ဖုဋ္ဌဿ လောကဓမ္မေဟိ၊စိတ္တံ ယဿ န ကမ္ပတိ။အသောကံ ဝိရဇံ ခေမံ၊ဧတံ မင်္ဂလမုတ္တမံ။
ကလေးဘဝက သရဲတစ္ဆေတွေကို ကြောက်တဲ့အခါ ဒီဂါထာအပိုဒ်ကလေးကို ရွတ်လေ့ရှိတယ်။ နောင်ကြီးလာတော့ သရဲတစ္ဆေတွေကို မကြောက်တတ်တော့ ပေမယ့်လည်း၊ စိတ်လှုပ်ရှား ပူပန်တဲ့အခါတိုင်း ရွတ်လေ့ရှိပြန်တယ်။ ငယ်စဉ်ကတော့ အဆိုးလောကဓံတွေကို မကြုံတွေ့ရအောင် ဆုတောင်းတဲ့ အနေနဲ့ ရွတ်မိတာများတယ်။ အသက်အရွယ် ရလာတော့ အဆိုးလောကဓံတွေကို မကြုံတွေ့ရအောင် ဆိုတာထက် အဆိုးလောကဓံတွေကို ကြုံတွေ့ချိန်မှာ ရင်ဆိုင်နိုင်မယ့် ခွန်အားမျိုး ရလာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ရွတ်ဖြစ်တော့တယ်။
"အဆိုးလောကဓံတွေကို မကြုံတွေ့ဖို့" ဆိုတာက ဖြစ်နိုင်တာမျိုးမှ မဟုတ်တာ။ မြတ်စွာဘုရား ကိုယ်တော်တောင် အဆိုးလောကဓံ အမျိုးမျိုးကို ကြုံတွေ့ခဲ့ရသေးတာပဲ။ သူ့မျိုးနွယ်စုတွေကို သတ်ဖြတ်၊ သူ့နိုင်ငံကို ဖျက်ဆီးမယ့် ရန်ကို တားဆီးဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ သူ့ယောက္ခမဖြစ်တဲ့ သုပ္ပဗုဒ္ဓရဲ့ ငြိုငြင်မှုကို ခံခဲ့ရတယ်။ သူ့ယောက်ဖ ဒေဝဒတ်ရဲ့ လုပ်ကြံမှုတွေကနေလည်း သီသီလေးလွတ်ခဲ့ရတယ်။ စိဉ္စမာဏ၊ သုန္ဒရီစတဲ့ မိန်းမတွေနဲ့ စွတ်စွဲမှုကိုလည်း ခံခဲ့ရတယ်။ ဝေရဉ္ဇာပြည်မှာ ငတ်မွတ်ခေါင်းပါးမှုဘေးကို ကြုံခဲ့ရတယ်။ အသက်ရွယ်ကြီးလာတော့ သူ့ရဲ့ လက်ရုံးဖြစ်တဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာမောဂ္ဂလာန်၊ သားတော် ရာဟုလာနဲ့ ယသောဓရာထေရီတို့က သူ့အရင် အသီးသီး ပရိနိဗ္ဗာန်စံဝင်သွားကြတယ်။ ဘဝနောက်ဆုံး အချိန်မှာ သွေးဝမ်းရောဂါကြောင့် အားအင်ချိနဲ့ နေတဲ့ကြားက ကုသိနာရုံကို ခြေလျင်ခရီး ကြွခဲ့ရတယ်။ (အချို့ကတော့ ဇာတိမြေ ကပိလဝတ်ကို ခေါင်းချဖို့ ပြန်ရင်း လမ်းခရီး ကုသိနာရုံမှာပဲ လွန်တော်မူခဲ့တယ်လို့ ဆိုတယ်။ ဥပါဒါန်ကို ပယ်သတ်ပြီးတဲ့ မြတ်စွာဘုရားက ဒီလိုအစွဲမျိုး ရှိမှာမဟုတ်လို့ သုဘဒ္ဒကို ချေချွတ်ဖို့ ကုသိနာရုံကို ကြွတယ်ဆိုတာကပဲ ပိုပြီး မှန်ပါလိမ့်မယ်)။
ဘုန်းတော် အနန္တ၊ ကံတော် အနန္တဆိုတဲ့ ဘုရားရှင်တောင် ဒီလို လောကဓံဆိုးတွေကို ကြုံရသေးတာ ဘယ်လိုလူကများ လောကဓံတရားတွေကို ရှောင်ရှားနိုင်မှာလဲ။ ဘုရားရဟန္တာတွေကတော့ အကောင်း လောကဓံတွေကြောင့် စိတ်လှုပ်ရှား၊ မာန်တက်ခြင်း မရှိကြသလို၊ အဆိုးလောကဓံတွေကြောင့်လည်း စိတ်ထိခိုက် ပင်ပမ်းခြင်း၊ ဝမ်းနည်းအားငယ်ခြင်း မဖြစ်ကြဘူး။ လောကဓံ တရားတွေကို တည်ငြိမ်ရင့်ကျက်စွာ ရင်ဆိုင်နိုင်ကြတယ်။ ဘုရားရဟန္တာတွေရဲ့ စိတ်ဓာတ်က မတုန်လှုပ်ဘူး (နကမ္ပတိ)၊ စိုးရိမ်ပူပန်မှု မရှိဘူး (အသောကံ)၊ ပုထုဇဉ်တွေလို လောကဓံတရားကို ရာဂ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတရားတွေနဲ့ မတုန့်ပြန်ကြဘူး။ ကိလေသာ မြူကင်းစဉ်နေတယ် (ဝိရဇံ)၊ စိတ်ကို ချုပ်နှောင်ထားတဲ့ အနှောင်အဖွဲ့တွေက လွတ်မြောက်ပြီးဖြစ်လို့ ဘေးကင်းလုံခြုံနေတယ် (ခေမံ)။
ဘုရားရဟန္တာတွေရဲ့ စိတ်ဓာတ်ကို လေးစားကြည်ညိုတဲ့ စိတ်နဲ့ ဒီဂါထာလေးကို ရွတ်တဲ့အခါ လောကဓံကို ရင်ဆိုင်နိုင်ဖို့ ထိုက်သင့်တဲ့ ခွန်အားမျိုးကို ဖြစ်စေပါတယ်။ ဘုရားရဟန္တာတွေကို စံပြုပြီး ကိုယ်တိုင်လည်း ရင့်ကျက်ခိုင်မာတဲ့ စိတ်ဓာတ်မျိုးတွေ ရရှိလိုတဲ့ ဆန္ဒတွေ ဖြစ်စေပါတယ်။ ဘုရားရဟန္တာတွေရဲ့ "မတုန်လှုပ်တဲ့ စိတ်၊ မပူပန်တဲ့စိတ်၊ မြူကင်းတဲ့စိတ်၊ ဘေးကင်းလုံခြုံတဲ့ စိတ်" က မင်္ဂလသုတ်ရဲ့ နောက်ဆုံး မင်္ဂလာ ၄-ပါးပါ။ တနည်းဆိုရင် မင်္ဂလသုတ်က ခရီးလမ်းပြ မြေပုံတခု ဖြစ်မယ်ဆိုရင် ဒီဂါထာက မင်္ဂလာခရီးရဲ့ လမ်းဆုံးပန်းတိုင်လို့ ဆိုနိုင်ပါတယ်။ ဒီလို စိတ်ဓာတ်မျိုးက ဘုရားရဟန္တာတွေကို "အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္စလီကရဏီယော" စတဲ့ ပူဇော်အထူးကို ခံတော်မူထိုက်တဲ့ ဂုဏ်တွေကို ဆောင်စေပါတယ်။ ဒါကြောင့်လည်း ဒီလို စိတ်ဓာတ်မျိုးကို မင်္ဂလာလို့ ခေါ်ကြောင်း မင်္ဂလသုတ်အဋ္ဌကထာက ရှင်းပြထားတယ်။
ဒီတော့ "လူမိုက်နဲ့ မပေါင်းနဲ့၊ ပညာရှိလိမ္မာနဲ့ ပေါင်း၊ ပူဇော်ထိုက်သူကို ပူဇော်" ဆိုတဲ့ ပထမဂါထာက "မတုန်လှုပ်တဲ့ စိတ်၊ မပူပန်တဲ့စိတ်၊ မြူကင်းတဲ့စိတ်၊ ဘေးကင်းလုံခြုံတဲ့ စိတ်" ဆိုတဲ့ ပန်းတိုင်ဂါထာဆီကို ဦးတည်နေတယ်လို့ ဆိုနိုင်ပါတယ်။
0 comments:
Post a Comment