Showing posts with label သီတာ. Show all posts
Showing posts with label သီတာ. Show all posts

Thursday, January 20, 2022

တောင်ဇောက်ထိုး Grand Canyon ခရီး

ဤခရီး၏ အစသည် လွန်ခဲ့သော ၁၅ နှစ်ကဟု ဆိုကောင်းဆိုနိုင်သည်။ ထို့ထက်လည်း ပိုကောင်းပိုနိုင်သည်။ 
လွန်ခဲ့သော ၁၅ နှစ် အမျိုးသား စင်္ကာပူကုမ္ပဏီရုံးခွဲမှာ အလုပ် စ ဝင်ဝင်ချင်းမှာပဲ၊ Project ကို လက်ခံယူဖို့ US ရုံးကို လာပြီး Oklahoma ပြည်နယ်မှာ နှစ်လကြာ နေထိုင်ခဲ့ရပါတယ်။ ရုံးပိတ်ရက်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူဝါသနာပါတဲ့ ဒေသန္တရ ဗဟုသုတ ခရီးတွေ သွားရင်း၊ ရောက်ခဲ့တဲ့ Arizona ပြည်နယ်က Grand Canyon ဆိုတဲ့ တောင်ဇောက်ထိုးကြီးတွေအကြောင်း ပုံပြင်တစ်ပုဒ်လို နားထောင်ခဲ့ရပါတယ်။ 
ခရီးသွား ဘတ်စ်ကားကြီးနဲ့ ပျင်းရိခြောက်သွေ့ဖွယ် မြင်ကွင်းတွေကို ဖြတ်ပြီး ငိုက်တစ်ဝက် နိုးတစ်ဝက် သွားခဲ့ရတာက စလို့၊ Hoover Dam နား အရောက်မှာတော့ ရဲက ကားပေါ်တက်လာပြီး စစ်ဆေးမှုတွေ ပြုသေးတယ် ဆိုတာ အလယ်၊ ဌာနေ Native American တို့က တောင်ဇောက်ထိုးကြီးလို့ ခေါ်ကြတဲ့ Grand Canyon National Park ချိုင့်ဝှမ်းကြီးကို ရောက်တဲ့ အခါမှာတော့... ဆိုတာတွေ အခွင့်သင့်တိုင်း စီကာစဉ်ကာ ပြောပြတတ်ပါတယ်။
Martin Luther King Jr. Day နှင့် ပေါင်းပြီး ရုံးပိတ်ရက် (၃) ရက်ရတဲ့အခါ မှာတော့ ကျွန်မတို့နေထိုင်ရာ Colorado ပြည်နယ် ကနေ ကား ၁၂ နာရီ မောင်းရမည့် တောင်ဇောက်ထိုးကြီးတွေဆီသို့ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ သားကြီးနှင့် သားငယ် တစ်လှည့်စီ မောင်းကြမယ်ပေါ့။ နှင်း မုန်တိုင်းကလည်း ကျအပြီး Ski စီးရန်သွားကြသည့် ရာသီမို့ တောင်ပေါ်လမ်းမှာ ကားတွေ တစ်ပြီး၊ ခရီးဖင့် နှောင့်နှေးခဲ့ပါတယ်။ ဆောင်းအခါ နေ့တာ ကလည်း တိုလေသမို့ လိုရာခရီးကို သတ်မှတ်ချိန်မှာ မရောက်နိုင်ပဲ မှောင်ထဲ မီးထိုးရင်း မောင်းလာရပါတော့တယ်။ အရာဝတ္ထုတစ်ခုက ကားရှေ့ဘယ်ဘက်ဒေါင့် ကို ဒိုင်းကနဲ လာရိုက်လိုက်တဲ့ အသံနဲ့အတူ တစ်ခုခုကို ကျိတ်နင်းမိပြီး ကားလေးဟာ လူးခါရမ်းသွားပါတယ်။ ကားမောင်းသူ သားကြီးနောက်မှာ ထိုင်နေတဲ့ ကျွန်မက “ဟဲ့ သား သတိထား” လို့ ပြောလိုက်မိတော့၊ သားကြီးက “တောကောင်လေး တစ်ကောင်ကောင်ထင်တယ် အညိုရောင်လေး ရိပ်ကနဲ တွေ့လိုက်တယ်” တဲ့။ ဘာဖြစ်တာလဲ စစ်ဆေးဖို့ အန္တရာယ်ကင်းသည့် လမ်းဘေးချရပ်လို့ ရသည့်နေရာထိ မောင်းလာပြီးကားရပ်တော့ ကားတစ်စီးကလည်း ကျွန်မတို့ ကားနောက်ကနေ လိုက်လာရပ်ပြီး မီးထိုးပေးထားပါတယ်။ ကားရှေ့ bumper ကျိုးပြီး သားမွေးလေး ညှပ်နေတာလောက်သာ တွေ့ရပြီး ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ပါဘူး။ နောက်က ရပ်စောင့်ပေးနေတဲ့ကားလည်း ဂငယ်ကွေ့ ကွေ့ပြီး ထွက်သွားပါတော့တယ်။ အမှန်တော့ ဒီကားဟာ ကျွန်မတို့နဲ့ မျက်နှာချင်းဆိုင်မှ လာနေသော ကားဖြစ်ပြီး၊ ကျွန်မတို့ကို ကူညီရန် သက်သက်အတွက် ဂငယ်ကွေ့ နှစ်ပြန် ကွေ့ရတာရယ်ပါ။ 
ဒီ အဖြစ်အပျက် အပြီးမှာတော့ ကျွန်မခေါင်းထဲ ရောက်လာတာက ဂငယ်ကွေ့တွေ အကြောင်းပါပဲ။ ဘဝခရီး သွားကြတဲ့အခါ ရှေ့သို့ကိုသာ လိုလားတတ်ကြပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ ဂငယ်ကွေ့တွေ ကွေ့ဖို့ ကြုံလာရတတ်ပါတယ်။ ဂငယ်ကွေ့ ကွေ့ကြရတဲ့အခါ အချည်းနှီး ဆိုတဲ့ ဆုတ်နစ်စိတ်နဲ့ ညစ်ညူးကာ မသာမယာဖြစ်ကြရပါတယ်။ ကိုယ်ရည်ရွယ်ထားတဲ့ လမ်းကြောင်းက သွေဖီသွားတိုင်း ကားထဲက GPS ရဲ့ “If possible, make a U turn.” လို့ သတိပေးသံကတောင် လူ့သဘောကို သိပြီး သာယာညှင်းပျောင်း ချော့မော့နေသံလိုလို၊ တစ်ခါတရံလည်း အမိန့်ပေးသံလေးစွက်နေသလိုလို ထင်မိတဲ့ အထိပါပဲ။ ကိုယ်သွားတဲ့ ခရီးက တောင်တွေကို ဖြတ်ရတော့မယ် ဆိုရင် သေချာပေါက် ဂငယ်ကွေ့တွေ တွေ့ရတော့မယ်။ တောင်တွေကို ဥမင်လိုဏ်ဖောက် အတည့်ဖြတ်ဖို့ထက်၊ ကွေ့ကာ ပတ်ကာ သွားရတာ ပိုများပါတယ်။ တောင်တွေကို ဖြတ်ကျော်သွားရတဲ့ ခရီးမှာ ဂငယ်ကွေ့ ကွေ့ရပြီဆိုရင်၊ ကွေ့ပြီး ကြုံမှာက အဖြောင့်လည်း ဖြစ်နိုင်၊ အတက်လည်း ဖြစ်နိုင်၊ အဆင်းလည်း ဖြစ်နိုင်ပါတယ်။ ယာဉ်ရဲ့ ကြံ့ခိုင်မှု၊ တွေ့ကြုံလာတာကို ရင်ဆိုင်မယ်လို့ အသင့် ပြင်ထားတဲ့ သမာဓိစိတ်ဓာတ်၊ မှန်ကန်တဲ့ လမ်းကြောင်းပေါ်အမြဲတင်ထားရမည့် အသိဉာဏ်တို့ ဦးစီးပြီး ခရီးတွေကို သွားရပါတယ်။ ကျွန်မတို့နိုင်ငံလည်း ကြီးမားတဲ့ ဂငယ်ကွေ့ကြီးကို အသက် သွေး ချွေး ဉာဏ်ပညာတွေ ရင်းပြီး ကွေ့နေရချိန်ပါ။ မလိုလားပါဘူး ဆိုပြီး ဆုတ်နစ်နေလို့ မဖြစ်ဘူး။ ဒါသည်ပင် ကျွန်မတို့ရဲ့ ခရီးလေ... 
ထိုခရီး၏ အစသည် လွန်ခဲ့သော ၆၅ နှစ်ကဟု ဆိုကောင်းဆိုနိုင်သလို၊ ထို့ထက်လည်း ပိုကောင်းပိုနိုင်လေသည်။

Saturday, July 10, 2021

မကြောက်အောင် ကျင့်တဲ့ခရီး

ဗုဒ္ဓဟူးနေ့ ညဘက် ကျွန်မ မြန်မာပြည်မှကလေးများအား Online မှ စာသင်နေချိန်၊ သားကြီးက အခန်းဝ မှ နေ၍ “မေမေ ဒီအပတ် သောကြာ စနေ တနင်္ဂနွေ ခရီးသွားမလား” ဟု မေးလာခဲ့သည်။ “သွားချင် သွားပေါ့” ဟုသာ ပြီးစလွယ် ပြန်ဖြေလိုက်သည်။ ဒီလိုနှင့် သောကြာနေ့ နေ့လည် ၁၁ နာရီခွဲမှာ အိမ်မှ စထွက် ဖြစ်ခဲ့ကြသည်။ Arches National Park နှင့် Canyonlands National Park သို့ လည်ပတ်ရန် Utah State သို့ ဖြစ်သည်။ Utah သည် Rocky Mountain တောင်တန်းများရှိရာ Colorado နှင့် Nevada သဲကန္တာရကြီး၏ ကြားတွင်ရှိသည်။ ယခုအချိန်တွင် ကန္တာရနှင်းဆီဖြစ်နေရရှာသည့် သံမဏိနှင်းဆီ မိခင်ကြီးထံ “ခွင့်ပြုပါအမေ” ဟု စိတ်ထဲမှ ခွင့်တောင်းလိုက်သေးသည်။ Moab မြို့၌ တည်းကြမည်။

Inter State I-70 လမ်းမှ သွားကြသည်။ ဒီလမ်းကို မနှစ်က Aspen (a ski resort town) သို့ သွားတုန်းက ရောက်ဖူးသည်။ တောင်တက် တောက်ဆင်း နှင့် အလွန်သာယာသောလမ်း ဖြစ်သည်။ အန္တရာယ်လည်း အလွန်များ၍ မကြာခဏ ပိတ်ရသော လမ်း ဖြစ်သည်။ Colorado မှ California ပြည်နယ်သို့ သွားလျှင်လည်း ဒီလမ်းကို အသုံးပြုရသဖြင့် ကားစည်သော လမ်းလည်း ဖြစ်သည်။ မိုးလေးရွာလိုက်၊ နေသာလိုက်နှင့် သာသာယာယာပင် ဖြစ်သည်။ Summit County ၌ တောမီးများလောင်နေ၍ သတိထားပါရန် Alarm ပေးသည့် message ဖုန်းထဲသို့ ဝင်လာသည်။ တောမီး မြန်မြန်ငြိမ်းရန် မိုးများများရွာပါစေဟု ဆုတောင်းမိသည်။ တနေရာမှာ မိုးများလျှင်၊ အခြား တစ်နေရာမှာ မိုးနည်းသွားဦးမှာကို တဆက်တည်း သတိရမိပြန်တော့ “ဒီနေရာမှာ ဒီခဏတော့ မိုးများများလေး ရွာပေးပါ” ဟု ပြင် ဆုတောင်းရပြန်သည်။ မီးခိုးလုံးများ တွေ့မြင်ရခြင်း ဖြင့်သာ ထို လမ်းပိုင်းကို ဖြတ်ကျော်နိုင်ခဲ့သည်။ Vail ၌ ညစာ စားရင်း ခရီး တစ်ထောက်နားကြသည်။

Utah သို့ ဝင်ပြီ ဆိုကတည်းက အသွင်သစ်နဲ့ အမြင်သစ်နဲ့ အရာရာဟာ ပြောင်းလဲခဲ့ပါပြီ။ ဟိုးရှေးပဝေသဏီက ဒိုင်နိုဆောများ၏ နေရာသည် မြင်မြင်သမျှ လိမ္မော်ရောင်များများ ဖြင့်သာ စီးကြိုနေခဲ့သည်။ ခရီးသွား မြို့ငယ်လေးသာ ဖြစ်သော Moab သို့ရောက်ချိန်၌ နွေရာသီ ဖြစ်သဖြင့် အလင်းရောင် ကောင်းစွာရှိသေးသည်။ မြို့ထဲ လမ်းမပေါ် လမ်းလျှောက်ခဲ့ကြသည်။ ကလေးငယ်လေးများပါသည့် Jeep ကားပေါ်မှ မိသားစုက ပျော်ရွှင်မြူးတူးစွာဖြင့် ကျွန်မတို့ကို လက်ပြနှုတ်ဆက်ကြသည်။ အော် သူတို့မှာ mask များတပ်ထားစရာ မလိုတော့။ Moab တံဆိပ်ပါသည့် T shirt တထည်ကို souvenir shop အမှတ်တရ ပစ္စည်းဆိုင်မှ ဝယ်လိုက်သည်။ သူတို့အဖေကိုလည်း ဂုတ်ကိုပါနေရောင်ကာသည့် ဦးထုတ် ဝယ်ပေးလိုက်သည်။ နောက်နေ့အတွက် ဖြစ်သည်။

နောက်နေ့ မနက် ၅နာရီတွင် ကျွန်မတို့ မိသားစု Arches National Park ဂိတ်ဝသို့ ရောက်နေပြီ ဖြစ်သည်။ ဂိတ်၌ ဝန်ထမ်းများ မရှိသေး၍ ဝင်ကြေး မပေးရ။ (နေ့လည် Canyonlands National Park သို့ သွားမှသာ တစ်ပေါင်းတည်း ပေးခဲ့ရသည်။)

Park ထဲမှာ လမ်းတွေ လျှောက်ပြီးရင်း လျှောက်ကြရသည်။ Devils Garden ထဲ တနေရာရောက်တော့ ကျောက်တုံးကြီးတွေ တစ်ဆင့်ပြီးတစ်ဆင့် ဘေးမှာလည်း ချောက်ကြီးနဲ့၊ မောဟိုက်နေပြီ ဖြစ်သော ကျွန်မ “သားတို့သာ တက်ကြတော့၊ မေမေ ဒီနားကနေ စောင့်နေတော့မယ်” ဟု လက်လျော့လိုက်သည်။ သူတို့ အဖေကလည်း ကျွန်မအနားမှာသာ ကျန်နေခဲ့သည်။ သားတို့ကတော့ ကျောက်တုန်းထိပ်ပေါ် ရောက်သွားပြီ။ အနားသို့ ရောက်လာသော ကျွန်မတို့ အသက်တန်းလောက်ပင်ရှိမည့် အာရှနွယ်ဖွား အမျိုးသားတစ်ဦးက “ဟိုဘက်မှာ ဘာတွေ ရှိမလဲ မသိဘူးနော်” ဟု စကား စ,ရာ သူတို့ အဖေက “ ငါလည်းပဲ သေချာမသိဘူး၊ ရှုခင်းတွေတော့ သိပ်လှမှာပဲ” ဟု ဖြေလိုက်ရာ၊ “သူပြောမှလား” ဟု စိတ်ထဲက ပြောရင်း မျက်စောင်းထိုးမိသေးသည်။ ထိုလူက “ကမ္ဘာပေါ်မှာ ငါမရောက်ဖူးသေးတဲ့ နေရာတွေ အများကြီး ရှိသေးပါတယ်လေ” ဟု ပြုံးစစနှင့် ရေရွတ်ပြီး လှည့်ထွက်သွားလေတော့သည်။ ကျွန်မ စဉ်းစားသည်။ ကျွန်မတို့ ခရီးက သည်နေရာမှာပင် ဆုံးပြီလား။ ရှေ့ ဆက်သွားစရာတွေ ကျန်သေးလျှင် ကျွန်မတွက်တာကြောင့် သားတို့ ခရီးမဆက်နိုင်ပဲ လမ်းတစ်ဝက်နှင့် လှည့်ပြန်ရမည်။ ဒီတောင်ကို မေကျော်ဖို့ ဆုံးဖြတ်လိုက်သည်။ လေးဘက်ထောက်ပြီး ကုတ်ကပ်တက်သည်။ သူတို့အဖေက နောက်နားမှ ကျွန်မကို စောင့်ရှောက်ရင်း ကပ်၍ ပါလာသည်။ ကျွန်မကို လမ်းပေါ်တင်ပေးရ၍ အဖျားအနားမှ ကပ်လျှောက်ရသော သူ့အတွက်လည်း စိုးရိမ်ရသေးသဖြင့်၊ စုပြုံတိုးလာသော အတွေးပေါင်းစုံကို တစ်ခုချင်း ဖြည်ချနေရသည်။

သက်သာမည့် ထင်သည့် လမ်းခွဲကို ရွေးခဲ့သော်လည်း ဘယ်လှမ်းရမှာလား၊ ညာလှမ်းရမှာလား မသိနိုင်တော့သည့် ကိုးလို့ကန့်လန့် အခြေအနေမျိုးတွင် “မရဘူး။ သွား ဆက်သွား” ဟု နောက်က ကြိမ်းမောင်းနေသော သူတို့အဖေကိုလည်း “ဟုတ်ကဲ့ ဟုတ်ကဲ့” ဟု ပြန်ဖြေရင်း၊ တစ်လှမ်းချင်း တိုးခဲ့ရသည်။ ပြန်စဉ်းစားလျှင်ပင် ထိုအချိန်ကကဲ့သို့ လက်ဖျားများ အေးစက် ထုံကျဉ်မိသည်။ ကျွန်မကို လမ်းပေးရင်း စောင့်နေကြသူများ၏ You can do it! You are brave. ဆိုသည့် အားပေးစကားများကိုလည်း Thank you အခါခါ တုန်တုန်ရင်ရင် ဆိုခဲ့ရသည်။ trail tracking မှာ ကျွန်မလို အဆင့်အတန်းတူများကို ကျွန်မ၏ ပုံမကျ ပန်းမကျ လက်ဘက်ထောက်၊ ထိုင် ဒရွတ်ဆွဲ လျောချ နည်းများဖြင့် ရှေ့ဆောင်နည်းပြ လုပ်ခဲ့ရသေးသည်။ သားကြီးကလည်း “PDF တွေဆို တောထဲမှာ လျှောက်နေရတာ” ဟု အားပေးသေးသည်။ စုစုပေါင်း (၇)မိုင်နီးပါး လျှောက်ခဲ့ရသည်။ ခြေထိပ်များ အထိမခံနိုင်အောင် နာ နေချေပြီ။ ဖိနပ်ကောင်းကောင်း၊ လက်အိတ်၊ ဒူးစွတ်၊ တောင်ဝှေး စသည်တို့ သေချာပြင်ဆင်လာသင့်ကြောင်း သင်ခန်းစာ ရသည်။

နေ့လည်စာ စားကြသည်။ ပြီးနောက် Canyonlands National Park သို့ ဆက်လည်ကြသည်။ စိတ်ဝင်စားစရာနေရာများ ကျွန်မ ဆင်းမကြည့်နိုင်တော့ပါ။ ကားပေါ်မှာသာ စောင့်ရင်းကျန်ခဲ့ရသည်။ သူတို့ အဖေက အလုပ်ပေးသွားသေးသည်။ “မေတ္တာသုတ် ရွတ်နေ” တဲ့။ ပါးစပ်ပါ မလှုပ်နိုင်တော့သော ကျွန်မသည် မင်းကွန်းဆရာတော်ကြီး၏ ပရိတ်ကြီး ၁၁ သုတ်ကို ဖွင့်ထားရင်း အိပ်ပျော်မသွားအောင် သတိထားနေရခြင်းသည်ပင် ပင်ပန်းလွန်းလှလေသည်။

ဟော်တယ်ပြန် ရေမိုးချိုးကြသည်။ သားကြီးက လုပ်လာပြန်သည်။ Arches National Park ထဲမှာ ညဘက် stargazing ကြယ်ကြည့်ချင်ပြန်သေးသတဲ့။ ည ၈နာရီခွဲ ကျော်လာသည်ထိ နေမဝင်သေး။ အချိန်ရှိတုန်း Park ထဲ ပြန်သွားရင် သွားလေဟု အမေက ပြောလာလျှင် ညဘက် အစီအစဉ် ပျက်နိုင်သဖြင့် ညစာကို အေးအေးဆေးဆေး စားရန် သားကြီးက ပြောလာသည်။ သူလုပ်ချင်ရ လုပ်ရဖို့အရေး မအေကို ကျုံးသွင်းနေသည့် Gen Z ၏ အကွက်များကို ထုံးစံအတိုင်း အောင့်သက်သက်နှင့် ငြိမ်နေရသည်။

stargazing လုပ်ရန် ကျွန်မတို့ ရွေးချယ်လိုက်သည့် Balanced Rock နေရာတွင် Three generations အဖိုးအဖေသား မျိုးဆက် ၃ ခု ဖြစ်နိုင်သည့် မိသားစု တစ်စုလည်း မလှမ်းမကမ်းမှာ ရှိနေသည်။ သူတို့သည် စနစ်တကျ ပြင်ဆင်လာကြသူများဖြစ်သည်။ အတောက်ပဆုံး သောကြာဂြိုလ် Venus ကို အယင်ဆုံးတွေ့ရသည်။ ဟိုအဖွဲ့မှ အဖိုးနှင့် သားဖြစ်သူမှာ tablet မှ Application တွင် ခေါင်းဆိုင်နေစဉ် မူလတန်း အရွယ်လောက်ရှိမည့် မြေးကလေးက ကောင်းကင်ကို ကြည့်ပြီး Gen alpha ပီပီ Pluto ကိုပင်သူမြင်ရကြောင်း ရွှီးတုတ်လေသည်။

လေတွေက ပြင်းလှသည်။ ဘာမဆို ကြောက်ဖို့သာ အသင့်ပြင်နေသော Gen L ကျွန်မသည် မှောင်နေတာကိုလည်း ကြောက်သည်၊ လေထန်နေတာကိုလည်း ကြောက်သည်၊ ပတ်ဝန်းကျင်စိမ်းနေတာကိုလည်း ကြောက်သည်။ သူတို့အဖေကတော့ ဒီနေရာတွေမှာ မေတ္တာသုတ် ရွတ်ဖူးမှာ မဟုတ်ဘူး ဟုဆိုကာသာ ရွတ်နေလေတော့သည်။ တဖြေးဖြေးနှင့် ကောင်းကင်မှာ ကြယ်ကလေးတွေ ဆုံလာကာ ကျွန်မတို့ကို ထွေးပွေ့ထားသလို ခံစားလာရတော့ အကြောက်နည်းနည်း ပြေချင်သည်။ ထိုကြယ်လေးတိုင်း၏ အမည်ကို ကျွန်မတို့ မသိနိုင်ပါ။ ဟိုးတစ်နေရာက ကျွန်မတို့ကို အကြောက်တရားမှ ကင်းဝေးနိုင်စေရန် လောင်ကျွမ်း လင်းလက်သွားသော ကြယ်လေးများကို မေတ္တာပို့ရင်း တိတ်ဆိတ်စွာ ပြန်ခဲ့ပါသည်။


photo credit to original uploader

Saturday, July 11, 2020

ကော်လိုရာဒိုကို လာပါ့ တကယ်ပျော်တယ်နော့

“ကချင်ပြည်ကို လာပါ့ တကယ်ပျော်တယ်နော့” ဆိုတဲ့ တေးသွားလေးက ဆိုလို့ ကလို့ ကောင်းလို့ လူတိုင်းလိုသိကြပါတယ်။ ကချင်ပြည်ကိုတော့ ကျွန်မ မရောက်ဖူးသေးပါဘူး။
ကျွန်မတို့ မန္တလေးက ဘေးအိမ်မှာ “ကိုလာလာ” ဆိုတဲ့ ကာရာအိုကေဆိုင်ရှိပါတယ်။ ကာရာအိုကေ မယ်လေးတွေက “ကိုလာလာ ကို လာပါ့ တကယ်ပျော်တယ်နော့” လို့ သူတို့ဆိုင် (အရက်) အရောင်းမြှင့်တင်ရေးအတွက် ဆိုလေ့ရှိတာကို အမြဲလို ကြားနေရပါတယ်။ ဆိုင်က ကလေးက ကျွန်မတို့ အိမ်မှာ ဖွင့်ထားတဲ့ မူကြိုမှာ တက်ပါတယ်။ မူကြိုမှာ ကလေးက “ကိုလာလာ ကို လာပါ့ တကယ်ပျော်တယ်နော့” တေးသွားလေး တညည်းညည်းနဲ့ ပေါ့။ ကျောင်းဆင်းလို့ အိမ်ပြန်ချိန် နှုတ်ဆက်ပြီ ဆိုရင် “ဆရာမ မီးမီးတို့ဆိုင်ကို လာလည်နော်” လို့ တတွတ်တွတ် မှာရှာပါတယ်။ လာကြိုသူ အဖေက “ဟာ ဆရာမ လာလို့မရဘူး မီးမီးရဲ့” လို့ သာ ပြောနိုင်ပြီး၊ ဖေဖေရော ဆရာမများပါ ဘာမှ ဆက်မပြောတတ်ကြတော့ပါဘူး။
ပြောချင်တာက ကော်လိုရာဒိုမှာ သဘာဝတောတောင် ရှုခင်းတွေက ကျွန်မကို ဖမ်းစားတိုင်း "ကော်လိုရာဒိုကို လာပါ့ တကယ်ပျော်တယ်နော့” လို့ ရင်ထဲက ဆိုညည်းမိတာပါ။ ကော်လိုရာဒိုကို ရောက်ကာစက တောင်ကြီးတွေက ရာသီဥတု အခြေအနေကို လိုက်ပြီး အရောင် ပြောင်းတတ်ကြောင်း စာတစ်ပုဒ် ရေးခဲ့ဖူးတာက လွဲပြီး၊ မှတ်တမ်းတွေ ဆက်မရေးဖြစ်တော့ပါဘူး။
မဟာသမယသုတ်တော် မှာ အဓိက ဇာတ်ကောင်များဖြစ်တဲ့ သာကီဝင် မင်းသား ၅၀၀ ဟာ သာသနာ့ဘောင်ကို ဝင်လာကာစမှာ မပျော်ပိုက်ပဲ အိမ်ကိုချည်း စိတ်ရောက်နေလို့၊ မြတ်စွာဘုရားက ဟိမဝန္တာတောင်ကို ခေါ်သွားပြီး ဦးစွာစိတ်နှလုံးတွေကို အေးငြိမ်းစေတယ် လို့ မှတ်သားဖူးပါတယ်။ တည်ငြိမ်တဲ့ စိတ်နှလုံးနဲ့မှ မြတ်စွာဘုရားဟောတဲ့ တရားကို နှလုံးသွင်း၊ ဆက်လက် ကျင့်ကြံအားထုတ်နိုင်မှာမို့ပါ။ လူအများပြောစမှတ်တွင်ရတဲ့ “ဟိမဝန္တာ ချီးမွမ်းခန်း” ဆိုတဲ့ စကားစုလေးလို၊ တောတောင်ရေမြေ သဘာဝ အလှတရားတွေက ဘယ်ပန်းချီရေးလို့ မမီ၊ ညွှန်းစာဖွဲ့လို့ မမီ မဟုတ်ပါလား။
အတွင်းအဇ္ဈတ္တက အပြင်ဗဟိတ္တကို ရင်ဆိုင် တုန့်ပြန်ရာမှာ ရှိခဲ့ဖူးတဲ့ အတွေ့အကြုံတွေအလိုက် တုန့်ပြန်လေ့ရှိကြတယ်တဲ့။ ကျွန်မမှာတော့ အတိတ်ဘဝက အလေ့အထုံတွေကို ခဏထားဦး၊ ငယ်ဘဝရယ်၊ Landscape ကုမ္ပဏီမှာ ပုံဆွဲလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံရယ်၊ Soil Investigation ကုမ္ပဏီမှာ Geologist တွေရဲ့ Report data တွေကို စီကာစဉ်ကာ ပြင်ဆင်ပေးခဲ့ရတဲ့ အတွေ့အကြုံတွေရယ်နဲ့ ကော်လိုရာဒိုကို ရင်ဆိုင်နေမိတာပါပဲ။
ကျွန်မတို့ ငယ်ငယ် မိဘအိမ်က ကုန်သည်ပွဲစား အလုပ်အကိုင်ကြောင့် မိသားစုဝင်တွေအပြင် အလုပ်သမားတွေ၊ အိမ်အကူတွေနဲ့ လူများပါတယ်။ လူအများနဲ့ ဆက်ဆံရေးမှာ ကျွန်မက ဂုဏ်မောက်တယ်လို့ ကွယ်ရာမှာ တီးတိုးစကား ဆိုလေ့ရှိကြတယ်။ တစ်ခါတော့ အလုပ်သမားတစ်ယောက်ကို “အဆင့်အတန်းဆိုတာ ရှိတယ်ဟေ့” လို့ ပြောလိုက်ချိန်မှာ အပြောခံရသူရော၊ ဘေးက ကြားလိုက်တဲ့ အိမ်အကူအပေါင်းပါ မျက်စိမျက်နှာ ပျက်ကြတဲ့ မြင်ကွင်းကို မှတ်မိနေပါတယ်။ “တရားကို သိမြင်ရာမှာ သောတပန်၊ သကဒါဂမ်၊ အနာဂမ်၊ ရဟန္တာ ရယ်လို့ အဆင့်တွေ ရှိတယ်၊ အဲ့သည့် အဆင့်အတန်းကို ပြောတာ” လို့ ဆက်ပြောလိုက်မှ ဟင်းချသွားတဲ့ သူတို့ မျက်နှာ အမူအယာတွေကိုပါ မှတ်မှတ်ထင်ထင်ရှိနေခဲ့တယ်။ အလွှာ အလွှာ အထပ် အထပ် ဖြစ်နေတဲ့ ကျောက်လွှာ အပြတ်ပြတ်နဲ့ တောင်ကျောတွေကို မြင်ရတိုင်း၊ အဲ့ဒီ အဆင့်အတန်း အဖြစ်အပျက်လေးကို သတိယမိစေတယ်။
သဘာဝအတိုင်းဖြစ်နေတဲ့ Landscape တွေကို လူတွေက အတုယူပြီး ကိုယ်လိုချင်တဲ့ နေရာမှာ လိုသလို ဖန်တီးယူကြတာပါ။ သဘာဝတရားက ဆရာကြီးပါ။ ဆရာကြီးဆီက မသင်ယူပဲနဲ့ ပန်းခြံထဲက မြက်ခင်းစိမ်းပေါ်မှာ ထိုင်ဖူးဖို့ဆိုတာ ဟိုးအဝေးကြီးမှ အဝေးကြီးရယ်။
စင်္ကာပူက သူဌေးတွေနေတဲ့ Bukit Timah ရပ်ကွက်က မြေကို drill hole တူးပြီး မြေစမ်းရင်၊ အခြားနေရာတွေနဲ့မတူ။ စင်္ကာပူ တစ်ကျွန်းလုံးမှာ သက်တမ်းအရင့်ဆုံး အကောင်းစား ကျောက်သားမြေ ဂရိုင်းနိုက် Granite တွေချည်းသာ တွေ့ဖန်များတော့၊ ကြားဖူးတဲ့ ဒဏ္ဍာရီထဲက သူဌေးကြီးတွေရဲ့ မြေပေါ် မြေအောက် ပိုင်ဆိုင်မှုတွေ အကြောင်းနဲ့ ဆက်စပ်တွေးပြီး၊ သူဌေးတွေမို့ Granite ပေါ်နေကြတာလား၊ သူဌေးတွေနေဖို့ Granite တွေ ဖြစ်နေတာလား။ မြေဆီတွေခမ်း၊ အဖိုးတန် သယံဇာတတွေ မြေအောက်နစ်သထက်နစ်ဝင် ဆိုတဲ့ သက်မဲ့ ကမ္ဘာလောကကြီးရဲ့ သက်ရှိ သတ္တဝါတွေနဲ့ စိတ်ဝင်စားစရာ ဆက်စပ်နေမှုတွေ။ ကိုယ့်ဉာဏ်မမီသမျှ ဓာတ်ကြီးလေးပါးမှာ အတွေးရပ်၊ တရစပ် ပြောင်းလဲနေတာမှာ သတိကပ်လိုက်တဲ့ အခိုက်အတန့်တွေ။
တရားစကားတွေ ပြောလှချည့်လားလို့ အထင်တော့မကြီးလိုက်ပါနဲ့ဦး။ လူဆိုတာ သူ့စိတ်ဝင်စားမှုနဲ့သူ၊ သူ့သဘာဝနဲ့သူ ရယ်ပါနော်။
“တိရစ္ဆာန်တွေကို ရွေ့လျားလို့ရတဲ့ သစ်ပင်တွေ...”လို့ ကျွန်မ အမျိုးသားက ဆိုရင်၊ “တောင်တွေကတော့ ရွေ့လျားလို့ မရတဲ့ မျက်နှာတွေလား” လို့ မေးချင်မိတယ်။ ကံကြောင့် ကျွန်မတို့တွေရဲ့ ရုပ်သွင်တွေ ကွဲပြားကြသလို၊ ရွှေထွက်တဲ့ တောင်က ရွှေဝါရောင် အဆင်းရှိပြီး၊ ကြေးနီတောင်က တကယ်ကို အနီရောင်ကြီးရှင့်။ ကျွန်မတို့တတွေ စိတ်ကောင်းဝင်နေချိန်ဆို မျက်နှာလေးတွေက ဝင်းပနေတတ်သလို၊ ရာသီဥတု သာယာနေချိန် နေရောင်ကလည်း ထောင့် မှန်မှန်ကန်ကန်ကများ ပေးလိုက်ပြီဆိုရင် မျက်ခွံလေးပေါ်မှာ Eye shadow လေးနဲ့ ပါးမို့လေးမှာ ပါးနီလေး ဖျော့ဖျော့တင်လို့ နှုတ်ခမ်းသွေး ပြေပြေဆိုးထားတဲ့ တောင်တွေကို မြင်နိုင်ပါတယ်လေ။
(ကော်လိုရာဒိုမှ လှတာမဟုတ်ပါနော်။ ဟိုးကချင်ပြည်က စ လို့၊ 'က' မှ 'အ' ထိ အလှကိုယ်စီရှိပါသည်။
လာလည်မယ်ဆိုတဲ့ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းတွေအတွက် အားထည့်၍ ရေးသည်။)


Thursday, June 1, 2017

The Land of 10,000 Lakes သို့ အလည်တခေါက်

စင်္ကာပူမှာနေစဉ်ကတည်းက ကိုဧရာက ဒီကို အလုပ်ကိစ္စနဲ့ လာရလေ့ရှိပါတယ်။ အဲ့ဒီအခါတွေ ကတည်းက ဒီမှာရောက်နေတဲ့ သူငယ်ချင်းက အလည်လိုက်လာဖို့ ခေါ်လေ့ရှိပါတယ်။ အကြောင်းမညီညွတ်လို့ မရောက်ဖြစ်ခဲ့ဘူး။ ဒီနိုင်ငံကို ပြောင်းလာရတော့ transit ဝင်ရတဲ့ လေဆိပ်မို့၊ သည်နိုင်ငံရဲ့မြေမှာ ပထမဦးဆုံးခြေချရတဲ့ အမှတ်တရမြို့ဖြစ်ခဲ့ပါတယ်။ Minneapolis and Saint Paul မြို့ကြီးနှစ်မြို့ ဆက်နေသမို့ Twin Cities လို့ ခေါ်တဲ့ Minnesota ပြည်နယ်ရဲ့ မြို့တော်ကို ရယ်ပါ။

လေဆိပ် Taxi stand မှာ အဖြူရောင်အငှားယာဉ်တွေ ညီညီညာညာ ရပ်ထားပုံက ကြည့်လို့ပင် ကောင်းသေးရဲ့။ ကိုယ့်အလှည့်ကျတဲ့ ဂိတ်နံပါတ်က ကားဆီသွား…တည်းခိုမည့် ဟော်တယ် နာမည်နဲ့ လိပ်စာ ရေးထားတဲ့ စာရွက်ပိုင်းလေးကို ဒရိုင်ဘာကို ပေးလိုက်တော့ (ကိုယ့် English အသံထွက်ကိုယ်မယုံကြည်လို့၊ ကြိုတင်ပြင်ဆင်ထားရတာပါ။) သူက ဟော်တယ်နာမည်ကို ကားရဲ့ GPS စက်မှာရိုက်ထည့်ပေမည့် လမ်းညွှန်က ထွက်မလာဘူး။ သူ စက်မှာ ဟိုစမ်းဒီစမ်းလုပ်နေချိန်၊ ကိုယ့်စိတ်ထဲ ဝင်လာတဲ့ အတွေးက “မအူမလည် သားအမိမို့ လူလည်ကျပြီး အဝေးကြီး လှည့်ပတ်ခေါ်သွားပြီးမှ ပိုက်ဆံပိုတောင်းတော့မလား” ရယ်ပါ။ လိပ်စာနဲ့ ဟော်တယ်နားက ထင်ရှားတဲ့ Mall of America ဆိုတဲ့ နာမည်ကို အသံမာမာနဲ့ ပြောလိုက်မိပါတယ်။ ခဏအကြာမှာပဲ လိုရာခရီးကို ရောက်ပါတယ်။ ကားဆရာက ဟော်တယ်နာမည်ကို မော့ကြည့်ရင်း နှုတ်က “ အော် ….” ဆိုပြီး၊ ရေရွတ်လိုက်မှ…. ကိုယ်ရေးပေးလိုက်တဲ့ စာရွတ်မှာ ရှေ့ဆုံးက အက္ခရာ နှစ်လုံး မပါတာ သတိထားမိပါတယ်။ သူတပါးစိတ်ကို တပ်အပ်သိနိုင်တဲ့ ပါဝါမရှိပါပဲ၊ ဆိုမာလီလူမျိုး ကားဆရာလေးရဲ့ ညိုမှိုင်းမှိုင်း ဟန်ပန်အသွင် အပြင်ပန်းကိုကြည့်ပြီး၊ ကိုယ့်အမှားကို သူ့အမှား ထင်၊ စိတ်ထဲက စွပ်စွဲမိတဲ့ အဖြစ်ကို နောင်တရမိပါတယ်။

ကိုဧရာအလုပ်ကနေ ပြန်လာတော့ ညနေစာစားဖို့ အချိန်စောသေးလို့ Mall of America အထဲမှာပဲရှိတဲ့ Sea Life Minnesota Aquarium ကို ဝင်ကြည့်ကြပါတယ်။ ညနေစာကို Forest Gump ရုပ်ရှင်ထဲက Theme ကို ယူပြီး ဖွင့်ထားတဲ့ Bubba Gump Shrimp Co. ဆိုင်မှာ စားကြတယ်။
မိမိကိုးကွယ်ရာ ဘာသာတရားရဲ့ မြတ်စွာဘုရားနှင့် သံဃာတော်များ သီတင်းသုံးနေထိုင်ရာ ကျောင်းများကို ဒီနိုင်ငံရောက်ပြီးမှစ ၉ လကြာသိတိုင် မရောက်ဖြစ်ခဲ့ရာက၊ သူငယ်ချင်း ဇနီးမောင်နှံက လိုက်ပို့ပေးလို့ Chisago မြို့ရှိ သီတဂူဓမ္မဝိဟာရကို ရောက်ခဲ့ရပါတယ်။ လက်ရှိသံဃာတော်များ သီတင်းသုံးနေရာ ကျောင်းဆောင်မှာ ဘုရားဆင်းတုတော်ကို တဝကြီး ဦးချ၊ သီတင်းသုံး သံဃာ သုံးပါးကို တပါးစီ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ရည်မှန်းပြီး ဦးသုံးကြိမ်စီချပါတယ်။ ဆောက်လက်စ သံဃာဆောင်မှာ အပြီးသတ်လုပြီဖြစ်ပြီး၊ ရှေ့လုပ်ငန်းစဉ်များ အဖြစ် စေတီ သိမ်ကျောင်း၊ ကားပက်ကင်နေရာ၊ သစ်ပင်ပန်းမာလ် ဥယျာဉ်တည်ဆောက်ရေးလုပ်ငန်းများ ကျန်ရှိနေသေးကြောင်း ကြည်နူးစွာ သာဓုခေါ်ရင်း သိခဲ့ရပါတယ်။
ဘုန်းကြီးကျောင်းက အပြန်မှာ ရှေးဦးမစွက နေခဲ့ကြတဲ့ ဌာနေတိုင်းရင်းသားတို့ရဲ့ ဘာသာစကား နာမည်ဆန်းဆန်းနဲ့Minnehaha Fall ရေတံခွန် ရှိရာ ပန်းခြံမှာ လမ်းလျှောက်ကြပါတယ်။ (မီနီဟားဟား ဆိုတာ ဟားတိုက်နေတဲ့ ရေတွေလို့ အဓိပ္ပါယ်ရပါတယ်)။ ရေတံခွန်က ရေတွေ အားပါးတရ ခုန်ပေါက်ကျနေပုံကို သဘောကျမိတော့ သူငယ်ချင်းက Spring မို့ ဒီလို ရေကျတာ၊ Fall တုန်းက ရေစီးက နှေးနှေးလေး၊ Winter ဆို ရေတွေက ခဲသွားရော…တဲ့။ ငယ်စဉ်က စာထဲသင်ခဲ့ရတဲ့အတိုင်း နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဟူသော ရာသီဥတုလေးမျိုးနှင့် အကျွမ်းဝင်ဖို့ရန် အသစ်အသစ်များကို လက်မခံလိုတော့သော မှတ်ဉာဏ်ထဲ တွန်းတွန်းထိုးထိုး ထည့်လိုက်ရပြန်ပါတယ်။ နာမည်သာကျန်ခဲ့ပြီး လူမျိုး ပျောက်ရတဲ့ အဖြစ်သနစ်ထဲက “ကိုလံဘတ်တို့ ရောဂါတွေ သယ်လာကြလို့လေ၊ သူတို့ကတော့ ရောဂါပိုးတွေနဲ့ ယဉ်ပါးနေပြီး ဌာနေတိုင်းရင်းသားတွေကတော့ ပါလာတဲ့ ရောဂါပိုးတွေကြောင့် သေကြေပျက်ဆီးကြရတယ်” လို့ အကြောင်းအချက်တခုကို ကိုဧရာက ပြောပြပါတယ်။ သွားရင်းလာရင်း ကားလမ်းဘေးမှာ ကောင်းကင်ဓာတ်ကြိုးနဲ့ သွားတဲ့ METRO လို့ ခေါ်တဲ့ ရထားကိုတွေ့တော့ ဒီရထားလမ်းပိုင်း အသစ်က ၂၀၀၂ခုနှစ်က မြို့တော်ဝန် Jesse Ventura ပြည်သူတွေဆီက အခွန်ကောက်ပြီး ဆောက်လုပ်ခဲ့တာ ဖြစ်ကြောင်း၊ ခရီးသွားလာရေးမှာ ကိုယ်ပိုင်ကားကိုသာ အသုံးများတာမို့ ဆောက်လုပ်စဉ်က အသုံးမဝင်သည့်နေရာ ပိုက်ဆံပုံအောသုံးတယ်ဆိုပြီး ပြည်သူများက မြို့တော်ဝန်ကို ငြိုငြင်ခဲ့ကြသေးကြောင်း သူငယ်ချင်းက ရှင်းပြပါတယ်။
နောက်တနေ့မှာတော့ METRO ရထား BLUE Line ကို မိသားစု စီးကြည့်ပါတယ်။ ရထား၊ ကား တနေကုန် ကြိုက်သလောက်စီး လက်မှတ်ကို $3.50 နဲ့ ဝယ်ပါတယ်။ လက်မှတ်စစ်ဂိတ်ကိုလည်း မဖြတ်ရသလို၊ လက်မှတ်စစ်တဲ့လူကို မျှော်ပေမည့်လည်း ပေါ်မလာပါဘူး။ ပလက်ဖောင်းမှာ ရပ်ထားတဲ့ ရထားတွဲနားရောက်တော့၊ တံခါးကြီးက ခပ်တည်တည်ပိတ်နေလို့၊ ဆယ်မိနစ်တစီးကျထွက်တဲ့ နောက်တစီးကို စောင့်စီးရတော့မယ် ထင်မိပါတယ်။ တအောင့်နေတော့ ရထားကလည်း မထွက်သေးပါဘူးဆိုပြီး တံခါးမှာ ခလုတ်လို့ ထင်ရတဲ့ LED မီးလုံးလေးတွေ လင်းနေတဲ့ အဝိုင်းလေးကို နှိပ်လိုက်တော့မှ ရွှေတံခါးကြီး ပွင့်သွားပါတယ်။ အဲ့ဒီတော့မှ “ဟုတ်တယ်… ဟုတ်တယ်… ဥရောပက ရထားတွေဆိုလည်း ခလုတ်နှိပ်မှ တံခါးပွင့်တာ… အရမ်းအေးတဲ့ ဒေသတွေဆိုတော့ တံခါးက အမြဲ ပိတ်ထားတယ်” လို့ ကိုဧရာက ဆိုပါတယ်။ အော်…သူ့အရပ်နဲ့ သူ့ဇာတ် အခြေအနေကြည့် က တတ်ရပါတယ်။

ရထားတွဲတွေမှာ Siemens တံဆိပ်ကိုတွေ့ရတယ်။ ‘ရ’ ရထားကြီး ပျော်ပျော်စီးပြီး ဘယ်ကို သွားကြမလဲ။ သမိုင်းအချက်အလက်တွေကို စိတ်ဝင်စားတဲ့ သူတို့သားအဖက Fort Snelling ဆိုတဲ့ Historic Site ကို ရွေးလိုက်ကြပါတယ်။ ကိုယ်တိုင်ကတော့ ဘယ်ကို သွားချင်တယ်၊ ဘာလုပ်ချင်တယ် ဆိုတာမျိုးထက် ရောက်တဲ့အရပ်မှာ ပျော်အောင် ကျင့်နေတတ်ခဲ့ပါပြီ။ ရထားပေါ်မှာလည်း စီးသူ ဖြိုးတိုးဖြောက်တောက်ပါပဲ။ Mall of America ဘူတာကနေ စစီးလာရာ လေဆိပ်ဘူတာမှာပဲ အတက်အဆင်း အနည်းငယ်များပါတယ်။ Fort Snelling ဘူတာရောက်တော့ ဆင်းလိုက်ကြတယ်။ ဘတ်စ်ကား စီးရဦးမယ်တဲ့။ မှတ်တိုင်မှာ ရေးထားတဲ့ အချိန်ဇယားအတိုင်းရောက်လာတဲ့ ဘတ်စ်ကားမှာတော့ ဒရိုင်ဘာထိုင်ခုံဘေးမှာ လက်မှတ်စစ်ပုံးလေးပါတယ်။

Memorial Day ပိတ်ရက်ရှည်ကာလမို့ ကလေးတွေကို အပန်းဖြေ ဗဟုသုတလေ့လာရေးခရီးအဖြစ် မိဘတွေက လိုက်ပို့ကြလို့ လူအတော်လေး စည်ကားနေပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ နီးပါးက ခံတပ်ကို ထိန်းသိမ်းပြုပြင်ထားမှုတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ အခန်းတခန်းမှာ စစ်သားတွေက စစ်တိုက်သွားကြတဲ့အခါ ခံတပ်မှာကျန်ခဲ့တဲ့ မိန်းမတွေက လက်နက်တွေ လုပ်ရတဲ့အကြောင်း၊ ရှေးတုန်းက သုံးခဲ့တဲ့ ပန်းပဲဖိုနဲ့ သံချောင်းတွေ ထုရိုက် သရုပ်ပြနေပါတယ်။ နောက်တခန်း ဝင်ကြည့်လိုက်တော့ ကောင်မလေးတယောက်က ဒါက ပေါင်မုန့်ဖုတ်တဲ့အခန်း၊ မီးမမွှေးရသေးဘူး… ခဏနေ ငါက စစ်သား သွားလုပ်ရဦးမှာ… လို့ ရှင်းပြပါတယ်။ အလယ်က ကွင်းပြင်ကျယ်ကြီးမှာ စစ်ရေးပြတော့ ပေါင်မုန့်ဖုတ်တဲ့ စစ်သား ဝတုတ်မလေး ပါလာပါတယ်။ သေနတ်တွေ ပစ်ပြ၊ အမြှောက်တွေ ဖောက်ပြဆိုတော့ ကလေးတွေ သဘောကျကြပါတယ်။ Archaeology ပြခန်းမှာ အခု ပြသထားတဲ့ ပစ္စည်းတွေကို တချိန်က ဘယ်နေရာမှာ ဘယ်လို အသုံးပြုခဲ့ကြပေလိမ့်မယ်ဆိုတာကို နောက်ကြောင်းပြန် ပြောပြပုံမျိုးနဲ့ စိတ်ဝင်စားအောင် ရိုက်ပြထားတဲ့ ဇာတ်လမ်းတိုလေးရဲ့ အဆုံးသတ်ပုံလေးက “သင်တို့ အခု စွန့်ပစ်လိုက်တဲ့၊ ဒါမှမဟုတ် ပျောက်ရှသွားတဲ့ ပစ္စည်းတွေကို နောင်နှစ်ပေါင်းတစ်ရာလောက်ကျရင် ဒီလိုပဲ လေ့လာကြဦးမှာပါ” တဲ့ ဘယ်လောက်များ သံဝေဂ ရစရာကောင်းလိုက်ပါလဲ။

အပြန်မှာ စီးရမည့် ဘတ်စ်ကားကြီးက ရှေ့တင် ဂိတ်ထိုးလို့။ စီးမည့်သူကလည်း ကိုယ်တို့ မိသားစု သုံးယောက်တည်း။ ကားဒရိုင်ဘာကြီးက ဆယ်မိနစ်နေမှ ထွက်ပါမယ် ပြောပြီး သူ့နေ့လယ်စာ ပေါင်မုန့်နဲ့ ကျူနာငါးစည်သွတ်ဘူးကို ကားထဲမှာတင် စားနေလေရဲ့။ ကိုယ်တို့လည်း ကားအပြင်ထွက်စောင့်နေလိုက်တယ်။ နေ့လည်စာ စားပြီး၊ ကားဆရာကြီးလည်း မြေပဲလို အစေ့အဆံထုတ်လေးကို ပါးစပ်နဲ့ကိုက်ဖြတ်ဖောက်ပြီး ကိုယ့်လက်ထဲ လောင်းထည့်ပေးမလိုလုပ်လို့ “စားပါ..စားပါ…” လို့ပြောလိုက်ရတယ်။ ဘေးက စီးမိုးမြင်နေရတဲ့ Mississippi မြစ်ထဲ ဆန်တက်လာနေတဲ့ “ဟော ဟိုမှာ ကနူး ကနူး… ဟော ဟိုမှာ စပိဘုတ်” နဲ့ ပြပါတယ်။ မီးခိုပြာမျက်လုံး မုတ်ဆိပ်ကျင်စွယ် ဖြူစွတ်စွတ်တွေနဲ့ အဖိုးကြီးကို “မင်းရော ကနူးစီးလေ့ရှိလား …” မေးတော့၊ “ဟာ…စီးတာပေါ့… မြောက်ပိုင်းကို တက်သွားပြီး၊ အဲ့ဒီမှာ ငါ့သမီးရှိတယ်..သူမှာ ဘုတ်တွေရှိတယ်” ဆိုပြီး ပြောပြပါတယ်။ လုံးစေ့ပတ်စေ့တော့ နားမလည်ပါဘူး။ ကိုယ့်မျက်လုံးတွေကတော့ သူပြောနေတာကို စိတ်ဝင်စားကြောင်းပြရတာပေါ့။
နောက်တနေရာ Minneapolis Institute of Arts ကို ရထားတတန်၊ ဘတ်စ်ကားတတန်စီးပြီး သွားကြပြန်တယ်။ အရှေ့တောင်အာရှ၊ အာရှ၊ အာဖရိက၊ ဥရောပ၊ အမေရိက စတဲ့ ကမ္ဘာအနှံအပြားက ကျောက်ဆစ်၊ ပန်းချီ၊ ပန်းပု အနုလက်ရာတွေကို အခန်းခန်း အကန့်ကန့်ခွဲပြီး စနစ်တကျ ပြသထားပါတယ်။ မြန်မာပြည်က ယွန်းထည်တွေနဲ့ မကျည်းသီးကမ္မဝါစာတွေကို ပြထားတာတွေ့ရသလို၊ မြန်မာ့လက်ရာ ဘုရားဆင်းတုတော်ကိုလည်း ဖူးမြော်ခဲ့ရပါတယ်။ တခေတ်တခါက လူတွေဟာ သူတို့ စွမ်းနိုင်သလောက် လူ့အဖြစ်ကို ပြသသွားမှုတွေကို ဂုဏ်ယူကြည်နူးခံစားခွင့် ဘဝမှာ တခါတရံလိုအပ်ပါတယ်။ သူတို့ကို အားကျရင်း၊ ကိုယ်တိုင်လည်း လူသားအဖြစ် ဘယ်လောက် အစွမ်းပြနိုင်မလဲ ဖျစ်ညှစ်ထုတ်ကြည့်ချင်စိတ် ပေါ်လာစေပါတယ်။
နောက်တနေ့မှာတော့ ပြန်ရမည့်နေ့ ဖြစ်ပါတယ်။ မပြန်ခင် အချိန်ရသလောက် ရထား အစအဆုံးလျှောက်စီးကြည့်ချင်ပါသေးသတဲ့။ GREEN Line ကို အဆုံးထိစီးဖို့ လိုက်သွားရင်း State Capitol ဘူတာရောက်တော့ ဆင်းလိုက်ပါတယ်။ Minnesota ပြည်နယ်ရဲ့ မြို့တော်ရုံးရှိရာ ပန်းခြံကြီးထဲ ခဏလမ်းလျှောက်တော့ အခြားပြည်နယ်တွေက လာရောက်လေ့လာ လည်ပတ်သူတွေ တွေ့ခဲ့ရပါတယ်။
ရထားအစီးကောင်းနေတာနဲ့ လေယာဉ်ချိန်မှီအောင် အပြေးတပိုင်းသွားခဲ့ရတာလည်း အမှတ်တရပါ။ လေယာဉ်က ခပ်နိမ့်နိမ့်သာ ပျံသန်းတာမို့ စိမ်းစိုသာယာလှပတဲ့ မြစ်ချောင်းအင်းအိုင်တွေကို အပေါ်စီးကနေ မြင်ခွင့်ရခဲ့ပါတယ်။ ကောင်းကင်ပြာမှာ အဖြူရောင် တိမ်အဆုပ်အဆုပ်တွေကလည်း ကိုယ့်နိုင်ငံက တိမ်တွေ အတိုင်း ဟိုတစု ဒီတစု ကြည်စင်လို့ပါပဲ။
Colorado ကို ရောက်တော့ နှင်းပျောက်ကြားဝတ်စုံကို ဝတ်ရုံထားတဲ့ တောင်တန်းကြီးတွေက မြူခိုးမှောင်မှောင်နောက်မှာ စူးရဲရဲ နေလုံးနီကြီးကို ထမ်းပိုးလို့…။
ဘဝဆိုတာ ဒီလိုပါပဲ… သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက တို့ တခုနဲ့တခု အပြန်အလှန်ကျေးဇူးပြုနေကြတဲ့အထဲ ကျင်လည်ရတာပါပဲ။

Friday, January 6, 2017

သူတို့ ရွာမှာ...

အမျိုးသားရဲ့ ကုမ္ပဏီတွင်း အလုပ်နေရာ ပြောင်းရွှေ့မှုကြောင့်၊ August 5, 2016 နေ့ နံနက်ဝေလီဝေလင်းအချိန်မှာ စင်္ကာပူနိုင်ငံကနေ အမေရိကန်နိုင်ငံ၊ Colorado ပြည်နယ် Longmont မြို့လေးကို ထွက်လာခဲ့ပါတယ်။ နေ့သစ်တနေ့ရဲ့ သက်ဝင်လှုပ်ရှားမှုတွေ မစတင်မီ၊ ငြိမ်သက်နေတဲ့ မြို့တော်ကို တိတ်တဆိတ် ခွဲခွာခဲ့ရပါပြီ။ အနှစ် နှစ်ဆယ်အတွင်း အလျဉ်းသင့်သလို ခိုကပ်ခဲ့တဲ့ သံယောဇဉ်တွေက မျက်ဝန်းမှာ မိုးညိုစေခဲ့ပါတယ်။

Colorado ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ Denver မြို့ International လေဆိပ် ကို ညနေ ၆နာရီလောက်ရောက်ပါတယ်။ လေဆိပ်ကနေ Longmont မြို့ကို taxi ငှားလာပါတယ်။ ကျယ်ပြောလှတဲ့ ကောင်းကင်ကြီးမှာ မီးခိုးရောင် တိမ်စင်းကြောင်းတွေကြားက တနေ့တာကို နှုတ်ဆက်တော့မည့် လိမ္မော်ရင့်နေခြည်တန်းတွေအောက်မှာ တမျှော်တခေါ် ဝေးလံလွန်းလှတဲ့ ဝါညိုညို မြင်ကွင်းတွေ မိုးအဆုံး မြေအဆုံး တွေ့ရပါတယ်။
ကိုယ်ကတော့ မျက်လုံးစိမ်းနဲ့ ကြည့်နေပြီ သတိသာထားတော့ အမေရိကားရေ…။ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ဟိုးအနောက်ဘက်ယွန်းယွန်းက လှမ်းမြင်နေရတဲ့ ခပ်ရင့်ရင့် Rocky တောင်တန်းကြီးတွေဆီ ဦးတည်သွားနေတာပါ။ တောင်ခြေမြို့လေးတစ်မြို့ဖြစ်တဲ့ Longmont မြို့ကို ဝင်လာတော့ မှောင်ရီပျိုးနေပါပြီ။ လမ်းဘေးတလျောက်က အိမ်လေးတွေရဲ့ မှိန်ပျပျမီးရောင်ကို ကျိုးတိုးကျဲတဲ မြင်ရချိန်မှာတော့ “ရွာငယ်ဇနပုဒ် မီးလေးတွေ မှိတ်တုတ်” လို့ ရေရွတ်မိပါတော့တယ်။

ကိုယ်က တောင်တန်းတွေနဲ့ နီးစပ်ခဲ့ဖူးသူတယောက် မဟုတ်ပါဘူး။ တောင်တန်းတွေကို မှတ်မှတ်ရရ စလို့ သတိပြုမိတာက ဆယ်ကျော်သက်အရွယ် ကျွဲပွဲမြို့အနီး အဝေးပြေးလမ်းမကြီးပေါ်မှာ စက်ဘီးစီးရင်း၊ လမ်းဘေးတဖက်တချက်က စိမ်းမြမြစပါးပျိုးခင်းတွေကို အနားသတ်ထားတဲ့ ဟိုးခပ်ဝေးဝေးက မှိုင်းညို့ညို့ ပဲခူးရိုးမနဲ့ အရှေ့ရိုးမ တောင်တန်းကြီးတွေကိုပါ။ နောက်နှစ်များကြာပြီး မိသားစုနဲ့ ကုန်းမြင့်ဒေသတွေဆီ အလည်အပတ်သွားတော့ တောင်တန်းတွေကို ပိုပြီး နီးနီးကပ်ကပ် မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဒီအချိန်မှာတော့ တောင်ကုန်းတွေက တောင်ကတုံးတွေ ဖြစ်ပြီး ဝါဖန့်ဖန့် ဖြစ်လို့ နေပါတယ်။ ကိုယ်လာခဲ့တဲ့ အချိန်ရာသီကြောင့်လို့ မျက်နှာလွဲ ခဲပစ်ပြီး ရဲရဲကြီး ကြည့်လိုက်တော့လည်း တောင်တန်းတွေက ရိုးရိုးလေး လှလို့။

ဒီမြို့လေးမှာတော့ အိမ်ထဲကအိမ်ပြင် ထွက်လိုက်ပြီဆိုတာနဲ့ မျက်လုံးထဲ တန်းဝင်လာမှာက တောင်တန်းကြီးတွေ…။ အိမ်အတော်များများမှာဆို ပြူတင်းတံခါးဖွင့်လိုက်ရင်ပဲ တောင်တန်းတွေရဲ့ ပြူးပြူးကြီး စိုက်ကြည့်ခြင်းကိုခံရမှာပါ။ သက်ရင့်ကျောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီတောင်တန်းတွေဟာ ဣန္ဒြေကြီးကြတယ်။ ခက်ထန် ရင့်ရော်တဲ့ အသွင်ကိုလည်း ဆောင်တယ်။ ကိုယ်တို့ဆီက တောင်တန်းတွေကတော့ ပြေပြစ်နူးညံတဲ့ အသွင်ရှိတယ်။ တောင်တန်းဆိုမှတော့ ငြိမ်သက်တဲ့ အသွင်ကတော့ ကိုယ်စီ ရှိကြပါတယ်။

ရောက်တဲ့ အချိန်က စလို့ ကိုယ့်ကို ဘယ်သူကမှ တာဝန်ပေးမထားပဲ စွဲစွဲမြဲမြဲ လုပ်ဖြစ်နေတဲ့ အလုပ်က နှိုင်းယှဉ်ခြင်းပါ။ ဟိုမှာနဲ့ ဒီမှာ…၊ ကိုယ်တို့ဆီနဲ့ သူတို့ဆီ…၊ အရှေ့နဲ့ အနောက်…တွေ့ရာရာကို နှိုင်းယှဉ်နေတော့တာ…။ လမ်းဘေး မြက်ခင်းထဲမှာလည်း ကိုယ်တို့ဆီမှာလို ကံကောင်းခြင်း အရွက်လေးတွေ ရှိလေမလား ရှာရတာအမော…။ ဟယ် သူတို့ဆီက ခြံစည်းရိုးပင်တွေက တို့ဆီက ဒေါနပန်းနဲ့ တူတယ်တော့ဆိုပြီး ကုန်းနမ်း… ဟင် မွှေးလည်း မမွှေးဘူး ဆိုတဲ့ အဖြစ်တွေ…။
အသက်လေးရလာတဲ့အလျောက် ကိုယ့် အတွေ့အကြုံ၊ ကိုယ့် ခံယူချက်နဲ့ ကိုယ်သိမှတ်ထားတာတွေကို တယူသန် တဇွတ်ထိုး မစွဲယူဖို့ သတိထားရင်း၊ ကွဲလွဲမှုတွေကို ဘာကြောင့်ဆိုတာ သိဖို့ရာသာ ဇောကပ်ရင်းပါ။

သိပ်မကြာခင်မှာပဲ တောင်တန်းတွေဟာ အရောင်ပြောင်းတတ်တယ် ဆိုတာကို သိရချိန်မှာတော့ ကိုယ့်ကိုကိုယ် သဘာဝတရားနဲ့ ပိုနီးစပ်လာပြီး ပိုရင့်ကျက်သွားသလိုလို စိတ်ကြီးဝင်မိပါသေးတယ်။ ဒီမှာ အချိန်နဲ့အမျှ ရာသီဥတုက အပြောင်းအလဲ မြန်တယ်။ ရာသီဥတု အခြေအနေ ပြောင်းသွားတာနဲ့အမျှ တောင်တန်းကြီးတွေက အရောင်ပြောင်းပါတယ်။ မြင်ဖူးခဲ့တဲ့ စိမ်းညို့ညို့၊ ရွှေအိုရောင် တွေ အပြင်၊ ခရမ်းဖျော့၊ ခရမ်းရင့်၊ ကြက်သွေးရောင်၊ မီးခိုးမှိုင်း၊ ငွေမှင်ရောင် အို… စုံလို့ စုံလို့ပါပဲ…။

မိုးများရာ အရပ်မှာ ကြီးပြင်းခဲ့သူ တယောက်ဟာ နှင်းထူတဲ့အရပ်ကို ရောက်နေချိန်မှာတော့ တမ်းတမိတာက မြန်မာစာပေကို ရေးသားကြတဲ့ စာရေးဆရာများကိုပါ။ ဆရာတက္ကသိုလ်ဘုန်းနိုင်သာဆို “နှင်းတွေ ဝေမှဖြင့်ကွယ်” ဆိုပြီး စာတွေရေးမှာပဲလို့။ ကောင်းကင်ပေါ်က ကျလာတာချင်းတူပေမည့် မိုးနဲ့ နှင်းက အသွင်ကွဲတယ်။ မိုးရွာပုံတွေ မတူသလို နှင်းကျပုံတွေလည်း မတူဘူး။ မတူတာသာသိတယ် ဘယ်လိုဟူကား မဖော်ပြတတ်၊ ကိုယ့်ရဲ့ ဝေါဟာရ ဆင်းရဲမှု။ နှင်းရှိတဲ့ဒေသကလူတွေရဲ့ သူတို့ဘာသာစကားနဲ့ ပုံဖော်ထားတာတွေလည်း ကိုယ်က လက်လှမ်းမမှီ။ ဆင်းရဲတာ မကောင်းပါလား… ဂုဏ်ငယ်လိုက်တာ…။

နှစ်တနှစ်ရဲ့ အစဦးဆုံး ရွာချလိုက်တဲ့မိုးနဲ့ အစိုဓာတ်ကို မွတ်သိပ်နေတဲ့ မြေပြင်တို့ ထိအတွေ့မှာ လှိုက်ဝဲလာတဲ့ မြေသင်းနံကို မက်မောခဲ့ဖူးသူတစ်ယောက်ဟာ မိုးလေဝသ သတင်း ကြေငြာထားတဲ့အတိုင်း နှင်းတွေ စကျလာတဲ့ အချိန်မှာတော့ ဝေ့ကာဝိုက်ကာ ဝဲပျံလာတဲ့ နှင်းပွင့်တွေကို ယောင်နနနဲ့ ငေးကြည့်နေမိခဲ့တယ်။ မိုးရွာလို့ စိတ်မညစ်ဖူးသူဟာ နှင်းတွေ ကျတော့လည်း အင်း… ပျော်ပါတယ်…ပျော်ပါတယ်…ပျော်ရမှာပေါ့လေလို့ ပျော်ခိုင်းလိုက်ပါတယ်။ ဂျပန်ကား၊ ကိုးရီးယားကားတွေမှာ တွေ့ဖူးတယ်လေ… နှင်း စကျပြီဆို ကောင်လေးနဲ့ ကောင်မလေး သမီးရည်းစားတွေ ပြေးဖက်ကြတော့တာ…။ နှင်းတွေက ထပ်ကာထပ်ကာ ဆက်လို့သာ ကျနေလို့ နှင်းဦးကျလည်း လွန်ခဲ့ပါပြီ…။ တမြန်နေ့က မနက်ပိုင်းမှာ နှင်းပြေးလေး တခဏ ဝေတယ်။ နောက်နေ့ကစ နေ့ရောညရော စွေနေလိုက်တာ… ည ညဆို နှင်းလေတွေပါ လာတယ်။ ညှာတာမဖက် နှိပ်စက်တဲ့ ရာသီ…။

လူဆိုတာမျိုးကလည်း ကိုယ်သန်ရာသန်ရာ အနေအထားနဲ့ လောကကို ရင်ဆိုင်နေတာမဟုတ်လား။ ကိုယ်ကတော့ စိတ်ကူးယဉ်သမားဆိုတော့ အတွေးအလျဉ်ကြောမှာသာ မျောလို့မဆုံး…။

Longmont မြို့ရောက် ၅ လ ပြည့် အမှတ်တရ-