ဤသည်ကိုမြင်သောအခါ “အခြားသော သာမာန်မြင်းတို့သည် အလွယ်နှင့် လက်လျော့အရှုံးပေးရာ၏။ အာဇာနည်တို့သည်သာ မည်သို့သောအချိန်, မည်သို့သောနေရာ၌မဆို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သည်။ မိမိပြုထားသော အမှုကိစ္စအား ဆုံးခမ်းတိုင် ဆောင်ရွက်ပါရစေ” ဟု မြင်းစီးသူရဲအား ခွင့်ပန်သည်။ မြင်းစီးသူရဲသည် အာဇာနည်မြင်းအား ဒဏ်ရာတို့ကို စည်းကျပ်, ချပ်ဝတ်တန်ဆာတို့ကို ပြန်ဆင်၍ စစ်မြေပြင်ထွက်ကာ ခုနှစ်ယောက်မြောက်မင်းကို ဖမ်းဆီးနိုင်ခဲ့သည်။
Sunday, July 19, 2009
အာဇာနည် စိတ်ဓာတ်
အာဇာနည်ဟူသော စကားသည် “အာဇာနီယ = အမျိုးဇာတိကောင်းသော” ဟူသော အဓိပ္ပါယ်မှ ဆင်းသက်လာသည်။ ကြောင်းကျိုးဟုတ်မှန်စွာ ဝေဖန်၍ မကြောက်မရွံ့မတွန့်မဆုတ်သော ပုဂ္ဂိုလ်သတ္တဝါတို့အား အာဇာနည်ဟု သတ်မှတ်သည်။ အာဇာနည်ခြင်္သေ့, အာဇာနည်ဆင်, အာဇာနည်မြင်း, အာဇာနည်နွားလား, အာဇာနည် အမျိုးကောင်းသား, အာသဝေါကုန်ပြီးသော ရဟန္တာဟူ၍ အာဇာနည် ၆-မျိုးကို ဖော်ပြလေ့ရှိ၏။
ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း အုပ်စိုး၏။ ထိုစဉ်က အလောင်းတော်သည် သိန္ဓောမြင်းမျိုး၌ ဖြစ်ခဲ့ဖူးသည်။ သိန္ဓောမြင်းဆိုသည်မှာ အိန္ဒိယပြည်မြောက်ပိုင်း သိန္ဓု (Indus) မြစ်ဝှမ်းလွင်ပြင်တွင် ပေါက်ဖွားသော သန်မာထွားကျိုင်းသည့် မြင်းမျိုးဖြစ်သည်။ အလောင်းတော် သိန္ဓောမြင်းသည် သန်မာထွားကျိုင်းယုံမက အသိဉာဏ်လည်း ရင့်သန်သည်။ မြင်းစီးသူရဲ၏ အလိုကိုသိတတ်သည်။ မိမိ၏ တာဝန်ကိုလည်း သိတတ်သည်။ ထိုသို့ သိတတ်သော (အာဇာနာန) သဘာ၀ ကြောင့်လည်း အာဇာနည်ဟု ခေါ်ရသည်။
တစ်ရက်သော် ခုနှစ်ပြည်ထောင်မင်းတို့သည် ဆင်တပ်, မြင်းတပ်, ခြေလျင်တပ် အလုံးအရင်း ခြံရံလျှက် ဗာရာဏသီအား ဝိုင်းဝန်း တိုက်ခိုက်လေသည်။ ဗြဟ္မဒတ်မင်းသည် မူးမတ်တို့အား တိုင်ပင်သောအခါ “ကိုယ်တိုင် ထွက်မတိုက်ပဲ မြင်းစီးသူရဲတို့ကို စေလွှတ်တိုက်ခိုက်သင့်ကြောင်း၊ အကယ်၍ အရေးမလှမှသာ ဘာဆက်လုပ်ရမည်ကို ဆုံးဖြတ်ရန်” အကြံပေးကြသည်။ မြင်းစီးသူရဲတို့အား ဆင့်ခေါ်၍ တိုက်နိုင်ပါမည်လောဟု မေးမြန်းရာ မြင်းစီးသူရဲကောင်းက “အကယ်၍ အရှင်၏ အာဇာနည် သိန္ဓောမြင်းကိုသာ ရမည်ဆိုပါက ခုနှစ်ပြည်ထောင်မင်းတို့ကို မဆိုထားလင့် ဇမ္ဗူဒိတ်ကျွန်းလုံးကိုပင် စစ်ထိုးဝံ့ကြောင်း” လျှောက်တင်သည်။ ဗြဟ္မဒတ်မင်းသည် အာဇာနည်မြင်းနှင့်တကွ အခြားသော မြင်းတို့ကိုပါ ယူရန် ပေး၏။ သူရဲကောင်းသည် သိန္ဓောမြင်းအား ချပ်ဝတ်တန်ဆာတို့ကို ဆင်ယင်၍ စစ်ထွက်သည်။
စစ်မြေပြင်တွင် အာဇာနည်သိန္ဓောမြင်းသည် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်၍ ခုနှစ်ပြည်ထောင်မင်းတို့အား တစ်ပါးချင်းစီ အရှင်လက်ရဖမ်းဆီးကာ ဗြဟ္မဒတ်မင်းထံ အပ်နှံ၏။ သို့သော် ဆဋ္ဌမမြောက်မင်းအား တိုက်ခိုက်ဖမ်းဆီးသောအခါတွင် အာဇာနည် သိန္ဓောမြင်းသည် ဒဏ်ရာ ပြင်းထန်စွာ ရလေသည်။ ထိုအခါတွင် မြင်းစီးသူရဲသည် အာဇာနည် သိန္ဓောမြင်းအား နားစေ၍ ချပ်ဝတ်တန်ဆာတို့ကို ချွတ်ကာ အခြားမြင်းသို့ ပြောင်း၍ ဝတ်ပေး၏။
ယဒါ ယဒါ ယတ္ထ ယဒါ၊ ယတ္ထ ယတ္ထ ယဒါ ယဒါ။
အာဇညော ကုရုတေ ဝေဂံ၊ ဟာယန္တိ တတ္ထ ဝါဠဝါတိ။
No matter when or where, in weal or woe,
The thorough-bred fights on; the hack gives in.
အောင်ပွဲကို လာရောက် ဆီးကြိုသော ဗြဟ္မဒတ်မင်းအား “မင်းကြီး… ဤမင်းခုနှစ်ပါးအား မသတ်ပဲ၊ သစ္စာကတိပြုစေ၍ ပြန်လွှတ်ပါလော့။ အကျွနု်ပ်တို့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ရသည်အတွက် မြင်းစီးသူရဲအား ချီးမြောက်ပါလော့။ မင်းကြီး… ဒါနပြုပါလော့, သီလ ဆောက်တည်ပါလော့, မင်းကျင့်တရားနှင့် ညီစွာ အုပ်ချုပ်ပါလော့” ဟု အာဇာနည်မြင်းက မှာကြားသည်။ ချပ်ဝတ်တန်ဆာတို့ကို ချွတ်ပေးအပြီးတွင် ပြင်းစွာသော ဒဏ်ရာတို့ကြောင့် အာဇာနည်သိန္ဓောမြင်း အသက် ထွက်လေသည်။ အာဇာနည်မြင်းအား ကောင်းမွန်ရိုသေစွာ သင်္ဂြိုဟ်၍ ဂုဏ်ပြုခဲ့ကြသည်။
အာဇာနည်သည် တာဝန်သိသူ ဖြစ်သည်။ အာဇာနည်သည် အသက်ပင်သေသေ မကြောက်မရွံ မတွန့်မဆုတ်သူ ဖြစ်သည်။ အာဇာနည်သည် ချီးကျုး ဂုဏ်ပြုထိုက်သူ ဖြစ်သည်။
(၁၉-ဇူလိုင်- ၆၂-နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ…)
ဧရာ (မန္တလေး)
စာညွှန်း။
၁။ ဇာတက-၂၃၊ ဧကကနိပါတ်-ဘောဇာဇာနီယဇာတ် အဋ္ဌကထာ
၂။ ဇာတက-၂၄၊ ဧကကနိပါတ်-အာဇညဇာတ် အဋ္ဌကထာ
၃။ အင်္ဂုတ္တရနိကာယ်-ဒုကနိပါတ်-ပုဂ္ဂလဝဂ်
၄။ The Jataka or the Stories of Buddha’s Former Births, Vol I – translated by Robert Chalmers.
Subscribe to:
Post Comments (Atom)
9 comments:
အာဇာနည်စိတ်ဓာတ်အကြောင်းကို မျိုးချစ်စိတ်ဓာတ်နဲ့ဖတ်သွားပါတယ်... မသီတာတို့မိသားစု ရွှင်လန်းချမ်းမြေ့ပါစေး)
အရင်က သင်ခဲ့ရတဲ့ ပုံပြင်ကို ပြန်ဖတ်ရတယ် ကျေးဇူးပါ။ အာဇာနည်နေ့ အမှတ်တရပေါ့။
အခုလို ရှင်းပြတာ ကျေးဇူးပါဗျာ
နောက်မျိုးဆက်ကိုလည်း အာဇာနည်စိတ်ဓာတ်ကို လက်ဆင့်ကမ်းရမှာ ကျွန်တော်တို့ ရဲ့ တာဝန်ပါဗျာ
အခုလို ရှင်းပြတာ ကျေးဇူးပါဗျာ
နောက်မျိုးဆက်ကိုလည်း အာဇာနည်စိတ်ဓာတ်ကို လက်ဆင့်ကမ်းရမှာ ကျွန်တော်တို့ ရဲ့ တာဝန်ပါဗျာ
အာဇာနည်စိတ်ဓာတ်ကို ရင်ထဲအသိထဲရောက်အောင် မွှမ်းမံပေးလို့ ကျေးဇူးတင်ပါတယ်။
ဖတ်မှတ်သွားပြီး အလေးလာပြုသွားပါတယ်
အာဇာနည်စိတ်ဓာတ်အကြောင်းလေးကို ပုံသက်သေတွေနဲ့ ပြောပြသွားတာ သိပ်ကောင်းတာပဲ။
မှတ်သား သွားပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးများကို လေးစားစွာ အလေးပြုသွားပါတယ်။
အခုလိုရှင်းပြတာ ကျေးဇူးတင်ပါတယ်...
မေ့နေတာတွေ ပြန်သတိရလာတယ်...
Post a Comment