လွန်ခဲ့တဲ့ ၁ဝ လောက်က ဘလော့ပေါ်မှာ “Freethinkers နှင့် မြတ်ဗုဒ္ဓ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီဃနခ လို့ခေါ်တဲ့ Atheist ပရိဗိုဇ်တဦးနဲ့ ဗုဒ္ဓ တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းကို ရေးခဲ့ဖူးပါတယ်။ ဒီဆွေးနွေးပွဲမှာ “ဘာကိုမှ မယုံကြည်ဘူး” လို့ဆိုတဲ့ သူတွေက အစွဲအလမ်း အနှောင်အဖွဲ့ ကင်းဖို့ ပိုပြီး နီးစပ်တယ်လို့ ဗုဒ္ဓက (ဒီဃနခ အပါအဝင် Atheist တွေကို) ချီးမွမ်းခဲ့ဖူးပါတယ်။ ဗုဒ္ဓနဲ့ Atheists တွေက နီးစပ်မှု တစ်ခုရှိတယ်လို့ ဆိုနိုင်ပါတယ်။
ဒီနေ့ခေတ် နာမည်ကြီး Atheist စာရေးဆရာ အချို့က (ဗုဒ္ဓဘာသာ အဖြစ် မခံယူကြပေမယ့်) ဗုဒ္ဓအဆုံးအမရဲ့ သြဇာလွှမ်းမိုးမှု မကင်းတာကို တွေ့ရပါတယ်။ ဒါကြောင့် သူတို့ကို ရုပ်ဖျက်ထားတဲ့ ဗုဒ္ဓဘာသာတွေလို့တောင် အချို့က စွပ်စွဲတာမျိုးတွေ ရှိခဲ့ပါတယ်။
“The End of Faith: Religion, Terror, and the Future of Reason” (2004) စာအုပ်ကို ရေးခဲ့တဲ့ အမေရိကန် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Sam Harris က ပဏ္ဍိတာရာမဆရာတော်ကြီးထံမှာ ရက်ရှည် တရားစခန်း ဝင်ခဲ့ဖူးပါတယ်။ “Sapiens: A Brief History of Humankind” (2014) စာအုပ်ကို ရေးခဲ့တဲ့ ဂျူးလူမျိုး သမိုင်းပါမောက္ခ Yuval Noah Harari ကလည်း ဆရာကြီးဂိုအင်ကာနည်းနဲ့ ဝိပဿနာ တရား အားထုတ်သူ တစ်ဦးပါ။ အင်တာဗျူးတစ်ခုမှာ ဂျူး လူမျိုးတစ်ဦး ဖြစ်တဲ့အတွက် သူ့ရဲ့ သမိုင်းအမြင်တွေအပေါ် သြဇာလွှမ်းမိုးမှု ရှိသလားဆိုတဲ့ အမေးကို “ကျွန်တော်က လူမျိူး အနေနဲ့ ဂျူးတစ်ဦး ဖြစ်ပေမယ့် ကျွန်တော့ ဘာသာတရားနဲ့ လောကအမြင်ကတော့ ဂျူးမဟုတ်ပါဘူး။ သမ္မာကျမ်းစာထက် ဗုဒ္ဓနဲ့ ဒါဝင်တို့က ပိုပြီး ကျွန်တော်အပေါ်မှာ သြဇာသက်ရောက်မှု ရှိခဲ့ပါတယ်” လို့ ဖြေဖူးပါတယ်။

0 comments:
Post a Comment