Saturday, July 4, 2009

အလှတရား ရှာပုံတော် (၁)

ပြာလဲ့လဲ့ ကောင်းကင်မှာ ဟိုတဆုပ် ဒီတဆုပ် လွတ်လပ်စွာ ဖြန့်ကျဲထားတဲ့ အိစက်စက် တိမ်တိုက်တွေပေါ် ငြိမ့်ကနဲ ထိုင်ချလိုက်တယ်…။ နေခြည်နုနုက ညှင်းသွဲ့လေပြေနဲ့ လိုက်တမ်းပြေးတမ်း ကစားနေတယ်…။ တခါတခါ ခိုးခိုးခစ်ခစ်ရယ်လိုက်တဲ့ ရှင်နေမင်းရဲ့ ပါးဖောင်းဖောင်းကြီးက ဆွဲဖျစ်ချင်စရာ …။

ငှက်ကလေးတွေ တေးဆိုတာကို သစ်ရွက်လေးတွေက ဟာမိုနီလိုက်လို့… သစ်ကိုင်းတွေက ယိမ်းတိုက်နေရဲ့…။ တချို့က ဘယ်ကို တိမ်းလို့၊ တချို့က ညာယိမ်းမိရင် ချိုလွင်လွင် ရယ်သံတွေက စီရီရီထွက်လာသေး…။

ရှေ့ဆုံးက အားပေးနေတဲ့ ပန်းပွင့်လေးတွေနဲ့ မြက်ခင်းစိမ်းတို့ရဲ့ မျက်ဝန်းတွေက တဖျတ်ဖျတ်တောက်ပနေကြသလို၊ ဟိုးအဝေးက လှမ်းကြည့်နေကြတဲ့ မှိုင်းညို့ညို့တောင်တန်းတွေရဲ့ ဣနြေ္ဒက တော်ဝင်လို့ မဟာဆန်နေကြပြန်တယ်…။

စီးဆင်းခြင်းဟာ ရှင်သန်ခြင်းပါလို့ စမ်းချောင်းလေးက တသွင်သွင်ပြောနေတယ်…။ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း နားထောင်နေတဲ့ ကျောက်တုံးလေးတွေက စမ်းချောင်းလေးရဲ့ အဖော်ပါတဲ့…။

လတ်ဆတ်ခြင်းရဲ့ ရနံက အာရုံရူးတွေနဲ့ ခပ်ဝေးဝေး ဖြစ်စေပြန်တယ်…။ ဟိုတိုး ဒီဝှေ့နဲ့ ကျီစားသန်တဲ့ လေပြေရယ်လေ… မကြိုက်ဖူး ပြောထားရက်နဲ့ အမှတ်တမဲ့ဆိုသလို ကလိလာလာထိုးတတ်သေး…။

ရိုးသားခြင်းသာ ထာဝရ အလှတရားလို့ လက်ကြီးပိုက်ထားတဲ့ မြေကြီးဆိုင်းဘုတ်ကို ဘယ်နေရာက ကြည့်ကြည့် မြင်သာ ထင်သာနေတယ်…။ ။

10 comments:

မီယာ said...

လှလိုက်တာ... မျက်စိထဲတောင် မြင်ယောင်လာတယ်

မြစ်ကျိုးအင်း said...

ရိုးသားခြင်းဟာ အလှတရားဆိုတာကို လက်ခံတယ်
ပြီးတော့ ရိုးသားခြင်းက ပြီးမြောက်အောင်မြင်ခြင်းလည်း
ဖြစ်တယ်..။ရိုးသားစွာပြုံးတဲ့အပြုံးက လူမျိုးမရွေး လှပစေတယ်လေ...။
...ခင်မင်သောအားဖြင့်...

Yu Wa Yi said...

ပြာလဲ့လဲ့ ကောင်းကင်မှာ ဟိုတဆုပ် ဒီတဆုပ် လွတ်လပ်စွာ ဖြန့်ကျဲထားတဲ့ အိစက်စက် တိမ်တိုက်တွေပေါ် ငြိမ့်ကနဲ ထိုင်ချလိုက်တယ်…။
လှလိုက်တဲ့ ခံစားမှူလေးတွေပဲ မသီတာ။ ဒါနဲ့ တိမ်တွေပေါ်ကနေ စမ်းချောင်းလေးထဲက ကျောက်ခဲလေးတွေကို ငုံ့  ကြည့် (look down) နေတဲ့သဘောပေါ့။

ပုံရိပ် / Pon Yate said...

ကဗျာဆန်လိုက်တာ။ ရေးထားပုံက ချစ်စရာ။

သက်ဝေ said...

သီတာ..
စကားပြေလေးက သိပ်လှတာပဲ..
ဖွဲ့စည်းမှု နဲ့ စကားလုံးတွေက ရိုးသားနေတော့ ရှင်းရှင်းလေးနဲ့ လှနေတာ...

အပြုံးပန်း said...

မသီတာရဲ့ သဘာဝအလှတရားတွေက လှလိုက်တာ။
“မကြိုက်ဘူးပြောထားရက်သားနဲ့” ဆိုတဲ့နေရာလေးက မသီတာရဲ့ အပြင်မှာ ရှိနေမယ့်ဟန်လေးပဲဖြစ်မယ်။
စကားပြေလို့လေဘယ်လ်တပ်လိုက်တော့ ပိုလှသွားတော့တယ်။
အပြုံးပန်းလည်း အဲဒီလို စကားပြေတွေကြိုက်တယ်။

MANORHARY said...

ရိုးသားခြင်းသာ ထာဝရ အလှတရား ......
တကယ်ပါပဲ............

rose of sharon said...

သဘာဝကိုလှလှပပလေးဖွဲ့နွဲ့ထားတာ....မျက်စေ့ထဲမှာတန်းပြီးမြင်ယောင်မိစေတယ်....

sonata-cantata said...

လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ နေ့နေ့ညည စိတ်တွေ ညစ်ညူးလွန်းလို့ ကြိုးစားရေးကြည့်နေပါတယ်...သူငယ်ချင်းတို့ရယ်...
လာဖတ်၊ ကော်မန့်ရေးပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။

Rita said...

စိတ်ချမ်းသာမိပါတယ်