Friday, June 26, 2009

ဘလော့ဂ် တာ...(၃)

စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုထဲက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ မင်းသားကြီး ဘိုလ်ကွန်စကီ
ကို မှတ်မိကြမလား မသိပါ။ မကောင်းမှုဒုစရိုက်တွေကို မွေးဖွားပေးတဲ့ အရာနှစ်ခုက ‘အချည်းနှီးနေခြင်း’ နှင့် ‘အယူသည်းခြင်း’ ဖြစ်ပြီး၊ ကောင်းမြတ်တဲ့ အရည်အချင်းနှစ်ခုကတော့ ‘လုံ့လဝီရိယ’ နှင့် ‘အသိဉာဏ်ရှိခြင်း’ လို့ သူက မကြာခဏ ပြောလေ့ရှိပါတယ်။ သူကိုယ်တိုင်လည်း စည်းစနစ်အလွန်ကျပြီး အချိန်ဇယားဆွဲ အလုပ်လုပ်တတ်သလို၊ သူ့သမီး မင်းသမီးလေး မေရီကိုလည်း အချိန်ကို အလဟဿမထားစေပဲ, အသက်နှစ်ဆယ် အရွယ်ရောက်သည်ထိ အက္ခရာသင်္ချာနှင့် ဂျီသြမေတြီပုစ္ဆာတွေ တွက်ခိုင်းထားပါတယ်။

စဉ်းစားမိတယ်…။ အကယ်၍များ အဲဒီခေတ်က ရုရှားပြည်မှာ ဒီနေ့လို အင်တာနက်နဲ့ ဘလော့ဂင်းတွေခေတ်စားနေခဲ့ရင် သူ့သမီး မေရီကို ဘလော့ဂင်းခွင့် ပေးမလားလို့ပါ။ ကျွန်တော်ကတော့ ဘလော့ရေးတဲ့အတွက် အချိန်တွေကို အလဟဿမဖြစ်စေတဲ့အပြင် အသိဉာဏ်လည်းရင့်သန်စေတယ်လို့ ယူဆလို့ မသီတာကို ဘလော့ရေး စေခဲ့တာပါ။

ပို့စ်တွေ ရေးတော့ ကိုယ့်အကြောင်းတွေပဲ ရေးနေမိပါတယ်။ ပုဂ္ဂလိကအကြောင်းတွေချည်းသာ ရေးမနေနဲ့လို့ ကိုဧရာ့က ဝေဖန် အကြံပြုလာပါတယ်။ ဘာပဲရေးရေး အနုပညာတွေကတော့ နေ့နေ့ညည မသီတာရင်မှာ ပေါက်ဖွားနေတာတော့ အသေအချာပါပဲ။ ဥပမာ -
“ကျမ ဘဝမှာ ရှင်နဲ့ ဆုံခဲ့ခြင်းတခုသာ အမှန်၊ ကျန်တာတွေ အကုန်အမှား ဆိုတာမျိုးဖြစ်အောင်လုပ်နေတာပေါ့လေ” ဆိုတဲ့ ဇတ်ဝင်ခန်းထဲက အပြောမျိုးတွေ ပြောတတ်လာလို့ ဇတ်လိုက်မင်းသားကြီး ကိုဧရာခင်မျာ သုံးထပ်ကွမ်း အကယ်ဒမီ မင်းသမီးနဲ့ တွဲ သရုပ်ဆောင်ရတဲ့ တက်သစ်စ မင်းသားလေးလို ဖြစ်လို့…။

အခုတော့ ဘလော့ကမ္ဘာကို Channel အစုံရှိတဲ့ ရေဒီယို တလုံးလို၊ ပို့စ်တခုကို publish လုပ်တော့မယ်ဆိုရင်လည်း ကိုယ်ပိုင် အသံလွှင့်ရုံကြီးကနေ တကမ္ဘာလုံးကို ထုတ်လွှင့်လိုက်ရသလို ခံစားရပါတယ်။ (နောက်ဆို ရုပ်သံနဲ့ ဘလော့တဲ့ ခေတ်ရောက်လာဦးမလားပဲနော်။)

ကိုယ်ရေးတဲ့ စာ (ပို့စ်၊ ကော်မန့်၊ CBox) ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မရည်ရွယ်ပါပဲ တစုံတရာ ထိခိုက်နစ်နာစရာမျိုး မဖြစ်အောင် ကြီးစွာသော သတိတွေ ထားနေမိပါတယ်။ ဒါကိုလည်း ဘလော့လောကမှာ ကိုယ့်ရဲ့ ရပ်တည်မှုဟာ ရာနှုံးပြည့် ရိုးသားမှု မရှိဘူးလို့ ခံစားမိပြန်ပါတယ်။ ကိုယ့်အတွင်းစိတ် ဓာတ်ခံကို ကိုယ်တိုင် သေချာမသိတော့၊ ဘလော့ပေါ်မှာ အထုတ်ဖြည် ပြသလို မဖြစ်ချင်တာပါ။ အချို့ဆို ဘာရေးရေး ချစ်စဖွယ်လေးတွေ ဖြစ်နေတော့ သူတို့ရဲ့ ဖြူစင်တဲ့ နှလုံးသားနဲ့ ဘဝပေးအခြေအနေတွေကို အားကျ အတုယူရပါတယ်။ စိုးရိမ်မှုကို ဖြစ်စေတဲ့ နောက်အကြောင်းတခုက ကိုယ့်ကိုကိုယ်လည်း သိတော့သိတယ်…ဒါပေမဲ့ တမင်မသိချင်ယောင်ဆောင်ထားတဲ့ အချက်ပါ။ ကိုဧရာကတော့ တခါမှာ ဘွင်းဘွင်းကြီး ပြောချလာပါတယ်။ “ကို သိတယ်…သီတာက ပုံမှန်ကြီးပြင်းခဲ့တာ မဟုတ်ဘူး” တဲ့။ သူဆိုလိုတာက ကိုယ်တို့တွေဟာ Pressure တွေနဲ့ ကြီးပြင်းခဲ့တယ်။ ကြီးပြင်းခဲ့ရတဲ့ သက်တမ်းတလျှောက်မှာ ဓလေ့ထုံးစံနဲ့ ဘဝပေးအခြေအနေအရ လွတ်လပ်မှုနဲ့ အတော်ကလေး ကင်းကွာပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု အတော်နည်းပါတယ်။

အဲ့ဒီ Pressure နဲ့ ဆက်နွယ်ပြီးတော့ပဲ… “ဘယ်သူမဆို သူ့အတွက် Pressure ဖြစ်လာရင် Balance ဖြစ်အောင် တနည်းနည်းနဲ့တော့ တဖက်က ပြန်ထုတ်တတ်တယ်တဲ့ … ဥပမာ အရက်သောက်တာပဲ ဖြစ်ဖြစ်၊ ကလေးတွေအပေါ် မာန်တာ မဲတာမျိုးဖြစ်ဖြစ် တခုခုပေါ့” တဲ့။ မသီတာ အရက်တော့ မသောက်ပါရစေနဲ့။ တခါတလေတော့လည်း ဘလော့ဂင်းရင်း Balance ဖြစ်အောင် လုပ်တယ်ပေါ့ …။

တဖက်ကလည်း စာတွေကို တိုးတိုးပြီးရေးချင်နေမိတာပါ။ (သူငယ်ချင်းတယောက်ဆီက လက်တလော အခြေအနေ သာကြောင်းမာကြောင်းလေးတွေ email လာရင်ကို ကိုယ်က ဝတ္တုတို တပုဒ်လောက် စာပြန်ချင်နေမိတယ်။) ကိုယ်တို့က အတန်အသင့်ခေါ်မလား၊ တော်တော်လေး ဆိုမလား၊ အတိုင်းအတာ တခုထိတော့ စားသုံးပြီးပြီလေ။ ကြိုချက်ပြီး ပြန်ထုတ်ရတော့မဲ့ အချိန်… မထုတ်ရရင် စပိုးနင့်သလိုလို… ရင်ပြည့်ရင်ကယ်သလိုလို…။

စားပြီးသမျှတွေ ပြန်ထုတ်ရင် နောက်ပုံစံတမျိုးနဲ့ ထွက်လာမှာတော့ အမှန်ပဲ။ အဆိပ်အတောက် အညစ်အကြေးတွေကိုတော့ တော်ရာကိုပို့ကြပါ။ (သူကလည်း တချိန်ချိန် တနေရာရာမှာ တနည်းနည်းနဲ့တော့ အသုံးဝင်ပြန်သေးသတဲ့)။ စုတ်ယူထားလိုက်တဲ့ ခွန်အားတွေ အင်အားတွေကိုတော့ ရေလဲနဲ့ လိုသလိုသုံးပြီး၊ ခွန်အားရှိသော စာလုံးလေးတွေ အသွင်နဲ့ ထွက်လာရင်တော့… Sonata-Cantata နေပျော်ပါတယ်။

ဘလော့တွေ ခေတ်စားလာတော့ ကြီးကျယ်တယ်ပဲပြောပြော … စိတ်ထဲမှာ မြန်မာစာပေ Renaissance များလားလို့တောင် ခံစားမိရပါတယ်။ မော်ဒန်, ပိုစ်မော်ဒန်တွေ မဟုတ်ပဲ ဘာကြောင့်များ ရီနေဆန့်လို့ ဆိုရသလဲလို့ ဆိုရင်တော့ ကျွန်တော်က စာပေသမားတစ်ဦးမဟုတ်လို့ ဘာမှ ခိုင်လုံကျနစွာ ရှင်းပြနိုင်မှာတော့ မဟုတ်ပါဘူး။ ဘလော့ဂ်မှာ စာပေစိစစ်ရေးမရှိတဲ့အတွက် ကျွန်တော်တို့ ဖတ်ခွင့်ရဖို့မလွယ်တဲ့ စာမျိုး၊ အရေးအဖွဲ့မျိုးတွေ ပြန်တွေ့ရပါတယ်။ နောက်ပြီး ဘလော့က မဂ္ဂဇင်းစာစောင်တွေလို အမြတ်အစွန်းရဖို့ ထည့်စဉ်းစားစရာ မလိုတဲ့အတွက် မြန်မာစာပေလောကမှာ ပျောက်ကွယ်နေတဲ့ ရှေးဟောင်းစာပေတွေကို ပြန်လည်တွေ့ရပါတယ်။ ဥပမာ မေဓါဝီ တို့, ကိုဟယ်ရီ Harry တို့ရဲ့ မြန်မာ့ကဗျာရေးဖွဲ့နည်းတွေ၊ ရတုရကန်တွေအကြောင်းကို ပြန်ဖတ်ရပါတယ်။ အက္ခရ မှာ ပါဠိကဗျာအရေးအဖွဲ့တွေကို ပြန်တွေ့ရပါတယ်။ ကိုညီလင်းဆက် နဲ့အချို့ဘလော့ဂါတွေကလည်း တိမ်မြုတ်နေတဲ့ ဝဏ္ဏဗောဓနသတ်အင်းလို မြန်မာစာလုံးပေါင်းကျမ်းတွေ၊ ရှေးက မြန်မာအဘိဓာန်တွေကို ပြန်လည်ထုတ်ဖော်လာကြပါတယ်။ ဒါကြောင့် ဘလော့တွေ ခေတ်စားလာတာကို မြန်မာစာပေ အမှောင်ခေတ်ကြီးထဲက ပြန်ရှင်နိုးထလာလေသလားလို့ တွေးမိတာပါ။

ဧရာသီတာ

Wednesday, June 24, 2009

ဘလော့ဂ် တာ...(၂)

ဘလော့ ဆိုတဲ့ အသံကြားဖူးတော့ “ဘယ်လိုဟာတုန်း”လို့ နီးစပ်ရာ လိုက်မေးမိတယ်။ စိတ်ဝင်တစားတော့လည်း မဟုတ်သေးဘူး။ ကိုဧရာကတော့ သူကြိုက်ရာဘလော့တွေ လိုက်ဖတ်နေပြီ။ သိပ်ကို အားနေပေမဲ့ ဘယ်အရာကိုမှ စိတ်မဝင်စားတဲ့ ကိုယ့်ကို “ဘလော့လုပ်ပါလား ဘလော့လုပ်ပါလား” နဲ့ တနေ့တနေ့ သွေးတိုးစမ်းနေတယ်။ အခုလောက်ဆိုရင်တော့ ပရိသတ်ကြီးလည်း သဘောပေါက်လောက်ပါပြီ သူရေးချင်လို့ သူများကို ဘလော့ထောင်ခိုင်းတယ် ဆိုတာကို…။ အတိုချုံးလိုက်မယ်…ဘလော့တခု ပိုင်ခဲ့ပါပြီပေါ့။

ကိုဧရာက တနေ့က မေးလာပါတယ်။ “ကိုတို့ အိမ်မှာ ဘလော့စလုပ်တာ ဘယ်သူလဲသိလား” တဲ့။ ကိုယ်လည်း အမြဲတန်း အိပ်ချင်နေသလို မှေးနေတဲ့ မျက်လုံးကို ကြိုးစားပြူးပြီး “မသိဘူး” လို့ ဖြေလိုက်ပါတယ်။ “သားကြီးလေ” တဲ့။ “ကိုကိုနိုင် လာတုန်းကလေ” တဲ့။ အယ် ဟုတ်သား… (အဲ့ဒီအကြောင်းလေးတော့ မှတ်တမ်းတင်ထားဖို့ လိုတယ်) ကိုဧရာ့ညီ ဝမ်းကွဲ ကိုကိုနိုင် စင်္ကာပူလာလည်တော့ သူက တနေကုန် ကျောပိုးအိပ်လေးလွယ်ပြီး တစ်ယောက်ထဲ လျှောက်လည်တယ်။ ညဖက်ရောက်ရင်တော့ သူက စာကျက်တယ်ကိုး…။ အိမ်မှာ ရှိချိန်တော့ အင်တာနက်လည်း သုံးတယ်ပေါ့။ သားသားတို့လည်း သူအနားပဲ ဝိုင်းနေတော့တာ။ တနေ့တော့ သားကြီးက “မေမေဒီမှာ သားသား email”။ “ဘလော့လည်းရှိတယ်” ဆိုပြီး လာပြပါတယ်။ “ကိုကိုနိုင် လုပ်ပေးတာ” တဲ့။ “မေမေ ကော်မန့်ရေးပေး” တဲ့…။ ကိုယ်လည်း ခပ်တည်တည်နဲ့ လေယာဉ်ပျံပုံတွေနဲ့ ကာတွန်းပုံတွေကလွဲလို့ ဘာမှမရှိတဲ့ သူ့ဘလော့မှတဆင့် ဘလော့ ဆိုတာကို လေ့လာခဲ့ရပါတယ်။ ကိုကိုနိုင့်ကိုလည်း မေးရင်းစမ်းရင်းပေ့ါ။

Sonata-Cantata ကို စရေးတော့ အဲ့ဒီတုန်းက အိမ်နီးနားချင်းညီမလေး ရတနာစိုးက လိုအပ်တာတွေ ကူညီခဲ့ပါတယ်။ သုတတွေရော ရသတွေရော အဖုံဖုံ အသွင်သွင် အစုံအလင်သော ဘလော့တွေ လည်နေရင်း၊ ပို့စ်တွေ ဖတ်နေရင်း၊ တနေ့တော့ ဒီကို လာလည်တဲ့ ငယ်သူငယ်ချင်းတယောက် နဲ့ ဆုံဖြစ်ပါတယ်။ သူ shopping ထွက်တာကို ကိုယ်က အဖေါ်လိုက်ပေးရင်းပါ။ နှစ်ပေါင်းများစွာ ကွဲကွာနေကြတဲ့ ဆရာဝန် သူငယ်ချင်းနဲ့ ကိုယ်မှာ ပြောစရာတွေ ရေပက်မဝင်အောင် ရှိနေပါတယ်။ သွေးလွန်တုတ်ကွေးအကြောင်းပဲ ပြောမလား။ ဆီးချိုနဲ့ သွေးတိုးအကြောင်းပဲ စမလား။ ကလေးခွဲမွေးမလား။ သားအိမ်ထုတ်မလား လာထား… ပြောပစ်လိုက်မယ် ခပ်များများ ဆိုသလို ဖြစ်နေတော့ သူလည်း ကိုယ့်ကို အံ့သြသလိုကြီး ဖြစ်ပြီး “နင်က သိလှချည်းလား” ဆိုလာပါတော့တယ်။ “ငါစာတွေ ဖတ်တယ်ဟ…။ ဆရာဝန်တွေ ရေးတဲ့ ဘလော့မှာလေ” လို့ ပြောမိတော့ … သူက “အော် ဘလော့ဂါတွေ” လို့ ..ပြောလိုက်မှပဲ ကိုယ်လည်း ပါးစပ်ပိတ်သွားပါတော့တယ်…။ သူ့ လေသံအနေအထားအရ မကြည်လင်တဲ့ အမြင်တွေ ရှိတယ်ဆိုတာ ခံစားမိလို့ ကိုယ်ဘလော့ရေးတယ် ဆိုတာကို ကြုံတုန်းလေတောင် ပြောမထွက်တော့ပါဘူး…။ မြိုချ မြိုချ…။

ငယ်ငယ်ကတော့ ကာတွန်းစာအုပ်တွေ ဖတ်ရင် အဖေက သိပ်ဆူတယ်ကိုး။ သူမသိအောင် ခိုးဖတ်ရတာ။ ငြုပ်သီးထောင်း၊ ရေခပ်၊ မိဘကူ မလုပ်ပဲ အချိန်ဖြုန်းတယ်လို့ အယူအဆရှိပါတယ်။ ခုခေတ်ကလေးတွေ ဂိမ်း ကွန်ပြူတာနဲ့ အချိန်ကုန်ရင် ကိုယ်တို့ ကြည့်မရသလိုပေါ့။ အမေကတော့ မျက်စိတဖက်မှိတ် အနေအထားလေးနဲ့ပါ။ ရင်းနှီးတဲ့ ဘလော့ဂါတွေ ထဲမှာလည်း သူတို့ ဘလော့နေတာ ဆိုင်ရာပိုင်ရာက မသိအောင် မျက်စိတဖက်မှိတ် အနေအထားမျိုးတွေ ရှိကြောင်း ဘလော့ စာမျက်နှာတွေပေါ်မှာ ဖော်ပြကြပါတယ်။ ဒီအရွယ်ကြီးကျမှ ပိုက်ဆံထွက်မရှာပဲ ဘလော့ထိုင်ဖတ်နေတာသာ အဖေသိရင် ထရိုက်လေမလားလို့လည်း တွေးမိပါသေးတယ်။ အာဏာရှင်စနစ်အကြောင်းတွေးမိရင် အဖေအကြောင်း ပို့စ်ရေးချင်မိတဲ့ စိတ်ကို မနည်းဘရိတ်အုပ်နေရတယ် ဆိုတာပါသိရင် သတ်ချင်မလားတောင် မသိ။ လွတ်မြောက်နယ်မြေက မို့လို့သာ ဒီလောက်လေး ဆန္ဒဖော်ထုတ်ရဲတာပါ အဖေ…။ ဟိုက မိသားစုကလည်း ကိုယ့်ဘလော့ကို မဖတ်နိုင်ကြပါဘူး။ ဒီမှာအတူနေတဲ့ တူမလေးတောင် မဖတ်ပါဘူး။ တခါတော့ ပြောလာပါတယ် “အန်တီတာ့ ဘလော့ကိုလေ (သူ့အမေဘက်ကတော်တဲ့ အမဝမ်းကွဲ) မမက အမြဲ ဖတ်တယ်တဲ့၊ ဖတ်ကြည့် အပျင်းပြေတယ် လို့ပြောတယ်” …။ “ဟေ အေးအေး…” ပဲလိုက်ရတာပေါ့။ ရန်ကုန် လူကြုံကောင်းကောင်းရှိတုန်းကတော့ ပို့စ်အချို့ print out ထုတ်ပြီး မကြီးဆီ ထည့်ပေးလိုက်တယ် ဘယ်သူ့မှ မပြနဲ့လို့ စာလည်း ရေးထည့်ပေးလိုက်သေးတယ်။ မကြီးဆီကလည်း သဘောကျတဲ့ အကြောင်း ပြန်စာရပါတယ်။ တလောက မကြီးနဲ့ ဖုန်းပြောဖြစ်တော့ သူက သတိတရ မေးရှာပါတယ်… “ညီမလေး စာတွေ ရေးသေးလား” တဲ့ “ရေးတယ်လေ ရေးတယ်…အင်တာနက်မှာ တင်နေတာပဲ” ဆိုတော့… “မကြီး မကြည့်တတ်ပါဘူး” တဲ့… “နောက်ကြုံရင် ပို့ပေးဦးလေ ဖတ်ရတာ အပျင်းပြေတယ်” တဲ့ … တိန် …။

ဒီမှာ သူငယ်ချင်းသမီးလေး မွေးနေ့ပွဲ လုပ်တော့ သွားတယ်။ ဒီလိုမှလည်း ဆုံရတာကိုး။ စကားတွေ ဟိုပြောဒီပြောနဲ့ ဘလော့အကြောင်း ရောက်လာတယ်။ အဲဒီနေ့က မြန်မာ ပညာတတ် အခြေအနေရှိ လူတစုရဲ့ စကားဝိုင်း အနေအထားနဲ့ စကားအသွားအလာအရတော့ ဘလော့ဂင်းခြင်းနဲ့ ဘလော့ဂါတွေက အနှုတ်ဖက်မှာပဲ ရှိနေသေးတယ်။ ဘလော့ဂါကြီးဘဲ ဒီလောက်တော့ အကဲခတ် ဘယ်ညံ့လိမ့်မလဲ။

ဒီတပိုင်းအတွက် နိဂုံးချုပ်လိုက်မယ်… ဘလော့တာ အပြစ်မရှိဘူး။ ဘေးကင်းတယ်။ (ခက်တာက နေရာတိုင်း၊ အချိန်တိုင်း အတွက် မမှန်သေးဘူး ဖြစ်နေတယ်) ကိုယ့်အတွက်တော့ ပို့စ်မှ မရေးရင် တစ်ယောက်နဲ့ တစ်ယောက်က စကားပြောစရာတောင် မရှိသမို့ …
ယုံကြည်ရာလမ်းမ S-C လေးအပေါ်
လျှောက်သွားရင်းနဲ့ လမ်းမှာ အဖေါ်… (ကိုကိုဧရာကြီးလေ)
ဘလော့ဂါအပေါင်း သူတော်ကောင်းတို့
လမ်းဆက်လျှောက်မယ်…
လမ်းဆက်လျှောက်မယ်…
လမ်းဆက်လျှောက်မယ်…။

ဘလော့ဂ် တာ...(၁) က ဒီမှာ

Monday, June 22, 2009

အလွှာ


အချစ်
ရေပေါ်စီလေးပါ
အလွှာလေးပေါ်မှာ
…
ယုံကြည်ခြင်းကတလွှာ
ကိုးစားခြင်းက တလွှာ
မြတ်နိုးခြင်းက တလွှာ
ကျေးဇူးတရားက တလွှာ

အမုန်း
ရေပေါ်စီလေးပါ
အလွှာလေးပေါ်မှာ
…
နာကျည်းခြင်းက တလွှာ
ခံပြင်းခြင်းက တလွှာ
လက်စားချေလိုခြင်းက တလွှာ
ကမ္ဘာမကျေတာ တလွှာ

အမှားအမှန်
ရေပေါ်စီလေးပါ
အလွှာလေးပေါ်မှာ
…
အထင်က တလွှာ
အသိက တလွှာ
အယူက တလွှာ
ဓမ္မတာက တလွှာ

ပျားသကာက တလွှာ
အခါးအနာက တလွှာ
မနာလိုခြင်းက တလွှာ
ဝန်တိုခြင်းက တလွှာ
အပြုံးတွေက တလွှာ
အရှုံးတွေက တလွှာ
အဆုံးတွေက တလွှာ
… … … တလွှာ
… … … တလွှာ
… … … တလွှာ

အားလုံးဟာ ပါးပါးလေးပါ
အလွှာအောက်မှာသာ
တိုးမပေါက်နိုင်တဲ့
ငါ…
မွန်းကြပ်လှပေါ့ကွာ။ ။

Thursday, June 18, 2009

Women's Future World's Future

Women's Future World's Future ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက အမျိုးသမီးတွေရဲ့ သက္ကရာဇ်၂၀၅၀အတွက် အမြင်တွေကို ရောင်စုံဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ စုစည်းထားတဲ့စာအုပ်ကို The University Women's Association Singaporeမှ ၂၀၀၀ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ စာမျက်နှာပေါင်း ၂၀၀ကျော်ရှိပါတယ်။


ဒီစာအုပ်ရဲ့ editor ဖြစ်သူ Dr. Elsie Yu Chen Chee က ကျမကို လက်ဆောင်ပေးခဲ့တာပါ။ စာအုပ်နိဒါန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “It is time to apply in the arena of the world, the wisdom and experience women have gained.” ဆိုတဲ့ စာသားလေးကို ကိုးကားဖော်ပြထားပါတယ်။ (ကျမကလည်း အပြန်အလှန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရေးသားတဲ့ Freedom from Fear စာအုပ်ကို ပြန်ပေးခဲ့ပါတယ်။)
ရှေ့မျက်နှာဖုံးနောက်မျက်နှာဖုံး
အတွင်းဖုံးမြန်မာပြည်မှ ပါဝင်ရေးသားသူများ
စာအုပ်ပေးသူ၏ စာမျက်နှာ

စာအုပ်ဖြစ်မြောက်ရေး ကော်မတီ (Dr. Elsie က ရှေ့တန်း အလယ် အနက်ရောင် ရှပ်၊ အနက်ရောင် ဘောင်းဘီနဲ့ ထိုင်နေသူပါ။)

စာဖတ်သူတို့၏ အမျိုးသမီးများ အနာဂတ်နဲ့ ကမ္ဘာ့အနာဂတ်အတွက် Vision, Mission and Goal...စသဖြင့်ကို ဒီပို့စ်နှင့်အတူ တစုတစည်းထဲ စုစည်းထားလိုသည့်အတွက် ကော်မန့်မှာ ဖော်ထုတ်ရေးသားခဲ့စေလိုပါတယ်။

Wednesday, June 17, 2009

အောင်ခြင်းရှစ်ပါး




စာသား- ပထမကျော် လယ်တီကောဝိဒ
တေးရေး- သဟာယ ဆရာတင်
မူလအဆိုရှင်- မေရှင်

Tuesday, June 16, 2009

မြတ်ဗုဒ္ဓ၏ သာသနာပြုမိန့်ခွန်း

မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် ဥရုဝေလတောမှ ဗာရာဏသီပြည် မိဂဒါဝုန်တောသို့ကြွ၍ ပဉ္စဝဂ္ဂီငါးပါးအား ဓမ္မစကြာဒေသနာကို ၅-ရက်တိုင်တိုင် ဟောကြားတော်မူခဲ့၏။ ပဉ္စဝဂ္ဂီငါးပါးတို့သည် အသီသီး သောတာပတ္တိဖိုလ်တည်၍ ဧဟိဘိက္ခုရဟန်းများ ဖြစ်ကြသည်။ လပြည့်ကျော် ၅-ရက်နေ့တွင် အနတ္တလက္ခဏာသုတ် ဒေသနာဟောကြားတော်မူအခါ ပဉ္စငါးပါးလုံးပင် ရဟန္တာဖြစ်ကြသည်။ မိဂဒါဝုန်တော၌ သီတင်းသုံးတော်မူကြစဉ် သူဌေးသား ယသနှင့် ဆွေမျိုး မိတ်သင်္ဂဟတစုလည်း တရားထူးရကြ၍ လောကတွင် (မြတ်စွာဘုရားအပါအဝင်) ရဟန္တာ ၆၁-ပါးဖြစ်သည်။ ဝါကျွတ်သောအခါတွင် ဗုဒ္ဓက အောက်ပါ မိန့်ခွန်းကို ဟောကြား၍ သာသနာပြု လှည့်လည်ရန် တိုက်တွန်းလေသည်။

စရထ, ဘိက္ခဝေ, စာရိကံ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿနံ။ မာ ဧကေန ဒွေ အဂမိတ္ထ။ ဒေသေထ, ဘိက္ခဝေ, ဓမ္မံ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေထ။

(၁) ရဟန်းတို့… အများအကျိုးအတွက် အများချမ်းသာရေးအတွက် လောကကို အစဉ်သနား စောင့်ရှောက်သောအားဖြင့် နတ်လူတို့၏ အကျိုးစီးပွားချမ်းသာဖြစ်စေရန် ခရီး လှည့်လည်ကြကုန်လော့။ ခရီးတစ်ကြောင်းတွင် နှစ်ပါး မသွားကြကုန်လင့်။ (၂) ရဟန်းတို့… အစ၏ ကောင်းခြင်း, အလယ်၏ ကောင်းခြင်း, အဆုံး၏ ကောင်းခြင်း, အနက်အဓိပ္ပါယ်နှင့် ပြည့်စုံခြင်း, သဒ္ဒါနှင့် ပြည့်စုံခြင်းရှိသော တရားကို ဟောကြကုန်လော့။ (၃) အလုံးစုံပြည့်စုံသော, အလုံးစုံစင်ကြယ်သော မြတ်သောအကျင့်ကို ပြကြကုန်လော့။

ရဟန္တာပုဂ္ဂိုလ်များသည် ကိလေသာကင်းစင်၍ ပြုဖွယ်ကိစ္စပြီးသောသူများဖြစ်သည်။ မိမိတို့၏ တာဝန်ပြီးပြီဟူ၍ ကြောင့်ကြမဲ့ မနေပဲ လောကကို စောင့်ရှောက်သောအားဖြင့် လူအများအား (မိမိတို့နည်းတူ) လွတ်မြောက်မှုအရသာ (ဝိမုတ္တိရသ)ကို ခံစားနိုင်ကြစေလိုခြင်းသည် သာသနာပြုခြင်း၏ ပဓာနရည်မှန်းချက်ဖြစ်သည်။ ထို့ကြောင့် နေရာဒေသအနှံ့အပြားသို့ သတင်းစကား ဆောင်နိုင်စေရန်အတွက် ခရီးတစ်ခုတွင် နှစ်ပါးမကြွစေပဲ ဖြန့်ကျက်၍ စေလွှတ်ခဲ့သည်။ အစ, အလယ်, အဆုံးသုံးပါးလုံး ကောင်းမွန်သော တရားဒေသနာကို ဟောကြားစေခဲ့သည်။ တရားတော်သည် သီလ, သမာဓိ, ဝိပဿနာဟူသော အခြေခံ အစကောင်းခြင်း၊ မဂ္ဂင်ရှစ်ပါး မဇ္ဈိမပဋိပဒါဟူသော လမ်းစဉ်၏ အလယ်ကောင်းခြင်း၊ အရဟတ္တမဂ်, အရဟတ္တဖိုလ်, နိဗ္ဗာန်ဟူသော အဆုံးပန်းတိုင်၏ ကောင်းခြင်းတို့နှင့် ပြည့်စုံသည်။ တရားဟောကြားခြင်းသည် အနက်အဓိပ္ပါယ်တို့ကို တစ်ဦးမှတစ်ဦးထံ ပို့ဆောင်ရခြင်းဖြစ်ရာ၊ အနက်အဓိပ္ပါယ် (အတ္ထ - meaning) နှင့် ပြည့်စုံရန်သာမက၊ ပို့ဆောင်မှု, ရေးဖွဲ့မှု, အသံထွက်စသော ပုံသဏ္ဍာန်ပိုင်း (ဗျဉ္ဇန - Phrasing) နှင့်လည်း ပြည့်စုံပါမှ တရားကောင်း, စကားကောင်းဖြစ်၏။ တရားဟောကြားစေခြင်းသာမက မိမိတို့၏ စင်ကြယ်မြင့်မြတ်သော အကျင့်ကို ထင်ရှားအောင် ပြသရန် ဗုဒ္ဓက တိုက်တွန်းခဲ့သည်။ အရှင်အဿဇိမထေရ်၏ သိက္ခာတည်ကြည်မှုဖြင့် အရှင်သာရိပုတ္တရာအလောင်းအား သာသနာဘောင်သို့ ဆွဲဆောင်ခဲ့သည်။ Leading by example သည် ဗုဒ္ဓ၏ သာသနာပြု လမ်းစဉ်တစ်ခု ဖြစ်သည်။
ဧရာ (မန္တလေး)

Friday, June 12, 2009

သမ္မတကတော်

ဒီမှာ ရာသီဥတုကပူ။ ရင်ထဲကဒေါသတွေကလည်း တငွေ့ငွေ့လှိုက်လိုက်၊ ဟုန်းကနဲတောက်လိုက်နဲ့ အပူတွေနဲ့ နဘမ်းလုံးနေလို့ ဘလော့ဂ်တွေမှာ ပို့စ်တွေ ဖတ်ဖြစ်နေပေမဲ့ ကော်မန့်လည်း မရေးဖြစ်ဘူး။ ဘလော့မိတ်ဆွေတွေကို အပူတွေမကူးစေချင်၊ မဟပ်စေချင်ဘူးလေ…
English သင်တန်းတက်တုန်းက ဆရာမက အိမ်မှာဖတ်ဖို့ ငှားပေးလိုက်တဲ့ Good Housekeeping မဂ္ဂဇင်းထဲက US First Lady - Michelle Obama နဲ့တွေ့ဆုံခန်းမှ တချို့ကို ဝေမျှလိုက်ပါတယ်။ အပြည့်အစုံလိုချင်ရင် ကော်မန့်မှာ ဖြစ်ဖြစ်၊ CBox မှာ ဖြစ်ဖြစ် Email address လေးထားခဲ့ပါနော်။ ပို့ပေးပါမယ်။

US Good Housekeeping’s editor-in –chief, Rosemary Ellis, sat down with America’s First Lady to talk about politics, Family and the future of their country.

ပထမဦးဆုံးမေးခွန်းကတော့- (မေးခွန်းတွေကို အနီရောင်နဲ့ ပြထားပါတယ်။)
When your husband told you that he wanted to run for President, how did you feel? What was your first reaction?
Michelle ဖြေလိုက်ပုံက My first reaction was: ‘Don’t – please don’t.’
Interviewerက That would be my first reaction. လို့ စကားထောက်ပါတယ်
With very political run that Barack made, my instinct was to talk him out it. Ididn’t see the value in politics. I think I was probably cynical – like a lot of American – that you really cann’t make change through the political process. So I’ve spent a huge chunk of our marriage so far trying to convince him to do something more sensible to change the world, like be a head teacher, or write books. The initial reaction is always the selfish; ‘This is going to be hard on me, it’s going to be hard on my girls.’
Interviewer: Well, it certainly is.
Yes, it is. But then I started thinking beyond me. I always joke that I took off my ‘me’ hat and put on my ‘us’ hat. (ဒီလို စကားပြောသွားပုံကို ကြိုက်မိပါတယ်။) And I started thinking about where I would hope to see the country go for my girls. Then I started thinking about the type of person that I wanted to see in politics. And that always turned out to be a guy like Barack. (မပိုင်ဘူးလား)

ဒုတိယမေးခွန်းကတော့
Talk to me about when you first met. What were the qualities you fell in love with?
I didn’t expect to like him, because his background seemed so different. My reaction was like that of many people when you hear categories, name. He’s biracial. He grew up in Hawaii. He lived in Indonesia. I thought; ‘We have nothing in common.’ But we started talking. And right of the bat, not only was he handsome, but his life was so similar to mine in terms of values. He was honest, he was humble, he was friendly, he was approachable. He cared about my family, he talked a lot about his experiences. In so many ways, he was very familiar to me. (“သူပဲ”လို့ ဖြေသွားတာ…)

နောက်မေးခွန်းတွေကတော့
What’s your biggest hope for his tenure as President, and what’s your biggest fear?

What have been the single most challenging and the proudest moments – I’m curious about both – for you in the learning curve as a potential First Lady since your husband declared his candidacy?

အမေတယောက် အနေနဲ့ စိတ်ဝင်စားမိတဲ့ နောက်မေးခွန်းတခုက
Is there anything about having their dad run for President that particularly thrills or disturbs or upsets your girls? How are they?
I think they’re doing great. I don’t think there’s anything amazingly thrilling or amazingly disappointing because we don’t take them there. They still are observing this sort of like third-party kids. It’s like, how many kids really care about what their parents do for a living? When they come home, it’s; ‘ Lemme show you what I drew; Lemme tell you what I did. ‘My kids, fortunately, are at the age where they’re still wonderfully self-centered. And as a result, what Dad does is neat, even now, and they think Dad’ll be a great President. (ရိုးသားလိုက်တဲ့ ဘဝတွေနော်…မြန်မာလူမျိုးတွေလိုပဲ :))

နောက်မေးခွန်းတွေ အဖြေတွေတော့ ဆက်မတင်တော့ဘူးနော် (ကိုယ်တိုင်က လုံးစေ့ပတ်စေ့ နားမလည်လို့ပါ။)

နားမယ်ကွယ်။

(ရွှေဂေါင်းပြောင် ကာတွန်းတွေဆွဲခဲ့တဲ့ ကာတွန်းအောင်အောင်ရဲ့ အသုံးလေး ယူသုံးလိုက်ပါတယ်။ ဆရာက သူ့ကာတွန်း အဆုံးမှာ ပြီး၊ ပြီးပြီ၊ ပြီး၏ တွေမရေးပါဘူး။ ငယ်ငယ်က ကာတွန်းစာအုပ်ဆို မောင်နှမတွေ လုဖတ်ကြတော့၊ လူကောင်ကြီးတဲ့ အမဝမ်းကွဲက စာအုပ် သူ့လက်ထဲရောက်သွားရင် ငါဖတ်ပြမယ်ဆိုပြီး ဖတ်ပြတာကို မကျေမနပ် ဘေးကလိုက်ကြည့်ရပါတယ်။ သူကလည်း အဆုံးထိ ဖတ်ပြပါတယ်။ သူဖတ်လိုက်ပုံကတော့

နာမယ်ကွယ်... တဲ့။ :)

Thursday, June 11, 2009

ကြောက်တတ်ဖို့ လိုပါသည် (၂)


“ကြောက်တတ်ဖို့ လိုပါသည်” က ဖတ်ဖူးသမျှတွေထဲကနေ အာဂမယုတ္တိ, သဘာဝယုတ္တိထုတ်ပြီး ကိုယ့်ကိုကိုယ် အားပေးဖို့ တွေးထား, ရေးထားတဲ့စာကို ပြန်လည်မျှဝေတာပါ။ ဒီပိုစ့်အတွက် ထပ်မံ ဖြည့်စွက်ချင်တာအချို့ ရှိလာပါတယ်။

ပထမအချက်က “ကြောက်တတ်ဖို့အတွက် သတ္တိ လိုပါသေးလား” ဆိုတဲ့ မေးခွန်းပါ။ မှန်မှန်ကန်ကန် ကြောက်တတ်ဖို့အတွက် သတ္တိလိုပါတယ်။ ဒီနေရာမှာ ‘သတ္တိ’ ဆိုတဲ့ စကားကို ရဲရင့်မှု (courage) ဆိုတာထက် ပိုပြီးကျယ်ပြန့်တဲ့ အရည်အချင်း (capacity) လို့ နားလည် ကြည့်နိုင်ပါတယ်။ ကြောက်တတ်ဖို့အတွက် လိုတဲ့ သတ္တိကို တေမိဇာတ်တော်မှာ ကြက်သီးထလောက်အောင် တွေ့နိုင်ပါတယ်။ တေမိမင်းသားက ငရဲကိုကြောက်ပြီး မင်းမဖြစ်လိုတဲ့အတွက် ဆွံ့အ, နားထိုင်းသလို နေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ခိုင်မာစွာရပ်တည်နိုင်ဖို့ အရည်အသွေးတွေ အများကြီးလိုပါတယ်။ အလောင်းတော်ဟာ အရွယ်အလိုက် ကစားစရာ, စားစရာ, ကချေသည်စတာတွေရဲ့ ဖျားယောင်း သွေးဆောင်မှုတွေကို မမက်မောပဲ၊ မီး, မြွေ, ဓားသံလျက် စတာတွေနဲ့ ခြိမ်းခြောက်မှုတွေအားလုံးကို မကြောက်လန့်ပဲ သည်းခံပါတယ်။ ဒီလို သွေးဆောင်မှု, ခြိမ်းခြောက်မှုတို့ကို သည်းခံ တွန်းလှန်နိုင်တဲ့ “ခန္တီ” နဲ့ မိမိ ရည်မှန်းချက်အတိုင်း ဖြောင့်ဖြောင့်သွားနိုင်အောင် သွေးဆောင်မှု, ခြိမ်းခြောက်မှုတွေကို လျစ်လျူရှုနိုင်တဲ့ “ဥပေက္ခာ”တို့ဟာ မြင့်မြတ်တဲ့ ကိစ္စတွေကို ဆောင်ရွက်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်။ စိတ်မလျော့ အားမပျော့ပဲ မိမိရဲ့ ဆုံးဖြတ်ချက်, ရည်မှန်းချက်ပေါ်မှာ ခိုင်မာစွာရပ်တည်ခြင်းဟာ “အဓိဋ္ဌာန်” ဖြစ်ပါတယ်။ ဒီလို ရည်မှန်းချက်တွေရဖို့ အတွက် စွန့်လွှတ် အနစ်နာခံသင့်တာကိုလည်း ခံရပါတယ်။ ဒါကို “နေက္ခမ” လို့ခေါ်ပါတယ်။ မှန်မှန်ကန်ကန် ကြောက်ဖို့အတွက် ဒီအရည်အသွေး သတ္တိလေးမျိုးကို လေ့ကျင့် ပေးဖို့လိုပါလိမ့်တယ်။


ဒုတိယဖြည့်စွက်ချင်တာက ဘာကြောင့် လူတွေဟာ ငှက်ငယ်ထက် ဂဠုန်ကို ကြောက်ကြသလဲ၊ အနာဂတ် ဘေးဆိုးတွေထက် နီးရာ ဓားကို သိပ်ကြောက်ကြရသလဲဆိုတဲ့ အချက်ပါ။ အရောင်းသွက် စာအုပ်တစ်အုပ်ဖြစ်တဲ့ Freakonomics မှာဆွေးနွေးထားတာကို ပြန်ဝေမျှချင်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှု နှိမ်နင်းရေးနဲ့ နှလုံးရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေတွေအတွက် လွတ်တော်မှာ တင်ပြပြီး မဲခွဲမယ်ဆိုပါစို့။ နှလုံးရောဂါနဲ့ သေသူဦးရေဟာ အကြမ်းဖက်တိုက်ခိုက်ခံရလို့ သေသူဦးရေထက် အများကြီးများပေမယ့်၊ အမတ်အများစုဟာ အကြမ်းဖက်နှိမ်နင်းမှု ရန်ပုံငွေအတွက်ပဲ မဲပေးကြပါလိမ့်မယ်။ ဘာကြောင့်ပါလဲ။ ဒီနေရာမှာ Risk = hazard + outrage ဆိုပြီး ညီမျှခြင်းချ ကြည့်နိုင်ပါတယ်။ အကြမ်းဖက်တိုက်မှုကြောင့် သေရတာဟာ ကြမ်းတမ်းပါတယ်။ အထိတ်တလန့်ရှိပါတယ်။ လက်ငင်းရင်ဆိုင်ရမှာပါ။ အဆီများတဲ့ အစားအစာတွေစားလို့ နှလုံးသွေးကြောပိတ်ပြီး သေတာကတော့ ယဉ်ပါတယ်။ ချက်ချင်းလည်း မသေပါဘူး။ အုတ်အော်သောင်းနင်းမဖြစ်ပဲ တိတ်တိတ်လေး သေသွားကြမှာပါ။ အဆီများတဲ့ အစားအသောက်တွေက hazard အန္တရာယ်ပိုများပေမဲ့ အကြမ်းဖက်တိုက်ခိုက်ခံရတာလောက် outrage ကြမ်းတမ်းမှု မရှိပါဘူး။ “လူတွေက အန္တရာယ်သိပ်မရှိပေမယ့် ကြမ်းတမ်းမှုများတဲ့ ကိစ္စတွေကို သိပ်ကြောက်ကြ, အရေးတယူလုပ်တတ်ကြတယ်။ ဒါပေမယ့် အန္တရာယ်ကြီးပြီး ကြမ်းတမ်းမှုမရှိတဲ့ ကိစ္စတွေကိုတော့ ခပ်ပေါ့ပေါ့ သဘောထားလိုက်ကြတယ်” လို့ Peter Sandman က ညီမျှခြင်းရဲ့အဓိပ္ပါယ်ကို ရှင်းပြပါတယ်။

ယဉ်ကျေးမှုတော်လှန်ရေးအတွင်း တရုတ်ပြည်မှာ လူပေါင်း သန်း-၃၀ လောက် အငတ်ဘေးဆိုက်ပြီးသေခဲ့ကြပါတယ်။ မြောက်ကိုရီးယားမှာလည်း ၁၉၉၆-၉၉ အတွင်း သန်းနဲ့ချီပြီး အငတ်ဘေးဆိုက်ပြီးသေခဲ့ကြပါတယ်။ ဒါပေမယ့် ပြည်သူတွေဟာ ဘာမှ မလုပ်နိုင်ခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအန္တရာယ်တွေရဲ့ အကြောင်းတရားတွေ စတင်သန္ဓေတည်နေချိန်မှာ outrage factor သိပ်မကြီးသေးလို့ပါ။ အဆီများတဲ့ အစားအစာတွေလို တမျှင်းမျှင်း တဖြည်းဖြည်း အန္တရာယ်ပေးလို့ပါ။ ကျန်းမာရေးသမားတွေက နှလုံးရောဂါရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ outrage factor များအောင် ခြောက်ပေးရပါတယ်။ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးသမားတွေကလည်း ကမ္ဘာကြီးပူနွေးလာတာတို့, အိုဇုံးလွှာပေါက်တာတို့နဲ့ ခြိမ်းခြောက်ပြီး outrage factor တက်လာအောင် ကြိုးပမ်းကြပါတယ်။ ရေနွေးအိုးထဲက ဖားတစ်ကောင်လို တမျှင်းမျှင်းနဲ့ မသေရလေအောင် သတိပေး နေကြတာပါပဲ။

ဧရာ (မန္တလေး)

စာညွှန်း။
၁။ ဦးရွှေအောင် - ဗုဒ္ဓ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်
၂။ Steven D. Levitt & Stephen J. Dubner – Freakonomics

၃။ Peter Sandman – Risk Communication

Sunday, June 7, 2009

မေတ္တာ - ရန်ပွဲ

မေတ္တာဟူသည် ရန်သူမိတ်ဆွေမခွဲခြားပဲ တစ်ဖက်သားအပေါ် ကောင်းစေလိုသော စိတ်ဖြစ်သည်။ ပူလောင်သည့် သဘောရှိသော ဒေါသ၏ ဆန့်ကျင်ဖက်ဖြစ်သော မေတ္တာစိတ်သည် အေးမြ၏။ အလွန်အေးမြ၍ အင်အားကြီးသော ရန်သူများကိုပင် ပျော့ပြောင်းသွားစေနိုင်သည်။ မေတ္တာလက်နက်ဟု တင်စားလေ့ ရှိကြသော်လည်း မေတ္တာဖြင့် အနိုင်ယူခြင်းသည် ရန်သူကို ချေမှုန်းပစ်လိုက်ခြင်း မဟုတ်။ စင်စစ် ရန်သူသည်လည်း အောင်မြင်မှုရသွား၏။ လူဆိုးကြီး အင်္ဂုလိမာလသည် ရဟန္တာမထေရ်တစ်ပါး ဖြစ်သွားခဲ့သည်။ ဗုဒ္ဓခြေတော်ရင်းသို့ ဝပ်စင်းသွားသော နာဠာဂီရိဆင်သည်လည်း ရာဇဂြိုဟ်ပြည်သူတို့၏ ကောင်းချီးပေးမှုကို ခံရသည်။ မေတ္တာလက်နက်သည် ရန်သူကို မိမိဖက်ပါလာအောင် စည်းရုံးနိုင်သော လက်နက်မျိုးဖြစ်၍ မေတ္တာဖြင့် အောင်နိုင်ခြင်းသည် win-win ခေါ် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အနိုင်ရခြင်းမျိုးဖြစ်သည်။

မေတ္တာသည် အေးမြ အစွမ်းထက်သည့်အားလျော်စွာ မေတ္တာအကြောင်း ဆွေးနွေးရခြင်းသည်လည်း ကောင်းမြတ်၏။ တရားဆွေးနွေးခြင်းကို “ဓမ္မသာကစ္ဆာ” မင်္ဂလာဟုခေါ်သည်။ တရားဆွေးနွေးခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး အမြင်ခြင်း, အတွေ့အကြုံခြင်း ဖလှယ်နိုင်သည်။ အကြောင်းအရာတစ်ခုအပေါ်တွင် ရှုထောင့်အမျိုးမျိုးမှ ကြည့်မြင်တတ်၊ ပိုင်းခြားဝေဖန်တတ်လာ၍ အမြင်ကျယ်စေသည်။ ဗုဒ္ဓက ရှုထောင့်တစ်ခုတည်းမှသာ တစ်ဖက်သတ်မြင်တတ်သော “ဧကံသဝါဒ”ကို အားမပေး။ ရှုထောင့်စုံမှ ဝေဖန်ပိုင်းခြား၍ မြင်တတ်ပြောတတ်သော “ဝိဘဇ္ဇဝါဒ” ကိုသာ အားပေးသည်။ တရားစကားဝိုင်းများက ဝိဘဇ္ဇဉာဏ် ရင့်သန်စေနိုင်သည်။ အမြင်ကျယ်စေ, သဘောထားကြီးစေ၍ unity in diversity ခေါ် မတူကွဲပြားသော အမြင်များအကြား ညီညွတ်မျှတစွာနေထိုင်တတ်ရန် လေ့ကျင့်ပေးရာလည်း ရောက်သည်။

ဓမ္မသာကစ္ဆာ မင်္ဂလာအရ ဒုက္ခအကြောင်း, ငရဲအကြောင်း, အသုဘကမ္မဋ္ဌာန်းအကြောင်းတို့ ဆွေးနွေးရခြင်းသည်လည်း မင်္ဂလာပင်ဖြစ်သည်။ သို့သော်လည်း ဒုက္ခ, ငရဲ, အသုဘကမ္မဋ္ဌာန်းတို့သည် အကြောင်းအရာပိုင်းအရ စက်ဆုပ် ရွံရှာဖွယ်များဖြစ်နေ၍၊ မေတ္တာ အကြောင်းဆွေးနွေးရသော မင်္ဂလာက ပို၍ ငြိမ်သက်အေးမြပါသည်။ မေတ္တာစကားဝိုင်းသည် အကောင်းတကာ အကောင်းတို့ စုနေသော မင်္ဂလာဖြစ်သည်။

သို့သော် တခါတရံတွင် ဆွေးနွေးသူတို့က မိမိ၏ အသိအမြင်ကိုသာ ဦးစားပေးလွန်းပါက တဖက်အမြင်တို့နှင့် ညှိနိုင်းမယူနိုင်တော့ပဲ တစ်ဖက်သားအား အထင်အမြင်သေးခြင်း၊ ကဲ့ရဲ့ရှုတ်ချလိုခြင်းတို့ ဖြစ်ပေါ်လာတတ်သည်။ ဆွေးနွေးပွဲအဖြစ်မှ ရန်ပွဲအသွင် ကူးပြောင်းသွားတတ်သည်။ ရန်ပွဲတကာ ရန်ပွဲတို့တွင် မေတ္တာအကြောင်း ဆွေးနွေးရင်း ဖြစ်ပေါ်ရသော ရန်ပွဲက အရုပ်ဆိုး အကျည်းတန်လွန်းသည်ဟု တွေးမိပါသည်။ မေတ္တာ၏ win-win သဘောထားတို့လည်း မထားနိုင်တော့။ ဓမ္မသာကစ္ဆာမှ ရနိုင်မည့် unity in diversity အကျိုးလည်းမရနိုင်တော့။ မူလ ရည်ရွယ်ချက်ကောင်းများမှလည်း သွေဖီသွားသည်။ မေတ္တာသုတ်လာ ဂါထာတစ်ပိုဒ်ဖြင့် မေတ္တာရန်ပွဲများ ကင်းရှင်းပါစေဟု မေတ္တာအာသီသ ပြုလိုက်ရပါသည်။

“န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။”

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

ဧရာ (မန္တလေး)

Friday, June 5, 2009

အတ္တသစ်ပင်

အသက်က အနှစ်နှစ်ဆယ် နှစ်ခါပြန်တဲ့ အချိန်မှာ နောင်အနှစ်နှစ်ဆယ်မှာကို တိုက်တိုက်ဆိုင်ဆိုင် ရေးလိုက်ရလို့ တက်ဂ်လာတဲ့ တန်ခူးနဲ့တကွ ဖတ်ပေး ကော်မန့်ရေးပေးတဲ့ ဘလော့မိတ်ဆွေတွေကို ကျေးဇူး (ဒီထက် ပိုသင့်လျော်တဲ့ စာလုံး မသုံးတတ်သေးလို့ပါ။)

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် အချိန်တုန်းကတော့ နောင်အနှစ်နှစ်ဆယ်မှာ အခုလို ပုံစံဖြစ်နေလိမ့်မယ်လို့ ရိုးတိုးရိပ်တိပ်တောင် ပုံမဖော်နိုင်ခဲ့ပါဘူး။

အခုကနေ နောက် အနှစ်နှစ်ဆယ်ကိုလည်း "သိသလို မသိသလိုပါပဲ"လို့ ပြောမှသာ အမှန်နဲ့ အနီးစပ်ဆုံးဖြစ်ပါလိမ့်မယ်။

ဒီနေ့ World Environment Day မှာတော့ သစ်ပင်အကြောင်း စာလေးရေးချင်မိတယ်။

အတ္တသစ်ပင်

နေစကြာဝဠာထဲက ငါ
ပိန်းပိတ်မှောင်နေလိုက်ပုံများ
အလင်းနှစ် တသိန်းသွားရင်
အစအဆုံးရောက်တဲ့
ဂလက်ဆီဆိုတာတောင်
မမြင်ဖူးသေးဘူး။

မလောက်လေး မလောက်စား
ဖြိုးတိုးဖျောက်တောက်တွေခေါ်ရာ
လေယူရာယိမ်းနွဲ့လို့
ကမူးရှူးထိုး လိုက်နေတာ
နေရာမရွေ့ပေမဲ့
မောဟိုက်ပုံလည်း မရသေးဘူး။

သြော်
ကြွေကာကျလို့
မြေမှာ ခ,ရင်လား…
နောင်နှစ်တသန်းကြာတဲ့အခါ
စိန်တွေပွင့်တဲ့ ရေနံပင် ဖြစ်ဦးမှာလေ။ ။

(ကိုဧရာ ရိုက်ကူးထားသောပုံ)

Tuesday, June 2, 2009


ငါ့မျက်လုံးတို့ကား မွဲကြပေမည်။ သို့သော် ငါ့အမြင်များ သဲကွဲလိုသည်။

နားတွေကလည်း လေးပင်းကြပေဦးမည်။ ကလိမ်စေ့ ငြမ်းဆင် မုသာဝါဒတို့ တိုးသဲ့သဲ့မျှ မကြားချင်ပြီ။ သို့သော် အကင်းလေးတော့ ပါးလိုသည်။

ပိတ်ထားရပါများလို့ ပုတ်ညှီနေတဲ့ မွေးရာပါ ထိုပါးစပ်။ စည်ကြီးလိုပါတဲ့ တီး၍လာတိုင်း တဒိန်းဒိန်းပ မြည်ချင်သည်။ ကြာညိုနံ့တို့သင်းလိုသည်။

အနံ့ခံ အမဲလိုက်ခြင်းအတတ်နဲ့ အသက်မမွေးခဲ့ရခြင်းအတွက် လိပ်ပြာကြီးငယ် သန့်လိုသည်။
မသင့်မတင့် မခိုးမခန့် မလိမ့်တပတ် မိန်းမမိုက်တယောက် မဖြစ်လိုသည်။

သံဝေဂကို အဖေါ်ပြုရငြား၊ နောင်တတို့မှ ဝေးလိုသည်။
ဦးခေါင်းကိုမော့ ရင်ကိုကော့၍ အသက် ၀ ၀ ရှူချင်သည်။