Showing posts with label ဒါန. Show all posts
Showing posts with label ဒါန. Show all posts

Sunday, August 28, 2011

ဒါနပြုသည် ဆိုရာဝယ် (၄)

လူအများအား ထမင်းကို လည်းကောင်း၊ မြတ်သော အလှူခံပုဂ္ဂိုလ်၌ မြတ်သောအလှူကို လည်းကောင်း … (ဣတိဝုတ်-၂၆။ တတိယဝဂ်-ဒါနသုတ်)

နိကာယ်ကျမ်းများတွင် ဒါနဟူသော ဝေါဟာရအား သံဝိဘာဂ (ဝေခြမ်းပေးကမ်းခြင်း၊ မျှဝေသုံးစွဲခြင်း)၊ အနုဂ္ဂဟ (ချီးမြှောက်ခြင်း)၊ သင်္ဂဟ (ချီးမြှောက်ခြင်း၊ ထောက်ပံ့ခြင်း၊ စည်းရုံးခြင်း) ဟူသော ဝေါဟာရများနှင့် တွဲ၍ သုံးစွဲလေ့ရှိသည်။ ထိုအတူပင် ဒါနအား ယည (ယဇ်ပူဇော်ခြင်း), ဒက္ခိဏ (မြတ်သော ပူဇော်ခြင်း) စသော ဝေါဟာရများနှင့်လည်း တွဲဖက်၍ အသုံးပြုလေ့ ရှိသည်။ ထို့ကြောင့် ဒါနအား စာနာခြင်း၊ ရိုင်းပင်း ကူညီခြင်း၊ စောင့်ရှောက်ခြင်း၊ ထောက်ပံ့ခြင်း သဘောအရ ပေးကမ်းသော အလှူနှင့် မြင့်မြတ်သော ပုဂ္ဂိုလ်တို့အား ပူဇော်ခြင်း သဘောအရ ပေးလှူသော အလှူဟု နှစ်မျိုးခွဲခြား နိုင်၏။

ဗုဒ္ဓ၏ အဆုံးအမအရ စီးပွားရှာဖွေခြင်း၏ ရည်ရွယ်ချက်သည် မိမိတစ်ဦးတည်းသာမက အများအကျိုး အတွက်လည်း ပြန်လည်မျှဝေသုံးစွဲရန် ဖြစ်ကြောင်း “ချမ်းသာခြင်းသည် ဂုဏ်ရှိ၏။ သို့သော်…” ပို့စ်တွင် ဖော်ပြခဲ့ဖူးသည်။ သဒ္ဓါတရားရှိသော သူတော်ကောင်းတို့အား ငှက်အပေါင်းတို့ မှီခိုအားထားရာ သစ်ပင်ကြီးနှင့် နှိုင်းယှဉ် ဖော်ပြလေ့ရှိ၏။ သူတော်ကောင်းတို့သည် မိဘ၊ သားမယား၊ အစေခံ အလုပ်သမား၊ မိတ်ဆွေအပေါင်းအသင်း၊ သမဏဗြဟ္မဏစသော လူအများတို့အတွက် အကျိုး စီးပွားချမ်းသာခြင်းကို ဖြစ်စေ၍ ကောက်ပဲသီးနှံတို့ ဖြစ်ထွန်းအောင်မြင်စေမည့် မိုးကြီးနှင့်လည်း နှိုင်းယှဉ် ဖော်ပြလေ့ရှိ၏။

အနောက်တိုင်း စကားပုံများတွင် “charity begins at home” ဟူသော စကားရှိသည်။ ထို့အတူပင် ဗုဒ္ဓဘာသာအရလည်း ဒါနသည် မိဘများအား လုပ်ကျွေးခြင်း (မာတာပိတု ဥပဋ္ဌာနံ)၊ သားမယားများအား ထောက်ပံ့ခြင်း (ပုတ္တဒါရဿ သင်္ဂဟော)၊ ဆွေမျိုးတို့အားလည်း ထောက်ပံ့ခြင်း (ဉာတကာနဉ္စ သင်္ဂဟော) ဟူသော မင်္ဂလသုတ် ဒေသနာများနှင့်အညီ မိမိတို့၏ မိသားစု ဆွေမျိုး သားချင်းများအား ပေးကမ်းထောက်ပံ့ခြင်းနှင့် စတင်ရသည်။ သင်္ဂဟဟူသော စကားသည် ချီးမြှောက် ထောက်ပံ့ခြင်းဟူသော အဓိပ္ပါယ်သာမက သိမ်းရုံးစုစည်းခြင်း၊ စည်းရုံးခြင်းဟူသော အဓိပ္ပါယ်လည်း ဆောင်သည်။ ရထားလှည်းဘီး၏ နားစောင့် (linchpin) သည် လှည်းဘီးအား ဝင်ရိုးမှ ကျွတ်ထွက်မသွားစေရန် စောင့်ရှောက်သကဲ့သို့ သင်္ဂဟတရားသည် မိသားစု၊ ဆွေမျိုးအသိုင်းအဝန်း၊ လူအဖွဲ့အစည်း ဖရိုဖရဲ ပြိုကွဲမသွားစေဘဲ စည်းစည်းရုံးရုံးဖြစ်နေရန် စောင့်ရှောက်ပေး၏။ ပေးကမ်းခြင်း (ဒါန)၊ ချိုသာစွာပြောဆိုခြင်း (ပေယျဝဇ္ဇ)၊ အကျိုးစီးပွားကို ဆောင်ရွက်ပေးခြင်း (အတ္ထစရိယာ)၊ မိမိနှင့် တန်းတူထား၍ ဆက်ဆံခြင်း (သမာနတ္တတာ) ဟူသော တရား လေးပါးအား သင်္ဂဟတရား လေးပါးအဖြစ် ဟောကြားထားပါသည်။ ဤသင်္ဂဟတရား လေးပါးသည် လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင် လိုက်နာကျင့်သုံးရမည့် တာဝန် ဝတ္တရားဖြစ်ကြောင်း သိင်္ဂလောဝါဒသုတ်တွင် ဟောကြားထားပါသည်။

ထို့ကြောင့် မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းများအား ဒါနပြုရာတွင် သင်္ဂဟတရား အနေဖြင့်၊ တာဝန် ဝတ္တရားတရပ် အနေဖြင့် ဆောင်ရွက်ရ၏။ ထိုသို့ဆောင်ရွက်ရာတွင် စာနာခြင်း၊ ရိုင်းပင်း ကူညီခြင်း၊ စောင့်ရှောက်ခြင်း၊ ထောက်ပံ့ခြင်းဟူသော အနုကမ္ပတရားကို လက်ကိုင်ထားရသည်။ ထိုအတူပင် မိမိပတ်ဝန်းကျင်မှ ဒုက္ခရောက်နေသူ၊ လိုအပ်နေသူများအားလည်း အနုကမ္ပတရားကို လက်ကိုင်ထား၍ ပေးကမ်းစွန့်ကြဲရ၏။ ထိုသို့သော လှူဒါန်းမှုမျိုးအား ကာလဒါနဟု ခေါ်သည်။ ကာလဒါန၏ အဓိပ္ပါယ်အား “သင့်လျှော် လျှောက်ပတ်သော အလှူ” (ယုတ္တဒါန၊ ပတ္တဒါန၊ အနုစ္ဆဝိကဒါန) ဟု အဋ္ဌကထာများက ဖွင့်ပြသည်။ အင်္ဂုတ္တရနိကာယ်တွင် ဟောကြားထားသော ကာလဒါန ငါးမျိုးတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ဧည့်သည်အား ပေးလှူ၏။
(၂) ခရီးသည်အား ပေးလှူ၏။
(၃) ရောဂါ ကပ်ရောက်နေသော လူမမာအား ပေးလှူ၏။
(၄) ငတ်မွတ်ခေါင်းပါးသော အခါ၌ ပေးလှူ၏။
(၅) ကောက်သစ်ပေါ်သောအချိန်တွင် ကောက်ဦး, သစ်သီးဦးတို့ကို သီလရှိသူအား ပေးလှူ၏။


ဗုဒ္ဓခေတ်ကာလက ယနေ့ခေတ်ကဲ့သို့ ခရီး လမ်းပမ်းဆက်သွယ်ရေး မလွယ်ကူသေး၊ တည်းခိုခန်းများ မရှိသေး၍ ဧည့်သည်အား ခရီးဦးကြိုပြုခြင်း၊ နေရာပေးခြင်း၊ ဧည့်ခံခြင်းတို့သည် အထူးလိုအပ်၏။ ထို့အတူပင် ခရီးဆက်မည့် သူများအားလည်း လိုအပ်သော ပစ္စည်းနှင့် စားနပ်ရိက္ခာတို့ ပေးကမ်း ထောက်ပံ့ခြင်းကိုလည်း ကာလဒါနအနေဖြင့် ဟောကြားထား၏။ အချို့သော သုတ္တန်များတွင် ခရီးသည်တို့ နားခိုရာ သစ်ပင်စိုက်ပျိုးခြင်း၊ ဇရပ်ဆောက်လုပ်ခြင်း၊ သောက်ရေအိုးစင် တည်ခင်းပေးခြင်း၊ ရေတွင်းရေကန် တူးခြင်း၊ လမ်း တံတားတို့ ပြုပြင်ခြင်းစသည်တို့အား နေ့နေ့ ညည ကုသိုလ်ကောင်းမှု တိုးပွားစေသော ထာဝရဒါနအဖြစ် ဟောကြားထား၏။ ကာလဒါန ငါးမျိုးတို့တွင် ပထမလေးမျိုးသည် အလှူခံပုဂ္ဂိုလ်၏ လိုအပ်ချက်အား ဖြည့်ဆည်းရန် ပေးကမ်းထောက်ပံ့သော ဒါနမျိုးဖြစ်၏။ ပဉ္စမမြောက်ဖြစ်သော သီလရှိသူတို့အား ကောက်ဦး၊ သစ်သီးဦးများကို မွန်မွန်မြတ်မြတ် လှူဒါန်းခြင်းသည် ပူဇော်မှုသဘောအရ လှူဒါန်းခြင်း ဖြစ်၏။

ထို့ကြောင့် ဗုဒ္ဓဘာသာအဆုံးအမနှင့် လျော်ညီစွာ စာနာထောက်ပံ့ခြင်း သဘောအရ ပေးကမ်းသော အလှူနှင့် ပူဇော်ခြင်း သဘောအရ ပေးလှူသော အလှူ နှစ်မျိုးလုံးအား ထိုက်သင့်သလို ပေးလှူရသည်။ သဒ္ဓါတရားရှိသော သူတော်ကောင်းတို့သည် လူအများ၏ အကျိုးကို ဖြစ်ထွန်းစေသော မိုးကြီး (မဟာမေဃ)နှင့် တူသည်ဟု အထက်တွင် ဖော်ပြခဲ့သည်။ သို့သော်လည်း အချို့သော အလှူခံ ပုဂ္ဂိုလ်များကိုသာ ပေးလှူ၍ အချို့သော အလှူခံပုဂ္ဂိုလ်တို့အား မပေးလှူသော အလှူရှင်သည်ကား ကွက်ကျားမိုးနှင့်သာ တူကြောင်း ဣတိဝုတ်ပါဠိတော်၊ အဝုဋ္ဌိကသုတ်တွင် ဟောကြားထားပါသည်။

စာညွှန်း
၁။ အံ-၅-၃၈။ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ သုမနဝဂ်၊ သဒ္ဓသုတ်
၂။ အံ-၅-၄၂။ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ မုဏ္ဍရာဇဝဂ်၊ သပ္ပုရိသသုတ်
၃။ အံ-၄-၃၂။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ စက္ကဝဂ်၊ သင်္ဂဟဝတ္ထုသုတ်
၄။ အံ-၈-၂၄။ အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဂဟပတိဝဂ်၊ ဒုတိယဟတ္ထကသုတ်
၅။ ဒီ-၃-၂၇၃ ။ ဒီဃနိကာယ်၊ ပါထိကဝဂ်၊ သိင်္ဂလောဝါဒသုတ်
၆။ အံ-၅-၃၆။ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ သုနမဝဂ်၊ ကာလဒါနသုတ်
၇။ သံ-၁-၄၇။ ဒေဝတာသံယုတ်၊ အာဒိတ္တဝဂ်၊ ဝရောပမသုတ်
၈။ ဣတိဝုတ္တက-၇၅။ တိကနိပါတ်၊ တတိယဝဂ်၊ အဝုဋ္ဌိကသုတ်

Thursday, August 18, 2011

ဒါနပြုသည် ဆိုရာဝယ် (၃)

ဒါနသည် ပေးကမ်းခြင်းဟူသော အနက်သဘောအရ ပန်းပေးခြင်း၊ လက်ဆောင်ပေးခြင်း၊ အချိန်ပေးခြင်း၊ အခွန်ပေးခြင်း၊ ဘေးမဲ့ပေးခြင်း၊ လုံခြုံမှုပေးခြင်း၊ လုပ်အားပေးခြင်း၊ အကူအညီပေးခြင်း၊ ပညာပေးခြင်း၊ အသက်ပေးခြင်း၊ ဆင်းရဲချို့တဲ့သူတို့အား ထောက်ပံ့ ပေးကမ်းခြင်း၊ မြင့်မြတ်သူတို့အား လှူဒါန်း ပေးကမ်းခြင်း စသော “ပေးကမ်းခြင်း” အမှုများအား ဒါနဟုပင် ဆိုနိုင်ပါသည်။

မည်သို့သော ပေးကမ်းခြင်းမျိုးပင်မဆို ပေးကမ်းသူသည် အတိုင်းအတာတခုအရ စွန့်လွှတ် အနစ်နာခံသောသဘော ပါဝင်သည်သာ ဖြစ်၏။ ထိုသို့ စွန့်လွှတ် ပေးကမ်းရခြင်းဖြင့် မိမိ ချစ်မြတ်နိုးသူ၊ မိမိ ကြည်ညိုလေးစားသူ၊ မိမိ စာနာသနားသူ၊ မိမိအပေါ်တွင် ကျေးဇူးရှိခဲ့ဖူးသူ စသောသူတို့၏ အကျိုးကို ရှေးရှုသည့် စိတ်စေတနာများလည်း ပါဝင်၏။

မိမိ စွန့်လွှတ်မည့် အရာဝတ္ထုအပေါ်၌ ငြိတွယ်သော တဏှာလောဘ၊ သူတပါး ကောင်းစားသည်ကို မနာလို မရှုစိမ့်သော ဣဿာ၊ သူတပါးအား ဝေခြမ်းပေးကမ်းရန် ဝန်တိုသော မစ္ဆရိယ စသည့် မကောင်းသော စိတ်၏ အညစ်အကြေးများ ကင်းစင်ကာ ကြည်လင်နေသော စိတ်သည် ကုသိုလ်စိတ်ပင် ဖြစ်သည်။ ထို့ကြောင့် ဒါနအား ကောင်းမှုကုသိုလ်ကို ဖြစ်စေတတ်သော အကြောင်းတရား (ပုညကိရိယဝတ္ထု) တစ်ပါးအဖြစ်ထည့်သွင်း ဟောကြားထား၏။ အကယ်၍ မိမိ၏ ပေးကမ်းလိုက်သော အရာဝတ္ထုပေါ်၌ ငြိတွယ်ခြင်းလည်း မကင်း၊ မိမိ၏ စိတ်သန္တာန်လည်း ကြည်လင်မှုမရှိဘဲ မတတ်သာ၍ ဖြစ်စေ၊ မသိလိုက် မသိပါ တွေဝေလျှက်ဖြစ်စေ ပေးကမ်းခြင်းမျိုးဖြစ်ပါက ကုသိုလ်စိတ် ဖြစ်မည်မဟုတ်။ ထိုသို့သော ပေးကမ်းခြင်းမျိုးသည် ပရိယာယ် သဘောအရသာ ဒါနဟု ခေါ်ရသော်လည်း၊ ကောင်းမှုအရာမြောက်သော ဒါန (ပုညဝိသယဒါန) မျိုးကား မဟုတ်။ လောကဝေါဟာရ သဘောအရ ခေါ်ဆိုရသော ဒါန (လောကဝိသယဒါန) သာဖြစ်၏။

တဖန် မည်သို့သော ဒါနပင်ဖြစ်စေ ထိုသို့ ပေးကမ်းလိုက်ခြင်းအားဖြင့် မိမိအား ပြန်လည် ချစ်ခင်မြတ်နိုးစေလိုခြင်း၊ တချိန်တွင် မိမိအား ပြန်လည် ပေးကမ်းစေလိုခြင်း၊ မိမိအား ပြန်လည် ကျေးဇူးပြုစေလိုခြင်း၊ တင်ရှိနေသောကျးဇူးကို ဆပ်လိုခြင်း၊ ထင်ပေါ်ကျော်ကြားလိုခြင်း၊ မျက်မှောက်နှင့် တမလွန်ဘဝများတွင် ကောင်းကျိုးတရားတို့ကို ရရှိခံစားလိုခြင်း၊ နိဗ္ဗာန်ရလိုခြင်း စသော မျှော်လင့် တောင့်တမှုများလည်း ပါဝင်နိုင်ပါသည်။ ထိုသို့သော မျှော်လင့် တောင့်တမှုများသည်လည်း တဏှာ၊ ဒိဋ္ဌိတို့ဖြင့် လောကီစည်းစိမ်တို့ကို ခံစားရန် ကြံစည် တောင့်တခြင်း (တဏှာပတ္ထနာ) နှင့် ကောင်းသောအမှုတို့ကို ပြုလိုခြင်းသက်သက်မျှဖြစ်သော တောင့်တခြင်း (ကုသလစ္ဆန္ဒပတ္ထနာ) ဟူ၍ နှစ်မျိုး ခွဲခြားနိုင်၏။

ထို့ကြောင့် ပေးကမ်းခြင်း အမျိုးမျိုးအား ပရိယာယ်အရ ဒါနဟု ခေါ်ရသော်လည်း ပေးလှူစဉ်တွင် ဖြစ်ပေါ်နေသော စိတ်ဇောစေတနာများ၊ ရည်ရွယ်ချက်များ၊ မျှော်လင့် တောင့်တချက်များကွဲပြား ခြားနားနေကြပါသည်။ အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ် ပဌမဒါနသုတ်တွင် အလှူဒါနပြုရန် စေ့ဆော်သည့် အကြောင်းတရားများကို ဟောကြားထားသည်ကို တွေ့ရ၏။

(၁) အလှူခံပုဂ္ဂိုလ် ရောက်လာ၍ ပေးလှူ၏။
(၂) ကြောက်၍ ပေးလှူ၏။
(၃) မိမိအား ယခင်က ပေးကမ်းဖူးသည်ဟူ၍ ပေးလှူ၏။
(၄) မိမိအား နောင်တွင် ပြန်ပေးလိမ့်မည်ဟု မျှော်လင့်၍ ပေးလှူ၏။
(၅) ပေးလှူခြင်းသည် ကောင်းသော အလုပ်ဖြစ်သည်ဟု နှလုံးသွင်း၍ ပေးလှူ၏။
(၆) မိမိသည် ချက်ပြုတ် စားသောက်ပါလျှက် ချက်ပြုတ် စားသောက်ခြင်း မပြုသောသူ (ရဟန်း, ပုဏ္ဏား, ခရီးသွား, ခိုကိုးရာမဲ့သူများနှင့် ဖုန်းတောင်းယာစကာ) တို့အား မပေးလှူပဲ စားသုံးရန် မသင့်ဟု နှလုံးသွင်း၍ ပေးလှူ၏။
(၇) ပေးလှူခြင်းကြောင့် ကောင်းသောဂုဏ်သတင်းကျော်ကြားလိမ့်မည်ဟု ပေးလှူ၏။
(၈)(သမထဝိပဿနာ) စိတ်၏ အဆင်တန်ဆာ အခြံအရံအလို့ငှာ ပေးလှူ၏။

အလားတူပင် အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ် ဒါနဝတ္ထုသုတ်၌လည်း အလှူဒါနပြုရန် စေ့ဆော်သည့် အကြောင်းတရားများတွင် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ၊ မောဟာဂတိ ဟူသော အဂတိတရားလေးပါးကြောင့် ပေးလှူခြင်းကို ထည့်သွင်း ဟောကြားထား၏။ ထိုသို့ အဂတိမကင်းသော အလှူမျိုးကား ကုသိုလ်ကောင်းမှု အရာမြောက်သော ပုညဝိသယဒါနမျိုးပင် မဟုတ်ပါ။ အချို့သော အလှူဒါနများသည် ပုညဝိသယဒါန မြောက်သော်လည်း၊ ဒါန ကုသိုလ်စိတ်ထက် ကျော်စောမှုကို လိုလားသော (ယသကာမတာယ) ဂုဏ်ပကာသနကို မက်မောသောစိတ် အခြံအရံက ပို၍ လွှမ်းမိုးနေတတ်သည်။ မိမိကိုယ်မိမိ ချီးမြှောက်၍ သူတပါးအား နှိပ်ချလိုသော (အတ္တုက္ကံသန ပရဝမ္ဘနာ) စိတ်ထားမျိုး လွန်ကဲနေတတ်သည်။ ထိုသို့သော အလှူဒါနမျိုးအား အညံ့စားအလှူ (ဟီနဒါန) အဖြစ် ကျမ်းဂန်စာပေတို့တွင် ဖော်ပြထား၏။

အချို့သော အလှူဒါနမျိုးမှာ လူချမ်းသာ၊ နတ်ချမ်းသာစသော ဒါနကုသိုလ်၏ အကျိုးတရားများကို မျှော်ကိုးတောင့်တ၍ (ပုညဖလကာမတာယ) ပေးလှူသော ဒါနမျိုးဖြစ်သည်။ ထိုဒါနမျိုးသည် ဂုဏ်ပကာသနကို ဦးစားပေးသော ဒါနမျိုးထက် ပို၍ မြင့်မြတ်သော အလယ်အလတ်တန်းစား အလှူ (မဇ္ဈိမဒါန) ဖြစ်ပါသည်။ စည်းစိမ်ဥစ္စာတို့သည် ရန်သူမျိုး ငါးပါးဖျက်ဆီး၍ ကုန်ခမ်းသွားနိုင်သည် ရှိသကဲ့သို့ မိမိတို့ သေလွန်သောအခါ စည်းစိမ်ဥစ္စာတို့ကို စွန့်ပစ်ခဲ့ရမည်သာ ဖြစ်၏။ ထို့ကြောင့် မိမိ၏ စည်းစိမ်ဥစ္စာတို့အား ဝေခြမ်း ပေးကမ်းခြင်းဖြင့် သံသရာ အဆက်ဆက်တွင် မိမိ၏ နောက် အစဉ်လိုက်ပါမည့် (အနုဂါမိက နိဓိ) ရွှေအိုးကို မြုတ်နှံသင့်ကြောင်း ဟောကြားထားသော သုတ္တန်ဒေသနာများ ရှိပါသည်။ မလှူဒါန်းသည် ထက်စာလျှင် ဂုဏ်ပကာသနကို အလေးထား၍ လှူဒါန်းသည်က ပို၍ သင့်တော်၏။ အပေါ်ယံ ဂုဏ်ပကာသနအလှူထက်စာလျှင် ဒါန၏ အကျိုးတရားများအား မျှော်ကိုး၍ လှူဒါန်းခြင်းကလည်း ပို၍ သင့်တော်၏။

သို့သော် ဤသို့ ဒါန၏ အကျိုးတရားများအား မျှော်ကိုး၍၊ “တမလွန်တွင် သုံးဆောင်အံ့” ဟု ရည်ရွယ်၍ လှူဒါန်းသော အလှူမျိုးသည် လွတ်လွတ် စွန့်သော အလှူမျိုးကား မဟုတ်။ အကျိုးကို ငဲ့ကွက်သော အလှူ (သာပေက္ခ ဒါန)၊ အကျိုးကို မျှော်ကိုးသော စိတ်ဖြင့် နှောင်ဖွဲ့ထားသော အလှူ (ပတိပဒ္ဓစိတ္တ ဒါန)၊ ရင်းနှီး မြုတ်နှံမှုဆန်သော အလှူ (သန္နိဓိပေက္ခ ဒါန) မျိုးဖြစ်နေ၏။ ထိုဒါနမျိုးသည် စွန့်လွှတ်ခြင်း၊ ဝန်တိုမှုကင်းခြင်းစသော ကောင်းမြတ်သည့် စိတ်စေတနာတို့ကြောင့် ကုသိုလ်ကောင်းမှုအရာ မြောက်သော်လည်း၊ ကုသိုလ်စိတ်အား တဏှာဖြင့် နှောင်ဖွဲ့ထားသော မျှော်လင့်တောင့်တမှုများ ခြံရံ၍ ဖြစ်ပေါ်သဖြင့် စင်ကြယ်သော ဒါနမျိုးကား မဟုတ်။ ကောင်းမှု၏ အကျိုးကို မမျှော်ကိုး မငဲ့ကွက်ဘဲ “ဤသည်ကား ပြုထိုက်သောအမှုပင်တည်း” (ကတ္တဗ္ဗမေဝိဒန္တိ) ဟု မြင့်မြတ်သော စိတ်ထားဖြင့် ပေးလှူခြင်းကသာ စင်ကြယ်သော အလှူမျိုး ဖြစ်၏။ ထို့ကြောင့် ဤသို့ အကျိုးကို ပဓာနမထားဘဲ အမှုကိုသာ ပဓာနထားသော အလှူမျိုးအား မြင့်မြတ်သောအလှူ (ပဏီတဒါန) ပါရမီထိုက်သော အလှူဟု ကျမ်းဂန်တို့တွင် ဖော်ပြထားပါသည်။

ထိုသို့ အကျိုးထက် အမှုကို အလေးဂရုသော ဒါနကုသိုလ်များတွင် တဏှာဖြင့် တောင့်တသည့် ခြံရံခြင်းများ မရှိတော့။ အကယ်၍ သမထ၊ ဝိပဿနာဟူသော ဘာဝနာစိတ်များကို ပွားများ နေသူတို့အတွက် ဆိုပါက ဒါနကြောင့် ဖြစ်သော ကြည်လင်သည့် စိတ်သည်ပင် ထိုသမထ ဝိပဿနာ ဘာဝနာစိတ်၏ အခြံအရံ ဖြစ်သွားရလေသည်။ ဒါနသည် အကျိုးကို ခံစားရန်ဟူသော မျှော်လင့်တောင့်တမှုတွင် လမ်းမဆုံးတော့ဘဲ၊ ဘာဝနာစိတ်၏ ငြမ်းသဖွယ် ဖြစ်သွား၏။ ဒါနသည် ဘာဝနာစိတ်အတွက် အထောက်အပံ့ ဖြစ်သွား၏။ ထို့ကြောင့် ဘာဝနာစိတ်၏ အဆင်တန်ဆာ အခြံအရံအလို့ငှာ ပေးလှူခြင်း (စိတ္တလင်္ကာရ စိတ္တပရိက္ခာရတ္ထ ဒါန) မျိုးအား အမြတ်ဆုံးဒါနအဖြစ် သုတ္တန်ဒေသနာများတွင် ဟောကြားထားပါသည်။ 


စာညွှန်း
၁။ အင်္ဂုတ္တရနိကာယ်၊ သတ္တကနိပါတ်၊ မဟာယညဝဂ်၊ ဒါနမဟပ္ဖလသုတ် (အံ-၇-၅၂)
၂။ အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ ပဌမဒါနသုတ် (အံ-၈-၃၁)
၃။ အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ ဒါနဝတ္ထုသုတ် (အံ-၈-၃၃)
၄။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဣန္ဒြိယဝ်၊ ဘိက္ခုနီသုတ် (အံ-၄-၁၅၉)
၅။ ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကပါဌ၊ နိဓိကဏ္ဍသုတ်
၆။ ခုဒ္ဒကနိကာယ်၊ ဇာတက၊ ပကိဏ္ဏကနိပါတ်၊ သာလိကေဒါတဇာတ် (အမှတ် ၄၈၄)
၇။ ခုဒ္ဒကနိကာယ်၊ ဣတိဝုတ္တက၊ ဧကကနိပါတ်၊ ပဌမသေခသုတ်အဖွင့် အဋ္ဌကထာ
၈။ ဝိနည်းမဟာဝါ၊ စီဝရခန္ဓ၊ ဝိသာခါဝတ္ထု
၉။ လယ်တီဆရာတော် - ဥတ္တမပုရိသဒီပနီ
၁၀။ တိပိဋကဓရ ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ - မဟာဗုဒ္ဓဝင် ပဌမတွဲ - အနုဒီပနီ (ဒါနပါရမီအခန်း)
၁၁။ ဦးရွှေအောင် - ထေရဝါဒအုတ်မြစ်

Tuesday, August 2, 2011

ဒါနပြုသည် ဆိုရာဝယ် (၂)

မြန်မာနိုင်ငံတွင် ဒါနပြုပုံနှင့် ပတ်သက်၍ စနစ်တကျ စစ်တမ်းများ ကောက်ယူ၍ လေ့လာသုံးသပ်ထားသော စာတမ်းများ ရှိကောင်း ရှိနိုင်မည် အထင်နှင့် ရှာဖွေမိသော်လည်း Melford E. Spiro ပြုစုသော Buddhism and society: a great tradition and its Burmese vicissitudes ဟူသော စာအုပ်မှ လွဲ၍ အခြားစာအုပ်, စာတမ်းများ မတွေ့မိပါ။ ထိုစာအုပ်ပါ စစ်တမ်းများသည် ၁၉၆၂-ခုနှစ် မတိုင်မီက ကောက်ယူခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းအတွက် မေးခွန်းနှင့် ကောက်ယူသည့် လူဦးရေ ပမာဏသည် ကျေနပ်ဖွယ်မရှိလှ၍ မြန်မာလူမျိုးအများစုအား ကိုယ်စားပြုမည်ဟု မယူဆနိုင်ပါ။
ထိုစစ်တမ်းအရ လူနည်းစုသည်သာ ဉာဏ်လမ်း ဗုဒ္ဓဘာသာဝင်များ (Nibbanic Buddhists) ဖြစ်ကြ၍ လူများစုဖြစ်သော ကံလမ်း ဗုဒ္ဓဘာသာဝင် (Kammic Buddhists) တို့သည် ဒါနအား သီလထက်ပင် ပို၍ ပဓာနထားကာ ကုသိုလ်ကောင်းမှု ပြုကြသည်။ စင်စစ် ဒါနပြုရခြင်း၏ အဓိကရည်ရွယ်ချက်သည် မိမိတို့၏ ကိုယ်ကျင့် သီလ ချိုးဖောက်မှုှုကြောင့် ရရှိလာသည့် အကုသိုလ်များအား ကျေစေရန်အတွက် လုံလောက်သော ကုသိုလ်ကောင်းမှု စုဆောင်းရန် ဖြစ်သည်ဟု ဤစာတမ်းတွင် ဖော်ပြထား၏။ ထို့နောက် သီလထက် ဒါနပြုမှုက ပို၍ အရေးပါရသည့် အကြောင်းရင်း ၅-ခုကို ဆက်လက် ဖော်ပြထားပါသည်။

(၁) The Dāna is psychologically more satisfying than morality, as a mean of acquiring merit - မြန်မာတို့သည် ကုသိုလ်ရခြင်းကို ပမာဏပြုတိုင်းထွာ လိုကြ၏။ သီလ စောင့်ထိန်းခြင်းသည် ဒါနကဲ့သို့ အနည်း အများ ပမာဏတိုင်းထွာ မရသဖြင့် ကုသိုလ် မည်ရွေ့မည်မျှ ရသည်ဟု စိတ်ကျေနပ်မှု မဖြစ်စေပါ။ ထို့ကြောင့် သူ့အသက်သတ်ခြင်းကို ရှောင်ရန်အား ဆောင်ရန် အဖြစ် ပြောင်း၍၊ အသတ်ခံရမည့် တိရစ္ဆာန်များအား ဝယ်ယူ၍ ဘေးမဲ့ပေးခြင်း ပြုလေ့ရှိသည်။ ဤသို့ ပြုခြင်းဖြင့် “ဘယ်နှစ်ကောင်, ဘယ်လောက်ဖိုး” လွှတ်လိုက်သည်ဟု တိုင်းထွာနိုင်သည်။

(၂) In sermons, the fruits of giving are always explicit and clear, while those of morality are clear only for moral dereliction, not for moral conformity - တရားပွဲအများစုမှာ အလှူပွဲများတွင် ဟောကြားသည့် တရားများ ဖြစ်သဖြင့် သီလထက် ဒါန၏ အကျိုးတရားကို ဟောကြားသည်က ပို၍ များ၏။ တဖန် ဒါနတရားများတွင် ဒါနပြုခြင်း၏ အကျိုးနှင့် ဒါနမပြုခြင်း ဆိုးကျိုးများသည် ရှင်းလင်းထင်ရှား၏။ သီလတရားများတွင်မူ သီလချိုးဖောက်ခြင်း၏ ဆိုးကျိုးသည် ထင်ထင်ရှားရှားရှိသော်လည်း သီလစောင့်ထိန်းခြင်း၏ အကျိုးတရားများသည် ဒါန၏ အကျိုးတရားများလောက် ရှင်းလင်းထင်ရှားခြင်း မရှိ၍ ဖြစ်သည်ဟု ဖော်ပြထားသည်။

(၃) The mechanical acquisition of merit is more important than development of spiritual character - သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရေး ဟူသော ဉာဏ်လမ်းမှသည် ကံလမ်းဗုဒ္ဓဘာသာသို့ ဦးတည်လာသော အရွေ့အား တတိယအကြောင်းအဖြစ် ဖော်ပြထား၏။ ထို့ကြောင့် ကုသိုလ်ပြုရာတွင် မိမိ၏ အဇ္ဈတ္တ အတွင်းသန္တန်၌ သူတော်ကောင်းတရားများ ပြည့်ဝလာစေရေးထက် အသိဉာဏ်မပါသော ကောင်းမှုပြုနည်းများ (mechanical acquisition of merit) ကိုသာ ဦးစားပေးကြ၏။ မြန်မာပြည်တွင် ရှင်ပြုပေးခြင်းဖြင့် ရသောကုသိုလ်အား အလွန်ပင် တန်ဖိုးထားကြသည်။ သားမရှိသူများကပင် အခြားကလေးငယ်များအား ရှင်ပြုပေးကာ ကုသိုလ်ယူတတ်ကြ၏။ သို့သော် ရှင်ပြုခြင်းသည် ကလေးသူငယ်များအား ကိုယ်ကျင့်တရား၏ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ပေးခြင်းဖြစ်သင့်သော်လည်း ရှင်ပြုပွဲများအား အပေါ်ယံဆန်ဆန်သာ ကျင်းပကြသည်က များသည်။ အလွန် ငယ်လွန်းသေးသည့် နှစ်နှစ်သားအရွယ် ကလေးငယ်များအားလည်း ရှင်ပြုပေးတတ်၏။ ဘာသာရေး အခြေခံရစေရန် တစ်ဝါစသည် အချိန်ကြာကြာ သင်္ကန်းဝတ်လေ့မရှိဘဲ ရက်သတ္တ တစ်ပတ်, နှစ်ပတ်မျှသာ ဝတ်ကြသည်။ အချို့ ကလေးငယ်များဆိုလျှင် တစ်ညတာမျှသာ ရှင်အဖြစ်နေတော့သည်ဟု ဖော်ပြထားသည်။

(၄) The importance of sacrifice as dominant theme in Burmese culture - မြန်မာလူမျိုးတို့သည် စည်းစိမ်ဥစ္စာနှင့် တန်ခိုးအာဏာအား အလွန်တန်ဖိုးထားကြသူများဖြစ်သော်လည်း၊ တဖက်တွင် စွန့်လွှတ်အနစ်နာခံခြင်းကိုလည်း ဂုဏ်ယူကြသည်ကို တွေ့ရ၏။ မြန်မာလူမျိုးတို့ လှူဒါန်းသော ပမာဏသည် သူတို့၏ ဝင်ငွေ, စုဆောင်းငွေ ပမာဏနှင့် နှိုင်းစာပါက မိမိတို့၏ စားဝတ်နေရေးအတွက် ခြိုးခြံ ချွေတာကာ စွန့်လွှတ်အနစ်နာခံသည့် သဘောကို တွေ့နိုင်ပါသည်။ လူဝတ်ကြောင်တို့သည် သီလအနေအားဖြင့် ရဟန်းတော်များကဲ့သို့ သိက္ခာပုဒ်များဖြင့် တင်းကျပ်စွာ ကျင့်ကြံရန် မလိုသဖြင့်၊ ဒါနအနေအားဖြင့် များများလှူဒါန်းကာ ဘာသာရေး ကိုင်းရှိုင်းမှုကို ဖော်ပြကြသည်။

(၅) The honor and prestige that attached to giving in Burmese society - ထင်ပေါ်ကျော်ကြားခြင်းစသော ဂုဏ်ပကာသနအတွက် အလှူဒါနပြုခြင်းအား ပဉ္စမမြောက် အကြောင်းတရား အဖြစ် ဖော်ပြထားသည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း Spiro ၏ သုံးသပ်ချက်များသည် အဆိုးမြင်ဘက်သို့ အားသာပြီး၊ မြန်မာအများစု၏ အလှူဒါန အပေါ် သဘောထားအား ကိုယ်စားပြုသည်ဟု မယူဆနိုင်သော်လည်း ဗဟုသုတ အလို့ငှာ ဖော်ပြအပ်ပါသည်။

ဆက်ရန်

စာညွှန်း
Melford E. Spiro - Buddhism and society: a great tradition and its Burmese vicissitudes

Wednesday, July 13, 2011

ဒါနပြုသည် ဆိုရာဝယ် (၁)

ဘာကြောင့် ဒါနပြုသလဲ
• ပစ္စည်းဥစ္စာတွေက သေရင် ထားခဲ့ရမှာ။ သံသရာအတွက် ပါအောင်, နောင်ဘဝမှာ လူချမ်းသာ, နတ်ချမ်းသာဖြစ်အောင် ဒါနပြုရတယ်။
• လှူဒါန်းပေးကမ်းတယ်ဆိုတာ ကောင်းတဲ့ အလုပ်ပဲ။ ဒီကြောင့် ဒါနပြုသင့်တယ်။
• တို့မိဘဘိုးဘွား အစဉ်အဆက် လှူဒါန်းပေးကမ်းခဲ့ကြတယ်။ တို့လက်ထက်ကြမှ မယုတ်လျော့သင့်ဘူး။
• ငါတို့က စားနိုင်သောက်နိုင်ပေမယ့် သူတို့တွေက ချို့တဲ့ကြရှာတယ်။ ဒီလူတွေကို ပေးကမ်းလှူဒါန်းသင့်တယ်။
• …


မြန်မာလူမျိုးတို့သည် “အလှူရေစက်လက်နှင့် မကွာ” ဆိုသော စကားအတိုင်း အလှူဒါနပြုရန် ဝန်လေးကြသူများ မဟုတ်ပါ။ သို့သော် “ဘာကြောင့် ဒါနပြုသလဲ” ဟု မိမိကိုယ် မိမိ မေးခွန်းထုတ် ကြည့်သင့်ပါသည်။ မည်သည့် အလှူမျိုးက မြင့်မြတ်သည်ဟု ဆန်းစစ် ကြည့်သင့်ပါသည်။

အနောက်နိုင်ငံသားများသည် လှူဒါန်းပေးကမ်းရန် စေ့ဆော်ပေးသည့် အကြောင်းတရားများကို စစ်တမ်းများကောက်၍ လေ့လာကြ၏။ လူမှုရေး လုပ်ငန်းများအတွက် ရံပုံငွေ ရှာဖွေရေးတွင် ပိုမို ထိရောက်စေရန် ဖြစ်သည်။ ထိုသို့လေ့လာချက်များတွင် The Seven Faces of Philanthropy ဟူသော စာအုပ်သည် ထင်ရှားပါသည်။ ထိုစာအုပ်တွင် အလှူရှင် ၇-မျိုးကို ဖော်ပြထား၏။

http://www.wlhughes.net/PDF/The_Seven_Faces_of_Philanthropy_040718_Book_Review_Hughes.pdf

(၁) The Communitarians (26.3%) - စစ်တမ်းအရ အလှူရှင်များအနက် ၂၆.၃% သည် မိမိတို့ဒေသ, မိမိနေထိုင်သော လူအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ပါက မိမိအတွက်လည်း အကျိုးစီးပွားရှိမည်ဟု ယုံကြည်၍ လှူဒါန်းကြသူများ ဖြစ်သည်။ ထိုအလှူရှင်များသည် မိမိတို့ အလှူအတွက် အသိအမှတ် ပြုခံလိုကြသည်။ အလှူမှတဆင့် အဆက်အသွယ်နှင့် စီးပွားရေးအခွင့် အလမ်းများ ရယူလိုကြသည်။ မိမိတို့ဒေသ ဖွံဖြိုးရေးအတွက် မိမိတို့တွင် တာဝန်ရှိသည်ဟု ယူဆကြသူများလည်း ပါဝင်နိုင်ပါသည်။
(၂) The Devouts (20.9%) - ဒုတိယအများဆုံး တွေ့ရသော အလှူရှင်များသည် ဘာသာရေး ယုံကြည်ချက်အရ လှူဒါန်းကြသူများ ဖြစ်သည်။ ဘာသာရေး အဖွဲ့အစည်းများအားဖြစ်စေ, ဘာသာရေး အဖွဲ့အစည်းများမှ တဆင့်ဖြစ်စေ လှူဒါန်းတတ်ကြသည်။ ထိုသူတို့သည် (မိမိတို့ အသိုင်းအဝိုင်းအတွင်းမှ အပ) အထူးအထွေ အသိအမှတ်ပြုခြင်းကို ခံယူလိုသူများ မဟုတ်ကြပါ။
(၃) The Investors (15.3%) - စီးပွားရေးတွင် ရင်းနှီးမြုတ်နှံသကဲ့သို့ ပြန်ရလာမည့် အကျိုးအမြတ်ကို မျှော်မှန်း၍ လှူဒါန်းသူများ ဖြစ်သည်။ အစိုးရအား အခွန်ပေးမည့်အစား အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအား (အခွန်ရှောင်ရန်အတွက်) လှူဒါန်းကြသူများလည်း ဤအုပ်စုတွင် ပါဝင်သည်။
(၄) The Socialite (10.8%) - လူမှုရေးဝင်ဆန့်လို၍ လှူဒါန်းကြသူများ ဖြစ်သည်။ အလှူထက် အလှူပွဲကျင်းပရန်, ပွဲလမ်းများသွားရန်, အလှူပွဲလာသူများနှင့် လူမှုဆက်ဆံမှု ပိုမိုကောင်းမွန်ရန်ကို ပို၍ စိတ်ဝင်စားကြသူများ ဖြစ်သည်။
(၅) The Altruists (9%) - ပရဟိတစိတ်ရှိသော အလှူရှင်များဖြစ်သည်။ ဘာသာရေး အလှူရှင်များကဲ့သို့ပင် တာဝန်တစ်ရပ် အနေဖြင့် အလှူဒါန ပြုကြသော်လည်း၊ ဘုရားကျောင်းများထက် ဘိုးဘွားများ, မိဘမဲ့ကလေးငယ်များ, ဆင်းရဲချို့တဲ့သူများအား ကိုယ်ချင်းစာတရား အလျောက် ရွေးချယ်လှူဒါန်း လေ့ရှိကြသည်။
(၆) The Repayer (10.2%) - မိမိအား ကူညီစောင်မခဲ့ဖူးသော ပုဂ္ဂိုလ်, အဖွဲ့အစည်းတို့အား ကျေးဇူး တုန့်ပြန်သောအားဖြင့် ပြန်လည်လှူဒါန်းကြသူများ ဖြစ်သည်။
(၇) The Dynast (8.3%) - မိဘဘိုးဘွား ရိုးရာအစဉ်အလာ မပျက်စေရန် စောင့်ထိမ်းသောအားဖြင့် လှူဒါန်းကြသူများ ဖြစ်သည်။
စင်စစ် အလှူရှင် အမျိုးအစားများသည် ၇-မျိုးထက်မက ရှိနိုင်ပါသည်။ အလှူပေးရန် စေ့ဆော်သည့် အကြောင်းတရားများသည်လည်း တစ်မျိုးမက ရောယှက် နေနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ထိုစစ်တမ်းမျိုး ကောက်ယူပါက ရာခိုင်နှုန်းအချိုးအစားများ တူညီမည်လည်း မဟုတ်။ မိမိသည် မည်သည့် အလှူရှင်မျိုးဖြစ်သည်ကို ဆန်းစစ်ကြည့်နိုင် ပါသည်။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့် ဒေသနာတော်များအရ မည်သို့သော စိတ်ထား ရည်ရွယ်ချက်ဖြင့် လှူဒါန်းသော အလှူမျိုးက မြင့်မြတ်သည်ကိုလည်း သုံးသပ်ကြည့်သင့်ပါသည်။ 


စာညွှန်း။
၁။ အင်္ဂုတ္တရနိကာယ်၊ သတ္တကနိပါတ်၊ မဟာယညဝဂ်၊ ဒါနမဟပ္ဖလသုတ် (အံ-၇-၅၂)
၂။ အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ ပဌမဒါနသုတ် (အံ-၈-၃၁)
၃။ အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ ဒါနဝတ္ထုသုတ် (အံ-၈-၃၃)
၄။ The Seven Faces of Philanthropy - By Russ Alan Prince and Karen Maru File
ဆက်ရန်