပြန်သွားတယ်။

အရေးကြုံတော့
အရေးတော်ပုံတပ်သားလို့
သူ့ကိုယ်သူ သတ်မှတ်ပြီး...
“မတရားတဲ့ အမိန့်အာဏာမှန်သမျှ
(တာဝန်အရ) ဖီဆန်ကြ” တဲ့။
သူ အကျဉ်းကျခဲ့ပါတယ်။

ကြိုးကိုင်လိုသူတွေက သူ့ကို
ကြိုးကိုင်သူလို့
အထင်တကြီး စွတ်စွဲခဲ့ကြပေမယ့်၊
သူကတော့ …
သစ္စာရှိတဲ့ နောက်လိုက်တဦး အဖြစ်သာ
ခံယူသွားခဲ့တယ်။

ရှေ့မှာ အများနဲ့ရောယောင် ထောက်ခံပြပြီး
နောက်ကွယ်မှာ ဖောက်ပြန်ကြသူတွေလို မဟုတ်၊
သူမြင်ရာကို ထောက်ပြပြီး၊
ပွင့်လင်းစွာ ဝေဖန်တတ်တာကိုက
သူ့ရဲ့ ရိုးသား သစ္စာရှိမှု တစ်ခုပဲ။

သိမ်းပိုက်လိုသူတွေက
သူ့အသိုက်အမြုံကို သိမ်းယူ ဖြိုခွဲခဲ့ပေမယ့်၊
သူကတော့ ရှိသမျှကို ဝေခွဲ
ပြိုကွဲသွားသူတွေရဲ့ ဘဝကို တည်ဆောက်ပေးရင်း
ရသေ့တဦးရဲ့ ဘဝလို နေထိုင်သွားခဲ့တယ်။

သူစွဲမြဲစွာဝတ်ခဲ့တဲ့
အပြာရောင် အကျဉ်းသား အင်္ကျီအောက်မှာ
မိုးကောင်းကင်ပြာလို ကျယ်ပြောလှတဲ့
သူ့ရဲ့ လွတ်လပ်တဲ့ နှလုံးကို
ကောင်းကောင်း ခံစားသိနိုင်တယ်။

အခုတော့…
ခေတ်ဝန်ကို ထမ်း၊ ခေတ်လမ်းကို လျှောက်ရင်း
သူ ကျဆုံးခဲ့ပြီ။
ခရီးမဆုံးသေးပေမယ့်
သူကျဆုံးတာ လမ်းခုလပ်မှာတော့ မဟုတ်ဘူး။
သူ သေချာ မှာ သွားခဲ့တယ်။
သူ ကျဆုံးခဲ့တာ ...
“လမ်းဆုံလမ်းခွ” မှာ …။

(ကွယ်လွန် အနိစ္စရောက်သွားသော သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ဤစာဖြင့် ဂါရဝပြုပါသည်။)

Saturday, April 27, 2013

မုန့်လုံးရေပေါ်

နှစ်ကူးကာလက ကျော်သွားခဲ့လေပြီ
အိမ်ကလူ၏ သင်္ကြန်ပိုးကတော့ မကုန်သေး
TP Myanmar 2005 သင်္ကြန်ပွဲကို Online မှ သားကြီးနှင့်အတူ ကြည့်နေကြ၏။
မြန်မာပြည် သင်္ကြန်ပွဲ မကြုံဖူးလေသော သားကြီးက မေးလာ၏။
(ရန်ကုန်အိမ်ကို ရည်ရွယ်ပြီး) “မေမေ သားတို့ လမ်းထိပ်မှာ မဏ္ဍပ်ရှိလား။ သားက မဏ္ဍပ်မှာ ရေပက်ချင်တာ”
“အရင်ကတော့ ရှိခဲ့ဖူးတယ်…သားပက်ချင်တယ်ဆိုရင် မေမေမဏ္ဍပ်ဆောက်ပေးမှာပေါ့” ဟု ပြောလိုက်သောအခါ ဘဝင်ကျလို့ ပြုံးစစ ဖြစ်သွားသော သားမျက်နှာကို ကြည့်ရင်း၊ ကျမ အခုလို အလျင်အမြန် (တမင်တကာ ကြံရွယ်ပြီး) ဖြေဖြစ်ခဲ့ခြင်း၏ အကြောင်းရင်းကို တွေးမိရင်း မလုံမလဲ ဖြစ်မိပါတော့တယ်။
*****
ဒီနှစ် အတာ သင်္ကြန် အကြိုနေ့ဟာ ရုံးပိတ်၊ ကျောင်းပိတ် စနေနေ့နဲ့ တိုက်ဆိုင်လို့နေပါတယ်။ ပွဲတော်နဲ့ အလှမ်းဝေးရာမှာ ရောက်ရှိနေရသူများအဖို့မှာတော့ Online ကနေသာ ပွဲတော်၌ စီးပျော်ရပါတယ်။ နေ့လည် ရောက်လာချိန်မှာတော့ Online ပေါ် ပလုံစီပြီးတက်လာတဲ့ မုန်လုံးရေပေါ်ပုံများကြောင့် “မေမေ မုန့်လုံးရေပေါ် စားမယ် လုပ်ပေးလို့” ဆိုလာပါတော့တယ်။

ရတယ်လေ… ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ထန်းလျက် အကုန် အိမ်မှာ အရံသင့်ရှိသမို့…
“အေးအေး” ဆိုပြီး မုန့်သားနှပ်ထားလိုက်ပါတယ်။ အချိုးကတော့ နှစ်အချိုးတစ်လို့ မှတ်ထားတာပဲ…။ ဘာက နှစ်…ဘာက တစ် လည်းတော့မသိ…။ အိမ်မှာ ရှိနေတဲ့ ကောက်ညှင်းမှုန့်ထုတ်က နည်းနေပြီး၊ ဆန်မှုန့်ထုတ်က များနေတော့… ကောက်ညှင်းက တစ်၊ ဆန်က နှစ်… အဲ့လိုပဲ ဖြစ်မှာပါလေ ဆိုပြီး ပြီးစလွယ် မုန့်နှစ် ရေဖျော် နှပ်ထားလိုက်တယ်…။ မေမေ မုန့်နယ်နေပုံကို သားတော်မောင်က ကင်မရာကြီးချိန်ပြီး မှတ်တမ်းတင် ဓာတ်ပုံ ရယူပါသေးတယ်။

မုန့်သားမနပ်ခင်လေးမှာ သားတို့နဲ့ မုန့်လုံးရေပေါ် ပတ်သက်ပုံအကြောင်းလေး ဖတ်ထားပါဦး။ အထဲမှာ ဌာပနာ တခုခုပါတဲ့ မုန့်လုံးကို လူသားတွေ ဘယ်အချိန်ကတည်းက စတင်စားသုံးကြသလဲတော့ မသိပါဘူး။ တရုတ်ပြည်ကြီးမှာတော့ ဆောင်းတွင်းလို အေးချမ်းတဲ့ရာသီမှာ မီးဖိုကြီးဖို၊ ရေနွေးအိုး အကြီးကြီးတည်၊ မိသားစုတွေ မီးဖိုကြီးနား ပတ်လည်ဝိုင်းပြီး ရေနွေးအိုးထဲ မုန့်လုံးတွေ ပစ်ပေါက်ထည့်လ့ို ပူပူနွေးနွေး စားသောက်ကြတဲ့ ဓလေ့ရှိတယ်လို့ ဖတ်မှတ်ဖူးပါတယ်။ စည်းလုံးခြင်းရဲ့ အင်အားကြောင့်ပဲလား၊ မုန့်လုံးရဲ့ အရသာ ကြောင့်ပဲလား၊ သူတို့ အမေက ကောင်းကောင်းမွန်မွန် လုပ်မကျွေးတတ်ပေမဲ့ သားနှစ်ယောက်ကတော့ ရေပေါ်သောမုန့်လုံးကို အလွန်ကြိုက်ကြပါတယ်။ ဒီမှာ ရနိုင်တဲ့ 
Tang Yuan (မုန့်လုံးရေပေါ် Chinese Version)

ondeh ondeh (မုန့်လုံးရေပေါ် Malay Version) တို့ကို မြိန်ရည်ယှက်ရည် စားလေ့ရှိပါတယ်။

မုန့်သား နပ်လောက်ချိန်၊ စိတ်ထားပြီးသား ထန်းလျက်တွေကို ပဲဆီလေးဆမ်း… လုံးတော့မယ်ဆိုတော့ မုန့်နှစ်တွေက လုံးမရအောင် ပျော့ဖတ်နေပါတော့တယ်။ ဒီတော့ ဆန်မှုန့်တွေ ထပ်ထည့်ပြီး လုံးပလိုက်ပါတယ်။ ရေနွေးအိုးကြီးထဲ ပစ်ပစ်ထည့်။ အဲ…မုန့်လုံးတွေက ပေါ်ချိန်တန်လို့လည်း ပေါ်မလာကြဘူးတော့…။ ပစ်ထည့်တဲ့ အရှိန်များပြီး အိုးဖင်ကပ်နေကြသလားဆိုပြီး ယောင်းမနဲ့ ထိုးမွှေ… မလုံတလုံ မုန့်လုံးတွေ ပေါက်ထွက်ကုန်မှာလည်း စိုးရိမ်ရသေး…။ အဲ့သလို ဓာတ်ကြမ်းတွေ တိုက်လိုက်တော့ မုန့်လုံးလေးတွေက မတက်ချင်တက်ချင်နဲ့ ဟိုတလုံး ဒီတလုံးတက်လာသား…။ ရေအေးထဲစိမ် အအေးခံတုန်းရှိသေး…သားကြီးက “ဘယ်လိုနေလဲ စားကြည့်မယ်” ဆို… တလုံးကောက်ဝါး…။ “ဟင်..မေမေ့ဟာတွေက အထဲက မကျက်သေးဘူး… သေချာ မတက်သေးပဲနဲ့ မေမေက ဆယ်တာကိုး” ဆိုပြီး… အညူဆူကလည်း ခံရသေး။ ဒါဆို “ပြန်ထည့် ပြန်ထည့် ရေနွေးအိုးထဲ ပြန်ထည့်…” သူတို့ဟာ သူတို့ ပေါ်ချင်တဲ့ အချိန်ကြမှသာ ပေါ်ကြတော့ အေ… ဆိုပြီး… မုန့်လုံးရေပေါ် တပန်းကန် ရလိုက်လေသတည်းပေါ့။ အပေါ်က ဖြူးစားစရာ အုန်းသီးမှုန့်ကို သားကြီး သွားဝယ်တာ မရခဲ့လို့၊ မအေကိုယ်တိုင် တခေါက်သွားဝယ်ရသေးတယ်။

အတာကူးတဲ့ တန်ခူးလ သင်္ကြန်အကြိုနေ့မှာ ဘာကိုမှန်းမသိ ကြိုလိုက်တဲ့ မုန့်လုံးရေပေါ် မာတောက်တောက်ကို သားနှစ်ယောက် မစားချင် စားချင် စားနေတာကို မကြည့်ရက်လေလို့… အခန်းထဲ ဝင်နေလိုက်ပါတယ်။ နောက်တနေ့ မှာတော့ Bengawan Solo က ondeh ondeh ကို ဘုရားဆွမ်းတော်ကပ်ရန်တဗူး၊ သားနှစ်ယောက်အတွက် တဗူးစီ စုစုပါင်း သုံးဗူးကို စင်္ကာပူဒေါ်လာငွေ ရှစ်ဒေါ်လာကျော် အကုန်အကျခံ၍ ဝယ်လာပါတယ်။ တဗူးသာ ဘုရားဆွမ်းတော်ကပ်လိုက်ရပြီး၊ သားနှစ်ယောက်မှာမူ သူတို့အလွန် နှစ်သက်ဖူးသော Malay Version မုန့်လုံးရေပေါ်ကို အဖက်မလုပ်ကြတော့ပါ။ ဆွမ်းတော်စွန့်ထားသည့် ပန်းကန်ထဲမှ တလုံးယူစားရင်း သားကြီးက “သူတို့က ဘယ်လို လုပ်ထားတာလဲ မသိဘူးနော်… မုန့်သားလေးက ပါးပါးလေးနဲ့ အထဲက အချိုတွေက အရည်ပျော်ပြီး အပြင်ကိုလည်း ပေါက်မထွက်ဘူးလို့”…ရိုးရိုးလေး သူမြင်တာ ပြောနေသည်ကို… ဖအေလုပ်သူက “သူတို့က သေသေချာချာ အချိုးအစားနဲ့ လုပ်တာ…ဒါကြောင့် ဘယ်တော့မဆို တသမတ်ထဲ ဖြစ်နေတာ… မြန်မာတွေက ထင်သလိုလုပ်တာ…တခါလာ တမျိုးနဲ့ အချိုးအစားမရှိဘူး… စနစ်တကျ မရှိဘူး” ဟူ၍ အမျိုးသားထုကြီး တခုလုံး လိုက်နာရန် မှတ်ချက်များ တသီတတန်းကြီး ပေးနေလေတော့သည်။
ဒီတော့ ရင်ထဲကကြိတ်ပြီး… သင်္ကြန်မိုး ရုပ်ရှင်ကားထဲက “ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ဆရာရယ်…” လို့ လာပြောလေတဲ့ မမထားလို ငါ့မှာ မဏ္ဍပ်ဆောက်ပေးဖို့ မပြောနဲ့ ရေပေါ်တဲ့ မုန့်လုံးလေးတောင် စားကောင်းအောင် လုပ်မကျွေးနိုင်တဲ့ ဘ၀ ပါလားရယ်လို့…။
*****
(ကျမ၏ ပစ်စလက်ခတ် လုပ်တတ်သော အကျင့်ကြောင့် အခြားသူများ လက်လွတ်ရသော အခွင့်အရေးများအတွက်)

Wednesday, December 12, 2012

နေ့စွဲများ

ဒီနေ့ ဘယ်နှစ်ရက် လဲ…
ဒီနေ့ ဘာနေ့လဲ…
သိရအောင် နေ့စွဲလေးတွေ မှတ်တတ်ခဲ့ရသည်မှာ သိတတ်စ အရွယ်ကပင် ဖြစ်သည်။ ဒီကနေ့ကို သိမှတော့ ကိုယ်မွေးခဲ့တဲ့နေ့က ဘယ်နေ့လဲ… သိထားအောင် အမေ့ဆီမှ အဖန်ဖန်မှတ်ရင်း အလွတ်ကျက်ခဲ့ရသည်။ နောက် စာမေးပွဲ စစ်မည့်နေ့မျိုး… အရေးကြီးသည်… မေ့လို့မဖြစ်…။ ဤသို့ ဤနှယ် လူတယောက်နှင့် နေ့စွဲများသည် ခါးဝတ်ပုဆိုးလို တွဲနေခဲ့သည်။


အချိန်သည် လူသားကို စားနေသည် ဆိုလျှင် နေ့စွဲဟင်းလျာနှင့် တွဲဖက်၍ ဖြစ်မည်။ နံရံများတွင် နားရှိသည် ဆိုလျှင် ထိုနံရံတွင် နာရီတလုံးလည်း ချိတ်ဆွဲထားပေလိမ့်မည်။ ခေတ်ရေစီးကြောင်း အမြန်ယာဉ်ကို နုပျိုသော ရက်စွဲလေးများ တွဲလွဲခိုစီးတတ်သည်မှာ မွေးရာပါ အရည်အချင်းဖြစ်သည်။ ရက်စွဲများသည် မှတ်တိုင်များလည်း ဖြစ်ကြသည်။ အချို့မှာ ကျော်လွန်ခဲ့ပြီး၍ အချို့မှာ ရှေ့တွင်စောင့်ကြိုနေကြသည်။ တနည်းဆိုသော် နေ့စွဲ၊ ရက်စွဲ ဟူသည် ရွေ့လျားနေသော ချည်တိုင်ဖြစ်သည်။

ကမ္ဘာလဆန်း တစ်ရက်နေ့က စခဲ့သောနေ့စွဲများသည် ဘယ်တွင်ဆုံးမည် မသိ။ အစသာသိ၍ အဆုံးကို သိခွင့်မသာသော မိမိ၏ နေ့စွဲများသည်လည်း ဂမ္ဘီရဆန်လှပေသည်။

လူသားတို့၏ နေ့စဉ်မှတ်တမ်းတွင် စိမ်းစိုသော၊ ရွှေရောင်လွှမ်းသော၊ ပြာလွင်သော နှစ်လိုဖွယ် နေ့စွဲများကိုသာ ရေးမှတ်လိုကြသော်လည်း ညို့မှိုင်းသော၊ သွေးစွန်းသော နေ့စွဲပေါင်းများစွာကို ပေါ့ပါးစွာ ဖြတ်သန်းခဲ့ဖူးသူ တယောက်သည် ၁၂-၁၂-၁၂ ဆိုသည့် လှပသောနေ့စွဲ၌ စုံလုံးရပ်၍ တောက်ပသော နှလုံးသားတခုကို တောင်းတလိုက်ရပေသည်။

Thursday, November 29, 2012

အာဏာရှင်၊ ကြောက်စိတ်နှင့် တိုးတက်မှု

အာဏာရှင်ဟူသည့် ဝေါဟာရကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုနိုင်ပါလိမ့်မည်။ ဤနေရာတွင် “ကြည်ညိုလေးစားမှု ခံရခြင်းထက် အကြောက်အရွံ့ ခံရခြင်းကသာ၍ စိတ်ချရသည်” ဟူသော မက္ခိယာဗယ်လီ၏ မင်းသားကျမ်းလာ အဆုံးအမအတိုင်း အုပ်ချုပ်သူမျိုးဟု အဓိပ္ပါယ် ဖွင့်ကြည့်ချင်ပါသည်။ အာဏာရှင်တို့သည် ပြည်သူတို့အား မိမိတို့၏ သြဇာကို မလှန်နိုင်ဘဲ ကြောက်ရွံ ကျိုးနွံနေအောင် အုပ်ချုပ်ထားသည့်နည်းတူ၊ သူတို့ ကိုယ်တိုင်သည်လည်း ကြောက်ရွံ့နေသူများ ဖြစ်နေကြသည်ကို တွေ့ရ၏။ သူတို့သည် မိမိတို့ ကျူးလွန်ထားသည့် မတရားမှုများအား ဖုံးကွယ်လိုသည့် သိမ်ငယ်စိတ်များ၊ မိမိတို့ ရရှိထားသည့် အာဏာနှင့် အခွင့်အရေးတို့ လက်လွှတ် ဆုံးရှုံးရမည်ကို ကြောက်ရွံ့စိတ်များ၊ မိမိတို့ အာဏာမဲ့သွားပါက အနှိပ်စက်ခံ ပြည်သူတို့က ပြန်လည် လက်တုန့်ပြန်မည်ကို စိုးရိမ် ထိတ်လန့်စိတ်များဖြင့် ဖိစီးနှိပ်စက် ခံနေရသူများဖြစ်ကြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀-ကျော်က အာဏာရှင်တဦး၏ ကြောက်ရွံ့အားငယ်မှုကို ဒီဃနိကာယ် သာမညဖလသုတ်တွင် တွေ့နိုင်ပါသည်။ အဇာတသတ်သည် ဖခင်အရင်းကို ရက်ရက်စက်စက် သတ်ဖြတ်၍ အာဏာ ရယူခဲ့သူဖြစ်၏။ အဇာတသတ်မင်းသည် မိမိကျူးလွန်ထားသော အပြစ်တို့ကြောင့် အလွန်သာယာ ကြည်နှုးဖွယ်ကောင်းသည့် တန်ဆောင်မုန်း လပြည့်ည၌ပင် စိတ်ကြည်လင် ငြိမ်းချမ်းမှုမရှိခဲ့။ စိတ်အေးချမ်းမှု ရရန်အတွက် သမဏဗြာမဏ တဦးဦးထံ ဆည်းကပ်လိုစိတ် ဖြစ်သည်။ နန်းတွင်းဆေးဆရာ ဇီဝက၏ အကြံပေးချက်အတိုင်း ဗုဒ္ဓမြတ်စွာထံ ဆည်းကပ်ရန် မောင်းမများခြံရံ၍ သရက်တောဥယျာဉ်သို့ သွားကြသည်။

မြတ်စွာဘုရားနှင့် သံဃာတော်များ သီတင်းသုံးနေသည့် သရက်တောဥယျာဉ် ကျောင်းသည် အလွန် တိတ်ဆိတ် ငြိမ်သက်နေသည်ကို တွေ့ရသောအခါ အဇာတသတ်သည် အလွန်ပင် ကြောက်ရွံ့ထိတ်လန့်သွား၏။ ဇီဝကသည် မိမိအား လှည့်ဖျား၍ ရန်သူထံ အပ်နှံလေသလောဟု သံသယစိတ်တို့ ဖြစ်ပေါ်လာ၏။ စိုးရွံ့မည်ဆိုလျှင်လည်း စိုးရွံ့လောက်ပါသည်။ အိမ်နီးချင်းနိုင်ငံမှ ကောသလမင်းသည် ဘုရားရှင်ထံ သွားရောက် ဖူးမြော်နေစဉ် ဝိဋဋူဘ မင်းသားနှင့် စစ်သူကြီး ဒီဃကာရာယနတို့က အာဏာလုယူ သွားခဲ့ဖူးသည် မဟုတ်ပါလော။ ဇီဝကက ဗုဒ္ဓမြတ်စွာနှင့် ရဟန်းတော်များ ထိုင်နေကြရာ အဝန်းအဝိုင်းမှ ဆီမီးရောင်များကို ပြကာ မကြောက်ရွံ့စေရန် အားပေးနှစ်သိမ့်ရသည်။ ထိုအခါမှ အဇာတသတ် စိတ်သက်သာရာရပြီးနောက် ရဟန်းတော်တို့၏ တည်ငြိမ်အေးချမ်းမှုကို အဖန်ဖန် ကြည်ညိုကာ “ငါ၏ သားတော် ဥဒယဘဒ္ဒ မင်းသားသည် ဤသို့ တည်ငြိမ် အေးချမ်း ပါစေသား” ဟုပင် ထုတ်ဖော် ကျူးရင့်လေ၏။ အဇာတသတ်၏ ကြောက်ရွံ့စိတ်များထဲတွင် မိမိကျူးလွန်ထားသော အပြစ်များကို မိမိချစ်သော သားက သိသွားမည်ကိုလည်း စိုးရိမ်ပါလိမ့်မည်။ သို့သော်လည်း အဇာတသတ်၏ မြှော်လင့်ချက်တို့ ဖြစ်မလာခဲ့ပါ။ နောင်သော် သားတော် ဥဒယဘဒ္ဒမင်းသားသည်လည်း ဖခင်ခြေရာနင်းကာ အဇာတသတ်ကို သတ်၍ အာဏာသိမ်းခဲ့သည်။ သမိုင်းတွင် ကောင်းကောင်းမွန်မွန် ဘဝဇာတ်သိမ်းရသည့် အာဏာရှင်တို့သည် အလွန် နည်းပါးပါလိမ့်မည်။

အဇာတသတ်သည် ဗုဒ္ဓမြတ်စွာအား ဖူးမြင်ရသောအခါတွင် “မျက်မှောက်၌ပင် သိမြင်နိုင်သော ရဟန်းပြုရခြင်း၏ အကျိုးကျေးဇူး” (သန္ဒဋ္ဌိက သာမညဖလ) ကို မေးလျှောက်သည်။ မင်းစည်းစိမ်နှင့် အာဏာအတွက် ဖခင်အရင်းကိုပင် ရက်ရက်စက်စက် သတ်ဖြတ် လုယူသော အဇာတသတ်က စည်းစိမ်ဥစ္စာ အသက်မွေးဝမ်းကျောင်းမှုတို့ကို စွန့်ကာ ရဟန်းပြုကြသူတို့၏ ရည်ရွယ်ချက်ကို သိလိုခြင်းသည် အမှတ်တမဲ့ စဉ်းစားပါက ထူးဆန်း နေပါလိမ့်မည်။ စကြဝတေးမင်း ဖြစ်ထိုက်သော ကိုယ်ရည် ကိုယ်သွေးရှိသည့် ခတ္တိယနွယ်ဖွား သိဒ္ဓတ္တမင်းသားသည် မင်းစည်းစိမ်ကို စွန့်၍ ရဟန်းပြုခဲ့သည်။ ဘုရားအဖြစ်မရောက်မီ တောထွက်လာစ ရဟန်းတော် ဂေါတမသည် မိမိဖခင် ဗိမ္ဗိသာရမင်းက မဂဓတိုင်းနိုင်ငံအား အတူခွဲဝေအုပ်ချုပ်ရန် ကမ်းလှမ်းခဲ့သည်ကိုလည်း ငြင်းပယ်ခဲ့သည်။ မိမိက ထို မင်းစည်းစိမ်အတွက် ဖခင်ကိုပင် လုပ်ကြံခဲ့၏။ စည်းစိမ်အာဏာနောက်သို့ အဆုံးတိုင်လိုက်သော မင်းတစ်ပါးက မည်သည့်အရာအတွက် စည်းစိမ်အာဏာတို့ကို စွန့်ကာ ရဟန်းပြုကြသည်ကို သိလိုပါလိမ့်မည်။ ဗုဒ္ဓမြတ်စွာက ရဟန်းပြုသူတို့သည် မင်း၏ သြဇာအာဏာအရိပ်မှ လွတ်မြောက်ခြင်း၊ ကျေးကျွန်ဘဝ၊ အခွန်ထမ်းဘဝမှ လွတ်မြောက်ခြင်းတို့မှစ၍ သီလ၊ သမာဓိ၊ ပညာဟူသော အကျင့်သိက္ခာအဆင့်ဆင့်ဖြင့် အမြတ်ဆုံးသော လွတ်မြောက်မှု (ဝိမုတ္တိ) ကို ရရှိနိုင်ပုံကို အသေးစိတ် ဟောကြားခဲ့သည်။

တရားအဆုံးတွင် အဇာတသတ်က “မိုက်မဲတွေဝေခဲ့သည့် အလျှောက် အပြစ်ကျုးလွန်မိခဲ့ပါသည်။ အာဏာအတွက် တရားဖြင့် အုပ်ချုပ်သော ခမည်းတော်မင်းကို သတ်ခဲ့မိပါသည်။ နောင်တွင် ထိုအပြစ်တို့ကို မကျူးလွန်မိစေရန် စောင့်စည်းခြင်းငှာ ကျွနု်ပ်၏ အပြစ်တို့ကို အပြစ်ဟု လက်ခံ အသိမှတ်ပြုတော်မူပါ” ဟု တောင်းပန်လျှောက်ထား၏။ ဗုဒ္ဓက တောင်းပန် စကားကို လက်ခံအသိမှတ်ပြုကြောင်း ပြောကြား၍ အောက်ပါအတိုင်း မိန့်ကြား၏။
“ဝုဒ္ဓိဟေသာ, မဟာရာဇ, အရိယဿ ဝိနယေ, ယော အစ္စယံ အစ္စယတော ဒိသွာ ယထာဓမ္မံ ပဋိကရောတိ, အာယတိံ သံဝရံ အာပဇ္ဇတိ”
“မင်းကြီး… အကြင်သူသည် အပြစ်ကို အပြစ်ဟု သိမြင်၍ ထိုသို့သိမြင်သည့် အကြောင်းအားလျှော်စွာ ကုစား၏။ နောင်တွင် ထပ်မံ မဖြစ်စေရန် စောင့်စည်း၏။ ယင်းအား မြတ်သောအဆုံးအမတွင် တိုးတက်ခြင်းဟု သတ်မှတ်ပေသည်။”
ထို့ကြောင့် အာဏာ လက်လွှတ်ရမည်ကို ကြောက်ရွံ့သည့်စိတ် (ဘယာဂတိ) အား အမှားကျူးလွန်ရမည်ကို ကြောက်ရွံ့သည့်စိတ် (သြတပ္ပတရား) ဖြင့် အစားထိုးကာ
(၁) အမှားကို အမှားဟု သိမြင်ခြင်း၊
(၂) ထိုအမှားကို ပြန်လည် ပြုပြင်ခြင်း၊
(၃) နောင်တွင် ထပ်မံ မမှားမိစေရန် စောင့်ထိန်းခြင်း
ဟူသော အချက် ၃ချက်-ဖြင့် တိုးတက်မှုလမ်းပေါ်သို့ ပြန်လည်တက်ရောက် နိုင်ပါလိမ့်မည်။


Saturday, November 17, 2012

ဘယ်သူ့အတွက် ထိုးတာလဲ...ခေါင်းလောင်းထိုးသံရယ်...(ခင်မောင်တိုး)

အစတုန်းကတော့ ကျောင်းကို (ကျနော်) နည်းနည်းတော့ သံယောဇဉ် ဖြတ်ထားတာပေါ့လေ... ကျောင်းအပြစ် မဟုတ်ပါဘူး..တကယ်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ... (ခင်မောင်တိုး)

သမုဒယကျောင်းအပေါ် ထားခဲ့တဲ့ အကျိတ်အခဲတွေကို ချေဖျက်လိုက်ပါပြီ... 
ငြိမ်းချမ်း လွတ်လပ်စွာ သံသရာခရီး ဆက်နိုင်ပါစေ လို့ ယုံကြည်ဆုတောင်းလိုက်ပါတယ် ...
မဇ္ဈိမလှိုင်းကို စီး၍ နိဗ္ဗာန်သောင်ကမ်းသို့ ဆိုက်ကပ်နိုင်ပါစေ...

Friday, August 31, 2012

ကျွန်တော်နှင့် Programming

လူတယောက်ရဲ့ ဘဝမှာ အရေးကြီးတဲ့ ကာလဟာ အသက် ၂၀-ကျော် ၃၀ ဝန်းကျင်လို့ ထင်တယ်။ ဉာဏ်ရည် ဉာဏ်စွမ်း အထက်ဆုံး အချိန်ဖြစ်သလို စိတ်ဓာတ် ခွန်အားလည်း ခိုင်မာတဲ့ အချိန်ဖြစ်လို့ပါ။ ဒါအပြင် ရုပ်ပိုင်းအနေနဲ့လည်း စိတ်သွားတိုင်း ကိုယ်ပါ တက်တက်ကြွကြွ လိုက်နိုင်တဲ့ အရွယ် ဖြစ်တယ်။ ဒီအသက်အရွယ်ပိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ လူတယောက်ရဲ့ လုပ်ဆောင်ချက်တွေက သူ့ဘ၀ တလျှောက်လုံးကို သြဇာကြီးကြီး လွှမ်းမိုးနိုင်တယ်လို ယူဆပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်က အာဏာသိမ်း အဆုံးသပ်ပြီး၊ ကျောင်းတွေ ပိတ်ထားလိုက်တဲ့ အချိန်မှာ ကျွန်တော်က ဒီအသက်အပိုင်းအခြားကို ဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်နဲ့ သက်တူရွယ်တူအချို့က နိုင်ငံရေးမှာ တက်တက်ကြွကြွ လှုပ်ရှားကြရင်း ၈၈-မျိုးဆက် နိုင်ငံရေးသမားတွေ ဖြစ်သွားကြတယ်။ အချို့တော့လည်း စီးပွားရေးမှာ စောက်ချလုပ်ပြီး စီးပွားရေးသမားတွေ ဖြစ်သွားကြတယ်။ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ သီချင်းရေးဆရာတွေ ဖြစ်သွားကြသူတွေလည်း ရှိတယ်။ နိုင်ငံခြားကို ကျောင်းဆက်တက်ဖို့ဖြစ်ဖြစ် အလုပ်လုပ်ဖို့ဖြစ်ဖြစ် ထွက်သွားကြသူတွေလည်း မနည်းပါဘူး။

ကျွန်တော်က နိုင်ငံရေးမှာ စိတ်ပါဝင်စား မျှော်လင့်ချက်တွေထားခဲ့ပေမယ့် အများနည်းတူ ပါဝင်လှုပ်ရှားခဲ့တာမျိုးထက် မပိုခဲ့။ အနုပညာကို ဝါသနာပါပေမယ့် လမ်းဘေးမှာ အပျော်တမ်း ဂီတာတီးပြီး သီချင်းဆိုတာထက်ပိုတဲ့ ကြိုးစားအားထုတ်မှုမျိုး မရှိခဲ့ပါဘူး။ စီးပွားရေးဖက်ကလည်း ကိုယ်တိုင်က စိတ်ဝင်စားမှု မရှိတော့ ကိုယ့်အိမ်အလုပ်ကိုတောင် ဖြစ်ဖြစ်မြောက်မြောက် ဝိုင်းကူလုပ်ပေးခဲ့တာ မရှိပါဘူး။

အဲဒီအချိန်မှာ စိတ်ထက်ထက်သန်သန် ရှိခဲ့တာကတော့ Computer Program ရေးတာပါဘဲ။ တကယ်တော့ ဒီပိုးကို စခဲ့တာက ကျွန်တော့် ဦးလေး သင်္ချာဆရာပါ။ သူက သင်္ချာကို ဘယ်လောက် စိတ်ဝင်စားသလဲဆိုရင် အိမ်သာထဲမှာ ဗလာစာအုပ်နဲ့ ခဲတံထားပြီး၊ အိမ်သာတက်ရင်း သင်္ချာ တွက်တတ်သူပါ။ ကျောင်းတွေ ပိတ်ထားတော့ နိုင်ငံခြားမှာ ကျောင်းဆက်တက်ချင်တဲ့ ကျောင်းသားတစုက သင်္ချာအခြေခံရအောင် ဦးလေးဆီမှာ သင်္ချာလာ သင်ကြတယ်။ ကျွန်တော်လည်း စိတ်ပြေလက်ပျောက် ရောယောင်ပြီး သူတို့နဲ့အတူရောပြီး သင်္ချာတွက် ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းလည်းမရှိ စာမေးပွဲအတွက်လည်း မဟုတ်တော့ စိတ်ကူးတည့်ရာ ပါဘဲ။ ဆယ်တန်း အဆင့်တွေပါသလို မဟာသိပ္ပံတန်း ပုစ္ဆာတွေလည်း ပါတယ်။

တရက်တော့ နိုင်ငံခြားကို ကျောင်းတက်မယ့် ကျောင်းသားတွေက Computer Programming သင်ချင်တယ်လို့ ဆိုလာပါတယ်။ တကယ်တော့ ကျွန်တော့်ဦးလေး အပါအဝင် အားလုံးက ကွန်ပျုတာဆိုတာကို မြင်တောင် မမြင်ဖူးသေးပါဘူး (ရန်ကုန်မှာတော့ Computer သင်တန်းလိုမျိုး စပေါ်နေပြီ ထင်ပါတယ်)။ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ စာအုပ်ဆိုလည်း BASIC စာအုပ်တအုပ်နဲ့ FORTRAN စာအုပ်တအုပ် ရှိတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အုပ်စု ဗလာစာအုပ်ပေါ်မှာ ပရိုဂရမ်ရေးကြပါတယ်။ အခုခေတ် လူငယ်တွေကတော့ program ကို ဗလာစာအုပ်ပေါ်မှာ ရေးတယ်ဆိုတော့ တအံ့တသြ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ အဲဒီခေတ်က ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ FORTRAN program ကို ဆရာက သင်ပုန်းပေါ်ရေးပြ၊ အောက်က တပည့်တွေက ဗလာစာအုပ်ပေါ်မှာ ကူးရေးပြီး သင်ကြားပို့ချခဲ့ကြရတဲ့ ခေတ်ပါ။ Program ကို run ချင်ရင် လှိုင်နယ်မြေက ကွန်ပျုတာတက္ကသိုလ်ကို သွားရတယ်။ program တွေကို puch card လို့ခေါ်တဲ့ စက္ကူကတ်ပြားပေါ်မှာ ဖောက်၊ puch card reader ထဲထည့်ပြီး run ရတယ်လို့ ကြားဖူးတယ်။ ကိုယ်တိုင်ကတော့ တခါမှ စမ်းခွင့်၊ ကြည့်ခွင့် မကြုံခဲ့ပါဘူး။ ထားပါတော့ ဒီလိုနဲ့ ကျွန်တော်တို့ တတွေ စိတ်ကူးတည့်ရာ ပုစ္ဆာတွေကို ရှာပြီး၊ program တွေကို ကိုယ် ထင်သလို ရေးကြပါတယ်။ မှား၏ မှန်၏လည်း ကျွန်တော့် ဦးလေးအပါအဝင် ဘယ်သူကမှ တိတိကျကျ စစ်မပေးနိုင်ပါဘူး။

တစ်ရက်တော့ ကျွန်တော့ဦးလေးရဲ့ မိတ်ဆွေတစ်ယောက်ဆီမှာ ဂျပန်က ကွန်ပျုတာ တလုံးပါလာတယ်လို့ သတင်းရပါတယ်။ ဒီမှတင် ကျွန်တော်တို့ တအုပ်စုလုံး ကွန်ပျူတာဆိုတာကို အရှင်လတ်လတ် မြင်ဖူးချင်လို့ သွားကြည့်ကြရတယ်။ တကယ်တော့ PC လို့ခေါ်တဲ့ Personal Computer မျိုး မဟုတ်ပါဘူး။ Casio အမျိုးအစား Programmable Calculator တစ်လုံးပါ။ အဲဒီဆရာက BASIC နဲ့ program တစ်ချို့ရေးပြပါတယ်။ ကျွန်တော်တို့လည်း ဝမ်းသာအားရ ကျွန်တော်တို့ ဗလာစာအုပ်တွေပေါ်မှာ ရေးထားကြတဲ့ Program အချို့ကို စိတ်ဝင်တစား ထည့်စမ်းကြတယ်။ မှတ်မှတ်ရရ ရှိတာကတော့ ၁ ကနေ ၁၀၀ အတွင်းမှာ ရှိတဲ့ Prime Number တွေကို ရိုက်ထုတ်ပေးတဲ့ program လေးပါ။ စက်ကလေးက လေးတော့ အဖြေထွက်ဖို့ အတော်လေးကြာအောင် ထိုင်စောင့်ကြရတယ်။ ဒီ program တွေကို မြန်အောင် logic တွေကို ဘယ်လိုပြင်ရင် ကောင်းမလဲလို့ တစ်ရက် နှစ်ရက် စဉ်းစားဖြစ်တယ်။ နောက် ပြင်ထားတဲ့ code တွေနဲ့ ဒီစက်လေးပေါ်မှာ ပြန်စမ်း ကြပြန်တယ်။ အရင်က ရေးထားတာထက် နှစ်ဆ သုံးဆမြန်သွားတော့ ထခုန်မတတ် ပျော်ရတယ်။ ဒါဟာ ကျွန်တော့ရဲ့ ပထမဆုံး Code Optimization ပဲ ဆိုပါတော့။

နောက်မန္တလေးမှာ Computer သင်တန်းဆိုတာတွေ စပေါ်လာတယ်။ ထုံးစံအတိုင်း ကျွန်တော်တို့ အုပ်စု ဒီသင်တန်းဆီကို ချီတက် ကြပြန်တယ်။ ဒီတော့မှ (တီဗီနဲ့ လက်နှိပ်စက် တွဲထားတာကြီးပါလို့ လူကြီးတွေ ပြောတတ်ကြတဲ့) Personal Computer ကို စမြင်ဖူးပါတယ်။ ဘယ်လို programming တွေကို သင်သလဲလို့ စုံစမ်းကြတယ်။ ကျွန်တော်တို့ မေးတာကို သင်တန်းကလူက နားလည်ပုံ မပေါ်သလို၊ သူရှင်းပြနေတာတွေလည်း ကျွန်တော်တို့က နားမလည်ခဲ့ပါ။ လူတစ်ယောက်က “ကကြီး ခခွေး စာလုံး”တွေကို ကွန်ပျုတာပေါ်မှာ ရေးဆွဲနေတာကို ခဏ ထိုင်ငေးကြတယ်။ နောက်နှစ် အတော်ကြာမှ မြန်မာစာ fonts တွေ ရေးနေခဲ့ကြတာကိုးလို့ သဘောပေါက်ပါတယ်။

ထူးဆန်းတာက PC ဆိုတာကို တကယ်စ မြင်ဖူးတဲ့ အချိန်မှာပဲ ကျွန်တော့ရဲ့ ကွန်ပျူတာဘာသာကို စိတ်ပါဝင်စားမှုက သိသိသာသာ လျော့သွားတာပါပဲ။ ကွန်ပျုတာပေါ်မှာ စာရိုက်ဖို့၊ စာရင်းဇယားတွေ ဆွဲဖို့ဆိုတာကို စိတ်မဝင်စားတာက တစ်ကြောင်း၊ သင်တန်းကြေးတွေက ဈေးကြီးလွန်းတာကြောင့် တစ်ကြောင်းလည်း ဖြစ်နိုင်ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ အုပ်စုထဲက ကျောင်းသားတယောက်က ထိုင်းနိုင်ငံက AIT (Asian Institute of Technology) တက္ကသိုလ်မှာ M.BA သင်တန်းတက်ခွင့် ရသွားတယ်။ နောက်တယောက်ကလည်း စင်္ကာပူက Informatics မှာ ကွန်ပျူတာဘာသာ သင်ဖို့ ထွက်သွားတယ်။ (နောင်တော့ သူ့ကို မြန်မာနိုင်ငံရဲ့ ကွန်ပျူတာပညာရှင်တစ်ဦးအနေနဲ့ မြန်မာ့ရုပ်သံမှာ ပြန်တွေ့ရတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ သူ့သတင်း မကြားရတော့ပါဘူး)။ ဒီလိုနဲ့ ကျွန်တော်တို့ လူစုကွဲသွား ကြတယ်။ ကျွန်တော့ ဦးလေးကလည်း သူ့သင်္ချာ ပုစ္ဆာတွေပဲ ပြန်တွက်တယ်။ ကျွန်တော့်ရဲ့ ကွန်ပျုတာလိုက်စားမှုက ဒီမှာတင် တစခန်း ရပ်သွားပါတယ်။ ဒီအကြောင်းကို ပြန်စဉ်းစားမိတိုင်း Forest Gump ဇာတ်လမ်းထဲမှာ နိုင်ငံတလွှား ပြေးနေရင်းကနေ ရပ်ပြီး “Just like that. My running day is over” လို့ပြောတဲ့ အခန်းကို သတိရမိတယ်။

တကယ်တော့ programming ကို စိတ်ဝင်စားမှု လျော့သွားတာမဟုတ်ပါဘူး။ ကိုယ်ရဲ့ စိတ်ထက်သန်မှုနဲ့ လိုက်လျော ညီထွေမယ့် အခြေအနေမျိုး မရှိ၊ ဖန်တီးလည်း မယူနိုင်တဲ့အတွက် တမင် စိတ်လျှော့လိုက် တာမျိုးလို့ ထင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အဆိုးထဲက အကောင်းလို့ ပြောနိုင်တာကတော့ ကိုယ့်ရဲ့အခြားစိတ်ဝင်စားမှုတခုဖြစ်တဲ့ အတွေးအခေါ်နဲ့ ဘာသာရေးစာအုပ်တွေကို စောက်ချ ဖတ်ဖြစ်ခဲ့တာပါ။ စာအုပ်အဟောင်းဆိုင်တွေက ဝယ်စုထားတဲ့ Bertrand Russell ရဲ့ စာအုပ်တွေကို ဖတ်ဖြစ်သွားတယ်။ ဘာသာရေးဖက်မှာလည်း နိကာယ်ကြီး လေးခုရဲ့ မြန်မာပြန်တွေကို အဋ္ဌကထာ နိဿယတွေနဲ့ တွဲပြီး ဖတ်ဖြစ်ခဲ့ပါတယ်။ စာအုပ်တွေကို ငှားပေးတဲ့ ဆရာတော်ကလည်း ကျွန်တော် ဖတ်ချင်တဲ့စာအုပ် သူ့ကျောင်းမှာ မရှိရင်၊ အခြားကျောင်းတွေကနေ တဆင့်ငှားပေးပါတယ်။ တကယ်တော့ Programming နဲ့ပတ်သက်ပြီး ဆက်ဖတ်စရာ ဘာစာအုပ်မှ မရှိတော့သလို ဘာဆက်လုပ်မှန်းမသိဘဲ လမ်းပျောက်ပြီး အားမလိုအားမရ ဖြစ်ခဲ့ရတဲ့ စိတ်ကို “လုပ်ချင်တာလုပ်လို့ မရရင်၊ လုပ်လို့ရတာ လုပ်မယ်” ဆိုတဲ့ ဂွတိုက်ချင်တဲ့ စိတ်ဆန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် မကောင်းတဲ့လမ်းထက် ကောင်းတဲ့လမ်းကို ရွေးချယ်ဖြစ်ခဲ့တာကိုပဲ ကိုယ်ကိုယ်ကို ကျေးဇူးပြန် တင်မိပါတယ်။

ဒီလိုနဲ့ Programming ဖက်ကို လုံးဝပြန် မလှည့်ဖြစ်ဘဲ ကျောင်းပိတ်ရက် ရှည်ကြီးကို ဖြတ်သန်းခဲ့တယ်။ တက္ကသိုလ်တွေ ပြန်ဖွင့်တော့ programming ဘာသာရပ်နဲ့ ပြန်တွေ့ရပါတယ်။ စတုတ္ထနှစ် FORTRAN, ပဉ္စမနှစ်မှာ C programming, နောက်ဆုံးနှစ်မှာ 80x86 Assembly programming သင်ရတယ်။ ဒီတော့လည်း အရင်က စိတ်ဝင်စားမှုတွေက ပြန်ပြီး တဖြည်းဖြည်း ပေါ်လာပါတယ်။ ကျောင်းစာဖြစ်တာ တစ်ကြောင်း၊ အဲဒီအချိန်က ရွှေမြိုင်ဆိုတဲ့ ဆိုင်ကနေ မိတ္တူကူးထားတဲ့ ကွန်ပျူတာစာအုပ်တွေကို ဈေးသက်သက်သာသာနဲ့ လွယ်လင့်တကူ ဝယ်လို့ရတာက တစ်ကြောင်းဆိုတော့ အတော်လေး ပြန်ပြီး ဖတ်ဖြစ်ပါတယ်။ ရန်ကုန်မှာ PC တွေကလည်း အတော်လေး ခေတ်စားလာပြီဆိုတော့ စက်မှုတက္ကသိုလ်မှာ PC ငါးလုံး ဆယ်လုံးလောက်နဲ့ Computer Lab ဆိုတာ ရှိနေပါပြီ။ ဒါပေမယ့် တစ်နှစ်လုံးအတွက် ၂-ချိန်ဘဲ လက်တွေ့ကွန်ပျူတာ စက်သုံးချိန်ရပါတယ်။ ဒီတော့ အရင်လိုပဲ Program ကို ဗလာစာအုပ်ပေါ်မှာ ရေးပြီး ကျင့်ခဲ့ရပါတယ်။ နောက်တော့ ကျွန်တော်ကိုယ်တိုင် program တွေကို သင်ပုန်းပေါ်မှာ ချရေးပြီး သင်တဲ့ ကွန်ပျူတာ ကျူရှင်ဆရာ လုပ်ဖြစ်ပါတယ်။ အဲဒီကစလို့ စင်ကာပူရောက်ပြီး ဒီနေ့အထိ programming နဲ့ဘဲ အသက်မွေးဖြစ်နေပါတယ်။

*****
 Happy Blogday!!!
*****
(ကျမနှင့် Life Long Learning ပို့စ်ကို ပထမ ကျမနှင့် Programing လို့ ခေါင်းစဉ်တပ်ပြီး ရေးနေတုန်း ကိုဧရာက လာဖတ်ပြီး သူလည်း ကျနော်နှင့် Programming ရေးဦးမှပဲ ဆိုပြီး ရေးပါတယ်။)

Wednesday, August 31, 2011

Blog Day 2011

Blog Day အမှတ်တရပို့စ်များ လက်လှမ်းမှီသလောက် စုစည်းထားပါတယ်။ ထပ်ဖြည့်ရန် ကျန်သေးသော ပို့စ်များကို CBox (သို့) ကော်မန့်တွင် လင့်ပေးခဲ့ပါ။ ဖောင်မပိတ်သေးပါ း)
1 ၀ါခေါင်မိုး မအိမ်သူ - Happy Blog Day!!!
2 A SMILLING FLOWER - ဘလော့ဂ်နေ့ ၂၀၁၁
3 An Asian Tour Operator - သတိအန္တရာယ်ရှိသည်
4 Angelhlaing - ဘလော့ဂ်ဒေးအမှတ်တရ (Tag Post)
5 blackroze - ခံစားမှုသံစဉ် - blog day အမှတ်တရ
6 Iora - ဘလော့ဂါပွဲဈေးတန်းမှာ ယောင်လည်လည်
7 jasmine (တောင်ကြီး) - ဘလော့ဂ်ဒေး
8 K - ပန်းခင်း (for blog day)
9 khin oo may - ဟိုစောင်းဒီစောင်း
10 My Favorite Place in Little Pigeonhole - Blog Day 2011
11 My Wonderful Moral Thoughts - Blog Day အမှတ်တရ
12 My World ဖြိုးဖြိုးလှိုင် - ဘလော့ဂ်ဒေးမှာ ရယ်ရယ်မောမော
13 N/A - ဝေး..စိတ်ဖြေ - ဘလော့ဒေး (၂၀၁၁)
14 Rose of Sharon - ဘလော့ဂ်ဒေးအမှတ်တရ
15 S-C - တိမ်တွေပေါ်မှာ နင်ရယ်၊ ငါရယ်၊ သူတို့ရယ်...
16 shwezinu - ဘလော့ဂ်ဒေး အမှတ်တရ
17 sosegado တည်ငြိမ်အေး - တိတ်ဆိတ်ခြင်းကို...
18 White Angel - Happy Blog Day
19 yamin - ရွှေမြန်မာ -သြဂုတ်လ ၃၁ရက်နေ့ တကမ္ဘာလုံးဆိုင်ရာ ဘလော့ဂ်ဒေး
20 Younggun - ဘသားချောတို့ ဘလော့ဂ်ဒေး
21 ကိုကိုမောင် (ပန်းရနံ့) - သူကြီးမင်းရဲ့ ဘလော့ဂါဒေးပုံပြင်
22 ကိုပီတာ - Are you ready to celebrate Blog Day?
23 ကိုဇော် - ဘလော့ဒေး
24 ကိုအောင် (ပျူနိုင်ငံ) - ဘလော့ဂ်ဒေးအတွက် အမှတ်တရများ (အပိုင်း-၂)
25 ကိုအောင် (ပျူနိုင်ငံ) - ဘလော့ဂ်ဒေးအတွက် အမှတ်တရများ (အပိုင်း-၁)
26 ကိုအောင် (ပျူနိုင်ငံ) - ဘလော့ဂ်ဒေးအတွက် အမှတ်တရများ (အပိုင်း-၃)
27 ခင်မောင်ချင်း - ချင်းကလေး - Blog Day
28 ချစ်ကြည်အေး - ဘလော့ဂ်နေ့ ဆုမွန်ကောင်း
29 ချယ်ရီမြေ - ချက်ကြီးပြောချင်သော ဘလော့ဒေး
30 စုချစ်သူ - ချစ်သောဘလော့ကာများ
31 ဆုမြတ်မိုး - Happy Blog Day
32 ဇွန်မိုးစက် Coral Reef - ဆုံခဲ့ဖူးတဲ့ ဘလော့ရွာသူ ရွာသားများ
33 ညိမ်းနိုင် ( မျောလွင့်တိမ်တို့ နားခိုရာ) မောင်လေး - ဘလော့ဂ်ဒေးအတွက် အမှတ်တရ
34 ညီလင်းသစ် - Blay Dog အမှတ်တရ
35 ထာဝရသစ္စာ - blogday.tag
36 ထူးတေဇာ - My Burmese Blog - Blog Day 2011
37 နတ်ဆိုးလေး - Happy Blog Day (August 31) အမှတ်တရ တဂ်ပို့စ်
38 ဖြိုးမောင်မောင်(CTM) - ရေးမိရေးရာ အဖြာဖြာ- BLOG DAY
39 မင်းဧရာ - ဘလော့ဂ်ဒေး
40 မဒမ်ကိုး - Blog Day အမှတ်တရ
41 မယ်ကိုး - ပြတင်းပေါက်ကလေးများ
42 မိုးခါး -ထာဝရကြယ်စင် - Blog Day!!
43 မိုးစက်ပွင့် - ဘလော့ဂ်ဒေး တဲ့လား
44 မိုးပန်းချီ -ဖြစ်တည်ခြင်းတစ်ခု အကြောင်း (သို့) အမှတ်တရ B108 Day!
45 မိုးယံ - ဘလော့ဂ်ဒေး အမှတ်တရ
46 မြစ်ကျိုးအင်း - ဘလော့ဂ်ဂါ ပွဲဈေးတန်း (၂)
47 မြသွေးနီ - ဟက်ပီဘလော့ဂ်ဒေး
48 ရွှန်းမီ - စုံစီနဖာ - 14 Little Mirrors
49 လင်းဦး (စိတ်ပညာ) - ဖြတ်သန်းခဲ့သမျှ ဘလော့ဂ်ဂါသမိုင်း
50 လင်းခေတ်ဒီနို ဗညားရှိန် ဆက်ပိုင် - Blog Day အမှတ်တရ
51 သက်တန့်ချို - Blog Day
52 သက်ဝေ - 2011 Blog Day အမှတ်တရ
53 သဒ္ဓါလှိုင်း - blog day အမှတ်တရ
54 သိင်္ဂါကျော် - နှင်းဆီခင်းကို ပျိုးခွင့်ပေးခဲ့တဲ့နေရာ
55 အန်တီတင့် - ဘလော့ဂ်ဒေး
56 အမှတ်တရလေးများ - ၀ါဝါခိုင်မင်း - Blog Day အမှတ်တရ
57 အဖြူလေး - ဘလော့ဂ်ဒေး အမှတ်တရ
58 အလင်းသစ် - Blog Day အမှတ်တရ
59 အိမ့်ချမ်းမြေ့ - အမှတ်တရလေးများ (ဘလော့ဂ်နေ့အတွက်)
60 အတွေးစလေးများ ဦးဟန်ကြည် - ဘလော့ဂ်ဒေး - ၁
61 အတွေးစလေးများ ဦးဟန်ကြည် - ဘလော့ဂ်ဒေး - ၂
62 အတွေးစလေးများ ဦးဟန်ကြည် - ဘလော့ဂ်ဒေး - ၃
63 ကောင်းကင်ဖြူ - ကိုဘုန်း - blog day အမှတ်တရ
64 ကောင်းမွန်ဝင်း - ဘလော့ဂ်ဒေးဆုတောင်း
65 ချော အစိမ်းရောင်လွင်ပြင် - ဘလော့ဂ်ဒေးအမှတ်တရ
66 ငွေလမင်း - ဘလော့ဂ်ဒေး
67 စော (အ၀ါရောင်မြေ) - ဘလော့ကြသူများနှင့် ဘလော့ကာဒေး
68 စော (အ၀ါရောင်မြေ) - ဘလော့ကြသူများနှင့် ဘလော့ကာဒေး
69 ဆောင်း- Blog Day!
70 ဆောင်းနှင်းရွက် - ဘလော့ဂ်ဒေးအတွက် အမှတ်တရများ
71 နေ၀သန်ရဲ့ အိုအေစစ် - ဘလော့ဂ်ဒေး အမှတ်တရ
72 ပေါက် KKK - ဖြစ်ညှစ်ရေးသောစာ
73 မေဓာဝီ - ၅-နှစ် ရှည်ကြာ ဘလော့ရွာ
74 မေသိမ့်သိမ့်ကျော် - ဘလော့ဒေး
75 မောင်မျိုး - ဘလော့ဂ်ဒေး အမှတ်တရ (၁)
76 မောင်မျိုး - ဘလော့ဂ်ဒေး အမှတ်တရ (၂)
77 မောင်မောင် (မြစ်ဆုံ) - ကျနော်နဲ့ ပထမဆုံးသော ဘလော့ဂ်ဒေး
78 မောင်မောင်၏ဘလော့ဂ် - ဘလော့ဂ်ဒေး တဲ့
79 ရွှေပြည်သူ - Blog Day 2011 အတွက်
80 အောင်သာငယ် - Blog Day 2011 အမှတ်တရ
81 နိုင်းနိုင်စနေ - သြဂုတ်လ (၃၁) ဘလော့ဂ်ဒေး
82 နှင်းနဲ့မာယာ - ကျမ ဘလော့ဂါမဟုတ်ပါ
83 ကြယ်လွမ်းသူ ချိုကျ - ဘလော့ဂ်ဒေးအမှတ်တရ

၂၀၀၈ ခုနှစ်တုန်းကပေါ့....
၂၀၀၈ခုနှစ်မှာ လက်တွဲခဲ့တဲ့ ဘလော့ဂ် သူငယ်ချင်းတွေကို သီချင်းလေးနဲ့ ကျေးဇူးတင်လိုက်တယ်...
video လေးလုပ်ပြီးမှ ခင်မင်ခွင့်ရလို့ ကျန်သွားတဲ့ သူငယ်ချင်းတွေလည်း သီချင်းလေး တူတူနားထောင်မယ်နော်...SONATA-CANTATA မှာ ဆုံကြသူ အားလုံးအတွက်...
(Leo အဖွဲ့ရဲ့ သီချင်းလေးကို ကိုဧရာရဲ့ ညီက တီးခတ် သီဆိုထားပြီး ဟာမိုနီ ကိုဧရာနှင့် မောင်နှမများဖြစ်ပါတယ်။)

Sunday, June 19, 2011

Sand Stupa @ East Coast



လောကချမ်းသာ သဲပုံစေတီ


 လှိုဏ်ဂူအတွင်း ကိန်းအောင် စံပျော်တော်မူပါ

 အနေကဇာတိ သံသာရံ...


ဆီမီးထိန်ထိန်သာ...

Tuesday, May 17, 2011

ရွှေရတုမှတ်တမ်း ပိုင်ရှင်အတွက်

ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ နေ့နေ့ညည ဆင်ခြင်သင့်တဲ့အရာထဲမှာ သေခြင်းတရားလည်း ပါပါတယ်။ အမှန်အတိုင်း ဝန်ခံရရင် ဆင်ခြင်ဖို့ ဝေးစွ၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် နေလာလိုက်တာ...သေခြင်းတရားဆိုတာ နားကိုမလည်တဲ့အရာ။
သေတတ်တဲ့အမျိုးတွေမို့ သေနေကြတာ... ကိုယ်နဲ့ လားလားမှ မဆိုင်သလို... ဖာသိဖာသာ နေမိနေရာ။ ကိုယ်ချစ်ရခင်ရသူတွေ သေဆုံးမှုမှာတော့ မျက်ရည်တွေ တွေတွေကျ၊ ရင်ထဲက ပူ၊ ခေါင်းတွေ အုံ။

ကိုကြီးကျောက်ကြောင့် သေခြင်းတရား ဆိုတာကို ဒီလို နားလည်လိုက်ပါတယ်။

မျက်လှည့် ပြကွက် တခုလိုပါပဲလား။ မယုံဘူး... မယုံချင်ဘူး။ သေခြင်းတရားကတော့... ဟတ်ချလောင်း...တဲ့။


Thursday, January 6, 2011

ချစ်ပွဲဝင်

လူ့ဘောင်လောကကြီး ကြီးပွားစည်ပင်စိမ့်သောငှာ
ဖိုနဲ့မ သဘာ၀ လူသားနှစ်ဦး ပေါင်းသင်းနေထိုင်ကြရာက စ
မိသားစုတွေ ပေါက်ဖွားလာကြရာမှာ … အဟမ်း အဟမ်း

ဝါကျွတ်ကာလက စလို့ အလျှိုအလျှို ပေါ်လာကြတဲ့ ဟိုကဒီက မင်္ဂလာဆောင်များအတွက် မင်္ဂလာလက်ဖွဲ့ ပို့စ်လေးပါ။ အထူးအားဖြင့် မသီတာရဲ့ တူတယောက်၊ တူမတဦး၊ သူငယ်ချင်း Kမမ၊ TZA တို့အတွက် ရည်ရွယ်ပါတယ်။

❤♫ အချိန်တန် အရွယ်ရောက်ကာ ♪ လူလားမြောက်ရင် ချစ်သူနဲ့ တွဲနှင်♪ ဘုရားသွားကျောင်းတက် နေ့စဉ် မောင်နဲ့ခင်♪
❤♫ ပျော်ပျော်ရွှင်ရွှင် …
...
...
❤♫ မေတ္တာတွေ သက်ဝင် ♪ ကရုဏာတွေ သက်ဝင် ...

ချစ်ပွဲဝင်


တေးရေး- သဟာယ ဆရာတင်
မူလ အဆိုရှင် - မေရှင်

သံသရာ၌ ကျင်လည်ရသည်ရှိသော်
ဖြစ်လေရာ ဘဝမှာ ကိုယ်ချစ်တဲ့သူနဲ့ ပေါင်းဆုံခွင့်ရချင်ရင်…
သစ္စာရှိကြပါ။

Monday, December 20, 2010

အချိန် နှင့် အမျှ


၁၅ ဒီဇင်ဘာ (ဗုဒ္ဓဟူးနေ့)က ဘုန်းကြီးကျောင်း ရောက်ပါတယ်။ အတူသွားတဲ့ အန်တီက သင်္ကန်းတထည် ဆရာတော်ကို ကပ်လှူတော့၊ “ဒါကာမကြီး ဘာအတွက် လှူတာလဲ” လို့ ဆရာတော်က မေးပါတယ်။ အန်တီက ‘မိတ်ဆွေတယောက်ရဲ့အမေ ဆုံးပါးသွားလို့ အဲ့ဒီမိတ်ဆွေက သူကိုယ်တိုင် ကျောင်းကို မလာနိုင်တဲ့အတွက် သူ့အမေကို ရည်စူးပြီး လှူပေးပါရန် အကူအညီတောင်းလိုက်ကြောင်း’ ဆရာတော်ကို လျှောက်ထားပါတယ်။ ဆရာတော်က “ဒါဆို အမျှဝေရမယ်” လို့ မိန့်ပါတယ်။ “ဒါ ဘုန်းကြီးအလုပ်၊ လှူတာကို ဟိုနားထားခဲ့ဆို ပြီးတာမဟုတ်ဘူး” လို့ ပြုံးရယ်ရင်း မိန့်ပါတယ်။ တဆက်ထဲမှာပဲ “ကြားဖူးကြလား ဗိမ္ဘိသာရမင်းကြီးရဲ့ ဆွေတွေ မျိုးတွေ ပြိတ္တာတွေ ဖြစ်နေကြတာ၊ ဗိမ္ဘိသာရမင်းကြီးက ဘုရားနဲ့ တကွ သံဃာတွေ ဆွမ်းကပ်ပြီး သူက မသိတော့ အမျှမဝေမိဘူး။ ဒီမှာတင် မင်းကြီးကို မကောင်းတဲ့ အနံ့တွေ၊ အဆင်းတွေ ပေးပြီး ခြောက်ကြ လှန့်ကြတာပေါ့။ ဗိမ္ဘိသာရမင်းကြီးက ကြောက်လန့်ပြီး မြတ်စွာဘုရားကို လျှောက်ထားတော့၊ မြတ်စွာဘုရားက ရှင်းပြတော့မှ နောက်တရက် မြတ်စွာဘုရားနဲ့ သံဃာတွေ ထပ်မံပင့်ဖိတ် ဆွမ်းလုပ်ကျွေးပြီး၊ အမျှအတန်း ပေးဝေတော့မှ ပြိတ္တာဖြစ်နေတဲ့ ဆွေဟောင်းမျိုးဟောင်းတွေလည်း စားရသောက်ရ၊ ဝတ်စရာ၊ နေစရာတွေ ရကြတယ်… ။ ပြိတ္တာဘဝက ကျွတ်လွတ်သွားတယ်လို့တော့ မဟုတ်ပါဘူး။ ကျွတ်တာကတော့ အချိန်တန်မှ ကျွတ်မှာပါ။ စားစရာ၊ ဝတ်စရာ ရသွားတယ် ဒီသဘောပါ” လို့ အမိန့်ရှိပါတယ်။ “အမျှအတန်း ပေးဝေတဲ့ ဓလေ့ အဲ့ဒီက စ သလား လို့တောင် ဘုန်းကြီး ထင်မိတယ်” လို့ ဆက်မိန့်ပါသေးတယ်။

ဆရာတော်ရဲ့ တရားစကားထဲမှာ အချိန်တန်တော့ ဆိုတဲ့ စကားအပေါ် အတွေးနယ်ချဲ့မိပါတယ်။ အချိန်တန်တော့ သေပြီး၊ ဘဝတပါးသို့ ကူးပြောင်းရမယ်။ အချိန် … အချိန်… သတ္တဝါ တဦးတယောက်ချင်းစီအတွက် ပိုင်ဆိုင်တဲ့ အချိန်တွေက မတူကြပေဘူး။ ဘဝတခုမှာ အသက်ရှင်နေထိုင်ခွင့်ရတဲ့ အချိန်ဟာ သူပိုင်ဆိုင်တဲ့ အချိန်ပဲ။ အချိန်ရှိတိုင်း အိပ်နေတတ်တဲ့ ကိုယ့်ကိုကိုယ် အသေအချာ ဆုံးမ ပါတယ်။ “အယင်ဘဝက ကုသိုလ်ကောင်းမှုလေး ပါခဲ့လို့ အခုဘဝမှာ အသိဉာဏ် အတန်အသင့်ရှိတဲ့ လူဖြစ်ပါလျက်နဲ့ ဒီလိုသာ ဘဝကို ကုန်ဆုံးပစ်နေရင်တော့၊ နောင်ဘ၀ တိရစ္ဆာန်အဖြစ်ကို ရွေးချယ်ဖို့ ဦးတည်နေတာပဲ...” လို့။

ဘုန်းကြီးကျောင်းကနေ အိမ်ပြန်ရောက် email စစ်တော့၊ စက်မှုတက္ကသိုလ်တက်စဉ် ကိုဧရာတို့နဲ့ အတန်းဖော်တောက်လျှောက်ဖြစ်ခဲ့ပြီး နောက်ဆုံးနှစ်မှာတော့ နောက်တနှစ်ဖြစ်တဲ့ ကျမတို့နှစ်မှာမှ ကျောင်းတူတူပြီးခဲ့တဲ့ အမတယောက်ရဲ့ နာရေး သတင်းကို သိရပါတော့တယ်။ ခဏနေတော့ မနက်က ဘုန်းကြီးကျောင်းအတူတူသွားခဲ့တဲ့ အန်တီရဲ့ ယောက္ခမကြီး ဒီနေ့ပဲ ရန်ကုန်မှာ ဆုံးကြောင်း အန်တီက ဖုန်းဆက် အကြောင်းကြားလာပြန်ပါတယ်။ ညဘက် ဘုရားရှိခိုးအပြီးမှာ လွန်ခဲ့သော ခြောက်လခန့်က ကွယ်လွန်သွားပြီးလို့ သိရတဲ့ အမရဲ့ အမည်ကို ခေါ်ပြီး၊ ၎င်းနှင့်တကွ ၃၁ ဘုံ၌ ကျင်လည်ကြကုန်သော ဝေနေယျ၊ သုခိတ၊ ဒုက္ခိတ သတ္တဝါ အပေါင်းတို့အား ကောင်းမွန်စွာ အမျှပေးဝေပါတယ်။ အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ…။

အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ဖို့အတွက် အသိဉာဏ်ရှိဖို့ လိုတယ်။ လူသားတဦးရဲ့ တဘဝတာ အချိန်အတွင်းမှာ အဆိုးရော၊ အကောင်းပါ လောကဓံတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတဲ့ အသိဉာဏ်တွေ ရင့်သထက် ရင့်သန်ဖို့၊ နောက်ဆုံး လောကမှ လွတ်မြောက်ရေး ဆိုတဲ့ အန္တိမပန်းတိုင်ကို မျက်မှောက်ပြုဖို့ ရှင်သန်နေတဲ့ အချိန်အတွင်းမှာသာ ကြိုးစားအားထုတ်နိုင်တယ်။

*****
လွန်ခဲ့တဲ့ ၃နှစ်လောက်က ခေါင်းတွေ မူးနေတတ်လို့၊ ဂျပန်မှာရောက်နေတဲ့ ငယ်သူငယ်ချင်းတယောက် ဖုန်းဆက်လာတဲ့ အခါ သူ့ကို နေမကောင်းကြောင်း ညည်းလိုက်မိပါတယ်။ “ဟယ်အဲ့ဒါဆို နင် သွေးပေါင်လေး ဘာလေး မှန်မှန်ချိန်မှပေါ့” ဆိုပြီး သိပ်မကြာပါဘူး ဂျပန်ကနေ သွေးပေါင်ချိန်စက်ကြီး ပို့ချလာပါတယ်။ Manual က ဂျပန်လို ဖြစ်နေလို့ ဆိုပြီး၊ နောက်မှ အင်္ဂလိပ်လို Manual ကိုပါ ရှာကြံ မိတ္တူဆွဲပြီး ပို့ပေးခဲ့ပါသေးတယ်။ ဝမ်းနည်း ဝမ်းသာဖြစ်ပြီး မသုံးရက်ပဲ အသစ်အတိုင်းသိမ်းထားခဲ့ပါတယ်။ ဒီစက်ကို ငါတယောက်ထဲအတွက် အသုံးမချပဲ၊ အများအတွက် အသုံးကျအောင် ဘယ်လိုလုပ်ရမလဲ လို့ တွေးတောကြံဆရင်း….အခုတော့ ဆန္ဒပြည့်ဝခဲ့ပါပြီ။

၁၈ ရက်နေ့က ရန်ကုန်ပြန်သွားတဲ့ ညီမလေးတယောက်နဲ့ အကြုံထည့်ပေးလိုက်ပြီး သုခဆေးခန်းမှာ လှူဒါန်းလိုက်ပါပြီ…။ ရန်ကုန်ရောက်ရောက်ခြင်းနေ့မကူးပဲ ဆေးခန်းမှာ သွားလှူပေးခဲ့တဲ့ ညီမတို့ ဇနီးမောင်နှံနဲ့ လူကြုံယူသွားပေးတဲ့ ညီမတို့ကို ကျေးဇူးအထူးတင်ပါတယ်။

ဆေးခန်းအတွင်း တနေရာ...

ဆေးခန်းအတွင်း တနေရာ...

ချစ်သူငယ်ချင်း နှစ်ယောက်ရဲ့ လှူဒါန်းခြင်း -ကုသိုလ် ကို သတ္တဝါအပေါင်းအား အမျှပေးဝေလိုက်ပါတယ်။

ပုံရိပ်ဟောင်းများ (၃) - The Lost World

ချစ်စ,ကို ရှည်စေ၊ မုန်းစ,ကို တိုစေ ဆိုတဲ့ မြန်မာစကားပုံ တစ်ခုရှိပါတယ်။ ဒီနေရာမှာတော့ လွမ်းစ,ကို ရှည်စေ လို့ပါ ထပ်ဖြည့်ရတော့မယ်။ ပုံရိပ်ဟောင်းများနဲ့ မပြီးနိုင် မစီးနိုင် လွမ်းလိုက်ပါဦးမယ်...။

၂၀၁၀ခုနှစ် စက်မှုတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားဟောင်းများ၏ ဆရာပူဇော်ပွဲနှင့် မိတ်ဆုံပွဲ
ကို စင်္ကာပူမှာ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါပြီ။ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ရင်း…
ကွယ်လွန်သွားပြီဖြစ်သော ဆရာကြီးဒေါက်တာစန်းတင့်  စင်္ကာပူလာရောက်ခဲ့စဉ်(၁၉၉၇ခုနှစ်)က မြန်မာဘုန်းတော်ကြီးကျောင်း မှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို အမှတ်တရအဖြစ် တင်လိုက်ပါတယ်။

အီလက်ထရွန်နစ်ဌာန ပါမောက္ခ ဒေါက်တာစန်းတင့်

အဲ့ဒီနေ့ ညနေမှာပဲ တပည့်များက ဆရာကြီးကို Jurong Point ရုပ်ရှင်ရုံမှာ The Lost World – Jurassic Park ဇာတ်ကား လိုက်လံပြသခဲ့ပါတယ်။ တနေကုန် ပင်ပန်းနေပေမဲ့၊ တပည့်တွေကို အလိုလိုက်ခဲ့တဲ့ ဆရာကြီး သည်းထိတ်ရင်ဖို ပြကွက်တွေကြား၊ အိပ်မောကျရင်း အနားယူရရှာတယ်။

စက်မှုတက္ကသိုလ်မှာ ဒေါက်တာစန်းတင့်တို့လို ကိုယ်တိုင် ပညာထူးချွန်ရုံမက ကျောင်းသားတွေရဲ့ ပညာရေးကို အထူးအလေးပေးတဲ့ ဆရာကြီးတွေ အတော်များများ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် အခြေအနေ အကြောင်းကြောင်းတွေကြောင့် ဒီလိုဆရာမျိုးတွေ တဖြည်းဖြည်း နည်းပါးလာပါပြီ။ ဒိုင်နိုဆောကြီးတွေလို extinct ဖြစ်သွားမှာ စိုးရိမ်မိနေပါတော့တယ်။
1995 ခုနှစ် - ရန်ကုန်စက်မှုတက္ကသိုလ် (၂၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပသည့်နေ့တွင် ရိုက်ကူးထားသည်။

Sunday, July 18, 2010

အာဇာနည်နေ့ (ဆရာဇော်ဂျီ)

၁၉ ဇူလိုင်လ ၁၉၄၇ခုနှစ်၊ နံနက် ၁၀း၃၇နာရီ







မိုးက စိုစို၊ ကျီးအုပ်ပြို၍၊
ထိုမှဤမှ၊ တို့လမ်းမတွင်
ပျံကြဝဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏ မှတ်မိ၏။
ထိုနေ့၌ပင် ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူပန်းသည်၊
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏။
မြေခသတင်း၊ မိုးကြိုးခွင်းသို့၊
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊
မချင့်မရဲ၊ ဝမ်းနည်းခံခက်၊
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊
ရွာဦးပိုင်းမှ သင်္ချိုင်းထိ။

ဆရာဇော်ဂျီ

Tuesday, May 25, 2010

မရေးဖြစ်သော ပို့စ်များနှင့် မွေးနေ့ဆုတောင်း

ဒီလထဲမှာ ပို့စ်တပုဒ်မှ မရေးရသေးဘူး။
မရေးချင်လို့ မဟုတ်ပါပဲ မရေးဖြစ်ခဲ့တာ…

မသီတာအတွက် ဘဘော့ဂ်ပေါ်ကနေ သူငယ်ချင်းတွေကို စကားလှမ်းလှမ်းပြောရတာမို့ ပို့စ်မရေးတော့ စကားမပြောပဲ သွေးကြီးနေသလိုလို… မဟုတ်ရပါဘူး။ မသီတာမှာ တိုင်တည်စရာဆိုလို့ ဒီသူငယ်ချင်းတွေပဲ ရှိတာ… ယုန်ရုပ်လေး ရေးမပြတော့ဘူးနော် ယုံပါ။

အမေများနေ့တုန်းကလည်း မရေးလိုက်ရဘူး။
အမေ့ပုံ… မသီတာကို မမွေးခင် ၁၉၆၈ က ရိုက်ထားတဲ့ ပုံလေး (မသီတာရဲ့ အခု အသက်အရွယ်လောက်မှာ ရိုက်ထားတဲ့ပုံပေါ့) တင်ချင်မိခဲ့တယ်။ နောက်မှ အမေ့ပုံမြင်ပြီး သမီးကို အထင်ကြီးသွားမှာစိုးလို့ မတင်တော့ပါဘူး… သက်ပြင်းချ လက်လျော့လိုက်တယ်။ (ပို့စ်ရေးတယ်ဆိုတာ အဲ့လို ပိုပိုသာသာလေးတွေနဲ့မှ ဖတ်ကောင်းမှာပေါ့နော့)

မေလ ၁ရက်နေ့ (မေဒေးနေ့)က မကြီးတို့ရဲ့ နှစ်လေးဆယ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့…
အောင်ဇေယျတု သဗ္ဗမင်္ဂလာ ဘာညာကွိကွ မရေးဖြစ်လိုက်ပါဘူး။

မန္တလေးက အာဂန္တု ကိုယ်တော်တွေ ကြွလာလို့ အိမ်မှာ ဘုန်းကြီး ဆွမ်းကပ်ဖြစ်လိုက်သေးတယ်။ လင်မယားနှစ်ယောက် လှူရေး တန်းရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်လိုက်ကြပုံများ ပို့စ်အဖြစ် မှတ်တမ်းတင်ထားစရာပေါ့။ ဒါလည်း မရေးဖြစ်လိုက်ပြန်ဘူး။


မေလ ၂၁ ရက်နေ့က ကိုလေးရဲ့ ရွှေရတုမွေးနေ့ပါ။ အကိုသုံးယောက်အနက် အကြီးနှစ်ယောက်က မဟာယောကျ်ားသားဝါဒကို ကိုင်ဆွဲပြီး ညီမတွေအပေါ် ဖိနှိပ်ချုပ်ချယ်ခဲ့မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးနောက် ညှာတာထောက်ထား သနားငဲ့ညှာမှုတွေနဲ့ တလျှောက်လုံး ပျော့ပြောင်းတဲ့ သူ့အကြောင်းတွေကလည်း ပို့စ်တခု ရေးလောက်ပါတယ်။ (ချစ်သော ဇနီး၊ သား၊ သမီး တို့နဲ့ အတူ အဖေနဲ့အမေကို ဆတက်ထမ်းပိုး တိုးပြီး ကျေးဇူးဆပ် စောင့်ရှောက်နိုင်ပါစေ။ )

ဒီနေ့ကတော့ သူငယ်ချင်း သိင်္ဂီရဲ့ မွေးနေ့…
သူ့ဘလော့ဂ်မှာ ကျေးဇူးတင်ထိုက်တဲ့သူတွေကို သူကျေးဇူးတင်ထားတယ်။
မသီတာအတွက်တော့ သိင်္ဂီက ကျေးဇူးတင်ထိုက်သူထဲမှာ ပါနေတယ်…။
“စင်္ကာပူမြို့ကြီးကိုတဲ့ ယောင်လည်လည်ရောက်လာခဲ့တယ်” ဆိုတဲ့ ပို့စ်ရဲ့ အဆက်အဖြစ် မျဉ်းကြားမကူးလို့ ရုတ်တရက်ဖမ်းကာ ဒဏ်ရိုက်ခံရတယ် ဆိုတဲ့ ပို့စ် ဆက်ရေးရင် မသီတာကို သိင်္ဂီ ဘယ်လို ကယ်တင်ခဲ့ရပုံတွေ ပါလာမှာပါ။ ဒါလည်း မရေးဖြစ်သေးပါ။ သူငယ်ချင်း သိင်္ဂီကတော့ မသီတာရဲ့ မွေးနေ့မှာ  “ပျော်ရွှင်သော နေ့ရက်များ ပိုင်ဆိုင်နိုင်ပါစေ… သူငယ်ချင်း” လို့ ပို့စ်တစ်ခု ရေးပေးဖူးပါတယ်။ အဲ့ဒီ ပို့စ်ထဲမှာ သူရေးခဲ့သလိုပဲ … သူငယ်ချင်းရဲ့ မွေးနေ့အတွက် ပြန်လည် ဆုတောင်းပေးလိုက်ပါတယ်။

သူငယ်ချင်းရဲ့ မွေးနေ့မှသည်... ချစ်သော မိသားစုနဲ့ အတူ... အေးအတူ ပူအမျှ ပျော်ရွှင်စွာ နေထိုင်ရင်း... နောက်ဆုံး အန္တိမပန်းတိုင်ကို မိတ်ကောင်းဆွေကောင်းနဲ့ အတူ အဆုံးတိုင် လျှောက်လှမ်းနိုင်ပါစေလို့.... ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်....။

*****
သူငယ်ချင်း သိင်္ဂီရဲ့  မသီတာအတွက် မွေးနေ့လက်ဆောင်
“ပျော်ရွှင်သော နေ့ရက်များ ပိုင်ဆိုင်နိုင်ပါစေ… သူငယ်ချင်း”  



ဒီနေ့ ကျမ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့....

ထုံးစံအတိုင်း လုံးလည်ချာလည်တွေနဲ့ ပတ်ချာလည်နေတဲ့ ကျမ အောက်တိုဘာလဦးတုန်းက သတိတရ ရှိခဲ့ပါတယ်။ အောက်တိုဘာ ၂၄ ဆိုတာ ရင်းနှီးနေခဲ့တဲ့ နေ့တစ်နေ့။ United Nations Day.. ။ 

သူနဲ့ ကျမ.. ရေစက်ဆုံလို့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော စက်မှုတက္ကသိုလ်ကြီးမှာ တစ်နှစ်တည်း တက်ခွင့်ကြုံခဲ့ရတယ်။ 

အဆောင်ကျောင်းသူ ကျမနဲ့ နေ့ကျောင်းသူ ဖြစ်တဲ့ သူမ တို့ အထူး ခင်မင်ရင်းနှီးခွင့် မရှိခဲ့ကြပေမယ့် တစ်နှစ် တစ်နှစ် စက်မှုတက္ကသိုလ် ဝင်ခွင့်ရတဲ့ လက်တစ်ဆုပ်စာ ကျောင်းသူ တွေမို့ အချင်းချင်း မိတ်ဆက်ပေးစရာမလို ပဲ သိကျွမ်းနေခဲ့ရပါတယ်။ အသားဖြူဖြူ..အရပ်ရှည်ရှည်.. ပိန်ပိန်.. ဆံပင်ကောက်ကောက်ပွပွနဲ့ ချိုသာတဲ့ အပြုံးလေးတွေနဲ့ အေးချမ်းတဲ့ သူ.မျက်နှာလေးကို မှတ်မှတ်ရရ.. ရင်ထဲမှာ အသိအမှတ်ပြုခဲ့မိတယ်။ ( ဆံပင်ကောက်တာချင်းတူလို့လဲ ပါမယ်ထင့်)

ဒါပေမယ့် ပထမ တစ်နှစ်ပဲ အတန်းတူ ဖြစ်ခဲ့ပေမယ့် ကျောင်းပြီးတဲ့ အထိ.. မေဂျာလည်း မတူလေတော့ .. အော်.. တစ်နှစ်တည်း ဝင်ခဲ့.. တစ်နှစ်ထဲ ထွက်ခဲ့တဲ့ .. same batch တွေဖြစ်ခဲ့ရုံလောက်ပဲပေါ့..

ကံဆုံချင်ပြန်တော့ ရန်ကုန်မြို.မှာ ပြန်ကြုံ.. အဲလေ.. ကျောင်းပြီးလို့ ကွန်ပျူတာ သင်တန်းတစ်ခုမှာ အတူတူ .. အရင်ကထက် ပို နီးစပ်ခဲ့ရတယ်...။ စကားလုံးတွေကို တစ်လုံးချင်းရဲ. အဓိပ္ပာယ်ကို သိနားလည်သူ၊ အရာရာ လေးနက်တတ်သူ...။ အဲဒီလိုနဲ့....တစ်လှမ်း ချင်း....ပါပဲ။..

အဲဒီလောက်မှာ ရပ်သွားခဲ့ရင်တော့... 

ဒါပေမယ့်.. နောက်ထပ်..တစ်လှမ်း...။

ကျမတစ်ယောက် မရည်ရွယ်ပဲ ယက်ကန် ယက်ကန်နဲ့ ယ ပက်လက်ကို ရောက်လာခဲ့ပါတယ်။ စင်ကာပူလို နေရာမျိုးကိုသာ သူငယ်ချင်းမိန်းကလေးတွေက ဦးတည်နေကြတော့ ကျောင်းက မိန်းကလေး သူငယ်ချင်း အဲဒီမှာ ရှားပါးပါတယ်။ 

ရေစက်ဆိုတာ ပါလာခဲ့လို့သာ.. သူရယ်..ကျမရယ်.. သူရဲ. ငယ်ပေါင်းသူငယ်ချင်းရယ်..( ကျမရဲ.  ကြီးသူငယ်ချင်း) သုံးယောက် ဆုံသော အခါ.....

သူများတွေကိုတော့ ကျမ မသိပါဘူး။ ကျမကတော့ closed type ပါ..။ ကျမမှာ ရင်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်း အများကြီး မရှိခဲ့ပါဘူး။ တွေ.ဆုံတိုင်း ခင်မင်ကျွမ်းဝင် ရင်းနှီးလွယ်သူ မဟုတ်သလို ဆိုရှယ်လည်း ညံ့တဲ့ ကျမ ပါ။

ကျမတို့ သုံးယောက် အတူတူ အိပ်ခဲ့ကြတယ်။ ကျမစက်ရုံကပေးထားတဲ့ အခန်းလေးထဲမှာ...

ကျမတို့ သုံးယောက် ပတ္တရာ ကမ်းခြေ အတူတူ လျှောက်လည်ခဲ့ဖူးကြတယ်...အဲဒီမှာ....

ကျမတို့ သုံးယောက် ဘန်ကောက်မြို.ပေါ် ခြေရာတွေ ချန်ထားရစ်ခဲ့ဖူးတယ်.. မောပန်းပျော်ရွှင်စွာနဲ့...

ကျမတို့ သုံးယောက် ထမင်း ဟင်း အတူတူ ချက်စားခဲ့ကြတယ်.. ဘဲဥ၊ ကြက်ဥ မမုန်းတဲ့သူတွေနဲ့...

ကျမတို့ သုံးယောက် အိပ်ရာဝင် ပုံပြင်တွေ ပြောခဲ့ကြဖူးတယ်.. အချင်းချင်းသိနားလည်တဲ့ ရင်းနှီးမှုတွေနဲ့.....။

သိပ်မကြာခင် အချိန်လေးတွေ ကုန်သွားတော့ ကျမတို့တွေ ကိုယ်စီ ကိုယ့်လမ်းကိုယ်လျှောက်ရင်း.. ကိုယ့်ဘ၀ ကိုယ်ပုံဖော်ခဲ့ကြတယ်။ 

ရင်းနှီးခဲ့ကြရတဲ့ အချိန်လေးက တကယ်ဆို.. တိုတောင်းလှပါတယ်။

သူတို့တွေကိုတော့ ကျမ  မသိနိုင်ပါဘူး...။ 

ကျမအတွက်တော့ သူတို့ နှစ်ယောက်ဟာ.. တစ်ခါခင်ပြီးရင် ပြန်ဖြတ်လို့  မရစကောင်းတော့တဲ့ အမြဲတမ်း သူငယ်ချင်းတွေပါပဲ...။

သူငယ်ချင်းရဲ့ မွေးနေ့မှသည်... ချစ်သော မိသားစုနဲ့ အတူ... အေးအတူ ပူအမျှ ပျော်ရွှင်စွာ နေထိုင်ရင်း... နောက်ဆုံး အန္တိမပန်းတိုင်ကို မိတ်ကောင်းဆွေကောင်းနဲ့ အတူ အဆုံးတိုင် လျှောက်လှမ်းနိုင်ပါစေလို့.... ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်....။ 
*****
သူ့ မွေးနေ့ဆုတောင်းပို့စ် အတွက် မသီတာရဲ့ thank you note! 

မွေးရာ ကနေ သေရာ ကို ရွေ့ရွေ့သွားနေရတဲ့ ဘဝခရီး မှာ

tg လို သူငယ်ချင်းနဲ့ ဆုံတွေ့ခွင့်ရသူ အတွက် ပျော်ရွှင်ဖွယ် ဆိုတဲ့ labelတွေ ထပ်ခါ ထပ်ခါ တပ်ရင်း.. သယ်ရင်း...

Wednesday, April 14, 2010

ဟောဒီမှာ သင်္ကြန်ကျနေပြီ

ရိုးရာ ဓလေ့ ထုံးစံ ဆိုတာက လက်ဆင့်ကမ်းရတဲ့ သဘောရှိပါတယ်။
ရှေ့ရှေ့လူတွေက နောက်နောက်လူတွေကို ဦးဆောင် လမ်းပြ လက်တွဲခေါ်သွားကြတာမျိုးပါ။
*****
အကျနေ့ဆိုတော့ ကောင်းကောင်းကြီးကို ရေစပက်ပြီပေါ့
အိမ်ရှေ့မှာ ရေတိုင်ကီ ရေစည်ပိုင်း ရေဇလုံ ရေပုံး ရေဖလား ရေခွက် အစုံအလင်နဲ့ ကလေးတွေကတော့ သွေးပူလေ့ကျင့်ခန်းတောင် စနေပါပြီ…
ဟိုသူမလာသေးဘူးလား ဒီသူမရောက်သေးဘူးလားနဲ့ အိမ်ရှေ့တွေ လိုက်ခေါ်သူကခေါ်
တို့များ အတို့ပဲ မခံနိုင်သလိုလို၊ အဆိတ်ပဲ မခံနိုင်သလိုလိုနဲ့ ဟိုလိုလို ဒီလိုလို ပဲများနေပြီ ဆိုမှဖြင့်
အမေက “ဟဲ့ မထွက်သေးဘူးလား.. မကစားသေးဘူးလား” ကျောင်းပေးရပါသေးတယ်။
“အမေကလည်း ဘယ်သူ့ကို ပက်ရမှာလဲလို့ လမ်းထဲမှာ လူမှ မရှိတာ ပျင်းစရာကြီး” မူပါသေးတယ်။
“လူက ဒီလိုပဲ ရောက်လာမှာပေါ့…သွားသွား... ဟိုမှာသွား အိမ်ရှေ့မှာ နင်တို့ ဆရာ ညိုမြ လုပ်နေပြီ” ဆိုရင်
အိမ်ရှေ့အိမ်က အင်္ဂလိပ်စာ ကျူရှင်ဆရာဆီ ရေဖလားနဲ့ အပြေးသွားပြီး သင်္ကြန်ကို ဖွင့်ရလေ့ရှိပါတယ်။
ဆရာလူပျိုကြီးလည်း သင်္ကြန်ရေတွေဆိုသွားတော့မှ ကလေးတွေကို ရေဖြည့်ပေးသလိုလို၊ ကားအသွားအလာတွေ စောင့်ကြပ်ပေးသလိုလိုနဲ့ ဥပုသ်မစောင့်ပဲ နေခွင့်ရသွားပါတော့တယ်။

ရပ်ကွက်လမ်းလေးထဲ ဆိုတော့ လူအသွားအလာ ကျဲပါတယ်။ ဖြတ်လျှောက်တဲ့ တယောက်တလေကိုပဲ ကလေးတသိုက်က ဝိုင်းဆွမ်းကြီးလောင်းရတာပါ။ ပျင်းတင်းတင်းဖြစ်လာပြီဆိုရင် အမေက သူလုပ်ထားတဲ့ သင်္ကြန်မုန့်တွေ တအိမ်တက်ဆင်း ဝေခိုင်းပါတယ်။ ဒီလိုနည်းနဲ့ ရေပက်ခံ စထွက်ပါတယ်။ အမြဲလိုလို မျက်နှာတည်ကြီးနဲ့ နေတတ်တဲ့ ကိုကြီးက စိတ်ကောင်းဝင်လာဟန်နဲ့ မြို့ထဲတပတ်လိုက်ပို့မယ် ဆိုလိုက်ရင်… “ဟေး” ဆိုပြီး ပေါင်မုန့်ကားကြီးပေါ် တိုးဝှေ့တက်ကြတော့တာပဲ… လူတွေမှ အများကြီးဆန့်တယ်။ ကလေးတွေတင်ဘယ်ဟုတ်ပါ့မလဲ ခေါင်းရင်းအိမ်၊ အိမ်ရှေ့အိမ်၊ မျက်စောင်းထိုးအိမ် က အမတွေ နှုတ်ခမ်းနီတွေ နေကာမျက်မှန်တွေနဲ့ အလျှိုအလျှို ထွက်လာကြတာ။ လမ်းမတော်၊ လသာ၊ မြို့တော်ခန်းမ၊ ပြည်လမ်း၊ အလုံလမ်း တပတ် ဒီလောက်ပါပဲ။

ညနေခင်းဆိုရင်တော့ လမ်းထဲမှာတင် ဘယ်ပက်တော့မလဲ။ လမ်းထိပ်ထွက်ပြီ…ကမ်းနားလမ်းပေါ်…။ ရေပက်ခံကားတွေကို ပက်ရပြီ။ ဟိုတခေတ်ကတော့ ရပ်ကွက်ထဲက လူကြီးတွေက လမ်းထိပ်မှာ ရေပက်မဏ္ဍပ် လုပ်ပေးပါသေးတယ်။ နောက်ပိုင်းမှာ လုပ်မပေးနိုင်တော့လို့ လူကြီးတွေလည်း စိတ်ကောင်းကြဟန်မတူပါဘူး ။ ကြုံတဲ့သူ ဝယ်လာပေးတဲ့ ရေခဲပေါင်တုံးကြီးတွေ တိုင်ကီထဲ နှစ်ထည့်ထားလိုက်တာ။ ရေပက်ခံကားပေါ်က အပက်ခံချင်သူတွေကလည်း ထွန့်ထွန့်လူး၊ ရေပက်တဲ့သူတွေကလည်း အရိပ်အယောင်မြင်တာနဲ့ ဟော ဟိုမှာလာပြီလာပြီ ဆိုပြီး အင်တိုက်အားတိုက် ပက်ကြတာပဲ…။

ဒီရပ်ကွက်လေးမှာက အလှပြကားဆုပေးမဏ္ဍပ် တခုတည်းရှိတာ။ အောက်ကြည့်မြင်တိုင်လမ်းမပေါ်မှာ… နာမည်လေးက ရွှေစင်ဦးတဲ့။ ဒီလို မဏ္ဍပ်မျိုးဆိုတာ ငွေကြေးစိုက်ထုတ်နိုင်တဲ့သူရှိမှ ဖြစ်တာမလား။ ဘာပဲဖြစ်ဖြစ် သူ့အိမ်ရှေ့မှာ မဏ္ဍပ်ထောင်ပေးတဲ့ ဂိုက်များတဲ့ အန်ကယ်ကြီးကို ကျေးဇူးတင်နေတာ ယနေ့ထက်တိုင်ပဲ။ မဏ္ဍပ်သေးတော့ ကားအလာကျဲတယ်။ ညဘက်ဆိုရင်တော့ ကားတွေ ဆက်တိုက်ဝင်ပါတယ်။ ကလေးပါးစပ်၊ အရူးစကား၊ ယဉ်ကျေးမောင် … တို့ မှတ်မိပါသေးတယ်။