Friday, May 8, 2009

သာသနာ့အလံ


ဗုဒ္ဓအဆုံးအမ သာသနာ၏ သင်္ကေတအဖြစ် ကိုယ်စားပြု လွှင့်ထူကြသော သာသနာ့အလံတော်ကို ၁၈၈၅-ခုနှစ် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် စတင် လွှင့်ထူခဲ့ကြခြင်းဖြစ်သည်။

နာယကဆရာတော်အရှင် ဟိက္ကဒုေ၀ သီရိမင်္ဂလ မထေရ်အမှုးပြု၍ အနာဂါရိကဓမ္မပါလ၏ မိဘနှစ်ပါးတို့ ပါဝင်သော ကိုလံဘိုကော်မတီက ပထမဆုံးဗုဒ္ဓသာသနာ့အလံတော်ကို ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ ဗုဒ္ဓ၏ ရောင်ခြည်တော် ခြောက်သွယ်ကို သင်္ကေတပြု၍ ရေးဆွဲခဲ့ကြခြင်းဖြစ်သည်။ ဗြိတိသျှကိုလိုနီဘဝတွင် ဝိသာခါနေ့ (Vesak day) အား အများပြည်သူအလုပ်ပိတ်ရက်အဖြစ် ပထမဆုံးအကြိမ်သတ်မှတ်ပေးခဲ့သော ၁၈၈၅-ခုနှစ် မေလ ၂၈-ရက် ဝိသာခါအခါတော်နေ့တွင် သာသနာ့အလံတော်အား စတင်လွှင့်ထူခဲ့ကြသည်။

သို့သော်လည်း အရွယ်အချိုးအစားသည် လွှင့်ထူရန် အဆင်မပြေ၍ နိုင်ငံတကာအလံများ၏ အရွယ်အချိုးအစားအတိုင်းပြောင်းလဲရန် အမေရိကန် စာနယ်ဇင်းသမား ဗိုလ်မှူးကြီး Henry Steel Olcott က အကြံပြုခဲ့သည်။ ၁၈၈၆-ခုနှစ် ဧပြီလတွင် လက်ခံအတည်ပြု၍ သတင်းစာမှ ကြေညာခဲ့သည်။

ဗိုလ်မှူးကြီး Olcott နှင့် အနာဂါရိကဓမ္မပါလတို့နှစ်ဦးသည် ၁၈၈၉-ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်စဉ် သာသနာ့အလံတော်အား ဂျပန်ဧကရာဇ်ထံ လက်ဆောင်ဆက်သခဲ့၍ ဂျပန်နိုင်ငံက စတင်လက်ခံခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအပါအဝင် ဗုဒ္ဓဘာသာနိုင်ငံများက ဗုဒ္ဓသာသနာကို ကိုယ်စားပြုသော အလံတော်အဖြစ် လက်ခံလွှင့်ထူခဲ့ကြသည်။

သာသနာ့အလံတော်သည် “နီလ-ပီတ-လောဟိ-တောဒါတ-မဉ္ဇိဋ္ဌ-ပဘဿ ရဝသေန ဆဗ္ဗဏ္ဏရသ္မိယော… ” ဟူသော မြတ်စွာဘုရား၏ ရောင်ခြည်တော်ခြောက်သွယ်အား ဖော်ညွှန်းထားခြင်းဖြစ်သည်။ နီလ (အပြာရောင်), ပီတ (အဝါရောင်), လောဟိတ(အနီရောင်), သြဒါတ(အဖြူရောင်), မဉ္ဇိဋ္ဌ (မောင်းသောအရောင် - လိမ္မော်) ဟူသော ထောင်လိုက်အစင်း ၅-ခု အစဉ်အတိုင်းပါဝင်သည်။ ညာဘက်ဆုံးအစင်းတွင် ထိုငါးရောင်မျိုးအား အလျားလိုက်ရေးဆွဲထား၍ ပဘဿရ (ပြိုးပြိုးပြက်သောအရောင်)ကို ကိုယ်စားပြုသည်။

နီလ (အပြာ) – Loving kindness, peace and universal compassion
ပီတ (အဝါ) – The Middle Path – avoiding extremes, emptiness
လောဟိတ (အနီ) – The blession of practice – achievement, wisdom, virtue , fortune and dignity
သြဒါတ (အဖြူ) – The purity of Dharma – leading to liberation, outside of time and space
မဉ္ဇိဋ္ဌ (အမောင်း) – The Buddha’s teachings – wisdom

မှတ်ချက်။
မြန်မာဘာသာကျမ်းများတွင် နီလအား အညိုရောင်ဟု ပြန်ကြပါသည်။ ဦးဟုတ်စိန်၏ ပါဠိ-မြန်မာ အဘိဓာန်တွင် “ညိုသည်, စိမ်းညိုသည်, ပြာသည်” ဟုဖွင့်ပြသည်။ ဦးမြတ်ကျော်၏ မြန်မာစာ၊ မြန်မာမှု ပါဠိ အဘိဓာန်သစ်တွင် “အမည်းရောင်၊ အနက်ရောင်” ဟုဖွင့်ပြသည်။ မဉ္ဇိဋ္ဌကို မြန်မာတို့က နီမောင်းသောအရောင်ဟု ပြန်ဆိုလေ့ရှိသည်။

စာညွှန်း။
http://en.wikipedia.org/wiki/Buddhist_flag
အဋ္ဌသာလိနီ - ဓမ္မသင်္ဂဏီအဋ္ဌကထာ

ဧရာ(မန္တလေး)

4 comments:

pandora said...

၂၀၀၇ မှာ သာသနာ့ အလံအကြောင်းကို စိတ်ဝင်စားလို့ လေ့လာခဲ့ဖူးတယ်။
နိုင်ငံတကာမှာ အမျိုးမျိုးကွဲတဲ့ သာသနာ့အလံ ဆိုတဲ့ ဆိုဒ်တစ်ခု ထဲမှာ မြန်မာ့သာသနာ့အလံကို ရှာကြည့်လိုက်တော့ အစိမ်းပါတာ တွေ့ရတယ်။ http://flagspot.net/flags/buddhism.htmlဒါပေမယ့် မြန်မာပြည်မှာ ကိုယ်မြင်ဖူးတဲ့ တကယ် သုံးကြတာကျတော့ အစိမ်းရောင် မပါဘူး။
နောက်တော့ အခု ကိုဧရာတင်ထားတဲ့ လိမ္မော်ရောင်ပါတဲ့ အလံအရောင်ကို မြန်မာ့သာသနာ့အလံလို့ ဖော်ပြထားတာ တွေ့ရတယ်။ Standard Buddhism Flag လို့လည်း ပြောထားတာတွေ့တယ်။

ဒီလိုဖွဲ့ဆိုပုံကိုလည်း ဖတ်ခဲ့ရတယ်။ တဏှာကင်းပြောင် လိမ္မော်ရောင်နှင့် လို့ရေးထားတယ်နော်။

ခြောက်ရောင်ကွန့်မြူး၊ တင့်ထူးပေဟန်၊
သာသနာ့အလံ၏၊ ဓိပ္ပါယ်ရံကို၊ ဖွင့်ဆိုရန်မှာ၊
အပြာ သဒ္ဓါ၊ အ၀ါ မြင့်မြတ်၊ နီမှာ ပညာ၊
ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း၊
တဏှာကင်းပြောင်၊ လိမ္မော်ရောင်နှင့်၊
ရောင်စင်ဖြာဖြာ သင်္ကေတာမှာ
အရိယာ၏ ဖော်ညွှန်း ဂုဏ်ရည်၊
စာသွန်းစီသည်၊ လ၀န်းရောင်ခြည်၊
ဓမ္မစေတီ။
(ဓမ္မစေတီဆရာတော် ဦးကောသလ္လ)


ဒါနဲ့ သာသနာရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုဒ် (http://www.mora.gov.mm/ ) ကို သွားကြည့်လိုက်သေးတယ်။ လိမ္မော်ရောင်နဲ့ တင်ထားတာကို တွေ့ရတယ်။ ၂၀၀၇ ကပါ။ အခုလက်ရှိ ဆိုဒ်မှာတော့ အလံကို ဖော်ပြထားတာ မတွေ့တော့ပါ။

နောက်ပိုင်းကျတော့ မြန်မာပြည်က ဘုန်းကြီးကျောင်းတွေမှာ သာသနာ့အလံတွေကို သတိထားကြည့်လိုက်တော့ အပြာ၊ အ၀ါရင့်၊ အနီ၊ အဖြူ နဲ့ ပန်းရောင် တွေကို သုံးတာပိုတွေ့ရတယ်။ အဲဒီ ၅ ရောင်ကို ဒေါင်လိုက် စီ ပြီးတော့မှ အဲဒီအရောင်တွေကိုပဲ ထက်အောက် ကန့်လန့်ပြန်စီထားပါတယ်။

ရွှေဝါရောင်အရေးအခင်းမှာ လွှင့်ကြတဲ့ အလံတွေကိုလည်း အဲလိုတွေ့ရတာ များတယ်။ http://envirokleptocracy.files.wordpress.com/2009/03/monks1.jpg

သိချင်လို့ ဖတ်ဖြစ်တဲ့ တချို့ဆောင်းပါးတွေကတော့ လိမ္မော်အစား ပန်းရောင်သုံးတာ သီလရှင်တွေကိုပါ ပါဝင်မှု ရှိအောင်လို့ ရေးကြတာကိုလည်း တွေ့ရပါတယ်။

• Deep Blue နိလရောင်ခြည်တော်
• Deep Yellow ပီတ ရောင်ခြည်တော်
• Deep Red လောဟိတ ရောင်ခြည်တော်
• White သြဒါတ ရောင်ခြည်တော်
• Light Pink မဇ္ဈိဋ္ဌရောင်ခြည်တော်
• All these colours arranged from top to bottom ပဘဿရ ရောင်ခြည်တော်
လို့ အဓိပ္ပါယ်ဖွင့်တာကိုလည်း မှတ်ထားခဲ့ဖူးပါတယ်။ အင်တာနက် တနေရာမှာလည်း ဒီလိုတွေ့ပါတယ်။
http://www.thisismyanmar.com/nibbana/flag.htm

Moe Cho Thinn said...

မှတ်စုလေး ကူးသွားပြီ မမသီတာ။
အကျိုးရှိလိုက်တာ။

အပြုံးပန်း said...

ကျေးဇူးတင်စွာဖြင့် အချို့ကို ကိုယ့်ရဲ့ G-Talk message မှာ ကူးယူဖော်ပြထားလိုက်ပါတယ်။

sonata-cantata said...

စာဖတ်သူအားလုံး ကိုကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ... စုထားတဲ့ မှတ်စုတွေကို တစုတစည်းထဲ ဖြစ်အောင် လာထည့် ပေးသွားတဲ့ မပန်ကို ...။