Showing posts with label ဓမ္မမှတ်စု. Show all posts
Showing posts with label ဓမ္မမှတ်စု. Show all posts

Saturday, December 25, 2021

A Note on Active Reading/ Learning

တက္ကသိုလ်မှ စာပေသင်ကြားပို့ချမှုနှင့် ပတ်သက်၍ (အမေရိကန် စာရေးဆရာ Mark Twain ပြောဖူးသည့်) စကားတခု ရှိသည်။ “လက်ချာဆိုသည်မှာ ဆရာနှင့် ကျောင်းသားတို့၏ ဦးနှောက်တို့ကို မသုံးလိုက်ရဘဲ ဆရာ၏ စာအုပ်ထဲမှ မှတ်စုများက ကျောင်းသား၏ မှတ်စု စာအုပ်ထဲသို့ ရောက်သွားသည့် ဖြစ်စဉ်တခုဖြစ်သည်” ဟူ၏။ ဤစကားနှင့် ဆက်စပ်၍ မော်တီမာ အက်ဒလာ (Mortimer Adler) က “How to Read a Book: The Art of Getting a Liberal Education” စာအုပ်တွင် ဦးနှောက်မသုံးဘဲ လက်ချာလိုက်ခြင်းနှင့် ဦးနှောက်မသုံးဘဲ စာဖတ်ခြင်းတို့ကို နှိုင်းယှဉ်ပြထားသည်။ စာဖတ်ရာ၊ လက်ချာလိုက်ရာတွင် ဗဟုသုတ အချက်အလက်တို့ ရရုံသာမက နားလည်သဘောပေါက်ရန်လည်း လိုအပ်သည်။ နားလည် သဘောပေါက်ရန် အသိဉာဏ်ပွင့်လင်းရန် အတွက်ဆိုလျှင် စိတ်ကို အလုပ် မပေးဘဲ လက်ချာလိုက်၍ မရ၊ စာဖတ်၍ မရ။
စိတ်ကို အလုပ်ပေးသည့် စာဖတ်နည်းကို ရှင်းပြရန် အက်ဒလာက သူ့စာသင်ခန်းမှ အတွေ့အကြုံကို ပြန်လည် ဖောက်သည်ချသည်။ အက်ဒလာ၏ စာသင်ခန်းအတွင်းမှ ကျောင်းသားတို့အား ဆွေးနွေး မေးမြန်းသွားသည်များမှာ စာအုပ်တအုပ်၊ ဘာသာရပ်တခု၊ အကြောင်းအရာ တမျိုးတည်းအတွက်သာ အသုံးတဲ့သည် မဟုတ်။ အတော်လေး ယေဘုယျကျသည့် ဆွေးနွေးမေးမြန်းချက်များ ဖြစ်နေပါသည်။ ထိုအကြောင်းကို ဖတ်ရင်း အင်္ဂုတ္တရနိကာယ်မှ စာတကြောင်းက အတွေးထဲသို့ ဝင်လာသည်။ 
 
သော တဿ ဗဟုကဿ သုတဿ အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဟောတိ။ (အံ.၄.၆၊ အပ္ပဿုတသုတ်)
ထို အကြားအမြင် ဗဟုသုတများသူသည် အနက်ကို သိ၍ တရားကို သိ၍ တရားနှင့်လျော်ညီသော အကျင့်ကို ကျင့်သူဖြစ်၏။
 ပိဋကတ်ပါဠိတော်လာ ဝါကျတစ်ကြောင်း ဖြစ်သည့်အတွက် လောကုတ္တရာတရားကို ရည်ရွယ်ခြင်းဖြစ်ကြောင်း အထူး ပြောနေရန် မလိုပါ။ သို့သော် ဤနေရာတွင် ယင်းဠိဝါကျ၏ အနက်အဓိပ္ပါယ်နှင့် အက်ဒလာ၏ ဆွေးနွေးမေးမြန်းချက်များကို ဆက်စပ်ကာ လောကီရှုထောင့်မှနေ၍ စာဖတ်နည်း၊ စာပေလေ့လာသင်ယူနည်း လမ်းညွှန်အဖြစ် တင်ပြလိုပါသည်။
တရားနာယူရာ၊ သင်ခန်းစာပို့ချချက်တို့ကို နားထောင်ရာတွင် ဖြစ်စေ၊ စာအုပ် တအုပ်အုပ်ကို ဖတ်ရှုရာတွင် ဖြစ်စေ၊ ပထမအဆင့်အနေဖြင့် ဓမ္မကထိက ဆရာပြောသွားသည့် သို့မဟုတ် စာရေးသူ ရေးသားတင်ပြသည့် အချက်အလက်အကြောင်း အရာများကို ဗဟုသုတအသိအနေဖြင့် ဦးစွာ ရရှိသည်။ သမိုင်းစာအုပ် ဖြစ်လျှင် သမိုင်းဖြစ်ရပ်များ၊ သက္ကရာဇ်နေ့စွဲများကို သိရမည် ဖြစ်သည်။ ဝတ္ထုတအုပ် ဖြစ်လျှင် ဇာတ်လမ်းဇာတ်ကွက်များ၊ ဇာတ်ကောင်များ၊ ဇာတ်ကောင်စရိုက်များ၊ ခေတ်နောက်ခံ ယဉ်ကျေးမှုနှင့် ဇာတ်ကောင်တို့ ပြောဆိုသွားသည့် စကားများကို သိရမည် ဖြစ်သည်။ ယင်းတို့သည် စာတွင် ရေးထားသည့်အတိုင်း သိခြင်း ဖြစ်၍ သဒ္ဒါအနက် (သဒ္ဒတ္ထ) ကို သိခြင်းဟု ခေါ်နိုင်သည်။
 
ထို့နောက် သဒ္ဒါအနက်၌သာ ရပ်မနေဘဲ နာကြား မှတ်သားရသည့် စကား၊ ဖတ်ရှုလေ့လာရသည့် စာ၏ အနက်ကို စူးစမ်းဆင်ခြင်ရသည် (သုတာနုသာရေန အတ္ထူပပရိက္ခာယ)။ စာရေးသူက ဘာကြောင့် ဤသို့ ရေးရသည်၊ ဘာကို ဆိုလိုသည်ကို နားလည်အောင် အားထုတ်ရသည်။ စာမှ တဆင့် စာရေးသူ၏ နှလုံးသားနှင့် စေတနာကို မြင်အောင် ကြည့်ရသည်။ စာရေးသူနှင့် စာဖတ်သူတို့၏ အကြားတွင် စကားလုံးများဖြင့်သာ ဆက်သွယ်ထားခြင်း ဖြစ်ရာ စကားလုံးများသည် ပေါင်းကူးတံတား ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် တခါတရံတွင် ထိုစကားလုံးများကပင် စာရေးသူနှင့် စာဖတ်သူကို တားဆီးထားသည့် အဟန့်အတားများလည်း ဖြစ်နေနိုင်ပါသည်။ ဦးနှောက်ကို အလုပ်ပေး၍ အားထုတ်မှသာ ထိုအတားအဆီးကို ကျော်လွှားပြီး စာ၏ ဆိုလိုရင်း အာဘော်ကို မိနိုင်သည်။ ထိုသို့ စာရေးသူ၏ ရည်ရွယ်ချက်နှင့် စာ၏ ဆိုလိုရင်း အာဘော်ကို ထုတ်နိုင်သည်ကို အဓိပ္ပါယ်အနက် (အဓိပ္ပါယတ္ထ) ကို သိခြင်းဟု ဆိုနိုင်ပါသည်။ အထက်တွင် ထုတ်ပြခဲ့သော အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “အနက်ကို သိခြင်း (အတ္ထမညာ)” ဟု သုံးနှုန်းထားသည်။
 
အနက်သဘောကို သိမြင်ပြီးနောက် ယင်းထက် ပို၍ အခြေခံကျသည့် အကြောင်းရင်း ဓမ္မ (underlying principles)၊ ဖြစ်မြဲ ဓမ္မတာသဘောတရားတို့ကို စူးစိုက်ဆင်ခြင်ရသည်။ ထိုအခါတွင် သိမြင်လာသည့် ဓမ္မသဘောတို့ အလျောက် အသင့်အတင့် နှလုံးသွင်းလက်ခံနိုင်လာသည် (ဓမ္မာနိဇ္ဈာနံ ခမန္တိ)။ လောကုတ္တရာ ရှုထောင့်မှ ပြောရလျှင် ဓမ္မတာသဘောကို သိမြင်ခြင်းသည် အကြောင်းအကျိုးဆက် ပဋိစ္စသမုပ္ပါဒ သဘောတရားကို သိမြင်ခြင်း ဖြစ်သည် (ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ သော ဓမ္မံပဿတိ)။ ပဋိစ္စသမုပ္ပါဒကို သိမြင်ခြင်းသည် ကံ-ကံ၏ အကျိုးကို သိမြင်နားလည်ခြင်း ဖြစ်သည် (ပဋိစ္စသမုပ္ပါဒဒဿာ၊ ကမ္မကောဝိဒါ)။ ထိုသို့ ပဋိစ္စသမုပ္ပါဒ၊ ကမ္မနိယာမ စသည့် ဓမ္မသဘောတို့ကို သိမြင်နားလည်မှ ဗုဒ္ဓမြတ်စွာကို ဖူးမြင်ရသည်ဟု ဆိုနိုင်ကြောင်း ဝက္ကလိရဟန်းအား မိန့်မှာဖူးသည် (ဓမ္မံ ပဿတိ သော မံ ပဿတိ)။ ထို့ကြောင့် လောကုတ္တရာနယ်အရ အတ္ထကို သိမြင်ခြင်းမှ ကျော်လွန်ကာ ဓမ္မကို သိမြင်သော အဆင့်သည် အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။ 
 
လောကီရှုထောင့်အရ ဆိုလျှင်လည်း နိယာမသဘောတို့ကို သိမြင်နားလည်ခြင်းက အလွန်ပင် အရေးပါသည်။ သမိုင်းစာအုပ်ကို ဖတ်သူသည် သမိုင်းနိယာမကို နားလည်သဘောပေါက်၍ သမိုင်းအမြင် ရရှိလာရန် ဖတ်ရှုရသည်။ သိပ္ပံပညာစာပေကို ဖတ်ရှုလေ့လာသူသည် သိပ္ပံနိယာမများကို နားလည် သဘောပေါက်ရန် အားထုတ်ရသည်။ ထိုသမိုင်းနိယာမများ၊ သိပ္ပံနိယာမများကို လက်တွေ့ဘဝ အတွေ့အကြုံများနှင့် ဆက်စပ် နားလည်နိုင်ရန် ကြိုးပမ်းရသည်။ ဝတ္ထုစာပေ ဖတ်ရှုသူသည် ဇာတ်ကောင်တို့၏ စရိုက်သဘာဝများ၊ ဇာတ်လမ်းများမှ တဆင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသည့် တကယ့် လူများတွင်လည်း စာထဲတွင်တွေ့ရသည့် လူ့ဘဝ၊ လူ့မနောတို့ ရှိနေသည်ကို သတိပြုမိလာမည် ဖြစ်သည်။ အခြားဖတ်ဖူးသည့် စာများတွင် တွေ့ရသည့် လူ့သဘာဝတို့နှင့်လည်း ဆက်စပ် နားလည်လာသည်။ စာပေမှရသည့် ပတ်ဝန်းကျင်သတိကို အခြေခံကာ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အကြောင်းအကျိုးတို့ကို သိမြင်နားလည်လာသည်။ ဤသို့ ပတ်ဝန်းကျင်သတိနှင့် ဘဝအသိအမြင်တို့ ရရှိလာခြင်းကို စာ၏ ဘာဝတ္ထအနက်ကို သိခြင်း (တနည်း) ပန်းတိုင်အနက်ကို သိခြင်းဟု ခေါ်သည်။ အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “ဖြစ်မြဲ ဓမ္မတာ နိယာမသဘောကို သိခြင်း (#ဓမ္မမညာ)” ဟု သုံးနှုန်းထားသည်။
 
လောကသဘော၊ လူ့သဘောကို နားလည်၍ ဘဝအသိအမြင်ရှိသူသည် မိမိလက်ခံထားသည့် အသိအမြင်၊ ယုံကြည်ထားသည့် မူအတိုင်း လိုက်နာကျင့်သုံး နေထိုင်နိုင်ရန် ကြိုးပမ်းရသည်။ C.S. Lewis ပြောဖူးသည့် စကားကို ငှား၍ သုံးရလျှင် လောကတွင် နိယာမသုံးခု ရှိသည်။ လူသားသည် ကမ္ဘာ့ဆွဲငင်အား နိယာမကဲ့သို့ သဘာဝနိယာမများ (natural laws) ကို သက်မဲ့ရုပ်ဝတ္ထုများ နည်းတူ လိုက်နာကြရသည်။ ထို့အတူပင် အခြားသော တိရစ္ဆာန်များ နည်းတူ ဇီဝဗေဒနိယာမများ (biological laws) ကို လိုက်နာကြရသည်။ အကောင်းအဆိုး၊ အမှားအမှန်ကို အခြေခံသည့် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသော ကိုယ်ကျင့်နိယာမများ (moral laws) ကမူ လူသားတို့နှင့်သာ သက်ဆိုင်သည်။ လူသည် ပထမနိယာမ နှစ်မျိုးကို မလိုက်နာဘဲနေရန် ရွေးချယ်ပိုင်ခွင့် မရှိ။ ဥပမာ အမြင့်မှ ပြုတ်ကျသည့် လူတဦးသည် “ငါ ဆက်၍ ပြုတ်ကျရင် ကောင်းမလား၊ ပြုတ်မကျဘဲ နေရင် ကောင်းမလား” ဟု ရွေးချယ်ပိုင်ခွင့် မရှိ။ သို့သော် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသည့် လူ့သဘာဝနိယာမကိုမူ ရွေးချယ်ပိုင်ခွင့် ရှိသည်။ မလိုက်နာဘဲ နေချင် နေနိုင်သည်။ 
 
ခရစ်ယာန်တို့က ထာဝရဘုရားရှင် ဖန်ဆင်းထားသည့် လူသားသည် ထိုဘုရားရှင် ချမှတ်ထားသည့် နိယာမတို့ကို လိုက်နာမှသာ ခရစ်ယာန်ပီသမည်ဟု ခံကြယူသည်။ ထို့အတူ ဘာသာမဲ့ လူသားဝါဒီတို့ကလည်း လူသားပီသရန် လူ့ကိုယ်ကျင့်နိယာမများကို လိုက်နာသင့်သည်ဟု ယူဆမည်။ ဗုဒ္ဓဘာသာဝင်များအတွက်လည်း ဗုဒ္ဓဘာသာဝင်ကောင်း တဦးဖြစ်ရန် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုသည့် အဆုံးအမကို လိုက်နာရမည် ဖြစ်သည်။ အကယ်၍ မလိုက်နာပါကလည်း ကမ္မနိယာမအရ မိမိတို့ ရွေးချယ်မှု၏ အကျိုးဆက်ကို တချိန်ချိန်တွင် တနည်းနည်းဖြင့် ရင်ဆိုင်ရမည်ဟု လက်ခံယုံကြည်သည်။
ထို့ကြောင့် လူ့သဘာဝနိယာမကို သိမြင်လက်ခံသူ တနည်း ဓမ္မအမြင်ရှိသူသည် ထိုဓမ္မအမြင်နှင့် သင့်တော် လျောက်ပတ်စွာ ကျင့်သုံးနေထိုင်ရမည် ဖြစ်သည်။ ဤသည်ကိုပင် အထက်တွင်ကိုးကားခဲ့သည့် ပါဠိဝါကျအရ “တရားသဘောနဲ့ အညီကျင့်သုံး နေထိုင်ခြင်း (ဓမ္မာနုဓမ္မပ္ပဋိပတ္တိ)” ဟုဆိုသည်။ လောကီရှုထောင့်အရ ဆိုလျှင်လည်း မိမိတို့ သိမြင်လက်ခံသည့် လောကအမြင်၊ သမိုင်းအမြင်၊ နိုင်ငံရေးအမြင်၊ သိပ္ပံအမြင်တို့နှင့် လိုက်လျောညီထွေ ကျင့်သုံးနေရသည်။ ထိုအမြင်တို့ကို လက်တွေ့ဘဝတွင် အသုံးချနိုင်ရန် ကြိုးပမ်းရသည်။
 
အချုပ်အားဖြင့် ဆိုလျှင် ဆရာ့ မှတ်စုကို လိုက်ကူးရုံ သက်သက် စာပေသင်ယူမှုမျိုး၊ ဇာတ်လမ်းသိရုံ ဗဟုသုတရရုံ စာပေဖတ်ရှုမျိုးမှ တဆင့်တက်လိုပါက စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်လိုသည်။ စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်အတွက် အောက်ပါ မေးခွန်း ၅-မျိုးကို ထုတ်၍ မိမိ၏ စိတ်ကို လှုံ့ဆော်ကာ အလုပ်ပေးနိုင်ပါသည်။
 
  • စာမှ မည်သည့် အချက်အလက်များ မည်သည့် ဗဟုသုတများ ရပါသလဲ (knowledge and information)
  • ယင်းတို့သည် မည်သို့ အရေးပါ၍၊ မည်သည့် အနက်အဓိပ္ပါယ်များ သက်ရောက်ပါသလဲ (significance and meanings)
  • မိမိဘဝအတွေ့အကြုံ၊ အခြားသော ဖတ်ဖူးသည့် စာ၊ ကြားနာမှတ်သားဖူးသည့် ဗဟုသုတတို့နှင့် ဆက်စပ် ကြည့်နိုင်ပါသလား (awareness, observation and generalization)
  • နောက်ခံ ဗဟုသုတ၊ အတွေ့အကြုံများနှင့် ဆက်စပ်ဆင်ခြင်ပြီး အရင်းခံကျတဲ့ နိယာမသဘောတရားကို ထုတ်ဖော်နိုင်ပါသလား။ မည်သည့် လောကအမြင်၊ ဘဝအမြင်မျိုး ရှိသင့်ပါသလဲ (underlying principle and world view)
  • လူ့လောကနိယာမ၊ သဘာဝနိယာမတို့ကို လက်တွေ့တွင် မည်သို့ ပြန်လည် အသုံးချနိုင်ပါသလဲ။ မိမိသိမြင်လက်ခံထားသည့် လောကအမြင်၊ ဘဝအမြင်တို့ အတိုင်း ကျင့်သုံး နေထိုင်ရန်အတွက် မည်သည့် အချက်များကို ပြုပြင်သွားသင့်ပါသလဲ့။ လူ့လောကသဘာဝနှင့် လိုက်လျောညီထွေ ဖြစ်ရန် မည်သို့ နှလုံးသွင်း နေထိုင်သင့်ပါသလဲ။ (application of the principle, or living with the principle)
 
ဧရာ (မန္တလေး)
(၂၇၊ ဇန်နဝါရီ၊ ၂၀၁၈)

သင်ယူလိုစိတ်နှင့် Respectful Mind

“သင်ယူခြင်း” ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေက ပညာရေးဒဿန အမျိုးမျိုး အလိုက် ကွဲလွဲနေနိုင်ပါတယ်။ ဒါပေမယ့် အကြမ်းအားဖြင့် “သင်ယူမှု ဆိုတာ အပြုအမူ, အတွေးအမြင်, အသိဉာဏ်, ပညာတွေ တိုးတက် ဖြစ်‌ပေါ်စေတဲ့ ပြောင်းလဲမှု ဖြစ်စဉ်” လို့ သတ်မှတ်နိုင်ပါတယ်။ 
 
“မိမိရဲ့ အပြုအမူနဲ့ အတွေးအမြင်တွေက အသားကျသွားပြီ, အသိဉာဏ်ပညာတွေကလည်း ဒီထက် ပိုပြီး တိုးတက်လာမှာ မဟုတ်တော့ဘူး” ဆိုတဲ့ ခံယူချက် ယုံကြည်ချက်မျိုးတွေက “သင်ယူခြင်း”ရဲ့ ဆန့်ကျင်ဖက်ဖြစ်လို့ သင်ယူလိုစိတ် ပိတ်ဆို့ရပ်တန့်သွားစေတဲ့ စိတ်ဓာတ် (Fixed Mindset) လို့ ခေါ်ပါတယ်။ မိမိရဲ့ စဉ်းစား, ပြောဆို, ပြုမူပုံတွေကို အကောင်းဖက်ကို ပြောင်းလဲ ယူလို့ ရနိုင်တယ်ဆိုတဲ့ ခံယူချက်၊ ယုံကြည်ချက်မျိုးကိုတော့ တိုးတက်တဲ့ စိတ်ဓာတ် (Growth Mindset) လို့ ခေါ်ပါတယ်။ မှန်ကန်တဲ့ ယုံကြည်ချက် (တနည်း Growth Mindset) နဲ့ သင်ယူလိုစိတ်က “သင်ယူခြင်း” ကို ဖြစ်စေပါတယ်။ 
 
ပိဋကတ်စာပေတွေမှာ “သင်ယူလိုစိတ်” ကို အာဠာဝကသုတ်မှာ “သုဿူသာ” ဆိုတဲ့ ပုဒ်၊ မင်္ဂလသုတ်နဲ့ မေတ္တသုတ်တွေမှာ “သောဝစဿတာ” နဲ့ “သုဝစော” ဆိုတဲ့ ပုဒ်တွေနဲ့ တွေ့နိုင်ပါတယ်။ အလွန်ခက်ထန်ကြမ်းတဲ့ ဘီလူးကြီး အာဠာဝက အဖြစ်ကနေ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ရာမှာ စံတင်ရတဲ့ အာဠာဝက အဖြစ် တိုးတက်ပြောင်းလဲစေခဲ့တဲ့ spiritual transformation ကိုလည်း သင်ယူမှု ဖြစ်စဉ် တစ်ခုလို့ ဆိုနိုင်ပါတယ်။ အာဠာဝကဘီလူး မေးလျှောက်တဲ့ ပုစ္ဆာတွေထဲမှာ “ပညာကို ဘယ်လို ရနိုင်သလဲ” ဆိုတဲ့ မေးခွန်းတစ်ခု ပါတယ်။ မြတ်စွာဘုရားက ပညာရကြောင်း လေးပါးကို ဟောထားပါတယ်။ 
 
(၁) တရားတော်အပေါ်မှာ ယုံကြည်ခြင်း (သဒ္ဓါ)
(၂) တရားတော်ကို နာကြားသင်ယူလိုစိတ် ရှိခြင်း (သုဿူသာ)
(၃) မမေ့မလျော့သော သတိဖြင့် အားထုတ်ခြင်း (အပ္ပမာဒ)
(၃) အမှားအမှန်ကို စူးစမ်း စိစစ် ဆင်ခြင်း (ဝိစက္ခဏာ) 
 
ဒီအမေးအဖြေတွေက လောကုတ္တရာ နိဗ္ဗာန်ကို ရည်ညွှန်းတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ဒါပေမယ့် ယေဘုယျသဘောနဲ့ လောကီရှုထောင့်က ပညာရကြောင်းကို ကြည့်ရင်လည်း ဒီအချက်လေးချက်က အရေးပါတယ် ဆိုတာ သိနိုင်ပါတယ်။
 
မင်္ဂလသုတ်မှာလာတဲ့ ‘သောဝစဿတာ’ ဆိုတဲ့ ဝေါဟာရကို ‘ဆိုဆုံးမလွယ်ခြင်း’ လို့ မြန်မာပြန်လေ့ ရှိပါတယ်။ ဒါကို အချို့က obedience လို့ ဘာသာပြန်လိုက်ကြပါတယ်။ မမှားပေမယ့် အဓိပ္ပါယ် ပြည့်စုံမှုတော့ မရှိပါဘူး။ “အမိန့်နာခံမှု, ဆိုဆုံးမမှုကို နာခံမှု” ဆိုတာတွေက အထက်အောက် ဆက်ဆံရေးသဘော ဆန်ပါတယ်။ ကိုယ့်အထက်က လူကပြောဆိုတာကို နာခံတယ်ဆိုတာက ကြောက်လို့လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့ တန်းတူက ပြောဆိုတာကို လက်ခံနားထောင်တာကလည်း နားမထောင်ရင် ကိုယ့်ကို ဝေဖန်အပြစ်တင်လာမှာ စိုးလို့လည်း ဖြစ်နိုင်ပါတယ် (သရဘင်္ဂဇာတ်၊ ဇာတက အမှတ် ၅၂၂)။ ကိုယ်ထက်သာသူ, တန်းတူသာမက ကိုယ်အောက်လူရဲ့ ဆုံးမ, ဝေဖန်, အကြံပေး, ထောက်ပြတာတွေကို တလေးတစား နာယူလိုစိတ်မျိုးကို ‘သောဝစဿတာ’ လို့ ခေါ်ပါတယ်။ တခါတုန်းက အရှင်သာရိပုတ္တရာ မထေရ်ကြီးက သင်္ကန်းရုံတာ အဝန်းမညီဘဲ ဖြစ်နေတဲ့ အခါ ကိုရင်လေး တစ်ပါးက သတိပေးဖူးတယ်။ အဲဒီအခါမှာ တလေးတစားနဲ့ သင်္ကန်းကို ပြန်ဝတ်ရုံပြီး ကိုရင်လေးကို ညီမညီ ပြန်မေးတယ်။
 
“ခုနှစ်သားအရွယ် ရှင်ဖြစ်စ သာမဏေလေးက ငါ့ကို ဆိုဆုံးမငြားအံ့၊ ငါသည် ထိုအဆုံးအမကို ဦးထိပ်ဖြင့် ခံယူပါ၏။ ထိုသမဏေကို မြင်လျှင် ထက်သန်သော ဆန္ဒ, ချစ်ခင်မြတ်နိုးခြင်းတို့ဖြင့် အကြိမ်ကြိမ် အရိုအသေပြု၍ ဆရာအရာ ထားပါအံ့” (မိလိန္ဒပဉှာ. ၆.၄.၈၊ ‌ဂေါရူပင်္ဂပဉှာ) လို့ အရှင်သာရိပုတ္တရာက မိန့်သတဲ့။
 
‘သောဝစဿတာ’ ဆိုတာက ‘အမိန့်နာခံမှုမျိုး (obedience)’ မဟုတ်ဘဲ၊ အရှင်သာရိပုတ္တရာမထေရ်လို မိမိကို ဝေဖန် အကြံပေးလာတဲ့ စကားကို တလေးတစား နာယူပြုပြင်လိုတဲ့ စိတ်ထားမျိုးကို ဆိုလိုပါတယ်။ ဒါကြောင့် ‘သောဝစဿတာ’ ကို being amenable to advice, being open to criticism စသဖြင့် ဘာသာပြန်ကြပါတယ်။ 
 
မင်္ဂလသုတ်အရ ‘သောဝစဿတာ’ က သူ့ရှေ့က ရိုသေလေးစားမှု (ဂါရဝ), မိမိကိုယ်ကို နိမ့်ချမှု (နိဝါတ), သည်းခံမှု (ခန္တီ) ဆိုတဲ့ တရားတွေနဲ့ နီးနီးစပ်စပ် ဆက်စပ်နေပါတယ်။ ကြောက်လို့ ဖြစ်စေ, လာဘ်လာဘကြောင့် ဖြစ်စေ အမိန့်နာခံတာ, ချိုချိုသာသာ နားထောင်တာတွေက ‘သောဝစဿတာ’ အစစ် မဟုတ်ပါဘူး။ ဆရာအပေါ်မှာ ရိုသေလေးစားမှု (သတ္ထုဂါရဝ) အထူးသဖြင့် တရားအပေါ်မှာ ရိုသေလေးစားမှု (ဓမ္မဂါရဝ) ကို အခြေခံမှ ‘သောဝစဿတာ’ အစစ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် “တရားကို ရိုသေလေးစား, မြတ်နိုး ပူဇော်မှုပြုပြီး ‘သောဝစဿတာ’ ဖြစ်အောင် ကျင့်ရမယ်” လို့ ကကစူပမာသုတ် (မ.၁.၂၂၆) မှာ ဟောထားပါတယ်။ 
 
“ဗဟုဉာဏ်စွမ်းရည် သဘောတရား” (Multiple Intelligence Theory) ကို ဖော်ထုတ်ခဲ့သူ အဖြစ် ပညာရေးနယ်ပယ်မှာ ထင်ရှားတဲ့ Howard Gardner က "အနာဂတ်အတွက် နှလုံးရည်ငါးသွယ်" (Five Minds for Future) ဆိုတဲ့ စာအုပ်မှာ မတူညီတဲ့ ပညာရပ် နယ်ပယ်, မတူညီတဲ့ နောက်ခံအခြေအနေတွေရှိတဲ့ အခြားသူတွေရဲ့ အတွေးအမြင်တွေကို လေးစားတန်ဖိုးထားတတ်တဲ့ Respectful Mind က လူ့ဘဝမှာ အရေးပါတဲ့၊ အထူးသဖြင့် အနာဂတ်ပညာရေးအတွက် အရေးပါတဲ့ အရည်အချင်းတခု ဖြစ်ကြောင်းရေးခဲ့ပါတယ်။ 
 
Respectful Mind ကိုသာ လေ့ကျင့် မထားခဲ့ရင် မိမိကိုယ်ကို အထင်ကြီးတဲ့ ‘မာန’, ဘယ်သူဘာပြောပြော ဂရုမစိုက်ဘဲ ခေါင်းမာတဲ့ ‘ထမ္ဘ’, တဖက်သားရဲ့ အတွေးအမြင်နဲ့ အကြံဉာဏ်တွေကို အလွယ်တကူ ဝေဖန် ရှုတ်ချတတ်တဲ့ ‘သာရမ္ဘ’ ဆိုတဲ့ စိတ်ထားတွေကြောင့် ပညာရဖို့ အတွက် အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာကို လေးစားမှု (သတ္တုဂါရဝ), အမှန်တရားကို လေးစားမှု (ဓမ္မဂါရဝ), မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ သင်ယူလေ့ကျင့်မှုအပါ်လေးစားမှု (သိက္ခာဂါရဝ) ဆိုတဲ့ ဂါရဝတရားတွေနဲ့ ‘သောဝစဿတာ’ တရားကို မဆုတ်ယုတ်ကြောင်းတရား (အပရိဟာနိယဓမ္မ) အဖြစ် သုတ္တန်ဒေသနာတွေမှာ ဟောထားပါတယ် (အံ.၆.၂၂၊ အပရိဟာနိယသုတ်။ အံ.၇.၃၄၊ ပဌမသောဝစဿတာသုတ်)။ 
 
တနည်းပြောရင် Respectful Mind, openness to criticism, desire to learn ဆိုတာတွေက Growth Mindset အတွက် လိုအပ်တဲ့ အခြေခံ စိတ်ထားတွေပါပဲ။

သင်ယူလိုစိတ်နှင့် Growth Mindset

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပညာရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတွေပြောတဲ့အခါမှာ “သင်ယူလိုသောစိတ် ရှိမှု” ဆိုတာကို မကြာခဏ ထည့်ပြောလေ့ရှိတာကို သတိထားမိတယ်။ ပညာရေး ဆိုမှတော့ သင်ယူလိုစိတ်က အရေးကြီးမှာပေါ့လို့ ခပ်ပေါ့ပေါ့ သဘောထားကောင်း ထားမိနိုင်ပါတယ်။ တကယ်တော့ “သင်ယူလိုသောစိတ် ရှိမှု” ဆိုတာက ကျောင်းပညာရေးမှ မဟုတ်ပါဘူး ဘဝတစ်လျှောက်လုံးအတွက် အောင်မြင်မှု-ကျရှုံးမှုတွေမှာ အ‌‌‌ရေးပါတဲ့ အချက်တခု ဖြစ်နေပါတယ်။ 
 
ကျွန်တော်က ကမ္ဘာကြီးကို အားနည်းသူနဲ့ အားကြီးသူ, အောင်မြင်သူနဲ့ ကျရှုံးသူ ... ဆိုပြီး မခွဲပါဘူး။ သင်ယူသူနဲ့ သင်ယူခြင်းမရှိသူလို့ပဲ ခွဲခြားပါတယ်” လို့ ထင်ရှားတဲ့ အမေရိကန် နိုင်ငံရေးပညာရှင် Benjamin Barber ကလည်း ပြောခဲ့ဖူးပါတယ်။ 
 
တကယ်တော့ လူတိုင်းက သင်ယူလိုစိတ် အပြည့်နဲ့ မွေးလာကြတာပါ။ လမ်းလျှောက်တတ်ဖို့ စကားပြောတတ်ဖို့ သင်ယူရတယ်ဆိုတာ လွယ်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ဘဝတစ်လျှောက်လုံး သင်ယူရသမျှတွေထဲမှာ အခက်ခဲ ဆုံးသင်ယူမှုတွေပါ။ ဒါပေမယ့် ခက်လွန်းတယ်ဆိုပြီး လက်လျှော့လိုက်ဖို့ ကလေးတွေက စိတ်မကူးခဲ့ကြဘူး။ မှားသွားမှာ, အရှက်ရမှာကိုလည်း မစိုးရိမ်ကြဘူး။ လဲသွားရင် ပြန်ထကြတယ်။ ဒီလိုနဲ့ အခက်ခဲဆုံး ဆိုတဲ့ ကိစ္စတွေကို အားတက်သရော အောင်အောင်မြင်မြင် သင်ယူခဲ့ကြတယ်။ 
 
ဒါဆိုရင် ဒီလောက် ထက်သန် ပြင်းပြတဲ့ သင်ယူလိုစိတ်တွေ ရပ်ဆိုင်းသွားတာ ဘာကြောင့်ပါလဲ။ ကလေးတွေက သူတို့ကိုယ် သူတို့ ဝေဖန်အကဲဖြတ်နိုင်လာတာနဲ့အမျှ အချို့ကလေးတွေက စွန့်စားရမှာ, အမှားလုပ်မိမှာကို ကြောက်လာတယ်။ တော်တယ်လို့ သတ်မှတ်ခံရတဲ့ ကလေးအချို့လည်း သူတို့ကို မတော်ဘူးလို့ အထင်ခံရမှာ, အဝေဖန်ခံရမှာကို ကြောက်ပြီး သင်ယူနိုင်မယ့် အခွင့်အရေး အချို့ကို လက်လွှတ်လိုက်ကြတယ်။ ဉာဏ်ထိုင်းတယ်လို့ သတ်မှတ်ခံရတဲ့ ကလေးအချို့ကလည်း သူတို့ကိုယ်သူတို့ ဉာဏ်မမီဘူး, သင်ယူနိုင်စွမ်းမရှိဘူး လို့ သတ်မှတ်ပြီး သင်ယူမှုအချို့ကို လက်လျှော့လိုက်ကြတယ်။ ဒီလို ‘သင်ယူလိုစိတ်’ ကို ပိတ်ပင်တားမြစ်လိုက်တဲ့ စိတ်ဓာတ်မျိုးကို Fixed Mindset လို့ စတန်းဖို့ဒ်တက္ကသိုလ်က စိတ်ပညာပါမောက္ခ Carol Dweck က Mindset: The New Psychology of Success ဆိုတဲ့ စာအုပ်မှာ ရေးထားတယ်။ ကိုယ့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေး, စွမ်းဆောင်ရည်နဲ့ လုပ်ငန်းကျွမ်းမှု ဆိုတာတွေက ပုံသေ မဟုတ်ဘူး၊ ကြိုးစား သင်ယူနေရင် တိုးတက်လာမယ်လို့ ခံယူတဲ့ စိတ်ဓာတ်မျိုးကိုတော့ Growth Mindset လို့ ခွဲခြားပြထားတယ်။ 
 
‘သင်ယူလိုစိတ်’ ကို အားနည်းစေတဲ့ Fixed Mindset ဝင်လာရတဲ့ အကြောင်းရင်းတွေထဲမှာ ကြီးပြင်းတဲ့ ပတ်ဝန်းကျင်, မိဘနဲ့ ဆရာဆရာမတွေရဲ့ လွဲချော်နေတဲ့ သွန်သင်ဆုံးမမှုတွေက အဓိကပါဝင်ပါတယ်။ ကလေးတွေကို အကဲဖြတ်တဲ့အခါ ဝေဖန်ချီးမွမ်းတဲ့အခါမှာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ အခြေမခံဘဲ၊ “လူတော်, လူညံ့” စသဖြင့် တံဆပ်ကပ်ပြီး ဝေဖန် ချီးမွမ်းတာမျိုးက ကလေးတွေရဲ့ သင်ယူလိုစိတ်ကို အားနည်းစေပါတယ်။ မိဘတွေနဲ့ ဆရာဆရာမတွေ သတိပြုမိဖို့ပါ။ 
 
ဒါပေမယ့် မိဘရင်ခွင်နဲ့ ကျောင်းစာသင်ခန်းတွေက ထွက်လာတဲ့ အချိန်မှာလည်း၊ ဒီလို တံဆိပ်ကပ်မှုမျိုးတွေကို ကြုံနေကြရဦးမှာပါ။ ကိုယ်တိုင်က ဒီသတ်မှတ်ချက်ကို လက်ခံမွေးယူလိုက်တာမျိုး မလုပ်မိဖို့ လိုပါတယ်။ စဉ်ဆက်မပြတ် ကြိုးစားသင်ယူနေရင် ကိုယ့်ရဲ့ အရည်အချင်းတွေက တိုးတက်လာနိုင်တယ်၊ အရှုံးကို ရင်ဆိုင်ရတဲ့ အခါမှာလည်း စိတ်ဓာတ် မကျဘဲ အရှုံးထဲကနေ သင်ခန်းစာယူမယ်၊ ကိုယ်ရဲ့ အားနည်းချက်, အားသာချက်ကို ပိုင်းခြားနိုင်သလို ကိုယ်အားသာတဲ့ နယ်လေးထဲမှာပဲ ကျင်လည်မနေဘဲ၊ ကိုယ့်ရဲ အားနည်းချက်တွေကို ပြုပြင်ယူမယ် စတဲ့ သင်ယူလိုစိတ် အပြည့်ရှိတဲ့ တိုးတက်တဲ့ စိတ်ဓာတ် Growth Mindset ကို တသက်တာ ပြုစုပျိုးထောင်နေရမှာပါ။ 
 
P.S. 
၁။ အာဠာဝက မေးတဲ့ ပုစ္ဆာ အဖြေထဲက ‘သင်ယူလိုစိတ်’ အကြောင်းကို စာတစ်ပုဒ်ရေးဖို့ စိတ်ကူးရင်း Carol Dweck ပြောတဲ့ Growth Mindset အကြောင်းကို စိတ်ထဲပေါ်လာလို့ အရင် ချရေးဖြစ်ပါတယ်။ နောက်မှပဲ အာဠာဝကသုတ် အပါအဝင် သုတ္တန်တွေက ပြောတဲ့ “သင်ယူလိုစိတ်” အကြောင်းကို ဆက်ရေးပါမယ်။ 
၂။ အခုတလော ရေးဖြစ်နေတဲ့ နိယတိဝါဒ (determinism) နဲ့ ဆက်စပ်ပြောရရင် ဘဝဆိုတာက မွေးကတည်းက ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်လို့ ပြုပြင်လို့ မရနိုင်တော့ဘူး ဆိုတဲ့ ခံယူချက်မျိုးက Carol Dweck ပြောတဲ့ Fixed Mindset မျိုး ပါပဲ။

Tuesday, December 11, 2018

Self-Control နှင့် ဝိတက္ကသဏ္ဌာနသုတ်



*****











*****

❒ ဝိတက်ကသဏ်ဌာနသုတျက ပေးတဲ့ နညျး ၅-သှယျကတော့-






 *****







Saturday, July 15, 2017

Confession of a Buddhist Atheist


ဘာသာမဲ့ ဗုဒ္ဓဝါဒီ တစ်ဦး၏ ဖွင့်ဟဝန်ခံချက် (Confession of a Buddhist Atheist) စာအုပ်သည် ၂၀၁၀-ခုနှစ်က Stephen Batchelor ရေးသားထုတ် ဝေခဲ့သော စာအုပ်ဖြစ်သည်။ Atheism ဟူသည် a = without + theos = God/gods မှ ဆင်းသက်လာ၍ တိုက်ရိုက်အားဖြင့် ဘုရားမဲ့ဝါဒဟု အဓိပ္ပါယ်ရသည်။ ဗုဒ္ဓဝါဒနှင့် ဘုရားမဲ့ဝါဒ တွဲဖက် ဖော်ပြခြင်းသည် သိပ် အထူးအဆန်း မဟုတ်။ သုတ္တန်ဒေသနာ အတော်များများတွင် ဗုဒ္ဓက ဖန်ဆင်းရှင်ဝါဒ (ဣဿနိမ္မိတဝါဒ) ၏ အဓိပ္ပါယ်မဲ့ပုံ ခပ်ထေ့ထေ့ သရော်ဝေဖန်ထားသည်ကို တွေ့နိုင်သည်။ သို့သော် Atheism သည် ထာဝရဘုရားကို မယုံကြည်မှု သက်သက်မျှ မဟုတ်ဘဲ၊ တမလွန်ဘဝ၊ ကောင်းကင်ဘုံ၊ ငရဲ၊ နိဗ္ဗာန်တို့ကိုပါ လက်မခံသော အယူအဆဖြစ်သည်။ ထို့ကြောင့် “ထာဝရဘုရားမဲ့ဝါဒ” ဆိုသည်ထက် “ဘာသာမဲ့ဝါဒ” ဆိုက ပိုမှန်ပါလိမ့်မည်။ ဗုဒ္ဓဘာသာ၏ အဆုံးအမ အတော်များများကို (အထူးသဖြင့် သတိပဋ္ဌာန်တရား၊ သစ္စာလေးပါးတရား) လက်ခံ သဘောကျကြသော်လည်း၊ သံသရာနှင့် ကံတရားကို နားလည်လက်ခံနိုင်စွမ်း မရှိသော၊ အရှေ့တိုင်းဗုဒ္ဓဘာသာနိုင်ငံများမှ ဘာသာရေးထုံးတမ်းစဉ်လာများကို လက်ခံလိုက်နာလိုခြင်း မရှိသော အနောက်တိုင်းသားတို့ အကြားတွင် ဤစာအုပ်က အတော်လေး ရေပန်းစားသွားခဲ့သည်။ Secular Buddhism ဟူသော အမည်ဖြင့် ဂိုဏ်းဂဏ တစ်ခု ပေါ်ထွန်းလာခဲ့သည်။


“ဘာသာမဲ့ ဗုဒ္ဓဝါဒီ တစ်ဦး၏ ဖွင့်ဟဝန်ခံချက်” သည် စတီဗင်ဘက်ချ်လာ၏ ဘဝဖြစ်စဉ်နှင့် အတွေးအမြင်များကို ပုဂ္ဂလိကရှုထောင့်မှ ဇာတ်ကြောင်းပြန်ပြောသလို ရေးထားသော စာအုပ်ဖြစ်သည်။ “ဖွင့်ဟဝန်ခံချက်” ဟု ဆိုသည့်အတိုင်း သူ ဖြတ်သန်းခဲ့ရသော တိဘက်ရဟန်းတော်ဘဝ၊ ဇင်ရဟန်းတော်ဘဝ ဖြစ်စဉ်များကို ပြန်ပြောရင်း ဗုဒ္ဓဘာသာ ရဟန်းတော်တဦး ဖြစ်ပါလျှက် တမလွန်ဘဝနှင့် ကမ္မနိယာမတို့ အပေါ် ဘဝင်မကျ၊ လက်မခံနိုင်သည့် သူ့၏ အဖြစ်ကို ဝန်ခံထားသည်။ လူဝတ်လဲပြီး နောက်ပိုင်းတွင် ထေရဝါဒ ဗုဒ္ဓဘာသာ ပိဋကတ်စာပေများကို လေ့လာခဲ့သည်။ ပိဋကတ်စာပေများတွင် မဟာလူသားဗုဒ္ဓ (Historical Buddha) ကို ရှာဖွေခဲ့သည်။ ဗုဒ္ဓသည် ဗြာဟ္မဏဝါဒကဲ့သို့ အခြားသော ဘာသာတရားတစ်ခုကို ထူထောင်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ၊ အသိဉာဏ်ပွင့်လင်းနိုးကြားမှု ဟူသည့် လူ့ယဉ်ကျေးမှုတရပ်ကို ထူထောင်ရန် ဖြစ်သည်ဟူသော ရှုထောင့်မှ ရေးသား ပုံဖော်ထားသည်။ သတင်းစာ စက္ကူ၊ ဓာတ်ပုံ၊ အဝတ်စ စသဖြင့် တိုလီမုတ်စတို့ကို ဖြတ်ညှပ်ကပ် ပုံဖော်ထားသည့် collage ခေါ် ပို့စ်မော်ဒန် အနုပညာပုံစံမျိုးဖြင့် ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များကို သူ့အတွေးအမြင်များ၊ သူ့ ဘဝဖြစ်စဉ်များနှင့် ဟိုတစ ဒီတစ ရောစပ်၍ ရေးသားထားခြင်း ဖြစ်သည်။

ဗုဒ္ဓခေတ် အိန္ဒိယယဉ်ကျေးမှုတွင် မတွေ့နိုင်သည့် ဗုဒ္ဓ၏ ဝိသေသထူးခြားသည့် ဓမ္မတို့ကို အောက်ပါအတိုင်း သတ္ထုချ ပြသည်။

  • ဣဒပစ္စယတာ (အကြောင်းကို စွဲမှီ၍ ဖြစ်ရသည်ဟူသည့် ပဋိစ္စသမုပ္ပါဒ်သဘောတရား) အခြေခံမူ (The principle of this-conditionality, condition-arising)
  • အရိယသစ္စာလေးပါးဟူသည့် လုပ်ငန်းစဉ် (The process the four Noble Truths)
  • သတိပဋ္ဌာန်ဘာဝနာ ကျင့်စဉ် (The practice of mindful awareness)
  • မိမိကိုယ် မိမိ ကိုးစားအားထားမှု စွမ်းအား (The power of self-reliance)

ဤတရားလေးပါးတို့သည် ဗုဒ္ဓ မြော်မြင်သည့် ယဉ်ကျေးမှုသစ်၊ လူဘောင်သစ်၏ အခြေခံ အဆောက်အအုံပင် ဖြစ်သည်ဟု စတီဗင်ဘက်ချ်လာက ဆိုသည်။

စာအုပ်၏ အခန်းတခန်းတွင် အင်္ဂလိပ်ရဟန်းတော် ဘိက္ခုဉာဏဝီရ၏ အကြောင်းနှင့် ထိုရဟန်းတော်ရေးသားသည့် “Clearing the Path” နှင့် “Notes on Dhammma” စာအုပ်တို့မှ ဗုဒ္ဓဝါဒအား Existential Phenomenology ရှုထောင့်မှ ချဉ်းကပ်ပုံကို ထုတ်နှုတ်ရေးသားထားသည်။ ဘိက္ခုဉာဏဝီရ၏ ငယ်နာမည်သည် Harold Musson ဖြစ်၍ နောင်တွင် ဘိက္ခုဉာဏမောဠိ ဖြစ်လာမည့် Osbert Moore နှင့် ခင်မင်ရင်းနှီးသော အခန်းဖော် မိတ်ဆွေဖြစ်သည်။ Harold Musson သည် ဆေးရုံတက်စဉ် ဖတ်မိသော Julius Evola's The Doctrine of Awakening စာအုပ်ကြောင့် ဗုဒ္ဓဘာသာကို စိတ်ဝင်စား သွားခဲ့သည်။ ထိုစာအုပ်ကို အီတလီဘာသာမှ အင်္ဂလိပ်ဘာသာသို့ပင် ပြန်ခဲ့သည်။ နောင်တွင် လူ့ဘောင်လောကကို ငြီးငွေ့နေသော Harold Musson နှင့် Osbert Moore တို့သည် သီရိလင်္ကာသို့ သွားရောက်ကာ ရဟန်းပြုခဲ့ကြသည်။ ဘိက္ခုဉာဏမောဠိသည် ဝိသုဒ္ဓိမဂ်၊ အဋ္ဌသာလိနီ၊ သမ္မောဟဝိနောဒနီ၊ မဇ္ဈိမနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ နေတ္တိ၊ ပေဋကောပဒေသ၊ ပါတိမောက္ခ စသည့် ပါဠိတော်၊ အဋ္ဌကထာများကို အင်္ဂလိပ် ဘာသာပြန်ခဲ့၍၊ ထေရဝါဒ ဗုဒ္ဓစာပေလောကတွင် ထင်ရှားသော ရဟန်းတော်တစ်ပါး ဖြစ်လာခဲ့သည်။ ဘိက္ခုဉာဏဝီရကမူ အဘိဓမ္မာနှင့် အဋ္ဌကထာအဖွင့်များကို လက်မခံဘဲ သုတ္တန်နှင့် ဝိနည်းကိုသာ ဓမ္မအစစ် အဖြစ် လက်ခံထားသူ ဖြစ်သည်။ သို့သော် ဘိက္ခုဉာဏဝီရက ကံနှင့် ဘဝသစ်ဖြစ်ခြင်းကိုမူ သုတ္တန် ပိဋကတ်တွင် ဖော်ပြထားသည့်အတိုင်း လက်ခံသည်။ ထိုထက်ပို၍ ရှင်းလင်း သက်သေပြမှုမျိုးကို လက်မခံ။ အထူးသဖြင့် သိပ္ပံနည်းကျ သို့မဟုတ် ယုတ္တိဗေဒနည်းဖြင့် ရှင်းလင်းချက်များကို လုံးဝ လက်မခံ။ ကံနှင့် ဘဝသစ်ဖြစ်ခြင်း သာမဟုတ်၊ ဗုဒ္ဓ၏ တရားတော်တခုလုံးကို သိပ္ပံရှုထောင့်မှ ချည်းကပ်ပါက အမှန်တကယ် နားလည်နိုင်မည်မဟုတ် ခံယူထားသည်။ ကံနှင့် ဘဝသစ်ဖြစ်ခြင်းသည် အရှိကို အရှိအတိုင်း ဖော်ပြခြင်းသာဖြစ်သည်။ ဘာကြောင့်ကံတွေ အကျိုးပေးရသည်၊ ဘာကြောင့် ဘဝသစ်ဖြစ်ရသည်ကို စဉ်းစားတွေးခေါ်နေရန် မလိုတော့၊ ရှင်းပြနေရန် မလိုတော့ဟု ယူဆသည်။ “အကယ်၍များ မိမိ၏ အယူအဆများသည် သုတ္တန်ဒေသနာတို့နှင့် ကွဲလွဲနေပါက သုတ္တန်ဒေသနာတို့က မှန်၍ မိမိမှားသည်။ ဤသည်မှာ သုတ္တန်ဒေသနာတို့အပေါ် မိမိ၏ သဘောထားပင် ဖြစ်သည်” ဟု ဘိက္ခုဉာဏဝီရက အတိအလင်း ဆိုခဲ့သည်။

ဘိက္ခုဉာဏဝီရ၏ စာများကို စတီဗင်ဘက်ချ်လာက သဘောကျသည်။ ယခင်က သူရေးသားခဲ့သည့် Alone with Others: An Existential Approach to Buddhism (1994) နှင့် Buddhism Without Beliefs: A Contemporary Guide to Awakening (1997) ဟူသည့် စာအုပ်များတွင် ဘိက္ခုဉာဏဝီရ၏ လောင်းရိပ် မကင်းပုံကို တွေ့နိုင်သည်။ ရှေးဘဝ နောက်ဘဝတို့သည် ရှိသည်ဟု သက်သေ မပြနိုင်သလို၊ မရှိဟုလည်း သက်မပြနိုင်ဟူသည့် Agnosticism ရှုထောင့်မျိုးမှ တင်ပြခဲ့သည်။ သို့သော် ယခု Confession of a Buddhist Atheist စာအုပ် တွင်မူ ဘိက္ခုဉာဏဝီရက “တမလွန်ဘဝ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ၊ ကံတရား” တို့ကို သံသယဖြင့် ဆန်းစစ်ဝေဖန်မှု မပြုနိုင်သည့် အပေါ် အားမရသလို ဝေဖန်ထားသည်ကို တွေ့ရသည်။ ဗုဒ္ဓက ရှေးဘဝ နောက်ဘဝကို မဟောခဲ့၊ ဘာသာတရား အသစ်တခုကို ဖန်တီးရန် မရည်ရွယ်ခဲ့၊ လူ့ယဉ်ကျေးမှု လူ့ဘောင် အသစ်တခု ဖန်တီးရန်သာ အားထုတ်ခဲ့ခြင်း ဖြစ်သည်ဟု စတီဗင်ဘက်ချ်လာက ကောက်ချက် ချလိုက်သည်။

စင်စစ် ဗုဒ္ဓဝါဒကို မျက်ကန်းယုံကြည်မှု၊ နာမ်ဝါဒ၊ ဂမ္ဘီရဝါဒ၊ သဿတဝါဒ အစွဲအလမ်းများဖြင့် ချည်းကပ်၍ မရနိုင်သလို၊ သံသယဝါဒ၊ ရုပ်ဝါဒ၊ သိပ္ပံဝါဒ၊ ဥစ္ဆေဒဝါဒ အစွဲအလမ်းများဖြင့်လည်း ချည်းကပ်၍ မရနိုင်။ ဗုဒ္ဓဝါဒကို မျက်မှောက်ဘဝရှုထောင့် Secularism သက်သက်မှ ချည်းကပ်ခြင်းဖြင့် လက်ရှိဘဝကို အကောင်းဆုံး နေထိုင်သွားနိုင်မည့် ဘဝနေနည်းကို ရနိုင်သည်မှန်သော်လည်း၊ ဗုဒ္ဓဝါဒ၏ အနှစ်သာရ ဖြစ်သည့် သံသရာမှ လွတ်မြောက်ရာ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ နိဗ္ဗာန်တည်းဟူသော ပန်းတိုင်မှ လွဲချော်သွားမည် ဖြစ်သည်။

Tuesday, December 27, 2016

ဓာရဏပရိတ်လာ အာဝေဏိကဂုဏ်တော် ၁၈-ပါး

ဓာရဏပရိတ်တော်သည် မြန်မာဗုဒ္ဓဘာသာဝင် အများအပြား ရွတ်ဖတ်ပူဇော်လေ့ရှိကြသည့် ပရိတ်တော် ဖြစ်သည်။ သို့သော် ထိုဓာရဏပရိတ်ကို သံဂါယနာတင် နိကာယ် ၅-ရပ်တို့တွင် မည်သည့် ကျမ်းတွင်မျှ မတွေ့ရ။ ဘုရားဟောဒေသနာ မဟုတ်။ ရှေးဆရာတော်ကြီး တစ်ပါးပါး ရှေးဖွဲ့ခဲ့သည့် ပရိတ်ဒေသနာ ဖြစ်နိုင်ပါသည်။ စင်စစ် ပရိတ်ကြီး ၁၁-သုတ်အနက် အချို့သော ပရိတ်တို့သည်လည်း နိကာယ် ၅-ရပ်ဝင် ဒေသနာများကြီးများ မဟုတ်သည့်တိုင်၊ နိကာယ် ၅-ရပ်လာ သုတ္တန်ဒေသနာများကို ကိုယ်ထည်ပြု၍ ရှေးပညာရှိ မထေရ်ကြီးများ ရေးဖွဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဓာရဏပရိတ်တော်၏ တရားသား ကိုယ်ထည်ကို လေ့လာ သုံးသပ်ကြည့်သင့် ပါသည်။


ဓာရဏပရိတ်တော်

၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။

၂။ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။

၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။

၄။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ဝီရိယဿ ဟာနိ၊ နတ္ထိ ဝိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ဝိမုတ္တိယာ ဟာနိ။

၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဒဝါ၊ နတ္ထိ ရဝါ၊ နတ္ထိ အပ္ဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ။ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ဝစီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ။ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ဝစီကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ။ ဣမံ ဓာရဏံ အမိတံ အသမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယဘီတာနံ အဂ္ဂံ မဟာတေဇံ။

၇။ ဣမံ အာနန္ဒ ဓာရဏပရိတ္တံ ဓာရေဟိ ပါစေဟိ ပရိပုစ္ဆာဟိ။ တဿ ကာယေ ဝိသံ န ကမေယျ၊ ဥဒကေ န လဂ္ဂေယျ၊ အဂ္ဂိ န ဍဟေယျ၊ နာနာဘယ ဝိကော၊ န ဧကာဟာရကော၊ န ဒွိဟာရကော၊ န တိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠှကံ၊ မနုဿေဟိ အမနုဿေဟိ န ဟိံသကာ။

၈။ တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဝတ္တေ အဝတ္တေ၊ ဂန္ဓဝေ အဂန္ဓဝေ၊ နောမေ အနောမေ၊ သေဝေ အသေဝေ၊ ကာယေ အကာယေ၊ ဓာရဏေ အဓာရဏေ၊ ဣလ္လိ မိလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခေ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။

၉။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ နဝနဝုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ။ ဧတေန သစ္စဝဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။

အထက်ပါ ပါဌ်သည် ဓာရဏပရိတ်တော် မူကွဲများအနက်မှ တစ်ခုဖြစ်သည်။ စာပိုဒ် (၁) တွင် မြတ်စွာဘုရားရှင်၏ အသက်တော်ကို မည်သည့် တစ်စုံတစ်ယောက်သောသူကမျှ အန္တရာယ် ပြုရန် မဖြစ်နိုင် ထို့အတူ မိမိ၏ အသက်ကိုလည်း အန္တရာယ် မပြုနိုင်စေရန် ဆုတောင်းထားသည်။ ‘ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ’ ဟူသည့် ပါဌ်ကို ဝိနည်း ပါရာဇိကကဏ္ဍ အဋ္ဌကထာ ဒုဗ္ဘိက္ခကထာတွင် တွေ့နိုင်သည်။ (၁) မြတ်စွာဘုရားရှင်၏ အသက်တော် (၂) မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော် (၃) မြတ်စွာဘုရားရှင်အား ရည်စူး၍ လှူဒါန်းအပ်သည့် ပစ္စည်းလေးပါး (၄) မြတ်စွာဘုရားရှင်၏ ရှစ်ဆယ်သော လက္ခဏာတော်ငယ် နှင့် ကိုယ်ရောင်တော် – ဤလေးပါးသော အရာတို့ကို မည်သူကမျှ အန္တရာယ် မပြုနိုင်ကြောင်း ယင်းအဋ္ဌကထာတွင် ဖော်ပြထားသည်။ ထို့ကြောင့် အချို့သော ဓာရဏပရိတ်မူတို့၏ ပထမစာပိုဒ်ကို အောက်ပါအတိုင်း တွေ့ရသည်။

ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ သဗ္ဗညုတညာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ အသီတိယာနုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ဝါ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဣမေသံ စတုန္နံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။


ဓာရဏပရိတ်စာပိုဒ် ၂ မှ ၅ အထိသည် ဗုဒ္ဓ၏ အာဝေဏိက ဂုဏ်တော် ၁၈-ပါး ဖြစ်သည်။ အာဝေဏိက ဂုဏ်တော်ဟူသည် (ပစ္စေကဗုဒ္ဓါနှင့် ရဟန္တာအရှင်မြတ်များ အပါဝင်) အခြားမည်သူ တစ်ဦးတစ်ယောက်နှင့်မျှ မဆက်ဆံသော မြတ်စွာဘုရားရှင်၏ သီးခြားဂုဏ်တော်များကို ဆိုလိုသည်။ သို့သော် အာဝေဏိက ဂုဏ်တော် ၁၈-ပါးကို သံဂါယနာတင် နိကာယ် ၅-ရပ် ပါဠိတော်တို့တွင် အပြည့်အစုံ မတွေ့ရ။ ဂုဏ်တော်အချို့ကိုသာ ကြိုးကြား ကြိုးကြား တွေ့ရသည်။ ခရစ်တော်မပေါ်မီ ၁-ရာစု ဝန်းကျင်ခန့်က ပေါ်ထွန်းခဲ့သည့် ပညာပါရမိတာသုတ်၊ မဟာဝတ္ထု စသည့် မဟာယာနကျမ်းစာတို့တွင်မူ အာဝေဏိက ဂုဏ်တော် ၁၈-ပါးကို သက္ကတဘာသာဖြင့် အကျယ်တဝင့် ဖွင့်ဆို ရေးသားခဲ့ကြသည်။ ခရစ်နှစ် ၅-ရာစုခန့်တွင် အရှင်မဟာဗုဒ္ဓဃောသ ပြုစုသည့် အဋ္ဌကထာများတွင် ဘုရားရှင်၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းရာတွင် ‘အဋ္ဌာရသ ဗုဒ္ဓဓမ္မာ’၊ ‘အဋ္ဌာရသ အာဝေဏိက ဗုဒ္ဓဓမ္မာ’ စသဖြင့် ထည့်သွင်းရေးသားလေ့ရှိသည်။ သို့သော် ဂုဏ်တော် ၁၈-ပါး၏ အမည်စာရင်း အပြည့်အစုံကိုမူ ဒီဃနိကာယ် ပါထိကဝဂ် သင်္ဂီတိသုတ် အဖွင့် အဋ္ဌကထာ၌သာ အောက်ပါအတိုင်း တွေ့နိုင်သည်။

အရှင်မဟာဗုဒ္ဓဃောသ၏ ဒီဃနိကာယ် အဋ္ဌကထာမှ အာဝေဏိက ဂုဏ်တော် ၁၈-ပါး

အဋ္ဌာရသ ဗုဒ္ဓဓမ္မာ နာမ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ, နတ္ထိ ဝစီဒုစ္စရိတံ, နတ္ထိ မနောဒုစ္စရိတံ။ အတီတေ ဗုဒ္ဓဿ အပ္ပဋိဟတဉာဏံ, အနာဂတေ, ပစ္စုပ္ပန္နေ ဗုဒ္ဓဿ အပ္ပဋိဟတဉာဏံ, သဗ္ဗံ ကာယကမ္မံ ဗုဒ္ဓဿ ဘဂဝတော ဉာဏာနုပရိဝတ္တိ, သဗ္ဗံ ဝစီကမ္မံ, သဗ္ဗံ မနောကမ္မံ ဗုဒ္ဓဿ ဘဂဝတော ဉာဏာနုပရိဝတ္တိ။ နတ္ထိ ဆန္ဒဿ ဟာနိ, နတ္ထိ ဝီရိယဿ ဟာနိ, နတ္ထိ သတိယာ ဟာနိ, နတ္ထိ ဒဝါ, နတ္ထိ ရဝါ, နတ္ထိ ခလိတံ, နတ္ထိ သဟသာ, နတ္ထိ အဗျာဝဋော မနော, နတ္ထိ အကုသလစိတ္တန္တိ။ (ဒီ.ဋ္ဌ.၃.၃၀၅၊ သင်္ဂီတိသုတ် အဖွင့်အဋ္ဌကထာ)

(၁-၃) နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ နတ္ထိ ဝစီဒုစ္စရိတံ, နတ္ထိ မနောဒုစ္စရိတံ - မြတ်စွာဘုရားရှင်အား ကိုယ်ဖြင့် ပြုအပ်သော မကောင်းသည့် အကျင့်သည် မရှိ။ နှုတ်ဖြင့် ပြောဆိုအပ်သော မကောင်းသည့် အကျင့်သည် မရှိ။ စိတ်ဖြင့် ကြံစည်အပ်သော မကောင်းသည့် အကျင့်သည် မရှိ။
(၄-၆) အတီတေ ဗုဒ္ဓဿ အပ္ပဋိဟတဉာဏံ, အနာဂတေ, ပစ္စုပ္ပန္နေ […] - မြတ်စွာဘုရားရှင်အား အတိတ်အဖို့၌ အတားအဆီး အပိတ်အအပင် မရှိသော ဉာဏ်တော်သည် ရှိ၏။ အနာဂတ်အဖို့၌, ပစ္စုပ္ပန်အဖို့၌ အတားအဆီး အပိတ်အအပင် မရှိသော ဉာဏ်တော်သည် ရှိ၏။
(၇-၉) သဗ္ဗံ ကာယကမ္မံ ဗုဒ္ဓဿ ဘဂဝတော ဉာဏာနုပရိဝတ္တိ, သဗ္ဗံ ဝစီကမ္မံ, သဗ္ဗံ မနောကမ္မံ ဗုဒ္ဓဿ ဘဂဝတော ဉာဏာနုပရိဝတ္တိ - မြတ်စွာဘုရားရှင်၏ အလုံးစုံသော ကာယကံ အမှုတို့သည် ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်၍ ဖြစ်၏။ အလုံးစုံသော ဝစီကံ မနောကံ အမှုတို့သည် ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်၍ ဖြစ်၏။
(၁၀) နတ္ထိ ဆန္ဒဿ ဟာနိ - (သတ္တဝါတို့၏ အကျိုးစီးပွားအတွက်) ဆန္ဒတော်၏ ယုတ်လျော့ခြင်းသည် မရှိ။
(၁၁) နတ္ထိ ဝီရိယဿ ဟာနိ - ဝီရိယ၏ ယုတ်လျော့ခြင်းသည် မရှိ။
(၁၂) နတ္ထိ သတိယာ ဟာနိ - သတိ၏ ယုတ်လျော့ခြင်းသည် မရှိ။
(၁၃) နတ္ထိ ဒဝါ - မြူးတူးပျော်ပါးလို၍ ပြုမူခြင်းသည် မရှိ။
(၁၄) နတ္ထိ ရဝါ - (သတိကင်းလွတ်) ချွတ်ယွင်းသော ပြောဆိုခြင်းသည် မရှိ။
(၁၅) နတ္ထိ ခလိတံ - (သတိကင်းလွတ်) ချွတ်ယွင်းသော ပြုမူခြင်းသည် မရှိ။
(၁၆) နတ္ထိ သဟသာ - (ဉာဏ်ဖြင့် မဆင်မခြင်) အဆောတလျှင် ပြုခြင်းသည် မရှိ။
(၁၇) နတ္ထိ အဗျာဝဋော မနော - အားမစိုက်ဘဲ ကြောင့်ကြမဲ့နေသော စိတ်သည် မရှိ။
(၁၈) နတ္ထိ အကုသလစိတ္တံ - အကုသိုလ်စိတ်သည် မရှိ။

သို့သော် ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် မရှိခြင်းတို့သည် မြတ်စွာဘုရားရှင်နှင့်သာ ဆက်ဆံသည့် အာဝေဏိကတရား မဟုတ်။ လောဘ၊ ဒေါသ၊ မောဟတို့ကို အကြွင်းမဲ့ ပယ်သတ်ပြီးသော ရဟန္တာ အရှင်မြတ်တို့တွင်လည်း ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်တို့ မရှိကြ။ ထို့အတူပင် နောက်ဆုံး ဂုဏ်ပုဒ်ဖြစ်သည့် အကုသိုလ်စိတ် မရှိခြင်း (နတ္ထိ အကုသလစိတ္တံ) သည်လည်း အာဝေဏိက ဗုဒ္ဓဓမ္မ မဟုတ်ပေ။ ထို့ကြောင့် (ခရစ်နှစ် ၆-ရာစု ၇-နှစ်ရာစုခန့်တွင် ပေါ်ထွန်းခဲ့သော) အရှင်ဓမ္မပါလက ဒီဃနိကာယ် အဋ္ဌကထာ၏ အနက်ဓိပ္ပါယ်ကို ထပ်မံ ဖွင့်ဆိုသည့် လီနတ္ထဒီပနီခေါ် ဒီဃနိကာယ် ဋီကာကျမ်းတွင် “ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် မရှိခြင်းဟူသည့် ဂုဏ်ပုဒ်တို့သည် ကာယကံ အစရှိသော အမှုတို့သည် ဉာဏ်တော်သို့ အစဉ်လိုက်ခြင်းကြောင့် ရထိုက်သည့် ဂုဏ်များကို ချီးမွမ်းခြင်းသာ ဖြစ်သည်၊ အာဝေဏိကဓမ္မကို ပြခြင်း မဟုတ် (ကာယကမ္မာဒီနံ ဉာဏာနုပရိဝတ္တိတာယ လဒ္ဓဂုဏကိတ္တနံ, န အာဝေဏိကဓမ္မန္တရဒဿနံ)” ဟု မှတ်ချက်ပေးသည်။ ထို့နောက် “ဤနေရာတွင် ဒီဃနိကာယ်ဆောင်အရှင်တို့၏ ပါဌ်သည် ရှုတ်ထွေးနေ သည်။ မရှုတ်ထွေးသည့် ပါဌ်မှာကား ဤသို့ ဖြစ်သည် (အယဉ္စ ဒီဃဘာဏကာနံ ပါဌော အာကုလော ဝိယ။ အယံ ပန ပါဌော အနာကုလော)” ဟု ဆို၍ ဗုဒ္ဓ၏ အာဝေဏိကဂုဏ်တော် ၁၈-ပါးကို ဋီကာဆရာ အရှင်ဓမ္မပါလက အောက်ပါအတိုင်း စာရင်းထုတ်ပြထားသည်။ ဓာရဏပရိတ်တွင် တွေ့ရသည့် အာဝေဏိကဂုဏ်တော် ၁၈-ပါးမှာ အရှင်ဓမ္မပါလ၏ ဋီကာများတွင်လာသည့် ဂုဏ်တော် ၁၈-ပါးပင် ဖြစ်သည်။

အရှင်ဓမ္မပါလ၏ ဒီဃနိကာယ် ဋီကာမှ အာဝေဏိက ဂုဏ်တော် ၁၈-ပါး

အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ, အနာဂတံသေ, ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တိ၊ သဗ္ဗံ ဝစီကမ္မံ, သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တိ။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဆန္ဒဿ ဟာနိ, နတ္ထိ ဓမ္မဒေသနာယ ဟာနိ, နတ္ထိ ဝီရိယဿ ဟာနိ, နတ္ထိ သမာဓိဿ ဟာနိ, နတ္ထိ ပညာယ ဟာနိ, နတ္ထိ ဝိမုတ္တိယာ ဟာနိ။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဒဝါ, နတ္ထိ ရဝါ, နတ္ထိ အပ္ဖုဋ္ဌံ, နတ္ထိ ဝေဂါယိတတ္တံ, နတ္ထိ အဗျာဝဋမနော, နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာတိ။ (ဒီ.ဋီ.၃.၃၀၅၊ သင်္ဂီတိသုတ် အဖွင့်ဋီကာ)

(၁-၃) အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံသေ, ပစ္စုပ္ပန္နံသေ […]
(၄-၆) သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တိ၊ သဗ္ဗံ ဝစီကမ္မံ, သဗ္ဗံ မနောကမ္မံ […]
(၇) နတ္ထိ ဆန္ဒဿ ဟာနိ
(၈) နတ္ထိ ဓမ္မဒေသနာယ ဟာနိ
(၉) နတ္ထိ ဝီရိယဿ ဟာနိ
(၁၀) နတ္ထိ သမာဓိဿ ဟာနိ
(၁၁) နတ္ထိ ပညာယ ဟာနိ
(၁၂) နတ္ထိ ဝိမုတ္တိယာ ဟာနိ
(၁၃) နတ္ထိ ဒဝါ
(၁၄) နတ္ထိ ရဝါ
(၁၅) နတ္ထိ အပ္ဖုဋ္ဌံ - ဉာဏ်တော်နှင့် မထိတွေ့ မနှံ့စပ်သော ကိစ္စ မရှိ
(၁၆) နတ္ထိ ဝေဂါယိတတ္တံ - အလျင်စလိုပြုခြင်း မရှိ
(၁၇) နတ္ထိ အဗျာဝဋမနော
(၁၈) နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ - ဉာဏ်ဖြင့် မဆင်မခြင် လျစ်လျူရှုသော အမှုသည် မရှိ။

ဋီကာဆရာ အရှင်ဓမ္မပါလသည် မိမိ အနက်ဖွင့်သည့် မူရင်းကျမ်းဖြစ်သည့် အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာတွင် လာသည့် ဂုဏ်တော် ၁၈-ပါးကို မယူတော့ဘဲ အထက်ပါအတိုင်း ပြသည်။ ထို့အပြင် အရှင်ဓမ္မပါလသည် ဒီဃနိကာယ် သမ္ပသာဒနီယသုတ် အဖွင့်၌လည်း အထက်ပါ အာဝေဏိကဂုဏ်တော် ၁၈-ပါးကိုပင် အဋ္ဌာရသဗုဒ္ဓဓမ္မဟူသည့် အမည်ဖြင့် ထုတ်ပြကာ၊ အချို့ကျမ်းများတွင် (ကေစိ) ‘နတ္ထိ ဓမ္မဒေသနာယ ဟာနိ’ ကို မထည့်ဘဲ ‘နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဝီရိယဿ ဟာနိ၊ နတ္ထိ သတိယာ ဟာနိ’ ဟု ဆိုကြောင်း မှတ်ချက်ပေးထားသည်။ “အချို့ကျမ်းများသည် (ကေစိ)” မည့်သည့် ကျမ်းဖြစ်သည်ကို ဖော်ပြထားခြင်း မရှိသော်လည်း ဝိသုဒ္ဓိမဂ်ကျမ်း၏ ရှေ့ပြေးကျမ်း တစ်စောင်ဖြစ်သော ဝိမုတ္တိမဂ်ကျမ်းကို ဆိုလိုဟန်တူပါသည်။ ဝိမုတ္တိမဂ်ကျမ်းမှ အာဝေဏိကဂုဏ်တော် ၁၈-ပါးသည် အရှင်ဓမ္မပါလ၏ မူနှင့် အတော်ဆင်သည်ကို တွေ့ရသည်။ ယင်းကျမ်းတွင် ‘နတ္ထိ ဓမ္မဒေသနာယ ဟာနိ’ ကို မပါဘဲ ‘နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဝီရိယဿ ဟာနိ၊ နတ္ထိ သတိယာ ဟာနိ’ ဟု တွေ့ရသည်။ အခြား ကွဲလွဲချက်အဖြင့် ဝိမုတ္တိမဂ်ကျမ်းတွင် ‘နတ္ထိ ဝေဂါယိတတ္တံ’ အစား ‘နတ္ထိ ဒွေဓာယိတတ္တံ’ ဟု တွေ့ရလေသည်။ ဝိမုတ္တိမဂ်ကျမ်းမှ အာဝေဏိကဂုဏ်တော် ၁၈-ပါးမှာ အောက်ပါအတိုင်း ဖြစ်သည်။

အရှင်ဥပတိဿမထေရ်၏ ဝိမုတ္တိမဂ်မှ အာဝေဏိက ဂုဏ်တော် ၁၈-ပါး

အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ, အနာဂတံသေ, ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံံ။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ, သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တ, သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဆန္ဒဿ ဟာနိ, နတ္ထိ ဝီရိယဿ ဟာနိ, နတ္ထိ သတိယာ ဟာနိ, နတ္ထိ သမာဓိဿ ဟာနိ, နတ္ထိ ပညာယ ဟာနိ, နတ္ထိ ဝိမုတ္တိယာ ဟာနိ။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဒွေဓာယိတတ္တံ, နတ္ထိ ရဝါ, နတ္ထိ ကိဉ္စိ အပ္ဖုဋ္ဌံ ဉာဏေန, နတ္ထိ ဒဝါ, နတ္ထိ အဗျာဝဋမနော, နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာတိ။ (ဝိမုတ္တိမဂ္ဂ Reconstructed Pāli based on the English translation of Vimuttimagga & V.P. BAPAT’s Vimuttimagga and Visuddhimagga, A Comparative Study)

(၁-၃) အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ, အနာဂတံသေ […] ပစ္စုပ္ပန္နံသေ […]
(၄-၆) သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ, သဗ္ဗံ ဝစီကမ္မံ […] သဗ္ဗံ မနောကမ္မံ […]
(၇) နတ္ထိ ဆန္ဒဿ ဟာနိ
(၈) နတ္ထိ ဝီရိယဿ ဟာနိ
(၉) နတ္ထိ သတိယာ ဟာနိ
(၁၀) နတ္ထိ သမာဓိဿ ဟာနိ
(၁၁) နတ္ထိ ပညာယ ဟာနိ
(၁၂) နတ္ထိ ဝိမုတ္တိယာ ဟာနိ
(၁၃) နတ္ထိ ဒွေဓာယိတတ္တံ - ရှေ့နောက် မညီသည့် အမှုတို့သည် မရှိ။
(၁၄) နတ္ထိ ရဝါ
(၁၅) နတ္ထိ ကိဉ္စိ အပ္ဖုဋ္ဌံ ဉာဏေန - နတ္ထိ အပ္ဖုဋ္ဌံနှင့် အဓိပ္ပါယ်တူသည်။
(၁၆) နတ္ထိ ဒဝါ
(၁၇) နတ္ထိ အဗျာဝဋမနော
(၁၈) နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ

‘နတ္ထိ ဓမ္မဒေသနာယ ဟာနိ’ မပါဘဲ ‘နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဝီရိယဿ ဟာနိ၊ နတ္ထိ သတိယာ ဟာနိ’ ဟု တွေ့ရသည့် အခြားမူကွဲတစ်မျိုးကို ခရစ်တော်မပေါ်မီ အနှစ် ၁၀၀ ကျော်က သက္ကတဘာသာဖြင့် ပြုစုခဲ့သည့် မဟာဝတ္ထုကျမ်းတွင် တွေ့ရသည်။ (မှတ်ချက် အရှင်ဓမ္မပါလသည် ဋီကာကျမ်းပြုရာတွင် သက္ကတဘာသာဖြင့် ရေသားသည့် ဗုဒ္ဓဘာသာကျမ်းများနှင့် အခြား သမယန္တကျမ်းများကို ကြည့်ရှုကိုးကားလေ့ ရှိပါသည်)။

မဟာယာန လောကုတ္တရာဂိုဏ်း မဟာဝတ္ထုကျမ်းမှ အာဝေဏိက ဂုဏ်တော် ၁၈-ပါး

အဋ္ဌာရသ ဗုဒ္ဓဓမ္မာ တထာ အတီတံသေ တထာဂတဿ အပ္ပဋိဟတံ ဉာဏဒဿနံ၊ အနာဂတံသေ အပ္ပဋိဟတံ ဉာဏဒဿနံ၊ ပစ္စုပ္ပန္နံသေ အပ္ပဋိဟတံ ဉာဏဒဿနံ။ သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တိ၊ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တိ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တိ။ နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဝီရိယဿ ဟာနိ၊ နတ္ထိ သတိယာ ဟာနိ၊ နတ္ထိ သမာဓိယာ ဟာနိ၊ နတ္ထိ ပညာယာ ဟာနိ၊ နတ္ထိ ဝိမုတ္တိယာ ဟာနိ၊ နတ္ထိ ခလိတံ၊ နတ္ထိ ရဝိတံ၊ နတ္ထိ မုသိတသတိယာ၊ နတ္ထိ အသမာဟိတံ စိတ္တံ၊ နတ္ထိ အပ္ပဋိသင်္ခါယ ဥပေက္ခာ၊ နတ္ထိ နာနာတ္တသညာ။ (Reconstructed Pāli based on Mahāvastu 18. Attributes of the Buddhas)

(၁-၃) အတီတံသေ တထာဂတဿ အပ္ပဋိဟတံ ဉာဏဒဿနံ၊ အနာဂတံသေ […] ပစ္စုပ္ပန္နံသေ […]
(၄-၆) သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တိ၊ သဗ္ဗံ ဝစီကမ္မံ […] သဗ္ဗံ မနောကမ္မံ […]
(၇) နတ္ထိ ဆန္ဒဿ ဟာနိ
(၈) နတ္ထိ ဝီရိယဿ ဟာနိ
(၉) နတ္ထိ သတိယာ ဟာနိ
(၁၀) နတ္ထိ သမာဓိယာ ဟာနိ
(၁၁) နတ္ထိ ပညာယာ ဟာနိ
(၁၃) နတ္ထိ ဝိမုတ္တိယာ ဟာနိ
(၁၄) နတ္ထိ ခလိတံ
(၁၅) နတ္ထိ ရဝိတံ - နတ္ထိ ရဝါ နှင့် အဓိပ္ပါယ် တူသည်။
(၁၆) နတ္ထိ မုသိတသတိယာ - သတိမေ့လျော့ခြင်းသည် မရှိ
(၁၇) နတ္ထိ အသမာဟိတံ စိတ္တံ - မတည်ကြည်သော စိတ်သည် မရှိ
(၁၈) နတ္ထိ အပ္ပဋိသင်္ခါယ ဥပေက္ခာ - နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ နှင့် အဓိပ္ပါယ် တူသည်

ဋီကာဆရာ အရှင်ဓမ္မပါလ ပြုစုခဲ့သည့် အာဝေဏိက ဂုဏ်တော် ၁၈-ပါးသည် မဟာဝတ္ထုမှ အာဝေဏိက ဂုဏ်တော် ၁၈-ပါးနှင့် စာလျှင်၊ ဝိမုတ္တိမဂ်ကျမ်းလာ ဂုဏ်တော် ၁၈-ပါးနှင့် ပို၍ နီးစပ်သည်ကို တွေ့ရပါသည်။ နှောင်းခေတ် ထေရဝါဒကျမ်းစာတို့တွင် အာဝေဏိက ဂုဏ်တော် ၁၈-ပါးကို ဖော်ပြသောအခါတွင် အဋ္ဌကထာဆရာ အရှင်ဗုဒ္ဓဃောသ ရေးသားခဲ့သည့် မူကို မယူကြတော့ဘဲ၊ အရှင်ဓမ္မပါလ၏ မူကိုသာ လက်ခံကြသည်ကို တွေ့ရသည်။

ဓာရဏပရိတ်စာပိုဒ် ၂ မှ ၅ တွင် ဖော်ပြထားသည့် ဂုဏ်တော် ၁၈-ပါးသည်လည်း အရှင်ဓမ္မပါလ ရေးသားခဲ့သည့် ဋီကာကျမ်းများတွင်လာသည့် အာဝေဏိက ဂုဏ်တော် ၁၈-ပါးနှင့် တူညီသည်ကို တွေ့ရပါသည်။ ‘နတ္ထိ ပညာယ ဟာနိ’ အစား ‘နတ္ထိ ဝိပဿနာယ ဟာနိ’ ဟု ဖြစ်နေ၍ အစီအစဉ် အနည်းငယ် လွဲနေသည်သာ ကွာသည်။

ဓာရဏပရိတ်စာပိုဒ် ၆ တွင် အဋ္ဌကထာမှ ‘နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ … ဝစီဒုစ္စရိတံ … မနောဒုစ္စရိတံ’ ဟူသော ဂုဏ်ပုဒ်အား ပြန်ထည့်ထားသည်။ (အရှင်ဓမ္မပါလ ဆိုခဲ့သည့်အတိုင်း) ဤဂုဏ်တော်သည် ဗုဒ္ဓ၏ အာဝေဏိက ဂုဏ်တော်ဟု မဆိုနိုင်သော်လည်း၊ ဒီဃနိကာယ် သင်္ဂီတိသုတ်နှင့် အဂုၤတ္တရနိကာယ် သတ္တကနိပါတ် အရက္ခေယျသုတ်တို့တွင် တိုက်ရိုက်လာသော ဂုဏ်များဖြစ်သည်။ အပြည့်အစုံအားဖြင့် ‘ငါ၏ ဤအမှုကို သူတစ်ပါး မသိပါစေနှင့်ဟု စောင့်ရှောက်အပ်သည့် ကာယဒုစ္စရိုက်မျိုး မြတ်စွာဘုရားအား မရှိ” စသဖြင့် တွေ့ရသည်။ စာပိုဒ် ၆ မှ ကျန်ဂုဏ်တော်တို့မှာ အထက်တွင် ပြခဲ့သည့် အာဝေဏိက ဂုဏ်တော်များထဲမှ ဂုဏ်တော် (၁) မှ (၆) ကို အငြင်းဝါကျအဖြစ် ပြောင်း၍ စီကုံးထားခြင်းသာ ဖြစ်သည်။

ဓာရဏပရိတ်စာပိုဒ် ၇ မှ ၉ အထိသည် မြတ်စွာဘုရားက အရှင်အာနန္ဒာမထေရ်အား ဤဓာရဏပရိတ်တော်ကို ဆောင်ထားရန် ဟောကြားခဲ့လေဟန် စီကုံးထား၍ ဓာရဏပရိတ်၏ တန်ခိုးအာနိသင်များကို ချီးမွမ်းထားသည်။ ဘုရားဟောရှင် ဟောကြားခဲ့ခြင်း မဟုတ်ပါဘဲလျက် ဘုရားရှင် ဟောကြားခဲ့လေဟန် သီကုံး ရေးသားခြင်းမျိုးသည် မသင့်တော်။

ထို့ကြောင့် ဓာရဏပရိတ်တော်ကို ရွတ်ဖတ် ပူဇော်လိုပါက စာပိုဒ် ၇ မှ ၉ အထိကို ဖြုတ်၍ ပူဇော်သင့်သည်။ စာပိုဒ် ၄ ကိုလည်း အရှင်ဓမ္မပါလ၏ ဋီကာကျမ်းများမှ အာဝေဏိက ဂုဏ်တော် ၁၈-ပါးနှင် ကိုက်ညီအောင် ညှိ၍ အောက်ပါအတိုင်း ရွတ်ဆို ပူဇော်နိုင်ပါသည်။

၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။

၂။ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။

၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။

၄။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ဝီရိယဿ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ပညာယ ဟာနိ၊ နတ္ထိ ဝိမုတ္တိယာ ဟာနိ။

၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဒဝါ၊ နတ္ထိ ရဝါ၊ နတ္ထိ အပ္ဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ။ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။ ဧတေန သစ္စဝဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။

စာညွှန်း။
၁။ ဒီဃနိကာယ် ပါထိကဝဂ် အဋ္ဌကထာ
၂။ ဒီဃနိကာယ် ပါထိကဝိဂ် ဋီကာ
၃။ ဝိနည်း ပါရာဇိကကဏ္ဍ အဋ္ဌကထာ
၄။ Toshiichi Endo, Buddha in Theravada Buddhism: A study of the Concept of the Buddha in the Pāli Commentaries
၅။ V.P. BAPAT’s Vimuttimagga and Visuddhimagga, A Comparative Study
၆။ Vimuttimagga: The Path of Freedom. Translation from Chinese by Rev. N.R.M. Ehara, Soma Thera & Kheminda Thera
၇။ Vimuttimagga Pāli
၈။ Mahāvastu - 18 Attributes of the Buddhas


Saturday, May 12, 2012

မဇ္ဈိမဒေသ ကျေးရွာ မြို့ပြ တိုင်းနိုင်ငံများ

ရှေးဟောင်းသုတေသန အထောက်အထားများအရ ဗုဒ္ဓ မပွင့်ထွန်းမီ နှစ်ပေါင်း ၂၅၀၀ (3000 BC) ခန့်ကပင် အိန္ဒိယနိုင်ငံ အိန္ဒုမြစ်ဝှမ်းဒေသ (ယနေ့ခေတ် Harappā နှင့် Mohenjo Dāro ရွာ အနီးဒေသများ)တွင် မြို့ပြ ယဉ်ကျေးမှု ထွန်းကားခဲ့သည်။ သို့သော် ထိုဒေသတွင် နေထိုင်ခဲ့ကြသူများသည် အာရိယန် (Aryan) လူမျိုးများ မဟုတ်ကြ။ ယင်းဒေသနှင့် ကုန်သွယ်ရေး အဆက်အဆံရှိခဲ့သည့် ဆူမေးရီယန်း (Sumerian) မှတ်တမ်းများတွင် Meluhha ဟုဖော်ပြသော လူမျိုးများ ဖြစ်သည်။ တဖန် ယင်း Meluhha ဆိုသူများသည်  အာရိယန်တို့က Mleccha (ပါဠိဘာသာဖြင့် မိလက္ခ) ဟုခေါ်သော “တိုင်းတပါးသား အရိုင်းအစိုင်း” လူမျိုးများပင် ဖြစ်သည်ဟု အချို့က ယူဆကြသည်။

စင်စစ်အားဖြင့် 1700 BC ခန့်တွင်မှ အိန္ဒုမြစ်ဝှမ်းဒေသသို့ စတင် ဝင်ရောက်လာခဲ့ကြသော အာရိယန် လူမျိုးများသည်သာ အိမ်ခြေအတည်တကျ မရှိဘဲ၊ မြင်းအုပ်၊ သိုးအုပ်၊ ဆိတ်အုပ်များဖြင့် ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာ နေထိုင်ခဲ့ကြသော လူမျိုးများ ဖြစ်လေသည်။ အိန္ဒုမြစ်ဝှမ်းသို့ အာရိယန်လူမျိုးများ တစ်သုတ်ပြီး တစ်သုတ်ဝင် ရောက်လာပြီး ဌာနေ မြို့ပြများအား တိုက်ခိုက် ဖျက်ဆီးလိုက်ကြ၍ မူလကထွန်းကားခဲ့သော မြို့ပြယဉ်ကျေးမှု ဆိတ်သုန်းသွားခဲ့သည်။

အာရိယန်တို့ အိန္ဒုမြစ်ဝှမ်းဒေသသို့ ရောက်ရှိလာပြီး ရာစုနှစ် နှစ်ခု သုံးခုကြာမှ ဝေဒကျမ်းများအား ရေးဖွဲ့သီကုံးခဲ့ကြခြင်း ဖြစ်သည်။ ထိုဝေဒကျမ်းများတွင် အိန္ဒုမြစ်ဝှမ်းဒေသအား မြစ် ၇-စင်း စီးဆင်းရာဒေသ သတ္တသိန္ဓု (Sapta Sindhu) ဟု မှတ်တမ်း တင်ခဲ့ကြသည်။ ဝေဒခေတ်နှောင်းပိုင်း ရောက်သောအခါ အာရိယန်တို့သည် မဇ္ဈိမဒေသ ယမုံနာနှင့် ဂင်္ဂါမြစ်ဝှမ်းလွင်ပြင်ဆီသို့ ထပ်မံ ပြောင်းရွှေ့လာကြပြန်သည်။ မဇ္ဈိမဒေသအား အာရိယန်တို့၏ နေရာဒေသ (အာရိယာဝတ္တ) ဟု ခေါ်ဝေါ်ခဲ့ကြသည်။

အုပ်စုအလိုက် လှည့်လည် သွားလာနေကြသော ထိုမျိုးနွယ်စုများအား “ဂါမ” ဟုခေါ်ရာမှ နောင်တွင် ယင်းလူမျိုးစုတု့ိ စုဝေးစတည်းချရာ အရပ်ဒေသများအားလည်း “ဂါမ” ဟုပင် ခေါ်ဝေါ် သုံးစွဲလေသည်။ နောင်တွင် နေရာအတည်တကျ နေထိုင်လာကြသော အခါအတွင်လည်း ရွာများအား “ဂါမ” ဟုပင် ဆက်လက်ခေါ်ကြသည်။ ဤသို့ဖြင့် အာရိယန်တို့သည် အိန္ဒုမြစ်ဝှမ်းနှင့် ဂင်္ဂါမြစ်ဝှမ်းဒေသများတွင် မြို့ရွာတိုင်းနိုင်ငံများ ထူထောင်ကာ မြို့ပြယဉ်ကျေးမှု ပြန်လည်ထွန်းကာ လာခဲ့ပြန်သည်။


ဂါမ၊ နိဂမ၊ နဂရ၊ ဇနပဒ 

လူနေ ထူထပ်မှုနှင့် စီးပွားရေး နိုင်ငံရေးအရ အချက်အခြာကျမှု စသည်တို့ အလိုက် ကျေးရွာ မြို့ပြ တိုင်းနိုင်ငံများဟူ၍ ခွဲခြားထားရာ၊ ပါဠိဘာသာဖြင့် ဂါမ၊ နိဂမ၊ နဂရ၊ ဇနပဒဟု လေးဆင့်ခွဲ၍ ဖော်ပြလေ့ရှိသည် (မ-၁-၁၉၅၊ ဝနပတ္ထသုတ် )။

အထက်တွင် ဆိုခဲ့သည့်အတိုင်း ရေကြည်ရာမြက်နုရာ လှည့်လည် သွားလာသူတို့ ခေတ္တ စတည်းချရာ ဂါမသည် မြို့ပြယဉ်ကျေးမှုပြန်လည် ထွန်းကားလာခြင်း၏ အစဖြစ်သည်။ မြန်မာဘာသာဖြင့် “ရွာ” ဟုပြန်လေ့ရှိသည်။ ကုန်သည်တို့ လေးလထက် အလွန် စခန်းချရာ အရပ်ကိုလည်းကောင်း၊ လူနေအိမ်ခြေ တစ်လုံး နှစ်လုံးမျှ ရှိလျှင်လည်းကောင်း ဂါမဟုပင် ခေါ်နိုင်ကြောင်း ပါရာဇိကဏ်ပါဠိတော် (ပါရာ-၉၂) တွင် ဖော်ပြထားသည်။ နဠကာရဂါမ (ကျူထရံ ယက်လုပ်သောရွာ)၊ အာရာမိကဂါမ (ဥယျာဉ် လုပ်သားတို့ နေသောရွာ)၊ လောဏကာရဂါမ (ဆားချက်သူတို့ နေသောရွာ) စသဖြင့် အသက်မွေးမှု တူရာလူတို့ စုဝေး နေထိုင်ကြသည်များရှိသကဲ့သို့၊ စဏ္ဍာလဂါမ၊ ဗြာဟ္မဏဂါမ စသဖြင့် အမျိုးဇာတ်တူရာ စုဝေးနေထိုင်ကြသော ရွာများလည်း ရှိသည်။

ကုန်ကူးသန်း ရောင်းဝယ်ရာဈေး ရှိသည့် ရွာကြီး (သို့မဟုတ် မြို့ငယ်) အား နိဂမဟု ခေါ်သည်။ နိဂုံ၊း ရွာကြီးစသဖြင့် မြန်မာဘာသာ ပြန်လေ့ရှိ၍၊ market-town (ဈေးမြို့) ဟု အင်္ဂလိပ်ဘာသာ ပြန်ကြသည်။ ကုန်သည်များ၊ လက်သမားစသော လက်မှုပညာသည်မျာ၊ ကုန်သည်များ စုဝေးနေထိုင်ကာ အသက်မွေးဝမ်းကြောင်းရာ နေရာဌာန ဖြစ်သည်။

နိဂုံးထက်ပိုကြီး၍ ခံတပ်မြို့ရိုးရှိသော မြို့တို့အား နဂရဟု သတ်မှတ်သည်။ အရွယ်အစားသေးငယ်သည့် ခံတပ်မြို့များအား “နဂရ”ဟု မခေါ်ဘဲ “နဂရက”ဟု ခေါ်လေ့ရှိပြီး၊ မြို့ကြီးများအား “မဟာနဂရ” ဟုခေါ်သည်။ စမ္ပာ၊ ရာဇဂြိုဟ်၊ သာဝတ္ထိ၊ သာကေတ၊ ကောသမ္ဗီ၊ ဗာရာဏသီတို့သည် ဗုဒ္ဓလက်ထက်က ထင်ရှားသော မြို့ကြီးများ ဖြစ်၏ (ဒီ-၂-၂၁၀။ မဟာပရိနိဗ္ဗာနသုတ်)။ နာဂရကို ယေဘုယျအားဖြင့် “မြို့”ဟု ဘာသာပြန်လေ့ ရှိသော်လည်း၊ စမ္ပာနဂိုရ်၊ သင်္ကဿနဂိုရ်စသဖြင့် ပါဠိသက်ဖြင့် “နဂိုရ်” ဟုလည်းကောင်း၊ သာဝတ္ထိပြည်၊ ရာဇဂြိုဟ်ပြည်စသဖြင့် မင်းနန်းစိုက်ရာ “ပြည်” ဟုလည်းကောင်း သုံးစွဲလေ့ရှိသည်။ နဂရကဲ့သို့ပင် ခံတပ်မြို့ရိုးရှိသော မြို့များအား “ပုရ” ဟုလည်း ခေါ်သည်။ ပုရသည် ကာကွယ်ရေးအတွက် အချက်အခြာဖြစ်သော ခံတပ်မြို့များဖြစ်၍ မြို့ရိုးအတွင်း၌သာ လူနေကြသည်။ အုပ်ချုပ်ရေး၊ စီးပွားရေးအရ အချက်အခြာကျ၍ မြို့ရိုးအတွင်း အပြင်ပါလူနေထိုင်သော မြို့များအား နဂရဟု ခေါ်သည်။ “ပုရ” ဟူသော အသုံးအနှုံးသည် ဝေဒခေတ်က ထင်ရှားခဲ့၍၊ နဂရဟူသော အသုံးနှုံးသည် နောင်မှ ပေါ်ပေါက်လာသော ဝေါဟာဖြစ်သည်။

“ဇနပဒ” သည် မူရင်းအဓိပ္ပါယ်အရ တူရာရာ လူမျိုးစုများ စုဝေးအခြေချနေထိုင်ရာ အရပ်ဒေသ ဖြစ်သော်လည်း၊ နောင်တွင် နိုင်ငံရေး အုပ်ချုပ်ရေးအရ သြဇာသက်ရောက်သည့် တိုင်းနိုင်ငံ (ရဋ္ဌ) ဟူသော အဓိပ္ပါယ်ဖြင့် ခေါ်ဝေါ်သုံးစွဲသည်။ မြန်မာဘာသာတွင် “ဇနပုဒ်” ဟူသော ပါဠိသက် ဝေါဟာရအား “ကျေးလက်တောရွာ၊ ရွာငယ်”ဟူသော အဓိပ္ပါယ်ဖြင့် ခေါ်ဝေါ် သုံးစွဲလေ့ရှိကြသော်လည်း၊ ပါဠိစာပေများမှ ဇနပဒသည် ဂါမ၊ နိဂမ၊ နဂရတို့ထက် ပိုမိုကျယ်ဝန်းသော တိုင်းနိုင်ငံကို ဆိုလိုပါသည်။ ဗုဒ္ဓခေတ်တွင် ထင်ရှားသော တိုင်းကြီး (မဟာဇနပဒ) ၁၆-တိုင်းရှိကြောင်း အင်္ဂုတ္တရနိကာယ် (အံ-၃-၇၁၊ ဥပေါသထသုတ်) စသော သုတ္တန်များတွင် ဖော်ပြထားသည်။

၁။ အင်္ဂ
၂။ မဂဓ
၃။ ကာသိ
၄။ ကောသလ
၅။ ဝဇ္ဇီ
၆။ မလ္လ
၇။ စေတိ
၈။ ဝံသ
၉။ ကုရု
၁၀။ ပဉ္စာလ
၁၁။ မစ္ဆ (မဇ္ဈ)
၁၂။ သူရသေန
၁၃။ အဿက (*)
၁၄။ အဝန္တိ (*)
၁၅။ ဂန္ဓာရ (*)
၁၆။ ကမ္ဗောဇ (*)

ဒီဃနိကာယ် ဇနဝသဘသုတ်တွင် တိုင်းနိုင်ငံများအား (ဒီ-၂-၂၇၃) တွင် ရတနာသုံးပါးအား ကြည်ညိုကြသော တိုင်းနိုင်ငံသားများအား ဖော်ပြရာတွင် တိုင်းကြီး ၁၆-တိုင်းအနက် (*သင်္ကေတပြထားသည့်) နောက်ဆုံး ၄-တိုင်းအား ချန်လှပ်၍ ကျန်တိုင်းကြီး ၁၂-တိုင်းကိုသာ ဖော်ပြထားသည်ကို တွေ့ရ၏။ အဿက၊ အဝန္တိ၊ ဂန္ဓာရ၊ ကမ္ဗောဇတိုင်းတို့သည် မဇ္ဈိမဒေသ၏ ပြင်ပ (ပစ္စန္တိမ ဇနပဒ) တွင် တည်ရှိသည် ဆိုသော်လည်း၊ မဇ္ဈိမဒေသနှင့် ကုန်ကူးသန်းရောင်းဝယ် ဆက်ဆံနေကြလေသည်။ မဇ္ဈိမဒေသ၏ မြောက်ပိုင်းရှိ ဂန္ဓာရနှင့် ကမ္ဗောဇတိုင်းတို့သည် မြောက်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်း (ဥတ္တရာပထ) ပေါ်တွင် တည်ရှိ၍ ဥတ္တရာပထ တိုင်းနိုင်ငံများဟု ခေါ်လေ့ရှိသည်။ ထို့အတူပင် မဇ္ဈိမဒေသနှင့် တောင်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်း (ဒက္ခိဏာပထ) ဆက်သွယ်ထားသော အဿက၊ အဝန္တိစသော တိုင်းနိုင်ငံများအား ဒက္ခိဏာပထ တိုင်းနိုင်ငံများဟုလည်း ခေါ်သည်။ ဥတ္တရာပထနှင့် ဒက္ခိဏပထ တိုင်းနိုင်ငံများသည် မဇ္ဈိမဒေသ၏ ပြင်ပတွင်ရှိသည် ဆိုသော်လည်း၊ အရှင်မဟာကပ္ပိန၊ အရှင်မဟာကစ္စည်း၊ အရှင်ဗာဟိယဒါရုစရိယစသည့် ထင်ရှားသော သာဝကကြီးများသည် ဥတ္တရာပထနှင့် ဒက္ခိဏပထ အရပ်ဒေသများမှ ဖြစ်ကြလေသည်။

သီဟိုဠ်မှ အရှင်မောဂ္ဂလာန်ပြုစုသော အဘိဓာနပ္ပဒီပိကာခေါ် ပါဠိအဘိဓာန်ကျမ်း ဘူမိဝဂ်တွင် အောက်ပါအတိုင်း ဇနပဒ ၂၁-တိုင်း၏ အမည်ကို ဖော်ပြထားသည်။ (¤) သင်္ကေတပြထားသော တိုင်းများသည် ပါဠိတော်လာ တိုင်းကြီး (မဟာဇနပဒ) ၁၆-တိုင်းတွင် မပါဝင်သော တိုင်းနိုင်ငံများ ဖြစ်သည်။

၁။ ကုရု
၂။ သက္က (¤)
၃။ ကောသလ
၄။ မဂဓ
၅။ သိဝိ (¤)
၆။ ကလိင်္ဂ (¤)

၇။ အဝန္တိ
၈။ ပဉ္စာလ
၉။ ဝဇ္ဇီ
၁၀။ ဂန္ဓာရ
၁၁။ စေတိ
၁၂။ ဝင်္ဂ (¤)
၁၃။ ဝိဒေဟ (¤)

၁၄။ ကမ္ဗောဇ
၁၅။ မဒ္ဒ (¤)
၁၆။ ဘဂ္ဂ (¤)

၁၇။ အင်္ဂ
၁၈။ သီဟဠ (¤)
၁၉။ ကသ္မီရ (¤)

၂၀။ ကာသိ
၂၁။ ပဏ္ဍ၀ (¤)

စာညွှန်း
၁။ မဇ္ဈိမဒေသ မြိုရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊ သာဝတ္ထိမြန်မာကျောင်း ဆရာတော်
၂။ Indian Buddhism, A.K. Warder
၃။ The Great Transformation: The world in the time of Buddha, Socrates, Confucius and Jeremiah, Karen Armstrong
၄။ Foreign Trade And Commerce In Ancient India, Prakash Charan Prasad
၅။ Dāna: Giving and Getting in Pali Buddhism, Ellison Banks Findly