Thursday, February 15, 2018

သုတ္တန်များနှင့် မိတ်ဖွဲ့ခြင်း

လွန်ခဲ့သည့် ၃-နှစ်ခန့်က စင်္ကာပူနိုင်ငံ သတိပဋ္ဌာန်ရိပ်သာ လူငယ်တရားစခန်းပွဲ တခု၏ Sutta Study အစီအစဉ်အတွက် သုတ္တန် ၅-ပုဒ်ကို ရွေးထုတ် ပေးခဲ့ဖူးသည်။ သုတ္တန်ကောက်နှုတ်ချက်များကို ဖတ်ကြ ဆွေးနွေးကြရန် ဖြစ်သည်။ Sutta Study ဟု အမည်ပေးထားသော်လည်း “သုတ္တန် လေ့လာချက်” သဘောမျိုးထက် သုတ္တန်များနှင့် မိတ်ဆက်ပေးရုံမျှလောက်သာ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ လူတဦးနှင့် တဦး မိတ်ဆက်ပေးပြီးနောက် တရင်းတနှီး မိတ်ဆွေ ဖြစ်သွားကြသည်လည်း ရှိသည်။ ရင်းနှီးမသွားဘဲ တွေ့ဖူး သိဖူးရုံမျှလောက်သာ ဆက်ဖြစ်နေကြသည်လည်း ရှိနိုင်ပါသည်။

လူငယ်အများစုသည် မြန်မာများ ဖြစ်ကြသော်လည်း မြန်မာစာကို ဖတ်နိုင်သူက နည်း၍ အင်္ဂလိပ်စာကို ပို၍ အကျွမ်းဝင်ကြသည်။ ထို့ကြောင့် သုတ္တန်များကို အမေရိကန် ရဟန်းတော် Bhikkhu Bodhi နှင့် Ṭhānissaro Bhikkhu တို့၏ အင်္ဂလိပ်ဘာသာပြန်များကို အဓိက မှီငြမ်း၍ သုတ္တန် ကောက်နှုတ်ချက်များနှင့် ဆွေးနွေးရန် မေးခွန်းများကို ပြင်ဆင်ဖြစ်ခဲ့သည်။ ရွေးထုတ်ခဲ့သည့် သုတ္တန် ၅-ပုဒ်မှာ အောက်ပါ အတိုင်း ဖြစ်သည်။

1. Danger of Lying and Importance of Constant Reflection on Actions (MN61: Ambalaṭṭhikarāhulovāda Sutta)
2. Three Wrong Views Regarding Karma (AN3.62 Titthāyatana Sutta)
3. Present Welfare and Future Welfare (AN8.54 Dīghajāṇu Sutta)
4. Protecting Onself and Protecting Others (SN47.19 Sedaka Sutta)
5. Dealing with Destructive Thoughts (MN20 Vitakkasaṇṭhāna Sutta)

၇-နှစ်သားအရွယ် သားတော် ရာဟုလာကို ဟောကြားခဲ့သည့် အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်သည် ကျောင်းသားအရွယ် လူငယ်များနှင့် သင့်တော်မည်ဟု ယူဆသဖြင့် ရွေးချယ်ဖြစ်ခဲ့သည်။ သုတ္တန်၏ ပထမပိုင်းတွင် အပျော်သဘောဖြင့် ဖြစ်စေ လိမ်ညာ မပြောရန်နှင့် ဆုံးမထားသည်။ သုတ္တန်၏ ဒုတိယပိုင်းတွင် ကိုယ်နှုတ်နှလုံး ၃-ပါးတို့ဖြင့် အမှုတို့ကို မပြုမီ၊ ပြုဆဲ၊ ပြုပြီး ကာလသုံးပါးလုံးတွင် မိမိနှင့် သူတပါးတို့ကို ထိခိုက်ပျက်စီးစေသလောဟု သုံးသပ်ဆင်ခြင်ရန် ဟောကြားထားသည်။ အကယ်၍ မိမိ (သို့မဟုတ်) သူတပါးကို ထိခိုက်ပျက်ပြားစေသည့် မကောင်းမှုမှန်း သိပါက၊ မပြုလုပ်ရသေးလျှင် မပြုဘဲနေရမည် ဖြစ်သည်။ ပြုလုပ်ဆဲ အမှုဖြစ်ပါက ဆက်လက် မပြုဘဲ ရပ်တန်းက ရပ်ရမည်။ ပြုပြီးသောအမှု ဖြစ်ပါက မိမိ၏ အပြစ်ကို ဝန်ခံ၍ နောင်တွင် မပြုမိစေရန် စောင့်ထိန်းရမည်ဟု ဟောကြားထားသည်။ အသောကမင်းကြီး၏ ကျောက်စာများအနက် ကျောက်စာတခုတွင် ဗုဒ္ဓသာသနာ အဓွန့်ရှည်စွာ တည်တန့်နိုင်စေရန်အတွက် လူနှင့် ရဟန်းတို့ လိုက်နာကျင့်သုံးသင့်သည့် သုတ္တန်များ စာရင်းကို ကမ္ပည်း ရေးထိုးထားရာ အမ္ဗလဋ္ဌိက-ရာဟုလောဝါဒသုတ်လည်း ပါဝင်သည်။ ဗုဒ္ဓအဆုံးအမများတွင် ဤသုတ်၏ အရေးပါမှုကို မှန်းဆ ကြည့်နိုင်သည်။

ဗုဒ္ဓအဆုံးအမအရ ကံသည် ရည်ရွယ်ချက်ပါဝင်သည့် လုပ်ဆောင်မှုများ (intentional actions) ဖြစ်သည်။ (သိလျှက်ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေ) ရည်ရွယ်ချက်ပါဝင်သည့် ကိုယ်နှုတ်စိတ် ၃-ပါး လုပ်ဆောင်မှုများ ဖြစ်သည်။ ကံတရားသည် ပစ္စုပ္ပန်ရှုထောင့်အရ လုပ်ဆောင်မှုများ ဖြစ်သည်ဟုဆိုလျှင်၊ အနာဂတ်ရှုထောင့်အရ ထိုလုပ်ဆောင်ချက်၏ အကျိုးဆက်များ (consequences) တနည်း ကံ၏ အကျိုးတရားများနှင့် ဆက်နွယ်နေမည် ဖြစ်သည်။ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်သည် အကျိုးဆက်များကို ဆင်ခြင်သုံးသပ်၍ ပစ္စုပ္ပန် အကြောင်းကံကောင်းစေရန် ဆုံးမသြဝါဒပေးသည့် သုတ်ဖြစ်သည်ဟု ဆိုနိုင်သည်။

မိမိတို့၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များသည် မိမိတွင် တာဝန်ရှိသည်။ အနာဂတ်သည် ပစ္စုပ္ပန်လုပ်ဆောင်မှုများ၏ ဆိုးမွေ ကောင်းမွေကို လက်ခံရသည်။ ထို့အတူပင် ပစ္စုပ္ပန်သည် အတိတ်က လုပ်ဆောင်မှုများ၏ ဆိုးမွေကောင်းမွေကို လက်ခံရသည်။ “ကမ္မ” သည် မိမိတို့၏ ကောင်းဆိုး လုပ်ဆောင်မှုများဖြစ်၍ “သက” သည် ကိုယ်ပိုင်ဥစ္စာဖြစ်သည်။ မိမိတို့ ပြုသော အမှုများ၏ အကျိုးဆက်ကို မိမိတို့ ပိုင်ဆိုင်သည်၊ မိမိတို့ လုပ်ဆောင်မှုများအတွက် မိမိတို့တွင် တာဝန်ရှိသည်ဟူသော အမြင်ကိုပင် ကမ္မဿကတ အမြင်ဟု ဆိုရသည်။ လောကတွင် ကမ္မဿကတအမြင်နှင့် ဆန့်ကျင်သည့် အမြင်မှားများ ရှိသည်။ ကမ္မဿကတအမြင်နှင့် ထိုအမြင်မှားတို့၏ ခြားနားချက်ကို နားလည်သဘောပေါက်မှသာလျှင် မှန်ကန်သည့် ကမ္မဿကတအမြင် ရနိုင်သည်။ Sutta Study အစီအစဉ်အတွက် ဒုတိယမြောက် သုတ်အဖြစ် ရွေးချယ်ခဲ့သည့် တိတ္ထာယတနသုတ်သည် ကံတရားနှင့် ပတ်သက်သည့် အမြင်မှား သုံးမျိုးကို Responsibility ရှုထောင့်မှ ငြင်းပယ်ထားသည့် သုတ်ဖြစ်သည်။

မျက်မှောက်တွင် တွေ့ကြုံခံစားနေရသမျှသည် (၁) အတိတ်ကပြုခဲ့သော ကံများကြောင့် (ပုဗ္ဗေကတဟေတု) ဖြစ်သည်ဟု အချို့က ယူဆသည်။ (၂) ဘုရားသခင်က ဖန်ဆင်းသောကြောင့် (ဣဿရနိမ္မာနဟေတု) ဖြစ်သည်ဟု အချို့က ယုံကြည်သည်။ (၃) အကြောင်းမရှိဘဲ သူသဘောအလျှောက် (အဟေတုက) ဖြစ်ရသည်ဟု အချို့က ဆိုသည်။ ပထမအမြင်အရ ဆိုလျှင် လူသတ်သမား တယောက်သည် မိမိ၏ အတိတ်ကံကြောင့် လူသတ်သမား ဖြစ်လာခြင်း ဖြစ်ပေလိမ့်မည်။ ဒုတိယအမြင်အရ ဆိုလျှင် လူသတ်သမားအဖြစ် ဘုရားသခင်က ဖန်ဆင်းခဲ့၍ (သို့မဟုတ်) ဘုရားသခင် အလိုတော်အတိုင်း လူသတ်သမား ဖြစ်နေရခြင်း ဖြစ်ပေမည်။ တတိယအမြင်အရ ဆိုလျှင် အကြောင်းရင်း မရှိဘဲ လူသတ်သမား ဖြစ်နေရခြင်း ဖြစ်မည်။ ဤအမြင်သုံးမျိုးကို လက်ခံယုံကြည်ထားပါက မိမိတို့၏ ညစ်ထေးသည့် စိတ်ထား၊ အပြောအဆို၊ အပြုအမူတို့ကို ပြုပြင်ရန် “လုပ်သင့်သည်ကို လုပ်ရန်၊ မလုပ်သင့်ကို မလုပ်ရန်အတွက် ဆန္ဒနှင့် ကြိုးစားအားထုတ်မှုတို့ ဖြစ်ပေါ်လာမည် မဟုတ်တော့။ မည်သည်ကို လုပ်သင့်၍၊ မည်သည်ကို မလုပ်သင့်ဟုလည်း မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာ သိနိုင်တော့မည် မဟုတ်။ လုပ်သင့် မလုပ်သင့်ကို သတိဖြင့် စောင့်စည်း ထိန်းသိမ်းနေမည်လည်း မဟုတ်တော့။” ထို့ကြောင့် ထိုအမြင် ၃-မျိုးတို့ကို (တာဝန်ယူစိတ် ကင်းသည့် အမြင်များအဖြစ်) တိတ္ထာယတနသုတ်တွင် ငြင်းပယ်ထားသည်။

ဤနေရာတွင် အရာရာသည် ကံကြောင့် ဖြစ်ပေါ်လာရသည်ဟူသည့် ပထမအမြင်သည် ဗုဒ္ဓ၏ ကမ္မဿကတဝါဒနှင့် မတူကြောင်း သတိပြုရန်လိုသည်။ ကံတရားတိုင်း၏ အကျိုးဆက်သည် မိမိတွင် တာဝန်ရှိသည် မှန်သော်လည်း၊ ဖြစ်ပေါ် ခံစားနေရသမျှသည် ကံတရားကြောင့်သာ ဖြစ်ရသည် မဟုတ်။ ကံတရားသည် အကြောင်းတရားများအနက်မှ တခုသော အကြောင်းသာ ဖြစ်သည်။ တိတ္ထာယတနသုတ် ပထမပိုင်းတွင် မှားယွင်းသည့် အမြင် ၃-မျိုးကို ငြင်းပယ်ထားပြီးနောက်၊ ဒုတိယပိုင်းတွင် မှန်ကန်သည့် အမြင်ကို ပြရန်အတွက် ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ဟောကြားထားသည်။ သို့သော် သိပ်နက်လွန်းသွားမည် စိုး၍ Sutta Study ကောက်နှုတ်ချက်တွင် မထည့်ဘဲ ချန်လှပ်ခဲ့ရပါသည်။

တတိယရွေးချယ်ခဲ့သည့် ဒီဃဇာဏုသုတ်သည် မျက်မှောက်နှင့် တမလွန် ကောင်းကျိုးချမ်းသာကို ရစေနိုင်မည့် နည်းလမ်းကို ညွှန်ပြထားသည်။ မျက်မှောက် ကောင်းကျိုးချမ်းသာအတွက် (၁) ကုသိုလ်၊ ပညာ၊ ဥစ္စာရှာဖွေရာတွင် ထကြွနိုးကြားမှု ရှိခြင်း (ဥဋ္ဌာနသမ္ပဒါ) (၂) ရရှိထားသည့် စည်းစိမ်ဥစ္စာတို့ကို စောင့်ရှောက်မှု ရှိခြင်း (အာရက္ခသမ္ပဒါ) (၃) အတုယူထိုက်သည့် သဒ္ဓါ, သီလ, စာဂ, ပညာနှင့် ပြည့်စုံသည့် မိတ်ဆွေကောင်း ရှိခြင်း (ကလျာဏမိတ္တတာ) (၄) ဝင်ငွေထွက်ငွေကို မျှတစွာ သုံးစွဲအသက်မွေးခြင်း (သမဇီဝိတတာ) ဟူသည့် သမ္ပဒါတရားလေးပါးနှင့် ပြည့်စုံစေရသည်။ တမလွန် ကောင်းကျိုးချမ်းသာကို ရစေရန်အတွက် (၁) သဒ္ဓါ (၂) သီလ (၃) စာဂ (၄) ပညာဟူသည့် သူတော်ကောင်းတရား လေးပါးကို ပြည့်စုံစေရသည်။ ဤနေရာတွင် အထက်က ပြခဲ့သည့် ကလျာဏမိတ္တတာသည် ဤသူတော်ကောင်းတရား လေးပါးအရာတွင် အားကျအတုယူလောက်သည့် မိတ်ဆွေကောင်းမျိုးနှင့် ပြည့်စုံခြင်းကို ဆိုလိုကြောင်း တွေ့နိုင်သည်။ ပညာသမ္ပဒါတွင် ပညာသည် သာမန် ဗဟုသုတအသိပညာမျိုး၊ တွေးခေါ်မျှော်မြင်မှုမျိုးမျှကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းသဘောကို ထိုးထွင်းသိမြင်သည့် ဝိပဿနာပညာမျိုးကို ဆိုလိုကြောင်းတွေ့ရမည် ဖြစ်သည်။

မျက်မှောက်ဘဝ အကျိုးစီးပွားများကို ဖြစ်စေနိုင်သည့် ဘဝနေထိုင်နည်းမှသည် လောကုတ္တရာ ကောင်းကျိုးချမ်းသာကို ရရှိစေရန် ဝိပဿနာတရားပွားများ အားထုတ်ရန် လမ်းညွှန်သည့် သုတ္တန်ဖြစ်သဖြင့် လူငယ်တရားစခန်းအတွက် သင့်တော်မည်ဟု ယူဆသောကြောင့် ဒီဃဇာဏုသုတ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဒီဃဇာဏုသုတ်သည် လောကီနှင့် လောကုတ္တရာကို မျက်မှောက်နှင့် တမလွန် (ဒိဋ္ဌဓမ္မိက-သမ္ပရာယိက) ဟူသည့် အချိန်ကာလရှုထောင့် (temporal aspect) မှ ရှုမြင်သည့် သုတ်ဖြစ်သည်ဟု ဆိုလျှင် စတုတ္ထမြောက် ရွေးချယ်ခဲ့သည့် သေဒကသုတ်သည် လောကီနှင့် လောကုတ္တရာကို မိမိနှင့် သူတပါးဟူသည့် အတွင်း-အပြင်ရှုထောင့် (spatial aspect) မှ ရှုမြင်သည့် သုတ်ဖြစ်သည်ဟု ဆိုနိုင်သည်။

သေဒကသုတ်သည် ဝါးတိုင်ထိပ်ဖျားတွင် ဂျွမ်းကစား၍ ကပြဖျော်ဖြေရသည့် ဆရာတပည့်နှစ်ဦးကို ပုံဆောင်ကာ ဟောကြားထားသော သုတ်ဖြစ်သည်။ အန္တရာယ် မဖြစ်စေရန်အတွက် တဦးကို တဦး လုံခြုံအောင် စောင့်ရှောက်ပြီး ကပြကြရန် ဆရာက ဆိုသည်။ ထိုအခါ တပည့်က မိမိကိုယ် မိမိလုံခြုံအောင် စောင့်ရှောက်၍ ကပြကြရန် ဆိုသည်။ ဤအဆိုနှစ်ရပ်တွင် ဗုဒ္ဓက တပည့်ဖြစ်သူ၏ အဆိုကို ပို၍ သဘောကျသည်။ ဗုဒ္ဓဝါဒအရ သူတစ်ပါးကို ကာကွယ် စောင့်ရှောက်ခြင်းထက် မိမိကိုယ်ကို အားကိုးခြင်း၊ မိမိကိုယ်ကို လုံခြုံအောင် ထိန်းသိမ်းခြင်းကို လေးထားသည်။ မိမိကိုယ်ကို မိမိ လုံခြုံအောင် စောင့်ရှောက်လျှင် သူတပါးကို စောင့်ရှောက်ရာလည်း ရောက်သည်။ သူတပါးကို စောင့်ရှောက်ရာတွင်လည်း မိမိကိုယ် မိမိ လုံခြုံအောင် စောင့်ရှောက်ရာရောက်သည့် နည်းမျိုးဖြင့် စောင့်ရှောက်ရသည်။ သူတပါးကို သည်းခံခြင်း၊ မညှင်းဆဲခြင်း၊ မေတ္တာထားခြင်း၊ အစဉ်သနားခြင်းတို့ဖြင့် စောင့်ရှောက်လျှင် မိမိကိုယ်ကို စောင့်ရှောက်ရာလည်း ရောက်သည်၊ သတိပဋ္ဌာန်တရား လေးပါးကို ပွားများဖြင့် မိမိကို မိမိ စောင့်ရှောက်သူသည် သူတပါးကို စောင့်ရှောက်ရာလည်း ရောက်သည်ဟု ဟောကြားထားသည်။ တနည်းအားဖြင့် လောကီသဘောအရ ပတ်ဝန်းကျင်ဖြင့် ဆက်ဆံရာတွင် ဗြဟ္မစိုရ်တရားလေးပါးကို အခြေခံရသည်။ လောကုတ္တရာသဘောအရ မိမိ၏ အားကိုးအားထားအဖြစ် သတိပဋ္ဌာန်တရားလေးပါးကို ပွားများအားထုတ်ခြင်းကို အခြေခံရသည်။

တရားအားထုတ်ရာတွင် ဖြစ်စေ၊ အခြားသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် ဖြစ်စေ လမ်းချော်သွားစေနိုင်သည့် အဖျက်စိတ်များ (destructive thoughts) ဝင်လာတတ်သည်။ မိမိ၏ ရည်မှန်းချက်ပန်းတိုင်မှ သွေဖီသွားစေနိုင်သည့် အတွေးများကို ဖယ်ရှားနိုင်သည့် နည်းလမ်းများကို ဝိတက္ကသဏ္ဌာနသုတ်က လမ်းညွှန်ပေးသည်။ (၁) အဖျက်အတွေးများ ပေါ်လာပါက အပြုသဘောဆောင်သည့် အာရုံများကို ပြောင်း၍ နှလုံးသွင်းရသည် (၂) အဖျက်အတွေးများ၏ အပြစ်ကို စက်ဆုပ်ဖွယ်ဖြစ်လာအောင် ဆင်ခြင်ရသည်။ (၃) အဖျက်အတွေးများကို နှလုံးမသွင်းဘဲ နေရသည်။ (၄) မရပါက ထိုအဖျက်အတွေးတို့ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို ဆင်ခြင်၍ ထိုအတွေးများ တဖြည်းဖြည်း ငြိမ်ဝပ်သွားစေရန် အားထုတ်ရသည်။ (၅) မည်သို့မျှ မရခဲ့လျှင် နောက်ဆုံးအဆင့်အနေဖြင့် အံကို ကြိတ်ကာ မိမိ၏ စိတ်အင်အား (will-power) ကို အသုံးချ၍ အတွေးဆိုးများကို ဖယ်ထုတ်ရသည်ဟု နည်းလမ်း ၅-သွယ်ကို ဥပမာများဖြင့် ဝိတက္ကသဏ္ဌာနသုတ်တွင် ရှင်းလင်းထားသည်။ ဘဝအောင်မြင်မှုအတွက် IQ ထက် စိတ်ဓာတ်ကြံ့ခိုင်မှု (Grit) က ပို၍ အရေးပါကြောင်းကို သုတေသနပြုရင်း ထင်ပေါ်ကျော်ကြားလာခဲ့သည့် စိတ်ပညာရှင် Angela Duckworth ၏ “Self-Control in School-Age Children” စာတမ်းတွင် လမ်းညွှန်ထားသည့် နည်းလမ်းများနှင့် အတော်လေး နီးစပ်နေသည်ကို တွေ့ရသည်။ မိမိကို မိမိ အောင်မြင်ခြင်းသည် အခြားသော အောင်မြင်မှုများထက် ပို၍ အဖိုးထိုက်တန်သဖြင့်၊ ဝိတက္ကသဏ္ဌာနသုတ်ကို လူငယ်တို့ ဖတ်စေလိုသော ဆန္ဒဖြင့် ရွေးချယ် ဖြစ်ခဲ့ပါသည်။

တရားစခန်းဝင်သည့် လူငယ်များ သုတ္တန်တို့နှင့် တရင်းတနှီး မိတ်ဆွေဖြစ်ကာ ဆက်လက် ဖတ်ရှုဖြစ်ကြသလားတော့ မသိပါ။ တွေ့ဖူး သိဖူးရုံမျှ ဖြစ်ခဲ့လျှင်လည်း အကျိုးတော့ မနည်းတန်ရာဟု ယူဆမိပါသည်။






2 comments:

Aunty Tint said...

သာဓု သာဓု သာဓု

Anonymous said...

Wow, this article is fastidious, my younger sister is analyzing such things,
therefore I am going to tell her.