Sunday, March 29, 2009

ဝါသနာ

တန်ခူး tag လို့ ရေးခဲ့တဲ့ ကျွန်မ၏အကြောင်း ပို့စ်မှာတော့
ကိုယ့်ရဲ့ဝါသနာ - အထုံဝါသနာ မပေါ်လွင်ပါ။ (စွဲစွဲမြဲမြဲလုပ်ရတာဆိုရင် အားဆေးတောင် မသောက်ပါ။) လို့ ယေဘူယျ အားဖြင့်တော့ ရေးခဲ့ပြီးပါပြီ။

တန်ခူးကပဲ ဝါသနာလေးများ ဆိုပြီး tag လာပြန်တော့ ရေးမယ်ဟဲ့လ့ို ဟန်ပြင် ကွန်ပြူတာရှေ့ထိုင်၊ ရေးလိုက် ဖျက်လိုက်နဲ့ စာကရှေ့မရောက်…(အားတွေနာနေပြီလား မနာနဲ့ မနာနဲ့ စာရေးစာဖတ်က မြတ်နိုးပြီးသား အမှုပါ တန်ခူးရ)
ဒီမှာတင် ကိုဧရာက မသီတာ စဉ်းစားလို့ရအောင် ဆိုပြီး

/* လူတစ်ဦးနှင့် တစ်ဦး မိတ်ဆွေဖွဲ့ကြတော့မယ်ဆိုရင် “ဘာ ဝါသနာလေးများပါတုန်း” လို့ မေးတတ်ကြတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်ကစလို့ အားကစား, စာပေ, အနုပညာ, အိမ်တွင်းမှုစသဖြင့်ပေါ့… ကိုယ့် အားလပ်ချိန်လေးတွေမှာ ဘာအလုပ်လေးတွေနဲ့ ကိုယ့်စိတ်ကို အစာကျွေးသလဲ။ စိတ်မှ မဟုတ်ပါဘူးလေ… ကိုယ်ခန္ဓာကို အစာကျွေးသလဲ…။

အချို့များကြတော့လည်း ကိုယ်စိတ်လက်ပျော်ရွှင်တဲ့ အလုပ်လေးတွေနဲ့ အသက်မွေးရတော့ ကံအကောင်းသား။ သီချင်းဆို ဝါသနာပါသူက အဆိုတော်ဘဝနဲ့အသက်မွေးရတာမျိုး။ ဆရာလုပ်တာ ဝါသနာပါသူက ကျောင်းဆရာအလုပ်နဲ့ အသက်မွေးရတာမျိုး။ အင်းလေ… ဘဝမှာ အသက်မွေးမှုတစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် ကိုယ်ဝါသနာပါတဲ့ အလုပ်မျိုးကို အခြေခံပြီး စဉ်းစားရွေးချယ်ရတာ သဘာဝကျပါတယ်။ ဒါပေမဲ့လည်း ခက်တော့အခက်သား…။ ရောဂါဝေဒနာ ခံစားနေရသူတွေကို ကိုယ့်မိဘဆွေမျိုးနဲ့မခြား ကြင်နာစိတ်တွေထားပြီး ပြုစုယုယပေးချင်တဲ့ ဝါသနာရှိပေမဲ့ ဆရာဝန်လိုင်းကို အမှတ်မမှီလို့ မရွေးချယ်ရသူတွေ၊ ဆရာဝန်တစ်ဦးဖြစ်လာပါလျှက်နဲ့ ဆေးကုသဖို့ ဝါသနာမထုံတာကြောင့် အရောင်းအဝယ် လုပ်စားနေသူတွေက တစ်ပုံကြီး။ အဲ… ကိုယ်ဝါသနာပါတဲ့ အလုပ်နဲ့ အသက်မွေးရလို့လည်း ဘဝမှာ ကျေနပ်နှစ်သက်ဖို့ ကောင်းပြီလို့ ပြောလို့မရပါဘူး။ သီချင်းလေးတွေရေးနေရတာကို ပျော်မွေ့သူက သီချင်းရေးဆရာတစ်ဦးအဖြစ် အသက်မွေးရပေမဲ့ ကိုယ်လုပ်ချင်သလို လုပ်လို့မရ, ထင်သလိုဖြစ်မလာရင် ပိုပြီး ခံစားရတယ်။ ပိုပြီးကြေကွဲရတယ်။ ဒီလိုပဲ ပညာရေးကို ဝါသနာကြီးလို့ ကျောင်းဆရာဖြစ်လာခဲ့ပေမဲ့ ကိုယ်ယုံကြည်ရာတွေကို မလုပ်နိုင်ပဲ, ကိုယ်မယုံကြည်ရာတွေကို မျက်စိစုံမှိတ်ပြီး ဝမ်းစာရှာရင်း၊ ကိုယ့်အသက်မွေးမှုကိုတောင် ကိုယ်ပြန်မသတီချင်တော့တဲ့ ကျောင်းဆရာတွေလည်း ထုနဲ့ထေးပါ။ ဒီလိုဘဝမျိုးထက်စာရင်… ကိုယ်ဝါသနာ မပါချင်လည်းနေပါစေ၊ သမာအာဇီဝဖြစ်ပြီး ကိုယ့်မိသားစု အသက်မွေးနိုင်မယ့် အလုပ်လေး လုပ်နေရတာက တော်သေးသပေါ့။

ဝါသနာပါသည်ဖြစ်ဖြစ်, မပါသည်ဖြစ်ဖြစ် အသက်မွေးမှု လုပ်ငန်းဆိုတာကတော့ လုပ်နေကြရတာပါပဲ။ ရဟန်းတော်များတောင် ဆွမ်းခံတော့ စားရသေးတယ်။ ရဟန်းတော်များအတွက် မြတ်စွာဘုရားခွင့်ပြုခဲ့တဲ့ ကျောင်း, သင်္ကန်း, ဆွမ်း, ဆေး- ပစ္စည်းလေးပါးဟာ “စားဝတ်နေရေးနဲ့ ကျန်းမာရေး” ဆိုတဲ့ လူဘဝရဲ့ အခြေခံလိုအပ်ချက်ပဲ မဟုတ်လား။ လူဆိုတာက ဒီအခြေခံ လိုအပ်ချက်လေးနဲ့တင်တော့ ဘယ်တင်းတိမ်နိုင်ကြပါ့ မလဲ။ ကိုယ့်အားလပ်ချိန်လေးမှာ ဟိုဟာလေး လုပ်ချင်၊ ဒီဟာလေး လုပ်ချင်… ကိုယ့်စိတ်ကို အစာကျွေးချင်တာက လူ့သဘာဝ။

ကိုယ်ရဲ့ အားလပ်တဲ့ အချိန်လေးမှာ သက်မွေးဝမ်းကျောင်းမှုမှအပ, ကိုယ်ကြိုက်တာလေးတွေကို ရွေးပြီး စိတ်ကိုအစာကြွေးတာကိုပဲ Hobby လို့ခေါ်ကြတယ်။ အသက်မွေးမှုပဲ ဖြစ်ဖြစ်, အသက်မွေးမှုမဟုတ်တာ ဖြစ်ဖြစ် ကိုယ်စိတ်ပါဝင်စားပြီး, အချိန်ရတိုင်း မကြာခဏ လုပ်လေ့လုပ်ထရှိတဲ့ အလုပ်လေးတွေကို မြန်မာလိုတော့ ဝါသနာလို့ပဲ သိမ်းကျုံးပြီး ခေါ်ပါတယ်။

အဲ.. ရှိသေးတယ် စရိုက်တဲ့။ သူကလည်း ဝါသနာလိုပဲ မကြာခဏဖြစ်တတ်တဲ့ အလေ့အကျင့်တွေကို ခေါ်တာ။ စရိုက်ဆိုတာက မိမိရဲ့ အတွင်းသန္တန်ပိုင်း၊ အာရုံတွေကို ဘယ်လိုတုန့်ပြန်လေ့ရှိသလဲပေါ့။ ဥပမာ လောစရိုက်ရှိသူက အာရုံတွေပေါ်မှာ လိုချင်တပ်မက်မှုတွေနဲ့ မြင်မယ်။ ဒေါသစရိုက်ရှိတဲ့သူတွေက တွေ့သမျှမြင်သမျှကို အပြစ်ရှာချင်တယ်။ ပညာစရိုက်ရှိသူတွေကလည်း အမှားကိုရှာပြီး ထောက်ပြချင်တတ်တာကတော့ ဒေါသစရိုက်နဲ့ ခပ်ဆင်ဆင်။ ထားပါတော့… ။ သူတို့ကိုယ်တိုင် သတိမထားမိပဲ… သူတို့တမင်ရွေးချယ်လိုက်တာမျိုး မဟုတ်ပဲ… ပြင်ပအာရုံတွေတွေ့လာတိုင်း အများအားဖြင့် ဘယ်လိုတုန့်ပြန်လိုက်မလဲ ဆိုတာကတော့ စရိုက်ပေါ့။ ဝါသနာဆိုကတော့ အဲဒီတုန့်ပြန်မှုတွေကနေ အပြင်ကို လျှံကျလာသလိုမျိုး…။ ကိုယ်နှစ်သက်တဲ့ ပြင်ပအာရုံတွေကို ကိုယ်တိုင် ရွေးချယ်ပြီး မကြာခဏလုပ်ကိုင်လို့ အလေ့အကျင့် ဖြစ်သွားတာမျိုးပေါ့။ အဲဒီကြတော့လည်း… “ဝါသနာကို မတားနဲ့တော့ ရှင်” ဆိုသလို… တားမရ… ဆီးမရ။

ဝါသနာတွေကို စားဝတ်နေရေး နဲ့ ကျန်းမာရေးဆိုတဲ့ ရုပ်ပိုင်း (Physical), လူမှုဆက်ဆံရေးတို့, အနုပညာခံစားမှုတို့ စတဲ့ ခံစားမှုပိုင်း (emotional), အသိပညာရှာမှီးမှုနဲ့ စဉ်းစားတွေးခေါ်မှုပိုင်း (mental) နဲ့ ဘာသာတရားဆည်းကပ်ခြင်းတို့ ဘဝရဲ့သစ္စာတရားကို ရှာမှီးခြင်းတို့လို စိတ်ဓာတ်မြင့်မားမှု (spiritual) ဆိုပြီး အုပ်စုခွဲကြည့်နိုင်မယ် ထင်တယ်။
*/
လို့ ရေးပေးပါတယ်။

ကိုယ့်ကိုကိုယ် အနုလုံပဋိလုံ ခွဲခြမ်းစိတ်ဖြာပြီး ကိုယ့်ရဲ့ ဝါသနာလေးများ ဆိုပြီး ရေးလိုက်ပါပြီ။

- အားရင် အိပ်တယ်။ မအားရင်လည်း အိပ်တာပါပဲ။ (ငယ်ငယ်တုန်းက အကိုတွေက အခန်းတံခါးပေါက်ကနေ လာလာနှိုးကြတယ် မယ်ပျင်းကြီးမ ထတော့ ထတော့နဲ့။) အဲ့ဒီ အပျင်းစိတ်ကို တာဝန် ဝတ္တရားဆိုတာနဲ့ ချွန်းအုပ်ရပါတယ်။

- မအိပ်ရင်တွေးတယ်။ (ဣန္ဒြေရရနဲ့ ငြိမ်တုတ်နေပြီ ဆိုရင်တော့ ဝတ္တုတပုဒ် ဆုံးအောင် တွေးနေပြီလို့သာ မှတ်ကြပေတော့။) အတွေး အထင်ဆိုတာ အမှန်တရား မဟုတ်ပါဘူး။ အမှန်တရားနဲ့ ယှဉ်တွဲဖို့ သတိတရားကို လက်ကိုင်ပြုရပါတယ်။

- မတွေးရင် ပြောတယ်။ (ကိုယ်ပြောချင်တဲ့ဟာကို သူများ စိတ်ဝင်စားသည်ဖြစ်စေ မဝင်စားသည်ဖြစ်စေ လေရှည်နေတတ်တယ်။) ကိုယ် ပြောသမျှတွေအတွက် ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် ကြိုးစားရင်းပေါ့။

- စာရေးတာ ဝါသနာ ပါတာတော့ ထင်းထင်းကြီးပေါ်နေပါပြီ။ (စာရေးသူတွေကို ရှေးကထက်ပိုလို့ လေးစားလာမိပါတယ်။) စာရေးသူ တယောက်ဟာ သူရဲ့ အတ္တကို ရှေ့တန်းတင် ဖော်ထုတ်ဖို့ စာတပုဒ်ကို ရေးရင်တောင် အဲ့ဒီ စာရေးသူဟာ သူ့ရဲ့ အတ္တတွေကို ခင်းကာချ ဝေမျှကာပေးလို့ပါပဲ။

ကေ, မမသီရိ နဲ့ သင်းကြည်ရေ ရေးပေးမလား ဟေ... ဝါသနာလေးတွေလေ...

Saturday, March 28, 2009

လမ်းခွဲ အပြုံး


အသက်ရှင်နေလျက်ကယ်နဲ့
အသက်ရှုနေတာကို
မေ့နေခဲ့တယ်၊
နေ့ ကို လ စားနေပေမဲ့
နှစ်တွေက ရှေ့မှာလာဦးမှာပါလို့
အမှတ်မရှိတဲ့ ငါ...။


သတ်မှတ်ပြီးသား တချိန်ရယ်
ရောက်ပြီကွယ်လို့
မင်းအချက်ပေးလေမှ၊
ပျာယိပျာယာနဲ့
ပင့်သက်ကို အမောတကောရှု
ထွက်သက်တွေ ပြင်းပြင်းရှိုက်...။


မမြင်ရတဲ့ ထပ်တူညီတွေ
လေလှိုင်းကနေ ဖမ်းဆုပ်
သိမ်းထုပ်ကာ ထားမယ်ဆိုတာယုံ၊
အပြစ်အနာအဆာတွေကိုတော့
လျစ်လျူကာ ထားလိုက်ပါတော့
မျက်လုံးချင်းစကားမပြောလိုက်ရသူရေ
မင်း မငိုနဲ့...။


ပန်းလှပါတယ်မေ
အလွမ်းတွေသာ သယ်မသွားပါနဲ့
အစွမ်းတွေ တလှေနဲ့မို့
အလှည့်ကျလာတော့ မနွဲ့ကြစတမ်းပေါ့၊
အကျိုးအကြောင်း အစုံအလင်နဲ့
အဆိုးအကောင်းသွန်သင်လို့
ပီတိတွေ အဖန်ဖန်စားသုံး
ဥယျာဉ်ထဲမှာလေ
ဆံဖြူလို့ ခါးကုန်းသိတိုင်
မင်း အပြုံးတွေ လှိုင် ပါစေ...။ ။


(မသီတာကို စာရေးဖြစ်အောင် တွန်းအားပေးခဲ့တဲ့၊ ပညာသင် ခရီးတခု ပြီးဆုံးလို့  ပြည်တော်ပြန်တော့မည့် ဘလော့ဂါ ညီမ အတွက်~)

Wednesday, March 25, 2009

ခေါင်းဆောင်ကောင်းတို့၏ နှလုံးသား


အချုပ်အနှောင်ကို ငါမမှု။ သေမည်ကိုလည်း မစိုးရိမ်။
အကြင်သူတို့၏ မင်းဖြစ်သော ငါသည်
ထိုသူတို့၏ ချမ်းသာကို ဆောင်ပါ၏။

မြတ်စွာဘုရားသည် အလောင်းတော်ဘ၀ ပါရမီဖြည့်စဉ်အခါက ဘ၀ အမျိုးမျိုးတွင် ကျင်လည်ခဲ့ရသည်။ လူဖြစ်သည်လည်း ရှိသည်။ တိရစ္ဆာန်ဖြစ်သည်လည်း ရှိသည်။ တစ်ရံမူ အလောင်းတော်သည် မျောက်ဘဝ၌ ဖြစ်လေသည်။ မျောက် ရှစ်သောင်းတို့အား ခေါင်းဆောင်ကာ ဂင်္ဂါမြစ် ကမ်းနဖူးရှိ အလွန် အရိပ်အာဝါသ ကောင်းသည့် သရက်ပင်တစ်မျိုးတွင် နေကြသည်။ ထိုအပင်မှ အသီးသည် အရွယ်ပမာဏ ကြီးမား၍ အနံ့အရသာနှင့်လည်း လွန်စွာပြည့်စုံ၏။

ရံခါတွင် အကောင်းတို့သည် အဆိုးကို လက်ယပ်ခေါ်သကဲ့သို့ ဖြစ်တတ်သည်။ ဤသရက်သီးတို့ကို အကြောင်းပြု၍ မျောက်တို့၏ ပျက်စီးရာ ဖန်လာခဲ့သည်။ ဤသရက်သီးကို အလိုရှိသော ဗြဟ္မဒတ်မင်းသည် မျောက်တို့ကိုပါ သတ်ဖြတ်ရန် လေးသမားတို့အား အပင်ကို ဝန်းရံစေသည်။ မျောက်အပေါင်းတို့သည် အလွန် ကြောက်ရွံ့ကြသည်။ မျောက်မင်းသည် သာမာန်မျောက် မဟုတ်ပဲ၊ ခွန်အားဗလ ကောင်းမွန်သော မျောက်မျိုးဖြစ်ရာ၊ ဘေးလွတ်ရာ တစ်ဖက်ကမ်း ခုန်၍ ကူးနိုင်စွမ်းရှိသည်။ ကိုယ်လွတ် ရုန်း၍ ပြေးလိုက ပြေးနိုင်သည်။ သို့သော် ခေါင်းဆောင်ကောင်းဟူသည် မိမိကိုယ်ကျိုးထက် နောက်လိုက်ငယ်သားတို့၏ အကျိုးစီးပွားကို ဦးစား ပေးလေသည်။

အလောင်းတော်သည် မျောက်အပေါင်းတို့ကို နှစ်သိမ့်စေကာ တစ်ဖက်ကမ်းသို့ ခုန်၍ ကူးသည်။ ထို့နောက် မြစ်ကို ဖြတ်ကူးနိုင်လောက်အောင် ရှည်သော ကြိမ်နွယ်ပင်အား ရှာကာ မိမိ၏ ခါးတွင် ချည်နှောင်၏။ ထို့နောက် မျောက်တို့ရှိရာ သရက်ပင်ဆီသို့ ပြန်ကူးလာသည်။ သို့သော် နွယ်သည် အနည်းငယ်မျှတို၍နေလေရာ သရက်ပင်တွင် ချည်ကာ ကြိုးတံတားဆောက်ရန် မဖြစ်နိုင်တော့။ မိမိကိုယ်တိုင်သည်ပင် အကိုင်းဖျားတို့ကို လက်နှစ်ဖက်ဖြင့် မိရုံမျှ မှီလေသည်။ ထိုအခါ မိမိအသက်ကိုမငဲ့ကွက်တော့ပဲ၊ မျောက်တို့အား မိမိ၏ ကျောကုန်းကို နင်းကျော်ကာ တစ်ဖက်ကမ်းသို့ အချိန်မီ ပြေးကြရန် မှာကြား၏။ မျောက်တို့လည်း မိမိတို့၏ အသက်သခင်ဖြစ်သော မျောက်မင်းအား ရှိခိုး၍ ရိုသေစွာ နင်းပြီး ကူးသွားကြသည်။ လောကတွင် ကျေးဇူး သိတတ်သူတို့ရှိသလို၊ ကျေးဇူး မဲ့တတ်သူတို့လည်း ရှိလေရာ ဒေဝဒတ်အလောင်း မျောက်ဆိုးသည် မိမိရန်သူ မျောက်မင်း ပျက်စီးစေရန် အခွင့်ကောင်းယူသည်။ အလောင်းတော်၏ ကျောထက်သို့ အမြင့်မှ ခုန်ချကာ ကူး၍ ပြေးသည်။ မျောက်မင်းလည်း ပြင်းစွာသော ဝေဒနာဖြစ်၍ တစ်ဦးတည်း ကျန်ရစ်လေသည်။

ထိုအဖြစ်ပျက်ကို သစ်ပင်အောက်မှ ဗြဟ္မဒတ်မင်းက စောင့်ကြည့်နေသည်။ ဗြဟ္မဒတ်မင်းသည် မျောက်တို့အား သတ်ဖြတ်မည့် ရန်သူဖြစ်သည်။ သို့သော် တိရစ္ဆာန်ပင် ဖြစ်လင့်ကစား မိမိကိုယ်ကို အနစ်နာခံ, အသေခံ၍ အများအကျိုးကို ဆောင်ရွက်သော အလောင်းတော်၏ မြင်ကွင်းက ရန်သူဗြဟ္မဒတ်မင်း၏ စိတ်နှလုံးကို သိမ်းကြုံး ယူလိုက်သည်။ မျောက်မင်းအား အပင်ထက်မှ ညင်သာစွာ ချစေ၍ အသင်သည် ထိုမျောက်တို့နှင့် မည်သို့ တော်စပ်သနည်းဟု မေး၏။

တံ မံ န တပတေ ဗန္ဓော၊ မတော မေ န တပေဿတိ။
သုခမာဟရိတံ တေသံ၊ ယေသံ ရဇ္ဇမကာရယိံ။

အချုပ်အနှောင်ကို ငါမမှု။ သေမည်ကိုလည်း မစိုးရိမ်။
အကြင်သူတို့၏ မင်းဖြစ်သော ငါသည်
ထိုသူတို့၏ ချမ်းသာကို ဆောင်ပါ၏။

အထက်ပါ ဂါထာသည် မျောက်မင်း၏ အဖြေဂါထာများထဲမှ တစ်ပိုဒ်ဖြစ်သည်။ ခေါင်းဆောင်ကောင်း၊ မင်းကောင်းသည် မိမိအကျိုးစီးပွားကို မငဲ့၊ မိမိ အသက်ကိုလည်း မငဲ့။ မိမိ အုပ်စိုးသော ပြည်သူတို့၏ အကျိုးစီးပွားကို ဆောင်ရသည်။ မိမိအား ဥပမာပြုကာ တိုင်းသူပြည်သားတို့၏ အကျိုးစီးပွားကိုဆောင်ရွက်ရန် ဗြဟ္မဒတ်မင်းအား တရားဟောဆုံးမလျှက်ပင်၊ မျောက်မင်းသည် အသက်စွန့် သွားလေသည်။ မျောက်မင်းအား ကောင်းစွာသင်္ဂြိုဟ်၍ အရိုးပြာတို့ကို စေတီတည်ထား၏။ မျောက်မင်းဆုံးမသည့် အတိုင်း ဗြဟ္မဒတ်မင်းသည် တိုင်းပြည်အား တရားနှင့်အညီ အုပ်ချုပ်သွားသည်။ မျောက်မင်းသည် မျောက်ရှစ်သောင်းတို့၏ ခေါင်းဆောင်သာ မဟုတ်တော့။ ဗြဟ္မဒတ်မင်းနှင့် ဗာရာဏသီပြည်သူတို့၏ စံပြခေါင်းဆောင် ဟုလည်း ဆိုရပေမည်။

ဧရာ(မန္တလေး)
စာညွှန်း။ သတ္တကနိပါတ်၊ ဂန္ဓာရဝဂ်၊ မဟာကပိဇာတ် (ဇ-၄၀၇)

Sunday, March 22, 2009

ဘလော့ဂ်တာ...(၁၁) အညမည

မသီတာလေ ဘလော့လေးလုပ်ပြီး စာတွေလည်းရေးရ။ ဘလော့မိတ်ဆွေတွေဆီ CBox မှာနှုတ်ဆက်လိုက်။ ပို့စ်တွေ ဖတ်လိုက်၊ ကော်မန့်တွေ ရေးလိုက်နဲ့ စိတ်ချမ်းသာပါတယ်။

ဘလော့ဂင်းရင်းနဲ့ သတိထားမိတဲ့ အချက်လေးတွေ ချရေးလိုက်ပါတယ်။

မသီတာလည်း (မကြီးမငယ်ပေမဲ့) ဘလော့ဥယျာဉ်ကြီးထဲမှာတော့ လူကြီးနေရာပဲ နေချင်ခဲ့တာပေါ့…။ အို.. ဘာပဲဖြစ်ဖြစ်.. လူငယ်တွေ စာရေးဖြစ်အောင် တဖက်တလမ်းက တွန်းအားပေးတဲ့ အနေနဲ့ ဒီလောကထဲ ငါရှိနေမယ်…။ (အမယ် လာတာ လာတာ… ကံကောင်းလို့ အောက်ခြေမလွတ်တယ်)…။ အမှန်တကယ်က လူငယ်တွေဆီက အားတွေယူဖို့ ဒီလောကထဲမှာ မသီတာ ရှိနေတာ…။

အပြင်လောကမှာ မသီတာရော ကိုဧရာပါ အပေါင်းအသင်းမိတ်ဆွေ နည်းပါတယ်။ မသီတာတို့ရဲ့ မနွေးထွေးတတ်တဲ့ ချို့ယွင်းချက်ကြောင့်ပါ။ အနားမှာ ရှိတဲ့သူကို မသက်မသာ မလုံမလဲ ဖြစ်စေတဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်တဲ့ မွေးရာပါ ဒီဗီဇဆိုးကို သတိထားမိလာတယ်။ လိုနေတာ သင်္ဂါရ ရသပါတဲ့ရှင်…။

ကိုယ်ကိုတိုင်က အမျိုးသမီးဖြစ်နေလေတော့ ဘလော့ဂါ အမျိုးသမီးတွေကို ပိုပြီး နားလည် နှစ်သက် စွဲလန်းမိတယ်။ ငါဘာကြောင့် မိန်းမဖြစ်နေရတာလဲ ဆိုတဲ့ ဂွကျကျမေးခွန်းရဲ့ အဖြေကို ပိုင်ပိုင်နိုင်နိုင်ရသွားပြီ ဆိုပါတော့။ နောင်ဘဝများရှိခဲ့ရင် မ,ဆိုတဲ့သတ္တဝါ မဖြစ်ပါရစေနဲ့တော့လို့ တောင်းခဲ့တဲ့ဆုကိုတောင် ယောင်ရမ်းပြီး တောင်းခဲ့တာမှန်း သေချာသွားပြီ…။

sonata-cantataရဲ့ နောက်ကွယ်က မပါမဖြစ်တဲ့ ကိုဧရာကြီးနဲ့မသီတာ တို့ရဲ့ ဒီပို့စ်မတင်ရဘူး၊ သည်စာသား မထည့်ရဘူး၊ သူကလက်နဲ့ရေးရင် ကိုယ်ကပါးစပ်နဲ့ ဖျက်၊ ကိုယ်က နှလုံးသားနဲ့ရေးရင် သူကဦးနှောက်နဲ့ ဖျက် စတဲ့ စတဲ့ ဝိရောဓိလေးတွေ… ။ အလွန် စိတ်ဝင်စားဖို့ကောင်းပါတယ်…။

သင်ခဲ့ဖူးတဲ့ လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည သဘောတရားဆိုတာ… မသီတာသည် ဘလော့လောကနဲ့ ပရလောက အဲလေ ယောင်လို့ ပြင်ပလောက၌ စီးမျောနေသည်ဆိုဆို နစ်မြုပ်နေသည်ပဲပြောပြော အညမညတွေက ပေးလိုက်တဲ့ အသိတရားကတော့ ကိုယ်နဲ့ ကိုယ်မှလွဲသော အခြား၊ မ နဲ့ မ မှကြွင်းသော အကျန် (အကြွင်း အကျန် ဆိုတော့ ကောင်းသေးပါဘူး… ဒီအတိုင်းပဲထားလိုက်ပါ နားလည်ပါတယ်နော့)၊ လူနဲ့ လူမဟုတ်သော သတ္တဝါ အားလုံးကို ပိုမိုနားလည် တန်ဖိုးထားတတ်လာခြင်းပါ… ။

ကျေးဇူးတင်ပါတယ်။

Friday, March 20, 2009

ပန်းမမ

စပယ်ဖြူတွေတောင် ပွင့်ပြီကွယ်…
ပန်းလေးတွေက အလှကိုယ်စီ ရှိကြတယ် မဟုတ်လား…။ နူးညံပြီး ချစ်စရာလည်း ကောင်းကြပြန်သေးတယ်…။
မိန်းကလေးတွေကို ပန်းလေးတွေနဲ့ ခိုင်းနှိုင်းတင်စားတာတော့ ပနံရလှတယ်လို့ ထင်မိပါရဲ့။

ဖူးရာမှငုံ၊ ငုံရာမှပွင့်၊ ပွင့်ရာမှနွမ်း၊ နွမ်းရာမှ ခြောက်၊ ခြောက်ရာမှကြွေ… သဘာဝတရားတွေကို ဖြတ်သန်းလာကြတာ အဆင့်တိုင်းရဲ့ အချိန်တိုင်းမှာ ဘယ်လိုအားမာန် ဘယ်လိုသတ္တိတွေနဲ့များ ကျော်လွှားခဲ့ကြပါလေသလဲ ပန်းမမတို့ရေ…။

ကျမတို့ မိန်းကလေးတွေမှာဖြင့် အပျိုဖော်ဝင်လို့ ဓမ္မတာရာသီလာချိန် ရောက်ပြီဆိုကတည်းက ‘မ’ မို့တဲ့ အပိုဆောင်းပေးလိုက်တဲ့ ဒုက္ခတွေ… ။

ဗိုက်ကိုက်ရပါတယ် ( လူတိုင်းသိတဲ့ ဗိုက်နာတာ မဟုတ်။ ဗိုက်အောင့်တာ မဟုတ်။) ခေါင်းကိုက်ရပါတယ်။ ပျို့အန်ချင်ပါတယ်။ မတည့်စာတွေတဲ့ ရှောင်ရပါသေးတယ်။ ဘာမှတ်နေသလဲ သေတတ်တယ် တဲ့။ ခြေမသယ်ချင် လက်မသယ်ချင်ပေမဲ့လည်း ကိုယ်ခံစားနေရတာတွေ လူသိမခံရဘူးတဲ့ ရှက်စရာ သိုပါဟဲ့ ဝှက်ပါဟဲ့…။ ဒီဝက်ခြံတွေကလည်း ပြူးနေအောင် တလုံးပြီးတလုံး အပြိုင်အဆိုင်များထွက်နေကြသလားမသိ…။ ခက်လိုက်တာနော် အဲ..အချိန်တန်လို့မှ သူမလာပြန်ရင်လည်း တဒုက္ခ။ ဒင်းတို့က ထွက်မလာကြပဲ ဗိုက်ထဲမှာ အအုပ်အသင်းဖွဲ့လို့ အဖုပဲ ဖြစ်နေကြပလား အကျိတ်ပဲ ဖြစ်နေကြပလား…။ ငယ်ငယ်ရွယ်ရွယ်နဲ့ သားအိမ်ထုတ်ရပြီ ဆိုရင်တော့ အမလေးလေး ရင်မောရပါတယ်နော်။ ဒီလ မလာသေးဘူး … မပြောရဲ မပြောရဲပေါင်တော်။ တောင်ထင် မြောက်ထင်နဲ့ ကုတ်ကမြင်း ဆိုတဲ့ အသည်းခိုက်အောင်နာရမဲ့ အဓိပ္ပါယ်ဆိုးကို သယ်ဆောင်လာတဲ့ ဝေါဟာရမျိုး နားဝနဲ့ ကြားရဖို့ မဆိုထားနဲ့ အရိပ်အခြေတောင် မမြင်ချင်ပါဘူး။

လင်ယူလို့ သားမွေးရပြန်ပါပြီ…။ ကိုယ်ဝန်ဆောင်စ ဟိုဟာမစားချင် ဒီဟာမစားချင် စားဖို့မပြောပါနဲ့ အနံ့တောင်မခံချင်ပါဘူး။ ခေါင်းထဲကလည်း မူးလိုက်တာ ပျို့လိုက် အန်လိုက်…။ ဗိုက်ကြီးပူနေတာ လှလို့လားလို့။ လှတာမလှတာတွေ အသာထားဦး…။ ချွေတွေက တကိုယ်လုံး နစ်နေအောင် ထွက်ပြန်ပြီ…။ ပူလိုက်တာ ပူလိုက်တာ…။ နေရင်းထိုင်ရင်း ချမ်းပြန်ပြီဟဲ့ စောင်ခြုံလို့လည်း မလုံ။ ကလေးတိုးလို့… ကန်ပါစေ ထိုးပါစေ ကိုယ်မအိပ်ရတာ ဘာအရေးလဲ ကလေးက ကျန်းမာလို့ပဲဟာ။ သူမလှုပ်မှ ဒုက္ခ...။

အချိန်တန်တော့ မွေးရပါပြီတဲ့ မိန်းမတိုင်းမွေးလို့ ရတာပဲလို့ လွယ်လွယ်လေးမထင်ကြပါနဲ့။ ကလေးက အနေအထားမမှန်၊ အချင်းကပ်လို့ သွေးသွန်တယ် ဆိုတာမျိုးတွေ ဖြစ်လာရင်တော့ ရှုပ်ထွေးလာပါပြီ။ အသက် အန္တရာယ်နဲ့ ရင်ဆိုင်ကြရတာပါ။ ကိုယ်ဝန်ဆောင်တုန်းမှာမှ ဖြစ်တဲ့ ဆီးချိုဆိုတာလည်း ရှိသေးသနော်။ ဖွားခါနီး သွေးပေါင်ချိန်တွေ တိုးနေပြီ ဆိုရင်တော့…။ ယောကျ်ားတွေ ဖောင်မစီးချင်ရင် ရကောင်းရနိုင်ပေမဲ့ သားဖွားတဲ့ မိန်းမကတော့ မီးမနေလို့ ရပါ့မလား။

သားသမီး မထွန်းကားနိုင်ပြန်ပါဘူးတဲ့… ရင်ထဲက ကျိတ်ခံစားရတဲ့ ဝေဒနာတွေ…။ ကံတရားကိုလည်း အပြစ်ပုံမချတော့ပါဘူး …။ ရရာ ရကြောင်း ခေတ်မီနည်းစနစ်တွေနဲ့ ငွေကုန်ပါစေ လူပန်းပါစေ…။

ဒီလိုနဲ့ တရွေ့ရွေ့ လေးဆယ်နားနီးရုံ ရှိသေး…။ လှချင်ပါတယ်လို့ တဆွေလုံး တမျိုးလုံး ကြွေးကြော်လာရက်နဲ့ တို့များကျမှ ရက်ရက်စက်စက် ကွက်ပြီးတော့ ထွက်ရက်ပလေ မျက်နှာပေါ်မှာမှ အမဲကွက်တွေ။ ဖုံးမရ ဖိမရ ဒီတင်းတိတ်နဲ့ မှဲ့ခြောက်တွေ။ ဘာလို့ပါလိမ့်… ဘာကြောင့်များပါလိမ့်… တားဆေးတွေကြောင့်လား… (ဆရာဝန် သောက်ခိုင်းတဲ့ ဆေးတွေကြောင့်လား)။ အကြောတွေကလည်း တက်လိုက်တာ…။ သားကြောဖြတ်ထားလို့များလား… (စကုတ်နဲ့ ကြည့်တုန်းက ဘာတွေများထိခိုက်သွားပါလိမ့်)…။

လာကတည်းက မအီမလည် ဒီဧည့်သည်… မလာချင်ပြန်ဘူး ဆိုတော့လည်း ဘယ်လာ သက်သက်သာသာ ဟုတ်ပါ့မလဲ။ ငိုချင်အောင် လုပ်လိုက်၊ ရယ်ချင်အောင်လုပ်လိုက်၊ အိပ်မပျော် စားမဝင်၊ စိတ်တွေညစ်ငြူး၊ ဖျားတာလည်း မဟုတ် နာတာလည်း မဟုတ်။ တရှောင်ရှောင်နဲ့ အမူပိုနေတယ်မထင်နဲ့။ ချိမသွားရင်ပဲ ကျေးဇူးတင်…။ ရှင်တို့ထက် သာတဲ့ ကင်ဆာဖြစ်နိုင်တဲ့ နေရာတွေ တကိုယ်လုံးမှာ တပွေ့တပိုက်ပါရှင့်…။

အူက ယောက်ျားတွေထက် ပိုတိုနေလို့ ဆိုလား… ရက်ရက်စက်စက် တွယ်ကြပြန်သေးတယ် “အူတိုမျိုး” တဲ့။ တိုရုံမက ပုတ်ပါပုတ်နေသယောင် သတ်မှတ်ထားကြတာ မသိဘူးများ မှတ်နေသလား။ သားအိမ် တခုလုံး အပို ပါတာတော့ ချီးမွမ်းဖို့ရာကျ မပွင့်တပွင့်။ ဒါတွေက မိန်းမတိုင်းဖြစ်တာ မဟုတ်ပါဘူးကွာ ဖြစ်ချင်တဲ့သူမှ ဖြစ်တာပါတဲ့…။

အစမှ အဆုံးတိုင် တို့များမတော့ သည်းခံရပါတယ်ကွယ်တို့ …သည်းခံခြင်းသည်သာ လက်ကိုင်တရား။ သည်းခံခြင်းဖြင့်သာ အောင်နိုင်ရာ…။

(ထိုထို သဘာဝက ပေးအပ်ထားသော ဘေးဒုက္ခအန္တရာယ်အပေါင်းနှင့် မိန်းမသားများကို စာနာ နားလည် ညှာတာ ထောက်ထား တန်ဖိုးထားတတ်ပါသော ပန်းချစ်သူများကို လေးစားသမှု အစဉ်ပြုလျက်~)

ချစ်တဲ့ သူငယ်လေ

ခေါင်းကိုက်လို့ ပို့စ်လေးတွေ အတင်ကျဲသွားတယ်။ အခုတော့ သက်သာလာသမို့… သူငယ်ချင်းတွေကို
ချစ်တဲ့ သူငယ်လေ ))) လို့ (စန္ဒယား လှထွဋ်လို အသံသြသြကြီးနဲ့) နှုတ်ဆက်လိုက်ပါတယ်။

ကျန်ခဲ့တဲ့ Sundayက ငယ်ငယ်ကတည်းက တွဲခဲ့တဲ့ အရိပ်အကဲမသိသူနဲ့အတူ သူငယ်ချင်း တယောက် လေးဆယ်ကျော်မှ ကံပေါ်ဆိုသလို သမီးဦးကလေးမွေးလို့ သွားကြည့်ကြတယ်။ သူငယ်ချင်းတွေကလည်း မတွေ့တာ ကြာပြီဆိုတော့ စကားတွေ တော်တော်ပြောဖြစ်တယ်။ ယောက်ျားတွေ အကြောင်း၊ မိန်းမတွေ အကြောင်း၊ ကလေးတွေ အကြောင်း။ မီးနေသည် သူငယ်ချင်းကလည်း ကလေးရလာတော့ အရင်တုန်းကနဲ့ နည်းနည်းမှ မတူတော့ကြောင်း တာဝန်တွေ ၀တ္တရားတွေနဲ့ ကိုယ်ရော စိတ်ပါ ပင်ပန်းကြောင်းတွေ ပြောပါတယ်။ ကျမကတော့ ဟုတ်တယ် ဟုတ်တယ်ပေါ့။ နောက်သူငယ်ချင်းကတော့ အမယ် အမယ် ရင်ဖွင့်နေတယ်ပေါ့လေ ဆိုပြီး တဆက်တည်းဆိုသလို ပြောချလိုက်တာ “ငါသာ ကလေးရရင် ငါ့ယောက်ျားနဲ့ ငါ ကွဲမှာပဲ” တဲ့… ဒီတော့ ဟို မီးနေသည် သူငယ်ချင်းက “ဟဲ့ဟဲ့ နင်ကလည်း ဘယ့်နဲ့ ကလေးရမှ ကွဲမှာတုန်း” ဆိုတော့ သူက “ဟုတ်တယ်လေ သူလည်း မထိန်းချင်၊ ငါလည်းမထိန်းချင်ဆိုတော့ ကွဲမှာပေါ့” တဲ့…အဲ့လိုအဲ့လို နားမခံသာအောင် အရိပ်အကဲမသိ ပြောတတ်တဲ့ သူက…

(ကျမ သားဦးကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ဘယ်အချိန်မှာ ဘာဖြစ်တယ်ဆိုတာ ကျမထက် ပို မှတ်မိတဲ့သူ။ လေးလကျော်ကတည်းက ဆေးရုံမှအပ်ထားတဲ့ ဗိုက်ကို တလ တခါ ပုံမှန် check up တွေမှာလည်း ကြုံသလို အဖော်လိုက်ပေး။ လမစေ့သေးပဲ ကလေးကမွေးမလိုလုပ်လို့ ဆေးရုံတက်ခဲ့ရတုန်းကလည်း အပြင်မှာ တနေကုန်ထိုင်စောင့်။ ကလေးလေးမွေးလာတော့လည်း သူတို့ မင်္ဂလာဆောင်တဲ့နေ့ မွေးတာဆိုပြီး သည်းသည်းလှုပ်။ ကလေး လက်သည်းညှပ်။ နဖာချေးကလော်။ ကလေး ရေစ,ချိုးတော့မယ် ဆိုတော့လည်း အိမ်အောက်ပြေးဆင်း ဒါလား ဒါလား မသိလို့ ငါနှစ်ခု စလုံး ၀ယ်လာလိုက်တယ်တဲ့
(ပုံထဲက ဇလုံနှစ်ခုက သားကြီး မွေးစ ၁၉၉၈ကတည်းက သူငယ်ချင်းဝယ်ပေးထားတာမို့ သူတို့ သက်တမ်း ဆယ်နှစ်ကျော်ပါပြီ)
မီးနေသည် ကျမကိုလည်း နို့ကြောင်းမပိတ်အောင် ညှစ်ရ။ ရေနွေးပုလင်းကပ်ရ။ ဗိုက်ကြီးပူကျန်မနေခဲ့အောင် ဗိုက်စီးပေးရ။ အများကြီးကို ကျန်ပါသေးတယ် ဥဿုံပါပဲ...။ မီးနေသည်တယောက်ရဲ့ ဝေယျာဝစ္စတွေကို စိုးရိမ်တကြီး စိတ်ပါလက်ပါ လုပ်ခဲ့သူပါ။)

ပုခက်ကလေးထဲမှာ အိပ်နေတဲ့ မွေးကင်းစ ကလေးလေးကို ဘေးကကြည့်ရင်း သူ မျက်ရည်ဝဲတယ်။ အမှတ်တမဲ့ ဆိုသလို မျက်လုံးဒေါင့်က မျက်ရည်တချို့ကို လက်ချောင်းတွေနဲ့ တောက်ပစ်လိုက်တယ်။
အရိပ်အကဲမသိ အပေါက်ဆိုးသလောက် ဟန်ဆောင်ကလည်း မကောင်းဘူး…

(ကိုယ့်ပတ်ဝန်းကျင်က ချစ်တတ်ပြီးမှ အချစ်ငတ်ရ ရှာလေသူတို့ အတွက် ~)

Tuesday, March 17, 2009

မွေးနေ့ လက်ဆောင်မွန်



ကိုဧရာ့ညီက သူ့တူဖြစ်သူ ရေချမ်းအတွက် မွေးနေ့လက်ဆောင်အဖြစ် (၂၀၀၅ခုနှစ်က) ကွန်ပြူတာနဲ့ ဖန်တီးပေးထားတဲ့ လက်ရာလေးပါ။ အခု ရေချမ်းမွေးနေ့ မရောက်သေးပေမဲ့-
ဘလော့ပေါ်က မိတ်ဆွေတွေကို ဧရာသီတာမှ မွေးနေ့လက်ဆောင်မွန် အဖြစ် ထပ်ဆင့်ဝေမျှလိုက်ပါတယ်။

Tuesday, March 10, 2009

သံဝေဂ

တမလွန်နဲ့ပတ်သက်ပြီး လူတချို့ကိုမေးစမ်းကြည့်မယ်ဆိုရင်… အချို့က “သေရင် ပြတ်စဲသွားမယ်။ … ပြီးဆုံးသွားမယ်။ ဆိုလိုတာက decompose ဖြစ်သွားမယ်။ molecules တွေ… atoms တွေအဖြစ်ပဲ ဆက်ရှိကောင်းရှိလိမ့်မယ်” လို့ဆိုမယ်။ ‘ငါ’ ဆက်ရှိမှာ မဟုတ်တော့ဘူးလို့ အဓိပ္ပါယ်ရတယ်။ အချို့ကတော့ ‘ငါ’ ဟာ တမလွန်ဘ၀မှာ တစ်နည်းနည်း တစ်ဖုံဖုံနဲ့တော့ ဆက်ရှိနေမှာပါပဲလို့ ယူဆကြတယ်။ ဘာပဲဖြစ်ဖြစ် “သေခြင်းတရား”ဆို တဲ့ စည်းတစ်ခုနဲ့ ခြားကြည့်တဲ့အခါ၊ ‘ငါ’ ဆက်ရှိနေမယ် (သို့မဟုတ်) ‘ငါ’ ရှိမှာ မဟုတ်တော့ဘူး ဆိုတဲ့ကောက်ချက်ကို ချကြလိမ့်မယ်။

အဲဒီ ‘ငါ’ဟာ ဘာလဲ…? Descarte က “ငါ စဉ်းစားတယ်၊ ဒါကြောင့် (စဉ်းစားနေတဲ့) ငါရှိတယ်” တဲ့။ “သေခြင်းတရား”ဆို တဲ့ စည်းကိုတောင် တွေးကြည့်နေစရာ မလိုပါဘူး။ ငါရှိနေတယ် I am, I exist ဆိုတဲ့ အဖြေတစ်ခုရှိနေတယ်။ လူအများစုအတွက် (တကယ်တော့ လူတိုင်းနီးပါးပါပဲ)… စဉ်းစားတတ်၊ သိတတ်၊ ခံစားတတ်တဲ့ ငါဟာရှိနေတယ်။
ဗုဒ္ဓ၀ါဒက I am နဲ့ I am not … (I exist နဲ့ I do not exist…) ကို အစွန်းတရား နှစ်ပါးလို့ ဟောထားတယ်။ ဟုတ်တယ် … အစွန်းတရား နှစ်ပါးတဲ့။ “ငါရှိတယ်”လို့ မယူခဲ့ရင်လည်း “ငါမရှိဘူးဆိုတဲ့” တစ်ခြားအစွန်းတဖက်ကို ရောက်သွားမယ်။ ဗုဒ္ဓ၀ါဒက “ငါမရှိဘူး”လို့ သင်ကြားပေးပါသလား…? စင်စစ်… “ငါမရှိဘူး” ဆိုတာဟာ သမ္မာဒိဋ္ဌိမဟုတ်၊ … ဥစ္ဆေဒဒိဋ္ဌိ သာဖြစ်တယ်။ အတ္တာနုဒိဋ္ဌိ သာဖြစ်တယ်။ တစ်နည်းဆိုရင်လည်း… “နတ္တိမေ အတ္တာတိ” ငါ့မှာ ငါမရှိဘူး လို့မြင်နေတာပဲ။ I am ကို ငြင်းပယ်ခြင်းဟာ I am not ဆိုတဲ့ အဖြေပဲရပါသလား…? ဗုဒ္ဓက အလယ်လမ်းကနေ “နေသော ဟမသ္မိ” Not ‘this am I’ – ‘ဒါဟာ ငါပဲ’လို့ ညွှန်ပြစရာ မရှိဘူးလို့ အနတ္တလက္ခဏာသုတ်မှာ ဟောခဲ့တယ်။ “ငါ့မှာ ငါမရှိဘူး” ဆိုတာနဲ့ “ငါလို့ထင်ထားတာ မဟုတ်ဘူး” ဆိုတာက တူသယောင်နဲ့ အများကြီးကွဲတယ်။

လူတွေဟာ “ငါရှိတယ်” နဲ့ “ငါမရှိဘူး” ကြားမှာပဲ ရှုပ်နေကြတယ်။ Existentialists လို့ခေါ်တဲ့ ဖြစ်တည်မှုပဓာန၀ါဒီတွေ အပါအ၀င်ပေါ့။ တစ်ချို့ကတော့ ကိုယ်ရှုပ်နေတာကို ရှုပ်မှန်းမသိဘူး။ ကိုယ့်ပြဿနာကို ကိုယ် မသိဘူး။ တစ်ချို့ကတော့သိတယ်… ဒါပေမဲ့… ရှင်းရမဲ့အဖြေမရှိဘူး။ “မွေးဖွားသည်နှင့်အမျှ ငါတည်ရှိ လာတယ်။ ဒါပေမဲ့… အဲဒီ မွေးဖွားချိန်ကစပြီး အချိန်ချိန်တိုင်းမှာ… ငါဟာ သေဖို့ဖြစ်နိုင်နေတယ်” လို ဖြစ်တည်မှုဝါဒီတစ်ဦးဖြစ်တဲ့ Heideggerက ပြောခဲ့ဖူးတယ်။ ဒီလို… သေခြင်းနဲ့တွေ့ပေးပြီး… ကိုယ်အရှုပ်ကိုမြင်အောင်ကြည့်ခိုင်းရာမှာတော့ ဖြစ်တည်မှုဝါဒဟာ ဗုဒ္ဓ၀ါဒနဲ့ဆင်တယ်လို့ ဆိုနိုင်တယ်။ တကယ်တော့ သေခြင်းတရားဆိုတာ ဖြစ်နိုင်ခြေတွေ အားလုံးကိုငြင်းပယ်လိုက်တဲ့ အရာပဲတဲ့…။ တနည်းပြောရရင်… လူတွေရဲ့ ဇတ်ရှုတ်ကြီးဟာ (မေ့နေတောင်… ဒါမှမဟုတ် မေ့ထားရင်တောင်) သေခြင်းတရားနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ပေးလိုက်တဲ့အခါ … ဘွင်းဘွင်းကြီး ပေါ်လာတော့တာပဲ။ အဲဒီ ကိုယ့်အရှုပ်ကိုယ် မမြင်တဲ့လူတွေကို… “ရယ်စရာတွေ့လည်း နားမလည်ဘဲ ရယ်နေ၊ လွမ်းစရာတွေ့လည်း နားမလည်ဘဲ လွမ်းနေကြတဲ့လူတွေ … လူအစစ်မဟုတ်တဲ့လူတွေ (Inauthentic men)” လို့ ဖြစ်တည်မှုဝါဒီတွေက ခပ်နာနာလေး ရှုတ်ချတယ်။ ဒါပေမဲ့ ဖြစ်တည်မှုဝါဒီတွေ ကိုယ်တိုင်ကလည်း အဲဒီအရှုပ်ကို ရှင်းနိုင်မဲ့… ဖြေဆေး မရှိလေတော့ “ကိုယ်သေနေ့ကို စောင့်နေရတဲ့ ရောဂါသည်တစ်ဦး”လို သနားစရာပါပဲ။

လူတွေက… သေခြင်းတရားကို ကြောက်ကြတယ်။ အရပ်ထဲမှာ ဆိုရင် “သေ” စကားပြောရင်… “ဟဲ့ ကောင်လေး… နိမိတ်မရှိ၊ နမာမရှိ” လို့ လူကြီးတွေက ကြိမ်းမောင်းတတ်ကြတယ်။ မကြောက်ပါဘူး ဆိုသူတွေကလည်း… “အို… လူတိုင်းသေကြရတာပဲ။ ငါတစ်ယောက်တည်း သေရတာမဟုတ်ဘူး” ဆိုပြီးတော့ သေခြင်းတရားက ထွက်ပြေး နေကြတယ်။ “နိစ္စဓူဝအလုပ်တွေ၊ အပျော်အပါးတွေ၊ ပန်းချီဆွဲတာ၊ ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြီး စားမြုံပြန်တာ…. စသဖြင့်၊ စသဖြင့်တွေနဲ့ အချိန်တွေကို ကျော်လွန်ပြီး… ကိုယ့်ရဲ့ သေခြင်းတရားကို မေ့လျော့ထားကြတယ်”တဲ့။ ဒါကိုပဲ ဖြစ်တည်မှုဝါဒီတွေက … သနားစရာလူတွေ၊ လူစင်စစ် မဖြစ်သေးတဲ့ လူတွေလို့ ကင်ပွန်းတတ်လိုက်ကြတယ်။

လူတွေက သေခြင်းတရားကို “အမင်္ဂလာ၊ နိမိတ်ဆိုး” အဖြစ်ယူဆကြတယ်။ မြန်မာပြည်က စာရေးဆရာတစ်ဦးက စာပေဟောပြောပွဲတစ်ခုမှာ ပြောဖူးတယ်။ ကျုပ်တို့နိုင်ငံက မတိုးတက်ဆို… အိမ်တကာလိုလိုမှာ… “ငါသည်မုချသေရမည်၊ အချိန်ပိုင်းသာလိုတော့သည်” ဆိုတဲ့ဆောင်ပုဒ်လေးကပ်ထားတာ တွေ့နေရတယ်တဲ့။ ဗုဒ္ဓကတော့ အဲဒီ သေခြင်းတရားကို မြင်ပြီး၊ တောထွက်သွားတယ်။ ဗုဒ္ဓစာပေတွေမှာ သေခြင်းတရားကို “နိမိတ်ကြီးလေးပါး” ထဲက တစ်ပါးအနေနဲ့ တောင် အရေးတယူပြုရတယ်။ အမြင်ခြင်းက ကွာတယ်။ ဗုဒ္ဓက သေခြင်းတရားကို အမြဲနှလုံးသွင်းရမဲ့တရားလို့… အဘိဏှသုတ်မှာ ဟောထားတယ်။

တကယ်တော့ သေခြင်းတရားဆိုတာဟာ… အလွန်လွယ်ကူတဲ့ အရာတစ်ခုပါ။ တစ်လောကပဲ … မိတ်ဆွေတစ်ဦး ဦးနှောက် သွေးကြောပေါက်ပြီး ဆုံးသွားတယ်။ လတ်တလောမှာပဲ… ညီအရင်းနဲ့မခြား အတူနေ အတူကြီးပြင်းလာခဲ့တဲ့ ၀မ်းကွဲညီတစ်ယောက်… အသည်းကင်ဆာနဲ့ ဆုံးသွားပြန်တယ်။ သတင်းကို အမှတ်မထင်ပဲ ကြားလိုက်ရတော့… အရမ်းကို ၀မ်းနည်းသွားတယ်။ အဲဒီထက်… အရမ်းကိုတုန်လှုပ်သွားပြီး… ဘယ်လိုမှ မယုံနိုင်သလိုဖြစ်သွားတယ်။ “လူဆိုတာ သေမျိုးပဲ… အချိန်မရွေးသေနိုင်တာပဲ”… လို့ theoretically လက်ခံထားတယ် ဆိုပေမဲ့၊ တကယ်တမ်း ကြုံလာရင်… ရင်ဆိုင်ရဲ ပါရဲ့လား။ သေခြင်းတရားဆိုတဲ့ သဘောဟာ မိမိနဲ့ နီးစပ်လာတာနဲ့ အမျှ… ချောက်ချားစရာတစ်ခု ဖြစ်လာတယ်။ “လူဆိုတာ သေမျိုးပဲ” ဆိုတာဟာ objective truth အနေနဲ့ မှန်ပေမဲ့… ကိုယ်နဲ့သိပ် မဆိုင်တဲ့ ယုတ္တိဗေဒအဆိုတစ်ခုလို … အတော်လေး အသက်ကင်းမဲ့တဲ့… အမှန်တရား ဖြစ်နေတယ်။ “ငါ သေရတော့ မှာပါလား”… “ငါနဲ့ နီးစပ်သူ တစ်ဦးဦး သေရတော့မှာ ပါလား”… ဆိုမှ objective truth ဘောင်ကလွန်လာပြီး subjective truth နယ်ထဲဝင်လာတယ်။ ကြောက်တယ်ဆိုတာ… တစ်ခုခုဖြစ်မှာ ကြောက်တာ။ “ငါ ရှိတော့မှာ မဟုတ်ဘူး”… “ငါနဲ့ ခွဲရတော့မယ်” လို့ စိုးရိမ်တာ...။

တကယ်တော့ ဗုဒ္ဓက အဘိဏှသုတ် နေ့စဉ်ပွားခိုင်းတာဟာ … သေခြင်းတရားကို ကြောက်ဖို့ မဟုတ်ပါဘူး။ ကိုယ့် ပြဿနာ ကိုယ်မြင်ဘို့။ တစ်ခုခု လုပ်ဖို့ လိုနေပြီဆိုတဲ့…. sense of urgency ၀င်ဖို့။ … သံဝေဂရဖို့။ သံဝေဂမှ အစပင်… သတိတရားဝင်… အနိစ္စ လက္ခဏာမြင်… ဒုက္ခ အစစ်အမှန်တွင်(တွင်)… အနတ္တ လက္ခဏာထင်(ထင်ရှား)…

“ငါလို့ထင်ထားတာ မဟုတ်ဘူး”

(7 December, 2002 က ချရေးထားသော အတွေးများ)
ဧရာ(မန္တလေး)

Friday, March 6, 2009

အဓိကရုဏ်း နှိမ်နင်းရေး


မျက်ရည်ယိုဗုံး, တုတ်, ဒိုင်း, သေနတ်များသုံးသည့် အဓိကရုဏ်းနှိမ်နင်းရေး အကြောင်း မဟုတ်ပါ။ လုပ်ငန်းခွင်အတွက် Conflict Resolution သင်တန်းတစ်ခုတက်ရင်း ဗုဒ္ဓဘာသာ တရားတော်များထဲက အဓိကရဏသမထ (အငြင်းပွားမှု ငြိမ်းအေးစေခြင်း) အကြောင်းများကို ဆက်စပ် စဉ်းစားမိ၍ ဖြစ်သည်။

“အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာ တွေ့ရတတ်သည်” ဆိုသောစကားအတိုင်း အိမ်တွင်းရေး ကတောက်ကဆလေးများမှအစ လုပ်ငန်းခွင်, စီးပွားရေး, လူမှုရေး, နိုင်ငံရေးတို့တွင် ပဋိပက္ခများ ကြုံတွေ့ရတတ်သည်။ မြတ်စွာဘုရားရှင်၏ သံဃာ့အဖွဲ့အစည်း အတွင်း၌ပင် ပဋိပက္ခ, အငြင်းပွားမှုများ မလွဲရှောင်သာ ကြုံတွေ့ရလေသည်။ ၀ိနည်းနှင့် သုတ္တန် ဒေသနာတော်များတွင် ထိုသို့ အငြင်းပွားမှုများ၏ အခြေခံ အကြောင်းအရင်း, ချည်းကပ်ပုံနှင့် မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဟူသော လုပ်ထုံးလုပ်နည်းများကို ဟောကြားထားပါသည်။ သံဃာ့ထုအတွင်းမှ institutionalized conflict မျိုးကို ဖြေရှင်းရန်အတွက် ရည်ရွယ်၍ ဟောကြားခြင်း ဖြစ်သော်လည်း လူ့ဘောင်ဘ၀ အမှုကိစ္စများကို ဖြေရှင်းရာတွင် အလျှဉ်းသင့်သလို နည်းမှီ အသုံးပြုနိုင်ပါသည်။

**** ****

အငြင်းပွားမှု ၄-မျိုး
(၁) အမှားအမှန် အငြင်းပွားမှု (၀ိဝါဒါဓိကရဏ)
(၂) ရဟန်းတစ်ပါးပါးအား ၀ိနည်းသိက္ခာပုဒ်တို့ ကျူးလွန်ဖောက်ဖျက်သည်ဟု စွတ်စွဲသောအမှု (အနုဝါဒါဓိကရဏ)
(၃) ရဟန်းတစ်ပါးပါးက ၀ိနည်းသိက္ခာပုဒ်တို့ ကျူးလွန်ဖောက်ဖျက်မိသော အမှု (အာပတ္တာဓိကရဏ)
(၄) သံဃာအဖွဲ့အစည်း ကိစ္စများဆောင်ရွက်ရာတွင် အငြင်းပွားမှု (ကိစ္စာဓိကရဏ)

အငြင်းပွားကြောင်း ၆-ပါး
(၁) အမျက်ဒေါသထွက်၍ ရန်ငြိုးဖွဲ့တတ်ခြင်း
(၂) သူ့ကျေးဇူးကို ချေဖျက်၍ ဂုဏ်ပြိုင်တတ်ခြင်း
(၃) မနာလိုဝန်တိုခြင်း
(၄) ဟန်ဆောင် လှည့်စားတတ်ခြင်း
(၅) ယုတ်မာသော အလိုရှိ၍ အယူမှားခြင်း
(၆) တစ်ယူသန်ခြင်း

အငြင်းပွားမှု ဖြေရှင်းနည်း ၇-မျိုး
(၁) သမ္မုခါဝိနည်း (face-to-face resolution)

‘သံ’သည် ပေါင်းဆုံခြင်း, ‘မုခ’သည် မျက်နှာဟု အဓိပ္ပါယ်ရသည် (သံ + မုခ = သမ္မုခ)။ သမ္မုခါဝိနည်းသည် မျက်နှာချင်းဆိုင် တွေ့ဆုံ ဖြေရှင်းသော နည်းဖြစ်သည်။ ပြဿနာတစ်ခုဖြစ်လာလျှင် ထိုပြဿနာကို မျက်နှာချင်းဆိုင် ရင်ဆိုင်ဖြေရှင်းခြင်းသည် ဖြေရှင်းနည်း အားလုံးတို့တွင် ပထမဆုံး အဆင့်ဖြစ်သည်။ ‘မျက်နှာချင်းဆိုင် ရင်ဆိုင်တွေ့ဆုံခြင်း’ သည် အငြင်းပွားသူချင်း ရင်ဆိုင်တွေ့ဆုံခြင်း (ပုဂ္ဂလသမ္မုခတာ) သာမက အဖွဲ့အစည်းမျက်မှောက်တွင် တွေ့ဆုံခြင်း (သံဃသမ္မုခတာ), တရားမျှတမှုကို ရှေးရှုခြင်း (ဓမ္မသမ္မုခတာ), စည်းမျည်းဥပဒေများကို ရှေးရှုခြင်း(၀ိနယသမ္မုခတာ) တို့လည်းပါဝင်သည်။

အကယ်၍ တွေ့ဆုံဖြေရှင်းရာတွင် မပြေလည်ပဲ အခြေအမြစ်မရှိသော အပြန်အလှန်ငြင်းခုံမှုများသာဖြစ်နေပါက အမှုကို သံဃာ့အဖွဲ့အစည်းအား အပ်နှံ၍ သံဃာက အရည်အချင်းရှိသော ရဟန်းအား ခုံသမာဓိလူကြီးအဖြစ် ရွေးချယ်တင်မြောက်ရသည်။ ယနေ့ခေတ်တွင် ကော်မရှင်ဖွဲ့စည်း၍ ဂျူရီလူကြီးခန့်အပ်ခြင်းနှင့် ဆင်သည်။ ယင်းသို့ ဂျူရီလူကြီးရွေးချယ်၍ အများသိစေရန်ကြေညာခြင်းအား ၀ိနည်းဒေသနာတွင် ‘ဥဗ္ဗာဟိကာယ’ ကမ္မ၀ါစာဖတ်သည်ဟု ခေါ်သည်။

(၂) ယေဘုယျသိက၀ိနည်း (resolution by the vote of majority)

အကယ်၍ မျက်နှာချင်းဆိုင်၍ ပြေလည်အောင် မဖြေရှင်းနိုင်ပါက ယေဘုယျသိက၀ိနည်းကို သုံးရသည်။ `ယေဘုယျ’ သည် ‘အများ’ ဟုအဓိပ္ပါယ်ရသည်။ အများသဘောတူညီမှုကို ရယူဖြေရှင်းခြင်းဖြစ်သည်။ အများသဘောတူညီမှုကို မဲခွဲသောစနစ်ဖြင့် ဆောင်ရွက်သည်။ ရှေးအခါက မဲခွဲဆုံးဖြတ်ရာတွင်ဖြစ်စေ, အလှူခံပစ္စည်းများကို ဝေခြမ်းရာတွင်ဖြစ်စေ ၀ါးခြမ်းပြားလေးများ, တုတ်ချောင်းလေးများအား အသုံးချ၍ စာရေးတံမဲ ဟုခေါ်သည်။ မဲခွဲရာတွင်လည်း (၁) လျို့ဝှက်မဲခွဲခြင်း, (၂) နားရင်းသို့ကပ်၍ တိုးတိုးပြောကာ မဲခွဲခြင်း, (၃) ပွင့်လင်းစွာ အများရှေ့တွင် မဲခွဲခြင်းဟု သုံးမျိုးရှိသည်။ မဲပေးမည့်သူသည် ဆန္ဒ, ဒေါသ, မောဟ, ဘယာဟူသော အဂတိလေးပါး ကင်းစင်ရသည်။ ထိုအပြင် မဲပေးသော ရဟန်းအား ချောက်လှန့်ခြင်း, အပြစ်တင်ရှုတ်ချခြင်းတို့ မပြုလုပ်ရ။

(၃) သတိဝိနည်း (acquittal on basis of conscious innocence)

အကယ်၍ တစ်စုံတစ်ဦးက မတရားသဖြင့် အခြေအမြစ်မရှိပဲ မှားယွင်းစွာ စွတ်စွဲခြင်းခံရပါက အစွတ်စွဲခံရသူသည် သံဃာ့အဖွဲ့အစည်းအလယ်တွင် မိမိသည် ဤအပြစ်မျိုး ကျူးလွန်ခဲ့ခြင်းကို မမှတ်မိပါဟု ငြင်းဆို၍ မိမိအား သတိဝိနည်းပေးရန် တောင်းခံရသည်။ အကယ်၍ ဤရဟန်းသည် အမှန်တကယ် အပြစ်ကင်းစင်သူဖြစ်ပါက သံဃာထုက လက်ခံခြင်းဖြင့် အပြစ်ကို ပြေပျောက်စေနိုင်သည်။

(၄) အမူဠှဝိနည်း (acquittal on basis of past insanity)

အကယ်၍ တစ်စုံတစ်ဦးအား အပြစ်ကို စွတ်စွဲခံရသည့်အခါတွင် ထိုအပြစ်ကို ရှုးသွပ် စိတ်ဖောက်ပြန်သောအချိန်တွင် ကျုးလွန်မိ၍ မမှတ်မိပါက ထိုသို့ ရူးသွပ်တွေဝေခြင်း (အမူဠှ)ကို အကြောင်းပြု၍ ပြေငြိမ်းစေသောနည်းကို အမူဠှဝိနည်းဟုခေါ်သည်။

(၅) ပဋိညာတကရဏ (acquittal by confession)

သံဃာက စစ်ကြောသည်ဖြစ်စေ, မစစ်ကြောသည်ဖြစ်စေ၊ မိမိတွင် အပြစ်ရှိပါက ထိုအပြစ်အား သံဃာအလယ်တွင် တောင်းပန်၍ နောင်တွင် စောင့်ထိန်းပါမည်ဟု ၀န်ခံခြင်းဖြင့် ပြေငြိမ်းစေသောနည်း ဖြစ်သည်။

(၆) တဿပါပိယသိကာဝိနည်း (procedure for the obstinate people)

စွတ်စွဲမှုနှင့် ပတ်သက်၍ သံဃာက စစ်ဆေး မေးမြန်းသောအခါ ကောင်းစွာမဖြေပဲ ရှောင်လွဲ၍နေသော ရဟန်းအား ယုတ်မာသောရဟန်း အဖြစ်သတ်မှတ်၍ ဖြေရှင်းသော နည်းဖြစ်သည်။ တဿပါယိယသိက ကံပြုသည်ဟုခေါ်သည်။

(၇) တိဏ၀တ္ထာရက၀ိနည်း (procedure of covering with grass)

မစင်ကို မြက်ဖြင့်ဖုံးအုပ်သကဲ့သို့ သေးငယ်သော ပြစ်မှုများအား ဖုံးအုပ်ကာ နှစ်ဖက်ငြင်းခုံနေကြသော ရဟန်းများ ပြန်လည် သင့်မြတ်စေသော နည်းဖြစ်သည်။ အချင်းချင်းအပြန်အလှန် သင်ပုန်းချေ လိုက်ခြင်းဖြစ်သည်။

အချို့သော ပြဿနာအများစုသည် ကြီးလေးသော ပြဿနာများမဟုတ်ပဲ တစ်ဖက်နှင့်တစ်ဖက် ပုံကြီးချဲ့ အငြင်းပွား နေကြခြင်းဖြစ်သည်။ ယင်းသို့ အပေါ်ယံပြဿနာများအား တစ်ယူသန်ငြင်းခုံနေကြပါက အမှိုက်ကစ ပြဿာဒ်မီးလောင် ဆိုသကဲ့သို့ သံဃာ့အဖွဲ့အစည်းအတွင်း ဂိုဏ်းဂဏ ကွဲပြားမှုများ ဖြစ်စေနိုင်သည်။ ထိုအခါတွင် ကျွမ်းကျင်လိမ္မာသော ရဟန်းက ကြားဝင် စေ့စပ်ဖြေရှင်းရသည်။ ကွဲပြားမှုများထဲမှ တူညီမှုတို့ကို စဉ်းစားဆင်ခြင်ရသည်။ ငြင်းခုံနေသော အုပ်စုထဲမှ ပြောဆိုရလွယ်မည့် ရဟန်းကို ရှာဖွေချဉ်းကပ်ရသည်။ ထိုရဟန်းမှစ၍ အမှားအမှန်ကို ရှင်းလင်းပြသကာ ညီညွတ်စေရန် ပြောဟောရသည်။ နှစ်ဦးနှစ်ဖက် လက်ခံနိုင်ပါက သေးဖွဲသောကိစ္စရပ်များအား အာဃာတမထားပဲ မေ့ပျောက်ခွင့်လွတ်ရသည်။

***** *****

ဗုဒ္ဓညွှန်ကြားခဲ့သော ပဋိပက္ခဖြေရှင်းနည်းများအားပြန်၍ အကျဉ်းချုပ်သုံးသပ်ပါက မျက်နှာချင်းဆိုင် တွေ့ဆုံ ဖြေရှင်းခြင်းသည် မည်သည့် ပြဿနာမျိုးအတွက်မဆို ဦးစွာကျင့်သုံးရမည့် နည်းလမ်းဖြစ်သည်။ ၀ိဝါဒကွဲပြားမှုများအား ဖြေရှင်းရာတွင် မျက်နှာစုံညီ တွေ့ဆုံဖြေရှင်း၍ မပြေလည်ပါက အဂတိကင်းစွာ အများသဘောတူ မဲခွဲ၍ ဖြေရှင်းရသည်။ မိမိတွင် အပြစ်တစ်စုံတရာ ကျူးလွန်မိပါက အများရှေ့တွင် ၀န်ချတောင်းပန်ရသည်။ နောင်တွင် စောင့်စည်းပါမည်ဟု ကတိပေးရသည်။ မိမိမကျူးလွန်သည့် စွတ်စွဲချက်မျိုးဖြစ်က အများရှေ့တွင် မိမိ၏ ရိုးသားဖြူစင်မှုကို ကြေညာဖြေရှင်းရသည်။ မိမိ ရူးသွပ် စိတ်ဖောက်ပြန်ချိန်တွင် ကျူးလွန်ခဲ့သော အမှုမျိုးဖြစ်က အဖွဲ့အစည်းက လက်ခံခွင့်လွတ်နိုင်သည်။ သေးငယ်သော အပြစ်များ, ကိစ္စရပ်များအတွက် တစ်ဦးနှင့် တစ်ဦး သင်ပုန်းချေ ခွင့်လွတ်ကြရသည်။ အကယ်၍ အပြစ်ရှိသည်ကို ၀န်မခံပဲ မရိုးမသား ငြင်းဆန်နေပါက ထိုပုဂ္ဂိုလ်အား ယုတ်မာသူအဖြစ် အဖွဲ့အစည်းကသတ်မှတ်၍ ထိုသူ၏ လုပ်ပိုင်ခွင့်များကို ယုတ်သိမ်း အပြစ်ပေးရသည်။

စာညွှန်း။

မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ ဒေ၀ဒဟ၀ဂ်၊ သာမဂါမသုတ်
မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ ဒေ၀ဒဟ၀ဂ်၊ ကိန္တိသုတ်
ဝိနည်းစူဠ၀ါ၊ သမထခန္ဓက

Vinaya Texts - translated by Hermann Oldenberg

ဧရာ (မန္တလေး)

Wednesday, March 4, 2009

Free English Course for Parents - Occupation

ကျမ English Course ဆက်တက်နေတုန်းပါ သင်တန်းမပြီးသေးပါဘူး။ တာထွက်ကောင်းပေမဲ့ အဖျားရှူးတတ်တဲ့ အလေ့ရှိသူမို့ သင်တန်းအကြောင်း ပို့စ်ရေးဖြစ်ဖို့ မဆိုထားနဲ့ ခေါင်းထဲတောင် အရောက်အပေါက် နည်းနေပါပြီ။ သင်တန်းကပဲ တဝက်ကျိုးလာလို့ပဲလား။ ဒါမှမဟုတ် ဆရာ အပြောင်းအလဲတွေကြောင့်ပဲလား…။

သင်တန်း ၅ပတ်- အကြိမ်အားဖြင့် ၁၀ ကြိမ် အပြီးမှာ ကျမတို့ကို သင်တဲ့ ဆရာတွေ အပြောင်းအလဲ လုပ်ပါတယ်။ ဟိုဘက်အတန်းသင်နေတဲ့ ဆရာတွေနဲ့ ကျမတို့ အတန်းကို သင်နေတဲ့ ဆရာတွေ switch လုပ်ပါတယ်။ ပထမအသုတ်မှာတော့ အားလုံးက ဆရာမတွေ ဖြစ်ကြပြီး အခုအသုတ်မှာတော့ Vinod Sabnani ဆိုတဲ့ ခပ်ငယ်ငယ် ဆရာတစ်ယောက်ပါလာတယ်။ နာမည်ကြည့်ပြီး ဘာလူမျိုးလည်း ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ နောက်ကျမ မိတ်ဆက်ပေးပြီးဖြစ်တဲ့ ဆရာမ ၀၀ကြီး Miranda။ နောက် country styleတွေ ဝတ်တတ်တဲ့ Nadja Pizzo။ တရုတ်လူမျိုးပေမဲ့ Pronunciation တော်တော်လေးပီသတဲ့ ကလေးတွေကို စပြတဲ့ ဆရာမနဲ့ တူတဲ့ Joanne နဲ့ အခုချိန်ထိ ကျမ နာမည် မသိသေးတဲ့ တရုတ်လူမျိုး ဆရာမ ဆိုပြီး ငါးယောက်ဖြစ်ပါတယ်။

ဆရာ ဆိုတာ ကိုယ့်ကိုကိုယ်ကိုရော၊ တပည့်တွေကိုပါ လျှော့မတွက်ဖို့ လိုပါတယ်။ အရှေ့ထွက်နေတဲ့ ဆရာတစ်ယောက်ရဲ့ မျက်ဝန်းဟာ နွေးထွေးဖို့ လိုတယ်။ အခြေခံအားဖြင့် ရိုးသားမှုကို ပေါ်လွင်နေဖို့လိုပါတယ်။ ဆရာတစ်ယောက် ဘာတွေကို ပြောပြီး၊ ဘယ်လို အမူအယာတွေ လှုပ်ရှားနေတယ် ဆိုတာ အသာထားလို့ အသံနေအသံထား, မျက်ဝန်းအကြည့်တို့နဲ့တင် တပည့်ရဲ့ အာရုံကို သင်ခန်းစာနဲ့ သက်ဆိုင်စွာ နေစေမလား၊ အဝေးကို လွှင့်ထုတ်ထားစေမလားဆိုတာ တတ်နိုင်ပါတယ်။ (ကျမရဲ့ အမြင်တွေသာ ဖြစ်ပါတယ်။)

အမည်မသိဆရာမရဲ့ စာသင်ချိန်မှာပါ။ ဆရာမက လူတွေရဲ့ ရုပ်ပုံလေးတွေ ထောင်ထောင်ပြပြီး သူတို့ အပြင်အဆင်ကြည့်ပြီး ကျမတို့က Doctor, Soldier, Teacher စသဖြင့် ပေါ့လေ… Occupation တွေကို ပြောရပါတယ်။ နောက် ဆရာမက လေ့ကျင့်ခန်း လုပ်ခိုင်းပါတယ်။ လူတွေအများကြီးပါတဲ့ ရုပ်ပုံ အကြီးကြီးပေးပြီး Occupation တွေရေးထားတဲ့ label လေးတွေ လိုက်ကပ်ခိုင်းပါတယ်။ ကျမ စိတ်ထဲကနေ “Occupation… what people do” လို့ ပြောနေမိပါတယ်။ ဒီမှာ စိတ်ဝင်စားစရာကောင်းတာက label တွေမှာ mother, father, parent ဆိုတာတွေ ပါလာတာပါပဲ။ တသက်နဲ့ တစ်ကိုယ် mother ဆိုတာ Occupation လို့ တစ်ခါမှ မကြားခဲ့ဖူးပါဘူး။ သွက်သွက်လက်လက်ရှိတဲ့ အိန္ဒိယကျောင်းသူ Aakansha က “what! mother; we all are working 24hr a day without pay” ဆိုပြီး mother ဆိုတာ Occupation အဖြစ် သူမ ဘယ်လို အကြောင်းကြောင့် သတ်မှတ်ရပါမလဲ ဆိုတာကို ဆရာမနဲ့ အခြေအတင် ငြင်းပါတယ်။ Aakansha အသံက ဝဲ၀ဲ။ ဆရာမ အသံက လုံးလုံး။ သူတို့ ဘာတွေပြောနေကြမှန်း ကျမ နားမလည်ခဲ့ပါဘူး။ Mother ဆိုတာ Occupation မှန်း ကျမလည်း မရှင်းမရှင်းပေမယ့် ဝဲ၀ဲလုံးလုံးနဲ့ပဲ အိမ်ပြန်ခဲ့ပါတယ်။ (အောင်မယ် ငါက အလုပ်နဲ့ အကိုင်နဲ့ ဆိုပြီး စိတ်ထဲမှာ ပျော်သလိုလိုတော့ ဖြစ်သား ဒါပေမဲ့ မတင်မကျကြီးပါလေ။)

နောက်တော့မှ ကိုယ့်ဘာသာစကားနဲ့ပြောလို့ရတဲ့ အိမ်ကဆရာ ကိုဧရာကို မရှင်းတာလေး မေးမိတော့…
“Occupation ဆိုတာ ဘာလဲ။ ဘုန်းကြီးတွေမှာ Occupation ရှိလား” တဲ့ ပြန်မေးပါလေရော။
သိသလောက်လေး မရဲတရဲ ခပ်တိုးတိုးပြန်ဖြေပါတယ် “Religious Adviser” ပေါ့ (ဘာတွေရှိသေးလည်းလို့လဲ ဦးနှောက်သေးသေးလေးကို ဖျစ်နေ ညှစ်နေတုန်း…)
“ပြောဖူးသားပဲ။ ပိုက်ဆံရမှ အလုပ် မဟုတ်ပါဘူး ဆိုတာ။ သွား… ဟိုတစ်ခါ ဖတ်ခိုင်းထားတဲ့ Siddhatha စာအုပ်သွားယူ။ ဖတ်ခိုင်းရင် မဖတ်ဘူး။”
သူ့ဖာသာ စာအုပ်ကို ယူလာပြီး ဖတ်ခိုင်းတဲ့ စာမျက်နှာက
ဂျာမန် စာရေးဆရာ Hermann Hesse ရေးတဲ့ Siddhatha (သိဒ္ဓတ္ထ- ဆရာပါရဂူ မြန်မာဘာသာပြန်ဖူးပါတယ်) မှ သမဏတစ်ပါးဖြစ်တဲ့ Siddhartha နဲ့ ကုန်သည် တစ်ဦးဖြစ်တဲ့ Kamaswami တို့ အပြန်အလှန် စကားပြောခန်းပါ။
…
“I possess nothing” said Siddhartha, “if that is what you mean. I am certainly without possessions, but of my own free will, so I am not in need.”
“But how will you live if you are without possessions?”
“I have never thought about it, sir. I have been without possessions for nearly three years and I have never thought on what I should live.”
“So you have lived on the possessions of others?”
“Apparently. The merchant also lives on the possessions of others.”
“Well spoken, but he does not take from others for nothing, he gives his goods in exchange.”
“That seems to be the way of things. Everyone takes, everyone gives. Life is like that.”
“Ah, but if you are without possessions, how can you give?”
“Everyone gives what he has. The soldier gives strength, the merchant goods, the teacher instruction, the farmer rice, the fisherman fish.”
“Very well and what can you give? What have you learned that you can give?”
“I can think, I can wait, I can fast.”
“Is that all?”
“I think that is all.”
…
…
Mother နဲ့ Occupation, Hermann Hesse ရဲ့ Siddhartha ထဲက စကားတွေ ဘယ်လိုဆက်စပ်နေသလဲ ဆိုတာတော့ ဘလော့လာ ပရိသတ်တို့ လိုသလိုသာ တွေးသွားပါတော့။
http://dictionary.reference.com/ search box မှာ occupation လို့ ရိုက်ထည့်လိုက်ရင် အရှင်းဆုံးလို့တော့ မပြောပါနဲ့နော်…

ပုံကို Visual Thesaurus မှယူပါသည်။

မာတာသီတာ

Monday, March 2, 2009

တစ်ခါတုန်းက တလွဲ၊ အခုတော့ အမှတ်တရ

ကိုဧရာ တစ်ယောက်လွဲပုံများကတော့ မှတ်မှတ်ရရ… ။

ကိုဧရာတစ်ယောက် အလုပ်ကနေ မကြာခဏဆိုသလို ခရီး သွားရပါတယ်။ မသီတာ မနာလိုမဖြစ်ပါဘူး။ သူ ပြောပြထားဖူးတယ်လေ… သူငယ်ငယ်တုန်းက မြေပုံစာအုပ်ထဲကနေ ကမ္ဘာ့မြေပုံကို ပုံဆွဲစက္ကူတွေပေါ်မှာ စကေးကိုက် ချဲ့ဆွဲပြီး စာရွက်တွေ ဆက်ဆက်ယူတယ်တဲ့။ အဲဒီမြေပုံအကြီးကြီးကို အိမ်မှာ ချိတ်ဆွဲထားတော့ နာတာရှည်မကျန်းမမာဖြစ်နေတဲ့ သူရဲ့အဖေက “သားရဲ့ မြေပုံကြီးက ဟန်ကျလိုက်တာ။ ဖေဖေက အဲဒီမြေပုံကြီးကို ကြည့်ပြီး မေတ္တာပို့ရတာ ပိုပြီးအာရုံရတယ်” လို့ မကြာခဏပြောသတဲ့။ ခရီးသွားဖို့ ထုတ်ပိုးပေးရင်း “ရှင်က အဲဒီအကျိုးတွေ ပေးနေတာ နေမှာ” လို့ပဲ ပြောဖြစ်ပါတယ်။ ပြန်လာတိုင်းလည်း သီတာ့ဖို့ လက်ဆောင်ဆိုပြီး (သူသွားခဲ့တဲ့ နိုင်ငံတွေမှာ ရောက်နေတဲ့ မသီတာသူငယ်ချင်းတွေဆီက သူနဲ့ အကြုံထည့်ပေးလိုက်တဲ့) ပါလာတတ်ပါတယ်။ သားတွေ အတွက်တော့ သူဝယ်လာတာတဲ့ ကစားစရာတွေနဲ့ စာအုပ်တွေ။ ဟင်းးးး အဲ့ဒီလူကိုတော့လေ… ။

ဒီတစ်ခါသွားရမှာတော့ ပြင်သစ်တဲ့…။
ကို ကျမဖို့ အနွေးထည် လှလှလေး တစ်ထည်လောက် ဝယ်ခဲ့နော်။
ဘာအရောင်လဲ။
အဖြူရောင်။
ဆိုက်ကရော။
ကို့ဆိုက်လောက်ပေါ့.. ကိုနဲ့ကျမ ကိုယ်လုံးချင်းမှ သိပ်မကွာတာ။ ကိုနဲ့ တိုင်းဝယ်ရင်တောင် ရတယ်။
အင်း...


ပြင်သစ်နိုင်ငံက တောမြို့လေးတစ်မြို့ကို သွားရတာပါ။ သူတည်းရတဲ့ နေရာက မြို့လည် အစည်ကားဆုံး နေရာက တည်းခိုခန်းတစ်ခုမှာ။ အဲဒီနားတဝိုက်မှာ စာအုပ်ဆိုင်တစ်ဆိုင်, သေနတ်ဆိုင်တစ်ဆိုင်, အဝတ်အထည်ဆိုင်တစ်ချို့နဲ့ စားသောက်ဆိုင်တစ်ချို့ရှိတဲ့ ဈေးတန်းလေးတစ်ခုရှိတယ်။ ကိုဧရာလည်း မသီတာမှာလိုက်တဲ့ အနွေးထည်ဝယ်ဖို့အရေး ဆိုင်တွေရှေ့ လျှောက်ပြန်သံပေး ခြေအေးဝမ်းယောင် အကြိမ်ကြိမ် လုပ်နေမိပါသတဲ့။

လူထုဒေါ်အမာ လေသံနဲ့ပြောရရင် ပြင်သစ်ဆိုတာက ဖက်ရှင်နိုင်ငံကလား… တောမြို့လေးက ဆိုင်မှာတောင် အဆင်တွေက အဆန်းသားတဲ့။ ပထမအပတ်တော့ ဆိုင်ရှေ့က မယောင်မလည် ဟိုကြည့်ဒီကြည့်နဲ့ ဘယ်ဆိုင် ဝယ်ရပါ့မလဲဆိုပြီး window shopping ပဲလုပ်နေသတဲ့။ တစ်မြို့လုံးမှာ ဆိုင်လေးက နည်းနည်းပဲရှိတဲ့ ဈေးတန်းဆိုတော့ ညနေခင်းတိုင်ရင် ဆိုင်ရှေ့မှာ ဖြတ်ရင်းငေးငေးသွားတတ်တဲ့ သူ့ကို အရောင်းစာရေးမတွေကတောင် မှတ်မိနေမလား မဆိုနိုင်ဘူးဆိုဘဲ။

အဲ… တစ်ရက်လားမတော့ (ပြန်ဖို့ရက်ကလည်း နီးလာပြီဆိုတော့) စိတ်ကို ဒုန်းဒုန်းပိုင်းပြီး သင့်တော်မယ်ထင်တဲ့ ဆိုင်တစ်ဆိုင်ထဲ ဝင်လိုက်တော့တယ်။ ဝယ်တော့မယ်တဲ့ ဝယ်တော့မယ်… ကိုဧရာအတွက်ကတော့ မဟာစွန့်စားခန်းကြီးပေါ့ရှင်။ အရောင်းစာရေးမလေးတွေကလည်း ပျူပျူငှာငှာ ဆီးကြိုကြပါသတဲ့။ ဒါပေမဲ့ သူကပြင်သစ်စကား မပြောတတ်တော့ သူ့ဟာသူပဲ လှည့်လည်ကြည့်ရှုနေပါတယ်။ … တွေ့ပါပြီ မသီတာမှာလိုက်တဲ့ အဖြူရောင်လေး…ဒီဇိုင်းလေးကလည်း အမိုက်စား … ။ အဲ… ဆိုက်က… (“ကိုနဲ့ တိုင်းဝယ်ရင်တောင် ရတယ်” ဆိုတာကို သတိရပြီး) အဲ့သဟာကလေးကို ကောက် ဝတ်လိုက်ပါလေရော။  အဲ့ဒီမှာတင် အရောင်းစာရေးမလေးတွေ သူဆီရောက်လာကြပြီး… ဘာတွေမှန်း မသိဘူး သူကို ပြောသတဲ့။ ဒါက အမျိုးသမီးတွေအတွက်လို့ ပြောတာလို့တော့ ထင်တာပဲတဲ့။ ကိုဧရာကလည်း “ငါ့မိန်းမအတွက် ဝယ်မလို့၊ ဆိုက်မသိလို့ ဝတ်ကြည့်တာလို့” အင်္ဂလိပ်လို ပြန်ဖြေရှင်းသပေါ့။ ဒါပေမဲ့ မရွှေအရောင်းစာရေးမတွေက နားလည်ဟန်မတူဘူး။ ခေါင်းတရမ်းရမ်း လက်တခါခါနဲ့ပဲ တွင်တွင်ကြီး မဟုတ်ကြောင်း ပြောနေတော့တယ်။ ဒီတော့ ကိုဧရာကလည်း နားမလည်တဲ့ အတူတူဆိုပြီး ဂရုစိုက်မနေတော့ပဲ ကိုယ်လုံးပေါ်မှန်ရှေ့သွားပြီး ခပ်တည်တည်နဲ့ ဟိုဘက်လှည့်ကြည့်လိုက် ဒီဘက်လှည့်ကြည့်လိုက် လုပ်နေတုန်း... စိတ်ရှည်ပုံမရတော့တဲ့ အရောင်းစာရေးမတစ်ယောက်က အနားရောက်လာပြီး သူ့လက်ကို ဆွဲခေါ်သွားတော့တယ်... ကိုဧရာလည်း အူကြောင်ကြောင်နဲ့ ပါသွားရတာပေါ့လေ။ ဘယ်ခေါ်သွား သလဲဆိုတော့... အမျိုးသားဝတ်စုံတွေထားတဲ့section ဖြစ်နေတော့မှ… သြော်… လုံခြုံရေးဆီခေါ်သွားတာမဟုတ်လို့ တော်ပါသေးရဲ့ သက်ပြင်းချရတယ်။ ကိုဧရာကလည်း အခုနက အရောင်းစာရေးမလေး ဟန်အတိုင်း “အမျိုးသားဝတ် ဝယ်ဖို့မဟုတ်ရကြောင်း” ခေါင်းတရမ်းရမ်း လက်တခါခါပြန်လုပ်ပြပြီး၊ အနွေးထည်လေးကို ချွတ်, ကောင်တာဆီ အမြန်ယူသွားပြီး ငွေချေဝယ်လိုက်တော့တယ်။ ငွေရှင်းနေတုန်းလည်း လူတွေက သ့ူကို ဝိုင်းကြည့်နေကြသေးသတဲ့လေ။ (သူတို့စိတ်ထဲက... ဒီလူ့နှယ် တူလည်းမတူဘူးလို့ ပြောနေကြတာနေမှာပေါ့)။

အဲ့ဒီ အနွေးထည်ဆိုပြီး သူဝယ်လာတဲ့ အင်္ကျီ …. မသီတာ ဝတ်လိုက်တော့ …
ဘယ်နေရာမှ မဝတ်ရဲလို့ အမှတ်တရပဲ သိမ်းထားလိုက်ရပါတော့တယ်ရှင်။

***tg ရေ ရေးချင်လျက် လက်တို့ ရေးလိုက်ပြီနော်။