Saturday, December 10, 2011

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ မိတ်ဆက် - ၁၅ (သဘောတူရာ ပစ္စည်းများအား အုပ်စုဖွဲ့ခြင်း)

သဘောတူရာ ပစ္စည်းများအား အုပ်စုဖွဲ့ခြင်း
၂၄ ပစ္စည်းအား သဘောတူရာ တူရာ အုပ်စုများဖွဲ့၍ လေ့လာနိုင်ပါသည်။

(၁) သဟဇာတမျိုး

အတူဖြစ်ဖက် အကြောင်းတရားတို့က အကျိုးတရားတို့အား ကျေးဇူးပြုသည်ခြင်း တူရာသော ပစ္စည်း ၁၅-မျိုးအား သဟဇာတပစ္စည်းမျိုးဟု ခေါ်ကြောင်း ရှေ့ပိုင်းတွင် ဖော်ပြခဲ့၏။ အညမည၊ သမ္ပယုတ္တ၊ ဝိပါက၊ ဟေတု၊ ဈာန၊ မဂ္ဂပစ္စည်းတို့သည် သဟဇာတပစ္စည်းတွင် အကျုံးဝင်၏။ ထို့အပြင် ဝိပ္ပယုတ္တ၊ ကမ္မ၊ အဓိပတိ၊ အာဟာရ၊ ဣန္ဒြိယပစ္စည်းတို့၏ တစိတ်တဒေသသည်လည်း သဟဇာတပစ္စည်းတွင် အကျုံးဝင်၏။ ထိုသဟဇာတပစ္စည်းများသည် နိဿယ၊ အတ္ထိ၊ အဝိဂတပစ္စည်းများတွင် အကျုံးဝင်နေပြန်၏။

သဟဇာတ
အညမည၊ သမ္ပယုတ္တ၊ ဝိပါက၊ ဟေတု၊ ဈာန၊ မဂ္ဂ
သဟဇာတဝိပ္ပယုတ္တ၊ သဟဇာတကမ္မ၊ သဟဇာတာဓိပတိ၊ နာမ်အာဟာရ၊ သဟဇာတိန္ဒြိယ
သဟဇာတနိဿယ၊ သဟဇာတတ္ထိ၊ သဟဇာတ အဝိဂတ ဟူသော ပစ္စည်း ၁၅-မျိုး ပါဝင်သည်။

(၂) ဝတ္ထုပုရေဇာတမျိုး
အရင်ဖြစ်နှင့်သည့် ပစ္စုပ္ပန်အကြောင်းတရားတို့က အကျိုးတရား ကျေးဇူးပြုပုံခြင်း တူသည်တို့အား စုထားသည့် အုပ်စုဖြစ်သည်။ ဖြစ်နှင့်ပြီးသော မှီရာဝတ္ထုအဖြစ် ကျေးဇူးပြုသော ဝတ္ထုပုရေဇာတနှင့် ဖြစ်နှင့်ပြီးသော အာရုံအဖြစ် ကျေးဇူးပြုသော အာရမ္မဏပုရေဇာတဟူ၍ အကြမ်းအားဖြင့် နှစ်မျိုး ခွဲခြားနိုင်၏။ ထိုပုရေဇာတနှစ်မျိုးလုံးသည် ဖြစ်တည်ဆဲ ပစ္စုပ္ပန်အကြောင်းတို့က ကျေးဇူးပြုခြင်း ဖြစ်၍ အတ္ထိနှင့် အဝိဂတပစ္စည်းတို့တွင် အကျုံးဝင်၏။ ဝတ္ထုပုရေဇာတသည် နိဿယပစ္စည်းတွင် အကျုံးဝင်၍၊ အာရမ္မဏပုရေဇာတပစ္စည်းသည် အာရမ္မဏပစ္စည်းတွင် အကျုံးဝင်၏။ ဝိပ္ပယုတ္တနှင့် ဣန္ဒြိယပစ္စည်းတို့၏ တစိတ်တပိုင်းသည် ပုရေဇာတပစ္စည်းတွင် ပါဝင်သည်။

ဝတ္ထုပုရေဇာတ၊
ဝတ္ထုပုရေဇာတနိဿယ၊ ဝတ္ထုပုရေဇာတတ္ထိ၊ ဝတ္ထုပုရေဇာတ အဝိဂတ၊
ဝတ္ထုပုရေဇာတိန္ဒြိယ၊ ဝတ္ထုပုရေဇာတဝိပ္ပယုတ္တ ဟူသော ပစ္စည်း ၆-မျိုး ပါဝင်သည်။

(၃) ပစ္ဆာဇာတမျိုး
နောက်မှဖြစ်သော စိတ်စေတသိက်တရားတို့က အရင်ဖြစ်နှင့်သော ရုပ်တရားတို့အား ထောက်ပံ့ ကျေးဇူးပြုသော သဘောတူရာစု ထားသည့် အုပ်စုဖြစ်သည်။ ပစ္ဆာဇာတပစ္စည်း အတ္ထိ၊ အဝိဂတနှင့် ဝိပ္ပယုတ္တပစ္စည်းတို့တွင် အကျုံးဝင်၏။

ပစ္ဆာဇာတ၊
ပစ္ဆာဇာတတ္ထိ၊ ပစ္ဆာဇာတ အဝိဂတ၊
ပစ္ဆာဇာတဝိပ္ပယုတ္တဟူ၍ ပစ္ဆာဇာတမျိုး ၄-ပါးရှိသည်။

(၄) အာရမ္မဏမျိုး
အကြောင်းတရားတို့သည် အာရုံအဖြစ်ကျေးဇူးပြုသည့် သဘောတူရာတို့ကို အုပ်စုဖွဲ့ထားခြင်း ဖြစ်သည်။ အာရမ္မဏာဓိပတိ၊ အာရမ္မဏူပနိဿယနှင့် အာရမ္မဏပုရေဇာတပစ္စည်းတို့တွင် အာရမ္မဏပစ္စည်းတွင် အကျုံးဝင်၏။ အာရမ္မဏပုရေဇာတပစ္စည်းသည် အတ္ထိ၊ ဝိဂတပစ္စည်းတို့တွင် အကျုံးဝင်ပြန်၏။ အကယ်၍ မှီရာဝတ္ထုရုပ်အား အာရုံပြု၍ ဖြစ်သော ဝတ္ထာရမ္မဏပုရေဇာတဖြစ်ပါက နိဿယနှင့် ဝိပ္ပယုတ္တပစ္စည်းတို့တွင် အကျုံးဝင်၏။

အာရမ္မဏ၊
အာရမ္မဏာဓိပတိ၊ အာရမ္မဏူပနိဿယ
အာရမ္မဏပုရေဇာတ၊ အာရမ္မဏပုရေဇာတတ္ထိ၊ အာရမ္မဏပုရေဇာတ အဝိဂတ၊
ဝတ္ထာရမ္မဏပုရေဇာတနိဿယ၊ ဝတ္ထာရမ္မဏပုရေဇာတဝိပ္ပယုတ် ဟူ၍ အာရမ္မဏမျိုး ၈-မျိုးရှိသည်။

(၅) အနန္တရမျိုး
ရှေ့အကြောင်းနှင့် နောက်အကျိုး စိတ်စေတသိက်တရားတို့ အကြားတွင် အခြားမရှိဘဲ၊ တစ်ခုချုပ်မှ တစ်ခုဖြစ်ပေါ်ခွင့်ရသော သဘောတူညီသည့် ပစ္စည်းများအား အုပ်စုဖွဲ့ ထားခြင်းဖြစ်သည်။ အနန္တရ၊ သမနန္တရ၊ နတ္ထိနှင့် ဝိဂတပစ္စည်းတို့သည် သဘောတူပစ္စည်းများ ဖြစ်ကြသည်။ အာသေဝနပစ္စည်းသည် အနန္တရပစ္စည်းတွင် အကျုံးဝင်သည်။ တဖန် အနန္တရပစ္စည်းသည် အနန္တရူပနိဿယ အမည်ဖြင့် ဥပနိဿယပစ္စည်းတွင် တစိတ်တပိုင်းအဖြစ် ပါဝင်၏။ လောကုတ္တရာကုသိုလ်ဖြစ်သော မဂ်စေတနာ၏ နောက်အခြားမဲ့၌ ဖိုလ်ကို ဖြစ်စေသည့် နာနာက္ခဏိကကမ္မ ပစ္စည်းသည်လည်း အနန္တရမျိုးတွင် သွင်းရ၏။

အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတ၊
အာသေဝန၊
အနန္တရူပနိဿယ၊ (မဂ်နောက် ဖိုလ်အားတပ်သော) နာနာက္ခဏိကကမ္မ ဟူ၍ အနန္တရမျိုး ပစ္စည်း ၇-ပါးရှိသည်။

(၆) ရုပ်အာဟာရမျိုး
ကဗဠီကာရခေါ် ရုပ်အာဟာရသည် ဖြစ်ဆဲအခိုက်တွင် ကိုယ်ခန္ဓာအား ထောက်ပံ့နိုင်စွမ်းမရှိသေးဘဲ၊ တည်ဆဲအခိုက် ရောက်မှသာ အာဟာရပစ္စည်းဖြင့် ကျေးဇူးပြုနိုင်လေသည်။ ထို့ကြောင့် နာမ်အာဟာရကဲ့သို့ သဟဇာတပစ္စည်း အုပ်စုတွင် ထည့်သွင်း၍ မရပါ။ ရုပ်အာဟာရပစ္စည်းသည် တည်ဆဲ ပစ္စုပ္ပန်အကြောင်းတရားက် ကျေးဇူးပြုခြင်း ဖြစ်သဖြင့် အတ္ထိနှင့် အဝိဂတပစ္စည်းတို့တွင် ဝင်၏။

ကဗဠီကာရ အာဟာရ
ကဗဠီကာရ အာဟာရတ္ထိ၊ ကဗဠီကာရ အာဟာရ အဝိဂတ ဟု သုံးမျိုးရှိသည်။

ရုပ်အာဟာရပစ္စည်းတို့သည် မုချအားဖြင့် သဟဇာတပစ္စည်းတွင် မပါသော်လည်း၊ အလျော်အားဖြင့်မူ သဟဇာတအုပ်စုတွင် ထည့်သွင်းနိုင်ပါသည်။

(၇) ရူပဇီဝိတိန္ဒြိယမျိုး

ရူပဇီဝိတိန္ဒြိယသည် ဖြစ်ဆဲအခိုက်တွင် ကဋတ္တာရုပ်တရားအား ကျေးဇူးပြုနိုင်ခြင်း မရှိသေးဘဲ၊ တည်ဆဲအခိုက်ရောက်မှသာ ကျေးဇူးပြုနိုင်၍ နာမ်ဣန္ဒြိယပစ္စည်းတို့ကဲ့သို့ သဟဇာတပစ္စည်းတွင် မပါဝင်ပါ။ (သို့သော် ပရိယာယ်အားဖြင့်မူ သဟဇာတအုပ်စုတွင် ထည့်သွင်းနိုင်ပါသည်။) ရူပဇီဝိတိန္ဒြိယသည် တည်ဆဲ ပစ္စုပ္ပန်အကြောင်းတရားက ကျေးဇူးပြုခြင်း ဖြစ်သဖြင့် အတ္ထိနှင့် အဝိဂတပစ္စည်းတို့တွင် ဝင်၏။

ရူပဇီဝိတိန္ဒြိယ
ရူပဇီဝိတိန္ဒြိယတ္ထိ၊ ရူပဇီဝိတိန္ဒြိယ အဝိဂတ ဟု ပစ္စည်း ၃-မျိုးပါဝင်သည်။

(၈) နာနာက္ခဏိကကမ္မမျိုး
ကမ္မပစ္စည်းသည် သဟဇာတကမ္မနှင့် နာနာက္ခဏိကကမ္မဟု နှစ်မျိုးရှိရာ၊ သဟဇာတကမ္မပစ္စည်းသည် သဟဇာတအုပ်စုတွင် ပါဝင်ပြီး ဖြစ်၍၊ ကျန်သော နာနာက္ခဏိကကမ္မပစ္စည်းအား သီးခြားထုတ်၍ ပြခြင်း ဖြစ်သည်။ အတိတ်ကုသိုလ် အကုသိုလ်ကံတို့က ဝိပါက်နာမ်တရားနှင့် ကဋတ္တာရုပ်တရားတို့အား ကျေးဇူးပြုသော ပစ္စည်းမျိုးဖြစ်သည်။

(၉) ပကတူပနိဿယမျိုး
ဥပနိဿယပစ္စည်း ၃-မျိုးအနက် အာရမ္မဏူပနိဿယသည် အာရမ္မဏမျိုး၌လည်းကောင်း၊ အနန္တရူပနိဿယသည် အနန္တရမျိုး၌လည်းကောင်း ထည့်သွင်းပြီးဖြစ်၍ ကြွင်းသော ပကတူပနိဿယပစ္စည်းတို့အား သီးခြားထုတ်၍ ဖော်ပြခြင်း ဖြစ်သည်။ ဤတွင် ဝိပါက်နာမ်တရားတို့အား ကျေးဇူးပြုသည့် အားကြီးသော (ဗလဝ) နာနာက္ခဏိက ကမ္မပစ္စည်းမှာ ပကတူပနိဿယပစ္စည်းနှင့် အတူတူပင်ဖြစ်၏။


အထက်တွင်ပြခဲ့သော သဘောတူရာ ပစ္စည်းအုပ်စုတို့အား ထပ်မံ၍ အကျဉ်းချုပ်လိုက်ပါက သဟဇာတမျိုး၊ ပုရေဇာတမျိုး၊ ပစ္ဆာဇာတမျိုး၊ ရုပ်အာဟာရမျိုး၊ ရူပဇီဝိတိနြ္ဒိယမျိုးဟူသော အုပ်စု ၅-မျိုးသည် ဖြစ်တည်ဆဲ ပစ္စုပ္ပန်တရားတို့က ရှိသည်ဖြစ်၍ ကျေးဇူးပြုနေကြသော အတ္ထိပစ္စည်းတွင် ဝင်၏။ အနန္တရမျိုးနှင့် ပကတူပနိဿမျိုး ၂-မျိုးတို့သည်လည်း အားကြီးသော မှီရာအကြောင်းဟူသော ဥပနိဿယပစ္စည်းတွင် ဝင်၏။ ထို့ကြောင့် အဘိဓမ္မတ္ထသင်္ဂဟခေါ် သဂြိုဟ်ကျမ်းတွင် ၂၄-ပစ္စည်းအား (၁) အာရမ္မဏ (၂) ဥပနိဿယ (၃) ကမ္မနှင့် (၄) အတ္ထိဟူ၍ ပစ္စည်း၄-မျိုးတွင် သွင်းယူနိုင်ကြောင်း ဖော်ပြထားပါသည်။

ထို့အပြင် သဂြိုဟ်ကျမ်းတွင် ၂၄-ပစ္စည်းအား အကြောင်းတရား (ပစ္စည်း)နှင့် အကျိုးတရား (ပစ္စယုပ္ပန်)တို့၏ နာမ်၊ ရုပ်၊ ပညတ် အမျိုးအစားအလိုက် အုပ်စု ၆-စု ခွဲ၍ ဖော်ပြထားသည်။ ၂၄-ပစ္စည်းအား ဖွင့်ဆိုရာ၌လည်း ဟေတုပစ္စည်း၊ အာရမ္မဏပစ္စည်း စသဖြင့် ပဋ္ဌာန်းပစ္စယုဒ္ဒေသလာ အစီအစဉ်အတိုင်း မဖွင့်ဆိုဘဲ၊ ဤ ၆-အုပ်စု အစီအစဉ်အတိုင်းသာ ဖွင့်ဆိုသွား၏။

(၁) နာမ်က နာမ်အား ကျေးဇူးပြုခြင်း
ချုပ်သွားသည့် နာမ်တရား၏ အခြားမဲ၌ နောက်နာမ်တရားကို ဖြစ်စေသည့် အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတ၊ အာသေဝန ပစ္စည်း ၅-ပါးနှင့် အတူယှဉ်ဖက် နာမ်တရားတို့ အချင်းချင်း ကျေးဇူးပြုနေကြသော သမ္ပယုတ္တ ပစ္စည်းတို့သည် နာမ်က နာမ်အား ကျေးဇူးပြုသော ပစ္စည်း ၆-ပါးဖြစ်သည်။

(၂) နာမ်က နာမ်ရုပ်အား ကျေးဇူးပြုခြင်း
အတူဖြစ်ဖက် နာမ်ရုပ်တို့အား ကျေးဇူးပြုသည့် ဟေတု၊ ဈာန၊ မဂ္ဂ၊ ဝိပါကနှင့် သဟဇာတကမ္မ ပစ္စည်း၊ နောင်တွင်ဖြစ်လာမည့် ဝိပါက်နာမ်ခန္ဓာနှင့် ကမ္မဇရုပ်တို့အား ကျေးဇူးပြုသည့် နာနာက္ခဏိကကမ္မ ပစ္စည်းတို့သည် နာမ်က နာမ်ရုပ်အား ကျေးဇူးပြုသော ပစ္စည်း ၅-မျိုး ဖြစ်သည်။

(၃) နာမ်က ရုပ်အား ကျေးဇူးပြုခြင်း
နောက်မှဖြစ်သော နာမ်တို့က အရင်ဖြစ်နှင့်သော ပစ္စုပ္ပန် ရုပ်တို့အား ကျေးဇူးပြုသည့် ပစ္ဆာဇာတပစ္စည်း ဖြစ်သည်။

(၄) ရုပ်က နာမ်အား ကျေးဇူးပြုခြင်း
အရင်ဖြစ်နေသော ဝတ္ထုရုပ်၊ ရုပ်အာရုံဟူသော ရုပ်တရားတို့က နာမ်တရားတို့အား ကျေးဇူးပြုသော ပုရေဇာတပစ္စည်း ဖြစ်သည်။

(၅) ပညတ်၊ နာမ်၊ ရုပ်တို့က နာမ်အား ကျေးဇူးပြုခြင်း
ပညတ်၊ နာမ်နှင် ရုပ်တရားတို့သည် အာရမ္မဏပစ္စည်း၊ ဥပနိဿယပစ္စည်းတို့ဖြင့် ကျေးဇူးပြုကြသည်။

(၆) နာမ်ရုပ်က နာမ်ရုပ်အား ကျေးဇူးပြုခြင်း
အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ အာဟာရ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူသော ပစ္စည်း ၉-မျိုးတို့သည် နာမ်ရုပ်တရားတို့က နာမ်ရုပ်တရားတို့အား ကျေးဇူးပြုကြသည်။

**** ****

အဘိဓမ္မာအခြေခံ မရှိသေးဘဲ ပဋ္ဌာန်း ၂၄-ပစ္စည်း ပစ္စယနိဒ္ဒေသ ပါဠိတော်အား ရွတ်ဖတ် ပူဇော်နေကြသူများ၊ ကျက်မှတ် ပူဇော်လိုကြသူများအား အနက်အဓိပ္ပါယ်ကို အထိုက်အလျောက် နားလည်နိုင်ကြစေရန်၊ ကျက်မှတ်ရ လွယ်ကူစေရန်ဟူသော ရည်ရွယ်ချက်ဖြင့်၊ ပဋ္ဌာန်း ၂၄ ပစ္စည်းအား မူရင်းအစီအစဉ်အတိုင်း မဖော်ပြတော့ဘဲ၊ ကျက်မှတ်ရ နားလည်ရ လွယ်ကူစေမည့် အစီအစဉ်ဖြင့်သာ ဖော်ပြခဲ့ပါသည်။ ထို့အပြင် ပစ္စယနိဒ္ဒေသ အနက်ပေးရာတွင်လည်း နိဿယကျမ်းကြီးများကဲ့သို့ ပစ္စည်းနှင့် ပစ္စယုပ္ပန် တရားကိုယ် အရကောက်များအား အသေးစိတ် ထုတ်မပြတော့ဘဲ၊ အနက် အဓိပ္ပါယ်ပေါ်ရုံမျှသာ “ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ မိတ်ဆက်” အဖြစ် ရေးသားအပ်ပါသည်။

**** ****

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ မိတ်ဆက် - ၁၄ (အာသေဝနပစ္စည်း၊ ဥပနိဿယပစ္စည်း)

အာသေဝနပစ္စည်း



အာသေဝနပစ္စယောတိ -
၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
၂။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
၃။ ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာဗျာကတာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။


“အာသေဝန” ဟူသည် “ထပ်ကာ ထပ်ကာ ပြုလုပ်ခြင်း၊ ဖြစ်စေခြင်း၊ ထုံမွှမ်းခြင်း” ဟူသော အဓိပ္ပါယ် ရသည်။ စာတစ်ပုဒ်အား အထပ်ထပ် လေ့လာသင်ယူပါက တစ်ခေါက်ထက် တစ်ခေါက် ပို၍ အရှိန်ရ၍ လွယ်ကူ ချောမော တိုးတက်လာခြင်းမျိုး ဖြစ်၏။ ဝီထိစိတ်အစဉ်တွင် ဇောစိတ်များ ဖြစ်သောအခါတွင် ရှေ့ဇောစိတ်တို့သည် မိမိနှင့် သဘာဝချင်းတူသော နောက်ဇောစိတ်များအား အရှိန်အဟုန်ရစေရန် အားပေးခြင်းသည် အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြုသည် မည်၏။ “သဘာဝချင်းတူသော” ဆိုရာတွင် ရှေး ကုသိုလ် ဇောစိတ်သည် နောက် ကုသိုလ် ဇောစိတ်အား လည်းကောင်း၊ ရှေး အကုသိုလ် ဇောစိတ်သည် နောက် အကုသိုလ် ဇောစိတ်အား လည်းကောင်း၊ ရှေး ကြိယာ ဇောစိတ်သည် နောက် ကြိယာ ဇောစိတ်အားလည်းကောင်း ကျေးဇူးပြုခြင်း ဖြစ်သည်။



ထို့ကြောင့်ပင် ပထမ ဇောထက် ဒုတိယ ဇောစိတ်၊ ဒုတိယ ဇောစိတ်ထက် တတိယ ဇောစိတ်တို့က ဤသို့ဖြင့် ပို၍ ပို၍ အားကောင်းလာ၏။ ဤသို့ဖြင့် စတုတ္ထဇောတိုင် တဖြည်းဖြည်း အရှိန်အဟုန် မြင့်တက်လာ၏။ (ကာမာဝစရ) ဇောစိတ်တို့သည် ၇-ကြိမ်ထိသာ ဖြစ်ခွင့်ရှိသဖြင့် တဖြည်းဖြည်း အရှိန်ကုန်ကာ နောက်ဆုံး သတ္တဇောစိတ်တွင် အဆုံးသတ် လျှောကျသွားရာ လှိုင်းလုံးသဖွယ်ရှိ၏။ ပထမဇောသည် အာသေဝနပစ္စည်း၏ ကျေးဇူးပြုခြင်း မခံရ၍ အားအနည်းဆုံးဖြစ်၏။ သတ္တမဇောသည် အရှိန်ကုန်၍ ပြန်ကျသွားသည် ဆိုသော်လည်း အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြုခြင်း ခံရ၍ ပထမဇောထက် ပို၍ အင်အားရှိသည်။ လှိုင်းလုံးကဲ့သို့ပင် အလယ်ဇော ၅-ချက်တို့သည် ပထမဇောနှင့် နောက်ဆုံး သတ္တမဇောတို့ထက်ပို၍ အားကောင်းပြီး စတုတ္ထဇောသည် အင်အား အကောင်းဆုံး လှိုင်းထိပ်ဖြစ်လေသည်။ ထို့ကြောင့် အင်အား အနည်းဆုံးဖြစ်သည့် ပထမဇောစိတ်တွင် ဖြစ်သော ကုသိုလ် အကုသိုလ်စေတနာကံများသည် မျက်မှောက်ဘဝ၌သာ အကျိုးပေးနိုင်၏။ ဒိဋ္ဌဓမ္မဝေဒနီယကံဟု ခေါ်သည်။ ထိုကံတို့သည် မျက်မှောက်ဘဝတွင် အကျိုးပေးခွင့် မရပါက အဟောသိကံ ဖြစ်သွား၏။ ပထမဇောထက် အားကောင်းသော သတ္တမဇော ကံသည် နောက် ဒုတိယဘဝတွင် အကျိုးပေးနိုင်သော ဥပပဇ္ဇဝေဒနီယကံ မည်၏။ နောက်ဘဝတွင် အကျိုးပေးခွင့် မသာပါက အဟောသိကံ ဖြစ်ရ၏။ အလယ်ဇော ၅-ချက်မှ ကံတို့သည်ကား တတိယဘဝမှစ၍ နောက်နောက်သော သံသရာ ဘ၀ အဆက်အဆက်တိုင် အကျိုးပေးနိုင်လောက်သော အပရာပရိယဝေဒနီယကံများ ဖြစ်ကြ၏။

၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ - ရှေးရှေးဖြစ်သော ကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော ကုသိုလ်တရားတို့အား
အာသေဝနပစ္စယေန ပစ္စယော - အဖန်တလဲလဲ ဖြစ်စေ၍ (အာသေဝနပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေးဖြစ်သော အကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော အကုသိုလ်တရားတို့အား
အာသေဝနပစ္စယေန ပစ္စယော - အဖန်တလဲလဲ ဖြစ်စေ၍ (အာသေဝနပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၃။ ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ဓမ္မာ - ရှေးရှေးဖြစ်သော ကြိယာအဗျာကတတရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာဗျာကတာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော ကိရိယာအဗျာကတ တရားတို့အား
အာသေဝနပစ္စယေန ပစ္စယော - အဖန်တလဲလဲ ဖြစ်စေ၍ (အာသေဝနပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

ရှေ့ဇောစိတ်တို့က နောက်အခြားမဲ့တွက် ဖြစ်သော ဇောစိတ်တို့အား ကျေးဇူးပြုခြင်း ဖြစ်၍ အာသေဝနပစ္စည်းသည် အနန္တရပစ္စည်းမျိုးတွင် အကျုံးဝင်၏။

**** ****
ဥပနိဿယပစ္စည်း



ဥပနိဿယပစ္စယောတိ -
၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
၂။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။
၃။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
၄။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
၅။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။
၆။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
၇။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
၈။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
၉။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
၁၀။ ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။ ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။ သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။


ဥပနိဿယပစ္စည်းဆိုသည်မှာ အလွန်အားကောင်းသော မှီရာအကြောင်းတရားအဖြစ် ကျေးဇူးပြုခြင်း ဖြစ်သည်။ ဥပနိဿယပစ္စည်းသည်
(၁) အာရမ္မဏူပနိဿယပစ္စည်း၊
(၂) အနန္တရူပနိဿယပစ္စည်းနှင့်
(၃) ပကတူပနိဿယပစ္စည်းဟု အပြားအားဖြင့် ၃-မျိုး ရှိ၏။

အာရုံမပြုဘဲ မနေနိုင်လောက်အောင် အလွန် ဆွဲဆောင်မှုကောင်းသော အာရုံများသည် ယင်းတို့ကို အာရုံပြု၍ စိတ်စေတသိက်များ ဖြစ်ပေါ်စေရန် ကျေးဇူးပြုသဖြင့် အာရမ္မဏူပနိဿယ (အာရမ္မဏ + ဥပနိဿယ) ပစ္စည်းမည်၏။ အာရမ္မဏူပနိဿယ ပစ္စည်းသည် အာရမ္မဏာဓိပတိပစ္စည်းနှင့် အတူတူပင်ဖြစ်၍ ကျေးဇူးပြုပုံသတ္တိသာ ကွာခြားသည်။ ပဋ္ဌာန်းကုသလတိတ် ပဉှာဝါရတွင် အာရမ္မဏာဓိပတိပစ္စည်းနှင့် အတူတူပင် ဟောကြားထား၏။

မိမိတို့ ပြုလုပ်အားထုတ်ထားသော ဒါန သီလ ဘာဝနာစသည့် ကုသိုလ်တရားများ၊ မိမိတို့ရရှိထားသည့် ဈာန်တရား မဂ်တရားများအား ပြန်လည် ဆင်ခြင်နှလုံးသွင်း၍ ကုသိုလ်တရားတိုကို ဖြစ်စေခြင်းသည် ကုသိုလ်တရားက ကုသိုလ်အား အာရမ္မဏူပနိဿယဖြင့် ကျေးဇူးပြုခြင်း မည်၏။ အကယ်၍ ရဟန္တာပုဂ္ဂိုလ်ဖြစ်ပါက ကုသိုလ်စိတ်အစား ကြိယာ အဗျာကတတရားတို့သာ ဖြစ်သည်။ ကုသိုလ်တရားက အဗျာကတတရားအား အာရမ္မဏူပနိဿယဖြင့် ကျေးဇူးပြုသည် မည်၏။ အကယ်၍ ထိုဒါန၊ သီလ၊ ဘာဝနာတရားတို့အား လွဲမှားစွာ နှလုံးသွင်း ဆင်ခြင်၍၊ နှစ်သက်တပ်မက်မှု (ရာဂ)၊ ငါ့အလှူ ငါ့ကိုယ်ကျင့်သီလစသဖြင့် အယူမှားမှု (ဒိဋ္ဌိ)တို့ဖြစ်ပါက ကုသိုလ်တရားက အကုသိုလ်အား အာရမ္မဏူပနိဿယဖြင့် ကျေးဇူးပြုသည် မည်၏။

ရာဂ၊ ဒိဋ္ဌိစသော အကုသိုလ်တရားတို့အား အလေးအနက်အာရုံပြုကာ နှစ်သက်သာယာမှုဖြစ်ပါက အကုသိုလ်တရားများ ထပ်မံ ဖြစ်ပေါ်စေနိုင်သည်။ အကုသိုလ်တရားက အကုသိုလ်အား အာရမ္မဏူပနိဿယဖြင့် ကျေးဇူးပြုခြင်းဖြစ်သည်။ အကုသိုလ်တရားအား အလေးဂရု အာရုံပြု၍ ကုသိုလ်တရား၊ အဗျာကတတရားတို့အား အာရမ္မဏူပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုခြင်းကိုကား ကုသလတိက် ပဉှာဝါရတွင် ဟောကြားထားခြင်း မရှိပါ။

မိမိတို့ ရရှိ မျက်မှောက်ပြုထားသော ဖိုလ်တရား၊ နိဗ္ဗာန်ဟူသည့် အဗျာကတတရားတို့အား အာရုံပြုဆင်ခြင်၍ သေက္ခ (ရဟန္တာမဖြစ်သေးသော ကျင့်ဆဲ) ပုဂ္ဂိုလ်တွင် ကုသိုလ်တရားတို့ ဖြစ်ပေါ်စေ၏။ ရဟန္တာပုဂ္ဂိုလ်အတွက်ကား ကြိယာ အဗျာကတတရားအား ဖြစ်ပေါ်၏။ အဗျာကတတရားက ကုသိုလ်နှင့် အဗျာကတတရားတို့ကို အာရမ္မဏူပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။ အလွန်နှစ်သက်ဖွယ်ဖြစ်သော အဆင်း၊ အသံစသည့် ရုပ်တရားများအား အာရုံပြု၍ နှစ်သက်သာယာကာ တက်မက်ခြင်း၊ အယူမှားခြင်းတို့ဖြစ်ပေါ်သည်မှာ အဗျာကတတရားက အကုသိုလ်အား အာရမ္မဏူပနိဿယဖြင့် ကျေးဇူးပြုခြင်းဖြစ်သည်။

ချုပ်ပျက်သွားသော ရှေ့စိတ်သည် နောက် အခြားမဲ့တွင် စိတ္တနိယာမ အားလျော်စွာဖြစ်သည့် စိတ်စေတသိက်တို့၏ အားကြီးသော မှီရာအကြောင်းတရား ဖြစ်သဖြင့် အနန္တရပစ္စည်းကိုပင် အနန္တရူပနိဿယ (အနန္တရ + ဥပနိဿယ) ပစ္စည်းဟုလည်း ဆိုရ၏။

အာရမ္မဏူပနိဿပစ္စည်းနှင့် အနန္တရူပနိဿယပစ္စည်းတို့မှ အပအခြားသော ပင်ကိုယ်အားဖြင့် အားကောင်းသည့် မှီရာအကြောင်းတရားများသည် ပကတူပနိဿယ (ပကတိ + ဥပနိဿယ) ပစ္စည်း မည်၏။

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာစသော တရားတို့ကို အမှီပြု၍ ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ ဘာဝနာပွားခြင်းတို့ပြုသောအခါ ကုသိုလ်တရားကို မှီ၍ ကုသိုလ်တရားတို့ကို ပကတူပနိဿဖြင့် ကျေးဇူးပြုသည် မည်၏။ တဖန် သဒ္ဓါစသော ကုသိုလ်တရားတို့ကို အမှီပြု၍ မာန်ရစ်မူခြင်း၊ အယူမှားခြင်စသော အကုသိုလ်တရားတို့ကိုလည်း ပကတူပနိဿယဖြင့် ကျေးဇူးပြုနိုင်သည်။ ထို့အတူပင် ဒါနပြုခြင်းစသော ကုသိုလ်တရားတို့ကို အားထုတ်မှုကြောင့် ကိုယ်ပင်ပန်းဆင်းရဲခြင်း (ကာယိကဒုက္ခ)၊ ဈာန်ကုသိုလ်တရားတို့ကို မှီ၍ ကိုယ်ချမ်းသာခြင်း (ကာယိကသုခ)တို့သည် ကုသိုလ်က အဗျာကတတရားတို့အား ပကတူပနိဿယဖြင့် ကျေးဇူးပြုသည် မည်၏။ ကုသိုလ်ကံက ဝိပါက် အကျိုးတရားကို ဖြစ်စေခြင်းသည်လည်း ကုသိုလ်က အဗျာကတအား ပကတူပနိဿယဖြင့် ကျေးဇူးပြုခြင်းအဖြစ် ပဉှာဝါရတွင် ထည့်သွင်း ဟောကြားထားသည်။ အဋ္ဌကထာက အားနည်းသော ကံများကို မယူဘဲ၊ အားကြီးသော ကံများကိုသာ ယူရန် မှတ်ချက်ပြုထားသဖြင့်၊ အားကြီးသော (ဗလဝ) နာနာက္ခဏိက ကမ္မပစ္စည်းသည် ပကတူပနိဿယတွင် အကျုံးဝင်သည်ဟု မှတ်သားနိုင်၏။

ရာဂ ဒေါသ မောဟစသော အကုသိုလ်တရားတို့အား အမှီပြု၍၊ သူ့အသက် သတ်ခြင်း၊ ခိုးယူခြင်းစသော အကုသိုလ်တရားတို့ကို ပြုကြသည်။ ဤသည်မှာ အကုသိုလ်က အကုသိုလ်အား ပကတူပနိဿယဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။ အကယ်၍ ထိုအကုသိုလ်တရားတို့အား အမှီပြုကာ ယင်းအကုသိုလ်တရားတို့အား ပပျောက်စေရန် ဒါန သီလ ဘာဝနာတို့ကို အားထုတ်သည်လည်း ရှိ၏။ အကုသိုလ်က ကုသိုလ်အား ပကတူပနိဿယဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။ လောဘဖြင့် ရှာဖွေ အားထုတ်သောအခါ ချမ်းသာသုခရသည်လည်း ရှိ၏။ ကိုယ်ဆင်းရဲခြင်း ဖြစ်ရသည်လည်း ရှိ၏။ ကိုယ်ချမ်းသာ (ကာယိကသုခ) ကိုယ်ဆင်းရဲ (ကာယိကဒုက္ခ) တို့သည် အဗျာကတတရားများ ဖြစ်၍ အကုသိုလ်က အဗျာကတအား ပကတူပနိဿယဖြင့် ကျေးဇူးပြုသည် မည်၏။ အားကြီးသော အကုသိုလ်ကံက ဝိပါက်တို့ကို ကျေးဇူးပြုသော ဗလ၀ နာနာက္ခဏိက ကမ္မပစ္စည်းသည်လည်း အကုသိုလ်က အဗျာကတအား ပကတူပနိဿယဖြင့် ကျေးဇူးပြုခြင်းပင် ဖြစ်သည်။

ကိုယ်ချမ်းသာခြင်းကို အလိုရှိသဖြင့် ဒါန သီလ ဘာဝနာများ အားထုတ်၏။ ဈာန်တရားတို့ အားထုတ်၏။ သင့်တင့် လျောက်ပတ်သော ဥတု၊ အစားအသောက် (ဘောဇန - ဘောဇဉ်)၊ နေရာထိုင်ခင်း (သေနာသန) တို့ကို အမှီပြု၍လည်း ကုသိုလ်တရားတို့ ဖြစ်၏။ ယင်းတို့ကား အဗျာကတက အကုသိုလ်အား ပကတူပနိဿယဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။ ထိုကိုယ်ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ဥတု၊ အစားအသောက်၊ နေရာထိုင်ခင်းစသော အဗျာကတတရားတို့ကို အမှီပြု၍ သူ့အသက်သတ်ခြင်း၊ ခိုးယူခြင်းစသော အကုသိုလ်တရားတို့အား ပကတူပနိဿယဖြင့် ကျေးဇူးပြုသည်လည်း ရှိ၏။ ရာသီ ဥတု၊ အစားအသောက်၊ နေရာထိုင်ခင်းတို့အား အမှီပြု၍ ကိုယ်ချမ်းသာ၊ ကိုယ်ဆင်းရဲဖြစ်သောအခါ အဗျာကတတရားက အဗျာကတတရားအား ပကတူပနိဿယ ပစ္စည်း ကျေးဇူးပြုသည် မည်၏။

ဤသို့အားဖြင့် ရှေးရှေး ကုသိုလ်၊ အကုသိုလ်၊ အဗျာကတတရားတို့သည် နောက်နောက် ကုသိုလ်၊ အကုသိုလ်၊ အဗျာကတတရားတို့အား အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ ဟူသော ဥပနိဿယပစ္စည်းတို့ဖြင့် ကျေးဇူးပြုနေကြသည်။ ဤတွင် အနန္တရူပနိဿပစ္စည်းသည် ရှေးစိတ်၏ အခြားမဲ့၌ ဖြစ်သော နောက်စိတ်အား ကျေးဇူးပြုခြင်းဖြစ်၍ ပစ္စည်းနှင့် ပစ္စယုပ္ပန်တို့ ဝီထိ တူကြရ၏။ အာရမ္မဏူပနိဿယနှင့် ပကတူပနိဿယတို့ဖြင့် ကျေးဇူးပြုရာတွင် ပစ္စည်းနှင့် ပစ္စယုပ္ပန်သည် ဝီထိတူရန် မလိုပေ။

၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ - ရှေးရှေး ကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက် ကုသိုလ်တရားတို့အား
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ - ရှေးရှေး ကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက် အကုသိုလ်တရားတို့အား
ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော - အချို့ အားကြီးသော မှီရာအဖြစ် (အချို့သော ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၃။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ - ရှေးရှေး ကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ - နောက်နောက် အဗျာကတတရားတို့အား
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

အနန္တရူပနိဿယပစ္စည်းသည် မျိုးဇာတ် ဆန့်ကျင့်ဖက်ဖြစ်သော ကုသိုလ်က အကုသိုလ်၊ အကုသိုလ်က ကုသိုလ်အား ကျေးဇူးပြုနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ကုသိုလ်က အကုသိုလ်၊ အကုသိုလ်က ကုသိုလ်အား ကျေးဇူးပြုရာတွင် အနန္တရူပနိဿယ ပစ္စည်း မရသဖြင့်၊ “အချို့သော (ကေသဉ္စိ)” ဟူသော စကားထည့်သွင်း ထားသည်ကို သတိပြုနိုင်၏။

၄။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေး အကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက် အကုသိုလ်တရားတို့အား
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၅။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေး အကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက် ကုသိုလ်တရားတို့အား
ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော - အချို့ အားကြီးသော မှီရာအဖြစ် (အချို့သော ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၆။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေး အကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ - နောက်နောက် အဗျာကတတရားတို့အား
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

၇။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ - ရှေးရှေး အဗျာကတတရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ - နောက်နောက် အဗျာကတတရားတို့အား
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၈။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ - ရှေးရှေး အဗျာကတတရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက် ကုသိုလ်တရားတို့အား
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၉။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ - ရှေးရှေး အဗျာကတတရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက် အကုသိုလ်တရားတို့အား
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါးမှ ရုပ်နာမ်တရားတို့သာမက၊ နိဗ္ဗာန်နှင့် ပညတ်တရားတို့သည်ပင် ပကတူပနိဿယ ပစ္စည်းဖြင့် ကျေးဇူးပြုနိုင်ကြ၍၊ ပကတူပနိဿယ ပစ္စည်း၏ နယ်သည် အလွန်ကျယ်ပြောလှသည်။ ရာသီဥတု၊ အစားအသောက်၊ နေရာထိုင်ခင်းစသော ရုပ်ပတ်ဝန်းကျင်နှင့် မိတ်ဆွေ အပေါင်းအသင်း၊ ဆရာသမားစသော လူမှုပတ်ဝန်းကျင်တို့သည် ကုသိုလ် အကုသိုလ်စသော စိတ်စေတသိက်အား ပကတူပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုနေကြသည်။

၁၀။ ဥတုဘောဇနမ္ပိ - ဥတု အစားအသောက်တို့သည်လည်း
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
ပုဂ္ဂလောပိ - (ကလျာဏမိတ္တစသော) ပုဂ္ဂိုလ်သည်လည်း
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
သေနာသနမ္ပိ - နေရာထိုင်ခင်းသည်လည်း
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

**** ****

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ မိတ်ဆက် - ၁၃ (အနန္တရပစ္စည်း၊ သမနန္တရပစ္စည်း)

အနန္တရပစ္စည်း



အနန္တရပစ္စယောတိ -
၁။ စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၂။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၃။ သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၄။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၅။ ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၆။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၇။ ဇိဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၈။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၉။ ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၀။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၂။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၃။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၄။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၅။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၆။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၇။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၈။ ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။



“အန္တရ” ဟူသည် “အခြား၊ ကြားခံ” ဟူသော အဓိပ္ပါယ်ရ၍၊ အနန္တရ (န + အန္တရ) သည် အခြားမဲ့ဖြစ်ခြင်း (ရှေ့စိတ်နှင့် နောက်စိတ်၏ အလယ်ကြားတွင် အခြားကြားခံတရား တစုံတရာမျှ မရှိခြင်း) ကို ဆိုလိုသည်။ ရှေ့တွင် ချုပ်သွားသော စိတ်စေတသိက်တို့၏ အခြားမဲ့၌ နောက် စိတ်စေတသိက်တို့ ဖြစ်ပေါ်ကြခြင်းသည် ရှေ့ စိတ်စေတသိက်က နောက် စိတ်စေတသိက်တို့အား အနန္တရပစ္စည်းဖြင့် ကျေးဇူးပြုသည် မည်၏။ ဝီထိခေါ် စိတ်ဖြစ်စဉ်များအတိုင်း မည်သို့စိတ်တို့၏ အခြားမဲ့၌ မည်သို့သော စိတ်များ ဖြစ်ပေါ်ခွင့်ရှိသည်ဟူသော စိတ္တနိယာမသည် အနန္တရပစ္စည်း၏ သတ္တိဟုလည်း ဆိုနိုင်၏။

ပစ္စယနိဒ္ဒေသ အနန္တရပစ္စည်းအပိုင်း၌ စက္ခုဝိညာဏဓာတ်စသော ပဉ္စဝိညာဏ်စိတ်သည် မိမိ၏ အခြားမဲ့တွင် လက်ခံယူသော သမ္ပဋိစ္ဆိုင်းစိတ် (ဝိပါက် မနောဓာတ်) အားလည်းကောင်း၊ တဖန် ယင်းသမ္ပဋိစ္ဆိုင်းစိတ်သည် အခြားမဲ့တွင် အာရုံအား စုံစမ်းသော သန္တီရဏစိတ် ( ဝိပါက် မနောဝိညာဏဓာတ်) အားလည်းကောင်း ကျေးဇူးပြုနေကြောင်း ဟောကြားထားသည်။

၁။ စက္ခုဝိညာဏဓာတု - စက္ခုဝိညာဏဓာတ်
တံသမ္ပယုတ္တကာ စ ဓမ္မာ - ထို(စက္ခုဝိညာဏဓာတ်)နှင့် ယှဉ်ဖက်တရားတို့သည်၊
မနောဓာတုယာ - (သမ္ပဋိစ္ဆိုင်းစိတ်ဟူသော) မနောဓာတ်အား (၎င်း)
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထို(မနောဓာတ်)နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ မနောဓာတု - (သမ္ပဋိစ္ဆိုင်းစိတ်ဟူသော) မနောဓာတ်
တံသမ္ပယုတ္တကာ စ ဓမ္မာ - ထို(မနောဓာတ်)နှင့် ယှဉ်ဖက်တရားတို့သည်၊
မနောဝိညာဏဓာတုယာ - (သန္တီရဏစိတ်ဟူသော) မနောဝိညာဏဓာတ်အား (၎င်း)၊
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထို(မနောဝိညာဏဓာတ်)နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

ထို့နောက် စိတ္တနိယာမသဘောအရ ကုသိုလ်စိတ်တို့၏ အခြားမဲ့၌ အကုသိုလ်စိတ်တို့ဖြစ်ရိုး ထုံးစံ မရှိ။ ကုသိုလ် စိတ်စေတသိက်၏ နောင်တွင် ကုသိုလ်ဖြစ်စေ၊ အဗျာကတ (ဝိပါက် သို့မဟုတ် ကြိယာ) ဖြစ်စေသာ ဖြစ်နိုင်၏။ ထို့အတူ အကုသိုလ်စိတ်၏ အခြားမဲ့၌ ကုသိုလ်စိတ် ဖြစ်ရိုးထုံးစံမရှိ။ အကုသိုလ် စိတ်စေတသိက်၏ နောင်တွင် အကုသိုလ်ဖြစ်စေ၊ အဗျာကတ (ဝိပါက် သို့မဟုတ် ကြိယာ) ဖြစ်စေသာ ဖြစ်နိုင်၏။ အဗျာကတ စိတ်စေတသိက်၏ နောင်တွင်မူ အဗျာကတ၊ ကုသိုလ်နှင့် အကုသိုလ် ၃-မျိုးလုံး ဖြစ်ခွင့်ရှိသည်။

၁၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ - ရှေးရှေးဖြစ်သော ကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော ကုသိုလ်တရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၁၂။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ - ရှေးရှေးဖြစ်သော ကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော အဗျာကတတရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

၁၃။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေးဖြစ်သော အကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော အကုသိုလ်တရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

၁၄။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေးဖြစ်သော အကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော အဗျာကတတရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

၁၅။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ - ရှေးရှေးဖြစ်သော အဗျာကတတရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော အဗျာကတတရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၁၆။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ - ရှေးရှေးဖြစ်သော အဗျာကတတရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော ကုသိုလ်တရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၁၇။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ - ရှေးရှေးဖြစ်သော အဗျာကတတရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော အကုသိုလ်တရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

အကျဉ်းအားဖြင့် ရှေ့တရားတို့ ချုပ်ပြီး အခြားမဲ့၌ စိတ်စေတသိက်တရားတို့ဖြစ်သည်ဆိုပါက ထိုရှေ့တရားတို့သည် နောက်ဖြစ်သော စိတ်စေတသိက်တရားတို့အား အနန္တရပစ္စည်းဖြင့် ကျေးဇူးပြုနေကြ၏။

၁၈။ ယေသံ ယေသံ ဓမ္မာနံ အနန္တရာ - အကြင် တရားတို့၏ အခြားမဲ့၌
ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ - အကြင် စိတ်စေတသိက်တရားတို့သည် ဖြစ်ကြ၏။
တေ တေ ဓမ္မာ - ထို (ရှေ့ဖြစ်သော) တရားတို့သည်
တေသံ တေသံ ဓမ္မာနံ - ထို (နောက်ဖြစ်သော) တရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

**** ****
သမနန္တရပစ္စည်း



သမနန္တရပစ္စယောတိ -
၁။ စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၂။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၃။ သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၄။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၅။ ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၆။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၇။ ဇိဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၈။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၉။ ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၀။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၂။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၃။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၄။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၅။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၆။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၇။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၈။ ယေသံ ယေသံ ဓမ္မာနံ သမနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။


သမနန္တရပစ္စည်းသည် အနန္တရပစ္စည်းနှင့် အတူတူပင် ဖြစ်သည်။

**** ****
ဆက်ရန် ...

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ မိတ်ဆက် - ၁၂ (နတ္ထိပစ္စည်း၊ ဝိဂတပစ္စည်း၊ ဝီထိစိတ်များ)

နတ္ထိပစ္စည်း


နတ္ထိပစ္စယောတိ -
သမနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ နတ္ထိပစ္စယေန ပစ္စယော။

စိတ်အား ရေအယဉ်နှင့် နှိုင်းယှဉ်၍ (နဒီသောတော ဝိယ ဟု) ဖော်ပြလေ့ရှိကြသည်။ တသွင်သွင် စီးဆင်းနေသော မြစ်ရေသည် တရစပ် ပြောင်းလဲနေသော်လည်း၊ တစ်သားတည်း တစပ်တည်းသဖွယ် ထင်ရ၏။ စိတ်အယဉ်သည်လည်း စိတ်တစ်ခု ချုပ်ပြီး နောက်စိတ် အသစ်တစ်ခု အဆက်မပြတ် ဖြစ်ပေါ်နေသဖြင့် စိတ်တခုတည်းကပင် အာရုံ အမျိုးမျိုးအား ပြောင်း၍ သိနေသလိုပင် ထင်ရ၏။ ရှေ့စိတ်ချုပ်သည်၏ အခြားမဲ့၌ နောက်စိတ် ဖြစ်၍ လည်းကောင်း၊ နောက်စိတ်သည် ရှေ့စိတ်နှင့် သဘာဝအားဖြင့် အလားတူ၍ လည်းကောင်း ဤသို့ တစပ်တည်း ထင်ရခြင်း ဖြစ်သည်။ ရှေ့စိတ်မရှိပါမှ နောက်စိတ် ဖြစ်ပေါ်ခွင့်ရသဖြင့် ရှေးအခြားမဲ့တွင် ချုပ်သွားသော (သမနန္တရ နိရုဒ္ဓါ) စိတ်သည် နောက်တဖန် အလားတူပြန်ဖြစ်သော (ပဋုပ္ပန္နာနံ - ပဋိ + ဥပ္ပန္နာနံ) စိတ်အား မရှိသည်ဖြစ်၍ ဖြစ်ခွင့်ပေးသော သဘောအားဖြင့် ကျေးဇူးပြုသည် မည်၏။


သမနန္တရနိရုဒ္ဓါ - ကောင်းစွာ ရှေးအခြားမဲ့၌ ချုပ်သွားသော
စိတ္တစေတသိကာ ဓမ္မာ - စိတ်စေတသိက် တရားတို့သည်
ပဋုပ္ပန္နာနံ - အလားတူ တဖန်ပြန်၍ ဖြစ်သော (ပစ္စုပ္ပန်)
စိတ္တစေတသိကာနံ ဓမ္မာနံ - စိတ်စေတသိက် တရားတို့အား
နတ္ထိပစ္စယေန ပစ္စယော - မရှိသည်ဖြစ်၍ (နတ္ထိပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

**** ****
ဝိဂတပစ္စည်း



ဝိဂတပစ္စယောတိ -
သမနန္တရဝိဂတာ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဝိဂတပစ္စယေန ပစ္စယော။

ဝိဂတပစ္စည်းသည် နတ္ထိပစ္စည်းနှင့် အတူတူပင် ဖြစ်၏။ အကြောင်းတရားတို့ ချုပ်ပျက်၍ ကင်းမဲ့သောအခါမှ အကျိုးတရားတို့ ဖြစ်စေနိုင်ခြင်းကို ဆိုလိုသည်။ အကြောင်းတရားတို့ ဖြစ်တည်ဆဲ၌သာ အကျိုးတရားတို့အား ကျေးဇူးပြုသော အတ္တိပစ္စည်း၊ အဝိဂတပစ္စည်းတို့နှင့် ဆန့်ကျင်ဖက် ဖြစ်လေသည်။ နတ္ထိနှင့် ဝိဂတပစ္စည်းသည် ရှေ့စိတ်စေတသိက်တို့က နောက်အခြားမဲ့တွင် ဖြစ်သော စိတ်စေတသိက်တို့ကို ကျေးဇူးပြုခြင်းဖြစ်၍ အနန္တရပစ္စည်းအုပ်စုတွင် ထည့်သွင်း ဖော်ပြလေ့ရှိ၏။

သမနန္တရဝိဂတာ - ကောင်းစွာ ရှေးအခြားမဲ့၌ ကင်းမဲ့သွားသော
စိတ္တစေတသိကာ ဓမ္မာ - စိတ်စေတသိက် တရားတို့သည်
ပဋုပ္ပန္နာနံ - အလားတူ တဖန်ပြန်၍ ဖြစ်သော (ပစ္စုပ္ပန်)
စိတ္တစေတသိကာနံ ဓမ္မာနံ - စိတ်စေတသိက်တရားတို့အား
ဝိဂတပစ္စယေန ပစ္စယော - ကင်းသည်ဖြစ်၍ (ဝိဂတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

**** ****
ဝီထိစိတ်များ

နတ္ထိပစ္စည်းနှင့် ဝိဂတပစ္စည်းတွင် ဖော်ပြခဲ့သည့်အတိုင်း စိတ်စေတသိက်တို့သည် ရှေ့စိတ်တို့ ချုပ်ပျက်ပြီးမှ နောက်စိတ်စေတသိက်တို့ ဖြစ်ခွင့်ရှိ၏။ “မည်သို့သော စိတ်၏ အခြားမဲ့၌ မည်သို့သော စိတ်တို့ဖြစ်ခွင့် ရှိသည်” ဟူသော ဖြစ်မြဲသဘောအား စိတ္တနိယာမဟု ခေါ်သည်။ စိတ်တို့သည် စိတ္တနိယာမအတိုင်း သက်ဆိုင်ရာ ကိစ္စအလိုက်၊ သက်ဆိုင်ရာ အမျိုးဇာတ်အလိုက် အစီအစဉ်အတိုင်း ဖြစ်ပေါ် နေကြလေသည်။

ဥပမာအားဖြင့် မျက်စိဖြင့် အဆင်းကို မြင်သိမှုဖြစ်ပေါ်သည်ဆိုရာတွင် နှလုံးသွင်းဆင်ခြင်စိတ်၊ မြင်သိစိတ်၊ လက်ခံစိတ်၊ စုံစမ်းစိတ်၊ ပြဋ္ဌာန်းစိတ်၊ ဇောစိတ်၊ နောက်လိုက်စိတ်စသဖြင့် သက်ဆိုင်ရာ ကိစ္စများကို အသီးသီးဆောင်ရွက်ကြသည့် စိတ်များ အစီအစဉ်အလိုက် ဖြစ်ပေါ်နေကြသည်။ ဤသို့သော သိစိတ်ဖြစ်စဉ်အား ဝီထိ ဟုခေါ်သည်။ အာရုံအသစ်များကို သိသည့် ဝီထိစိတ်များ ဖြစ်ပေါ်ခြင်း မရှိသောအခါတွင်၊ ဘဝအစ ပဋိသန္ဓေအခါက ယူခဲ့သော မူရင်းအာရုံအဟောင်းကို သိသည့် ဘဝင်စိတ်များ ဖြစ်ပေါ်နေကြသည်။ စိတ်အစဉ် ပြတ်မသွားစေရန် ဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖြစ်ပေါ်နေသော စိတ်များဖြစ်၍ ဘဝင်စိတ်ဟု ခေါ်ကြောင်း ဝိပါကပစ္စည်းတွင် ဖော်ပြခဲ့သည်။ အဘိဓမ္မာအဖွင့်ကျမ်းများတွင် ပဋိသန္ဓေ၊ ဘဝင်နှင့် စုတိစိတ် သုံမျိုးတို့အား ဝီထိမုတ် (ဝီထိမုတ္တ - စိတ်ဖြစ်စဉ်မှ လွတ်နေသော) စိတ်များ ဟုခေါ်သည်။ ထို့ကြောင့် ဘဝဖြစ်ဆဲကာလတွင် ဘဝင်စိတ်များ ဖြစ်လိုက်၊ ဝီထိစိတ်များ ဖြစ်လိုက်ဖြင့် တလှည့်စီဖြစ်ပေါ်နေကြ၏။ စိတ်လှုပ်ရှားမှု များသောအခါ ဝီထိစိတ်တို့ အဖြစ်ပိုများ၍၊ အိပ်ပျော်နေသောအခါတို့တွင် ဝီထိစိတ်တို့ အဖြစ်ကျဲသွားပြီး၊ အိပ်မက်ပင် မြင်မက်ခြင်းမရှိဘဲ အိပ်မောကျနေသောအခါတွင် ဘဝင်စိတ်တို့ချည်း ဖြစ်၍ နေလေတော့သည်။

ဝီထိစိတ်တို့အား အကြမ်းအားဖြင့် ပဉ္စဒါွရဝီထိနှင့် မနောဒွါရဝီထိဟု နှစ်မျိုး ခွဲခြားနိုင်၏။ တဖန် အာရုံ၏ ထင်ရှားမှု အနည်းအများ အလိုက်လည်း စိတ်ဖြစ်စဉ်တို့ အနည်းငယ် ကွာခြားမှု ရှိပြန်သည်။ ဝီထိစိတ်များ ဖြစ်ပေါ်သောအခါတွင် တရစပ်ဖြစ်ပျက်နေသော ဘဝင်စိတ်အစဉ်အား ဖြတ်၍ ဖြစ်ပေါ်ကြရခြင်း ဖြစ်သည်။ ထိုသို့ဘဝင်စိတ်အစဉ်အား ဖြတ်၍ အာရုံအသစ်သို့ လည်စေရန် လှည့်ပေးသောစိတ်အား အာဝဇ္ဇန်း (နှလုံးသွင်းဆင်ခြင်စိတ်) ဟုခေါ်သည်။ အာရုံအသစ်သည် ပစ္စုပ္ပန် ပဉ္စာရုံတစ်ပါးပါးဖြစ်ပါက ပဉ္စဒါွရာဝဇ္ဇန်းစိတ်ဖြစ်၍၊ တွေးကြံစရာ အာရုံများဖြစ်ပါက မနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်သည်။

အာဝဇ္ဇန်းစိတ်တို့က ဘဝင်စိတ်အလျဉ်အား ဖြတ်တောက်လိုက်ခြင်းဖြစ်၍ အာဝဇ္ဇန်းစိတ်တို့ မဖြစ်မီ ဘဝင်စိတ်အား ဘဝင်္ဂုပစ္ဆေဒ (ဘဝင်္ဂ + ဥပစ္ဆေဒ - ဖြတ်) ဟု ခေါ်သည်။ ထိုသို့ ဘဝင်အလျဉ် မပြတ်မီတွင် ဖြစ်ပေါ်သော ဘဝင်စိတ်တို့သည် အာရုံအသစ်၏ ရိုက်ခတ်မှုကြောင့် တုန်လှုပ်သွားသဖြင့် ဘဝင်္ဂစလန (ဘဝင်္ဂ + စလန - တုန်လှုပ်) ဟု ခေါ်သည်။ အရှိန်နည်းသွား၍ ရပ်တော့မည့် ဂျင်သည် တုန်လှုပ်သကဲ့သို့ ဖြစ်လေသည်။ ဒွါရ အသီးသီးသို့ အာရုံအသစ် ကျရောက်လာပြီးနောက် (ဘဝင်စိတ် လှုပ်ခြင်းမဖြစ်မီ) ကျော်လွန်သွားသော ဘဝင်စိတ်တို့အား အတီတဘဝင်္ဂ (အတီတ - လွန်သွားသော + ဘဝင်္ဂ) ဟုခေါ်သည်။ ဤသို့အားဖြင့် အာဝဇ္ဇန်းစိတ် မတိုင်မီတွင် အတီတဘဝင်္ဂ၊ ဘဝင်္ဂစလနနှင့် ဘဝဂုၤပစ္ဆေဒ ဟူသော ဘဝင်စိတ်များ ဖြစ်ပေါ်ကြသည်။

ဘဝင်လှုပ်ခြင်း၊ ဘဝင်ရပ်ခြင်း၊ အာရုံအသစ်အား နှလုံးသွင်းဆင်ခြင်ခြင်းတို့ ဖြစ်ပြီးနောက် အာရုံသိမှုဖြစ်ပေါ်၏။ မြင်သိမှု ဖြစ်စဉ်ဆိုပါက ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်ဟူသော အစီအစဉ်အတိုင်း ဖြစ်၏။ ပဉ္စဒွါရာဝဇ္ဇန်းဟူသော ကြိယာမနောဓာတ်သည် ဘဝင်စိတ်ကယူခဲ့သော အာရုံမှ အဆင်းအာရုံသို့ ပြောင်း၍ယူစေရန် ကြားခံ စိတ်ပင် ဖြစ်လေသည်။ ဘဝင်စိတ်နောင် ပဉ္စဒွါရာဝဇ္ဇန်း ဖြစ်ရာတွင် မှီရာဝတ္ထုမပြောင်းသော်လည်း၊ အာရုံအသစ်သို့ ပြောင်းသွား၏။ ပဉ္စဒွါရာဝဇ္ဇန်းနောင် စက္ခုဝိညာဏဓာတ်ဖြစ်ရာတွင် အာရုံပြောင်းလဲမှု မရှိဘဲ၊ မှီရာဝတ္ထုရုပ် ပြောင်းလဲသွားသည်။

စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်စိတ်များသည် အတိတ်ကံကြောင့် ဖြစ်သော ဝိပါက်စိတ်များ ဖြစ်၏။ ဝိပါက်စိတ်တို့ဖြစ်သည့် အားလျှော်စွာ ဗျာပါရကင်း၍ ငြိမ်သက်သော သဘောရှိသည်ဖြစ်၍ အာရုံအား မြင်သည်ဆိုရုံ၊ သိသည် ဆိုရုံမျှသာ သိခြင်းဖြစ်၏။ ထို့သို့ ပဉ္စဝိညာဏ်စိတ်ဖြစ်ပြီးနောက် အာရုံအား လက်ခံယူသည့် သမ္ပဋိစ္ဆိုင်းစိတ် ဖြစ်သည်။ ဤသမ္ပဋိစ္ဆိုင်းဟူသော ဝိပါက် မနောဓာတ်သည် ပဉ္စဝိညာဏ်စိတ်က သိသော အာရုံကိုပင်ဆက်၍ ယူကာ၊ ဟဒယဝတ္ထုအား အမှီပြု၍ ဖြစ်မည့် နောက်စိတ်အစဉ်တို့အတွက် မှီရာဝတ္ထု ပြောင်းလဲပေးသည့် ကြားခံစိတ် တစ်မျိုးပင် ဖြစ်သည်။ ထို့နောက် သန္တီရဏစိတ် ခေါ် အာရုံအား စုံစမ်းသည့် ဝိပါက် မနောဝိညာဏဓာတ်၊ ဝုဋ္ဌောစိတ် (ဝေါဋ္ဌပန) ခေါ် အာရုံအား (ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံအားဖြင့်) ကောင်းဆိုး ပိုင်းခြားဆုံးဖြတ်သည့် ကြိယာမနောဝိညာဏဓာတ်တို့ ဖြစ်ကြသည်။

ယခုအထိ ဖော်ပြခဲ့သော စိတ်အစဉ်မှ ပဉ္စဒွါရဝဇ္ဇန်း၊ စက္ခုဝိညာဏ် (ပဉ္စဝိညာဏ်စိတ်)၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌောစိတ်တို့သည် အဟိတ်ဝိပါက် သို့မဟုတ် အဟိတ်ကြိယာစိတ်များ ဖြစ်ကြ၏။ ဝိပါက်၊ ကြိယာဟူသော အဗျာကတစိတ်များ ဖြစ်ကြသည့် အားလျော်စွာ ကုသိုလ်၊ အကုသိုလ်ကံတို့ မဖြစ်ကြသေး။ အဟိတ်စိတ်များဖြစ်ကြ၍ ဟေတုပစ္စည်းဖြင့် ကျေးဇူးပြုခြင်း မခံရ၍၊ အခြေအမြစ် ခိုင်သော စိတ်များလည်း မဟုတ်ကြသေးပေ။ အာရုံအား ဆုံးဖြတ်သည့် ဝုဋ္ဌောစိတ် နောင်ရောက်မှ၊ လှိုင်းလုံးသဖွယ် အရှိန်အဟုန်နှင့် အာရုံ၏ အရသာကို အပြည့်အဝခံစားသည့် ဇောစိတ် (ဇဝန) ၇-ကြိမ် ဖြစ်ပေါ်လေသည်။ ဤဇောစိတ်များသည် ကုသိုလ်၊ အကုသိုလ်ကံ မြောက်သော စိတ်များပင် ဖြစ်၏။ (ကုသိုလ် အကုသိုလ်ကို အပြီးတိုင် ပယ်ပြီးသော ရဟန္တာပုဂ္ဂိုလ်တို့တွင်မူ ကြိယာဇောစိတ်များသာ ဖြစ်ကြသည်။)



မနောဒွါရတွင်ဖြစ်သော တွေးကြံသိစိတ်အစဉ်ဖြစ်ပေါ်ရာတွင်မူ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌောစသော စိတ်များ ဖြစ်ပေါ်ရန် မလိုဘဲ၊ မနောဒွါရဝဇ္ဇန်းနောက်တွင် ဇော ၇-ကြိမ် ဖြစ်ကြ၏။ ထို့ကြောင့် မနောဒွါရဝဇ္ဇန်းစိတ်နှင့် ဝုဋ္ဌောစိတ်တို့သည် သဘောတူသည်ဟု ဆိုနိုင်လေသည်။ အရှိန်အဟုန်နှင့်သွားသော လှေသင်္ဘောတို့နောက်၌ ရေအလျဉ်တို့ လိုက်ပါကဲ့သို့၊ ဇောစိတ် ၇-ကြိမ်၏ နောက်တွင် ထိုအာရုံ၏ အရသာကို ဆက်လက်ခံစားသော တဒါရုံစိတ် (တဒါရမ္မဏ) ၁-ကြိမ်၊ ၂-ကြိမ် ဖြစ်တတ်၏။ ထို့နောက် ဘဝင်စိတ်အစဉ်တို့ ပြန်လည် ဖြစ်ပေါ်ကြလေသည်။


**** ****
ဆက်ရန် ...

Saturday, November 12, 2011

စီးတဲ့ရေ

ကိုယ်ဟာ…လူပေါ့၊ လူသွမ်းတယောက်ပါ။
ဒါပေမဲ့…
အချစ်က မကြမ်း... မရမ်းရှာဘူး။

(နောက်ပြီး)
ကိုယ်ဟာ…လူပို၊ လူခိုတယောက်ပါ။
ဒါပေမဲ့…
အချစ်က မငြို... မဆိုရှာဘူး။

(ကိုယ်သိပါတယ်)
ကိုယ်ဟာ…လူနုံ၊ လူချာတယောက်ပါ
ဒါပေမဲ့…
အချစ်က မလိမ်... မညာရှာဘူး။

(တကယ်တော့)
ကိုယ်ဟာ…(အနှစ်မရှိတဲ့) လူဖြုန်းတယောက်ပါ။
ဒါပေမဲ့…
အချစ်က မမုန်း… မမုန်းရှာဘူး။
…
…
…
လူပေ၊ လူတေလေးပါလား
...
အချစ်သည် ဧရာ
ဧရာသည် အချစ်ဖြစ်သည်။ ။

(ကိုဧရာအတွက် မွေးနေ့အမှတ်တရ)

Wednesday, November 9, 2011

ရေချမ်းကလည်းချော... ရေစင်ကလည်းချော...

မသီတာ ဘလော့ဂ်ကနေ နယ်ကျွံပြီး ဖေ့ဘွတ်ပေါ်ရောက်နေပါတယ်။ (လူရမ်းကားတစု ပြန်ပေးဆွဲသွားလို့တော့မဟုတ်ပါဘူး။) ဖေ့ဘွတ်ဆိုတော့ မျက်နှာမြင်ရတာပေါ့။ (ကလေးမွေးခြင်း မဟုတ်ပါ။) ကိုယ်ချစ်တဲ့ ခင်တဲ့ သူတွေရဲ့ ဓာတ်ပုံလေးတွေ ကြည့်ပြီး၊ ငယ်ငယ်က အမေပြောပြဖူးတဲ့ အဖြစ်အပျက်လေးတခုက စကားလုံးလေးတွေ မသီတာ့ရင်ထဲ ရောက်ရောက် လာတော့တာပါပဲ…။

ပုံပြင်လေးက…
တကယ်တော့…တကယ့်အဖြစ်အပျက်ပါ…။
အဖေတို့ အမေတို့ရွာနားမှာ ချမ်းသာတဲ့သူတွေ အများကြီးရှိတဲ့ ရွာကြီးတရွာရှိတယ်…တဲ့။
အဲ့ဒီရွာကြီးက မိသားစုလေးတစုအကြောင်း… တစေ့တစောင်းပေါ့။
သူတို့ ကြွယ်ဝမှုပြယုဂ်တခုကို ထုတ်နှုတ်ပြရရင်…
ရွှေတိဂုံဘုရားကြီးရဲ့ အနောက်ဖက် စောင်းတန်းမှာ xxxခရိုင် xxxကျေးရွာနေ၊ ဦးxxx ဒေါ်xxx သားxxx သမီးxxx မြေးတစု ကောင်းမှု ဆိုပြီး ကမ္ဗည်းထိုး လှူဒါန်းထားတဲ့ အကန့်ကို လှေကားအခြေပိုင်းနားလောက်မှာ တွေ့နိုင်တယ်။
အဲ့ဒီ အလှူရှင် အမယ်ကြီးဟာ အသက်ကြီးလာတော့ စိတ်နောက်သွားရှာတယ်။ သူစိတ်နောက်ပုံက ညင်ညင်သာသာလေး… သူ့ဖာသာသူ စကားတွေ ပြောနေတာ…
“ကိုစန်းမြင့်ကလည်း ချော…
အေးမောင်စန်းကလည်း ချော… မစန်းနွဲ့လည်း ချော…”
(ကိုစန်းမြင့် ဆိုတာ သူ့သား၊ အေးမောင်စန်းတို့ မစန်းနွဲ့တို့ ဆိုတာ သူ့မြေးတွေ…)
အဲ့လိုလေး ပြောနေတတ်တာပါပဲ…။

မိဘဆိုတာ သားသမီးတွေကို ချစ်လွန်းလို့ အသိဉာဏ်တွေ ကမောက်ကမ ဖြစ်သွားတဲ့ အချိန်မှာတောင် ကိုယ့်သားသမီးတွေကို ချစ်တဲ့စိတ်နဲ့ အကောင်းမြင်နိုင်နေကြတာပါ။ အကောင်း ဆိုတာက အမှန်ဖြစ်ချင်မှ ဖြစ်ပါတယ်။ လူရယ်လို့ ဖြစ်လာရင် ဘဝတန်ဖိုးရှိအောင်၊ အမှန်မြင်နိုင်အောင် ကြိုးစားကြရပါတယ်။ အရာရာမှာ အမှန်မြင်ဖို့ဆိုတာကလည်း တော်တော်မလွယ်တဲ့ အရာပါ။ ဒီတော့ ဘဝခရီးကို လျှောက်လှမ်းကြရာမှာ အကောင်းမြင်တတ်တဲ့ လမ်းကြောင်းကနေ အမှန်တရားဆီ ဖြေးဖြေးခြင်း ချဉ်းကပ်ရင် သက်သာလွယ်ကူတယ်လို့ တွေးနေမိပါတယ်။

မသီတာ့ အမေကလည်း သူ့သားသမီးတွေကို တော်တော်ချစ်ပါတယ်။ မိခင်တယောက်က ကိုယ့်သားသမီးကို ချစ်တာ အဆန်းမဟုတ်ပါဘူး။ ဒီလို ရိုးရိုးလေးရှိနေတဲ့ ဒဿနကပဲ… ဆန်းတာတွေ ကွန့်တာတွေ တခါတခါရှိတတ်ပါတယ်။ ဥပမာ - လုံချည် အဆင်တူကို မသီတာတို့ ညီအမတွေကလည်း ဝတ်ထားမယ်၊ အခြား ရွယ်တူမိန်းကလေးတွေလည်း ဝတ်ထားမယ် ဆိုကြပါစို့။ အဲ့ဒီအခါမှာ အမေက ငါ့သမီးတွေနဲ့တော့ ဒီအဆင်လေးက လိုက်တယ်… ဟိုသူများနဲ့ဖြင့် ကြည့်မကောင်းပေါင်လို့... မဲ့ကာရွဲ့ကာ ပြောလာပြီ ဆိုရင်ဖြင့် ကိုယ့်အမေကိုကိုယ် အမေ အစွန်းထွက်နေပြီလို့ သတိပေးဖို့လိုလာပါပြီ…။ ကိုယ့် အမေကို “အမေ မှားနေပြီ” လို့ ပြောရတာ အတော် တာဝန်ကြီးပါတယ်။ အပြောမတတ်ရင် တုတ်စာလည်း မိသွားနိုင်သလို၊ ငရဲလည်းကြီးသွားနိုင်ပါတယ်။ အဲ့လိုအခါမျိုးမှာ မသီတာတို့ မောင်နှမတွေ အမေကို တည့်တည့်ကြီး ပြောသလိုမျိုးလည်း မဟုတ်ပဲ၊ မထိတထိ “အေးမောင်စန်းကလည်း ချော… မစန်းနွဲ့က လည်းချော…” လို့ ရယ်ကျဲကျဲ ပြောလိုက်ကြရင် အမေလည်း သူ့အဖြစ်ကိုသူ သတိပြုမိပြီး၊ ပြုံးဖြီးဖြီးကြီး ဖြစ်သွားတော့တာပါပဲ…။

တလကိုးသီတင်းလောက် ဒီနေရာကို မရောက်နိုင်မှာမို့ ဘလော့ဂ်ရေးဖော်များနဲ့ စာဖတ်သူအားလုံးကို မသီတာ နှုတ်ဆက်ချင်ပါတယ်။ ဝေးနေစဉ်မှာ ဒီစကားလေးနဲ့အတူ အားလုံးကို သတိရနေပါမယ်…။
ဘလော့ဂ်ကလည်းချော… ဖေ့ဘွတ်ကလည်းချော… ______________ ကလည်းချော…။
(ကွက်လပ်နေရာမှာ ကိုယ့်နာမည်လေးကိုယ် ထည့်ရွတ်သွားပါ။)

အားလုံးကို ခင်မင်စွာဖြင့်

Tuesday, November 1, 2011

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ မိတ်ဆက် - ၁၁ (အာဟာရပစ္စည်း၊ ဣန္ဒြိယပစ္စည်း)

အာဟာရပစ္စည်း



အာဟာရပစ္စယောတိ -
၁။ ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။
၂။ အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။


အာဟာရဟူသော ပုဒ်သည် တိုက်ရိုက်အားဖြင့် “ဆောင်ခြင်း” ဟုအနက်ရ၍၊ အိမ်အား ပြိုလဲမသွားစေရန် တိုင်တို့ဖြင့် ကျားကန်ပေးသကဲ့သို့ ထောက်ပံ့ထားခြင်းမျိုးကို ဆိုလိုသည်။ တဖန် အာဟာရဟူသော ပုဒ်သည် အစားအစာတို့ကို ဝါးမြိုခြင်း (အဇ္ဈောဟရိတ) ဟူသော အနက်နှင့် ဆက်စပ်နေ၏။ ကဗဠီကာရ (အလုပ်အလွေပြု၍ ဝါးမြိုအပ်သော အစားအစာ - သြဇာရုပ်)၊ ဖဿ (အာရုံနှင့် တွေ့ထိမှု)၊ စေတနာ (စေ့ဆော်မှု)၊ ဝိညာဏ် (သိမှု) ဟူ၍ အာဟာရ ၄-မျိုးရှိသည်။ အစားအစာသည် ရုပ်ကိုယ်အား ထောက်ပံ့၏၊ ဖဿသည် အာရုံကို ထိတွေ့ခြင်းအားဖြင့်် ဝေဒနာတို့ကို ဖြစ်စေသည်၊ စေတနာသည် ကုသိုလ် အကုသိုလ်ကံတို့ကို အားထုတ် ဆည်းပူးခြင်းအားဖြင့် ဘဝကို ဆောင်၏။ ဝိညာဏ်သည် သိခြင်းအားဖြင့် နာမ်ရုပ်တို့ကို ဖြစ်စေ၏။ ကဗဠီကာရဟူသော အစားအစာသည် ရုပ်အာဟာရဖြစ်၍ ဖဿ၊ စေတနာ၊ ဝိညာဏ်ဟူသော ကျန်သုံးပါးသည် နာမ်အာဟာရများ ဖြစ်ကြသည်။

ကဗဠီကာရဟူသော အစားအစာတွင် ပါဝင်သော သြဇာရုပ်သည် ဤရုပ်တရား အစုအဝေး ရူပကာယအား အာဟာရပစ္စည်းဖြင့် ကျေးဇူးပြုသည်။ ဤတွင် ပြင်ပမှ စားသုံးလိုက်သော သြဇာရုပ်တို့ကိုသာမက၊ ကိုယ်တွင်း ရုပ်အစဉ်တွင် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ကြောင့် ဖြစ်ပေါ်နေသည့် ရုပ်ကလာပ် အသီးသီးတို့ရှိ သြဇာရုပ်များကိုလည်း ထည့်သွင်းယူရ၏။

၁။ ကဗဠီကာရော အာဟာရော - အစားအစာ အာဟာရသည်၊
ဣမဿ ကာယဿ - ဤရုပ်တရား အစုအဝေးအား၊
အာဟာရပစ္စယေန ပစ္စယော - ထောက်ပံ့၍ (အာဟာရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

ဖဿ၊ စေတနာ၊ ဝိညာဏဟူသော ရုပ်မဟုတ်သည့် နာမ်အာဟာရများသည် ယင်းတို့နှင့် အတူဖြစ်ဖက် နာမ်ရုပ်တရားတို့အား အာဟာရပစ္စည်းဖြင့် ကျေးဇူးပြုသည်။

၂။ အရူပိနော အာဟာရာ - ရုပ်မဟုတ်သော အာဟာရများသည်၊
သမ္ပယုတ္တကာနံ ဓမ္မာနံ - ယှဉ်ဖက်တရားတို့အား၎င်း၊
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုယှဉ်ဖက်တရားတို့ကြောင့်ဖြစ်သော ရုပ်တို့အား၎င်း၊
အာဟာရပစ္စယေန ပစ္စယော - ထောက်ပံ့၍ (အာဟာရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

အာဟာရပစ္စည်းသည် -
(၁) ရုပ်အာဟာရတို့က ရူပကာယအား ကျေးဇူးပြုသော ကဗဠီကာရာဟာရ ပစ္စည်း
(၂) နာမ်အာဟာရတို့က ယှဉ်ဖက်တရားနှင့် အတူဖြစ်ဖက် ရုပ်တို့အား ကျေးဇူးပြုသော (အရူပ) သဟဇာတာဟာရ ပစ္စည်းဟု နှစ်မျိုးရှိသည်။

ရုပ်အာဟာရများသည် ပစ္စုပ္ပန်တွင် ထင်ရှားတည်ရှိနေသော ရုပ်တရားတို့က အခြားရုပ်တရားတို့ကို ကျေးဇူးပြုခြင်းဖြစ်၍ အတ္ထိပစ္စည်းတွင် အကျုံးဝင်၏။ ရုပ်အာဟာရများသည် ဖြစ်ဆဲအခိုက်တွင် အာဟာရပစ္စည်းဖြင့် ကျေးဇူးပြုနိုင်ခြင်း မရှိသေးဘဲ၊ တည်ဆဲအခိုက်သို့ရောက်မှသာ အာဟာရပစ္စည်းဖြင့် ကျေးဇူးပြုနိုင်သဖြင့် သဟဇာတပစ္စည်းတွင်မူ တိုက်ရိုက်အား ထည့်သွင်း၍ မရသော်လည်း သွယ်ဝိုက်သောအားဖြင့် နာမ်အာဟာရများနည်းတူ သဟဇာတပစ္စည်းတွင် ထည့်သွင်း ဖော်ပြလေ့ရှိသည်။

ဣန္ဒြိယပစ္စည်း



ဣန္ဒြိယပစ္စယောတိ -
၁။ စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
၂။ သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
၃။ ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
၄။ ဇိဝှိန္ဒြိယံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
၅။ ကာယိန္ဒြိယံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
၆။ ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
၇။ အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။



“ဣန္ဒြိယ” ဟူသည် မြင်ခြင်း, ကြားခြင်းစသော သက်ဆိုင်ရာ ကိစ္စများ၌ “အစိုးရခြင်း” ဟု အဓိပ္ပါယ်ရသည်။ မြင်ခြင်းကိစ္စတွင် မျက်စိအကြည်ဓာတ် (စက္ခုပသာဒ၊ စက္ခာယတန) သည် ပဓာနကျ၏။ မြင်ခြင်းကိစ္စတွင် မျက်စိအကြည်ဓာတ် ၏ အင်အားအလိုက်သာ မြင်ကြရသည်။ ဤသည်ကိုပင် စက္ခုပသာဒသည် မြင်ခြင်းကိစ္စအား အစိုးရသည်ဟုဆို၏။ စက္ခုပသာဒကိုပင် စက္ခုန္ဒြေ (စက္ခုန္ဒြိယ = စက္ခု + ဣန္ဒြိယ) ဟု လည်းခေါ်သည်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဟူသော ရုပ်အကြည်ဓာတ် ၅-ပါးတို့သည် ဣန္ဒြေဟူသော အမည်ရသည်။ စိတ်သည် အာရုံသိခြင်းကိစ္စတွင် ပဓာနဖြစ်၍ မနိန္ဒြေ (မနိန္ဒြိယ = မန + ဣန္ဒြိယ) မည်၏။ ဤသို့အားဖြင့် ဆိုင်ရာဆိုင်ရာ ကိစ္စများတွင် အစိုးရသောတရား ၂၂-ပါးအား အဘိဓမ္မာဒေသနာတွင် ဣန္ဒြေ ၂၂-ပါးအဖြစ် ဟောကြားထား၏။ ထိုသို့သော ဣန္ဒြေတို့က ဆိုင်ရာဆိုင်ရာ ရုပ်နာမ်တရားတို့အား အစိုးရခြင်း သဘောဖြင့် ကျေးဇူးပြုခြင်းသည် ဣန္ဒြိယပစ္စည်းဖြင့် ကျေးဇူးပြုသည် မည်၏။

ဣန္ဒြိယပစ္စည်းသည် (၁) ဝတ္ထုပုရေဇာတိန္ဒြိယ ပစ္စည်း (၂) ရူပဇီဝိတိန္ဒြိယ ပစ္စည်း (၃) (အရူပ) သဟဇာတိန္ဒြိယ ပစ္စည်းဟု သုံးမျိုး ရှိသည်။

ပသာဒရုပ် ၅-ပါးဟူသော ဣန္ဒြေ ၅-ပါးတို့သည် ယင်းတို့အား တည်မှီ၍ ဖြစ်သော ပဉ္စဝိညာဏ်စိတ်များနှင့် ယှဉ်ဖက် စေတသိက်တို့အား အစိုးရခြင်း သဘောဖြင့် (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြု၏။ ဤသို့ကျေးဇူးပြုခြင်းသည် အရင်ဖြစ်နှင့်သော ဝတ္ထုရုပ်များက ပဉ္စဝိညာဏ် စိတ်စေတသိက်တို့အား တည်ရာမှီရာအဖြစ် ကျေးဇူးပြုခြင်းဖြစ်၍ ဝတ္ထုပုရေဇာတ နိဿယပစ္စည်းနှင့် တူ၏။ ထို့ကြောင့် ဝတ္ထုပုရေဇာတိန္ဒြိယ ပစ္စည်း ဟုလည်း ခေါ်သည်။

၁။ စက္ခုန္ဒြိယံ - မျက်စိအကြည်ဟူသော စက္ခုန္ဒြေသည်
စက္ခုဝိညာဏဓာတုယာ - မြင်သိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမြင်သိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ဣန္ဒြိယပစ္စယေန ပစ္စယော - အစိုးရသည် ဖြစ်၍ (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ သောတိန္ဒြိယံ - နားအကြည်ဟူသော သောတိန္ဒြေသည်
သောတဝိညာဏဓာတုယာ - ကြားသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုကြားသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ဣန္ဒြိယပစ္စယေန ပစ္စယော - အစိုးရသည် ဖြစ်၍ (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၃။ ဃာနိန္ဒြိယံ - နှာခေါင်းအကြည်ဟူသော ဃာနိန္ဒြေသည်
ဃာနဝိညာဏဓာတုယာ - နံသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုနံသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ဣန္ဒြိယပစ္စယေန ပစ္စယော - အစိုးရသည် ဖြစ်၍ (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၄။ ဇိဝှိန္ဒြိယံ - လျှာအကြည်ဟူသော ဇိဝှိန္ဒြေသည်
ဇိဝှါဝိညာဏဓာတုယာ - အရသာသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုအရသာသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ဣန္ဒြိယပစ္စယေန ပစ္စယော - အစိုးရသည် ဖြစ်၍ (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၅။ ကာယိန္ဒြိယံ - ကိုယ်အကြည်ဟူသော ကာယိန္ဒြေသည်
ကာယဝိညာဏဓာတုယာ - တွေ့ထိသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုတွေ့ထိသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ဣန္ဒြိယပစ္စယေန ပစ္စယော - အစိုးရသည် ဖြစ်၍ (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

အဘိဓမ္မာဒေသနာအရ “ဣန္ဒြိယ” ဟု အမည်ရသော ရုပ် ၈-မျိုးရှိသည်။ အထက်တွင် ဖော်ပြခဲ့သော ပသာဒရုပ် ၅-ပါး၊ မိန်းမ ယောက်ျား အမူအရာ အသွင်အပြင်တို့အား အစိုးရသည့် ဣတ္ထိန္ဒြိယ နှင့် ပုရိသိန္ဒြိယ ဟူသော ဘာဝရုပ် ၂-ပါး၊ ကမ္မဇရုပ် အစဉ်အား စောင့်ရှောက်ခြင်း ကိစ္စ၌ အစိုးရသော ရုပ်သက်ခေါ် ရူပဇီဝိတိန္ဒြိယ ၁-ပါးတို့ ဖြစ်သည်။ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်ဆိုရာတွင် အကျိုးတရားတို့အား ဖြစ်စေခြင်း (ဇနန)၊ တည်တံ့စေခြင်း (ဥပတ္ထမ္ဘန)နှင့် (ရုပ်အစဉ်၊ နာမ်အစဉ်) အစဉ်မပြတ်အောင် စောင့်ရှောက်ခြင်း (အနုပါလ) ဟူ၍ သုံးမျိုးရှိသည်။ ဤတွင် ဘာဝရုပ် ၂-ပါးသည် ကျားမ အသွင်အပြင် အမူအရာတို့ကို အစိုးရသည် မှန်သော်လည်း၊ ဖြစ်စေခြင်း တည်စေခြင်း စောင့်ရှောက်ခြင်းဟူသော ပစ္စယသတ္တိများအနက် မည်သည့်သတ္တိဖြင့်မျှ ကျေးဇူးပြုခြင်း မရှိသဖြင့် ဣန္ဒြိယပစ္စည်း မထိုက်ပေ။ ရူပဇီဝိတိန္ဒြိယ (ရုပ်သက်) သည် ကလာပ်တူ ကမ္မဇရုပ်တရားတို့အား အသက်ရှင်သန်မှုတွင် အစိုးရကာ စောင့်ရှောက်ပေးခြင်းဖြင့် ကျေးဇူးပြုသည်။

၆။ ရူပဇီဝိတိန္ဒြိယံ - (ရုပ်သက်) ရူပဇီဝိတိန္ဒြေသည်
ကဋတ္တာရူပါနံ - ကမ္မဇရုပ်တို့အား
ဣန္ဒြိယပစ္စယေန ပစ္စယော - အစိုးရသည် ဖြစ်၍ (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

သုတ္တန်ဒေသနာတို့တွင် သဒ္ဓါ၊ ဝီရိယ၊သတိ၊ သမာဓိ၊ ပညာ ဟူသော စေတသိက်တရား ၅-ပါးအား ဗောဓိပက္ခိယတရား ၃၇-ပါးတွင် သွင်းကား ဣန္ဒြေ ၅-ပါးဟူသော အမည်ဖြင့် ဟောကြားလေ့ရှိသည်။ အဘိဓမ္မာဒေသနာ၌ ဤတရား ၅-ပါး အပါအဝင် နာမ်ဣန္ဒြေ ၁၅-ပါးအား ဟောကြားထားသည်။ သုခ၊ ဒုက္ခ၊ သောမနဿ၊ ဒေါမနဿ၊ ဥပက္ခာဟူသော ဝေဒနာ ၅-ပါးတို့သည် သက်ဆိုင်ရာ ခံစားမှုတို့တွင် အစိုးရသဖြင့် ဣန္ဒြေ မည်၏။ စိတ် (မန) သည် အာရုံသိခြင်း၌ အစိုးရ၍၊ ဇီဝိတိန္ဒြေ စေတသိက်သည် အတူယှဉ်ဖက်တရားတို့ကို စောင့်ရှောက်ခြင်း၌ အစိုးရ၍ မနိန္ဒြေနှင့် ဇီဝိတိန္ဒြေ မည်၏။ တဖန် လောကုတ္တရာ မဂ်ဖိုလ်ပညာတို့အား ပညိန္ဒြေမှ သီးခြားခွဲထုတ်၍ “မသိဖူးသေးသည်တို့ကို သိရန် အားထုတ်အံ့” ဟူ၍ ပထမဆုံးရအပ်သော သောတာပတ္တိမဂ်ဉာဏ် (အနညာတညဿာမီတိန္ဒြေ)၊ သောတာပတ္တိမဂ်ဖြင့် သိပြီးသော သစ္စာလေးပါးကိုပင် ထပ်၍ သိသော အထက်မဂ်ဉာဏ် ၃-ပါးနှင့် အောက်ဖိုလ်ဉာဏ် ၃-ပါးဟူသော (အညိန္ဒြေ)၊ သိခြင်းကိစ္စ အဆုံးသို့ ရောက်ပြီဖြစ်သော အရဟတ္တဖိုလ် (အညတာဝိန္ဒြေ) တို့ကိုလည်း ထုတ်၍ ဟောကြားထား၏။ ဤ နာမ်ဣန္ဒြေ ၁၅-ပါးတို့က ယှဉ်ဖက် စိတ်စေတသိက်တို့နှင့် တကွ၊ အတူဖြစ်ဖက် ရုပ်တရားတို့အား အစိုးရသည်ဖြစ်၍ ကျေးဇူးပြုခြင်းသည် သဟဇာတိန္ဒြိယ ပစ္စည်း မည်၏။

၇။ အရူပိနော ဣန္ဒြိယာ - ရုပ်မဟုတ်သော ဣန္ဒြေတရားတို့သည်
သမ္ပယုတ္တကာနံ ဓမ္မာနံ - ယှဉ်ဖက်တရားတို့အား (၎င်း)၊
တံသမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုယှဉ်ဖက်တရားတို့ကြောင့်ဖြစ်သော ရုပ်တို့အား၎င်း၊
ဣန္ဒြိယပစ္စယေန ပစ္စယော - အစိုးရသည် ဖြစ်၍ (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။



ရူပဇီဝိတိန္ဒြေသည် တည်ဆဲအခိုက်ရောက်မှသာ ကမ္မဇရုပ်တို့အား ကျေးဇူးပြုနိုင်၍ သဟဇာတပစ္စည်းအုပ်စုတွင် မဝင်သော်လည်း၊ သွယ်ဝိုက်သောအားဖြင့် သဟဇာတိန္ဒြိယအုပ်စုတွင် ထည့်နိုင်၏။ ပုရေဇာတိန္ဒြိယ၊ ရူပဇီဝိတိန္ဒြိယနှင့် သဟဇာတိန္ဒြိယ ၃-မျိုးလုံးတို့သည် ဖြစ်တည်ဆဲ ဣန္ဒြေတရားတို့က ပစ္စုပ္ပန် စိတ် စေတသိက်၊ ရုပ်တရားတို့အား ကျေးဇူးပြုခြင်း ဖြစ်၍ အတ္ထိပစ္စည်း၊ အဝိဂတပစ္စည်းတွင် အကျုံးဝင်ကြသည်။

****

ယခုအထိ ဖော်ပြခဲ့သမျှတွင်  သဟဇာတပစ္စည်း ၁၅-မျိုး  စုံပြီဖြစ်သည်။ သဟဇာတပစ္စည်းသည် နိဿယ၊ အတ္ထိ၊ အဝိဂတပစ္စည်းတို့တွင် အကျုံးဝင်၏။ တဖန် အညမည၊ သမ္ပယုတ္တ၊ ဝိပါက၊ ဟေတု၊ ဈာန၊ မဂ္ဂ ပစ္စည်းအားလုံးသည် သဟဇာတပစ္စည်းတွင် အကျုံးဝင်ပြန်၏။ ဝိပ္ပယုတ္တ၊ ကမ္မ၊ အဓိပတိ၊ အာဟာရ၊ ဣန္ဒြိယပစ္စည်းတို့၏ တစိတ်တပိုင်းသည် သဟဇာတတွင် အကျုံးဝင်၏။





ဆက်ရန် ...

Saturday, October 29, 2011

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ မိတ်ဆက် - ၁၀ (ကမ္မပစ္စည်း၊ ဝိပါကပစ္စည်း)

ကမ္မပစ္စည်း



ကမ္မပစ္စယောတိ -
၁။ ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
၂။ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။


ကမ္မပစ္စည်းသည် (၁) သဟဇာတ ကမ္မပစ္စည်းနှင့် (၂) နာနာက္ခဏိက ကမ္မပစ္စည်းဟု ၂-မျိုးရှိသည်။ ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် ပြုမူ ပြောဆို ကြံစည်ခြင်းဟူသော လုပ်ဆောင်မှုများသည် ကမ္မ (ကံ) မည်၏။ ဤလုပ်ဆောင်မှုများ အားလုံးတို့သည် စိတ်၏ ပြုလုပ် အားထုတ်မှုဟူသော ပယောဂ ဗျာပါရသဘော မပါဘဲ မဖြစ်။ ထို့ကြောင့် စိတ်၏ အားထုတ်မှု၊ ပြုပြင်စီရင်မှု၊ စေ့ဆော်မှုဟူသော စေတနာ စေတသိက်ကိုပင် ကံဟု ဆိုရသည်။ စေတနာသည် မိမိနှင့် အတူဖြစ်ဖက် စိတ်၊ ဝေဒနာ၊ သညာစသော တရားများအား သိခြင်း၊ ခံစားခြင်း၊ မှတ်သားခြင်းစသော သက်ဆိုင်ရာ အလုပ်များ လုပ်နေကြစေရန် စေ့ဆော်ပေးသည်။ ဤကဲ့သို့ စေတနာတရားက မိမိနှင့် ယှဉ်ဖက် စိတ်စေတသိက်များနှင့် အတူဖြစ်ဖက် ရုပ်တရားတို့အား ပြုပြင်စီရင်ပေးခြင်းအား သဟဇာတ ကမ္မပစ္စည်း ဖြင့် ကျေးဇူးပြုသည်ဟု ဆို၏။

မြေ၌ ကြဲချစိုက်ပျိုးသော မျိုးစေ့သည် နေရောင်ခြည်၊ မိုးရေ၊ မြေဆီသြဇာစသော အထောက်အပံ့များ ပြည့်စုံပါက အပင်ပေါက်သကဲ့သို့၊ ပြုလုပ်အားထုတ်ခဲ့သော စေတနာ ကံမျိုးစေ့သည်လည်း ဂတိ၊ ကာလ၊ ဥပဓိ၊ ပယောဂဟူသော အထောက်အပံ့တို့ ပြည့်စုံပါက ကုသိုလ် အကုသိုလ်ကံအား လျှော်စွာ နောင်တချိန်တွင် အကျိုး ဝိပါက်ကို ဖြစ်ပေါ်စေနိုင်၏။ ကံကြောင့် ဖြစ်သော စိတ်စေတသိက် အကျိုးတရားတို့သည် ဝိပါက် (ဝိပါက - ရင့်မှည့်ခြင်း) မည်၏။ ပြုအပ်ပြီးသော (ကဋတ္တာ) ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ်တရားတို့သည် ကဋတ္တာ ရုပ် မည်၏။ ကံတရားနှင့် ကံ၏ အကျိုးပေးရာ အချိန်အခိုက်အတန့်တို့ မတူညီကြ၍ နာနာက္ခဏိက (နာနာ - အသီးအသီးသော + ခဏ - အခိုက် + ဣက- ရှိသော) ဟုခေါ်သည်။ ကုသိုလ် အကုသိုလ်ကံတို့က ထိုကံတို့ အားထုတ်စဉ် အချိန်နှင့် မတူသောအခိုက်တွင် ဝိပါက်နာမ်တရားနှင့် ကဋတ္တာ ရုပ်တရားတို့ကို ဖြစ်စေခြင်းအား နာနာက္ခဏိက ကမ္မ ပစ္စည်းဖြင့် ကျေးဇူးပြုနေသည်ဟု ဆိုရသည်။

၁။ ကုသလာကုသလံ ကမ္မံ - ကုသိုလ်၊ အကုသိုလ်ကံသည်
ဝိပါကာနံ ခန္ဓာနံ - အကျိုးဝိပါက်ခန္ဓာအား၎င်း၊
ကဋတ္တာ စ ရူပါနံ - ကမ္မဇရုပ်တို့အား၎င်း
ကမ္မပစ္စယေန ပစ္စယော - ပြုလုပ် အားထုတ်သည်ဖြစ်၍ (ကမ္မပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

၂။ စေတနာ - စေ့ဆော်မှု စေတနာသည်၊
သမ္ပယုတ္တကာနံ ဓမ္မာနံ - ယှဉ်ဖက်တရားတို့အား၎င်း၊
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုယှဉ်ဖက်တရားတို့ကြောင့်ဖြစ်သော ရုပ်တို့အား၎င်း၊
ကမ္မပစ္စယေန ပစ္စယော - ပြုလုပ် အားထုတ်သည်ဖြစ်၍ (ကမ္မပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

(မှတ်ချက်။ နာနာက္ခဏိက ကမ္မပစ္စည်းသည် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့က နောင်တချိန်တွင် ဝိပါက် စိတ်စေတသိက်နှင့် ကမ္မဇရုပ်များကို ကျေးဇူးပြုခြင်း ဖြစ်သည်။ သဟဇာတ ကမ္မပစ္စည်းသည်ကား ကုသိုလ် အကုသိုလ်ကံ စေတနာတို့သာမက၊ ဝိပါက် ကြိယာ စေတနာတို့ကပါ အတူယှဉ်ဖက် နာမ်တရားတို့နှင့် ထိုနာမ်တရားတို့ကြောင့် ဖြစ်သော ရုပ်တရားတို့အား ကျေးဇူးပြုခြင်း ဖြစ်သည်။)

ဝိပါကပစ္စည်း



ဝိပါကပစ္စယောတိ -
၁။ ဝိပါကာ စတ္တာရော ခန္ဓာ အရူပီနော အညမညံ ဝိပါကပစ္စယေန ပစ္စယော။


ကုသိုလ် အကုသိုလ်ကံတို့ကြောင့် ဖြစ်ပေါ်လာသော အကျိုး စိတ်စေတသိက်တရားတို့အား ဝိပါက် (ဝိပါက) ဟုခေါ်သည်။ ဝိပါကဟူသည် တိုက်ရိုက်အားဖြင့် ရင့်ကျက်ခြင်း၊ရင့်မှည့်ခြင်းဟု အဓိပ္ပါယ် ရ၏။ မျိုးစေ့တစ်စေ့သည် တဖြည်းဖြည်း ရင့်ကျက်လာသောအခါ သီးကြ ပွင့်ကြသကဲ့သို့ ကံတရားတို့ ရင့်ကျက်၍ အကျိုးပေးခြင်းကို ဆိုလိုသည်။ ဝိပါက်စိတ်တို့သည် နောက်ထပ် အကျိုးမပေးတော့။ ထို့ကြောင့် ဝိပါက်စိတ်စေတသိက်တို့သည် ကံအနေအားဖြင့် နောင်တွင် အကျိုးပေးရန် စေ့ဆော် အားထုတ်မှု မရှိ။ ကြိယာစိတ်တို့ကဲ့သို့ ကိုယ်နှုတ်အမူအရာတို့ကို ဖြစ်စေရန်မျှလည်း အားထုတ်မှု မရှိ။ အားထုတ်မှု ပယောဂ ဗျာပါရများ လုံးဝကင်းဆိတ်နေ၍ ငြိမ်သက်သော သဘောရှိ၏။ ဤကဲ့သို့ ဝိပါက် စိတ်စေတသိက်တို့သည် ပြုလုပ်အားထုတ်မှု ပယောဂ ဗျာပါရ ကင်းဆိတ်၍ ငြိမ်သက်သော သဘောဖြင့် အချင်းချင်း ကျေးဇူးပြုနေသည်ကို ဝိပါကပစ္စည်း ဖြင့် ကျေးဇူးပြုသည် မည်၏။

၁။ ဝိပါကာ - ဝိပါက်အကျိုးတရားတို့သည်၊
စတ္တာရော ခန္ဓာ အရူပီနော - ရုပ်မဟုတ်သော နာမ်ခန္ဓာ လေးပါးအား
အညမညံ - အချင်းချင်း အပြန်အလှန်
ဝိပါကပစ္စယေန ပစ္စယော - ဗျာပါရကင်း၍ ငြိမ်သက်သည်ဖြစ်၍ (ဝိပါကပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ်ဟူသော အာရုံငါးပါးကို သိသည့် ပဉ္စဝိညာဏ်စိတ်များသည် ဝိပါက်စိတ်များ ဖြစ်ကြ၏။ ကုသလဝိပါက်နှင့် အကုသလဝိပါက်ဟု နှစ်မျိုး ရှိသည့်အတွက် ဒွေးပဉ္စဝိညာဏ်စိတ်ဟုလည်း အဘိဓမ္မာကျမ်းစာများတွင် ဖော်ပြလေ့ရှိသည်။

ပဋိသန္ဓေစိတ်တို့သည်လည်း ဝိပါက်စိတ်ပင် ဖြစ်၍ ကုသလဝိပါက်နှင့် အကုသလဝိပါက်ဟု နှစ်မျိုး ခွဲခြားနိုင်ပြန်၏။ အပါယ်ဘုံတို့တွင် အကုသလဝိပါက်စိတ်ဖြင့် ပဋိသန္ဓေယူ၍၊ သုဂတိဘုံတို့တွင် ကုသလဝိပါက်စိတ်ဖြင့် ပဋိသန္ဓေယူကြသည်။ ဘဝတခု၏ နောက်ဆုံးကာလ ရောက်သောအခါတွင် တမလွန်ဘဝသစ်ကို ဖြစ်စေမည့် ကံ၊ ထိုကံကို ပြုခဲ့စဉ်က အာရုံနိမိတ်၊ သို့မဟုတ် တမလွန်လားရာ ဂတိ၌ တွေ့ကြုံရမည့် အာရုံနိမိတ် တစ်မျိုးမျိုးသည်ထင်၍ သေခါနီးနောက်ဆုံး စိတ်အစဉ် (မရဏာသန္နဝီထိ) ဖြစ်သည်။ မရဏာသန္နဝီထိ စိတ်အစဉ်သည် စုတိစိတ်ဖြင့် အဆုံးသတ်၍ ဘဝသစ်တွင် ပဋိသန္ဓေစိတ်ဖြစ်သည်။ ပဋိသန္ဓေစိတ်သည် မရဏာသန္နဝီထိ စိတ်အစဉ်က ယူခဲ့သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်မျိုးမျိုးကိုပင် ဆက်၍ အာရုံပြု၏။ ပဋိသန္ဓေစိတ်နောက်မှစ၍ အခြားသော အာရုံသိစိတ်အစဉ် (ဝီထိစိတ်) တို့ ဖြစ်ပေါ်ခြင်း မရှိသောအခိုက်များတွင် ပဋိသန္ဓေစိတ် ယူခဲ့သော အာရုံကိုပင် အာရုံပြု၍ ပဋိသန္ဓေစိတ်နှင့် အလားတူဖြစ်သော ဝိပါက်စိတ်များ ဖြစ်ပေါ်နေ၏။ ယင်းစိတ်များသည် ဘဝဖြစ်ဆဲကာလတွင် စိတ်အစဉ်တို့ ပြတ်မသွားစေရန် ဖြစ်ပေါ်နေကြခြင်းဖြစ်၍ ဘဝင်စိတ် (ဘဝင်္ဂ = ဘ၀ + အင်္ဂ = ဘဝ၏ အစိတ်အပိုင်းဖြစ်သော စိတ်) ဟုခေါ်သည်။ အိပ်မက်မြင်မက်ခြင်း မရှိဘဲ အိပ်မောကျနေသည်အခါတွင် ဤဘဝင်စိတ်များ အဆက်မပြတ် ဖြစ်ပေါ်နေခြင်းပင်ဖြစ်၍ အလွန် ငြိမ်သက်သော သဘောရှိသည်။ အိပ်မောမကျသေးဘဲ အတွေးများဝင်နေ၊ အိပ်မက်များ မြင်မက်နေပါက စိတ်မငြိမ်သက်သေးဘဲ (ဘဝင်မကျသေးဘဲ) စိတ်တို့ လှုပ်ရှား ယောက်ယက်ခတ်နေသည်ဟု ဆိုရ၏။

ဤသို့ ပဉ္စဝိညာဏ်စိတ်၊ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်စသော ဝိပါက်စိတ်များဖြစ်ခိုက်တွင် ယှဉ်ဖက်စိတ်စေတသိက်တို့ အချင်းချင်းအား ဗျာပါရကင်း၍ ငြိမ်သက်သည်ဖြစ်၍ ဝိပါကပစ္စည်းဖြင့် ကျေးဇူးပြုနေကြသည်။ (ပစ္စယနိဒ္ဒေသတွင် ဝိပါက်နာမ်ခန္ဓာ အချင်းချင်းအား ကျေးဇူးပြုခြင်းကိုသာ ဟောကြားထားသော်လည်း၊ ပဋ္ဌာန်း ကုသလတိက္က ပဉှာဝါရတွင် ဝိပါက်တရားတို့နှင့် အတူဖြစ်ဖက် ရုပ်တရားတို့အားလည်း ကျေးဇူးပြုကြောင်း ဟောကြားထားပါသည်။)

ဆက်ရန် ...

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ မိတ်ဆက် - ၉ (ဈာနပစ္စည်း၊ မဂ္ဂပစ္စည်း)

ဈာနပစ္စည်း



ဈာနပစ္စယောတိ -
၁။ ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော။


ဈာန (ဈာန်) ဟူသည် စူးစူးစိုက်စိုက် ကပ်၍ ရှုတတ်သော တရား (ဥပနိဇ္ဈာန) ဟု အဓိပ္ပါယ်ရသည်။ မြှားနှင့် ပစ်မှတ်အား တည့်အောင် ချိန်ရွယ်၍ ပစ်ခတ်သကဲ့သို့ အာရုံအား တည့်မတ်အောင် စူးစူးစိုက်စိုက် ချိန်ရွယ် ထိန်းချုပ်မှုမျိုးသည် ဈာန်မည်၏။ ဈာန်တရား၏ အစိတ်အပိုင်းဖြစ်သော ဈာန်အင်္ဂါ (ဈာနင်္ဂ) များသည် ထိုဈာန်နှင့် အတူဖြစ်ဖက် ရုပ်နာမ်များအား အာရုံ စူးစိုက်မှု စွမ်းအားဖြင့် ကျေးဇူးပြုခြင်းသည် ဈာနပစ္စည်းဖြင့် ကျေးဇူးပြုသည် မည်၏။

၁။ ဈာနင်္ဂါနိ - ဈာန်အင်္ဂါတို့သည်
ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ - ဈာန်နှင့် ယှဉ်သောတရားတို့အား(၎င်း)
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုတရားတို့ကြောင့် ဖြစ်သော ရုပ်တို့အား၎င်း
ဈာနပစ္စယေန ပစ္စယော - အာရုံ စူးစိုက်မှု စွမ်းအားဖြင့် (ဈာနပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

သုတ္တန်ဒေသနာများတွင် ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဥပေက္ခာ၊ ဧကဂ္ဂတာတရားတို့ကို ဈာန်အင်္ဂါအဖြစ် ဟောကြားထား၏။ ပဋ္ဌာန်းဒေသနာတွင်မူ ကောင်းသော ကမ္မဋ္ဌာန်း နိမိတ်အာရုံများပေါ်တွင် စူးစိုက်မှုကိုသာမကဘဲ၊ မကောင်းသော အာရုံများပေါ်တွင် စူးစူးစိုက် ဖြစ်နေစေတတ်သော ဝိတက်၊ ဝိစာရ၊ ပီတိ၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာ၊ ဧကဂ္ဂတာ ဟူသည့် တရား ၇-မျိုးလုံးအား ဈာန်အင်္ဂါ အဖြစ်ထည့်သွင်း သတ်မှတ်ထား၏။

ဝိတက် (ဝိတက္က)သည် စိတ်ကို အလိုရှိရာ အာရုံပေါ်သို့ ရောက်အောင် ကြံရွယ်ပေး၏ (ရှေးရှုတင်ပေး၏)။ ဝိတက်က အစဦး တင်ပေးလိုက်သော အာရုံပေါ်တွင် တဝဲလည်လည် ဖြစ်နေရန် ကြံစည်ခြင်းသည် ဝိစာရ မည်၏။ သုတ္တန်ဒေသနာများတွင် ဝိတက္ကဝိစာရဟု တွဲ၍ ဟောလေ့ရှိသည်။ ပီတိသည် အာရုံကို နှစ်သက်စေ၏။ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာဟူသော စေတသိကဝေဒနာများသည် အာရုံအား ဝမ်းမြောက်ခြင်း၊ စိတ်မသာယာခြင်း၊ ဝမ်းနည်း-ဝမ်းသာမဖြစ်ဘဲ အညီအမျှရှိခြင်းဟူသော ခံစားမှုများနှင့် ခံစား၏။ ဧကဂ္ဂတာ (ဧက - တခုသော + အဂ္ဂ - အထွဋ်အဖျား + တာ - အဖြစ်) က စိတ်ကို တခုတည်းသော အာရုံတွင် တည်ငြိမ်နေစေရန် ထိမ်းပေးသော သမာဓိပင် ဖြစ်သည်။

ပထမဈာန်၊ ဒုတိယဈာန် စသဖြင့် ဈာန်စိတ်များ ဖြစ်နေချိန်တွင် ဈာန်အင်္ဂါတို့ အသီးသီး အထူး ပါဝင်ကြ၏။ ဈာန်စိတ်များ ဖြစ်နေချိန်မဟုတ်သော်လည်း ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် ကောင်းမှု၊ မကောင်းမှုများ ပြုခိုက်တွင်လည်း ဈာန်အင်္ဂါတို့ ပါဝင်နေကြပါသည်။ အာရုံသိရုံ သက်သက်သာဖြစ်၍၊ အာရုံ စူးစိုက်မှုသဘော မရှိသည့် ပဉ္စဝိညာဏ်စိတ်များနှင့် ယှဉ်၍ဖြစ်သော ဥပေက္ခာ၊ ဧကဂ္ဂတာတို့ကိုမူ ဈာန်အင်္ဂါအဖြစ် သတ်မှတ်ခြင်း မပြုပါ။

မဂ္ဂပစ္စည်း



မဂ္ဂပစ္စယောတိ -
၁။ မဂ္ဂင်္ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။


“မဂ္ဂ” ဟူသောပုဒ်သည် “လမ်း” ဟု အနက်ရသည်။ အကောင်းဖက်တွင် သုဂတိဘုံများမှ စ၍ နိဗ္ဗာန်တိုင် ထွက်မြောက်စေနိုင်သော သမ္မာလမ်းနှင့် အဆိုးဖက်တွင် ဒုက္ခတိဘုံသို့ ပို့ဆောင်နိုင်သော မိစ္ဆာလမ်းဟု နှစ်မျိုး ရှိသည်။

သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ၈-ပါးတို့သည် သမ္မာမဂ္ဂင် ၈-ပါးမည်၏။ မိစ္ဆာမဂ္ဂင်အဖြစ် မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသမာဓိ ၄-မျိုးကို ဖော်ပြထား၏။ သုတ္တန်ဒေသနာများတွင် မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ၊ မိစ္ဆာသတိတို့ကို ထည့်သွင်း ဟောကြားထားသော်လည်း၊ အဘိဓမ္မာဒေသနာတွင်မူ သီးခြားစေတသိက်များ အနေဖြင့် တရားကိုယ် ထုတ်ပြရန် မရှိသဖြင့် မိစ္ဆာမဂ္ဂင် စာရင်းတွင် ထည့်သွင်းထားခြင်း မရှိပါ။ ထိုမဂ္ဂင် ၁၂-ပါး တို့သည် အတူဖြစ်ဖက် ရုပ်နာမ်တရားတို့အား အကောင်း-အဆိုး ခရီးပန်းတိုင်တို့သို့ ရောက်စေရန် ပို့ဆောင်ပေးမည့် လမ်းသဖွယ် ကျေးဇူးပြုနေကြ၏။

၁။ မဂ္ဂင်္ဂါနိ - မဂ္ဂင်တရားတို့သည်
မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ - မဂ်နှင့် ယှဉ်သောတရားတို့အား(၎င်း)
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုတရားတို့ကြောင့် ဖြစ်သော ရုပ်တို့အား၎င်း
မဂ္ဂပစ္စယေန ပစ္စယော - (အကောင်း အဆိုး) ထွက်မြောက်ရာ လမ်းအဖြစ် (မဂ္ဂပစ္စည်းဖြင့်) ကျေးဇူးပြုသည်။


ဆက်ရန် ...

Thursday, October 27, 2011

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ မိတ်ဆက် - ၈ (ဟေတုပစ္စည်း၊ အဓိပတိပစ္စည်း)

ဟေတုပစ္စည်း
ဟေတုပစ္စယောတိ -
၁။ ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။


အဘိဓမ္မာဒေသနာအရ စိတ်စေသိက်တရားတို့အား ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ ဟု အုပ်စုသုံးမျိုး ခွဲနိုင်၏။ တဖန် အဗျာကတ တရားတို့အားလည်း ဝိပါက (ဝိပါက်) နှင့် ကြိယာဟု နှစ်မျိုး ထပ်ခွဲနိုင်ပြန်သည်။ ဤသို့ ကုသိုလ်၊ အကုသိုလ်၊ ဝိပါက်၊  ကြိယာဟု လေးမျိုးခွဲခြား၍ လေ့လာခြင်းအား သဂြိုဟ်ကျမ်းတွင် အမျိုးဇာတ်ကို မူတည်၍ ခွဲခြားခြင်း (ဇာတိဘေဒ) ဟုခေါ်သည်။

ကုသိုလ်ဟူသည် အပြစ်ကင်း၍ ကောင်းသောအကျိုးပေးသည့်တရား (အနဝဇ္ဇ သုခ ဝိပါက)၊ အကုသိုလ်ဟူသည် အပြစ်ရှိ၍ မကောင်းသော အကျိုးပေးသည့်တရား (သာဝဇ္ဇ ဒုက္ခ ဝိပါက) ဖြစ်သည်။ ကုသိုလ်၊ အကုသိုလ်တရားတို့သည် ကံအနေအားဖြင့် အကျိုးပေးစေနိုင်သော သတ္တိ (ဝိပါက လက္ခဏာ) ရှိ၏။ ကုသိုလ်ကံ၏ အကျိုးတရားတို့အား ကုသလဝိပါက်၊ အကုသိုလ်ကံ၏ အကျိုးတရားတို့အား အကုသလဝိပါက်ဟုခေါ်သည်။ ကုသလဝိပါက်၊ အကုသလဝိပါက်ဟူသော ဝိပါက်တရားတို့သည် ကံအနေအားဖြင့် ထပ်မံ၍ အကျိုးပေးနိုင်စွမ်း မရှိတော့။ ကုသိုလ် အကုသိုလ်ဟု ဆို၍ မရ။ ထိုသို့ ကုသိုလ် အကုသိုလ်ဟု ဆို၍ မရသဖြင့် ဝိပါက်တရားတို့သည် အဗျာကတတရား မည်၏။ ကြိယာစိတ်စေတသိက်တို့သည် ကံ၏ အကျိုးဝိပါက်များမဟုတ်ကြသည့်အပြင်၊ ကံသတ္တိ အနေအားဖြင့် အကျိုးပေးနိုင်စွမ်းမရှိ။ ကိစ္စတခုကို ဆောင်ရွက်ရန် အမူအရာမျှသာ ဖြစ်သည့် စိတ်စေတသိက်များ ဖြစ်သည်။

ဤတွင် အကုသိုလ်တရားတို့ ဖြစ်ရသည့် အရင်းမူလသည် တပ်မက်ခြင်း (လောဘ)၊ အမျက်ထွက်ခြင်း (ဒေါသ)၊ တွေဝေခြင်း (မောဟ) တရား သုံးပါးကြောင့် ဖြစ်၏။ ထို့အတူပင် ကုသိုလ်တရားတို့ ဖြစ်ရသည့် အရင်းမူလသည် တပ်မက်မှုကင်းခြင်း (အလောဘ)၊ အမျက်ကင်းခြင်း (အဒေါသ)၊ တွေဝေမှုကင်းခြင်း (အမောဟ) တရားသုံးပါးတို့ကြောင့် ဖြစ်သည်။ ဤ တရား ၆-ပါးတို့အား ဟိတ် ၆-ပါး (ဟေတု) ဟုလည်း ခေါ်သည်။ ဟိတ်ဟူသော စကားသည်လည်း အခြေခံ အရင်း အမြစ် မူလဟူသော အဓိပ္ပါယ်ရ၏။ သစ်ပင်တစ်ပင် ရှင်သန် ကြီးပွား တည်တံ့စေရန် အတွက် ရေသောက်မြစ်က ထောက်ပံ့ပေးထားသကဲ့သို့၊ ဤ ဟိတ် ၆-ပါးတရားတို့က ရုပ်နာမ်တရားတို့ကို စည်ပင် ပြန့်ပွား တည်တံ့စေရန် အထောက် အပံ့ပေး၏။ ရေသောက်မြစ် အခိုင်အခံ့ မရှိသော ရေညှိ ရေမှော်တို့သည် ကောင်းစွာ တည်တံ့ခြင်း မရှိသကဲ့သို့ ဟိတ်တရားတို့၏ အထောက်အပံ့ကင်းသော ရုပ်နာမ်တရားတို့သည် ကောင်းစွာ တည်တံ့နိုင်ခြင်း မရှိကြပေ။

ကုသိုလ်တရားတို့သည် အလောဘ၊ အဒေါသ၊ အမောဟဟူသည့် ကုသလဟိတ်တို့၏ အထောက်အပံ့ရကြသည်။ အကုသိုလ်တရားတို့သည် လောဘ၊ ဒေါသ၊ မောဟဟူသည့် အကုသလဟိတ်တို့၏ အထောက်အပံရကြသည်။ ဟိတ်တရားတို့၏ အထောက်အပံ့ကို ရသည့် စိတ်စေတသိက်တို့သည် သဟိတ်တရားများ (သဟေတုက) မည်၏။ အချို့သော ဝိပါက်နှင့် ကြိယာတရားတို့သည် အလောဘ၊ အဒေါသ၊ အမောဟဟူသည့် (အဗျာကတ) ဟိတ်တရားတို့၏ အထောက်အပံရသော သဟိတ်တရားများဖြစ်၍၊ အချို့သော ဝိပါက်နှင့် ကြိယာတရားတို့သည်ကား မည်သည့်ဟိတ်တရားတို့၏ အထောက်အပံ့ကိုမျှ မရသည့် အဟိတ်တရားများ (အဟေတုက) ဖြစ်ကြသည်။ ဟိတ်တရားတို့က မိမိတို့နှင့် အတူယှဉ်ဖက်ဖြစ်သော သဟိတ် စိတ်စေတသိက်များနှင့် အတူဖြစ်ဖက် ရုပ်တရားတို့အား ကောင်းစွာ တည်တံ့ စည်ပင်နိုင်စေရန် ထောက်ပံ့နေခြင်းကို ဟေတုပစ္စည်းဖြင့် ကျေးဇူးပြုသည်ဟု ခေါ်သည်။ အဟိတ် စိတ်စေတသိက်တရားတို့သည် ဟေတုပစ္စည်းဖြင့် ကျေးဇူးပြုခြင်း မခံရသဖြင့် အလွန် အင်အားနည်းကြ၏။

၁။ ဟေတူ - ဟိတ် ၆-ပါးတို့သည်
    ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ - ဟိတ်နှင့် ယှဉ်သောတရားတို့အား(၎င်း)
    တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုတရားတို့ကြောင့် ဖြစ်သော ရုပ်တို့အား၎င်း
  ဟေတုပစ္စယေန ပစ္စယော - မူလရင်းမြစ်အားဖြင့် ကောင်းစွာတည်တံ့စေ၍ (ဟေတုပစ္စည်းဖြင့်) ကျေးဇူးပြုသည်။




(မှတ်ချက်။ ဟိတ်တရားတို့ကြောင့် ကုသိုလ်၊ အကုသိုလ် ဖြစ်ခြင်းမျှအား ဟေတုပစ္စည်းဖြင့် ကျေးဇူးပြုခြင်းဟု အဓိပ္ပါယ် မကောက်ယူရပါ။ ဝိပါက်၊ ကြိယာနှင့် ရုပ်တရားဟူသော ကုသိုလ်၊ အကုသိုလ်မဟုတ်သည့် အဗျာကတတရားများသည်လည်း ဟေတုပစ္စည်း၏ ကျေးဇူးပြုခြင်း ခံကြရပါသည်။ ဟိတ်တရားတို့သည် ရေသောက်မြစ်သဖွယ် အတူဖြစ်ဖက် ရုပ်နာမ်တရားတို့အား ကောင်းစွာတည်တံ့ရန်၊ စည်ပင်ပြန့်ပွားနိုင်စေရန် ကျေးဇူးပြုခြင်းအား ဟေတုပစ္စည်းဖြင့် ကျေးဇူးပြုသည်ဟု အဓိပ္ပါယ်ကောက်ယူရသည်။)

အဓိပတိပစ္စည်း
အဓိပတိပစ္စယောတိ -
၁။ ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
၂။ ဝီရိယာဓိပတိ ဝီရိယာသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
၃။ စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
၄။ ဝီမံသာဓိပတိ ဝီမံသာသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
၅။ ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော။


အဓိပတိဟူသည် အကြီးအကဲ ခေါင်းဆောင်ဟု အဓိပ္ပါယ်ရသည်။ စိတ်စေတသိက် တစ်ခုခု၊ အာရုံ တပါးပါးသည် အလွန်အင်အား ကောင်းလာသောအခါတွင် အခြားသော နာမ်တရား ရုပ်တရားတို့အား ဦးဆောင် လွှမ်းမိုးသွားခြင်းကို အကြီးအမှူးအဖြစ် (အဓိပတိပစ္စည်းဖြင့်) ကျေးဇူးပြုသည်ဟု ဆိုရ၏။

၁။ စွမ်းအားကောင်းသော စိတ်စေတသိက်တရားတို့က ယင်းတို့နှင့် ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် စိတ္တဇရုပ်တို့အား အကြီးအမှူးအဖြစ် ကျေးဇူးပြုသော သဟဇာတာဓိပတိ ပစ္စည်း
၂။ အင်အားကောင်းသော အာရုံတို့က စိတ်စေတသိက်တရားတို့အား အကြီးအမှူးအဖြစ် ကျေးဇူးပြုသော အာရမ္မဏာဓိပတိ ပစ္စည်းဟု နှစ်မျိုးရှိသည်။

သဟဇာတာဓိပတိတပ်နိုင်သော စိတ်စေတသိက်များဆိုရာတွင် (၁) ပြင်းပြသော ဆန္ဒ (၂) မဆုတ်နစ်သော ဝီရိယ (၃) တက်ကြွသော စိတ်ဓာတ်နှင့် (၄) ထက်မြက်သော ပညာ (ဝီမံသ) တို့ဖြစ်သည်။ ဤ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသဟူသော တရားလေးပါးအား ဣဒ္ဓိပါဒ (ပြီးမြောက် အောင်မြင်ခြင်း၏ အခြေခံ အကြောင်းတရား) လေးပါးအဖြစ် ဖော်ပြလေ့ရှိသည်။ ထိုတရားလေးပါးအနက် တရားတစ်ပါးပါးက စွမ်းအား ထက်သန်လာသည့်အခါတွင် ယှဉ်ဖက်နာမ်တရားများနှင့် အတူဖြစ်ဖက် ရုပ်တရားတို့အား အကြီးအမှူးအဖြစ် သဟဇာတာဓိပတိ ပစ္စည်းဖြင့် ကျေးဇူးပြုသည်။

၁။ ဆန္ဒာဓိပတိ - အကြီးအမှူးဖြစ်သော ဆန္ဒသည်
    ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ - ဆန္ဒနှင့် ယှဉ်ဖက် တရားတို့အား(၎င်း)
    တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုတရားကြောင့် ဖြစ်သော ရုပ်တို့အား၎င်း
    အဓိပတိပစ္စယေန ပစ္စယော - အကြီးအမှူးအဖြစ် (အဓိပတိပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ ဝီရိယာဓိပတိ - အကြီးအမှူးဖြစ်သော ဝီရိယသည်
    ဝီရိယာသမ္ပယုတ္တကာနံ ဓမ္မာနံ - ဝီရိယနှင့် ယှဉ်ဖက် တရားတို့အား(၎င်း)
    တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုတရားကြောင့် ဖြစ်သော ရုပ်တို့အား၎င်း
    အဓိပတိပစ္စယေန ပစ္စယော - အကြီးအမှူးအဖြစ် (အဓိပတိပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၃။ စိတ္တာဓိပတိ - အကြီးအမှူးဖြစ်သော စိတ်သည်
    စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ - စိတ်နှင့် ယှဉ်ဖက် တရားတို့အား(၎င်း)
    တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုတရားကြောင့် ဖြစ်သော ရုပ်တို့အား၎င်း
    အဓိပတိပစ္စယေန ပစ္စယော - အကြီးအမှူးအဖြစ် (အဓိပတိပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၄။ ဝီမံသာဓိပတိ - အကြီးအမှူးဖြစ်သော ပညာသည်
    ဝီမံသာသမ္ပယုတ္တကာနံ ဓမ္မာနံ - ပညာနှင့် ယှဉ်ဖက် တရားတို့အား(၎င်း)
    တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုတရားကြောင့် ဖြစ်သော ရုပ်တို့အား၎င်း
    အဓိပတိပစ္စယေန ပစ္စယော - အကြီးအမှူးအဖြစ် (အဓိပတိပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

ထို့အတူပင် အလွန်နှစ်လိုဖွယ်ရာ အာရုံ၊ ဈာန်နိမိတ်၊ နိဗ္ဗာန်စသော အာရုံတို့သည် အလွန်လေးနက် အင်အားကောင်းသည်ဖြစ်၍ သက်ဆိုင်ရာ လောဘစိတ်၊ ဈာန်စိတ်၊ မဂ်စိတ်၊ ဖိုလ်စိတ် စသည်တို့အား အကြီးအမှူးအဖြစ် အာရမ္မဏာဓိပတိ ပစ္စည်းဖြင့် ကျေးဇူးပြုပါသည်။

၅။ ယံ ယံ ဓမ္မံ - အကြင်ကြင်သော (အာရုံ) တရားတို့အား
    ဂရုံ ကတွာ - အလေးဂရု အာရုံပြု၍
    ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ - အကြင် စိတ်စေတသိက်တရားတို့ ဖြစ်ကြ၏။
    တေ တေ ဓမ္မာ - ထိုထို (အာရုံ) တရားတို့သည်၊
    တေသံ တေသံ ဓမ္မာနံ - ထိုထို (စိတ်စေတသိက်) တရားတို့အား
    အဓိပတိပစ္စယေန ပစ္စယော - အကြီးအမှူးအဖြစ် (အဓိပတိပစ္စည်းဖြင့်) ကျေးဇူးပြုသည်။


ဆက်ရန် ...

Monday, October 24, 2011

နေဝင်ချိန် အိပ်တန်းဝယ်…

အချိန်ဇယားအရ တနေ့တာ အားထုတ်ရမည့် လုပ်ငန်းတာဝန်ကုန်ဆုံးလို့ အိပ်ယာဝင် အနားယူဖို့ အချိန်ရောက်ခဲ့ပြီ။ မိမိအတွက် နေရာချထားပေးသော အိပ်ယာနေရာတွင် အရံသင့်ခင်းထားပြီးသော ခပ်ပါးပါး မွေ့ယာလေးမှာ မဖြစ်မနေ ကျနော် ကျောခင်းရပေတော့မည်။ စိတ်ရဲ့ ပင်ကိုယ် သဘာ၀ ဟာ ကြည်လင်တောက်ပနေတယ်.. လို့ ဆရာတော်ကတော့ ဟောလိုက်တာပဲ။ ကျနော့်ရဲ့ စိတ်တွေကတော့ ဆောက်တည်ရာ မရပါဘူး။ လူတိုင်းမှာ အားငယ်တတ်တဲ့ စိတ်အခံလေးတော့ ရှိကြမယ် လို့ ကျနော်တွေးထင်နေမိတယ်။ စိတ်အကြောင်းလည်း တခါမှ မလေ့လာဖူးပါဘူး။ အခုတော့ ကိုယ့်စိတ်ကိုယ် မသိ သိအောင်ကို လုပ်ရမည့် အခြေရောက်နေပါပြီ။ ကျနော်က ရိပ်သာတခုမှာ တရားအားထုတ်ဖို့ ရောက်နေခဲ့ပြီလေ…။
*****
လူတွေမှာ အထူးသဖြင့် ငယ်စဉ်ဘဝမှာပေါ့လေ… ဆင်းရဲလို့၊ ရုပ်ဆိုးလို့၊ မိဘဆွေမျိုးဂုဏ် နိမ့်လို့၊ ကျန်းမာရေး မကောင်းလို့၊ စာညံ့လို့…စတဲ့ အချက်တွေပေါ် မူတည်ပြီး ကလေးတွေမှာ စိတ်ဒဏ်ရာတွေ ရတတ်ကြတယ်။ ပြောပလောက်တဲ့ အခြေအနေတွေမဟုတ်ပဲ၊ သာမန် အသေးအဖွဲကိစ္စတွေက ထပ်ဖန်တလဲလဲ ဖြစ်လာပြန်ရင်လည်း အားငယ်တဲ့ စိတ်တွေ ဝင်သွားတတ်ကြသေးတယ်… လို့ ကျနော် ကြားဖူးနား၀ ရှိပါတယ်။

ကျနော်ရဲ့ ငယ်စဉ်ဘဝ၊ ဘဝပေး အခြေအနေကတော့ အတော်လေး သာသာယာယာ ရှိပါတယ်။ မယ်မယ်ရရ ဘာ အစွန်းအထင်းမှ မရှိခဲ့ပါဘူး။ ဖေဖေ ဆုံးတော့ ကျနော် ၁၅နှစ်သား ရှိပါပြီ။ ဖေဖေ့လက်ငုတ်လက်ရင်း ဆန်ဆိုင်ကို မေမေက ဟန်မပျက် ဆက်လက် လုပ်ကိုင်ပါတယ်။ ဖေဖေရှိကတည်းက သွန်သင်ဆုံးမခဲ့လို့ ကျနော် စီးပွားရေးကိုလည်း ဝါသနာပါပါတယ်။ ပညာရေးမှာလည်း မညံ့ပါဘူး။ မေမေ့ ဆန်ဆိုင်မှာ ကောင်းကောင်းအကူအညီ ပေးနိုင်ခဲ့ပါတယ်။ တခုတော့ ရှိတယ် ဆန်ဆိုင်ဆိုတော့ အလေးအပင်တွေတော့ မ ရတာပေါ့ဗျာ။ အရောင်းအဝယ်က ကောင်းနေတော့လည်း ပင်ပန်းတယ်လို့ မထင်ခဲ့ပါဘူး။ မေမေ့ကို ကူညီနိုင်တဲ့ သားလိမ္မာအဖြစ်ကို ရလို့ ဝမ်းသာရပါတယ်။

ဆယ်တန်း စာမေးပွဲကြီး ဖြေပြီး ကျောင်းပိတ်ရက် မေမေ့ ဆန်ဆိုင်မှာ ကူနေတုန်း တနေ့မှာတော့ မေမေက “ဟဲ့သား… လာစမ်း လာစမ်း ဒီနား လာစမ်း” ဆိုပြီး ကျနော့်ကို အလန့်တကြား လှမ်းခေါ်တယ်။ ကျနော် မေမေ့နား ရောက်သွားတော့ “ဟိုဘက်လှည့်စမ်း” ဆိုလို့ မေမေ့ကို ကျောပေးလိုက်တော့၊ ကျနော့် ကျောပြင်ကို လက်နဲ့ နေရာအနှံ့ လိုက်စမ်းတယ်။ ဟိုနားနှိပ်လိုက် ဒီနားနှိပ်လိုက်နဲ့ ဖိကြည့်ပြီး… “နာလား… နာလား” လို့လည်း မေးတယ်…။ ကျနော်ကလည်း “မနာပါဘူး မေမေရဲ့ … ဘာဖြစ်လို့လဲ” လို့ မေးမှ… “ငါ့သား ကျောပြင် ဘယ်နဲ့ ညာ မညီတော့ဘူး… ညာဘက်က ခုံးထွက်နေတယ်” လို့ ပြောပါတယ်။ ဒီတော့မှ ကျနော်လည်း ရေချိုးခန်းထဲဝင် မှန်အသေအချာ ကြည့်မိတော့မှ ကျနော်ရဲ့ ညာဘက် ပခုံးက နိမ့်ကျနေခဲ့ပြီး၊ ညာဘက်လက်ပြင်က ငေါထွက်နေတာ တွေ့ရပါတော့တယ်။ စိတ်မျက်စိထဲမယ် ကျောမှာ ဘုကြီးနဲ့ ခါးကုံးကြီးရဲ့ပုံ ထင်လာပြီး… ကျနော် စိတ်ကလေးပါ နိမ့်ကျသွားသလို ခံစားမိတယ်…။

အဲ့ဒီည.. မေမေက ကျနော့်အိပ်ယာပေါ် တယောက်အိပ်မွေ့ယာလေးတခု လာခင်းပေးတယ်။ ကျနော် ငယ်ငယ်က အိပ်ယာထဲ သေးပေါက်တတ်လို့ မွေ့ယာနဲ့ မအိပ်ရဘူး ခင်ဗျ။ နောက်အရွယ်ရောက်လာတော့လည်း ဒီအတိုင်း ကြမ်းပြင်ပေါ် သင်ဖျူးးလေးခင်းပြီး ရိုးရိုးရှင်းရှင်း အိပ်ရတာကို နှစ်သက်နေမိလို့၊ မွေ့ယာနဲ့ အိပ်ချင်တယ်လို့လည်း မေမေ့ကို တခါမှ မပူဆာဖြစ်ခဲ့ဘူး။ အဲ့မေမေခင်းပေးတဲ့ မွေ့ယာလေး ပေါ်မှာလည်း ကျနော် ဟန်ကျပန်ကျ သေသေချာချာ မအိပ်ခဲ့ရပါဘူး။ မညီညာတော့တဲ့ ကျနော့်ကျောပြင်မှာ နိမ့်ဆင်းနေတဲ့ဖက်အတွက် မွေ့ယာလေးဟာ မွေ့ယာမမည်တော့ပဲ အခုအခံတခုသာ ဖြစ်နေတာ မေမေ့ကို မသိစေခဲ့တော့ပါဘူး။

နောက်မေမေက ကျနော့်ကို ဆေးခန်းပြပေးပါတယ်။ အရိုးအထူးကု ဆရာဝန်ကြီးက ကျနော့်ကို ကုသမှုခံယူဖို့ သူတာဝန်ကျရာ မသန်မစွမ်းဆေးရုံကို လာခဲ့ဖို့ ပြောတယ်။ ဆန်အိတ်တွေကို ဟောသည်လို ဟောသည်လို သယ်မ နေတဲ့ ကျနော့်ကို မသန်မစွမ်း ဆေးရုံကို လာဖို့ ခေါ်တော့ တမျိုးကြီးပဲဗျ။ ဒါပေမဲ့ လိုအပ်ရင်.. ရောဂါရယ်လို့ ဖြစ်လာရင် စိတ်ရောဂါကု ဆေးရုံကိုတောင် သွားသင့် သွားရသေးတာပဲဗျာ။ မသန်မစွမ်း ဆိုတော့လည်း ဘာတတ်နိုင်မလဲ သွားရတာပ…။ ကျနော်က မေမေ့ အဆုံးအမအောက်မှာ နူးညံ့ပျော့ပျောင်းတဲ့ စိတ်နှလုံးသားရှိသူလို့ ကိုယ့်ကိုကိုယ်တော့ ထင်တာပဲ။ နောက်ပြီး ဆေးရုံက သမိုင်းမှာ ဆိုတော့ ကျနော် တက်နေတဲ့ စက်မှုတက္ကသိုလ်ရှိရာ အင်းစိန်နဲ့ ဘာဝေးလို့လဲ…။ ဆေးရုံသွားရင် ကျနော့် သူငယ်ချင်းတွေ အဖေါ်လိုက်ပေးလို့ မေမေတောင် သက်သာသေး။

တခု မကောင်းတာကတော့… အစအနောက်သန်ရာမှာ နာမည်ကြီးတဲ့ စက်မှုတက္ကသိုလ် ကျောင်းတော်သား ကျနော့်သူငယ်ချင်းတွေက ကျနော့်ကို ဂျော့ဘု လို့ ခေါ်ကြတယ်ဗျ…။ အမေရိကန်သမ္မတတော့ မဟုတ်ဘူးဗျို့… ကျောက ဘုနေလို့ ကျောဘု … ဂျော့ဘု လို့ ခေါ်ကြတာ…။ ကောင်မလေးတွေရှေ့ အခေါ်ခံထိရင်တော့ ရှက်သလိုလိုပဲဗျာ။ ဒါပေမဲ့ အရေးမကြီးပါဘူး။ ကျနော်မှ ရင်မခုန်တတ်သေးတာ။ နောက်ပြီး ကျောက ဘုကလည်း အင်္ကျီ ပွပွ ဝတ်ထားရင် မသိသာလှပါဘူး။ တနေကုန် သွားလာလှုပ်ရှား… စာကြည့်ချိန်မှာ ကြာမြင့်စွာ စာထိုင်ကြည့်ထားမိတာတွေက ည အိပ်ယာဝင်မှသာ ဒုက္ခပေးတာ…။ ကျနော့် ကျောရိုးက ကောက်နေတာလား… ကော့နေတာလား… ဘာလိုကြီး ဖြစ်နေတာလဲတော့ မသိဘူးဗျား… အောင်မလေး အမလေး တ ပြီးမှာ ကျောခင်းလို့ရတာပါ။ မေမေက ဦးစိုင်း… မိဂသီ တိုင်းရင်းဆေးတွေ ကျနော် စာဖတ်နေချိန် နောက်ကျောကို လာလာလိမ်းပေးရှာတယ်…။ ကျနော့်အိမ်မှာ ဦးစိုင်းအကြောပြေ ဒဏ်ကြေလိမ်းဆေးကို တိုင်ကီနဲ့ ဆောင်ထားရမတတ်ပါပဲဗျာ။

မြွေလိုတွားသွား၊ ယုန်လိုခုန် အစရှိတဲ့ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေနဲ့ Physiotherapy လို့ ခေါ်တဲ့ ကုထုံးကြီးကို စိတ်မရှည်ချင်တော့တဲ့ ကျနော်က ဆရာဝန်ကြီးကို ဆွေးနွေးကြည့်တယ်။ “ဆရာရယ် အမြန်ပျောက်နိုင်တဲ့ ကုထုံးလေးများရှိလေသလား” လို့ပါ။ အမြန်ပျောက်နိုင်တဲ့ ကုနည်းကတော့ ခွဲစိတ်ခြင်းပဲတဲ့၊ ဒါပေမဲ့ အဲ့ဒီအချိန် မြန်မာပြည်မှာ ပေးနိုင်တဲ့ ဆေးရုံဆေးခန်းသုံး ပစ္စည်းကိရိယာ အခြေအနေတွေကြောင့် စွန့်စားမှု ကြီးလေးတဲ့ ဒီကုထုံးကို ဆရာကြီးက အားမပေးခဲ့ပါဘူး။ ဒီလိုနဲ့ ကျနော်လည်း ဂျော့ဘု က ဂျော့ဘု …။ ကျောက ဘုက မပျောက်နိုင်သေးပဲ၊ ရင်ထဲမှာ အဖုတခု ရလာပြန်တယ်။

ကျနော့် ကျောက ဘုကတော့ Scoliosis လို့ ခေါ်ပြီး၊ ရင်ထဲက ဘုလေးကတော့ စုလေးေ၀ လို့ခေါ်တယ်။ ကျောပေါ်က ဘု ဘယ်အချိန်က စထွက်နေမှန်းမသိသလို၊ ရင်ဘတ်ထဲက အဖု ဘယ်အချိန်က စ ဝင်နေမှန်းလည်း မသိခဲ့ပါဘူး။ စုလေးေ၀ က ကျနော့်တို့ အတန်းထဲကပါပဲ။ စာသင်ချိန် အတန်းထဲမှာ သူ့ပုံလေးတွေ ပန်းချီထိုင်ဆွဲတယ်။ သူနားမလည်တဲ့ စာတွေ ရှင်းပြတယ်။ အချစ်စစ်တခုကို ဖွင့်ဟဖို့ ကျနော့်မှာ ဘာမှ သိမ်ငယ်စရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့လည်း ကျနော် လွယ်လွယ်နဲ့ ဖွင့်မပြောခဲ့ပါဘူး။ ဆရာဝန်ကြီးကို အယင် တိုင်ပင်တယ် “ကျနော့်ရောဂါဟာ အိမ်ထောင်ပြုရင် သားသမီးရဖို့ အခက်အခဲ ရှိနိုင်ပါသလား” လို့…။ “ဘာပြဿနာမှ မရှိနိုင်ဘူး” ဆိုတဲ့ ဆရာဝန်ကြီးရဲ့ အဖြေစကားကြားမှ စုလေးေ၀ ကို ဖွင့်ပြောခဲ့တာပါ။ စုလေးကလည်း “သူ့ကို စာတော်လို့ သိလား” ဆိုတဲ့ မပွင့်တပွင့်လေသံလေးနဲ့ တုန့်ပြန်ခဲ့ပါတယ်။ စုလေးေ၀ ကို တဘဝလုံးစာ ကျနော် ရည်ရွယ်ခဲ့တာပါ။

ကျောင်းပြီးလို့ လုပ်ငန်းခွင် အသီးသီးဝင်ပြီး၊ နှစ်နှစ်အကြာမှာ စုလေးနဲ့ ကျနော် လက်ထပ်ခဲ့တယ်။ ဒီနေရာမှာတော့ နားနဲ့ မနာ ဖဝါးနဲ့ နာပါဗျာ။ ကျနော်တို့ရဲ့ မင်္ဂလာဦး ခန်းဝင်ပစ္စည်းတခုဖြစ်တဲ့ အိပ်ယာကုတင်က နှစ်ယောက်အိပ် မွေ့ယာကြီးဟာ အင်မတန် အိစက်ညက်ညောပါတယ်။ အိပ်ယာဝင်ခါနီး ကျနော့်ကျောကို ဒဏ်ကြေဆေး လိမ်းပေးရတဲ့ တာဝန်ကို မေမေဆီကနေ စုလေးက လွှဲပြောင်းယူတယ်။ စုလေးကလည်း ရက်ရှည် လများ မငြီးမငြူ ကြင်ကြင်နာနာ လိမ်းပေးခဲ့တာပါပဲ။ ကျနော့်မှာသာ စုလေးကို အားနာတဲ့စိတ်၊ ကိုယ့်ကိုကိုယ် အားငယ်တဲ့စိတ်တွေနဲ့ ဒီဘုကြီး ဆက်လက်ကြီးထွားမလာပါစေနဲ့လို့ ကြိတ်ဆုတောင်းရတာ အမောပါပဲ။ ခင်များတို့ စိတ်မကောင်းတော့ မဖြစ်ကြနဲ့ဗျာ။ ကျနော်နဲ့စုလေးမှာ ရင်သွေးရတနာ မထွန်းကားခဲ့ပါဘူး။ ကျနော့်အပြစ်လား။ စုလေး အပြစ်လား။ အခြေအနေနဲ့ အကြောင်းအပေါင်းတွေ မစုံလို့လားဆိုတာတော့ ကျနော်တို့ အားလုံး မသိနိုင်ပါဘူး။

တဦးတည်းသော သားဖြစ်တဲ့ ကျနော်နဲ့ တဦးတည်းသော သမီး ဖြစ်တဲ့ စုလေးတို့ရဲ့ မျိုးဆက်သစ်ဆိုတာက မျှော်လေဝေးဝေး ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ဆွေနီးမျိုးစပ် ထဲက ကလေးတယောက်ကို ကျွေးမွေး စောင့်ရှောက် ပညာသင်ပေးခဲ့တယ်။ မွေးစားသားရယ် ဘာရယ်လိုတော့ တရားဝင် မဟုတ်ပါဘူး။ စုလေးဟာ ကျနော်ထင်ထားတာထက် အများကြီး တည်ငြိမ် ရင့်ကျက်တဲ့ အမျိုးသမီးပါ။ စုလေး.. ရင်သား ကင်ဆာနဲ့ ဆုံးတော့ အသက် လေးဆယ်... အင်း... လေးဆယ်ပဲ ရှိသေးတယ်။ ကျနော်သာ အရိုးကင်ဆာနဲ့ သေသင့်တာလို့ ရူးရူးမိုက်မိုက် တွေးမိပါတယ်ဗျာ။ နောက်တော့ နှစ်ယောက်အိပ် မွေ့ယာကြီးမှာ ကျနော် တယောက်ထဲ… စုလေး မရှိတော့ပေမဲ့… သူ့ ခေါင်းအုံးလေးကို ကျနော် ဖယ်မပစ်ပါဘူး…ဒီအတိုင်းလေး ထားတယ်။ ကျနော့်ကျောကလည်း နာတယ်။ ရင်ထဲကလည်း နာတယ်ဗျာ။

ကျနော် အလုပ်တာဝန်နဲ့ ပြည်တွင်း ပြည်ပ နေရာအနှံ ခရီး အတို အရှည်တွေ သွားခဲ့ရဖူးတယ်။ တည်းခိုခဲ့တဲ့ ဟော်တယ်တွေ၊ တည်းခိုခန်းတွေက သန့်ရှင်းရေး အလုပ်သမားတွေကတော့ သက်သာကြပေမယ်။ ကျနော့် အိပ်ယာက မတွန့်မကြေပဲကိုး။ မတွန့်မကြေဆို ကျနော်က မွေ့ယာပေါ်မှာမှ ကျောမခင်းတော့ပဲကိုဗျ။ နောက်တော့ သတ္တဝါတွေကို ကျနော့် ကျောရိုးလို တွန့်မနေ၊ ကျနော့် နှလုံးသားတွေလို ကြေမနေပါစေနဲ့ လို့ သွားရင်းလာရင်း မေတ္တာပို့တတ်တဲ့ အလေ့အထလေး ရလာတယ်။ ကြာတော့ တိုက်ဆိုင်မှုတွေ၊ အမှတ်တရတွေ၊ အတိတ်နမိတ်တွေကိုပဲ အလေးဂရုပြုပြီး ရှင်သန်နေမိတဲ့ ကျနော့်ဘဝကြီးကို ကျနော်ကိုယ်တိုင် ငြီးငွေ့လာတယ်။ အခုတော့ မေတ္တာ ဘာဝနာက တဆင့်တက်လို့ ဝိပဿနာ ဘာဝနာ ပွားများတတ်အောင် လေ့ကျင့်သင်ကြားဖို့ ဒီနေရာကို ရောက်နေပြီပေါ့ဗျာ…။
*****
မွေ့ယာသစ်လေးပေါ် လဲလှောင်းဖို့ ကျနော့်ခန္ဓာကိုယ်ကို လှဲချလိုက်ချိန်မှာ ကျနော် ဉာဏ်ထဲ အသိတခု လင်းလက်ဖြာသွားတယ်။ ဟုတ်တယ် ကျနော် ငယ်ငယ်က မသိမိုက်မှားစွာ ကိုယ့်ခန္ဓာကိုယ်ရဲ့ ခံနိုင်စွမ်းကို မချင့်ချိန် သတိမမူပဲ… မနိုင်တဲ့ ဝန်တွေ ထမ်းခဲ့လို့ တဘဝလုံးစာ အနာရောဂါ ရခဲ့တယ်…။ ဒီလိုပဲ ကျနော့်ရဲ့ စိတ်မှာလည်း လွမ်းဆွတ်မှုတွေ၊ အလိုမကျမှုတွေ၊ တွေေ၀ မိန်းမောမှုတွေ တနင့်တပိုး ထမ်းပိုးထားမယ် ဆိုရင်…။      ။

(ခန္ဓာကိုယ်ပေါ်က ဒဏ်ရာ၊ အသည်းက ဒဏ်ရာ၊ အသိမှားတဲ့ ဒဏ်ရာတွေအတွက် ဒဏ်ကြေဆေးတွေ လိမ်းပေးတဲ့ တယောက်သောသူအတွက် ခံစားရေးဖွဲ့ပါတယ်။)