Tuesday, January 29, 2019

မင်္ဂလသုတ် (၁၀) - The Virtuous Person, The Wise Person and The True Person

အရင်ပို့စ်တခုမှာ သူတော်ကောင်းဆိုတာ ဘယ်လို လူမျိုးလဲ ဆိုတာကို ရေးခဲ့ပြီး သရဘင်္ဂဇာတ်က သူတော်ကောင်း အင်္ဂါကို ထုတ်ပြခဲ့ပါတယ်။ သရဘင်္ဂဇာတ်မှာ ဖြေထားတဲ့ သီလရှိသူ၊ ပညာရှိသူနဲ့ သူတော်ကောင်းတို့ရဲ့ အင်္ဂါတွေကို အကျဉ်းခြုံးပြရရင် …

🔹 သီလရှိသူ ဆိုတာ -

၁။ ကိုယ်၊ နှုတ်၊ စိတ်နဲ့ မကောင်းမှုကို မပြုသူ
၂။ မိမိအတွက် လိမ်လည်မပြောသူ

🔹 ပညာရှိ ဆိုတာ -

၁။ နက်နဲသည့် ပြဿနာကို ထိုးထွင်းစဉ်းစားနိုင်သူ
၂။ အဆောတလျင် ရုန့်ရင်းကြမ်းတမ်းသည့် အမှုကို မပြုသူ
၃။ အချိန်အခါ အလျောက် ရောက်လာသည့် အကျိုးစီးပွားကို (အခွင့်အလမ်းကို) အချည်းအနှီး မဖြစ်စေသူ

🔹 သူတော်ကောင်း ဆိုတာ -

၁။ ကျေးဇူးကို သိတတ် တုန်ပြန်တတ်သူ
၂။ တည်ကြည်သည့် စိတ်သဘောရှိသူ
၃။ မိတ်ဆွေကောင်း အင်္ဂါနှင့်ပြည့်စုံသူ
၄။ မိတ်ဆွေကောင်းကို အမြဲမပြတ် ဆည်းကပ်တတ်သူ
၅။ ဒုက္ခရောက်သူတို့၏ အမှုကိစ္စကို ရိုရိုသေသေ ဆောင်ရွက်ပေးတတ်သူ

အခြေခံအားဖြင့်တော့ သီလရှိသူက ငါးပါးသီလစတဲ့ စောင့်ထိမ်းရမယ့် သီလကို လုံခြုံတယ်။ ပညာရှိသူက နက်နဲစွာ စဉ်းစားတွေးခေါ်နိုင်ပြီး အကျိုးစီပွားအတွက် ကျွမ်းကျင်လိမ္မာတယ်။ သူတော်ကောင်းကတော့ စိတ်နှလုံးကောင်း ရှိပြီး တဖက်သားကို ကူညီတတ်တယ်။ ဒါကြောင့် အင်္ဂါရပ်တွေ တခုနဲ့ ရောယှက်နေပေမယ့် အခြေခံသဘောကတော့ ကွဲပါတယ်။

🔸 ဒါဆိုရင် သီလ၊ ပညာ၊ သူတော်ကောင်း တရားဆိုတဲ့ သုံးမျိုးမှာ ဘယ်ဟာက ပိုပြီး အရေးကြီးပါသလဲ။

ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး ကာလတုန်းက "လူတော်လူကောင်း" ဆိုတဲ့ စကားကို "လူကောင်းလူတော်" လို့ ပြောင်းပြီး သုံးခဲ့ကြဖူးပါတယ်။ "တော်" ဖို့ထက် "ကောင်း" ဖို့က ပဓာန ပိုကျတယ်လို့ ယူဆခဲ့ကြပါလို့ပါ။ သရဘင်္ဂဇာတ်မှာတော့ သရဘင်္ဂရသေ့က သီလ၊ ပညာ၊ သူတော်ကောင်း တရားနဲ့ ဘုန်းကံကျက်သရေ ဆိုတဲ့ လေးမျိုးမှာ ပညာကသာ ပဓာနကျတယ်၊ ကျန်တဲ့ သုံးမျိုးက ပညာရဲ့ နောက်ကို လိုက်လိမ့်မယ်လို့ ဖြေကြားခဲ့ပါတယ်။

တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက သူ့တပည့်တွေကို အချက် ၁၀-ချက်နဲ့ ဆုံးမလေ့ရှိရာမှာ "စိတ်ကောင်းရှိဖို့က ပထမ" လို့ ဆုံးမတတ်ပြီး "စာတတ်ဖို့" ကိုတော့ နောက်ဆုံး ဒသမနေရာမှာ ထားတယ် မဟုတ်လား။ ဒါဆိုရင် မဟာဂန္ဓာရုံ ဆရာတော်ကြီးနဲ့ သရဘင်္ဂ ရသေ့တို့ အယူအဆများ ကွဲနေသလားလို့ မေးခွန်းထုတ်ချင် ထုတ်ကြပါလိမ့်မယ်။ ဒီလို မေးခွန်း ထုတ်ခဲ့မယ်ဆိုရင် "စာတတ်တာ" နဲ့ "ပညာရှိတာ" ကို ရောထွေးနေလို့ ဖြစ်မယ်လို့ ဆိုချင်ပါတယ်။

ပြောမယ့်ဆိုရင် အနောက်တိုင်း အစဉ်အလာမှာတောင် information, Knowledge, understanding နဲ့ wisdom စသဖြင့် အဆင့်တွေ ခွဲခြားပြီး ပြောဆိုလေ့ ရှိပါတယ်။ "ဗဟုသုတကို တလွဲ အသုံးချလို့ရပေမယ့် ပညာကိုတော့ တလွဲ သုံးလို့ မရဘူး။ ဒါကိုယ်ကပဲ ပညာရဲ့ ထူးခြားတဲ့ ဝိသေသတခုပါ။ ပညာဆိုတာက ပညာရှိ တယောက်ရဲ့ အကြားအမြင် ဗဟုသုတတွေကို စုစည်းပေးရုံသာမက၊ သူ့ရဲ့ စိတ်ဆန္ဒတွေနဲ့ တန်ဖိုးတွေကိုပါ စုစည်းပေးတယ်။ ဗဟုသုတ ကြွယ်ဝတဲ့ စာတတ်ပုဂ္ဂိုလ် တယောက်က ကိုယ်ကျင့်တရား ချို့ယွင်းနေတယ်ဆိုရင် ဘာမှ ထူးဆန်းလှတာ မဟုတ်ပေမယ့်၊ ပညာရှိတဦးက ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းနေတယ် ဆိုရင်တော့ ဒါဟာ ဆီလျော်မှု ကင်းမဲ့နေတဲ့ အံအားသင့်စရာ စကားလို့ ဆိုရမှာပါ" လို့ Linda Zagzebski က Virtues of Mind ဆိုတဲ့ စာအုပ်မှာ ရေးခဲ့ဖူးပါတယ်။


ဗုဒ္ဓဘာသာအရ ပညာရှိဆိုတာက အကျိုးစီးပွားကို ကျွမ်းကျင်လိမ္မာသူ ဖြစ်လို့ အကျိုးစီးပွားမဲ့ ဖြစ်တဲ့ မကောင်းမှုတွေကို ကျုးလွန်မှာ မဟုတ်ပါဘူး။ ပညာရှိ ဆိုတာ ကောင်းသော အလုပ်ကို လုပ်၊ ကောင်းသော စကားကို ဆို၊ ကောင်းသော အကြံကို ကြံစည်တတ်တဲ့သူလို့ သုတ္တန်ဒေသနာတွေရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံကြသူများ ဖြစ်ကြပါတယ်။

"လူတော်လူကောင်း" ဆိုတဲ့ ကိစ္စမှာလည်း "တော်" ဆိုတာက ကျွမ်းကျင်လိမ္မာတဲ့ အဓိပ္ပါယ်ရသလို၊ ဆရာတော်၊ နိုင်ငံတော်၊ တရားတော်စတဲ့ စကားလုံးတွေကလို "ကောင်းမွန် မြင့်မြတ်သော" ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ "ကောင်း" ဆိုတာကို အလေးပေးဖို့ အတွက် "လူတော်လူကောင်း" ကို "လူကောင်းလူတော်" လုပ်နေစရာ မလိုပါဘူး။ "သူတော်ကောင်း" ကို "သူကောင်းတော်" လို့ ပြောင်းခေါ်နေစရာ မလိုပါဘူး။ မျက်မှောက် တမလွန်ဆိုတဲ့ နှစ်ဖြာသော အကျိုးစီးပွားကို ကျွမ်းကျင်လိမ္မာတဲ့ မြင့်မြတ်တဲ့ ပညာရှိများက ကိုယ့်ကျင့်သီလနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းများ ဖြစ်နေမှာ အမှန်ပါ။ ဒါကြောင့်လည်း သုတ္တန်ဒေသနာတွေမှာ ပညာရှိကို မှီဝဲဆည်းကပ်ခြင်း (ပဏ္ဍိတသေဝနာ)၊ သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း (သပ္ပုရိသသံသေဝ) ဆိုတဲ့ စကားတွေကို အလဲအလှယ်သဘော သုံးထားတာ တွေ့ရပါတယ်။

Thursday, January 24, 2019

မင်္ဂလသုတ် (၉) - True Person

True Person
▬▬▬▬▬
(Reading #MaṅgalaSutta)

သီလရှိသူ (သီလဝန္တ)၊ ပညာရှိသူ (ပဏ္ဍိတ) နဲ့ သူတော်ကောင်း (သပ္ပုရိသ) တွေက အတူတူပဲလား… မတူဘူးလား..။

အခြေခံအားဖြင့်တော့ သီလရှိသူ ဆိုတာက သီလ လုံခြုံအောင် စောင့်ထိန်းတဲ့သူ၊ ပညာရှိ ဆိုတာက အကျိုးစီးပွားကို ကျွမ်းကျင်လိမ္မာသူ၊ နက်နဲတဲ့ ပြဿနာတွေကို ထိုးထွင်း ဆင်ခြင်နိုင်သူ၊ သူတော်ကောင်းဆိုတာက စိတ်ကောင်းနှလုံးကောင်း ရှိသူ၊ ဖြောင့်မတ် တည်ကြည်သူကို ခေါ်ပါတယ်။

အခြေခံအားဖြင့် ကွဲသယောင်ရှိပေမယ့် လုံးဝသီးခြား ကွဲပြားနေတဲ့ ပုဂ္ဂိုလ်သုံးယောက်လို့တော့ ဆိုလို့ မရပြန်ပါဘူး။ သီလ မရှိတဲ့ ပညာရှိ ဆိုတာ ရှိနိုင်သလား၊ ပညာမရှိသူကို သူတော်ကောင်းလို့ ခေါ်လို့ ရသလား စသဖြင့် စဉ်းစားစရာ ဖြစ်လာပါတယ်။

🔹 သပ္ပုရိသ

'သူတော်ကောင်း' ဆိုတာက 'သပ္ပုရိသ' ကို မြန်မာပြန်ထားတာပါ။ 'သပ္ပုရိသ' ဆိုတာက prefix 'သ' နဲ့ ပုရိသ တို့တွဲထားတာပါ။ Prefix 'သ' ကလည်း "သန္တ (śānta) = ငြိမ်းချမ်းသော၊ နူးညံ့သိမ်မွေ့သော" ဆိုတဲ့ အနက်တွေရတဲ့ ပုဒ်နဲ့ "သန္တ (santa)= မြင့်မြတ်သော၊ ကောင်းမွန်သော၊ စစ်မှန်သော" စတဲ့ အနက်တွေရတဲ့ ပုဒ်က ဆင်းသက်လာပါတယ်။ စိတ်နှလုံး အေးချမ်း သိမ့်မွေ့သူ၊ ဖြောင့်မတ် တည်ကြည် မြင့်မြတ်သူ၊ စစ်မှန်သူ စတဲ့ အဓိပ္ပါယ်တွေရနိုင်ပါတယ်။ အင်္ဂလိပ်လို Good person, Person of integrity, True Person, Worthy Person စသဖြင့် ပြန်တတ်ကြပါတယ်။

ပြောမယ့်ဆိုရင် Gentleman ဆိုတဲ့ စကားနဲ့ အတော်လေး နီးစပ်ပါတယ်။ ဒါပေမယ့် Gentleman လု့ိ ပြန်လိုက်ရင် 'သပ္ပုရိသ' ရဲ့ ပဓာနကျတဲ့ အရည်အသွေးတွေ ပြုတ်ကျန်ခဲ့ နိုင်သလို၊ Gentleman ဆိုတဲ့ ဝေါဟာရ နောက်မှာ အနောက်တိုင်း ယဉ်ကျေးမှု ကျင့်ဝတ်ဓလေ့တွေ၊ ဂုဏ်ဒြဗ်တွေ အပိုဆောင်းပြီး ပါလာနိုင်ပါတယ်။

🔸 ဒါဆို ဗုဒ္ဓဘာသာက ဘယ်လိုလူမျိုးကို သူတော်ကောင်းလို့ ... သတ်မှတ်ပါသလဲ ...။

★ သူ့ကျေးဇူးကို သိတတ်၊ တုန့်ပြန်တတ်တာကို (ကတညုတာ ကတဝေဒီ) သူတော်ကောင်းရဲ့ အခြေခံသဘော (သပ္ပုရိသဘူမိ) လို့ အင်္ဂုတ္တရနိကာယ် သမ္မစိတ္တဝဂ်မှာ ဟောထားပါတယ်။

★ ယေဘုယျအား ဖြင့်တော့ ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် ဆိုတဲ့ မကောင်းမှုတွေကို ရှောင်ကြဉ်တဲ့သူကို သူတော်ကောင်းလို့ သတ်မှတ်ပါတယ် (အံ.၃.၉၊ ခတသုတ်)။ ဒီတော့ သူတော်ကောင်းဆိုတာ သီလရှိသူတွေ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

★ ဒီထက်ချဲ့ရင်တော့ သူတော်ကောင်းတရား (သဒ္ဓမ္မ) ၇-ပါးနဲ့ ပြည့်စုံတဲ့သူေတွကို သူတော်ကောင်းလို့ သတ်မှတ်ပါတယ်(စူဠပုဏ္ဏမသုတ်၊ မ.၃.၉၂)။

သူတော်ကောင်း တရား ၇-ပါးကတော့ -

၁။ ဘုရားတရားစသည်ကို ယုံကြည်ခြင်း (သဒ္ဓါ)၊
၂။ မကောင်းမှု ပြုရန် ရှက်ခြင်း (ဟိရီ)၊
၃။ မကောင်းမှု ပြုရန် ကြောက်ခြင်း (သြတ္တပ္ပ)၊
၄။ အကြားအမြင်များခြင်း (ဗဟုဿုတ)၊
၅။ အားထုတ်သော လုံ့လအားထုတ်ခြင်း (အာရဒ္ဓဝီရိယ)၊
၆။ မြဲသော သတိရှိခြင်း (ဥပဋ္ဌိတဿတိ)၊
၇။ ပညာရှိခြင်း (ပညဝါ) တို့ ဖြစ်ပါတယ်။

ဒီတော့ သူတော်ကောင်းဆိုတာ သီလ ရှိရုံတင် မဟုတ်ဘဲ သတိ၊ ဝီရိယ၊ ပညာတွေနဲ့ ပြည့်စုံသူလည်း ဖြစ်ပါတယ်။

★ သူတော်ကောင်းတွေက သူတော်ကောင်းတို့ရဲ့ လှူဒါန်းပေးကမ်းခြင်းမျိုး (သပ္ပုရိသဒါန) ကို ပြုလေ့ရှိတယ် (စူဠပုဏ္ဏမသုတ်၊ မ.၃.၉၂)။

သပ္ပုရိသဒါန ဆိုတာကတော့ -

၁။ အလှူကို ရိုရိုသေသေ ပေးလှူတယ် (သက္ကစ္စံ ဒါနံ ဒေတိ)။
၂။ ကိုယ်တိုင်ကိုယ်ကျ ပေးလှူဒါန်းတယ် (သဟတ္ထာ ဒါနံ ဒေတိ)။
၃။ (လှူဖွယ်နဲ့ အလှူခံအပေါ်မှာ) စိတ်ကို အမြတ်တနိုးထားပြီး ပေးလှူတယ် (စိတ္တီကတွာ ဒါနံ ဒေတိ)။
၄။ စွန့်ပစ်သလို မဟုတ်ဘဲ ပေးလှူတယ် (အနပဝိဋ္ဌံ ဒါနံ ဒေတိ)။
၅။ လှူဒါန်းခြင်းရဲ့ အကျိုးသက်ရောက်မှုကို သိမြင်ပြီး ပေးလှူတယ် (အာဂမနဒိဋ္ဌိကော ဒါနံ ဒေတိ)။

★ သူတော်ကောင်းတွေက သူတော်ကောင်းတရား ၇-ပါးနဲ့ ပြည့်စုံတဲ့ အခြားသူတော်ကောင်းတွေကိူ မိတ်ဆွေ အပေါင်းအသင်းအဖြစ် ဆည်းကပ်လေ့ရှိတယ် (စူဠပုဏ္ဏမသုတ်၊ မ.၃.၉၂)။

★ သူတော်ကောင်းတွေက တပါးသူရဲ့ အပြစ်ကို ထုတ်ဖော်ပြောလေ့ မရှိဘူး။ မပြောမဖြစ် ပြောရမယ်ဆိုရင်လည်း ပုံကြီးမချဲ့ဘူး။ သူတပါးရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော် ပြောတတ်တယ်။ မေးလာခဲ့ရင်လည်း အကျယ်တဝံ့ ပြောပြတတ်တယ်။ မိမိရဲ့ အပြစ်ကို မထိမ်မဝှက်ဘဲ ထုတ်ဖော်ပြောလေ့ ရှိတယ်။ မိမိရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော် ပြောလေ့ မရှိဘူး။ မပြောမဖြစ် ပြောရရင်လည်း အကျယ်မချဲ့ လိုသလောက်ပဲ ပြောတယ် (သပ္ပုရိသသုတ်၊ အံ.၄.၇၃)။

★ မဂ္ဂသံယုတ်မှာတော့ သူတော်ကောင်းဆိုတာ -

၁။ မှန်သောအမြင် (သမ္မာဒိဋ္ဌိ)
၂။ မှန်သောအကြံ (သမ္မာသင်္ကပ္ပ)
၃။ မှန်သော စကား (သမ္မာဝါစာ)
၄။ မှန်သော အလုပ် (သမ္မာကမ္မန္တ)
၅။ မှန်သော အသက်မွေးမှု (သမ္မာအာဇီဝ)
၆။ မှန်သော အားထုတ်မှု (သမ္မာဝါယာမ)
၇။ မှန်သော သတိ (သမ္မာသတိ)
၈။ မှန်သော သမာဓိ (သမ္မာသမာဓိ) -

ဆိုတဲ့ သမ္မာမဂ္ဂင်-၈-ပါး အကျင့်တရား ရှိတဲ့သူလို့ ဟောထားပါတယ်။ (ပဌမအသပ္ပုရိသသုတ်၊ သံ.၅.၂၅)။

မဂ္ဂင်တရား ပွားများနေတဲ့ ကလျာဏပုထုဇဉ်တွေက အစ အရိယာပုဂ္ဂိုလ်တွေ အထိ အကျုံးဝင်သွားပါတယ်။ ရဟန္တာ ပုဂ္ဂိုလ်တွေကိုတော့ 'သူတော်ကောင်းထက် သာကောင်းတဲ့သူ' (သပ္ပုရိသတရ) လို့ ခေါ်ပါတယ်။

☸️ သူတော်ကောင်း လက္ခဏာတွေကို ပြောရင် ငါးရာ့ငါးဆယ် နိပါတ်တော်ထဲက သရဘင်္ဂရသေ့ရဲ့ စကားကို ချန်ထားလို့ မဖြစ်ပါဘူး။

အထူးသဖြင့် တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရား ပေးတဲ့ အနက်နဲ့ ရှင်းလင်းဟောပြောတဲ့ တရားက ကြည်ညိုစရာ ကောင်းလှတာမို့ ပြန်လည် မျှဝေလိုက်ပါတယ်။

ယော ဝေ ကတညူ ကတဝေဒိ ဓီရော၊
ကလျာဏမိတ္တော ဒဠှဘတ္တိ စ ဟောတိ။
ဒုခိတဿ သက္ကစ္စ ကရောတိ ကိစ္စံ၊
ယထာဝိဓံ သပ္ပုရိသံ ဝဒန္တိ။
(ဇာတက-၁၇-၇၈၊ အမှတ် ၅၂၂၊ သရဘင်္ဂဇာတ်)

ယော ဓီရော = နဂိုမူလ ဓာတ်ခံရသဖြင့် ဘဝ နောက်နှောင်း ကောင်းထက်ကောင်းဖို့ လမ်းကြောင်းတီထွင် အကြင်ပညာ့ရှင်သည်၊
ဝေ = စင်စစ် ဧကန် အမှန်စိတ်ထား ရိုးဖြောင့်သောအားဖြင့်၊
ကတညူ = သူတစ်ပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးရှိသ၍ သိလေ့ရှိသည် လည်းကောင်း၊
ကတဝေဒိ = သူများပြုအပ် ကျေးဇူးရပ်ကို တတ်သ၍ မှတ်သ၍ ဆပ်လေ့ရှိသည် လည်းကောင်း၊
ကလျာဏမိတ္တော = မိကောင်း ဖကောင်း ဆရာကောင်းနှင့် ဖော်ပေါင်းအထိ မိတ်ကောင်းရှိသည် လည်းကောင်း၊
ဒဠှဘတ္တိ = ထိုမိတ်ကောင်းလည်း အသည်းစွဲမျှ အမြဲမပြတ် ဆည်းကပ်လေ့ရှိသည် လည်းကောင်း၊
ဟုတွာ = ဖြစ်၍
ဒုခိတဿ = မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက်မဲ့မူ ဆင်းရဲသူ၏၊
ကိစ္စံ = စားသောက်နေရေး ဆေးဝါးပေး၍ လုပ်ကျွေးသမှု ကိစ္စစုကို၊
သက္ကစ္စံ ကရောတိ = ကိုယ်ချင်းစာနာ သနားညှာလျှက် များစွာပုံသေ ပြုစုတတ်ပေ၏။
တထာဝိဓံ = သို့ကလို ဂုဏ်အင် စုံလင်ပေသည့် ပညာရှိအပေါင်း သူတော်ကောင်းကို၊
သပ္ပုရိသံ = ဘဝ နောက်နှောင်း ကောင်းထက် ကောင်းဖို့ လမ်းကြောင်းတီထွင် သူတော်စင်ဟူ၍၊
ဝဒန္တိ = ဘုရားစသား ပုဂ္ဂိုလ်များက လေးစားကြည်ဖြူ ချီးမွန်းတော်မူကြလေကုန်သတည်း။

Tuesday, January 22, 2019

မင်္ဂလသုတ် (၈) - Trustworthy Friends, True-hearted Friends & Spiritual Friends

Reading #MaṅgalaSutta

အခုတလောမှာ မင်္ဂလသုတ်နဲ့ စပ်ပြီး ဖတ်မိဖတ်ရာ၊ တွေးမိတွေးရာလေးတွေကို Reading #MaṅgalaSutta ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးတင်ဖြစ်ပါတယ်။ Maṅgala Sutta ရဲ့ ရှေ့မှာ "Reading" ဆိုတာ စကား ထည့်ဖြစ်တဲ့ အကြောင်း ၂-ခု ရှိပါတယ်။

(၁) အခု ရေးနေတာသည် ငါသိ မဟုတ် စာသိသာ ဖြစ်တယ်။ စာသိ ဆိုရာမှာတောင် ဖတ်ပြီး သိပြီး တတ်ပြီး (in past participle) မဟုတ်ဘဲ၊ ဖတ်ဆဲ (in present continuous) မျှသာ ဖြစ်တယ်လို့ သတိပေးချင်လို့ပါ။

(၂) "Reading" လို့ဆိုတဲ့ နေရာမှာ မူရင်းသုတ်ကို ဖတ်ရုံတင် မဟုတ်ဘဲ၊ မင်္ဂလသုတ်မှာပါတဲ့ ပုဒ်တွေရဲ့ အနက်ကို အဘိဓာန် ဖွင့်ဆိုချက်၊ အဋ္ဌကထာဖွင့် ဆိုချက်တွေနဲ့ တွဲပြီး ဖတ်တဲ့ Extensive Reading မျိုး၊ မင်္ဂလသုတ်မှာပါတဲ့ အကြောင်းအရာနဲ့ နှီးနွယ်ဆက်စပ်တဲ့ နိကာယ်ငါးရပ်က သုတ္တန်အချို့ကို ဆွဲထုတ်ပြီး compare and contrast လုပ်တဲ့ Syntopical Reading မျိုး ဖြစ်ပါတယ်။ ဖတ်ဖူးမှတ်ဖူးတဲ့ သိပ္ပံ၊ ဒဿန၊ ပညာရေး စတဲ့ လောကီနယ်က အယူအဆအချို့ကိုလည်း အလျဉ်းသင့်သလို ထည့်သွားဖို့ စိတ်ကူးထားပါတယ်။

▬▬▬▬▬▬

မိတ်ဆွေကောင်းနဲ့ ပေါင်းဖော်ရခြင်းက မင်္ဂလာတရား ၃၈-ပါးလုံးနဲ့ ပြည့်စုံစေသည်အထိ အကျိုး ကျေးဇူးကြီးတယ်လို့ အရင်ပို့စ်မှာ ရေးခဲ့ပါတယ်။ မင်္ဂလသုတ်မှာကတော့ "ပညာရှိကို မှီဝဲဆည်းကပ်ခြင်း" (ပဏ္ဍိတာနံ သေဝနာ) လို့ ဟောပါတယ်။ အချို့သုတ်တွေမှာတော့ "သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း" (သပ္ပုရိသသံသေဝ) လို့ သုံးတာ ရှိသလို၊ "မိတ်ဆွေကောင်းရှိခြင်း" (ကလျာဏမိတ္တတာ) လို့ သုံးတာလည်း ရှိပါတယ်။ ဒီနေရာမှာ ပညာရှိ (ပဏ္ဍိတ)၊ သူတော်ကောင်း (သပ္ပုရိသ)၊ မိတ်ဆွေကောင်း (ကလျာဏမိတ္တ) ဆိုတာတွေက အတူတူပဲလား၊ မတူဘူးလားဆိုတာ မေးစရာ ရှိပါတယ်။

မိတ္တလို့ ဆိုတဲ့ နေရာမှာတောင် အကြမ်းအားဖြင့် အဆင့် သုံးဆင့် အဓိပ္ပါယ်သုံးမျိုး လောက်ရှိတယ်လို့ လန်ဒန် ပါဠိကျမ်းစာအသင်း (PTS) က ထုတ်တဲ့ ဂျာနယ်တစ်စောင်မှာ Steven Collins က ရေးခဲ့ဖူးတယ်။

🔹 ခင်မင်ရင်းနှီးပြီး ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ

ပထမအမျိုးအစားကတော့ တဦးနဲ့ တဦး ရင်းနှီးကျွမ်းဝင်ပြီး ယုံကြည်စိတ်ချ အားကိုးရတဲ့ (ဝိဿာသော trustworthy) မိတ်ဆွေမျိုးပါ။ ဆွေမျိုး သားချင်းတွေ၊ ရင်းနှီးတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ ပါပါတယ်။ မြန်မာစကား ဇစ်မြစ်အရလည်း "မိတ်" ဆိုတာက "ပေါင်းသင်းဆက်ဆံခြင်း" အနက်၊ "ဆွေ" ဆိုတာက "ရင်းနှီးခင်မင်ခြင်း"အနက် ရှိကြတယ် မဟုတ်လား။ ရင်းနှီးကျွမ်းဝင် ယုံကြည်အားထားရသူက အကောင်းဆုံး ဆွေမျိုးသားချင်း (ဝိဿာသပရမာ ဉာတိ) ပဲလို့ ဓမ္မပဒမှာ ဟောထားတာ ရှိပါတယ်။

🔹 စိတ်ကောင်း နှလုံးကောင်းတဲ့ မိတ်ဆွေ

သိင်္ဂလောဝါဒသုတ်မှာလာတဲ့ စိတ်ကောင်း နှလုံးကောင်း ရှိတဲ့ မိတ်ဆွေမျိုး (မိတ္တေ သုဟဒေါ) ကတော့ ဒုတိယ မိတ်ဆွေမျိုးပါ။

၁။ ကိုယ့်အပေါ်မှာ ကျေးဇူးပြုတတ်တဲ့ မိတ်ဆွေမျိုး (ဥပကာရကော)
၂။ အေးအတူ ပူအမျှ မိတ်ဆွေမျိုး (သမာနသုခဒုက္ခော)
၃။ ကိုယ့်အကျိုးစီးပွားအတွက် ပြောဆိုအကြံပေးတတ်တဲ့ မိတ်ဆွေမျိုး (အတ္ထက္ခာယီ)
၄။ ကိုယ့်ကို ကြင်နာသနား စောင့်ရှောက်တတ်တဲ့ မိတ်ဆွေမျိုး (အနုကမ္ပကော)

ဒီလိုမိတ်ဆွေမျိုးကို သိင်္ဂလောဝါဒသုတ်က စိတ်ကောင်း နှလုံးကောင်း ရှိတဲ့ မိတ်ဆွေစစ် လေးယောက်လို့ ဟောထားပါတယ်။ ဒီလို မိတ်ဆွေမျိုးကို အင်္ဂုတ္တရနိကာယ်မှာ ဟောထားတဲ့ "ပေါင်းသင်းအပ်တဲ့ မိတ်ဆွေ" (မိတ္တော သေဝိတဗ္ဗော) ရဲ့ အင်္ဂါရပ် ၇-ရပ်နဲ့လည်း တိုင်းကြည့်နိုင်ပါတယ် (အံ.၇.၃၆၊ ပဌမမိတ္တသုတ်)။

၁။ ပေးနိုင်ခဲတာကို ပေးတယ် (ဒုဒ္ဒဒံ ဒဒါတိ)
၂။ ပြုနိုင်ခဲတာကို ပြုပေးတယ် (ဒုက္ကရံ ကရောတိ)
၃။ သည်းခံ နိုင်ခဲတာကို သည်းခံတယ် (ဒုက္ခမံ ခမတိ)
၄။ ကိုယ့်လျှို့ဝှက်ချက်ကို ဖွင့်ပြောတယ် (ဂုယှမဿ အာဝိ ကရောတိ)
၅။ မိတ်ဆွေရဲ့ လျှို့ဝှက်ချက်ကို လျှို့ဝှက်ပေးတယ် (ဂုယှမဿ ပရိဂုဟတိ)
၆။ ဘေးရန်ကြောင့် မစွန့်ဘူး (အာပဒါသု န ဇဟတိ)
၇။ ပစ္စည်းဥစ္စာ ကုန်ခမ်းချို့တဲ့သွားလို့လည်း မထေမဲ့မြင် မပြုဘူး (ခီဏေန နာတိမညတိ)

🔹 ဆည်းကပ် ပူဇော်ထိုက်တဲ့ မိတ်ဆွေ

ဒီသုတ္တန်ရဲ့ နောက် ကပ်လျက်က သုတ်မှာတော့ "ပေါင်းသင်းအပ်တဲ့ မိတ်ဆွေ" လို့ ဆိုရုံတင် မဟုတ်ဘဲ "မောင်းမဲ နှင်ထုတ်ရင်တောင် ပေါင်းသင်းအပ်၊ ဆည်းကပ်၊ ခစားအပ်တဲ့ မိတ်ဆွေ" (မိတ္တော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော အပိ ပနုဇ္ဇမာနေနပိ) ရဲ့ အင်္ဂါ ၇-ပါးကို ဟောထားပါတယ် (အံ.၇.၃၇၊ ဒုတိယမိတ္တသုတ်)။

၁။ ချစ်ခင် မြတ်နိုးထိုက်တယ် (ပိယော စ ဟောတိ မနာပေါ စ)
၂။ လေးစားထိုက်တယ် (ဂရု စ)
၃။ နှလုံးကို ပွားစေတတ်တယ် (ဘာဝနီယော စ)
၄။ ပြောဆို ဆုံးမတတ်တယ် (ဝတ္တာ စ)
၅။ သူတပါးက ပြောဆိုဆုံးမတာကိုလည်း ခံယူတယ် (ဝစနက္ခမော စ)
၆။ နက်နဲတဲ့ တရားစကားကို ပြောဆိုတတ်တယ်(ဂမ္ဘီရဉ္စ ကထံ ကတ္တာ ဟောတိ)
၇။ မလုပ်သင့်တာကို မလုပ်ခိုင်းဘူး (နော စ အဋ္ဌာနေ နိယောဇေတိ)

ဒီလို မိတ်ဆွေမျိုးကို တတိယအမျိုးအစား မိတ်ဆွေ အဖြစ် Steven Collins က ပြထားပါတယ်။ သူ့ရဲ့ ဆောင်းပါးအကျယ်ကိုတော့ Kalyāṇamitta and Kalyāṇamittatā မှာ ဖတ်နိုင်ပါတယ်။

★ ပညာရှိ (ပဏ္ဍိတ)၊ သူတော်ကောင်း (သပ္ပုရိသ) နဲ့ မိတ်ဆွေကောင်း (ကလျာဏမိတ္တ) တွေက တူ-မတူ ဆိုတာကိုတော့ နောက်မှ ဆက်ရေးပါဦးမယ်...။


Sunday, January 13, 2019

မင်္ဂလသုတ် (၇) - Inspiration, Aspiration and the Goal

ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊
ဧတံ မင်္ဂလမုတ္တမံ။


ကလေးဘဝက သရဲတစ္ဆေတွေကို ကြောက်တဲ့အခါ ဒီဂါထာအပိုဒ်ကလေးကို ရွတ်လေ့ရှိတယ်။ နောင်ကြီးလာတော့ သရဲတစ္ဆေတွေကို မကြောက်တတ်တော့ ပေမယ့်လည်း၊ စိတ်လှုပ်ရှား ပူပန်တဲ့အခါတိုင်း ရွတ်လေ့ရှိပြန်တယ်။ ငယ်စဉ်ကတော့ အဆိုးလောကဓံတွေကို မကြုံတွေ့ရအောင် ဆုတောင်းတဲ့ အနေနဲ့ ရွတ်မိတာများတယ်။ အသက်အရွယ် ရလာတော့ အဆိုးလောကဓံတွေကို မကြုံတွေ့ရအောင် ဆိုတာထက် အဆိုးလောကဓံတွေကို ကြုံတွေ့ချိန်မှာ ရင်ဆိုင်နိုင်မယ့် ခွန်အားမျိုး ရလာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ရွတ်ဖြစ်တော့တယ်။

"အဆိုးလောကဓံတွေကို မကြုံတွေ့ဖို့" ဆိုတာက ဖြစ်နိုင်တာမျိုးမှ မဟုတ်တာ။ မြတ်စွာဘုရား ကိုယ်တော်တောင် အဆိုးလောကဓံ အမျိုးမျိုးကို ကြုံတွေ့ခဲ့ရသေးတာပဲ။ သူ့မျိုးနွယ်စုတွေကို သတ်ဖြတ်၊ သူ့နိုင်ငံကို ဖျက်ဆီးမယ့် ရန်ကို တားဆီးဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ သူ့ယောက္ခမဖြစ်တဲ့ သုပ္ပဗုဒ္ဓရဲ့ ငြိုငြင်မှုကို ခံခဲ့ရတယ်။ သူ့ယောက်ဖ ဒေဝဒတ်ရဲ့ လုပ်ကြံမှုတွေကနေလည်း သီသီလေးလွတ်ခဲ့ရတယ်။ စိဉ္စမာဏ၊ သုန္ဒရီစတဲ့ မိန်းမတွေနဲ့ စွတ်စွဲမှုကိုလည်း ခံခဲ့ရတယ်။ ဝေရဉ္ဇာပြည်မှာ ငတ်မွတ်ခေါင်းပါးမှုဘေးကို ကြုံခဲ့ရတယ်။ အသက်ရွယ်ကြီးလာတော့ သူ့ရဲ့ လက်ရုံးဖြစ်တဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာမောဂ္ဂလာန်၊ သားတော် ရာဟုလာနဲ့ ယသောဓရာထေရီတို့က သူ့အရင် အသီးသီး ပရိနိဗ္ဗာန်စံဝင်သွားကြတယ်။ ဘဝနောက်ဆုံး အချိန်မှာ သွေးဝမ်းရောဂါကြောင့် အားအင်ချိနဲ့ နေတဲ့ကြားက ကုသိနာရုံကို ခြေလျင်ခရီး ကြွခဲ့ရတယ်။ (အချို့ကတော့ ဇာတိမြေ ကပိလဝတ်ကို ခေါင်းချဖို့ ပြန်ရင်း လမ်းခရီး ကုသိနာရုံမှာပဲ လွန်တော်မူခဲ့တယ်လို့ ဆိုတယ်။ ဥပါဒါန်ကို ပယ်သတ်ပြီးတဲ့ မြတ်စွာဘုရားက ဒီလိုအစွဲမျိုး ရှိမှာမဟုတ်လို့ သုဘဒ္ဒကို ချေချွတ်ဖို့ ကုသိနာရုံကို ကြွတယ်ဆိုတာကပဲ ပိုပြီး မှန်ပါလိမ့်မယ်)။

ဘုန်းတော် အနန္တ၊ ကံတော် အနန္တဆိုတဲ့ ဘုရားရှင်တောင် ဒီလို လောကဓံဆိုးတွေကို ကြုံရသေးတာ ဘယ်လိုလူကများ လောကဓံတရားတွေကို ရှောင်ရှားနိုင်မှာလဲ။ ဘုရားရဟန္တာတွေကတော့ အကောင်း လောကဓံတွေကြောင့် စိတ်လှုပ်ရှား၊ မာန်တက်ခြင်း မရှိကြသလို၊ အဆိုးလောကဓံတွေကြောင့်လည်း စိတ်ထိခိုက် ပင်ပမ်းခြင်း၊ ဝမ်းနည်းအားငယ်ခြင်း မဖြစ်ကြဘူး။ လောကဓံ တရားတွေကို တည်ငြိမ်ရင့်ကျက်စွာ ရင်ဆိုင်နိုင်ကြတယ်။ ဘုရားရဟန္တာတွေရဲ့ စိတ်ဓာတ်က မတုန်လှုပ်ဘူး (နကမ္ပတိ)၊ စိုးရိမ်ပူပန်မှု မရှိဘူး (အသောကံ)၊ ပုထုဇဉ်တွေလို လောကဓံတရားကို ရာဂ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတရားတွေနဲ့ မတုန့်ပြန်ကြဘူး။ ကိလေသာ မြူကင်းစဉ်နေတယ် (ဝိရဇံ)၊ စိတ်ကို ချုပ်နှောင်ထားတဲ့ အနှောင်အဖွဲ့တွေက လွတ်မြောက်ပြီးဖြစ်လို့ ဘေးကင်းလုံခြုံနေတယ် (ခေမံ)။

ဘုရားရဟန္တာတွေရဲ့ စိတ်ဓာတ်ကို လေးစားကြည်ညိုတဲ့ စိတ်နဲ့ ဒီဂါထာလေးကို ရွတ်တဲ့အခါ လောကဓံကို ရင်ဆိုင်နိုင်ဖို့ ထိုက်သင့်တဲ့ ခွန်အားမျိုးကို ဖြစ်စေပါတယ်။ ဘုရားရဟန္တာတွေကို စံပြုပြီး ကိုယ်တိုင်လည်း ရင့်ကျက်ခိုင်မာတဲ့ စိတ်ဓာတ်မျိုးတွေ ရရှိလိုတဲ့ ဆန္ဒတွေ ဖြစ်စေပါတယ်။ ဘုရားရဟန္တာတွေရဲ့ "မတုန်လှုပ်တဲ့ စိတ်၊ မပူပန်တဲ့စိတ်၊ မြူကင်းတဲ့စိတ်၊ ဘေးကင်းလုံခြုံတဲ့ စိတ်" က မင်္ဂလသုတ်ရဲ့ နောက်ဆုံး မင်္ဂလာ ၄-ပါးပါ။ တနည်းဆိုရင် မင်္ဂလသုတ်က ခရီးလမ်းပြ မြေပုံတခု ဖြစ်မယ်ဆိုရင် ဒီဂါထာက မင်္ဂလာခရီးရဲ့ လမ်းဆုံးပန်းတိုင်လို့ ဆိုနိုင်ပါတယ်။ ဒီလို စိတ်ဓာတ်မျိုးက ဘုရားရဟန္တာတွေကို "အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္စလီကရဏီယော" စတဲ့ ပူဇော်အထူးကို ခံတော်မူထိုက်တဲ့ ဂုဏ်တွေကို ဆောင်စေပါတယ်။ ဒါကြောင့်လည်း ဒီလို စိတ်ဓာတ်မျိုးကို မင်္ဂလာလို့ ခေါ်ကြောင်း မင်္ဂလသုတ်အဋ္ဌကထာက ရှင်းပြထားတယ်။

ဒီတော့ "လူမိုက်နဲ့ မပေါင်းနဲ့၊ ပညာရှိလိမ္မာနဲ့ ပေါင်း၊ ပူဇော်ထိုက်သူကို ပူဇော်" ဆိုတဲ့ ပထမဂါထာက "မတုန်လှုပ်တဲ့ စိတ်၊ မပူပန်တဲ့စိတ်၊ မြူကင်းတဲ့စိတ်၊ ဘေးကင်းလုံခြုံတဲ့ စိတ်" ဆိုတဲ့ ပန်းတိုင်ဂါထာဆီကို ဦးတည်နေတယ်လို့ ဆိုနိုင်ပါတယ်။

မင်္ဂလသုတ် (၆) - Nurturing the Good Nature

"လူမိုက်နဲ့ မပေါင်းနဲ့" လို့ ဆိုတဲ့နေရာမှာ ပုဂ္ဂလသဘောကို ကျော်ပြီး ဓမ္မသဘောနဲ့ လူမိုက် ဖြစ်ကြောင်းတရားတွေကို မမှီဝဲ မဆည်းကပ်နဲ့ နှစ်သက်-မြတ်နိုး-တန်ဖိုးထားခြင်း မပြုနဲ့လို့ ကောက်ယူနိုင်ကြောင်း ရေးခဲ့တယ်။

ဒါပေမယ့် ဒီလို ဓမ္မရှုထောင့်ကနေ ယူလိုက်ရင် မင်္ဂလသုတ်ရဲ့ ဒေသနာစဉ် ပျက်သွားပါလိမ့်မယ်။ အကုသိုလ်တရားတွေကို မှီဝဲဆည်းကပ်ခြင်း မပြုနဲ့ ကုသိုလ်တရားတွေကို မှီဝဲဆည်းကပ်လို့ ဆိုရင် ဓမ္မသဘောအရ "မကောင်းမှု ရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား" ဆိုတဲ့ ဗုဒ္ဓရဲ့ အဆုံးအမအနှစ်ချုပ်ထဲ အကုန်ပါသွားပြီး နောက်ထပ် မင်္ဂလာတွေကို ဆက်ဟောစရာ မလိုတော့ဘဲ ဖြစ်သွားနိုင်လို့ ဟောစဉ် ဒေသနာစဉ် ပျက်တယ်လို့ ဆိုတာပါ။

ဒုတိယအနေနဲ့ကတော့ ကောင်းဆိုး ခွဲခြားနားမလည်နိုင်သေးတဲ့ ကလေးသူငယ်တွေအတွက် "ဘာက မကောင်းမှု၊ ဘာက ကောင်းမှု၊ ဘယ်သူက လူမိုက်၊ ဘယ်သူက လူလိမ္မာ" လို့သိဖို့ အတွက် မိဘဆရာသမားရဲ့ လမ်းညွှန်မှု လိုအပ်နေလို့ပါ။ ကလေးဆိုတာက သူမြင်တွေ့နေရတဲ့ ပတ်ဝန်းကျင်က အမူအကျင့်၊ ဓလေ့စရိုက်နဲ့ အတွေးအခေါ်တွေကို အတုယူတတ်ကြလို့ပါ။ ပတ်ဝန်းကျင်ရဲ့ သြဇာသက်ရောက်မှု သဘောကို ငါးရာ့ငါးဆယ် ဇာတ်တော်တွေမှာ ရသေ့ရဲ့ ကျောင်းသင်္ခမ်းနဲ့ သူခိုးဓားပြတွေဆီ တကွဲတပြားစီ ရောက်သွားကြတဲ့ ကျေးညီနောင် (ဇာတကအမှတ် ၅၀၃၊ သတ္တိဂုမ္ဗဇာတ်)၊ ခြေခွင်တဲ့ မြင်းထိန်းကြောင့် လိုက်ပြီး ခြေခွင်သွားတဲ့ မင်္ဂလာမြင်း (ဇာတကအမှတ် ၁၈၄၊ ဂီရိဒတ္တဇာတ်)၊ တမာပင်၊ ခွေးတောက်ပင်တို့နဲ့ ရောယှက်ပေါက်လို့ အခါးသီးတွေ သီးလာတဲ့ သရက်ပင် (ဇာတကအမှတ် ၁၈၆၊ ဒဓိဝါဟနဇာတ်) စသဖြင့် ဟောကြားထားတဲ့ ပုံဝတ္ထုတွေ အများကြီး ရှိပါတယ်။



ဒီနေ့ခေတ် Neuroscience နဲ့ Psychology ပညာရှင်တွေရဲ့ သုတေသနအရလည်း ပတ်ဝန်းကျင်ရဲ့ သြဇာလွှမ်းမိုးမှုကို လက်ခံကြပါတယ်။ လူတွေ ပြုမှုပြောဆိုတွေးခေါ်ပုံတွေရဲ့ ၉၅% လောက်ကို သူတို့ရဲ့ မသိစိတ်က လွှမ်းမိုးထားတယ်။ မသိစိတ်ဆိုတာကလည်း မွေးကင်းစကနေ ၇-နှစ်သားအရွယ်အတွင်းမှာ ပုံပေါ်သွားတယ်။ တနည်းဆိုရင် လူတစ်ယောက်ရဲ့ မသိစိတ်ကို ၇-နှစ်အရွယ်အတွင်းမှာ programmed လုပ်ထားတာလို့ ဆိုနိုင်တယ်။ (ဗုဒ္ဓဘာသာအရတော့ မသိစိတ်ဆိုတဲ့ ဝေါဟာရက အငြင်းပွားစရာပါ)။

အမိဝမ်းထဲကနေ စလို့ ၂-နှစ်သားအရွယ်ထိ ကလေးငယ်တွေရဲ့ ဦးနှောက်မှာ delta wave ပိုပြီး အဖြစ်များတယ်။ အရွယ်ရောက်ပြီး လူတစ်ယောက်ဆိုရင် delta wave က အိပ်ပျော်နေတဲ့ အချိန်မှာပဲ ဖြစ်တတ်တယ်။ မွေးစကလေးငယ်လေးတွေက တချိန်လုံး အိပ်နေကြတယ်ဆိုတာက သူတို့ရဲ့ ဦးနှောက်မှာ delta wave တွေပဲ ဖြစ်နေလို့ပါ။ ဒီအရွယ်မှာ ဦးနှောက်က အာရုံငါးပါးကနေတဆင့် ရလာတဲ့ ပတ်ဝန်းကျင်က အချက်အလက်တွေကို စုဆောင်းကူးယူပါတယ်။

၂-နှစ်ကနေ ၆-နှစ်ရောက်တော့ theta wave တွေ အဖြစ်များလာတယ်။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဆိုရင် theta wave က စိတ်ညှို့ခံထားရတဲ့ အချိန်၊ တရားထိုင်တဲ့ အချိန်နဲ့ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေတဲ့ အချိန်မှာပဲ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ဒီအရွယ်ကလေးငယ်တွေက ပြင်ပလောကနဲ့ သူတို့ရဲ့ အဇ္ဈတ္တလောကကို ရောယှက်နေတဲ့ စိတ်ကူးယဉ် ကမ္ဘာလေးထဲမှာ နေတတ်ကြပါတယ်။ စိတ်ညှို့ခံထားရသလို ဖြစ်နေတာကြောင့် တိရစ္ဆာန် အရုပ်ကလေးတွေနဲ့ ကစားနေတဲ့ ကလေးတစ်ယောက် အတွက်တော့ ဒီအရုပ်ကလေးတွေက တကယ့် တိရစ္ဆာန်လေးတွေနဲ့ သိပ်မခြားနားလှပါဘူး။ ဒီအရွယ်မှာ သူတို့ရဲ့ ဦးနှောက်က ယုတ္တိနည်းလမ်းကျ စဉ်းစားဖို့ထက် ဘာမဆို လက်ခံသင်ယူဖို့ တံခါး အပြည့်ဖွင့်ထားပါတယ်။ ဒါကြောင့် ပညာရေးအတွက် အရေးအပါဆုံး အရွယ်လို့ ဆိုလေ့ရှိပါတယ်။ ယုံကြည်မှု၊ ဓလေ့စရိုက် အတော်များများကလည်း ဒီအရွယ်မှာ ပုံပေါ်လာပါတယ်။ ၅-နှစ်ကနေ ၈-နှစ်မှာ ပတ်ဝန်းကျင်ကို ဆန်းစစ်သုံးသပ် အဓိပ္ပါယ်ဖော်ရာမှာ ဖြစ်လေ့ရှိတဲ့ alpha wave တွေက ပိုအဖြစ်များလာပြီး ၈-နှစ်ကျော်ရင်တော့ ယုတ္တိနည်းကျ စဉ်းစားတဲ့အခါမှာ ဖြစ်တဲ့ beta wave တွေက တဖြည်းဖြည်း ပိုပြီး လွှမ်းမိုးသွားပါတယ်။

ဒါကြောင့် သင်ယူမှုအတွက် တံခါး အပြည့်ဖွင့်ထားတဲ့ ကလေးငယ်ဘဝမှာ "လူမိုက်နဲ့ မပေါင်းဘဲ၊ လူလိမ္မာ ပညာရှိနဲ့ပေါင်းပြီး၊ ပူဇော်ထိုက်သူကို ပူဇော်" စေတာက ကလေးတွေကို ဘာကို တန်ဖိုးထားမြတ်နိုးရမလဲဆိုတဲ့ ကိုယ်ကျင့်တရားရဲ့ အခြေခံကို ပြုစုပျိုးထောင်ရာ ရောက်ပါတယ်။ ငယ်စဉ်က ဒီလို အရည်အသွေးတွေ မရခဲ့ရင် အမှားကို အမှန်ထင်တတ်ကြပြီး၊ ဒီလို အရည်အသွေးတွေ ခိုင်မာနေပါမှ ပတ်ဝန်းကျင်ဆိုးတွေရဲ့ ဆွဲဆောင် လွှမ်းမိုးမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်မှာ ဖြစ်ပါတယ်။




မင်္ဂလသုတ် (၅) - What to be followed and What Not to be followed

မင်္ဂလသုတ်နဲ့ စပ်ပြီး ဖတ်မိဖတ်ရာ၊ တွေးမိတွေးရာလေးတွေကို ရေးတင်နေပေမယ့် … ရှေ့ကို သိပ်မဆက်နိုင်ဘဲ ဖြစ်နေတယ်။ "အသေဝနာစ ဗာလာနံ" ကို မကျေလည်သေးဘဲ၊ "ပူဇာစ ပူဇနေယျာနံ" ကို ဆက်သွားလို့မှ မရတာ။

▬▬▬▬▬

"သေဝနာ" ဆိုတဲ့ ပုဒ်က "အားရ-နှစ်သက်-မြတ်နိုးခြင်း၊ မှီဝဲ-သုံးဆောင်-ခံစားခြင်း၊ မှီခို-ဆည်းကပ်ခြင်း" ဆိုတဲ့ အဓိပ္ပါယ်တွေရတဲ့ "သေဝေါ" ဓာတ် (√sev) က ဆင်းသက်လာတာပါ။ ဒါကြောင့် "အသေဝနာ" ကို မြန်မာလို ခပ်လွယ်လွယ် "မပေါင်းသင်းခြင်း" လို့ ဘာသာပြန်နိုင်ပေမယ့် ရှေးဆရာတော်တွေကတော့ "မမှီဝဲ မဆည်းကပ်ခြင်း" လို့ ဘာသာပြန်ခဲ့ကြတာပါ။

လူမိုက်နဲ့ မပေါင်းပေမယ့် လူမိုက်တွေရဲ့ အမူအကျင့်၊ အပြောအဆို၊ အတွေးအခေါ်၊ စံတွေကို အားကျ နှစ်သက် တန်ဖိုးထား နေမယ်ဆိုရင်ရော "အသေဝနာစ ဗာလာနံ" မင်္ဂလာနဲ့ ပြည့်စုံတယ်လို့ ဆိုနိုင်ပါ့မလား။ မင်္ဂလသုတ်ရဲ့ ဒေသနာစဉ်နဲ့ တိုက်ရိုက် အနက်သဘောအရကတော့ "လူမိုက်" ဆိုတဲ့ လူပုဂ္ဂိုလ်ကို မမှီဝဲ မဆည်းကပ်ခြင်းကိုသာ ဆိုလိုပါတယ်။ ဒါပေမယ့် ပုဂ္ဂလရှုထောင့်ကို ကျော်ပြီး ဓမ္မရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ လူမိုက်ဖြစ်ကြောင်း "အကျင့်စရိုက်၊ အတွေးအခေါ်၊ အသက်မွေးမှု" တွေကိုလည်း မမှီဝဲ မဆည်းကပ်ထိုက်ဘူး၊ နှစ်သက်-မြတ်နိုး-တန်ဖိုးထားခြင်း မပြုထိုက်ဘူးလို့ ကောက်ယူနိုင်ပါတယ်။ တဆင့်ထပ်ပြီး ချဲ့ရရင် မကောင်းတဲ့ "အကျင့်စရိုက်၊ အတွေးအခေါ်၊ အသက်မွေးမှု" တွေကို တွန်းပို့နေတဲ့ "ကျက်စားရာ အာရုံ၊ မြို့ရွာ၊ နိုင်ငံ၊ လူပုဂ္ဂိုလ်" တွေကိုပါ မမှီဝဲ မဆည်းကပ်ထိုက်တဲ့ စာရင်းထဲသွင်းရမှာပါ။ အချုပ် သဘောကတော့ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရား ဆုတ်ယုတ်စေမယ့် အရာတွေအားလုံးက မမှီဝဲမဆည်းကပ်ထိုက်တဲ့ အရာတွေချည်းပါပဲ။

▬▬▬▬▬

[ မမှီဝဲမဆည်းကပ်ထိုက်တဲ့ အကျင့်စရိုက်က စလို့ အသက်မွေးမှု၊ မြို့ရွာ၊ နိုင်ငံ၊ ပုဂ္ဂိုလ်အထိ မဇ္ဈိမနိကာယ်၊ သေဝိတဗ္ဗာသေဝိတဗ္ဗသုတ်မှာ (သုတ်အမှတ် ၁၁၄) အကျယ်တဝင့် ဟောထားပါတယ်။ ဒုစရိုက် ၁၀-ပါးရဲ့သဘောသရုပ်အပြင် psychology ရှုထောင့် sociology ရှုထောင့်တွေရော စုံလင်လှတာမို့ စိတ်ဝင်စားသူများ ဖတ်ကြည့်ကြဖို့ ညွှန်းချင်ပါတယ်။ ]

မင်္ဂလသုတ် (၄) - Charateristics of the Foolish

"ဗာလ" ဆိုတာ ဘယ်လိုလူမျိုးလဲလို့ သိနိုင်မယ့် ဗာလလက္ခဏာတွေကို အင်္ဂုတ္တရနိကာယ် တိကနိပါတ် ဗာလဝဂ်မှာ ဟောထားတာ ရှိပါတယ်။

အသိလွယ်ဆုံး ခွဲခြားနည်းကတော့ ကာယဒုစရိုက် ၃-ပါး ကို ပြုလေ့ရှိသူ၊ ဝစီဒုစရိုက် ၄-ပါးကို ဆိုလေ့ရှိသူ၊ မနောဒုစရိုက် ၃-ပါးကို ကြံလေ့ရှိသူကို လူမိုက်လို့ သတ်မှတ်တာပါပဲ။

"ဗာလ" အဓိပ္ပါယ်သတ်မှတ်ချက် အချို့ (အထူးသဖြင့် ငါးရာ့ငါးဆယ် ဇာတ်တော်ထဲက အကိတ္တိရသေ့ရဲ့ မှတ်ချက်က) စိတ်ဝင်စားဖို့ ကောင်းပေမယ့် လူမိုက်ဋီကာ ဆက်မဖွင့်တော့ပါဘူး။ ထုတ်ထားဖူးတဲ့ မှတ်စုအချို့ကိုပဲ စိတ်ဝင်စားသူတွေအတွက် မူရင်းအတိုင်း မျှဝေလိုက်ပါတယ်။


▬▬▬▬▬

★ ဗာလာနန္တိ ဗလန္တိ အဿသန္တီတိ ဗာလာ, အဿသိတပဿသိတမတ္တေန ဇီဝန္တိ, န ပညာဇီဝိတေနာတိ အဓိပ္ပါယော (√bal = to live) - အသက် ရှုရှိုက်နေရုံမျှ အသက်ရှင်သော သူ၊ ပညာဖြင့် အသက်မရှင်သော သူကို လူမိုက်ဟု ခေါ်သည်။ (မင်္ဂလသုတ် အဋ္ဌကထာ)

★ ဣမေ ဟိ သတ္တာ ဇာတဒိဝသတော ပဋ္ဌာယ ယာဝ ပဉ္စဒသဝဿကာ တာဝ “ကုမာရကာ ဗာလာ” တိ ဝုစ္စန္တိ - မွေးကင်းစမှသည် ၁၅-နှစ်အထိကို ငယ်ရွယ်နုပျိုသော လူငယ်၊ ကလေးသူငယ်ဟု ခေါ် (ဥဒါန်းအဋ္ဌကထာ)

★ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက် သုံးပါးတို့နှင့် ပြည့်စုံသောသူသည် လူမိုက်မည်၏ (အံ.၃.၂၊ လက္ခဏသုတ်)

★ လူမိုက်ဟူသည် မကောင်းသော အကြံကို ကြံလေ့ရှိသည် (ဒုစ္စိန္တိတစိန္တီ)၊ မကောင်းစကားကို ဆိုလေ့ရှိသည်၊ မကောင်းသော အမှုကို ပြုလေ့ရှိသည် (ဒုက္ကဋကမ္မကာရီ)။ (အံ.၃.၃၊ စိန္တီသုတ်။ မ.၃.၂၄၆၊ ဗာလပဏ္ဍိသုတ်)

★ မိမိ အပြစ်ကို အပြစ်ဟု မမြင် (အစ္စယံ အစ္စယတော န ပဿတိ)၊ အပြစ်ကို အပြစ်ဟု မြင်သော်လည်း တရားသဖြင့် မကုစား (အစ္စယံ အစ္စယတော ဒိသွာ ယထာကမ္မံ နပ္ပဋိကရောတိ)၊ သူတပါးတို့က အပြစ်ကို ဝန်ခံပြောကြားသည်ကိုလည်း တရားသဖြင့် မခံယူ (ပရဿ အစ္စယံ ဒေသန္တဿ ယထာဓမ္မံ နပ္ပဋိဂ္ဂဏှာတိ) - ထိုသူသည် လူမိုက်မည်၏။

★ မသင့်လျော်သော အကြောင့်အားဖြင့် ပုစ္ဆာကို မေးမြန်းတတ်သည် (အယောနိသော ပဥှံ ကတ္တာ ဟောတိ)။ မသင့်လျော်သော အကြောင်းအားဖြင့် ပုစ္ဆာကို ဖြေကြားတတ်သည် (အယောနိသော ပဥှံ ဝိဿဇ္ဇေတာ ဟောတိ)။ သူတပါးက သင့်လျော်သော အကြောင့်အားဖြင့် ပြည့်စုံ ပြေပြစ်စွာ ဖြေဆိုအပ်သည်ကို ဝမ်းမြောက်ချီးမွမ်းခြင်း မပြု (ပရဿ ယောနိသော ပဥှံ ဝိဿဇ္ဇိတံ ပရိမဏ္ဍလေဟိ ပဒဗျဉ္ဇနေဟိ သိလိဋ္ဌေဟိ ဥပဂတေဟိ နာဗ္ဘနုဗောဒိတာ ဟောတိ)။ (အံ.၃.၅၊ အယောနိသောသုတ်)

★ လူမိုက်သည် ဉာဏ်ဖြင့် မစိစစ် မသက်ဝင်ဘဲ (အနနုဝိစ္စ အပရိယောဂါဟေတွာ) ကဲ့ရဲ့ထိုက်သည်ကို ချီးမွမ်း၍၊ ချီးမွမ်းထိုက်သည်ကို ကဲ့ရဲ့သည်။ မကြည်ညိုထိုက်သည်ကို ကြည်ညို၍၊ ကြည်ညိုထိုက်သည်ကို မကြည်ညို။ အမိအဖတို့၌ မှားယွင်းသောအကျင့်ကို ကျင့်သည် (မိစ္ဆာပဋိပဇ္ဇမာန) (အံ.၂.၁၃၅၊ ၁၃၆၊ ၁၃၇)

★ ကျရောက်လာမည့် အန္တရာယ်ကို ကြောက်ရွံ့ထိပ်လန့်ရသည့် ဘေး (ဘယ)၊ အန္တရာယ်ကျရောက်သည့် အခါ ကသောင်းကနင်း မတည်မငြိမ်ဖြစ်ရသည့် ဒုက္ခ (ဥပဒ္ဒဝ)၊ အန္တရာယ်ကျပြီးေသောအခါ အမှောင့်ပူးသလို စွဲကပ်ကျန်ခဲ့သည့် ပူဆွေးဝမ်းနည်းမှု (ဥပသဂ္ဂ) တို့သည် လူမိုက်တို့ ကြောင့်သာ ဖြစ်ရသည်။ ပညာရှိကြောင့် မဖြစ်။ အမှိုက်ကစ ပြဿာဒ် မီးလောင်သကဲ့သို့တည်း။ ထို့ကြောင့် ဆင်ခြင်တုံတရားရှိသော ပညာရှိဖြစ်အောင် ကျင့်အံ့ဟု လေ့ကျင့်အပ်သည် (အံ-၃-၁၊ ဘယသုတ်။ မ-၃-၁၂၄၊ ဗဟုဓာတုကသုတ်)

ဘယ၊ ဥပဒ္ဒဝ၊ ဥပသဂ္ဂ သုံးမျိုးကို ဘိက္ခုဉာဏမောဠိက fears, troubles, calamities ဟု၎င်း၊ ဘိက္ခုဗောဓိက perils, calamities and misfortune ဟု၎င်း ဘာသာပြန်ထားသည်။ ဘိက္ခုဉာဏမောဠိ၏ ဘာသာပြန်က ပို၍ သင့်တော်သည် ထင်ရ၏။

"အနယံ နယတိ ဒုမ္မေဓော၊ အဓုရာယံ နိယုဉ္ဇတိ။
ဒုန္နောယော သေယျသော ဟောတိ၊ သမ္မာ ဝုတ္တော ပကုပ္ပတိ။
ဝိနယံ သော န ဇာနာတိ၊ သာဓု တဿ အဒဿနံ"
(ဇာတက-အမှတ် ၄၈ဝ၊ ၁.၂၃.၉၁ အကိတ္တိဇာတ်)

"ပညာမဲ့သူသည် နည်းလမ်းမဟုတ်သည်ကို နည်းလမ်းအဖြစ် ဆောင်ယူသည် (အနယံ နယတိ ဒုမ္မေဏော)။ ကိုယ့်တာဝန် မဟုတ်သည်ကို တာဝန်အဖြစ် အားထုတ်သည် (အဓုရာယံ နိယုဉ္ဇတိ)။ နည်းလမ်းမကျသည်ကိုသာ အဟုတ်လုပ်၍ အမြတ်တနိုးထားသည် (ဒုန္နယော သေယျောသော ဟောတိ)။ တဖက်သားက အကြောင်းအကျိုးပြ၍ ပြောသည်ကို လက်မခံဘဲ စိတ်ဆိုးသည် (သမ္မာ ဝုတ္တော ပကုပ္ပတိ)။ လူ့ကျင့်ဝတ်စည်းကမ်းကို နားမလည် (ဝိနယံ သော န ဇာနာတိ)။ ထိုလူမိုက်မျိုးကို မတွေ့မမြင်ရသည်သာ ကောင်း၏" ဟု အကိတ္တိရသေ့က မှတ်ယူသည်။

အကရောန္တောပိ စေ ပါပံ, ကရောန္တမုပသေဝတိ;
သင်္ကိယော ဟောတိ ပါပသ္မိံ, အဝဏ္ဏော စဿ ရူဟတိ။
[…]
ပူတိမစ္ဆံ ကုသဂ္ဂေန, ယော နရော ဥပနယှတိ။
ကုသာပိ ပူတိ ဝါယန္တိ, ဧဝံ ဗာလူပသေဝနာ။

မကောင်းမှုကို မပြုသော်လည်း ပြုသူကို မှီဝဲဆည်းကပ်ပါက မကောင်းမှု၌ ယုံမှားခံရ၏။ မကောင်းသတင်း ကျော်စောခြင်းလည်း ထိုသူ့အပေါ်သို့ ရောက်၏။

ငါးပုပ်ကို သမန်းမြက်ဖြင့် ထုတ်သဖြင့် သမန်းမြက်သည် အပုပ်နံ့ လှိုင်သကဲ့သို့ လူမိုက်ကို ပေါင်းဖော် မှီဝဲ ဆည်းကပ်သော (ဗာလူပသေဝနာ) ထိုသူသည် ငါးပုပ်ကို ထုတ်သော သမန်းမြက်နှင့် တူ၏။ (ဣတိ.၇၆။ ဇာတက-အမှတ် ၅ဝ၃၊ သတ္တိဂုမ္ဗဇာတ်။ ဇာတက-အမှတ် ၅၄၅၊ မဟာနာရဒဇာတ်)

ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာနံ သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ။ (ဓမ္မပဒ.၆၀)

အိပ်မပျော်ဘဲ နိုးနေသူအား ညတာသည် ရှည်၏။ ခရီးပန်းသူအား ယူဇနာခရီးသည် ရှည်၏။
သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အား သံသရာသည် ရှည်၏။

စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။
ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။ (ဓမ္မပဒ.၆၀)
တရားကျင့်သူသည် မိမိထက်သာလွန်သော မိမိနှင့် တူမျှသော မိတ်ဆွေကို မရနိုင်ပါက တစ်ယောက်တည်း ကျင့်ခြင်းကိုသာလျှင် မြဲမြံစွာ ပြုရာ၏။ လူမိုက်၌ မိတ်ဆွေကောင်းအဖြစ် မရရှိနိုင်။

ယော ဗာလော မညတိ ဗာလျံ၊ ပဏ္ဍိတော ဝါပိ တေန သော။
ဗာလော စ ပဏ္ဍိတမာနီ၊ သ ဝေ ''ဗာလော''တိ ဝုစ္စတိ။ (ဓမ္မပဒ.၆၃)

လူမိုက်သည် မိမိ၏ လူမိုက်အဖြစ်ကို သိခြင်းကြောင့် ပညာရှိ ဖြစ်နိုင်သေး၏။ မိမိကိုယ်ကို ပညာရှိထင်နေသော လူမိုက်ကိုကား လူမိုက် အစစ်ဟု ဆိုအပ်သည်။

ယာဝဇီဝမ္ပိ စေ ဗာလော၊ ပဏ္ဍိတံ ပယိရုပါသတိ။
န သော ဓမ္မံ ဝိဇာနာတိ၊ ဒဗ္ဗီ သူပရသံ ယထာ။ (ဓမ္မပဒ.၆၄)

လူမိုက်သည် ပညာရှိကို တသက်ပတ်လုံး ဆည်းကပ်နေရသော်လည်း တရားကို မသိနိုင်။ ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့တည်း။

မဓုဝါ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ။ (ဓမ္မပဒ.၆၉)

မကောင်းမှု အကျိုးမပေးသေးသမျှ ကာလပတ်လုံး လူမိုက်သည် မကောင်းမှုကို ပျားသကာသို့ ထင်မှတ်နေတတ်၏။ မကောင်းမှု ရင့်ကျက်အကျိုးပေးသောအခါမှ ဆင်းရဲသို့ ရောက်ရသည်။

ဌာနဥှိ မညတိ ဗာလော, ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ, အထ ဒုက္ခံ နိဂစ္ဆတိ။ (သံ.၁.၁၂၆၊ ဒုတိယသင်္ဂါမသုတ်)

မကောင်းမှု အကျိုးမပေးသေးသမျှ ကာလပတ်လုံး လူမိုက်သည် မကောင်းမှုကို အဟုတ်ထင်နေတတ်၏ (သင့်သော အကြောင်းဟု ထင်နေတတ်၏)။ မကောင်းမှု ရင့်ကျက်အကျိုးပေးသောအခါမှ ဆင်းရဲသို့ ရောက်ရသည်။

ယာဝဒေဝ အနတ္ထာယ၊ ဉတ္တံ ဗာလဿ ဇာယတိ။
ဟန္တိ ဗာလဿ သုက္ကံသံ၊ မုဒ္ဓမဿ ဝိပါတယံ။ (ဓမ္မပဒ.၇၂)

လူမိုက်၏ အတတ်ပညာ (အတတ်ပညာကြောင့် ဖြစ်သော ကျော်စောမှု) သည် အကျိုးမဲ့ရန်သာ ဖြစ်၏။ လူမိုက်၏ ဖြူစင်သော ကောင်းမှုတို့ကို ဖျက်ဆီး၍ (ပညာနှင့်တူသော) ဦးထိပ်ကို ပြတ်ကျစေ၏။

အသဗ္ဗတ္ထဂါမိံ ဝါစံ, ဗာလော သဗ္ဗတ္ထ ဘာသတိ;
နာယံ ဒဓိံ ဝေဒိ န မညတိ နင်္ဂလီသန္တိ။ (ဇာတက.၁၂၃၊ နင်္ဂလီသဇာတ်)

လူမိုက်သည် ခပ်သိမ်း မဆိုအပ်သည်ကို ခပ်သိမ်း ဆို၏။ နို့ဓမ်းသည် ထွန်တုံးနှင့် မတူသည်ကို မသိ။ အတူထား၍ ပြောဘိ၏။

မင်္ဂလသုတ် (၃) - Not Associating with the Foolish

မင်္ဂလသုတ်က “လူမိုက်ကို ရှောင်၊ ပညာရှိကို ပေါင်း၊ ပူဇော်ထိုက်သူကို ပူဇော်” ဆိုတဲ့ ပထမဆုံး မင်္ဂလာသုံးပါးကို လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ဖို့အတွက် မှား-မှန် ကောင်း-ဆိုး ခွဲခြားဆုံးဖြတ်နိုင်တဲ့ ဆင်ခြင်တုံတရား လိုအပ်တယ်လို့ အရင်ပို့စ်မှာ ရေးခဲ့ပါတယ်။

ဒီဆင်ခြင်တုံတရားမျိုးက အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မြင်တဲ့ ဝိပဿနာပညာမျိုး မဟုတ်သေးသလို၊ နိဗ္ဗာန်ကို မြင်တဲ့ မဂ်ပညာမျိုးနဲ့ဆိုရင် ပိုပြီး အလှမ်းဝေးပါသေးတယ်။ ဒါပေမယ့် ဒီဆင်ခြင်တုံတရားက နေ့စဉ်ဘဝမှာ ကိုယ် ဘာကို တန်ဖိုးထားမလဲ၊ ဘာကို ရွေးချယ်မလဲ၊ ဘယ်လို ပြုမူ ပြောဆို တွေးကြံမလဲ ဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။

“ဗာလ” ဆိုတဲ့ ပုဒ်ကို ယေဘုယျအားဖြင့် “လူမိုက်” လို့ ဘာသာပြန်လေ့ရှိပါတယ်။ ပါဠိစကားမှာ “ဗာလ” က “လူမိုက်” အပြင် “ကလေး၊ လူငယ်” ဆိုတဲ့ အဓိပ္ပါယ်လည်း ရပါသေးတယ်။ ဒီအဓိပ္ပါယ် နှစ်မျိုးစလုံး ပါအောင် ယူပြီး ဗာလကို “မရင့်ကျက်သေးသူ” လို့ ဘာသာပြန်ရင်လည်း ရနိုင်ပါတယ်။ သီလ၊ သမာဓိ၊ ပညာ မရင့်ကျက်သေးသူတွေကို ဆိုလိုတာပါ။ ဒီလို မရင့်ကျက်သေးသူတွေကို ရှောင်ရမှာလား။ ဘယ်လို မပေါင်းဘဲ နေရမှာလဲ၊ ဘာကြောင့်လဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

“လူမိုက်ကို ရှောင်၊ ပညာရှိကို ပေါင်း၊ ပူဇော်ထိုက်သူကို ပူဇော်” ဆိုတဲ့ မင်္ဂလာတရားနဲ့ ဆက်စပ်ကြည့်နိုင်မယ့် သုတ္တန် တပုဒ် (အံ-၃-၂၆၊ ပုဂ္ဂလဝဂ်၊ သေဝိတဗ္ဗသုတ်) ရှိပါတယ်။

  • မိမိထက် သီလ၊ သမာဓိ၊ ပညာ နိမ့်ကျသူတွေကို ကူညီစောင့်ရှောက်ခြင်းမှ အပ မှီဝဲဆည်းကပ်ခြင်း မပြုထိုက်။
  • မိမိနဲ့ သီလ၊ သမာဓိ၊ ပညာ တူသူတွေကိုတော့ မှီဝဲဆည်းကပ်ထိုက်တယ်။ မိမိနဲ့ သီလ၊ သမာဓိ၊ ပညာ တူတဲ့အတွက် သီလ၊ သမာဓိ၊ ပညာနဲ့ စပ်တဲ့ စကားကို အစဉ်မပြတ် ဆွေးနွေးတိုင်ပင်နိုင်ပြီး စိတ်ချမ်းသာစွာ နေရမယ်။
  • မိမိထက် သီလ၊ သမာဓိ၊ ပညာ သာသူတွေကိုတော့ အရိုအသေ အလေးအမြတ်ပြုပြီး မှီဝဲဆည်းကပ်ထိုက်တယ်။ ဒါမှ ကိုယ့်မှာ မရှိသေးတဲ့ သီလ၊ သမာဓိ၊ ပညာတွေ ရရှိလာနိုင်သလို၊ ကိုယ့်မှာ ရှိနှင့်ပြီး ဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာတွေကို ချီးမြောက်ပေးရာလည်း ရောက်တယ်။

ဒီသုတ္တန်ရဲ့ လမ်းညွှန်ချက်အရ လူမိုက်ဆိုတာက ခိုးဆိုးသတ်ဖြတ်နေတဲ့ လူမိုက်တွေကိုသာ ဆိုလိုတာ မဟုတ်သလို၊ မပေါင်းသင်း မဆည်းကပ်ရဆိုတာကလည်း အဖက်မလုပ်ဘဲ ရှောင်ကြဉ်ခြင်းမျိုး မဟုတ်ဘူး ဆိုတာ သိနိုင်ပါတယ်။ ရှောင်တယ်ဆိုတာက မရင့်ကျက်သေးသူတွေရဲ့ သီလ၊ သမာဓိ၊ ပညာကို စံအဖြစ်ထားပြီး မပေါင်းသင်းဖို့၊ သူတို့ဆီက ဓာတ်တွေ ကိုယ်ဆီ ကူးမလာဖို့ပါ။ သူတို့ကို သနားကရုဏာစိတ်နဲ့ ရင့်ကျက်လာအောင် ကူညီပေးလို့ ရပါတယ်။

ဒါပေမယ့် သီလ၊ သမာဓိ၊ ပညာ မရင့်ကျက်သေးတဲ့ “ဗာလ” အဆင့်ကို ကျော်ပြီး၊ လူ့ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက် အန္တရာယ်ပြုနေတဲ့ “ပါပ” လို့ ခေါ်တဲ့ လူယုတ်မာတွေလည်း ရှိတတ်ပါသေးတယ်။ ဒီလိုလူယုတ်မာတွေနဲ့ ဆက်ဆံရာမှာတော့ လူ့စည်း, ဘီလူးစည်း ပြတ်သားဖို့ လိုလာပါတယ်။ မဟုတ်ရင် ဒီလူယုတ်မာတွေကို အကြောင်းပြုပြီး ပတ်ဝန်းကျင်ရဲ့ အထင်အမြင်လွဲမှားမှုကို ခံရနိုင်ပါတယ်။ မိမိရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်ပါတယ်။

ဒါကြောင့် ဘုရားရှင်က ရှင်ဒေဝဒတ်ကို ပကာသနီယကံပြုပြီး သူရဲ့ လုပ်ရပ်များသည် ဘုရား၊ တရား၊ သံဃာနှင့် မဆိုင်လို့ ပြတ်ပြတ်သားသား ကြေညာစေခဲ့တယ်။ ရဟန်းတော်တွေကို ဆဲရေးခြိမ်းခြောက်ပြီး၊ ဂုဏ်သိက္ခာကျအောင် မဟုတ်မဟုတ် လုပ်ကြံ စွတ်စွဲပြောဆိုသူတွေကိုလည်း ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ဖို့ ဝိနည်း ဥပဒေ ပြဋ္ဌာန်းခဲ့ပါတယ်။

P.S.
"လူမိုက်ကို မပေါင်းနဲ့" ဆိုရာမှာ လူမိုက်ကို စံနမူနာထား ဆရာတင်ပြီး အတုမယူဖို့ (န ဒိဋ္ဌာနုဂတိံ အာပဇ္ဇတိ) က လိုရင်းပါ။ လူမိုက်တိုင်းကို အဆက်အဆံ မလုပ်ရဘူးလို့ ယူဆလို့ မရပါဘူး။

  • အချို့လူမိုက်မျိုးကို မေတ္တာကရုဏာနဲ့ ဆက်ဆံရပါတယ်။
  • အချို့ အရမ်း sensitive ဖြစ်ပြီး ဒေါသကြီးတဲ့ လူမိုက်မျိုးကိုတော့ လျစ်လျူရှုပြီး ဆက်ဆံရပါတယ်။
  • ပါပဓမ္မ ရှိတဲ့ လူမျိုးကိုတော့ စက်ဆုပ်ရွံရှာဖွယ် အဖြစ်သဘောထားပြီး ရှောင်ရပါတယ်။ ဒီလိုလူမျိုးနဲ့ စပ်ပြီး ဇိဂုစ္ဆိတဗ္ဗတသုတ်မှာ (အံ.၃.၂၇) "မစင်တွင်းထဲကျနေတဲ့ မြွေကို ဆယ်ရင် မြွေက မကိုက်တောင် မစင်တော့ လူးလိမ့်မယ်" ဆိုတဲ့ ဥပမာနဲ့ ဘုရားက သတိပေးပါတယ်။ ကိုယ်က သူ့ကို စံထားပြီး အတုလိုက်လုပ်တာ မဟုတ်ဘူးဆိုပေမယ့် သူ့ကို အကြောင်းပြုပြီး ကိုယ့်ဂုဏ်သိက္ခာ ကျဆင်းနိုင်လို့ပါ။

မင်ဂလသုတ် (၂) - Values, Choices & Prudence

အသေဝနာစ ဗာလာနံ၊ 
ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာစ ပူဇနေယျာနံ၊ 
ဧတံ မင်္ဂလမုတ္တမံ။

၃၈-ဖြာမင်္ဂလာမှာ “လူမိုက်ကို ရှောင်၊ ပညာရှိကို ပေါင်း၊ ပူဇော်ထိုက်သူကို ပူဇော်” ဆိုတဲ့ မင်္ဂလာသုံးပါးနဲ့ စပါတယ်။ ယေဘုယျ အားဖြင့်တော့ ဒီသုံးပါးကို ပေါင်းသင်းဆက်ဆံရေးနဲ့ ဆိုင်တဲ့ မင်္ဂလာအဖြစ် သတ်မှတ်ကြတယ်။ တကယ်တမ်း ပြောမယ်ဆိုရင် ဒီမင်္ဂလာသုံးပါးက ပညာရေးရဲ့ အခြေခံ မင်္ဂလာသုံးပါးလို့ ဆိုလို့ ရပါတယ်။

လူမိုက်ကို ရှောင်ဖို့၊ ပညာရှိကို ပေါင်းဖို့၊ ပူဇော်ထိုက်သူကို ပူဇော်ဖို့ဆိုတာက ဘယ်သူက လူမိုက်၊ ဘယ်သူက ပညာရှိ၊ ဘယ်သူက ပူဇော်ထိုက်သူလို့ သိဖို့လိုလာပါတယ်။ အမှား၊ အမှန်၊ အကောင်း၊ အဆိုးကို သိတယ်ဆိုတာက ပညာပါ။ ဒီမင်္ဂလာသုံးပါးကို လိုက်နာကျင့်သုံးဖို့အတွက် “ကိုယ်ဘာကို တန်ဖိုးထားသလဲ၊ ဘာကို တန်ဖိုးထားသင့်သလဲ၊ ဘာကို ရွေးချယ်ရမလဲ” ဆိုတဲ့ မေးခွန်းတွေကို စဉ်းစားဆင်ခြင် အဖြေရှာဖို့ လိုလာပါတယ်။ အသိဉာဏ်နည်းသေးတဲ့ ကလေးငယ်တွေကိုတော့ "ဘယ်လို လူကို ပေါင်း၊ ဘယ်လိုလူမျိုးကို ရှောင်၊ ဘယ်လို လူမျိုးကို ဦးချ၊ အရိုသေးပေး" လို့ မိဘကနေ ညွှန်ပြပေးရပါတယ်။ အရွေးမမှားအောင် ဆုံးမပေးရပါတယ်။ ကိုယ်တိုင်လည်း မိဘနဲ့ ဆရာတွေရဲ့ လမ်းညွှန်မှုအောက်မှာ အမှားအမှန်၊ အကောင်းအဆိုး တန်ဖိုးဖြတ်တတ် ရွေးချယ်နိုင်တဲ့ အသိပညာကို ရအောင် သင်ယူရပါတယ်။ ကိုယ်တိုင်လည်း စဉ်းစားတွေးခေါ် သင်ယူရပါတယ်။ လက်တွေ့ဘဝမှာလည်း သင်ယူကြရပါတယ်။

ဒီပညာမျိုးက ကိုယ်ကျင့်တရားရဲ့ အခြေခံ ဖြစ်ပါတယ်။ ကိုယ်ကျင့်သီလဆိုတာက “အရိယသစ္စာကို သိမြင်ခြင်း” ဆိုတဲ့ အဆင့်မြင့်ပညာမျိုးရဲ့ အခြေခံ ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် မင်္ဂလသုတ် တစ်ခုလုံးက လူမမယ် ကလေးဘဝက စလို့ သစ္စာသိမြင် နိဗ္ဗာန်ဝင်တဲ့အထိ အဆင့်ဆင့် လျှောက်လှမ်းရမယ့် ပညာရေးဖြစ်စဉ် တစ်ခုလို့ ဆိုရမှာပါ။

 

မင်္ဂလသုတ် (၁) - Demystifying the Blessings

အတိတ်နိမိတ် မကောင်းရင်၊ အိပ်မက်ဆိုး မက်ရင်၊ ဂြိုဟ်စီး ဂြိုဟ်နင်း မကောင်းရင် ပရိတ်ကြီး ၁၁-သုတ်အနက်က ပုဗ္ဗာဏှသုတ်ပရိတ်ကို ရွတ်ဖတ်သရဇ္ဈာယ်လေ့ ရှိကြပါတယ်။ ထို့အတူပဲ မွေးနေ့၊ ကင်ပွန်းတတ်စတဲ့ မင်္ဂလာယူရမယ့် နေ့မျိုးတွေမှာ ပုဗ္ဗာဏှသုတ်ကို ရွတ်လေ့ရှိပါတယ်။ ပုဗ္ဗာဏှသုတ် တရားကိုယ်ရဲ့ အနက်အဓိပ္ပါယ်ကို ဖတ်ကြည့်ရင် "မြတ်သောအကျင့် ကျင့်သူအား နက္ခတ်ကောင်း၊ မင်္ဂလာကောင်း၊ မိုးသောက်ကောင်း ဖြစ်တယ် (သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ … သုယိဋ္ဌံ ဗြဟ္မစာရိသု)" လို့ တွေ့ရပါလိမ့်မယ်။ ကောင်းတာလုပ်၊ ကောင်းတာပြော၊ ကောင်းတာကြံတဲ့သူအတွက် နေ့ကောင်းရက်သာ ရွေးနေစရာမလိုဘူး၊ အချိန်တိုင်းက နက္ခတ်ကောင်း ဖြစ်နေတယ်လို့ ဆိုလိုပါတယ်။

“ဥပ္ပါတ” လို့ ခေါ်တဲ့ နေကြပ်တာ လကြပ်တာ ဥက္ကာပျံကျတာ စတဲ့ အတိတ်နိမိတ်ဆိုးတွေ ကြုံရင်လည်း၊ ဒီလို အတိတ်ဆိုး နိမိတ်ဆိုးတွေက လွတ်ငြိမ်းအောင် "ဥပ္ပါတသန္တိ" ဆိုတဲ့ စေတီကြီးတွေတည်၊ ဂြိုဟ်ပြေ နာမ်ပြေ ဘုရားတွေ တည်ပြီး ကိုးကွယ်တတ်ကြပြန်ပါတယ်။ မင်္ဂလဇာတ် (ဇာတက အမှတ် ၈၇) မှာတော့ မြတ်စွာဘုရားက "ဥပ္ပါတလို့ ခေါ်တဲ့ အတိတ်နိမိတ်၊ အိပ်မက်၊ မင်္ဂလာ စတာတွေရဲ့ အပြစ်ကို မြင်လို့ ပယ်ထားပြီးပြီ" လို့ ဆိုပါတယ်။ မဟာမင်္ဂလဇာတ် (ဇာတက အမှတ် ၅၄၃) မှာလည်း "လူတွေ မင်္ဂလာလို့ ပြောနေကြတာတွေက ဘာမှ မှန်တာ မရှိဘူး (န ဟိ မင်္ဂလေ ကိဉ္စိနမတ္ထိ သစ္စန္တိ)" လို့ ဆိုထားပါတယ်။ နောက်ဆုံး "လူပြောသူပြော မင်္ဂလာတွေကို ယုံနေပြီး ကံကို မယုံရင် (မင်္ဂလံ ပစ္စေတိ နော ကမ္မံ)" ဒီလူဟာ အညံ့စား ဗုဒ္ဓဘာသာ၊ ဇာတ်ပျက်ဗုဒ္ဓဘာသာ (ဥပါသကစဏ္ဍာလ) လို့တောင် သတ်မှတ်ပါတယ် (အံ.၅.၁၇၅၊ စဏ္ဍာလသုတ်)။

ပြောရမယ်ဆိုရင် "မင်္ဂလာ" ဆိုတဲ့ အယူအဆ၊ blessings, omen, auspicious signs စတဲ့ အယူအဆတွေက ဗုဒ္ဓသာသနာရဲ့ ကမ္မဝါဒနဲ့ ဆန့်ကျင်နေပါတယ်။ ဒါကြောင့် လူတွေ အယူသည်းနေကြတဲ့ အတိတ် နိမိတ် မင်္ဂလာ ဆိုတာတွေ အစား "လူမိုက်နဲ့ မပေါင်းနဲ့၊ ပညာရှိနဲ့ ပေါင်း" စသဖြင့် လုပ်သင့် လုပ်ထိုက်၊ ရှိသင့်ရှိထိုက်တဲ့ စရိုက်ကောင်း ၃၈-မျိုး” ကို လိုက်နာကျင့်သုံးဖို့ မင်္ဂလသုတ်မှာ ဟောခဲ့တာပါ။ ဗုဒ္ဓက အိန္ဒိယ ယဉ်ကျေးမှုရဲ့ အယူသည်းမှုတွေကနေ ဖောက်ထွက်ပြီး လက်တွေ့ကျတဲ့ အချက်တွေနဲ့ မင်္ဂလာရဲ့ အဓိပ္ပါယ်ကို ပြန်လည် သတ်မှတ်ပေးခဲ့တာပါ။ အဋ္ဌကထာဆရာကလည်း မင်္ဂလာဆိုတာ “အောင်မြင်ကြောင်း၊ တိုးတက်ကြီးပွားကြောင်း၊ အဖက်ဖက် ပြည့်စုံစေကြောင်း တရားတွေ (မင်္ဂလန္တိ ဣဒ္ဓိကာရဏံ ဝုဒ္ဓိကာရဏံ သဗ္ဗသမ္ပတ္တိကာရဏံ)” လို့ အဓိပ္ပါယ် ဖွင့်ပေးခဲ့ပါတယ်။ မင်္ဂလသုတ်ကို Demystifying the Blessings (and Auspicious Signs) လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင် အတော်များများကတော့ အယူသည်းမှု၊ အစွဲအလမ်းကြီးမှုဆိုတဲ့ Mysticism ထဲကနေ ရုန်းထွက်ဖို့ ခက်နေပါသေးတယ်။