Showing posts with label ရုပ်ရှင်. Show all posts
Showing posts with label ရုပ်ရှင်. Show all posts

Friday, February 5, 2010

Avatar 3D ဖြစ်ရပ်မှန်

အင်္ဂလိပ်ကား မကြည့်တတ်ပါဘူး။ ဒီတော့ ရုံမှာ ရုပ်ရှင်အလွန်ကြည့်ခဲပါတယ်။ ရုပ်ရှင်လက်မှတ်ရရင် ကိုဧရာနဲ့ သားကြီး သားအဖနှစ်ယောက်ပဲ သွားကြည့်ကြလေ့ ရှိပါတယ်။ 2012 တင်တော့ မှတ်မှတ်ရရနေ့ တနေ့မို့ မိသားစု အကုန်သွားကြည့်ကြပါတယ်။ အဲ့ဒီကနေ အရှိန်ရသွားပြီး၊ Avatar တင်တော့ (ထူးထူးဆန်းဆန်း 3Dကလည်း ဖြစ်ပြန်ပါသေးသတဲ့။) “3Dမို့ ကိုယ်က ပြချင်တာ” ဆိုတာ ကိုဧရာတယောက် ရုပ်ရှင်ကြည့်ဖို့ မဲဆွယ်စဉ်ကာလမှာ ထပ်တလဲလဲ သုံးခဲ့တဲ့ စကားပါ။ New Year Eve နေ့မှာ အများသူငါတွေနဲ့ ရောပြီး မိသားစုလိုက် ညနေ ၅နာရီပွဲကို ၃နာရီမှာ တက်တက်ကြွကြွ လက်မှတ် တန်းစီ ဝယ်ပါတယ်။ အရောင်းကောင်တာရောက်တော့ ရှေ့ဆုံးကရေရင် Second Row ကပဲ နေရာ ရတော့မယ်တဲ့။ အို ဘာဖြစ်လဲ 2012 ကြည့်တုန်းကလည်း Second Row ကပဲဟာ ဒီလောက်ကြီး တန်းစီပြီးမှ ဝယ်လိုက် ဝယ်လိုက်ဆိုပြီး ဇွတ်မိုက်လိုက်ကြပါတယ်။


ရုံထဲ အဝင်မှာ မျက်မှန် အမဲလေးတွေ ပေးတယ်။ တရိုတသေ ကိုင်ခဲ့ရတယ်။ မျက်မှန်မှာ ဒဏ်ရာ တစုံတခုရခဲ့ရင် 85 ဒေါ်လာ လျော်ရမယ် ဆိုလို့ပါ။ နေရာယူပြီး ခဏကြာတော့ ရုပ်ရှင်စပြပါတယ်။ ကြော်ငြာတွေ ဆိုတော့ မျက်မှန် တပ်စရာမလိုသေးဘူး အထင်နဲ့ ပကတိမျက်လုံးအတိုင်းနဲ့ပဲ ကြည့်နေခဲ့ပါတယ်။ “မျက်မှန်တပ်လေ ကြော်ငြာလည်း 3D ပဲ” ဆိုတဲ့ ကိုဧရာ့ဆီက အလန့်တကြား သတိပေးသံကြားမှ ဘေးဘီကို ဝဲဝီ ကြည့်လိုက်တော့ တရုံလုံး မျက်မှန်တွေနဲ့ ခန့်ငြားနေကြပါပြီ။ အော် တုံးလိုက်တဲ့ ငါ ဆိုပြီး မျက်မှန်ကောက်တပ်လိုက်မှ Garfield ကြီး ဗိုက်ပူထွက်နေပုံများ ရုပ်လုံးကို ကြွလို့ဟဲ့။ ဇာတ်ကား စပြလို့ ခဏအကြာမှာ ကိုဧရာ့ဆီက အသံထွက်လာပြန်တယ်။ “သီတာ သီတာ 3D ဆိုတာ အဲ့လိုကြီးလား” တဲ့။ ကိုယ်က ရုံထဲဝင်လာကတည်းက “3D ရုပ်ရှင်များ Discovery Centre မှာ ကျမ ကြည့်ဖူးပါတယ်တော်” လို့ သူ့ကို တမှတ်ကျောထားသူမို့ အားကိုးတကြီး မေးရှာတာပါ။ “ဘာဖြစ်လို့လဲ” ဆိုတော့ “ကို ဘာမှ ကောင်းကောင်းမမြင်ရဘူး” တဲ့။ “ပေးစမ်းပါဦး ရှင့် မျက်မှန်” ဆိုပြီး မသီတာ ကောက်တပ်ကြည့်လိုက်တော့မှ လားလား စိမ်းစိမ်းတွေရော နီနီတွေရော ရိပ်ရိပ် ရိပ်ရိပ်တွေ… “အာ ရှင့်မျက်မှန်က အပျက်ကြီး” ဆိုပြီး၊ ချက်ချင်းသွား ပြန်လဲခိုင်းရတယ်။

မသီတာလည်း ဇာတ်လမ်းကို နားမလည် လည်အောင် အာရုံ စူးစိုက် ကြည့်ရင်းနဲ့ မျက်ခွံက မှေးစင်း ကျကျလာတယ်။ အော် ငါ့မျက်လုံးအား မနိုင်ဘူးနဲ့ တူတယ်ဆိုပြီး အိတ်ထဲက မျက်မှန်ထုတ်တပ်၊ အပေါ်ကမှ 3D မျက်မှန်ထပ်တပ်ပြီး ကြည့်လည်း မအောင်မြင်ပါဘူး။ 3D မျက်မှန်ကို ချွတ်လိုက် တပ်လိုက်နဲ့ စမ်းသပ်မှုကို ကြိမ်ဖန်များစွာ လုပ်နေမိပါတယ်။ ဘေးနားက သားငယ်ကလည်း အောက်ပြုတ်ကျတဲ့ ပစ္စည်းတွေပဲ ကုန်းကောက်သလို တကုန်းကုန်းတကွကွ လုပ်လိုက်၊ ရှေ့ Screen ကို မကြည့်ပဲ နောက်တွေ လှည့်ကြည့်လိုက် လုပ်နေလို့ “သားကောင်းကောင်းကြည့်လေ” ပြောတော့ “သားသား မကြည့်ချင်ဘူး” လို့ ဆိုလာပါတယ်။ Avatar ဆိုတော့ သူက TV မှာ ကြည့်နေကျ ကာတွန်းဇာတ်လမ်း အောက်မေ့လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ လိုက်လာသူပါ။ ဒီရောက်တော့မှ တလွဲဖြစ်နေတော့ စိတ်ညစ်ရှာတယ် ထင်ပါတယ်။ ကိုယ်ကလည်း မူးချင်သလိုလို၊ အန်ချင် ပျို့ချင်သလိုပါ ဖြစ်လာတော့ ကိုဧရာကို “ကျမတို့ သားအမိ အပြင်ထွက်နေမယ်အေ” လို့ ပြောပြောဆိုဆိုနဲ့ သားအမိနှစ်ယောက် ရှေ့ဆုံးက ထွက်ချလာခဲ့ပါတယ်။ ထိပ်ကစောင့်နေတဲ့ ဝန်ထမ်းလေးဆီ မျက်မှန် နှစ်လက် အပ်ခဲ့ရပါတယ်။

ရုံဂိတ်ဝမှာ စောင့်နေတဲ့ ဝန်ထမ်းတွေကို ရုပ်ရှင် ဘယ်အချိန်ပြီးမလဲ မေးတော့ ရး၄၀ မှ ပြီးမှာတဲ့။ နာရီကြည့်လိုက်တော့ အခုမှ ၅း၃၀ပဲ ရှိသေးတယ်။ အခြားရုံတွေထဲ ဝင်ကြည့်လို့ ရမလားမေးတော့ “မရပါဘူး ခင်ဗျာ” တဲ့ “အပြင်ထွက်ပြီး Shopping လုပ်ရင် သွားလုပ်နေပါ” တဲ့။ အဲ့ဒါနဲ့ပဲ သားအမိနှစ်ယောက် အခြားရုံပေါက်ဝက ခုံတန်းလျားလေးမှာ ထိုင်ပြီး ဘယ်ရုံထဲကို ဘယ်အချိန် ခိုးဝင်ရင် ကောင်းမလဲ အလစ်ချောင်းနေမိပါတယ်။ ကိုယ့်ရုပ် ကိုယ့်ရည်နဲ့ အဲ့လို ခိုးကြောင်ခိုးဝှက် မလုပ်ချင်တဲ့ အတွေးကလည်း တဖက်၊ နောက်ရုံထဲ ဝင်သွားပါပြီတဲ့ မှောင်မှောင်မဲမဲထဲ သားအမိနှစ်ယောက် ထိုင်စရာနေရာ မရှိရင်လည်း အခက် ဆိုတဲ့ အတွေးတွေနဲ့ ချာချာလည်နေပါတယ်။ လူကသာ ငုတ်တုတ်ထိုင်နေပေမဲ့ စိတ်က မငြိမ်သလို၊ ပါးစပ်တွေ လက်တွေကလည်း အငြိမ်မနေရပါဘူး။ ရုပ်ရှင်ကြည့်ရင်း အပေါ့အပါးသွားချင်လို့ ထွက်လာတဲ့ လူတွေကို အိမ်သာ ဘယ်ဖက်ဆိုတာ လမ်းညွှန်ပေးရပါသေးတယ်။

သားငယ်က ကလေးဆိုတော့ အဲ့လိုကြီး ဘယ်လာကြာကြာထိုင်နေနိုင်ပါ့မလဲ။ ရုံထဲ ပြန်ဝင်ချင်တယ် လုပ်ပြန်လို့ သားအမိနှစ်ယောက် ကုပ်ကုပ် ကုပ်ကုပ်နဲ့ ပြန်ဝင်လာကြပြန်ရော။ ဒုတိယ အကြိမ် ကြိုးပမ်းမှုမှာတော့ သားကြီးဝယ်လာတဲ့ အာလူးကြော်ဗူးထဲက အာလူးကြော်တွေ တကျွတ်ကျွတ်ဝါးရင်း တိုက်ပွဲဝင်ပါသေးတယ်။ ဒါလည်း မရဘူး အာလူးကြော်လည်း ကုန်ရော လူလည်း ဘာဖြစ်သွားတယ် မသိတော့ဘူး။ “ထ ထ” ဆိုတဲ့ အသံက ကိုဧရာ့ အသံလား။ သားကြီး အသံလား။ “ရုပ်ရှင်ပြီးပြီ” ဆိုတဲ့ အသံကတော့ သားကြီး အသံ။

“သားသားက ဘာလို့မကြည့်ချင်တာလဲ... သားသား ကြည့်တဲ့ Avatar မဟုတ်လို့လား” လို့ သားငယ်ကို သူ့အဖေကမေးတော့ “သားသားကို လက်သီးနဲ့ထိုးလို့” တဲ့ …။ ပြီးတော့မှ သားငယ်က သူ့အဖေကို ဇာတ်လမ်းမေးပါတယ်။ “လာလာ ဖေဖေ ပြောပြမယ် ဟို အမေကြီးလည်း နားထောင်” ဆိုပြီး … “Avatar ဆိုတာ အိန္ဒိယစကား “အဝတာရ”…. သက်ဆင်းခြင်းလို့ အဓိပ္ပါယ်ရတယ်။ လူသားတွေကို ကယ်တင်ဖို့အတွက် ကောင်းကင်ဘုံကနေ လူပြည်ကို ဆင်းသက်လာပြီး လူအဖြစ်ကို ဝင်စားတဲ့ ရာမတို့, ကရစ်ရှနားတို့ကိုခေါ်တာ …” ဇာတ်လမ်းနဲ့ မဆိုင်တဲ့ သူ့လက်ချာအရင် နားထောင်ရသေးတယ်။ ပြီးမှ သားအမိတစ်တွေ ကိုဧရာပြောတဲ့ Avatarပုံပြင်နားထောင်ရင်း သူ့ဇာတ်လမ်း မဆုံးခင်မှာပဲ အိပ်ယာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ရ ပြန်ပါတော့တယ်။

Wednesday, February 3, 2010

ပိုးထည် တစ်စကြောင့်

လွန်ခဲ့တဲ့ အပတ်က ကြည့်ဖြစ်တဲ့ အိန္ဒိယဇာတ်ကားပါ။

ဇာတ်ကား စ စချင်းမှာ ဇာတ်လိုက်က မင်္ဂလာဆောင်ပြီး သတို့သမီးကို သူ့အိမ်ခေါ်လာတယ်။ လမ်းထိပ်မှာ ထိုင်နေတဲ့ မိန်းမကြီးက သူတို့ကိုကြည့်ပြီး အတင်းပြောတယ်။ “မင်္ဂလာဆောင်မှာတောင် သတို့သမီးက ပိုးဆာရီ မဝတ်နိူင်ဘူး” လို့။ “ဒီမိန်းမကြီးတွေ သူများအတင်းထိုင်ပြောဖို့ကလွဲပြီး အခြားအလုပ်မရှိဘူးလား မသိဘူး” လို့သာ စိတ်ထဲကပြောကြပြီး အိမ်ရောက်လာတယ်။ အိမ်ပေါက်ဝမှာ ဖခင်အိုကြီးကို သူတို့ ထုံးစံအတိုင်း ခြေဖမိုးထိ နှုတ်ဆက်ပြီး သတို့သမီး အိမ်ထဲဝင်တယ်။ လူကြီးတွေက ညာဘက်ခြေထောက်က စလှမ်းဝင်ဖို့ သတိပေးကြတယ်။

ဇာတ်လိုက်က အဲ့ဒီနယ်မှာ ရှိတဲ့ ယက္ကန်းစက်ရုံက အလုပ်သမား။ ဇနီးသည်က အလိမ္မာအိမ်ပါလေး။ နွမ်းနွမ်းပါးပါးပေမဲ့ အေးချမ်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ကြတယ်။ မကြာဘူး ဇာတ်လိုက်အဖေကြီး အနိစ္စရောက်တယ်။ အလောင်းပြင်ကြသူတွေက အလောင်းကို ပတ်ဖို့ ပိုးစ တောင်းတယ်။ ဇာတ်လိုက်က “တသက်လုံး အလုပ်လုပ်လာတာ ဖခင်ကြီး ရုပ်အလောင်းက ခြေမနှစ်ခုကို ပူးချည်ဖို့ ပိုးမျှင်တစသာ တတ်နိုင်ရပါလား” လို့ ငိုရှာတယ်။ (အသုဘမှာ ရေအိုးခွဲတာ၊ ကူးတို့ခ ဆိုပြီး ပါးစပ်ထဲ တမတ်စိထည့်တာ၊ ခြေမနှစ်ချောင်းကို ပူးချည်တာတွေ အားလုံးဟာ အိန္ဒိယက အယူအဆတွေဖြစ်တယ်။ ဗုဒ္ဓသာသာဝင်တွေ အကျိုးအကြောင်း အဓိပ္ပါယ် ရှိမရှိ သုံးသပ်ပြီး၊ ဒီအယူအဆတွေကို ဆက်လက်လိုက်နာဖို့ သင့်မသင့် ဆုံးဖြတ်သင့်ပြီ။)

ဇာတ်ကားကို ပြန်ကောက်ရရင် ဇာတ်လိုက်ဟာ ဇာတ်လိုက်တို့ရဲ့ သဘာဝအတိုင်း ရိုးသား ကြိုးစားပြီး မဟုတ်မခံ စိတ်ရှိသူဖြစ်တယ်။ စက်ရုံပိုင်ရှင်သူဌေးကြီးရဲ့သမီး မင်္ဂလာဆောင်မှာ ဝတ်ဖို့ရာ ပိုးဆာရီကို အထူးယက်လုပ်ပေးဖို့ ရွေးချယ်ခြင်း ခံရတဲ့ လက်ရွေးစင် ယက္ကန်းသမားတဦး။ နောက်တော့ သူတို့မှာ သမီးလေးတယောက်ရတယ်။ သမီးလေး ပုခက်တင်ပွဲမှာ ဖအေလုပ်သူက သမီးကို တချိန်ကျရင် ပိုးဆာရီတထည် ပေးမယ် လို့ ကတိကဝတ်ပြုလိုက်တယ်။ ပွဲကိုလာတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကတော့ “မဖြစ်နိုင်တဲ့ ကတိမျိုး မပေးသင့်ဘူး။ ဖြစ်မလာခဲ့ရင် ကြိမ်စာသင့်သလိုမျိုး ခိုက်တတ်တယ်” လို့ ဇာတ်လိုက်ကို ဝေဖန်ကြတယ်။ ဇနီးသည်မှာလည်း စိုးရိမ်မှုတွေနဲ့ အဲ့ဒီအချိန်ကစ မျက်နှာ မသာမယာ ဖြစ်ရတော့တာပေါ့။ ဒီတော့လည်း သူစုထားတဲ့ မြေအိုးကို ခွဲ၊ အကြွေစေ့တွေ တပုံတခေါင်းကို ပြလို့ ဇနီးသည်ကို အားပေးရှာတယ်။ “ဘာလို့ မဖြစ်ရမလဲ မိန်းမရယ်ပေါ့။” ကံဆိုးချင်တော့ သူ့ညီမက အဲ့ဒီအဖြစ်အပျက်ကို အိမ်ထရံအပြင်က ချောင်းကြည့်ပြီး မြင်သွားခဲ့တယ်။ နောက်နေ့လည်းကျရော ညီမလုပ်သူက သူ့ယောကျ်ားကို အကိုဆီ လွှတ်ပြီး ရှာရဖွေရတာ ခက်လွန်းလို့ ရင်းဖို့နှီးဖို့လေးရအောင် စုထားဆောင်းထားတဲ့ ငွေစကြေးစလေးများရှိရင် ချေးငှားဖို့ လာပြောပါလေရော။ ကိုယ့် ဆွေမျိုးသားချင်းတွေ ဖြစ်နေတော့ ငြင်းရခက်တဲ့ ဇာတ်လိုက်ကလည်း ရှိတာအကုန် အိတ်ထဲသွန် ထည့်ပေးလိုက်ရတော့တာပေါ့။ ဘာမှမပြောသာတဲ့ မိန်းမလုပ်သူမှာလည်း အိမ်တိုင်လေးမှီထိုင်လို့ ငိုင်ရုံသာ။

ဒီလိုနဲ့ ရိုးသားပါတယ်ဆိုတဲ့ ဇတ်လိုက်လည်း အလုပ်ပြန်ချိန် စက်ရုံထဲ နောက်ချန်နေခဲ့ပြီး ပိုးချည်တခင်တခင်ကို ပါးစပ်ထဲ ငုံပြီး ခိုးတော့တာပဲ။ Lord တွေပိုင်တဲ့ စက်ရုံကြီးက အစောင့်အကြပ်ထူပြောပါတယ်။ အထွက်ဂိတ်မှာ တကိုယ်လုံးနဲ့ ထမင်းချိုင့်ပါမကျန် စစ်သေးတာ။ ဒါကိုပဲ သူ့မှာရအောင် ခိုးရတာ။ ချစ်စရာကောင်းတဲ့ သမီးလေးကလည်း ကျောင်းသွားတဲ့ အရွယ်တောင် ရောက်လာပြီလေ။ တရွာထဲသားချင်း ကျောင်းသွားဖော် ကောင်လေးကို သမီးကို ကျောင်းအရောက် လက်ဆွဲခေါ်သွားဖို့ ဖအေကြီးမှာ မှာရတာအမော။ ခိုးလာတဲ့ ပိုးချည်ခင်လေးတွေကို ဘယ်သူမှာ မသိအောင် လေးထောင့်မုန့်ပုံးလေးထဲ စုထားပြီး နွားတင်းကုတ်ထဲမှာ ညအချိန်မတော်မှ ယက်ရရှာတယ်။ တဖြေးဖြေးနဲ့ အဆင်အကွက် ပေါ်လာတဲ့ ပိုးဆာရီလေးကို တစိမ့်စိမ့်ကြည့်ရင်း ပီတိတွေ ဖြာလို့ပေါ့။

မှတ်မှတ်ရရ ရွာမှာ ပွဲတော်လုပ်တဲ့နေ့ ရွာကလူကုန်နဲ့ တမိသားစုလုံး ပွဲတော်ထဲမယ် ကရင်းခုန်ရင်း ပျော်ရင်းရွှင်ရင်းမှာပဲ သမီးလေး အမေ ပါးစပ်ထဲက သွေးတွေ အန်ပါတော့တယ်။ ဆင်းရဲမွဲတေခြင်းရဲ့ နောက်ဆက်တွဲ ရလဒ် တီဘီရောဂါက ရွာကဆေးဆရာတောင် မနိုင်တော့တဲ့အခြေကို ရောက်နေပါပြီ။ မြို့ဆေးရုံကိုသာ အမြန်ပို့ဖို့ ဆရာပြောနိုင်ပါတော့တယ်။ ယူကျုံးမရ မချိတင်ကဲ ဖြစ်ရတဲ့ ဇတ်လိုက်ဟာ မီးအိမ်လေးကို ဆွဲ၊ ဇနီးသည်ကို နွားတင်းကုတ်ဆီ ပွေ့ချီပြီး ခေါ်သွားပါတယ်။ ယက္ကန်းစင်မှာ တသက်နဲ့ တကိုယ် သူတခါမှ မမြင်ဖူးလေတဲ့ တို့ထိလို့တောင် မကြည့်ဖူးတဲ့ ပိုးဆာရီစလေး တန်းလန်းကို အံ့သြတကြီးကြည့်ပြီး အသက်ထွက်ရှာတယ်။

နောက်တော့ ရွာကို လူစိမ်းတဦးရောက်လာတယ်။ “သူက စာရေးဆရာပါ ယက္ကန်းအလုပ်သမားတွေအကြောင်း စာရေးချင်လို့ လေ့လာဖို့ ရောက်လာတယ်” လို့ ဆိုတယ်။ ဒါနဲ့ ဇာတ်လိုက်လည်း သူ တည်းဖို့ ခိုဖို့ရာ ညီမဖြစ်သူရဲ့အိမ်ကို ဆက်ပေးလိုက်တယ်။ သူ့ညီမလည်း အိမ်ငှားခလေး ဘာလေးရအောင်ပေါ့။ ဇာတ်လိုက် သမီးလေးရဲ့ ငယ်ငယ်ကတည်းက ကျောင်းသွားဖော် သူငယ်လေးကလည်း စစ်တပ်ထဲ လိုက်သွားရာက ခွင့်ရလို့ ပြန်လာတယ်။ သူတို့နှစ်ဦး မေတ္တာရှိကြတာသိတဲ့ မိဘတွေကလည်း နေရာချထားပေးဖို့ စီစဉ်ကြတယ်။ အိန္ဒိယ ဓလေ့ထုံးစံအရ မိန်းကလေးဘက်က တင်တောင်းရတယ်။ ယောကျ်ားလေးဘက်က ဇာတ်လိုက်ကို “မင်းမှာ သမီးတယောက်ကလွဲပြီး ဘာမှမရှိတာသိပေမဲ့ တို့ကတော့ ထုံးစံအတိုင်း ဘာတင်တောင်းမလဲ မေးရမှာပဲ” လို့ ရွာသားအချင်းချင်း နောက်ပြောင်တဲ့ သဘောနဲ့ ပြောလာတော့၊ ဇာတ်လိုက်ကလည်း အမှန်တွေ ပြောနေတာ ဖြစ်ပေမဲ့ အောင့်သက်သက်နဲ့ပဲ “ငါ့မှာ ဘာမှ မပေးလိုက်နိုင်ပေမဲ့ သမီးလုပ်သူကို မင်္ဂလာဆောင်မှာ ပိုးဆာရီ ဆင်လွှတ်လိုက်မယ်” လို့ ပြောလိုက်ပါတယ်။

တကယ်တော့ ရွာကို ရောက်လာတဲ့ လူစိမ်းက ကွန်မြူနစ် ပါတီဝင်။ ဇာတ်လိုက်တို့လည်း မာ့က်စ်တို့၊ လီနင်တို့ရဲ့ အတွေးအခေါ်၊ စာအုပ်စာပေတွေ ဖတ်ခွင့်ရပြီး အလုပ်သမား သမဂ္ဂ ရွာမှာ ပေါ်လာတယ်။ စာနည်းနည်းပါးပါး ဖတ်တတ်တဲ့ ဇာတ်လိုက်က သမဂ္ဂခေါင်းဆောင်ပေါ့။ စက်ရုံပိုင်ရှင်သူဌေးဆီမှာ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တောင်းဆို ကြတယ်။ အို လွယ်လွယ်နဲ့တော့ ဘယ်ရလိမ့်မလဲ။ ယက္ကန်းစင်တွေ မီးရှို့ကြတယ်။ (ပညာနည်းသူတွေရဲ့ တဇွတ်ထိုး အမူအကျင့်တွေဟာ တခါတလေမှာ တော်တော် အရုပ်ဆိုး အကျည်းတန်တယ်။) နောက် အလုပ်မဆင်းဘူး သပိတ်မှောက်ကြတယ်။ မင်္ဂလာရက်နီးလာတဲ့ သမီးလုပ်သူကလည်း “ပိုးဆာရီ ဘယ်မလဲ အဖေရယ်။ သွားမဝယ်သေးဘူးလား” တမေးထဲမေးနေတော့၊ အလုပ်မဆင်းဘူး သပိတ်မှောက်နေတဲ့ အဖေကြီးမှာ ဖင်ပူအောင်ထိုင်မနေနိုင်တော့ဘူး။ သန္နိဌာန်တွေ ပြိုလဲလို့ သမီးအလှ လင်ရဖို့ ပိုးချည်ခင် ခိုးဖို့အရေး အလုပ်ပြန်ဆင်းပါမယ်လို့ မျက်နှာပြောင်တိုက်ပါတော့တယ်။ အလုပ် ဆင်းမယ်၊ မဆင်းဘူးနဲ့ အလုပ်သမားတွေလည်း နှစ်ဖွဲ့ကွဲလို့ ဦးတည်ချက်တွေနဲ့ ဝေးရတော့တယ်။ အလုပ်ဆင်းချိန်မှာ အရင်ထက်နှစ်ဆတိုးပြီး ချည်ခင် ခိုးတယ်။ ဒီတခါတော့ မိပါတယ်ခင်ဗျာ။ သူဌေးရဲ့ အစောင့်အကြပ်တွေကရော၊ သစ္စာ ဖောက်သွားသူဆိုပြီး နာနေတဲ့ အလုပ်သမားတွေဘက်ကရော နှစ်ဦးနှစ်ဖက်က ဝိုင်းသမလိုက်ကြတာ ဘာပြောကောင်းမလဲ။ “အဖေ့ကို မရိုက်ကြပါနဲ့” လို့ ဝင်ဆွဲတဲ့ သမီးတောင် နောက်ဆုံး မျက်နှာလွှဲလိုက်ရတဲ့ အဖြစ်ရောက်တယ်။

တသက်လုံး လေးစားလာရတဲ့ အဖေကို ဒီလိုအခြေအနေနဲ့ တွေ့လိုက်ရတဲ့ သမီးဖြစ်သူက ရေကန်ထဲခုန်ချပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံတယ်။ တခါတည်း သေမသွားပဲနဲ့ Vegetable ဖြစ်တယ်။ ဘယ်သူမှ စောင့်ရှောက်မည့်သူမရှိတဲ့ သမီးကို အချုပ်သားအဖြစ်နဲ့ လာကြည့်ရင်း၊ အဆိပ်နယ်ထားတဲ့ ထမင်းကို သမီးပါးစပ်ထဲ ကိုယ်တိုင်လက်နဲ့ ခွံ့ပြီး အဆုံးစီရင်လိုက်တယ်။

ဒီတော့မှ နွားတင်းကုတ်ထဲက ယက္ကန်းစင်က ယက်လက်စ ပိုးဆာရီကို ဆွဲဖြဲယူလာပြီး အိမ်ရှေ့မှာ ချထားတဲ့ သမီးအလောင်းပေါ်လွှားတယ်။ ခေါင်းကို လုံအောက်ဖုံးတော့ ခြေကပေါ်နေတယ်။ ခြေကို လုံအောင်ဖုံးပြန်တော့ ခေါင်းက မလုံပြန်။ ဇာတ်လိုက်မှာ ပိုးဆာရီစကို အပေါ်ဆွဲလိုက် အောက်ဆွဲလိုက် လုပ်ရင်း…ဇတ်လမ်းပြီးသွားပါတယ်။

ဇာတ်ကားနာမည်က Kanchivaram (A Communist Confession) ပါ။

Thursday, May 14, 2009

The Great Debaters


“What we have to do in order that we can do what we want to do” [from The Great debaters]
“Education is the only way out from the darkness into glorious light.” [from The Great debaters]
“An unjust law is no law at all.” [St. Augustine]
“ကျွန်စိတ်၊ ပညာရေးနှင့် လွတ်လပ်မှု” ဟူသော ပို့စ်ရေးစဉ်က ‘The Great Debaters’ ဇာတ်လမ်းအကြောင်းကို ထည့်ရေးဖို့ရန် စဉ်းစားခဲ့သည်။ သို့သော်လည်း သိပ်ရှည်လွန်းသွား၍ မထည့်ဖြစ်ခဲ့။

၁၉၃၀-ခုနှစ်ကာလ လူမည်းစကားရည်လု အသင်းတစ်ခုကို အခြေတည်၍ ရိုက်ကူးထားသော ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုဖြစ်သည်။ ထိုအချိန်က အမေရိကန်နိုင်ငံတွင် ကျွန်စနစ်နှင့် အဓမ္မစေခိုင်းသောစနစ်တို့ကို ဖွဲ့စည်းပုံအခြေခံအရ ဖျက်သိမ်းပြီးဖြစ်သည်။ သို့သော်လည်း လူဖြူတို့သည် Lynching ဟူသော နည်းကို အသုံးချ၍ အာဖရိကနွယ်ဖွား လူမည်းတို့ကို ကျွန်စိတ်မပျောက်စေရန် စိတ်ဓာတ်ကို အညွှန့်ချိုးခဲ့ကြသည်။ ကျွန်စနစ်ကို ဆန့်ကျင်သူများအား ကြောက်ရွံ့ နောင်ကြဉ်စေရန် လူအုပ်စုဖွဲ့၍ အကြမ်းဖက် အနိုင်ကျင့်ခြင်း၊ ရိုက်နှက်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခြင်း၊ လူအများမြင်သာစေရန် ကြိုးပေးကွပ်မျက်ခြင်းစသော ဥပဒေ ပြင်ပနည်းများကို သုံးခဲ့ကြသည်။


လူမည်း ပညာတတ်လူငယ်တို့က မိမိတို့၏ အခြေခံရပိုင်ခွင့်များကို ခံစားနိုင်ရန် ကြိုးပမ်းကြသည်။ ပညာရေးသည်သာ မိမိတို့မျိုးနွယ်ဖွားတို့၏ တစ်ခုတည်းသော လွတ်မြောက်ရာလမ်းဖြစ်သည်ဟု ခံယူခဲ့ကြသည်။ ပထမဆုံးအလုပ်သည် လူငယ်များ၏ နှလုံးသားမှ သိမ်ငယ်စိတ်၊ ကျွန်စိတ်ကို ဖယ်ထုတ်ပစ်ရန်ဖြစ်သည်။ နောင်တွင် ထင်ရှားသည့် လူမည်း ကဗျာဆရာတစ်ဦးဖြစ်လာမည့် Melvin B. Tolson သည် Wiley Collge မှ လူငယ်များအားစုစည်းကာ စကားရည်လုပွဲအသင်းတစ်ခု ထူထောင်ခဲ့ကြပုံကို အခြေခံ၍ ဤဇာတ်ကားကို ရိုက်ကူးထားခြင်း ဖြစ်သည်။


“ဒို့လုပ်ချင်တာတွေ လုပ်နိုင်ဖို့အတွက် ဒို့လုပ်ရမယ့် အရာ” ဟူသည့် တာဝန်ယူစိတ်ကို လှုံ့ဆော်သော စကားကို ထပ်လဲလဲ သုံးသွားသည်။ ပညာရဲရင့် ပွဲလယ်တင့်ဆိုသော စကားအတိုင်း ထိုစကားရည်လုပွဲ အသင်းလေးသည် ဟားဘတ်တက္ကသိုလ် (ဖြစ်ရပ်မှန်တွင် ကယ်လီဖိုးနီးယား တောင်ပိုင်းတက္ကသိုလ်) အသင်းကို ရင်ဘောင်တန်း ယှဉ်ပြိုင် ခွင့်ရခဲ့သည်။ ထိုစဉ်က စကားရည်လုပွဲတွင် James Farmers သည် “မတရားသော ဥပဒေသည် ဥပဒေပင် မဟုတ်” ဟူသော စိန့်သြဂတ်စတင်း၏ စကားကို မကြာခဏ ကိုးကားခဲ့သည်။ နောက်ဆုံး စကားရည်လုပွဲကို လူမည်းအသင်းက အနိုင်ရလိုက်ပုံဖြင့် ဇာတ်သိမ်းထားသည်။ နောင်တွင် James Farmers သည် ထင်ရှားသော လူမည်း အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

http://www.youtube.com/watch?v=JnezpSJwr8c&feature=fvst
ဧရာ (မန္တလေး)