Friday, June 26, 2009

ဘလော့ဂ် တာ...(၃)

စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုထဲက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ မင်းသားကြီး ဘိုလ်ကွန်စကီ
ကို မှတ်မိကြမလား မသိပါ။ မကောင်းမှုဒုစရိုက်တွေကို မွေးဖွားပေးတဲ့ အရာနှစ်ခုက ‘အချည်းနှီးနေခြင်း’ နှင့် ‘အယူသည်းခြင်း’ ဖြစ်ပြီး၊ ကောင်းမြတ်တဲ့ အရည်အချင်းနှစ်ခုကတော့ ‘လုံ့လဝီရိယ’ နှင့် ‘အသိဉာဏ်ရှိခြင်း’ လို့ သူက မကြာခဏ ပြောလေ့ရှိပါတယ်။ သူကိုယ်တိုင်လည်း စည်းစနစ်အလွန်ကျပြီး အချိန်ဇယားဆွဲ အလုပ်လုပ်တတ်သလို၊ သူ့သမီး မင်းသမီးလေး မေရီကိုလည်း အချိန်ကို အလဟဿမထားစေပဲ, အသက်နှစ်ဆယ် အရွယ်ရောက်သည်ထိ အက္ခရာသင်္ချာနှင့် ဂျီသြမေတြီပုစ္ဆာတွေ တွက်ခိုင်းထားပါတယ်။

စဉ်းစားမိတယ်…။ အကယ်၍များ အဲဒီခေတ်က ရုရှားပြည်မှာ ဒီနေ့လို အင်တာနက်နဲ့ ဘလော့ဂင်းတွေခေတ်စားနေခဲ့ရင် သူ့သမီး မေရီကို ဘလော့ဂင်းခွင့် ပေးမလားလို့ပါ။ ကျွန်တော်ကတော့ ဘလော့ရေးတဲ့အတွက် အချိန်တွေကို အလဟဿမဖြစ်စေတဲ့အပြင် အသိဉာဏ်လည်းရင့်သန်စေတယ်လို့ ယူဆလို့ မသီတာကို ဘလော့ရေး စေခဲ့တာပါ။

ပို့စ်တွေ ရေးတော့ ကိုယ့်အကြောင်းတွေပဲ ရေးနေမိပါတယ်။ ပုဂ္ဂလိကအကြောင်းတွေချည်းသာ ရေးမနေနဲ့လို့ ကိုဧရာ့က ဝေဖန် အကြံပြုလာပါတယ်။ ဘာပဲရေးရေး အနုပညာတွေကတော့ နေ့နေ့ညည မသီတာရင်မှာ ပေါက်ဖွားနေတာတော့ အသေအချာပါပဲ။ ဥပမာ -
“ကျမ ဘဝမှာ ရှင်နဲ့ ဆုံခဲ့ခြင်းတခုသာ အမှန်၊ ကျန်တာတွေ အကုန်အမှား ဆိုတာမျိုးဖြစ်အောင်လုပ်နေတာပေါ့လေ” ဆိုတဲ့ ဇတ်ဝင်ခန်းထဲက အပြောမျိုးတွေ ပြောတတ်လာလို့ ဇတ်လိုက်မင်းသားကြီး ကိုဧရာခင်မျာ သုံးထပ်ကွမ်း အကယ်ဒမီ မင်းသမီးနဲ့ တွဲ သရုပ်ဆောင်ရတဲ့ တက်သစ်စ မင်းသားလေးလို ဖြစ်လို့…။

အခုတော့ ဘလော့ကမ္ဘာကို Channel အစုံရှိတဲ့ ရေဒီယို တလုံးလို၊ ပို့စ်တခုကို publish လုပ်တော့မယ်ဆိုရင်လည်း ကိုယ်ပိုင် အသံလွှင့်ရုံကြီးကနေ တကမ္ဘာလုံးကို ထုတ်လွှင့်လိုက်ရသလို ခံစားရပါတယ်။ (နောက်ဆို ရုပ်သံနဲ့ ဘလော့တဲ့ ခေတ်ရောက်လာဦးမလားပဲနော်။)

ကိုယ်ရေးတဲ့ စာ (ပို့စ်၊ ကော်မန့်၊ CBox) ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မရည်ရွယ်ပါပဲ တစုံတရာ ထိခိုက်နစ်နာစရာမျိုး မဖြစ်အောင် ကြီးစွာသော သတိတွေ ထားနေမိပါတယ်။ ဒါကိုလည်း ဘလော့လောကမှာ ကိုယ့်ရဲ့ ရပ်တည်မှုဟာ ရာနှုံးပြည့် ရိုးသားမှု မရှိဘူးလို့ ခံစားမိပြန်ပါတယ်။ ကိုယ့်အတွင်းစိတ် ဓာတ်ခံကို ကိုယ်တိုင် သေချာမသိတော့၊ ဘလော့ပေါ်မှာ အထုတ်ဖြည် ပြသလို မဖြစ်ချင်တာပါ။ အချို့ဆို ဘာရေးရေး ချစ်စဖွယ်လေးတွေ ဖြစ်နေတော့ သူတို့ရဲ့ ဖြူစင်တဲ့ နှလုံးသားနဲ့ ဘဝပေးအခြေအနေတွေကို အားကျ အတုယူရပါတယ်။ စိုးရိမ်မှုကို ဖြစ်စေတဲ့ နောက်အကြောင်းတခုက ကိုယ့်ကိုကိုယ်လည်း သိတော့သိတယ်…ဒါပေမဲ့ တမင်မသိချင်ယောင်ဆောင်ထားတဲ့ အချက်ပါ။ ကိုဧရာကတော့ တခါမှာ ဘွင်းဘွင်းကြီး ပြောချလာပါတယ်။ “ကို သိတယ်…သီတာက ပုံမှန်ကြီးပြင်းခဲ့တာ မဟုတ်ဘူး” တဲ့။ သူဆိုလိုတာက ကိုယ်တို့တွေဟာ Pressure တွေနဲ့ ကြီးပြင်းခဲ့တယ်။ ကြီးပြင်းခဲ့ရတဲ့ သက်တမ်းတလျှောက်မှာ ဓလေ့ထုံးစံနဲ့ ဘဝပေးအခြေအနေအရ လွတ်လပ်မှုနဲ့ အတော်ကလေး ကင်းကွာပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု အတော်နည်းပါတယ်။

အဲ့ဒီ Pressure နဲ့ ဆက်နွယ်ပြီးတော့ပဲ… “ဘယ်သူမဆို သူ့အတွက် Pressure ဖြစ်လာရင် Balance ဖြစ်အောင် တနည်းနည်းနဲ့တော့ တဖက်က ပြန်ထုတ်တတ်တယ်တဲ့ … ဥပမာ အရက်သောက်တာပဲ ဖြစ်ဖြစ်၊ ကလေးတွေအပေါ် မာန်တာ မဲတာမျိုးဖြစ်ဖြစ် တခုခုပေါ့” တဲ့။ မသီတာ အရက်တော့ မသောက်ပါရစေနဲ့။ တခါတလေတော့လည်း ဘလော့ဂင်းရင်း Balance ဖြစ်အောင် လုပ်တယ်ပေါ့ …။

တဖက်ကလည်း စာတွေကို တိုးတိုးပြီးရေးချင်နေမိတာပါ။ (သူငယ်ချင်းတယောက်ဆီက လက်တလော အခြေအနေ သာကြောင်းမာကြောင်းလေးတွေ email လာရင်ကို ကိုယ်က ဝတ္တုတို တပုဒ်လောက် စာပြန်ချင်နေမိတယ်။) ကိုယ်တို့က အတန်အသင့်ခေါ်မလား၊ တော်တော်လေး ဆိုမလား၊ အတိုင်းအတာ တခုထိတော့ စားသုံးပြီးပြီလေ။ ကြိုချက်ပြီး ပြန်ထုတ်ရတော့မဲ့ အချိန်… မထုတ်ရရင် စပိုးနင့်သလိုလို… ရင်ပြည့်ရင်ကယ်သလိုလို…။

စားပြီးသမျှတွေ ပြန်ထုတ်ရင် နောက်ပုံစံတမျိုးနဲ့ ထွက်လာမှာတော့ အမှန်ပဲ။ အဆိပ်အတောက် အညစ်အကြေးတွေကိုတော့ တော်ရာကိုပို့ကြပါ။ (သူကလည်း တချိန်ချိန် တနေရာရာမှာ တနည်းနည်းနဲ့တော့ အသုံးဝင်ပြန်သေးသတဲ့)။ စုတ်ယူထားလိုက်တဲ့ ခွန်အားတွေ အင်အားတွေကိုတော့ ရေလဲနဲ့ လိုသလိုသုံးပြီး၊ ခွန်အားရှိသော စာလုံးလေးတွေ အသွင်နဲ့ ထွက်လာရင်တော့… Sonata-Cantata နေပျော်ပါတယ်။

ဘလော့တွေ ခေတ်စားလာတော့ ကြီးကျယ်တယ်ပဲပြောပြော … စိတ်ထဲမှာ မြန်မာစာပေ Renaissance များလားလို့တောင် ခံစားမိရပါတယ်။ မော်ဒန်, ပိုစ်မော်ဒန်တွေ မဟုတ်ပဲ ဘာကြောင့်များ ရီနေဆန့်လို့ ဆိုရသလဲလို့ ဆိုရင်တော့ ကျွန်တော်က စာပေသမားတစ်ဦးမဟုတ်လို့ ဘာမှ ခိုင်လုံကျနစွာ ရှင်းပြနိုင်မှာတော့ မဟုတ်ပါဘူး။ ဘလော့ဂ်မှာ စာပေစိစစ်ရေးမရှိတဲ့အတွက် ကျွန်တော်တို့ ဖတ်ခွင့်ရဖို့မလွယ်တဲ့ စာမျိုး၊ အရေးအဖွဲ့မျိုးတွေ ပြန်တွေ့ရပါတယ်။ နောက်ပြီး ဘလော့က မဂ္ဂဇင်းစာစောင်တွေလို အမြတ်အစွန်းရဖို့ ထည့်စဉ်းစားစရာ မလိုတဲ့အတွက် မြန်မာစာပေလောကမှာ ပျောက်ကွယ်နေတဲ့ ရှေးဟောင်းစာပေတွေကို ပြန်လည်တွေ့ရပါတယ်။ ဥပမာ မေဓါဝီ တို့, ကိုဟယ်ရီ Harry တို့ရဲ့ မြန်မာ့ကဗျာရေးဖွဲ့နည်းတွေ၊ ရတုရကန်တွေအကြောင်းကို ပြန်ဖတ်ရပါတယ်။ အက္ခရ မှာ ပါဠိကဗျာအရေးအဖွဲ့တွေကို ပြန်တွေ့ရပါတယ်။ ကိုညီလင်းဆက် နဲ့အချို့ဘလော့ဂါတွေကလည်း တိမ်မြုတ်နေတဲ့ ဝဏ္ဏဗောဓနသတ်အင်းလို မြန်မာစာလုံးပေါင်းကျမ်းတွေ၊ ရှေးက မြန်မာအဘိဓာန်တွေကို ပြန်လည်ထုတ်ဖော်လာကြပါတယ်။ ဒါကြောင့် ဘလော့တွေ ခေတ်စားလာတာကို မြန်မာစာပေ အမှောင်ခေတ်ကြီးထဲက ပြန်ရှင်နိုးထလာလေသလားလို့ တွေးမိတာပါ။

ဧရာသီတာ

15 comments:

နဒင်း said...

သီတာရေ......
အစဉ်ပေးနေပေမယ့်..
အမြဲတမ်းနောက်ကျမှရောက်ဖြစ်ပါတယ်.....

Anonymous said...




နဒင်း

ရွာသားလေးဝိုင်တီယူ said...

ကောင်းတဲ့စာပဲဗျာ။ စောင့်ဖတ်နေပါတယ်ခင်ဗျာ

MANORHARY said...

cheers!! Ko Ayeyar and Ma Thidar!
great post !! thanks !!

Anonymous said...

အမရေ..အရမ်းကောင်းတဲ့ စာတပုဒ်

စကားမစပ် အမတို့ ဂျပန်ကို လာလည်မယ်ဆို မြတ်နိုးဆီမှာလာတည်းနော်..ဟီးး
အလကားတည်းရပါမယ်..။ မိသားစုလိုက်လာတည်းလို့ရပါတယ်။ ကိုဧရာ ကို စာဖတ်ရင်းလေးစားလာပီ..။ အမကိုရောပေါ့..။

အမ ကိုဧရာပြောတာ မှန်တယ်

အဲဒီစကားလုံးကို ကြိုက်တယ်။ မြတ်နိုးဆို ငယ်ငယ်ကတည်းက အိမ်မှာ စိတ်သိပ်ညစ်တိုင်း အပြင်(ကျောင်းပေါ့) မှာ အမြဲ ရီမောနေတတ်တာ..။ ကိုယ့်စိတ်ထဲက စိတ်ညစ်နေတာတွေအတွက် ပေါက်ကရလေးဆယ် ရယ်စရာတွေ ပြောပီး ဟားတိုက်ပစ်တတ်ပါတယ်။ ဟုတ်တယ် မြတ်နိုးတို့လည်း ပုံမှန် ကြီးပြင်းခဲ့ရသူ မဟုတ်ပါဘူး။ သူများတကာတွေလို ပျော်စရာ ကောင်းတဲ့ မိသားစုနဲ့ ပက်သက်တဲ့ ငယ်ဘဝဆိုတာ ဘာဆိုဘာမှ မရှိခဲ့ပါဘူး။း(

မြတ်နိုး

စုချစ် said...

မမသီတာ, ဆရာ ...
အရသာရှိစွာဖတ်သွားပါတယ်...။
တပတ်လုံး အလုပ်တွေများခဲ့လို့ စိတ်တွေ ညစ်နေတာ... မမသီတာရေးတာလေးဖတ်ရတာ လူကိုပြုံးမိစေတယ်...။
မမသီတာ, ဆရာ နောင်နှစ်ပေါင်းများစွာတိုင်သည်ထိ ဘလော့ဂင်းနိုင်ပါစေ...
ထာဝရ အားပေးနေမဲ့ စာဖတ်ပရိတ်သတ် စုချစ်

tg.nwai said...

ဘလော့ဂါမောင်နှံကို လေးစားပါတယ်..။ သီတာပြောတာလည်း သဘောကျပါ့...

rose of sharon said...

ဒီpost ကနေဗဟုသုတတွေအများကြီးရလိုက်တယ်..
ကျေးဇူးတင်ပါတယ်...

Rita said...

မမရေ ဒီ post ကနေ စာရေးစရာ idea တချို့တောင် ထွက်လာတယ်။ ကျေးဇူးတင်ပါတယ်။

သက်ဝေ said...

ရေးသားပုံက စုစုစည်းစည်း ကျစ်ကျစ်လစ်လစ်နဲ့ ဖတ်ရတာ ကောင်းလိုက်တာ... ဒီကြားထဲ ပြုံးစရာတွေက ပါသေး...
Sonata-Cantata လေး အစဉ်အမြဲ ကျန်းမာပြီး နေပျော်ပါစေကြောင်း ဆုတောင်းပါတယ်...

အပြုံးပန်း said...

မသီတာရေးသားချက်တွေက အပြုံးပန်းရင်ထဲက ခံစားချက်တွေနဲ့ အတော်ဆင်တယ်၊ ဒါကြောင့်လဲ ခင်မိတယ်ထင်ပါရဲ့။

သီဟသစ် said...

ကိုကြီးဧရာ မမသီတာ တို့ခင်ဗျာ

ဘလော့ဂ်တာ.. တွေကိုသေချာဖတ်မိမှ ဘလော့ဂ်ခြင်းရဲ့ အကြောင်းအကျိုးတွေကို ပိုပြီးသိလာပါတယ်

နောက်ထပ်လည်းရေးပေးပါအုံးခင်ဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

ပုံရိပ် / Pon Yate said...

ဘလောက်ရေးတာကို အားပေးတဲ့ အဖွဲ့ထဲ ပုံရိပ်လည်း ပါမယ် ထင်တယ်။

Law Shay said...

ရုပ်သံနဲ့ ဘလော့ဂ်တဲ့ ခေတ်ကို ရောက်နေပါပြီ။ youtube မှာ အကောင့်ယူပြီး ကိုယ်ပိုင် ဘလော့ဂ် တည်ဆောက်လို့ရပါတယ်။

အိမ့်ချမ်းမြေ့ said...


အဲဒါမျိုး မလေး အမြဲခံစားရတယ်။

ဒီပိုစ်လေး အရမ်းကောင်းတာပဲ။