Wednesday, December 12, 2012

နေ့စွဲများ

ဒီနေ့ ဘယ်နှစ်ရက် လဲ…
ဒီနေ့ ဘာနေ့လဲ…
သိရအောင် နေ့စွဲလေးတွေ မှတ်တတ်ခဲ့ရသည်မှာ သိတတ်စ အရွယ်ကပင် ဖြစ်သည်။ ဒီကနေ့ကို သိမှတော့ ကိုယ်မွေးခဲ့တဲ့နေ့က ဘယ်နေ့လဲ… သိထားအောင် အမေ့ဆီမှ အဖန်ဖန်မှတ်ရင်း အလွတ်ကျက်ခဲ့ရသည်။ နောက် စာမေးပွဲ စစ်မည့်နေ့မျိုး… အရေးကြီးသည်… မေ့လို့မဖြစ်…။ ဤသို့ ဤနှယ် လူတယောက်နှင့် နေ့စွဲများသည် ခါးဝတ်ပုဆိုးလို တွဲနေခဲ့သည်။


အချိန်သည် လူသားကို စားနေသည် ဆိုလျှင် နေ့စွဲဟင်းလျာနှင့် တွဲဖက်၍ ဖြစ်မည်။ နံရံများတွင် နားရှိသည် ဆိုလျှင် ထိုနံရံတွင် နာရီတလုံးလည်း ချိတ်ဆွဲထားပေလိမ့်မည်။ ခေတ်ရေစီးကြောင်း အမြန်ယာဉ်ကို နုပျိုသော ရက်စွဲလေးများ တွဲလွဲခိုစီးတတ်သည်မှာ မွေးရာပါ အရည်အချင်းဖြစ်သည်။ ရက်စွဲများသည် မှတ်တိုင်များလည်း ဖြစ်ကြသည်။ အချို့မှာ ကျော်လွန်ခဲ့ပြီး၍ အချို့မှာ ရှေ့တွင်စောင့်ကြိုနေကြသည်။ တနည်းဆိုသော် နေ့စွဲ၊ ရက်စွဲ ဟူသည် ရွေ့လျားနေသော ချည်တိုင်ဖြစ်သည်။

ကမ္ဘာလဆန်း တစ်ရက်နေ့က စခဲ့သောနေ့စွဲများသည် ဘယ်တွင်ဆုံးမည် မသိ။ အစသာသိ၍ အဆုံးကို သိခွင့်မသာသော မိမိ၏ နေ့စွဲများသည်လည်း ဂမ္ဘီရဆန်လှပေသည်။

လူသားတို့၏ နေ့စဉ်မှတ်တမ်းတွင် စိမ်းစိုသော၊ ရွှေရောင်လွှမ်းသော၊ ပြာလွင်သော နှစ်လိုဖွယ် နေ့စွဲများကိုသာ ရေးမှတ်လိုကြသော်လည်း ညို့မှိုင်းသော၊ သွေးစွန်းသော နေ့စွဲပေါင်းများစွာကို ပေါ့ပါးစွာ ဖြတ်သန်းခဲ့ဖူးသူ တယောက်သည် ၁၂-၁၂-၁၂ ဆိုသည့် လှပသောနေ့စွဲ၌ စုံလုံးရပ်၍ တောက်ပသော နှလုံးသားတခုကို တောင်းတလိုက်ရပေသည်။

4 comments:

mstint said...

12.12.12 ထူးခြားရက်လေးကို ကျော်ဖြတ်ရင်း အနှစ်သာရရှိတဲ့ 'နေ့စွဲများ' ပို့စ်လေးတစ်ပုဒ်ကို ဖတ်ခွင့်ရသွားလို့ ကျေးဇူးပါ သီတာရေ။ တစ်ရက်နေ့က အစပြုခဲ့တဲ့နေ့စွဲတွေ ကိုယ်မသိလိုက်တဲ့ တစ်ချိန်မှာတော့ အဆုံးသတ်သွားမှာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thandar Lwin said...

တောင်းတရာ ဆန္ဒများ ပြည့်ပါစေ မမသီတာ.<3

ဇွန်မိုးစက် said...

မမသီတာ ရေးထားတာလေးကို သဘောကျလိုက်တာ။ တကယ်တော့ ဇွန်က အဲလိုရေးချင်တာ။း)

Have a safe flight and enjoy the happy holidays at back home! :)

Sonata Cantata said...

မမတင့်ကြောင့်သာ အမှတ်တရ ရေးဖြစ်သွားရတာပါ...

အားပေးတဲ့ မယ်သံနဲ့ ဇွန်...
တိတ်တိတ်လေး နေ့စွဲလာဖတ်သွားသူများ....
အားလုံးကို
၁၂-၁၂-၁၂ ဆိုတဲ့ နေ့စွဲလှလှလေးထိုးပြီး
ဘလော့ဂ်ပေါ်အတူရှိခဲ့ကြဖူးတယ်ဆိုတဲ့
အဖြူရောင် မှတ်တိုင်လေး စိုက်လိုက်ပါတယ်။