လူ့လောကတွင် အရိုင်းအစိုင်း တိရစ္ဆာန်သဘာဝနှင့် ယဉ်ကျေးသော လူ့သဘာဝဟူ၍ နှစ်မျိုးရှိသည်။ တိရစ္ဆာန်သဘာ၀ ကြီးနိုင်ငယ်ညှင်း နိုင်ရာစား အဓမ္မတရားကြီးစိုးသောလောကတွင် လူတို့သည် လူဂုဏ်သိက္ခာမဲ့စွာ အထိတ်တလန့် ကျီးလန့်စာစား နေထိုင်အသက်မွေး ကြရသည်။ ယဉ်ကျေးသော မေတ္တာ၊ ကရုဏာစသည့် ဗြဟ္မစိုရ်တရားတို့ကြီးစိုးသော လောကတွင် လူ့ဂုဏ်သိက္ခာရှိရှိ အေးချမ်းတည်ငြိမ်စွာ နေထိုင်ကြရသည်။ တိရစ္ဆာန်စိတ်, ဗြဟ္မစိုရ်စိတ်တို့သည် လူသားတစ်ဦးချင်းစီ၏ စိတ်အတွင်းသန္တာန်တွင်သာ မူတည်သည်မှန်သော်လည်း၊ အဓမ္မကြီးစိုးသော လောကအလယ်တွင် လ့ူသိက္ခာရှိစွာ နေထိုင်ရန်မလွယ်။ မိမိသည် မည်မျှပင် မေတ္တာ, ကရုဏာတရားများ ထားလိုပါသော်လည်း အဓမ္မအင်အားစုများနှင့် ဆန့်ကျင်ဖက်ဖြစ်နေမည်။ စိတ်ဓာတ်ပျော့ညံ့သူဖြစ်လျှင် အများနည်းတူ မိုးခါးရေသောက်ကာ အဓမ္မအင်အားစုများ၏ ဖက်တော်သားဖြစ်သွားနိုင်သည်။ ထို့ကြောင့် တည်ငြိမ်အေးချမ်း၍ လူ့သိက္ခာရှိသော လောကတွင် နေထိုင်လိုသူတို့သည် အဓမ္မတရားများကို ဆန့်ကျင်၍ ဓမ္မကြီးစိုးအောင် အစဉ်ကြိုးပမ်းရသည်။ ထို့အတူပင် နိုင်ရာစား တိရစ္ဆာန်ဝါဒကို လိုလားသူတို့ကလည်း အဓမ္မတို့လွမ်းမိုးအသာရအောင် ကြိုးစားကြပေမည်။ လောကသည် ဓမ္မနှင့် အဓမ္မတို့၏ စစ်မြေပြင်ဖြစ်သည်။ ဓမ္မဖက်တော်သားသည် အဓမ္မ၏ ရန်သူဖြစ်၍၊ အဓမ္မ၏ ဖက်တော်သားတို့သည် ဓမ္မ၏ ရန်သူဖြစ်သည်။ ကြားနေသူဟူ၍ မရှိ။ မိမိသည် လူ့တိရစ္ဆာန်လော, လူပီသသော လူလော ရွေးချယ်ရန်သာရှိသည်။ ဓမ္မကိုရွေးချယ်လျှင် အဓမ္မကို ဆန့်ကျင်ရန်မှာ တာဝန်ဖြစ်သည်။ ကိုယ်အမှုတို့ဖြင့် ဆန့်ကျင်ရမည်။ နှုတ်အမှုတို့ဖြင့် ဆန့်ကျင်ရမည်။ ကိုယ်နှုတ်တို့ဖြင့် မဆန့်ကျင်သာလျှင်လည်း “မတရားမှုတို့အား လက်မခံနိုင်” ဟု စိတ်မှ ဆန့်ကျင်ကြရမည်။
မတရားမှုကို ဆန့်ကျင်ခြင်းသည် ပန်းတိုင်အရ ဓမ္မကို ဦးတည်သည်။ သို့သော် ပန်းတိုင်တစ်ခုတည်းသာ ပဓာနမဟုတ်။ ပန်းတိုင်သို့ လျှောက်လှမ်းသော လမ်းစဉ်သည်လည်း ပဓာနကျသည်။ ပန်းတိုင်ရော လမ်းစဉ်ပါ မှန်ကန်ပါမှ ဓမ္မအစစ်ဖြစ်သည်။ မတရားမှုတို့ကို ဆန့်ကျင်ရာတွင် အကြမ်းမဖက်ဝါဒကိုစွဲကိုင်၍ ဆန့်ကျင်သည်လည်းရှိသည်။ ဓားကိုစွဲကိုင်၍ ဆန့်ကျင်သည်လည်းရှိသည်။ ဓားကိုစွဲကိုင် ဆန့်ကျင်ခြင်းသည် လမ်းစဉ်အရ ဓမ္မနည်းမကျ၍ မည်မျှပင် ရည်ရွယ်ချက်ကောင်းစေ စင်းလုံးချော ဓမ္မ မဖြစ်။ စစ်သည် တရားသောစစ်ဟုဆိုဆို, မတရားသောစစ်ဆိုဆို ပါဏာတိပါတကံ ကျူးလွန်ခြင်းသာဖြစ်သည်။ အကုသိုလ်သာဖြစ်သည်။ စစ်မြေပြင်တွင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ရင်း အသက်စွန့်သွားသော စစ်သည်တို့၏ လားရာကို ဂါမဏိစစ်သူကြီးက ဗုဒ္ဓထံ မေးလျှောက်ခဲ့ဖူးသည်။ ဗုဒ္ဓက မဖြေ။ သုံးကြိမ်တိုင်တိုင်မေးပါမှ စစ်သည်တို့၏ လားရာသည် ငရဲနှင့် တိရစ္ဆာန်သာဖြစ်သည်ဟု ဖြေကြားခဲ့ဖူးသည်။ “ရဲသော် မသေ၊ သေသော် ငရဲမလား”ဟူသော ဆောင်ပုဒ်သည် ဗုဒ္ဓဝါဒအရ မှန်ကန်သော ဆောင်ပုဒ် မဟုတ်။ ဓမ္မသည် မျက်နှာမလိုက်။ စင်စစ် တရားသောစစ်၊ မတရားသောစစ်ဟု မရှိ။ အကုသိုလ်မှန်လျှင် မကောင်းသောအကျိုးကိုသာ ပေးသည်။ ထို့ကြောင့် ဗုဒ္ဓဝါဒအရ အဓမ္မကို ဆန့်ကျင်ရာတွင် တရားသဖြင့်သော နည်းကိုသာ သုံးရသည်။
သို့ဆိုက အကြမ်းမဖက်သော နည်းတို့ဖြင့် တုန့်ပြန်၍ မရနိုင်လောက်သော အဓမ္မတို့၏ ရန်ကို အညံ့ခံရတော့မည်လော…။ အဓမ္မကြီးစိုးမှုကို လက်ပိုက်ကြည့်နေရတော့မည်လော…။ မြစ်တစ်ဖက်ကမ်းသို့ ကူးခပ်လိုသော ယောက်ျားသည် သစ်ဝါးတို့ကို အမှီပြု၍ ကူးရသည်။ အကယ်၍ သစ်ဝါးတို့ မရပဲ ခွေးသေကောင်ပုတ်သာ ရပါကလည်း တစ်ဖက်ကမ်းသို့ရောက်ရေးကိုသာ ပဓာနထား၍ စက်ဆုပ်ရွံရှာဖွယ် ခွေးသေကောင်ပုတ်ကိုပင် အမှီပြုကာ ကူးသင့်ကူးရပေမည်။ စက်ဆုပ်ဖွယ် အကုသိုလ်ဖြစ်မှန်း သိသော်လည်း၊ ထိုအကုသိုလ်ကြောင့် အပါယ်ဘဝကျရမည်ကို သိသော်လည်း မိမိ၏ ဘဝကိုအနစ်နာခံ၍ မိမိ၏ ပတ်ဝန်းကျင် ကောင်းစားရေး, အဓမ္မမထွန်းကားရေးတို့ကို ဆောင်ရွက်ကြရသည်။ ဇာတ်တော်တို့တွင် ဘုရားအလောင်းတော်သည်လည်း ဓားလမ်းစဉ်ကို သုံးခဲ့ဖူးသော သာဓကများစွာရှိသည်။ သို့ကြောင့်လည်း အလောင်းတော်ဘဝတွင် အပါယ်ငရဲ ကျရသည်များလည်း ရှိသည်။ တိရစ္ဆာန်ဘ၀ ရောက်ရသည်များ လည်းရှိသည်။ ဓားလမ်းစဉ်သည် ခွေးသေကောင်ပုတ်ကဲ့သို့ပင် စက်ဆုပ်ဖွယ်ဖြစ်၍ ပန်းတိုင်ရောက်ရေး အတွက်သာ ဖြစ်ပြီး၊ ဆက်လက် ဖက်တွယ်ထားရမည့် လမ်းစဉ်မျိုး မဟုတ်။ မိမိဘဝကောင်းစားရေး, မိမိ မိသားစုစားဝတ်နေရေးအတွက် ဓားလမ်းစဉ်ကို ကိုင်စွဲခဲ့ခြင်းမဟုတ်ပဲ အနိုင်ကျင့် အဓမ္မဝါဒတို့ မလွှမ်းမိုးစေရန် ဆောင်ရွက်ခြင်းသာ ဖြစ်ရသည်။ ဓားလမ်းစဉ်ကို ဆက်လက်ဖက်တွယ်ထားပါက မိမိတို့၏ ဓမ္မထွန်းကားရေး မူလပန်းတိုင် ပျောက်ဆုံးကာ အဆိုးသံသရာ လည်နိုင်သည်ကို သတိပြုကြရမည်။
“စိတ္တေန နိယျတိ လောကော” ဆိုသည့်အတိုင်း လောကကို စိတ်က ဖန်တီးထားခြင်းဖြစ်သည်။ လူသားတို့၏ ရွေးချယ်မှုများက ဖန်တီးထားခြင်းဖြစ်သည်။ မိမိ၏ “ဓမ္မနှင့် အဓမ္မ” ရွေးချယ်မှုသည် လူပီသသော လူသားလောကနှင့် လူ့တိရစ္ဆာန်လောကကို ရွေးချယ် လိုက်ခြင်းပင် ဖြစ်သည်။
ဧရာ (မန္တလေး)
စာညွှန်း။
သံ-၄-၃၅၅၊ သဠာယတဝဂ္ဂသံယုတ်ပါဠိတော်၊ ဂါမဏိသံယုတ်၊ ယောဓာဇီဝသုတ်
ဦးရွှေအောင် - ဘဝအမြင်သစ်
ဦးရွှေအောင် - ကုသိုလ်နှင့် အကုသိုလ်
7 comments:
ဓါးလှံလက်နက်တို့ကို ကိုင်စွဲသည့်အခါ လူသားတို့၏ စိတ်သည် ခက်ထန်ကြမ်းတမ်းလာလေ့ရှိသည်မှာ သဘာဝပင်ဖြစ်သည်။ တဖန် ဓါးလှံလက်နက်ဖြင့် ဖြေရှင်း၍ အောင်နိုင်ခဲ့သူသည် နောက်ပိုင်း ဖြစ်လာသမျှကိစ္စအ၀၀တွင် ဓါးလှံလက်နက်ကိုသာ အားထားဖြေရှင်းလိုသည့် အကျင့်စွဲကပ်လာတတ်သည်ကို သတိပြုဖွယ်ဖြစ်ပေသည်။
ဓမ္မနည်းဖြင့် အကြမ်းမဖက်၊ ငြိမ်းချမ်းသောနည်းဖြင့် လုံလောက်သောအားထုတ်မှုကို ပြုခဲ့ကြပြီးပြီလောဟု ဆန်းစစ်သင့်သည်ဟု ထင်ပါသည်။ ခွေးသေကောင်ပုတ်ကို မဖက်တွယ်မီ ငြိမ်းချမ်းသောနည်းဖြင့် အစွမ်းကုန်ကြိုးစားသင့်သေးသည်ဟု ထင်မြင်မိပါသည်။
အခုမှ ရောက်ဖူးပေမယ့် ဒီဘလော့ဂ်ကို ကျွန်မ သိပ်သဘောကျတယ်။ ပို့စ်ပါ အချက်အလက် တွေကိုလည်း သိပ်ကိုသဘောကျတယ်။ ကိုပေါရဲ့ မှတ်ချက်ကိုလည်း သဘောကျတယ်။ မျှဝေပေးကျတဲ့ အတွက် ကျေးဇူးပါ။
အထက်ပါ အပိုဒ်လေးက အနှစ်ပဲဆရာ။ ခက်တာက စိတ်နဲ့ ဆန့် ကျင်တဲ့ အဆင့်က မတက်နိုင်သေးတာပဲလေ။ အနှစ်သာရပြည့်ဝတဲ့ ဒီပို့ စ်လေးအတွက် ကျေးဇူးပါဆရာ။
အဲဒီစာကြောင်းလေးကို စိတ်ထဲကရော၊ အသံထွက်ပြီးတော့ပါ အထပ်ထပ် ရွတ်ကြည့်နေမိတယ်...
ဒီပိုစ့်လေးအတွက် အထူး ကျေးဇူးတင်ပါတယ်...။
လောကမှာ ဘယ်အုပ်စုကအင်အားကြီးနေလဲဆိုတာကို..လောကအနေအထားကပဲပြောပြနေပါတယ်။ အင်အားနည်းနေသေးတဲ့ဖက်မှာရပ်တည်နေရတာကြာတော့..အင်အားတွေလည်းနည်းလာသလိုခံစားမိပြန်တယ်။ ဦးဧရာရဲ့ စာတွေကတော့ အားဖြစ်စေပါတယ်။
မှတ်ချက်ရေးသွားသူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။
ငြိမ်းချမ်းသောနည်းကသာ ဗုဒ္ဓ၀ါဒနဲ့ ညီညွတ်ပါတယ်။ ငြိမ်းချမ်းစွာ အဓမ္မကို ဆန့်ကျင်ခြင်း ဆိုရာမှာလည်း “အသေ၀နာစ ဗာလာနံ”ကို အပြည့်အ၀လိုက်နာကြရင်တောင် အတော်ခရီးရောက်မယ်လို့ ထင်ပါတယ်။
Post a Comment