အဲဒီ ‘ငါ’ဟာ ဘာလဲ…? Descarte က “ငါ စဉ်းစားတယ်၊ ဒါကြောင့် (စဉ်းစားနေတဲ့) ငါရှိတယ်” တဲ့။ “သေခြင်းတရား”ဆို တဲ့ စည်းကိုတောင် တွေးကြည့်နေစရာ မလိုပါဘူး။ ငါရှိနေတယ် I am, I exist ဆိုတဲ့ အဖြေတစ်ခုရှိနေတယ်။ လူအများစုအတွက် (တကယ်တော့ လူတိုင်းနီးပါးပါပဲ)… စဉ်းစားတတ်၊ သိတတ်၊ ခံစားတတ်တဲ့ ငါဟာရှိနေတယ်။
ဗုဒ္ဓဝါဒက I am နဲ့ I am not … (I exist နဲ့ I do not exist…) ကို အစွန်းတရား နှစ်ပါးလို့ ဟောထားတယ်။ ဟုတ်တယ် … အစွန်းတရား နှစ်ပါးတဲ့။ “ငါရှိတယ်”လို့ မယူခဲ့ရင်လည်း “ငါမရှိဘူးဆိုတဲ့” တစ်ခြားအစွန်းတဖက်ကို ရောက်သွားမယ်။ ဗုဒ္ဓဝါဒက “ငါမရှိဘူး”လို့ သင်ကြားပေးပါသလား…? စင်စစ်… “ငါမရှိဘူး” ဆိုတာဟာ သမ္မာဒိဋ္ဌိမဟုတ်၊ … ဥစ္ဆေဒဒိဋ္ဌိ သာဖြစ်တယ်။ အတ္တာနုဒိဋ္ဌိ သာဖြစ်တယ်။ တစ်နည်းဆိုရင်လည်း… “နတ္တိမေ အတ္တာတိ” ငါ့မှာ ငါမရှိဘူး လို့မြင်နေတာပဲ။ I am ကို ငြင်းပယ်ခြင်းဟာ I am not ဆိုတဲ့ အဖြေပဲရပါသလား…? ဗုဒ္ဓက အလယ်လမ်းကနေ “နေသော ဟမသ္မိ” Not ‘this am I’ – ‘ဒါဟာ ငါပဲ’လို့ ညွှန်ပြစရာ မရှိဘူးလို့ အနတ္တလက္ခဏာသုတ်မှာ ဟောခဲ့တယ်။ “ငါ့မှာ ငါမရှိဘူး” ဆိုတာနဲ့ “ငါလို့ထင်ထားတာ မဟုတ်ဘူး” ဆိုတာက တူသယောင်နဲ့ အများကြီးကွဲတယ်။
Tuesday, March 10, 2009
သံဝေဂ
တမလွန်နဲ့ပတ်သက်ပြီး လူတချို့ကိုမေးစမ်းကြည့်မယ်ဆိုရင်… အချို့က “သေရင် ပြတ်စဲသွားမယ်။ … ပြီးဆုံးသွားမယ်။ ဆိုလိုတာက decompose ဖြစ်သွားမယ်။ molecules တွေ… atoms တွေအဖြစ်ပဲ ဆက်ရှိကောင်းရှိလိမ့်မယ်” လို့ဆိုမယ်။ ‘ငါ’ ဆက်ရှိမှာ မဟုတ်တော့ဘူးလို့ အဓိပ္ပါယ်ရတယ်။ အချို့ကတော့ ‘ငါ’ ဟာ တမလွန်ဘဝမှာ တစ်နည်းနည်း တစ်ဖုံဖုံနဲ့တော့ ဆက်ရှိနေမှာပါပဲလို့ ယူဆကြတယ်။ ဘာပဲဖြစ်ဖြစ် “သေခြင်းတရား”ဆို တဲ့ စည်းတစ်ခုနဲ့ ခြားကြည့်တဲ့အခါ၊ ‘ငါ’ ဆက်ရှိနေမယ် (သို့မဟုတ်) ‘ငါ’ ရှိမှာ မဟုတ်တော့ဘူး ဆိုတဲ့ကောက်ချက်ကို ချကြလိမ့်မယ်။
လူတွေဟာ “ငါရှိတယ်” နဲ့ “ငါမရှိဘူး” ကြားမှာပဲ ရှုပ်နေကြတယ်။ Existentialists လို့ခေါ်တဲ့ ဖြစ်တည်မှုပဓာနဝါဒီတွေ အပါအဝင်ပေါ့။ တစ်ချို့ကတော့ ကိုယ်ရှုပ်နေတာကို ရှုပ်မှန်းမသိဘူး။ ကိုယ့်ပြဿနာကို ကိုယ် မသိဘူး။ တစ်ချို့ကတော့သိတယ်… ဒါပေမဲ့… ရှင်းရမဲ့အဖြေမရှိဘူး။ “မွေးဖွားသည်နှင့်အမျှ ငါတည်ရှိ လာတယ်။ ဒါပေမဲ့… အဲဒီ မွေးဖွားချိန်ကစပြီး အချိန်ချိန်တိုင်းမှာ… ငါဟာ သေဖို့ဖြစ်နိုင်နေတယ်” လို ဖြစ်တည်မှုဝါဒီတစ်ဦးဖြစ်တဲ့ Heideggerက ပြောခဲ့ဖူးတယ်။ ဒီလို… သေခြင်းနဲ့တွေ့ပေးပြီး… ကိုယ်အရှုပ်ကိုမြင်အောင်ကြည့်ခိုင်းရာမှာတော့ ဖြစ်တည်မှုဝါဒဟာ ဗုဒ္ဓဝါဒနဲ့ဆင်တယ်လို့ ဆိုနိုင်တယ်။ တကယ်တော့ သေခြင်းတရားဆိုတာ ဖြစ်နိုင်ခြေတွေ အားလုံးကိုငြင်းပယ်လိုက်တဲ့ အရာပဲတဲ့…။ တနည်းပြောရရင်… လူတွေရဲ့ ဇတ်ရှုတ်ကြီးဟာ (မေ့နေတောင်… ဒါမှမဟုတ် မေ့ထားရင်တောင်) သေခြင်းတရားနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ပေးလိုက်တဲ့အခါ … ဘွင်းဘွင်းကြီး ပေါ်လာတော့တာပဲ။ အဲဒီ ကိုယ့်အရှုပ်ကိုယ် မမြင်တဲ့လူတွေကို… “ရယ်စရာတွေ့လည်း နားမလည်ဘဲ ရယ်နေ၊ လွမ်းစရာတွေ့လည်း နားမလည်ဘဲ လွမ်းနေကြတဲ့လူတွေ … လူအစစ်မဟုတ်တဲ့လူတွေ (Inauthentic men)” လိ့ု ဖြစ်တည်မှုဝါဒီတွေက ခပ်နာနာလေး ရှုတ်ချတယ်။ ဒါပေမဲ့ ဖြစ်တည်မှုဝါဒီတွေ ကိုယ်တိုင်ကလည်း အဲဒီအရှုပ်ကို ရှင်းနိုင်မဲ့… ဖြေဆေး မရှိလေတော့ “ကိုယ်သေနေ့ကို စောင့်နေရတဲ့ ရောဂါသည်တစ်ဦး”လို သနားစရာပါပဲ။
လူတွေက… သေခြင်းတရားကို ကြောက်ကြတယ်။ အရပ်ထဲမှာ ဆိုရင် “သေ” စကားပြောရင်… “ဟဲ့ ကောင်လေး… နိမိတ်မရှိ၊ နမာမရှိ” လို့ လူကြီးတွေက ကြိမ်းမောင်းတတ်ကြတယ်။ မကြောက်ပါဘူး ဆိုသူတွေကလည်း… “အို… လူတိုင်းသေကြရတာပဲ။ ငါတစ်ယောက်တည်း သေရတာမဟုတ်ဘူး” ဆိုပြီးတော့ သေခြင်းတရားက ထွက်ပြေး နေကြတယ်။ “နိစ္စဓူဝအလုပ်တွေ၊ အပျော်အပါးတွေ၊ ပန်းချီဆွဲတာ၊ ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြီး စားမြုံပြန်တာ…. စသဖြင့်၊ စသဖြင့်တွေနဲ့ အချိန်တွေကို ကျော်လွန်ပြီး… ကိုယ့်ရဲ့ သေခြင်းတရားကို မေ့လျော့ထားကြတယ်”တဲ့။ ဒါကိုပဲ ဖြစ်တည်မှုဝါဒီတွေက … သနားစရာလူတွေ၊ လူစင်စစ် မဖြစ်သေးတဲ့ လူတွေလို့ ကင်ပွန်းတတ်လိုက်ကြတယ်။
လူတွေက သေခြင်းတရားကို “အမင်္ဂလာ၊ နိမိတ်ဆိုး” အဖြစ်ယူဆကြတယ်။ မြန်မာပြည်က စာရေးဆရာတစ်ဦးက စာပေဟောပြောပွဲတစ်ခုမှာ ပြောဖူးတယ်။ ကျုပ်တို့နိုင်ငံက မတိုးတက်ဆို… အိမ်တကာလိုလိုမှာ… “ငါသည်မုချသေရမည်၊ အချိန်ပိုင်းသာလိုတော့သည်” ဆိုတဲ့ဆောင်ပုဒ်လေးကပ်ထားတာ တွေ့နေရတယ်တဲ့။ ဗုဒ္ဓကတော့ အဲဒီ သေခြင်းတရားကို မြင်ပြီး၊ တောထွက်သွားတယ်။ ဗုဒ္ဓစာပေတွေမှာ သေခြင်းတရားကို “နိမိတ်ကြီးလေးပါး” ထဲက တစ်ပါးအနေနဲ့ တောင် အရေးတယူပြုရတယ်။ အမြင်ခြင်းက ကွာတယ်။ ဗုဒ္ဓက သေခြင်းတရားကို အမြဲနှလုံးသွင်းရမဲ့တရားလို့… အဘိဏှသုတ်မှာ ဟောထားတယ်။
တကယ်တော့ သေခြင်းတရားဆိုတာဟာ… အလွန်လွယ်ကူတဲ့ အရာတစ်ခုပါ။ တစ်လောကပဲ … မိတ်ဆွေတစ်ဦး ဦးနှောက် သွေးကြောပေါက်ပြီး ဆုံးသွားတယ်။ လတ်တလောမှာပဲ… ညီအရင်းနဲ့မခြား အတူနေ အတူကြီးပြင်းလာခဲ့တဲ့ ဝမ်းကွဲညီတစ်ယောက်… အသည်းကင်ဆာနဲ့ ဆုံးသွားပြန်တယ်။ သတင်းကို အမှတ်မထင်ပဲ ကြားလိုက်ရတော့… အရမ်းကို ဝမ်းနည်းသွားတယ်။ အဲဒီထက်… အရမ်းကိုတုန်လှုပ်သွားပြီး… ဘယ်လိုမှ မယုံနိုင်သလိုဖြစ်သွားတယ်။ “လူဆိုတာ သေမျိုးပဲ… အချိန်မရွေးသေနိုင်တာပဲ”… လို့ theoretically လက်ခံထားတယ် ဆိုပေမဲ့၊ တကယ်တမ်း ကြုံလာရင်… ရင်ဆိုင်ရဲ ပါရဲ့လား။ သေခြင်းတရားဆိုတဲ့ သဘောဟာ မိမိနဲ့ နီးစပ်လာတာနဲ့ အမျှ… ချောက်ချားစရာတစ်ခု ဖြစ်လာတယ်။ “လူဆိုတာ သေမျိုးပဲ” ဆိုတာဟာ objective truth အနေနဲ့ မှန်ပေမဲ့… ကိုယ်နဲ့သိပ် မဆိုင်တဲ့ ယုတ္တိဗေဒအဆိုတစ်ခုလို … အတော်လေး အသက်ကင်းမဲ့တဲ့… အမှန်တရား ဖြစ်နေတယ်။ “ငါ သေရတော့ မှာပါလား”… “ငါနဲ့ နီးစပ်သူ တစ်ဦးဦး သေရတော့မှာ ပါလား”… ဆိုမှ objective truth ဘောင်ကလွန်လာပြီး subjective truth နယ်ထဲဝင်လာတယ်။ ကြောက်တယ်ဆိုတာ… တစ်ခုခုဖြစ်မှာ ကြောက်တာ။ “ငါ ရှိတော့မှာ မဟုတ်ဘူး”… “ငါနဲ့ ခွဲရတော့မယ်” လို့ စိုးရိမ်တာ...။
တကယ်တော့ ဗုဒ္ဓက အဘိဏှသုတ် နေ့စဉ်ပွားခိုင်းတာဟာ … သေခြင်းတရားကို ကြောက်ဖို့ မဟုတ်ပါဘူး။ ကိုယ့် ပြဿနာ ကိုယ်မြင်ဘို့။ တစ်ခုခု လုပ်ဖို့ လိုနေပြီဆိုတဲ့…. sense of urgency ဝင်ဖို့။ … သံဝေဂရဖို့။ သံဝေဂမှ အစပင်… သတိတရားဝင်… အနိစ္စ လက္ခဏာမြင်… ဒုက္ခ အစစ်အမှန်တွင်(တွင်)… အနတ္တ လက္ခဏာထင်(ထင်ရှား)…
“ငါလို့ထင်ထားတာ မဟုတ်ဘူး”
(7 December, 2002 က ချရေးထားသော အတွေးများ)
ဧရာ(မန္တလေး)
Labels:
အတွေးအမြင်,
ဧရာ
Subscribe to:
Post Comments (Atom)
7 comments:
ဆရာဖေမြင့်ရဲ့ မရဏာနုဿတိ ဆိုတဲ့ ၀တ္ထုလေးကို ညွှန်းချင်ပါတယ်။ မရဏာနုဿတိနှင့်အခြားဝတ္ထုတိုများဆိုတဲ့ စာအုပ်မှာ ပါပါတယ်။ ဖေမြင့်ရဲ့ ကိုယ်တိုင်ရေးဝတ္ထုတွေပေါ့။
သူ့ဝတ္ထုထဲက ဇာတ်ကောင်တွေးနေတာကလည်း ကိုဧရာရဲ့ တွေးလုံးမျိုးနဲ့ ခပ်ဆင်ဆင်ပဲ။ ပထမက သေခြင်းတရားက ကိုယ်နဲ့မဆိုင်သလိုနေခဲ့ပြီး ကိုယ့်ပတ်ဝန်းကျင်ကို ရောက်လာမှ အလန့်တကြားဖြစ်သွားတတ်တာမျိုးလည်း ပါတယ်။ သူကလည်း သေခြင်းတရားနဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးအပေါ် စောင်းပါးရိပ်ခြေ ထည့်သွင်းပြောကြားသွားတယ်။
ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့သေရတော့မယ့် သူ့ဇာတ်ကောင်က လောကကြီးရဲ့ မတရားပုံနဲ့ ဆိုးရွားလှတဲ့ သူ့ကံကြမ္မာကို စိတ်နာကျည်းစွာတွေးတောနေပုံကို ရေးထားတာ။ ဖတ်ရတဲ့လူအဖို့ကတော့ ပြုံးချင်စရာပေါ့။
ကံတို့ အကျိုးပေးတို့နဲ့များ...
နည်းနည်း ဆိုင်သေးလားလို့။
အမေစောကတော့ ပြောတတ်တယ်
“ကံအကြောင်းတရားကတော့ ကြံတစ်ချောင်း နှစ်ပြားပဲ ” တဲ့
theory ကို အမှန်တကယ် အသုံးချနိုင်ဖို့ လိုအပ်နေပါတယ် ဆရာ.. တကယ်တော့ ငါ ဆိုတာပါမှ ပိုနားလည်ကြတာကိုး။ နာရေးဖတ်ရင်တောင်မှ..ငါ နဲနဲ သိရင် နဲနဲတုန်လှုပ်..များများရင်းနှီးရင် များများတုန်လှုပ်..ငါကိုယ်တိုင်ဆိုရင်တော့ ဆောက်တည်ရာ ဘယ်နား သွားရှာရပါ့...။
ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေရဲ့ သေဆုံးခြင်းကို မြင်ရကြားရတဲ့အခါ
တုန်လှုပ်ဝမ်းနည်းစိတ်မကောင်းတာများပေမယ့် ကျွန်မသိပ်ချစ်တဲ့ သူငယ်ချင်း(ဆရာ့တပည့်) သေဆုံးသွားတဲ့အခါ ပထမတော့ ၀မ်းနည်းပူဆွေး ယူကျုံးမရ ဖြစ်ခဲ့ပေမယ့် သေတတ်လွန်းတဲ့ သူက သေခြင်းတရားကို မေ့လျော့နေတဲ့(တမင် မသိချင်ယောင်ဆောင်နေတဲ့) ကျွန်မတို့ ကို ကောင်းသောသေနည်းကို နည်းလမ်းပြသွားတာ ပြန်တွေးမိတိုင်း ‘ငါ’ကိုစွဲလန်းနေတဲ့စိတ်တွေ ပျောက်ပျောက်သွားတယ်ဆရာ… သူ့ ကို သတိရတိုင်း တရားထိုင်ဖြစ်အောင် သူရဲ့ ကုသိုလ်စိတ်တွေက ကြီးမားလှတယ်ဆရာ… ဒါပေမယ့် အချိန်တော်တော်များများ ‘ငါ’ထဲမှာ မေ့မျောလို့… သံဝေဂက တကယ်သံဝေဂရစေပါတယ်ဆရာ… နောက်ပြီး ဆရာ့ရဲ့ ဒီပို့ စ်ကို ဖတ်ပြီး သူ့ ကို သွားသတိရမိတယ်… အင်း… ဒီညတော့ တရားထိုင်ဖြစ်မှာသေချာတယ်… (မဆူနဲ့ နော်ဆရာ)
စိတ်ဝင်စားစရာ- အတွေးပွားစရာပါပဲ။
ဟုတ်တယ်- မသိဂီ င်္ နွယ် ပြောသလို.. သေတဲ့သူနဲ့ ခင်မင်ရင်းနှီးမူ နီးလာလေလေ.. တုန်လှုပ်လာလေလေပါပဲ။ နောက်ဆုံး..ကိုယ် တိုင် ဆိုတဲ့ နယ်ပယ်ထဲရောက်လာမှာ ဆိုရင်တော့..ခုတောင် မရေးရဲဘူး။
နှလုံးသွင်းတာကတော့..သွင်းနေကြတာပါပဲ.. ဒါပေမဲ့.. အဲဒီ သွင်းနေတဲ့ တရားနဲ့အပြိုင် တရား တခုက..အထဲမှာ ဆန့်ကျင်ရှိနေပြန်တာကိုလဲ..တခါတလေ တွေ့နေရတယ်။
အခုရက်ပိုင်းလေး အတွင်းမှာပဲ ကိုယ်နဲ့ အလွန်နီးကပ်တဲ့ ဦးလေးတစ်ယောက် ရောဂါနာမည် ရှာဖွေလို့ မပြီးတပြီး ရောဂါနာမည် တပ်ဆံ့ဆဲဆဲမှာပဲ ဆုံးပါးသွားပါတယ်...။ သေခြင်းတရား ဆိုတာ အချိန်အခါမရွေး ရောက်လာနိုင်တဲ့ အရာတစ်ခုလို့ အကြိမ်ကြိမ် သိမြင် နှလုံးသွင်းခဲ့ပေမယ့် တကယ်တွေ့ကြုံလာရတော့ အားလုံးကို မေ့သွားသလိုပါပဲ...
ဒီစာလေးကို လာဖတ်ပြီးတာ ၃ ခါရှိပါပြီ... သောကတွေ ဝေနေတုန်းမို့ ဘာရေးရမှန်းမသိပဲ ပြန်သွားခဲ့တာ...
အခုနောက်တခါ သေသေချာချာလာ ပြန်ဖတ်ပါတယ်။ ကိုယ့်အတွက်များ ရေးထားပေးသလားလို့ ထင်ရလောက်အောင် တိုက်ဆိုင် ကောင်းမွန်တဲ့ သံဝေဂ ပိုစ့်လေးကို ဆုံးမစာတစ်ခုလိုပဲ အထပ်ထပ် ပြန်ဖတ်သွားပါတယ်။
ကျေးဇူးတင်ပါတယ် ကိုဧရာ...
Really good for us,Thax 2 much...
Post a Comment