Saturday, May 9, 2009

အမေ

ကိုယ်ဟာ သူရဲ့ ကိုယ်ပွားတခုဆိုရင်
ကိုယ့်ရဲ့အစဟာ သူရဲ့သွေးတစက်ပေါ့
ကိုယ့်ရဲ့ ခြေလှမ်းတွေအောက် သူ့လက်ဖဝါးတွေ
ကိုယ့်ကိုသူက ချစ်ဖို့မွေးခဲ့တာလေ...

အချိန်မရွေး သူပေးလေတဲ့
မေတ္တာချို စေတနာဆိမ့်
ကရုဏာမွှေး အကြင်နာနွေးတွေ
လှိုင်လှိုင်ကြီး စားသုံး
လူလုံးလည်း လှခဲ့သပေါ့...

ကိုယ့်ရဲ့ ဖြူစင်ခြင်းဟာ သူ့ရဲ့ အသွေးအသား
ကိုယ့်ရဲ့ ရှင်သန်ခြင်းမှာ သူ့ရဲ့ အနစ်နာ
ကိုယ့်ရဲ့ ယုံကြည်ခြင်းက သူ့ရဲ့ အလင်းရောင်
ကိုယ့်ရဲ့ ဖြစ်တည်ခြင်းက သူ့ရဲ့ အမျှော်အမြင်
ကိုယ့်ရဲ့ ရပ်တည်မှုကတော့…
ထောက်တည်ရာမရတဲ့ သူ့အဝေးကအရိပ်

မိန်းမတယောက်ဟာ
ထူးဆန်းတဲ့ ဘဝတခုကို ပိုင်ဆိုင်ခဲ့ပြီဆိုရင်
အနစ်နာခံခြင်း
ယုံကြည်ခြင်းနဲ့
ချစ်ခြင်းတရားတွေမှာ
တစုံတရာတော့
မှားယွင်းနေခဲ့ပြီလေ...

မျက်ရည်တွေ ခမ်းခြောက်ပါစေတော့ … အမေ။ ။

8 comments:

ရွှန်းမီ said...

ကဗျာလေး သိပ်ကောင်းတယ်..
အမေတွေအားလုံးအတွက်ပေါ့...
မျက်ရည်တွေ ခမ်းခြောက်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်. . .

သက်ဝေ said...

အမေ...
အမေ...
လွမ်းစရာပါ မသီတာရယ်... ငိုချင်တယ်...။

ကို said...

ခံစားသွားပါတယ်.........

PAUK said...

အမေများအားလုံး..
အမေများနေ့မှာ ပျော်ရွှင်ပါစေ..

ခမ်းကီး said...

သိပ်ကောင်းတယ်...။
နောင်လည်း များစွာများစွာ ဖွဲ့နိုင်ပါစေ....
လေးစားစွာဖြင့်
ခမ်းကီး

အိမ့်ချမ်းမြေ့ said...

အမေတွေကို ဂါဝရလာပြုပါတယ်

MANORHARY said...

မသီတာ
အမေ ဆိုတာ ဖွဲ့သီမမီနိုင်တဲ့ခံစားမှုတစ်ခု
အဲဒီခံစားမှုကို ရရှိနိုင်တဲ့
အမေ အားလုံးအတွက်..ဆုတောင်းပေးချင်တယ်
ချစ်သောမေမေများ
ကျန်းမာပျော်ရွှင်နိုင်ပါစေလို့

JulyDream said...

ကဗျာတွေ သိပ်ဖတ်လေ့ မရှိဘူး။ ဒါပေမယ့် ဒီကဗျာတော့ သေချာ ဖတ်သွားတယ်။

အမေဆိုတဲ့ စာလုံးတွေ ပါလို့...