![]()
Friday, February 5, 2010
Avatar 3D ဖြစ်ရပ်မှန်
အင်္ဂလိပ်ကား မကြည့်တတ်ပါဘူး။ ဒီတော့ ရုံမှာ ရုပ်ရှင်အလွန်ကြည့်ခဲပါတယ်။ ရုပ်ရှင်လက်မှတ်ရရင် ကိုဧရာနဲ့ သားကြီး သားအဖနှစ်ယောက်ပဲ သွားကြည့်ကြလေ့ ရှိပါတယ်။ 2012 တင်တော့ မှတ်မှတ်ရရနေ့ တနေ့မို့ မိသားစု အကုန်သွားကြည့်ကြပါတယ်။ အဲ့ဒီကနေ အရှိန်ရသွားပြီး၊ Avatar တင်တော့ (ထူးထူးဆန်းဆန်း 3Dကလည်း ဖြစ်ပြန်ပါသေးသတဲ့။) “3Dမို့ ကိုယ်က ပြချင်တာ” ဆိုတာ ကိုဧရာတယောက် ရုပ်ရှင်ကြည့်ဖို့ မဲဆွယ်စဉ်ကာလမှာ ထပ်တလဲလဲ သုံးခဲ့တဲ့ စကားပါ။ New Year Eve နေ့မှာ အများသူငါတွေနဲ့ ရောပြီး မိသားစုလိုက် ညနေ ၅နာရီပွဲကို ၃နာရီမှာ တက်တက်ကြွကြွ လက်မှတ် တန်းစီ ဝယ်ပါတယ်။ အရောင်းကောင်တာရောက်တော့ ရှေ့ဆုံးကရေရင် Second Row ကပဲ နေရာ ရတော့မယ်တဲ့။ အို ဘာဖြစ်လဲ 2012 ကြည့်တုန်းကလည်း Second Row ကပဲဟာ ဒီလောက်ကြီး တန်းစီပြီးမှ ဝယ်လိုက် ဝယ်လိုက်ဆိုပြီး ဇွတ်မိုက်လိုက်ကြပါတယ်။
ရုံထဲ အဝင်မှာ မျက်မှန် အမဲလေးတွေ ပေးတယ်။ တရိုတသေ ကိုင်ခဲ့ရတယ်။ မျက်မှန်မှာ ဒဏ်ရာ တစုံတခုရခဲ့ရင် 85 ဒေါ်လာ လျော်ရမယ် ဆိုလို့ပါ။ နေရာယူပြီး ခဏကြာတော့ ရုပ်ရှင်စပြပါတယ်။ ကြော်ငြာတွေ ဆိုတော့ မျက်မှန် တပ်စရာမလိုသေးဘူး အထင်နဲ့ ပကတိမျက်လုံးအတိုင်းနဲ့ပဲ ကြည့်နေခဲ့ပါတယ်။ “မျက်မှန်တပ်လေ ကြော်ငြာလည်း 3D ပဲ” ဆိုတဲ့ ကိုဧရာ့ဆီက အလန့်တကြား သတိပေးသံကြားမှ ဘေးဘီကို ဝဲဝီ ကြည့်လိုက်တော့ တရုံလုံး မျက်မှန်တွေနဲ့ ခန့်ငြားနေကြပါပြီ။ အော် တုံးလိုက်တဲ့ ငါ ဆိုပြီး မျက်မှန်ကောက်တပ်လိုက်မှ Garfield ကြီး ဗိုက်ပူထွက်နေပုံများ ရုပ်လုံးကို ကြွလို့ဟဲ့။ ဇာတ်ကား စပြလို့ ခဏအကြာမှာ ကိုဧရာ့ဆီက အသံထွက်လာပြန်တယ်။ “သီတာ သီတာ 3D ဆိုတာ အဲ့လိုကြီးလား” တဲ့။ ကိုယ်က ရုံထဲဝင်လာကတည်းက “3D ရုပ်ရှင်များ Discovery Centre မှာ ကျမ ကြည့်ဖူးပါတယ်တော်” လို့ သူ့ကို တမှတ်ကျောထားသူမို့ အားကိုးတကြီး မေးရှာတာပါ။ “ဘာဖြစ်လို့လဲ” ဆိုတော့ “ကို ဘာမှ ကောင်းကောင်းမမြင်ရဘူး” တဲ့။ “ပေးစမ်းပါဦး ရှင့် မျက်မှန်” ဆိုပြီး မသီတာ ကောက်တပ်ကြည့်လိုက်တော့မှ လားလား စိမ်းစိမ်းတွေရော နီနီတွေရော ရိပ်ရိပ် ရိပ်ရိပ်တွေ… “အာ ရှင့်မျက်မှန်က အပျက်ကြီး” ဆိုပြီး၊ ချက်ချင်းသွား ပြန်လဲခိုင်းရတယ်။
မသီတာလည်း ဇာတ်လမ်းကို နားမလည် လည်အောင် အာရုံ စူးစိုက် ကြည့်ရင်းနဲ့ မျက်ခွံက မှေးစင်း ကျကျလာတယ်။ အော် ငါ့မျက်လုံးအား မနိုင်ဘူးနဲ့ တူတယ်ဆိုပြီး အိတ်ထဲက မျက်မှန်ထုတ်တပ်၊ အပေါ်ကမှ 3D မျက်မှန်ထပ်တပ်ပြီး ကြည့်လည်း မအောင်မြင်ပါဘူး။ 3D မျက်မှန်ကို ချွတ်လိုက် တပ်လိုက်နဲ့ စမ်းသပ်မှုကို ကြိမ်ဖန်များစွာ လုပ်နေမိပါတယ်။ ဘေးနားက သားငယ်ကလည်း အောက်ပြုတ်ကျတဲ့ ပစ္စည်းတွေပဲ ကုန်းကောက်သလို တကုန်းကုန်းတကွကွ လုပ်လိုက်၊ ရှေ့ Screen ကို မကြည့်ပဲ နောက်တွေ လှည့်ကြည့်လိုက် လုပ်နေလို့ “သားကောင်းကောင်းကြည့်လေ” ပြောတော့ “သားသား မကြည့်ချင်ဘူး” လို့ ဆိုလာပါတယ်။ Avatar ဆိုတော့ သူက TV မှာ ကြည့်နေကျ ကာတွန်းဇာတ်လမ်း အောက်မေ့လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ လိုက်လာသူပါ။ ဒီရောက်တော့မှ တလွဲဖြစ်နေတော့ စိတ်ညစ်ရှာတယ် ထင်ပါတယ်။ ကိုယ်ကလည်း မူးချင်သလိုလို၊ အန်ချင် ပျို့ချင်သလိုပါ ဖြစ်လာတော့ ကိုဧရာကို “ကျမတို့ သားအမိ အပြင်ထွက်နေမယ်အေ” လို့ ပြောပြောဆိုဆိုနဲ့ သားအမိနှစ်ယောက် ရှေ့ဆုံးက ထွက်ချလာခဲ့ပါတယ်။ ထိပ်ကစောင့်နေတဲ့ ဝန်ထမ်းလေးဆီ မျက်မှန် နှစ်လက် အပ်ခဲ့ရပါတယ်။
ရုံဂိတ်ဝမှာ စောင့်နေတဲ့ ဝန်ထမ်းတွေကို ရုပ်ရှင် ဘယ်အချိန်ပြီးမလဲ မေးတော့ ရး၄၀ မှ ပြီးမှာတဲ့။ နာရီကြည့်လိုက်တော့ အခုမှ ၅း၃၀ပဲ ရှိသေးတယ်။ အခြားရုံတွေထဲ ဝင်ကြည့်လို့ ရမလားမေးတော့ “မရပါဘူး ခင်ဗျာ” တဲ့ “အပြင်ထွက်ပြီး Shopping လုပ်ရင် သွားလုပ်နေပါ” တဲ့။ အဲ့ဒါနဲ့ပဲ သားအမိနှစ်ယောက် အခြားရုံပေါက်ဝက ခုံတန်းလျားလေးမှာ ထိုင်ပြီး ဘယ်ရုံထဲကို ဘယ်အချိန် ခိုးဝင်ရင် ကောင်းမလဲ အလစ်ချောင်းနေမိပါတယ်။ ကိုယ့်ရုပ် ကိုယ့်ရည်နဲ့ အဲ့လို ခိုးကြောင်ခိုးဝှက် မလုပ်ချင်တဲ့ အတွေးကလည်း တဖက်၊ နောက်ရုံထဲ ဝင်သွားပါပြီတဲ့ မှောင်မှောင်မဲမဲထဲ သားအမိနှစ်ယောက် ထိုင်စရာနေရာ မရှိရင်လည်း အခက် ဆိုတဲ့ အတွေးတွေနဲ့ ချာချာလည်နေပါတယ်။ လူကသာ ငုတ်တုတ်ထိုင်နေပေမဲ့ စိတ်က မငြိမ်သလို၊ ပါးစပ်တွေ လက်တွေကလည်း အငြိမ်မနေရပါဘူး။ ရုပ်ရှင်ကြည့်ရင်း အပေါ့အပါးသွားချင်လို့ ထွက်လာတဲ့ လူတွေကို အိမ်သာ ဘယ်ဖက်ဆိုတာ လမ်းညွှန်ပေးရပါသေးတယ်။
သားငယ်က ကလေးဆိုတော့ အဲ့လိုကြီး ဘယ်လာကြာကြာထိုင်နေနိုင်ပါ့မလဲ။ ရုံထဲ ပြန်ဝင်ချင်တယ် လုပ်ပြန်လို့ သားအမိနှစ်ယောက် ကုပ်ကုပ် ကုပ်ကုပ်နဲ့ ပြန်ဝင်လာကြပြန်ရော။ ဒုတိယ အကြိမ် ကြိုးပမ်းမှုမှာတော့ သားကြီးဝယ်လာတဲ့ အာလူးကြော်ဗူးထဲက အာလူးကြော်တွေ တကျွတ်ကျွတ်ဝါးရင်း တိုက်ပွဲဝင်ပါသေးတယ်။ ဒါလည်း မရဘူး အာလူးကြော်လည်း ကုန်ရော လူလည်း ဘာဖြစ်သွားတယ် မသိတော့ဘူး။ “ထ ထ” ဆိုတဲ့ အသံက ကိုဧရာ့ အသံလား။ သားကြီး အသံလား။ “ရုပ်ရှင်ပြီးပြီ” ဆိုတဲ့ အသံကတော့ သားကြီး အသံ။
“သားသားက ဘာလို့မကြည့်ချင်တာလဲ... သားသား ကြည့်တဲ့ Avatar မဟုတ်လို့လား” လို့ သားငယ်ကို သူ့အဖေကမေးတော့ “သားသားကို လက်သီးနဲ့ထိုးလို့” တဲ့ …။ ပြီးတော့မှ သားငယ်က သူ့အဖေကို ဇာတ်လမ်းမေးပါတယ်။ “လာလာ ဖေဖေ ပြောပြမယ် ဟို အမေကြီးလည်း နားထောင်” ဆိုပြီး … “Avatar ဆိုတာ အိန္ဒိယစကား “အဝတာရ”…. သက်ဆင်းခြင်းလို့ အဓိပ္ပါယ်ရတယ်။ လူသားတွေကို ကယ်တင်ဖို့အတွက် ကောင်းကင်ဘုံကနေ လူပြည်ကို ဆင်းသက်လာပြီး လူအဖြစ်ကို ဝင်စားတဲ့ ရာမတို့, ကရစ်ရှနားတို့ကိုခေါ်တာ …” ဇာတ်လမ်းနဲ့ မဆိုင်တဲ့ သူ့လက်ချာအရင် နားထောင်ရသေးတယ်။ ပြီးမှ သားအမိတစ်တွေ ကိုဧရာပြောတဲ့ Avatarပုံပြင်နားထောင်ရင်း သူ့ဇာတ်လမ်း မဆုံးခင်မှာပဲ အိပ်ယာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ရ ပြန်ပါတော့တယ်။
Subscribe to:
Post Comments (Atom)
25 comments:
အမကအေတာ္ရီရတာပဲ....
ကျနော်ကတော့ကြိုက်တယ်..ဒါပေမဲ့ မကြည့်ရသေးဘူး။
ကြည့်ချင်နေတာ..
ကျနော်တို့ အိုဆာကာ ယူနီဗာဆယ်မှာ ၃ဒီနဲ့ အန်နီမေးရှင်းတွေပါတယ်..ကျနော့်အကြိုက်ပေါ့..အရမ်းကောင်းတာ..အမကလဲ..တကယ်ဖြစ်နေတဲ့စတိုင်..ကိုယ့်အနားမှာ..ကိုယ့်ဆီကိုလာနေတာတွေ..သိပ်ကောင်းတာ..အမရ။
အဲဒါများ.. ရုပ်ရှင်သွားမကြည့်ဘဲ အိမ်မှာပဲ ပုံပြင်ပြောခိုင်းလိုက် ပြီးနေတဲ့ဟာကိုနော်.. :)။
:)3Dမဟုတ်တဲ့ ရိုးရိုးသွားကြည့်လေ..ကြည့်လို့ကောင်းတယ်မသီတာရဲ့
mm
အမ ရာ မမိုက်ပါဘူး။ မျက်မှန်လေးတစ်ခုတောင် အပိုင်မပေးဘူး. ဒီမှာဆို အပိုင်ပေးတယ်။
ဖြစ်ရမယ် ကိုယ့်အစ်မကြီးက။း)
ဇွန်က ဒီကားမတင်ခင်ကတည်းက ဒါရိုက်တာ James Cameron လက်ရာဆို ကောင်းမယ်မှန်းသိလို့ ကြည့်မယ်တပြင်ပြင်နဲ့။ ကံကောင်းချင်တော့ သူငယ်ချင်းရုံးက လက်မှတ်စပွန်ဆာရလို့ ရုံစတင်တင်ချင်းရက်မှာပဲ သွားကြည့်ခွင့် ရလိုက်တယ်။ 3D တော့ မဟုတ်ဘူး၊ ရိုးရိုးပဲ။
နောက်တော့ ကြိုက်လွန်းလို့ မကြည့်ရသေးတဲ့ သူငယ်ချင်းနှစ်ယောက်ကို စည်းရုံးပြီး 3D နဲ့တစ်ခေါက်ထပ်သွားကြည့်တယ်။ မျက်မှန်နှစ်ထပ်နဲ့ကြည့်ရတာကလွဲလို့ အားလုံးအိုကေပဲ။ နောက်တစ်ခေါက်ကို 35mm original film show ဆိုလား ရှိသေးတာ သွားကြည့်ဦးမလို့ စိတ်လျှော့လိုက်တယ်။ ကြည့်ပြီးရင် စိတ်က ဇာတ်ကားထဲကျန်ခဲ့လွန်းလို့။ ဇွန်မိုးစက် တရားတောင် မှတ်မရဖြစ်သွားမှာစိုးလို့။ :D
မမရယ် ရေးထားတာ သဘောကျလွန်းလို့ ချစ်စရာကောင်းလိုက်တာ။
Avatar ကို ဘယ်သူမှ ဒီလို ရေးမယ် မထင်ဘူး။ James Cameron သာ သိရင် ငါ့အသည်းကို ခွဲတာ နင်.. ဆိုပြီး မမကို ပြောမယ် ထင်ပါရဲ့။ ;D
So cute ur son talking style
so cute ur son talking
ရုပ်ရှင်မကြည့်ဖြစ်တာ အတော်ကြီးကို ကြာပြီ။ ၅နှစ်လောက်တောင်ရှိပြီလား မသိ။ နောက်ဆုံးလက်ဆောင်ရတဲ့ လက်မှတ်၂စောင် ကို အားတာနဲ့ သွားကြည့်မယ်လုပ်ရင်း လုပ်ရင်း ရက်တွေလွန်သွားရော...
အိမ်က ယောက်ယောက်က ရုပ်ရှင်ကြိုက်တာ... သူ့သနားတာနဲ့ ဒီကားဒီလောက်လူပြောများတာ သွားကြည့်ဦးမှလို့ စဉ်းစားထားတာအစ်မရဲ့...
ဟိုနေ့က အစ်မသက်ဝေရေးထားတာဖတ်ပြီး၊ တခြားသူတွေ ရေးထားတာ ဖတ်ပြီး တကယ်ကို သွားကြည့်တော့မလို့...
ဟီး.. အခုတော့ မသွားတော့ ဘူးလားလို့.... ကျေးဇူး အစ်မသီတာ... ပိုက်ဆံ အကုန်သက်သာသွားပြီ....
း-)
သွားကြည့်ပါ စုချစ်ရယ်
အူကြောင်ကြား အမခြေရာ မနင်းပါနဲ့
အူတူတူ အတတ ဒီမိသားစုရဲ့ အလွဲများကို မျှဝေခံစားကြသူများ အားလုံးကို James Cameron ကိုယ်စား ကျေးဇူး အများကြီး တင်ပါတယ်လို့ (ဟင် ဘာမှလည်း မဆိုင်ဘူး)
ဒါဆို ကိုဧရာကြီးက သူကြည့်ချင်လို့ ခေါ်ပြတာပြောလေ။ :)) ကောင်းလိုက်တာ ။ အိမ်ရောက်တော့လဲ ပုံပြင်နားထောင်ပြီး အိပ်ရတယ်။ အဲဒီဇာတ်လမ်းကြည့်ပြီးသွားပြီ။ ကောင်းတယ်နော်။ အဟဲ မသီတာလို မျက်မှန်ကြီးတပ်လို့ အဲ ပါဝါမျက်မှန်ပြောပါတယ်။
ကျနော်လည်း 3D ကြီးကို ကြည့်ဖူးအောင် သွားကြည့်ဦးမယ်ဗျာ။
ဟားဟား.... အစ်မရေးတာတွေ ဖတ်ရရင် မရယ်ဘဲ မနေနိုင်ဘူး။ မဒမ်ပေါဆိုတာ ကျနော်ဖတ်ပြတာကို အိပ်ယာပေါ်ကာနေ နားထောင်ရင်း တဟိဟိ တခွိခွိနဲ့ပဲ။ မှောင်မှောင်မဲမဲကြီးထဲမှာ သားအမိနှစ်ယောက် ထိုင်ခုံမရရင် ဘယ်နှယ့်လုပ်မလဲဆိုတဲ့ အတွေးက အရယ်ရဆုံးပဲ။း-)
ကိုဂျိမ်းကင်မရွန်ကြီးကတော့ အပွဲပွဲနွှဲလာသမျှ သီတာနဲ့တွေ့မှ အလဲအကွဲဖြစ်သွားပါပေါ့...
(ဘလော့ဂ်လည်၍ အိမ်မှာဂျပိုးကိုက်၍ အိပ်ရေးပျက် သမျှ ပိုက်ဆံပေးပြီး ရုပ်ရှင်ရုံထဲ သွားအိပ်ခဲ့၏....)
ပုံ စောရသီတာ
4D ဆိုတာလည်း ရှိတယ်တဲ့။ တွေမှာ ရှိတယ် ပြောတာပဲ။ ရေကျတဲ့ အခန်းဆို ကိုယ်ခေါင်းပေါ် ရေစက်လေး ကျလာ။ ခုံတွေက ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက်နဲ့တဲ့။ ဒါပေမဲ့ တမင် လုပ်ရိုက်ထားတဲ့ ကားအတိုလေးတွေတဲ့။
မမရေးထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။
အကြိုက်ဆုံး avatar review ပါ :P
အစ်မရေ ... ရယ်လိုက်ရတာ ... သားအမိတစ်တွေ အဖြစ်တွေကို ... အိမ်သာဘယ်နားလဲပြရတယ်ဆိုရောက်တော့ အသံထွက်ပြီးကို ရယ်ရတာ ... အစ်မပို့စ်ကို မြန်မာလိုရေးထားလို့တော်သေး။ ဂျိန်းစ်ကင်မရွန်ကြီးဖတ်မိလို့ စူဆိုက် လုပ်သွားဦးမယ်။
သမီးကို လိုက်ပြချင်လို့။ ကိုယ်တိုင်ကတော့ ကြည့်ပြီးပါပြီ။ သမီးကို 3D ကိုပြချင်တာ။ သားအငယ်လေးအကြောင်းဖတ်ပြီး ပြလို့ရပါ့မလားမသိဘူးနော်။
ကိုယ့်အမတော့ လုပ်ပြီ၊
ခေါင်းစဉ်တွေ့တုန်းက အသေအချာဖတ်ရမှာဆိုပြီး ချက်ချင်းမဖတ်ဖြစ်ဘူး၊
အခုတော့ ဖြစ်ရပ်မှန်သိသွားပါပြီ၊ :)။
အပြုံးပန်းလည်း အမသားလိုပဲ လက်သီးနဲ့အထိုးခံရတုန်းက
အမေ့လို့အော်ပြီး တုန်သွားသေးတာ၊ ဟား။
ဒါပေမယ့် ဟိုအကောင်ကြီးနဲ့ ပျံတာမျိုး အပြုံးပန်းလည်း ပျံချင်တာ။
မမ ကျွန်မကြည့်မိရင်လဲ ဒီလိုနေမှာပဲ
:)
ွှ့The Note Book ကို သူများတွေ မျက်ရည်တွေတွေကျ ဆိုပဲ။ ကိုယ့်မှာတော့ ကိုယ့်ဘာသာ တော်တော်ချော့ပြီး 2 ရက်လောက်ကြာအောင် ကြည့်လိုက်ရတယ်။ ပျင်းလိုက်တာများ။
သီတာရေ...
ကိုယ်ထင်တာက သီတာတော့ Avatar ရဲ့ နောက်ခံ သမိုင်းကြောင်းတွေ သေသေချာချာ ဖတ်ရှုလေ့လာပြီး ရေးတော့တယ် မှတ်တာ...
အခုတော့ အထင်နဲ့ အမြင် ပါစင်အောင်လွဲပါပေါ့လား...
James Cameron မဆိုထားနဲ့...
ကိုယ်တောင် အသဲကွဲချင်ချင် ဖြစ်သွားတယ်... လုပ်ရက်ပါ့ သီတာရယ်...း))
သဘောချင်းနှောလိုက်လေ..မသီတာရယ်
ဓါတ်ရှင်ကိုကြိုက်နေကြတဲ့သူတွေက ဝိုင်းမေတ္တာပို့မှာစိုးလို့..အသာငြိမ်နေရတာ..အဟဲ
အမှန်အတိုင်းပြောတာ..
ခုမှပဲ ဖတ်မိတော့တယ်...ရယ်လိုက်ရတာ..တို့လည်း အဲဒီကားကို ကြော်ငြာတွေ review တွေမြင်နေရလည်း စိတ်မ၀င်စားလိုက်တာ... သားသားလည်း တော်တော်လန့်သွားတယ် ထင်တယ်..ဟဲဟဲ..ကိုဧရာ 3D ကို ဇဝေဇ၀ါဖြစ်သွားရခြင်းကို သဘောကျသွားတယ် သီတာရေ....နောက်လည်း movie review တွေ ရေးပါဦး..ကုလားကားလေးအကြောင်းတော့ ဖတ်ပြီးသွားပြီ...အဲဒါကျတော့ ရင်မောသားနော့..
နောက်တစ်ခါ နောက်တစ်ရုံထဲကိုရဲရဲကြီးဝင်သွားလိုက်စမ်းပါ။ ပြောရင်သာလက်မှတ်မရှိဘူးပြောတာ အထဲမှာ လူရှိတာမဟုတ်။
ထင်သားဘဲ။ ပညာရှိများတွေးကြည့်ရင်ပြေးကြည့်သလိုဘဲ။ ဒါကြောင့်မကြည့်ဖြစ်လိုက်ဘူး ကြားရတာဝမ်းသာလိုက်တာ။
အထူးခြားဆုံး Avatar Review ကို ခုမှ ဖတ်လိုက်ရတယ်..
( သဘောကျတယ်ကွာ.. )း)
ဘလော့တွေ ခွဲတာကိုး..ဒီမှာ မျက်စိတွေ လည်ပြီး..ရွှေသမင် ဆေးတိုက် ( ကြို့ပင်ကောက် ) နဲ့ ရွှေသမင်( သား) ဘယ်ဟာဝယ်သောက်ရမှန်း မသိ သလို ဖြစ်နေပြီ...
Post a Comment