ရွှန်းမီက နေ့စဉ်ဘဝထဲက စိတ်ကြိုက်လေးများတဲ့ ရေးခိုင်းပါတယ်။
အခုအချိန်မှာ ရေးခိုင်းတာကို ကျေးဇူးတင်ပါတယ်။ ကြိုက်တာလေးတွေ ရေးရမှာဆိုတော့ စိတ်လက်ကြည်သာနေမှ ရေးနိုင်မှာလေ။ တချိန်တခါက ဆိုရင် မသီတာ လောကကြီးကို ငြီးငွေ့ပြီး မြင်မြင်သမျှ ကြားကြားသမျှကို စိတ်ပျက် လက်ပျက်နဲ့ အခန်းတံခါးပိတ် ရေမချိုးပဲ နေတဲ့အချိန်တွေ ရှိခဲ့ဖူးလို့၊ အဲ့ဒီအချိန်ကသာ ရေးခိုင်းမယ် ဆိုရင်… ရွှန်းမီရေ ဒီတခါတော့ ခွင့်လွှတ်ပါလို့ လွယ်လွယ်လေး ပြောထွက်သွားမှာပဲ…။ အခုတော့ ရေးပါမယ်… ကြိုက်တာတွေရော… မကြိုက်တာလေးတွေပါ အဆစ်ထည့်ရေးလိုက်မယ်နော်။
*****
အိမ်ရှင်မတယောက်ရဲ့ နိစ္စဓူ၀ ဘဝဟာ ထွေထွေထူးထူး စိတ်လှုပ်ရှားစရာတွေနဲ့တော့ ပြည့်နှက်မနေပေဘူး။ ဒါပေမဲ့ ကိုယ်လည်းလေ လောကီသားပေမို့ လူသားတယောက်ပီသစွာ စိတ်ခံစားချက် အတက်အကျတွေကတော့ လေအလာလှိုင်းထသလို လူးလူးလိမ့်လိမ့်လေးတွေတော့ ရှိသပေါ့။
မနက်အိပ်ယာထ ငါးပါးသီလဆောက်တည်၊ သတ္တဝါတွေကို မေတ္တာပို့ပြီး တနေ့တာလေး စလိုက်ရတာက ကြည်နူးစရာ… ဝိပဿနာ ဘာဝနာ ပွားများဖို့ကို ဘယ်တော့မှန်းမသိတဲ့ တချိန်ချိန်ကို ပို့လိုက်ရင်း ဘုရားခန်းက ကသုတ်ကရက် ခွာမိတာက စိတ်ပျက်စရာ။
ကိုယ်နဲ့ နေ့စဉ် ပတ်သက် ဆက်နွယ်နေသူတွေမှာ ကိုယ်ပါပါမှ လက်ဝါးတဖက်စာ။ လက်ငါးချောင်း လူငါးယောက်…။ ယောက္ခနဲ့ ချွေးမ… ကမ္ဘာ့ရန်တွေလို့ ဆိုကြပေမဲ့၊ သားအတွက်ဆို ငါသာလျှင် အတော်ဆုံး အသာလွန်ဆုံးလို့ ထင်တတ်တာ သားတို့ မအေတိုင်းရဲ့ သဘာဝလို့ နားလည်ပေးရင်း အိမ်နေရင်းလည်း Life Long Learning… ။ စာမကြိုးစားပဲ ပေ့ါပေါ့လေးနေတဲ့ သားကြီးကို မကြိုက်ပေမဲ့၊ သူ့ရဲ့ ရူးပေါပေါ အမူအကျင့်လေးတွေက ပြုံးရယ်ချင်စရာ ကောင်းနေပြန်တယ်။ ယောကျ်ားတန်မဲ့ မျက်ရည်လေးကလယ်ကလယ်နဲ့ စိတ်ကောက်တတ်တဲ့ သားငယ်ကို မကြိုက်ပေမဲ့၊ သူ့ရဲ့ စေ့စပ်သေချာမှုလေးတွေကို ကြည်နူးရပြန်တယ်။ စာအုပ်နဲ့ ကွန်ပြူတာကိုသာ သားမယားထင်တဲ့ ဟိုလူကြီးကို မကြိုက်ပေမဲ့၊ လမ်းသွားရင် ကိုယ့်လက်ကို ဆွဲ သူ့ဘယ်ဘက် ရင်အုံပေါ်ဖိကပ်ပြီး သွက်သွက်ကြီး လျှောက်ပြန်တော့လည်း မမောတန်း လိုက်မိပြန်တယ်။
အချက်အပြုတ်မှာ တော်ရိရော်ရိ၊ အချုပ်အလုပ်ဆို ဗုံမဟုတ် ပတ်မဟုတ်၊ အထားအသိုကျ တောင်မရောက် မြောက်မရောက်၊ သန့်ရှင်းရေး လုပ်တော့ ဟိုကျန်ဒီကျန်၊ စကားပြောရင် တုတ်ထိုးအိုးပေါက်၊ ယောက္ခမကြီးကို အရိုအသေ မတော်၊ သားတို့ကိုလည်း အပြုအစုမတတ်၊ သားတို့အဖေကိုလည်း အယုအယ မကျွမ်းကျင်ပေမဲ့ နေ့စဉ်ဘဝကို အရိုးသားဆုံးနဲ့ အဖြူစင်ဆုံး (ကြိုးစား) ဖြတ်သန်းနေတဲ့ ကိုယ့်ကိုကိုယ် ကြိုက်ပါတယ်။