Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, September 23, 2012

ကိုယ့်လူ

မျက်လုံးစိမ်းဖြင့်ပင် မငြို…
ညို့မျက်ဝန်းကိုလည်း မမြင်ရ…။

စကားပြင်းနှင့် မဆို သလို
ချစ်ခွန်းချို ပျိုပိုမိက
နားရှက်ပါသေးသတဲ့…သူက။

လိုက်ခဲ့ဖို့ကား မခေါ်
နေရစ်၍လည်း မရ…။
မှီရသူ သည်ကိုယ်မှာ
ခုများ နောင်…ဆွဲချသလို ဖြစ်မှာပူရ…။

နောင်ဘ၀ ဆုံရအောင်…ဆို
မယုံပါဘူးလေ ရှေ့..နောက်.. ဘဝ…
…တဲ့

ကိုယ့်လူ…ကိုယ့်လူ…ကိုယ့်လူ...

Friday, July 20, 2012

ဘလော့ဂ်တခုအရင်းပြု…

စိန်တွေ၊ ရွှေတွေ ရှိသူတွေက
တဆင်စာအကြောင်း၊ တအောင်စအကြောင်း ပြောကြတယ်။

အိမ်တွေ၊ မြေတွေ ရှိသူတွေက
ဇုန်အကြောင်း၊ ဧကအကြောင်း ပြောကြတယ်။

ကားတွေ၊ ဒေါ်လာတွေ ရှိသူတွေက
မော်ဒယ်လ်အကြောင်း၊ အတတ်အကျအကြောင်း ပြောကြတယ်။

ရာထူးတွေ၊ ဌာနန္တရတွေ ရှိသူတွေက
အလားအလာအကြောင်း၊ အနားယူတဲ့အခါအကြောင်း ပြောကြတယ်။

ဘလော့ဂ်တခု ရှိသူတွေက
အဖော်အပေါင်းနဲ့ ဗြဟ္မစိုရ်ကွန်ယက်အကြောင်း ပြောကြတယ်။

မနာလိုကင်း၊ ဝန်တိုရှင်း၊ လက်ငင်းချမ်းသာ ရပါတယ်။ ။

Thursday, June 2, 2011

ချို ပေစွ ဟင်းချို

ဒီမှာ အမ တစ်ယောက်နဲ့ သွားရင်းလာရင်း တနေရာအရောက် အမက “ဟယ် ဟိုမှာ ပရန္နဝါတွေ ပရန္နဝါ တွေ…” လို့ ပြပါတယ်။ “သိတယ် မဟုတ်လား… ငယ်ငယ်က သင်ခဲ့ရဖူးတယ်လေ” ဆိုပြီး ကဗျာလေး တပိုင်းတစကို ရွတ်ပြပါတယ်။ ဟုတ်ပါတယ် သင်ခဲ့ရဖူးတယ် ဒါပေမဲ့ လက်တွေ့နဲ့ မဆက်စပ်ခဲ့တော့ ကိုယ့်ဘေးနားရောက်နေတာတောင် မသိဘူးပေါ့။

punarvana (boerhavia diffusa) လို့ ရေးထားပါတယ်။ အာယုဗေဒ ဆိုဒ်တခုမှ ရပါတယ်။
*****
ချို ပေစွ ဟင်းချို

တောင်ခါးပန်းရယ်နှင့်၊ ခင်တန်းငယ် ကုန်းမြောင်၊ ကျော့ကွင်းကို ထောင်သည်၊ ခွေးညီနောင် တခင်ခင်နှင့်၊ ယုန်ရှင်ကို ဖမ်းခဲ့ပါ၊ လေးထမ်းတဲ့သည်ဖေကိုယ်၊ တဲအိမ်နေ ကြင်သူက၊ တအူအူ ဟစ်ခေါ်လို့၊ အမှာတော်ပါးလိုက်ရှာတယ်လေး။

အိမ်ကိုပြန်လျှင်၊ အကျွန်ကျွနု်ပ်၊ ယုန်တစ်တုတ်ကို၊ ခွာဆုတ်ရေလှန်၊ ကျပ်ခိုးခံလို့၊ ပရန္နဝါ၊ ရွက်နုညှာကို၊ ဝါးပြာထည့်ကျို၊ အိုးနားတိုနှင့်၊ ခပ်ချိုညစ်တေ၊ ဆောင့်ကြောင့်ထိုင်မွှေလိုက်တယ်၊ ချိုပေစွဟင်းချိုကို၊ စလောင်းတို အခြေပဲ့နှင့်၊ အာခေါင်မှာ ပူအောင်ထည့်လို၊ မျိုလှည့်ကွဲ့လေး။
(ပဉ္စမတန်း မြန်မာဖတ်စာမှ)
 
ခက်ဆစ်အဖွင့်
၁။ တောင်ခါးပန်း = တောင်ထိပ်နှင့် တောင်ခြေအကြားရှိ တောင်စောင်းအရပ်။
၂။ ခင်တန်း = ကုန်းမြင့်တောင်တန်း။
၃။ ကုန်းမြောင် = ကုန်းမြင့်နှစ်ခုကြား အလျားရှည်၍ အနံကျဉ်းသော ချိုင့်ဝှမ်း။
၄။ ကျော့ကွင်း = ယုန်စသည်တို့ကို ကျော့ပစ်ရန် ကြိုးကွင်း၊ ညွတ်ကွင်း။
၅။ တခင်ခင် = ကိန်ကိန်၊ အိုင်အိုင် အသံမျိုးပြုလျက်။
၆။ တအူအူ = ဆွဲဆွဲငင်ငင် အော်မြည်သည်။
၇။ ယုန်တစ်တုတ် = ယုန်တစ်ကောင်။
၈။ ကျပ်ခိုးခံ = မီးဖိုအထက်တွင်လုပ်ထားသော စင်(ကျပ်စင်)တွင် သားကောင်များကို အခြောက်ခံသည်။
၉။ ပရန္နဝါ = မြေတွင် တွား၍ပေါက်သော အခက်အလက်အရိုးကြွပ်ဆတ်သည့် ဆေးဖက်ဝင်သည့် အပင်တစ်မျိုး။
၁၀။ ဝါးပြာ = ဆားအဖြစ်အသုံးပြုရန် ဝါးကို မီးရှို့၍ရသောပြာ။
၁၁။ ခပ်ချို = ယောက်ချို၊ ဟင်းခပ်ဇွန်းကြီး။
၁၂။ စလောင်း = မြေအိုးအဖုံး စလောင်းဖုံး။
*****
အခု အချိန်မှာ ကဗျာကို ပြန်ဖတ်တော့ ယောကျ်ားဖြစ်သူက ဟင်းစားကို ကိုယ်တိုင်ရှာပြီး၊ ကိုယ်တိုင် ချက်ပြုတ် ခူးခပ် ကျွေးပုံပဲ… သူ့ အိမ်ရှင်မကို…။ မသီတာတို့နဲ့ ဘာတွေများကွာနေပါလိမ့်…အင်း နောက်ဆုံးတော့ မသီတာ တအူအူ မလုပ်တတ်လို့ပဲ နေမှာပါလေလို့ ကောက်ချက်ချလိုက်ပါတယ်။
*****
ဘလော့ဂ်တွေကို အမြဲ အားပေးတဲ့၊ ဘလော့ဂါတွေ စာမရေးရင်လည်း တယောက်ချင်းစီ နာမည်ခေါ်ပြီး ဂရုတစိုက်မေးတတ်တဲ့ အမအတွက် အမှတ်တရ…


Wednesday, March 3, 2010

ပထမ ကဗျာ

ဘလောဂ့်ရေးစက ရေးဖူးပါတယ်။ ကျမရေးတာ စကားပြေမဟုတ်၊ ကဗျာမဟုတ်၊ စကားပျာတွေပါ... ဟု။
ရေးတတ်သလို ရေးတာမို့ အကြောင်းအရာပိုင်း၊ အရေးအသားပိုင်းမှာ ပေါ့သွမ်းသွမ်း ဖြစ်နေတတ်တာကို ဆိုလိုချင်တာပါ။
ကိုယ်ရေးထားတဲ့ စာတွေကို သုံးလေးလ ကြာလို့ ကိုယ်တိုင် ပြန်ဖတ်ကြည့်တဲ့အခါ ဘာလိုနေမှန်းမသိ၊ အစာမကြေသလို ခံစားရပါတယ်။ မည်သို့ပင်ဖြစ်စေ ဘလော့ဂ်မှာ စာတွေ ဆက်ရေးဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လည်း ဆိုရင်တော့ အသည်းကွဲလို့ပါ။ နှလုံးသားထဲကနေ ကွဲအက်ကျလာတဲ့ စာတွေပါ လို့ တင်စားလိုက်တာပါ။

*****
ကဗျာတဲ့ လှတာကတော့ အတော်လှတယ်
ကဗျာနဲ့ နီးစပ်ဖို့ ကြိုးစားရင်း မခို့တရို့နိုင်လွန်းတဲ့ ကဗျာ့ခြေဖဝါးအောက် ဒူးထောက်ရသူတွေ ဒုနဲ့ဒေး…

ကဗျာ့ခြေလှမ်းတွေက နားလည်ရ ခက်တယ်၊
ဂမ္ဘီရဆန်ပြီး မှော်အတတ်တွေနဲ့ ပြုစားတတ်သေးတယ်လို့ အချို့က စွတ်စွဲကြတယ်။
ကဗျာကို မာယာတဲ့…

အချို့ကတော့ ကဗျာက ကိန်းခန်း မကြီးတတ်ဘူး။
ကြည်လဲ့နေအောင် ရိုးသားတဲ့ မျက်လုံးတွေနဲ့ အဆုံးစွန်ထိသိမ်မွေ့တယ်။
အရိုးသားဆုံးသည်သာ အဆန်းကျယ်ဆုံးဆိုတဲ့ ဒဿနကို ကိုင်ဆောင်ထားတာမို့ လောကဓံဟာ ကဗျာပါ တဲ့…

ဆရာ တက္ကသိုလ်ဘုန်းနိုင်ကတော့
အမြင့်သို့ အာရုံညွန့်တက်ခြင်း (သို့မဟုတ်) ကဗျာ တဲ့...

နှလုံးသား ခံနိုင်ရည်အားပေါ် မူတည်ပြီး ကဗျာ့နောက်က ကပ်လိုက်လာတဲ့ ပဲ့တင်သံတွေ ကွာကြတယ်…
ကဗျာရယ် မင်းဟာ ဘယ်လိုပါလဲကွာ…
*****
မြန်မာပြည် ပြန်လို့ ဘလော့ဂ်နဲ့ ဝေးနေချိန် ကိုတင်မင်းထက်က တဂ်ထားပါတယ်။  ပထမကဗျာ တဲ့။ တဂ်ထားမှန်းကို သိသိချင်း ကြိုးစားရေးလိုက်ပါတယ်။

Wednesday, September 9, 2009

ဘလော့တာ...(၉)

ကိုယ်ဟာ တစုံတခုကို စောင့်နေခဲ့တာဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ကိုယ်စောင့်နေမိတာ အချိန်ဖြစ်နေလို့ပါ...

ကိုယ်ဟာ တစုံတခုကို မကြာခဏ ကြည့်ဖြစ်နေခဲ့တယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ကိုယ်တွေ့တွေ့နေတာ ကိန်းဂဏန်းတွေမို့ပါ...

ကိုယ်ဟာ တစုံတခုကို ပျောက်ဆုံးသွားမှာ စိုးရိမ်နေတယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ကိုယ်ဆုံးရှုံးနေတာ နုပျိုခြင်းတွေ...

ကိုယ်ဟာ တစုံတခုအတွက် နောင်တရနေတယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ရွှင်ပျတဲ့ ဟဒယနဲ့ မွေးဖွားမလာခြင်း(သို့) ရင်းနှီးမနေခြင်း...

ကိုယ်ဟာ တစုံတခုသော အသွေးအမွေးရှိမယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ရာသီလိုက်ပြီး အရောင်ပြောင်းတတ်တာ...

ကိုယ်ဟာ တစုံတခုကို မှီခိုအားထားရတော့မယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
အချိန်မှန်မှန် ဆေးမသောက်တတ်တာ...

ကိုယ်ဟာ တစုံတခုအတွက် စွန့်လွှတ်စွန့်စားဖို့လိုရင်
ဝမ်းနည်းစရာကောင်းတာက
ထုတ်သုံးတဲ့ ဓား.. ကြားဖူးကြရဲ့လား ယိမ်းနွဲ့ပါး တဲ့...

အကောင်းနဲ့ အဆိုး တစုံတခုကိုရွေးရမှာ…
ဝမ်းနည်းစရာကောင်းတာက
ကိုယ်ဟာ အဆွေးအမြေ့တွေနဲ့သာ အသားကျပြီးနေတတ်တာ...

ကိုယ်ဟာ တစုံတခုကို အဖော်ပြုပြီး နေမိတယ်ဆိုရင်
ဝမ်းသာစရာကောင်းတာက
(ဘလော့ဂင်း) blogging နေတတ်တာ…

မသီတာ တပတ်(သို့) နှစ်ပတ်လောက် ပျောက်မယ် ခွင့်ပြုနော်...

Monday, August 24, 2009

မာယာတသိန်း

အခုတလော ဘလော့ဂ်တွေမှာ ဟိုကချစ် ဒီကချစ်နဲ့ တဖျစ်ဖျစ် မြည်နေကြလို့ သူများချစ်သလို မချစ်နိုင် မျောက်အိုကြီးလို မှိုင်နေသူတယောက် ကပ်ဖျက်ရပ်ဖျက် လုပ်လိုက်ပါတယ်။ မည်သူတဦးတယောက်ကိုမျှ ရည်ရွယ်လိုခြင်း အလျဉ်းမရှိပါ။ (ပုံ - မာယာတသိန်း)
*****
မပူမလောင် နွေးနွေး
ထမင်းပေါင်းလေး
စားမလားကွယ်

ကျိုက်ကျိုက်ဆူ ပူပူခပ်
ရေနွေးကြမ်းလည်း
ပါ ပါတယ်

နောက်ပြီးရင်…

ချိုမလိုလို စိမ့်စိမ့်
အိုက်စကရင်လေး
ကျွေးပါ့မယ်

မချိုမချဉ် ပြုံးပြုံး
စတော်ဘယ်ရီလေး
မြုံ့ဦးရယ်

လေပြေရယ် အေးအေး
ယပ်တောင်လေးနဲ့
ခတ်ပေးမယ်

ဒါပေမဲ့
ကျေးဇူးပြုပြီး
အချစ်အချစ်လို့တော့
တဖျစ်ဖျစ်
မမြည်လေနဲ့…
ဟိုးးး က
လက်ပံအို ပင်ယံထိပ်
မမှီနိုင်အောင်
ချိတ်ထားတယ်။ ။

Sunday, August 23, 2009

ရေချမ်း ရေစင်

ဖဝါးက လက်နှစ်လုံး
ပုခုံးက လက်နှစ်သစ်
အတစ်အတစ် အရစ်အရစ်
လက်သလုံးနဲ့ ခြေသလုံးလေးတွေ
ခဲလို့သာ ထားလိုက်ချင်ရဲ့။

နမ်းရက်ပါဘု
ပါးမို့မို့ နဖူးပြင်
သားလှ ရွှေစင်
အောင့်ကာသာ
ရင်ဝယ်ထွေးရတယ်
မေ့သည်းဘဝင်။

မွေးမေလေ
အခက်ပွေတော့လို့
ဘွတ်ဘွတ်နဲ့ ရှူးရှူးတွေ
ပြိုင်ဘက်ကင်းအောင်ပ
မေ့သားမောင် ညစ်ပေပွဲမှာ
ဗွက်ကြမ်းလေတယ်။

အော် သားရယ်
အပူလောင်တတ်တယ်ကွဲ့
သုတ်သင်ကာ မယ်မယ်ဆေးပါ့မယ်
တဆိတ်တော့ ကိုယ်တော်
ငြိမ်ငြိမ်လေးနေပါ
လူးလူးလှိမ့် တခစ်ခစ်ရယ်
စိန်ခေါ်သည့်နှယ်။

လာ..လာလေ့
ဟာသွားတဲ့ မင်းဗိုက်
အပြည့် အကြိုက်သာ ဝိုက်တော့
ပန်းကြာငုံ ရင်ခွင်အပ်ပါလို့
နို့ညှီနံ့လေး မစို့မပို့
ဝိုင်အိုလက်နဲ့ မခို့တရို့
ခြေဖမိုးလေး ဆုတ်ခြေနယ်
မျက်ခွံကလေးမှေးစဉ်းလွယ်
ချိုချိုတွေကို လှိုင်လှိုင်ပေး
လက်ဖမိုးလေး ငုံကာမွှေး။
အို အေ အေ့ အေး။ ။

Friday, July 17, 2009

ထာဝရရင်ခွင်

စိမ်းလဲ့လဲ့ မြကန်သာရင်ခွင်မှ
နိုးထ
မိုးကောင်းကင် ရင်ခွင်ကျယ်ကို
အဆုံးကျ
မှန်းဆချင်မိတယ်…။

ရှောင်မရတဲ့
ခရောင်းတော ရင်ခွင်ကိုလည်း
ဖြတ်ကျော်ရတယ်။

အမှောင်ကျတဲ့
ကန္တာရ ရင်ခွင်မှာလည်း
လမ်းပျောက်ဖူးတယ်။

သမုဒ္ဒရာရင်ခွင်မှာ ရွက်လွှင့်ရင်း
လောကဓံ လှိုင်းထက်
စည်းချက်မဲ့လည်း ကခဲ့တယ်။

ကျောက်ဆောင်ရင်ခွင်ကို
အပြုံးနဲ့ ပစ်ပေါက်
ထွင်းဖောက်ရတာလည်း ရှိတယ်။

အလှည့်ဆိုတဲ့ဇာတ်ကား
ရင်ခွင်ပိတ်ကားမှာ
မကြာခဏ ကြည့်ရတော့
ပုံပြင်တွေလည်း ရိုးကုန်တယ်။

မှတ်မှတ်ရရ…
နွေးထွေးတဲ့ နှင်းဆီရင်ခွင်ကို သိုင်းဖက်
နူးညံ့တဲ့ ကဗျာရင်ခွင်ပေါ် မှေးစက်
ထာဝရရင်ခွင်ကို
အိပ်မက် ဦးမယ်။ ။

(ပုံကို Insight Guides - India စာအုပ်မှ ယူပါသည်။)

Monday, June 22, 2009

အလွှာ


အချစ်
ရေပေါ်စီလေးပါ
အလွှာလေးပေါ်မှာ
…
ယုံကြည်ခြင်းကတလွှာ
ကိုးစားခြင်းက တလွှာ
မြတ်နိုးခြင်းက တလွှာ
ကျေးဇူးတရားက တလွှာ

အမုန်း
ရေပေါ်စီလေးပါ
အလွှာလေးပေါ်မှာ
…
နာကျည်းခြင်းက တလွှာ
ခံပြင်းခြင်းက တလွှာ
လက်စားချေလိုခြင်းက တလွှာ
ကမ္ဘာမကျေတာ တလွှာ

အမှားအမှန်
ရေပေါ်စီလေးပါ
အလွှာလေးပေါ်မှာ
…
အထင်က တလွှာ
အသိက တလွှာ
အယူက တလွှာ
ဓမ္မတာက တလွှာ

ပျားသကာက တလွှာ
အခါးအနာက တလွှာ
မနာလိုခြင်းက တလွှာ
ဝန်တိုခြင်းက တလွှာ
အပြုံးတွေက တလွှာ
အရှုံးတွေက တလွှာ
အဆုံးတွေက တလွှာ
… … … တလွှာ
… … … တလွှာ
… … … တလွှာ

အားလုံးဟာ ပါးပါးလေးပါ
အလွှာအောက်မှာသာ
တိုးမပေါက်နိုင်တဲ့
ငါ…
မွန်းကြပ်လှပေါ့ကွာ။ ။

Friday, June 5, 2009

အတ္တသစ်ပင်

အသက်က အနှစ်နှစ်ဆယ် နှစ်ခါပြန်တဲ့ အချိန်မှာ နောင်အနှစ်နှစ်ဆယ်မှာကို တိုက်တိုက်ဆိုင်ဆိုင် ရေးလိုက်ရလို့ တက်ဂ်လာတဲ့ တန်ခူးနဲ့တကွ ဖတ်ပေး ကော်မန့်ရေးပေးတဲ့ ဘလော့မိတ်ဆွေတွေကို ကျေးဇူး (ဒီထက် ပိုသင့်လျော်တဲ့ စာလုံး မသုံးတတ်သေးလို့ပါ။)

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် အချိန်တုန်းကတော့ နောင်အနှစ်နှစ်ဆယ်မှာ အခုလို ပုံစံဖြစ်နေလိမ့်မယ်လို့ ရိုးတိုးရိပ်တိပ်တောင် ပုံမဖော်နိုင်ခဲ့ပါဘူး။

အခုကနေ နောက် အနှစ်နှစ်ဆယ်ကိုလည်း "သိသလို မသိသလိုပါပဲ"လို့ ပြောမှသာ အမှန်နဲ့ အနီးစပ်ဆုံးဖြစ်ပါလိမ့်မယ်။

ဒီနေ့ World Environment Day မှာတော့ သစ်ပင်အကြောင်း စာလေးရေးချင်မိတယ်။

အတ္တသစ်ပင်

နေစကြာဝဠာထဲက ငါ
ပိန်းပိတ်မှောင်နေလိုက်ပုံများ
အလင်းနှစ် တသိန်းသွားရင်
အစအဆုံးရောက်တဲ့
ဂလက်ဆီဆိုတာတောင်
မမြင်ဖူးသေးဘူး။

မလောက်လေး မလောက်စား
ဖြိုးတိုးဖျောက်တောက်တွေခေါ်ရာ
လေယူရာယိမ်းနွဲ့လို့
ကမူးရှူးထိုး လိုက်နေတာ
နေရာမရွေ့ပေမဲ့
မောဟိုက်ပုံလည်း မရသေးဘူး။

သြော်
ကြွေကာကျလို့
မြေမှာ ခ,ရင်လား…
နောင်နှစ်တသန်းကြာတဲ့အခါ
စိန်တွေပွင့်တဲ့ ရေနံပင် ဖြစ်ဦးမှာလေ။ ။

(ကိုဧရာ ရိုက်ကူးထားသောပုံ)

Saturday, May 9, 2009

အမေ

ကိုယ်ဟာ သူရဲ့ ကိုယ်ပွားတခုဆိုရင်
ကိုယ့်ရဲ့အစဟာ သူရဲ့သွေးတစက်ပေါ့
ကိုယ့်ရဲ့ ခြေလှမ်းတွေအောက် သူ့လက်ဖဝါးတွေ
ကိုယ့်ကိုသူက ချစ်ဖို့မွေးခဲ့တာလေ...

အချိန်မရွေး သူပေးလေတဲ့
မေတ္တာချို စေတနာဆိမ့်
ကရုဏာမွှေး အကြင်နာနွေးတွေ
လှိုင်လှိုင်ကြီး စားသုံး
လူလုံးလည်း လှခဲ့သပေါ့...

ကိုယ့်ရဲ့ ဖြူစင်ခြင်းဟာ သူ့ရဲ့ အသွေးအသား
ကိုယ့်ရဲ့ ရှင်သန်ခြင်းမှာ သူ့ရဲ့ အနစ်နာ
ကိုယ့်ရဲ့ ယုံကြည်ခြင်းက သူ့ရဲ့ အလင်းရောင်
ကိုယ့်ရဲ့ ဖြစ်တည်ခြင်းက သူ့ရဲ့ အမျှော်အမြင်
ကိုယ့်ရဲ့ ရပ်တည်မှုကတော့…
ထောက်တည်ရာမရတဲ့ သူ့အဝေးကအရိပ်

မိန်းမတယောက်ဟာ
ထူးဆန်းတဲ့ ဘဝတခုကို ပိုင်ဆိုင်ခဲ့ပြီဆိုရင်
အနစ်နာခံခြင်း
ယုံကြည်ခြင်းနဲ့
ချစ်ခြင်းတရားတွေမှာ
တစုံတရာတော့
မှားယွင်းနေခဲ့ပြီလေ...

မျက်ရည်တွေ ခမ်းခြောက်ပါစေတော့ … အမေ။ ။

Monday, April 20, 2009

ဖြတ်ကျော်ခြင်း


“နင်း၊ ကြွ၊ လျှောက်”
သွက်ချည်တခါ
ညက်ချည်တလှည့်
အမှတ်တမဲ့တွေလည်းပါရဲ့
တလှမ်းချင်းလှမ်းတဲ့
ခြေလှမ်းတွေနဲ့

“ရပ်၊ ကြည့်၊ သွား”
ဟောဟိုမှာ တဖိတ်ဖိတ်လက်
ဟောဒီမှာ မသဲမကွဲနဲ့
လင်းတလှည့် မှိန်တလှည့်
အတိတ်တွေ
အရိပ်တွေ
ရောင်နီတွေ
ယိမ်းထိုးနေရဲ့

“ကောင်း၊ သင့်၊ ညံ့”တွေ
နေရာတကာ ပြည့်နှက်
“နွေ၊ မိုး၊ ဆောင်း” ကို
အဖန်ဖန် နှုတ်ဆက်
“မောင်၊ ကို၊ ဦး” ကို
အချိန်တန် မိတ်ဖွဲ့
...
“ဖြစ်၊ တည်၊ ပျက်” ရဲ့
အမှန်အကန် ရိုက်ချက်။ ။

"နှစ်သစ်မှာ စာတွေပိုရေးနိုင်ပါစေ" လို့ ဆုတောင်းပေးတဲ့ သူငယ်ချင်းတွေအတွက် မသီတာ ကြိုးစားရေးကြည့်ထားပါတယ်။ ကိုဧရာက ပုံလေးဆွဲပေးပါတယ်။

Friday, April 3, 2009

တယောက်ဆို တယောက်


ချယ်ရီတဲ့လား
ရိုးရှင်းတဲ့ မင်းအလှ
ယဉ်စစလေးပါလားကွယ်
စိတ်တော့ မရှိနဲ့နော်
ဟိုလေ…ဟို…
အေးစက်လွန်းနေသလား လို့


လှရက်ပါပေ့ ကျူးလစ်ရယ်
ကျော့ရှင်းနေလိုက်ပုံများ
တောင့်ပါပေ့ ဖြောင့်ပါပေ့
ခက်နေတာက
ကိုလေ…မင်းကို
မယဉ်ပါးလို့ပါ
Sorry ကွာ


Hello အော့ခစ်
တမျိုးချစ်စရာလေးပါလား
မင်းအလှတွေနဲ့ ဖမ်းစား
မြင်သူ ရူးလောက်ရဲ့ကွာ
ဒါပေမဲ့ ဟိုလေ…
မြင်နေတယ်
နောက်ကွယ်မှာ…
မာယာတွေလား လို့


မိပိတောက်ရေ
ငယ်ချစ်ဦး
နှုတ်ခမ်းစူမနေနဲ့ဦး
တို့သိပါတယ်ကွာ
တယောက်ကို တယောက်
မင်းကလည်း
မပြောင်းတဲ့ အစစ်တွေနဲ့…
ကိုယ်ကလည်း
မဟောင်းတဲ့ အချစ်တွေနဲ့…
ချယ်ရီ Japan, ကျူးလစ် Western, အော့ခစ် Singapore နဲ့ ပိတောက် မြန်မာ တို့ကို ခံစားသည်။
(ကျူးလစ်ပုံမှာ ကရေတွန်၏ ကျူးလစ် အစစ်တွေမှ  ဖြစ်ပါသည်။ ကျန်ပုံများကို google search မှရယူပါသည်။)

Tuesday, December 23, 2008

ရွှေခဲကြက်တူရွေး



















ကြက်တူရွေး ကြက်တူရွေး
ရွှေခဲ ကြက်တူရွေး။

ညီပုလေးကို စာအံသင်၊
ရွှေခဲ စာအံသင်။

ညီလေးခင်က စာပြန်တုန်း၊
ရွှေခဲ စာပြန်တုန်း။

ဝလုံးရေးဖို့ ညီလေးထိုင်၊
ရွှေခဲ မရေးနိုင်။

ငေးမှိုင်ရှာပေါ့ ကြက်တူရွေး၊

ရွှေခဲ ကြက်တူရွေး။ ။


ဘဝမှာ
မတူလို့ မတုနိုင်တဲ့ အခါတွေမှာ
သတိရမိတဲ့
ကဗျာလေးပါ…

ဆရာကြီး မင်းသုဝဏ် ရေးသားခဲ့ပြီး ဆရာကြီးဦးဘဉာဏ်ရဲ့ ပန်းချီလက်ရာ
အင်္ဂလိပ်သို့ ဘာသာပြန်သူ ပါမောက္ခ လုစ်
(မောင်ခွေးဖို့ ကဗျာများ စာအုပ်မှ ထုတ်နှုတ် တင်ပြပါသည်။)

Friday, December 5, 2008

ရာသီပြောင်းချိန်

ရာသီ စက်ဝန်းတွေ သံသရာစက်ဝိုင်းမှာ
အမြဲမပြတ် တရစပ် လည်ပတ်နေတယ်
စက်ဝိုင်းရဲ့ စမှတ် "တစ်" ဆိုတာ
မသိနိုင်တဲ့ အရာ...။

ချာချာလည်နေတဲ့ ဖြစ်စဉ်တစ်ခုက
လွင့်စင်လာတဲ့ သစ်ရွက်ကြွေတွေ ဟောတဲ့ တရား
စက်ဝိုင်းရဲ့ ဆုံးမှတ် "သုည" ဟာ
စက်ဝန်းထဲမှာ... တဲ့။ ။
*****
5 Dec 08, 15:56
A Linn Nyi: ကဗျာလာဖတ်ပါတယ်။အဓိပ္ပါယ်ကို..ဆက်တွေးနေမိတယ်။
Fri, Dec 5th 2008, 04:55 PM
S-C: ဘာတွေ ဆက်တွေးမိလဲ? ပြောဦး။ assignment ၃ရက်တောင် အချိန်ပေးတယ်နော်။ (ဒီကတော့ ရေးရင်းနဲ့ ချာလည်လည်သွားလို့ တုံးတိကြီး ...တဲ့ နဲ့ ပိတ်လိုက်ရတယ်။)
6 Dec 08, 14:42
A Linn Nyi: အပိုဒ်၁က လူတွေ မွေးတဲ့ ဇာတိ(မသိနိုင်တာ)၊ အပိုဒ်၂က မသိနိုင်တဲ့ ဇာတိအမျိုးမျိုးကလာပေမယ့် သေဆုံးတာတူမယ်
6 Dec 08, 14:42
A Linn Nyi: ဘာမှမယူသွားနိုင် ဗလာနဲ့ ဆုံးမှာက သိနိုင်(သေချာ)တယ် လို့ ပြောချင်တာ..ဟုတ်လားဟင် မသီတာ..
ရာသီ စက်ဝန်းတွေ သံသရာစက်ဝိုင်းမှာ
အမြဲမပြတ် တရစပ် လည်ပတ်နေတယ်
စက်ဝိုင်းရဲ့ စမှတ် "တစ်" ဆိုတာ
မသိနိုင်တဲ့ အရာ...။

ရာသီ စက်ဝိုင်း...
သံသရာ စက်ဝန်း...
စက်ဝိုင်း တစ်ခုကို ဘယ်နေရာက စဆွဲထားတယ် ဆိုတာ မသိနိုင်သလို
သတ္တဝါတို့ရဲ့ အစဟာလည်း 'အပင်နဲ့ မျိုး' အစရှာမရသလို မသိနိုင်တဲ့အရာ။

ချာချာလည်နေတဲ့ ဖြစ်စဉ်တစ်ခုက
လွင့်စင်လာတဲ့ သစ်ရွက်ကြွေတွေ ဟောတဲ့ တရား
စက်ဝိုင်းရဲ့ ဆုံးမှတ် "သုည" ဟာ
စက်ဝန်းထဲမှာ... တဲ့။ ။

ချာချာလည်နေတဲ့ ဖြစ်စဉ်တစ်ခုကို အဆုံးသတ်ဖို့
ဘဝသံသရာ အဆုံးသတ်ဖို့...
(A Linn Nyi ၏ တရားဂုဏ်တော် ခြောက်ပါး ပို့စ်မှ) ဗုဒ္ဓမြတ်စွာက ရောဟိတဿသုတ္တန်မှာ “လောကရဲ့အစ၊ လောကရဲ့အဆုံးကို ဘယ်စကြဝဠာမှာမှ လိုက်ရှာမနေနဲ့။ ဤတစ်လံမျှရှိသော ခန္ဓာကိုယ်မှာပဲ လောကရဲ့ အစလည်းရှိတယ်။ လောကရဲ့ အဆုံးလည်း ရှိတယ်” လို့ဟောကြားခဲ့သည့်အတိုင်း သစ်ရွက်ကြွေတွေ ဟောတဲ့တရား၊ ခန္ဓာဟောတဲ့တရား “အနိစ္စ” ကို အခါခါနာကြားစို့ရဲ့။

Wednesday, November 12, 2008

ရင့်ကျက်မှုဆယ်စုနှစ်ခရီးအစ

အမြန်ရထားတစ်စီးလို
ဘူတာတွေကို တရိပ်ရိပ် ဖြတ်ကျော်ပြီး၊
ညနေခင်းရဲ့ ကျနေဟာ
ပြင်းပြစွာ လောင်မြိုက်နေဆဲ၊
အမှတ်တမဲ့ပဲ ရောက်လာခဲ့တယ်။


ရင့်ကျက်မှုဆီ လှမ်းမဲ့
မင်္ဂလာခရီးရဲ့ အစခြေလှမ်းအဖြစ်
‘ဗာလ’ဆိုတဲ့ လူ့အချည်းနှီးကို
အဝေးကရှောင်ရမယ်လို့ ဆုံးမခဲ့တယ်။


“တောင်ကို ဖြည်းဖြည်း တက်ရာ၏။
ကာမဂုဏ်ကို ဖြည်းဖြည်း ခံစားရာ၏။
အမျက်ကို ဖြည်းဖြည်း ထွက်ရာ၏”
လောကနီတိစကား မနာကြားပဲ
ကြံကို အရင်းကစ ဝါးမြိုနေခဲ့တယ်။


“အတ္တာဟိ အတ္တနော နာထော”လို့
နှုတ်ကတဖွဖွ ရွတ်ဆိုရင်း၊
တာဝန်တွေကို မျက်ကွယ်ပြု
လွတ်လပ်မှုကို ငြင်းဆန်၊
ပတ်ဝန်းကျင်ကို ရိုးမယ်ဖွဲ့နေခဲ့ပြန်တယ်။


အဓမ္မတွေ တိုက်စားလို့
ခပ်ပါးပါးလေး ကျန်ရစ်တဲ့
အမှန်တရား မြေပြင်ပေါ်ကို
ရဲဝံ့စွာ ခြေစုံရပ်ဖို့ကိုလည်း
တွန့်ဆုတ်နေမိသေးတယ်။


အပေါင်းအသင်းတွေက
“အမျိုး၊ ဘာသာ၊ သာသနာအတွက်
ဆထက်ထမ်းပိုး သယ်ပိုးနိုင်ပါစေ”တဲ့။


ရောင်းရင်းတို့ရေ…
ခင်ဗျားတို့ မိတ်ဆွေကြီး ကျွန်တော်ဟာ
‘ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ’ တေးသွားကို
တသသ ညည်းတွားရင်း၊
အပြစ်မသိသေးတဲ့ ကလေးတို့ဘဝမှာ
နုံ့နဲစွာ ရပ်တန့်နေသေးတယ်။


ဗာလ = လူမိုက် (သို့မဟုတ်) ကလေး

ဧရာ (မန္တလေး)

Monday, October 6, 2008

အဝေးအနွေး အနီးအအေး


အဝေးအနွေး - အနီးအအေး

သူ့ကိုတွေ့ရ
လမ်းတဖက်မှာ
ဥဒဟိုသွား
ယဉ်တန်းများကြား
ကူးနိုင်သေးဘူး
မီးနီဆဲလေ
မင်းသိရဲ့လား
သူရောက်နေပြီ
ရင်ထဲမှာ-

ခွဲခွာ နှုတ်ဆက်
လက်တကမ်းသာ
အပို မလို စကား
အေးစက်ခြင်းများ
နှောက်ယှက်နှိပ်စက်
ကားဆီးလို့လေ
မင်းသိလိုက်လား
အဝေးဆုံးကို
ပြေးသွားတာ…။

၇.၁၀.၉၆


Wednesday, September 24, 2008

အရောင်

အဝါ ‘မောင်’ နဲ့ ‘မ’ အပြာ၊
ကြောင်းပါလေသောခါ။
ရှုလို့မ၀ စိမ်းမြမြ၊
ရင်သွေးလေးတွေရ။

‘မောင့်’ ဉာဏ်ရောင်ဝါ ထိန်ထိန်သာ၊
‘မ’ ချစ်မေတ္တာ ပြာ။
ဆတူ ချိုးကျ ပေါင်းဆုံမှ၊
ကလေးတို့ ဘ၀ စိမ်းလန်းရ။

စိတ်ထားကောင်းဖို့ မမေ့အောင်၊
အဖြူရောင်ကို ဆောင်။
စင်ကြယ်ခြင်းရဲ့သင်္ကေတ၊
ကြိုးစား မွေးမြူကြ။

လောကီသားမို့ ဖြစ်တတ်တယ်၊
အနီရဲဲလို့ စိတ်တိုလွယ်။
မထင်မှတ်ဘဲ နက်လာတော့၊
ညှိနှိုင်း ကြမှာပေါ့။

ပြာ နဲ့ နီလေး ရောစပ်နွှယ်၊
ခရမ်းအလှ ကြွယ်။
မဟာဆန်တဲ့ ဒီလက်နက်၊
ဂန္တဝင် မျက်စောင်းထက်။

တခါတလေလည်း ထိုနီရဲ၊
အဝါလေးနဲ့ ရောမှာပဲ။
ရှေ့ဆက်ကြဖို့ အင်အားကွယ်၊
လိမ္မော်ကလေး ရပြန်တယ်။

သက်တန့် မိသားစု ဆေးရောင်စို၊
ဟန်ချက် ညီညီကို။
နေညိုချိန်ထိ ရွှေလက်တွဲ၊
တစ်သွေးတစ်ရောင်ထဲ။ ။

ဧရာသီတာ

Monday, September 22, 2008

ဘောင်



ဘောင် တဲ့
limit တဲ့
အပိုင်းအခြား၊ အဆီးအတား တဲ့
လာလိုက်သေးတယ်…
အကန့်တွေ တဲ့
သူ့ အတာနဲ့ သူ့ အထွာ ဆိုလား…
……
မှောင်ထဲမယ် ယောင်တောင်တောင်
ချောင်ထဲမယ် မပြောင်မရောင်
ထောင့်ထဲမယ် ငူငူငေါင်
……
အယောင်ဆောင် မလည်း အူကြောင်ကြောင်
အလှောင်အပြောင်ကြား ထီမမြင်ပေါင်
သည်တောင်ကို ကျော်မဟဲ့ ကြံကာဆောင်
……
မအောင်လေတဲ့ သည်မောင် ပူလောင်
နောင်ခါမတော့…
ရှောင်လေမကွဲ့
ဤလူ့ ဘောင်
ဤ လူ့ ဘောင်

Thursday, August 7, 2008

မနက်ဖန် အတွက် ဒီနေ့

မနုဿတ္တဘာဝေါ ဒုလ္လဘောတဲ့
လူတစ်ယောက်ဖြစ်ဖို့ လွယ်လွယ်လေးမှတ်လို့
လူမှုရေး
ပညာရေး
စီးပွားရေး
ကျန်းမာရေး
ဘာသာရေး
ဟိုအရေး
ဒီအရေး
ကိုယ့်သမိုင်း ကိုယ်ရေး ကြရာမှာ…
လောင်းရိပ်အောက်မှာ စီးဆင်းရင်း
လိပ်ပြာတွေက နောက်ပြန်ဝဲ
ယဉ်ကျေးမှု မှတ်တိုင်တွေပြိုလဲ
သမိုင်းကြွေးတွေက တရစ်ပြီးတရစ်တင်

မနုဿဓမ္မ ဆိုတာ
လွတ်လပ်ခြင်း
ညီမျှခြင်း
ချစ်ကြည်ခြင်း
အချုပ်ဆိုရတော့
တရားမျှတခြင်း ဗျ။
ခင်ဗျားလည်းလူ၊ ကျုပ်လည်းလူ
လူပါဗျ လူ
တုံးချင်ယောင် ဆောင်မနေစမ်းပါနဲ့
ကိုယ့်သမိုင်း ကိုယ်ရေး ကြရမှာ…
ယုံလိုက်စမ်းပါ
ညီညွတ်ခြင်းသည် အင်အား
တွဲထားကြ လက်များ
သမိုင်းကြွေးကို ဆပ်စို့လား။

သမိုင်းကောင်း ရေးသူများအား ဦးညွှတ်လျက် ~