Showing posts with label မွတ္စု. Show all posts
Showing posts with label မွတ္စု. Show all posts

Wednesday, May 30, 2018

The Buddha and Atheists

လွန်ခဲ့တဲ့ ၁ဝ လောက်က ဘလော့ပေါ်မှာ “Freethinkers နှင့် မြတ်ဗုဒ္ဓ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီဃနခ လို့ခေါ်တဲ့ Atheist ပရိဗိုဇ်တဦးနဲ့ ဗုဒ္ဓ တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းကို ရေးခဲ့ဖူးပါတယ်။ ဒီဆွေးနွေးပွဲမှာ “ဘာကိုမှ မယုံကြည်ဘူး” လို့ဆိုတဲ့ သူတွေက အစွဲအလမ်း အနှောင်အဖွဲ့ ကင်းဖို့ ပိုပြီး နီးစပ်တယ်လို့ ဗုဒ္ဓက (ဒီဃနခ အပါအဝင် Atheist တွေကို) ချီးမွမ်းခဲ့ဖူးပါတယ်။ ဗုဒ္ဓနဲ့ Atheists တွေက နီးစပ်မှု တစ်ခုရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဒီနေ့ခေတ် နာမည်ကြီး Atheist စာရေးဆရာ အချို့က (ဗုဒ္ဓဘာသာ အဖြစ် မခံယူကြပေမယ့်) ဗုဒ္ဓအဆုံးအမရဲ့ သြဇာလွှမ်းမိုးမှု မကင်းတာကို တွေ့ရပါတယ်။ ဒါကြောင့် သူတို့ကို ရုပ်ဖျက်ထားတဲ့ ဗုဒ္ဓဘာသာတွေလို့တောင် အချို့က စွပ်စွဲတာမျိုးတွေ ရှိခဲ့ပါတယ်။


The End of Faith: Religion, Terror, and the Future of Reason” (2004) စာအုပ်ကို ရေးခဲ့တဲ့ အမေရိကန် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Sam Harris က ပဏ္ဍိတာရာမဆရာတော်ကြီးထံမှာ ရက်ရှည် တရားစခန်း ဝင်ခဲ့ဖူးပါတယ်။ “Sapiens: A Brief History of Humankind” (2014) စာအုပ်ကို ရေးခဲ့တဲ့ ဂျူးလူမျိုး သမိုင်းပါမောက္ခ Yuval Noah Harari ကလည်း ဆရာကြီးဂိုအင်ကာနည်းနဲ့ ဝိပဿနာ တရား အားထုတ်သူ တစ်ဦးပါ။ အင်တာဗျူးတစ်ခုမှာ ဂျူး လူမျိုးတစ်ဦး ဖြစ်တဲ့အတွက် သူ့ရဲ့ သမိုင်းအမြင်တွေအပေါ် သြဇာလွှမ်းမိုးမှု ရှိသလားဆိုတဲ့ အမေးကို “ကျွန်တော်က လူမျိုး အနေနဲ့ ဂျူးတစ်ဦး ဖြစ်ပေမယ့် ကျွန်တော့ ဘာသာတရားနဲ့ လောကအမြင်ကတော့ ဂျူးမဟုတ်ပါဘူး။ သမ္မာကျမ်းစာထက် ဗုဒ္ဓနဲ့ ဒါဝင်တို့က ပိုပြီး ကျွန်တော်အပေါ်မှာ သြဇာသက်ရောက်မှု ရှိခဲ့ပါတယ်” လို့ ဖြေဖူးပါတယ်။


Sunday, December 1, 2013

ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူသည့် ခုနှစ်

ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူခဲ့တဲ့ ခုနှစ်က ယနေ့ပညာရှင်တွေ အများစု လက်ခံထားတာထက် ရာစုနှစ် တစ်ခုလောက် ပိုပြီး စောနိုင်တဲ့ အထောက်အထားတွေ တွေ့ရှိရတယ်ဆိုတဲ့ သတင်းတစ်ခုကို ဖတ်လိုက်ရပါတယ်။ လုမ္ဗနီဥယျာဉ် မာယာဒေဝီ ကျောင်းဆောင်အတွင်း တူးဖော်ရာမှာ သစ်ပင်ကို ဝိုင်းပတ်ကာရံထားတဲ့ သစ်သားလက်ရန်း စိုက်ထူရာ ကျင်းတွေကို ရှာဖွေတွေ့ရှိရပြီး၊ သဲနဲ့ မီးသွေးအစ နမူနာတွေကို ရေဒီယိုကာဗွန်နည်းနဲ့ စမ်းသပ်ရာမှာ (ခရစ်တော်မပေါ်မီ) ဘီစီ ၅၅၀-ဝန်းကျင်လောက် ဖြစ်နိုင်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒီတွေ့ရှိချက်က ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းပေါ်ပေါက်ခဲ့တဲ့ အချိန်ကာလအပေါ် ပညာရှင်တို့ရဲ့ အယူအဆ ဘယ်လောက် အတိုင်းအတာအထိ ပြောင်းလဲသွားမလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။



ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းခဲ့တဲ့ အချိန်ကာလကို ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ သီဟိုဠ် ဝံသကျမ်း၊ မြောက်ပိုင်း မဟာယာနကျမ်း၊ တိဗက်ဗုဒ္ဓဘာသာကျမ်း၊ တရုတ်ဗုဒ္ဓဘာသာကျမ်း၊ အိန္ဒိယ ရှေးဟောင်း ပုရာဏ်ကျမ်း၊ ဂရိသမိုင်းမှတ်တမ်းများ၊ အသောကကျာက်စာ စတဲ့ အထောက်အထားတွေကို သုံးပြီး အမျိုးမျိုး တွက်ချက်၊ ခန့်မှန်း၊ သတ်မှတ်ခဲ့ကြပါတယ်။ အချို့ဆိုရင် ဗေဒင်နက္ခတ်တာရာတွေနဲ့ တွက်ချက်တာလည်း ရှိပါတယ်။ မူကွဲတွေက အစောဆုံး ဘီစီ ၂၄၂၀ ကျော်လောက်ကနေ နောက်အကျဆုံး ဘီစီ ၂၉၀ အထိ ကွာခြားနေပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေက ဘီစီ ၅၄၃-ခုနှစ်မှာ ဗုဒ္ဓ ပရိနိဗ္ဗာန် စံဝင်ခဲ့တယ်လို့ ယုံကြည်ယူဆကြပြီး၊ အနောက်တိုင်း သမိုင်းဆရာ အများစုကတော့ ဘီစီ ၄၈၀ ဝန်းကျင်လောက်လို့ သတ်မှတ်ယူဆကြပါတယ်။


ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းရာကာလ တွက်ချက်သတ်မှတ်ပုံ အမျိုးမျိုးအနက် ထင်ရှားတဲ့ အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ထေရဝါဒ ဗုဒ္ဓဘာသာ အစဉ်အလာအရ ခရစ်နှစ် ၁၉၅၆-ခုနှစ်မှာ သာသနာ သက္ကရာဇ် ၂၅၀၀-ပြည့်တယ်လို့ လက်ခံထားပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံဝင်တော်မူတဲ့နှစ်ကို သာသနာသက္ကရာဇ် ၁-ခုနှစ်လို့ သတ်မှတ်ပြီး စတင် ရေတွက်လာခဲ့ကြတာပါ။ ဒါကြောင့် ပရိနိဗ္ဗာန်စံတော်မူတဲ့နှစ်က ဘီစီ ၅၄၃-ခုနှစ် ဖြစ်ပါတယ်။ သက်တော် ၈၀ နဲ့ ပြန်တွက်ရင် ဖွားတော်မူနှစ်က ဘီစီ ၆၂၃ ဘီစီ ခုနှစ်လို့ ရပါတယ်။ (ထိုင်း၊ ကမ္ဗောဒီးယား၊ လောနိုင်ငံတွေကတော့ ပရိနိဗ္ဗာန်စံတော်မူတဲ့နှစ်ကို သာသနာသက္ကရာဇ် 0 (သုည) လို့သတ်မှတ် ရေတွက်တဲ့အတွက် တနှစ်ပို စောပြီး ပရိနိဗ္ဗာန် စံနှစ် ဘီစီ ၅၄၄၊ ဖွားတော်မူနှစ် ဘီစီ ၆၂၄-ခုနှစ်လို့ ရေးသားကြပါတယ်)။ ဒီလိုရေတွက်တဲ့နည်းကို Long (or Southern Buddhist) Chronology လို့ ခေါ်ပါကြတယ်။

၂။ အချို့သီဟိုဠ် သမိုင်းပညာရှင်တွေကတော့ ပရိနိဗ္ဗာန်စံနှစ်က အနှစ် ၆၀ နောက်ကျတဲ့ ဘီစီ ၄၈၃-ခုနှစ်လို့ ယူဆပါတယ်။ ဆဋ္ဌမ ပရက္ကမဗာဟုမင်း လက်ထက်အထိ အမှန်အတိုင်း သာသနာ သက္ကရာဇ်ကို ရေတွက်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ၉၃-နှစ် တိုးပြီး ရေတွက်ခဲ့ကြပါတယ်။ နောင် ရာစုနှစ် အတော်ကြာတော့မှ ကန္ဒီမြို့က မထေရ်တစ်ပါးကနေ ၃၂-နှစ် ပြန်ဖြိုပြီး ရေတွက်ခဲ့ကြရာကနေ ယနေ့ခေတ် သာသနာ သက္ကရာဇ် ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒီအယူအဆအရဆိုရင်တော့ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံနှစ်က ဘီစီ ၄၈၃-ခုနှစ်၊ ဖွားတော်မူနှစ်က ဘီစီ ၅၆၃-ခုနှစ် ဖြစ်ပါတယ်။

၃။ မဟာဝံသ၊ ဒီပဝံ၊ သမန္တပါသာဒိကာ ဝိနည်းအဋ္ဌကထာ စတဲ့ကျမ်းတွေအရ အသောကမင်းက ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် ၂၁၈-ခုနှစ်မှာ နန်းသိမ်းပွဲ အဘိသိက်ခံယူတယ်လို့ ပါရှိပါတယ်။ လက်ရှိ သာသနာသက္ကရာဇ်နဲ့ ပြန်တွက်ရင် အသောကမင်း အဘိသိက်ခံနှစ်က ဘီစီ ၃၂၅ ခုနှစ် ဖြစ်ပါတယ်။ အနောက်တိုင်း သမိုင်းပညာရှင်တွေက ဒီနှစ်က စောလွန်းနေတယ်လို့ ယူဆပါတယ်။ အသောကျောက်စာတွေမှာ ပါတဲ့ ခေတ်ပြိုင် ဂရိမင်းတွေရဲ့ အမည်တွေကို အထောက်အထားပြုပြီး ပြောတာ ဖြစ်ပါတယ်။ ထို့အတူ ဂရိနိုင်ငံ မဟာအလက်ဇန္ဒားဘုရင် (Alexander the Great) ဘီစီ ၃၂၃ မှာ ကွယ်လွန်ပြီးနောက် နန်းတက်လာတဲ့ ဘုရင် ဆီလူးကပ်စ် (Seleukos Nikator) နဲ့ (အသောကမင်းရဲ့ ဘိုးတော်) စန္ဒဂုတ်မင်းက ခေတ်ပြိုင်ဖြစ်တယ်ဆိုတဲ့ ဂရိနဲ့ လက်တင် သမိုင်မှတ်တမ်းတွေနဲ့ တိုက်ဆိုင်ပြီး၊ အသောကမင်း အဘိသိက်ခံနှစ်က ဘီစီ ၂၆၈-ခုနှစ် ဝန်းကျင်လောက်ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါကြောင့် ဝံသကျမ်းတွေမှာ လာတဲ့ ၂၁၈-ခုနှစ် ပြန်ဆုတ်ရင် ဗုဒ္ဓ ပရိနိဗ္ဗာန်စံနှစ်က ဘီစီ ၄၈၆-ခုနှစ် ဖြစ်မယ်လို့ တွက်ဆကြပါတယ်။ သက်တော် ၈၀ ထပ်ဆုတ်ရင် ဖွားတော်မူနှစ်က ဘီစီ ၅၆၆-ခုနှစ်လို့ ရပါတယ်။ ဒီနည်းကို Corrected Long Chronology လို့ခေါ်ကြပါတယ်။

၄။ သက္ကတဘာသာရေး မြောက်ပိုင်း ဗုဒ္ဓဘာသာကျမ်းတွေနဲ့ တရုတ်ဘာသာကျမ်းတွေမှာတော့ ဗုဒ္ဓပရိနိဗ္ဗာန် စံဝင်ပြီး အနှစ် ၁၀၀ (အချို့က ၁၁၆-ခုနှစ်) မှာ အသောမင်း အဘိသိက်ခံတယ်လို့ ယူဆတဲ့အတွက် ဗုဒ္ဓပရိနိဗ္ဗာန် စံနှစ်က ဘီစီ ၃၆၈ (၃၈၄)-ခုနှစ် ဖြစ်ပြီး ဖွားတော်မူနှစ်က ဘီစီ ၄၄၈ (၄၆၄)-ခုနှစ် ဖြစ်ပါတယ်။ ဒီနည်းကို Short Chronology လို့ ခေါ်ပါတယ်။

၅။ ဗုဒ္ဓပရိနိဗ္ဗာန် စံဝင်ပြီးနောက်မှာ မထေရ်ကြီးတွေက နှစ်စဉ် ပပါရဏာပွဲပြီးတိုင်း ဝိနည်းကျမ်းစာမှာ အစက်အပြောက်လေးတွေ ရေးထိုးပြီး အစဉ်အဆက် ရေတွက်ခဲ့တယ်။ အေဒီ ၄၈၉-ခုနှစ် သံဃဘဒြမထေရ်က ဝိနည်းအဋ္ဌကထာ သမန္တပါသာဒိကာကို တရုတ်ဘာသာပြန်ဆိုတဲ့အချိန်မှာ အစက်အပြောက်ပေါင်း ၉၇၅-ခုရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဗုဒ္ဓ ပရိနိဗ္ဗာန်စံနှစ်က ဘီစီ ၄၈၆-ခုနှစ်ဖြစ်ပြီး ဖွားတော်မူနှစ်က ဘီစီ ၅၆၆-ခုနှစ် ဖြစ်မယ်လို့ အရှေ့တိုင်းပညာရှင် အချို့က ယူဆကြပါတယ်။ ဒီနည်းကို Chronology of Dotted Record လို့ ခေါ်ပါတယ်။ ဘီစီ ၁-ရာစု ဝဋ္ဋဂါမဏိမင်းလက်မှ ပိဋကသုံးပုံကို ပေထက် အက္ခရာတင်တာဖြစ်ပြီး အရင်က နှုတ်တက် ဆောင်ခဲ့ကြတာဖြစ်လို့ ဒီအယူအဆကို သံသယဖြစ်ဖွယ် ရှိပေမယ့်လည်း Corrected Long Chronology နဲ့ တိုက်ဆိုင်တာကို တွေ့ရပါတယ်။

Ref: 
  • John M. Senaveratna - The Date of Buddha's Death and Ceylon Chronology. 
  • Heinz Bechert - When did the Buddha Live? The controversy on dating of the historical Buddha.