အဆုံးနားမှာ မှားသွားလို့ သူတို့က မတင်ရဘူးတဲ့ ဒီက ဇွတ်တင်လိုက်တယ်...
Wednesday, June 27, 2012
Tuesday, June 26, 2012
အချစ်နှင့်သက်ဆိုင်သော အကွက်ကလေးများ
ဒီနေ့တော့ ဈေးသွားရမည်။ ဟင်းချက်စရာဝယ်ရန် ဖြစ်သည်။ ရေခဲသေတ္တာထဲတွင်လည်း ဗလာကျင်းနေပြီ။
အိမ်ကထွက် ကားပက်ကင်ကို ဖြတ်အပြီးမှာ၊ ကားလမ်းနဘေးရောက်သည်။ ထိုလမ်းကို လူကူးဂုံးကျော်တံတားမှ ကူးဖို့ရန် ဖြစ်သည်။ ဈေးသည် လမ်း၏ ဟိုမှာဘက်ခြမ်းတွင် ရှိနေသည်။ လှေကားထစ် အနည်းငယ်ကို တက်ရပေဦးမည်။
ကားများ မိမိခြေဖဝါးအောက်မှ ဥဒဟို သွားနေကြခြင်းသည် အတန်ငယ် ဆန်းကြယ်သော ခံစားချက်ကို ဖြစ်စေသည်။ ဖြတ်သန်းသွားနေကြသော ယာဉ်များသည် မိမိထံမှ တစုံတခုကို အတင်းအဓမ္မယူဆောင်၍ မောင်းနှင်သွားကြသည်လား…။ သို့မဟုတ် မိမိထံမှ တစုံတခုသည် ထိုထိုယာဉ်မျာနှင့် စိတ်လိုလက်ရ လိုက်ပါသွားကြသည်လား မသေချာသော ခံစားချက်မျိုး ဖြစ်သည်။ တွယ်ငြိလိုသူ၏ ကျန်ရစ်နေရခြင်း ဝေဒနာလည်း ဖြစ်နိုင်သည်။
မိမိသည် တည်ငြိမ်နေသော တံတားတခုပေါ်တွင် ကိုယ်ပိုင်ဆိုင်၍ ကိုယ်နှင့်အလွန်အကျွမ်းတဝင်ဖြစ်သော အလျင်ဖြင့် သွားမြဲအတိုင်း သွားနေစဉ်၊ မိမိ၏အထိန်းအကွပ်နှင့် လွန်စွာကင်းလွတ်သော အရာများသည် အရှိန်အဟုန် ပြင်းပြင်းဖြင့် မိမိကို ဖြတ်ကျော်နေကြသည်။ အငြိမ်၊ အလှုပ်နှင့် အရှိန်တို့ အတင်းကာရော ဟန်ချက်ညီနေကြလေ၏။
ဟန်ချက်တွင် ပျော်ဝင်နေစဉ် တွေကနဲ တချက်ဖြစ်သည်။ တံတားပေါ်မှာပင် ရှိနေသေးသည်။ တဖက်ကမ်းနှင့်တော့ ပို၍နီးကပ်နေပြီ်။ တံတားအောက်မှာ ကားမှတ်တိုင်ရှိသည်။ မှတ်တိုင်၏ အတွင်းဖက်ကျကျတွင် ရှပ်လက်တိုအကွက်နှင့် လူတယောက် လက်ကိုင်ဖုန်းမျက်နှာပြင်ကို တို့ထိ ငုံ့ကြည့်ရင်း ကားစောင့်နေသည်။ လမ်းဆက်လျှောက်ရင်း တွေကနဲဝယ် ရင်ခုန်နှုန်း ရုတ်ချည်း ပြောင်းသွာသည်လား…။ သို့မဟုတ် ရပ်သွားသည်လား…။ ပြန်တွေးမိသည်။ မသေချာ။
သေချာသည်မှာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ အတင်းကာရော ငြိသွားခြင်း ဖြစ်သည်။ ချစ်ခြင်းဟု အလွယ်ခေါ်မည်။ နှုတ်ခမ်းလေး လှုပ်သည်။ ပြုံးယောင်ယောင်လေး ဖြစ်သည်။
*****
မနက်အစောစာကို ကော်ဖီတခွက်နှင့် ပြီးလေ့ရှိသည်။ ဒီမနက်တော့ အဖတ်လေးပါစားချင်မိသည်။ ဟိုမှာဘက်လမ်းကို သွားဝယ်ရမည်။
လူများသည် အရှေ့မှ အနောက်သို့၊ အနောက်မှ အရှေ့သို့၊ တောင်ကလူက မြောက်သို့၊ မြောက်ကလူက တောင်သို့ သွားနေကြသည်။ အစာရှာဖို့ရာ ဖြစ်သည်။ ထိုသူများသည် ထိုသူများသာဖြစ်၍ မိမိသည်လည်း မိမိသာ ဖြစ်သည်။ မိမိသည် မိမိကိုယ်ကို ထိုသူများနှင့် ပူးကပ်မကြည့်မိအောင် သတိထားရသည်။ မိမိနှင့် အသွင်သဏ္ဍန်အားဖြင့်မတူသလို၊ အခြေအနေအားဖြင့်လည်း ခြားနားသည်။ မတူညီခြင်းနှင့် တူညီခြင်းများ လိုက်လျောညီထွေ ရှိနေသော နေသာသည့်နေ့တနေ့ ဖြစ်သည်။
မိမိသည် ရံခါများစွာပင် ငှက်ကလေးများ စိုးစီစိုးစီနှင့် အစာရှာထွက်ချိန်ကို ကြုံဆုံဖူးသည်။ အိမ်တွင်အလွယ်ရှိသော ဆန်ကွဲ၊ ပဲ စသည်တို့ကို ချကျွေးခဲ့ဖူးသည့် အခါများသည် ဟိုးအတော်ဝေးဝေးမှာ ကျန်နေခဲ့ပြီ။ အခုများတော့ မင်းတို့ သိပ်ဆူတယ်ကွာဟု ဟန်ဆောင်ရန်လုပ်ရင်း သူတို့ ပျံသန်းရာ အရပ်များဆီ လိုက်လံငေးမောခြင်းသာ တတ်နိုင်တော့သည်။
ဝေးလွင့်သော အတွေးရှင်၏ အချစ်ရှာထွက်သော မျက်ဝန်းအကြည့်တို့သည် လမ်းနဘေးက ကားမှတ်တိုင်တွင် အလိုအလျောက် ရပ်တန့်သည်။ မျှော်လင့်မထားသော အပြုံးတခုသည် နှုတ်ခမ်းထက်သို့ ခိုမှီခွင့်ရသွားပြန်သည်။ ကားစောင့်နေသော ရှပ်အကွက်လေးသည် မှတ်တိုင်တွင် ထိုင်ရင်း စာတအုပ်ကို ဖတ်နေသည်။
*****
ထိုထိုသော အမှတ်မထင်များ၊ တခါတရံများ၊ တိုက်ဆိုင်မှုများနှင့် ကြုံဆုံနေသူတယောက်သည် တကြိမ်တခါတွင်တော့ လမ်းဆုံးတခုမှာ ရှိနေသောအချစ်ဆီ မျှော်ကိုးရင် ထိုလမ်းကို လျှောက်သည်။ မြင်ကွင်း သေးသေးလေးထဲမှ ရှပ်အကွက်လေးသည် မိမိအား ပြုံး၍ ဆီးကြိုနေသည်။ ပို၍ ပို၍ ထင်ရှားလာသော ထိုလမ်းဆုံးသည် မှတ်တိုင်တခုပင် ဖြစ်တော့သည်။ ။
(မနက်ရုံးသွားတိုင်း အဲ့လူကြီး... ကားစောင့်ရင်း ငါ့မိန်းမ ငါ့ကို ဘယ်နားကများရှိုးနေမလဲလို့ တွေးနေတော့မယ်... အော် အသင်လောက...:D)
Friday, June 1, 2012
မနေတတ်… မထိုင်တတ်…
အခုတလော မကြာခဏ သတိရမိပြီး တယောက်တည်း ပြုံးနေမိတဲ့ မိသားစုထဲက ဟာသလေးအကြောင်း သူငယ်ချင်းတွေနဲ့ အတူတူ ပြုံးရအောင်လို့ ပြောပြချင်ပါတယ်။ ကလေးတွေရဲ့ အပြစ်ကင်း ဖြူစင်တဲ့ အတွေးနဲ့၊ ပြောတတ်သလို ပြောလိုက်တဲ့ စကားလေးတွေဟာ လူကြီးတွေရဲ့ စိတ်နှလုံးကို ကြည်မွေ့စေ… ဘဝအမောတွေကို ပြေပျောက်စေပါတယ်။
ဒီတခါ ဇတ်လိုက်ကတော့ အိမ်က မင်းသားနှစ်ယောက်ဖြစ်တဲ့ ရေချမ်း၊ ရေစင်တို့ မဟုတ်ပါဘူး။ မသီတာရဲ့ တူလေး ပါ။ မင်းသားအမည်ကို ရေသန့် လို့ မှတ်ထားလိုက်ကြပါစို့။ ရေသန့်လေး အမေ မသီတာ့ယောင်းမက မိန်းမပီသတဲ့ ဆရာမဟောင်းတဦးပါ။ အချက်အပြုတ်၊ အနေအထိုင်၊ အပြောအဆို အင်မတန် တော်ပါတယ်။ မွေးထားတဲ့ သားနဲ့ သမီးကိုလည်း နားဝင်အောင် ညင်ညင်သာသာ ဆုံးမတတ်ပါတယ်။
ရေသန့်က အိမ်က သားကြီး ရေချမ်းထက်ငယ်ပြီး၊ သားငယ်ရေစင်ထက်တော့ ကြီးပါတယ်။ ဒီက ကလေးတွေ ဒီဇင်ဘာကျောင်းပိတ်ရက် ရန်ကုန်ပြန်မှ တနှစ်တခါ တွေ့ရတာမို့ ညီအကိုချင်းတွေ တွေ့စဆို စိမ်းပါတယ်။ မနှစ်ကတော့ သားကြီး ရေချမ်းက မသီတာထက် နှစ်ပတ်စောပြီး ရန်ကုန်ကို ပြန်သွားနှင့်ပါတယ်။ မသီတာရောက်ပြီး နောက်တရက်နှစ်ရက်နေတော့ သားကြီး ရေချမ်းက မသီတာကို ပြောလာပါတယ်… “မေမေ…မေမေ… ရေသန့်ကလေ ဘာဖြစ်လို့လဲ မသိဘူး သားကို တွေ့ရင် ကိုကိုနေကောင်းလား… ကိုကိုနေကောင်းလားချည်းပဲ မေးနေတယ်” တဲ့…။
ရေသန့်လေးခမျာ အဝေးတနေရာက လာတဲ့ အကိုလုပ်သူကို အတူနေရတုန်းလေးမှာ အရေးတယူကလည်း လုပ်ချင်၊ ဘာလုပ်လို့ ဘာပြောရမှန်းလည်း မသိရှာတော့၊ သူပြောတတ်တာလေး “ကိုကိုနေကောင်းလား” ဆိုတာကိုပဲ တွေ့လိုက်တိုင်း ဆီးကြိုပြောရတာပါ။ အမေးခံရတဲ့ အကိုကြီးကလည်း မြန်မာမှုမှာ လည်လည်ဝယ်ဝယ်ဆိုတော့၊ မျက်လုံးကလယ်ကလယ် ပါးစပ်အဟောင်းသားနဲ့ ဘာပြန်ပြောရမှန်းမသိ…။ သူတို့ဖြစ်နေပုံကို ဘေးက လူကြီးတွေက ရယ်ရ ပြုံးရပါတယ်။
တခါတော့ မသီတာ့ယောင်းမ… ကိုရေသန့်တို့ရဲ့ မာတာမိခင်ကြီးကိုယ်တိုင် ပါးစပ်အဟောင်းသား ဖြစ်သွားရရှာပါတယ်။ ဖြစ်ပုံကတော့ ဒီလိုပါ…။ ရင်စေ့၊ ရင်ဖုံး အင်္ကျီလေးတွေသာ ဝတ်တတ်ပြီး အနေရိုးတဲ့ ယောင်းမဟာ တခုသော ပူပြင်းလှတဲ့ နွေညဦးမှာ ညအိပ်ယာဝင်ခါနီးမို့ လည်ပင်းပေါက် အနည်းငယ်ကျယ်တဲ့ ချိုင်းပြတ် အင်္ကျီကို ဝတ်ပြီး၊ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကိုင်းလို့ အိပ်ယာကို ဖုန်ခါလှဲမိတဲ့ အခါမှာတော့ သားတော်မောင် ကိုရေသန့် မျက်မှောင်ကုတ်ကြီးနဲ့ မအေကို ပြောလိုက်တာက… “အမေတို့ကလည်း အဖေ့ရှေ့မှာ မနေတတ်၊ မထိုင်တတ်…” တဲ့။
Labels:
မိသားစု
Subscribe to:
Posts (Atom)



