Monday, December 20, 2010

ပုံရိပ်ဟောင်းများ (၃) - The Lost World

ချစ်စ,ကို ရှည်စေ၊ မုန်းစ,ကို တိုစေ ဆိုတဲ့ မြန်မာစကားပုံ တစ်ခုရှိပါတယ်။ ဒီနေရာမှာတော့ လွမ်းစ,ကို ရှည်စေ လို့ပါ ထပ်ဖြည့်ရတော့မယ်။ ပုံရိပ်ဟောင်းများနဲ့ မပြီးနိုင် မစီးနိုင် လွမ်းလိုက်ပါဦးမယ်...။

၂၀၁၀ခုနှစ် စက်မှုတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားဟောင်းများ၏ ဆရာပူဇော်ပွဲနှင့် မိတ်ဆုံပွဲ
ကို စင်္ကာပူမှာ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါပြီ။ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ရင်း…
ကွယ်လွန်သွားပြီဖြစ်သော ဆရာကြီးဒေါက်တာစန်းတင့်  စင်္ကာပူလာရောက်ခဲ့စဉ်(၁၉၉၇ခုနှစ်)က မြန်မာဘုန်းတော်ကြီးကျောင်း မှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို အမှတ်တရအဖြစ် တင်လိုက်ပါတယ်။

အီလက်ထရွန်နစ်ဌာန ပါမောက္ခ ဒေါက်တာစန်းတင့်

အဲ့ဒီနေ့ ညနေမှာပဲ တပည့်များက ဆရာကြီးကို Jurong Point ရုပ်ရှင်ရုံမှာ The Lost World – Jurassic Park ဇာတ်ကား လိုက်လံပြသခဲ့ပါတယ်။ တနေကုန် ပင်ပန်းနေပေမဲ့၊ တပည့်တွေကို အလိုလိုက်ခဲ့တဲ့ ဆရာကြီး သည်းထိတ်ရင်ဖို ပြကွက်တွေကြား၊ အိပ်မောကျရင်း အနားယူရရှာတယ်။

စက်မှုတက္ကသိုလ်မှာ ဒေါက်တာစန်းတင့်တို့လို ကိုယ်တိုင် ပညာထူးချွန်ရုံမက ကျောင်းသားတွေရဲ့ ပညာရေးကို အထူးအလေးပေးတဲ့ ဆရာကြီးတွေ အတော်များများ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် အခြေအနေ အကြောင်းကြောင်းတွေကြောင့် ဒီလိုဆရာမျိုးတွေ တဖြည်းဖြည်း နည်းပါးလာပါပြီ။ ဒိုင်နိုဆောကြီးတွေလို extinct ဖြစ်သွားမှာ စိုးရိမ်မိနေပါတော့တယ်။
1995 ခုနှစ် - ရန်ကုန်စက်မှုတက္ကသိုလ် (၂၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပသည့်နေ့တွင် ရိုက်ကူးထားသည်။

3 comments:

Taungoo said...

ကျွန်တော်တို့ တတိယနှစ်အတက် ပြည်ကျောင်းရောက်ပြီး မကြာခင်မှာပဲ ဆရာကြီး ကွယ်လွန်သွားခဲ့တယ်။ ကိုယ့်ဌာနရဲ့ ပါမောက္ခ ဆရာကြီး ပြောကြားမဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲ မိန့်ခွန်းကိုတောင် နာယူခွင့်မရခဲ့ဘူး။ တစ်ခါမှလည်း မမြင်ဖူးခဲ့ဘူး။ အခုမှပဲ ရောင်စုံပုံလေးနဲ့ မြင်ရတော့တယ်။ ဆရာကြီးပုံ ရှိသေးရင် ထပ်တင်ပေးပါဦး အမကြီး။

Anonymous said...

စိန်မျှောက်မျှောက်
ပုံရိပ်ဟောင်းတွေ ရေးလက်စ နဲ့ နောက်ပိုင်းရေးမဲ့ ပုံရိပ်ဟောင်းစီရီးတွေမှာ ၈၈နောက်ပိုင်း
ကျောင်းသားတွေ ကျောင်းပြန်တက်တဲ့အချိန် အတန်းထဲ
မှာ နာမည်စာရင်းခေါ်တော့ "ရှိ"လို့မထူးတဲ့ကျောင်းသား
နာမည်တွေ များနေလို့ နာမည်စာရင်းခေါ်တဲ့ဆရာတွေ
ရဲ့ ရင်ထဲက အပူမီး အကြောင်းလေးထည့်ရေးပေး
ပါလား။ ငါ ပြန်အုံးမှာနော်တော့ မပြောနဲ့
Chan Chan

ဇွန်မိုးစက် said...

နောက်ဆုံးစာကြောင်းလေးကို သိပ်သဘောကျမိတာပဲ။

ဇွန်တို့တက်ခဲ့တဲ့ အပြင်ကွန်ပျူတာသင်တန်းကြောင်းက ဆရာတွေ၊ ဆရာမတွေလည်း ယူအက်စ်၊ အော်စီ၊ စလုံး၊ ဂျပန် ...နိုင်ငံအသီးသီးမှာ ဆရာတွေ ပြန်လုပ်နေကြတာ။
ပညာတတ်တွေ မရှင်သန်နိုင်တဲ့ (ရှင်သန်ဖို့အခွင့်အရေး မပေးတဲ့) အခြေအနေဆိုတော့ အပြင်ရောက်သူ၊ ထွက်လာသူများကိုလည်း အပြစ်မဆိုရက်ဘူး။