Thursday, July 16, 2009

ကလေးများအတွက် မြန်မာစာ

မရည်ရွယ်ဘဲ စော်ကဲမင်းဖြစ်သလို၊ မပြင်ဆင်ဘဲနှင့် ကျမ ကကြီး၊ ခကွေး ဆရာမတစ်ယောက်ဖြစ်ခဲ့ရပါသည်။
ပထမ နှစ်နှစ်သည် ဆရာဖြစ်သင်တန်းတက်နေရသော အချိန်များဟု သတ်မှတ်ရပေမည်။ သင်ပုန်းကြီးသင်ဖို့ ဒီလောက်အချိန်ယူရလား ဟု အပြစ်ဆိုလျှင်လည်း ခံရပေတော့မည်။ အစမ်းသပ်ခံ တပည့်များနှင့် သူတို့ မိဘများ၏ စိတ်ရှည်၊ သည်းခံ ဇွဲသန်မှုကို ဘယ်နေရာတွင် ဘယ်လိုမှတ်တမ်းတင်ရမလဲ ကျမ မသိသေးပါ။

သင်တန်းကာလတွင် မိမိဘက်မှ မြန်မာစာပေ၏ စည်းကမ်းရှိမှုနှင့်၊ အဆင့်အတန်းရှိမှုကို ကိုယ်ပိုင် ဉာဏ်ဖြင့် မမိတမှီ ထောက်ဆမိလာသော်လည်း ကလေးများဘက်မှ တတ်မြောက် နားလည်မှုအပိုင်းမှာမူ စိတ်ပျက်ဝမ်းနည်းဖွယ် ကောင်းလောက်အောင် နှေးကွေးနေသဖြင့် ကျမကို ကျမ ဆရာအဖြစ်မှ ရပ်ဆိုင်းဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့ပါသည်။ အတွေ့အကြုံရှိသော ဆရာမအစစ်များထံ အခက်အခဲကို တင်ပြ၍ အားနည်းချက်များကို ရှာဖွေပြုပြင်ခဲ့ရပါသည်။

ပထမဦးဆုံးအနေနှင့် ကျမ၏ သင်နှုန်းကို လျော့ချရန် ဖြစ်ပါသည်။ ကျမသင်နေပုံက သူငယ်တန်း ကလေးတွေကို (၅)ရက်အပြတ် Short Course တစ်ခုကဲ့သို့ သင်သည်။ တစ်ပတ်တွင် တစ်ရက်သာ တက်ရသော သင်တန်းတွင် ထိုတစ်ရက်၌ သင်ခန်းစာ တစ်ခုပြီးအောင်သင်သည်။ နောက်တပတ်လာခဲ့ နောက်သင်ခန်းစာ တစ်ခု။ တတ်စေချင်သည့်ဇော ကြီးလွန်းသွားခဲ့ပါသည်။

ဒုတိယအနေနှင့် ကလေးများကို စာလုံးပေါင်းသတ်ပုံ ကျက်ခိုင်းခြင်း၊ အမှားအမှန်ရွေးခြင်း၊ ကွက်လပ်ဖြည့်ခြင်း စသည့် လေ့ကျင့်ခန်းများ လုပ်ခိုင်းစေခြင်းဖြစ်ပါသည်။

တတိယအချက်မှာ အခက်ခဲဆုံးဟု ဆိုရမည်ပင်ဖြစ်ပါသည်။ ကလေးများသည် သူတို့သင်ယူနေသော ဝေါဟာရများနှင့် ရင်းနှီး မနေခြင်းဖြစ်ပါသည်။ ထိုဝေါဟာရများကို သူတို့လက်တွေ့ဘဝထဲရောက်အောင် ရှင်းပြရခြင်းဖြစ်ပါသည်။
သင်ခန်းစာ(၁) အ အာ အား မှပင် စပါပြီ။ ပ ရေ ပ၊ ၀ ရေး ချ ဝါ။ ပဝါ။ ဆရာမ ပဝါဆိုတာ ဘာလဲဟင်။ သြော် ပဝါဆိုတာ အဝတ်စ။ လက်သုတ်တော့ လက်သုတ်ပဝါ၊ ခြေသုတ်တော့ ခြေသုတ်ပဝါ၊ မျက်နှာသုတ်တော့ မျက်နှာသုတ်ပဝါ။ ဟောဒီမှာကြည့် ဆရာမက ပဝါလေးကို ပုခုံးပေါ်ဒီလိုတင်ပြီး ဘုရားရှိခိုးတယ်။ (ကျမက အိတ်ထဲတွင် အမြဲထည့်ထားသော ပဝါကို ထုတ်၍ ဘုရားရှိခိုးပြသည်။) ဆက်တိုက်လာပါပြီ... ဖလား ဆိုတာ ခွက်၊ နဂါးဆိုတာ dragon။ ကိုယ်ကတော့ ပါးစပ်ထဲတွေ့တာတွေလျှောက်ပြော သူတို့ လေးတွေမှာတော့ ဖလား ဆိုတာ ခွက်၊ နဂါးဆိုတာ dragon သံယောင်လိုက်၍ meaning ကျက်နေကြသည်။
သင်ခန်းစာ (၂) အိ အီ အီး မှာဆိုလျှင် လာပါပြီ
အရီးလာသည်။
ဆီးသီး ပါသလား။
အရီးဆိုတာ Aunty လို့ အလွယ်တကူ ရှင်းလိုက်နိုင်ပေမဲ့… အဲ့ ဆီးသီး… ကလေးများထဲတွင် ဆီးသီးထုတ် စားဖူးသူပါက ကျမဝမ်းသာရပါသည်။
သင်ခန်းစာ(၃) အု အူ အူး။ အက္ခရာ ‘ဥ’ ဝင်လာသည်။ သိပ်တော့ အခက်အခဲ မရှိလှ။
…
စတုတ္ထအချက်မှာ မြန်မာစာသည် သူတို့အတွက် အသုံးနည်း၍ မေ့လွယ်ခြင်းဖြစ်သည်။ သင်ပြီးသမျှကို မမေ့စေရန် ကြက်တူရွေးနှုတ်တတ်သင်နည်းမျိုး မဟုတ်ဘဲ၊ ဆက်စပ်၍ နားလည်ခြင်းမျိုးဖြစ်စေရန် ဖတ်စာ တစ်ပုဒ်ကို မဖတ်မီ ဘေးမှသရုပ်ဖေါ်ပုံကို အသေအချာကြည့်စေပြီး ဆရာနှင့် တပည့် အမေးအဖြေများ လုပ်ကြသည်။ တစ်ခါတစ်ရံ ဆန္ဒ စောသော ကျမက ပုံကိုကြည့်၊ ပြီးတော့မှ စာကိုဖတ်။ အခုတော့ သူများရေးထားတာတွေကို ဖတ်တတ်အောင် ဖတ်။ နောက်ဆိုရင်တော့ ပုံတေ့ွယင် ကိုယ့်ဖာသာ စာရေးတတ်ရမယ်ဟု ပြောတတ်ပါသေးသဖြင့် “ဟင်, ဆရာမ ခက်တယ်”ဟု ငြီးသူကငြီး၊ မျက်လုံးလေး ကလယ် ကလယ်နှင့် ကြည့်သူကကြည့်ကြပါသည်။

*****
၂၀၀၅ခုနှစ် သြဂုတ်လမှစတင်၍ http://smcmeditation.org/ 
တွင် ဖွင့်လှစ်ခဲ့သော ကလေးများအတွက် မြန်မာစာ အရေးအဖတ် သင်တန်း၌ လုပ်အားပေးရင်း တွေ့ကြုံခဲ့သည်များဖြစ်ပါသည်။
(အတ္တဟိတ) သားကြီး မြန်မာစာ တတ်ဖို့အရေး ရှေ့တန်းတင်ခဲ့ပြီး (ပရဟိတ) နောက်ကလိုက်တာပါ။ ကလေးတွေကို စာသင်တဲ့ အတွေ့အကြုံ မရှိပါဘူး။ ဝေယျာဝစ္စ လုပ်ပေးရင်းကနေ ဆရာမလိုတော့ ဝင်သင်ရတာပါ။
သင်တန်းမှာ ကလေးတွေက အရွယ်စုံ၊ မြန်မာစာ မြန်မာစကား တတ်မြောက်မှုအဆင့်စုံ၊ သင်တန်းကိုလည်း ရက်မှန်မှန် မလာနိုင်ခြင်းတို့ကြောင့် တနေ့တနေ့ သင်တန်း စမှ ကျောင်းရောက်လာတဲ့ ကလေးတွေကို အဆင့်တူရာ အုပ်စုခွဲပြီး သင်ကြားပေးနေရပါသည်။ ယခု အခြေအနေအရ ဆရာ တဦးလျှင် အုပ်စု နှစ်စု၊ သုံးစု ကို တပြိုင်နက်တည်း သင်နေကြရပါသည်။ လုပ်အားအလှူ ပေးလိုသူများနှင့် သင်တန်းနှင့် ပတ်သက်သော အကြံဉာဏ်ပေးလိုသူများကို ဤနေရာမှ ဝမ်းမြောက်စွာ ဖိတ်ခေါ်လိုက်ပါသည်။

(ရိပ်သာနေရာဟောင်း၌ ရိုက်ကူးထားသောပုံ ဖြစ်ပါသည်။)

သင်တန်းနေရာ - သတိပဌာန်ရိပ်သာ
Satipatthana Meditation Center (SMC)
40 Jalan Malu-Malu, Sembawang Springs Estate Singapore 769657,
Behind Sembawang Shopping Center (SSC)
Tel: (65) 67589488

သင်တန်းအချိန် - Every Sunday (2-5pm)

13 comments:

tin min htet said...

ကျွန်တော့် သမီး လက်ရှိတက်နေပါတယ်။ ကျေးဇူးပါပဲ မသီတာ ..
ပညာကုသိုလ်ယူတဲ့ သူတွေရှိလို့ ကလေးတွေ မြန်မာစာ သင်ဖို့ အဆင်ပြေတာ။ သူတို့က မိဘက သင်ရင် သိပ်နားထောင် ချင်ကြတာမဟုတ်ဘူး။

ပြီးခဲ့တဲ့ အပါတ်က ကျောင်းသား ၃၀ လောက်ဖြစ်နေတာ တွေ့လို့ ဝမ်းသာပါတယ်။ ကလေးတွေနဲ့ ရောပြီး ကျွန်တော်တောင် ၃ မိနစ် တရားထိုင်ခဲ့ ရသေးတယ်။ :)

MrDBA said...

မြန်မာစာကို ကလေးတွေအတွက် သင်ပေးနေတယ်ဆိုလို့ ဝမ်းသာဂုဏ်ယူလိုက်တာ။

နွေးနေခြည် said...

ဝိုင်းကူပေးချင်ပါတယ် မမသီတာ။ တတ်လွန်းလို့တော့ မဟုတ်ပါဘူး။ တတ်သလောက်နဲ့ လုပ်အားပေးချင်လို့ပါ။ ဘယ်လိုဆက်သွယ်ရမလဲ... ဘာတွေလိုအပ်လဲ သိချင်ပါတယ်ရှင်။ ညီမဆီကို အီးမေးပို့ပြီး အသေးစိတ်ပြောလို့ ရပါတယ်။
naychi.blog@gmail.com
ကျေးဇူးပါ မမ

တန်ခူး said...

မ ရေ… အရင်က သားကို တိုးပါးရိုးပို့ ဖြစ်တယ်… ခုတော့ နေကုန်ကျောင်းပြောင်းထားဖြစ်လို့  သူနေသားမကျခင် ခဏရပ်ထားတာ… လုပ်အားပေးချင်ပါတယ် မ ရယ်… နေရာက နဲနဲဝေးနေလို့ … ကျွန်မက စာသင်တာ ၀ါသနာပါတယ် မ ရဲ့…. မ စာသင်ကောင်းတဲ့ သတင်းတွေက သင်းပျံ့ နေပါတယ်… သားကို ပြန်ပို့ ဖို့ လုပ်နေတာ တိုးပါးရိုးပဲ ပို့ ရင်ကောင်းမလား… နီးနီးနားနား အနောက်ဘက်က ကျောင်းပဲ ပို့ ရင်ကောင်းမလား စဉ်းစားနေတာ မ ရေ… မ တို့ ကျောင်းလေး မြောက်ဘက်ပြောင်းသွားတာ နှမျောလိုက်တာ… ရ နှစ်အထက်ဆိုတာ ဟုတ်သေးလားဟင်… ရ နှစ်ထက် ငယ်တဲ့ကလေးတွေရော လက်ခံလား…

သက်ဝေ said...

သီတာက တော်လိုက်တာ...
စိတ်လဲ တော်တော်ရှည်ပုံရတယ်...
အရမ်းချီးကျူးပါတယ်...
အတ္တဟိတ ပါတယ်ပဲ ပြောပြော အခုလို ပညာဒါနကို ပုံမှန် အချိန်ပေးပြီး သေသေချာချာ ပြုနေနိုင်တာ သိပ်ကောင်းတဲ့ ကုသိုလ်ပါ။ ကိုယ်တိုင်မလုပ်နိုင်သေးတာမို့ သီတာ့ကို သာဓု သာဓု သာဓု လို့ သာဓု သုံးကြိမ်ခေါ်သွားပါတယ်...။

Anonymous said...

ama, i think it's needed enough time to learn for children.

If that class have time,

children have to recognise all alphabets first,I think.

then, next step..

nice to hear that.
If I were in there,.. i will join for that class.


Myatnoe

Nge Naing said...

ကလေးတွေအတွက် အချိန်ပေးလုပ်ပေးနိုင်တာ ဂုဏ်ယူပါတယ်။

မီယာ said...

မနုသွဲ့လုပ်ချင်တဲ့ project မှာ မသီတာလည်း အကြံပေးအရာရှိလုပ်ပါလို့ အဆိုပြုပါတယ်။

အပြုံးပန်း said...

ဂုဏ်ယူပါတယ် မသီတာ။
ကလေးတွေက သင်ချင်စိတ်ရှိလို့လဲ ၀မ်းသာမိတယ်။
အပြုံးပန်းကတော့ စာသိပ်မသင်တတ်ဘူး၊
ဆရာမသာ ဖြစ်ခဲ့ဖူးတာ။
ကလေးတွေနဲ့ဆို ပိုတောင် မဖြစ်သေးတယ်။

MANORHARY said...

ကောင်းပါတယ် မသီတာ
ကလေးတွေကိုစာသင်ရတာ တစ်မျိုးစိတ်ချမ်းသာစရာ
ကောင်းပါတယ် မနော်လည်း စာသင်တဲ့ဆရာမ
ဖြစ်ချင်ခဲ့ဖူးတယ်...

မြစ်ချေသူ said...

ဝမ်းသာစရာ သတင်းပါ။ ကျမအခုနေ နေတဲ့ ဘန်ကောက်မှာလဲ အဲလိုမျိုးလေးတွေရှိရင် ကောင်းမှာ။ ကျမသမီးလေးအတွက် မြန်မာစာ မဖတ်တတ်မှာကို အရမ်းစိတ်ပူမိတယ်။

တရားထိုင်လေ့ကျင့်ခန်းတွေပါတော့ ပိုပြီး
ဝမ်းသာမိတယ်...။

အားပေးပါတယ် အစ်မ။ ကျေးဇူးပြုပြီး ကလေးများအတွက် မြန်မာစာကို ကြုံရင်ကြုံ သလို ဆက်ရေးပေးစေချင်ပါတယ်။ သင်ပုံသင်နည်းလေးတွေနဲ့  ကိုင်တွယ်ပုံလေးတွေကို လေ့လာချင်လို့ ပါ။

လေးစားစွာဖြင့်

sonata-cantata said...

ကိုတင်မင်းထက်ရေ ကော်မန့်အတွက်ကျေးဇူးပါ။ ကိုတင်မင်းထက် ဘလော့ကိုရော၊ သမီး မီးမီးချော ဘလော့ကိုပါ S-Cမှာ လင့်ချိတ်ထားပါရစေနော်။

MrDBA
ကျေးဇူးပါ။ ဝေဖန် အကြံပြုချက်များ ကြိုဆိုပါတယ်နော်။

နေခြည်ရေ
သင်တန်းမှာ တွေ့မယ်နော် ဆရာမ အသစ်ချပ်ချွတ်လေး

တန်ခူးရေ
မမြှောက်ပါနဲ့။ အမ အကြောင်းလည်း သိရဲ့သားနဲ့ စိတ်ညစ်ရချေရဲ့ (တွေ့တယ်မို့လား ပြောရင်းဆိုရင်း ဖောက်လာပြီ…)။
၇နှစ်အောက်ကလေးတွေလည်း အကြီးတွေနဲ့ အတူလာရင်း၊ အစပိုင်းတော့ ထမင်းမစား ဟင်းမစား ကျောင်းပျော်လာကြတာတွေလည်း ရှိပါတယ်။ နောက်တော့ သူတို့လည်း စာဝင်သင်ကြပါတယ်။

သက်ဝေရေ
စိတ်ရှည်တာကတော့… အိမ်က သုံးယောက်ကလွဲရင်ပေါ့ စိတ်ရှည်နိုင်အောင် ကြိုးစားပါတယ်…

မငယ်နိုင်ရေ
ပြည့်ပြည့်၀၀တော့ မဟုတ်ပါဘူး…မသီတာမှာ လိုအပ်ချက်၊ လစ်ဟင်းချက်တွေ အများကြီးပါ။

မြစ်ချေသူရေ
ရေးပါမယ် ဖြစ်နိုင်ရင် ဒီက email - sonata.cantata@gmail.com ကိုလည်း email address လေး ပို့ထားပေးပါ။


yuyusan နဲ့ hmwe ဆီလည်း email ရေးလိုက်ပါပြီနော်

မြတ်နိုးရယ်၊ မီယာရယ်၊ အပြုံးပန်းရယ်၊ မနော်ရယ်က အဝေးသင်ဆရာမတွေ
ကော်မန့်လာရေးမှုဖြင့် မရမက ဆွဲခန့်လိုက်သည်။

ပုံ
ကကြီး ခကွေး ဆရာမ

sonata-cantata said...

CBoxမှ
16 Jul 09, 10:55
Andrew: လာဖတ်ပါတယ်ဗျာ၊ ကျွန်တော် တောင် အက္ခရာနဲ ပတ်သက်တဲ့ ပိုစ့်တစ်ပုဒ် ရေးထားသေးတယ်
16 Jul 09, 11:18
mm:
16 Jul 09, 11:36
S-C: ပေါက်...လူနောက်
16 Jul 09, 11:37
S-C: mm...ဒီတခါ မိုက်ခရိုဖုန်းလည်း မပါလာပါလား
16 Jul 09, 11:38
S-C: ကိုAndrewရေ ဖတ်ရအောင် လင့်လေးပေးပါဦး
16 Jul 09, 12:31
yuyusan: I would like to volunteer for teaching burmese
16 Jul 09, 12:31
yuyusan: Pls contact me @ yuyusan@gmail.com
16 Jul 09, 13:17
S-C: မယုယုစံရေ ၀မ်းသာလိုက်တာ email ရေးလိုက်ပါမယ်နော်
16 Jul 09, 13:18
S-C: နွေးနေခြည် ဆီလည်း email ပို့မယ်နော်
16 Jul 09, 14:09
Andrew: အခု ပိုစ့်တင်လိုက်ပါပြီ
16 Jul 09, 15:35
ဆု: မွေးနေ့ဆုတောင်းလေးတွက်ကျေးဇူးတင်ပါတယ်ရှင်း)
16 Jul 09, 15:55
hmwe: Can i contact you about the volunteer for teaching courses?
16 Jul 09, 15:57
hmwe: I want to know more detail, pls write to me "hmwe02@gmail.com"
16 Jul 09, 17:07
S-C: hmwe ရေ email ပို့လိုက်ပါမယ်။ ဒီက emailက sonata.cantata@gmail.com ပါ။