ပန်ပန်ရေ…အမတော့ ရေးပြီ…။ ရင်ထဲရှိတာတွေ ရေးချရင်း ဗီဇအရ လိုရင်းမရောက် ဝေ့လည်ကြောင်ပတ်တွေတော့ ပါနေဦးမလားပဲ…။ အမျိုးသမီးတွေ ဘာကြောင့် သားသမီးလိုချင်ပါသလဲ ဆိုတာထက်…အမျိုးသားတွေ ဘာကြောင့် သားသမီးယူပါသလဲဆိုတာကို ပိုသိချင်မိပြန်တယ်…။ ကိုယ်တိုင်အမျိုးသမီးဖြစ်နေတော့ အမျိုးသမီးဘက်က ရှု့ထောင့်ကို လက်လှမ်းမှီနေသလားလို့ပါ…။ တလောကတော့ Turn on Idea ရဲ့ facebook မှာ သားသမီးယူကြဖို့ တိုက်တွန်းတဲ့ status လေး ဖတ်လိုက်ရသေးတယ်။
အမရဲ့ အမေကတော့ သားသမီးတွေကို ငါချစ်ဖို့ မွေးထားတာလို့ ဆိုတယ်။ ရိုးရှင်းသလောက် သိပ်ကို ပြည့်စုံတယ်လို့ အမထင်တယ်။ အဲ..အဖေကကော ဘာကြောင့်မွေးထားသလဲ…။ သူ..အမတို့ကို ပြုစုတယ် ပျိုးထာင်တယ်… ရှေ့ဆောင်တယ်…လမ်းပြတယ်… ထောင့်စိရှာပါတယ်…ဒါပေမဲ့ ဘာကြောင့်မွေးထားသလဲ ဆိုတဲ့မေးခွန်းမျိုးအတွက်တော့ အဖြေ ရေရေရာရာမသိနိုင်ဘူး။
အမအတွက်ကတော့ သားတွေကို “ဒီလိုပဲ မွေးလိုက်တာပါပဲအေ” လို့ ပြောလိုက်ရင် ပညာမဲ့ရာကျလွန်းပါတယ်။ သားတွေကို ကိုယ်ဝန်ဆောင်စဉ်က စလို့ မွေးလိုက်တဲ့အထိဖြစ်စဉ်ကတော့ ပြောပလောက်အောင် ထွေထွေထူးထူးမရှိပါဘူး လူ့သဘာ၀ ယေဘူယျပါပဲ။ အဲ နောက်ပိုင်းမှာ စိတ်ဝင်စားဖို့ ကောင်းလာတာက အမဟာ သားတို့နဲ့ အတူ ကြီးပြင်းလာခဲ့ခြင်းပါပဲ…။
မိခင်ဖြစ်လာခဲ့ပြီးနောက် အမ ခံစားတယ်၊ သင်ယူတယ်၊ ဝေမျှတယ်၊ ဆင်ခြင်တယ်၊ ခွင့်လွှတ်ကြည့်တယ် စိတ်ဝင်တစားပါပဲ…။ သားသမီးတွေရဲ့ အသံ (ကိုယ့်သားသမီး၊ သူများသားသမီး)၊ မိဘတွေရဲ့အသံ (ကိုယ့်ထက်ကြီးသူ၊ ရွယ်တူ၊ ကိုယ့်အောက်ငယ်သူ) တွေကို နားထောင်တယ်။
အခု လောလောဆယ် သားသမီးနဲ့ ပက်သတ်လို့ အမရဲ့ ခံယူချက်ကတော့ ပို့စ်မှာ ရေးထားတဲ့အတိုင်း “ရှင်သန်ခြင်း၏ လားရာများ ဖြစ်ကြသည့် အားလျော်စွာ သူတို့နှင့် ဦးတည်ဘက် တဖက်တည်းဖြင့်သာ နံနက်ခင်းတိုင်းကို နိုးထပါ၏…” ပါပဲ…။ စိုးသူ သီချင်းထဲက …ဝေးဝေး သွားလို့ မဖြစ်အောင် အချစ်ရယ် ဖက်ထားချင်တယ်… ဆိုတဲ့ စာသားလိုပဲ… သားတွေနဲ့ ကိုယ် ချင်းလည်း မဝေးချင်သလို၊ စိတ်ချင်းလည်း အဝေးမခံနိုင်ပါဘူး…။ လောကသဘာဝအရ တချိန်ချိန်မှာ တယောက်တနေရာဆီ လူချင်းဝေးရနိုင်ပါတယ်…။ အမေဆိုတာကတော့ သားသမီးတွေကို ရင်ခွင်ထဲ ဖက်ထားချင်သူပါ…။ စိတ်ချင်းတော့ ဘယ်လိုမှ အဝေးမခံနိုင်တဲ့ အတွက် ပျော့ညံ့တယ်ဖြစ်စေဦးတော့ အရာအတော်များများမှာ သူတို့ ဦးတည်ရာဘက် ကိုယ်က လိုက်လှည့်နေပါတယ်။ ရန်ကုန်က အမရဲ့ အမေဟာ အခုတော့ နံနက်စောစောနဲ့ညအိပ်ယာဝင်ချိန်တိုင်း စင်္ကာပူဘက် မျက်နှာလှည့်ထားသလို၊ ပြန်လာရင်တောင် ကိုဧရာ့ဇာတိမန္တလေးမှ အခြေချကြမယ် ထင်ပါတယ်လို့ တီးတိုးပြောနေတဲ့ စကားသံနဲ့ အတူ တချိန်မှာတော့ မန္တလေးဘက် ဦးပြောင်းလှည့်ဦးမှာပါ။
အမရဲ့ သဘောဆန္ဒနဲ့ မကိုက်ညီတဲ့ သားတို့ရဲ့အပြုအမူတွေကြောင့် ဒေါသနဲ့ မကြာခဏ ပူလောင်ရပါတယ်။ အခုက ကျောင်းသားအရွယ်ပဲ ရှိသေးတာမို့ ကျောင်းသားအရွယ်နဲ့စာတဲ့ ပူလောင်မှုမျိုးလောက်ပါပဲ။ နောင်မှာ ဒီထက်ကြီးလေးတဲ့ အပူတွေ ရကောင်းရလာနိုင်ပါတယ်။ သားတို့က အမရဲ့ ရင်ကို အေးမြစေတဲ့ အရာလေးတွေလည်း ရှားရှားပါးပါးပေမည့် ရှိတော့ရှိပါတယ်။ အဲ့ဒီထဲက ကိုယ်အနှစ်သက်ဆုံးအရာလေးတခုကို မကြာခဏ သတိရစေပြီး၊ ဒီကုသိုလ်ကြောင့် ငါ့သားလေးဘ၀ အေးချမ်းမှာပါလို့ ယုံကြည်ရင်း သူတို့နဲ့အတူ ကြီးပြင်းနေပါတယ်။
Link to facebook note.
0 comments:
Post a Comment