Thursday, January 31, 2008

အောင်သပြေ

ကိုယ် အိမ်အောက်ကို ဆင်းလာခဲ့တယ်။
ကျောင်းကားနဲ့ ပြန်လာမည့်သားကို အိမ်ရှေ့က စီးကြိုဖို့ပေါ့။
ဟော...ဒီနေ့လည်း မေ့လာပြန်ပြီ ကတ်ကြေး ယူဆင်းခဲ့ဖို့ကို


အိမ်ရှေ့မှာ မြူနီစပယ်က စိုက်ထားတဲ့ သပြေပင်တန်း စည်းရိုး
ခါတိုင်းတော့ သူတို့ တိတိရိရိ ညီညီညာညာရှိအောင် အချိန်မှန် ကိုက်ဖြတ်နေကြပဲ..
အခုတော့ သူတို့မပြုပြင်တာ နည်းနည်းကြာသွားလို့ ဖြစ်မယ်..
အညွန့်လေးတွေ ဟိုတစ်စ ဒီတစ်စ ထောင်ထွက်နေကြတာ
ကိုယ် မျက်စိကျနေတာ အဲ့ဒိ အညွန့်လေးတွေ...
တစ်ပတ်လောက်တောင်ရှိပြီ
ပန်းနုရောင်၊ ပန်းရင့်ရောင်၊ အညိုနု၊ အညိုရင့်၊ အစိမ်းနု၊ အစိမ်းရင့်၊ ဝါဖျော့ဖျော့လေးတွေ..
ဟိုအညွန့်လေးကတော့ ပန်းအိုးအတို၊ ဟိုဟာလေးကတော့ ပန်းအိုအရှည်..

မြူနီစပယ်က စိုက်ထားတာတွေ မခူးရ၊ မချိုးရဘူးဆို..
ဟိုတစ်ခါ ဘဘနဲ့ အန်တီသန်း လာလည်တုန်းကတောင် အပြန်မှာ အိမ်ကဘုရားတင်ဖို့ဆိုပြီး ချိုးသွားသေးတယ်..
ငါလည်း ငါ့အိမ်က ငါ့ဘုရားကို ...နေဦး..နေဦး..
ကဲကဲ ..
ကမ္ဘာပေါ်က မြေပြင်အနှံ သူ့နေရာနဲ့သူ လှပစွာ ဖူးပွင့်ဝေဆာနေတဲ့ ပန်း အားလုံးနဲ့ မြတ်စွာဘုရားအား
ဤနေရာမှ ယခုပင် ပူဇော်လိုက်ပါ၏။

Wednesday, January 30, 2008

Knowledge and Wisdom




အဘိုး၏နှလုံးသားကို ဦးညွှတ်လျက်

မသေလည်းမြတ် သေလည်းမြတ်

လိုချင်တာတွေ ဒို့ရှာဖွေ
အသက်တွေလည်း ကြီးလာပြီ
လိုတာမရ အိုနာပြ
တနေ့သေရမည်။
ခန္ဓာကိုယ်မှာ တရားရှာ
ဘဂဝါမိန့်ခဲ့သည်။
အချိန်မလပ် တရားမှတ်
မသေလည်းမြတ် သေလည်းမြတ်။

(အဘိုး နဲ့ အဘွား ရွတ်ဆိုနေကြ ကဗျာလေး ဖြစ်ပါတယ်။)

အပြုံးပိုင်ရှင် အဘရာတင်

အလှူဒါန ပထမကွ
စိတ်ဝမ်းဖြူစင် လှူခဲ့စဉ်က
သဒ္ဓါအစွမ်း နိဗ္ဗန်နန်းက
သူ့အတွက်နေရာ စိုက်ခဲ့လေပြီ။
အဘဌာနေ သိလေပြီမို့
ထွက်ခွါအသွား အဘအားကို
လိုက်၍မတားသာ ကျန်ရစ်သူကို
ပြုံး၍ကြည့်မည် ထင်လောက်ပေသည်
ရောက်ရာဘုံဘ၀ အေးစေသား။
(ကြည့်မြင်တိုင်မြို့နယ်၊ ဥယာဉ်လမ်းဂိတ်လူငယ်များအဖွဲ့ကောင်းမှု့)

အဖိုး- ဦးရာတင် အသက် (၈၉)နှစ် ၁၅-ရ-၁၉၉၆ ရက် ည ၁၀း၀၀နာရီ တွင် ကွယ်လွန်သည်။

Sunday, January 27, 2008

‘သစ္စာစောင့်သည်’ ဆိုရာဝယ်


‘သစ္စာစောင့်သည်’ ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်ကို မှားယွင်းစွာ နားလည်ထားကြသဖြင့် အမှန်တရားကို ကျောခိုင်းကာ အယူအဆမှားတစ်ခုကို မစွန့်ရက်နိုင်ဘဲ အသေဖက်တွယ် ဆုပ်ကိုင်ထားကြသူများကို ခေတ်အဆက်ဆက်တွင် တွေ့နိုင်သည်။ သစ္စာတရားကို မြတ်နိုး တန်ဖိုးထားလိုပါလျက်နှင့် သစ္စာတရားကို မျက်ကွယ်ပြုမိ နေကြသူတို့အတွက် အလွန် ဝမ်းနည်းဖွယ် ကောင်းလှ၏။

သစ္စာတရားသည် လူတို့ကမှန်ကန်သည်ဟု သတ်မှတ်ထား၍သာ မှန်ကန်နေသော သမုတိသစ္စာနှင့် လူတို့၏ သတ်မှတ်ချက်နှင့် မသက်ဆိုင်ဘဲ အကြွင်းမဲ့ မှန်ကန်နေသော ပရမထ္ထသစ္စာဟူ၍ နယ်ပယ်နှစ်မျိုးရှိ၏။ အမည်ဝေါဟာရများ၊ ဘာသာစကား၊ ဓလေ့ထုံးစံ ဥပဒေသများ၊ အယူအဆ သီအိုရီများမှာ ကာလဒေသ အလိုက် ပြောင်းလဲ မှန်ကန်နေကာ သမုတိသစ္စာနယ်၌ အကျုံးဝင်၏။ ပရမထ္ထသစ္စာမှာမူ ကာလ၊ ဒေသ၊ ပယောဂ အခြေအနေများကို လွန်မြောက်၍ မဖောက်မပြန် မှန်ကန်လေသည်။

စင်စစ် ယနေ့ကမ္ဘာမှ ဒဿနအယူဝါဒများ သီအိုရီများမှာ လူနှင့် လူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော ရုပ်နာမ် သဘာဝတို့ကို မိမိတို့စိတ်ဝင်စားသော ရှု့ထောင့်အမျိုးမျိုးမှ လေ့လာပြီး မိမိတို့ အသီးသီး၏ စိတ်တွင် ထင်မြင်လာသော ထင်ဟတ်ချက်များကို စုစည်း ဖော်ပြမှုများသာ ဖြစ်သည်။ ပကတိ အရှိတရားကို ဖော်ပြရန် မည်သို့ပင် ကြိုးပမ်းစေကာမူ အပြည့်စုံဆုံး အယူဝါဒ သီအိုရီတစ်ရပ် ထွက်ပေါ်လာရန် အလွန်ခက်လှသည်။ အကြောင်းမှာ သာမန်လူသား (ပုထုဇဉ်) တို့သည် မိမိတို့စိတ်တွင် ကြိုတင်နေရာယူထားသော ဆန္ဒစွဲ၊ ဒေါသစွဲတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်မှု မရှိသေး၍ပင် ဖြစ်သည်။ မူလကပင် စိတ်တွင်းယုံကြည်မှု၊ မျှော်လင့်မှုတို့ဖြင့် ဖုံးအုပ်ထားသဖြင့် အစစ်မှန်တရားကို ရှာဖွေသော လူသားတို့၏ ဉာဏ်မျက်စိသည် ပရမထ္ထသစ္စာကို ယထာဘူတ ကျကျ ထိုးဖောက်မြင်နိူင်ရန် ဟူသော အလုပ်မှာ အခက်ခဲဆုံး အလုပ်တစ်ခု ဖြစ်၏။

သိပ္ပံအယူအဆများသည် အလွန်တိကျ ဓမ္မဓိဋ္ဌာန်ကျလှသည် ဟူသော ဂုဏ်ပုဒ်ဖြင့် အခြားအယူအဆများကို ဖုံးလွှမ်းနိုင်ခဲ့သော်လည်း ဖြတ်သန်းလာခဲ့သော သမိုင်းစဉ်နှင့် ယှဉ်လိုက်လျှင် သိပ္ပံအယူအဆတို့၏ သက်တမ်းမှာ တိုလွန်းနေမည်သာ ဖြစ်သည်။ “အက်တမ်တို့သည် နောက်ထပ် ခွဲစိတ် မရတော့သည့် အငယ်ဆုံး အမှုန်ဖြစ်သည်။” ဟုကျေညာခဲ့သော အင်္ဂလိပ် သိပ္ပံဆရာ Dalton ၏ ၁၈၈၀-ပြည့်နှစ်ခန့်က အယူအဆများသည် ၁၈၉၇-ခုနှစ်တွင် J. J Thomson ၏ အီလက်ထရွန် (Electron) ခေါ် ဓါတ်မမှုန်များအား ရှာဖွေတွေ့ရှိမှုကြောင့် ပျက်ပြားခဲ့ရ၏။ Thomson က အက်တမ်ကို ပေါက်ပေါက်ဆုပ်လုံး တစ်လုံးကဲ့သို့ အညီအညာ ပျံ့နှံ့နေသော ဓါတ်ဖိုလုံးအတွင်း ဓါတ်မ အီလက်ထရွန်မှုန်များ ပြန့်ကြဲနေဟန် ပုံဖော်စဉ်းစားခဲ့သည်။ ၁၉၀၉-ခုနှစ် Ruther Ford လက်ထက် ရောက်သောအခါ အက်တမ်ပုံစံသည် နေကိုဂြိုလ်တို့ ပတ်နေသကဲ့သို့ ဓါတ်ဖိုအဆံ (nucleus) အား အီလက်ထရွန်တို့ ပတ်နေသည့်ပုံစံ ဖြစ်လာပြန်သည်။ ၁၉၂၆-ခုနှစ် လှိုင်းမက္ကင်းနစ် (Wave Mechanics) ပေါ်ပေါက် လာချိန်၌မူ တစ်ချိန်က ကျစ်ကျစ်လစ်လစ် လုံးလုံးဝိုင်းဝိုင်းရှိသော အီလက်ထရွန်တို့၏ ပုံစံမှာ မရေရာ မပြတ်သားသော ဘဝရောက်ကာ အက်တမ်သည် ‘လှိုင်းထနေသော စွမ်းအင် အစုအဝေး စနစ်တစ်ရပ်’ ဖြစ်ရပြန်ချေပြီ။

ဤသို့ဖြင့် သိပ္ပံအယူအဆတို့သည် တည်ငြိမ်မနေဘဲ အစဉ်လှုပ်ရှားပြောင်းလဲနေသည်။ Newton ၏ စကြာဝဠာလုံးဆိုင်ရာ ရွေ့လျားမှုနိယာမများသည် ယနေ့တိုင် ရူပဗေဒနှင့် စက်မှုသိပ္ပံလောကတွင် ပစ်ပယ်မရလောက်အောင် တွင်ကျယ် အသုံးဝင်လှသော်လည်း Einstein ၏ နှိုင်းရသီအိုရီ (Theory of Relativity) အောက်တွင် ကျဉ်းမြောင်းလှသည့် အခြေအနေ တစ်ရပ်အတွက်သာ မှန်ကန်သော နိယာမတစ်ခုအဖြစ် လမ်းဖယ်ပေးခဲ့ရ၏။

သိပ္ပံစနစ်ပုံစံများမှာ သိပ္ပံပညာရှင်ဆိုသူတို့၏ အတွေးစိတ်ကူးတို့မှ ရလဒ်များဖြစ်ပြီး လူတို့မမြင်နိုင်သော အရာတို့ကို ပုံဖော်ယူရန် အတွက်သာ ဖြစ်လေသည်။ သဘာဝ၌စင်စစ်ကား တည်ရှိနေမည် မဟုတ်ပေ။ ထိုပုံစံများ စနစ်များကို တီထွင်ဖန်တီးရခြင်း၏ ရည်ရွယ်ချက်မှာ ပိုမို ကောင်းမွန်သော ဖော်ပြချက်တစ်ရပ် အတွက် အထောက်အပံ့ ရစေရန် အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ယနေ့ သိပ္ပံပညာ၏ ခံယူချက်သည် “မိမိတို့၏ အယူဆပုံစံများကို အပြည့်စုံဆုံးဟု မခံယူတော့ဘဲ၊ အစစ်မှန်တရားနှင့် ကိုက်ညီမှု ကင်းကွာလာသော တစ်နေ့တွင် ပြုပြင်ယူရန်၊ ပိုမိုကောင်းမွန်သော အယူဆသစ်တစ်ရပ်ဖြင့် အစားထိုးရန်ဟုပင် ဖြစ်လေသည်။
ထို့ကြောင့်ပင် ဤသမုတိသစ္စာ နယ်ပယ်တွင် စိတ်ဖွဲ့စည်းမှုနှင့် လူ့အာရုံဖြင့် ပုံဖော်ထားသော ပညတ်သင်္ကေတ အဆောက်အဦများသာ တွေ့ရပြီး ‘ပြီးပြည့်စုံမှု အရှိဆုံး တစ်ခုသော အမှန်တရား’ ဟူ၍ မရှိနိုင်၊ သူ့နေရာနှင့်သူ၊ သူ့ရှုထောင့် သတ်မှတ်ချက် အလိုက် မှန်ကန်နေရသည် ဆိုသောအချက်မှာ မငြင်းသာပါ။

ဤသို့ စိတ်ကူး ထင်ဟတ်ချက်မျှ ဖြစ်သော အယူဝါဒများကို လူတို့သည် (၁) ယုံကြည်ခြင်း (သဒ္ဓါ)၊ (၂) နှစ်သက်ခြင်း (ရုစိ)၊ (၃)တစ်ဆင့်ကြားခြင်း (အနုဿဝ)၊ (၄) အခြင်းအရာကို ကြံစည်ခြင်း (အာကာရ ပရိဝိတက္က)၊ (၅) အယူကို စူးစိုက်ကျေနပ်ခြင်း (ဒိဋ္ဌနိဇ္ဈာနက္ခန္တိ) ဟူသောအကြောင်း (၅)မျိုးဖြင့် စွဲယူလေ့ရှိကြပါသည်။ ဤအကြောင်းများဖြင့် ယူအပ်သော အယူဝါဒများသည် မှန်သည်လည်း ဖြစ်နိုင်သကဲ့သို့ မှားယွင်းသည်လည်း ဖြစ်နိုင်သော အကျိုးနှစ်ပါး ရှိကြောင်းကို ဗုဒ္ဓမြတ်စွာလည်း မကြာခဏ မိန့်မှာတော်မူခဲ့ဖူး၏။

ထိုသို့ မရေရာလှသော အယူဝါဒမျိုးအပေါ်တွင် “ဤအယူသာ မှန်၍ အခြား အယူဝါဒသည် မှား၏” ဟူသော ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ ဝါဒစွဲ မကင်းသော တရားသေဝါဒ (dogmatism) မျိုး မတပ်မိစေရန် အရေးကြီးလှ၏။ အကယ်၍ မှားယွင်းသော အယူဝါဒတစ်ရပ်ပေါ်၌ တစ်ဖက်သတ်စွဲယူကာ “ဤဝါဒကို သစ္စာမဖောက်၊ ဤဝါဒကို သစ္စာစောင့်အံ့” ဟူသော ခံယူချက်မျိုး ထားမိက ‘သစ္စာစောင့်’ သော ခံယူချက်မမည်ပါ။ အကြောင်းမှာ ‘သစ္စာ’ သည် ‘အမှန်တရား’ ဖြစ်နေသည့် အတွက်ပင် ဖြစ်၏။

ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း တို့ဖြင့် တည်ဆောက်ထားသော လူသားတို့အတွက် မိမိနှစ်သက်သော အယူဝါဒတစ်ရပ်ကို ယုံကြည်ခြင်းသည် အဆန်းမဟုတ်ပါ။ ထိုအခွင့်အရေးသည် လူသားတစ်ဦးစီ၏ အခွင့်အရေးပင် ဖြစ်သည်။ “မိမိတို့၏ နှစ်သက် ယုံကြည်မှုကိုသာ အမှန်” ဟု လှေနံဓါးထစ် ဆုံးဖြတ်လိုက်လျှင်မူ ထိုအခွင့်အရေးကို မှားယွင်းစွာ အလွန်အကျွံ အသုံးပြုလိုက်ပြီဟု ဆိုရတော့မည်။ မှားယွင်းသော အယူအဆ ဖြစ်နေပါက သစ္စာတရားကို မျက်ကွယ် ပြုမိနေသော အန္တရာယ် ရှိနေမည်သာ ဖြစ်သည်။

“အဘယ်မျှသော အတိုင်းအရှည်ဖြင့် သစ္စာစောင့်ခြင်း (သစ္စာနုရက္ခဏာ) မည်ပါသနည်း” ဟူသော အမေးကို ဘာရဒွါဇ ပုဏ္ဏားသည် ဘုရားရှင်ထံ လျှောက်ခဲ့ဖူး၏။ ဗုဒ္ဓသည် ဒဿနသမိုင်းတွင် တုန်လှုပ် စေမည့် မိန့်ခွန်းဖြင့် ဖြေတော်မူခဲ့၏။ “အကြင်ယောက်ျားသည် အကြင် အယူဝါဒအား ယုံကြည်၏။ ထိုယုံကြည်ခြင်း ဖြစ်စေကာမူ ဤအယူသာမှန်၏။ အခြားအယူများသည် အချီးနှီးသာတည်းဟု ဆုံးဖြတ်ခြင်းကား မဖြစ်ပေ။ ဤသူသည် သစ္စာစောင့်သူ ဖြစ်၏။” စသဖြင့် ဖြေကြားတော်မူခဲ့သည်မှာ ဓမ္မဒိဋ္ဌာန်ကျဝါကျမျိုး တီထွင်လိုသူတို့ မှတ်သား ထိုက်လှသည်။ မိမိဝါဒသာ အမှန်ဖြစ်၏ ဟု ဝါဒစွဲဖြင့် တရားသေ ယူလိုက်လျှင်မူ သစ္စာစောင့်သူဘဝမှ ကျိုးပေါက် သွားမည်ဟု ဆိုလို၏။ ( ဤတွင် လွတ်လပ်စွာ ယုံကြည်မှုမျှသည် ဆုံးဖြတ်မှု မရောက်သေးသရွေ့ သစ္စာ ချိုးဖောက်ရာ မရောက်နိုင်သေးပုံကို သတိပြုသင့်၏။)

စင်စစ် ဆန္ဒစွဲ၊ နှစ်သက်မှုစွဲထက် မာနစွဲ၊ ဒေါသစွဲကား ပိုဆိုး၏။ အမှန်သိလျက်နှင့် အမှားကို မစွန့်ရက်ဖြစ်တတ်သည်။ ဘုရား လက်ထက်တော်က ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့၏ အလောင်းအလျာဖြစ်သော ဥပတိဿနှင့် ကောလိတတို့သည် ဆရာဖြစ်သူ ‘သဉ္ဇယဗေလဋ္ဌပုတ္တ’ ခေါ် တိတ္ထိဆရာကြီးအား အယူမှားတို့ကိုစွန့်ကာ တရားစစ် တရားမှန်ရှိရာ ဗုဒ္ဓထံသွားကြရန် အမျိုးမျိုး ဖျောင်းဖျ ဖိတ်ခေါ်သော်လည်း၊ သိဉ္ဇည်းဆရာသည် ဂိုဏ်းဆရာဟူသော ‘မာန’ ကြောင့် ရေတည် စရည်းအိုးဘဝမှ လက်ငင်အိုးငယ်ဘဝသို့ မပြောင်းလဲနိုင် ဟုဆိုကာ အယူမှားကို ဖက်တွယ်ထားသဖြင့် တရားစစ်နှင့် ဝေးခဲ့ရဖူးသည်။

ထို့ကြောင့် သစ္စာတရားကို မြတ်နိုး တန်ဖိုးထားလိုသူ၊ သစ္စာစောင့်စည်းလိုသူသည် မိမိတို့ အယူအဆကို ဂိုဏ်းဂဏစွဲ၊ ဝါဒစွဲဖြင့် တရားသေ ဆုပ်ကိုင်ထားရန် မဟုတ်ဘဲ၊ သိဉ္ဇည်းဆရာကြီးတို့ကဲ့သို့ မာနစွဲဖြင့် ဖက်တွယ်ထားရန် မဟုတ်ဘဲ မိမိတို့အယူအဆ မှားယွင်းသည်ဟု သိသည်နှင့် တပြိုင်နက် အချိန်မဆိုင်း စွန့်လွှတ်ကာ အမှန်တရားကို လက်ကမ်း ကြိုဆို ထွေးပိုက်နိုင်ရေး အတွက် ကြိုးစား ကြရမည်သာ ဖြစ်ပေသည်။

[မှတ်ချက်။ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊ စင်္ကီသုတ် ကို ကိုးကားရေးသားထားပါသည်။]

ဧရာ (မန္တလေး)
၁၉၉၀ ပြည့်၊ အောက်တိုဘာလထုတ်၊ အတွေးအမြင် စာစဉ်(၆၀)

ခင်ပွန်းကြီး (၁၀)ပါး ကျေးဇူးရှင်ကြီး(၁၀)ပါး ဘုရားရှိခိုး

ဗုဒ္ဓေါ၊ ပစ္စေကဗုဒ္ဓေါစ၊ အရဟာ အဂ္ဂသာဝကာ၊ မာတာ ပီတု၊ ဂရု သတ္တ၊ ဓမ္မဒေသကာစ၊ ဒါယိကာ ဣမေဒဿ မဟာ ဂုဏော အဟံ ဝန္ဒာမိ သဗ္ဗဒါ။

၁။ ဗုဒ္ဓေါ စ – သစ္စာလေးပါး တရားသိမြင် ဘုရားရှင် လည်းကောင်း၊
၂။ ပစ္စေကဗုဒေါ္ဓ စ– ကိုယ်တိုင် သစ္စာသိပြီးပါလည်း ဟောကာမပြ သီးခြားရသော ပစ္စေကဗုဒ္ဓ လည်းကောင်း၊
၃။ အရဟာ စ– အာသဝေါကုန်ခန်း ရဟန္တာ အရှင်မြတ် လည်းကောင်း၊
၄။ အဂ္ဂသာဝကာ စ– လက်ဝဲလက်ယာ ခြံရံကာဖြင့် ပညာတန်ခိုး စိုးမိုးထက်လှ အဂ္ဂသာဝကတို့ လည်းကောင်း၊
၅။ မာတာ စ– ကိုးလလွယ်ရ ဆယ်လဖွားကာ အစာဆိမ့်အေး နို့ချိုပေး၍ မွေးသည့်မိခင် ကျေးဇူးရှင် လည်းကောင်း၊
၆။ ပီတု စ– လူလားမြောက်အောင် လုပ်ဆောင်ကျွေးမွေး ပညာပေးသည့် မွေးသဖခင် ကျေးဇူးရှင် လည်းကောင်း၊
၇။ ဂရု စ– ချမ်းသာရန်တွေး ပညာပေးသဖြင့် အလေးအမြတ် ပြုထိုက်တဲ့ ဆရာ လည်းကောင်း၊
၈။ သတ္တ စ– လိမ္မာစေကြ ကျိုးကြောင်းပြလျက် ဆုံးမပေတတ် ဆရာမြတ် လည်းကောင်း၊
၉။ ဓမ္မဒေသကာ စ– သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန်ညွှန်ကြား မမှောက်မှားရအောင် တရားဟောဖော်တတ်တဲ့ ဆရာမြတ် လည်းကောင်း၊
၁၀။ ဒါယိကာ စ– စားရေးနေရေး မနှောင့်နှေးရအောင် ပေးကမ်းတတ်တဲ့သူ လည်းကောင်း၊

ဣမေဒဿ မဟာဂုဏေ – ကျေးဇူးစုပုံ ဆပ်မကုန်သည့် ဂုဏ်ရည်မြင့်ကြူး ဤ(၁၀)ဦးသော သူတို့ကို၊ အဟံ – အကျွနု်ပ်သည်၊ သဗ္ဗဒါ – နေ့ညမပြတ် အခါခပ်သိမ်း၊ ဝန္ဒာမိ – ကျေးဇူးယှက်မှေး စိမ့်စိမ့်တွေးလျက် မြတ်လေးယုံကြည် သဒ္ဓါဟုန်ဖြင့် လက်စုံအုပ်မိုး ပြတ်ဝပ်လျှိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

ဓမ္မဒါန
ဦးငြိမ်းမောင်