“ကြောက်တတ်ဖို့ လိုပါသည်” က ဖတ်ဖူးသမျှတွေထဲကနေ အာဂမယုတ္တိ, သဘာဝယုတ္တိထုတ်ပြီး ကိုယ့်ကိုကိုယ် အားပေးဖို့ တွေးထား, ရေးထားတဲ့စာကို ပြန်လည်မျှဝေတာပါ။ ဒီပိုစ့်အတွက် ထပ်မံ ဖြည့်စွက်ချင်တာအချို့ ရှိလာပါတယ်။
ပထမအချက်က “ကြောက်တတ်ဖို့အတွက် သတ္တိ လိုပါသေးလား” ဆိုတဲ့ မေးခွန်းပါ။ မှန်မှန်ကန်ကန် ကြောက်တတ်ဖို့အတွက် သတ္တိလိုပါတယ်။ ဒီနေရာမှာ ‘သတ္တိ’ ဆိုတဲ့ စကားကို ရဲရင့်မှု (courage) ဆိုတာထက် ပိုပြီးကျယ်ပြန့်တဲ့ အရည်အချင်း (capacity) လို့ နားလည် ကြည့်နိုင်ပါတယ်။ ကြောက်တတ်ဖို့အတွက် လိုတဲ့ သတ္တိကို တေမိဇာတ်တော်မှာ ကြက်သီးထလောက်အောင် တွေ့နိုင်ပါတယ်။ တေမိမင်းသားက ငရဲကိုကြောက်ပြီး မင်းမဖြစ်လိုတဲ့အတွက် ဆွံ့အ, နားထိုင်းသလို နေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ခိုင်မာစွာရပ်တည်နိုင်ဖို့ အရည်အသွေးတွေ အများကြီးလိုပါတယ်။ အလောင်းတော်ဟာ အရွယ်အလိုက် ကစားစရာ, စားစရာ, ကချေသည်စတာတွေရဲ့ ဖျားယောင်း သွေးဆောင်မှုတွေကို မမက်မောပဲ၊ မီး, မြွေ, ဓားသံလျက် စတာတွေနဲ့ ခြိမ်းခြောက်မှုတွေအားလုံးကို မကြောက်လန့်ပဲ သည်းခံပါတယ်။ ဒီလို သွေးဆောင်မှု, ခြိမ်းခြောက်မှုတို့ကို သည်းခံ တွန်းလှန်နိုင်တဲ့ “ခန္တီ” နဲ့ မိမိ ရည်မှန်းချက်အတိုင်း ဖြောင့်ဖြောင့်သွားနိုင်အောင် သွေးဆောင်မှု, ခြိမ်းခြောက်မှုတွေကို လျစ်လျူရှုနိုင်တဲ့ “ဥပေက္ခာ”တို့ဟာ မြင့်မြတ်တဲ့ ကိစ္စတွေကို ဆောင်ရွက်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်။ စိတ်မလျော့ အားမပျော့ပဲ မိမိရဲ့ ဆုံးဖြတ်ချက်, ရည်မှန်းချက်ပေါ်မှာ ခိုင်မာစွာရပ်တည်ခြင်းဟာ “အဓိဋ္ဌာန်” ဖြစ်ပါတယ်။ ဒီလို ရည်မှန်းချက်တွေရဖို့ အတွက် စွန့်လွှတ် အနစ်နာခံသင့်တာကိုလည်း ခံရပါတယ်။ ဒါကို “နေက္ခမ” လို့ခေါ်ပါတယ်။ မှန်မှန်ကန်ကန် ကြောက်ဖို့အတွက် ဒီအရည်အသွေး သတ္တိလေးမျိုးကို လေ့ကျင့် ပေးဖို့လိုပါလိမ့်တယ်။

ဒုတိယဖြည့်စွက်ချင်တာက ဘာကြောင့် လူတွေဟာ ငှက်ငယ်ထက် ဂဠုန်ကို ကြောက်ကြသလဲ၊ အနာဂတ် ဘေးဆိုးတွေထက် နီးရာ ဓားကို သိပ်ကြောက်ကြရသလဲဆိုတဲ့ အချက်ပါ။ အရောင်းသွက် စာအုပ်တစ်အုပ်ဖြစ်တဲ့ Freakonomics မှာဆွေးနွေးထားတာကို ပြန်ဝေမျှချင်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှု နှိမ်နင်းရေးနဲ့ နှလုံးရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေတွေအတွက် လွတ်တော်မှာ တင်ပြပြီး မဲခွဲမယ်ဆိုပါစို့။ နှလုံးရောဂါနဲ့ သေသူဦးရေဟာ အကြမ်းဖက်တိုက်ခိုက်ခံရလို့ သေသူဦးရေထက် အများကြီးများပေမယ့်၊ အမတ်အများစုဟာ အကြမ်းဖက်နှိမ်နင်းမှု ရန်ပုံငွေအတွက်ပဲ မဲပေးကြပါလိမ့်မယ်။ ဘာကြောင့်ပါလဲ။ ဒီနေရာမှာ Risk = hazard + outrage ဆိုပြီး ညီမျှခြင်းချ ကြည့်နိုင်ပါတယ်။ အကြမ်းဖက်တိုက်မှုကြောင့် သေရတာဟာ ကြမ်းတမ်းပါတယ်။ အထိတ်တလန့်ရှိပါတယ်။ လက်ငင်းရင်ဆိုင်ရမှာပါ။ အဆီများတဲ့ အစားအစာတွေစားလို့ နှလုံးသွေးကြောပိတ်ပြီး သေတာကတော့ ယဉ်ပါတယ်။ ချက်ချင်းလည်း မသေပါဘူး။ အုတ်အော်သောင်းနင်းမဖြစ်ပဲ တိတ်တိတ်လေး သေသွားကြမှာပါ။ အဆီများတဲ့ အစားအသောက်တွေက hazard အန္တရာယ်ပိုများပေမဲ့ အကြမ်းဖက်တိုက်ခိုက်ခံရတာလောက် outrage ကြမ်းတမ်းမှု မရှိပါဘူး။ “လူတွေက အန္တရာယ်သိပ်မရှိပေမယ့် ကြမ်းတမ်းမှုများတဲ့ ကိစ္စတွေကို သိပ်ကြောက်ကြ, အရေးတယူလုပ်တတ်ကြတယ်။ ဒါပေမယ့် အန္တရာယ်ကြီးပြီး ကြမ်းတမ်းမှုမရှိတဲ့ ကိစ္စတွေကိုတော့ ခပ်ပေါ့ပေါ့ သဘောထားလိုက်ကြတယ်” လို့ Peter Sandman က ညီမျှခြင်းရဲ့အဓိပ္ပါယ်ကို ရှင်းပြပါတယ်။
ယဉ်ကျေးမှုတော်လှန်ရေးအတွင်း တရုတ်ပြည်မှာ လူပေါင်း သန်း-၃၀ လောက် အငတ်ဘေးဆိုက်ပြီးသေခဲ့ကြပါတယ်။ မြောက်ကိုရီးယားမှာလည်း ၁၉၉၆-၉၉ အတွင်း သန်းနဲ့ချီပြီး အငတ်ဘေးဆိုက်ပြီးသေခဲ့ကြပါတယ်။ ဒါပေမယ့် ပြည်သူတွေဟာ ဘာမှ မလုပ်နိုင်ခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအန္တရာယ်တွေရဲ့ အကြောင်းတရားတွေ စတင်သန္ဓေတည်နေချိန်မှာ outrage factor သိပ်မကြီးသေးလို့ပါ။ အဆီများတဲ့ အစားအစာတွေလို တမျှင်းမျှင်း တဖြည်းဖြည်း အန္တရာယ်ပေးလို့ပါ။ ကျန်းမာရေးသမားတွေက နှလုံးရောဂါရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ outrage factor များအောင် ခြောက်ပေးရပါတယ်။ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးသမားတွေကလည်း ကမ္ဘာကြီးပူနွေးလာတာတို့, အိုဇုံးလွှာပေါက်တာတို့နဲ့ ခြိမ်းခြောက်ပြီး outrage factor တက်လာအောင် ကြိုးပမ်းကြပါတယ်။ ရေနွေးအိုးထဲက ဖားတစ်ကောင်လို တမျှင်းမျှင်းနဲ့ မသေရလေအောင် သတိပေး နေကြတာပါပဲ။
ဧရာ (မန္တလေး)
စာညွှန်း။
၁။ ဦးရွှေအောင် - ဗုဒ္ဓ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်
၂။ Steven D. Levitt & Stephen J. Dubner – Freakonomics
2 comments:
သိပ်ကောင်းတဲ့ ဥပမာတွေပါပဲ..
ကိုဧရာရဲ့ ပိုစ်တွေကို တော်တော်သဘောကျမိပါတယ်။
တွေးစရာစဉ်းစားစရာလေးတွေကို ပေးတဲ့ပိုစ်ကောင်းကောင်းလေးရေးပေး တဲ့အတွက်ကျေးဇူးပါရှင်
ဟုတ်ကဲ့ဆရာ..ဆရာရှင်းပြလိုက်တော့ ပိုထင်ရှားလာပါတယ်..စဉ်းစားစရာတွေပါ ရသွားပါတယ်..ကျေးဇူးပါ..
Post a Comment