Tuesday, June 16, 2009

မြတ်ဗုဒ္ဓ၏ သာသနာပြုမိန့်ခွန်း

မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် ဥရုဝေလတောမှ ဗာရာဏသီပြည် မိဂဒါဝုန်တောသို့ကြွ၍ ပဉ္စဝဂ္ဂီငါးပါးအား ဓမ္မစကြာဒေသနာကို ၅-ရက်တိုင်တိုင် ဟောကြားတော်မူခဲ့၏။ ပဉ္စဝဂ္ဂီငါးပါးတို့သည် အသီသီး သောတာပတ္တိဖိုလ်တည်၍ ဧဟိဘိက္ခုရဟန်းများ ဖြစ်ကြသည်။ လပြည့်ကျော် ၅-ရက်နေ့တွင် အနတ္တလက္ခဏာသုတ် ဒေသနာဟောကြားတော်မူအခါ ပဉ္စငါးပါးလုံးပင် ရဟန္တာဖြစ်ကြသည်။ မိဂဒါဝုန်တော၌ သီတင်းသုံးတော်မူကြစဉ် သူဌေးသား ယသနှင့် ဆွေမျိုး မိတ်သင်္ဂဟတစုလည်း တရားထူးရကြ၍ လောကတွင် (မြတ်စွာဘုရားအပါအဝင်) ရဟန္တာ ၆၁-ပါးဖြစ်သည်။ ဝါကျွတ်သောအခါတွင် ဗုဒ္ဓက အောက်ပါ မိန့်ခွန်းကို ဟောကြား၍ သာသနာပြု လှည့်လည်ရန် တိုက်တွန်းလေသည်။

စရထ, ဘိက္ခဝေ, စာရိကံ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿနံ။ မာ ဧကေန ဒွေ အဂမိတ္ထ။ ဒေသေထ, ဘိက္ခဝေ, ဓမ္မံ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေထ။

(၁) ရဟန်းတို့… အများအကျိုးအတွက် အများချမ်းသာရေးအတွက် လောကကို အစဉ်သနား စောင့်ရှောက်သောအားဖြင့် နတ်လူတို့၏ အကျိုးစီးပွားချမ်းသာဖြစ်စေရန် ခရီး လှည့်လည်ကြကုန်လော့။ ခရီးတစ်ကြောင်းတွင် နှစ်ပါး မသွားကြကုန်လင့်။ (၂) ရဟန်းတို့… အစ၏ ကောင်းခြင်း, အလယ်၏ ကောင်းခြင်း, အဆုံး၏ ကောင်းခြင်း, အနက်အဓိပ္ပါယ်နှင့် ပြည့်စုံခြင်း, သဒ္ဒါနှင့် ပြည့်စုံခြင်းရှိသော တရားကို ဟောကြကုန်လော့။ (၃) အလုံးစုံပြည့်စုံသော, အလုံးစုံစင်ကြယ်သော မြတ်သောအကျင့်ကို ပြကြကုန်လော့။

ရဟန္တာပုဂ္ဂိုလ်များသည် ကိလေသာကင်းစင်၍ ပြုဖွယ်ကိစ္စပြီးသောသူများဖြစ်သည်။ မိမိတို့၏ တာဝန်ပြီးပြီဟူ၍ ကြောင့်ကြမဲ့ မနေပဲ လောကကို စောင့်ရှောက်သောအားဖြင့် လူအများအား (မိမိတို့နည်းတူ) လွတ်မြောက်မှုအရသာ (ဝိမုတ္တိရသ)ကို ခံစားနိုင်ကြစေလိုခြင်းသည် သာသနာပြုခြင်း၏ ပဓာနရည်မှန်းချက်ဖြစ်သည်။ ထို့ကြောင့် နေရာဒေသအနှံ့အပြားသို့ သတင်းစကား ဆောင်နိုင်စေရန်အတွက် ခရီးတစ်ခုတွင် နှစ်ပါးမကြွစေပဲ ဖြန့်ကျက်၍ စေလွှတ်ခဲ့သည်။ အစ, အလယ်, အဆုံးသုံးပါးလုံး ကောင်းမွန်သော တရားဒေသနာကို ဟောကြားစေခဲ့သည်။ တရားတော်သည် သီလ, သမာဓိ, ဝိပဿနာဟူသော အခြေခံ အစကောင်းခြင်း၊ မဂ္ဂင်ရှစ်ပါး မဇ္ဈိမပဋိပဒါဟူသော လမ်းစဉ်၏ အလယ်ကောင်းခြင်း၊ အရဟတ္တမဂ်, အရဟတ္တဖိုလ်, နိဗ္ဗာန်ဟူသော အဆုံးပန်းတိုင်၏ ကောင်းခြင်းတို့နှင့် ပြည့်စုံသည်။ တရားဟောကြားခြင်းသည် အနက်အဓိပ္ပါယ်တို့ကို တစ်ဦးမှတစ်ဦးထံ ပို့ဆောင်ရခြင်းဖြစ်ရာ၊ အနက်အဓိပ္ပါယ် (အတ္ထ - meaning) နှင့် ပြည့်စုံရန်သာမက၊ ပို့ဆောင်မှု, ရေးဖွဲ့မှု, အသံထွက်စသော ပုံသဏ္ဍာန်ပိုင်း (ဗျဉ္ဇန - Phrasing) နှင့်လည်း ပြည့်စုံပါမှ တရားကောင်း, စကားကောင်းဖြစ်၏။ တရားဟောကြားစေခြင်းသာမက မိမိတို့၏ စင်ကြယ်မြင့်မြတ်သော အကျင့်ကို ထင်ရှားအောင် ပြသရန် ဗုဒ္ဓက တိုက်တွန်းခဲ့သည်။ အရှင်အဿဇိမထေရ်၏ သိက္ခာတည်ကြည်မှုဖြင့် အရှင်သာရိပုတ္တရာအလောင်းအား သာသနာဘောင်သို့ ဆွဲဆောင်ခဲ့သည်။ Leading by example သည် ဗုဒ္ဓ၏ သာသနာပြု လမ်းစဉ်တစ်ခု ဖြစ်သည်။
ဧရာ (မန္တလေး)

1 comments:

nadine said...

ဖတ်မှတ်သွားပါတယ်.... သီတာဒေ၀ီရယ်။။

(နဒင်း)