တန်ခူး tag လို့ ရေးခဲ့တဲ့
ကျွန်မ၏အကြောင်း ပို့စ်မှာတော့
ကိုယ့်ရဲ့ဝါသနာ - အထုံဝါသနာ မပေါ်လွင်ပါ။ (စွဲစွဲမြဲမြဲလုပ်ရတာဆိုရင် အားဆေးတောင် မသောက်ပါ။) လို့ ယေဘူယျ အားဖြင့်တော့ ရေးခဲ့ပြီးပါပြီ။
တန်ခူးကပဲ ဝါသနာလေးများ ဆိုပြီး tag လာပြန်တော့ ရေးမယ်ဟဲ့လ့ို ဟန်ပြင် ကွန်ပြူတာရှေ့ထိုင်၊ ရေးလိုက် ဖျက်လိုက်နဲ့ စာကရှေ့မရောက်…(အားတွေနာနေပြီလား မနာနဲ့ မနာနဲ့ စာရေးစာဖတ်က မြတ်နိုးပြီးသား အမှုပါ တန်ခူးရ) ဒီမှာတင် ကိုဧရာက မသီတာ စဉ်းစားလို့ရအောင် ဆိုပြီး
/* လူတစ်ဦးနှင့် တစ်ဦး မိတ်ဆွေဖွဲ့ကြတော့မယ်ဆိုရင် “ဘာ ဝါသနာလေးများပါတုန်း” လို့ မေးတတ်ကြတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်ကစလို့ အားကစား, စာပေ, အနုပညာ, အိမ်တွင်းမှုစသဖြင့်ပေါ့… ကိုယ့် အားလပ်ချိန်လေးတွေမှာ ဘာအလုပ်လေးတွေနဲ့ ကိုယ့်စိတ်ကို အစာကျွေးသလဲ။ စိတ်မှ မဟုတ်ပါဘူးလေ… ကိုယ်ခန္ဓာကို အစာကျွေးသလဲ…။
အချို့များကြတော့လည်း ကိုယ်စိတ်လက်ပျော်ရွှင်တဲ့ အလုပ်လေးတွေနဲ့ အသက်မွေးရတော့ ကံအကောင်းသား။ သီချင်းဆို ဝါသနာပါသူက အဆိုတော်ဘဝနဲ့အသက်မွေးရတာမျိုး။ ဆရာလုပ်တာ ဝါသနာပါသူက ကျောင်းဆရာအလုပ်နဲ့ အသက်မွေးရတာမျိုး။ အင်းလေ… ဘဝမှာ အသက်မွေးမှုတစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် ကိုယ်ဝါသနာပါတဲ့ အလုပ်မျိုးကို အခြေခံပြီး စဉ်းစားရွေးချယ်ရတာ သဘာဝကျပါတယ်။ ဒါပေမဲ့လည်း ခက်တော့အခက်သား…။ ရောဂါဝေဒနာ ခံစားနေရသူတွေကို ကိုယ့်မိဘဆွေမျိုးနဲ့မခြား ကြင်နာစိတ်တွေထားပြီး ပြုစုယုယပေးချင်တဲ့ ဝါသနာရှိပေမဲ့ ဆရာဝန်လိုင်းကို အမှတ်မမှီလို့ မရွေးချယ်ရသူတွေ၊ ဆရာဝန်တစ်ဦးဖြစ်လာပါလျှက်နဲ့ ဆေးကုသဖို့ ဝါသနာမထုံတာကြောင့် အရောင်းအဝယ် လုပ်စားနေသူတွေက တစ်ပုံကြီး။ အဲ… ကိုယ်ဝါသနာပါတဲ့ အလုပ်နဲ့ အသက်မွေးရလို့လည်း ဘဝမှာ ကျေနပ်နှစ်သက်ဖို့ ကောင်းပြီလို့ ပြောလို့မရပါဘူး။ သီချင်းလေးတွေရေးနေရတာကို ပျော်မွေ့သူက သီချင်းရေးဆရာတစ်ဦးအဖြစ် အသက်မွေးရပေမဲ့ ကိုယ်လုပ်ချင်သလို လုပ်လို့မရ, ထင်သလိုဖြစ်မလာရင် ပိုပြီး ခံစားရတယ်။ ပိုပြီးကြေကွဲရတယ်။ ဒီလိုပဲ ပညာရေးကို ဝါသနာကြီးလို့ ကျောင်းဆရာဖြစ်လာခဲ့ပေမဲ့ ကိုယ်ယုံကြည်ရာတွေကို မလုပ်နိုင်ပဲ, ကိုယ်မယုံကြည်ရာတွေကို မျက်စိစုံမှိတ်ပြီး ဝမ်းစာရှာရင်း၊ ကိုယ့်အသက်မွေးမှုကိုတောင် ကိုယ်ပြန်မသတီချင်တော့တဲ့ ကျောင်းဆရာတွေလည်း ထုနဲ့ထေးပါ။ ဒီလိုဘဝမျိုးထက်စာရင်… ကိုယ်ဝါသနာ မပါချင်လည်းနေပါစေ၊ သမာအာဇီဝဖြစ်ပြီး ကိုယ့်မိသားစု အသက်မွေးနိုင်မယ့် အလုပ်လေး လုပ်နေရတာက တော်သေးသပေါ့။
ဝါသနာပါသည်ဖြစ်ဖြစ်, မပါသည်ဖြစ်ဖြစ် အသက်မွေးမှု လုပ်ငန်းဆိုတာကတော့ လုပ်နေကြရတာပါပဲ။ ရဟန်းတော်များတောင် ဆွမ်းခံတော့ စားရသေးတယ်။ ရဟန်းတော်များအတွက် မြတ်စွာဘုရားခွင့်ပြုခဲ့တဲ့ ကျောင်း, သင်္ကန်း, ဆွမ်း, ဆေး- ပစ္စည်းလေးပါးဟာ “စားဝတ်နေရေးနဲ့ ကျန်းမာရေး” ဆိုတဲ့ လူဘဝရဲ့ အခြေခံလိုအပ်ချက်ပဲ မဟုတ်လား။ လူဆိုတာက ဒီအခြေခံ လိုအပ်ချက်လေးနဲ့တင်တော့ ဘယ်တင်းတိမ်နိုင်ကြပါ့ မလဲ။ ကိုယ့်အားလပ်ချိန်လေးမှာ ဟိုဟာလေး လုပ်ချင်၊ ဒီဟာလေး လုပ်ချင်… ကိုယ့်စိတ်ကို အစာကျွေးချင်တာက လူ့သဘာဝ။
ကိုယ်ရဲ့ အားလပ်တဲ့ အချိန်လေးမှာ သက်မွေးဝမ်းကျောင်းမှုမှအပ, ကိုယ်ကြိုက်တာလေးတွေကို ရွေးပြီး စိတ်ကိုအစာကြွေးတာကိုပဲ Hobby လို့ခေါ်ကြတယ်။ အသက်မွေးမှုပဲ ဖြစ်ဖြစ်, အသက်မွေးမှုမဟုတ်တာ ဖြစ်ဖြစ် ကိုယ်စိတ်ပါဝင်စားပြီး, အချိန်ရတိုင်း မကြာခဏ လုပ်လေ့လုပ်ထရှိတဲ့ အလုပ်လေးတွေကို မြန်မာလိုတော့ ဝါသနာလို့ပဲ သိမ်းကျုံးပြီး ခေါ်ပါတယ်။
အဲ.. ရှိသေးတယ် စရိုက်တဲ့။ သူကလည်း ဝါသနာလိုပဲ မကြာခဏဖြစ်တတ်တဲ့ အလေ့အကျင့်တွေကို ခေါ်တာ။ စရိုက်ဆိုတာက မိမိရဲ့ အတွင်းသန္တန်ပိုင်း၊ အာရုံတွေကို ဘယ်လိုတုန့်ပြန်လေ့ရှိသလဲပေါ့။ ဥပမာ လောစရိုက်ရှိသူက အာရုံတွေပေါ်မှာ လိုချင်တပ်မက်မှုတွေနဲ့ မြင်မယ်။ ဒေါသစရိုက်ရှိတဲ့သူတွေက တွေ့သမျှမြင်သမျှကို အပြစ်ရှာချင်တယ်။ ပညာစရိုက်ရှိသူတွေကလည်း အမှားကိုရှာပြီး ထောက်ပြချင်တတ်တာကတော့ ဒေါသစရိုက်နဲ့ ခပ်ဆင်ဆင်။ ထားပါတော့… ။ သူတို့ကိုယ်တိုင် သတိမထားမိပဲ… သူတို့တမင်ရွေးချယ်လိုက်တာမျိုး မဟုတ်ပဲ… ပြင်ပအာရုံတွေတွေ့လာတိုင်း အများအားဖြင့် ဘယ်လိုတုန့်ပြန်လိုက်မလဲ ဆိုတာကတော့ စရိုက်ပေါ့။ ဝါသနာဆိုကတော့ အဲဒီတုန့်ပြန်မှုတွေကနေ အပြင်ကို လျှံကျလာသလိုမျိုး…။ ကိုယ်နှစ်သက်တဲ့ ပြင်ပအာရုံတွေကို ကိုယ်တိုင် ရွေးချယ်ပြီး မကြာခဏလုပ်ကိုင်လို့ အလေ့အကျင့် ဖြစ်သွားတာမျိုးပေါ့။ အဲဒီကြတော့လည်း… “ဝါသနာကို မတားနဲ့တော့ ရှင်” ဆိုသလို… တားမရ… ဆီးမရ။
ဝါသနာတွေကို စားဝတ်နေရေး နဲ့ ကျန်းမာရေးဆိုတဲ့ ရုပ်ပိုင်း (Physical), လူမှုဆက်ဆံရေးတို့, အနုပညာခံစားမှုတို့ စတဲ့ ခံစားမှုပိုင်း (emotional), အသိပညာရှာမှီးမှုနဲ့ စဉ်းစားတွေးခေါ်မှုပိုင်း (mental) နဲ့ ဘာသာတရားဆည်းကပ်ခြင်းတို့ ဘဝရဲ့သစ္စာတရားကို ရှာမှီးခြင်းတို့လို စိတ်ဓာတ်မြင့်မားမှု (spiritual) ဆိုပြီး အုပ်စုခွဲကြည့်နိုင်မယ် ထင်တယ်။
*/ လို့ ရေးပေးပါတယ်။
ကိုယ့်ကိုကိုယ် အနုလုံပဋိလုံ ခွဲခြမ်းစိတ်ဖြာပြီး ကိုယ့်ရဲ့ ဝါသနာလေးများ ဆိုပြီး ရေးလိုက်ပါပြီ။
- အားရင် အိပ်တယ်။ မအားရင်လည်း အိပ်တာပါပဲ။ (ငယ်ငယ်တုန်းက အကိုတွေက အခန်းတံခါးပေါက်ကနေ လာလာနှိုးကြတယ် မယ်ပျင်းကြီးမ ထတော့ ထတော့နဲ့။) အဲ့ဒီ အပျင်းစိတ်ကို တာဝန် ဝတ္တရားဆိုတာနဲ့ ချွန်းအုပ်ရပါတယ်။
- မအိပ်ရင်တွေးတယ်။ (ဣန္ဒြေရရနဲ့ ငြိမ်တုတ်နေပြီ ဆိုရင်တော့ ဝတ္တုတပုဒ် ဆုံးအောင် တွေးနေပြီလို့သာ မှတ်ကြပေတော့။) အတွေး အထင်ဆိုတာ အမှန်တရား မဟုတ်ပါဘူး။ အမှန်တရားနဲ့ ယှဉ်တွဲဖို့ သတိတရားကို လက်ကိုင်ပြုရပါတယ်။
- မတွေးရင် ပြောတယ်။ (ကိုယ်ပြောချင်တဲ့ဟာကို သူများ စိတ်ဝင်စားသည်ဖြစ်စေ မဝင်စားသည်ဖြစ်စေ လေရှည်နေတတ်တယ်။) ကိုယ် ပြောသမျှတွေအတွက် ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် ကြိုးစားရင်းပေါ့။
- စာရေးတာ ဝါသနာ ပါတာတော့ ထင်းထင်းကြီးပေါ်နေပါပြီ။ (စာရေးသူတွေကို ရှေးကထက်ပိုလို့ လေးစားလာမိပါတယ်။) စာရေးသူ တယောက်ဟာ သူရဲ့ အတ္တကို ရှေ့တန်းတင် ဖော်ထုတ်ဖို့ စာတပုဒ်ကို ရေးရင်တောင် အဲ့ဒီ စာရေးသူဟာ သူ့ရဲ့ အတ္တတွေကို ခင်းကာချ ဝေမျှကာပေးလို့ပါပဲ။
ကေ, မမသီရိ နဲ့ သင်းကြည်ရေ ရေးပေးမလား ဟေ... ဝါသနာလေးတွေလေ...
8 comments:
မသီတာရေ- ဆုံးအောင်..တွေးထားတဲ့..၀တ္တုတွေ ဘယ်မှာလဲ.. ဖတ်လဲ ဖတ်ရဘူး။ ပြ -း)
မသီတာရဲ့ ..
ဝါသနာတွေ..
စရိုက်တွေ..
အမူအကျင့်တွေကို..
ထပ်ကာ..ထပ်ကာ လာဖတ်မှပဲ..
သေချာ ရေလည်တော့မယ်..
ဝါသနာလို့ပဲ သိတယ် ဒီလိုအသေးစိပ်မသိဘူး ကျေးဇူး :)
မ ရေ… ၀ါသနာအနက်ကလေးက တကယ်ပြည့်စုံတာမို့  မ ကိုရော ဆရာ့ကို ရော ကျေးဇူးပါ… မ ရဲ့ လေးနက်တဲ့ အတွေးအခေါ်တွေ ထူးခြားတဲ့ရေးဟန်တွေ ဖတ်ပြီး မ ရဲ့ စာရေးဝါသနာ အတိမ်အနက်ကို ခန့် မှန်းမိပါတယ်… ကျေးဇူးပါ မ ရေ…
အမရေးပြထားတဲ့ ၀ါသနာအကြောင်းဖတ်ရတာ ဗဟုသုတ ရသလို တွေးတော ဆင်ခြင်စရာတွေလည်း ရတယ်.. ကျနော်လည်း အိပ်တာ ၀ါသနာပါတယ်.. တာဝန်ဝတ္တရားနဲ့ ကြိုးစားပြီး ထိန်းချုပ်ပါ့မယ် အမရေ.. :)
မသီတာရေ ၀ါသနာ နံပါတ် (၂) နဲ့ (၃) တော့ တူနေပြီ..း)
မောင်မျိုးကလဲ Tag ထားခဲ့သေးတယ်
ခု မသီတာတို့ ကပါ ထပ်ပြော ပြီဆိုတော့ ပြေးလွတ်စရာ လမ်းမမြင်ပြီ..း)
ရေးပေးပါ့မယ်
Draft တော့ ရလုပြီ
လောလော ဆယ် အလုပ်က အတော်လေး ရှုပ်နေလို့ ကွန်ပျူတာနားကပ်သာ ကပ်နေရတာ ဘလော့ တွေ တောင် လျှောက်မလည်အားတော့.. ဘယ်သူမှ မမြင်ပဲ နဲ့ ဘယ်လို မျက်နှာပူ မှန်း မသိဘူး..
ခဏလေးတော့ စောင့်ပေးနော်..
အစ်မရဲ့ဝါသနာထက် ၀ါသနာရဲ့ ဖွင့်ဆိုချက်တွေကို အများကြီး ဖတ်လိုက်ရတယ်။ အခုပို့စ်က ကိုဧရာပို့စ်နဲ့ရောပြီး ဆားချက်တယ်လို့ မပြောတော့ပါဘူးလေ။ အဟား...
စာလုံးလေးတွေကို အရောင်တွေစုံနေအောင် ခြယ်တတ်တာလဲ မသီတာရဲ့ အနုပညာ ဗီဇ
တမျိုးလို့ မြင်မိတာပဲ...
မသီတာရဲ့ ရေးထားတဲ့ Style ကိုရော...
ကိုဧရာ ရဲ့ အတွေးလေးကိုရော
သိပ်သဘောကျတယ်...။
Post a Comment